ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၁၆
ပညာရှိတွေရဲ့ အကြံအစည်တွေဟာ အချည်းနှီးပဲ ဆိုတာ ယေဟောဝါ ဘုရားသိတယ်။ —၁ ကော. ၃:၂၀။
လူ့အတွေးအခေါ်တွေကို ရှောင်ရမယ်။ လူ့အတွေးအခေါ် ဝင်လာရင် ကျွန်တော်တို့ ယေဟောဝါဘုရားနဲ့ ဘုရားပညတ်တွေကို လျစ်လျူရှုမိလာနိုင်တယ်။ (၁ ကော. ၃:၁၉၊ ၂၀) လူတွေ ဘုရားစကား နားမထောင်အောင် “လောကရဲ့ ဉာဏ်ပညာ” က ပရိယာယ်ဆင် ထောင်ဖမ်းတတ်တယ်။ ပေရဂံနဲ့ သွာတိရ အသင်းတော်က ခရစ်ယာန်တချို့ဟာ လိင်အကျင့် ယိုယွင်းမှု၊ ရုပ်တု ကိုးကွယ်မှုနဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်က လူတွေ ဩဇာလွှမ်းမိုးတာ ခံနေကြရတယ်။ လိင်အကျင့် ယိုယွင်းမှုကို သည်းခံထားကြလို့ အသင်းတော် နှစ်ခုစလုံးကို ယေရှု ပြင်းပြင်းထန်ထန် ဆုံးမခဲ့ရတယ်။ (ဗျာ. ၂:၁၄၊ ၂၀) ဒီနေ့လည်း အတွေးအခေါ်မှားတွေ လက်ခံဖို့ ကျွန်တော်တို့ ဖိအားပေးခံရနိုင်တယ်။ မိသားစုဝင်တွေ၊ အသိတွေက ကျွန်တော်တို့ပဲ တင်းကျပ်လွန်းနေသယောင် ပြောလာနိုင်တယ်။ ဘုရားပညတ်တွေ ချိုးဖောက်ဖို့ ဖိအားပေးလာနိုင်တယ်။ ကိုယ်ကျင့်တရား စင်ကြယ်နေလို့လည်း ဘာမှ မထူးဘူး၊ ကျမ်းစာမှာ ပါတဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေ ခေတ်နောက်ကျသွားပြီလို့ ပြောလာနိုင်တယ်။ ယေဟောဝါရဲ့ ညွှန်ကြားချက်တွေ မရှင်းဘူးလို့ ကျွန်တော်တို့ တစ်ခါတလေ တွေးမိနိုင်တယ်။ “ကျမ်းစာမှာ ရေးထားတာ” ကိုတောင် ကျော်ချင်လာနိုင်တယ်။—၁ ကော. ၄:၆။ w23.07 ၁၆ ¶၁၀-၁၁
ကြာသပတေးနေ့၊ ဇူလိုင် ၁၇
မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာ ပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ။—ပညာ. ၁၇:၁၇။
ဘုရားပေး တာဝန် ထမ်းဆောင်ဖို့ ယေရှုရဲ့ မိခင် မာရိ အားအင် လိုတယ်။ သားသမီး ပြုစုပျိုးထောင်ဖူးတဲ့ အတွေ့အကြုံ ရှိတာ မဟုတ်ဘူး။ အခု ကလေးတစ်ယောက် ပျိုးထောင်ရတော့မယ်။ ပျိုးထောင်ရမှာမှ မေရှိယ ဖြစ်လာမယ့်သူ။ အပျိုလေးတန်မဲ့ ကိုယ်ဝန် ရှိနေပါပြီဆိုတာ စေ့စပ်ထားတဲ့ ယောသပ်ကို ဘယ်လို ရှင်းပြမလဲ။ (လု. ၁:၂၆-၃၃) ထူးခြားခက်ခဲတဲ့ ဒီတာဝန် ထမ်းဆောင်ဖို့ လိုတဲ့ အားအင် မာရိ ဘယ်လို ရသလဲ။ တခြားသူတွေကို အကူအညီ တောင်းတယ်။ ဥပမာ၊ တာဝန်နဲ့ပတ်သက်ပြီး ထပ်ဆင့် ရှင်းပြဖို့ ဂါဗြေလကို တောင်းဆိုတယ်။ (လု. ၁:၃၄) သိပ်မကြာဘူး၊ ယုဒပြည် “တောင်တန်းဒေသ” က ဆွေမျိုး ဧလိရှဗက်ဆီ သွားလည်တယ်။ ဧလိရှဗက်ဆီက ချီးမွမ်းစကား ကြားရတယ်။ မွေးမလာသေးတဲ့ သားလေးအကြောင်း အားရှိစရာ ပရောဖက်ပြုချက်ကို စွမ်းအားတော် စေ့ဆော်မှုနဲ့ ပြောပြတာ ကြားရတယ်။ (လု. ၁:၃၉-၄၅) ယေဟောဝါ “လက်ရုံးတော်နဲ့ တန်ခိုးပြတယ်” လို့ ခံစားရတယ်။ (လု. ၁:၄၆-၅၁) ဂါဗြေလနဲ့ ဧလိရှဗက်ကတစ်ဆင့် မာရိကို ယေဟောဝါ အားရှိစေတယ်။ w23.10 ၁၄-၁၅ ¶၁၀-၁၂
သောကြာနေ့၊ ဇူလိုင် ၁၈
ကျွန်တော်တို့ကို ဘုရင်တွေ၊ အဖဘုရားသခင်ရဲ့ ပုရောဟိတ်တွေ ဖြစ်စေ [တယ်။]—ဗျာ. ၁:၆။
အရေအတွက် ၁၄၄,၀၀၀ ကန့်သတ်ထားတဲ့ ခရစ်တော်နောက်လိုက်တွေဟာ စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရပြီး ယေဟောဝါနဲ့ အထူးဆက်ဆံရေး ရှိလာကြတယ်။ ယေရှုနဲ့အတူ ကောင်းကင်မှာ ပုရောဟိတ်တွေအဖြစ် အမှုဆောင်ကြရမယ်။ (ဗျာ. ၁၄:၁) မြေကြီးပေါ်မှာ ရှိနေဆဲ ဖြစ်ပေမဲ့ ဘုရားသားတွေအဖြစ် မွေးစားခံရတဲ့ အခြေအနေကို တဲတော်ရဲ့ သန့်ရှင်းရာအခန်းက ကိုယ်စားပြုတယ်။ (ရော. ၈:၁၅-၁၇) ယေဟောဝါ စံမြန်းတဲ့ ကောင်းကင်ကို အသန့်ရှင်းဆုံးအခန်းက ကိုယ်စားပြုတယ်။ သန့်ရှင်းရာအခန်းနဲ့ အသန့်ရှင်းဆုံးအခန်းကို “ကန့်လန့်ကာ” ကာထားသလိုပဲ ကောင်းကင် သွားလို့ မရအောင် ယေရှုရဲ့ သွေးသား ကိုယ်ခန္ဓာက ကာဆီးထားတယ်။ လူတွေအတွက် ပူဇော်သက္ကာအဖြစ် သွေးသား ကိုယ်ခန္ဓာ စွန့်လိုက်တော့မှပဲ ပုံဆောင် ဗိမာန်တော်ရဲ့ မဟာပုရောဟိတ်မင်းအဖြစ် ကောင်းကင် သွားလို့ ရသွားတယ်။ ဘိသိက်ခံ ခရစ်ယာန်အားလုံး ကောင်းကင် တက်ဖို့ လမ်းပွင့်သွားတယ်။ ဘိသိက်ခံတွေလည်း ကောင်းကင် ဆုကျေးဇူး ရဖို့ သွေးသား ကိုယ်ခန္ဓာ စွန့်ရမယ်။—ဟီ. ၁၀:၁၉၊ ၂၀။ ၁ ကော. ၁၅:၅၀။ w23.10 ၂၈ ¶၁၃