လူသားတွေကို ယေရှု ချစ်မြတ်နိုး
‘အထူးသဖြင့် လူသားတွေကို ငါသိပ်ချစ်မြတ်နိုးတယ်။’—သု. ၈:၃၁၊ ကဘ ။
၁၊ ၂။ ယေရှုက လူသားတွေကို သိပ်ချစ်မှန်း ဘယ်လိုသက်သေပြခဲ့သလဲ။
ယေဟောဝါရဲ့သားဦး ယေရှုဟာ ကိုယ်တော့်ကြီးမားလှတဲ့ ဉာဏ်ပညာရဲ့ အကောင်းဆုံးပုံနမူနာဖြစ်တယ်။ ဘုရားသခင်ရဲ့ ‘ကျွမ်းကျင်လုပ်သား’ လည်း ဖြစ်တယ်။ ဖခင်ဖြစ်သူ ‘ကောင်းကင်ကို ပြင်ဆင်’ တဲ့အခါ၊ ‘မြေကြီးအုတ်မြစ်တွေကို တည်တဲ့အခါ’ ယေရှုဘယ်လောက်ပျော်ရွှင် ကျေနပ်နေမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ ဒါပေမဲ့ ယေရှုဟာ ဘုရားသခင်ဖန်ဆင်းသမျှထဲမှာ ‘အထူးသဖြင့် လူသားတွေကို သိပ်ချစ်မြတ်နိုး’ တယ်။ (သု. ၈:၂၂-၃၁၊ ကဘ) မှန်ပါတယ်။ ယေရှုဟာ လူသားတွေကို ဟိုးအစကတည်းက သိပ်ချစ်တယ်။
၂ နောက်ပိုင်း၊ ဖခင်အပေါ်ထားတဲ့ သစ္စာနဲ့မေတ္တာ၊ လူသားတွေအပေါ်ထားတဲ့ မေတ္တာကို သက်သေပြဖို့ ကောင်းကင်စံအိမ်ကို လိုလိုလားလားစွန့်ပြီး လူသားတစ်ဦးအဖြစ် မြေကြီးကို ယေရှု လာခဲ့တယ်။ ဒီနည်းအားဖြင့် “လူများအတွက် ရွေးနုတ်ဖိုးအဖြစ် အသက်ကိုစွန့်” နိုင်ခဲ့တယ်။ (မ. ၂၀:၂၈; ဖိ. ၂:၅-၈) ယေရှု မြေကြီးပေါ်ရှိတုန်းက အံ့ဖွယ်အမှုတွေ ပြုလုပ်နိုင်တဲ့တန်ခိုးကို ဘုရားသခင် ပေးခဲ့တယ်။ အဲဒီအံ့ဖွယ်အမှုတွေက လူတွေကို ယေရှု ဘယ်လောက်ချစ်မှန်း ဖော်ပြတယ်။ မကြာခင် လူသားတွေအတွက် ပြုလုပ်ပေးမယ့် အံ့ဖွယ်ရာတွေအကြောင်းကိုလည်း ဖော်ပြတယ်။
၃။ ဒီဆောင်းပါးမှာ ဘယ်အကြောင်း ဆွေးနွေးကြမလဲ။
၃ ယေရှု မြေကြီးပေါ်ရှိချိန်မှာ “ဘုရားသခင်၏ နိုင်ငံတော်သတင်းကောင်း” ကို ဟောခဲ့တယ်။ (လု. ၄:၄၃) အဲဒီနိုင်ငံတော်ဟာ ဘုရားသခင်ရဲ့နာမည်ကို သန့်ရှင်းမြင့်မြတ်စေမယ်၊ လူသားတွေရဲ့ ပြဿနာကို ထာဝစဉ် ဖြေရှင်းပေးမယ်ဆိုတာ ယေရှု သိတယ်။ နိုင်ငံတော်အကြောင်း ဟောပြောရင်း အံ့ဖွယ်အမှုများစွာကို ယေရှု ပြုလုပ်ခဲ့တယ်။ ဒီအံ့ဖွယ်အမှုတွေက လူသားအားလုံးကို ယေရှု သိပ်စိုးရိမ်ကြောင်း ဖော်ပြတယ်။ ဒီအချက်ကို ကျွန်တော်တို့သိဖို့ ဘာကြောင့်အရေးကြီးသလဲ။ အနာဂတ်အတွက် မျှော်လင့်ချက်နဲ့ ယုံကြည်စိတ်ချမှု ရရှိစေလို့ပဲ။ ဒါကြောင့် ယေရှုရဲ့အံ့ဖွယ်အမှုလေးခုအကြောင်း ဆွေးနွေးကြည့်ကြစို့။
‘အနာရောဂါ ပျောက်စေတဲ့တန်ခိုး ယေရှုမှာရှိ’
၄။ နူနာရောဂါသည်တစ်ယောက်နဲ့ ယေရှု တွေ့ဆုံချိန်မှာ ဘာဖြစ်ခဲ့သလဲ။
၄ ယေရှု အမှုဆောင်ချိန်အတွင်း အများဆုံးလည်ပတ်ခဲ့တဲ့ ဒေသကတော့ ဂါလိလဲပြည်ပဲ။ တစ်နေ့၊ ဂါလိလဲပြည်ရဲ့ မြို့တစ်မြို့မှာ နူနာရောဂါဆိုးခံစားနေရတဲ့ လူတစ်ယောက်နဲ့ ယေရှု ဆုံတယ်။ (မာ. ၁:၃၉၊ ၄၀) ရောဂါအခြေအနေ ဆိုးလွန်းလို့ “တစ်ကိုယ်လုံး နူနာစွဲ” နေတယ်လို့ ဆရာဝန်လုကာ ဖော်ပြတယ်။ (လု. ၅:၁၂) အဲဒီလူဟာ ယေရှုကို တွေ့တဲ့အခါ “ပျပ်ဝပ်၍ ‘သခင်၊ ကိုယ်တော်အလိုရှိလျှင် ကျွန်ုပ်ကို သန့်ရှင်းစေနိုင်သည်’ ဟုတောင်းပန်” တယ်။ ယေရှုမှာ သူ့ကို ကုသပေးနိုင်တဲ့တန်ခိုးရှိမှန်း သူသိထားတယ်။ ဒါပေမဲ့ ကုသပေးချင်တဲ့ဆန္ဒရှိရဲ့လားဆိုတာတော့ မသိဘူး။ သူ့ရဲ့အသနားခံမှုကို ယေရှု ဘယ်လိုတုံ့ပြန်မလဲ။ တော်တော်ရောဂါကျွမ်းနေပုံရတဲ့ ဒီလူကို ယေရှု ဘယ်လိုဆက်ဆံမလဲ။ နူနာရောဂါသည်တွေကို အထင်သေးတဲ့ ဖာရိရှဲတွေလို ယေရှု ဆက်ဆံမလား။ သင်ဆိုရင်ရော ဘယ်လိုလုပ်မလဲ။
၅။ နူနာရောဂါသည်ကို ယေရှု ဘာကြောင့် ကုသပေးချင်သလဲ။
၅ ဒီနူနာရောဂါသည်က မောရှေပညတ်မှာ တောင်းဆိုထားသလို “မစင်ကြယ်၊ မစင်ကြယ်” လို့ အော်ခဲ့ပုံမရဘူး။ (ဝတ်. ၁၃:၄၃-၄၆) ဒါပေမဲ့ ဒါကို ယေရှု ပြဿနာမလုပ်ဘူး။ အဲဒီအစား ဒီလူနဲ့ သူ့ရဲ့လိုအပ်ရာတွေကိုပဲ ပိုအာရုံစိုက်ခဲ့တယ်။ ဒီအချိန်မှာ ယေရှု ဘာတွေးနေတယ်ဆိုတာ ကျွန်တော်တို့ အတိအကျ မသိပေမဲ့ ဘယ်လိုခံစားနေရတယ်ဆိုတာတော့ သိတယ်။ လူနာကို သနားလွန်းလို့ ဘယ်သူမှလုပ်မှာမဟုတ်တဲ့ အရာတစ်ခုကို ပြုလုပ်ခဲ့တယ်။ သူ့ကို တို့ထိလိုက်တယ်။ ပြီးနောက် “ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေ” လို့ ကြင်ကြင်နာနာ ပြောလိုက်တဲ့အခါ “နူနာပျောက်” သွားတယ်။ (လု. ၅:၁၃) ဒီအံ့ဖွယ်အမှုကြီးကို ပြုလုပ်ဖို့၊ လူတွေကို ဘယ်လောက်ချစ်တယ်ဆိုတာပြဖို့ ယေရှုကို ယေဟောဝါတန်ခိုးပေးထားမှန်း သိပ်ထင်ရှားပါတယ်။—လု. ၅:၁၇။
၆။ ယေရှုရဲ့ အံ့ဖွယ်အမှုတွေနဲ့ပတ်သက်ပြီး ဘယ်အချက်က စိတ်ဝင်စားစရာကောင်းသလဲ။ ဒီအံ့ဖွယ်အမှုတွေက ဘာဖော်ပြသလဲ။
၆ ယေရှုက ဘုရားပေးတန်ခိုးကို သုံးပြီး အံ့ဖွယ်အမှုများစွာ ပြုလုပ်ခဲ့တယ်။ နူနာရောဂါသာမက ရောဂါအမျိုးမျိုးကို ကုသပေးတယ်။ “အသောသူတို့ စကားပြောခြင်း၊ ခြေဆွံ့သူတို့ လှမ်းသွားခြင်း၊ မျက်မမြင်သူတို့ မြင်လာရခြင်းကို လူအုပ်သည် မြင်လျှင် အံ့ဩ” ကြတယ်လို့ ကျမ်းစာပြောတယ်။ (မ. ၁၅:၃၁) ဒီနေ့ခေတ်မှာ ဆရာဝန်တွေက ရောဂါဖြစ်နေတဲ့ အင်္ဂါအစိတ်အပိုင်းကို အစားထိုးကုသကြတယ်။ ဒါပေမဲ့ ယေရှုကတော့ အဲဒီလိုအစားထိုးကုသစရာ မလိုဘူး။ ရောဂါဖြစ်နေတဲ့ အင်္ဂါအစိတ်အပိုင်းကို ကုသပေးလိုက်ရုံပဲ။ လူနာတွေကို ယေရှု ချက်ချင်းကုသပေးတယ်။ တစ်ခါတလေ အဝေးကနေတောင် ကုသပေးတယ်။ (ယော. ၄:၄၆-၅၄) ဒီအံ့ဖွယ်အမှုတွေက ဘာဖော်ပြသလဲ။ ကျွန်တော်တို့ရဲ့ဘုရင် ယေရှုခရစ်ဟာ ရောဂါဘယတွေကို ထာဝစဉ် ဖယ်ရှားနိုင်တဲ့တန်ခိုးနဲ့ ဖယ်ရှားလိုတဲ့ဆန္ဒရှိတယ်ဆိုတာ ဖော်ပြတယ်။ လူတွေကို ယေရှု ဘယ်လိုဆက်ဆံတယ်ဆိုတာ သိလာတဲ့အခါ ကမ္ဘာသစ်မှာလည်း “ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူကိုသနား” မယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။ (ဆာ. ၇၂:၁၃) ယေရှုဟာ ဆင်းရဲဒုက္ခရောက်နေသူအားလုံးကို ကုစားပေးပါလိမ့်မယ်။ အဲဒီလိုလုပ်ပေးဖို့ ယေရှု တကယ်ဆန္ဒရှိတယ်။
“ထလော့၊ သင့်အိပ်ရာကို ယူ၍ လှမ်းသွားလော့”
၇၊ ၈။ ဗေသေသဒရေကန်မှာ လူနာနဲ့ ယေရှု မတွေ့ခင် ဘာဖြစ်ရပ်တွေ ဖြစ်ခဲ့သလဲ။
၇ နူနာရောဂါသည်ကို ကုသပေးပြီး လအနည်းငယ်အကြာမှာ ယေရှုဟာ ဂါလိလဲကနေ ယုဒပြည်ကို သွားတယ်။ အဲဒီမှာ ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို ဆက်ဟောပြောတယ်။ ယေရှုရဲ့သတင်းစကားနဲ့ မေတ္တာကြောင့် စိတ်ထိမိသူတွေ ထောင်နဲ့ချီ ရှိမှာပဲ။ ယေရှုဟာ ဆင်းရဲသားတွေ၊ ဖိနှိပ်ခံရသူတွေကို တကယ်နှစ်သိမ့်ပေးချင်ပြီး မျှော်လင့်ချက်ရှိစေချင်တယ်။—ဟေရှာ. ၆၁:၁၊ ၂; လု. ၄:၁၈-၂၁။
၈ နိသန်လမှာ ပသခါပွဲကျင်းပဖို့ ဂျေရုဆလင်မြို့ကို ယေရှု သွားတယ်။ မြို့ဟာ ပွဲလာဧည့်သည်တွေနဲ့ စည်ကားနေတယ်။ ဗိမာန်တော်ရဲ့ မြောက်ဘက်နားမှာ ဗေသေသဒလို့ခေါ်တဲ့ ရေကန်ရှိတယ်။ လမ်းမလျှောက်နိုင်တဲ့ လူတစ်ယောက်နဲ့ အဲဒီမှာ ယေရှု ဆုံမိတယ်။
၉၊ ၁၀။ (က) ဗေသေသဒရေကန်ဆီ လူတွေ ဘာကြောင့်သွားကြသလဲ။ (ခ) ရေကန်မှာ ယေရှု ဘာပြုလုပ်ခဲ့သလဲ။ ဒါက ကျွန်တော်တို့ကို ဘာသင်ပေးသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)
၉ ဗေသေသဒရေကန်မှာ လူနာတွေ ကြိတ်ကြိတ်တိုးပဲ။ ဘာကြောင့်လဲ။ ရေပြင်လှုပ်ရှားတဲ့အခါ ရေကန်ထဲဆင်းမယ်ဆိုရင် အံ့ဖွယ်နည်းနဲ့ ရောဂါပျောက်နိုင်တယ်လို့ ယုံကြည်ကြလို့ပဲ။ လူနာတွေဟာ ကြံရာမရဖြစ်ပြီး မျှော်လင့်ချက်မဲ့နေတဲ့အတွက်၊ ရောဂါပျောက်ချင်ဇော ကပ်နေတဲ့အတွက် ဘယ်လောက်တောင် ဝရုန်းသုန်းကား ဖြစ်နေမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ စုံလင်ပြီး ကျန်းမာရေးဒေါင်ဒေါင်မြည်တဲ့ ယေရှု ဒီနေရာကို ဘာလို့ ရောက်နေတာလဲ။ လူတွေကို ချစ်လို့ပဲ။ ဒါကြောင့် သူ့ရဲ့ လူ့သက်တမ်းထက် ပိုသက်တမ်းကြာကြာ ဝေဒနာခံစားနေရတဲ့ လူနာဆီ ယေရှု လျှောက်သွားတယ်။—ယောဟန် ၅:၅–၉ ကိုဖတ်ပါ။
ယေရှုဟာ အကူအညီလိုအပ်သူတွေကို လိုက်ရှာတယ်
၁၀ ကျန်းမာချင်သလားလို့ လူနာကို ယေရှု မေးလိုက်တယ်။ ရောဂါပျောက်ချင်ပေမဲ့ ရေကန်ထဲ ကူချပေးမယ့်သူတစ်ယောက်မှ မရှိတဲ့အတွက် မပျောက်နိုင်အောင် ဖြစ်နေတဲ့အကြောင်း ယေရှုကို ပြောပြချိန်မှာ ဒီလူ ဘယ်လောက်ဝမ်းနည်းနေမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ ဒါနဲ့ မဖြစ်နိုင်တာတစ်ခုကို ယေရှု လုပ်ခိုင်းလိုက်တယ်။ အိပ်ရာကိုယူပြီး လမ်းလျှောက်တော့လို့ ပြောတယ်။ အဲဒီလူလည်း အိပ်ရာကိုယူပြီး လမ်းလျှောက်သွားတော့တယ်။ ဒီအံ့ဖွယ်အမှုက ကမ္ဘာသစ်မှာ ယေရှုလုပ်ပေးမယ့်အရာကို ကောင်းကောင်း သက်သေထူလိုက်တာပဲ။ လူတွေအပေါ်ထားတဲ့ ယေရှုရဲ့မေတ္တာကိုလည်း ပေါ်လွင်စေတယ်။ ယေရှုဟာ အကူအညီလိုအပ်သူတွေကို လိုက်ရှာတယ်။ ယေရှုရဲ့ ပုံသက်သေက လောကမှာဖြစ်နေတဲ့ အဖြစ်ဆိုးတွေကြောင့် စိတ်ဓာတ်ကျနေသူတွေကို ဆက်ရှာဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးသင့်တယ်။
“ငါ့ဝတ်လုံကို မည်သူ တို့သနည်း”
၁၁။ မကျန်းမာသူတွေကို ယေရှု ချစ်ကြောင်း မာကု ၅:၂၅-၃၄ မှတ်တမ်းက ဘယ်လိုဖော်ပြသလဲ။
၁၁ မာကု ၅:၂၅–၃၄ ကိုဖတ်ပါ။ အမျိုးသမီးတစ်ယောက်ဟာ စိတ်ပျက်စရာကောင်းတဲ့ရောဂါကို ၁၂ နှစ်လုံးလုံး ခံစားခဲ့ရတယ်။ ဒီရောဂါဆိုးဟာ ဝတ်ပြုရေးအပါအဝင် သူ့ရဲ့ ဘဝကဏ္ဍတိုင်းကို ထိခိုက်စေတယ်။ ရောဂါပျောက်လိုပျောက်ငြား ဆရာဝန်အများကြီးဆီမှာ ကုသပြီးပြီ။ ငွေတွေလည်း ကုန်ပြီ။ ပိုပြီးတော့ပဲ ဆိုးလာတယ်။ တစ်နေ့၊ အကြံတစ်ခု ရသွားတယ်။ ဒါနဲ့ လူအုပ်ထဲတိုးဝှေ့သွားပြီး ယေရှုရဲ့ ဝတ်လုံကို တို့ထိလိုက်တယ်။ (ဝတ်. ၁၅:၁၉၊ ၂၅) ကိုယ်ထဲက တန်ခိုးထွက်သွားမှန်း ယေရှုသိလိုက်တဲ့အတွက် ဘယ်သူတို့တာလဲဆိုပြီး မေးတယ်။ အမျိုးသမီးလည်း “ကြောက်ရွံ့တုန်လှုပ်လျက် ကိုယ်တော့်ရှေ့မှောက် လာပြီးလျှင် ပျပ်ဝပ်၍ ဖြစ်ကြောင်းကုန်စင်ကို အမှန်အတိုင်း ကြားလျှောက်” တယ်။ ဒီအမျိုးသမီးကို ယေဟောဝါ ကုသပေးလိုက်မှန်း ယေရှုသိတဲ့အတွက် “ငါ့သမီး၊ သင်၏ ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ။ စိတ်ချမ်းသာစွာ သွားလော့။ ရောဂါနှိပ်စက်ခြင်းကင်း၍ ကျန်းမာပါစေ” လို့ ကြင်ကြင်နာနာ ပြောလိုက်တယ်။
ယေရှုရဲ့အံ့ဖွယ်အမှုတွေက ကျွန်တော်တို့ကိုရော ကျွန်တော်တို့ရဲ့ ပြဿနာတွေကိုပါ ယေရှု သိပ်ဂရုစိုက်တယ်ဆိုတာ ဖော်ပြတယ် (အပိုဒ် ၁၁၊ ၁၂ ကိုကြည့်ပါ)
၁၂။ (က) အခုလေ့လာသွားခဲ့တာတွေအရ ယေရှုကို သင် ဘယ်လိုပုံဖော်မလဲ။ (ခ) ဘယ်ပုံသက်သေကို ယေရှု ချမှတ်ခဲ့သလဲ။
၁၂ ဖျားနာသူတွေအပါအဝင် လူအားလုံးကို ယေရှု သိပ်ချစ်မှန်းသိရလို့ အားရှိစရာပဲ။ စာတန်နဲ့တော့ သိပ်ကွာတယ်။ ကျွန်တော်တို့ဟာ သုံးစားလို့မရသူတွေ၊ အချစ်မခံရသူတွေ ဖြစ်တယ်လို့ သူထင်စေချင်တယ်။ ဒါပေမဲ့ ယေရှုကတော့ ကျွန်တော်တို့ကိုရော ကျွန်တော်တို့ရဲ့ ပြဿနာတွေကိုပါ သိပ်ဂရုစိုက်တယ်။ အဲဒါကို ယေရှု လုပ်ခဲ့တဲ့အံ့ဖွယ်အမှုတွေက ဖော်ပြတယ်။ ဒီလောက်မေတ္တာရှိတဲ့ ဘုရင်နဲ့ ယဇ်ပုရောဟိတ်မင်းကို ရရှိထားလို့ ကျေးဇူးတင်စရာပဲ။ (ဟေဗြဲ ၄:၁၅) ကျွန်တော်တို့က နာတာရှည်ရောဂါခံစားနေရသူတွေကို နားလည်ပေးဖို့ ခက်နိုင်တယ်။ အထူးသဖြင့် ကိုယ်က ကျန်းမာနေတဲ့အခါမျိုးမှာဖြစ်တယ်။ အဲဒီလိုအခါမျိုးမှာ ယေရှုအကြောင်း စဉ်းစားကြည့်ပါ။ ယေရှုဟာ တစ်ခါမှ မဖျားနာဖူးပေမဲ့ ဖျားနာသူတွေကို ကိုယ်ချင်းစာပေးတယ်။ ယေရှုရဲ့မေတ္တာပုံသက်သေကို အတတ်နိုင်ဆုံး တုပကြပါစို့။—၁ ပေ. ၃:၈။
‘ယေရှု မျက်ရည်ကျ’
၁၃။ လာဇရုကို ရှင်ပြန်ထမြောက်ပေးခြင်းက ယေရှုအကြောင်း ဘာဖော်ပြသလဲ။
၁၃ တခြားသူတွေနာကျင်ခံစားရတဲ့အခါယေရှု တအားစိတ်ထိခိုက်တယ်။ ဥပမာ၊ မိတ်ဆွေလာဇရု သေဆုံးသွားလို့ လာဇရုရဲ့ မိသားစုနဲ့ မိတ်ဆွေတွေ ငိုကြွေးနေတာကို ယေရှုမြင်တဲ့အခါ ‘အလွန်စိတ်ညှိုးငယ်ပြီး စိတ်ပူပန်’ ခဲ့တယ်။ (ယောဟန် ၁၁:၃၃–၃၆ ကိုဖတ်ပါ။) လာဇရုကို မကြာခင် ထမြောက်ပေးတော့မှာဖြစ်ပေမဲ့ ယေရှု မျက်ရည်ကျမိတယ်။ ကိုယ့်ခံစားချက်ကို တခြားသူတွေသိသွားမှာ မကြောက်ဘူး။ လာဇရုနဲ့ သူ့မိသားစုကို ချစ်လွန်းလို့ ဘုရားပေးတန်ခိုးကိုသုံးပြီး လာဇရုကို အသက်ပြန်ရှင်စေခဲ့တယ်။—ယော. ၁၁:၄၃၊ ၄၄။
၁၄၊ ၁၅။ (က) လူ့ဒုက္ခတွေကို ယေဟောဝါဖယ်ရှားပေးလိုစိတ်ရှိတယ်ဆိုတာ ဘာက ဖော်ပြသလဲ။ (ခ) “သင်္ချိုင်းများ” လို့ပြန်ဆိုထားတဲ့ ဂရိစကားလုံးနဲ့ပတ်သက်ပြီး ဘယ်အချက်က စိတ်ဝင်စားစရာကောင်းသလဲ။
၁၄ ကျမ်းစာမှာ ယေရှုကို အဖေတူသားအဖြစ် ဖော်ပြထားတယ်။ (ဟေဗြဲ ၁:၃) ဒါကြောင့် ယေရှု ပြုလုပ်ခဲ့တဲ့ အံ့ဖွယ်အမှုတွေက ယေဟောဝါမှာလည်း ရောဂါတွေ၊ နာကျင်မှုတွေနဲ့ သေခြင်းကို ဖယ်ရှားပေးလိုစိတ် ရှိတယ်ဆိုတာ နားလည်စေတယ်။ မကြာခင်မှာ ယေဟောဝါနဲ့ ယေရှုဟာ လူများစွာကို ထမြောက်ပေးပါတော့မယ်။ “သင်္ချိုင်းများမှာ ရှိသောသူအပေါင်း” ပြန်ရှင်လာလိမ့်မယ်လို့ ယေရှု ပြောတယ်။—ယော. ၅:၂၈၊ ၂၉။
၁၅ “သင်္ချိုင်းများ” လို့ပြန်ဆိုထားတဲ့ ဂရိစကားလုံးဟာ “မှတ်မိစေသည်” လို့ အဓိပ္ပာယ်ရှိတဲ့ ကြိယာကနေ ဆင်းသက်လာတာဖြစ်တယ်။ အဲဒါ သင့်လျော်ပါတယ်။ အကြောင်းကတော့ ကြီးမားလှတဲ့စကြဝဠာကို ဖန်ဆင်းခဲ့တဲ့ တန်ခိုးအကြီးဆုံးဘုရားသခင်ဟာ သေဆုံးသွားသူတွေရဲ့ ပင်ကိုစရိုက်တွေအပါအဝင် အသေးစိတ်အချက်အလက်တွေကို မှတ်မိနိုင်လို့ပဲ။ (ဟေရှာ. ၄၀:၂၆) ယေဟောဝါဟာ သူတို့ကို မှတ်မိနိုင်ရုံမက မှတ်မိချင်စိတ်လည်းရှိတယ်။ ကျမ်းစာမှာဖော်ပြထားတဲ့ ထမြောက်ခြင်းမှတ်တမ်းတွေက ကမ္ဘာသစ်မှာ ဖြစ်မယ့်အရာတွေရဲ့ အမြည်းသဘောဖြစ်တယ်။
ယေရှုပြုလုပ်ခဲ့တဲ့ အံ့ဖွယ်အမှုတွေကနေ ဘာသင်ယူရသလဲ
၁၆။ ဘုရားသခင့်ကျေးကျွန်များစွာဟာ ဘယ်အခွင့်ထူးရရှိကြမလဲ။
၁၆ ကျွန်တော်တို့ ဆက်သစ္စာရှိမယ်ဆိုရင် ကြီးစွာသောဒုက္ခကနေ အသက်ရှင်လွတ်မြောက်ခြင်းဆိုတဲ့ အကြီးမားဆုံး အံ့ဖွယ်အမှုကို မြင်တွေ့ခံစားခွင့် ရရှိပါလိမ့်မယ်။ အာမဂေဒုန်ပြီးနောက် မကြာခင်မှာ နောက်ထပ်အံ့ဖွယ်အမှုများစွာကိုလည်း တွေ့မြင်ရပါလိမ့်မယ်။ အဲဒီအချိန်မှာ လူသားအားလုံး ပြည့်ဝစုံလင်တဲ့ကျန်းမာရေးကို ရရှိကြလိမ့်မယ်။ (ဟေရှာ. ၃၃:၂၄; ၃၅:၅၊ ၆; ဗျာ. ၂၁:၄) မျက်မှန်၊ တုတ်ကောက်၊ ချိုင်းထောက်၊ ဘီးတပ်ကုလားထိုင်နဲ့ နားကြပ်တွေကို လူတွေ လွှင့်ပစ်လိုက်တဲ့မြင်ကွင်းကို မြင်ယောင်ကြည့်ပါ။ အာမဂေဒုန်ကနေ လွတ်မြောက်လာသူတွေကို ဒေါင်ဒေါင်မြည် ကျန်းမာသန်စွမ်းအောင် ယေဟောဝါ ပြုလုပ်ပေးလိမ့်မယ်။ သူတို့မှာ လုပ်စရာအများကြီးရှိလို့ပဲ။ သူတို့ဟာ တစ်ကမ္ဘာလုံးကို လှပတဲ့ ပရဒိသုဥယျာဉ်ဖြစ်လာအောင် လုပ်ဆောင်ကြရမှာဖြစ်တယ်။—ဆာ. ၁၁၅:၁၆။
၁၇၊ ၁၈။ (က) အံ့ဖွယ်အမှုတွေကို ယေရှု ဘာကြောင့်ပြုလုပ်ခဲ့တာလဲ။ (ခ) ကမ္ဘာသစ်ထဲဝင်နိုင်အောင် လိုအပ်တဲ့ ဘယ်အရာကိုမဆို ဘာကြောင့်ပြုလုပ်သင့်သလဲ။
၁၇ ဒီနေ့ခေတ် “လူအုပ်ကြီး” ဟာ လူနာတွေကို ယေရှု ကုသပေးတဲ့အကြောင်း ဖတ်ရတဲ့အခါ အားရှိကြတယ်။ (ဗျာ. ၇:၉) အဲဒီအံ့ဖွယ်အမှုတွေက အနာဂတ်မှာ ရောဂါအားလုံး ပျောက်ကင်းသွားမယ်ဆိုတဲ့ မျှော်လင့်ချက်ကို ရှင်သန်စေတယ်။ လူသားတွေကို ယေရှု ဘယ်လောက်ချစ်မှန်းလည်း ပေါ်လွင်စေတယ်။ (ယော. ၁၀:၁၁; ၁၅:၁၂၊ ၁၃) ယေရှုရဲ့ ထောက်ထားစာနာမှုက ကျေးကျွန်တစ်ယောက်ချင်းစီပေါ်ထားတဲ့ ယေဟောဝါရဲ့မေတ္တာကို အထင်အရှား ဖော်ပြတယ်။—ယော. ၅:၁၉။
၁၈ လူသားတွေဟာ နာကျင်မှုဝေဒနာတွေနဲ့ သေခြင်းကို တွေ့ကြုံခံစားနေရတယ်။ (ရော. ၈:၂၂) ဒါကြောင့် ဘုရားသခင့်ကမ္ဘာသစ်ကို လိုအပ်နေတာ။ အဲဒီမှာ လူသားအားလုံးဟာ ဘုရားသခင်ကတိပြုထားတဲ့ ပြည့်ဝစုံလင်တဲ့ကျန်းမာရေးကို ရရှိကြလိမ့်မယ်။ ကျွန်တော်တို့ဟာ “နွားသငယ်ကဲ့သို့ ခုန်ကြလိမ့်မည်” လို့ မာလခိ ၄:၂ မှာ ဖော်ပြထားတယ်။ မစုံလင်မှုအောက်ကနေ လွတ်မြောက်သွားလို့ စိတ်လှုပ်ရှားပျော်ရွှင်နေကြလိမ့်မယ်။ ဒါကြောင့် ယေဟောဝါကို ကျေးဇူးတင်လေးမြတ်စိတ်နဲ့ ကိုယ်တော့်ကတိတွေကို ယုံကြည်ခြင်းက ကမ္ဘာသစ်ထဲဝင်နိုင်အောင် လိုအပ်တဲ့ ဘယ်အရာကိုမဆို ပြုလုပ်ဖို့ လှုံ့ဆော်ပေးပါစေ။ ယေရှုပြုလုပ်ခဲ့တဲ့ အံ့ဖွယ်အမှုတွေက အနှစ်တစ်ထောင် အုပ်ချုပ်မှုအတွင်း လူသားတွေ ထာဝစဉ်ခံစားရမယ့်ကောင်းချီးတွေရဲ့ နမူနာဖြစ်တယ်ဆိုတာ သိရလို့ အားရှိစရာပါပဲ။