-
ကမ္ဘာ့ကျန်းမာရေးအခြေအနေ—ကြီးမားကျယ်ပြန့်လျက်ရှိသော ကွာဟချက်နိုးလော့!—၁၉၉၇ | ဧပြီ ၈
-
-
ကမ္ဘာ့ကျန်းမာရေးအခြေအနေ—ကြီးမားကျယ်ပြန့်လျက်ရှိသော ကွာဟချက်
ဘရာဇီးနိုင်ငံမှ နိုးလော့! သတင်းထောက် ပေးပို့သည်
၁၉၇၇ ခုနှစ်တွင်၊ ဆိုမာလီနိုင်ငံမှ အလီ မာအို မာအလင်ဆိုသူသည် ကျောက်ပေါက်သဖြင့် ဆေးရုံတင်လိုက်ရာ ခေါင်းကြီးပိုင်းသတင်းအဖြစ် ဖော်ပြခံရသည်။ အလီ၏ရောဂါပျောက်ကင်းပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီး (WHO) က ရာစုနှစ်များစွာအတွင်း လူသန်းပေါင်းများစွာကို သေကျေပျက်စီးစေခဲ့သည့် ကျောက်ရောဂါသည် ကမ္ဘာ့မြေပြင်ပေါ်မှ အမြစ်ပြတ်သုတ်သင်ခံလိုက်ရပြီဟု ၁၉၈၀ ပြည့်နှစ်တွင်ကြေညာခဲ့သည်။ အလီသည် ကမ္ဘာတွင် ကျောက်ရောဂါကို နောက်ဆုံးခံလိုက်ရသူဖြစ်သည်ဟု အဆိုရှိသည်။
၁၉၉၂ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခြားသော အောင်မြင်မှုအကျိုးအမြတ်များအကြောင်းကို အစီရင်ခံတင်ပြခဲ့သည်– ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ဖွံ့ ဖြိုးဆဲနိုင်ငံများမှ ပို၍များပြားသောပြည်သူတို့သည် အန္တရာယ်ကင်းသောသောက်သုံးရေနှင့် ကျန်းမာသန့်ရှင်းရေး ပစ္စည်းပစ္စယများကို သုံးစွဲလာနိုင်ကြသည်။ ၎င်းပြင်၊ ဖွံ့ ဖြိုးမှုအနည်းဆုံးနိုင်ငံများတွင် ဒေသန္တရကျန်းမာရေးဌာနများမှ အကျိုးခံစားခွင့်ရရှိသည့် ပြည်သူတို့၏ရာခိုင်နှုန်းမှာလည်း မြင့်မားလာသည်။ အကျိုးဆက်အနေနှင့် လွန်ခဲ့သောဆယ်စုနှစ်အတွင်း အချို့သောဒေသများတွင် ကလေးသူငယ်သေဆုံးမှုနှုန်း ကျဆင်းလာသည်။
ထိတ်လန့်ကြောက်မက်ဖွယ်ကောင်းသော ဖြစ်ရပ်မှန်များ
သို့သော် ဤအကျိုးအမြတ်များသည် အဆုံးအရှုံးများကြောင့် ကျေပျက်သွားသည့်အပြင် ကြောက်မက်ဖွယ်ကောင်းသော ခြိမ်းခြောက်မှုအရိပ်မဲကြီး၏ လွှမ်းမိုးခြင်းကိုပင်ခံနေရသည်။ ထိတ်လန့်ကြောက်မက်ဖွယ်ကောင်းသော ဖြစ်ရပ်မှန်အနည်းအကျဉ်းကို သုံးသပ်ကြည့်ပါ။
အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်—တစ်ကမ္ဘာလုံးတွင် အေအိုင်ဒီအက်စ်ရောဂါဖြစ်ပွားစေသည့် အိပ်ချ်အိုင်ဗွီဗိုင်းရပ်ပိုးစွဲကပ်နေသူ ၁၇,၀၀၀,၀၀၀ ကျော်ရှိသည်။ လွန်ခဲ့သောတစ်နှစ်အတွင်း ရောဂါပိုးကူးစက်ခံရသူပေါင်း ၃,၀၀၀,၀၀၀ ခန့်ရှိရာ တစ်နေ့လျှင် ၈,၀၀၀ နှုန်းမျှဖြစ်သည်။ အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရသည့် ကလေးသူငယ်တစ်သန်းမကရှိသည်။ များမကြာမီ ကလေးသူငယ်များထဲမှ အေအိုင်ဒီအက်စ်ရောဂါကြောင့် သေဆုံးမှုများသည် လွန်ခဲ့သောဆယ်စုနှစ်များအတွင်း ကလေးသူငယ်များ အသက်ရှင်ရေးကြိုးပမ်းမှုတွင် ရရှိခဲ့သည့် အောင်မြင်မှုအကျိုးအမြတ်များကို ပျက်ပြယ်သွားစေဖွယ်ရှိသည်။ အေအိုင်ဒီအက်စ်ကူးစက်ရောဂါသည် အာရှတိုက်ကဲ့သို့သော ဒေသအများအပြားတွင် ရုတ်တရက်လျင်မြန်စွာ ပြန့်ပွားလျက်ရှိသည်။ အိပ်ချ်အိုင်ဗွီဝေဒနာရှင်အားလုံးမှ ၈၀ ရာခိုင်နှုန်းကျော်သည် ဖွံ့ ဖြိုးဆဲနိုင်ငံများတွင်နေထိုင်ကြကြောင်း Aids and Development အစီရင်ခံစာကဆိုသည်။
အဆုတ်ရောဂါ (တီဘီ)—လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်အတွင်း လူတို့အများအားဖြင့် လျစ်လျူရှုခဲ့ကြသော တီဘီရောဂါသည် ပြန်လည်ခေါင်းထောင်၍ ခြောက်လန့်မှုပြုလာသည်။ နှစ်စဉ် ကမ္ဘာသူကမ္ဘာသားသုံးသန်းကို သေဆုံးစေခြင်းအားဖြင့် ကူးစက်ရောဂါများတွင် လူကိုသေဆုံးစေသည့် အဓိကရောဂါဖြစ်လာသည်။ ထိုသေဆုံးမှု ၉၈ ရာခိုင်နှုန်းကျော်မှာ ဖွံ့ ဖြိုးဆဲနိုင်ငံများတွင် ဖြစ်ပွားကြသည်။ အခြေအနေကို ပို၍ဆိုးရွားစေသည့်အချက်မှာ တီဘီဘက်တီးရီးယားပိုးသည် အိပ်ချ်အိုင်ဗွီဗိုင်းရပ်ပိုးနှင့်ပူးပေါင်း၍ မရဏမဟာမိတ်ဖွဲ့ကာ ဒုက္ခပေးလာခြင်းပင်ဖြစ်သည်။ သက္ကရာဇ် ၂၀၀၀ အရောက်တွင် အိပ်ချ်အိုင်ဗွီပိုးစွဲကပ်သူ တစ်သန်းသည် တီဘီရောဂါဖြင့် နှစ်စဉ်သေဆုံးလိမ့်မည်ဟု ခန့်မှန်းရသည်။
ကင်ဆာရောဂါ—ဖွံ့ ဖြိုးဆဲနိုင်ငံများမှ ကင်ဆာဖြစ်ပွားမှုသည် ယခုအခါတွင် ဖွံ့ ဖြိုးပြီးနိုင်ငံများမှ ဖြစ်ပွားမှုများထက်ပင် ပို၍များပြားနေသည်။
နှလုံးရောဂါ—“ကျွန်ုပ်တို့သည် ကမ္ဘာချီကျရောက်မည့် နှလုံးပတ်သွေးကြောပိတ်ရောဂါ ကပ်ဘေးကြီးနှင့် နီးစပ်နေပြီ” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဒေါက်တာ အီဗန် ဂျာဖာစ်က သတိပေးလိုက်သည်။ ယခုအခါ နှလုံးရောဂါသည် စက်မှုဖွံ့ ဖြိုးပြီးနိုင်ငံများသာ ခံစားရသောရောဂါ မဟုတ်တော့ချေ။ သာဓကအနေနှင့် လက်တင်အမေရိကတွင် ကူးစက်ရောဂါများကြောင့် သေဆုံးသည့်ဦးရေနှင့်နှိုင်းယှဉ်လျှင် နှလုံးရောဂါဖြင့် သေဆုံးရသူတို့သည် နှစ်ဆသုံးဆပိုများသည်။ လာမည့်နှစ်အနည်းငယ်အတွင်း နှလုံးပတ်သွေးကြောပိတ်ရောဂါနှင့် လေသင်တုန်းရောဂါတို့သည် ဖွံ့ ဖြိုးဆဲနိုင်ငံများတွင် လူကိုသေစေသော အဓိကအကြောင်းတရား ဖြစ်လာပေမည်။
အပူပိုင်းဒေသရောဂါများ—“အပူပိုင်းဒေသရောဂါများသည် ထိန်းမနိုင်သိမ်းမရ ပြန့်ပွားနေပုံရသည်၊ ကာလဝမ်းရောဂါသည် အမေရိကတိုက်အထိ ပြန့်ပွားလာသည်၊ . . . ငန်းဝါအဖျားရောဂါနှင့် တုပ်ကွေးကြီးကူးစက်ရောဂါများ ခံစားရသူဦးရေမှာ ပို၍ပို၍များပြားလာသည့်အပြင် ငှက်ဖျားရောဂါနှင့်ပတ်သက်သည့်အခြေအနေမှာလည်း ယိုယွင်းလာသည်” ဟုကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးလိုက်သည်။ “ဆင်းရဲနွမ်းပါးသောနိုင်ငံများတွင် ကူးစက်ရောဂါတိုက်ဖျက်ရေးသည် ကပ်ဘေးကြီးတစ်ခုဖြစ်နေလေပြီ” ဟူ၍ Time မဂ္ဂဇင်းကဆို၏။ ငှက်ဖျားရောဂါသည် လွန်ခဲ့သောနှစ်ပေါင်း ၄၀ ခန့်က အမြစ်ပြတ်လုနီးပါး သုတ်သင်နိုင်ခဲ့ပြီဟု ယူဆခဲ့သော်လည်း ယခုအခါ ဤရောဂါဖြင့် သေဆုံးရသူဦးရေမှာ တစ်နှစ်တစ်နှစ်လျှင် နှစ်သန်းမျှရှိနေသည်။
ဝမ်းလျှောရောဂါ—ဖွံ့ ဖြိုးဆဲနိုင်ငံများရှိ ကလေးသူငယ်သေဆုံးမှုသည် ထိတ်လန့်ဖွယ်ကောင်းသည်။ ကူးစက်ရောဂါ သို့မဟုတ် အာဟာရချို့တဲ့မှုကြောင့် ကလေးသူငယ် ၄၀,၀၀၀ နီးပါး နေ့စဉ်သေဆုံးနေရသည်။ ဝမ်းလျှောရောဂါ တစ်မျိုးတည်းကြောင့် ရှစ်စက္ကန့် တိုင်းတွင် ကလေးတစ်ယောက်နှုန်း သေဆုံးလျက်ရှိသည်။
ကျန်းမာရေးနှင့်ဆင်းရဲမွဲတေခြင်း—ကွင်းဆက်တစ်ခု
ကျန်းမာရေးနှင့်ပတ်သက်သော ဤအခြေအနေက အဘယ်အရာကိုဖော်ပြနေသနည်း။ “ဖွံ့ ဖြိုးဆဲနိုင်ငံများသည် ထိုးနှက်မှုနှစ်မျိုးကိုခံနေရသည်။ သူတို့သည် မျက်မှောက်ခေတ်တွင်ပေါ်လာသည့် နာတာရှည်ရောဂါများကိုသာမက ကျန်ကြွင်းဆဲအပူပိုင်းဒေသရောဂါများကိုပါ ခံစားနေကြရသည်” ဟုကျန်းမာရေးကျွမ်းကျင်သူတစ်ဦးကဆိုသည်။ အဘယ်အကျိုးဆက်ဖြစ်ပေါ်သနည်း။ စိတ်အနှောင့်အယှက်ပေးသော “ပထဝီဝင်ကွာဟချက်” သည် ပို၍သိသာထင်ရှားလာသည်ဟု Achieving Health for All by the Year 2000 စာအုပ်ကဖော်ပြသည်။ သို့ဖြင့် အာဖရိကနှင့်အာရှတိုက်ရှိ နိုင်ငံပေါင်း ၄၀ ခန့်မှ ကျန်းမာရေးစောင့်ရှောက်မှုသည် “ကျန်ကမ္ဘာ့ဒေသများနှင့် ရင်ပေါင်တန်း၍ မလိုက်နိုင်ချေ။” ကျန်းမာရေးကွာဟချက်သည် ကြီးမားလှသည့်ပြင် ဆက်လက်၍လည်း ကြီးမားကျယ်ပြန့်လျက်ရှိသည်။
ဤကွာဟချက် ကြီးမားကျယ်ပြန့်နေရခြင်း၏အကြောင်းရင်း အမြောက်အမြားရှိသော်ငြားလည်း ကျန်းမာရေးချို့တဲ့ရခြင်း၏ အဓိကအကြောင်းတရားမှာ “ဆင်းရဲမွဲတေခြင်း” ပင်ဖြစ်ကြောင်း World Health မဂ္ဂဇင်းကဆိုသည်။ (သု. ၁၀:၁၅ နှိုင်းယှဉ်။) ဆင်းရဲမွဲတေခြင်းကြောင့် လူတို့သည် များသောအားဖြင့် မပြည့်မစုံချို့ငဲ့သည့်အိုးအိမ်မျိုး၌ နေထိုင်ကြရသည်။ ထိုသို့သောနေရာမျိုး၌ အများအားဖြင့် ကျန်းမာသန့်ရှင်းခြင်းမရှိ၊ အန္တရာယ်ကင်းသောရေ အလုံအလောက်မရှိသည့်ပြင် ပြွတ်သိပ်ကျပ်တည်းစွာဖြင့် နေထိုင်ကြရသည်။ ဤအချက်သုံးချက်က ကျန်းမာရေးကို အဟန့်အတားပြုရုံမက ရောဂါပြန့်ပွားရန်ပါ အားပေးသည်။ ၎င်းပြင် အာဟာရချို့တဲ့မှုလည်းရှိသေးသည်။ အာဟာရချို့တဲ့မှုသည် ဖျားနာမှုကိုတွန်းလှန်သည့် ကိုယ်ခံအားကို ချည့်နဲ့စေတတ်သဖြင့် ခြက သစ်သားကိုဖျက်ဆီးသည့်နည်းတူ ဆင်းရဲမွဲတေခြင်းက ကျန်းမာရေးကို ပျက်စီးယိုယွင်းစေတတ်သည်ကို သင်သဘောပေါက်နိုင်ပေသည်။
သေစေတတ်သောရောဂါများက လူနေအိမ်ခြေရပ်ကွက်များကို ကူးစက်သည့်အခါ၊ ကိုယ်ခန္ဓာကို မသန်မစွမ်းဖြစ်စေသည့်အခါ၊ ကလေးသူငယ်များကို သေဆုံးစေသည့်အခါ၌ ဆင်းရဲသားများသည် အထိအနာဆုံးဖြစ်ကြသည်။ သာဓကအချို့ကို မှတ်သားပါ။ တောင်အာဖရိကနိုင်ငံ၏ ဆင်းရဲသားရပ်ကွက်များ၌ အဆုတ်ရောဂါဖြစ်ပွားမှုသည် ထိုနိုင်ငံ၏ ဝင်ငွေမြင့်မားသောဒေသများမှ ဖြစ်ပွားမှုထက် အဆတစ်ရာမြင့်မားသည်။ ဘရာဇီးနိုင်ငံ၏ ဆင်းရဲမွဲတေသောအရပ်ဒေသများ၌ နမိုးနီးယားအဆုတ်ရောင်ရောဂါနှင့် တုပ်ကွေးရောဂါတို့ဖြင့် သေဆုံးရသူတို့သည် နယ်ချင်းစပ်ချမ်းသာသောအိမ်နီးချင်းများထက် ခြောက်ဆပိုများသည်။ အိန္ဒိယနိုင်ငံတွင် ဆင်းရဲသောမိသားစုများမှ ကလေးသူငယ်သေဆုံးသည့်ဦးရေမှာ အချမ်းသာဆုံးမိသားစုများမှာထက် ဆယ်ဆမြင့်မားသည်။ ‘ဆင်းရဲမွဲတေခြင်းသည် ကျန်းမာရေးကိုထိခိုက်နိုင်သည်!’ ဟူသောရင်နင့်ဖွယ်ရာ အမှန်တရားသည် သိသာထင်ရှားလှသည်။
ကမ္ဘာတစ်ဝန်းမှ ဆင်းရဲသားရပ်ကွက်များတွင်နေထိုင်ကြသော ပြည်သူသန်းပေါင်း တစ်ထောင်ကျော်တို့သည် စိတ်ပျက်လက်ပျက်မျှော်ကိုးရာမဲ့ ဖြစ်နေကြသည်မှာ အဆန်းမဟုတ်ပါ။ ဆင်းရဲမွဲတေခြင်း၏ အခြေခံအကြောင်းတရားများကို သူတို့ထိန်းချုပ်နိုင်စွမ်းမရှိသည့်ပြင် ဖျားနာမှု၏နှိပ်စက်မှုကိုလည်း အလူးအလိမ့်ခံစားရကြသည်။ ဆင်းရဲမွဲတေခြင်းဒဏ်ကို သင်ခံစားနေရပါက သင်လည်း မျှော်လင့်ချက်ကင်းမဲ့နေပေမည်။ အဘယ်ကြောင့်ဆိုသော် အလွန်စိတ်မချမ်းမြေ့ဖွယ်ကောင်းသည့် ကျန်းမာရေးနှင့်မညီညွတ်သောအခြေအနေမှ ရုန်းမထွက်နိုင်သောကြောင့်တည်း။ သို့သော် သင်သည် ဆင်းရဲသူဖြစ်ဖြစ်မဖြစ်ဖြစ် သင်နှင့်သင့်ကလေးများ၏ကျန်းမာရေးကိုကာကွယ်ရန် လုပ်ဆောင်နိုင်သည့်အရာအချို့ရှိသည်။ ယင်းတို့ကား အဘယ်နည်း။ နောက်ဆောင်းပါးက အကြံပြုချက်ပေးထားပါသည်။
-
-
လူခပ်သိမ်းအတွက် ပြည့်ဝစုံလင်သောကျန်းမာရေးနိုးလော့!—၁၉၉၇ | ဧပြီ ၈
-
-
လူခပ်သိမ်းအတွက် ပြည့်ဝစုံလင်သောကျန်းမာရေး
အမူအကျင့်၊ ပတ်ဝန်းကျင်နှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့နည်းတူ ကျွန်ုပ်တို့၏ဇီဝဖွဲ့စည်းမှုသည်လည်း ကျွန်ုပ်တို့၏ကျန်းမာရေးအပေါ် ဩဇာသက်ရောက်မှုရှိသည်။ မျိုးရိုးဗီဇကြောင့် ကျွန်ုပ်တို့ဖျားနာကြသဖြင့် မျိုးရိုးလိုက်မှုနှင့် နောင်တစ်ချိန်တွင်ဖြစ်ပွားသည့် ဖျားနာမှုတို့က ဇီဝဖွဲ့စည်းမှုအပေါ် ဩဇာလွှမ်းမိုးထားပြန်သည်။
“ယေဘုယျအားဖြင့် ကျွန်ုပ်တို့မည်မျှကောင်းစွာ အသက်ရှင်ရသည်၊ မည်မျှအသက်ရှည်ရှည်နေရသည်၊ သို့မဟုတ် အသက်ရှင်သည် မရှင်သည်ကို ဤလောကအတွင်း ကျွန်ုပ်တို့ရောက်ရှိနေသည့် ဇီဝရုပ်အဖွဲ့အစည်းက စီမံဆုံးဖြတ်သည်” ဟု ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးကဆို၏။
ရောဂါများကို မည်သည့်နည်းဖြင့်ရရှိသည်ဖြစ်စေ၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားတောင့်တင်းခြင်း၊ အာရုံကြောနွမ်းလျခြင်း၊ အရိုးကြွပ်ဆတ်ခြင်း၊ နှလုံးအားနည်းခြင်းနှင့် အခြားအခြားသောရောဂါများက ကျွန်ုပ်တို့၏ကျန်းမာရေးသည် ညံ့ဖျင်းသောစိတ်နှင့်ခန္ဓာကြောင့် ယိုယွင်းပျက်စီးလျက်ရှိကြောင်း သတိပေးလျက်ရှိသည်။ ကျယ်ပြန့်လျက်ရှိသော ဤကျန်းမာရေးပြဿနာများ၏ အကြောင်းရင်းဇာစ်မြစ်ကား အဘယ်နည်း။
အကြောင်းရင်းဇာစ်မြစ်
ပထမရာစုနှစ်အတွင်း အသက်ရှင်ခဲ့သော လုကာအမည်ရှိ ဆရာဝန်တစ်ဦးက ယေရှုခရစ်တော်နှင့်ပတ်သက်၍ သူရေးသားသည့် မှုတ်သွင်းခံအတ္ထုပ္ပတ္တိတွင် ဤမေးခွန်း၏အဖြေကို ဖြေကြားထားသည်။ တစ်နေ့သ၌ လူတို့က လေဖြတ်ထားသူတစ်ဦးကို ရောဂါပျောက်ကင်းမည်ဟူသောမျှော်လင့်ချက်ဖြင့် ယေရှုထံတော်သို့ဆောင်ခဲ့ကြကြောင်း လုကာကရေးသားထားသည်။ ယေရှုက လေဖြတ်ထားသူအား “အချင်းလူ၊ သင်၏အပြစ်ကိုလွှတ်စေပြီ” ဟုမိန့်တော်မူ၏။ ထို့နောက် ယေရှုက မိမိ၌ အပြစ်လွှတ်နိုင်သည့်တန်ခိုးရှိကြောင်း ပြသည့်အနေနှင့် ထိုလူနာအား “ထလော့၊ ကိုယ်အိပ်ရာကိုဆောင်၍ ကိုယ်အိမ်သို့သွားလော့” ဟုမိန့်တော်မူ၏။ ထိုသူသည် မိန့်တော်မူသည့်အတိုင်းပြုလေ၏။ သို့နှင့် ကုသပျောက်ကင်းမှုကို တွေ့မြင်ရသူအပေါင်းတို့သည် “မိန်းမောတွေဝေ” ၍ “ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။”—လုကာ ၅:၁၇-၂၆။
အဘယ်အပြစ်ကိုယေရှုက ရည်ညွှန်းတော်မူသနည်း။ ဤအဖြေက ကျွန်ုပ်တို့အဘယ်ကြောင့် အိုရ၊ နာရ၊ သေရကြောင်းကိုနားလည်စေရန် အထောက်အကူပြုသည်။ “ကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူ” ရာဖြစ်ကြောင်း လက်ခံယုံကြည်ထားသောကြောင့် အဖြေရရှိရေးအတွက် သမ္မာကျမ်းစာကို ကျွန်ုပ်တို့အားထားနိုင်သည်။ (၂ တိမောသေ ၃:၁၆; ၂ ပေတရု ၁:၂၁) ပထမလူယောက်ျားအာဒံသည် စုံလင်ပြည့်ဝသည့်ကျန်းမာရေးဖြင့် ဖန်ဆင်းခြင်းခံရကြောင်း ကျမ်းစာကဆို၏။ ဖန်ဆင်းရှင်အား နာခံနေသမျှကာလပတ်လုံး သူသည် ကျန်းမာရေး ဒေါင်ဒေါင်မြည်နေမည်ဖြစ်သည်။
သို့သော် အာဒံသည် ဘုရားသခင့်ပညတ်တော်ကိုချိုးဖောက်ရန် ရွေးချယ်ခဲ့သည်။ သူသည် နာမခံခြင်းအားဖြင့်လည်းကောင်း၊ ဖန်ဆင်းရှင်ကို တမင်သက်သက် ပုန်ကန်ခြင်းအားဖြင့်လည်းကောင်း အပြစ်ကျူးလွန်ခဲ့သည်။သို့နှင့် သူသည် စုံလင်မှုမရှိတော့ဘဲ ဖျားနာလာပြီး အချိန်တန်သောအခါ သေဆုံးရလေတော့သည်။ ထို့ကြောင့် အပြစ်တရားသည် အာဒံ နာရ၊ သေရသည့်အကြောင်းရင်းခံပင်ဖြစ်သည်။
မျိုးရိုးလိုက်ခြင်းနိယာမတရားအတိုင်း အချို့ရောဂါများသည် မိဘတို့ထံမှ သားသမီးထံသို့ ကူးစက်တတ်သည့်နည်းတူ အာဒံထံမှမစုံလင်မှုနှင့် ယင်း၏အကျိုးဆက်ဖြစ်သော ဖျားနာခြင်းတို့သည် သူ၏သားမြေးများဖြစ်သော လူသားမျိုးနွယ်တစ်ရပ်လုံးထံသို့ ရောက်ရှိလာခဲ့သည်။ သို့ဖြစ်ရာ ရောဂါရှိရှိသမျှတို့သည် အာဒံ၏မူလအပြစ်၏ အကျိုးဆက်ပင်ဖြစ်လေသည်။ (ကမ္ဘာဦး ၂:၁၇; ၃:၁-၁၉; ရောမ ၅:၁၂) လွတ်မြောက်ရာလမ်း ရှိပါသလော။
လွတ်မြောက်ရာလမ်း
စုံလင်သောကျန်းမာရေးမှသည် ညံ့ဖျင်းသောကျန်းမာရေးဆီသို့ ပြောင်းလဲသွားခဲ့ရခြင်းမှာ ဘုရားသခင့်ပညတ်တော်ကို အာဒံပုန်ကန်ခြင်းတည်းဟူသော အပြစ်ကြောင့်ပင်ဖြစ်သည်။ သို့ဖြင့် ညံ့ဖျင်းသောကျန်းမာရေးမှ စုံလင်သောကျန်းမာရေးဆီသို့ ပြောင်းလဲရန်မှာလည်း တစ်ခုတည်းသောနည်းလမ်းဖြစ်သည့် အပြစ်ဒုစရိုက်ကို ပယ်ရှားပစ်ခြင်းအားဖြင့်သာ ဖြစ်မြောက်နိုင်ပေမည်။ (ရောမ ၅:၁၈၊ ၁၉) အဘယ်သို့အားဖြင့်နည်း။ စုံလင်စဉ်ကရှိခဲ့သောအာဒံနှင့် လုံးလုံးတူညီသော အခြားစုံလင်သည့်လူသားတစ်ဦးက ရွေးနုတ်ဖိုးအဖြစ် ၎င်း၏အသက်ကိုပူဇော်ရမည်။ ဘုရားသခင့်ပညတ်တော်မှာ “စိုးလ်အတွက်စိုးလ်” ဖြစ်သည်။ ဆိုလိုသည်မှာ အသက်အတွက် အသက်ပေးဆပ်ရမည်ဖြစ်သည်။—တရားဟောရာ ၁၉:၂၁၊ ကဘ။
သို့သော်၊ အပြစ်ရှိသောအာဒံ၏ သားစဉ်မြေးဆက်ထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ ထိုသို့သောရွေးနုတ်ဖိုးကို မပေးနိုင်ပါ။ သို့ဖြင့် ယေဟောဝါသည် မေတ္တာဖြင့် သားတော်ယေရှုကို စုံလင်သောလူသားတစ်ဦးအဖြစ်စေလွှတ်၍ “သားတော်အားဖြင့် ငါတို့သည်အသက်ရှင်စေခြင်းငှာ” သူ၏အသက်ကိုစွန့်၍ “လူများကိုရွေး” စေတော်မူ၏။—မဿဲ ၂၀:၂၈; ၁ ယောဟန် ၄:၉; ဆာလံ ၄၉:၇။
ကမ္ဘာပေါ်တွင်ရှိစဉ် ယေရှုက လေဖြတ်ထားသူကို “သင်၏အပြစ်ကိုလွှတ်စေပြီ” ဟူ၍မိန့်တော်မူသည့်အခါ ထိုသူသည်ရောဂါပျောက်ကင်း၍ အိမ်သို့ပြန်သွားသည့်အဖြစ်က ကိုယ်တော်၏ခမည်းတော်ယေဟောဝါသည် ကိုယ်တော်အား အပြစ်တရားကိုဖယ်ရှားနိုင်သည့်တန်ခိုး ပေးအပ်ထားကြောင်း ပြသတော်မူခဲ့သည်။ ယေရှုသည် ဤဘုရားသခင်ပေးသည့်တန်ခိုးတော်ကို ထပ်ခါထပ်ခါအသုံးပြု၍ မျက်စိကန်းသောသူ၊ နားမကြားသောသူနှင့် အခြားအခြားသော အနာရောဂါအမျိုးမျိုးကို ချက်ချင်းလက်ငင်း ပျောက်ကင်းစေတော်မူ၏။
ယေရှုပြုတော်မူသည့် ဤအံ့ဖွယ်ကုသမှုများအကြောင်းနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာကဤသို့ဆို၏– “များစွာသောလူအပေါင်းတို့သည် ခြေမစွမ်း၊ မျက်စိကန်း၊ စကားအ၊ အင်္ဂါချို့တဲ့သောသူမှစ၍ အခြားသောအနာရောဂါစွဲသောသူများကို ဆောင်ခဲ့လျက် အထံတော်သို့ရောက်လာ၍ ခြေတော်ရင်း၌ချထားကြ၏။ အနာရောဂါများကို ငြိမ်းစေတော်မူသဖြင့်၊ အသောသူသည် စကားပြောသည်ကိုလည်းကောင်း၊ ချို့တဲ့သောသူသည် ပကတိဖြစ်သည်ကိုလည်းကောင်း၊ ခြေမစွမ်းသောသူသည် လှမ်းသွားသည်ကိုလည်းကောင်း၊ မျက်စိကန်းသောသူသည် မြင်ရသည်ကိုလည်းကောင်း၊ လူအစုအဝေးတို့သည်မြင်လျှင် အံဩခြင်းသို့ရောက် . . . ကြ၏။” (မဿဲ ၁၅:၃၀၊ ၃၁) ထိုထက်ထူးဆန်းသည်မှာ ယေရှုသည် သေလွန်သူတို့ကိုပင် အသက်ပြန်ရှင်စေနိုင်တော်မူ၏။ ထိုရှင်ပြန်ထမြောက်ခြင်းအကြောင်း အတော်များများကို သမ္မာကျမ်းစာက မှတ်တမ်းတင်ထားသည်။—လုကာ ၇:၁၁-၁၆; ၈:၄၉-၅၆; ယောဟန် ၁၁:၁၄၊ ၃၈-၄၄။
ဤအံ့ဖွယ်ကုသပျောက်ကင်းမှုတို့က ယေရှု၌ ကုသပျောက်ကင်းစေနိုင်စွမ်းမရှိသော အနာရောဂါဟူ၍မရှိကြောင်း ကျွန်ုပ်တို့အားစိတ်ချယုံကြည်စေသည်။ ဤဘုရားသခင်ပေးသည့်တန်ခိုးတော်ကို ကိုယ်တော်တစ်ဖန် အသုံးပြုတော်မူမည်လော။ ၎င်းမှ ကျွန်ုပ်တို့အကျိုးခံစားရမည်လော။
စုံလင်သောကျန်းမာရေးသည် မုချဖြစ်လာမည်
ယေရှုသည် ဘုရားသခင့်ကောင်းကင်အစိုးရ၏ ဘုရင်မင်းမြတ်အဖြစ် ကောင်းကင်ဘုံတွင် စိုးစံလျက်ရှိပြီဖြစ်ကြောင်း ကျမ်းစာပရောဖက်ပြုချက်များက ပြဆိုသည်။ ယခုတည်ရှိနေသော လူ့အစိုးရရှိရှိသမျှကိုဖယ်ရှား၍ မြေကြီးတစ်ပြင်လုံးကိုအုပ်ချုပ်ရန် ဘုရားသခင်က ကိုယ်တော်အား အာဏာအပ်နှင်းပြီးဖြစ်သည်။ (ဆာလံ ၁၁၀:၁၊ ၂; ဒံယေလ ၂:၄၄) “နိုင်ငံတော်တည်ထောင်ပါစေ၊ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော” ဟူသော နောက်တော်လိုက်များအား ယေရှုသင်ကြားတော်မူခဲ့သည့် ဆုတောင်းချက်သည် ပြည့်စုံလာလတ္တံ့။ (မဿဲ ၆:၁၀) ကောင်းကင်နိုင်ငံတော်၏ အုပ်ချုပ်မှုအောက်တွင် ဤကမ္ဘာအဖို့ ဘုရားသခင်ထားရှိသည့် အလိုတော်တစ်စိတ်တစ်ပိုင်းမှာ လူ့မိသားစုကြီးအတွက် ကျန်းမာရေးအခြေအနေကို သိသိသာသာ တိုးတက်ကောင်းမွန်စေခြင်းဖြစ်ပေမည်။
ထို့နောက် ပကတိစာသားသဘောအရသာမက ဝိညာဉ်ရေးသဘောအရပါ “မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့်လွတ်ကြလိမ့်မည်။ ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်။” “မြို့သားတစ်စုံတစ်ယောက်က ‘ငါနာသည်’ ဟုမဆိုရ။”—ဟေရှာယ ၃၃:၂၄၊ သမ္မာ; ၃၅:၅၊ ၆။
ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်တွင် စုံလင်သောကျန်းမာရေးဆိုသည်မှာ လူတို့သည် ယခုအချိန်မှာကဲ့သို့ သေစရာအကြောင်းမရှိတော့ဟု ဆိုလိုပါသည်။ ‘ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ထာဝရအသက်ရလိမ့်မည်။’ “ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း” ဟူ၍ ဘုရားသခင့်နှုတ်ကပါဌ်တော်က ကတိပေးထားသည်။ (ယောဟန် ၃:၁၆; ရောမ ၆:၂၃) မှန်ပါသည်၊ ရှေးယခင်ကတည်းက မှုတ်သွင်းခံဆာလံကျမ်းက “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်” ဟုကတိပေးထားသည်။ (ဆာလံ ၃၇:၂၉) ယေရှုသည် ကမ္ဘာပေါ်ရှိစဉ်က ပြုတော်မူခဲ့သည့်အတိုင်း သေလွန်သူတို့ကိုရှင်ပြန်ထမြောက်စေ၍ စုံလင်သောကျန်းမာရေး၏ အကျိုးကျေးဇူးကိုခံစားနိုင်သည့် အခွင့်အရေးပေးတော်မူမည်။ “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှထမြောက်ကြလိမ့်မည်” ဟူ၍ သမ္မာကျမ်းစာက ကတိပေးထား၏။—တမန်တော် ၂၄:၁၅။
ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်တွင် ကမ္ဘာမြေကြီးကိုယ်နှိုက်က သီးနှံလှိုင်လှိုင်ထွက်ရှိမည်ဖြစ်ရာ မကောင်းသောကျန်းမာရေးကိုဖြစ်ပွားစေသည့် ငတ်မွတ်ခြင်းသည် နောက်တစ်ဖန်ရှိရတော့မည်မဟုတ်။ သမ္မာကျမ်းစာပရောဖက်ပြုချက်များက ဤသို့ဆိုထားသည်– “တောသစ်ပင်သည် အသီးကိုသီးလိမ့်မည်။ မြေသည်လည်း အသီးအနှံကိုပေးလိမ့်မည်။ ပြည်သားတို့သည် ငြိမ်ဝပ်စွာနေရကြလိမ့်မည်။” (ယေဇကျေလ ၃၄:၂၇) “မြေသည် မိမိဘဏ္ဍာကိုပေး၍၊ ဘုရားသခင်တည်းဟူသော ငါတို့၏ဘုရားသခင်သည် ငါတို့ကိုကောင်းချီးပေးတော်မူ၏။” (ဆာလံ ၆၇:၆) ‘ပြည်တော်၌ များစွာသောစပါးရှိလိမ့်မည်။’ (ဆာလံ ၇၂:၁၆) “တောနှင့်လွင်ပြင်သည် ဝမ်းမြောက်လိမ့်မည်။ ဆိတ်ညံသောအရပ်သည်လည်း ရွှင်လန်း၍၊ နှင်းပွင့်ကဲ့သို့ အပွင့်ပွင့်လိမ့်မည်။”—ဟေရှာယ ၃၅:၁။
ဘုရားသခင့်ကမ္ဘာသစ်တွင်ရှိမည့် အခြေအနေနှင့်ပတ်သက်၍ သမ္မာကျမ်းစာ၏နောက်ဆုံးသော ပရောဖက်ပြုချက်ဆိုင်ရာစာစောင်က “ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်းမရှိရ” ဟူ၍ အတိအလင်းဆိုထားသည်။—ဗျာဒိတ် ၂၁:၄၊ သမ္မာ။
‘မယုံနိုင်စရာပါလား’ ဟူ၍သင်ဆိုမည်လော။ သို့ဆိုလျှင်၊ ဤအချက်ကိုစဉ်းစားကြည့်ပါ။ အာဒံအပြစ်သားဖြစ်မလာမီက သူသည် စုံလင်သောကျန်းမာရေးရှိခဲ့သည်။ ထိုစဉ်က တစ်ယောက်သောသူက သူနှင့်စကားပြောရင်းနှင့် တစ်နေ့သောအခါ ကမ္ဘာပေါ်တွင် လူတို့သည် နာကျင်ခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းခြင်းတို့ကိုရင်ဆိုင်ရမည်ဟူ၍ ပြောခဲ့သည်ဟုတွေးကြည့်လိုက်ပါ။ အာဒံအနေဖြင့် ၎င်းသည် မယုံနိုင်စရာဖြစ်သည်ဟု ယူဆခဲ့မည်ဟူ၍ သင်မထင်ပေလော။ သို့တစေ၊ ယခုအခါ၌ ထိုအတိုင်းပင်ဖြစ်နေလေသည်။
ဤအခြေအနေနှင့်ဆန့်ကျင်လျက် ဘုရားသခင့်နိုင်ငံတော်အောက်တွင် စုံလင်သောကျန်းမာရေးသည် တရားဖြစ်လာပေမည်။ ယေဟောဝါ၏နှုတ်ကပါဌ်တော်က “ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏” ဟူ၍အာမခံထားသည်။ (ဗျာဒိတ် ၂၁:၅) “ဘုရားသခင်သည် မုသာမသုံးနိုင်” သောကြောင့် ဘုရားသခင်ကဖြစ်မည်ဟု မိန့်တော်မူသည့်အရာသည် ဧကန်မုချဖြစ်လာပေမည်။—ဟေဗြဲ ၆:၁၈။
လာလတ္တံ့သောဤကောင်းချီးမင်္ဂလာများကို ကျိန်းသေခံစားနိုင်ရေးအတွက် ယခု သင်ဘာပြုလုပ်နိုင်သနည်း။ ခမည်းတော်ထံဆုတောင်းရာ၌ ယေရှုမိန့်တော်မူခဲ့သည့်စကားများတွင် စုံလင်သောကျန်းမာရေးနှင့် ထာဝစဉ်အသက်ရနိုင်သည့်နည်းလမ်းကို ရှင်းလင်းစွာပြဆိုထားသည်– “ထာဝရအသက်ဟူသည်မှာ ဘုရားမှန်တစ်ဆူတည်းဖြစ်သော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူလိုက်သော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။”—ယောဟန် ၁၇:၃၊ သမ။
သင့်အိမ်၌ အခမဲ့ကျမ်းစာသင်တန်းပြုလုပ်ပေးရန် ယေဟောဝါသက်သေများကို ခေါ်ဖိတ်နိုင်ပါသည်။ သူတို့သည် ဘုရားသခင့်အံ့ချီးဖွယ် ကတိတော်များအကြောင်းကို ပိုမိုသိရှိအောင် သင့်အားဝမ်းမြောက်စွာ ကူညီပေးပါလိမ့်မည်။ ဤကား စုံလင်သောကျန်းမာရေးရရှိရန် သင်လျှောက်လှမ်းရမည့် ပထမခြေလှမ်းဖြစ်ပေမည်!
-
-
သင့်ကျန်းမာရေးအပေါ် ဩဇာလွှမ်းမိုးသည့်အရာ—သင်လုပ်ဆောင်နိုင်သည့်အရာနိုးလော့!—၁၉၉၇ | ဧပြီ ၈
-
-
သင့်ကျန်းမာရေးအပေါ် ဩဇာလွှမ်းမိုးသည့်အရာ—သင်လုပ်ဆောင်နိုင်သည့်အရာ
ဂျုံ သို့မဟုတ် ဆန်ကို ကယ်ဆယ်ရေးလုပ်သားက ဝေပေးသကဲ့သို့ ကျန်းမာရေးကို ဝေပေး၍မရပါ။ ကျန်းမာရေးသည် ကုန်ပစ္စည်းမဟုတ်ဘဲ အခြေအနေဖြစ်သောကြောင့် ယင်းကိုအိတ်နှင့်ထည့်၍မပို့ပေးနိုင်ပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က “ကျန်းမာရေး” ကို “ကာယ၊ စိတ္တနှင့် လူမှုရေးအရ ချမ်းမြေ့သာယာခြင်း ပြီးပြည့်စုံသည့်အခြေအနေ” ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ သို့သော် အဆိုပါ ချမ်းမြေ့သာယာခြင်း မည်မျှရှိကြောင်း အဘယ်အရာက အဆုံးအဖြတ်ပေးသနည်း။
တော်ရုံတန်ရုံအိမ်တစ်လုံးကို ပျဉ်ပြား၊ သံနှင့်သွပ်ပြားတို့ဖြင့် ဆောက်လုပ်နိုင်သော်လည်း ၎င်းပစ္စည်းအမျိုးမျိုးကို ထောင့်တိုင်လေးတိုင်ဖြင့် ထောက်ပင့်ထားရသည်။ ထိုနည်းတူစွာ၊ ကျွန်ုပ်တို့၏ကျန်းမာရေးအပေါ် လွှမ်းမိုးသည့်သြဇာအမျိုးမျိုးရှိသော်ငြားလည်း ရှိရှိသမျှတို့သည် “ထောင့်” တိုင်နှင့်တူသော ဩဇာလေးခုနှင့်ဆက်နွှယ်လျက်ရှိကြသည်။ ၎င်းတို့မှာ (၁) အမူအကျင့်၊ (၂) ပတ်ဝန်းကျင်၊ (၃) ဆေးဝါးကုသမှုနှင့် (၄) ဇီဝရုပ်ဖွဲ့စည်းမှုတို့ဖြစ်ကြသည်။ အိမ်တိုင်တို့၏အရည်အသွေးကို မြှင့်တင်ခြင်းအားဖြင့် သင့်အိမ်ကို ခိုင်မာတောင့်တင်းစေနိုင်သကဲ့သို့ အဆိုပါသြဇာလွှမ်းမိုးသော အကြောင်းတရားများ၏ အရည်အသွေးကို တိုးတက်ကောင်းမွန်စေခြင်းအားဖြင့် သင့်ကျန်းမာရေးကို ပို၍ကောင်းမွန်စေနိုင်ပါသည်။ မေးစရာမေးခွန်းမှာ အကန့်အသတ်ရှိသော အရင်းအမြစ်များဖြင့် မည်သို့တိုးတက်ကောင်းမွန်အောင် ပြုလုပ်နိုင်မည်နည်း ဟူ၍ဖြစ်သည်။
အမူအကျင့်နှင့်ကျန်းမာရေး
အကြောင်းတရားလေးခုအနက် သင်၏အမူအကျင့်သည် သင်အလွယ်တကူ ထိန်းချုပ်နိုင်သည့်အရာဖြစ်သည်။ ယင်းကို တိုးတက်ကောင်းမွန်အောင်ပြုပြင်ပါက ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်သည်။ ဆင်းရဲမွဲတေခြင်းကြောင့် နေ့စဉ်စားမြဲအစာနှင့် အကျင့်တို့ကို ပြုပြင်ပြောင်းလဲရာ၌ အကန့်အသတ်ရှိမည်မှာမှန်သော်လည်း ရနိုင်သမျှရွေးချယ်စရာများကို အကျိုးရှိရှိ အသုံးချတတ်မည်ဆိုပါက များစွာထူးခြားလာနိုင်ပေသည်။ အောက်ပါသာဓကကို ဂရုပြုမှတ်သားပါ။
မိခင်တစ်ဦးအနေဖြင့် အများအားဖြင့် ကလေးကို မိခင်နို့တိုက်ခြင်းနှင့် နို့ဘူးတိုက်ခြင်းဟူသော ရွေးချယ်စရာနှစ်ခုရှိတတ်ပါသည်။ မိခင်နို့ရည်တိုက်ခြင်းသည် “ကျန်းမာရေးနှင့် စီးပွားရေးရှုထောင့်မှကြည့်လျှင် အမြတ်ဆုံးသောရွေးချယ်မှု” ဖြစ်သည်ဟု ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ကဆိုသည်။ မိခင်၏နို့ရည်သည် “အကောင်းဆုံးသော ကျန်းမာရေးအစာ” ဖြစ်သဖြင့် ကလေးငယ်အား “အချိုးညီညီကြီးထွားရေးအတွက် လိုအပ်သည့်ပရိုတင်းဓာတ်၊ အဆီဓာတ်၊ နို့သကြားဓာတ်၊ ဗီတာမင်ဓာတ်များ၊ သတ္တုဓာတ်များနှင့် စဉ်းငယ်မျှလိုအပ်သော ဒြပ်စင်ဝတ္ထုများကို အချိုးအစား တိတိကျကျမှန်မှန်ကန်ကန်” ပေးသည်။ မိခင်နို့ရည်သည် မိခင်ထံမှကလေးထံသို့ ရောဂါတိုက်ဖျက်သော ပရိုတင်းများ၊ သို့မဟုတ် ပဋိပစ္စည်းများကို ပို့ဆောင်ပေးနိုင်သဖြင့် ကလေးငယ်အား ရောဂါတိုက်ဖျက်ရာ၌ အခြေခံကောင်းကိုရရှိစေသည်။
အထူးသဖြင့် ကျန်းမာသန့်ရှင်းမှုညံ့ဖျင်းသော အပူပိုင်းဒေသများတွင် မိခင်နို့ရည်တိုက်ကျွေးခြင်းသည် အကောင်းဆုံးပင်ဖြစ်သည်။ နို့ဘူးနှင့်မတူဘဲ မိခင်နို့ရည်သည် ငွေချွေတာရန်အတွက် ရေရော၍မရပါ၊ ပြင်ဆင်ရာ၌ အမှားအယွင်းမရှိနိုင်ပါ၊ အမြဲတမ်းလည်း သန့်ရှင်းလတ်ဆတ်နေသည်။ ယင်းနှင့်ဆန့်ကျင်လျက် “ဆင်းရဲသောအသိုင်းအဝိုင်းတွင် နို့ဘူးတိုက်သောကလေးတစ်ဦးသည် ခန့်မှန်းခြေအားဖြင့် မိခင်နို့ရည်ကိုသာ သီးသန့်တိုက်ကျွေးခံရသော ကလေးတစ်ဦးထက် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် သေဆုံးနိုင်သည့်အလားအလာ ၁၅ ဆနှင့် နမိုးနီးယားအဆုတ်ရောင်ရောဂါဖြင့် သေဆုံးနိုင်သည့်အလားအလာ လေးဆပိုများသည်” ဟု ကနေဒါ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးအဖွဲ့မှ ထုတ်ဝေသောသတင်းလွှာ Synergy တွင် ရေးသားဖော်ပြသည်။
၎င်းပြင် စီးပွားရေးအကျိုးအမြတ်လည်း ရှိသေးသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နို့မှုန့်သည်ဈေးကြီးလှသည်။ သာဓကအနေနှင့် ဘရာဇီးနိုင်ငံတွင် ကလေးတစ်ယောက်ကို နို့ဘူးတိုက်ပါက ဆင်းရဲသောမိသားစု၏လစဉ်ဝင်ငွေ ငါးပုံတစ်ပုံကုန်ကျနိုင်သည်။ မိခင်နို့တိုက်ကျွေးခြင်းဖြင့် ချွေတာ၍ရသောငွေသည် မိခင်ဖြစ်သူအပါအဝင် တစ်မိသားစုလုံးအတွက် ပို၍အာဟာရပြည့်ဝသည့် အစားအစာကို ဝယ်ယူနိုင်သည်။
မိခင်နို့ရည်တိုက်ကျွေးခြင်းသည် ဤမျှအကျိုးကျေးဇူးရှိသည်ဖြစ်ရာ မိခင်နို့ရည်တိုက်ကျွေးသူ ပို၍ပို၍များပြားလာမည်ဟု သင်မျှော်လင့်ပေမည်။ သို့တစေ၊ ဖိလစ်ပိုင်နိုင်ငံတွင် မိခင်နို့ရည်တိုက်ကျွေးခြင်းသည် “တိမ်ကောပျောက်ကွယ်မည့်အန္တရာယ် ကြီးစွာရင်ဆိုင်နေရသည်“ ဟုဖိလစ်ပိုင်နိုင်ငံမှ ကျန်းမာရေးလုပ်သားများက အစီရင်ခံတင်ပြသည်၊ ၎င်းပြင် အသက်ရှူခြင်းနှင့်ဆိုင်သော ကူးစက်ရောဂါဖြင့် နို့စို့ကလေးများသေဆုံးရသည့် အဓိကအကြောင်းတရားများအနက် တစ်ခုမှာ “မိခင်နို့ရည်တိုက်ကျွေးမှုမရှိခြင်း” ဖြစ်သည်ဟု ဘရာဇီးနိုင်ငံတွင်ပြုလုပ်သည့် လေ့လာမှုတစ်ခုကဖော်ပြသည်။ သို့သော်၊ သင့်ကလေးသည် ဤသို့သောကြမ္မာဆိုးနှင့် ကင်းဝေးနိုင်ပါသည်။ သင်၌ရွေးချယ်စရာ ရှိပါသည်။
သို့ရာတွင် ကလေးငယ်၏ကျန်းမာရေးကို မိခင်ဖြစ်သူက ကြိုးစားကာကွယ်စောင့်ရှောက်စေကာမူ အခြားအိမ်သူအိမ်သားများ၏ မကောင်းသောအမူအကျင့်ကြောင့် မကြာခဏ ထိခိုက်ပျက်စီးလေ့ရှိတတ်သည်။ နီပေါနိုင်ငံမှ မိခင်တစ်ဦး၏အဖြစ်ကို သာဓကအဖြစ်ကြည့်ပါ။ သူမသည် လင်ယောက်ျားဖြစ်သူနှင့် သုံးနှစ်သမီးတို့နှင့်အတူ စိုထိုင်းသောအခန်းတစ်ခန်းတွင် နေထိုင်ကြသည်။ ထိုအခန်းကျဉ်းကလေးသည် မီးဖိုချောင်မှမီးခိုးနှင့် ဆေးလိပ်ငွေ့တို့ဖြင့် မွန်းလျက်ရှိသည်ဟု Panoscope မဂ္ဂဇင်း၌ရေးသားဖော်ပြသည်။ ထိုကလေးသည် အသက်ရှူခြင်းနှင့်ဆိုင်သောကူးစက်ရောဂါ ခံစားနေရသည်။ “ကျွန်မယောက်ျားကို ဆေးလိပ်မသောက်ဖို့ တားလို့ကိုမရဘူး၊ အခုကျွန်မဟာ ယောက်ျားအတွက် စီးကရက်ဝယ်ပေးပြီး ကလေးအတွက် ဆေးဝယ်ပေးနေရပါတယ်” ဟူ၍ မိခင်ဖြစ်သူက ညည်းညူမြည်တမ်းရှာသည်။
ဝမ်းနည်းစရာကောင်းသည်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ပို၍ပို၍များပြားသည့် ပြည်သူတို့က ဆေးလိပ်ကိုသောက်လာခြင်းဖြင့် အလွန်လိုအပ်သည့်ဝင်ငွေကို ဖြုန်းတီးလာကြသည်နှင့်အမျှ အထက်ပါအမျိုးသမီး၏ အကျပ်အတည်းမျိုးမှာ တစ်နေ့တခြားများပြားလာသည်။ အမှန်ဆိုရလျှင် ဥရောပနှင့်အမေရိကန်ပြည်ထောင်စုတို့တွင် ဆေးလိပ်သောက်သူတစ်ယောက် ဆေးလိပ်ဖြတ်လျှင် လက်တင်အမေရိကနှင့် အာဖရိကတိုက်တို့တွင် ဆေးလိပ်စသောက်သူနှစ်ယောက် တိုးလာသည်။ သွေးဆောင်ဖြားယောင်းသည့်ကြော်ငြာများသည် အဓိကတရားခံပင်ဖြစ်ကြောင်း Roken Welbeschouwd အမည်ရှိ ဒတ်ချ်စာအုပ်ကထောက်ပြသည်။ “ဗာစီတီစီးကရက်– ဦးနှောက်ကို အထူးကြည်လင်စေသည်” နှင့် “ဂိုးလ်လိဖ်စီးကရက်– အရေးအပါဆုံးပုဂ္ဂိုလ်များအတွက် အရေးအကြီးဆုံးစီးကရက်” အစရှိသောဆောင်ပုဒ်များက ဆေးလိပ်သောက်ခြင်းသည် တိုးတက်အောင်မြင်ကြီးပွားခြင်းနှင့် ဆက်စပ်နေသယောင် ဆင်းရဲသားများအား ယုံကြည်လက်ခံစေသည်။ သို့သော် ဆန့်ကျင်ဘက်သာလျှင် အမှန်တရားဖြစ်သည်။ ဆေးလိပ်သောက်ခြင်းသည် ပိုက်ဆံမီးရှို့ခြင်းဖြစ်သည့်အပြင် ကျန်းမာရေးကိုပါ ထိခိုက်ယိုယွင်းစေသည်။
ဤအချက်ကို စဉ်းစားသုံးသပ်ကြည့်ပါ။ လူတစ်ဦးသည် စီးကရက်တစ်လိပ်ကို သောက်လိုက်သည့်အခါတိုင်း သူ၏သက်တမ်း ဆယ်မိနစ်တိုသွားသည့်အပြင် နှလုံးရောဂါနှင့် လေဖြတ်ခြင်းမှစ၍ အဆုတ်၊ လည်ချောင်း၊ ပါးစပ်ကင်ဆာများနှင့် အခြားသောရောဂါများ ဖြစ်ပွားစေသည့်အန္တရာယ်ကို တိုးပွားစေသည်။ “ဆေးလိပ်သောက်သုံးခြင်းသည် ကမ္ဘာပေါ်တွင် အချိန်မတန်သေဆုံးရခြင်းနှင့် မစွမ်းမသန်ဖြစ်ရခြင်း အကြောင်းတရားများအနက် ကြို၍တားဆီးနိုင်သည့် တစ်ခုတည်းသောအကြီးဆုံး အကြောင်းတရားဖြစ်သည်” ဟု UN Chronicle မဂ္ဂဇင်းကဆိုသည်။ ‘ကြို၍တားဆီးနိုင်သည့်အကြောင်းတရား’ ဟူ၍ဆိုထားသည်ကိုသတိပြုပါ။ သင့်အနေဖြင့် နောက်ဆုံးစီးကရက်မီးကိုငြိမ်းသတ်၍ ဆေးလိပ်ကိုဖြတ်ပစ် နိုင် ပါသည်။
သင့်ကျန်းမာရေးအပေါ် ဩဇာလွှမ်းမိုးသည့် အမူအကျင့်ဆိုင်ရာ ရွေးချယ်စရာ အမြောက်အမြားရှိသည်မှာ ဆိုဖွယ်မရှိပါ။ ယေဟောဝါသက်သေများ၏ နိုင်ငံတော်ခန်းမရှိ စာကြည့်တိုက်တွင် ဖတ်ရှုနိုင်သည့်အကြောင်းအရာအချို့ကို ဤဆောင်းပါး၏စာမျက်နှာ ၁၁ မှလေးထောင့်ကွက်တွင် ဖော်ပြထားပါသည်။ မှန်ပါသည်၊ဗဟုသုတတိုးပွားရေးအတွက် အပတ်တကုတ် အားထုတ်ကြိုးပမ်းရန်လိုသည်။ သို့ရာတွင် “ကျန်းမာရေးအခြေအနေအကြောင်း အသိပညာဗဟုသုတရှိသည့် အသိဉာဏ်အလင်းရပြီးသူများ ပါဝင်ခြင်းမရှိပါက ကျန်းမာသောလူ့ဘောင် ဖြစ်လာနိုင်မည်မဟုတ်” ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အရာရှိတစ်ဦးကဆိုသည်။ ထို့ကြောင့် ကျန်းမာရေးတိုးတက်ကောင်းမွန်စေရန် တစ်ပြားတစ်ချပ်မျှ ကုန်စရာမလိုသော မိမိကိုယ်ကိုပညာပေးရေးခြေလှမ်းကို တက်လှမ်းပါလေ။
ကျန်းမာရေးနှင့် နေအိမ်ဝန်းကျင်
သင့်ကျန်းမာရေးကို အများဆုံးသြဇာလွှမ်းမိုးသည့် ပတ်ဝန်းကျင်မှာ သင့်နေအိမ်နှင့် သင့်အိမ်နီးချင်းဖြစ်သည်ဟု The Poor Die Young စာအုပ်ကဖော်ပြသည်။ သင့်ပတ်ဝန်းကျင်သည် သောက်သုံးရေကြောင့် ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်သည်။ ကူးစက်ရောဂါ၊ အရေပြားရောဂါ၊ ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ၊ ဝမ်းကိုက်ရောဂါ၊ တိုက်ဖွိုက်ရောဂါနှင့် အခြားသောရောဂါတို့သည် အန္တရာယ်ကင်းသောသောက်သုံးရေ မလုံလောက်ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။
သင်သည် ရေပိုက်ခေါင်းကိုဖွင့်လိုက်ရုံနှင့် လက်ဆေး၍ရသည်ဆိုလျှင် အိမ်ထဲ၌ ရေပိုက်သွယ်တန်းထားခြင်းမရှိသူများသည် ရေရရှိရေးအတွက် နေ့စဉ်နှင့်အမျှ အချိန်မည်မျှပေးရသည်ကို သင်နားလည်သဘောပေါက်ရန် လွယ်ကူမည်မဟုတ်။ များသောအားဖြင့် ဘုံဘိုင်ခေါင်းတစ်ခုကို လူပေါင်း ၅၀၀ မက စုပေါင်းသုံးရတတ်သည်။ သို့နှင့် တန်းစီစောင့်ရသည်။ ဝင်ငွေနည်းသူများသည် ပို၍အချိန်ကြာကြာအလုပ်လုပ်ရသဖြင့် စောင့်ဆိုင်းရခြင်းသည် “၎င်းတို့ငွေရှာနိုင်သည့်အချိန်ကို ကုန်ဆုံးစေသည်” ဟု Environmental Problems in Third World Cities စအုပ်ကထောက်ပြထားသည်။ ထို့ကြောင့် လူခြောက်ယောက်ရှိသော မိသားစုသည် တစ်ရက်လျှင် ရေ ၃၀ ပုံးလိုအပ်သော်လည်း အချိန်ကိုချွေတာသည့်အနေနှင့် ရေကိုလျှော့၍ထမ်းကြသည်မှာ မထူးဆန်းပါ။ သို့နှင့် အစားအစာ၊ ပန်းကန်ခွက်ယောက်နှင့် အဝတ်အစားများကို ဆေးကြောလျှော်ဖွပ်ရန်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ရေအလွန်နည်းပေမည်။ ယင်းကြောင့် မိသားစု၏ကျန်းမာရေးကို အန္တရာယ်ပြုသည့် သန်းနှင့်ယင်ကောင်များကို လက်ယပ်ခေါ်သည့် အခြေအနေများ ဖြစ်ပေါ်လာရပြန်သည်။
ဤအခြေအနေကို စဉ်းစားကြည့်ပါ။ အကယ်၍ သင့်အနေဖြင့် ရပ်ဝေး၌အလုပ်ဆင်းရန် စက်ဘီးကိုအားထားနေရသည်ရှိသော် ချိန်းကြိုးကိုဆီထည့်ရန်၊ ဘရိတ်ပြုပြင်ရန်၊ သို့မဟုတ် စပုတ်တိုင်လဲရန်အတွက် အပတ်စဉ် အချိန်အနည်းငယ်အသုံးပြုရသည်ကို ဆုံးရှုံးမှုဟု သင်ယူမှတ်မည်လော။ ယူမှတ်မည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော် ပြုပြင်ထိန်းသိမ်းမှု မလုပ်ဘဲထားခြင်းအားဖြင့် အချိန်အနည်းအကျဉ်း ချွေတာနိုင်မည်ဖြစ်သည့်တိုင်အောင် နောက်ပိုင်းတွင် စက်ဘီးပျက်သွားသည့်အခါ တစ်ရက်လုံးအလုပ်ပျက်သွားနိုင်သည်။ အလားတူစွာ၊ သင့်ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ရေအလုံအလောက် မထမ်းဘဲနေမည်ဆိုပါက တစ်ပတ်လျှင် အချိန်နှင့်ငွေအနည်းအကျဉ်း ပို၍ရရှိနိုင်မည်ဖြစ်သော်လည်း နောက်ပိုင်းတွင် ထိန်းသိမ်းစောင့်ရှောက်မှု ညံ့ဖျင်းမှုကြောင့် သင့်ကျန်းမာရေးပျက်ပြားလာသည့်အခါ ရက်ပေါင်းများစွာ၊ ငွေများစွာ ဆုံးရှုံးရပေမည်။
ရေအလုံအလောက်ရရှိရေးကို မိသားစုစီမံချက်တစ်ရပ်အနေနှင့် ဆောင်ရွက်နိုင်ပေသည်။ အရပ်ဒေသယဉ်ကျေးမှုအရ ရေထမ်းခြင်းတာဝန်ကို မိခင်ဖြစ်သူနှင့်သားသမီးများက ယူရသည့်တိုင်အောင် စိုးရိမ်ကြောင့်ကြတတ်သောဖခင်ဖြစ်သူသည်လက်ပိုက်ကြည့်နေမည်မဟုတ်ဘဲ ကိုယ်တိုင်ခွန်အားစိုက်ထုတ်၍ ဝိုင်းဝန်းကူညီမည်ဖြစ်သည်။
သို့သော် အိမ်သို့ ရေရောက်လာပြီးနောက် ရေကိုသန့်သန့်ရှင်းရှင်း မည်သို့ထားရမည်နည်းဟူသော ဒုတိယပြဿနာပေါ်လာပြန်သည်။ သောက်ရေကို အခြားအတွက်သုံးသည့်ရေနှင့်အတူ တစ်နေရာတည်း၌မထားပါနှင့်ဟု ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူတို့က အကြံပေးကြသည်။ ရေအိုးရေပုံးများကို အဖုံးလုံလုံဖြင့် အမြဲတစေဖုံးအုပ်ထားပါ။ ရေထဲမှအညစ်အကြေးများ အနည်ထိုင်စေရန် ရေကို ခေတ္တမျှငြိမ်ငြိမ်ထားပါ။ ခပ်သုံးသည့်အခါ၌ ရေကိုလက်နှင့်မထိစေဘဲ လက်ကိုင်ပါသော သန့်ရှင်းသည့်ခွက်ကိုသုံးပါ။ ရေအိုးရေပုံးများကို ချွတ်ဆေးဖြင့် မှန်မှန်သန့်ရှင်းပေးပါ၊ ၎င်းနောက် ရေသန့်ဖြင့်ကျင်းပေးပါ။ မိုးရေကောမည်သို့နည်း။ (မိုးရွာခဲ့သည်ရှိသော်) မိုးရေသည်အဆစ်ဖြစ်သည့်ပြင် အကယ်၍ မိုးရေနှင့်အတူ ရေလှောင်ကန်ထဲသို့ အညစ်အကြေးများပါမလာပါက၊ အကယ်၍ ရေလှောင်ကန်ကို အင်းဆက်ပိုးများ၊ကိုက်ဖျက်တတ်သောသတ္တဝါများနှင့် အခြားတိရစ္ဆာန်များ၏ရန်မှ ကောင်းစွာကာကွယ်ထားသည်ဆိုပါက မိုးရေသည် အန္တရာယ်ကင်းပါသည်။
ရေသည် အန္တရာယ်ကင်းမကင်း မသေချာလျှင် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက် သို့မဟုတ် ကယ်လဆီယမ် ဟိုက်ပိုကလိုရိုက်ကဲ့သို့သော ကလိုရင်းဓာတ်ထုတ်ဝတ္ထုကို ထည့်ပေးပါ။ ဤဓာတုပစ္စည်းများသည် ထိရောက်မှုရှိသည့်ပြင် ဈေးလည်းသက်သာပါသည်။ ဥပမာ၊ ပီရူးနိုင်ငံတွင် ဤနည်းကိုအသုံးပြုခြင်းဖြင့် သာမန်မိသားစုတစ်စုအတွက် တစ်နှစ်လျှင် နှစ်ဒေါ်လာပင်မကုန်ကျချေ။
ကျန်းမာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု
သာမန်အားဖြင့် ဆင်းရဲသားများ၏အမြင်တွင် ကျန်းမာရေးစောင့်ရှောက်မှု နှစ်မျိုးသာရှိသည်။ ၎င်းတို့မှာ (၁) ရနိုင်သော်လည်း မတတ်နိုင်သောစောင့်ရှောက်မှုနှင့် (၂) တတ်နိုင်သော်လည်း မရနိုင်သောစောင့်ရှောက်မှုတို့ဖြစ်သည်။ ဆောပေါလိုမြို့ရှိ ဆင်းရဲသားရပ်ကွက်တွင်နေထိုင်သူ ၆၅၀,၀၀၀ နီးပါးထဲမှတစ်ယောက်ဖြစ်သူ ဒွန်နာ မာရီယာက ကျန်းမာရေးစောင့်ရှောက်မှု ပထမအမျိုးအစားနှင့်ပတ်သက်၍ ဤသို့ရှင်းပြသည်– “ကျွန်မတို့အဖို့ ကောင်းမွန်တဲ့ကျန်းမာရေးစောင့်ရှောက်မှုဟာ ဇိမ်ခံပစ္စည်းတွေရောင်းတဲ့ ကုန်တိုက်ကြီးတစ်ခုရဲ့ မှန်ဘီရိုကြီးထဲမှာပြထားတဲ့ ပစ္စည်းတစ်ခုလိုပါပဲ။ မြင်သာမြင်ရပြီး မကြင်ရတဲ့အရာပါ။” (Vandaar မဂ္ဂဇင်း) မှန်ပါသည်၊ ဒွန်နာ မာရီယာသည် နှလုံးသွေးကြောခွဲစိတ်ကုသမှု၊ အင်္ဂါအစိတ်အပိုင်းမျာ အစားထိုးကုသမှု၊ ကွန်ပျူတာဓာတ်မှန် (CAT scans) နှင့်အခြားအခြားသော အဆင့်မြင့်နည်းပညာဖြင့် ကုသမှုများပြုလုပ်သည့် ဆေးရုံများတည်ရှိရာ မြို့ကြီးပြကြီးတစ်ခုတွင် နေထိုင်သူဖြစ်ပါသည်။ သို့သော် သူမအဖို့ ထိုအရာများသည် သူမမတတ်နိုင်သည့်အရာများဖြစ်သည်။
အကယ်၍ မတတ်နိုင်သော ကျန်းမာရေးစောင့်ရှောက်မှုသည် ကုန်တိုက်တစ်ခုရှိ ဇိမ်ခံပစ္စည်းတစ်ခုကဲ့သို့ဖြစ်ပါက တတ်နိုင်သောကျန်းမာရေးစောင့်ရှောက်မှုသည် ဝယ်ယူသူရာပေါင်းများစွာ တစ်ပြိုင်တည်း အလုအယက်တိုးဝှေ့ဝယ်ယူသည့် ဈေးနှုန်းချိုသာသောပစ္စည်းမျိုးနှင့် ပို၍တူပေလိမ့်မည်။ တောင်အမေရိကနိုင်ငံတစ်ခုမှ မကြာမီကရရှိသည့်သတင်းတစ်ပုဒ်က ဤသို့ဆို၏– ‘လူနာများသည် ဆရာဝန်နှင့်တွေ့ရန် နှစ်ရက်ကြာတန်းစီစောင့်ရသည်။ ကုတင်လွတ်များမရှိ။ ပြည်သူ့ဆေးရုံများ၌ ငွေမရှိ၊ ဆေးမရှိ၊ အစားအစာလည်းမရှိ။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကိုယ်နှိုက်က ချူချာနေသည်။’
အများပြည်သူ၏ကျန်းမာရေးကို စောင့်ရှောက်ပေးသည့်စနစ်၏ ဆိုးရွားနေသည့်အခြေအနေကို တိုးတက်ကောင်းမွန်စေရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လူထုကို ရောဂါကာကွယ်ရေးနှင့် ရောဂါထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးခြင်းအားဖြင့် ၎င်းတို့၏လုပ်ငန်းကို ရောဂါထိန်းချုပ်ရေးမှသည် ကျန်းမာရေးမြှင့်တင်ရေးဆီသို့ တဖြည်းဖြည်းချင်းပြောင်းရွှေ့လိုက်သည်။ သင့်တော်မျှတသည့်အာဟာရ၊ ဘေးကင်းသောသောက်သုံးရေနှင့် အခြေခံကျသော ကျန်းမာသန့်ရှင်းရေးအစရှိသော အထွေထွေကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်သည့်အစီအစဉ်များကြောင့် “ကမ္ဘာတစ်ဝန်း ကျန်းမာရေးအခြေအနေ သိသိသာသာတိုးတက်မှု” ရရှိလာသည်ဟု UN Chronicle စာစောင်ကဆိုသည်။ ၎င်းအစီအစဉ်များမှ သင်လည်းအကျိုးခံစားရပါသလော။ အစီအစဉ်တစ်ခုမှ သင်အကျိုးခံစားရဖွယ်ရှိသည်။ အဘယ်အစီအစဉ်နည်း။ EPI (ကျယ်ပြန့်သော ကာကွယ်ဆေးတိုက်ကျွေးခြင်းအစီအစဉ်) ဖြစ်ပါသည်။
“ကျောက်ဆေးထိုးဆရာက စာပို့သမားနေရာကိုယူ၍ ကျေးရွာအနှံ့ အိမ်တိုင်ရာရောက် အရောက်အပေါက်များလာသည်” ဟု EPI နှင့်ပတ်သက်သော အစီရင်ခံစာကဆိုသည်။ လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း အာမေဇုန်မြစ်ဝှမ်းမှ ဟိမဝန္တာတောင်တန်းအထိ ကျောက်ဆေးထိုးခဲ့သည့်အပြင် ၁၉၉၀ ပြည့်နှစ်အရောက်တွင် ကမ္ဘာပေါ်ရှိကလေး ၈၀ ရာခိုင်နှုန်းကို သေစေတတ်သောရောဂါခြောက်မျိုးအတွက် ကာကွယ်ဆေးများထိုးနှံပေးခဲ့သည်။ တစ်နှစ်တစ်နှစ်လျှင် EPI အစီအစဉ်က ကလေးသူငယ်သုံးသန်းကျော်၏အသက်ကို ကယ်တင်လျက်ရှိသည်။a မသန်မစွမ်းဖြစ်သွားနိုင်သော အခြားကလေးသူငယ် ၄၅၀,၀၀၀ မှာလည်းလမ်းလျှောက်၊ ပြေးလွှား၊ ကစားနိုင်ကြသည်။ သို့နှင့် ရောဂါများကိုကြိုတင်ကာကွယ်ရန်အတွက် မိဘအများအပြားတို့က သားသမီးများကို ကာကွယ်ဆေးတိုက်ကျွေးရန် မိမိတို့စိတ်နှင့်မိမိတို့ဘာသာ ဆုံးဖြတ်ကြသည်။
တစ်ခါတစ်ရံ မဖျားမနာရအောင် တားနိုင်မည်ကားမဟုတ်ပေ၊ သို့တိုင်အောင် ရောဂါမပြန့်ပွားရအောင်ကိုမူ ထိန်းချုပ်၍ရနိုင်ပါသည်။ “ကျန်းမာရေးစောင့်ရှောက်မှု ထက်ဝက်ကျော်မှာ ကိုယ်ထူကိုယ်ထစောင့်ရှောက်မှု သို့မဟုတ် မိသားစုဝင်များကပေးသော စောင့်ရှောက်မှုဖြစ်သည်” ဟု World Health မဂ္ဂဇင်းကဆို၏။ ကိုယ်ထူကိုယ်ထစောင့်ရှောက်နိုင်သည့် လွယ်ကူသောနည်းတစ်နည်းမှာ အကုန်အကျမများသော ဓာတ်ဆားရည် (ORS) ဟုခေါ်သည့် ဆားနှင့်သကြားကို ရေသန့်သန့်နှင့်ဖျော်ထားသော ဖျော်ရည်ပင်ဖြစ်သည်။
ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူအများက ဓာတ်ဆားရည်တိုက်ကျွေးခြင်းကို ဝမ်းလျှောခြင်းကြောင့် ကိုယ်ခန္ဓာမှ ရေဓာတ်ယုတ်လျော့ခြင်းအတွက် အထိရောက်ဆုံးကုသနည်းအဖြစ် ယူဆကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ နှစ်စဉ်ဖြစ်ပွားလေ့ရှိသော ဝမ်းလျှောရောဂါဖြစ်စဉ် ၁.၅ သန်းကိုထိန်းချုပ်ရန် ကမ္ဘာတစ်ဝန်းတွင် အသုံးပြုမည်ဆိုပါက တစ်ဆယ်ဆင့်သာတန်သော ဓာတ်ဆားထုပ်လေးသည် ဝမ်းလျှောရောဂါဖြင့် နှစ်စဉ်သေဆုံးရသောကလေးသူငယ် ၃.၂ သန်းထဲမှ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပေမည်။
ကယ်တင်နိုင်ပါသည်၊ သို့သော် အချို့နိုင်ငံများတွင် ဝမ်းပိတ်ဆေးများကိုသုံးစွဲမှုသည် “ဓာတ်ဆားရည်သုံးစွဲမှုထက် များပြားလျက်ပင်” ရှိနေသေးသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှထုတ်ဝေသည့် Essential Drugs Monitor သတင်းလွှာ၌ဖော်ပြထားသည်။ သာဓကအနေနှင့် ဖွံ့ဖြိုးဆဲနိုင်ငံအချို့တွင် ဝမ်းလျှောရောဂါကိုကုသရာ၌ ဓာတ်ဆားရည်ထက် ဆေးဝါးများကိုသုံးဆ ပို၍သုံးစွဲလေ့ရှိကြသည်။ “ဤသို့မလိုအပ်ဘဲ ဆေးဝါးများကိုသုံးစွဲခြင်းသည် ငွေကုန်ကြေးကျများပြားလှသည်” ဟု ထိုသတင်းလွှာကဆိုသည်။ ဆင်းရဲသောမိသားစုတို့သည် ဆေးဖိုးဝါးခအတွက် စားစရာများကိုပင် ရောင်းချကြရသည်။ ထို့ပြင် ဝမ်းပိတ်ဆေးများသည် လက်တွေ့အားဖြင့် တန်ဖိုးမရှိသည့်အပြင် အချို့သည် ဘေးအန္တရာယ်ပင် ဖြစ်စေနိုင်သည်ဟုလည်း သတိပေးထားသည်။ “ဆရာဝန်များအနေဖြင့် ထိုသို့သောဆေးဝါးများကို မပေးသင့်ပါ၊ . . . မိသားစုများအနေဖြင့်လည်း ထိုဆေးဝါးများကို မဝယ်သင့်ပါ။”
ဆေးဝါးများကိုညွှန်းမည့်အစား ဝမ်းလျှောရောဂါကုသရေးအတွက် ယခုအခါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စည်းမျဉ်းငါးချက် ချမှတ်လိုက်သည်။ (၁) ကလေးငယ်အား ထမင်းရည် သို့မဟုတ် လက်ဖက်ရည်ကဲ့သို့သော အရည်များများ တိုက်ကျွေးခြင်းအားဖြင့် ကိုယ်ခန္ဓာရေဓာတ်ယုတ်လျော့ခြင်းကို ကာကွယ်ပါ။ (၂) ရေဓာတ်ဆက်လက်ဆုတ်ယုတ်နေပါက ကျန်းမာရေးမှူးထံပြသ၍ ကလေးငယ်အား ဓာတ်ဆားရည်တိုက်ကျွေးပါ။ (၃) ဝမ်းလျှောရောဂါဖြစ်နေစဉ်နှင့် ဖြစ်ပြီးနောက်တွင် ကလေးငယ်အား ပုံမှန်အတိုင်းအစာကျွေးပါ။ (၄) ကလေးငယ်သည် အလွန်အမင်း ရေဓာတ်ယုတ်လျော့နေပါက အကြောမှတစ်ဆင့် ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးသင့်သည်။b
အကယ်၍ ဓာတ်ဆားရည်ထုပ် အသင့်မရနိုင်ပါက လွယ်ကူသောဤအညွှန်းအတိုင်း ဂရုတစိုက်လိုက်နာပါ– ဟင်းခတ်ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းပြည့်ပြည့်၊ သကြား လက်ဖက်ရည်ဇွန်း ရှစ်ဇွန်းပြည့်ပြည့်ကို ရေသန့်တစ်လီတာ (၂၀၀ မီလီမီတာရှိသောခွက်နှင့် ငါးခွက်အပြည့်) နှင့်ရော၍ဖျော်ပါ။ ဝမ်းတစ်ခါသွားပြီးတိုင်း တစ်ခွက်တိုက်ပေးပါ။ ကလေးငယ်များကို ခွက်တစ်ဝက်တိုက်ပေးပါ။ ဤအကြောင်းကို ပိုမိုသိရှိနိုင်ရန် စာမျက်နှာ ၁၀ မှ လေးထောင့်ကွက်ကိုရှု။
သို့သော် အမှတ်စဉ်လေး အကြောင်းတရားဖြစ်သည့် ကျွန်ုပ်တို့၏ ဇီဝဖွဲ့စည်းမှုအကြောင်းနှင့်ပတ်သက်၍ အဘယ်ဆိုစရာရှိသနည်း။ ၎င်းကို မည်သို့သြဇာအရှိန် လွှမ်းမိုးနိုင်မည်နည်း။ ဤမေးခွန်းကို နောက်ဆောင်းပါးတွင် ဆွေးနွေးထားပါသည်။
[အောက်ခြေမှတ်ချက်များ]
a ထိုရောဂါခြောက်မျိုးမှာ ဆုံဆို့နာရောဂါ၊ ဝက်သက်ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ မေးခိုင်ရောဂါ၊ အဆုတ်ရောဂါနှင့် ကြက်ညှာချောင်းဆိုးရောဂါတို့ဖြစ်ကြသည်။ ယခုအချိန်၌ အေအိုင်ဒီအက်စ်ရောဂါထက်ပင် လူကိုသေစေသည့် အသည်းရောင်-ဘီရောဂါကိုလည်း ကာကွယ်ဆေးအစီအစဉ်တွင် ထည့်သွင်းသင့်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထောက်ခံတင်ပြထားသည်။
b ကလေး၏ဝမ်းဗိုက်အရေပြားကို ဆွဲကြည့်ပါ။ အရေပြားသည် ပုံမှန်အခြေအနေပြန်ရောက်ရန် နှစ်စက္ကန့်ထက်ပို၍ အချိန်ကြာပါက ထိုကလေးသည် ကိုယ်ခန္ဓာရေဓာတ်ယုတ်လျော့ခြင်း ဆိုးဆိုးရွားရွားဖြစ်နေနိုင်သည်။
[စာမျက်နှာ ၈၊ ၉ ပါ လေးထောင့်ကွက်]
အခြေခံကျန်းမာရေးစောင့်ရှောက်မှု—မည်သို့လှုပ်ရှားဆောင်ရွက်သနည်း
ဤမေးခွန်း၏အဖြေ ရရှိရေးအတွက် နိုးလော့! မဂ္ဂဇင်းက တောင်အမေရိကဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဌာနေကိုယ်စားလှယ်ဖြစ်သူဒေါက်တာ မိုက်ကယ် အိုကယ်ရလ်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်။ အောက်ပါတို့မှာ ကောက်နုတ်ချက်အချို့ဖြစ်သည်။
‘ကျွန်တော်တို့ဟာ အစဉ်အလာအားဖြင့် ဆေးဝါးကုသမှုနဲ့ ခွဲစိတ်ကုသမှုတို့အပေါ်အခြေခံတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို လက်ခံကျင့်သုံးလာခဲ့ကြတယ်။ အကယ်၍ ဖျားလာနာလာလို့ရှိရင် ဆရာဝန်ဆီသွားပြကြတယ်။ ကိုယ်က ဝီစကီနှစ်ပုလင်းသောက်ခဲ့တာကို သတိမရဘူး။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုံးဝမယူတာကိုလည်း မေ့ထားတယ်။ ဆရာဝန်နဲ့တွေ့လိုက်တာနဲ့ “ဆရာ၊ ကျွန်တော့်ရောဂါကို ပျောက်အောင်ကုပေးပါ” ဆိုပြီးပြောတတ်ကြတယ်။ ဒါနဲ့ ဆရာဝန်က ခင်ဗျားပါးစပ်ထဲကို တစ်ခုခုထည့်ပေးလိုက်မယ်၊ ခင်ဗျားလက်မောင်းမှာ တစ်ခုခုထိုးပေးလိုက်မယ်၊ ခင်ဗျားကိုယ်ထဲက တစ်ခုခုကိုဖြတ်ထုတ်ပစ်မယ်၊ ဒါမှမဟုတ် တစ်ခုခုကိုအစားထိုးပေးလိုက်မယ်။ ကျွန်တော်က အခုလက်ရှိအခြေအနေကို ခင်ဗျားသဘောပေါက်အောင် အကြမ်းဖျင်းသဘောနဲ့ ပြောနေတာကို ခင်ဗျားနားလည်မှာပါ။ ဒါပေမဲ့ ဒီလိုဆေးဝါးကုသမှုဟာ သမားရိုးကျလိုဖြစ်လာခဲ့တယ်။ လူ့အဖွဲ့အစည်းကြီးရဲ့ ပြဿနာတွေကို ကျွန်တော်တို့က ဆေးပညာနဲ့လွဲမှားစွာ အဖြေရှာခဲ့ကြတယ်။ ဒါနဲ့ ကိုယ့်ကိုယ်ကိုသတ်သေမှု၊ အာဟာရချို့တဲ့မှုနဲ့ မူးယစ်ဆေးဝါးအလွဲသုံးမှုတွေဟာ ဆေးပညာရဲ့ပြဿနာတွေ ဖြစ်လာကြတယ်။ တကယ်တမ်းဆိုရင် ဆေးပညာနဲ့မဆိုင်ပါဘူး။ ကျန်းမာရေးပြဿနာတွေတောင်မှ မဟုတ်ပါဘူး။ ဒီပြဿနာတွေဟာ ကျန်းမာရေးနဲ့ ဆေးပညာအပေါ် အကျိုးသက်ရောက်မှုရှိတဲ့ လူမှုရေးပြဿနာတွေသာဖြစ်ပါတယ်။
‘နောက်ပိုင်းကျတော့မှ လွန်ခဲ့တဲ့အနှစ် ၂၀ အတွင်းမှာ လူတွေက “ဟေး၊ ခဏလောက်အချိန်ယူ စဉ်းစားကြရအောင်။ ကျွန်တော်တို့တော့ လမ်းမှားလိုက်မိနေပြီ၊ကျန်းမာရေးဆိုတာဘာလဲဆိုတာကို အဓိပ္ပာယ်သတ်မှတ်ဖို့လိုလာပြီ” ဆိုပြီးပြောလာကြတယ်။ ဒီလိုနဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုအတွက် အခြေခံမူအချို့ကို ချမှတ်ခဲ့ကြတယ်။ ဥပမာ–
‘ရေရှည်မှာ ရောဂါကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုပြီးသနားကြင်နာရာရောက်ပြီး ပိုပြီးတော့လည်း တွက်ခြေကိုက်တယ်။ ဥပမာ၊ ရောဂါဖြစ်ရတဲ့အကြောင်းရင်းကို အရေးမလုပ်ဘဲ နှလုံးရောဂါခွဲစိတ်ကုသဆောင်ကို ဆောက်လုပ်မယ်ဆိုရင် ဒီအခြေခံနဲ့ ဆန့်ကျင်ရာရောက်မယ်။ ဒီလိုပြောလိုက်လို့ ရောဂါဖြစ်လာရင် ဆေးမကုရဘူးလို့ ပြောနေတာမဟုတ်ပါဘူး။ ဆေးကတော့ကုရမှာပေါ့။ တကယ်လို့ လမ်းမပေါ်မှာ ချိုင့်ခွက်တစ်ခုရှိနေမယ်။ ဒီချိုင့်ခွက်ကြောင့် နေ့စဉ်နဲ့အမျှ မတော်တဆထိခိုက်မှုတွေ ဖြစ်ပွားနေမယ်ဆိုရင် ချိုင့်ခွက်ထဲကျလို့ ခြေထောက်ကျိုးသွားတဲ့ သနားစရာကောင်းတဲ့သူတွေကို ခင်ဗျားဆေးကုပေးမှာပဲ၊ ဒါပေမဲ့ ပိုပြီးသနားကြင်နာရာရောက်ပြီး ပိုပြီးတော့လည်း တွက်ခြေကိုက်တဲ့လုပ်ဆောင်မှုကတော့ ချိုင့်ခွက်ကိုဖို့လိုက်ရုံပါပဲ။
‘အခြေခံမူနောက်တစ်ချက်ကတော့ ကျန်းမာရေးစွမ်းပကားတွေကို ထိထိရောက်ရောက် သုံးစွဲဖို့ပဲဖြစ်ပါတယ်။ အိမ်မှဖြေရှင်းလို့ရတဲ့ ကျန်းမာရေးပြဿနာတစ်ခုအတွက်နဲ့ လူနာကိုဆေးခန်းပို့မယ်ဆိုရင် ဒီမူနဲ့ဆန့်ကျင်ရာရောက်မယ်။ ဒါမှမဟုတ် ဆေးခန်းမှာပဲဖြေရှင်းလို့ရနိုင်တဲ့ ပြဿနာအတွက်နဲ့ လူနာကို ခေတ်မီဆန်းပြားတဲ့ ကိရိယာတွေတပ်ဆင်ထားတဲ့ဆေးရုံကို ပို့မယ်ဆိုရင်လည်း ဒီအတိုင်းပါပဲ။ ဒါမှမဟုတ်၊ တက္ကသိုလ်တစ်ခုမှာ ဆယ်နှစ်ဆယ်မိုး လေ့ကျင့်သင်ကြားထားတဲ့ ဆရာဝန်တစ်ယောက်ကို ခြောက်လသင်တန်းတက်ရုံနဲ့ ဘယ်သူမဆိုလုပ်နိုင်တဲ့ ကာကွယ်ဆေးထိုးအလုပ်ကိုလုပ်ဖို့ စေလွှတ်မယ်ဆိုရင်လည်း ဒီအတိုင်းပါပဲ။ အဲဒီဆရာဝန်ဟာ သူသင်ကြားလေ့ကျင့်ထားတဲ့အလုပ်လုပ်ဖို့ အကြောင်းပေါ်လာလို့ရှိရင် အဆင်သင့်ရှိနေရပါမယ်။ ကျွန်တော်တို့ကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုက သင်ပေးလိုက်တာတွေက လူထုကို ကျန်းမာရေးအသိပညာပေးပါ၊ ရောဂါကိုကြိုတင်ကာကွယ်ပါ၊ ပြီးတော့ ကျန်းမာရေးစွမ်းပကားတွေကို ပညာရှိရှိသုံးစွဲပါ ဆိုတာတွေပါပဲ။
[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်]
ဝမ်းလျှောရောဂါအတွက် ဓာတ်ဆားရည်နောက်တစ်မျိုး
ကာလဝမ်းရောဂါဖြစ်ပွားသော လူနာများကိုကုသရာ၌ စံအဖြစ်သတ်မှတ်ထားသော ဂလူးကို့စ်အခြေခံဓာတ်ဆားရည် (ORS) အစား ဆန်ကိုအခြေခံသည့်ဓာတ်ဆားရည်ကို အသုံးပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယခုထောက်ခံထားသည်။ ဆန်အခြေခံဓာတ်ဆားရည်ဖြင့်ကုသသည့် ကာလဝမ်းရောဂါလူနာများသည် စံအဖြစ်သတ်မှတ်ထားသည့် ဓာတ်ဆားရည်ထုပ်တိုက်ကျွေးသည့် ကာလဝမ်းရောဂါလူနာများထက် ဝမ်းသွားမှု ၃၃ ရာခိုင်နှုန်းလျော့နည်းသည့်အပြင် ဖြစ်ပွားချိန်လည်းတိုတောင်းကြောင်း လေ့လာတွေ့ရှိမှုကဖော်ပြသည်။ သကြားတစ်အောင်စအစား ဆန်လှော်မှုန့်အကျက် နှစ်အောင်စသုံးအောင်စ ထည့်လိုက်ရုံနှင့် ဆန်အခြေခံဓာတ်ဆားရည် တစ်လီတာကိုရရှိနိုင်သည်။—Essential Drugs Monitor.
[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်]
. . . အကြောင်း နောက်ထပ်ဖတ်ရှုစရာများ
အမူအကျင့်– “ကောင်းမွန်သောကျန်းမာရေး—မည်သို့ပြုမှရရှိနိုင်သနည်း” (နိုးလော့! ၁၉၈၉၊ ဒီဇင်ဘာ ၈ ရက်၊ [လိပ်]) “ဆေးလိပ်နှင့်သင့်ကျန်းမာရေး—ဆက်နွှယ်မှုအမှန်ရှိသလော” (နိုးလော့! ၁၉၈၉၊ ဇူလိုင် ၈ ရက်၊ [လိပ်]) “ကလေးသူငယ်များအား ဆက်လက်အသက်ရှင်ရန် ကူညီပေးခြင်း!” (နိုးလော့! ၁၉၈၈၊ စက်တင်ဘာ ၂၂ ရက်၊ [လိပ်]) “အရက်ယမကာက သင့်ခန္ဓာကိုယ်အပေါ် သက်ရောက်စေသည့်အကျိုး”—နိုးလော့! ၁၉၈၀၊ မတ် ၈ ရက်၊ [လိပ်]။
ပတ်ဝန်းကျင်– “သန့်ရှင်းခြင်းဆိုင်ရာစိန်ခေါ်မှုကို ရင်ဆိုင်ခြင်း” (နိုးလော့! ၁၉၈၈၊ စက်တင်ဘာ ၂၂ ရက်၊ [လိပ်]) “သန့်ရှင်းလျှင်ကျန်းမာမည်!”—နိုးလော့! ၁၉၇၇၊ စက်တင်ဘာ ၂၂ ရက်၊ [လိပ်]။
ကျန်းမာရေးစောင့်ရှောက်မှု– “အခြားသော အသက်ကယ်နည်းများ” (နိုးလော့! ၁၉၈၈၊ စက်တင်ဘာ ၂၂ ရက်၊ [လိပ်]) “အသက်ကယ်သောဓာတ်ဆားရည်!”—နိုးလော့! ၁၉၈၅၊ စက်တင်ဘာ ၂၂ ရက်၊ [လိပ်]။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ရေထမ်းရသည်မှာ တန်းစီစောင့်ရသည့်အပြင် အလုပ်အကိုင်လည်းပျက်သည်
[Credit Line]
Mark Peters/Sipa Press
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ဘေးကင်းသောရေ အလုံအလောက်ရရှိရေး—ကောင်းမွန်သောကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်
[Credit Line]
Mark Peters/Sipa Press
-