ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၀ ဇန်နဝါရီ စာ. ၂-၇
  • သွားပြီး တပည့်ဖြစ်စေကြပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သွားပြီး တပည့်ဖြစ်စေကြပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘယ်သူ့ကို မိန့်မှာသလဲ
  • စိတ်ထိမိအောင် သွန်သင်ပါ
  • ဘုရားရေးရာဘက် တိုးတက်လာအောင် သင်သားကို ကူညီပေးပါ
  • သင်အံမှုကို ရပ်လိုက်သင့်သလား
  • နှစ်ခြင်းခံဖို့ အရည်အချင်း ပြည့်မီလာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးနိုင်ပုံ—အပိုင်း ၁
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးနိုင်ပုံ—အပိုင်း ၂
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ကျမ်းစာသင်သား နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် အသင်းတော်မှာ ရှိသူတိုင်း ကူညီပေးနိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
က၂၀ ဇန်နဝါရီ စာ. ၂-၇

လေ့လာရန် ဆောင်းပါး ၁

သွားပြီး တပည့်ဖြစ်စေကြပါ

၂၀၂၀ အတွက် နှစ်ချုပ်ကျမ်းချက်– ‘ဒါကြောင့် သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။ နှစ်ခြင်းပေးကြပါ။’—မ. ၂၈:၁၉။

သီချင်း ၇၉ ကြံ့ကြံ့ခံရပ်တည်နိုင်အောင် သင်ပေးပါ

အကြိုသုံးသပ်ချက်a

၁-၂။ ယေရှုရဲ့ သင်္ချိုင်းဂူမှာ အမျိုးသမီးတွေကို ကောင်းကင်တမန် ဘာပြောသလဲ။ သူတို့ကို ယေရှု ဘာမှာသလဲ။

အေဒီ ၃၃၊ နိသန် ၁၆ မနက်စောစောမှာ အမျိုးသမီးတစ်စုဟာ လွန်ခဲ့တဲ့ နှစ်ရက်လောက်က သင်္ဂြိုဟ်ခဲ့တဲ့ သခင်ယေရှုခရစ်ရဲ့ ရုပ်အလောင်းရှိရာ သင်္ချိုင်းဂူကို သွားနေကြတယ်။ ယေရှုရဲ့ အလောင်းကို အမွှေးနံ့သာတွေ၊ ဆီမွှေးတွေ လိမ်းပေးဖို့ဖြစ်တယ်။ ဒါပေမဲ့ သင်္ချိုင်းဂူကို ရောက်တဲ့အခါ ဂူထဲမှာ ဘာမှ မရှိတော့ဘူး။ ယေရှု ထမြောက်ပြီလို့ သူတို့ကို ကောင်းကင်တမန် ပြောတယ်။ ‘သူ ဂါလိလဲနယ်ကို အရင်သွားနှင့်ပြီ။ အဲဒီမှာ သူ့ကို တွေ့ရလိမ့်မယ်’ လို့ ဆက်ပြောတယ်။—မ. ၂၈:၁-၇။ လု. ၂၃:၅၆။ ၂၄:၁၀။

၂ အမျိုးသမီးတွေ သင်္ချိုင်းကနေ ပြန်ထွက်လာတဲ့အခါ ယေရှုကိုယ်တိုင် ရောက်လာပြီး “ဂါလိလဲနယ်ကို သွားဖို့ ကျွန်တော့်ညီအစ်ကိုတွေကို ပြောလိုက်ပါ။ အဲဒီမှာ ကျွန်တော့်ကို တွေ့ရလိမ့်မယ်” လို့ မှာတယ်။ (မ. ၂၈:၁၀) ရှင်ပြန်ထမြောက်ပြီးနောက် ယေရှု ဦးဆုံး စီစဉ်တာက တပည့်တွေနဲ့ စည်းဝေးဖို့ဆိုတော့ အရေးကြီးတဲ့ ညွှန်ကြားချက် ပေးစရာရှိလို့ ဖြစ်ရမယ်။

ဘယ်သူ့ကို မိန့်မှာသလဲ

ရှင်ပြန်ထမြောက်ပြီးနောက် ယေရှုဟာ တမန်တော်တွေနဲ့ တခြားတပည့်တွေကို ‘သွားပြီး . . . တပည့်ဖြစ်လာအောင် သွန်သင်ပေးကြပါ’ လို့ ဂါလိလဲနယ်မှာ ညွှန်ကြားခဲ့တယ်။

ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် ဂါလိလဲနယ်မှာ တမန်တော်တွေ၊ တခြားသူတွေနဲ့ တွေ့ဆုံတဲ့အခါ “သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ” လို့ ညွှန်ကြားတယ် (စာပိုဒ် ၃-၄ ကိုကြည့်ပါ)

၃-၄။ မဿဲ ၂၈:၁၉၊ ၂၀ မှာပါတဲ့ မိန့်မှာချက်ဟာ တမန်တော်တွေကိုပဲ ပေးခဲ့တာလား။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)

၃ မဿဲ ၂၈:၁၆-၂၀ ကိုဖတ်ပါ။ ယေရှုက အဲဒီအစည်းအဝေးမှာ ပထမရာစုတစ်လျှောက် တပည့်တွေ လုပ်ဆောင်မယ့် အရေးကြီးလုပ်ငန်းအကြောင်း ပြောတယ်။ ဒီနေ့အထိ အဲဒီလုပ်ငန်းကို ကျွန်တော်တို့ လုပ်ဆောင်နေကြတယ်။ “ဒါကြောင့် လူမျိုးတကာဆီ သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။ . . . ကျွန်တော် မိန့်မှာထားသမျှကို လိုက်နာဖို့ သွန်သင်ပေးကြပါ” လို့ ယေရှု ပြောတယ်။

၄ ယေရှုက သစ္စာရှိ တမန်တော် ၁၁ ယောက်ကိုပဲ အဲဒီလို မိန့်မှာတာ မဟုတ်ဘူး။ နောက်လိုက်အားလုံးကို ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်စေချင်တယ်။ ဘာကြောင့် အဲဒီလို ပြောနိုင်သလဲ။ တပည့်ဖြစ်စေပါဆိုတဲ့ မိန့်မှာချက်ကို ဂါလိလဲနယ်က တောင်ပေါ်မှာ ပေးတုန်းက တမန်တော်တွေပဲ ရှိခဲ့တာလား။ “[ဂါလိလဲနယ်မှာ] သူ့ကို တွေ့ရလိမ့်မယ်” လို့ အမျိုးသမီးတွေကို ကောင်းကင်တမန် ပြောခဲ့တယ်။ ဒါကြောင့် အဲဒီအချိန်မှာ သစ္စာရှိ အမျိုးသမီးတွေလည်း ရှိနေမှာပဲ။ ဒါပေမဲ့ သူတို့လောက်ပဲ မဟုတ်ဘူး။ ယေရှုဟာ “ညီအစ်ကို ၅၀၀ ကျော်ရှေ့ တစ်ပြိုင်နက် ကိုယ်ထင်ပြခဲ့တယ်” လို့ တမန်တော် ပေါလု ပြောတယ်။ (၁ ကော. ၁၅:၆) အဲဒါက ဘယ်နေရာမှာလဲ။

၅။ ၁ ကောရိန္သု ၁၅:၆ ကနေ ဘာသိရသလဲ။

၅ မဿဲ အခန်းကြီး ၂၈ မှာပါတဲ့ အစည်းအဝေးအကြောင်း ပေါလု ပြောနေတာလို့ ယူဆနိုင်စရာ အကြောင်းရင်းတွေ ရှိတယ်။ ပထမ၊ ယေရှုရဲ့ တပည့်အများစုဟာ ဂါလိလဲနယ်သားတွေ ဖြစ်တယ်။ ဒါကြောင့် လူများစွာ စုဝေးဖို့ဆိုရင် ဂျေရုဆလင်မြို့က အိမ်တစ်အိမ်ထက် ဂါလိလဲနယ်က တောင်ဟာ ပိုသင့်တော်မယ်။ ဒုတိယ၊ ရှင်ပြန်ထမြောက်ပြီးဖြစ်တဲ့ ယေရှုဟာ ဂျေရုဆလင်မြို့က အိမ်တစ်အိမ်မှာ တမန်တော် ၁၁ ယောက်နဲ့ တွေ့ပြီးပြီ။ ဟောပြောဖို့၊ တပည့်ဖြစ်စေဖို့ တမန်တော်တွေကိုပဲ ညွှန်ကြားချင်ရင် ဂျေရုဆလင်မှာပဲ ညွှန်ကြားနိုင်တယ်။ တမန်တော်တွေ၊ အမျိုးသမီးတွေနဲ့ တခြားသူတွေကို ဂါလိလဲနယ်မှာ စုဆုံဖို့ မှာစရာ မလိုဘူး။—လု. ၂၄:၃၃၊ ၃၆။

၆။ တပည့်ဖြစ်စေပါဆိုတဲ့ မိန့်မှာချက်ဟာ ဒီနေ့ခေတ်နဲ့ သက်ဆိုင်ကြောင်း မဿဲ ၂၈:၂၀ က ဘယ်လို ဖော်ပြသလဲ။ အဲဒီမိန့်မှာချက်ကို ဘယ်အတိုင်းအတာအထိ နာခံနေကြသလဲ။

၆ တပည့်ဖြစ်စေပါဆိုတဲ့ မိန့်မှာချက်ဟာ တမန်တော်တွေကိုပဲ ပေးတာမဟုတ်ကြောင်း ဖော်ပြတဲ့ တတိယအကြောင်းရင်းကို သတိပြုပါ။ အဲဒီမိန့်မှာချက်ဟာ ပထမရာစု ခရစ်ယာန်တွေနဲ့ပဲ သက်ဆိုင်တာ မဟုတ်ဘူး။ ဘယ်လို သိရသလဲ။ “လောကစနစ်နိဂုံးပိုင်းအထိ ခင်ဗျားတို့နဲ့အတူ ကျွန်တော် အမြဲရှိနေမယ်” လို့ပြောပြီး မိန့်မှာချက်ကို ယေရှု နိဂုံးချုပ်ခဲ့လို့ပဲ။ (မ. ၂၈:၂၀) ယေရှု မိန့်မှာခဲ့တဲ့အတိုင်း ဒီနေ့ခေတ်မှာ တပည့်ဖြစ်စေခြင်းလုပ်ငန်းကို လုပ်နေကြတယ်။ နှစ်တိုင်း လူ ၃၀၀,၀၀၀ နီးပါးဟာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံပြီး ယေရှုရဲ့ တပည့် ဖြစ်လာနေတယ်။

ခရစ်တော်ရဲ့ တပည့်ဖြစ်လာအောင် သင်သားတွေကို ကူညီပါ

တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ဘယ်လို တိုးတက်နိုင်သလဲ။

ယေဟောဝါသက်သေတွေဟာ တပည့်ဖြစ်စေခြင်းလုပ်ငန်းကို ထိထိရောက်ရောက် လုပ်ဆောင်နေကြတယ်။ ရုပ်ပုံ ၁။ မတိုးတက်တဲ့ သင်အံမှုအတွက် အချိန်အကုန်မခံပါနဲ့။ ညီအစ်ကို နှစ်ယောက်ဟာ သင်အံမှုကို အာရုံမစိုက်တဲ့ လူငယ်တစ်ယောက်နဲ့ သင်အံမှုလုပ်နေ။ ၂။ အကူအညီရဖို့ ဆုတောင်းနေတဲ့သူတွေ သင့်ရပ်ကွက်မှာ ရှိနိုင်။ အမျိုးသမီးတစ်ယောက် ဆုတောင်းနေတုန်း ညီအစ်မနှစ်ယောက် အိမ်တံခါး လာခေါက်နေ။ ၃။ သင်အံမှုကို ဆုတောင်းပြီး စပါ။ သင်အံမှု မကျင်းပခင် ညီအစ်ကိုတစ်ယောက် ဆုတောင်းနေ။ ၄။ အစည်းအဝေးတွေ တက်ဖို့ သင်သားကို ဖိတ်ခေါ်ပါ။ ခန်းမမှာ ညီအစ်ကိုက သင်သားကို ခရစ်ယာန် အစည်းအဝေးတွေအကြောင်း ရှင်းပြနေ။ ၅။ ပြဿနာတွေ ကြုံရတဲ့အခါ ဘာလုပ်ရမယ်ဆိုတာ သင်သားကို သင်ပေးပါ။ ဘယ်လို ရှာဖွေလေ့လာရမယ်ဆိုတာ ညီအစ်ကိုက သင်သားကို သင်ပေးနေ။

၇။ ဘာအကြောင်း ဆွေးနွေးကြမလဲ။ ဘာကြောင့်လဲ။

၇ ကျမ်းစာ လေ့လာသူ များစွာဟာ နှစ်ခြင်းခံတဲ့အထိ တိုးတက်လာကြတယ်။ ဒါပေမဲ့ တချို့ကတော့ တပည့်ဖြစ်ဖို့ တွန့်ဆုတ်နေကြတယ်။ လေ့လာရတာကို နှစ်သက်ပေမဲ့ နှစ်ခြင်းခံတဲ့အထိ မတိုးတက်ကြဘူး။ သင့်မှာ ကျမ်းစာသင်အံမှု ရှိတယ်ဆိုရင် သင်သားကို သိလာတဲ့အတိုင်း ကျင့်သုံးဖို့၊ ခရစ်တော်ရဲ့ တပည့် ဖြစ်လာဖို့ ကူညီပေးချင်မှာပဲ။ သင်သားရဲ့ စိတ်ကို ထိမိအောင်၊ ဘုရားရေးရာဘက် တိုးတက်လာအောင် ဘယ်လို သွန်သင်နိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ ဒီအကြောင်းကို ဆွေးနွေးဖို့ ဘာကြောင့် လိုအပ်သလဲ။ သင်အံမှုကို ရပ်လိုက်ရမလား၊ ဆက်သင်မလားဆိုတာ တစ်ချိန်ချိန်မှာ ဆုံးဖြတ်ရမှာ ဖြစ်လို့ပဲ။

စိတ်ထိမိအောင် သွန်သင်ပါ

၈။ စိတ်ထိမိအောင် သွန်သင်ဖို့ ဘာကြောင့် ခက်နိုင်သလဲ။

၈ ယေဟောဝါက လူတွေ မိမိကို ချစ်လို့ ဝတ်ပြုတာကိုပဲ လိုချင်တယ်။ ဒါကြောင့် သင်သားကို ယေဟောဝါ အလွန်ချစ်ပြီး စိတ်ဝင်စားကြောင်း သူနားလည်လာအောင် ကျွန်တော်တို့ ကူညီပေးချင်တယ်။ “ဖတဆိုးလေးတွေရဲ့ ဖခင်၊ မုဆိုးမတွေကို ကာကွယ်ပေးတဲ့သူ” အဖြစ် ယေဟောဝါကို မြင်လာအောင် ကူညီပေးချင်တယ်။ (ဆာ. ၆၈:၅) သင်သားက ဘုရားရဲ့ မေတ္တာကို လေးမြတ်လာတဲ့အခါ ဘုရားကို ချစ်လာပါလိမ့်မယ်။ သင်သားတချို့ဟာ ဖခင်ဆီက မေတ္တာနဲ့ ကြင်နာမှု မရခဲ့လို့ ယေဟောဝါကို မေတ္တာရှိတဲ့ ဖခင်အဖြစ် ရှုမြင်ဖို့ ခက်နေနိုင်တယ်။ (၂ တိ. ၃:၁၊ ၃) ဒါဆိုရင် ကျမ်းစာသင်တဲ့အခါ ယေဟောဝါရဲ့ နှစ်သက်ဖွယ် အရည်အသွေးတွေကို အလေးပေးပါ။ မေတ္တာရှင် ဘုရားသခင်က သူတို့ကို ထာဝရအသက် ရစေချင်ကြောင်း၊ ရနိုင်ဖို့ ကူညီပေးချင်ကြောင်း သိစေပါ။ ဘာတွေ ထပ်လုပ်နိုင်သေးသလဲ။

၉-၁၀။ ကျမ်းစာသင်အံမှုမှာ ဘယ်စာပေတွေကို သုံးသင့်သလဲ။ ဘာကြောင့်လဲ။

၉ “သမ္မာကျမ်းစာ သွန်သင်ရာများ၊” “ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ” စာအုပ်တွေကို သုံးပါ။ အဲဒီစာအုပ်တွေက သင်သားကို စိတ်ထိမိစေဖို့ အထူးရည်ရွယ်ထားတယ်။ ဥပမာ၊ သွန်သင်ရာများ စာအုပ် အခန်း ၁ မှာ ဘုရားသခင်ဟာ ဂရုစိုက်တတ်တဲ့ ဘုရားလား၊ လူတွေ ဒုက္ခကြုံရတဲ့အခါ ဘုရားသခင် ဘယ်လို ခံစားရသလဲ၊ ဘုရားသခင့် မိတ်ဆွေ ဖြစ်နိုင်သလား ဆိုတဲ့ မေးခွန်းတွေကို ဖြေပေးထားတယ်။ ကျမ်းစာမူတွေကို ကျင့်သုံးခြင်းက ဘဝကို ဘယ်လို တိုးတက်ကောင်းမွန်စေနိုင်ကြောင်း၊ ယေဟောဝါနဲ့ ဘယ်လို ရင်းနှီးစေနိုင်ကြောင်း သင်သား နားလည်ဖို့ မေတ္တာတော် စာအုပ်က ကူညီပေးပါလိမ့်မယ်။ သင်ဟာ အဲဒီစာအုပ်တွေနဲ့ တခြားသူတွေကို သင်ပေးပြီးသား ဖြစ်ရင်တောင် သင်အံမှုတစ်ခုစီအတွက် အသေအချာ ပြင်ဆင်ပါ။ သင်သားရဲ့ သတ်သတ်မှတ်မှတ် လိုအပ်ချက်တွေကို ထည့်စဉ်းစားပါ။

၁၀ ဒါပေမဲ့ သင်သားက သွန်သင်ရာများ ဒါမှမဟုတ် မေတ္တာတော် စာအုပ်မှာ မပါတဲ့ အကြောင်းအရာကို စိတ်ဝင်စားနေရင်ကော။ အဲဒီအကြောင်းအရာပါတဲ့ စာပေကို ကိုယ်ပိုင်ဖတ်ရှုလေ့လာဖို့ အားပေးနိုင်တယ်။ သင်အံမှုကိုတော့ သင်လက်စ စာပေနဲ့ ဆက်လေ့လာနိုင်တယ်။

အသက်ကြီးသူတစ်ယောက်ကို ညီအစ်ကို နှစ်ယောက် ကျမ်းစာသင်ပေးနေ။ ညီအစ်ကို တစ်ယောက်က အဖွင့်ဆုတောင်းပေးနေ။

သင်အံမှုကို ဆုတောင်းပြီး စပါ (စာပိုဒ် ၁၁ ကိုကြည့်ပါ)

၁၁။ ဘယ်အချိန်ကစပြီး သင်အံမှုမှာ ဆုတောင်းသင့်သလဲ။ ဆုတောင်းခြင်းအကြောင်း ဘယ်လို စပြောနိုင်သလဲ။

၁၁ သင်အံမှုကို ဆုတောင်းပြီး စပါ။ သင်အံမှု စပြီး သီတင်းပတ် အနည်းငယ်အတွင်း သင်အံမှု အစနဲ့ အဆုံးမှာ ဆုတောင်းနိုင်ရင် အကောင်းဆုံးပဲ။ ဘုရားသခင့် စွမ်းအားတော် အကူအညီနဲ့သာ ကျမ်းစာကို နားလည်နိုင်ကြောင်း သင်သားကို နားလည်စေရမယ်။ ကျမ်းစာသင်ပေးသူတချို့က ဆုတောင်းခြင်းအကြောင်းကို စပြောဖို့ ယာကုပ် ၁:၅ ကို ဖတ်ကြတယ်။ “တစ်ယောက်ယောက်က ဉာဏ်ပညာလိုနေရင် ဘုရားသခင်ဆီ တောင်းမြဲတောင်းပါ” လို့ ပြောထားတယ်။ အဲဒီကျမ်းချက်ကို ဖတ်ပြီး “ဉာဏ်ပညာ ရဖို့ ဘုရားသခင်ဆီ ဘယ်လို တောင်းနိုင်သလဲ” လို့ မေးကြတယ်။ ဆုတောင်းရမယ်ဆိုတာ သင်သား သဘောတူပါလိမ့်မယ်။

၁၂။ သင်သား ကောင်းကောင်း ဆုတောင်းတတ်လာအောင် ဆာလံ ၁၃၉:၂-၄ ကိုသုံးပြီး ဘယ်လို ကူညီပေးနိုင်သလဲ။

၁၂ ဘယ်လို ဆုတောင်းရမလဲဆိုတာ သင်သားကို သင်ပေးပါ။ သင်သားရဲ့ ဆုတောင်းချက်ကို ယေဟောဝါ နားထောင်လိုကြောင်း၊ တခြားသူတွေကို ပြောပြဖို့ခက်တဲ့ ကိုယ့်ခံစားချက်တွေကို ရင်ဖွင့် ဆုတောင်းနိုင်ကြောင်း ရှင်းပြပါ။ ကျွန်တော်တို့ရဲ့ အနက်ရှိုင်းဆုံး အတွေးတွေကို ယေဟောဝါ သိတယ်။ (ဆာလံ ၁၃၉:၂-၄ ကိုဖတ်ပါ။) သင်သားရဲ့ အတွေးအခေါ် အမှားတွေ၊ အကျင့်ဆိုးတွေကို ပြုပြင်ပြောင်းလဲနိုင်အောင် ယေဟောဝါဆီ အကူအညီတောင်းဖို့လည်း အားပေးနိုင်တယ်။ ဥပမာ၊ သင်သားဟာ အယူမှား ပွဲနေ့ မှားမှန်း သိပေမဲ့ အဲဒီပွဲရဲ့ ဓလေ့တချို့ကို နှစ်သက်နေတာ ဖြစ်နိုင်တယ်။ ယေဟောဝါဆီ ကိုယ့်ရဲ့ ခံစားချက်ကို ပြောပြဖို့၊ ဘုရားနှစ်သက်တာကို နှစ်သက်တတ်လာအောင် အကူအညီတောင်းဖို့ အားပေးပါ။—ဆာ. ၉၇:၁၀။

ခန်းမမှာ ညီအစ်ကိုက သင်သားကို ခရစ်ယာန် အစည်းအဝေးတွေအကြောင်း ရှင်းပြနေ

အစည်းအဝေး တက်ဖို့ သင်သားကို ဖိတ်ခေါ်ပါ (စာပိုဒ် ၁၃ ကိုကြည့်ပါ)

၁၃။ (က) အစည်းအဝေးတွေ တက်ဖို့ ဘာကြောင့် ချက်ချင်း ဖိတ်ခေါ်သင့်သလဲ။ (ခ) နိုင်ငံတော်ခန်းမမှာ သင်သား ရှိန်မနေအောင် ဘယ်လို ကူညီပေးနိုင်သလဲ။

၁၃ အစည်းအဝေးတွေ တက်ဖို့ ချက်ချင်း ဖိတ်ခေါ်ပါ။ အစည်းအဝေးတွေမှာ ကြားရ၊ မြင်ရတာတွေက သင်သားကို စိတ်ထိမိစေပြီး တိုးတက်ဖို့ ကူညီပေးနိုင်တယ်။ နိုင်ငံတော်ခန်းမမှာ ဘာတွေ လုပ်ဆောင်ကြသလဲ ဗီဒီယိုကို ပြပြီး လာတက်ဖို့ ဖိတ်ခေါ်ပါ။ ဖြစ်နိုင်ရင် အကြိုအပို့ လုပ်ပေးပါ။ သင်အံမှုသွားတဲ့အခါ ကြေညာသူတွေကို အလှည့်ကျ ခေါ်သွားပါ။ ဒါမှ သင်သားဟာ အသင်းတော်မှာရှိတဲ့ တခြားသူတွေနဲ့ ရင်းနှီးနေပြီး အစည်းအဝေး လာတက်တဲ့အခါ ရှိန်နေတော့မှာ မဟုတ်ဘူး။

ဘုရားရေးရာဘက် တိုးတက်လာအောင် သင်သားကို ကူညီပေးပါ

၁၄။ ဘုရားရေးရာဘက် တိုးတက်လာဖို့ သင်သားကို ဘာက လှုံ့ဆော်ပေးသလဲ။

၁၄ ကျွန်တော်တို့ရဲ့ ပန်းတိုင်က သင်သားကို ဘုရားရေးရာဘက် တိုးတက်လာအောင် ကူညီပေးဖို့ ဖြစ်တယ်။ (ဧ. ၄:၁၃) ကျမ်းစာလေ့လာသူတွေက လေ့လာမှုကနေ ဘယ်လို အကျိုးရမလဲဆိုတာပဲ စိတ်ဝင်စားကြတယ်။ ဒါပေမဲ့ ယေဟောဝါကို ချစ်လာတဲ့အခါ ညီအစ်ကို/မတွေ အပါအဝင် တခြားသူတွေကို ဘယ်လို ကူညီနိုင်မလဲဆိုတာ စစဉ်းစားလာပါလိမ့်မယ်။ (မ. ၂၂:၃၇-၃၉) နိုင်ငံတော်လုပ်ငန်းအတွက် အလှူငွေ ထည့်လို့ရကြောင်း အခါအခွင့်သင့်တဲ့အခါ ပြောပြပါ။

ဘယ်လို ရှာဖွေလေ့လာရမယ်ဆိုတာ ညီအစ်ကိုက သင်သားကို သင်ပေးနေ။

ပြဿနာတွေ ကြုံရတဲ့အခါ ဘာလုပ်ရမလဲဆိုတာ သင်ပေးပါ (စာပိုဒ် ၁၅ ကိုကြည့်ပါ)

၁၅။ ပြဿနာတွေ ကြုံရတဲ့အခါ ကောင်းကောင်းမွန်မွန် ဖြေရှင်းတတ်အောင် သင်သားကို ဘယ်လို ကူညီပေးနိုင်သလဲ။

၁၅ ပြဿနာတွေ ကြုံရတဲ့အခါ ဘာလုပ်ရမယ်ဆိုတာ သင်သားကို သင်ပေးပါ။ ဥပမာ၊ နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူ သင်သားဟာ အသင်းတော်မှာ တစ်ယောက်ယောက်ကြောင့် စိတ်ထိခိုက်နေတယ်လို့ ပြောလာတယ် ဆိုပါစို့။ ဘယ်သူ မှန်တယ်၊ မှားတယ်ဆိုတာ မပြောဘဲ ကျမ်းစာမူတွေကို ရှင်းပြပါ။ ညီအစ်ကိုကို ခွင့်လွှတ်နိုင်ရင် ခွင့်လွှတ်ဖို့၊ ဒါမှမဟုတ် သူ့ဆီသွားပြီး သင့်မြတ်အောင် လုပ်ဖို့ ပြောပြပါ။ (မဿဲ ၁၈:၁၅ နဲ့ နှိုင်းယှဉ်ပါ။) သူဘာပြောသင့်သလဲဆိုတာကို ပြင်ဆင်ပေးပါ။ JW Library®၊ ကျမ်းစာလေ့လာမှုလမ်းညွှန် နဲ့ jw.org® ကို သုံးပြီး ဖြေရှင်းနည်းတွေကို ရှာတတ်အောင် သင်ပေးပါ။ နှစ်ခြင်းမခံခင် လေ့ကျင့်မှု များများရထားမှ နှစ်ခြင်းခံပြီးနောက် တခြားသူတွေနဲ့ ပိုအဆင်ပြေပြေ ပေါင်းသင်းနိုင်မှာ ဖြစ်တယ်။

၁၆။ သင်အံမှုမှာ တခြားကြေညာသူတွေကို ခေါ်သွားတာ ဘာကြောင့် အကျိုးရှိသလဲ။

၁၆ အသင်းတော်ထဲက ညီအစ်ကို/မတွေနဲ့ တိုက်နယ်ကြီးကြပ်မှူးကို သင်အံမှုလိုက်ဖို့ ဖိတ်ခေါ်ပါ။ ဘာကြောင့်လဲ။ အထက်မှာ ဖော်ပြခဲ့တဲ့ အကြောင်းရင်းတွေအပြင် သင် မကူညီပေးနိုင်တဲ့နည်းတွေနဲ့ တခြားသူတွေက သင်သားကို ကူညီပေးနိုင်လို့ပါ။ ဥပမာ၊ သင်သားက ဆေးလိပ်ဖြတ်ဖို့ အကြိမ်ကြိမ် ကြိုးစားပေမဲ့ ပြန်သောက်မိတယ် ဆိုပါစို့။ အကြိမ်ကြိမ် ကြိုးစားပြီးမှ ဒီအကျင့်ဆိုးကို ဖြတ်နိုင်ခဲ့တဲ့ သက်သေခံတစ်ယောက်ကို ခေါ်သွားပါ။ သူက သင်သား လိုအပ်နေတဲ့ လက်တွေ့ကျ အကြံပြုချက်တွေ ပေးနိုင်တယ်။ အတွေ့အကြုံရှိ ညီအစ်ကိုရှေ့မှာ သင်အံမှုလုပ်ဖို့ မဝံ့မရဲဖြစ်နေရင် သင်အံမှုလုပ်ပေးဖို့ အဲဒီညီအစ်ကိုကို အကူအညီတောင်းပါ။ တခြားသူတွေရဲ့ အတွေ့အကြုံတွေကနေ အကျိုးရယူပါ။ ကျွန်တော်တို့ရဲ့ ပန်းတိုင်က သင်သားကို ဘုရားရေးရာဘက် တိုးတက်လာအောင် ကူညီပေးဖို့ပါပဲ။

သင်အံမှုကို ရပ်လိုက်သင့်သလား

၁၇-၁၈။ သင်အံမှု ရပ်သင့်မသင့် ဆုံးဖြတ်တဲ့အခါ ဘာတွေ ထည့်စဉ်းစားသင့်သလဲ။

၁၇ ကျမ်းစာသင်သား မတိုးတက်တဲ့အခါ ‘ရပ်လိုက်သင့်သလား’ လို့ စဉ်းစားရတော့မယ်။ ဒီလိုအခြေအနေမှာ သင်သားရဲ့ စွမ်းရည်ကို ထည့်စဉ်းစားပါ။ လူတချို့က တခြားသူတွေထက် တိုးတက်ဖို့ အချိန်ပိုကြာတတ်တယ်။ ‘ငါ့သင်သားက အခြေအနေပေးသလောက် တိုးတက်နေသလား။ သိလာတာတွေကို “လိုက်နာ” နေပြီလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ (မ. ၂၈:၂၀) တိုးတက်မှု နှေးကွေးရင်တောင် ပုံမှန်တော့ တိုးတက်နေသင့်တယ်။

၁၈ အတော်ကြာကြာ လေ့လာမှု လုပ်ခဲ့ပေမဲ့ သင်အံမှုကို သိပ်တန်ဖိုးမထားဘူး ဆိုရင်ကော။ သင်သားဟာ သွန်သင်ရာ စာအုပ် ပြီးလို့ မေတ္တာတော် စာအုပ်ကို စလေ့လာနေပေမဲ့ အစည်းအဝေး တစ်ခါမှ လာမတက်ဘူး။ သတိရအောက်မေ့ပွဲတောင် မလာဘူး။ ဘာမဟုတ်တဲ့ ကိစ္စလေးတွေနဲ့ သင်အံမှုကို ဖျက်လေ့ရှိတယ်။ ဒါဆိုရင် ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးပါ။b

၁၉။ ကျမ်းစာလေ့လာမှုကို တန်ဖိုးထားပုံမရတဲ့ သင်သားကို ဘာပြောနိုင်သလဲ။ ဘာတွေ ထည့်စဉ်းစားရမလဲ။

၁၉ ‘ယေဟောဝါသက်သေ ဖြစ်ဖို့ အကြီးမားဆုံး အခက်အခဲက ဘာလဲ’ လို့ သင်သားကို မေးပါ။ ‘ကျမ်းစာ လေ့လာတာကို ကြိုက်ပေမဲ့ ယေဟောဝါသက်သေတော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး’ လို့ သင်သား ပြန်ဖြေနိုင်တယ်။ အချိန်အတော်ကြာ ကျမ်းစာလေ့လာပြီးနောက်မှာတောင် အဲဒီလိုသဘောထား ရှိနေတယ်ဆိုရင် သင်အံမှုကို ရပ်လိုက်သင့်တယ်။ ဒါမှမဟုတ် သင်သားက မတိုးတက်ရတဲ့ အကြောင်းရင်းကို ထုတ်ပြောလာနိုင်တယ်။ တစ်အိမ်တက်ဆင်း သွားနိုင်မှာ မဟုတ်ဘူးလို့ ခံစားနေရတာ ဖြစ်နိုင်တယ်။ သူ့ခံစားချက်ကို သိလိုက်ပြီဖြစ်လို့ အကောင်းဆုံး ကူညီပေးနိုင်တယ်။

ညီအစ်ကို နှစ်ယောက်ဟာ သင်အံမှုကို အာရုံမစိုက်တဲ့ လူငယ်တစ်ယောက်နဲ့ သင်အံမှုလုပ်နေ။

မတိုးတက်တဲ့ သင်အံမှုနဲ့ အချိန်ဖြုန်းမနေပါနဲ့ (စာပိုဒ် ၂၀ ကိုကြည့်ပါ)

၂၀။ သင်အံမှုကို ရပ်သင့်မသင့် ဆုံးဖြတ်ဖို့ တမန်တော် ၁၃:၄၈ က ဘယ်လို ကူညီနိုင်သလဲ။

၂၀ သင်သားတချို့ဟာ ယေဇကျေလခေတ်က အစ္စရေးတွေနဲ့ တူတယ်။ ယေဟောဝါက ယေဇကျေလကို “သူတို့အတွက်တော့ မင်းဟာ တူရိယာကို ပိုင်ပိုင်နိုင်နိုင် တီးခတ်ပြီး အချစ်သီချင်းကို ချိုချိုသာသာ ဆိုပြတဲ့သူ ဖြစ်နေတယ်။ မင်းပြောတာကို ကြားပေမဲ့ အဲဒီအတိုင်းလုပ်ကြမှာ မဟုတ်ဘူး” လို့ ပြောတယ်။ (ယေဇ. ၃၃:၃၂) သင်အံမှုကို ရပ်လိုက်တော့မယ်လို့ ပြောဖို့ ခက်နိုင်တယ်။ ဒါပေမဲ့ “အချိန်နည်းနည်းပဲ ကျန်တော့တယ်။” (၁ ကော. ၇:၂၉) မတိုးတက်တဲ့ သင်အံမှုနဲ့ အချိန်ဖြုန်းနေမယ့်အစား “ထာဝရအသက်ရဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစားတဲ့သူတွေ” ကို ရှာရမယ်။—တမန်တော် ၁၃:၄၈ ကိုဖတ်ပါ။

အမျိုးသမီးတစ်ယောက် ဆုတောင်းနေတုန်း ညီအစ်မနှစ်ယောက် အိမ်တံခါး လာခေါက်နေ။

အကူအညီ ရဖို့ ဆုတောင်းနေတဲ့သူတွေ သင့်ရပ်ကွက်မှာ ရှိနိုင်တယ် (စာပိုဒ် ၂၀ ကိုကြည့်ပါ)

၂၁။ ၂၀၂၀ နှစ်ချုပ်ကျမ်းချက်က ဘာလဲ။ အဲဒါက ဘာလုပ်ဖို့ ကူညီပေးသလဲ။

၂၁ ၂၀၂၀ အတွင်း တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ အရည်အသွေး တိုးတက်အောင် ကြိုးစားဖို့ နှစ်ချုပ်ကျမ်းချက်က ကူညီပေးပါလိမ့်မယ်။ ဒီနှစ် နှစ်ချုပ်ကျမ်းချက်ကတော့ ဂါလိလဲနယ်က တောင်ပေါ်မှာ ယေရှု ပြောခဲ့တဲ့ စကားတွေပါပဲ– ‘ဒါကြောင့် သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။ နှစ်ခြင်းပေးကြပါ။’—မ. ၂၈:၁၉။

သင်သား နှစ်ခြင်းခံနေ။

တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ စွမ်းရည် တိုးတက်အောင်၊ သင်သားတွေကို နှစ်ခြင်းခံတဲ့အထိ ကူညီပေးနိုင်အောင် ကြိုးစားဖို့ စိတ်ပိုင်းဖြတ်ထားပါ (စာပိုဒ် ၂၁ ကိုကြည့်ပါ)

သင် မှတ်မိသလား

  • ကျမ်းစာသင်သားကို စိတ်ထိမိအောင် သင်ပေးဖို့ ဘာကြောင့် အရေးကြီးသလဲ။ ဘယ်လို လုပ်နိုင်သလဲ။

  • ဘုရားရေးရာဘက် တိုးတက်လာအောင် သင်သားတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။

  • သင်အံမှုကို ရပ်သင့်မသင့် ဆုံးဖြတ်တဲ့အခါ ဘယ်အချက်တွေကို ထည့်စဉ်းစားသင့်သလဲ။

သီချင်း ၇၀ ထိုက်တန်သူတို့ကို ရှာဖွေပါ

a ၂၀၂၀ နှစ်ချုပ်ကျမ်းချက်က ‘တပည့်ဖြစ်စေ’ ဖို့ ကျွန်တော်တို့ကို အားပေးထားတယ်။ ဒီမိန့်မှာချက်က ယေဟောဝါရဲ့ ကျေးကျွန်အားလုံးနဲ့ သက်ဆိုင်တယ်။ ကျမ်းစာသင်သားတွေ ခရစ်တော်ရဲ့ တပည့်ဖြစ်လာဖို့ သူတို့ရဲ့ စိတ်နှလုံးကို ထိမိအောင် ဘယ်လို သွန်သင်ပေးနိုင်မလဲ။ ယေဟောဝါနဲ့ ရင်းနှီးလာအောင် ကျမ်းစာသင်သားတွေကို ဘယ်လို ကူညီနိုင်ကြောင်း၊ သင်အံမှုကို ရပ်သင့်မရပ်သင့် ဘယ်လို ဆုံးဖြတ်နိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

b JW Library® မှာ မတိုးတက်တဲ့ ကျမ်းစာသင်အံမှုတွေကို ရပ်လိုက်ခြင်း ဗီဒီယိုကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ