လေ့လာရန် ဆောင်းပါး ၂၉
‘သွားပြီး တပည့်ဖြစ်လာအောင် သွန်သင်ပေးကြပါ’
“လူမျိုးတကာဆီ သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။”—မ. ၂၈:၁၉။
သီချင်း ၆၀ အသက်ရေး
အကြိုသုံးသပ်ချက်a
၁-၂။ (က) မဿဲ ၂၈:၁၈-၂၀ မှာပါတဲ့ ယေရှုမိန့်မှာချက်အရ ခရစ်ယာန်အသင်းတော်ရဲ့ အဓိကတာဝန်ဟာ ဘာလဲ။ (ခ) ဒီဆောင်းပါးမှာ ဘယ်မေးခွန်းတွေ ဆွေးနွေးမလဲ။
တောင်ပေါ်မှာ စုဝေးနေတဲ့ တမန်တော်တွေ စိတ်လှုပ်ရှားနေကြတယ်။ ယေရှုက ရှင်ပြန်ထမြောက်ပြီးနောက် ဒီနေရာမှာ ဆုံဖို့ ချိန်းထားတယ်။ (မ. ၂၈:၁၆) ‘ညီအစ်ကို ၅၀၀ ကျော်ရှေ့ ကိုယ်ထင်ပြ’ တာ ဒီတစ်ကြိမ် ဖြစ်နိုင်တယ်။ (၁ ကော. ၁၅:၆) ယေရှု ဘာကြောင့် ဒီလို စုဝေးခိုင်းတာလဲ။ “လူမျိုးတကာဆီ သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ” ဆိုတဲ့ စိတ်လှုပ်ရှားစရာ တာဝန်ကို အပ်နှင်းဖို့ပဲ။—မဿဲ ၂၈:၁၈-၂၀ ကိုဖတ်ပါ။
၂ ယေရှုရဲ့စကားကို ကြားတဲ့ တပည့်တွေဟာ ပထမရာစု ခရစ်ယာန်အသင်းတော်ရဲ့ အဖွဲ့ဝင်တွေ ဖြစ်လာတယ်။ အဲဒီအသင်းတော်ရဲ့ အဓိကတာဝန်ကတော့ တပည့်ဖြစ်စေဖို့ပဲ။b ဒီနေ့ ကမ္ဘာတစ်ဝန်းမှာ ရှိနေတဲ့ ခရစ်ယာန်အသင်းတော် ထောင်ပေါင်းများစွာရဲ့ အဓိကတာဝန်ကလည်း တပည့်ဖြစ်စေဖို့ပါပဲ။ ဒီဆောင်းပါးမှာ မေးခွန်းလေးခုကို ဆွေးနွေးပါမယ်– တပည့်ဖြစ်စေခြင်းလုပ်ငန်း ဘာကြောင့် အလွန်အရေးကြီးသလဲ။ ဒီလုပ်ငန်းမှာ ဘာတွေ ပါဝင်သလဲ။ ဒီလုပ်ငန်းဟာ ခရစ်ယာန်အားလုံးနဲ့ ဆိုင်သလား။ ဒီလုပ်ငန်းမှာ စိတ်ရှည်မှု ဘာကြောင့် လိုအပ်သလဲ။
တပည့်ဖြစ်စေခြင်းလုပ်ငန်း ဘာကြောင့် အလွန်အရေးကြီးသလဲ
၃။ ယောဟန် ၁၄:၆ နဲ့ ၁၇:၃ အရ တပည့်ဖြစ်စေခြင်းလုပ်ငန်း ဘာကြောင့် အလွန် အရေးကြီးသလဲ။
၃ တပည့်ဖြစ်စေခြင်းလုပ်ငန်း ဘာကြောင့် အလွန်အရေးကြီးသလဲ။ ခရစ်တော်ရဲ့ တပည့်တွေသာ ဘုရားနဲ့ မိတ်ဆွေဖြစ်နိုင်လို့ပဲ။ အဲဒီအပြင် သူတို့ဟာ လောလောဆယ် ပိုကောင်းတဲ့အသက်တာကို ပိုင်ဆိုင်ပြီး အနာဂတ်မှာ ထာဝရအသက် ရမယ်ဆိုတဲ့ မျှော်လင့်ချက် ရှိထားကြတယ်။ (ယောဟန် ၁၄:၆။ ၁၇:၃ ကိုဖတ်ပါ။) ယေရှု အပ်နှင်းထားတဲ့ အရေးကြီးတာဝန်ကို ကိုယ့်အစွမ်းအစနဲ့ လုပ်ဆောင်နေကြတာ မဟုတ်ဘူး။ “ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်တွေပါ” လို့ တမန်တော်ပေါလု ပြောတယ်။ (၁ ကော. ၃:၉) မစုံလင်တဲ့ လူသားတွေကို ယေဟောဝါနဲ့ ယေရှု ပေးထားတဲ့ အခွင့်ထူးပါပဲ။
၄။ အီဗန်နဲ့ မာတီးဒါရဲ့ တွေ့ကြုံမှုကနေ ဘာသင်ယူနိုင်သလဲ။
၄ တပည့်ဖြစ်စေခြင်းလုပ်ငန်းဟာ ကျွန်တော်တို့ကို ပျော်ရွှင်စေနိုင်တယ်။ ကိုလံဘီယာနိုင်ငံက အီဗန်နဲ့ ဇနီး မာတီးဒါအကြောင်း သုံးသပ်ကြည့်ပါ။ သူတို့ သက်သေခံတဲ့ လူငယ်ဒီဘီယာက “ကျွန်တော့်ဘဝကို ပြောင်းလဲချင်ပေမဲ့ ပြောင်းဖို့ ခက်တယ်” လို့ ပြောတယ်။ သူဟာ မူးယစ်ဆေးနဲ့ အရက် အလွန်အကျွံ သုံးတဲ့ လက်ဝှေ့သမားဖြစ်ပြီး ရည်းစားဖြစ်သူ အဲရစ်ကာနဲ့ အတူနေတယ်။ အီဗန် ဒီလိုပြောတယ်– “သူနေတဲ့ရွာကို ရောက်ဖို့ ရွှံ့ထူတဲ့ လမ်းတစ်လျှောက် နာရီပေါင်းများစွာ စက်ဘီး စီးသွားရတယ်။ ဒီဘီယာရဲ့ အကျင့်နဲ့ သဘောထား တိုးတက်ပြောင်းလဲလာတာကို တွေ့တဲ့အခါ အဲရစ်ကာလည်း ကျမ်းစာလေ့လာမှုမှာ ပါဝင်လာတယ်။” တဖြည်းဖြည်း ဒီဘီယာဟာ မူးယစ်ဆေး၊ အရက်နဲ့ လက်ဝှေ့ထိုးတာကို စွန့်လိုက်ပြီး အဲရစ်ကာနဲ့ လက်ထပ်လိုက်တယ်။ “၂၀၁၆ မှာ ဒီဘီယာနဲ့ အဲရစ်ကာ နှစ်ခြင်းခံတော့ ‘ကျွန်တော့်ဘဝကို ပြောင်းလဲချင်ပေမဲ့ ပြောင်းဖို့ ခက်တယ်’ ဆိုတဲ့ ဒီဘီယာရဲ့ စကားကို ပြန်အမှတ်ရပြီး ကျွန်မတို့ မျက်ရည်မဆည်နိုင်အောင် ဖြစ်ရတယ်” လို့ မာတီးဒါ ပြောတယ်။ လူတွေကို ခရစ်တော်ရဲ့ တပည့်ဖြစ်လာအောင် ကူညီပေးတဲ့အခါ ကျွန်တော်တို့ အလွန်ပျော်ရွှင်ကြတယ်။
တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ဘာတွေ ပါဝင်သလဲ
၅။ တပည့်ဖြစ်စေခြင်းလုပ်ငန်းရဲ့ ပထမအဆင့်က ဘာလဲ။
၅ စိတ်ရင်းမှန်သူကို “ရှာ” တာက တပည့်ဖြစ်စေခြင်းလုပ်ငန်းရဲ့ ပထမအဆင့် ဖြစ်တယ်။ (မ. ၁၀:၁၁) လူတိုင်းကို သက်သေခံခြင်းအားဖြင့် ယေဟောဝါသက်သေဖြစ်ကြောင်း ကျွန်တော်တို့ ဖော်ပြကြတယ်။ ဟောပြောပါဆိုတဲ့ ခရစ်တော်ရဲ့ မိန့်မှာချက်ကို လိုက်နာခြင်းအားဖြင့် ခရစ်ယာန်စစ်တွေဖြစ်ကြောင်း ဖော်ပြကြတယ်။
၆။ အမှုဆောင်လုပ်ငန်းမှာ အောင်မြင်ဖို့ ဘာက ကူညီပေးနိုင်သလဲ။
၆ လူတချို့က ကျမ်းစာအမှန်တရားကို သင်ယူချင်ကြတယ်။ အများစုကတော့ အစပိုင်းမှာ စိတ်ဝင်စားပုံ မရဘူး။ ဒါကြောင့် သူတို့ရဲ့ စိတ်ဝင်စားမှုကို နှိုးဆွပေးရမယ်။ အမှုဆောင်လုပ်ငန်းမှာ အောင်မြင်ဖို့ အသေအချာ ပြင်ဆင်ရမယ်။ လူတွေ စိတ်ဝင်စားမယ့် သတ်သတ်မှတ်မှတ် အကြောင်းအရာတွေကို ရွေးပြီး ဘယ်လို တင်ဆက်မယ်ဆိုတာ စီစဉ်ထားရမယ်။
၇။ ဘယ်လို စကားစပြောနိုင်သလဲ။ အိမ်ရှင်ပြောတာကို နားထောင်ဖို့၊ လေးစားမှုပြဖို့ ဘာကြောင့် အရေးကြီးသလဲ။
၇ ဥပမာ၊ “ကမ္ဘာတစ်ဝန်းမှာ လူတွေ ပြဿနာများစွာ ရင်ဆိုင်နေရတယ်။ ကမ္ဘာ့ပြဿနာတွေကို လူ့အစိုးရတွေ ဖြေရှင်းနိုင်မယ်လို့ ထင်သလား” ဆိုပြီး အိမ်ရှင်ကို မေးနိုင်တယ်။ ပြီးနောက် ဒံယေလ ၂:၄၄ ကို ဆွေးနွေးနိုင်တယ်။ ဒီလိုလည်း ပြောနိုင်တယ်– “သားသမီးတွေ လိမ္မာရေးခြား ရှိအောင် သင်ပေးနိုင်တဲ့ အကောင်းဆုံးနည်းက ဘာဖြစ်မယ်ထင်သလဲ” လို့ မေးပြီး တရားဟောရာ ၆:၆၊ ၇ ကို ဆွေးနွေးနိုင်တယ်။ ဘယ်အကြောင်းအရာကိုပဲ ဆွေးနွေးပါစေ အိမ်ရှင်ကို ထည့်စဉ်းစားပါ။ ကျမ်းစာသွန်သင်ချက်ကနေ သူတို့ ဘယ်လို အကျိုးရမယ်ဆိုတာ စဉ်းစားပါ။ သူတို့ပြောတာကို နားထောင်ဖို့၊ သူတို့ရဲ့ အမြင်ကို လေးစားဖို့ အရေးကြီးတယ်။ ဒါမှ သူတို့အကြောင်း ပိုသိလာပြီး သူတို့လည်း ကိုယ်ပြောတာကို ပိုနားထောင်လာမယ်။
၈။ ပြန်လည်ပတ်ဖို့ ဘာကြောင့် စိတ်ရှည်ရမလဲ။
၈ ကျမ်းစာလေ့လာတဲ့ အဆင့်အထိ ရောက်ဖို့ဆိုရင် အချိန်နဲ့ ခွန်အားများစွာ စိုက်ထုတ်ပြီး ပြန်လည်ပတ်ဖို့ လိုနိုင်တယ်။ ဘာကြောင့်လဲ။ ကိုယ်ပြန်သွားတဲ့အခါ သူတို့ အိမ်မှာ ရှိချင်မှရှိမှာ ဖြစ်လို့ပဲ။ အဲဒီအပြင် ကျမ်းစာလေ့လာမှု လက်ခံလာတဲ့အထိ ရင်းနှီးအောင် အကြိမ်ကြိမ် ပြန်လည်ပတ်ဖို့ လိုနိုင်တယ်။ ပုံမှန် ရေလောင်းမှ အပင်တစ်ပင်ဟာ ကြီးထွားလာမယ်။ အလားတူပဲ၊ စိတ်ဝင်စားသူနဲ့ ပုံမှန် ကျမ်းစာလေ့လာမှ သူ့မှာ ယေဟောဝါနဲ့ ခရစ်တော်ကို ချစ်တဲ့စိတ် တိုးလာမယ်။
တပည့်ဖြစ်စေခြင်းလုပ်ငန်းဟာ ခရစ်ယာန်အားလုံးနဲ့ ဆိုင်သလား
ထိုက်တန်သူတွေကို ရှာဖွေရာမှာ ကမ္ဘာတစ်ဝန်းက သက်သေခံတွေ ပါဝင်နေ (အပိုဒ် ၉-၁၀ ကိုကြည့်ပါ)c
၉-၁၀။ စိတ်ရိုးဖြောင့်သူတွေကို ရှာဖွေရေးဟာ ခရစ်ယာန်ယောက်တိုင်းနဲ့ ဆိုင်တယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။
၉ စိတ်ရိုးဖြောင့်သူတွေကို ရှာဖွေရေးဟာ ခရစ်ယာန်ယောက်တိုင်းနဲ့ ဆိုင်တယ်။ ပျောက်နေတဲ့ ကလေးကို လိုက်ရှာတာနဲ့ ဥပမာပေးနိုင်တယ်။ သုံးနှစ်သားလေး ပျောက်သွားတဲ့ ဖြစ်ရပ်မှန်တစ်ခုကို သုံးသပ်ကြည့်ပါ။ ရှာဖွေရေးမှာ လူ ၅၀၀ လောက် ပါဝင်ခဲ့တယ်။ နာရီ ၂၀ လောက် ရှာပြီးမှ လူတစ်ယောက်က ပြောင်းခင်းထဲမှာ ကလေးကို ရှာတွေ့တယ်။ အဲဒီလူက သူရှာတွေ့တာပါဆိုပြီး နာမည်ယူမယ့်အစား “ကျွန်တော်တို့အားလုံး စုပေါင်းရှာဖွေလို့ တွေ့တာပါ” ဆိုပြီး ပြောတယ်။
၁၀ လူများစွာလည်း အဲဒီကလေးလိုပဲ လမ်းပျောက်နေကြတယ်။ မျှော်လင့်ချက်မဲ့ပြီး အကူအညီ လိုနေကြတယ်။ (ဧ. ၂:၁၂) အဲဒီထိုက်တန်သူတွေကို ရှာဖွေရာမှာ လူရှစ်သန်းကျော် ပါဝင်နေတယ်။ ကျမ်းစာလေ့လာချင်သူကို သင်ကိုယ်တိုင် ရှာမတွေ့ရင်တောင် အဲဒီရပ်ကွက်မှာပဲ နောက်ကြေညာသူတစ်ယောက်က ရှာတွေ့နိုင်တယ်။ တပည့်ဖြစ်လာမယ့်သူကို ညီအစ်ကို/မ တစ်ယောက်ယောက် ရှာတွေ့တဲ့အခါ ရှာဖွေခြင်းလုပ်ငန်းမှာ ပါဝင်သူအားလုံး ပျော်ရွှင်ကြတယ်။
၁၁။ သင့်မှာ ကျမ်းစာသင်အံမှု မရှိရင်တောင် တပည့်ဖြစ်စေခြင်းလုပ်ငန်းကို ဘယ်နည်းတွေနဲ့ ထောက်မနိုင်သလဲ။
၁၁ လောလောဆယ် သင့်မှာ ကျမ်းစာသင်အံမှု မရှိရင်တောင် တပည့်ဖြစ်စေခြင်းလုပ်ငန်းကို တခြားနည်းတွေနဲ့ ထောက်မနိုင်တယ်။ ဥပမာ၊ လူသစ်တွေ နိုင်ငံတော်ခန်းမကို လာတဲ့အခါ ကြိုဆိုပြီး ကူညီပေးနိုင်တယ်။ ဒီနည်းနဲ့ ခရစ်ယာန်စစ်တွေရဲ့ အမှတ်အသားဟာ မေတ္တာဖြစ်ကြောင်း သိစေနိုင်တယ်။ (ယော. ၁၃:၃၄၊ ၃၅) အစည်းအဝေးတွေမှာ သင့်ရဲ့ မှတ်ချက်တိုလေးတွေက ခံစားချက်ကို စိတ်ရင်းမှန်နဲ့ လေးလေးစားစား ဖော်ပြတတ်အောင် လူသစ်တွေကို သင်ပေးနိုင်တယ်။ အမှုဆောင်မှာလည်း ကျမ်းစာသုံးပြီး သွန်သင်တတ်အောင် ကြေညာသူသစ်တွေကို ကူညီပေးနိုင်တယ်။ ဒါတွေဟာ ခရစ်တော်ကို တုပတတ်အောင် သင်ပေးနေတာဖြစ်တယ်။—လု. ၁၀:၂၅-၂၈။
၁၂။ တပည့်ဖြစ်လာအောင် သွန်သင်ပေးဖို့ အထူးစွမ်းရည်တွေ လိုသလား။ ရှင်းပြပါ။
၁၂ ယေရှုရဲ့တပည့် ဖြစ်လာအောင် သွန်သင်ပေးဖို့ အထူးစွမ်းရည်တွေ ရှိမှ ဖြစ်မယ်လို့ မထင်သင့်ဘူး။ ဘိုလီးဗီးယားနိုင်ငံမှာနေတဲ့ ညီအစ်မ ဖူစတီနာအကြောင်း သုံးသပ်ကြည့်ပါ။ ယေဟောဝါသက်သေတွေနဲ့ စတွေ့တုန်းက သူ စာမဖတ်တတ်ဘူး။ အခုဆို စာနည်းနည်း တတ်နေပြီ။ နှစ်ခြင်းခံပြီး တခြားသူတွေကို သွန်သင်ပေးနေပြီ။ အပတ်တိုင်း ကျမ်းစာသင်အံမှု ငါးခု ကျင်းပနေတယ်။ ကျမ်းစာသင်သားတွေလောက် စာမတတ်ပေမဲ့ လူခြောက်ယောက်ကို နှစ်ခြင်းခံတဲ့အထိ ကူညီပေးနိုင်ခဲ့ပြီ။—လု. ၁၀:၂၁။
၁၃။ အလုပ်များရင်တောင် တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ပါဝင်ရင် ဘာကောင်းချီးတွေ ရမလဲ။
၁၃ ခရစ်ယာန်များစွာမှာ တခြားတာဝန်တွေလည်း ရှိတယ်။ ဒါတောင် ကျမ်းစာသင်အံမှု လုပ်ဖို့ အချိန်ပေးနေကြတယ်။ အလာစကာပြည်နယ်မှာနေတဲ့ မီလာနီအကြောင်း သုံးသပ်ကြည့်ပါ။ သူဟာ ရှစ်နှစ်သမီးကို ကျွေးမွေးစောင့်ရှောက်နေတဲ့ တစ်ကိုယ်ရေမိခင်ဖြစ်တယ်။ အချိန်ပြည့်အလုပ် လုပ်ရတယ်။ ကင်ဆာဖြစ်နေတဲ့ အဖေကိုလည်း ပြုစုနေရတယ်။ သူတို့မြို့လေးမှာ သက်သေခံဆိုလို့ သူတစ်ယောက်ပဲ ရှိတယ်။ ကျမ်းစာ တကယ်လေ့လာချင်သူကို ရှာတွေ့ချင်လို့ အအေးဒဏ်ကြား ဟောပြောနိုင်ဖို့ ခွန်အားပေးပါဆိုပြီး ဆုတောင်းတယ်။ နောက်တော့ စာရာနဲ့ တွေ့တယ်။ ဘုရားမှာ နာမည်ရှိတယ်လို့ သိလိုက်ရတော့ စာရာ စိတ်လှုပ်ရှားသွားတယ်။ အဲဒီနောက် ကျမ်းစာလေ့လာဖို့ လက်ခံလိုက်တယ်။ “သောကြာနေ့ ညနေဆိုရင် မောပန်းနေပေမဲ့ စာရာကို ကျမ်းစာသင်ပေးရာကနေ သမီးနဲ့ ကျွန်မ အကျိုးရတယ်။ စာရာ မေးတာတွေကို ဖြေနိုင်ဖို့ ရှာဖွေလေ့လာရတာ ပျော်စရာပဲ။ သူ ယေဟောဝါရဲ့ မိတ်ဆွေဖြစ်လာတာ မြင်ရလို့ ကျွန်မတို့ သိပ်ဝမ်းသာတယ်” လို့ မီလာနီ ပြောတယ်။ စာရာဟာ ဆန့်ကျင်မှုတွေကို သတ္တိရှိရှိ ရင်ဆိုင်ပြီး ချာ့ချ်ကနေ နုတ်ထွက်လိုက်တယ်။ ပြီးနောက် နှစ်ခြင်းခံခဲ့တယ်။
တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ စိတ်ရှည်မှု ဘာကြောင့် လိုအပ်သလဲ
၁၄။ (က) တပည့်ဖြစ်စေခြင်းလုပ်ငန်းဟာ ငါးဖမ်းလုပ်ငန်းနဲ့ ဘယ်လို ဆင်တူသလဲ။ (ခ) ၂ တိမောသေ ၄:၁၊ ၂ မှာပါတဲ့ ပေါလုရဲ့ စကားက ဘာလုပ်ဖို့ သင့်ကို လှုံ့ဆော်ပေးသလဲ။
၁၄ အမှုဆောင်လုပ်ငန်းမှာ တုံ့ပြန်မှု မရှိဘူးလို့ ထင်ရရင်တောင် တပည့်ဖြစ်လာနိုင်သူတွေကို တွေ့မယ်ဆိုတဲ့ မျှော်လင့်ချက်ကို မစွန့်ပါနဲ့။ တပည့်ဖြစ်စေခြင်းလုပ်ငန်းကို ငါးဖမ်းလုပ်ငန်းနဲ့ ယေရှု နှိုင်းယှဉ်ခဲ့ကြောင်း သတိရပါ။ တံငါသည်တွေဟာ ငါးရဖို့ နာရီပေါင်းများစွာ အချိန်ပေးရတယ်။ တစ်ခါတလေ ညနက်ပိုင်း၊ တစ်ခါတလေ မနက်စောစောမှာ ဖမ်းရတယ်။ ရေနက်ပိုင်းအထိ အဝေးကြီး သွားရတဲ့အခါတွေလည်း ရှိတယ်။ (လု. ၅:၅) အလားတူပဲ၊ ခရစ်ယာန်တချို့ဟာ အချိန်နဲ့ နေရာ အမျိုးမျိုးမှာ နာရီပေါင်းများစွာ သုံးပြီး စိတ်ရှည်ရှည် ဟောပြောနေကြတယ်။ လူတွေကို ပိုတွေ့နိုင်ဖို့ပဲ။ ပိုအားထုတ်သူတွေဟာ စိတ်ဝင်စားသူတွေကို ရှာတွေ့လေ့ရှိတယ်။ တစ်နေ့တာအတွင်း လူတွေကို ပိုတွေ့နိုင်မယ့် အချိန်နဲ့ နေရာမှာ ဟောပြောဖို့ သင် ကြိုးစားနိုင်မလား။—၂ တိမောသေ ၄:၁၊ ၂ ကိုဖတ်ပါ။
ဘုရားရေးရာဘက် တိုးတက်လာဖို့ သင်သားကို စိတ်ရှည်စွာ ကူညီပါ (အပိုဒ် ၁၅-၁၆ ကိုကြည့်ပါ)d
၁၅။ ကျမ်းစာသင်အံမှုလုပ်တဲ့အခါ ဘာကြောင့် စိတ်ရှည်ရမလဲ။
၁၅ ကျမ်းစာသင်အံမှု လုပ်တဲ့အခါ ဘာကြောင့် စိတ်ရှည်ရမလဲ။ အကြောင်းရင်းတစ်ခုကတော့ ကျမ်းစာ အယူဝါဒတွေကို ကျမ်းစာသင်သား သိလာပြီး နှစ်သက်လာရုံလောက်သာ မဟုတ်ဘဲ ကျမ်းစာ အာဘော်ရှင် ယေဟောဝါကို သိလာပြီး ချစ်လာအောင် ကူညီပေးရမှာ ဖြစ်လို့ပဲ။ တပည့်တွေဆီကနေ ယေရှု ဘာတွေ တောင်းဆိုထားကြောင်း သင်ပေးရုံမက ခရစ်ယာန်စစ်အဖြစ် ဘယ်လို အသက်ရှင်နေထိုင်နိုင်ကြောင်းကိုပါ သင်ပေးရမယ်။ ကျမ်းစာမူတွေကို လက်တွေ့ကျင့်သုံးဖို့ သူကြိုးစားတဲ့အခါ စိတ်ရှည်စွာ ကူညီပေးရမယ်။ တချို့က လအနည်းငယ်အတွင်း စဉ်းစားတွေးခေါ်ပုံနဲ့ အကျင့်တွေ ပြောင်းလဲနိုင်ကြတယ်။ တချို့ကတော့ အဲဒီထက် ပိုကြာတတ်တယ်။
၁၆။ ရာအူရဲ့ ဖြစ်ရပ်ကနေ ဘာသင်ယူရသလဲ။
၁၆ ပီရူးနိုင်ငံက သာသနာပြုတစ်ယောက် စိတ်ရှည်လို့ အကျိုးရခဲ့တယ်။ “ရာအူဆိုတဲ့ ကျမ်းစာသင်သားနဲ့ စာအုပ်နှစ်အုပ် ကုန်တဲ့အထိ လေ့လာခဲ့ပေမဲ့ သူ့ဘဝမှာ စိန်ခေါ်ချက်တွေ ရင်ဆိုင်နေရတုန်းပဲ။ အိမ်ထောင်ရေး အဆင်မပြေဘူး။ ဆဲဆိုတယ်။ သားသမီးတွေကလည်း သူ့ကို မလေးစားကြဘူး။ အစည်းအဝေးကိုတော့ ပုံမှန်တက်နေတဲ့အတွက် သူနဲ့ မိသားစုဆီ ကျွန်တော် ဆက်လည်ပတ်ခဲ့တယ်။ သူနဲ့တွေ့ပြီး သုံးနှစ်ကျော်မှ နှစ်ခြင်းခံဖို့ အရည်အချင်း ပြည့်လာတယ်။”
၁၇။ နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၁၇ “လူမျိုးတကာဆီ သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ” လို့ ယေရှု ပြောတယ်။ အဲဒီတာဝန် ထမ်းဆောင်တဲ့အခါ ကျွန်တော်တို့နဲ့ အတွေးအခေါ် မတူသူတွေ၊ ဘာသာတရားမဲ့သူတွေ၊ ဘုရား ရှိတာကို မယုံသူတွေနဲ့ ဆုံရလေ့ရှိတယ်။ နောက်ခံအမျိုးမျိုး ရှိသူတွေကို သတင်းကောင်း ဘယ်လို ဟောနိုင်ကြောင်း နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။
သီချင်း ၆၈ နိုင်ငံတော် မျိုးစေ့ ကြဲခြင်း
a ခရစ်ယာန် အသင်းတော်ရဲ့ အဓိက တာဝန်က လူတွေကို ခရစ်တော်ရဲ့ တပည့်ဖြစ်လာအောင် ကူညီပေးဖို့ ဖြစ်တယ်။ အဲဒီတာဝန် ကျေပွန်နိုင်ဖို့ လက်တွေ့ကျ အကြံပြုချက်တွေကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။
b စကားလုံး ရှင်းလင်းချက်– တပည့်တွေဟာ ယေရှုခရစ်ရဲ့ သွန်သင်ချက်တွေကို သင်ယူရုံသာမဟုတ်ဘဲ လက်တွေ့ကျင့်သုံးကြတယ်။ ယေရှုရဲ့ ခြေရာ၊ ပုံသက်သေကို အတတ်နိုင်ဆုံး အနီးကပ် လိုက်လျှောက်ကြတယ်။—၁ ပေ. ၂:၂၁။
c ပုံအညွှန်း– အားလပ်ရက် ခရီးထွက်မယ့် အမျိုးသားတစ်ယောက် လေဆိပ်မှာ သက်သေခံတွေဆီက စာပေ ရရှိ။ နောက်ပိုင်း သူရောက်သွားတဲ့ နိုင်ငံမှာ လည်ပတ်ကြည့်ရှုနေတုန်း လူထုရှေ့သက်သေခံနေတဲ့ ညီအစ်ကိုတွေကို တွေ့။ သူ့နိုင်ငံ ပြန်ရောက်တဲ့အခါ အိမ်ကို ကြေညာသူတွေ ရောက်လာ။
d ပုံအညွှန်း– အဲဒီအမျိုးသား ကျမ်းစာသင်အံမှု လက်ခံပြီးနောက် နှစ်ခြင်းခံဖို့ အရည်အချင်း ပြည့်မီလာ။