ထာဝရဘုရင်ကို ချီးမွမ်းလေ!
“ထာဝရဘုရားသည် ကာလအစဉ်အမြဲတည်သော ရှင်ဘုရင်ဖြစ်တော်မူ” သည်။—ဆာလံ ၁၀:၁၆။
၁။ ထာဝရနှင့်စပ်လျဉ်း၍ အဘယ်မေးခွန်းများပေါ်လာသနည်း။
ထာဝရ—ယင်းကို သင် မည်သို့ဆိုမည်နည်း။ အချိန်ကာလသည် ထာဝစဉ်ဆက်သွားနေသည်ဟု သင်ထင်သလော။ အမှန်မှာ အချိန်ကာလသည် ရှည်လျားသောအတိတ် ရှိသည်မှာ သံသယဖြစ်စရာမရှိ။ သို့ဆိုလျှင် ရှည်လျားသောအနာဂတ် အဘယ်ကြောင့် မရှိနိုင်ရမည်နည်း။ အမှန်ပင်၊ ကမ္ဘာသစ်ဘာသာပြန်ကျမ်း က ဘုရားသခင်ကို “ကာလအစဉ်အဆက်” ချီးမွမ်းခြင်းခံရသူဖြစ်ကြောင်း ရည်ညွှန်းသည်။ (ဆာလံ ၄၁:၁၃) ဤအသုံးအနှုန်းကား အဘယ်အဓိပ္ပာယ်နည်း။ ကျွန်ုပ်တို့သည် ဆက်နွှယ်သောအကြောင်းတစ်ခု—အာကာသ အကြောင်းကို ရည်ညွှန်းခြင်းက နားလည်ရန် အထောက်အကူဖြစ်ပေမည်။
၂၊ ၃။ (က) အာကာသနှင့်ပတ်သက်သော အဘယ်မေးခွန်းများသည် ထာဝရဟူသည်ကို ကျွန်ုပ်တို့နားလည်သဘောပေါက်ရန် အကူအညီပေးသနည်း။ (ခ) ကျွန်ုပ်တို့သည် ထာဝရဘုရင်ကို အဘယ်ကြောင့် ဝတ်ပြုကိုးကွယ်လိုစိတ်ရှိသင့်သနည်း။
၂ အာကာသသည် မည်မျှကျယ်ပြောသနည်း။ ယင်းတွင် အကန့်အသတ်ရှိသလော။ လွန်ခဲ့သည့် အနှစ် ၄၀၀ အချိန်အထိ ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်ကို စကြဝဠာ၏ဗဟိုချက်မအဖြစ် ထင်မှတ်ခဲ့ကြသည်။ ထို့နောက်တွင် ဂယ်လီလီယိုက တယ်လီစကုတ်ကို သာ၍တိုးတက်ကောင်းမွန်အောင်လုပ်လိုက်ရာ ကောင်းကင်၏မြင်ကွင်းကို အလွန့်အလွန်ကျယ်ပြောစွာရှုမြင်နိုင်ခဲ့သည်။ ယခု ဂယ်လီလီယိုသည် ကြယ်များကို ပို၍များပြားစွာမြင်နိုင်ပြီး ကမ္ဘာနှင့် အခြားဂြိုဟ်များသည် နေကိုလှည့်ပတ်နေကြောင်း ပြသနိုင်ခဲ့သည်။ နဂါးငွေ့တန်းသည် ဖြူနောက်နောက်နို့ရည်နှင့်မတူတော့ပါ။ ယင်းသည် အရေအတွက်အားဖြင့် သန်းပေါင်းတစ်သိန်းခန့်ရှိသည့် ကြယ်များပါဝင်သော ဂလက်ဆီတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။ ကျွန်ုပ်တို့သည် သက်တမ်းတစ်ခုအတွင်းပင် ထိုမျှလောက်များသောကြယ်များကို ဘယ်တော့မျှမရေတွက်နိုင်ပါ။ နောက်ပိုင်းတွင် နက္ခတ္တဗေဒပညာရှင်များက သန်းထောင်နှင့်ချီသောဂလက်ဆီများကို တွေ့ရှိလာကြသည်။ အားအကောင်းဆုံးတယ်လီစကုတ်များဖြင့် စူးစမ်းနိုင်သည့်အတိုင်းအတာတွင် ယင်းတို့သည် စကြဝဠာတွင် အဆုံးမရှိတစ်မျှော်တစ်ခေါ်ကျယ်ပြန့်နေသည်။ အာကာသသည် အကန့်အသတ်ရှိပုံမရပေ။ ထာဝရဟူသည် ဤအတိုင်းပင်ဖြစ်သည်—ယင်းတွင် အကန့်အသတ်မရှိ!
၃ ထာဝရဟူသော သဘောသည် ကျွန်ုပ်တို့၏အကန့်အသတ်ရှိသော လူ့ဦးနှောက်နှင့် နားမလည်နိုင်ပုံရှိသည်။ သို့ရာတွင် ယင်းကိုအပြည့်အဝသိနားလည်သော ပုဂ္ဂိုလ်တစ်ဦးရှိသည်။ မှန်သည်၊ ထိုပုဂ္ဂိုလ်သည် သန်းထောင်နှင့်ချီသောဂလက်ဆီတို့တွင်ရှိသည့် သန်းကုဋေပေါင်းမြောက်မြားစွာသော ကြယ်များကိုရေတွက်နိုင်ပြီး အမည် နှင့်ပင်ခေါ်နိုင်သည်တကား! ထိုသူက ဤသို့ဆိုသည်– “အထက်သို့မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့်ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့်ပြည့်စုံတော်မူသောကြောင့် တစ်စုံတစ်ခုမျှ မပေါ်ဘဲမနေရ။ ထာဝရဘုရားသည် အစဉ်အမြဲတည်တော်မူသော ဘုရားသခင်ဖြစ်ကြောင်းကိုလည်းကောင်း၊ မြေကြီးစွန်းတိုင်အောင်ဖန်ဆင်းတော်မူသော အရှင်ဖြစ်ကြောင်းကိုလည်းကောင်း၊ မောတော်မူခြင်း၊ ပင်ပန်းတော်မူခြင်းမရှိ၊ စစ်၍မကုန်နိုင်သောဉာဏ်နှင့် ပြည့်စုံတော်မူကြောင်းကိုလည်းကောင်း သင်သည်မသိမကြားဖူးသလော”။ (ဟေရှာယ ၄၀:၂၆၊ ၂၈) အလွန်အံ့ချီးဖွယ်ကောင်းသော ဘုရားသခင်ပင်တည်း! အမှန်ပင်၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကိုးကွယ်ဝတ်ပြုလိုသင့်သည့် ဘုရားသခင်ဖြစ်ပေသည်!
“ကာလအစဉ်အမြဲတည်သော ရှင်ဘုရင်”
၄။ (က) ဒါဝိဒ်သည် ထာဝရဘုရင်ကို လေးမြတ်ကြောင်း မည်သို့ဖော်ပြခဲ့သနည်း။ (ခ) သမိုင်းတွင် အကျော်ကြားဆုံးသိပ္ပံပညာရှင်များထဲမှ တစ်ဦးက စကြဝဠာ၏အစနှင့်ပတ်သက်၍ မည်သို့ကောက်ချက်ချခဲ့သနည်း။
၄ ဆာလံ ၁၀:၁၆ တွင် ဒါဝိဒ်က ဖန်ဆင်းရှင်၊ ဘုရားသခင်အကြောင်း ဤသို့ဆိုသည်– “ထာဝရဘုရားသည် ကာလအစဉ်အမြဲတည်သော ရှင်ဘုရင်ဖြစ်တော်မူ” သည်။ ဆာလံ ၂၉:၁၀ တွင် သူ ဤသို့ထပ်ဆင့်သည်– “ထာဝရဘုရားသည် အစဉ်အမြဲရှင်ဘုရင်အရာနှင့် ထိုင်တော်မူ၏။” မှန်ပါသည်၊ ယေဟောဝါသည် ထာဝရဘုရင်ဖြစ်တော်မူသည်! ထို့အပြင် ဒါဝိဒ်က ဤဘုရင်မင်းမြတ်သည် အာကာသ၌ကျွန်ုပ်တို့တွေ့မြင်ရသည့် အရာရှိရှိသမျှတို့၏ ပုံစံပြုစုဖန်တီးရှင်ဖြစ်ကြောင်း သက်သေခံကာ ဆာလံ ၁၉:၁ တွင် ဤသို့ဆိုသည်– “မိုးကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကို ကြားပြော၍ မိုးမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကို ပြသ၏။” နောက် နှစ်ပေါင်း ၂,၇၀၀ ခန့်ကြာသော် နာမည်ကျော် သိပ္ပံပညာရှင် ဆာအိုက်ဇက်နယူတန်က ဒါဝိဒ်နှင့်သဘောတူညီမှုကို ဖော်ပြကာ ဤသို့ရေးသားသည်– “နေများ၊ ဂြိုဟ်များနှင့် ကြယ်တံခွန်များ၏ ဤအပြောင်မြောက်ဆုံးဖွဲ့စည်းထားပုံသည် အသိပညာကြွယ်ဝပြီး အစွမ်းတန်ခိုးကြီးမားသည့် ပုဂ္ဂိုလ်တစ်ဦး၏ ရည်ရွယ်ချက်နှင့် အကြွင်းမဲ့ပိုင်သအုပ်စိုးမှုမှသာ ဖြစ်ပေါ်လာနိုင်သည်။”
၅။ ဉာဏ်ပညာ၏ပင်ရင်းနှင့်ပတ်သက်ပြီး ဟေရှာယနှင့် ပေါလုတို့က မည်သို့ရေးသားခဲ့ကြသနည်း။
၅ အပြောကျယ်သော “ကောင်းကင်နှင့် ကောင်းကင်တကာတို့၏အထွတ်အမြင့်ဆုံးသော ကောင်းကင် . . . မဆံ့မခံနိုင်” သည့် အကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ယေဟောဝါသည် ထာဝစဉ်အသက်ရှင်ကြောင်း သိရခြင်းက ကျွန်ုပ်တို့ကို နှိမ့်ချစေသင့်သည်တကား! (၃ ဓမ္မရာဇဝင် ၈:၂၇) ဟေရှာယ ၄၅:၁၈ တွင် ယေဟောဝါကို “မိုးကောင်းကင်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၊ မြေကြီးကိုပြုပြင်ဖန်ဆင်း . . . တော်မူသောအရှင်” အဖြစ်ဖော်ပြကာ ကိုယ်တော်သည် သေတတ်သည့်လူသား၏ဦးနှောက်ဖြင့် ကြံဆနိုင်သည့် ဉာဏ်ပညာထက် အဆမတန်သာလွန်မြင့်မားသော ဉာဏ်ပညာ၏ပင်ရင်းဖြစ်သည်။ ၁ ကောရိန္သု ၁:၁၉ တွင် ပေါ်လွင်ထင်ရှားစွာဖော်ပြထားသည့်အတိုင်း ယေဟောဝါရှင်သည် ဤသို့မိန့်မြွက်တော်မူသည်– “ပညာရှိတို့၏ပညာကို ငါဖျက်ဆီးမည်။ ဉာဏ်ကောင်းသောသူတို့၏ ဉာဏ်ကိုလည်း ငါပယ်မည်။” တမန်တော်ပေါလုက အခန်းငယ် ၂၀ ၌ ဤသို့ထပ်ဆင့်ဖော်ပြသည်– “ပညာရှိကားအဘယ်မှာရှိသနည်း။ ကျမ်းပြုဆရာကား အဘယ်မှာရှိသနည်း။ ပြဿနာ၌ လေ့ကျက်သောဆရာကား အဘယ်မှာရှိသနည်း။ လောကီပညာကို ဘုရားသခင်သည် မိုက်စေတော်မူသည်မဟုတ်လော။” မှန်ပါသည်၊ ပေါလုက အခန်းကြီး ၃ အခန်းငယ် ၁၉ တွင် “လောကီပညာသည် ဘုရားသခင့်ရှေ့၌ မိုက်မဲခြင်းဖြစ်၏” ဟု ဆက်ပြောခဲ့သည်။
၆။ ဒေသနာ ၃:၁၁ က “အနန္တကာလ” နှင့်ပတ်သက်၍ မည်သည့်အရာကို ညွှန်ပြသနည်း။
၆ ကောင်းကင်တန်ဆာများသည် ရှောလမုန်မင်းရည်ညွှန်းခဲ့သည့် ဖန်ဆင်းခြင်း၏တစ်စိတ်တစ်ဒေသဖြစ်သည်– “ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ လျောက်ပတ်စွာဖန်ဆင်းတော်မူပြီ။ လူစိတ်နှလုံးကိုလည်း အနန္တကာလ၌စွဲလမ်းစေတော်မူပြီ။ သို့ရာတွင် ဘုရားသခင်စီရင်တော်မူသောအမှုကို အစမှအဆုံးတိုင်အောင် လူသည်စစ်၍မကုန်နိုင်။” (ဒေသနာ ၃:၁၁) အမှန်မှာ၊ ထာဝရဟူသည့် “အနန္တကာလ” ၏အဓိပ္ပာယ်ကို ကြိုးစားဖော်ထုတ်ရန် လူ၏နှလုံးထဲတွင် ထည့်သွင်းခံထားရသည်။ သို့သော် သူသည် ထိုသို့သောအသိပညာမျိုးကို ရယူနိုင်ပါမည်လော။
အံ့ချီးဖွယ်ရာ အသက်အလားအလာ
၇၊ ၈။ (က) လူသားများအတွက် အဘယ်အံ့ချီးဖွယ်ရာ အသက်အလားအလာသည် ရှေ့တွင်ရှိသနည်း၊ ယင်းကို မည်သို့ရရှိနိုင်မည်နည်း။ (ခ) မြင့်မြတ်သောပညာရေးသည် ထာဝစဉ်ဆက်သွားမည်ဖြစ်သည့်အတွက် ကျွန်ုပ်တို့အဘယ်ကြောင့်ဝမ်းမြောက်သင့်သနည်း။
၇ ယေဟောဝါထံ ယေရှုခရစ်၏ဆုပတ္တနာတွင် ဤသို့ မိန့်မြွက်ခဲ့သည်– “ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသောယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။” (ယောဟန် ၁၇:၃) ကျွန်ုပ်တို့သည် ဤကဲ့သို့သော သိကျွမ်းခြင်းအသိပညာကို မည်သို့ရရှိနိုင်မည်နည်း။ ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာကို လေ့လာဖို့လိုသည်။ ထိုသို့အားဖြင့် ပရဒိသုမြေကြီးတွင် ထာဝရအသက်ရရန် မိမိ၏သားတော်အားဖြင့် စီစဉ်ပေးမှုအပါအဝင် ဘုရားသခင့်မဟာရည်ရွယ်တော်မူချက်များနှင့်ပတ်သက်သည့် တိကျမှန်ကန်သောအသိပညာကို ကျွန်ုပ်တို့ရရှိနိုင်သည်။ ထိုအသက်တာသည် ၁ တိမောသေ ၆:၁၉ တွင် ရည်ညွှန်းထားသည့် “မှန်သောအသက်” ဖြစ်မည်တည်း။ ယင်းသည် ဧဖက် ၃:၁၁ တွင် “ငါတို့သခင်ယေရှုခရစ်ကို အကြောင်းပြု၍ [ဘုရားသခင်၏] ထာဝရအကြံတော်” အဖြစ် ဖော်ပြထားသည့်အရာနှင့်အညီဖြစ်မည်။
၈ မှန်ပါသည်၊ အပြစ်သားဖြစ်သောကျွန်ုပ်တို့သည် မြင့်မြတ်သောပညာရေး၊ ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာကို ယုံကြည်ခြင်းတို့အားဖြင့် ထာဝရအသက်ကို ရရှိနိုင်ပေမည်။ ဤပညာရေးသည် မည်မျှကြာကြာဆက်၍ သွားနေမည်နည်း။ လူသားတို့သည် မိမိတို့၏ဖန်ဆင်းရှင့်ဉာဏ်ပညာတော်နှင့်အညီ အဆင့်ဆင့်တိုး၍ သွန်သင်ခံရသည်နှင့်အမျှ ထာဝစဉ်ကာလပတ်လုံးဆက်သွားမည်တည်း။ ယေဟောဝါ၏ဉာဏ်ပညာတော်သည် အကန့်အသတ်မရှိပါ။ ယင်းကို အသိအမှတ်ပြုကာ တမန်တော်ပေါလုက ဤသို့ကြွေးကြော်ခဲ့သည်– “ဘုရားသခင်၏ပညာနှင့် ဉာဏ်တော်သည် အလွန်ကျယ်ဝန်းနက်နဲစွတကား။ စီရင်တော်မူချက်တို့ကို အဘယ်သူမျှ စစ်၍မကုန်နိုင်။ ကြွတော်မူရာလမ်းတို့ကို လိုက်၍ရှာသော်လည်း မတွေ့မမီနိုင်!” (ရောမ ၁၁:၃၃) ၁ တိမောသေ ၁:၁၇ (သတင်းကောင်း) က ယေဟောဝါကို “ထာဝရဘုရင်” ဟုခေါ်ထားခြင်းမှာ အမှန်ပင် သင့်လျော်လှသည်တကား!
ယေဟောဝါ၏ ဖန်ဆင်းနိုင်စွမ်း ဉာဏ်ပညာ
၉၊ ၁၀။ (က) လူသားများအတွက်လက်ဆောင်အဖြစ် ဤကမ္ဘာမြေကို ပြင်ဆင်ပေးရေးတွင် အဘယ်ကြီးမားသည့်လုပ်ဆောင်မှုများကို ယေဟောဝါ ပြီးမြောက်စေတော်မူခဲ့သနည်း။ (ခ) ယေဟောဝါ၏ ထူးချွန်ပြောင်မြောက်သည့် ဉာဏ်ပညာတော်ကို ကိုယ်တော်၏ဖန်ဆင်းရာများတွင် မည်သို့ဖော်ပြထားသနည်း။ (လေးထောင့်ကွက်ကို ရှု။)
၉ ထာဝရဘုရင်က ကျွန်ုပ်တို့လူသားများအတွက် ပေးသနားတော်မူသည့် အံ့မခန်းဖွယ်အမွေအနှစ်ကို စဉ်းစားသုံးသပ်ကြည့်ပါ။ ဆာလံ ၁၁၅:၁၆ က ကျွန်ုပ်တို့အား ဤသို့ပြောပြသည်– “ကောင်းကင်ကား ထာဝရဘုရား၏ကောင်းကင်ဖြစ်၏။ မြေကြီးကိုကား လူသားတို့အားပေးတော်မူပြီ။” အံ့ချီးဖွယ် ပေးအပ်ထားတော်မူခြင်းဖြစ်သည်ဟု သင်မထင်ပေလော။ အမှန်ပင်ဖြစ်ပါသည်! ကျွန်ုပ်တို့၏စံအိမ်အဖြစ် ကမ္ဘာကိုပြင်ဆင်ပေးရာတွင် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်၏ ပေါ်လွင်ထင်ရှားသော ဉာဏ်အမြော်အမြင်ကို အလွန်လေးမြတ်တန်ဖိုးထားကြပါသည်!—ဆာလံ ၁၀၇:၈။
၁၀ ကမ္ဘာဦး အခန်းကြီး ၁ တွင်ပါရှိသည့် တစ်ရက်စီသည် နှစ်ပေါင်းထောင်ချီကြာညောင်းသော ဖန်ဆင်းရာ ခြောက် “ရက်” အတွင်း ကမ္ဘာပေါ်တွင် အံ့မခန်းဖွယ်တိုးတက်ဖြစ်ပေါ်မှုများ ဖြစ်ပျက်ခဲ့သည်။ ဘုရားသခင့်ဖန်ဆင်းခြင်းအလုပ်များ၏ အပြီးသတ်ရလဒ်မှာ မြက်ကော်ဇောစိမ်း၊ ခမ်းနားထည်ဝါသည့် သစ်တောများနှင့် ရောင်စုံပန်းမန်တို့ဖြင့် ဖုံးလွှမ်းထားသော ကမ္ဘာဖြစ်မည်။ တစ်မျိုးစီကို “အမျိုးအလိုက်” ဖန်ဆင်းထားသည့် ဆန်းပြားသောရေသတ္တဝါများ၊ လှလှပပပျံဝဲနေသည့် ကျေးငှက်သာရကာအုပ်များ၊ အိမ်မွေးတိရစ္ဆာန်နှင့် သားရိုင်းတိရစ္ဆာန်များ အမြောက်အမြားပေါက်ဖွားပွားများနေမည်။ လူယောက်ျားနှင့် မိန်းမတို့အား ဖန်ဆင်းခြင်းကို ဖော်ပြပြီးနောက် ကမ္ဘာဦး ၁:၃၁ ကဤသို့ဇာတ်ကြောင်းပြန်သည်– “ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကို ကြည့်ရှုလျှင် အလွန်ကောင်းသည်ကို မြင်တော်မူ” သည်။ ဤကနဦးမနုဿလူသားများအတွက် အလွန်နှစ်ခြိုက်ဖွယ်ဝန်းကျင်ကို ခြံရံပေးခဲ့သည်တကား! ကျွန်ုပ်တို့သည် ဤဖန်ဆင်းရာခပ်သိမ်းတွင် မေတ္တာပြည့်ဝသည့် ဖန်ဆင်းရှင်၏ ဉာဏ်ပညာ၊ အမြော်အမြင်နှင့် ဂရုစိုက်မှုတို့ကို သိမြင်ရသည်မဟုတ်လော။—ဟေရှာယ ၄၅:၁၁၊ ၁၂၊ ၁၈။
၁၁။ ယေဟောဝါ၏ဖန်ဆင်းနိုင်စွမ်းသော ဉာဏ်ပညာတော်ကို ရှောလမုန် မည်သို့ထင်ရှားဖော်ပြခဲ့သနည်း။
၁၁ ထာဝရဘုရင်၏ ဉာဏ်ပညာတော်ကို အံ့အားသင့်ခဲ့သူတစ်ဦးမှာ ရှောလမုန်ဖြစ်သည်။ သူသည် ဖန်ဆင်းရှင်၏ဉာဏ်ပညာကို အကြိမ်ကြိမ်သတိပြုမိစေခဲ့သည်။ (သု. ၁:၁၊ ၂; ၂:၁၊ ၆; ၃:၁၃-၁၈) “မြေကြီးမူကား အစဉ်အမြဲတည်” ကြောင်း ရှောလမုန်က ကျွန်ုပ်တို့ကိုစိတ်ချစေခဲ့သည်။ ကျွန်ုပ်တို့၏မြေပထဝီကို လန်းဆန်းအောင်ပြုရာတွင် မိုးတိမ်ပါဝင်လုပ်ဆောင်ရသည့် ကဏ္ဍအပါအဝင် ဖန်ဆင်းခြင်း၏အံ့ဖွယ်ရာများကို သူအလွန်တန်ဖိုးထားလေးမြတ်ခဲ့သည်။ ထို့ကြောင့်သူဤသို့ရေးသားခဲ့သည်– “ခပ်သိမ်းသောမြစ်တို့သည် ပင်လယ်ထဲသို့ ရောက်ကြ၏။ သို့သော်လည်း ပင်လယ်သည်မပြည့်တတ်။ မြစ်ရေသည် စီးထွက်ရာအရပ်သို့တစ်ဖန်ပြန်သွားတတ်၏။” (ဒေသနာ ၁:၄၊ ၇) ထို့ကြောင့် မိုးရွာပြီးနောက်ပိုင်း မြစ်များသည် မြေပထဝီကို လန်းဆန်းစေပြီး ထိုရေများသည် သမုဒ္ဒရာများမှ မိုးတိမ်များအသွင်ဖြင့် သံသရာလည်သွားပြန်သည်။ ဤသို့ ရေ၏သန့်စင်ပေးခြင်းနှင့် သံသရာလည်ခြင်းမရှိပါက ဤကမ္ဘာသည် အဘယ်အရာနှင့်တူမည်နည်း၊ ကျွန်ုပ်တို့ကော မည်သို့ရှိနေမည်နည်း။
၁၂၊ ၁၃။ ဘုရားသခင့်ဖန်ဆင်းခြင်းအတွက် ကျေးဇူးတင်လေးမြတ်မှုကို ကျွန်ုပ်တို့မည်သို့ ပြသနိုင်သနည်း။
၁၂ ဖန်ဆင်းခြင်း၏ဟန်ချက်ညီမှုအတွက် ကျွန်ုပ်တို့၏လေးမြတ်တန်ဖိုးထားမှုကို ဒေသနာကျမ်းနိဂုံးတွင် ရှောလမုန်မင်းကြီး မှတ်သားခဲ့သကဲ့သို့ အပြုအမူအားဖြင့် ထောက်ခံသင့်သည်– “အချုပ်အခြာစကားဟူမူကား၊ ဘုရားသခင်ကို ကြောက်ရွံ့ ၍ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား၊ လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။ အကြောင်းမူကား ဘုရားသခင်သည် ခပ်သိမ်းသောဝှက်ထားခြင်းမှစ၍ အလုံးစုံသောအမှု ကောင်းမကောင်းရှိသမျှတို့ကို စစ်ကြော၍ တရားသဖြင့်စီရင်တော်မူလတ္တံ့သတည်း။” (ဒေသနာ ၁၂:၁၃၊ ၁၄) ကျွန်ုပ်တို့သည် ယေဟောဝါစိတ်တော် ငြိုငြင်စေမည့် မည်သည့်အရာကိုမဆို ပြုလုပ်မိမည်ကို စိုးရိမ်သင့်သည်။ ယင်းသို့လုပ်မိမည့်အစား ကျွန်ုပ်တို့သည် ရိုသေလေးမြတ်သောစိုးရွံ့မှုနှင့် ကိုယ်တော်ကိုနာခံရန် ကြိုးစားသင့်သည်။
၁၃ မှန်ပါသည်၊ ကျွန်ုပ်တို့သည် ကိုယ်တော်၏အံ့မခန်းဖွယ် ဖန်ဆင်းခြင်းလက်ရာများကြောင့် ထာဝရဘုရင်ကို ချီးမွမ်းလိုစိတ်ရှိသင့်သည်! ဆာလံ ၁၀၄:၂၄ ကဤသို့ကြေညာသည်– “အိုထာဝရဘုရား၊ ကိုယ်တော်စီရင်ပြုပြင်တော်မူသော အရာတို့သည် အလွန်များပြားပါ၏။ ရှိရှိသမျှတို့ကို ပညာတော်အားဖြင့် ဖန်ဆင်းတော်မူ၏။ မြေကြီးသည် ဘဏ္ဍာတော်နှင့် ကြွယ်ဝပါ၏။” ရွှင်လန်းစွာဖြင့် မိမိတို့ကိုယ်ကိုနှင့် အခြားသူများကို ဤသို့ပြောခြင်းအားဖြင့် ဤဆာလံ၏နောက်ဆုံးအခန်းငယ်ကို စိတ်တူသဘောတူဖြစ်ကြစို့– “အိုငါ့ဝိညာဉ် ထာဝရဘုရားကို ကောင်းချီးပေးလော့။ ဟာလေလုယ!
မြေကြီးဆိုင်ရာ ဖန်ဆင်းခြင်းအထွတ်အထိပ်
၁၄။ လူသားများအား ဘုရားသခင့်ဖန်ဆင်းခြင်းသည် အဘယ်နည်းများဖြင့် တိရစ္ဆာန်များထက် အလွန်သာသနည်း။
၁၄ ယေဟောဝါ၏ဖန်ဆင်းရာရှိရှိသမျှသည် အလွန်တရာလက်ရာမြောက်လှသည်။ သို့သော် မြေကြီးဆိုင်ရာအထူးခြားဆုံး ဖန်ဆင်းရာမှာ ကျွန်ုပ်တို့—မနုဿလူသားများဖြစ်သည်။ အာဒံ၊ ထို့နောက်ဧဝကို ယေဟောဝါ၏ဆဋ္ဌမမြောက်ဖန်ဆင်းရာနေ့၏ အထွတ်အထိပ်အဖြစ် ဖြစ်ပေါ်စေခဲ့သည်—ငါး၊ ငှက်များ၊ တိရစ္ဆာန်များထက် များစွာအဆင့်မြင့်သောဖန်ဆင်းခြင်းဖြစ်သည်။ ယင်းတို့အများအပြားတွင် ‘ပင်ကိုအသိဉာဏ်’ ရှိကြသော်လည်း လူသားများကိုမူ စဉ်းစားဆင်ခြင်နိုင်သောစွမ်းရည်၊ အမှန်နှင့်အမှားကို ခွဲခြားနိုင်သည့် ဩတ္တပ္ပစိတ်၊ အနာဂတ်အတွက် ကြိုတင်စီစဉ်နိုင်သည့် အရည်အသွေးနှင့် ကိုးကွယ်ဝတ်ပြုလိုသည့်မွေးရာပါဆန္ဒတို့ကို ထည့်သွင်းပေးထားသည်။ ဤအရာရှိရှိသမျှ မည်သို့ဖြစ်လာခဲ့ပါသနည်း။ လူသည်ကြမ်းကြုတ်သောသားရဲများမှ ဆင့်ကဲဆင့်ကဲဖြစ်လာမည့်အစား ဘုရားသခင့်ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခံခဲ့ရသည်။ ယင်းနှင့်အညီ၊ လူသာလျှင် ကျွန်ုပ်တို့ဖန်ဆင်းရှင်၏ အရည်အသွေးတို့ကို ထင်ဟပ်ပြနိုင်သည်၊ ကိုယ်တော်က မိမိကိုယ်ကို “ထာဝရဘုရား၊ ထာဝရဘုရား၊ ချစ်သနားခြင်းမေတ္တာကရုဏာနှင့် ပြည့်စုံ၍စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့်ကြွယ်ဝတော်မူ” သောပုဂ္ဂိုလ်အဖြစ် ဖော်ပြထားသည်။—ထွက်မြောက်ရာ ၃၄:၆။
၁၅။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို အဘယ်ကြောင့်နှိမ့်ချစွာချီးမွမ်းသင့်သနည်း။
၁၅ ကျွန်ုပ်တို့ခန္ဓာကိုယ်၏ အံ့ဖွယ်ဒီဇိုင်းအတွက် ယေဟောဝါကို ချီးမွမ်းကျေးဇူးတင်ကြစို့။ အသက်ရှင်ရန်မရှိမဖြစ်လိုအပ်သည့် ကျွန်ုပ်တို့၏သွေးလည်ပတ်စနစ်သည် ခန္ဓာကိုယ်တစ်လျှောက် စက္ကန့် ၆၀ တိုင်း တစ်ပတ်ပတ်သည်။ တရားဟောရာ ၁၂:၂၃ (သမ) ၌ “အသွေးသည် အသက်”— ကျွန်ုပ်တို့၏အသက်— သည်ဘုရားသခင့်အမြင်တွင် တန်ဖိုးရှိသည်။ သန်မာသည့်အရိုးများ၊ လျှော့နိုင်တင်းနိုင်သည့် ကြွက်သားများနှင့် တုံ့ပြန်တတ်သည့် အာရုံကြောစနစ်တို့သည် မည်သည့်တိရစ္ဆာန်ဦးနှောက်ထက်မဆို သာလွန်ပြီး မိုးမျှော်အဆောက်အအုံအရွယ်ရှိ ကွန်ပျူတာသည်ပင် မမီနိုင်သော စွမ်းပကားရှိသည့်ဦးနှောက်ဖြင့် ထိန်းကွပ်ထားပေးသည်။ ယင်းက သင့်ကိုမာန်ကျစေသည်မဟုတ်လော။ မာန်ကျစေသင့်သည်။ (သု. ၂၂:၄) ဤအချက်ကိုလည်းသုံးသပ်ကြည့်ပါဦး– ကျွန်ုပ်တို့၏အဆုတ်များ၊ အသံအိုး၊ လျှာ၊ သွားများနှင့် ပါးစပ်တို့သည် လူတို့ပြောဆိုကြသည့် ထောင်နှင့်ချီသောမည်သည့်ဘာသာစကားများကိုမဆို အပြန်အလှန်ပြောနိုင်သည်။ ဒါဝိဒ်က ယေဟောဝါအား လျော်ကန်သောတေးသံသာကို သီကုံးကာ ဤသို့မြွက်ဟသည်– “အကျွန်ုပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့်ပြည့်စုံသည်ဖြစ်၍ ကိုယ်တော်ကို ချီးမွမ်းပါမည်။ ပြုပြင်တော်မူသောအမှုတို့သည် အံ့သြဖွယ်ဖြစ်ကြောင်းကို အကျွန်ုပ်၏စိတ်ဝိညာဉ်သည် အမှန်သိပါ၏။” (ဆာလံ ၁၃၉:၁၄) ကျွန်ုပ်တို့သည် မိမိတို့၏အံ့ဖွယ်ဒီဇိုင်းရှင်နှင့် ဘုရားသခင်ဖြစ်တော်မူသော ယေဟောဝါကို ဒါဝိဒ်နှင့်ပူးပေါင်း၍ ကျေးဇူးတင်ချီးမွမ်းကြပါစို့!
၁၆။ ဂီတပညာရှင်အကျော်အမော်တစ်ဦးက အဘယ်တေးသံသာကို ယေဟောဝါအားချီးမွမ်းရာတွင် စပ်ဆိုသီကျူးခဲ့သနည်း၊ အဘယ်အလားတူဖိတ်ခေါ်ချက်ကို ကျွန်ုပ်တို့တုံ့ပြန်သင့်သနည်း။
၁၆ ၁၈ ရာစုနှစ်က ကျမ်းစာသားကို မှီငြမ်းစပ်ဆိုသည့်တေးသွားများကို သီကုံးသည့် ယိုစက်ဖ် ဟေဒင်က ယေဟောဝါကို ချီးမွမ်းရာတွင် ဤသို့ဆိုသည်– “ကိုယ်တော်ကို ကျေးဇူးတင်၊ အသင်လူများအပေါင်းတို့ ကိုယ်တော့်လက်ရာတော်များသည် အလွန်အံ့သြဖွယ်ရာဖြစ်! ကိုယ်တော်ကိုဂုဏ်ပြုသီဆိုကြ၊ ကိုယ်တော့်ဘုန်းတော်ကို သီကျူးကြ၊ ကိုယ်တော့်နာမတော်ကို ကောင်းချီးပေးကာ ထောမနာပြုကြ! ယေဟောဝါကို ချီးမွမ်းခြင်းသည် ထာဝစဉ်ထာဝရဖြစ်၊ အာမင်၊ အာမင်!” ၁၀၇ ကြိမ်မြောက်ဆာလံတွင် ဤသို့ လေးကြိမ်ဖိတ်ခေါ်ထားမှုကဲ့သို့သော ဆာလံကျမ်းပါမှုတ်သွင်းခံအသုံးအနှုန်းတို့သည် သာ၍ပင်တင့်တယ်လှသည်– “ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ ကရုဏာတော်အစဉ်အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။” ထိုချီးမွမ်းမှုတွင် သင်ပါဝင်သလော။ သင်ပါဝင်သင့်သည်၊ အမှန်မြတ်နိုးဖွယ်ကောင်းသည့် အရာရာတိုင်း၏ ပင်ရင်းမှာ ထာဝရဘုရင် ယေဟောဝါရှင်ဖြစ်သောကြောင့်တည်း။
သာ၍ကြီးကျယ်သည့် လုပ်ဆောင်မှုများရှိနေဆဲ
၁၇။ “မောရှေ၏သီချင်းနှင့် သိုးသငယ်၏သီချင်း” သည် ယေဟောဝါကို မည်သို့ထူးခြားစွာ ချီးမွမ်းသနည်း။
၁၇ လွန်ခဲ့သည့်အနှစ် ခြောက်ထောင်အတွင်း ထာဝရဘုရင်သည် သာ၍ကြီးကျယ်သည့်လုပ်ဆောင်မှုများကို ဆက်လက်လုပ်ဆောင်ခဲ့ပြီ။ ကျမ်းစာ၏နောက်ဆုံးစာစောင်ဖြစ်သည့် ဗျာဒိတ် ၁၅:၃၊ ၄ တွင် ကောင်းကင်၌ ရန်သူနတ်ဆိုးများကို အောင်ပွဲဆင်ခဲ့သည့်သူများအကြောင်း ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “ထိုသူတို့သည် ဘုရားသခင်၏ကျွန်မောရှေ၏သီချင်းနှင့် သိုးသငယ်၏သီချင်းကို သီ၍ ‘အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်၏အပြုအမူတို့သည် ကောင်းမြတ်၍အံ့သြဖွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏အကျင့်ဓလေ့တို့သည် ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။ အိုထာဝရဘုရား၊ ကိုယ်တော်ကိုမကြောက်ရွံ့ဘဲ နာမတော်ကိုမချီးမွမ်းဘဲ အဘယ်သူနေရပါအံ့နည်း၊ ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ တရားသဖြင့်စီရင်တော်မူခြင်းအရာတို့သည် ထင်ရှားသည်ဖြစ်၍ လူမျိုးအပေါင်းတို့သည် လာ၍ရှေ့တော်၌ ကိုးကွယ်ကြပါလိမ့်မည်။’” “မောရှေ၏သီချင်းနှင့် သိုးသငယ်၏သီချင်း” ဟု ယင်းကိုအဘယ်ကြောင့်ခေါ်သနည်း။ ကြည့်ကြစို့။
၁၈။ ထွက်မြောက်ရာ အခန်းကြီး ၁၅ ပါ သီချင်းကို သီကျူးရာတွင် အဘယ်ကြီးမားသည့်လုပ်ဆောင်မှုကို အမှတ်ရသနည်း။
၁၈ လွန်ခဲ့သည့် နှစ်ပေါင်း ၃,၅၀၀ ခန့်က ဖာရော၏အင်အားကြီးမားသော စစ်တပ်သည် ပင်လယ်နီတွင် သုတ်သင်ခံရချိန်က ဣသရေလလူမျိုးတို့သည် ယေဟောဝါအား သီချင်းဖြင့် ကျေးဇူးတင်ချီးမွမ်းခဲ့ကြသည်။ ထွက်မြောက်ရာ ၁၅:၁၊ ၁၈ တွင် ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “ထိုအခါ မောရှေနှင့်ဣသရေလအမျိုးသားတို့သည်၊ ထာဝရဘုရားအား သီချင်းဆိုသောစကားဟူမူကား၊ ‘ထာဝရဘုရားသည်ဘုန်းပွင့်လျက် အောင်ပွဲခံတော်မူသည်ဖြစ်၍ ကိုယ်တော်အားသီချင်းဆိုပါအံ့။ မြင်းနှင့်မြင်းစီးသူရဲကို ပင်လယ်ထဲသို့လှဲချတော်မူပြီ။ ထာဝရဘုရားသည် ကာလအစဉ်အမြဲစိုးစံတော်မူစေသတည်း။’” ဤထာဝရဘုရင်၏ တရားသဖြင့်စီရင်တော်မူခြင်းသည် မိမိအကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို အန်တုသည့်ရန်သူများအား ကိုယ်တော်စီရင်ချက်ချခြင်းနှင့် ကွပ်မျက်ခြင်းတို့တွင် ထင်ရှားသည်။
၁၉၊ ၂၀။ (က) ယေဟောဝါသည် ဣသရေလလူမျိုးကို မည်သို့ဖွဲ့စည်းခဲ့သနည်း။ (ခ) သိုးသငယ်နှင့် အခြားသူများသည် စာတန်၏စိန်ခေါ်ချက်ကို မည်သို့ဖြေကြားခဲ့ကြသနည်း။
၁၉ ယင်းသည် အဘယ်ကြောင့် လိုအပ်ရသနည်း။ မာယာများသည့်မြွေက ကျွန်ုပ်တို့၏ပထမမိဘကို အပြစ်တွင်းသက်ဆင်းစေခဲ့ခြင်းသည် ဧဒင်ဥယျာဉ်တွင်ဖြစ်ခဲ့သည်။ ရလဒ်ကား အပြစ်ပြုတတ်သောမစုံလင်မှုသည် လူသားအားလုံးထံသို့ လက်ဆင့်ကမ်းခံရသည်။ သို့သော်၊ ထာဝရဘုရင်သည် မြေကြီးပိုင်နက်အတွင်းရှိ မိမိ၏ရန်သူရှိရှိသမျှကို နှင်ထုတ်ပစ်ကာ ပရဒိသုအခြေအနေကို ပြန်လည်ရရှိစေမည့် မိမိ၏မူလရည်ရွယ်ချက်နှင့်အညီ ချက်ချင်းပင်ကိုင်တွယ်လုပ်ဆောင်သွားသည်။ ထာဝရဘုရင်သည် ယင်းကိုမည်သို့အကောင်အထည်ဖော်မည့်အကြောင်း ရှေ့ပြေးအရိပ်အဖြစ် ဣသရေလလူမျိုးအား ဖွဲ့စည်းကာ ပညတ်တော်ကို ပေးခဲ့သည်။—ဂလာတိ ၃:၂၄။
၂၀ နောက်ဆုံးတွင်၊ ဣသရေလလူမျိုးကိုယ်နှိုက်သည် သစ္စာမဲ့မှု၌နစ်မြုပ်ကာ သူတို့၏ခေါင်းဆောင်များသည် ဘုရားသခင့်တစ်ပါးတည်းသော သားတော်ကို ရက်ရက်စက်စက်ညှဉ်းပန်းနှိပ်စက်လျက် သတ်ဖြတ်ပစ်ရန် ရောမများလက်သို့ အပ်နှံလိုက်သောအခါ ဤဝမ်းနည်းဖွယ်အခြေအနေသည် အထွတ်အထိပ်သို့ရောက်သွားသည်။ (တမန်တော် ၁၀:၃၉; ဖိလိပ္ပိ ၂:၈) သို့ရာတွင် ယဇ်သကာဆိုင်ရာ “ဘုရားသခင်၏သိုးသငယ်” အဖြစ် သေသည်အထိ ယေရှု၏သမာဓိစောင့်သိမှုက ပြင်းထန်သောစမ်းသပ်မှုအောက်တွင် မည်သည့်မြေကြီးသားတစ်ဦးတစ်ယောက်မျှ ဘုရားသခင်ကို သစ္စာမတည်ကြည်နိုင်ဟူသည့် ဘုရားသခင်၏ရှေးရန်သူကြီး စာတန်၏စိန်ခေါ်မှုကို ထူးခြားထင်ရှားသောနည်းဖြင့် အဖြေပေးခဲ့သည်။ (ယောဟန် ၁:၂၉၊ ၃၆; ယောဘ ၁:၉-၁၂; ၂၇:၅) အာဒံ့အပြစ်ကြောင့် မစုံလင်မှုကိုအမွေခံထားရသော်လည်း အခြားသန်းနှင့်ချီသော ဘုရားကိုကြောက်ရွံ့သည့် လူသားများသည် စာတန့်တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် သမာဓိစောင့်သိခြင်းအားဖြင့် ယေရှု၏ခြေတော်ရာကို လိုက်လျှောက်ခဲ့ကြပြီ။—၁ ပေတရု ၁:၁၈၊ ၁၉; ၂:၁၉၊ ၂၁။
၂၁။ တမန်တော် ၁၇:၂၉-၃၁ နှင့်အညီ နောက်ထပ် အဘယ်အရာကို ဆွေးနွေးမည်နည်း။
၂၁ ယခုအခါတွင် ယေဟောဝါသည် သစ္စာစောင့်သိသူများကို ဆုချပြီး သမ္မာတရားနှင့် ဖြောင့်မတ်ခြင်း၏ရန်သူရှိရှိသမျှကို တရားစီရင်ရန်အချိန် ရောက်လာပြီ။ (တမန်တော် ၁၇:၂၉-၃၁) ယင်းသည် မည်သို့ဖြစ်လာမည်နည်း။ ကျွန်ုပ်တို့၏နောက်ဆောင်းပါးက ဖော်ပြပါလိမ့်မည်။
ပြန်လည်ဆွေးနွေးရန် လေးထောင့်ကွက်
◻ ယေဟောဝါကို “ထာဝရဘုရင်” ဟု အဘယ်ကြောင့် ခေါ်ထိုက်သနည်း။
◻ ယေဟောဝါ၏ဉာဏ်ပညာတော်ကို ကိုယ်တော်၏ဖန်ဆင်းရာများတွင် မည်သို့အထင်းသားပြသထားသနည်း။
◻ မနုဿလူသားသည် အဘယ်နည်းများဖြင့် ပြောင်မြောက်သော ဖန်ဆင်းခြင်းလက်ရာတစ်ခုဖြစ်သနည်း။
◻ အဘယ်လုပ်ဆောင်တော်မူချက်က “မောရှေ၏သီချင်းနှင့် သိုးသငယ်၏သီချင်း” ကိုဖြစ်စေသနည်း။
[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်]
ယေဟောဝါ၏ ထူးချွန်ပြောင်မြောက်သည့် ဉာဏ်ပညာတော်
ထာဝရဘုရင်၏ဉာဏ်ပညာတော်သည် ကမ္ဘာပေါ်ရှိမိမိ၏လုပ်ဆောင်ရာများ၌ နည်းများစွာဖြင့် ရောင်ပြန်ဟပ်သည်တကား! အာဂုရ၏ဤစကားများကို မှတ်သားပါလေ– “ဘုရားသခင်၏စကားတော်ရှိသမျှသည် စင်ကြယ်၏။ ခိုလှုံသောသူအပေါင်းတို့၌ ဘုရားသခင်သည် အကွယ်အကာဖြစ်တော်မူ၏။” (သု. ၃၀:၅) ထို့နောက် အာဂုရသည် ဘုရားသခင်ဖန်ဆင်းထားသည့် များစွာသောသတ္တဝါကြီးကြီးငယ်ငယ်တို့ကို ဖော်ပြသည်။ ဥပမာ၊ အခန်းငယ် ၂၄ မှ ၂၈ အထိ (သမ) တွင် သူက “မြေပေါ်တွင် သေးနုပ်သော်လည်း ပညာချွန်သောအရာ လေးပါး” ကို ဖော်ပြခဲ့သည်။ ယင်းတို့မှာ ပုရွက်ဆိတ်၊ ရှာဖန်ယုန်၊ ကျိုင်းကောင်နှင့် တောက်တဲ့တို့ဖြစ်သည်။
“ပညာချွန်”—မှန်ပါသည်၊ တိရစ္ဆာန်များကို ဤနည်းဖြင့်ဖန်ဆင်းထားသည်။ ယင်းတို့သည် လူသားတို့ကဲ့သို့ ကိစ္စရပ်များကို မတွေးတောမကြံဆတတ်သော်လည်း ထည့်သွင်းခံထားရသော ပင်ကိုဉာဏ်ကို အားထားသည်။ ယင်းကို သင်အံ့အားသင့်ဖူးသလော။ ယင်းတို့သည် အလွန်စည်းစနစ်ကျသည့် ဖန်ဆင်းရာများပါတကား! ဥပမာ၊ ပုရွက်ဆိတ်များကို ပုရွက်ဆိတ်ဘုရင်မ၊ လုပ်သားပုရွက်ဆိတ်၊ ပုရွက်ဆိတ်ထီးများပါဝင်သော ပုရွက်ဆိတ်အုံအဖြစ်ဖွဲ့စည်းထားသည်။ အချို့သောမျိုးစိတ်များတွင် လုပ်သားပုရွက်ဆိတ်များသည် ယင်းတို့တည်ဆောက်ထားသည့် ခြံဝင်းများအတွင်းသို့ ပျများကို မောင်းသွင်းသည့်အထိပင်ပြုကြသည်။ စစ်သားပုရွက်ဆိတ်များက ကျူးကျော်လာသော ရန်သူမှန်သမျှကို တိုက်ထုတ်နေစဉ်တွင် ၎င်းတို့က ပျများကို အရည်ဝိုင်းစုပ်ကြသည်။ နယပုံပြင် ၆:၆ တွင် ဤသြဝါဒကို ပေးထားသည်– “အချင်းလူပျင်း၊ ပုရွက်ဆိတ်ထံသို့သွား၍ သူ၏အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။” ဤကဲ့သို့သောနမူနာများက “သခင်ဘုရား၏အမှုတော်ကို ကြိုးစားအားထုတ်” ရန် ကျွန်ုပ်တို့လူသားများကို မလှုံ့ဆော်သင့်ပေလော။—၁ ကောရိန္တု ၁၅:၅၈။
လူသားသည် ဧရာမလေယာဉ်ပျံကြီးများကို တည်ဆောက်ခဲ့ပြီ။ သို့ရာတွင် တစ်အောင်စလောက်ပင်မလေးသည့် ငှက်ပိတုန်းအပါအဝင် ငှက်များသည် သာ၍ပင်စွယ်စုံရသည်တကား! ဘိုးရင်း ၇၄၇ သည် ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်သည့်ခရီးစဉ်အတွက် လောင်စာဆီ ၄၇,၀၀၀ ဂါလံကိုသယ်ဆောင်ကာ ရှုပ်ထွေးလှသောလေကြောင်းသွားလာရေး နည်းစနစ်များကိုသုံး၍ လေ့ကျင့်ထားသောလေယာဉ်အမှုထမ်းအုပ်စုဖြင့် သွားလာရသည်။ သို့ရာတွင် သေးငယ်သော ငှက်ပိတုန်းသည် မြောက်အမေရိကမှ မက္ကဆီကိုပင်လယ်ကွေ့ကို ကျော်ဖြတ်ကာ တောင်အမေရိကသို့သွားသည့် ခရီးစဉ်တစ်ခုလုံးအတွက် အဆီလောင်စာ တစ်အောင်စ၏ သုံးဆယ်ပုံ တစ်ပုံသာလိုအပ်သည်။ ဓာတ်ဆီတနင့်တပိုးသယ်သွားစရာမလို၊ လေကြောင်းသွားလာရေးပညာရပ်ကို သင်ပေးစရာမလို၊ ရှုပ်ထွေးလှသည့် ဇယားများ သို့မဟုတ် ကွန်ပျူတာများမလိုပါ။ ဤအရည်အသွေးသည် ဆင့်ကဲဖြစ်စဉ်ဖြင့် မတော်တဆဖြစ်ခဲ့ခြင်းလော။ လုံးဝမဟုတ်ပါလေ! ဤသေးငယ်သောငှက်သည် ယင်း၏ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်က ပုံစံရေးဆွဲထားပေးသည့် ပင်ကိုအသိဉာဏ်ရှိသည်တကား!
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
“ထာဝရဘုရင်” ၏ဖန်ဆင်းရာအမျိုးမျိုးသည် ကိုယ်တော်၏ဘုန်းတော်ကို ချီးမွမ်းထောမနာပြု
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
မောရှေနှင့်ဣသရေလလူမျိုးအားလုံးသည် ပင်လယ်နီတွင် ယေဟောဝါ၏အောင်ပွဲကို ကျင်းပခဲ့ကြသကဲ့သို့ အာမဂေဒုန်အပြီးတွင် မဟာရွှင်လန်းဝမ်းမြောက်မှု ရှိမည်