ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • အဖြစ်ဆိုး ကြုံရတဲ့အခါ
    နိုးလော့!—၂၀၁၄ | ဇူလိုင်
    • ၁။ သဘာဝဘေးဒဏ်ကြောင့် အပျက်အယွင်းများ၊ ၂။ ဆေးရုံကုတင်၊ ၃။ ကားတိုက်မှု

      မျက်နှာဖုံးအကြောင်းအရာ | အဖြစ်ဆိုး ကြုံရတဲ့အခါ ဘယ်လို ကိုင်တွယ်ဖြေရှင်းနိုင်မလဲ

      အဖြစ်ဆိုး ကြုံရတဲ့အခါ

      လူတိုင်းလိုလို တစ်ချိန်မဟုတ် တစ်ချိန်မှာ အဖြစ်ဆိုးတွေ ကြုံကြရနိုင်တယ်။ လိုလေသေးမရှိ ပြည့်စုံတဲ့သူတွေလည်း ကြုံရနိုင်တယ်။

      သမ္မာကျမ်းစာပြောဆိုရာ–

      “လျင်မြန်သောသူသည် ပြိုင်၍ပြေးသော်လည်း မနိုင်တတ်။ ခွန်အားကြီးသောသူသည် စစ်တိုက်၍မအောင်တတ်။ ပညာရှိသောသူသည် ဝစွာမစားတတ်။ ဉာဏ်ကောင်းသောသူသည် စည်းစိမ်ကိုမရတတ်။ လိမ္မာသောသူသည် သူတစ်ပါးရှေ့၌ မျက်နှာမရတတ်။ ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေ့ခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်း ဖြစ်တတ်သည်။”—ဒေသနာ ၉:၁၁။

      ဒီတော့ ဒုက္ခကြုံရတာဖြစ်ဖြစ်၊ မကြုံရတာဘဲဖြစ်ဖြစ်၊ တကယ်လို့ ကြုံလာတဲ့အခါ ဘယ်လိုလုပ်မလဲဆိုတာ ကြိုသိထားတာကောင်းတယ်။ ဥပမာ–

      • သဘာဝဘေးဒဏ်တစ်ခုခုကြောင့် ပိုင်ဆိုင်ရာရှိသမျှ ဆုံးရှုံးသွားခဲ့ရင်ကော။

      • ရောဂါဆိုးတစ်ခုခု ရှိတယ်လို့ ရုတ်တရက် သိလိုက်ရရင်ကော။

      • ကိုယ်သိပ်ချစ်ရသူတစ်ဦး သေဆုံးသွားခဲ့ရင်ကော။

      အဖြစ်ဆိုးတွေ ကြုံတွေ့ရတဲ့အခါ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့နဲ့ အနာဂတ် မျှော်လင့်ချက်ရှိဖို့ သမ္မာကျမ်းစာက ထောက်ကူပေးနိုင်တယ်လို့ ဒီမဂ္ဂဇင်းကိုထုတ်ဝေတဲ့ ယေဟောဝါသက်သေတွေက ယူမှတ်ကြတယ်။ (ရောမ ၁၅:၄) ဒီအဖြစ်အပျက်သုံးခုကို သုံးသပ်ကြည့်ကြစို့။

  • ပိုင်ဆိုင်ရာရှိသမျှ ဆုံးရှုံးသွားတဲ့အခါ
    နိုးလော့!—၂၀၁၄ | ဇူလိုင်
    • ငလျင်လှုပ်လို့ ဆူနာမီဖြစ်ပြီးနောက် အပျက်အယွင်း

      မျက်နှာဖုံးအကြောင်းအရာ | အဖြစ်ဆိုး ကြုံရတဲ့အခါ ဘယ်လို ကိုင်တွယ်ဖြေရှင်းနိုင်မလဲ

      ပိုင်ဆိုင်ရာရှိသမျှ ဆုံးရှုံးသွားတဲ့အခါ

      ၂၀၁၁ ခုနှစ်၊ မတ်လ ၁၁ ရက်၊ သောကြာနေ့မှာ ၉.၀ ပြင်းအားရှိတဲ့ ငလျင်တစ်ခု ဂျပန်နိုင်ငံမှာ လှုပ်ခတ်သွားတယ်။ အဲဒီအခါ လူပေါင်း ၁၅,၀၀၀ ကျော် သေဆုံးသွားပြီး ဆုံးရှုံးမှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံ ကျော် ရှိတယ်။ ဆူနာမီရေလှိုင်းကြီးတွေလာတော့မယ်လို့ သတိပေးထားတဲ့အချိန်မှာ အသက် ၃၂ နှစ်အရွယ်ရှိ ခေးက ဘေးအန္တရာယ်ကနေ လွတ်နိုင်ဖို့ ကုန်းမြင့်တစ်ခုပေါ် တက်ပြီး ခိုအောင်းနေခဲ့တယ်။ “နောက်တစ်နေ့ မနက်မှာ ပစ္စည်းတွေ စုသိမ်းဖို့ အိမ်ပြန်လာခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့အိမ်ခန်းရော ပစ္စည်းတွေအားလုံးပါ ရေထဲ မျောပါသွားတယ်။ အုတ်မြစ်ပဲ ကျန်ခဲ့တော့တယ်။

      ခေး

      “ကျွန်တော့်ရဲ့ဆုံးရှုံးမှုတွေ ဘယ်လောက်များတယ်ဆိုတာ ချက်ချင်း မရိပ်မိဘူး။ ပတ်ဝန်းကျင်တစ်ခုလုံး ပျောက်ဆုံးသွားတာ။ ကျွန်တော်ရဲ့ကား၊ လုပ်ငန်းသုံးကွန်ပျူတာတွေ၊ စားပွဲ၊ ကုလားထိုင်၊ ဆိုဖာခုံတွေ၊ ကီးဘုတ်၊ ဂီတာ၊ ဟာဝိုင်ယီဂီတာလေး၊ ပလွေ၊ ပန်းချီဆွဲဖို့သုံးတဲ့ ရေဆေး၊ ဆီဆေး၊ ရောင်စုံခဲတံ၊ ပန်းချီကားချပ်တွေ တစ်ခုမကျန် မျောပါသွားပြီ” လို့ ခေး ပြောပြတယ်။

      အဖြစ်ဆိုးကို ကိုင်တွယ်ဖြေရှင်းခြင်း

      ဆုံးရှုံးသွားတဲ့အရာတွေကို အာရုံစိုက်မနေဘဲ ကျန်ရှိနေသေးတဲ့ပိုင်ဆိုင်ရာ တွေကိုသာ အာရုံစိုက်ဖို့ ကြိုးစားပါ။ သမ္မာကျမ်းစာမှာ ဒီလိုပြောထားပါတယ်– “လူတစ်ဦးသည် စည်းစိမ်ကြွယ်ဝသော်လည်း သူ၏စည်းစိမ်၌ အသက်မတည်။” (လုကာ ၁၂:၁၅) ခေးက သူ့အခြေအနေကို သတိရပြီး ဒီလိုပြောတယ်– “အစပိုင်းမှာ ကျွန်တော်လိုအပ်မယ် ထင်တဲ့အရာအားလုံးကို စာရင်းလုပ်တယ်။ ဒါပေမဲ့ အဲဒါက ရေထဲမျောပါသွားတာတွေကို ပြန်သတိရစေတယ်။ ဒါနဲ့ ကျွန်တော် တကယ်လိုအပ်မယ့် အရာတွေလောက်ပဲ စာရင်းလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ လိုအပ်တဲ့ပစ္စည်းတွေ ရတာနဲ့ စာရင်းကနေ ဖျက်ပစ်လိုက်တယ်။ ဒီလိုနဲ့ ကျွန်တော့်ဘဝ ပြန်ထူထောင်နိုင်ခဲ့တယ်။”

      ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်နေမယ့်အစား ကိုယ့်ရဲ့အတွေ့အကြုံကိုသုံးပြီး တခြားသူတွေကို နှစ်သိမ့်ကူညီပေးပါ။ “လူမှုကယ်ဆယ်ရေးအဖွဲ့နဲ့ မိတ်ဆွေတွေဆီကနေ ကျွန်တော် အကူအညီအများကြီး ရခဲ့တယ်။ ဒါပေမဲ့ တခြားသူတွေဆီကနေ အကူအညီရဖို့ပဲ စောင့်မျှော်နေတော့ ကျွန်တော့်မှာ သိက္ခာမရှိတော့ဘူး။ ဒီအခါ ‘ခံယူခြင်းထက် ပေးကမ်းခြင်း၌ သာ၍ပျော်ရွှင်သည်’ လို့ ဆိုထားတဲ့ တမန်တော် ၂၀:၃၅ ပါ ကျမ်းစကားကို သတိရလိုက်တယ်။ တခြားသူတွေကို ပေးဖို့ ပစ္စည်း မရှိတဲ့အတွက် တခြားဒုက္ခသည်တွေဆီ သွားပြီး နှစ်သိမ့်ပေးခဲ့တယ်။ အဲဒီလို လုပ်ခဲ့လို့ ကျွန်တော် အကျိုးအများကြီး ရတယ်။”

      ကိုယ့်ရဲ့အခက်အခဲတွေကို ဖြေရှင်းဖို့ လက်တွေ့ကျဉာဏ်ပညာရဖို့ ဘုရားသခင်ဆီ ဆုတောင်းပါ။ ဘုရားသခင်က ‘ကိုးကွယ်ရာမဲ့သောသူတို့၏ဆုတောင်းခြင်းကို နားညောင်းတော်မူသည်’ ဆိုတဲ့ အာမခံချက်ကို ခေး ယုံကြည်စိတ်ချခဲ့တယ်။ (ဆာလံ ၁၀၂:၁၇၊ သမ္မာ) သင်လည်း အလားတူ လုပ်ဆောင်နိုင်ပါတယ်။

      ဒီအချက်ကို သိပါသလား– သသာဝဘေးကျရောက်လို့ ပိုင်ဆိုင်ရာတွေဆုံးရှုံးသွားမှာကို ဘယ်သူမှ စိတ်ပူစရာမလိုတော့တဲ့အချိန် ရောက်လာတော့မယ်ဆိုတာ သမ္မာကျမ်းစာမှာ ကြိုပြောထားတယ်။a—ဟေရှာယ ၆၅:၂၁-၂၃။

      a ကမ္ဘာမြေနဲ့ပတ်သက်တဲ့ ဘုရားသခင်ရဲ့ရည်ရွယ်ချက်ကို ပိုသိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေထုတ်ဝေထားတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၃ မှာ ကြည့်ပါ။ ဒါကို www.pr418.com/mya မှာလည်း ဖတ်ရှုနိုင်ပါတယ်။

  • ကျန်းမာရေး ချို့ယွင်းတဲ့အခါ
    နိုးလော့!—၂၀၁၄ | ဇူလိုင်
    • ဆေးရုံကုတင်

      မျက်နှာဖုံးအကြောင်းအရာ | အဖြစ်ဆိုး ကြုံရတဲ့အခါ ဘယ်လို ကိုင်တွယ်ဖြေရှင်းနိုင်မလဲ

      ကျန်းမာရေး ချို့ယွင်းတဲ့အခါ

      အာဂျင်တီးနားနိုင်ငံက မေဘယ်လ်ဟာ မသန်မစွမ်းဆေးရုံမှာ အလုပ်လုပ်တဲ့ အထူးကုဆရာမဖြစ်တယ်။ ၂၀၀၇ ခုနှစ်အတွင်းမှာ နေ့တိုင်း ခေါင်းကိုက်ပြီး မောနေတယ်။ “ကျွန်မ ဆရာဝန်တွေဆီသွားပြပြီး ကုထုံးအမျိုးမျိုးနဲ့ ကုသခဲ့တယ်။ ဒါပေမဲ့ ဘာမှ မထူးခြားလာဘူး။” နောက်ဆုံးတော့ သံလိုက်ဓာတ်မှန် (MRI scan) ရိုက်ကြည့်လိုက်တဲ့အခါ ဦးနှောက်မှာအကျိတ်ရှိနေမှန်း သိလိုက်ရတယ်။ သူ ဒီလိုပြောပြတယ်– “ကျွန်မ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားတယ်။ ဒီရောဂါဆိုး ကျွန်မမှာ ရှိနေတာကို မယုံနိုင်ဘူး။

      မေဘယ်လ်

      “ခွဲစိတ်ကုသပြီးတဲ့အထိ ကျွန်မရဲ့အခြေအနေ ဘယ်လောက်ဆိုးနေမှန်း ကျွန်မ သေသေချာချာ မသိခဲ့ဘူး။ အထူးကြပ်မတ်ကုသဆောင်မှာ ကျွန်မနိုးလာတဲ့အခါ လုံးဝ လှုပ်လို့မရတော့ဘူး။ မျက်နှာကြက်ကိုပဲ ငေးကြည့်နေရတယ်။ မခွဲစိတ်ခင်က ကိုယ့်အားကိုယ်ကိုးခဲ့သူပါ။ ရုတ်တရက်ဆိုသလို ကျွန်မ ဘာမှ မလုပ်နိုင်တော့ဘူး။ အထူးကြပ်မတ်ကုသဆောင်မှာ အသံဗလံတွေ၊ အရေးပေါ်အချက်ပေးသံတွေ၊ ညည်းညူသံတွေကိုပဲ ကြားနေရတယ်။ ပတ်ပတ်လည်မှာ စိတ်ဆင်းရဲစရာတွေချည်းပဲ။

      “အခုတော့၊ ကျွန်မ တော်တော်လေး ထူထူထောင်ထောင်ဖြစ်လာပါပြီ။ ကူတွဲပေးတဲ့သူမရှိရင်တောင် တစ်ခါတလေ တစ်ယောက်တည်း လမ်းလျှောက်ထွက်နိုင်တယ်။ ဒါပေမဲ့ ကျွန်မရဲ့ အမြင်အာရုံက မှုန်ဝါးဝါးဖြစ်နေပြီး ကြွက်သားတွေလည်း သိပ်လှုပ်ရှားလို့ မရသေးဘူး။”

      အဖြစ်ဆိုးကို ကိုင်တွယ်ဖြေရှင်းခြင်း

      အကောင်းမြင်တတ်အောင် ကြိုးစားပါ။ “စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား အရိုးတို့ကို သွေ့ခြောက်စေတတ်၏” လို့ သုတ္တံကျမ်း ၁၇:၂၂ မှာ ဖော်ပြထားတယ်။ မေဘယ်လ် ဒီလို ပြောပြတယ်– “နာလန်ထူလာတဲ့အခါ အရင်က ကျွန်မကုသပေးခဲ့တဲ့ လူနာတွေလိုပဲ ကိုယ်တိုင် ဖြစ်နေတယ်။ လေ့ကျင့်ခန်းတွေက အရမ်းပင်ပန်းလို့ မလုပ်ချင်ဘူး။ ဒီတော့ အပျက်သဘောတွေ မဝင်လာရအောင်၊ လေ့ကျင့်ခန်း ကြိုးစားလုပ်မယ်ဆိုရင် ကျန်းမာလာနိုင်မယ်ဆိုတဲ့ အမြင်ရှိအောင် ကိုယ့်ကိုယ်ကိုယ် အားပေးခဲ့ရတယ်။”

      ခံနိုင်ရည်ရှိအောင် ကြိုးစားပါ။ မေဘယ်လ် အခုလို ပြောပြတယ်– “အဖြစ်ဆိုးတွေ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ သမ္မာကျမ်းစာကနေ ကျွန်မ သိထားတယ်။ နာကျင်မှုဝေဒနာတွေ ထာဝရစဉ်ကင်းပျောက်တော့မယ်ဆိုတာကိုလည်း ကျွန်မ သိထားတယ်။”a

      ဘုရားသခင်က တစ်ယောက်ချင်းစီကို ဂရုစိုက်တယ်ဆိုတာ သိမှတ်ထားပါ။ (၁ ပေတရု ၅:၇) ဒီအချက်က မေဘယ်လ်အတွက် အကူအညီ ဖြစ်ခဲ့တယ်လို့ သူ ပြောပြတယ်– “ကျွန်မကို ခွဲစိတ်ဖို့ ခေါ်သွားတဲ့အခါ ‘မစိုးရိမ်နဲ့။ နင်နဲ့အတူ ငါရှိတယ်’ ဆိုတဲ့ ဘုရားသခင့်စကားကို ကျွန်မ သတိရနေတယ်။ ကျွန်မ အဖြစ်ကို ယေဟောဝါဘုရား မြင်တယ်လို့ သိထားတာက စိတ်ချမ်းသာမှု အများကြီးရစေတယ်။”—ဟေရှာယ ၄၁:၁၀။

      ဒီအချက်ကို သိပါသလား– ဘယ်သူမှ ကျန်းမာရေးပြဿနာ မရှိတော့မယ့်အချိန် ရောက်လာလိမ့်မယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။—ဟေရှာယ ၃၃:၂၄; ၃၅:၅၊ ၆။

      a ဒီထက်မက ပိုသိချင်တယ်ဆိုရင် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၁၁ မှာဖတ်ကြည့်ပါ။

  • ကိုယ်သိပ်ချစ်ရသူတစ်ဦး သေဆုံးသွားတဲ့အခါ
    နိုးလော့!—၂၀၁၄ | ဇူလိုင်
    • ဆိုးရွားပြင်းထန်တဲ့ ကားတိုက်မှု

      မျက်နှာဖုံးအကြောင်းအရာ | အဖြစ်ဆိုး ကြုံရတဲ့အခါ ဘယ်လို ကိုင်တွယ်ဖြေရှင်းနိုင်မလဲ

      ကိုယ်သိပ်ချစ်ရသူတစ်ဦး သေဆုံးသွားတဲ့အခါ

      ဘရာဇီးနိုင်ငံက ရိုနယ်လ်ဒိုဟာ ကားတိုက်မှုကြောင့် သူ့မိဘတွေအပါအဝင် မိသားစုဝင်ငါးယောက်ကို ဆုံးရှုံးခဲ့ရတယ်။ “ကားတိုက်မှုကြောင့် သူတို့သေဆုံးသွားတဲ့အကြောင်း ဆေးရုံတက်ပြီး နှစ်လကြာမှာ ကျွန်တော် သိလိုက်ရတယ်။

      ရိုနယ်လ်ဒို

      “အစပိုင်းမှာတော့ သူတို့သေသွားတယ်ဆိုတာ မယုံနိုင်အောင်ဖြစ်ခဲ့တယ်။ ဒါမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ တကယ်မှန်း သိလိုက်ရတော့ တုန်လှုပ်ချောက်ချားသွားတယ်။ ဒီလို နာကျင်မှုမျိုး တစ်ခါမှ မခံစားဖူးဘူး။ ရက်အတော်ကြာပဲ သူတို့မရှိလို့ ကျွန်တော် ဆက်အသက်မရှင်ချင်တော့ဘူး။ လနဲ့ချီ နေ့တိုင်း ငိုခဲ့ရတယ်။ ကျွန်တော့်ကားကို တခြားသူကိုမောင်းခိုင်းလိုက်တာ အကြီးအကျယ်မှားတာပဲ။ ကိုယ်တိုင် မောင်းခဲ့ရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး။

      “ဒီလိုနဲ့ ဆယ့်ခြောက်နှစ်တောင် ကြာသွားပြီ။ အခုတော့ ပုံမှန်ဘဝအတိုင်း ပြန်ဖြစ်နေပါပြီ။ အဲဒီအဖြစ်ဆိုးကြောင့် အခုထိ ကျွန်တော့်ရင်ထဲမှာ ဟာနေသေးတယ်။”

      အဖြစ်ဆိုးကို ကိုင်တွယ်ဖြေရှင်းခြင်း

      ဆုံးရှုံးသွားတာတွေအတွက် ငိုချလိုက်ပါ။ “ငိုရသောအချိန်” ရှိတယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (ဒေသနာ ၃:၁၊ ၄) ရိုနယ်လ်ဒို ဒီလိုပြောတယ်– “ကျွန်တော် ငိုချင်ပြီဆိုရင် ငိုချလိုက်တာပဲ။ မျက်ရည်မကျအောင် ထိန်းထားလို့လည်း မရဘူးဗျာ။ ငိုချလိုက်တော့မှ ပေါ့သွားတယ်။” လူတိုင်း ဝမ်းနည်းပူဆွေးတဲ့ပုံစံ တူမှာမဟုတ်ဘူး။ တချို့က ဝမ်းနည်းပူဆွေးမှုကို ပေါ်ပေါ်ထင်ထင် မပြတတ်ဘူး။ ဒါက ကိုယ့်ရဲ့ခံစားချက်တွေကို ထိန်းချုပ်ထားတယ်၊ ပူဆွေးမှုပြဖို့ ငိုကိုငိုရမယ်လို့ မဆိုလိုပါဘူး။

      တစ်သီးပုဂ္ဂလ မနေပါနဲ့။ (သုတ္တံ ၁၈:၁) ရိုနယ်လ်ဒို ဒီလို ဆက်ပြောတယ်– “တစ်သီးပုဂ္ဂလနေချင်တဲ့စိတ်ကို ကျွန်တော် ဖျောက်ပစ်ဖို့ ကြိုးစားခဲ့ရတယ်။ လူတွေ လာလည်တဲ့အခါ သူတို့ကို ကြိုဆိုတယ်။ သူငယ်ချင်းတွေနဲ့ကျွန်တော့်မိန်းမကို ရင်ဖွင့်တယ်။”

      ကိုယ့်ကို စိတ်ထိခိုက်စရာစကား လာပြောရင် စိတ်မလှုပ်ရှားပါနဲ့။ ဥပမာ၊ “ဒီလို ဖြစ်တာ ကောင်းပါတယ်” ဆိုတဲ့ စိတ်ထိခိုက်စရာစကားတွေ ဖြစ်နိုင်တယ်။ ရိုနယ်လ်ဒိုက “တချို့ စကားတွေက ကျွန်တော့်ကို နှစ်သိမ့်မှု မပေးဘဲ ပိုတောင် ခံစားရခက်စေတယ်” လို့ ဆိုတယ်။ စိတ်ထိခိုက်စရာစကားတွေကို တနုံ့နုံ့တွေးနေမယ့်အစား “သူတစ်ပါး ပြောသမျှသောစကားတို့ကို မမှတ်နှင့်” ဆိုတဲ့ ကျမ်းစကားကို ကြိုးစားလိုက်နာပါ။—ဒေသနာ ၇:၂၁။

      လူသေတွေနဲ့ပတ်သက်တဲ့ အခြေအနေမှန်ကို သိအောင်ကြိုးစားပါ။ ရိုနယ်လ်ဒိုက ဒီလိုပြောတယ်– “ဒေသနာကျမ်း ၉:၅ မှာ လူသေတွေက ဘာဝေဒနာမှ မခံစားရဘူးလို့ ပြောထားတာက ကျွန်တော့်ကို စိတ်ချမ်းသာစေတယ်။ ကျမ်းစာမှာ လူသေတွေ အသက်ပြန်ရှင်လာမယ်လို့ ဖော်ပြထားတယ်။ ဒါကြောင့် သေဆုံးသွားတဲ့ ကျွန်တော်ချစ်ရတဲ့သူတွေ ခရီးသွားနေတယ်လို့ပဲ ကျွန်တော် ယူမှတ်ထားတယ်။”—တမန်တော် ၂၄:၁၅။

      ဒီအချက်ကို သိပါသလား– “အရှင်ထာဝရဘုရားသည်လည်း သေခြင်းကိုအစဉ်အမြဲပယ်ဖျက်” မယ်လို့ သမ္မာကျမ်းစာမှာ ကတိပေးထားတယ်။a—ဟေရှာယ ၂၅:၈၊ သမ္မာ။

      အဖြစ်ဆိုးတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲ ဆိုတာကို ဒီဆောင်းပါးမှာ ဆွေးနွေးတင်ပြထားတယ်။ လူတွေ ဆင်းရဲဒုက္ခကြုံတွေ့ရတဲ့အကြောင်းကို ပိုသိချင်တယ်ဆိုရင် ၂၀၁၄၊ ဇူလိုင် ၁၊ ကင်းမျှော်စင် “အဖြစ်ဆိုးတွေကို လူကောင်းတွေ ဘာလို့ ကြုံတွေ့နေရတာလဲ” ဆိုတဲ့ ဆောင်းပါးတွဲမှာ ဖတ်ကြည့်ပါ။

      a ဒီထက်မက ပိုသိချင်တယ်ဆိုရင် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၇ မှာ ဖတ်ကြည့်ပါ။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ