ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၂ ဩဂုတ် စာ. ၁၄-၁၉
  • ‘အမှန်တရားလမ်းစဉ်မှာ လျှောက်လှမ်းနေပါ’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘အမှန်တရားလမ်းစဉ်မှာ လျှောက်လှမ်းနေပါ’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “အမှန်တရား” ကို မြတ်နိုးရတဲ့ အကြောင်းရင်း
  • အမှန်တရားကို မြတ်နိုးကြောင်း ပြနိုင်ပုံ
  • “အမှန်တရားလမ်းမှာ လျှောက်ပါ့မယ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • အမှန်တရားကို အဘယ်ကြောင့်ရှာဖွေသင့်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခရစ်ယာန်များသည် ဝိညာဉ်နှင့် အမှန်တရားဖြင့် ဝတ်ပြုကိုးကွယ်ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • အမှန်တရား၏ဘုရားသခင်ကို တုပခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
က၂၂ ဩဂုတ် စာ. ၁၄-၁၉

လေ့လာရန် ဆောင်းပါး ၃၄

‘အမှန်တရားလမ်းစဉ်မှာ လျှောက်လှမ်းနေပါ’

‘အမှန်တရားလမ်းစဉ်မှာ လျှောက်လှမ်းနေပါ။’—၃ ယော. ၄။

သီချင်း ၁၁၁ တို့ဝမ်းမြောက်ရတဲ့အကြောင်းများ

အကြိုသုံးသပ်ချက်a

၁။ “အမှန်တရား” ရလာပုံအကြောင်း ပြောဆိုခြင်းကနေ ဘယ်လို အကျိုးရသလဲ။

“အမှန်တရားထဲ ဘယ်လို ရောက်လာသလဲ။” ဒီမေးခွန်းကို အကြိမ်များစွာ ဖြေခဲ့ဖူးမှာပဲ။ ညီအစ်ကို/မ အချင်းချင်း စတွေ့ချိန်မှာ အဲဒီလို မေးလေ့ရှိတယ်။ ယေဟောဝါဘုရားကို ညီအစ်ကို/မတွေ ဘယ်လို သိကျွမ်းချစ်ခင်လာသလဲဆိုတာ ကျွန်တော်တို့ ကြားချင်တယ်။ အမှန်တရားက ကျွန်တော်တို့အတွက် ဘာအဓိပ္ပာယ် ရှိကြောင်း ပြောပြချင်ကြတယ်။ (ရော. ၁:၁၁) အဲဒီလို ပြောဆိုတာတွေက အမှန်တရား ဘယ်လောက် အဖိုးတန်သလဲဆိုတာ သတိရစေတယ်။ “အမှန်တရားလမ်းစဉ်မှာ လျှောက်လှမ်းနေ” မယ်၊ ယေဟောဝါရဲ့ ကောင်းချီး၊ မျက်နှာသာ ရစေမယ့် ဘဝလမ်းစဉ်အတိုင်း ဆက်နေထိုင်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်ကိုလည်း ပိုခိုင်မာစေတယ်။—၃ ယော. ၄။

၂။ ဒီဆောင်းပါးမှာ ဘာအကြောင်း သုံးသပ်ကြမလဲ။

၂ အမှန်တရားကို မြတ်နိုးရတဲ့ အကြောင်းရင်းတချို့နဲ့ ဒီအဖိုးတန် လက်ဆောင်ကို မြတ်နိုးကြောင်း ဘယ်လို ဆက်ပြနိုင်မလဲဆိုတာ ဒီဆောင်းပါးမှာ သုံးသပ်ကြပါမယ်။ ဒါက အမှန်တရားထဲ ဆွဲဆောင်ခဲ့တဲ့ ယေဟောဝါကို ကျေးဇူးတင်စိတ်၊ တခြားသူတွေကို အမှန်တရားအကြောင်း ဝေမျှချင်စိတ် တိုးများစေပါလိမ့်မယ်။—ယော. ၆:၄၄။

“အမှန်တရား” ကို မြတ်နိုးရတဲ့ အကြောင်းရင်း

၃။ အမှန်တရားကို ကျွန်တော်တို့ မြတ်နိုးရတဲ့ အရေးကြီးဆုံး အကြောင်းရင်းက ဘာလဲ။

၃ အမှန်တရားကို ကျွန်တော်တို့ မြတ်နိုးရတဲ့ အကြောင်းရင်း များစွာ ရှိတယ်။ အရေးကြီးဆုံးကတော့ အမှန်တရားရဲ့ ပင်ရင်း ယေဟောဝါဘုရားကို ချစ်လို့ပါပဲ။ ယေဟောဝါဟာ ကောင်းကင်၊ မြေကြီးကို ဖန်ဆင်းတဲ့ တန်ခိုးရှင်လောက်သာ မဟုတ်ဘဲ ကျွန်တော်တို့ကို ဂရုစိုက်တဲ့ မေတ္တာရှင် ကောင်းကင်ဘုံစံ အဖ ဖြစ်ကြောင်း ကျမ်းစာ လေ့လာတဲ့အခါ ကျွန်တော်တို့ သိလာတယ်။ (၁ ပေ. ၅:၇) ‘ကရုဏာရှိပြီး သနားစာနာတတ်တဲ့ဘုရား၊ အမျက်ထွက်နှေးပြီး ခိုင်မြဲတဲ့ မေတ္တာနဲ့ သစ္စာတရား ကြီးမားတဲ့ဘုရား’ ဖြစ်ကြောင်းလည်း သိလာတယ်။ (ထွ. ၃၄:၆) တရားမျှတမှုကို ယေဟောဝါ နှစ်သက်တယ်။ (ဟေရှာ. ၆၁:၈) ကျွန်တော်တို့ ဒုက္ခရောက်တာ မြင်တဲ့အခါ စိတ်ထိခိုက်တယ်။ သတ်မှတ်ထားချိန်မှာ ဆင်းရဲဒုက္ခအားလုံးကို အဆုံးတိုင်ပေးဖို့ စိတ်ပြင်းပြနေတယ်။ (ယေ. ၂၉:၁၁) အဲဒါကြောင့် ယေဟောဝါကို ကျွန်တော်တို့ သိပ်ချစ်ကြတယ်။

ပုံ– ကျောက်ဆူးပုံ။ ၁။ ပရဒိသု ကမ္ဘာမြေက တောင်တန်း၊ စိမ်းလန်းတဲ့ ချိုင့်ဝှမ်း၊ စီးဆင်းနေတဲ့ မြစ်။ ၂။ ညီအစ်မတစ်ယောက် အမျိုးသမီးတစ်ယောက်ကို ဟောပြောနေ။

ကျမ်းစာအမှန်တရားဟာ ဘာနဲ့ တူသလဲ . . . ကျောက်ဆူး

ကျောက်ဆူးက သင်္ဘောကို တည်ငြိမ်စေသလို ကျမ်းစာအခြေပြု မျှော်လင့်ချက်က စမ်းသပ်မှုတွေ ကြုံရတဲ့အခါ ကျွန်တော်တို့ကို တည်ငြိမ်စေတယ်။ တခြားသူတွေကို အနာဂတ် မျှော်လင့်ချက် ဝေမျှဖို့လည်း ကျမ်းစာအမှန်တရားက လှုံ့ဆော်ပေးတယ် (စာပိုဒ် ၄-၇ ကို ကြည့်ပါ)

၄-၅။ မျှော်လင့်ချက်ကို ကျောက်ဆူးနဲ့ တမန်တော် ပေါလု ဘာကြောင့် ခိုင်းနှိုင်းသလဲ။

၄ အမှန်တရားကို မြတ်နိုးရတဲ့ နောက်ထပ် အကြောင်းရင်းက ဘာလဲ။ အမှန်တရားက အကျိုးကျေးဇူးများစွာ ရရှိစေလို့ပါပဲ။ ဥပမာတစ်ခု သုံးသပ်ကြည့်ပါ။ ကျမ်းစာအမှန်တရားထဲမှာ အနာဂတ် မျှော်လင့်ချက် ပါဝင်တယ်။ “အဲဒီမျှော်လင့်ချက်ဟာ ကျွန်တော်တို့အတွက် ကျောက်ဆူးလို ခိုင်ခံ့မြဲမြံနေတယ်” လို့ တမန်တော် ပေါလု ပြောတယ်။ (ဟီ. ၆:၁၉) ကျောက်ဆူးက သင်္ဘောကို တည်ငြိမ်စေသလို ကျမ်းစာအခြေပြု မျှော်လင့်ချက်က ဘဝမှာ စမ်းသပ်မှုတွေ ကြုံရတဲ့အခါ ကျွန်တော်တို့ကို တည်ငြိမ်စေနိုင်တယ်။

၅ ဘိသိက်ခံ ခရစ်ယာန်တွေ မြတ်နိုးတဲ့ ကောင်းကင်မျှော်လင့်ချက်အကြောင်း ပေါလု ပြောနေတာ။ ဒါပေမဲ့ ပရဒိသု ကမ္ဘာမြေမှာ ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်တဲ့ ခရစ်ယာန်တွေနဲ့လည်း သက်ဆိုင်တယ်။ (ယော. ၃:၁၆) ထာဝရအသက် မျှော်လင့်ချက်အကြောင်း သိလာတာက ဘဝကို အဓိပ္ပာယ် ရှိစေတယ်။

၆-၇။ အနာဂတ်အကြောင်း အမှန်တရား သိရလို့ အီဗွန် ဘယ်လို အကျိုးရသလဲ။

၆ ညီအစ်မ အီဗွန်အကြောင်း စဉ်းစားကြည့်ပါ။ အီဗွန်ဟာ အမှန်တရားမှာ ကြီးပြင်းလာသူ မဟုတ်ဘူး။ ကလေးတုန်းက သေခြင်းတရားကို သိပ်ကြောက်တယ်။ “မနက်ဖြန် မရှိတော့မယ့် နေ့ ရောက်လာမယ်” ဆိုတဲ့ စာစုတစ်ခု ဖတ်ရပြီးနောက် အဲဒါကို စိတ်စွဲသွားတယ်။ “ညဘက်တွေဆို မအိပ်နိုင်ဘဲ အနာဂတ်အကြောင်းပဲ စဉ်းစားမိတယ်။ ‘ဘဝဆိုတာ ဒီလောက်ပဲ မဖြစ်နိုင်ဘူး။ ငါ ဘာကြောင့် အသက်ရှင်နေတာလဲ’ လို့ တွေးမိတယ်။ ကျွန်မ မသေချင်ဘူး” လို့ အီဗွန် ပြောတယ်။

၇ ဆယ်ကျော်သက်အရွယ် ရောက်တော့ ယေဟောဝါသက်သေတွေနဲ့ တွေ့တယ်။ “မြေကြီး ပရဒိသုမှာ ထာဝစဉ် အသက်ရှင်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ကို စယုံလာတယ်” လို့ အီဗွန် ပြောတယ်။ အမှန်တရား သိလာလို့ ဘာအကျိုး ရသလဲ။ “အနာဂတ်အကြောင်း၊ သေခြင်းတရားအကြောင်း တွေးပူရင်း ညဘက် အိပ်မပျော်တာမျိုး မရှိတော့ဘူး” လို့ ပြောတယ်။ အမှန်တရားကို အီဗွန် သိပ်တန်ဖိုးထားတယ်။ အနာဂတ် မျှော်လင့်ချက်အကြောင်း တခြားသူတွေကို ဝမ်းသာအားရ ပြောပြနေတယ်။—၁ တိ. ၄:၁၆။

ပုံ– စိန်ပုံ။ ၁။ ပရဒိသု ကမ္ဘာမြေက တောင်တန်း၊ စိမ်းလန်းတဲ့ ချိုင့်ဝှမ်း၊ စီးဆင်းနေတဲ့ မြစ်။ ၂။ အမျိုးသားတစ်ယောက် ဆုတံဆိပ်တွေ၊ ဒိုင်းတွေ အပြည့်ပါတဲ့ ပုံးကို လွှင့်ပစ်နေ။

ကျမ်းစာအမှန်တရားဟာ ဘာနဲ့ တူသလဲ . . . ဘဏ္ဍာ

အခုချိန်မှာ ယေဟောဝါကို ဝတ်ပြုခွင့်၊ နိုင်ငံတော် အုပ်ချုပ်မှုအောက် ထာဝစဉ် အသက်ရှင်ရမယ့် မျှော်လင့်ချက်ဟာ ဘဏ္ဍာနဲ့ တူတယ်။ ကျွန်တော်တို့ စွန့်လွှတ်လိုက်ရသမျှထက် ပိုတန်ဖိုးရှိတယ် (စာပိုဒ် ၈-၁၁ ကို ကြည့်ပါ)

၈-၉။ (က) ယေရှုရဲ့ ပုံဥပမာထဲက လူဟာ ရှာတွေ့တဲ့ ဘဏ္ဍာကို ဘယ်လောက် တန်ဖိုးထားသလဲ။ (ခ) သင့်အတွက် အမှန်တရား ဘယ်လောက် တန်ဖိုးရှိသလဲ။

၈ ကျမ်းစာအမှန်တရားထဲမှာ ဘုရားနိုင်ငံတော်အကြောင်း သတင်းကောင်းလည်း ပါဝင်တယ်။ နိုင်ငံတော် အမှန်တရားကို ဝှက်ထားတဲ့ ဘဏ္ဍာနဲ့ ယေရှု ခိုင်းနှိုင်းတယ်။ “ကောင်းကင်နိုင်ငံဟာ လယ်မှာ ဝှက်ထားတဲ့ ဘဏ္ဍာနဲ့ တူတယ်။ လူတစ်ယောက်က အဲဒီဘဏ္ဍာကို တွေ့တဲ့အခါ ပြန်ဝှက်ထားလိုက်တယ်။ ဝမ်းသာအားရနဲ့ ပိုင်ဆိုင်သမျှကို သွားရောင်းပြီး အဲဒီလယ်ကို ဝယ်တယ်” လို့ မဿဲ ၁၃:၄၄ မှာ ပြောတယ်။ အဲဒီလူက ဘဏ္ဍာကို ရှာနေတာ မဟုတ်ဘူး။ ဒါပေမဲ့ တွေ့တဲ့အခါ ပိုင်ဆိုင်နိုင်ဖို့ အများကြီး စွန့်လွှတ်တယ်။ ပိုင်ဆိုင်သမျှ ရောင်းလိုက်တယ်။ ဘာကြောင့်လဲ။ ဘဏ္ဍာ ဘယ်လောက် တန်ဖိုးရှိမှန်း သိလို့ပဲ။ စွန့်လွှတ်လိုက်ရသမျှထက် ပိုတန်ဖိုးရှိတယ်။

၉ အမှန်တရားနဲ့ပတ်သက်ပြီး သင် အဲဒီလို ခံစားရသလား။ ခံစားရမှာပါ။ အခုချိန်မှာ ယေဟောဝါကို ဝတ်ပြုလို့ ရတဲ့ ရွှင်လန်းမှု၊ အနာဂတ် ဘုရားနိုင်ငံတော် အုပ်ချုပ်မှုအောက် ထာဝစဉ် အသက်ရှင်ရမယ့် မျှော်လင့်ချက်နဲ့ ယှဉ်ရင် လောက ပေးတဲ့အရာတွေဟာ ဘာမှ မဟုတ်ဘူး။ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရရှိခွင့်ဟာ စွန့်လွှတ်လိုက်ရသမျှထက် ပိုတန်ဖိုးရှိတယ်။ “ယေဟောဝါရဲ့ နှစ်သက်လက်ခံမှုကို အပြည့်အဝ ရရှိ” ထားတာ ကျွန်တော်တို့အတွက် အပျော်ရွှင်ရဆုံးပါပဲ။—ကော. ၁:၁၀။

၁၀-၁၁။ ဘဝမှာ အပြောင်းအလဲကြီးတွေ လုပ်ဖို့ မိုက်ကယ်ကို ဘာက လှုံ့ဆော်ပေးသလဲ။

၁၀ ယေဟောဝါရဲ့ မျက်နှာသာ ရဖို့ ကျွန်တော်တို့ များစွာ စွန့်လွှတ်အနစ်နာခံခဲ့ကြတယ်။ တချို့က လောကမှာ ဂုဏ်ရှိတဲ့ အလုပ်အကိုင် စွန့်ခဲ့ကြတယ်။ တချို့က ကြီးပွားချမ်းသာစေမယ့် အခွင့်အလမ်းတွေ စွန့်ခဲ့ကြတယ်။ တချို့ကျတော့ ယေဟောဝါအကြောင်း သိလာတဲ့အခါ ဘဝလမ်းစဉ်တစ်ခုလုံးကို ပြောင်းလဲခဲ့ရတယ်။ မိုက်ကယ် အဲဒီလို ပြောင်းလဲခဲ့တယ်။ မိုက်ကယ်ဟာ အမှန်တရားမှာ ကြီးပြင်းလာသူ မဟုတ်ဘူး။ လူငယ်တုန်းက ကရာတေးသမား။ “ခန္ဓာကိုယ် ကြံ့ခိုင်တာကို တော်တော်ဂုဏ်ယူတယ်။ ကျွန်တော့်ကို အလဲထိုးနိုင်မယ့်သူ မရှိလောက်ဘူးလို့ တစ်ခါတလေ ခံစားရတယ်” လို့ ပြောတယ်။ ဒါပေမဲ့ ကျမ်းစာလေ့လာတဲ့အခါ အကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ အမြင်ကို သိလာတယ်။ (ဆာ. ၁၁:၅) “ကျမ်းစာသင်ပေးတဲ့ သက်သေခံ မောင်နှံက ကရာတေး ကစားတာကို ရပ်လိုက်ဖို့ တစ်ခါမှ မပြောဘူး။ ကျမ်းစာအမှန်တရားကိုပဲ ဆက်သင်ပေးတယ်” လို့ မိုက်ကယ် ပြောတယ်။

၁၁ ယေဟောဝါအကြောင်း သိလေ ဘုရားကို ချစ်တဲ့ မေတ္တာ တိုးများလေ ဖြစ်လာတယ်။ မိမိကို ဝတ်ပြုသူတွေအပေါ် ယေဟောဝါ ကရုဏာထားတယ်ဆိုတဲ့အချက်ကို မိုက်ကယ် သိပ်သဘောကျတယ်။ ဒီလိုနဲ့ ဘဝကို ပြောင်းလဲစေမယ့် ဆုံးဖြတ်ချက် ချရတော့မယ်။ “ကရာတေး ကစားတာကို ရပ်လိုက်ဖို့ဆိုတာ ကျွန်တော့်အတွက် အခက်ခဲဆုံး ဆုံးဖြတ်ချက်ပါပဲ။ ဒါပေမဲ့ ယေဟောဝါ နှစ်သက်မယ်ဆိုတာ သိတယ်။ ဘုရားကို ဝတ်ပြုဖို့ ဘာမဆို စွန့်လွှတ်ထိုက်တယ်” လို့ မိုက်ကယ် ပြောတယ်။ မိုက်ကယ်ဟာ ရှာတွေ့တဲ့ အမှန်တရားကို တန်ဖိုးထားတယ်။ အဲဒါက ဘဝမှာ အပြောင်းအလဲကြီးတွေ လုပ်ဖို့ လှုံ့ဆော်ပေးတယ်။—ယာ. ၁:၂၅။

ပုံ– မီးအိမ်ပုံ။ ၁။ ပရဒိသု ကမ္ဘာမြေက တောင်တန်း၊ စိမ်းလန်းတဲ့ ချိုင့်ဝှမ်း၊ စီးဆင်းနေတဲ့ မြစ်။ ၂။ ညီအစ်မငယ်တစ်ယောက် ကျမ်းစာ ဖတ်ပြီး တွေးတောဆင်ခြင်နေ။

ကျမ်းစာအမှန်တရားဟာ ဘာနဲ့ တူသလဲ . . . မီးခွက်

အလင်းအားကောင်းတဲ့ မီးခွက်က အမှောင်ထဲမှာ လမ်းရှာတွေ့ဖို့ ကူညီပေးတယ်။ အဲဒီလိုပဲ မှောင်မိုက်နေတဲ့ စာတန့်လောကမှာ လမ်းရှာတွေ့ဖို့ ကျမ်းစာက ကူညီပေးတယ် (စာပိုဒ် ၁၂-၁၃ ကို ကြည့်ပါ)

၁၂-၁၃။ ကျမ်းစာအမှန်တရားက မေလီကို ဘယ်လို ကူညီပေးသလဲ။

၁၂ အမှန်တရားရဲ့ တန်ဖိုးကို ဖော်ပြဖို့ ကျမ်းစာမှာ အမှန်တရားကို အမှောင်ထဲ ထွန်းလင်းနေတဲ့ မီးခွက်နဲ့ ခိုင်းနှိုင်းထားတယ်။ (ဆာ. ၁၁၉:၁၀၅။ ဧ. ၅:၈) အဇာဘိုင်ဂျန်နိုင်ငံက မေလီဟာ ကျမ်းစာကနေ ရတဲ့ အကူအညီကို သိပ်တန်ဖိုးထားတယ်။ ယုံကြည်ခြင်း မတူတဲ့ မိသားစုမှာ သူ ကြီးပြင်းလာတယ်။ အဖေက မွတ်စလင်၊ အမေက ဂျူး။ “ဘုရား ရှိတယ်ဆိုတာ တစ်ခါမှ သံသယ မဝင်ပေမဲ့ မေးခွန်းတွေတော့ ရှိတယ်။ ‘လူတွေကို ဘုရား ဘာကြောင့် ဖန်ဆင်းထားသလဲ၊ လူတွေဟာ ဘဝတစ်လျှောက်လုံးလည်း ဆင်းရဲဒုက္ခတွေ ကြုံရတယ်၊ ငရဲမှာလည်း ထာဝစဉ် ညှဉ်းဆဲခံရဦးမယ်ဆိုရင် ဘာအဓိပ္ပာယ် ရှိမလဲ’ လို့ စဉ်းစားမိတယ်။ အရာရာဟာ ဘုရားအလိုတော်ကြောင့်လို့ လူတွေ ပြောကြတယ်။ ဒါဆိုရင် ‘ဘုရားက လူတွေ ဒုက္ခရောက်အောင် လုပ်ပြီး အရသာခံ ကြည့်နေတာလား’ လို့ တွေးမိတယ်” ဆိုပြီး မေလီ ပြောတယ်။

၁၃ မေးခွန်းတွေရဲ့ အဖြေကို မေလီ ဆက်ရှာဖွေတယ်။ ကျမ်းစာသင်အံမှု လက်ခံလိုက်ပြီး ယေဟောဝါသက်သေ ဖြစ်လာတယ်။ “ကျမ်းစာမှာ ပါတဲ့ ယုံကြည်လောက်တဲ့ ကျိုးကြောင်းဆင်ခြင်မှုက ကျွန်မကို ပိုပျော်ရွှင်တဲ့သူ ဖြစ်လာစေတယ်။ ကျမ်းစာ ရှင်းပြချက်တွေက စိတ်ငြိမ်သက်မှု ရစေတယ်” လို့ ပြောတယ်။ “အမှောင်ထဲကနေ အံ့ဖွယ်အလင်းထဲ ခေါ်ထုတ်တဲ့ အရှင်” ယေဟောဝါကို မေလီလိုပဲ ကျွန်တော်တို့အားလုံး ကျေးဇူးတင်ချီးမွမ်းကြတယ်။—၁ ပေ. ၂:၉။

၁၄။ အမှန်တရားကို မြတ်နိုးစိတ် တိုးများလာအောင် ဘာလုပ်နိုင်သလဲ။ (“နောက်ထပ် ခိုင်းနှိုင်းချက်များ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

၁၄ ဒါတွေဟာ အမှန်တရားရဲ့ တန်ဖိုးကို ဖော်ပြတဲ့ ခိုင်းနှိုင်းချက်တချို့ပဲ ရှိသေးတယ်။ တခြားခိုင်းနှိုင်းချက်တွေ သင် စဉ်းစားမိမှာပါ။ အမှန်တရားကို မြတ်နိုးသင့်တဲ့ တခြားအကြောင်းရင်းတွေကို ကိုယ်ပိုင် လေ့လာကြည့်ပါ။ အမှန်တရားကို မြတ်နိုးလေ မြတ်နိုးကြောင်း ပြဖို့ နည်းလမ်း ရှာလေ ဖြစ်လာပါလိမ့်မယ်။

ဖွင့်ထားတဲ့ ကျမ်းစာ။

နောက်ထပ် ခိုင်းနှိုင်းချက်များ

“အမှန်တရား” ကို ကျောက်ဆူး၊ ဘဏ္ဍာ၊ မီးခွက်တို့နဲ့ ခိုင်းနှိုင်းနိုင်ကြောင်း ဒီဆောင်းပါးမှာ သိခဲ့ရတယ်။ နောက်ထပ် ခိုင်းနှိုင်းလို့ ရတာတွေ ရှိသေးတယ်။ ဥပမာ၊

  • မှန်။

    ကျမ်းစာအမှန်တရားဟာ မှန်နဲ့ တူတယ်။ ကျမ်းစာ ဖတ်ရှုလေ့လာတဲ့အခါ ကိုယ့်စိတ်နှလုံးထဲမှာ ဘာရှိသလဲ၊ ဘယ်ကဏ္ဍမှာ တိုးတက်ဖို့ လိုနေသလဲဆိုတာ သိလာနိုင်တယ်။—ယာ. ၁:၂၂-၂၅

  • ရေစက်။

    ပူပြင်းတဲ့ နေ့မှာ ရေက လန်းဆန်းစေသလို ကျမ်းစာအမှန်တရားရေက ဘုရားတရားမဲ့ လောကမှာ ကျွန်တော်တို့ကို လန်းဆန်းနေစေတယ်။—ဆာ. ၂၃:၂၊ ၃

အမှန်တရားကို မြတ်နိုးကြောင်း ပြနိုင်ပုံ

၁၅။ အမှန်တရားကို မြတ်နိုးကြောင်း ပြနိုင်တဲ့ တစ်နည်းက ဘာလဲ။

၁၅ ကျမ်းစာနဲ့ ကျမ်းစာအခြေပြု စာပေတွေကို မှန်မှန် လေ့လာခြင်းအားဖြင့် အမှန်တရားကို မြတ်နိုးကြောင်း ပြနိုင်တယ်။ အမှန်တရားထဲ ရောက်တာ ဘယ်လောက်ပဲ ကြာပါစေ လေ့လာစရာဆိုတာ ရှိစမြဲပဲ။ ပထမဆုံး ထုတ်ဝေတဲ့ ကင်းမျှော်စင် စာစောင်မှာ “အမှန်တရားဟာ တောကန္တာရထဲက ပန်းလေးတစ်ပွင့်လို ထူထပ်စွာ ပေါက်ရောက်နေတဲ့ မှားယွင်းမှု ပေါင်းပင်တွေရဲ့ လွှမ်းခြုံထားခြင်းကို ခံရပြီး ဖုံးကွယ်ခံရလုမတတ် ဖြစ်နေတယ်။ အဲဒီပန်းကို တွေ့ချင်ရင် တောနင်းရှာရမယ်။ . . . လက်ဝယ် ပိုင်ဆိုင်ချင်ရင် ကိုယ်ကို ညွှတ်ပြီး ခူးရမယ်။ အမှန်တရားပန်း တစ်ပွင့်တည်းနဲ့ ကျေနပ်မနေပါနဲ့။ . . . ဆက်ရှာပါ၊ ဆက်စုပါ” လို့ ဖော်ပြထားတယ်။ လေ့လာရတာ ခက်ခဲတဲ့ အလုပ်ပါ။ ဒါပေမဲ့ လေ့လာရကျိုး နပ်ပါတယ်။

၁၆။ ဘယ်လေ့လာနည်းက သင့်အတွက် ထိရောက်သလဲ။ (ပညာအလိမ္မာ ၂:၄-၆)

၁၆ ဖတ်ရှုလေ့လာရတာ လူတိုင်းတော့ ကြိုက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ နက်နဲတဲ့ အမှန်တရား အသိပညာကို “မပြတ် ရှာဖွေ” ဖို့ ယေဟောဝါ အားပေးထားတယ်။ (ပညာအလိမ္မာ ၂:၄-၆ ကိုဖတ်ပါ။) အဲဒီလို ရှာဖွေဖို့ ကြိုးစားအားထုတ်ရင် အမြဲ အကျိုးရတယ်။ ကိုယ်ပိုင် ကျမ်းစာဖတ်ရှုတဲ့အခါ တစ်ကြိမ်မှာ ကျမ်းပိုဒ် တစ်ပိုဒ်ကိုပဲ အာရုံစိုက် ဖတ်တယ်လို့ ကိုရီ ပြောတယ်။ “အောက်ခြေမှတ်ချက်တိုင်း ဖတ်တယ်။ အပြန်အလှန် အညွှန်းတိုင်းကို ရှာတယ်။ ထပ်ဆင့် ရှာဖွေလေ့လာတယ်။ . . . ဒီနည်းနဲ့ လေ့လာလို့ အများကြီး သိလာပြီ” ဆိုပြီး ပြောတယ်။ ကျွန်တော်တို့ ဘယ်နည်းပဲ သုံးသုံး အချိန်၊ ခွန်အား စိုက်ထုတ်ပြီး လေ့လာတာက အမှန်တရားကို တန်ဖိုးထားကြောင်း ပြရာ ရောက်တယ်။—ဆာ. ၁:၁-၃။

၁၇။ အမှန်တရားနဲ့အညီ နေထိုင်တယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ (ယာကုပ် ၁:၂၅)

၁၇ အမှန်တရားကို လေ့လာရုံနဲ့ မလုံလောက်ဘူး။ အကျိုးအပြည့်အဝ ရဖို့ အမှန်တရားနဲ့အညီ နေထိုင်ရမယ်။ သိလာတာတွေကို ဘဝမှာ လက်တွေ့ကျင့်ရမယ်။ ဒါမှ အမှန်တရားကြောင့် စစ်မှန်တဲ့ ပျော်ရွှင်မှု ရမှာ။ (ယာကုပ် ၁:၂၅ ကို ဖတ်ပါ။) အမှန်တရားနဲ့အညီ ဘယ်လို နေထိုင်နိုင်သလဲ။ တိုးတက်နေတဲ့ အပိုင်း၊ တိုးတက်ဖို့ လိုနေတဲ့ အပိုင်းတွေကို သိအောင် ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ဖို့ လိုတယ်လို့ ညီအစ်ကိုတစ်ယောက် အကြံပေးတယ်။ “ကျွန်တော်တို့ ဒီလောက်ထိ တိုးတက်လာပြီ ဖြစ်လို့ ဒီလမ်းစဉ်အတိုင်းပဲ ဆက်ပြီး စနစ်တကျ ကျင့်ကြံနေကြစို့” လို့ တမန်တော် ပေါလု အားပေးတယ်။—ဖိ. ၃:၁၆။

၁၈။ “အမှန်တရားလမ်းစဉ်မှာ လျှောက်လှမ်းနေ” ဖို့ ကျွန်တော်တို့ ဘာကြောင့် အတတ်နိုင်ဆုံး ကြိုးစားကြသလဲ။

၁၈ “အမှန်တရားလမ်းစဉ်မှာ လျှောက်လှမ်းနေ” ဖို့ အတတ်နိုင်ဆုံး ကြိုးစားလို့ ရလာတဲ့ အကျိုးကျေးဇူးတွေကို စဉ်းစားကြည့်ပါ။ ကိုယ့်ဘဝ တိုးတက်ကောင်းမွန်လာရုံသာမက ယေဟောဝါနဲ့ ယုံကြည်သူချင်းတွေကိုပါ စိတ်ရွှင်လန်းစေတယ်။ (ပညာ. ၂၇:၁၁။ ၃ ယော. ၄) အမှန်တရားကို မြတ်နိုးဖို့၊ အမှန်တရားနဲ့အညီ နေထိုင်ဖို့ အကောင်းဆုံး အကြောင်းရင်းတွေပါပဲ။

သင် ဘယ်လို ဖြေမလဲ

  • “အမှန်တရား” ကို ဘာကြောင့် မြတ်နိုးသလဲ။

  • အမှန်တရား မြတ်နိုးစိတ် တိုးများလာအောင် ဘယ်လို လုပ်နိုင်သလဲ။

  • အမှန်တရားကို မြတ်နိုးကြောင်း ဘယ်လို ပြနိုင်သလဲ။

သီချင်း ၁၄၄ ဆုလာဘ်တော်ကို မျက်ခြည်မပြတ်စေနဲ့

a ကျွန်တော်တို့ရဲ့ ယုံကြည်ချက်၊ ဘဝလမ်းစဉ်ကို “အမှန်တရား” လို့ ခေါ်လေ့ရှိတယ်။ အမှန်တရားမှာ လူသစ်ဖြစ်စေ၊ လူဟောင်းဖြစ်စေ အမှန်တရားကို မြတ်နိုးရတဲ့ အကြောင်းရင်းတွေကို လေ့လာခြင်းကနေ အကျိုးရနိုင်တယ်။ ယေဟောဝါရဲ့ မျက်နှာသာ ရအောင် လုပ်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက် ခိုင်မာလာပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ