ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၁၁/၁၅ စာ. ၈-၁၃
  • “ငါတို့ဘုရားသခင်ယေဟောဝါနှင့် အဘယ်သူ တူသနည်း”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ငါတို့ဘုရားသခင်ယေဟောဝါနှင့် အဘယ်သူ တူသနည်း”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယုံကြည်ခြင်း နှင့် ချီးမွမ်းထောမနာပြုခြင်း လျောက်ပတ်ပေ
  • ဂျားကို ချီးမွမ်းကြ
  • ယေဟောဝါသည် ပြိုင်ဘက်ကင်း၏
  • ယေဟောဝါသည် သက်ဝင်ကြင်နာတော်မူ၏
  • ယေဟောဝါ၏ အတုမရှိသော တစ်ဦးတည်းအဖြစ်၏ သက်သေသာဓက
  • အခြားဘုရားများနှင့်မတူ
  • ယေဟောဝါ၏အံ့ချီးဖွယ်အရည်အချင်းများ
  • ထာဝရချီးမွမ်းခြင်းကို ခံထိုက်တော်မူသော ယေဟောဝါ
  • ဆာလံကျမ်းအပိုင်းငါးမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ကမ္ဘာတစ်လွှား ရွှင်လန်းသော ချီးမွမ်းသူများအဖြစ် သီးသန့်ခွဲထားခံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ယေဟောဝါ၏ ကြီးသော အမှုတော်များအတွက် ကိုယ်တော်အား ချီးမွမ်းလော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ဆာလံ မာတိကာ
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၁၁/၁၅ စာ. ၈-၁၃

“ငါတို့ဘုရားသခင်ယေဟောဝါနှင့် အဘယ်သူ တူသနည်း”

“ မြင့်မြတ်သောနေရာ၌ စံမြန်းတော်မူသောအရှင် ငါတို့ဘုရားသခင်ယေဟောဝါနှင့် အဘယ်သူ တူသနည်း။” —ဆာလံ ၁၁၃:၅၊ ကဘ။

၁၊ ၂။ (က) ဘုရားသခင်နှင့်သမ္မာကျမ်းစာကို ယေဟောဝါသက်သေများ မည်သို့သဘောထားသနည်း။ (ခ) အဘယ်မေးခွန်းများကို သုံးသပ်သင့်သနည်း။

ယေဟောဝါကိုချီးမွမ်းထောမနာပြုသူများ အမှန်တကယ်ကောင်းချီးခံစားနေရပြီ။ ဤရွှင်လန်းသောအစုအဝေးတွင် ပါဝင်ခွင့်ရခြင်းသည် ထူးမြတ်လှသည်တကား။ ကိုယ်တော်၏သက်သေများအနေနှင့် ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာကျမ်းစာ၏ ဩဝါဒ၊ ပညတ်ဥပဒေ၊ သွန်သင်ချက်များ၊ ကတိတော်များနှင့် ပရောဖက်ပြုချက်များကို လက်ခံနာယူကြသည်။ ကျမ်းစာမှတတ်သိလာသမျှကြောင့်လည်းကောင်း၊ “ယေဟောဝါ၏သွန်သင်တော်မူခြင်းကိုခံရ” ၍လည်းကောင်း ကျွန်ုပ်တို့ဝမ်းပန်းတသာဖြစ်ကြသည်။—ယောဟန် ၆:၄၅၊ ကဘ။

၂ ဘုရားသခင်ကို အလေးအနက်ကြည်ညိုကိုင်းရှိုင်းသည့်အတွက် “ငါတို့ဘုရားသခင်ယေဟောဝါနှင့် အဘယ်သူတူသနည်း” ဟုယေဟောဝါသက်သေများ မေးမြန်းနိုင်ကြပါသည်။ (ဆာလံ ၁၁၃:၅၊ ကဘ) ဆာလံဆရာ၏ ဤစကားများသည် ယုံကြည်သည့်သဘော သက်ရောက်စေသည်။ သို့သော် သက်သေခံများသည် ဘုရားသခင်ကို ဤမျှအဘယ်ကြောင့်ယုံကြည်ကြပါသနည်း။ ယေဟောဝါအား ချီးမွမ်းထောမနာပြုရန် အဘယ်အကြောင်းများရှိပါသနည်း။

ယုံကြည်ခြင်း နှင့် ချီးမွမ်းထောမနာပြုခြင်း လျောက်ပတ်ပေ

၃။ ဟာလဲလ်ဆာလံကျမ်းများကား အဘယ်နည်း။ အဘယ်ကြောင့် ထိုသို့ခေါ်ဆိုရသနည်း။

၃ ယေဟောဝါရှင်သည် တစ်ဆူတည်းသောဘုရားဖြစ်သောကြောင့် ကိုယ်တော်အားယုံကြည်အားထားထိုက်သည်။ ဟာလဲလ်ဆာလံကျမ်းခြောက်စောင်အဝင်ဖြစ်သည့် ဆာလံ ၁၁၃၊ ၁၁၄ နှင့် ၁၁၅ တွင်ယင်းကို အလေးအနက်ဖော်ပြထားပါသည်။ ဟစ်လဲလ်ရဗ္ဗိကျောင်းအရဆိုလျှင် ဂျူးများ၏ပသခါပွဲအတွင်း ဒုတိယအကြိမ် စပျစ်ရည်သွန်းလောင်းချိန်တွင် ဆာလံ ၁၁၃ နှင့် ၁၁၄ ကိုသီဆိုကြ၍ ပွဲကျင်းပရခြင်းအကြောင်းကို ရှင်းပြပေးပါသည်။ ဆာလံ ၁၁၅ မှ ၁၁၈ တို့ကိုမူ စတုတ္ထအကြိမ် စပျစ်ရည်သွန်းလောင်းချိန်တွင် သီဆိုကြသည်။ (မဿဲ ၂၆:၃၀ နှိုင်းယှဉ်။) ယင်းတို့ကို “ဟာလဲလ်ဆာလံကျမ်း” ဟုခေါ်ဝေါ်ထားခြင်းမှာ ဟာလေလုယ— “ဂျားကိုချီးမွမ်းကြ” ဟူသောကြွေးကြော်ချက်ကို အကြိမ်ကြိမ်အသုံးပြုထားခြင်းကြောင့်ဖြစ်သည်။

၄။ “ဟာလေလုယ” အဓိပ္ပာယ်ကား အဘယ်နည်း။ သမ္မာကျမ်းစာတွင် ဘယ်နှစ်ကြိမ်ပါရှိသနည်း။

၄ “ဟာလေလုယ” မည်သည် ဆာလံကျမ်းတွင် ၂၄ ကြိမ်ပါရှိသော ဟေဗြဲအသုံးအနှုန်း၏ စကားသံကို အခြားဘာသာစကားဖြင့်ရေးသားခြင်းဖြစ်သည်။ ယင်း၏ဂရိပုံစံကို ဗာဗုလုန်ဘာသာ ကမ္ဘာ့အင်ပါယာတည်းဟူသော မဟာဗာဗုလုန်ပျက်စီးသွားပြီးနောက် ဘုရင်အဖြစ် ယေဟောဝါဘုရားသခင် စတင်အုပ်စိုးခြင်းကို ဝမ်းမြောက်သည့်အနေနှင့် သမ္မာကျမ်းစာ၏ အခြားကျမ်းပိုဒ်များတွင် လေးကြိမ်ပါရှိသည်။ (ဗျာဒိတ် ၁၉:၁-၆) ယခု ဟာလဲလ်ဆာလံကျမ်းမှ သုံးခုကိုသုံးသပ်ကြရာတွင် ယေဟောဝါအား ချီးမွမ်းထောမနာပြုသည်အနေနှင့် ဤသီချင်းများကို ကျွန်ုပ်တို့ပါသီဆိုနေကြသည်ဟု ယူဆကြစို့လေ။

ဂျားကို ချီးမွမ်းကြ

၅။ ဆာလံ ၁၁၃ က အဘယ်မေးခွန်းကိုဖြေဆိုသနည်း။ ဆာလံ ၁၁၃:၁၊ ၂ ပါမိန့်မှာချက်သည် မည်သူနှင့်အထူးသက်ဆိုင်သနည်း။

၅ ယေဟောဝါကို အဘယ်ကြောင့်ချီးမွမ်းထောမနာပြုရမည်နည်း ဟူသောမေးခွန်းကို ဆာလံ ၁၁၃ ကဖြေဆိုပေးပါသည်။ ဤမိန့်မှာချက်ဖြင့် စကားချီးဖွင့်ထားသည်။ “ဂျားကိုချီးမွမ်းကြလော့။ ယေဟောဝါ၏ကျွန်တော်တို့၊ ယေဟောဝါ၏နာမတော်ကို ချီးမွမ်းလျက် ထောမနာပြုကြလော့။ ယေဟောဝါ၏နာမတော်ကို ယခုမှစ၍ ကာလအစဉ် ကောင်းချီးပေးခံရပါစေသော။” (ဆာလံ ၁၁၃:၁၊ ၂၊ ကဘ) “ဟာလေလုယ။” “ဂျားကိုချီးမွမ်းထောမနာပြုကြ။” ထိုမိန့်မှာချက်သည် ဤ “နောက်ဆုံးကာလ” တွင်ဘုရားသခင်၏လူများနှင့် အထူးသက်ဆိုင်ပါသည်။ (ဒံယေလ ၁၂:၄) ယခုအချိန်မှစတင်၍ ကာလအစဉ်အဆက်တိုင်အောင် ယေဟောဝါ၏နာမတော်သည် ကမ္ဘာတစ်လွှား ချီးမြှင့်ခြင်းခံရလိမ့်မည်။ ယေဟောဝါသည် ဘုရားသခင်ဖြစ်တော်မူကြောင်း၊ ခရစ်တော်သည် ဘုရင်ဖြစ်၍ ကောင်းကင်တွင် နိုင်ငံတော်တည်ထောင်ပြီဖြစ်ကြောင်းကို ကိုယ်တော်၏သက်သေများ ယခုကြွေးကြော်နေကြပါသည်။ စာတန်မာရ်နတ်နှင့် သူ၏အဖွဲ့အစည်းသည် ယေဟောဝါအား ဤသို့ချီးမွမ်းထောမနာပြုခြင်းကို တားဆီးပိတ်ပင်နိုင်မည်မဟုတ်ပါ။

၆။ ‘နေထွက်ရာမှ နေဝင်ရာအထိ’ ယေဟောဝါမည်သို့ချီးမွမ်းထောမနာပြုခံနေရသနည်း။

၆ ချီးမွမ်းထောမနာသီချင်းကို တစ်ကမ္ဘာလုံး ကြားနာရသည်တိုင် ယင်းကို ယေဟောဝါသီဆိုစေမည်။ “နေထွက်ရာမှ နေဝင်ရာတိုင်အောင် ယေဟောဝါ၏နာမတော်သည် ချီးမွမ်းဖွယ်ဖြစ်ရမည်။” (ဆာလံ ၁၁၃:၃၊ ကဘ) ယင်းသို့ဖြစ်လာရန် မြေကြီးသတ္တဝါအချို့ ကိုယ်တော်အား နေ့စဉ်ဝတ်ပြုခြင်းမျှမကပါ။ နေထွက်ရာ အရှေ့ဘက်မှ နေဝင်သည့် အနောက်အရပ်တိုင် ဗာဗုလုန်ဘာသာအောက်မှလည်းကောင်း၊ စာတန့်အဖွဲ့အစည်းမှလည်းကောင်း လွတ်မြောက်လာသူအပေါင်းသည် ကမ္ဘာတစ်ဝန်းတွင် ယေဟောဝါ၏နာမတော်ကို များမကြာမီ ချီးမွမ်းထောမနာပြုကြတော့မည်။ အမှန်သော်ကား၊ အတောမသတ်သောဤသီချင်းကို ယေဟောဝါ၏ဘိသိက်ခံသက်သေများနှင့် ကိုယ်တော်၏ဘုရင်၊ ယေရှုခရစ်တော်၏ မြေကြီးဆိုင်ရာသားသမီးများဖြစ်မည့်သူတို့သည် ယခုသီဆိုနေကြပါသည်။ ယေဟောဝါအား ချီးမွမ်းထောမနာသီချင်းဆိုသူများဖြစ်ခွင့်ရခြင်းသည် ထူးမြတ်လှပါသည်တကား။

ယေဟောဝါသည် ပြိုင်ဘက်ကင်း၏

၇။ ဆာလံ ၁၁၃:၄ တွင် ယေဟောဝါ၏ပိုင်သအုပ်စိုးခွင့်နှင့်စပ်လျဉ်းသည့် အဘယ်ကဏ္ဍနှစ်ခုကို သတိပြုစေသနည်း။

၇ ဆာလံဆရာက “ယေဟောဝါသည်လူမျိုးအပေါင်းတို့ထက်လည်းကောင်း၊ ဘုန်းတော်သည် မိုးကောင်းကင်ထက်လည်းကောင်း မြင့်မြတ်တော်မူ၏” ဟုထပ်ဆင့်ဆိုသည်။ (ဆာလံ ၁၁၃:၄၊ ကဘ) ယင်းက ဘုရားသခင်၏ပိုင်သအုပ်စိုးခွင့်၏ ကဏ္ဍနှစ်ခုကို သတိပြုစေပါသည်။ (၁) “လူမျိုးအပေါင်းတို့အထက်” ရှိတော်မူသော အမြင့်မြတ်ဆုံးအရှင် ယေဟောဝါအတွက် သူတို့သည် ရေပုံးမှကျသောရေစက်ကဲ့သို့ဖြစ်၍ ချိန်ခွင်၌မြူမှုန့်ကဲ့သို့ ထင်မှတ်စရာဖြစ်သည်။ (ဟေရှာယ ၄၀:၁၅။ ဒံယေလ ၇:၁၈) (၂) ကောင်းကင်တမန်များသည် ကိုယ်တော်၏ပိုင်သအုပ်စိုးမှုအလိုတော်ကို ဆောင်ရွက်ကြသဖြင့် ကိုယ်တော်၏ဘုန်းသည် ရူပကောင်းကင်ထက် များစွာမြင့်မားတော်မူသည်။—ဆာလံ ၁၉:၁၊ ၂၊ ၁၀၃:၂၀၊ ၂၁။

၈။ မိုးကောင်းကင်နှင့် မြေကြီးပေါ်ရှိအရာများကို ယေဟောဝါ အဘယ်ကြောင့်နှင့် အဘယ်နည်းဖြင့် သတိမူကြည့်ရှုတော်မူသနည်း။

၈ ဘုရားသခင်၏မြင့်မြတ်တော်မူခြင်းကြောင့် တိုက်တွန်းခံရ၍ ဆာလံဆရာက “မြင့်မြတ်သောနေရာ၌ စံမြန်းတော်မူသောအရှင် ငါတို့ဘုရားသခင်ယေဟောဝါနှင့် အဘယ်သူတူသနည်း။ ကိုယ်ကိုနှိမ့်ချ၍ မိုးကောင်းကင်နှင့် မြေကြီးကို ငုံ့၍ကြည့်ရှုတော်မူ၏။” (ဆာလံ ၁၁၃:၅၊ ၆၊ ကဘ) ဘုရားသခင်သည် မြင့်မြတ်တော်မူလှသဖြင့် မိုးကောင်းကင်နှင့် မြေကြီးပေါ်ရှိအရာများကို သတိမူကြည့်ရှုတော်မူခြင်းငှာ ကိုယ့်ကိုယ်ကို နှိမ့်ချတော်မူရမည်။ ယေဟောဝါရှင်သည် မည်သူထက်မျှ မနိမ့်ကျ၊ သို့မဟုတ် မည်သူ့အောက်မျှမနေရသော်လည်း နိမ့်ကျသောအပြစ်သားတို့အား ကရုဏာနှင့်ကြင်နာမှုပြရာတွင် ကိုယ်တော်သည် နှိမ့်ချသောသဘောပြတော်မူသည်။ ဘိသိက်ခံခရစ်ယာန်များနှင့် လောကီသားတို့အတွက် မိမိ၏သားတော်ယေရှုခရစ်ကို “အပြစ်ဖြေစရာ ယဇ်ပူဇော်သက္ကာ” အဖြစ်ပေးသနားတော်မူခြင်းသည် ယေဟောဝါ၏နှိမ့်ချသောသဘောတော် ထင်ရှားဖော်ပြခြင်းဖြစ်သည်။—၁ ယောဟန် ၂:၁၊ ၂၊ ကဘ။

ယေဟောဝါသည် သက်ဝင်ကြင်နာတော်မူ၏

၉၊ ၁၀။ ဘုရားသခင်သည် ‘ဆင်းရဲသူကိုချီးမြှင့်လျက် မှူးမတ်တို့နှင့်အတူ မည်သို့နေရာပေးတော်မူ’ သနည်း။

၉ ဘုရားသခင်၏သက်ဝင်ကြင်နာခြင်းကို အလေးအနက်ပေါ်လွင်စေရန် ဆာလံဆရာက ယေဟောဝါသည် “ဆင်းရဲသူကိုမြေမှုန့်ထဲကချီးမြှင့်လျက် နွမ်းပါးသူကိုပြာပုံထဲက တင်မြှောက်ပြီးလျှင် လူမျိုးတော်၏မှူးမတ်တို့နှင့်အတူ နေရာပေးတော်မူ၏။ မြုံသောမိန်းမကို သားတို့၏ရွှင်လန်းသောအမိ အဖြစ်အိမ်တွင်နေစေတော်မူ၏။ ဂျားကိုချီးမွမ်းကြလော့” ဟုထပ်ဆင့်ပြောပါသည်။ (ဆာလံ ၁၁၃:၇-၉၊ ကဘ) ယေဟောဝါသည် ဖြောင့်မတ်သောဆင်းရဲနွမ်းပါးသူများကို ကယ်မနိုင်တော်မူပြီး သူတို့အခြေအနေကို ပြုပြင်ပြောင်းလဲပေး၍ သူတို့လိုအပ်ရာနှင့်ဆန္ဒများကို သင့်တော်သ၍ ရောင့်ရဲစေနိုင်တော်မူကြောင်း ကိုယ်တော်၏လူမျိုး ယုံကြည်စိတ်ချကြသည်။ ‘အထွတ်အမြတ်ဖြစ်တော်မူသောအရှင်သည် စိတ်နှိမ့်ချသောသူနှင့် နှလုံးကြေကွဲသောသူတို့ကို အားတက်စေတော်မူ၏။’—ဟေရှာယ ၅၇:၁၅။

၁၀ ယေဟောဝါရှင်သည် ‘ဆင်းရဲသူကိုချီးမြှင့်လျက် မှူးမတ်တို့နှင့်အတူ မည်သို့နေရာပေးတော်မူ’ သနည်း။ ဘုရားသခင့်အလိုတော်ရှိသည့်အခါ ကိုယ်တော်၏ကျေးကျွန်များအား မှူးမတ်တို့နှင့် တန်းတူညီတူဖြစ်သောဂုဏ်ရည်ရှိ ရာထူး၌ခန့်ထားတော်မူသည်။ အီဂျစ်နိုင်ငံ၏ စားနပ်ရိက္ခာစီမံကွပ်ကဲသူဖြစ်လာသော ယောသပ်အဖြစ်တွင် ထိုသို့ပင်ကိုယ်တော်ပြုတော်မူခဲ့သည်။ (ကမ္ဘာဦး ၄၁:၃၇-၄၉) ဣသရေလနိုင်ငံတွင် မှူးမတ်များ၊ သို့မဟုတ် ယေဟောဝါ၏လူမျိုးတွင် အခွင့်အာဏာရှိသူများအလယ် ထိုင်ရခြင်းအခွင့်ကို အလွန်မြတ်နိုးတန်ဖိုးထားကြသည်။ ယနေ့ခရစ်ယာန်အကြီးအကဲများနည်းတူပင် ဤကဲ့သို့သောသူတို့သည် ဘုရားသခင့်ကူညီမစမှုနှင့်ကောင်းချီး ခံစားကြရသည်။

၁၁။ ဆာလံ ၁၁၃:၇-၉ သည်မျက်မှောက်ခေတ် ယေဟောဝါလူမျိုးနှင့် အထူးသက်ဆိုင်သည်ဟု အဘယ်ကြောင့်ပြောနိုင်သနည်း။

၁၁ ‘မြုံသောမိန်းမကိုရွှင်လန်းသောအမိ ဖြစ်စေတော်မူခြင်း’ ကော။ မြုံနေသောဟန္နအား သားရှမွေလကို ဘုရားသခင်ပေးသနားတော်မူခဲ့၍ သူမသည် သားအား ဘုရားသခင့်အမှုတော်ထမ်းရွက်စေတော်မူခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁:၂၀-၂၈) ထိုထက်အဓိပ္ပာယ်လေးနက်သည်ကား ယေရှုနှင့်အစပြုလျက် စီအီး ၃၃ ပင်တေကုတ္တေပွဲနေ့တွင် ကိုယ်တော့်တပည့်တော်များအပေါ် သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းတော်မူခြင်းအားဖြင့် ဘုရားသခင့်ပုံဆောင်ရာမိန်းမတည်းဟူသော ကောင်းကင်ဇိအုန်သည် ဝိညာဏသားများကို စဖွားမြင်လေသည်။ (ဟေရှာယ ၅၄:၁-၁၀၊ ၁၃။ တမန်တော် ၂:၁-၄) ဗာဗုလုန်နိုင်ငံတွင် ပြည်နှင်ခံရပြီးနောက် ဂျူးတို့အား မိမိတိုင်းနိုင်ငံသို့ ဘုရားသခင်ပြန်ရောက်စေတော်မူခဲ့သကဲ့သို့ပင် ၁၉၁၉ ခုနှစ်၌ “ဘုရားသခင်၏ဣသရေလလူမျိုး” မှဘိသိက်ခံအကြွင်းအကျန်ကို ဗာဗုလုန်ဆိုင်ရာသုံ့ပန်းဘဝမှ လွတ်မြောက်စေပြီး ဝိညာဉ်ရေးဘက်တွင် များစွာကောင်းချီးပေးတော်မူခဲ့သဖြင့် ဆာလံ ၁၁၃:၇-၉ ပါစကားများသည် သူတို့နှင့်သက်ဆိုင်နေပါသည်။ (ဂလာတိ ၆:၁၆) ယေဟောဝါ၏သစ္စာရှိသက်သေများအနေနှင့် ဝိညာဏဣသရေလအကြွင်းအကျန်နှင့် မြေကြီးဆိုင်ရာမျှော်လင့်ချက်များထားရှိသော သူတို့၏အပေါင်းအပါများသည် “ဂျားကိုချီးမွမ်းကြလော့” ဟူသည့်ဆာလံ ၁၁၃ ၏နောက်ဆုံးစကားများကို စိတ်စေတနာအပြည့် တုံ့ပြန်နေကြပါသည်။

ယေဟောဝါ၏ အတုမရှိသော တစ်ဦးတည်းအဖြစ်၏ သက်သေသာဓက

၁၂။ ဆာလံ ၁၁၄ သည်ယေဟောဝါ၏အတုမရှိသော တစ်ဦးတည်းအဖြစ်ကို မည်သို့ဖော်ပြသနည်း။

၁၂ ဣသရေလလူမျိုးတို့နှင့်ပတ်သက်သည့် ထူးခြားသောအဖြစ်အပျက်များကို ကိုးကားတင်ပြခြင်းအားဖြင့် ယေဟောဝါ၏ အတုမရှိ တစ်ဦးတည်းသောအဖြစ်ကို ဆာလံ ၁၁၄ ကဖော်ပြသည်။ ဆာလံဆရာ ဤသို့သီဆိုခဲ့သည်။ “ဣသရေလလူမျိုးသည် အီဂျစ်ပြည်မှလည်းကောင်း၊ ယာကုပ်အမျိုးသားတို့သည် စကားဝဲသောလူမျိုးမှလည်းကောင်း ထွက်လာကြရာ ယုဒနယ်သည် ဌာနတော်၊ ဣသရေလပြည်သည် နိုင်ငံတော်ဖြစ်” လာလေသည်။ (ဆာလံ ၁၁၄:၁၊ ၂၊ သမ) ဣသရေလလူမျိုးအတွက် ဆန်းပြားသောဘာသာစကားပြောဆိုသူ အီဂျစ်လူမျိုးလက်အောက် ကျွန်ခံရသောအဖြစ်မှ သူတို့အား ဘုရားသခင်ကယ်နှုတ်တော်မူခဲ့သည်။ ယနေ့ ဘုရားသခင်၏ကျေးကျွန်များကို ကိုယ်တော်ကယ်မနိုင်တော်မူကြောင်း ကဗျာလင်္ကာတွင် ယှဉ်ပြိုင်သုံးနှုန်းထားသည့် ယုဒနှင့်ဣသရေလဟု အခေါ်ခံရသော ယေဟောဝါ၏လူမျိုးကို ကယ်နှုတ်တော်မူခဲ့ခြင်းက တင်ပြပါသည်။

၁၃။ ဆာလံ ၁၁၄:၃-၆ ကယေဟောဝါ၏ပိုင်သအုပ်စိုးခွင့်ကိုမည်သို့ဖော်ပြပြီး ရှေးဣသရေလလူမျိုး၏ တွေ့ကြုံမှုများနှင့် မည်သို့သက်ဆိုင်သနည်း။

၁၃ ဝေနေယျသတ္တဝါအပေါင်းကို ယေဟောဝါပိုင်သအုပ်စိုးတော်မူကြောင်း ဤစကားများက ဖော်ပြပါသည်။ “ပင်လယ်ရေမြင်၍ ထွက်ပြေးရလျက်၊ ယော်ဒန်မြစ်ရေ ဆုတ်စီးရလျက်၊ တောင်များသည် သိုးထီးကဲ့သို့လည်းကောင်း၊ ကုန်းများသည် သိုးသငယ်ကဲ့သို့လည်းကောင်း ခုန်ပေါက်ကြ၏။ အချင်းပင်လယ်ရေ၊ သင်ထွက်ပြေးခြင်း၊ အချင်းယော်ဒန်မြစ်ရေ၊ သင်ဆုတ်စီးခြင်း၊ အချင်းတောင်တို့၊ သိုးထီးကဲ့သို့လည်းကောင်း၊ အချင်းကုန်းတို့ သိုးငယ်ကဲ့သို့လည်းကောင်း၊ သင်တို့ခုန်ပေါက်ခြင်းအကြောင်းကား မည်သို့နည်း။” (ဆာလံ ၁၁၄:၃-၆၊ သမ) လူမျိုးတော်အတွက် ဘုရားသခင်လမ်းဖွင့်ပေးတော်မူခဲ့ချိန်တွင် ပင်လယ်နီသည် “ဆုတ်စီး” ခဲ့ရသည်။ ထိုစဉ်က ပြန်စီးဆင်းလာသည့်ရေတွင် သေဆုံးခဲ့သော အီဂျစ်လူမျိုးတို့တစ်ဖက် ယေဟောဝါ၏စီရင်တော်မူချက်ကို ဣသရေလလူမျိုး တွေ့ မြင်ခဲ့ပါသည်။ (ထွက်မြောက်ရာ ၁၄:၂၁-၃၁) ထပ်တူပင် တန်ခိုးတော်တင်ပြကာယော်ဒန်မြစ်သည် “ဆုတ်စီး” ခဲ့ရာ ခါနာန်ပြည်ထဲသို့ ဣသရေလလူမျိုး ဖြတ်ကျော်သွားနိုင်ခဲ့ကြသည်။ (ယောရှု ၃:၁၄-၁၆) ပညတ်ပဋိညာဉ်ကိုဖွဲ့တော်မူစဉ်က သိနာတောင်အနှံ့ မီးခိုးထွက်၍ အခိုးတက်ရုံမက တစ်တောင်လုံး ပြင်းစွာတုန်လှုပ်စဉ် ‘တောင်တို့သည် သိုးထီးကဲ့သို့ ခုန်ပေါက်ခဲ့ကြသည်။’ (ထွက်မြောက်ရာ ၁၉:၇-၁၈) ဆာလံဆရာ၏သီချင်းသည် အထွတ်အထိပ်သို့ရောက်လုပြီဖြစ်၍ ပုစ္ဆာအမေးဖြင့် သက်မဲ့ပင်လယ်သမုဒ္ဒရာ၊ မြစ်ရေ၊ တောင်တန်းတောင်ပူစာတို့သည် ယေဟောဝါ၏တန်ခိုးတော် ထင်ရှားပြသခြင်းကြောင့် အထူးစိုးရွံ့မည်ဟု ဆာလံဆရာအရိပ်အမြွက်ဖော်ပြနေပေမည်။

၁၄။ မေရိဘနှင့်ကာဒေရှအရပ်၌ ယေဟောဝါရှင်၏တန်ခိုးတော်ဖြင့် အဘယ်အမှုဖြစ်ပျက်ခဲ့၍ ယင်းသည် ကိုယ်တော်၏မျက်မှောက်ခေတ်ကျေးကျွန်တို့ကို မည်သို့အကျိုးပြုသင့်သနည်း။

၁၄ ယေဟောဝါ၏တန်ခိုးတော်ကို ရည်ညွှန်းပြီး ဆာလံဆရာဆက်သီဆိုသည်ကား “အချင်းမြေပထဝီ ကျောက်တောင်ကိုရေအိုင်၊ မီးခတ်ကျောက်ကို စမ်းတွင်း ဖြစ်စေတော်မူသောအရှင်ဘုရား၏ရှေ့တော်၊ ယာကုပ်၏ဘုရားသခင့်ရှေ့တော်၌ တုန်လှုပ်လျက်နေလော့။” (ဆာလံ ၁၁၄:၇၊ ၈၊ သမ) လူသားအပေါင်း ကမ္ဘာကိုအစိုးရသောအရှင်သခင်၊ စကြဝဠာအုပ်စိုးပိုင်ရှင် ယေဟောဝါရှေ့မှောက်၌ ကြောက်ရွံ့တုန်လှုပ်နေသင့်ကြောင်း ပုံဆောင်စကားအားဖြင့် ဤအတိုင်း ဆာလံဆရာတင်ပြပါသည်။ ကိုယ်တော်သည် ဝိညာဏဣသရေလနှင့် သူတို့၏မြေကြီးဆိုင်ရာအပေါင်းအပါများ၏ ဘုရားဖြစ်တော်မူသည်နည်းတူ ဣသရေလ၊ သို့မဟုတ် “ယာကုပ်၏ဘုရားသခင်” ဖြစ်တော်မူသည်။ တောတွင်း မေရိဘနှင့်ကာဒေရှအရပ်၌ “ကျောက်တောင်ကိုရေအိုင်၊ မီးခတ်ကျောက်ကို စမ်းတွင်း ဖြစ်စေတော်မူ” ၍ဣသရေလလူမျိုးအား အံ့ဖွယ်နည်းဖြင့် ရေရရှိစေ၍ ယေဟောဝါရှင်သည် တန်ခိုးတော်ကို ပြသတော်မူခဲ့သည်။ (ထွက်မြောက်ရာ ၁၇:၁-၇။ တောလည်ရာ ၂၀:၁-၁၁) ယေဟောဝါ၏စိုးရွံ့ဖွယ်တန်ခိုးတော်နှင့် သက်ညှာကြင်နာမှုတို့ကို သတိပေးခံရတိုင်း ကိုယ်တော့်သက်သေများသည် ကိုယ်တော်အား ပုံအပ်ယုံကြည်ကြလေသည်။

အခြားဘုရားများနှင့်မတူ

၁၅။ ဆာလံ ၁၁၅ ကို မည်သို့သီဆိုခဲ့ပေမည်နည်း။

၁၅ ဆာလံ ၁၁၅ ကယေဟောဝါကိုချီးမွမ်းထောမနာပြု၊ စိတ်ချအားကိုးရန် တိုက်တွန်းပေးပါသည်။ ခံစားရသမျှကောင်းချီးနှင့် မစကူညီမှုတို့သည် ကိုယ်တော်ထံမှဖြစ်ကြောင်းလည်း တင်ပြရုံမက ဗာဗုလုန်ဘုရားတို့သည် ဘာမျှမတတ်နိုင်ကြောင်း သက်သေထူသည်။ ဤဆာလံသီချင်းကို အတုံ့အလှယ် သီဆိုခဲ့ပေမည်။ ဥပမာ၊ တစ်သံက “ယေဟောဝါကိုကြောက်ရွံ့သောသူတို့၊ ယေဟောဝါကို ကိုးစားကြလော့” ဟုဆိုသည့်အခါ အသင်းတော်လိုက် “ကိုယ်တော်သည် သူတို့၏အထောက်အမ၊ သူတို့၏ဒိုင်းလွှား ဖြစ်တော်မူသည်” ဟုတစ်လှည့်ဆိုပေမည်။—ဆာလံ ၁၁၅:၁၁၊ ကဘ။

၁၆။ ယေဟောဝါရှင်နှင့် လူမျိုးတို့၏ဘုရားများမတူ၊ ခြားနားကြောင်းကို မည်သို့ဖော်ပြနိုင်သနည်း။

၁၆ ကျွန်ုပ်တို့ကိုယ်ကိုဂုဏ်မတင်သင့်ဘဲ သစ္စာစောင့်သိသောမေတ္တာနှင့် ဟုတ်မှန်ခြင်းအရှင်၊ သို့မဟုတ် မေတ္တာကရုဏာရှင် ယေဟောဝါ၏နာမတော်ကို ဂုဏ်တင်သင့်သည်။ (ဆာလံ ၁၁၅:၁) “သူတို့၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း” ဟုရန်သူများ ပြောင်လှောင်လျက်မေးမြန်းပေမည်။ သို့သော် ယေဟောဝါ၏လူမျိုးက ‘ငါတို့ဘုရားသခင်သည် ကောင်းကင်၌ရှိ၍ အလိုတော်ရှိသမျှအတိုင်း ပြု၏’ ဟူ၍ဖြေဆိုနိုင်ကြသည်။—ဆာလံ ၁၁၅ အငယ် ၂-၈။

၁၇။ လူသေများသည် ယေဟောဝါကိုချီးမွမ်းထောမနာမပြုနိုင်သဖြင့် ကျွန်ုပ်တို့ဘာလုပ်သင့်သနည်း။ ကျွန်ုပ်တို့၌ အဘယ်မျှော်လင့်ချက်ရှိသနည်း။

၁၇ ထိုနောက် ဣသရေလလူမျိုးကိုလည်းကောင်း၊ အာရုန်၏ယဇ်ပုရောဟိတ်အမျိုးအနွယ်နှင့် ဘုရားသခင်ကိုကြောက်ရွံ့သူအပေါင်းကိုလည်းကောင်း မစကာကွယ်တော်မူသောဒိုင်းလွှားအဖြစ်၊ ယေဟောဝါရှင်ကို ကိုးစားကြရန် ဆုံးမတိုက်တွန်းပါသည်။ (ဆာလံ ၁၁၅:၉-၁၁) ယေဟောဝါကိုကြောက်ရွံ့သူများအနေနှင့် ဘုရားသခင်ကို အပြည့်အဝကြည်ညိုလေးစားပြီး ကိုယ်တော်၏စိတ်တော်မတွေ့မည်ကို စိုးရိမ်ကြောက်ရွံ့ကြပါသည်။ သစ္စာစောင့်သိသောဝတ်ပြုကိုးကွယ်သူတို့အား “ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းရှင်” သည်ကောင်းချီးပေးတော်မူကြောင်းကိုလည်း ကျွန်ုပ်တို့ယုံကြည်စိတ်ချပါသည်။ (အငယ် ၁၂-၁၅) ကောင်းကင်ကား ကိုယ်တော်၏ပလ္လင်တော်တည်စိုက်ရာအရပ်ဖြစ်၍ မြေကြီးကိုကား သစ္စာစောင့်သိသော နာခံမှုရှိလူသားတို့ ထာဝစဉ်နေထိုင်ရာအရပ်အဖြစ် ဘုရားသခင်ရည်ရွယ်ထားတော်မူသည်။ ဆိတ်ငြိမ်ပြီး၊ ဘာမျှမသိသောလူသေတို့သည် ယေဟောဝါကိုချီးမွမ်းထောမနာမပြုနိုင်ကြသည့်အတွက် အသက်ရှင်သောကျွန်ုပ်တို့သည် စွဲစွဲလမ်းလမ်း၊ သစ္စာစောင့်သိကာ ထောမနာပြုသင့်ကြသည်။ (ဒေသနာ ၉:၅) ယေဟောဝါအား ချီးမွမ်းထောမနာပြုသူများသာလျှင် ထာဝစဉ်အသက်ရှင်လျက် “ဂျားကိုထာဝစဉ်ချီးမွမ်း” နိုင်ကြပြီး “ကာလအစဉ်အဆက်” ကိုယ်တော်အားထောမနာပြုနိုင်လိမ့်မည်။ ထိုကြောင့် အသင်လူသားအပေါင်းတို့ “ဂျားကိုချီးမွမ်းကြလော့” ဟူသောသြဝါဒကိုလိုက်နာသူများအလယ် သစ္စာစောင့်သိကြစို့။—ဆာလံ ၁၁၅:၁၆-၁၈၊ ကဘ။

ယေဟောဝါ၏အံ့ချီးဖွယ်အရည်အချင်းများ

၁၈၊ ၁၉။ အတုအယောင်ဘုရားများနှင့် ယေဟောဝါထူးခြားကြောင်းကို ကိုယ်တော်၏အရည်အချင်းများက အဘယ်နည်းများဖြင့် ဖော်ပြသနည်း။

၁၈ သက်မဲ့အရာများနှင့်မတူဘဲ အသက်ရှင်တော်မူထသော ဘုရားသခင်ယေဟောဝါသည် အံ့ချီးဖွယ်အရည်အချင်းများကိုတင်ပြတော်မူသည်။ ကိုယ်တော်သည် ချစ်ခြင်းမေတ္တာပြယုဂ်ဖြစ်၍ “ချစ်သနားခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့်ကြွယ်ဝတော်မူ” ၏။ (ထွက်မြောက်ရာ ၃၄:၆။ ၁ ယောဟန် ၄:၈) ကလေးများကို ပူဇော်ခဲ့ရသည့် ခါနာန်လူမျိုးတို့၏ ရက်စက်ကြမ်းကြုတ်သော မောလုတ်ဘုရားနှင့် ကိုယ်တော်အလွန်ခြားနားလှပါသည်တကား။ ဤဘုရားရုပ်သည်လူ့အသွင်အပြင်နှင့် နွားခေါင်းရှိသည်ဟု ဆိုကြသည်။ ယင်းရုပ်တုကို ပူလောင်နေသည့်တိုင် မီးထိုးထား၍ ယင်း၏ဖြန့်ထားသောလက်တံကြားမှ အောက်တွင်ရှိ မီးတောက်လောင်နေသောမီးဖိုထဲသို့ ကလေးငယ်များကို ပစ်ချလေ့ရှိသည်ဆို၏။ ယေဟောဝါမူကား ချစ်သနားခြင်းကရုဏာကြီးမားလှသည်ဖြစ်၍ ဤသို့ လူ့ယဇ်ကောင်များပူဇော်ခြင်းအမှုကို “အလျှင်းအလိုမရှိ” နှလုံးတော်၌ပင် တစ်ခါမျှကြံစည်တော်မမူခဲ့ချေ။—ယေရမိ ၇:၃၁။

၁၉ ယေဟောဝါ၏အဓိကအရည်အချင်းတို့တွင် ပြည့်ဝစုံလင်သောတရားမျှတမှု၊ အနန္တဉာဏ်ပညာတော်နှင့် အနန္တတန်ခိုးများလည်း ပါဝင်သည်။ (တရားဟောရာ ၃၂:၄။ ယောဘ ၁၂:၁၃။ ဟေရှာယ ၄၀:၂၆) ဒဏ္ဍာရီပုံပြင်များမျှဖြစ်သော နတ်ဘုရားများကော။ ဗာဗုလုန်နတ်ဘုရား၊ နတ်ဘုရားမများသည် တရားမျှတမည့်အစား လက်စားချေတတ်ကြသည်။ အီဂျစ်နတ်ဘုရားများကို ဉာဏ်ပညာ၏စံနမူနာများဟုမဆိုကြဘဲ လူ့အားနည်းချက်များရှိသူများအဖြစ် ဖော်ပြကြသည်။ ယင်းသို့ဖြစ်ခြင်းသည်လည်း အံ့ဩစရာမဟုတ်ပေ။ အကြောင်းမှာ အတုအယောင်ဘုရားနှင့်ဘုရားမများသည် ပညာရှိဟုအမည်ခံသော “ပညာမဲ့” သောလူသားတို့ကြံဆ ရာများသာ ဖြစ်ကြပါသည်။ (ရောမ ၁:၂၁-၂၃၊ သတ) ဂရိနတ်ဘုရားများသည် အချင်းချင်းတစ်ဦးကိုတစ်ဦး မကောင်းကြံစည်ကြသည်ဟုဆို၏။ ဥပမာ၊ ဒဏ္ဍာရီအရ နတ်ဘုရားဇုသသည် မိမိ၏အခွင့်အာဏာကို အလွဲသုံးစားပြုကာ ခမည်းတော်ဖြစ်သူ ကရောနကို နန်းချခဲ့၏။ ကရောနကိုယ်တိုင်သည်လည်း သူ၏အဘ ဥရနု၏နန်းကို လုယူခဲ့သည်ဆို၏။ ထိုကြောင့် အသက်ရှင်တော်မူထသော၊ စစ်မှန်သောဘုရား၊ ချစ်ခြင်းမေတ္တာတော်၊ တရားမျှတခြင်း၊ ဉာဏ်ပညာတော်နှင့်တန်ခိုးကို ပြည့်ဝစုံလင်စွာတင်ပြသော ယေဟောဝါဘုရားသခင်ကို ဝတ်ပြုကိုးကွယ်၊ ချီးမွမ်းထောမနာပြုခွင့်ရရှိထားခြင်းသည် ကြီးမားသောကောင်းချီးပါတကား။

ထာဝရချီးမွမ်းခြင်းကို ခံထိုက်တော်မူသော ယေဟောဝါ

၂၀။ ယေဟောဝါ၏နာမတော်ကိုချီးမွမ်းထောမနာပြုရန်အတွက် ဒါဝိဒ်မင်းကြီး အဘယ်အကြောင်းတင်ပြခဲ့သနည်း။

၂၀ ဟာလဲလ်ဆာလံကျမ်းများတင်ပြသည်အတိုင်းပင် ထာဝရချီးမွမ်းထောမနာပြုခြင်းကို ယေဟောဝါရှင် ရထိုက်တော်မူသည်။ ထိုနည်းလည်းကောင်းပင် ဒါဝိဒ်နှင့်သူ၏ဣသရေလအမျိုးသားချင်းတို့သည် ဗိမာန်တော်ဆောက်လုပ်ရေးအတွက် လှူဒါန်းပေးခဲ့စဉ်က လူစုလူဝေးရှေ့တွင် ဒါဝိဒ်ဤသို့ဆိုခဲ့သည်။ “အကျွန်ုပ်တို့အဘ၊ ဣသရေလ၏ဘုရားသခင် ထာဝရဘုရား၊ [ယေဟောဝါ၊ ကဘ] ကိုယ်တော်သည် ကမ္ဘာအဆက်ဆက် မင်္ဂလာရှိတော်မူစေသတည်း။ အိုထာဝရဘုရား၊ [ယေဟောဝါ၊ ကဘ] ကိုယ်တော်သည် ဘုန်းတန်ခိုးအာနုဘော်၊ အောင်မြင်ခြင်းအခွင့်၊ အာဏာတော်နှင့်ပြည့်စုံတော်မူ၏။ ကောင်းကင်မြေကြီး၌ရှိရှိသမျှကို ပိုင်တော်မူ၏။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုယ်တော်သည် အစိုးရတော်မူ၏။ ခပ်သိမ်းသောသူတို့၏အထွတ်၊ မြင့်မြတ်တော်မူ၏။ ဂုဏ်အသရေနှင့် စည်းစိမ်ဥစ္စာသည် ကျေးဇူးတော်ကြောင့်သာဖြစ်၏။ ကိုယ်တော်သည် ခပ်သိမ်းသောသူတို့ကို အုပ်စိုးတော်မူ၏။ ခွန်အားအစွမ်းသတ္တိကို ပေးပိုင်တော်မူ၏။ ခပ်သိမ်းသောသူတို့အား ကြီးမြတ်သောအခွင့်နှင့် ခိုင်ခံ့သောအခွင့်ကို ပေးပိုင်တော်မူ၏။ သို့ဖြစ်၍ အကျွန်ုပ်တို့၏ဘုရားသခင်၊ ကျေးဇူးတော်ကြီးလှပါသည်ဟု အကျွန်ုပ်တို့သည်ဝန်ခံ၍ ဘုန်းကြီးသောနာမတော်ကို ချီးမွမ်းကြပါ၏။”—၁ ရာဇဝင်ချုပ် ၂၉:၁၀-၁၃။

၂၁။ ကောင်းကင်ဗိုလ်ခြေတို့သည် ယေဟောဝါအား ချီးမွမ်းထောမနာပြုကြောင်း ဗျာဒိတ် ၁၉:၁-၇ ကအဘယ်သို့သက်သေထူသနည်း။

၂၁ ကောင်းကင်ဘုံတွင်လည်း ယေဟောဝါသည် ထာဝစဉ်ချီးမွမ်းထောမနာပြုခံရလိမ့်မည်။ “ကောင်းကင်၌ စည်းဝေးသောလူအများတို့” က “ဂျားကိုချီးမွမ်းကြလော့။ ကယ်တင်ခွင့်မှစ၍ ဘုန်းတော်၊ တန်ခိုးတော်ကို ငါတို့ဘုရားသခင် ပိုင်တော်မူ၏။ စီရင်တော်မူချက်များသည် ဟုတ်မှန်ဖြောင့်မတ်၏။ မတရားသောမေထုန်ဖြင့် မြေကြီးတစ်ပြင်လုံး ဖောက်ပြန်စေသောပြည်တန်ဆာကြီး [မဟာဗာဗုလုန်] ကိုစီရင်ဆုံးဖြတ်တော်မူလျက် ကျွန်တော်ရင်းတို့အသွေးအတွက် လက်စားချေတော်မူပြီ” ဟုကြွေးကြော်သံကို တမန်တော်ယောဟန်ကြားခဲ့သည်။ တစ်ဖန်သူတို့က “ဂျားကိုချီးမွမ်းကြ” ဟုဆိုသည်။ “အကြီးအကဲနှစ်ဆယ့်လေးပါးတို့နှင့် သတ္တဝါလေးပါး” တို့ကလည်း ထိုသို့ကြွေးကြော်သည်။ ပလ္လင်တော်ပေါ်မှအသံက “ကိုယ်တော်ကိုခန့်ညားသော အချင်းကျွန်တော်ရင်း အယုတ်အမြတ်အပေါင်းတို့၊ ငါတို့ဘုရားသခင်အား ထောမနာပြုကြလော့” ဟုဆိုသည်။ ထိုနောက်ယောဟန်ထပ်ဆင့်ပြောသည်ကား “စည်းဝေးသောသူအများတို့၏အသံ၊ သမုဒ္ဒရာသံ၊ ပြင်းစွာသောမိုးကြိုးသံနှင့်တူသောအသံကို ငါကြားရသည်မှာ၊ ‘ဂျားကိုချီးမွမ်းကြလော့။ အနန္တတန်ခိုးရှင်၊ ငါတို့ဘုရားသခင် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] စိုးစံတော်မူ၏’” ဖြစ်သည်။—ဗျာဒိတ် ၁၉:၁-၇။

၂၂။ ကတိထားတော်မူရာ ကမ္ဘာသစ်တွင် ယေဟောဝါသည် မည်သို့ချီးမွမ်းထောမနာပြုခံရမည်နည်း။

၂၂ ကောင်းကင်ဗိုလ်ခြေတို့သည် ယေဟောဝါအားထောမနာပြုကြခြင်းကား လျောက်ပတ်ပေသည်တကား။ ယခုနီးကပ်နေသော ကိုယ်တော်၏ကမ္ဘာသစ်တွင် ရှင်ပြန်ထမြောက်သော သစ္စာစောင့်သိသူများသည် ဤစနစ်၏အဆုံးကို ကပ်ကျော်မည့်သူတို့နှင့်အတူ ဂျားကိုချီးမွမ်းထောမနာပြုကြလိမ့်မည်။ မြင့်မားသောတောင်ကုန်းတောင်တန်းများသည် ခေါင်းကိုကြွလျက်ဘုရားသခင်အား ချီးမွမ်းတေးများသီဆိုကြမည်။ စိမ်းလန်းသောတောင်ပူစာများနှင့် သစ်သီးပင်များလည်း ကိုယ်တော်အား ချီးမွမ်းထောမနာပြုကြမည်။ သက်ရှိသတ္တဝါအပေါင်းတို့လည်း ဟာလေလုယဟုသံပြိုင်ဆိုကာထောမနာသီချင်း၌ ယေဟောဝါ၏နာမတော်ကို အမှန်ပင်ချီးမွမ်းကြလိမ့်မည်။ (ဆာလံ ၁၄၈) ထိုရွှင်လန်းအားရစွာသီဆိုသူတို့အလယ်တွင် သင့်အသံ ပါဝင်မည်လော။ ဂျား၏လူမျိုးနှင့်အတူ အသင်သည် သစ္စာစောင့်သိမည်ဆိုလျှင် ထိုသို့သံကုန်လွှင့် သီဆိုလိမ့်မည်။ သင့်ဘဝရည်ရွယ်ချက်သည် ထိုသို့ပင်ဖြစ်သင့်သည်။ အကြောင်းမှာ၊ ငါတို့ဘုရားသခင်ယေဟောဝါနှင့် အဘယ်သူ တူသနည်း။

သင်မည်သို့ဖြေဆိုမည်နည်း

▫ ယေဟောဝါဘုရားကို အဘယ်ကြောင့် ချီးမွမ်းထောမနာပြုသင့်သနည်း။

▫ ယေဟောဝါသည် အဘယ်နည်းဖြင့် ပြိုင်ဘက်ကင်းသနည်း။

▫ ယေဟောဝါသည် သက်ဝင်ကြင်နာတော်မူကြောင်း အဘယ်သာဓကရှိသနည်း။

▫ သက်မဲ့အရာများ၊ အတုအယောင်နတ်ဘုရားများနှင့် ယေဟောဝါသည် အဘယ်နည်းဖြင့်မတူသနည်း။

▫ ကောင်းကင်ပေါ်၊ မြေကြီးပေါ်တွင် ယေဟောဝါသည် ထာဝစဉ်ချီးမွမ်းထောမနာပြုခံရမည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ဟာလဲလ်ဆာလံကျမ်းတို့ကို ပသခါပွဲတော်အတွင်း သီဆိုကြသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ