ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ပက စာ. ၂၈၂-စာ. ၂၈၅
  • ကျောင်းကြီးကြပ်မှူးများအတွက် လမ်းညွှန်ချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျောင်းကြီးကြပ်မှူးများအတွက် လမ်းညွှန်ချက်များ
  • သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သီအိုကရက်တစ် ဓမ္မအမှုကျောင်းမှ အကျိုးများရ
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ၂၀၁၅ ဟောပြောသွန်သင်ခြင်းသင်တန်းက သွန်သင်ခြင်းစွမ်းရည် တိုးတက်လာအောင် ထောက်ကူပေး
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
  • အရေးကြီးဆုံးအရာအတွက် အသင့်ပြင်ဆင်ပေးသည့်ကျောင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • မေးခွန်းသေတ္တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
ပက စာ. ၂၈၂-စာ. ၂၈၅

ကျောင်းကြီးကြပ်မှူးများအတွက် လမ်းညွှန်ချက်များ

အသင်းတော်တိုင်းတွင် အကြီးအကဲတစ်ဦးကို သီအိုကရက်တစ်ဓမ္မအမှုကျောင်း ကြီးကြပ်မှူးအဖြစ် ခန့်အပ်ထားသည်။ သင်သည် ဤတာဝန် အပ်နှင်းခံထားရပါက ကျောင်းအပေါ် မိမိ၏စိတ်အားထက်သန်မှုနှင့် ကျောင်းသားတစ်ဦးစီ၏ တိုးတက်မှုအပေါ် ပုဂ္ဂိုလ်ရေးအရစိတ်ဝင်စားမှုတို့သည် ဒေသအလိုက် ဤကျောင်း ပြီးမြောက်အောင်မြင်ရာများတွင် အရေးပါသော အချက်အလက်များဖြစ်နိုင်သည်။

သင့်တာဝန်၏အရေးကြီးသော အပိုင်းတစ်ပိုင်းမှာ အသင်းတော်၏ ပတ်စဉ်သီအိုကရက်တစ်ဓမ္မအမှုကျောင်းကို ကြီးကြပ်ရန်ဖြစ်သည်။ သတ်မှတ်ထားသောအချိန် တစ်ချိန်ချိန်တွင် တာဝန်များရရှိကြသော ကျောင်းသားများအပြင် အခြားတက်ရောက်လာသူများကိုပါ စိတ်ထဲတွင်ထားပါ။ အသင်းတော်တစ်ခုလုံးသည် ဤသင်ရိုးစာအုပ်၏ စာမျက်နှာ ၅ မှ ၈ တွင်ဖော်ပြထားသည့် ကျောင်း၏ရည်မှန်းချက်များမှ အနည်းဆုံးတစ်ခုနှင့်ဆက်စပ်သည့် လှုံ့ဆော်မှုပေးသော လက်တွေ့ကျသတိပေးချက်များကို ရရှိသွားစေသည့်နည်းဖြင့် ကျောင်းကိုကိုင်တွယ်ပါ။

ကျောင်းသားများသည် ဖတ်ရှုခြင်းတာဝန်များကို ကိုင်တွယ်ခြင်းဖြစ်စေ၊ သရုပ်ပြပုံစံ တင်ဆက်မှုများပေးခြင်းဖြစ်စေ၊ ဟောပြောချက်များပေးခြင်းဖြစ်စေ သူတို့အားလုံးကို စိတ်ဝင်စားပါ။ သူတို့လုပ်ဆောင်နေသည့်အရာကို တာဝန်တစ်ခုအနေဖြင့်သာမက ယေဟောဝါ၏အမှုတော်ထမ်းရာ၌ တိုးတက်စေရန် အခွင့်အရေးတစ်ခုအနေဖြင့်ပါ ရှုမြင်ရန် သူတို့ကိုကူညီပေးပါ။ အမှန်မှာ သူတို့ကိုယ်တိုင်ကိုယ်ကျ ကြိုးပမ်းအားထုတ်မှုသည် သူတို့၏တိုးတက်မှုတွင် အရေးပါသော အချက်တစ်ချက်ဖြစ်သည်။ သို့သော် ကြင်နာမှုပါသော စိတ်ဝင်စားမှုပြခြင်းသည် အရေးကြီးပြီး သွန်သင်ချက်များ၏တန်ဖိုးကို သူတို့နားလည်စေရန် ကူညီပေးကာ ထိုသွန်သင်ချက်အား မည်သို့လက်တွေ့ကျင့်သုံးနိုင်ပုံကို ရှင်းပြပါ။ ယင်းကို အထမြောက်စေရန် အဖိုးတန်ရှုမြင်သုံးသပ်ချက်များကို တင်ပြနိုင်ရန် ဟောပြောချက်တိုင်းအား ဂရုတစိုက်နားထောင်ပါ။

ကျောင်းကို အချိန်မှန်စပြီး အချိန်မှန်ပြီးရန် သေချာစေပါ။ သင့်ကိုယ်ပိုင်မှတ်ချက်များကို သတ်မှတ်ပေးထားသောအချိန်အတွင်း အပြီးပေးခြင်းဖြင့် ပုံသက်သေကောင်း ချမှတ်ပါ။ ကျောင်းသားတစ်ဦး၏ဟောပြောချက်သည် အချိန်ကျော်နေပါက သင် သို့မဟုတ် လက်ထောက်တစ်ဦးသည် အချက်ပြသင့်သည်။ ကျောင်းသားသည် မိမိ၏ဝါကျကို အပြီးပြောဆိုကာ စင်မြင့်မှဆင်းလာသင့်သည်။ အကယ်၍ အစီအစဉ်၏ အခြားသောအပိုင်းအချို့သည် အချိန်ကျော်နေပါက သင့်မှတ်ချက်များကို လျှော့ပစ်လိုက်ပြီး စည်းဝေးပြီးနောက် ထိုညီအစ်ကိုနှင့် ထိုကိစ္စကို ဆွေးနွေးပါ။

သင်ရှိနေသည့်အခါ ကျောင်းကို သင်ကိုင်တွယ်သင့်သည်။ ရံဖန်ရံခါ သင်မရှိနိုင်ပါက အကြီးအကဲအဖွဲ့မှ ခန့်ထားနှင့်ပြီးသော နောက်အကြီးအကဲတစ်ဦးသည် ကျောင်းကို တာဝန်ယူသင့်ပေသည်။ တာဝန်ဇယားများကို ပြင်ဆင်ခြင်း၊ တာဝန်ခန့်အပ်စာရွက်များကို ရေးသားဖြန့်ဝေခြင်း သို့မဟုတ် အစီအစဉ်၌ အစားထိုးမှုများစီစဉ်ခြင်းတို့တွင် အကူအညီလိုအပ်လာပါက အကြီးအကဲအဖွဲ့ မှ တာဝန်ပေးထားသည့် ဓမ္မအမှုထမ်းတစ်ဦးက ဤကိစ္စများကို ကူညီပေးပေမည်။

ကျောင်းသားများစာရင်းပေးသွင်းခြင်း။ ကျောင်းတွင် စာရင်းပေးသွင်းရန် ကြေညာသူအားလုံးကို အားပေးပါ။ အသင်းတော်နှင့် တက်ကြွစွာ ပူးပေါင်းနေကြသော အခြားသူတို့သည်လည်း သမ္မာကျမ်းစာသွန်သင်ချက်များကို သဘောတူလက်ခံပြီး သူတို့၏ဘဝအသက်တာကို ခရစ်ယာန်မူများနှင့်အညီနေထိုင်ပါက စာရင်းပေးသွင်းနိုင်ပေသည်။ တစ်စုံတစ်ဦးသည် စာရင်းပေးလိုကြောင်း ပြောဆိုလာသည့်အခါ သူ့ကို လှိုက်လှဲစွာ ချီးမွမ်းပေးပါ။ လူတစ်ဦးသည် ကြေညာသူမဖြစ်သေးပါက ကျောင်းကြီးကြပ်မှူးတစ်ဦးအနေနှင့် အသင်သည် ကျောင်းတွင် စာရင်းပေးသွင်းမှုနှင့်ပတ်သက်သော တောင်းဆိုချက်များကို သူနှင့်အတူ ဆွေးနွေးသင့်သည်၊ ဖြစ်နိုင်လျှင် သူ့ကို ကျမ်းစာသင်ပေးနေသောသူရှေ့ (သို့မဟုတ် ယုံကြည်သူမိဘတစ်ဦးရှေ့) ဆွေးနွေးခြင်းကကောင်းပေသည်။ ထိုတောင်းဆိုချက်များသည် နှစ်ခြင်းမခံရသေးသည့် ကြေညာသူတစ်ဦးဖြစ်လာမည့်လူတစ်ဦးထံ တောင်းဆိုချက်များနှင့် အတူတူဖြစ်သည်။ ယင်းတို့ကို ကျွန်ုပ်တို့၏ဓမ္မအမှုကိုကျေပွန်စေရန် ဖွဲ့စည်းခြင်း ၏စာမျက်နှာ ၉၇ မှ ၉၉ တွင် တွေ့ ရှိရသည်။ ကျောင်း၌ စာရင်းသွင်းထားသူအားလုံး၏ နောက်ဆုံးစာရင်းတစ်ခုကို ထားရှိပါ။

သွန်သင်ချက်ပုံစံကို အသုံးပြုခြင်း။ ကျောင်းသားတစ်ဦးစီအတွက် သွန်သင်ချက်ပုံစံသည် သူ၏ကိုယ်ပိုင်သင်ရိုးစာအုပ်၊ စာမျက်နှာ ၇၉ မှ ၈၁ တွင်ရှိသည်။ ကျောင်းသားတစ်ဦးသည် ဖတ်ရှုခြင်းတာဝန်ပေးအပ်ခြင်းခံရသည့်အခါ သွန်သင်ချက်အမှတ် ၁ မှ ၁၇ အထိ အရောင်ခြယ်အမှတ်အသားဖြင့် ဖော်ပြထားသည့် မည်သည့်အချက်ကိုမဆို အသုံးပြုနိုင်ပေသည်။ သရုပ်ပြပုံစံတင်ဆက်မှုများအတွက် သွန်သင်ချက်အမှတ် ၇၊ ၅၂ နှင့် ၅၃ မှတစ်ပါး မည်သည့်အချက်ကိုမဆို အသုံးပြုနိုင်ပေသည်။ ဟောပြောချက်များအတွက် သွန်သင်ချက်တွင် ၇၊ ၁၈ နှင့် ၃၀ မှလွဲ၍ အချက်များအားလုံးပါဝင်သည်။

သွန်သင်ချက်တစ်ခုကို တာဝန်ပေးသောအခါ ကျောင်းသား၏စာအုပ်ပါ သွန်သင်ချက်ပုံစံပေါ်ရှိ ထိုသွန်သင်ချက်၏ဘေးတွင်ပေးထားသော နေရာလွတ်ရှိ “တာဝန်ကျ နေ့စွဲ” အောက်တွင် ခဲတံဖြင့် နေ့စွဲရေးဖြည့်ထားကြောင်း ကျောင်းကြီးကြပ်မှူး သတိပြုသင့်သည်။ ကျောင်းသားသည် မိမိ၏တာဝန်ကို လုပ်ဆောင်ပြီးသည့်နောက် ဤသွန်သင်ချက်ဆွေးနွေးမှုအဆုံးတွင် ဖော်ပြထားသော လေ့ကျင့်ခန်း(များ)ကိုလုပ်မလုပ် ထိုကျောင်းသားကို နှစ်ဦးချင်းမေးမြန်းပါ။ ပြုလုပ်ပါက အမှတ်အသားကို ပုံစံပေါ်ရှိ လေးထောင့်ကွက်တွင် ရေးခြစ်သင့်သည်။ အကယ်၍ သူသည် ထိုသွန်သင်ချက်ကို ဆက်ကြိုးစားရန်ဖြစ်ကြောင်း သင်အကြံဉာဏ်ပေးနေခြင်းဖြစ်ပါက သွန်သင်ချက်စာရွက်ပေါ်တွင် ထပ်ဆင့်မှတ်ချက်ရေးဖို့ မလိုအပ်ချေ; “ပြီးမြောက်သည့်နေ့စွဲ” အတွက် ကွက်လပ်တွင် မရေးဖြည့်ရုံသာဖြစ်သည်။ သူသည် နောက်အချက်သို့ ကူးပြောင်းဖို့ အသင့်ဖြစ်ချိန်မှသာ ထိုနေရာတွင် အမှတ်အသားပြုသင့်ပေသည်။ ထို့အပြင် ကျောင်းသား၏ကိုယ်ပိုင်စာအုပ်၊ စာမျက်နှာ ၈၂ တွင် ကျောင်းသားဟောပြောချက်တစ်ခုပြီးတိုင်း အသုံးပြုခဲ့သည့် ဇာတ်အိမ်၏ဘယ်ဘက်တွင် နေ့စွဲကို ရေးမှတ်ပေးသင့်သည်။ ဇာတ်အိမ်တစ်ခုစီကို နှစ်ကြိမ်အသုံးပြုခွင့်ရစေရန် သွန်သင်ချက်ပုံစံပေါ်နှင့် ဇာတ်အိမ်များစာရင်းတွင် နေရာလွတ်ပါရှိသည်။ အစီအစဉ်ကျင်းပနေစဉ်အတွင်း ကျောင်းသားများသည် မိမိတို့၏စာအုပ်များ လက်ဝယ်ရှိထားသင့်သည်။

တစ်ကြိမ်လျှင် စကားပြောသွန်သင်ချက်တစ်ချက်ကိုသာ တာဝန်ပေးပါ။ ပုံမှန်အားဖြင့် သွန်သင်ချက်များကို ဖော်ပြထားသည့်အစဉ်အတိုင်း တာဝန်ပေးခြင်းသည် အကောင်းဆုံးဖြစ်သည်။ သို့သော် ကျောင်းသားအချို့သည် ထူးခြားသည့်အရည်အသွေးပြပါက အချို့သောသင်ခန်းစာများကို ကိုယ့်ဘာသာကိုယ်လေ့လာပြီး လက်တွေ့ကျင့်သုံးရန် သူတို့ကိုအားပေးနိုင်သည်။ ထို့နောက် ထိရောက်သောဟောပြောသူများနှင့် သွန်သင်သူများအဖြစ် သူတို့၏တိုးတက်မှုကို အဓိကပံ့ပိုးပေးမည်ဟု သင်ယုံကြည်သည့် အချက်များဖြင့် သူတို့ကို ဆက်၍ကူညီပေးနိုင်ပါသည်။

ကျောင်းသားတစ်ဦးသည် ကျောင်း၌ နှစ်ပေါင်းများစွာ ပါဝင်လာပြီးသည့်တိုင် သင်ခန်းစာတစ်ခုစီကို လေ့လာသင်ယူကာ လက်တွေ့ကျင့်သုံးလျှင် အကျိုးများစွာရရှိနိုင်သည်။ သတ်သတ်မှတ်မှတ်လိုအပ်ချက်များရှိသော ကျောင်းသားများကို အကူအညီပေးရန် သွန်သင်ချက်ပုံစံမှ ဖော်ပြထားသည့်အစီအစဉ်အတိုင်း သွားမည့်အစား သူတို့ကြိုးစားသွားရန် အချို့သောစကားပြောအရည်အသွေးများကို သင်ရွေးချယ်နိုင်ပေမည်။

သွန်သင်ချက်ပေးခြင်း။ သွန်သင်ချက်ပေးသောအခါ ကျမ်းစာပုံနမူနာများနှင့် မူများကို ကောင်းစွာအသုံးပြုပါ။ ပေးထားသောသွန်သင်ချက်နှင့် ပေးပုံပေးနည်းတို့ကို ဘုရားသခင့်နှုတ်ကပါဌ်တော်၏ မြင့်မားသောမူများဖြင့် ထိန်းချုပ်ထားသည်ဟု ကျောင်းသားများ ခံစားသင့်သည်။

သင်သည် သင့်ညီအစ်ကိုညီအစ်မများနှင့် ‘လုပ်ဖော်ဆောင်ဖက်’ တစ်ဦးဖြစ်ကြောင်း စိတ်စွဲမှတ်ထားပါ။ (၂ ကော. ၁:၂၄) သူတို့နည်းတူ အသင်လည်း ဟောပြောသူနှင့် သွန်သင်သူတစ်ဦးအနေနှင့် တိုးတက်ရန် သင်ကိုယ်နှိုက်ကျင့်သုံးသွားဖို့လိုအပ်ပေသည်။ သီအိုကရက်တစ် ဓမ္မအမှုကျောင်းပညာရေးမှအကျိုးရယူစာအုပ်ကို ကိုယ်တိုင်လေ့လာကာ ယင်း၏သွန်သင်ချက်ကို ကျင့်သုံးပြီး အခြားသူများလည်း အလားတူလုပ်ဆောင်ရန် စံနမူနာကောင်းပြပါ။

ထိုသို့သင်လုပ်ဆောင်သည်နှင့်အမျှ ကျောင်းသားများသည် စာဖတ်ကောင်းသူများ၊ အရည်အချင်းရှိ ဟောပြောသူများနှင့် ထိရောက်သောသွန်သင်သူများဖြစ်လာစေရန် ကူညီပေးဖို့ ပန်းတိုင်ထားပါ။ ယင်းကိုပြီးမြောက်အောင်မြင်ရန် မျိုးပေါင်းစုံလင်သော စကားပြောအရည်အသွေးများသည် အဘယ်အရာများဖြစ်ကြောင်း၊ ယင်းတို့သည် အဘယ်ကြောင့် အရေးကြီးကြောင်းနှင့် ယင်းတို့ကို မည်သို့ပြုစုပျိုးထောင်နိုင်ကြောင်းကို ကျောင်းသားများ နားလည်စေရန် လိုအပ်သော အဘယ်အကူအညီမျိုးကိုမဆိုပေးရန် ကြိုးပမ်းပါ။ ထိုသို့လုပ်ဆောင်ရန် သင့်အား အထောက်အကူပြုမည့်ပုံစံဖြင့် ဤသင်ရိုးစာအုပ်ကို စီစဉ်ထားပေးသည်။ သို့ရာတွင် သင့်အပိုင်းမှ ဤစာအုပ်တွင်ရှိသော စာသားများကို ဖတ်ရှုနေရုံထက်မက ပို၍လိုအပ်သည်။ ဖော်ပြထားသည့် စာသားများ၏သဘောတရားနှင့် ယင်းကိုမည်သို့ လက်တွေ့ကျင့်သုံးနိုင်ပုံတို့ကို ဆွေးနွေးနှီးနှောပါ။

ကျောင်းသားသည် အချက်တစ်ချက်ကို ကောင်းစွာဆောင်ရွက်ခဲ့ပါက သူ့ကို ချီးမွမ်းပေးပါ။ အဘယ်အရာက ယင်းအချက်ကို ထိထိမိမိဖြစ်သွားစေကြောင်း သို့မဟုတ် သူလုပ်ဆောင်ခဲ့ရာသည် အဘယ်ကြောင့်အရေးကြီးကြောင်းကို တိုတိုတုတ်တုတ် ထုတ်ဖော်ပြောဆိုပါ။ တစ်စုံတစ်ရာသော အကြောင်းအရာကို ဆက်လက်အာရုံစိုက်ပေးခြင်းမှ သူအကျိုးကျေးဇူးရနိုင်ပါက အဘယ်ကြောင့်ဖြစ်ကြောင်း သူ့အားနားလည်စေပါ။ ထိုပန်းတိုင်ကို မည်သို့အောင်မြင်နိုင်ကြောင်း ဆွေးနွေးတင်ပြပါ။ သတ်သတ်မှတ်မှတ်ရှိပြီး တစ်ချိန်တည်းတွင် ကြင်နာမှုရှိပါ။

အုပ်စုတစ်စုရှေ့ အကြောင်းအရာတစ်ခုကို ရပ်ပြောရခြင်းသည် များစွာတို့အတွက် အလွန်ခက်ခဲတတ်ကြောင်း နားလည်ထားပါ။ မိမိကောင်းစွာမလုပ်နိုင်ခဲ့ဟု လူတစ်ဦးခံစားရပါက သူသည် ဆက်လက်ကြိုးစားနေသင့်မသင့် စဉ်းစားလာပေမည်။ “နင်းနယ်လျက်ရှိသောကျူပင်” ကိုမချိုး သို့မဟုတ် “မီးခိုးများသောမီးစာ”ကို မငြိမ်းသတ်သော ယေရှုကို အတုယူပါ။ (မ. ၁၂:၂၀) ကျောင်းသား၏ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ထည့်တွက်စဉ်းစားပေးပါ။ သွန်သင်ချက်ပေးသောအခါ ကျောင်းသားသည် အသစ်ဖြစ်သလော၊ အတွေ့အကြုံရှိကြေညာသူတစ်ဦးဖြစ်သလော ဟူသည့်အချက်ပေါ်အခြေပြု၍ ပေးပါ။ စိတ်ရင်းမှန်ဖြင့် နွေးထွေးစွာချီးမွမ်းခြင်းသည် လူတို့အား သူတို့အတတ်နိုင်ဆုံး ဆက်၍လုပ်ဆောင်လာစေရန် ခွန်အားပေးနိုင်သည်။

ကျောင်းသားတစ်ဦးစီအား သိက္ခာရှိရှိဆက်ဆံပါ။ “အချင်းချင်းချီးမြှောက်ဂုဏ်ပြုခြင်း၌ ဦးဆောင်ကြပါ” ဟု ရောမ ၁၂:၁၀ [ကဘ]က ကျွန်ုပ်တို့အား ဆိုသည်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် သွန်သင်ပေးသူတစ်ဦးအတွက် သင့်လျော်သောအကြံပေးချက်ပင်တည်း! အကယ်၍ ကျောင်းသားသည် သင့်ထက်အသက်ကြီးပါက ၁ တိမောသေ ၅:၁၊ ၂ ၌ ပေးထားသည့်ညွှန်ကြားချက်ကို ဂရုပြုကာကျင့်သုံးပါ။ သို့ရာတွင် လူတစ်ဦး၏အသက်သည် မည်မျှပင်ရှိပါစေ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ခြင်း ပါဝင်သည့် သွန်သင်ချက်ကို ကြင်နာစွာနှင့်ပေးသည့်အခါ ပို၍အလွယ်တကူ လက်ခံတတ်သည်။—သု. ၂၅:၁၁။

သွန်သင်ချက်ပေးသောအခါ ကျောင်းသားအား သွန်သင်လေ့ကျင့်ပေးခြင်း၏ ရည်ရွယ်ချက်ကို အလေးအနက်ဖော်ပြပါ။ ထိုရည်ရွယ်ချက်သည် ကောင်းသည်ဟု ချီးမွမ်းခံရကာ နောက်သွန်သင်ချက်သို့သွားရန် ပြောပြခြင်းမျှသာမဟုတ်ချေ။ ပန်းတိုင်မှာ အခြားသူများ ချီးမွမ်းမည့် ဟောပြောသူနှင့်သွန်သင်သူတစ်ဦးဖြစ်ရန် မဟုတ်ပါ။ (သု. ၂၅:၂၇) ကျွန်ုပ်တို့၏ဆန္ဒမှာ ကျွန်ုပ်တို့၏စကားပြောခြင်းဆိုင်ရာ ဆုကျေးဇူးကိုသုံးကာ ယေဟောဝါအားချီးမွမ်းရန်နှင့် အခြားသူများ ကိုယ်တော်ကိုသိရှိလာကာ ချစ်မြတ်နိုးလာဖို့ ကူညီပေးရန်ဖြစ်သည်။ ကျွန်ုပ်တို့၏လေ့ကျင့်မှုသည် မဿဲ ၂၄:၁၄ နှင့် ၂၈:၁၉၊ ၂၀ ၌ ဖော်ပြပေးထားသည့်လုပ်ငန်းကို ထိထိရောက်ရောက် သယ်ပိုးနိုင်ရန် ကျွန်ုပ်တို့အား ပြည့်စုံအောင်ထောက်ပံ့ပေးဖို့ဖြစ်သည်။ အရည်အချင်းရှိသော နှစ်ခြင်းခံပြီးသားညီအစ်ကိုများသည် အချိန်တန်သော် လူထုဟောပြောချက်ပေးသူများနှင့် သွန်သင်သူများအဖြစ် “ဘုရားသခင်၏သိုးတော်စု” ကို ကာကွယ်စောင့်ရှောက်ပေးခြင်းတွင် ပါဝင်ရန် ဖိတ်ခေါ်ခံရပေမည်။—၁ ပေ. ၅:၂၊ ၃။

ကျောင်းသားဟောပြောချက် တာဝန်ကျပြီးသည့်နောက် ရက်အနည်းငယ်အတွင်း မိမိတို့ နောက်ကြိုးစားရမည့် သွန်သင်ချက်အမှတ်၏ သင်ရိုးစာအုပ်ပါ ဆွေးနွေးချက်ကို ဖတ်ရှုကြရန် ကျောင်းသားများအား အကြံပြုပါ။ မိမိတို့သင်ယူထားရာကို ကျောင်းတွင် မိမိတို့အပိုင်းကို ပြင်ဆင်ရာတွင်၊ နေ့စဉ်စကားပြောဆိုရာတွင်၊ အစည်းအဝေးများ၌ အဖြေပေးရာတွင်နှင့် လယ်ကွင်းလုပ်ငန်းတို့တွင် ကျင့်သုံးကြရန် အားပေးတိုက်တွန်းပါ။

တာဝန်များပေးခြင်း။ ယင်းကို များသောအားဖြင့် အနည်းဆုံး သုံးပတ်ကြို၍ ပေးသင့်သည်။ ထိုတာဝန်အားလုံးကို ဖြစ်နိုင်မည်ဆိုလျှင် ရေးသားထားသင့်ပေသည်။

အသင်းတော်ကို သွန်သင်ချက်ပေးရသည့် အပိုင်းများကို အကြီးအကဲများ၊ ထိုအပိုင်းများကို ထိရောက်စွာ ကိုင်တွယ်မည့်သူများဖြစ်က ပိုကောင်းပြီး ထိရောက်သောသွန်သင်သူများဖြစ်ကြသည့် ဓမ္မအမှုထမ်းများကိုလည်း တာဝန်ပေးသင့်ပေသည်။

အဘယ်ကျောင်းသားဟောပြောချက်များကို ညီအစ်ကိုများအား တာဝန်ပေးမည်၊ အဘယ်အချက်များကိုကား ညီအစ်မများအား ပေးမည်ကို ဆုံးဖြတ်ရာတွင် ကျောင်းအစီအစဉ်ဇယားနှင့်အတူ ပေးထားသောလမ်းညွှန်ချက်များကို လိုက်နာပါ။ အကယ်၍ ညီအစ်ကိုနည်းပါးပြီး ကျောင်းသားဟောပြောချက်များပေးသော ညီအစ်မများစွာရှိနေပါက ညီအစ်ကိုများအား ဖတ်ရှုခြင်းတာဝန်ထက်မကသော ဟောပြောချက်များပေးစေရန် အခွင့်အရေးအလုံအလောက်ပေးဖို့ ဂရုပြုပါ။

တာဝန်များပေးသည့်အခါ လူတစ်ဦးစီ၏အခြေအနေများကို ထည့်တွက်စဉ်းစားပါ။ အကြီးအကဲတစ်ဦး သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးအား လုပ်ငန်းတော်အစည်းအဝေးတွင် သူတာဝန်ကျနေသည့်နေ့တွင်ပင် သို့မဟုတ် အသင်းတော်၌ လူထုဟောပြောချက်ပေးဖို့ရှိနေသည့် အပတ်တွင်ပင် ကျောင်း၌ဟောပြောချက်တာဝန်ပေးဖို့ လိုအပ်ပါသလော။ သူမ၏အကူအညီလိုအပ်သည့် ရင်သွေးငယ်တစ်ဦးတာဝန်ရသည့်နေ့တွင်ပင် တင်ဆက်မှုတစ်ခုပြုရန် ညီအစ်မတစ်ဦးအား တာဝန်ပေးဖို့ လိုအပ်ပါသလော။ အထူးသဖြင့် ငယ်ရွယ်သူတစ်ဦး သို့မဟုတ် နှစ်ခြင်းမခံရသေးသည့် ကျောင်းသားတစ်ဦးနှင့်ဆိုလျှင် အကြောင်းအရာသည် သင့်တော်ပါမည်လော။ တာဝန်သည် ကျောင်းသားကြိုးစားနေသည့် သွန်သင်ချက်နှင့်အံဝင်ကြောင်း သေချာစေရန် စစ်ဆေးပါ။

ညီအစ်မများအားပေးထားသည့် တာဝန်များအတွက် ကျောင်းသားသည် အများအားဖြင့် မိမိကိုယ်ပိုင်ဇာတ်အိမ်ကို စာမျက်နှာ ၇၈ နှင့် ၈၂ ရှိ လမ်းညွှန်ချက်များနှင့်အညီ ရွေးချယ်ပါမည်။ သူတို့ကိုကူညီပေးရန် အကူတစ်ဦးကို တာဝန်ပေးသင့်သည်၊ သို့သော် နောက်ထပ်အကူတစ်ဦးကို အသုံးပြုနိုင်ပေသည်။ ကျောင်းသားတစ်ဦးသည် ဇာတ်အိမ်ကို သရုပ်ဖော်တင်ဆက်ရန် အထူးအသင့်တော်ဆုံးဖြစ်မည့် အကူတစ်ဦးကို တောင်းဆိုပါက ထိုတောင်းဆိုချက်ကို ထည့်၍စဉ်းစားပေးသင့်သည်။

အရန်တန်းခွဲများ။ ကျောင်းသား ၅၀ ဦးထက်မက စာရင်းပေးသွင်းပါက ကျောင်းသားတာဝန်များလုပ်ဆောင်ရန် အဘယ်ထပ်ဆင့်နေရာများအသုံးပြုမည်ကို ထည့်တွက်စဉ်းစားလိုပေမည်။ ဒေသလိုအပ်ရာနှင့်အညီ ဤအစီအစဉ်ကို ကျောင်းသားတင်ဆက်မှုအားလုံးအတွက်ဖြစ်စေ၊ နောက်ဆုံးကျောင်းသားဟောပြောချက်နှစ်ခုအတွက်ဖြစ်စေ စီစဉ်နိုင်သည်။

အရန်သင်တန်းကျောင်းတိုင်းတွင် အရည်အချင်းပြည့်မီသော သွန်သင်ပေးသူတစ်ဦး ရှိသင့်သည်၊ အကြီးအကဲဖြစ်လျှင် ပိုကောင်းသည်။ လိုအပ်လာလျှင် အရည်အချင်းကောင်းစွာပြည့်မီသော ဓမ္မအမှုထမ်းတစ်ဦးကို အစားထိုးဆောင်ရွက်စေနိုင်သည်။ ဤသွန်သင်ချက်ပေးသူများအတွက် ထောက်ခံချက်ကို အကြီးအကဲအဖွဲ့က ပေးသင့်သည်။ ကျောင်းသားများအား နောက်တင်ဆက်မှုကို မည်သည့်ကျောင်းတွင်ပင် တာဝန်ချထားစေကာမူ သူတို့ကို ထိရောက်စွာ ဆက်လက်အာရုံစိုက်နိုင်ရန်အလို့ငှာ ကျောင်းကြီးကြပ်မှူးသည် ထိုသွန်သင်ချက်ပေးသူများနှင့် အနီးကပ်ပူးပေါင်းလုပ်ဆောင်သင့်သည်။

အထူးဖတ်ရှုခြင်းအတန်း။ အသင်းတော်တွင်ပြောဆိုကြသည့် ဘာသာစကားဖြင့် အခြေခံဖတ်ရှုနည်းပို့ချပေးရန်လိုအပ်နေသူ အသင်းတော်၌ လူအတော်များများ ရှိနေကြောင်း အကြီးအကဲအဖွဲ့က ဆုံးဖြတ်ထားလျှင် သီအိုကရက်တစ်ဓမ္မအမှုကျောင်းနှင့်တစ်ပြိုင်တည်း ပို့ချမှုအစီအစဉ်များ ဆွဲနိုင်သည်။ ဤပို့ချမှုတွင် အခြေခံအရေးအဖတ်စွမ်းရည်များအကြောင်း ပါဝင်နိုင်ပေမည် သို့မဟုတ် ယင်း၏ရည်ရွယ်ချက်မှာ ဖတ်ရှုမှုတိုးတက်လာစေရန်ဖြစ်ပေမည်။

ဤသင်တန်းများကို သီအိုကရက်တစ်ဓမ္မအမှုကျောင်း၌ ကျောင်းသားဟောပြောချက်ပေးသည့်အချိန်တွင် လိုက်၍ကျင်းပရန်မလိုချေ။ အကူအညီ အလုံအလောက်ပေးနိုင်ရန် ကျောင်းကျင်းပစဉ်အတွင်းထက်ပို၍ အချိန်ပေးဖို့လိုအပ်ပေမည်။ ဒေသခံအကြီးအကဲများသည် အဘယ်အရာလိုအပ်ကြောင်းနှင့် ထိုပို့ချချက်ကို အဘယ်အချိန်၌ပေးရန်စီစဉ်ဖို့ဖြစ်ကြောင်း ဆုံးဖြတ်ပေမည်။ လိုအပ်ချက်ပေါ်မူတည်၍ အုပ်စုလိုက်အား ပို့ချခြင်း သို့မဟုတ် တစ်ဦးချင်းစီ ပို့ချခြင်း အစီအစဉ်များဆွဲနိုင်ပေမည်။

အရည်အချင်းပြည့်မီသော သွန်သင်သူတစ်ဦး လိုအပ်ပေသည်။ စာကောင်းကောင်းဖတ်တတ်ပြီး ဒေသခံဘာသာစကား ကောင်းစွာတတ်ကျွမ်းသော ညီအစ်ကိုတစ်ဦးကို တာဝန်ပေးက ပိုကောင်းပါသည်။ ညီအစ်ကိုတစ်ဦးမရရှိနိုင်ပါက စွမ်းရည်ရှိပြီး ပုံသက်သေကောင်းသော ညီအစ်မတစ်ဦးအား အကူအညီပေးပါရန် အကြီးအကဲများတောင်းဆိုနိုင်သည်။ သင်တန်းကို သွန်သင်ပို့ချသည့်အခါ သူသည် ခေါင်းအုပ်ကို ဆောင်းထားသင့်ပေသည်။—၁ ကော. ၁၁:၃-၁၀; ၁ တိ. ၂:၁၁၊ ၁၂။

ဖတ်တတ်ရေးတတ်ရန် ကိုယ်တိုင်လုံ့လထုတ် စာအုပ်ငယ်ကို ဘာသာစကားပေါင်းများစွာဖြင့် ရရှိနိုင်ပြီဖြစ်သည်။ အခြေခံအရေးအဖတ်စွမ်းရည်များ သွန်သင်ပေးရန် ယင်းကို ရည်ရွယ်ထားသည်။ စာရင်းသွင်းထားသူများ၏ ဖတ်ရှုခြင်းစွမ်းရည်အဆင့်အပေါ်မူတည်၍ အခြားသော ပို့ချမှုအထောက်အကူပြုရာကိုလည်း အသုံးပြုနိုင်သည်။ ကျောင်းသားများ ကောင်းစွာတိုးတက်လာသောအခါ ပုံမှန်သီအိုကရက်တစ်ဓမ္မအမှုကျောင်းအစီအစဉ်တွင် ပါဝင်ကြရန် သူတို့ကို အားပေးသင့်သည်။

သီအိုကရက်တစ်ဓမ္မအမှုကျောင်းကြီးကြပ်မှူးအနေနှင့် အသင်သည် အသင်းတော်အား အကျိုးကျေးဇူးခံစားစေရန် များစွာလုပ်ဆောင်နိုင်ပါသည်။ သင့်တာဝန်ကို ဘုရားသခင်ထံတော်မှ အဖိုးထိုက်လှသော အပ်နှင်းထားရာတစ်ခုအဖြစ် ရောမ ၁၂:၆-၈ ရှိသွန်သင်ချက်နှင့်အညီ ကောင်းစွာဂရုစိုက်ပြင်ဆင်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ