ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကိုယ်ဟန်အမူအရာနှင့် မျက်နှာနေမျက်နှာထား
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
    • သင်ခန်းစာ ၁၂

      ကိုယ်ဟန်အမူအရာနှင့် မျက်နှာနေမျက်နှာထား

      သင်ဘာပြုလုပ်ဖို့ လိုအပ်သနည်း။

      ယူဆချက်များ၊ ခံစားမှုများ သို့မဟုတ် သဘောထားများကို ဖော်ပြရန် လက်၊ ပခုံး၊ သို့မဟုတ် ကိုယ်ခန္ဓာတစ်ခုလုံး၏ လှုပ်ရှားမှုများကို အသုံးပြုပါ။

      ပြောဆိုသောစကားလုံးကို ခိုင်မာစေရန်နှင့် ခံစားမှုများကိုတင်ပြရန် မျက်လုံးနှင့်ပါးစပ်အပြင် ဦးခေါင်းအနေအထားကိုပါ အသုံးပြုပါ။

      ယင်းတို့သည် အဘယ်ကြောင့် အရေးကြီးသနည်း။

      ကိုယ်ဟန်အမူအရာနှင့်မျက်နှာထားတို့က သင့်စကားတွင် အမြင်ပိုင်းဆိုင်ရာနှင့် စိတ်လှုပ်ရှားမှုဆိုင်ရာလေးနက်မှုကို အားဖြည့်ပေးသည်။ သင့်ခံစားချက်များကို နှိုးဆွပေးမည်ဖြစ်ကာ သင့်အသံကို အသက်ဝင်လာစေသည်။

      အချို့သောယဉ်ကျေးမှုများမှ လူတို့သည် အခြားနောက်ခံများမှလူတို့ထက် အမူအရာကို ပို၍လွတ်လွတ်လပ်လပ် လုပ်ကြသည်။ သို့တိုင်၊ လက်တွေ့အားဖြင့် လူတိုင်းသည် မျက်နှာထားအပြောင်းအလဲများနှင့် အမူအရာတစ်မျိုးမျိုးလုပ်ကာ စကားပြောတတ်ကြသည်။ စကားလက်ဆုံပြောဆိုခြင်းနှင့် လူထုရှေ့ဟောပြောခြင်းနှစ်ရပ်စလုံးတွင် ဤသို့ပြုတတ်ကြသည်၏။

      ကိုယ်ဟန်အမူအရာသည် ယေရှုနှင့် အစောပိုင်းကိုယ်တော့်တပည့်တော်များအတွက် ပြုနေကျအရာဖြစ်သည်။ အချိန်အခါတစ်ခုတွင် ကိုယ်တော့်မိခင်နှင့်ညီများက ကိုယ်တော်နှင့်စကားပြောလိုကြကြောင်း တစ်စုံတစ်ယောက်က ယေရှုအား သတင်းပို့သည်။ “ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်း” ဟု ယေရှု ပြန်ဖြေကြားတော်မူသည်။ ထို့နောက် ကျမ်းစာက ဤသို့ထပ်လောင်း၍ဆိုသည်– “လက်တော်ကိုဆန့်၍ တပည့်တော်တို့ကိုညွှန်လျက်၊ ‘ဤသူတို့သည် ငါ့အမိ၊ ငါ့ညီပေတည်း!’ ဟု ကိုယ်တော်မိန့်တော်မူခဲ့သည်။” (မ. ၁၂:၄၈၊ ၄၉) အခြားသောကိုးကားချက်များအရ တမန်တော် ၁၂:၁၇ နှင့် ၁၃:၁၆ တို့၌ တမန်တော်ပေတရုနှင့်ပေါလုတို့လည်း ကိုယ်ဟန်အမူအရာကို အလိုအလျောက်သုံးလေ့ရှိခဲ့ကြကြောင်း ကျမ်းစာကပြဆိုသည်။

      အယူအဆများနှင့်ခံစားမှုများကို အသံဖြင့်သာမက ကိုယ်ဟန်အမူအရာနှင့် မျက်နှာနေမျက်နှာထားဖြင့်လည်း ဆက်သွယ်ထားသည်။ ယင်းတို့ကို ကောင်းစွာအသုံးပြုရန် ပျက်ကွက်ခြင်းက ဟောပြောနေသူသည် စိတ်ဝင်စားမှုမရှိဘဲပြောနေသည်ဟု အထင်ရောက်စေနိုင်သည်။ သို့သော် ထိုဆက်သွယ်နည်းများကို ပညာသားပါပါ ပေါင်းစပ်တင်ပြသောအခါ ဟောပြောချက်၏ထိရောက်မှုသည် အတိုင်းထက်အလွန်ပင်။ တယ်လီဖုန်းနှင့်စကားပြောဆိုချိန်တွင်ပင် သင်သည် သင့်တော်သော ကိုယ်ဟန်အမူအရာနှင့် မျက်နှာနေမျက်နှာထားတို့ကို အသုံးပြုလျှင် သင့်အသံသည် သင့်သတင်းတရား၏ အရေးကြီးမှုကိုသာမက သင်ပြောနေသည့်အကြောင်းနှင့်ပတ်သက်၍ ခံစားမှုများကိုပါ ပို၍လွယ်ကူစွာ တင်ပြပေးပေမည်။ သို့ဖြစ်၍ သင်သည် လတ်တလောဟောပြောနေသည်ဖြစ်စေ သို့မဟုတ် ဖတ်ရှုနေသည်ဖြစ်စေ၊ ပရိသတ်က သင့်ကိုကြည့်နေသည်ဖြစ်စေ သို့မဟုတ် မိမိတို့ကျမ်းစာကို ကြည့်နေကြသည်ဖြစ်စေ ကိုယ်ဟန်အမူအရာနှင့် မျက်နှာနေမျက်နှာထားတို့သည် အရေးပါသည်။

      သင်၏ကိုယ်ဟန်အမူအရာနှင့် မျက်နှာနေမျက်နှာထားကို စာအုပ်တစ်အုပ်အုပ်မှ ယူထားခြင်းမဖြစ်သင့်ချေ။ မည်သို့ရယ်မောရမည် သို့မဟုတ် မည်သို့ဒေါသထွက်ရမည်ကို သင်ဘယ်တုန်းကမျှ သင်ယူဖို့ မလိုခဲ့ချေ။ ကိုယ်ဟန်အမူအရာသည် သင့်ရင်တွင်းခံစားမှုများကိုလည်း ဖော်ပြပေးသင့်သည်။ သင့်ကိုယ်ဟန်အမူအရာ အလိုအလျောက်ဖြစ်လာလေ ပိုကောင်းလေဖြစ်သည်။

      ကိုယ်ဟန်အမူအရာတွင် ယေဘုယျ နှစ်မျိုးနှစ်စားရှိသည်– ပုံပန်းသဏ္ဌာန်ပြအမူအရာနှင့် လေးနက်စေသည့် အမူအရာတို့ဖြစ်သည်။ ပုံပန်းသဏ္ဌာန်ပြအမူအရာများသည် လှုပ်ရှားမှု သို့မဟုတ် အရွယ်ပမာဏနှင့်နေရာတို့ကို ပြသည်။ ကျောင်းတွင် သင်သည် ကိုယ်ဟန်အမူအရာအသုံးပြုနေသည့်အခါ တစ်ခုနှစ်ခုလောက်နှင့် ကျေနပ်မနေပါနှင့်။ ဟောပြောချက်တစ်လျှောက်လုံး ကိုယ်ဟန်အမူအရာများကို ပင်ကိုသဘာဝအတိုင်း အသုံးပြုရန် ကြိုးစားပါ။ ယင်းကိုလုပ်ဆောင်ရာတွင် အခက်အခဲရှိပါက အရပ်မျက်နှာ၊ အကွာအဝေး၊ အရွယ်အစား၊ တည်ရာဒေသ သို့မဟုတ် အခြေအနေတို့ကို ဖော်ပြသောစကားလုံးများကို ရှာဖွေခြင်းသည် အထောက်အကူရကြောင်း သင်တွေ့ရှိပေမည်။ သို့ရာတွင် များသောအားဖြင့် သင်လုပ်ဆောင်ရန်မှာ သင့်အား လူတို့မည်သို့ထင်မှတ်မည်ကို စိုးရိမ်နေခြင်းမဟုတ်ဘဲ နေ့စဉ်အသက်တာတွင် သင်ပြုမူပြောဆိုမည့်အတိုင်း ဟောပြောချက်တွင် နစ်မျောနေရန်ဖြစ်သည်။ လူတစ်ယောက် သက်သောင့်သက်သာရှိသောအခါ ကိုယ်ဟန်အမူအရာများ အလိုအလျောက်ထွက်လာသည်။

      လေးနက်စေသည့် ကိုယ်ဟန်အမူအရာများသည် ခံစားချက်နှင့် အခိုင်အမာယုံကြည်ခြင်းကို ဖော်ပြသည်။ ၎င်းတို့သည် ယူဆချက်များကို အဖြတ်အတောက်ပြုလုပ်ပေးသည်၊ သက်ဝင်စေသည်၊ ခိုင်မာစေသည်။ လေးနက်စေသည့် ကိုယ်ဟန်အမူအရာများသည် အရေးကြီးသည်။ သို့သော် သတိပြုပါ! လေးနက်စေသည့် ကိုယ်ဟန်အမူအရာများသည် အလွယ်တကူ အကျင့်ပါသွားတတ်သည်။ ကိုယ်ဟန်အမူအရာတစ်မျိုးတည်းကို ထပ်ခါထပ်ခါ အသုံးပြုပါက ဟောပြောချက်ကို အာရုံစူးစိုက်မည့်အစား အမူအရာကိုသာ စတင်အာရုံစိုက်လာကြပေမည်။ သင့်ကျောင်းကြီးကြပ်မှူးသည် သင်၌ ဤပြဿနာရှိသည်ဟု ထောက်ပြလာပါက လေးနက်စေသည့်အမူအရာများကို တစ်ခဏလောက် တစ်ခါသာပြရန် ကိုယ့်ကိုယ်ကို ကန့်သတ်ဖို့ ကြိုးစားပါ။ ခဏအကြာတွင် လေးနက်စေသည့် ကိုယ်ဟန်အမူအရာများကို တစ်ကြိမ်ထပ်၍ သုံးပါလေ။

      အသုံးပြုသင့်သော လေးနက်စေသည့် ကိုယ်ဟန်အမူအရာများကို မည်သည့်အတိုင်းအတာအထိအသုံးပြုမည်၊ မည်သည်တို့သည် သင့်တော်သော ကိုယ်ဟန်အမူအရာအမျိုးအစားများဖြစ်သည်တို့ကို ဆုံးဖြတ်ရာတွင် သင်ဟောပြောနေသည့်သူတို့၏ ခံစားမှုများကို ထည့်စဉ်းစားပါ။ ပရိသတ်ကို လက်ညှိုးထိုးဟောခြင်းသည် သူတို့အား စိတ်ကသိကအောင့်ဖြစ်စေနိုင်သည်။ ယဉ်ကျေးမှုအချို့တွင် အမျိုးသားတစ်ယောက်သည် အံ့အားသင့်မှုကို ဖော်ပြရန် သူ၏လက်ကို နှုတ်ခမ်းပေါ်တင်ခြင်းကဲ့သို့သော ကိုယ်ဟန်အမူအရာအချို့ကိုပြလျှင် ယင်းက မိန်းမဆန်သည်ဟု ထင်မှတ်ခံရမည်။ ကမ္ဘာ့ဒေသအချို့တွင် လက်ဖြင့် လွတ်လွတ်လပ်လပ် အမူအရာပြခြင်းသည် အမျိုးသမီးများအတွက်မူ ဣန္ဒြေမဲ့သည်ဟု ယူမှတ်ကြသည်။ ထို့ကြောင့် ထိုဒေသများတွင် ညီအစ်မများသည် အထူးသဖြင့် မျက်နှာနေမျက်နှာထားများကို ကောင်းကောင်းအသုံးပြုရန် လိုအပ်သည်။ ကမ္ဘာ့ဒေသအားလုံးနီးပါးတွင် အုပ်စုငယ်ရှေ့ ဟန်အမူအရာပိုလွန်းခြင်းကို ရယ်စရာအဖြစ် ရှုမြင်ကြဖွယ်ရှိသည်။

      သင်သည် အတွေ့အကြုံရလာပြီး ဟောပြောရာတွင် စိတ်အေးလက်အေး ပိုရှိလာသည်နှင့်အမျှ သင်အသုံးပြုသည့် လေးနက်သော ကိုယ်ဟန်အမူအရာမှန်သမျှသည် သင့်ရင်တွင်းခံစားချက်များကို အရှိအတိုင်းဖော်ပြမည်ဖြစ်ရာ အခိုင်အမာယုံကြည်ချက်နှင့် စိတ်ရင်းမှန်သဘောကို ဖော်ပြပေးပါလိမ့်မည်။ ယင်းတို့က သင့်အပြောအဆိုကို ပိုမိုအဓိပ္ပာယ်ရှိစေပါလိမ့်မည်။

      သင့်မျက်နှာပြင်ရှိ အမူအရာ။ သင့်မျက်နှာသည် အခြားသော ခန္ဓာပိုင်းဆိုင်ရာအင်္ဂါမှန်သမျှထက် သင်အမှန်တကယ်ခံစားရပုံကို ပို၍ဖော်ပြတတ်သည်။ သင့်မျက်လုံး၊ သင့်ပါးစပ်ပုံသဏ္ဌာန်၊ သင့်ဦးခေါင်းတိမ်းယိမ်းပုံ အားလုံးတို့သည် သူ့အပိုင်းနှင့်သူလုပ်ဆောင်သည်။ စကားတစ်ခွန်းမှမပြောဘဲနှင့် လျစ်လျူရှုခြင်း၊ စက်ဆုပ်ရွံရှာခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အံ့အားသင့်ခြင်း သို့မဟုတ် နှစ်သက်ခြင်းတို့ကို သင့်မျက်နှာဖြင့် ဖော်ပြနိုင်သည်။ ထိုကဲ့သို့သော မျက်နှာနေမျက်နှာထားများသည် ပြောဆိုသောစကားနှင့် တွဲဖက်လိုက်သည့်အခါ အမြင်နှင့်စိတ်လှုပ်ရှားမှုဆိုင်ရာ သက်ရောက်မှုကို ထပ်လောင်းပေးသည်။ ဖန်ဆင်းရှင်သည် ကျွန်ုပ်တို့၏မျက်နှာတွင် များပြားသောကြွက်သားအစုအဝေး—စုစုပေါင်း အမျိုးပေါင်း ၃၀ ကျော်ကို ထည့်သွင်းပေးထားတော်မူသည်။ သင်ပြုံးလိုက်ချိန်တွင် ယင်းတို့အထဲမှ တစ်ဝက်နီးပါးလောက်ကို အသုံးပြုလိုက်သည်။

      သင်သည် စင်မြင့်ပေါ်တွင်ရှိနေသည်ဖြစ်စေ သို့မဟုတ် လယ်ကွင်းဓမ္မအမှုတွင် ပါဝင်နေသည်ဖြစ်စေ လူတို့၏နှလုံးကို ရွှင်လန်းစေနိုင်သည့် နှစ်လိုဖွယ်သော သတင်းတစ်ခုကို ဝေမျှရန် ကြိုးပမ်းအားထုတ်နေခြင်းဖြစ်သည်။ လှိုက်လှဲပျူငှာသောအပြုံးတစ်ချက်က ထိုအချက်ကို အတည်ပြုသည်။ တစ်ဖက်တွင် သင့်မျက်နှာသည် အမူအရာကင်းမဲ့နေမည်ဆိုလျှင် သင့်အရိုးခံစိတ်နှင့်ပတ်သက်၍ မေးစရာမေးခွန်းများ ပေါ်လာနိုင်ပေမည်။

      ထိုအရာထက်မက အပြုံးလေးတစ်ချက်က သင်သည် အခြားသူတို့ကို ကြင်နာသောစိတ်ထားရှိနေကြောင်း ပြောပြနေသည်။ အထူးသဖြင့် သူစိမ်းများကို လူတို့ကြောက်ရွံ့တတ်လေ့ရှိသည့် ယနေ့ခေတ်အချိန်တွင် ထိုအပြုံးသည် အရေးပါလှသည်။ သင့်အပြုံးက လူတို့ကို သက်သောင့်သက်သာရှိစေရန်နှင့် သင်ပြောသည့်အရာကို ပို၍လက်သင့်ခံစေရန် ကူညီပေးနိုင်သည်။

  • ကြည့်မြင်ဆက်သွယ်ခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
    • သင်ခန်းစာ ၁၃

      ကြည့်မြင်ဆက်သွယ်ခြင်း

      သင်ဘာပြုလုပ်ဖို့ လိုအပ်သနည်း။

      သင်နှင့်စကားပြောဆိုနေသူများကို ကြည့်ပြီး ဒေသအရလက်ခံနိုင်လျှင် တစ်ခဏ မျက်လုံးချင်းဆုံစေပါ။ အုပ်စုလိုက်ကိုသာ ကြည့်ခြင်းမဟုတ်ဘဲ တစ်ဦးချင်းစီကို ကြည့်ပါ။

      ယင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။

      ယဉ်ကျေးမှုများစွာတို့တွင် မျက်လုံးနှင့် ဆက်သွယ်ခြင်းအား ရည်ရွယ်ပြောဆိုနေသည့်သူကို စိတ်ဝင်စားသည့် အရိပ်အမြွက်တစ်ခုဟု ရှုမြင်ကြသည်။ ယင်းကို ယုံကြည်စိတ်ချမှုဖြင့် ပြောဆိုသည့် အထောက်အထားအဖြစ်လည်း ရှုမြင်ကြသည်။

      ကျွန်ုပ်တို့၏မျက်လုံးများသည် သဘောထားများနှင့် စိတ်လှုပ်ရှားမှုများကို ဖော်ပြသည်။ မျက်လုံးများသည် အံ့အားသင့်မှု သို့မဟုတ် ကြောက်ရွံ့မှုတို့ကို ပြသပေမည်။ သနားကြင်နာခြင်း သို့မဟုတ် ချစ်ခြင်းကို တင်ပြပေမည်။ ယင်းတို့သည် တစ်ခါတစ်ရံ သံသယကိုဖော်ပြပေမည် သို့မဟုတ် ဝမ်းနည်းပူဆွေးနေကြောင်း ပြပေမည်။ ဒုက္ခမျိုးစုံတွေ့ကြုံခဲ့ရသည့် မိမိနိုင်ငံသားများနှင့်ပတ်သက်၍ အသက်အရွယ်ကြီးသူတစ်ယောက်က ဤသို့ဆိုသည်– “ကျုပ်တို့ဟာ မျက်လုံးတွေနဲ့စကားပြောကြတယ်။”

      အခြားသူတို့သည် ကျွန်ုပ်တို့မျက်လုံးစူးစိုက်ထားရာနေရာအပေါ် အခြေခံ၍ ကျွန်ုပ်တို့အကြောင်းနှင့် ကျွန်ုပ်တို့ပြောဆိုရာကို ကောက်ချက်ချကြပေမည်။ ယဉ်ကျေးမှုများစွာတို့တွင် လူတို့သည် သူတို့နှင့်ခင်မင်ရင်းနှီးသောအကြည့်ဖြင့် ဆက်သွယ်နေသူကို ယုံကြည်မှုရှိတတ်သည်။ ဆန့်ကျင်စွာပင် မိမိနှင့်စကားပြောနေသူကို ကြည့်မည့်အစား မိမိခြေထောက် သို့မဟုတ် အရာဝတ္ထုတစ်ခုခုကို ကြည့်နေသူတစ်ယောက်၏ စိတ်ရင်းမှန်ခြင်း သို့မဟုတ် လုပ်ဆောင်မှုကို သူတို့သံသယဝင်သွားနိုင်ပေသည်။ အခြားယဉ်ကျေးမှုအချို့က စူးစူးရဲရဲအကြည့်ဖြင့် ဆက်သွယ်ရာဟူသမျှကို ရိုင်းစိုင်းခြင်း၊ ရန်လိုခြင်း သို့မဟုတ် စိန်ခေါ်ခြင်းဟု ရှုမြင်ကြသည်။ အထူးသဖြင့် လိင်ခြားသူများ၊ အကြီးအကဲများ၊ အခြားဂုဏ်အသရေရှိလူကြီးများနှင့် စကားပြောဆိုသောအခါ ယင်းသို့ရှုမြင်တတ်သည်။ အချို့ဒေသများတွင် လူငယ်တစ်ဦးသည် မိမိထက်အသက်ကြီးသူတစ်ဦးကို စကားပြောဆိုစဉ် စိုက်ကြည့်လျှင် မရိုမသေ မခန့်မညားပြုခြင်းအဖြစ် ရှုမြင်ခံရပေမည်။

      သို့သော် မထိခိုက်သည့်နေရာမျိုးတွင် လူတစ်ဦးကို အရေးကြီးသောစကားတစ်ခွန်း ပြောနေချိန် မျက်လုံးချင်းကြည့်ခြင်းသည် ပြောဆိုခဲ့ရာကို ပိုမိုလေးနက်စေမည်။ ယင်းက ဟောပြောသူသည် မိမိအပိုင်းကို အခိုင်အမာယုံကြည်သည့်အထောက်အထားအဖြစ် ယူမှတ်ခံရနိုင်သည်။ မိမိ၏တပည့်တော်များက “အဘယ်သူသည် ကယ်တင်တော်မူခြင်းသို့ ရောက်နိုင်မည်နည်း” ဟု အလွန်အံ့သြတကြီးနှင့် ပြောဆိုခဲ့သည့်အချိန်တွင် ယေရှုမည်သို့တုံ့ပြန်ခဲ့သည်ကို သတိပြုပါ။ ကျမ်းစာက ဤသို့တင်ပြသည်– “သူတို့ကိုကြည့်ရှု၍ ယေရှုဤသို့မိန့်တော်မူခဲ့သည်– ‘ဤအမှုကိုလူမတတ်နိုင်။ သို့သော်လည်း ဘုရားသခင်သည် ခပ်သိမ်းသောအမှုကိုတတ်နိုင်သည်။’” (မ. ၁၉:၂၅၊ ၂၆) တမန်တော်ပေါလုသည်လည်း မိမိပရိသတ်၏တုံ့ပြန်မှုများကို စိတ်အားထက်သန်စွာ ကြည့်ရှုလေ့လာကြောင်း ကျမ်းစာကဖော်ပြသည်။ အဖြစ်အပျက်တစ်ခုတွင် မွေးကတည်းကခြေမသန်သော လူတစ်ယောက်သည် ပေါလုဟောပြောချိန်၌ ရှိနေခဲ့သည်။ တမန်တော် ၁၄:၉၊ ၁၀ ကဤသို့ဆိုသည်– “ပေါလုဟောပြောသည်ကို ကြားလေ၏။ ပေါလုသည်လည်း ထိုသူကိုစေ့စေ့ကြည့်ရှု၍ ရောဂါကင်းမည်အကြောင်း သူ၌ယုံကြည်ခြင်းရှိသည်ကိုသိမြင်လျှင်၊ ‘ထ၍မတ်တတ်ရပ်လော့’ ဟု ကြီးသောအသံနှင့်ဆိုသည်။”

      လယ်ကွင်းဓမ္မအမှုအတွက် အကြံပေးချက်များ။ လယ်ကွင်းဓမ္မအမှု၌ သင်ပါဝင်သည့်အခါ လူတို့ကိုချဉ်းကပ်စဉ် ရင်းရင်းနှီးနှီးနှင့် လှိုက်လှဲပျူငှာမှုရှိပါ။ သင့်လျော်သည့်အခါ အပြန်အလှန်စိတ်ဝင်စားမှုဖြစ်စေနိုင်သည့် အကြောင်းအရာတစ်ခုခုအပေါ် စတင်စကားစမြည်ပြောဆိုရန် စဉ်းစားမှုကို လှုံ့ဆော်ပေးသောမေးခွန်းများကို အသုံးပြုပါ။ ယင်းကို သင်လုပ်ဆောင်နေစဉ် ကြည့်မြင်ဆက်သွယ်ထားရန် သို့မဟုတ် အနည်းဆုံး ထိုသူ၏မျက်နှာကို တရိုတသေနှင့်ကြင်နာစွာကြည့်ရန် ကြိုးပမ်းပါ။ အတွင်းရွှင်လန်းမှုကိုဖော်ဆောင်သော မျက်လုံးများပိုင်ရှင်၏ မျက်နှာပေါ်ရှိ လှိုက်လှဲပျူငှာသောအပြုံးသည် အလွန်ဆွဲဆောင်မှုရှိပေသည်။ ထိုကဲ့သို့သော အသွင်အပြင်က လူတစ်ဦးအား သင်သည် အဘယ်သို့သောလူစားမျိုးဖြစ်သည်ကို များစွာပြောပြနိုင်ပြီး သင်စကားပြောဆိုသည့်အခါ သူ့ကိုပို၍သက်သောင့်သက်သာရှိစေသည်။

      လူတစ်ဦး၏ မျက်လုံးအသွင်သဏ္ဌာန်ကို သင့်တော်သလို လေ့လာဆန်းစစ်ကြည့်ခြင်းက အခြေအနေတစ်ရပ်အား မည်သို့ဖြေရှင်းနိုင်ပုံကို သင့်အား အသိပေးလိမ့်မည်။ အကယ်၍ လူတစ်ဦးက စိတ်ဆိုးနေလျှင် သို့မဟုတ် အမှန်တကယ်စိတ်မပါလျှင် ယင်းကို သင်တွေ့မြင်နိုင်ပေမည်။ သင့်ကို သူနားမလည်ကြောင်း သင်သဘောပေါက်ပေမည်။ သူသည် စိတ်တိုနေပါက များသောအားဖြင့် ယင်းကို သင်ပြောနိုင်မည်။ သူသည် စိတ်အားထက်သန်စွာ စိတ်ဝင်စားလျှင် ယင်းသည်လည်း သိသာမည်။ သူ့မျက်လုံးကြည့်ရှုပုံက သင်၏အသံအနှေးအမြန်ကို ပြုပြင်ရန်၊ စကားစမြည်ပြောဆိုမှုတွင် ထိုသူပါဝင်ဖို့ ပိုမိုကြိုးစားရန်၊ ဆွေးနွေးခန်းကိုအဆုံးသတ်ရန် သို့မဟုတ် ဖြစ်နိုင်လျှင် ကျမ်းစာကို မည်သို့လေ့လာနိုင်ကြောင်း သရုပ်ပြကာပြန်လည်ပတ်ရန် လိုအပ်လျက်ရှိကြောင်း အချက်ပေးပေမည်။

      သင်သည် လူထုရှေ့သက်သေခံခြင်းတွင် ပါဝင်နေသည်ဖြစ်စေ သို့မဟုတ် အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခု ကျင်းပနေသည်ဖြစ်စေ သင်နှင့်စကားပြောဆိုနေသူနှင့် ရိုသေလေးစားမှုရှိသော ကြည့်မြင်ဆက်သွယ်မှုကိုထိန်းသိမ်းရန် ကြိုးပမ်းပါ။ သို့ရာတွင် သူ့ကိုစိုက်မကြည့်ပါနှင့်၊ ထိုသို့ပြုလျှင် အနေရခက်သွားစေနိုင်သည်။ (၄ ရာ. ၈:၁၁) သို့သော် သဘာဝကျကျ ခင်မင်ရင်းနှီးစွာ အခြားသူတစ်ဦး၏မျက်နှာကို မကြာခဏ ကြည့်ပါ။ နိုင်ငံများစွာတွင် ယင်းကို ရိုးရိုးသားသားစိတ်ဝင်စားမှုဟု ခံစားသွားစေသည်။ မှန်ပေသည်၊ ကျမ်းစာဖတ်နေစဉ်ဖြစ်စေ၊ အခြားစာပေအချို့ဖတ်နေစဉ်ဖြစ်စေ သင့်မျက်လုံးများကို ပုံနှိပ်စာရွက်ပေါ်တွင် စူးစိုက်ထားပေမည်။ သို့သော် အချက်တစ်ချက်ကို အလေးအနက်ပြုရန် လူတစ်ယောက်ကို တစ်ခဏ တိုက်ရိုက်ကြည့်လိုပေမည်။ သင်သည် ကြားအချိန်များတွင် ကြည့်လိုက်ခြင်းက ဖတ်နေသည့်အရာအား သူ့တုံ့ပြန်မှုကို သိရှိရန် စွမ်းဆောင်နိုင်ပါလိမ့်မည်။

      ပထမတွင် ရှက်တတ်မှုကြောင့် ကြည့်မြင်ဆက်သွယ်ရန် သင့်အတွက် ခက်ခဲမည်ဆိုပါက လက်မလျှော့လိုက်ပါနှင့်။ လေ့ကျင့်မှုဖြင့် သင့်တော်သော ကြည့်မြင်ဆက်သွယ်ပုံ သဘာဝကျကျ ဖြစ်လာမည်ဖြစ်ပြီး အခြားသူများနှင့် ပြောဆိုဆက်သွယ်ရာတွင် ပိုမိုထိရောက်ပါလိမ့်မည်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ