ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb06 စာ. ၁၆၂-၂၅၄
  • ဇမ်ဘီယာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဇမ်ဘီယာ
  • ၂၀၀၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ခေါင်းစ‎ဥ်ငယ်များ
  • အစောပိုင်းခေတ်
  • မရေရာမသေချာသောကာလ
  • ရထားလမ်းတစ်လျှောက်ဟောပြောခြင်း
  • နှိမ်နှင်းရေးစီမံချက်တစ်ရပ်
  • တောင်းဆိုချက်လေးခု
  • စာပေများပိတ်ပင်ခံရခြင်း
  • ပုံမှန်တိုးတက်မှုက ပို၍လွတ်လပ်မှုရရှိစေ
  • သာသနာပြုလုပ်ငန်း
  • ဂိလဒ်သာသနာပြုများရောက်ရှိလာ
  • ‘သူက ကလေးပဲရှိသေးတယ်’
  • ပြည်နှင်ခံရခြင်း
  • ဒုတိယအကြိမ် ပြည်နှင်ဒဏ်ပေးခြင်း
  • သာသနာပြုများပြန်ရောက်ရှိလာ
  • နောက်သို့မဆုတ်၊ ရှေ့သို့ချီတက်
  • ပုံနှိပ်ထုတ်ဝေသည့်စာ
  • စာပေများရရှိနိုင်ခဲ့ကြ
  • ‘လက်ချင်းလဲခြင်း’
  • နည်းပညာဆိုင်ရာကူညီပံ့ပိုးမှု
  • ဒုက္ခသည်များကို ကူညီပေးခြင်း
  • ရုပ်ပစ္စည်းလိုအပ်မှုကိုဖြည့်ဆည်းပေးခြင်း
  • သွေးနှင့်ပတ်သက်သော ဘုရားသခင့်တားမြစ်ချက်ကို နာခံခြင်း
  • အကျိုးသက်ရောက်မှုရှိသော ကော်မတီများ
  • “မြန်မြန်လုပ်ပေးပါ”
  • ဓမ္မအမှုသင်တန်းကျောင်း
  • တိုးတက်မှုကို ဆန်းစစ်ကြည့်ခြင်း
  • စုဝေးမှုကြီးများ
  • တက်ရောက်ရန်ကြိုးစားမှုများ
  • ဆန့်ကျင်ခံရသော်လည်း လျစ်လျူမရှုခဲ့ကြ
  • နှစ်ခြင်း
  • ပရိသတ်ရှေ့မှောက် စိတ်လှုပ်ရှားနေခြင်း
  • နိုင်ငံတော်ခန်းမဆောက်လုပ်ရေး
  • မြင်းနက်
  • သမိုင်းတွင်စေသည့်အစီအစဉ်
  • “ကျွန်တော်တို့ရဲ့ဝိညာဏဆေးရုံ”
  • နယ်လှည့်လုပ်ငန်း
  • “သူ . . . ချက်ချင်းမေ့မြောသွားတယ်”
  • ယုံကြည်ကိုးစားတတ်ရန်သင်ယူခြင်း
  • မြွေအန္တရာယ်ကင်းသောအိပ်ရာ
  • ရုပ်ရှင်
  • နိုင်ငံရေးဝင်ရောက်စွက်ဖက်ခြင်း
  • ကြားနေခြင်း
  • စမ်းသပ်မှုများကို ရင်ဆိုင်နိုင်ရန် ခွန်အားရရှိ
  • အမျိုးသားရေးအထိမ်းအမှတ်များ
  • ဖီလီယာကို မည်သည့်ကျောင်းကမျှလက်မခံပါ
  • လူထုအစည်းအဝေးများ ပိတ်ပင်ခံရ
  • သူတို့ရဲ့ကိုယ်ပိုင်လေတပ်
  • ကျွန်ုပ်တို့၏ရပ်တည်မှုကိုရှင်းပြခြင်း
  • ပြည်နှင်ဒဏ်ပေးခြင်းနှင့် တစိတ်တပိုင်းပိတ်ပင်ခြင်း
  • “စာအုပ်ဝေသူများ”
  • ဌာနခွဲတိုးချဲ့ခြင်း
  • ဆက်ကပ်အပ်နှံခြင်းနှင့် တိုးပွားခြင်း
  • လူအပေါင်းရှေ့သမ္မာတရားကိုထင်ရှားပြခြင်း
၂၀၀၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb06 စာ. ၁၆၂-၂၅၄

ဇမ်ဘီယာ

အာဖရိကတိုက်သည် အလွန်ကြီးမားသော ပန်းထိုးထည်နှင့်တူ၏။ မြေထဲပင်လယ်ကမ်းခြေ၏ ဖြူလွလွသဲသောင်ပြင်မှ၊ ရွှေဝါရောင်ဆာဟာရသဲကန္တာရကိုဖြတ်၍၊ မြစိမ်းရောင်သစ်တောများတစ်လျှောက်၊ လေဒဏ်ကြောင့် လှိုင်းဖွေးဖွေးထနေသော ဂွတ်ဟုတ်ပ်အငူကမ်းရိုးတန်းအထိ ဤတိုက်ကြီးတွင် ကမ္ဘာ့လူဦးရေ၏ ဆယ်ပုံတစ်ပုံမှီတင်းနေထိုင်ကြသည်။ နိုင်းလ်မြစ်၊ နိုက်ဂျာမြစ်၊ ကွန်ဂိုမြစ်နှင့် ဇမ်ဘီဇီမြစ်စသည့် မြစ်များစွာဖြတ်သန်းစီးဆင်းလျက်ရှိ၏။ အာဖရိကတိုက်၏ ကုန်းတွင်းပိုင်းတွင် ရွှေ၊ ကြေးနီနှင့် အဖိုးတန်ကျောက်မျက်များစွာရှိသည်။

ဇမ်ဘီယာနိုင်ငံသည် ကွန်ဂိုမြစ်ဝှမ်းအပူပိုင်းမိုးသစ်တောမှ ပြေပြစ်စွာမြင့်တက်လာသော အာဖရိကအလယ်ပိုင်းကုန်းပြင်မြင့် မို့မောက်နိမ့်ဝှမ်းသော ဆဗားနားလွင်ပြင်ဒေသတွင် တည်ရှိသည်။ ဤနိုင်ငံသည် မြေပုံပေါ်တွင်တစ်ဖက်ကိုတိမ်းစောင်းကာနားနေသည့် လိပ်ပြာကြီးတစ်ကောင်နှင့်တူသည်ဟု အချို့ကဆိုကြ၏။ ကိုလိုနီခေတ်၏အကျိုးဆက်ကြောင့် ယင်း၏နယ်နိမိတ်မှာထူးခြားပြီး စတုရန်းမိုင်ပေါင်း နှစ်သိန်းခွဲကျော်ကျယ်ဝန်းကာ ယူ.အက်စ်.အေ၊ တက္ကဆက်ပြည်နယ်ထက် ပိုကြီးသည်။

ဇမ်ဘီယာနိုင်ငံ၏အရှေ့မြောက်ဘက်တွင် ဂရိတ်ရိဖ်ထ်တောင်ကြားဒေသ တည်ရှိသည်။ အနောက်ဘက်နှင့်တောင်ဘက်တွင် ဇမ်ဘီဇီမြစ်ကြီးရှိသည်။ ရွှေ၊ ဆင်စွယ်နှင့် ကျွန်များရရှိရန် အာဖရိကတိုက်ကို တိုက်ခိုက်လုယက်ခဲ့သော နိုင်ငံခြားသားများသည် ဝေးခေါင်လွန်းသောဤနယ်မြေသို့ ၁၉ ရာစုနှောင်းပိုင်းအထိ မရောက်ရှိခဲ့ကြပေ။ စကော့တလန်လူမျိုး စက်ရုံလုပ်သား၏သား စူးစမ်းရှာဖွေသူ ဒေးဗစ်လစ်ဗင်းစတုန်းသည် ၁၈၅၅ ခုနှစ်တွင် “မိုးကြိုးမီးခိုး” နောက်ကွယ်မှတိုင်းပြည်ကို ကမ္ဘာအားဖော်ထုတ်ပြခဲ့သည်။ လစ်ဗင်းစတုန်းသည် အင်္ဂလန်နိုင်ငံမှ ဝိတိုရိယဘုရင်မအား ဂုဏ်ပြုသောအားဖြင့် ဤအံ့ဖွယ်ခမ်းနားထည်ဝါသည့် “မိုးကြိုးမီးခိုး” ကို ဝိတိုရိယရေတံခွန်ဟု နောက်ပိုင်းခေါ်ဝေါ်ခဲ့သည်။

မကြာမီ ခရစ်ယာန်ဘောင်မှသာသနာပြုများ ရောက်လာကြပြီး တိုက်ကြီး၏အလယ်ပိုင်းဒေသတွင် “ခရစ်ယာန်ဘာသာ၊ စီးပွားရေးနှင့် ယဉ်ကျေးမှု” တိုးတက်ထွန်းကားလာစေရန် ကြိုးစားလုပ်ဆောင်ခဲ့ကြ၏။ သူတို့၏လုပ်ဆောင်ပုံများက သူတို့၏ဓမ္မအမှုကို လက်သင့်ခံစရာမဖြစ်စေခဲ့ပါ။ သို့သော် များမကြာမီ ဘုရားသခင့်အကူအညီဖြင့်ရောက်လာသူအချို့သည် ကိုယ်တော့်ဓမ္မအမှုဆောင်များဖြစ်ကြောင်း မိမိတို့ကိုယ်ကို အထင်အရှားတင်ပြခဲ့ကြသည်။—၂ ကော. ၆:၃-၁၀။

အစောပိုင်းခေတ်

၁၈၉၀ ပြည့်နှစ်၌ ယခု ဇမ်ဘီယာဟုသိရှိကြသော နယ်မြေတွင် သာသနာပြုအသင်းအဖွဲ့ငါးခု တည်ထောင်ခဲ့၏။ ရာစုနှစ် အကူးအပြောင်းကာလတွင် တိုးတက်ကြီးပွားလာသော ကိုလိုနီသြဇာအာဏာနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများကြောင့် ဒုက္ခရောက်နေသော အာဖရိကန်လူမျိုးများစွာသည် လမ်းညွှန်မှုများ ရှာကြံခဲ့ကြသည်။ အာဖရိကရှိနိုင်ငံများစွာတွင် ထူးခြားဆန်းပြားသော ဘာသာရေးလှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့သည်။ သို့သော် စစ်မှန်သောဝိညာဏအကူအညီမှာ လက်တစ်ကမ်းသာလိုတော့၏။ ၁၉၁၁ ခုနှစ်အစောပိုင်းတွင် အာဖရိကတောင်ပိုင်းရှိ စိတ်နှလုံးရိုးဖြောင့်သူများသည် ကျမ်းစာစောင်များမှလေ့လာစရာများ စာအုပ်ကိုရရှိခဲ့ကြသည်။ စိတ်ရင်းမှန်ဖြင့် ဘုရားအမှုတော်ဆောင်သူများကြောင့် အမြဲမဟုတ်သည့်တိုင် ယင်းစာအုပ်များတွင် တွေ့ရသောကျမ်းစာအမှန်တရားများသည် မြောက်ပိုင်းသို့ အလျင်အမြန်ပျံ့နှံ့သွားခဲ့သည်။

ထိုအချိန်က နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်ခဲ့သူ ချားလ်စ် တေ့ဇ် ရပ်စယ်လ်သည် ၁၉၁၀ ပြည့်နှစ်တွင် စကော့တလန်ပြည်၊ ဂလက်စ်ဂိုမြို့မှ ထက်သန်သောညီအစ်ကို ဝီလျံ ဒဗလျူ. ဂျောန်စတန်အား ညာဆာလန်နိုင်ငံ (ယခု မာလာဝီနိုင်ငံ) ရှိညီအစ်ကိုများကို ကူညီရန်စေလွှတ်ခဲ့၏။ ဝမ်းနည်းစရာမှာ ညီအစ်ကိုဂျောန်စတန်ထက်အလျင် စေလွှတ်ခံခဲ့ရသော ဒေသခံနှင့်တိုင်းတစ်ပါးမှကျမ်းစာကျောင်းသားအချို့သည် ကိုယ်ကျိုးစီးပွားတိုးတက်ရန်ရှာကြံခဲ့ကြရာ ကျမ်းစာအမှန်တရားများကို တလွဲထင်မှတ်စေခဲ့ကြ၏။ နောက်ပိုင်းနှစ်များတွင် တရားဟောဆရာ၊ သင်းအုပ်ဆရာဟု မိမိကိုယ်ကိုတင်မြှောက်သူများသည် မြောက်ပိုင်းရိုဒီးရှား (ယခု ဇမ်ဘီယာ) သို့ရောက်လာကြပြီး ဘာသာရေး၊ လွတ်လပ်ရေးအတွက်ကတိပေးချက်များနှင့် မသန့်ရှင်းသောအကျင့်အကြံများကို တိုးပွားစေခဲ့ကြသည်။ ညီအစ်ကိုဂျောန်စတန်သည် “ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ပိုမိုသိကျွမ်းလိုစိတ်ပြင်းပြသူများ” ဟုသူခေါ်ဆိုခဲ့သော ညာဆာလန်နိုင်ငံရှိသူတို့အားကူညီပေးစဉ် အနောက်ဘက်ရှိ ဇမ်ဘီယာနိုင်ငံကို အာရုံမစိုက်နိုင်ခဲ့ပေ။ ကျမ်းစာအခြေပြုစာပေများသည် မြောက်ပိုင်းရိုဒီးရှားသို့ စာတိုက်ဖြင့်လည်းကောင်း၊ ပျံကျအလုပ်သမားများအားဖြင့်လည်းကောင်း ရောက်ရှိလာသော်လည်း ထိုနှစ်များတွင် နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းကို ကောင်းစွာကြီးကြပ်ကွပ်ကဲမှုမရှိခဲ့ပေ။

မရေရာမသေချာသောကာလ

၁၉၂၀ ပြည့်လွန်နှစ်များ အစောပိုင်းသည် မရေရာမသေချာသောကာလ ဖြစ်ခဲ့၏။ ဒေသခံ “ကင်းမျှော်စင်လှုပ်ရှားမှုများ” သည် ဘုရားသခင့်ကျေးကျွန်များ၏ စစ်မှန်သောခရစ်ယာန်ဓမ္မအမှုကို များစွာဂုဏ်အသရေပျက်စေခဲ့သည်။ ကျမ်းစာအမှန်တရားမသိရှိသူများသာမက ယခုယေဟောဝါသက်သေများဟုခေါ်သော ကျမ်းစာကျောင်းသားများနှင့်ပေါင်းသင်းသည်ဟု မဟုတ်မမှန်ပြောဆိုသူအချို့သည် မယားဖလှယ်ခြင်းနှင့် အခြားမှားယွင်းသောလုပ်ရပ်များကို ပြုမူနေကြ၏။ သို့ရာတွင် အုပ်စုများစွာသည် ကျမ်းစာမူများကို အမှန်တကယ်လေးစားလိုက်နာပြီး ထက်သန်စွာဟောပြောခြင်းဖြင့် အမှန်တရားအတိုင်း အသက်ရှင်ကြောင်း သက်သေထူခဲ့ကြသည်။

စိတ်ရင်းမှန်ဖြင့် ဘုရားအမှုတော်ဆောင်သူများအား ခွဲခြားသိမြင်ရန်မှာ စိန်ခေါ်ချက်ဖြစ်ခဲ့၏။ ၁၉၂၄ ခုနှစ်တွင် ဗြိတိန်မှ သောမတ်စ် ဝေါလ်ဒါနှင့် ဂျော့ချ် ဖိလစ်ပ်တို့သည် တောင်အာဖရိက၊ ကိပ်တောင်းမြို့ရှိ ကျမ်းစာကျောင်းသားများ၏ရုံးသို့ ရောက်ရှိလာခဲ့ကြ၏။ အသက် ၃၀ အရွယ်ရှိ ညီအစ်ကိုဝေါလ်ဒါသည် ရိုဒီးရှားတစ်လျှောက် ခရီးသွားကာ ကင်းမျှော်စင်ဟူသောအမည်နှင့် ဆက်စပ်သူများကို စိစစ်ခဲ့သည်။ နောက်နှစ်တွင် ဥရောပမှ ဝီလျံ ဒေါ်ဆင်သည် တိုးတက်နေသောအုပ်စုများသို့ လည်ပတ်ရန် တာဝန်ပေးခံခဲ့ရသည်။ တရားဟောဆရာများ အဖြစ်အမည်ခံယူထားသူအချို့သည် လူများစွာကိုနှစ်ခြင်းပေးကြကာ အများစုမှာ ကျမ်းစာအမှန်တရားကိုမသိသူများနှင့် တန်ဖိုးမထားသူများဖြစ်သည်ကို သူတွေ့ရှိခဲ့သည်။ လော်လန်း ဖိလစ်ပ် (ဂျော့ချ် ဖိလစ်ပ်နှင့်မဆိုင်) ကနောက်ပိုင်း ဤသို့ရေးသားခဲ့၏– “ပိုထင်ရှားလာသည်မှာ လူများစွာသည် ‘ကိုယ်လက်ယာလက်နှင့် လက်ဝဲလက်ကိုမျှ ပိုင်းခြား၍မသိသော’ နိနေဝေမြို့မှလူများနှင့်တူကြသည်။” (ယောန ၄:၁၁) လူများစွာမှာ စိတ်ရင်းမှန်ကြသော်လည်း ဒေသခံဘာသာစကားများနှင့် စာပေများမရှိသလောက်ဖြစ်သောကြောင့် အမှန်တရားကို နားလည်သဘောပေါက်ရန် ခက်ခဲခဲ့ကြသည်။ လုပ်ငန်းကိုတရားဝင်ကြီးကြပ်ရန် အစိုးရခွင့်ပြုချက်ရဖို့ အကြိမ်ကြိမ်ကြိုးစားသော်လည်း မအောင်မြင်သောကြောင့် လူထုရှေ့ဟောပြောခြင်းနှင့် နှစ်ခြင်းပေးခြင်းတို့ကို ကန့်သတ်ရန် ကိပ်တောင်းမြို့ရုံးက ဆုံးဖြတ်ခဲ့ကြသည်။ ကျမ်းစာလေ့လာခြင်းနှင့် ဝတ်ပြုရေးအတွက် အတူတကွစည်းဝေးခြင်းတို့ကို မတားမြစ်ခဲ့သော်လည်း ညီအစ်ကိုဝေါလ်ဒါသည် စိတ်ဝင်စားသူအုပ်စုများထံ စာရေးကာ ကျမ်းစာကျောင်းသားများ၏ အမြဲတမ်းကိုယ်စားလှယ်ကို ခန့်အပ်နိုင်သည့်အထိ ဤယာယီအစီအစဉ်တွင် ပူးပေါင်းဆောင်ရွက်ကြရန် အားပေးတိုက်တွန်းခဲ့သည်။

ရထားလမ်းတစ်လျှောက်ဟောပြောခြင်း

ဒေသခံများသည် ကိရိယာတန်ဆာများပြုလုပ်ရန်နှင့် အလှဆင်ရန်အတွက် ကြေးနီသတ္တုသိုက်အပေါ်ယံလွှာကို ရာစုနှစ်များစွာ အသုံးပြုခဲ့ကြ၏။ ၁၉၂၀ ပြည့်လွန်နှစ်များ အလယ်ပိုင်းတွင် နယ်မြေအုပ်ချုပ်ရုံသာမက သတ္တုရှာဖွေခွင့်ကိုပါ ထိန်းချုပ်ထားသည့် ဗြိတိသျှတောင်အာဖရိကကုမ္ပဏီသည် မြေအောက်သယံဇာတများကို စတင်ရှာဖွေခဲ့၏။ အလုပ်သမားများစွာ လိုအပ်ခဲ့ပြီး ကျေးလက်ဒေသမှ ထောင်နှင့်ချီသောသူတို့သည် ကိပ်တောင်းမြို့မှ ကိုင်ရို၊ အီဂျစ်အထိဖောက်ထားသော ရထားလမ်းအတိုင်း ဖွံ့ဖြိုးသောမြို့သစ်များသို့ ရောက်လာကြသည်။

ဂျိမ်းစ် လုကာ မောန်ဂို ဤသို့ပြန်ပြောပြ၏– “အဲဒီတုန်းက အသင်းတော်ဖွဲ့စည်းပုံဟာ မျက်မှောက်ခေတ်ဖွဲ့စည်းပုံနဲ့ အရမ်းကွာခြားတယ်။ ၁၉၃၀ ပြည့်နှစ်မတိုင်မီမှာ ကျမ်းစာလေ့လာမှုအတွက် စည်းဝေးတွေကို အုပ်စုငယ်တွေနဲ့ကန့်သတ်ထားတယ်။ တချို့စိတ်ဝင်စားသူတွေက ကိပ်တောင်းမြို့က ဌာနခွဲရုံးနဲ့ ဆက်သွယ်ကြပြီး တခြားသူတွေက စာပေတွေတောင်းခံဖို့ ဘရွတ်ကလင်ကို တိုက်ရိုက်ဆက်သွယ်ကြတယ်။ စာပေတွေက အင်္ဂလိပ်ဘာသာနဲ့ဆိုတော့ လူများစွာဟာ သမ္မာတရားကို မှန်မှန်ကန်ကန် နားလည်သဘောပေါက်ဖို့ ခက်ခဲခဲ့တယ်။ အုပ်စုတွေဟာ အများအားဖြင့်ငယ်ပေမဲ့ တိုးတက်လာကြပြီး သူတို့ရဲ့ဇွဲနပဲနဲ့ ကြံကြံခံနိုင်ရည်တို့ကြောင့် ဖွဲ့စည်းဟောပြောခြင်းကို တိုးပြီးဦးတည်စေခဲ့တယ်။ ဒါကို ခရစ်ယာန်ဘောင်ဓမ္မဆရာတွေ သတိပြုမိခဲ့ကြတယ်။”

နှိမ်နှင်းရေးစီမံချက်တစ်ရပ်

၁၉၃၅ ခုနှစ်၊ မေလတွင် ဩဇာအာဏာရှိသော ဘာသာရေးအုပ်စုများက မြောက်ပိုင်းရိုဒီးရှား၏ ပြစ်မှုဆိုင်ရာဥပဒေကို ပြုပြင်ပြောင်းလဲရန် ဖိအားပေးခဲ့ကြပြီး ပုန်ကန်ရန်လှုံ့ဆော်သည်ဟု သူတို့စွဲဆိုသောစာပေများ တင်သွင်းခြင်းနှင့်ဖြန့်ဝေခြင်းကို ကြီးလေးသောပြစ်မှုအဖြစ် သတ်မှတ်ခဲ့ကြသည်။ အမှန်မှာ အဘယ်အရာသည် ပုန်ကန်ရန်လှုံ့ဆော်သော သို့မဟုတ် အဖျက်သဘောဆောင်သောအရာဖြစ်ကြောင်း ဆုံးဖြတ်သူများသည် ၎င်းတို့၏ နိုင်ငံရေး သို့မဟုတ် ဘာသာရေး ကိုယ်ပိုင်ခံယူချက်များဖြင့် ဆုံးဖြတ်ခြင်းဖြစ်၏။ နောက်ပိုင်းအဖြစ်အပျက်များအရ ဆန့်ကျင်သူများသည် ယေဟောဝါသက်သေများအားပိတ်ပင်ရန် မမှန်ကန်သည့်အကြောင်းပြချက်များကို ရှာဖွေခဲ့ကြသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

အခွန်ကောက်ခံမှုစနစ်အသစ်အကြောင်း ကြေညာချက်က သတ္တုတွင်းလုပ်သားများကြား အဓိကရုဏ်းဖြစ်စေခဲ့၏။ ဆန့်ကျင်သူများသည် သက်သေခံများအား အစိုးရဆန့်ကျင်သူများဟုစွပ်စွဲကာပိတ်ပင်ရန် ယင်းအခြေအနေကို အခွင့်ကောင်းအဖြစ် ယူမှတ်ခဲ့ကြသည်။ လ၏အစောပိုင်း၌ သက်သေခံများသည် လူဆာကာမြို့တွင် စည်းဝေးပွဲကျင်းပခဲ့ကြသည်။ ဆန့်ကျင်သူများက ဤစည်းဝေးပွဲငယ်ကလေးသည် မြောက်ဘက်မိုင် ၂၀၀ ကျော်တွင် ဖြစ်ပွားနေသော ဆူပူအုံကြွမှုနှင့် တစ်နည်းနည်းဖြင့် ပတ်သက်သည်ဟု ဆိုကြသည်။ ထိုအချိန်က လူငယ်တစ်ဦးဖြစ်သူ သောမ်ဆန် ကန်ဂေးလ် ဤသို့ပြန်အမှတ်ရ၏– “ပြဿနာတွေ အစပျိုးနေပြီဆိုတာ ကျွန်တော်တို့သိခဲ့ကြတယ်။ ဟောပြောမယ့်အစား အိမ်ထဲမှာပဲနေပြီး နိုင်ငံတော်သီချင်းလေ့ကျင့်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ သပိတ်မှောက်မှုမှာ ဒါမှမဟုတ် အကြမ်းဖက်မှုတွေမှာ မပါဝင်သင့်ဘူးဆိုတာ ကျွန်တော်တို့သိကြတယ်။” သို့သော် နောက်ပိုင်း ညီအစ်ကိုများကို ဖမ်းဆီးခဲ့သည်။ မြို့များစွာ၌ ညီအစ်ကိုများအား ၎င်းတို့၏အိမ်တွင် လာရောက်ဖမ်းဆီးကာ ကျမ်းစာစာပေများကို သိမ်းဆည်း သို့မဟုတ် ဖျက်ဆီးခဲ့ကြ၏။ ကျွန်ုပ်တို့၏ စာပေအမျိုးပေါင်း ၂၀ ကိုပိတ်ပင်ကြောင်း အစိုးရကကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ဆူပူအုံကြွမှုအကြောင်း ထောက်လှမ်းရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို တာဝန်ပေးခဲ့သည်။ ဆူပူမှုအဓိကဖြစ်ပွားသောဒေသမှ ခရိုင်ဝန်က “ယေဟောဝါသက်သေတွေနဲ့ ကင်းမျှော်စင်အသင်းက ဆူပူအုံကြွမှုမှာမပါဝင်ခဲ့ကြဘူး” ဟုအသိအမှတ်ပြုခဲ့၏။ အဓိကရုဏ်းဖြစ်မှုများတွင် ယေဟောဝါသက်သေတစ်ဦးမျှ မပါဝင်ခဲ့ပေ။ သို့သော် ကြေးနီကြောမှခရစ်ယာန်များ စာအုပ်က ဤသို့ဖော်ပြခဲ့သည်– “စုံစမ်းစစ်ဆေးရေးအဖွဲ့သည် . . . အထောက်အထားမခိုင်လုံသော ပြင်းထန်သည့်စွပ်စွဲချက်များကိုလက်ခံခဲ့ပြီး ယင်းတို့အပေါ်မူတည်ကာ ယေဟောဝါသက်သေများ၏ စာပေများကိုပိတ်ပင်ခဲ့သည်။ အချို့ခရိုင်များတွင် [မျိုးနွယ်စု] ခေါင်းဆောင်များသည် ပြင်းထန်သောနှိမ်နှင်းရေးစီမံချက်ကို လုပ်ဆောင်ခဲ့ကြပြီး ကင်းမျှော်စင်အသင်း၏ အစည်းအဝေးကျင်းပရာနေရာများကို မီးရှို့ခဲ့ကြသည်။”

ထိုအတောအတွင်း ကိပ်တောင်းဌာနခွဲရုံးသည် ကိုလိုနီနယ်မြေများဆိုင်ရာ ဗြိတိသျှအစိုးရဝန်ကြီးထံ အကြိမ်ကြိမ်အယူခံဝင်ကာ “အနှောင့်အယှက်မရှိဘဲ မိမိတို့သြတ္တပ္ပစိတ်၏ ညွှန်ကြားမှုအတိုင်း ယေဟောဝါဘုရားကိုဝတ်ပြုရာတွင် မိမိတို့၏ ဘုရားပေးအခွင့်အရေးကိုသုံးခွင့်ပြုဖို့” တောင်းဆိုခဲ့သည်။ ကိုယ်စားလှယ်တစ်ဦးရှိသည့် တရားဝင်ဌာနခွဲရုံးဖွင့်လှစ်ရန်အတွက်လည်း တောင်းဆိုခဲ့သည်။ ယင်းကြိုးစားအားထုတ်မှုများကို ယေဟောဝါကောင်းချီးပေးခဲ့၏။ ၁၉၃၆ ခုနှစ်၊ မတ်လတွင် လူဆာကာ၌ သိုလှောင်ရေးဌာနဖွင့်လှစ်ရန် အစိုးရအဖွဲ့ဝန်ကြီးကခွင့်ပြုခဲ့ပြီး ကိုယ်စားလှယ်မှာ လော်လန်း ဖိလစ်ပ်ဖြစ်သည်။

တောင်းဆိုချက်လေးခု

လူဆာကာတွင် သိုလှောင်ရေးဌာနဖွင့်လှစ်ခြင်းသည် ထူးခြားသောအောင်ပွဲတစ်ခုဖြစ်ခဲ့သည်။ သို့သော် ပို၍စနစ်တကျကြီးကြပ်သောအသင်းတော်များ ဖွဲ့စည်းလုပ်ဆောင်လျက်ရှိကြောင်း လက်ခံနိုင်ဖွယ်အထောက်အထားမပြမချင်း ဘုရင်ခံသည် ယေဟောဝါသက်သေများအား ဘာသာရေးအဖွဲ့အစည်းအဖြစ် တရားဝင်အသိအမှတ် မပြုချေ။ နောက်ပိုင်းနှစ်များတွင် ညီအစ်ကိုဖိလစ်ပ်နှင့် သစ္စာရှိညီအစ်ကိုများသည် စိတ်ရင်းမှန်သူများကို ကူညီအားပေးရန်နှင့် ကျမ်းစာနှင့်မညီသောအကျင့်အကြံများကို လှုံ့ဆော်သူများအားပယ်ရှားရန် တက်ကြွစွာလုပ်ဆောင်ခဲ့ကြသည်။ ရှေ့ဆောင်များသည် အယူဝါဒဆိုင်ရာ၊ ကိုယ်ကျင့်တရားဆိုင်ရာနှင့် အဖွဲ့အစည်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ လေ့ကျင့်မှုခံရပြီးနောက် အုပ်စုများနှင့် အသင်းတော်များကို ကူညီပေးခဲ့ကြသည်။

ထိုအချိန်နှင့်ပတ်သက်၍ ညီအစ်ကိုတစ်ဦး ဤသို့မှတ်ချက်ချ၏– “ဇမ်ဘီယာက ကြေညာသူတွေအတွက် အကောင်းဆုံးနှစ်ကတော့ ၁၉၄၀ ပြည့်နှစ်ဖြစ်တယ်။ အဲဒီနှစ်မှာပဲ နှစ်ခြင်းခံဖို့ ပြန်ခွင့်ပြုခဲ့တယ်။ ၁၉၂၅ ခုနှစ်ကတည်းက နှစ်ခြင်းပေးတဲ့အစီအစဉ်ကို ပိတ်ပင်ထားခဲ့တယ်။”

ဂျိမ်းစ် မောန်ဂိုက ဤသို့ပြန်ပြောပြ၏– “ကျမ်းစာသင်သားတစ်ဦး နှစ်ခြင်းမခံခင်မှာ တောင်းဆိုချက်လေးခုကို လေ့လာရတယ်။ ပြီးတဲ့နောက် နှစ်ခြင်းပေးမယ့်သူ ဒါမှမဟုတ် အသင်းတော်အမှုထမ်းက တာဝန်ပေးထားတဲ့ ညီအစ်ကိုက တောင်းဆိုချက်လေးခုရဲ့အဓိပ္ပာယ်ကို မေးတယ်။ ပထမတောင်းဆိုချက်က သမ္မတရားကိုကြားနာခြင်း၊ ဒုတိယအချက်က နောင်တယူခြင်း၊ တတိယအချက်က သမ္မာကျမ်းစာကိုသင်ယူလေ့လာခြင်းနဲ့ စတုတ္ထအချက်က ဆက်ကပ်အပ်နှံခြင်းတို့ဖြစ်တယ်။ သင်သားက တောင်းဆိုချက်လေးခုကို မှန်မှန်ကန်ကန်နားလည်သဘောပေါက်တယ်ဆိုရင် နှစ်ခြင်းခံနိုင်တယ်။ ဒီနည်းအတိုင်းလုပ်ခြင်းက နှစ်ခြင်းခံသူတွေဟာ သူတို့လုပ်ရပ်ရဲ့လေးနက်မှုကို သိထားတယ်ဆိုတာ သေချာစေတယ်။”

စာပေများပိတ်ပင်ခံရခြင်း

အထူးသဖြင့် ဒုတိယကမ္ဘာစစ်အတွင်း အစိုးရအာဏာပိုင်များက သက်သေခံများ၏ကြားနေခြင်းမှာ အစိုးရ၏ စစ်သားစုဆောင်းရေးစနစ်ကို ဆန့်ကျင်ခြင်းဖြစ်သည်ဟု အထင်လွဲခဲ့ကြ၏။ ၁၉၄၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ပိတ်ပင်ထားသည့်စာအုပ်များစာရင်းကိုတိုးချဲ့ခဲ့ရာ ယေဟောဝါသက်သေများထုတ်ဝေသော စာပေအားလုံးပါဝင်သည်။ စာပေများတင်သွင်းခြင်းကိုလည်း ပိတ်ပင်ခဲ့၏။ ၁၉၄၁ ခုနှစ် နွေဦးရာသီတွင် အစိုးရက သတိပေးချက်တစ်ရပ်ထုတ်ပြန်၍ ကင်းမျှော်စင်စာပေများ ပိုင်ဆိုင်ထားသူများသည် ယင်းတို့ကို လာရောက်အပ်နှံရန် တောင်းဆိုထားပြီး သို့မဟုတ်ပါက တရားစွဲခံရကာထောင်ဒဏ်ကျနိုင်သည်။

နယ်လှည့်ကြီးကြပ်မှူးတစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် ဂိလဒ်ကျောင်းတက်ခဲ့သော ဆော်လမွန် လိုင်မ်ဘဲလာက ဤသို့ပြန်ပြောပြ၏– “စာပေတွေကို ဇမ်ဘီဇီမြစ်မှာရှိတဲ့ ကနူးလှေတွေထဲမှာ ဝှက်ထားခဲ့ကြတယ်။ စာအုပ်တွေကို ခုတင်အောက်မှာချည်ထားပြီး ပြောင်းဖူးနဲ့နှံစားပြောင်းတွေသိုလှောင်တဲ့ စတိုခန်းထဲမှာတောင် ဝှက်ထားရတယ်။”

အခြားညီအစ်ကိုတစ်ဦးက ဤသို့ဆို၏– “စာအုပ်တွေကို မြေကြီးထဲမှာမြှုပ်ထားခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့သိပ်တန်ဖိုးထားပြီး ပိတ်ပင်မခံရတဲ့ ဗေရိကျမ်းစာကိုတော့ ဝှက်ဖို့မလိုခဲ့ဘူး။ စာအုပ်တချို့ကို ခြတွေစားသွားပြီး တချို့ကိုသူခိုး,ခိုးသွားလို့ စာအုပ်အများကြီးဆုံးရှုံးခဲ့ရတယ်။ စာအုပ်တွေမြှုပ်ထားတဲ့နေရာကို ကျွန်တော်တို့မကြာခဏသွားတဲ့အတွက် တန်ဖိုးရှိတဲ့အရာတစ်ခုခု မြှုပ်ထားတယ်လို့ သူခိုးတွေကထင်ကြတယ်။ ကျွန်တော်မှတ်မိသေးတယ်၊ တစ်ရက်မှာ လေ့လာမှုလုပ်ဖို့ချုံတောထဲသွားတော့ စာအုပ်တွေပြန့်ကျဲနေတာ တွေ့လိုက်ရတယ်။ ဒါနဲ့ စာအုပ်တွေကိုကောက်သိမ်းပြီး တခြားနေရာမှာ ဝှက်ထားရပြန်တယ်။”

လော်လန်း ဖိလစ်ပ်သည် ပိတ်ပင်ထားသောစာပေများနှင့်ပတ်သက်၍ ဘုရင်ခံထံ တိုင်ကြားစာတစ်စောင်ကို ရဲရင့်စွာရေးသားခဲ့သည်။ စစ်မှုထမ်းရန်ငြင်းဆိုခြင်းကြောင့် ထိုနှစ်မတိုင်မီကပင် ထောင်ချခံခဲ့ရသော ညီအစ်ကိုဖိလစ်ပ်သည် နောက်ထပ်ခြောက်လ ပြစ်ဒဏ်ချခံခဲ့ရ၏။ “မှုခင်းထောက်လှမ်းရေးဌာနက ကျွန်တော်တို့ဆီ မကြာခဏလာကြပြီး ညီအစ်ကိုဖိလစ်ပ်ကို မကြာခဏရဲစခန်းခေါ်သွားကြတယ်” ဟုလူဆာကာရှိ သိုလှောင်ရေးဌာနတွင် ယာယီအမှုထမ်းခဲ့သော စေတနာ့ဝန်ထမ်းတစ်ဦးကဆိုသည်။ သို့သော် ညီအစ်ကိုဖိလစ်ပ်သည် အသင်းတော်များတွင် စည်းစနစ်ကျနမှုနှင့် ထက်သန်သောစိတ်ဓာတ်ကို ဆက်၍တိုးပွားစေခဲ့သည်။ အစွမ်းအစရှိသော ညီအစ်ကိုများကို လေ့ကျင့်ပေးပြီး နယ်လှည့်ကြီးကြပ်မှူးများ သို့မဟုတ် နယ်လှည့်အမှုထမ်းများအဖြစ် စေလွှတ်ခဲ့ကြသည်။ သူတို့သည် ၁၉၄၃ ခုနှစ်တွင် အများဆုံးကြေညာသူ ၃,၄၀၉ ဦးရရှိရန် ကူညီပေးခဲ့ကြ၏။

ပုံမှန်တိုးတက်မှုက ပို၍လွတ်လပ်မှုရရှိစေ

စစ်ပြီးသည့်နောက် ဗြိတိန်နှင့်တောင်အာဖရိကရှိ ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးသည် စာပေများကိုတရားဝင်ဖြစ်စေရန် လန်ဒန်ရှိ ကိုလိုနီနယ်မြေဆိုင်ရာရုံးသို့ အကြိမ်ကြိမ်အယူခံဝင်ခဲ့ကြ၏။ ယေဟောဝါသက်သေများ၏ ပညာပေးလုပ်ငန်းကိုထောက်ခံသူ ၄၀,၀၀၀ ကျော်တို့၏ လက်မှတ်ရေးထိုးထားသော အသနားခံလွှာကိုရရှိပြီးနောက် အစိုးရသည် အချို့စာပေများကို တားမြစ်ထားသည့်စာပေများစာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။ သို့သော် ကင်းမျှော်စင် မဂ္ဂဇင်းမှာ ပိတ်ပင်ထားဆဲဖြစ်၏။

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလတွင် ဘရွတ်ကလင်ရှိ ယေဟောဝါသက်သေများ၏ဌာနချုပ်မှ ညီအစ်ကိုနေသန်နောရ်နှင့် မီလ်တန် ဟဲန်ရှယ်လ်တို့ ဦးဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့ကြသည်။ လူဆာကာတွင် လေးရက်ကြာစည်းဝေးပွဲ တက်ရောက်ပြီးနောက် သူတို့သည် ပြည်ထဲရေးဝန်ကြီးနှင့် နိုင်ငံတော်ရှေ့နေချုပ်တို့နှင့် တွေ့ဆုံခဲ့ကြရာ ကျန်ရှိနေသေးသော တားမြစ်ပိတ်ပင်မှုများကို မကြာမီရုပ်သိမ်းပေးမည်ဟု ပြောကြားခဲ့သည်။ နောက်ဆုံး ယေဟောဝါလူမျိုးတော်၏လုပ်ငန်းကို တရားဝင်အသိအမှတ်ပြုသည့်အခါ မည်မျှရွှင်လန်းဖွယ်ဖြစ်ခဲ့သည်တကား။ ၁၉၄၈ ခုနှစ်၊ စက်တင်ဘာ ၁ ရက်တွင် ကင်းမျှော်စင်အသင်းဟူသောအမည်နှင့် မဟုတ်ဘဲ ယေဟောဝါသက်သေများဟူသောအမည်နှင့် ဌာနခွဲရုံးအသစ်ကို ဖွင့်လှစ်နိုင်ခဲ့သည်။ အာဏာပိုင်များ၊ လူထုများနှင့် ညီအစ်ကိုများ၏စိတ်ထဲတွင်ပင် ယေဟောဝါသက်သေများနှင့် အခြား “ကင်းမျှော်စင်” အမည်ခံဂိုဏ်းဂဏများ၏ ဒေသခံအသင်းနောက်လိုက်များကြား ခြားနားကြောင်း ယခုရှင်းရှင်းလင်းလင်းသိမြင်နိုင်ပြီဖြစ်သည်။

ယခင်အနှစ် ၄၀ အတွင်း ခရစ်တော်၏တပည့်ဖြစ်စေခြင်းလုပ်ငန်းကို စိတ်မဝင်စားသော ဘာသာရေးရန်သူများသည် သတင်းကောင်းနားထောင်သူတို့၏ယုံကြည်ခြင်းကို ဖျက်ဆီးဖို့ကြိုးစားကြပြန်သည်။ “လှည့်စားသောသူ” များအဖြစ် အခိုက်အတန့်အထင်မှားခံရသော ယေဟောဝါသက်သေများသည် ဘုရားသခင်၏ ဟုတ်မှန်သော ဓမ္မအမှုဆောင်များဖြစ်ကြောင်း ကိုယ်ကိုယ်ကိုဆက်၍ထင်ရှားပြခဲ့ကြ၏။ (၂ ကော. ၆:၈) သူတို့သည် စစ်ပြီးကာလလွတ်လပ်ရေးကို စောင့်မျှော်ရင်း နောက်ဖြစ်ပေါ်လာမည့် တိုးတက်မှုများအတွက် စိတ်လှုပ်ရှားဖွယ်အစီအစဉ်များ စတင်လုပ်ဆောင်ခဲ့ကြသည်။

သာသနာပြုလုပ်ငန်း

ဇမ်ဘီယာတွင် နှစ်ပေါင်းများစွာ အမှုဆောင်ခဲ့သူ အီယန် (ဂျောန်) ဖာဂူဆန်က ဤသို့မှတ်ချက်ချ၏– “ယေဟောဝါဟာ ကိုယ်တော့်ရည်ရွယ်ချက်ပြည့်စုံဖို့ လူမျိုးအားလုံးက အမျိုးသားအမျိုးသမီးတွေကို ဘယ်လိုအသုံးပြုနေသလဲဆိုတာ တွေ့မြင်ရခြင်းက သာသနာပြုလုပ်ငန်းရဲ့ အကျိုးဖြစ်ထွန်းတဲ့ ထူးခြားချက်တစ်ခုဖြစ်တယ်။ ဝိညာဏအကူအညီရရှိသူတွေရဲ့ တန်ဖိုးထားလေးမြတ်မှုကို တွေ့မြင်ရခြင်းကလည်း ရွှင်လန်းမှုဖြစ်စေတယ်။” အခြားဘာသာရေးများမှ သာသနာပြုများသည် လူမှုရေးနှင့်စီးပွားရေးကိစ္စတို့တွင် အာရုံစိုက်ကြသော်လည်း ယေဟောဝါသက်သေများ၏ သာသနာပြုများမှာ ခရစ်ယာန်တပည့်ဖြစ်စေခြင်းလုပ်ငန်းကို အာရုံစူးစိုက်လုပ်ဆောင်ကြ၏။ ဤဘုရားပေးတာဝန်ကို ထမ်းဆောင်ရာတွင် ၎င်းသာသနာပြုများသည် “ချစ်ယောင်မဆောင်အမှန်ချစ်” ကြောင်း သက်သေထူကြသည်။—⁠၂ ကော. ၆:၆။

ပထမကမ္ဘာစစ်မဖြစ်မီ နှစ်အနည်းငယ်တွင် တောင်အာဖရိကသို့ရောက်ရှိလာပြီး နယ်မြေတစ်လျှောက် ခရီးဆန့်ခဲ့သော ဝီလျံ ဂျောန်စတန်ကဲ့သို့သူများသည် သာသနာပြုစိတ်ဓာတ်တင်ပြရာတွင် စံနမူနာဖြစ်၏။ ပက်တ် ဒီ ယေဟာ၊ ပယ်ရီ ဝီလျံနှင့် အခြားသူများသည် ၁၉၂၁ ခုနှစ်အစောပိုင်းတွင် ဇမ်ဘီယာ၏အိမ်နီးချင်းနိုင်ငံ တောင်ပိုင်းရိုဒီးရှား (ယခု ဇင်ဘာဘွေ) ၏မြို့တော် စဲလစ္စဘရီမြို့ (ယခု ဟာရာရေ) သို့ရောက်ရှိခဲ့ကြ၏။ ဂျော့ချ် ဖိလစ်ပ်၊ သောမတ်စ် ဝေါလ်ဒါနှင့် ဝီလျံ ဒေါ်ဆင်တို့သည် ၁၉၂၀ ပြည့်လွန်နှစ်များ အလယ်ပိုင်းတွင် မြောက်ပိုင်းရိုဒီးရှားကို အာရုံစိုက်လုပ်ဆောင်ခဲ့ကြ၏။ မြောက်ပိုင်းရိုဒီးရှား၌ မွေးဖွားသော်လည်း အခြားဒေသများတွင်အလုပ်လုပ်စဉ် ကျမ်းစာကျောင်းသားများနှင့် ဆက်သွယ်မိကြသူအချို့သည်လည်း ပြန်လာကြကာ “ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်း” ကိုကြေညာခဲ့ကြသည်။ (ရော. ၁၀:၁၅) မာနာဆီ ကိုမာနှင့် အိုလီဗာ ကာဘန်ဂိုတို့သည် ထိုအစောပိုင်းအချိန်တွင် တက်ကြွစွာပါဝင်ခဲ့ကြသည်။ ဇမ်ဘီယာဇာတိဖြစ်သူ ဂျိုးဇက်ဖ် မူလန်ဝါသည် ဇင်ဘာဘွေမြောက်ပိုင်း ဝေါန်ကီ (ယခု ဝှန်ဂီ) ကျောက်မီးသွေးတွင်းတွင် သက်သေခံများနှင့်တွေ့ဆုံခဲ့ပြီး နောက်ပိုင်း သူသည် ဇမ်ဘီယာအနောက်ပိုင်းတွင် သစ္စာရှိစွာအမှုဆောင်ခဲ့၏။ ဖရက်ဒ် ကဘွန်ဘိုသည် ထိုနယ်မြေတွင် ဦးဆုံးနယ်လှည့်ကြီးကြပ်မှူးအဖြစ် ထမ်းဆောင်ခဲ့သည်။ ဤညီအစ်ကိုများသည် သတင်းကောင်းကို ရပ်ကွက်အနည်းငယ်၌သာ ဟောပြောရသေးသော သို့မဟုတ် လုံးဝမဟောပြောသေးသောဒေသများသို့ ရောက်ရှိရန်ကြိုးစားကြပြီး အနာဂတ်တိုးတက်မှုအတွက် ခိုင်မာသောအုတ်မြစ်ချပေးခြင်းဖြင့် စစ်မှန်သောဦးဆောင်လမ်းပြသူများ ဖြစ်ခဲ့ကြသည်။

ဒုတိယကမ္ဘာစစ်ပြီးခါနီးတွင် တောင်အာဖရိကမှ ချားလ်စ် ဟာလီဒေးသည် ကိပ်တောင်းမြို့ရုံးမှ ဂျော့ချ် ဖိလစ်ပ်၏ ဖိတ်ခေါ်ချက်ကိုလက်ခံကာ အနောက်ပိုင်းရှိစိတ်ဝင်စားသူအုပ်စုများထံ လည်ပတ်ခဲ့သည်။ ဘာသာပြန်ပေးသော ဒေသခံညီအစ်ကိုနှင့်အတူ ညီအစ်ကိုဟာလီဒေးသည် သစ်တင်ကုန်ရထား၊ ကနူးလှေ၊ သံလမ်းသွားလက်တွန်းလှည်းတို့ဖြင့် ခရီးသွားခဲ့ကြ၏။ ဝိတိုရိယရေတံခွန်မြောက်ပိုင်းမိုင် ၁၅၀ အကွာရှိ စီနန်ဂါမြို့ငယ်သို့ရောက်သောအခါ လူအုပ်ကြီးက သူတို့ကို ကြိုဆိုခဲ့ကြသည်။ ထိုလူအုပ်မှအချို့သည် ဧည့်သည်ဖြစ်သူ၏ ကျမ်းစာသမ္မာတရားရှင်းပြချက်ကို နားထောင်ရန် လွန်စွာစိတ်အားထက်သန်ကြရာ ရက်ပေါင်းများစွာခရီးနှင်ပြီး ရောက်ရှိနေကြသူများဖြစ်၏။

ဂိလဒ်သာသနာပြုများရောက်ရှိလာ

၁၉၄၈ ခုနှစ်တွင် သာသနာပြုနှစ်ဦးဖြစ်သော ဟယ်ရီ အားနတ်နှင့် အီယန် (ဂျောန်) ဖာဂူဆန်သည် ဇမ်ဘီယာသို့ ရောက်ရှိလာကြ၏။ ဤအချိန်တွင်မူ ကြေးနီမိုင်းတွင်းလုပ်ငန်းများအတွက် ထိုဒေသသို့ ပြောင်းရွှေ့လာကြသော ထောင်နှင့်ချီသည့် ဥရောပသားများကို အာရုံစိုက်ခဲ့ကြသည်။ တုံ့ပြန်မှုမှာ စိတ်လှုပ်ရှားစရာဖြစ်၏။ ထိုနှစ်တွင် လယ်ကွင်းလုပ်ငန်း၌ တက်ကြွစွာလုပ်ဆောင်သော သက်သေခံအရေအတွက်မှာ ၆၁ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

နေရာများစွာတွင် ကျမ်းစာလေ့လာလိုသူများကို စောင့်ဆိုင်းစာရင်းထားပေးရခြင်းသည် သာသနာပြုများအတွက် အဆန်းမဟုတ်တော့ပေ။ ဌာနခွဲရုံးသည် ၁၀ နှစ်သက်တမ်းရှိသော ဒေါ့ဂျ် အလုံပိတ်ကုန်တင်ကားငယ်ကိုဝယ်ယူခဲ့ကာ နယ်လှည့်ကြီးကြပ်မှူးသာသနာပြုနှစ်ဦးက စက်မှုဒေသမှဝေးလံသောနယ်မြေများသို့ ရောက်ရှိရန် ထိုကားကိုအသုံးပြုကြသည်။ “တစ်ခါတလေ ဘီးသုံးဘီးနဲ့ ဒါမှမဟုတ် ကားကိုယ်ထည်တစ်ဝက်က တရွတ်တိုက်ဆွဲပြီး ဌာနခွဲရုံးကိုပြန်ရောက်လာပေမဲ့လည်း ဒီကားက တကယ်အသုံးဝင်ပါတယ်” ဟုဌာနခွဲမှစာတစ်စောင်တွင် ဖော်ပြသည်။

၁၉၅၁ ခုနှစ်၌ နိုင်ငံအတွင်းတွင် သာသနာပြုခြောက်ဦးရှိသည်။ ၁၉၅၃ ခုနှစ်၊ ဒီဇင်ဘာလတွင် နောက်ထပ်သာသနာပြုခြောက်ဦး ကူညီရန်ရောက်ရှိလာ၏။ ထိုသူတို့ထဲမှ ဗာလိုရာနှင့် ဂျောန် မိုင်းလ်စ်တို့သည် ဇမ်ဘီယာတွင်ခြောက်နှစ် အမှုဆောင်ပြီး ဇင်ဘာဘွေသို့၊ ထိုမှတစ်ဖန် လီဆိုသိုးသို့ ပြောင်းရွှေ့ခဲ့ကြ၏။ နောက်ပိုင်းနှစ်များတွင် ဂျိုးဇက်ဖ် ဟာရီလပ်က်၊ ဂျောန်နှင့် အီယန် ရဲန်တန်၊ ယူဂျင်းနီ ကီနတ်စ်ချူက်၊ ပေါလ် အွန်ဒီကို၊ ပီတာနှင့်ဗီရာ ပါလီဆာ၊ အေဗဲ့စ် မော်ဂန်နှင့် အခြားသာသနာပြုများ နောက်ထပ်ရောက်ရှိလာပြီး မေတ္တာဖြင့်ကြိုးစားကူညီပေးခဲ့ကြသည်။ သူတို့၏ အထူးလုပ်ငန်းတော်တွင် ထိရောက်မှုရှိရန် စွန့်လွှတ်မှုများနှင့် ပြုပြင်ပြောင်းလဲမှုများ လိုအပ်မည်မှာအမှန်ပင်။

‘သူက ကလေးပဲရှိသေးတယ်’

ဝေးန် ဂျောန်ဆန်သည် ဇမ်ဘီယာတွင် တာဝန်ခန့်အပ်ခံရသည့်အခါ သူ့ခံစားချက်ကို ဤသို့ပြန်ပြောပြ၏– “ဒါမှားနေတာပဲဖြစ်ရမယ်လို့ ကျွန်တော်ခံစားခဲ့ရတယ်။” ၃၆ ကြိမ်မြောက် ဂိလဒ်ကျောင်းဆင်းဖြစ်သူ ဝေးန်သည် အားလ် အာချီဘော့လ်နှင့်အတူ ၁၉၆၂ ခုနှစ်အစောပိုင်းတွင် ရောက်ရှိခဲ့၏။ ယခု ဇနီးဖြစ်သူဂရေ့စ်နှင့်အတူ ကနေဒါတွင် နယ်လှည့်အမှုထမ်းအဖြစ် ထမ်းဆောင်နေပြီး သူဤသို့ပြောသည်– “အဲဒီတုန်းက ကျွန်တော့်အသက် ၂၄ နှစ်ပဲရှိသေးတော့ ကလေးပုံပဲထွက်နေသေးတယ်။ ကျွန်တော်က ချီယန်ဂျာ [ချီချေဝါဟုလည်းခေါ်] ဘာသာစကားသင်ထားတော့ အသင်းတော်ကညီအစ်မတွေ ကျွန်တော့်ကို ဦးဆုံးအကြိမ်တွေ့တဲ့အခါ ‘အယ်လီ ယူမ်ဝါနာ’—သူက ကလေးပဲရှိသေးတယ်လို့ တစ်ယောက်နဲ့တစ်ယောက် တီးတိုးပြောနေတာ ကြားလိုက်ရတယ်။”

ဝေးန်ဤသို့ ပြောပြ၏– “ယေဟောဝါနဲ့ ကိုယ်တော့်အဖွဲ့အစည်းကို လုံးဝမှီခိုအားထားရမယ်ဆိုတာ ကျွန်တော်နားလည်ခဲ့တယ်။ တမန်တော် ၁၆:၄ မှာပါတဲ့ စိတ်ဓာတ်မျိုး လူတိုင်းမှာရှိစေချင်ခဲ့တယ်။ တကယ်ဆို ယေဟောဝါနဲ့ကိုယ်တော့်အဖွဲ့အစည်းက ပြင်ဆင်ပေးတဲ့ ညွှန်ကြားချက်တွေနဲ့ အကြောင်းအရာတွေကို ကျွန်တော်ဖော်ပြပေးနေတာဖြစ်တယ်။ တခြားသူတွေ နှစ်သက်လက်ခံနိုင်မယ့်နည်းအတိုင်း လုပ်ဆောင်ဖို့လည်း ကျွန်တော်အမြဲကြိုးစားခဲ့တယ်။ နောက်ကြောင်းကိုပြန်ကြည့်လိုက်ရင် ဒီလိုကြီးမားတဲ့အခွင့်အရေးရရှိခဲ့တာကို အံ့သြနေတုန်းပဲ။”

ပြည်နှင်ခံရခြင်း

၁၉၆၀ နှင့် ၁၉၇၀ ပြည့်လွန်နှစ်များတွင် အပြောင်းအလဲများဖြစ်ပေါ်ခဲ့၏။ နိုင်ငံတစ်ဝန်းတွင် နှိပ်စက်ညှဉ်းပန်းမှုများ အခါအားလျော်စွာ ဖြစ်ပေါ်ခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် ဇမ်ဘီယာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် အလံအလေးပြုခြင်းနှင့် အမျိုးသားသီချင်းကိစ္စများနှင့်ပတ်သက်၍ ညီအစ်ကိုများ အခက်အခဲများစွာရင်ဆိုင်ခဲ့ရသည်။ ၁၉၆၀ ပြည့်လွန်နှစ်များအကုန်ပိုင်းတွင် အာဏာပိုင်အချို့က သာသနာပြုများ၏ ဩဇာသက်ရောက်မှုသည် အစိုးရရည်မှန်းချက်များကို ဆန့်ကျင်သည်ဟု ယူမှတ်ခဲ့၏။ ဖြစ်ပျက်ခဲ့ရာကို ဌာနခွဲကဤသို့ရှင်းပြသည်– “၁၉၆၈ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက် နံနက်စောစောတွင် ဌာနခွဲသို့ အင်္ဂလိပ်စကားပြောအသင်းတော် အားလုံးနီးပါးရှိ ကြီးကြပ်မှူးများထံမှ တယ်လီဖုန်းဝင်လာခဲ့သည်။ ကြီးကြပ်မှူးများသည် ပြည်နှင်ဒဏ်အမိန့်ပေးခံရကြောင်း ဌာနခွဲရုံးကိုအကြောင်းကြားခဲ့သည်။ စိတ်ဝင်စားစရာမှာ နိုင်ငံခြားမှလာသော ယေဟောဝါသက်သေများကိုသာမက ဇမ်ဘီယာနိုင်ငံသားများကိုလည်း ပြည်နှင်ဒဏ်အမိန့်ပေးခဲ့၏။ သူတို့ထဲမှနှစ်ဦးမှာ ဂျော့ချ် မာတွန်နှင့် အိုင်းဇက် ချီပွန်ဂူတို့ဖြစ်သည်။”

အဖြစ်အပျက်များမှာ လျင်မြန်စွာဖြစ်ပျက်ခဲ့သည်။ ထိုနေ့နံနက်ဆယ်နာရီတွင် လူဝင်မှုကြီးကြပ်ရေးမှူးများသည် သာသနာပြုမောင်နှံငါးစုံအား ပြည်နှင်ဒဏ်အမိန့်စာများပေးရန် ဌာနခွဲရုံးသို့ရောက်လာခဲ့ကြသည်။ သာသနာပြုညီအစ်ကိုဖရန့်ခ် လူးဝစ်စ်က ဤသို့ပြန်ပြောပြ၏– “မကြာခင်မှာပဲ သူတို့တွေဟာ ဌာနခွဲရုံးရှေ့လှေခါးထစ်မှာ ရောက်နေကြပြီ။ အကယ်၍ ပိတ်ပင်ခံရရင် ရုံးမှာရှိတဲ့သာသနာပြုညီအစ်ကိုတွေက အနောက်တံခါးကနေ ညီအစ်ကိုတွေအိမ်ကိုသွားပြီး စီစဉ်ထားတဲ့အတိုင်းစလုပ်ဖို့ ဆုံးဖြတ်ထားခဲ့ပြီးဖြစ်တယ်။ ဒါပေမဲ့ အပေါ်ထပ်မှာ သာသနာပြုညီအစ်မတစ်ယောက်က ငှက်ဖျားကြောင့် အရမ်းဖျားနေတော့ ကျွန်တော်တို့ ထွက်သွားဖို့ဝန်လေးနေကြတယ်။ ဒါပေမဲ့ ဒေသခံညီအစ်ကိုတွေက ကျွန်တော်တို့ထွက်သွားဖို့ မရမကပြောကြပြီး ညီအစ်မကိုသူတို့စောင့်ရှောက်ပေးမယ်လို့ ကတိပေးတယ်။ သူတို့ပြောတဲ့အတိုင်း လုပ်ပေးမယ်ဆိုတာ ကျွန်တော်တို့သိတယ်။

“ဇမ်ဘီယာတိုင်းမ်စ် သတင်းစာမှာ အခုကစပြီး ကင်းမျှော်စင်ကို ပိတ်ပင်လိုက်ကြောင်းနဲ့ ‘ဦးဆောင်သူတွေ’ ပုန်းရှောင်နေကြောင်း ကျွန်တော်တို့ဖတ်လိုက်ရတဲ့အခါ အံ့သြသွားခဲ့ကြတယ်။ သတင်းစာရဲ့မျက်နှာဖုံးမှာ ကျွန်တော်တို့နာမည်တွေပါလာပြီး အာဏာပိုင်တွေက မြို့ထဲမှာတစ်အိမ်တက်ဆင်း ကျွန်တော်တို့ကို လိုက်ရှာမယ့်အကြောင်းပါ ထည့်ထားတယ်။ ရုံးမှာကျန်ခဲ့တဲ့ ဒေသခံညီအစ်ကိုတွေက အကောင်းဆုံးလုပ်ဆောင်ခဲ့ကြတယ်။ သူတို့က ဖိုင်တွဲတွေနဲ့စာပေတွေကို တခြားနေရာတွေမှာ ရွှေ့လိုက်ကြတယ်။ ဒါတွေလုပ်ပြီးသွားတာနဲ့ နောက်တစ်နေ့မှာ ကျွန်တော်တို့ဌာနခွဲရုံးကို ပြန်သွားပြီး အာဏာပိုင်တွေနဲ့သွားတွေ့ခဲ့ကြတယ်။”

ဌာနခွဲရုံးတွင်ရဲတစ်ယောက်ကို အစောင့်ချထားပြီး ရွေးချယ်ထားသောသာသနာပြုများနှင့် အခြားနိုင်ငံခြားသားညီအစ်ကိုများအား ပြည်နှင်ဒဏ်အမိန့်စာများပေး၏။ ညီအစ်ကိုလူးဝစ်စ် ဤသို့ရှင်းပြ၏– “နောက်ဆုံးထွက်သွားရမယ့်သူတွေထဲမှာ ကျွန်တော်တို့ပါတယ်။ ကျွန်တော်တို့က ပုဂ္ဂိုလ်ရေးအရမသိကျွမ်းပေမဲ့ ညီအစ်မတစ်စုနဲ့သူတို့ကလေးတွေဟာ ကျွန်တော်တို့ကို ခဏလေး နှုတ်ဆက်စကားပြောပြီး လက်ဆွဲနှုတ်ဆက်ဖို့ ကာလူလူရှီမြို့ကနေ ၁၆ မိုင် လမ်းလျှောက်လာကြတာကို မြင်ယောင်မိရင် အခုထိ လည်ချောင်းထဲမှာဆို့နင့်လာတယ်။”

ဒုတိယအကြိမ် ပြည်နှင်ဒဏ်ပေးခြင်း

အချိန်များကုန်လွန်ခဲ့ပြီ။ ၁၉၇၅ ခုနှစ်၏ နေ့တစ်နေ့၊ ရဲများရုတ်တရက်ရောက်ရှိလာချိန်တွင် အသက် ၂၂ နှစ်ရှိသော အဲလ်ဘတ် မူဆန်ဒါသည် ဗေသလရှိစာရင်းအင်းဌာနတွင် စေတနာ့ဝန်ထမ်းအဖြစ် လုပ်ဆောင်နေသည်။ သူသည်ယခု ဇမ်ဘီယာတွင် ဌာနခွဲကော်မတီဝင်အဖြစ် အမှုဆောင်နေ၏။ “သူတို့က သာသနာပြုတွေကို နှစ်ရက်အတွင်း နိုင်ငံကနေထွက်သွားခိုင်းတယ်” ဟုသူပြောပြသည်။

“၁၉၇၅ ခုနှစ်၊ ဒီဇင်ဘာလမှာ လူဝင်မှုကြီးကြပ်ရေးရုံးက စာတိုလေးတစ်စောင်ပို့ပြီး ၃၆ နာရီအတွင်း နိုင်ငံကနေထွက်သွားဖို့ အမိန့်ပေးခဲ့တယ်” ဟုဂျောန် ဂျေဆင်ကဆိုသည်။ ဒေသခံရှေ့နေမှတစ်ဆင့် အာဏာပိုင်များထံ အယူခံဝင်ခဲ့ရာ သာသနာပြုများအား ၎င်းတို့ပိုင်ဆိုင်သောပစ္စည်းများသိမ်းဆည်းရန် အချိန်တိုးပေးခဲ့သည်။ “အဲဒီနောက်မှာတော့ ကျွန်တော်တို့သိပ်ချစ်တဲ့သူတွေနဲ့ ခွဲခွာခဲ့ရတယ်” ဟုညီအစ်ကိုဂျေဆင်ပြောပြသည်။

ညီအစ်ကိုအဲလ်ဘတ်၏ ဇနီးဖြစ်သူဒေလက်စ်က ဤသို့ပြန်ပြောပြ၏– “ညီအစ်ကိုတွေကို ဆောက်သ်ဒေါင်းလေဆိပ်ထိ လိုက်ပို့ပေးပြီးနှုတ်ဆက်ခဲ့ကြတယ်။ ဂျောန် ဂျေဆင်က ကင်ညာကို၊ အီယန် ဖာဂူဆန်က စပိန်ကို ပြန်သွားခဲ့ကြတယ်။” အဘယ်ကြောင့် ဒုတိယအကြိမ်ပြည်နှင်ဒဏ်ပေးခဲ့ရသနည်း။

လူအများ၏စိတ်ထဲတွင် ၁၉၇၅ ခုနှစ် စည်းဝေးကြီးက ဒုတိယအကြိမ် ပြည်နှင်ဒဏ်ပေးရသည့် အကြောင်းရင်းဖြစ်ခဲ့သည်။ “ဒီစည်းဝေးကြီးက ကသောင်းကနင်းနိုင်တဲ့အချိန်အတွင်းမှာ အကြီးဆုံးစည်းဝေးကြီးဖြစ်ပြီး တက်ရောက်သူအားလုံး ၄၀,၀၀၀ ကျော်ရှိတယ်” ဟုဂျောန် ဂျေဆင် ပြောပြသည်။ ယင်းနှင့်တစ်ပြိုင်တည်း အနီးအနားတွင် နိုင်ငံရေးစည်းဝေးပွဲတစ်ခုလည်း ကျင်းပနေသည်။ ထိုတွင်တက်ရောက်သူအချို့က ယေဟောဝါသက်သေများသည် နိုင်ငံရေးကိစ္စများတွင်ကြားနေသောကြောင့် သူတို့ကိုပြင်းပြင်းထန်ထန် ဆန့်ကျင်အရေးယူရန် တောင်းဆိုခဲ့ကြသည်။ နိုင်ငံရေးစည်းဝေးပွဲတွင် လူအနည်းငယ်သာ တက်ရောက်ရခြင်းမှာ ယေဟောဝါသက်သေများ၏ စည်းဝေးကြီးကြောင့်ဟု ပြစ်တင်စွပ်စွဲခဲ့ကြောင်း ညီအစ်ကိုဂျေဆင်က ပြန်ပြောပြသည်။

သာသနာပြုများပြန်ရောက်ရှိလာ

ဆယ်နှစ်ကြာပြီးနောက် ဇမ်ဘီယာနိုင်ငံသို့ သာသနာပြုများ ပြန်လာနိုင်ခဲ့ကြ၏။ ၁၉၈၀ ပြည့်လွန်နှစ်များတွင် နိုင်ငံရေးပိုတည်ငြိမ်လာပြီး ပိတ်ပင်မှုများကို ရုပ်သိမ်းခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် အက်ဒ်ဝပ်ဒ် ဖင့်ချ်နှင့် ဇနီးလင်ဒါတို့ ဂမ်ဘီယာမှ ရောက်ရှိလာကြ၏။ နောက်ပိုင်း အဲလ်ဖရက်နှင့်ဟယ်လင် ခီး၊ ဒက်တ်မာနှင့်ဆာဘိုင်း ရှမစ်တ် အပါအဝင် နောက်ထပ်သာသနာပြုများ ရောက်လာကြသည်။

၁၉၈၇ ခုနှစ်၊ စက်တင်ဘာတွင် ဒေရဲလ်နှင့်ဆူဇန် ရှာ့ပ်တို့သည် ယခု ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံဟုခေါ်သော ဇိုင်ယာမှ တောင်အာဖရိကသို့ ရောက်လာကြသည်။ သူတို့သည် ၁၉၆၉ ခုနှစ်တွင် ဂိလဒ်ကျောင်းဆင်းခဲ့ကြပြီး ကွန်ဂိုနိုင်ငံတစ်လျှောက် နယ်လှည့်လုပ်ငန်းတွင် လုပ်ဆောင်ခဲ့ကြသည်။ သူတို့သည် ဗဟိုအာဖရိကဘဝပုံစံကို ရင်းနှီးပြီးသားဖြစ်၏။ ယခုအချိန်တွင် ကျန်းမာသန်စွမ်းဆဲဖြစ်သော ညီအစ်ကိုဒေရဲလ်သည် အထူးအချိန်ပြည့်လုပ်ငန်းတွင် အနှစ် ၄၀ ကျော်ရှိနေပြီဖြစ်၏။ “ကျွန်တော်တို့နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့သာသနာပြုအိမ်က နယ်စပ်နဲ့သိပ်မဝေးတဲ့ လူဗွန်ဗာရှီမြို့မှာရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ ဇမ်ဘီယာကို အမြဲသွားကြတယ်” ဟုသူပြောသည်။

ထိုအချိန်နှင့်ပတ်သက်၍ ဆူဇန်တွင် အမှတ်ရစရာများစွာရှိသည်။ သူမဤသို့ပြောပြ၏– “၁၉၇၀ ပြည့်လွန်နှစ်တွေရဲ့အစောပိုင်းက ကွန်ဂိုမှာ အစားအစာရှားပါးတဲ့အတွက် လိုအပ်တာတွေဝယ်ဖို့ ဇမ်ဘီယာကို လအနည်းငယ်ကြာတိုင်း သွားခဲ့ရတယ်။ နောက်ပိုင်း ၁၉၈၇ ခုနှစ်အစောပိုင်းမှာ အုပ်ချုပ်ရေးအဖွဲ့က ကျွန်မတို့ကို ကွန်ဂိုကနေပြောင်းပြီး နေရာသစ်ကိုသွားဖို့ ခန့်အပ်ခဲ့တယ်။ ဘယ်နေရာလဲဆိုတော့ ဇမ်ဘီယာပါပဲ။” ကွန်ဂိုတွင် သူတို့၏လုပ်ငန်းကို ကန့်သတ်ချုပ်ချယ်မှု ပိုတိုးများလာသောကြောင့် ရှာ့ပ်ဇနီးမောင်နှံသည် ဘာသာရေးလွတ်လပ်သောနိုင်ငံသို့ ဝမ်းမြောက်ဝမ်းသာ ပြောင်းရွှေ့ခဲ့ကြ၏။

သို့သော် လယ်ကွင်းနှင့်ဌာနခွဲတွင် ပြုပြင်ပြောင်းလဲမှုအချို့ လိုအပ်ခဲ့သည်။ လူထုရှေ့ဟောပြောခြင်းလုပ်ငန်းကို တစ်စိတ်တစ်ပိုင်း ပိတ်ပင်ထားသောကြောင့် ညီအစ်ကိုအများစုသည် ကျမ်းစာသင်အံမှုများကိုသာ ပြုလုပ်ကြသည်။ ယေဟောဝါသက်သေများ၏ လူထုရှေ့ဓမ္မအမှုဆောင်ခြင်း၏အခြေခံကျသော တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းကို ကြေညာသူများစွာသည် အကျွမ်းတဝင်မရှိကြ၊ ကြောက်လန့်စိတ်ပင် ဖြစ်နေကြသည်။ အထူးသဖြင့် တိုင်းပြည်အခြေအနေတင်းမာမှုများ လျော့နည်းနေချိန်၊ ကျွန်ုပ်တို့၏လုပ်ဆောင်မှုများကို ရဲကအာရုံမစိုက်ချိန်တို့တွင် တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းလုပ်ငန်းကို ရဲရင့်စွာလုပ်ဆောင်ကြရန် ညီအစ်ကိုများကို အားပေးခဲ့ကြ၏။

နောက်သို့မဆုတ်၊ ရှေ့သို့ချီတက်

၁၉၇၀ ပြည့်လွန်နှစ်များအတွင်း တိုးတက်ပုံမရှိသောကြောင့် ဌာနခွဲကော်မတီသည် စိုးရိမ်မကင်းဖြစ်ခဲ့၏။ ဒေသခံဓလေ့ထုံးစံကြောင့် ညီအစ်ကိုများ ၎င်းတို့၏သားသမီးများကို သင်အံမှုပြုလုပ်ရန်ခက်ခဲခဲ့သည်။ ထို့ပြင် တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းကို ပိတ်ပင်ခဲ့ချိန်မှစ၍ သားသမီးများကို အခြားသူများနှင့် ကျမ်းစာသင်စေခြင်းသည် ဖခင်များအတွက် အစဉ်အလာဖြစ်လာခဲ့၏။ တစ်ဖန် ဖခင်များက ၎င်းတို့၏သားသမီးမဟုတ်သော ကလေးများကို ကျမ်းစာသင်ပေးကြသည်။ ရဲရင့်သောဆုံးဖြတ်ချက်များချရမည့်အချိန်မှာ ယခုအချိန်ပင်ဖြစ်သည်။ နောက်ပိုင်းနှစ်များတွင် ကြေညာသူများအား ကျမ်းစာနှင့်မညီသော ဓလေ့ထုံးစံများနှင့် အကျင့်အကြံများကို ဖယ်ရှားပစ်ရန် အားပေးခဲ့ကြသည်။ အသင်းတော်များသည် ယင်းတို့ကို တုံ့ပြန်ခဲ့သောကြောင့် ကောင်းချီးများခံစားခဲ့ရ၏။ ညီအစ်ကိုများသည် ၎င်းတို့၏အသက်တာကို ကမ္ဘာချီညီအစ်ကိုအသင်းအပင်းနှင့်အညီဖြစ်ရန်၊ သမ္မာကျမ်းစာမူများနှင့်အညီဖြစ်ရန် ကြိုးစားအားထုတ်ခဲ့ကြသည်။

၁၉၇၅ ခုနှစ်တွင် ပြည်နှင်ဒဏ်ပေးခံရပြီး နောက်ပိုင်းငါးနှစ်အကြာတွင် ကြေညာသူ ၁၁ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့၏။ ယင်းနှင့်ဆန့်ကျင်လျက် ၁၉၈၆ ခုနှစ်တွင် သာသနာပြုများပြန်ရောက်လာပြီးနောက်ပိုင်း ငါးနှစ်အတွင်း အများဆုံးကြေညာသူအရေအတွက် ၅၀ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့သည်။ ထိုနှစ်မှစ၍ တက်ကြွလှုပ်ရှားသောကြေညာသူ အရေအတွက်မှာနှစ်ဆကျော် တိုးများလာသည်။

ယခင်က နယ်လှည့်ကြီးကြပ်မှူးဖြစ်သူ ဆိုင်းလပ်စ် ချီဝီကာသည် ဌာနခွဲသို့ရေးသောစာတွင် ဤသို့ပြောခဲ့၏– “၁၉၅၀ ပြည့်လွန်နှစ်တွေကစပြီး ဂိလဒ်ကျောင်းဆင်းသာသနာပြုတွေက တခြားသူတွေကို ပိုမိုရင့်ကျက်လာဖို့ ကူညီပေးခဲ့ကြတယ်။ သာသနာပြုတွေက အရမ်းစိတ်ရှည်ကြပြီး နားလည်မှုနဲ့ ကြင်နာမှုရှိကြတယ်။ ကြေညာသူတွေနဲ့ နီးနီးကပ်ကပ်ပေါင်းသင်းခြင်းအားဖြင့် ဘာတွေပြုပြင်ပေးဖို့လိုတယ်ဆိုတာ သိခဲ့ကြတယ်။” သာသနာပြုများ၏ ဤသို့သော ဟန်ဆောင်မှုကင်းပြီး မေတ္တာပါကူညီပေးမှုများက ယနေ့ ဆက်၍ကြီးပွားတိုးတက်စေရန် လှုံ့ဆော်ပေးခဲ့သည်။

ပုံနှိပ်ထုတ်ဝေသည့်စာ

ပေါလုနှင့် သူ၏အပေါင်းအဖော်များကဲ့သို့ မျက်မှောက်ခေတ် ယေဟောဝါသက်သေများသည် “ဖြောင့်မတ်သောအကျင့်တည်းဟူသော လက်နက်များကို လက်ယာဘက် လက်ဝဲဘက်၌ ဝတ်ဆောင်ခြင်းအားဖြင့်” မိမိတို့သည် ဘုရားသခင့်ဓမ္မအမှုဆောင်များဖြစ်ကြောင်း ထင်ရှားပြကြသည်။ (၂ ကော. ၆:၇) စစ်မှန်သောဝတ်ပြုရေးတိုးတက်ရန် ဝိညာဏစစ်ပွဲဆင်နွှဲရာတွင် သူတို့သည် ဖြောင့်မတ်သော “လက်နက်များ” သို့မဟုတ် နည်းစနစ်များကို အဆက်မပြတ်အသုံးပြုခဲ့ကြသည်။

အစောပိုင်းခေတ်များ၌ ကျွန်ုပ်တို့၏စာပေများကို အင်္ဂလိပ်ဘာသာစကားဖြင့်သာ ရရှိနိုင်ခဲ့ကြ၏။ ၁၉၀၉ ခုနှစ်အစောပိုင်းလောက်ကတည်းက အာဖရိကတောင်ပိုင်းမှ အချို့သူတို့သည် ကင်းမျှော်စင် နှစ်စဉ်ကြေးမှာယူခဲ့သော်လည်း ကျမ်းစာအမှန်တရားကို နှုတ်အားဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့စေခဲ့သည်။ ထိုအချိန်က ညီအစ်ကိုတစ်ဦး ဤသို့ပြောပြ၏– “လူတွေစိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို နားထောင်ဖို့ ရွာတိုင်းမှာ [စုဝေးတဲ့နေရာ] ရှိတယ်။ နယ်လှည့်ဟောပြောတဲ့ ညီအစ်ကိုက အင်္ဂလိပ်လိုဖတ်ပြီး လူတွေနားလည်တဲ့ တိုင်းရင်းဘာသာစကားနဲ့ ရိုးရိုးလေးဘာသာပြန်ပေးတယ်။ မေးခွန်းတွေ ဆွေးနွေးသုံးသပ်ကြတယ်။” အမှန်တရား၏တိကျမှန်ကန်မှုသည် ဘာသာပြန်သူ၏စွမ်းရည်နှင့် သဘောထားအပေါ် များစွာမူတည်သည်မှာ ရှင်းနေပါသည်။ ထို့ကြောင့် စိတ်ဝင်စားသူများကြား စည်းလုံးမှုနှင့် တိကျမှန်ကန်သောအသိပညာ တိုးပွားစေရန် ၎င်းတို့၏ ကိုယ်ပိုင်ဘာသာစကားဖြင့် ကျမ်းစာအခြေပြုစာပေများ မှန်မှန်ထုတ်ဝေပေးဖို့ လိုအပ်ခဲ့သည်။

စာပေများရရှိနိုင်ခဲ့ကြ

၁၉၃၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် ဘုရားသခင့်စောင်းတော် စာအုပ်နှင့် စာအုပ်ငယ်အချို့ကို ဘာသာပြန်ပြီး ချီယန်ဂျာဘာသာစကားဖြင့် ထုတ်ဝေခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် တက်ကြွသော ကြေညာသူအနည်းငယ်သည် စာပေ ၁၁,၀၀၀ ကျော် ဝေငှခဲ့ကြ၏။ ယင်းလုပ်ရပ်က နောက်ပိုင်း “မတရားသောအကြံ” ကိုကြံစည်မည့် အတိုက်အခံပြုသူများအား စိတ်အနှောင့်အယှက်ဖြစ်စေခဲ့၏။ (ဆာ. ၉၄:၂၀) သို့သော် ကင်းမျှော်စင် မဂ္ဂဇင်းကိုမပိတ်ပင်တော့သော ၁၉၄၉ ခုနှစ်ကုန်ပိုင်းတွင် စီဘင်ဘာ ဘာသာစကားဖြင့် လစဉ်ထုတ်မဂ္ဂဇင်းကို ဖယောင်းမိတ္တူကူးပြီး နှစ်စဉ်ကြေးပို့ပေးခဲ့သည်။

ဂျိုးနပ်စ် မန်ဂျိုနီက ၁၉၅၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် မဂ္ဂဇင်းထုတ်လုပ်မှုနှင့်ပတ်သက်သည့် သူ၏လုပ်ငန်းအကြောင်း ဤသို့ပြန်ပြော၏– “စီဘင်ဘာ ဘာသာစကားနဲ့ ဘာသာပြန်တဲ့သူက ကျွန်တော်တစ်ယောက်တည်းရှိတယ်။ အင်္ဂလိပ်စာမူတစ်ခုရတာနဲ့ ဘာသာပြန်ပြီး အမှားပြင်တယ်။ ပြီးတော့ ဖယောင်းစက္ကူပေါ် လက်နှိပ်စက်နဲ့ပြန်ရိုက်ပြီး အဲဒါကို မိတ္တူတွေထုတ်ခဲ့တယ်။ တစ်ခါတလေမှာ မဂ္ဂဇင်းတစ်စောင်စီအတွက် မိတ္တူ ၇,၀၀၀ လိုတဲ့အတွက် ဒီနည်းက အချိန်သိပ်ကြာတယ်။ မဂ္ဂဇင်းတစ်စောင်စီကို လက်ချည်းနဲ့ပဲထုတ်လုပ်ပြီး တွဲချုပ်လိုက်တယ်။ ပြီးတော့ အသင်းတော်တွေကို စာတိုက်ကတစ်ဆင့် ပို့ပေးခဲ့တယ်။ မဂ္ဂဇင်းလိပ်တွေပေါ်မှာ တံဆိပ်ခေါင်းကပ်ပြီး စာအုပ်ပုံးတွေ စာတိုက်ကိုသယ်သွားရတာ အချိန်ကုန်ပင်ပန်းတဲ့အလုပ်ဖြစ်တယ်။”

ထိုအချိန်က နည်းပညာပိုင်းတွင် အကန့်အသတ်ရှိသော်လည်း ဘာသာပြန်လုပ်ငန်းတွင် ပါဝင်ခဲ့သူများသည် မိမိတို့ကိုယ်ကို နစ်မြုပ်လုပ်ဆောင်ခဲ့ကြကာ အကျိုးကျေးဇူးများ ဖြစ်ထွန်းခဲ့သည်။ ဂျိမ်းစ် မောန်ဂိုသည် နယ်လှည့်လုပ်ငန်းတွင်ပါဝင်ရင်း လက်ရေးဖြင့်ဘာသာပြန်ပေးကာ အများအားဖြင့် ဖယောင်းတိုင်မီးရောင်အောက်တွင် လုပ်ဆောင်ခဲ့ရသည်။ “ဒီလိုလုပ်ရတဲ့အတွက် ပင်ပန်းတယ်လို့ တစ်ခါမှမခံစားခဲ့ရဘူး။ ကျွန်တော့်ရဲ့ ကြိုးစားလုပ်ဆောင်မှုက ညီအစ်ကိုတွေအတွက် ဝိညာဉ်အစာရရှိဖို့နဲ့ သူတို့ကို ရင့်ကျက်လာဖို့ ကူညီပေးတယ်ဆိုတာသိရလို့ ကျွန်တော်ကျေနပ်တယ်” ဟုသူပြောခဲ့သည်။

‘လက်ချင်းလဲခြင်း’

ဘာသာပြန်တစ်ဦးသည် အမှန်တရားကို တိကျမှန်ကန်စွာဖော်ပြနိုင်ရန် မိမိ၏ကိုယ်ပိုင်ဘာသာစကားကိုသာမက အင်္ဂလိပ်စာကိုပါ နှံ့နှံ့စပ်စပ်နားလည်ဖို့လို၏။ အေရုန် မာပူလန်ဂါ ဤသို့ဆိုသည်– “ဘာသာပြန်တဲ့အခါ စကားစုတချို့ဟာ စကားလုံးတွေရဲ့ ဆိုလိုပုံရတဲ့အဓိပ္ပာယ်နဲ့ မတူတဲ့အဓိပ္ပာယ်ရှိတယ်။ ဧလိယက ဧလိရှဲကို တာဝန်တွေလွှဲပြောင်းပေးတဲ့အကြောင်း ဆွေးနွေးထားတဲ့စာပေမှာ ‘လက်ချင်းလဲရန်’ ဆိုတဲ့ အင်္ဂလိပ်စကားစုနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တာကို မှတ်မိသေးတယ်။ ညီအစ်ကိုတစ်ယောက်က အဲဒီစကားစုကို စာသားအတိုင်း ပြန်ဆိုခဲ့တယ်။ ဒီစာသားက တကယ်ပဲ ‘လက်ချင်းလဲခြင်း’ ဆိုတဲ့ အဓိပ္ပာယ်လားဆိုတာ ကျွန်တော်မသေချာဘူး ဖြစ်နေတယ်။ ဒါနဲ့ တခြားညီအစ်ကိုတွေနဲ့ ဆွေးနွေးပြီးတဲ့နောက်မှာ အဓိပ္ပာယ်မှန်ကို နားလည်လာခဲ့ကြတယ်။ စာသားအတိုင်း လုံးကောက်ပြန်မယ်ဆိုရင် အင်္ဂလိပ်လေသံနဲ့ တူသွားနိုင်တဲ့အတွက် အဲဒီလိုဘာသာမပြန်ဖို့ အကြံပေးခံခဲ့ရတာကို မှတ်မိသေးတယ်။ စာသားအတိုင်းမဟုတ်ဘဲ ကျွန်တော်တို့ ပြန်ဆိုတဲ့ ဘာသာစကားရဲ့ပုံစံအတိုင်း ဘာသာပြန်နိုင်ဖို့ ကြိုးစားခဲ့ကြတယ်။”

နည်းပညာဆိုင်ရာကူညီပံ့ပိုးမှု

၁၉၈၆ ခုနှစ်မှစ၍ MEPS (ဘာသာစကားစုံ အီလက်ထရွန်းနစ် ဓာတ်ပုံစာစီစနစ် ၏အတိုကောက်) စနစ်ကို ဌာနခွဲရုံးများတွင် အသုံးပြုနိုင်ခဲ့သည်။ ယင်းစနစ်က ဘာသာပြန်ခြင်း၊ စာစစ်ခြင်းနှင့် စာစီခြင်းတို့ကို အရှိန်အဟုန်မြှင့်စေရန် များစွာအထောက်အကူပြုခဲ့သည်။ မကြာသေးမီက ကင်းမျှော်စင်ဘာသာပြန်စနစ်ဆော့ဖ်ဝဲနှင့် ဘာသာပြန်အထောက်အကူပြုကိရိယာများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပြီ။ ယခုအခါ အဓိကဒေသခံဘာသာစကားများကို အုပ်စုများဖွဲ့ပြီး ပြန်ဆိုကြရာ ဇမ်ဘီယာလူမျိုးအများစု နားလည်နိုင်သော ကျမ်းစာအခြေပြုစာပေများ ထုတ်ဝေနိုင်ပြီဖြစ်သည်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်းနှင့် အခြား ‘ဖြောင့်မတ်သောလက်နက်များ’ က စိတ်နှလုံးရိုးဖြောင့်သူများ ယေဟောဝါကိုသိရှိလာရန် ဆက်၍ကူညီပေးပါလိမ့်မည်။—၂ ကော. ၆:၇။

ဒုက္ခသည်များကို ကူညီပေးခြင်း

အာဖရိကရှိ လူများစွာသည် ပျော်ရွှင်ငြိမ်သက်သော အသက်တာတွင် မွေ့လျော်နေကြသည်။ သို့သော် ဝမ်းနည်းစရာမှာ စစ်ကြောင့်ဒုက္ခရောက်သူ များသည်ထက်များလာ၏။ ညတွင်းချင်း အိမ်နီးချင်းများအဖြစ်မှ ရန်သူများအဖြစ်သို့ ပြောင်းလဲသွားကာ အပြစ်မဲ့သူများ အိုးပစ်အိမ်ပစ်ထွက်ပြေးကြရပြီး ရပ်ကွက်များ ဖျက်ဆီးခံခဲ့ရသည်။ ဒုက္ခသည်များမှာ ပစ္စည်းဥစ္စာအနည်းငယ်သာယူဆောင်ကာ လုံခြုံမှုရှိသည့်နေရာများ ရှာဖွေကြရသည်။ ယင်းအခြေအနေကို ယနေ့ သန်းနှင့်ချီသောလူများ ကြုံတွေ့နေရ၏။

၁၉၉၉၊ မတ်လ၌ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်ပွားမှုကြောင့် ထောင်နှင့်ချီသောလူများ ထွက်ပြေးခဲ့ကြပြီး ဇမ်ဘီယာနိုင်ငံသို့ စုပြုံရောက်ရှိလာခဲ့ကြသည်။ စစ်ပွဲများစွာတွင်ကဲ့သို့ စစ်သားများသည် တိုက်ခိုက်လုယက်ကြပြီး လေးလံသောဝန်များထမ်းရန် အမျိုးသားများကို အတင်းအကျပ်ခိုင်းစေကြကာ အမျိုးသမီးများနှင့်ကလေးများကို မတော်မတရားပြုကျင့်ခဲ့ကြသည်။ ယေဟောဝါသက်သေများသည် လက်နက်များမကိုင်ဆောင်ကြသောကြောင့် အရှက်ခွဲခံရပြီး ရက်ရက်စက်စက် ရိုက်နှက်ခံခဲ့ရသည်။ အသက် ၅၅ နှစ် အရွယ်ရှိ ထက်သန်သောမှန်မှန်ရှေ့ဆောင် ကာတာတူ ဆော်န်ဂါ ဤသို့ပြောပြ၏– “ကျွန်တော့်ကို အမျိုးသမီးတွေနဲ့ ကလေးတွေရှေ့မှာ လှဲချလိုက်ပြီး သတိလစ်သွားတဲ့အထိ ကြာပွတ်နဲ့ရိုက်ခဲ့ကြတယ်။”

မိသားစုများစွာမှာ အလားတူ နှိပ်စက်ညှဉ်းပန်းမှုများမခံရရန် ထွက်ပြေးခဲ့ကြသည်။ ယင်းသို့ တောထဲဖြတ်ပြေးကြစဉ် မာပန်ဂို ကီတန်ဘိုနှင့် သူ၏သားများသည် လူစုကွဲသွားခဲ့၏။ သူဤသို့ရှင်းပြ၏– “ကျွန်တော်တို့မှာ လိုက်ရှာဖို့အချိန်မရှိဘူး။ ကျွန်တော်တို့ ချစ်ရတဲ့သူတွေအတွက် အရမ်းစိုးရိမ်ပေမဲ့ ဆက်ပြီးပြေးခဲ့ရတယ်။” လူများစွာသည် လုံခြုံမှုရရန် မိုင်ရာနှင့်ချီ ခြေကျင် သို့မဟုတ် စက်ဘီးဖြင့် ထွက်ပြေးခဲ့ရ၏။

ကာပူတာမြို့လေးတွင် ဒုက္ခသည်များ ပြည့်နှက်နေခဲ့သည်။ ထိုသူတို့ထဲတွင် ညီအစ်ကိုများနှင့် သူတို့မိသားစုများ ၅,၀၀၀ နီးပါးပါဝင်ပြီး ခရီးကြမ်းနှင်လာရသောကြောင့် အလွန်ပင်ပန်းနွမ်းနယ်ခဲ့ကြသည်။ ဒုက္ခသည်များအတွက် ကြိုတင်ပြင်ဆင်မှုမရှိသော်လည်း ထိုမြို့ရှိ နိုင်ငံတော်ကြေညာသူ ၂၀၀ တို့သည် ၎င်းတို့၏ ညီအစ်ကိုညီအစ်မများကို ဝမ်းမြောက်ဝမ်းသာ ခရစ်ယာန်ဧည့်ဝတ်ပျူငှာမှု ပြခဲ့ကြ၏။ ဒုက္ခသည်ဖြစ်သူ မန်ဒါ နတောမ်ပါ ဤသို့ပြန်အမှတ်ရသည်– “ကျွန်တော်တို့ကိုပြခဲ့တဲ့ မေတ္တာနဲ့ ဧည့်ဝတ်ပျူငှာမှုအတွက် အရမ်းစိတ်စွဲမှတ်သွားခဲ့ကြတယ်။ ကျွန်တော်တို့က ယေဟောဝါသက်သေတွေဆိုတာသိတာနဲ့ ဒေသခံညီအစ်ကိုတွေက သူတို့အိမ်တွေမှာ တည်းခိုခွင့်ပေးခဲ့ကြတယ်။ ဇရတ္တမြို့က မုဆိုးမလိုပဲ သူတို့မှာရှိတဲ့ စားစရာအနည်းငယ်ကို ကျွန်တော်တို့နဲ့ ဝေမျှစားခဲ့ကြတယ်။”

မြောက်ပိုင်းရှိ လိတ်ခ်အဲမ်ဝဲရူကမ်းနားဝန်းကျင်တွင် ဒေသခံသက်သေခံအနည်းငယ်သည် ရာနှင့်ချီသော ဒုက္ခသည်များကို ကူညီစောင့်ရှောက်ပေးခဲ့ကြသည်။ စနစ်တကျစီစဉ်ဖွဲ့စည်းကာ စားစရာများနှင့် နေစရာများ စီမံပေးခဲ့ကြသည်။ အနီးအနားအသင်းတော်များက ပီလောပီနံနှင့်ငါးများ ပေးခဲ့ကြ၏။ နောက်ဆုံး သုံးလကြာပြီးနောက် ကွန်ဂိုသက်သေခံများကို မှတ်ပုံတင်ခဲ့ပြီးနောက် ဒုက္ခသည်စခန်းသို့ ပြောင်းရွှေ့သွားခဲ့ကြသည်။

အကြမ်းဖက်တိုက်ပွဲများမှ ထွက်ပြေးသူများသည် စာအုပ်များနှင့် မဂ္ဂဇင်းများ ယူဆောင်လေ့မရှိပေ။ တန်ဖိုးအရှိဆုံးပစ္စည်းဥစ္စာများကိုပင် ချန်ထားခဲ့ရကာ လုံခြုံရာသို့ အသက်လုထွက်ပြေးကြရသည်။ ဘုရားသခင့်လူမျိုးများကြားတွင်မူ အခြေအနေမှာ ဆန့်ကျင်ဘက်ဖြစ်၏။ ထွက်ပြေးလွတ်မြောက်ဖို့ ဗျာများနေသည့်ကြားမှ အချို့သည် စာပေများ သယ်ဆောင်ခဲ့ကြသည်။ သို့တိုင် ကျမ်းစာနှင့် ကျမ်းစာအခြေပြုစာပေများ အလွန်ရှားပါးခဲ့သည်။ အများအားဖြင့် လူပေါင်း ၁၅၀ တက်ရောက်သောစည်းဝေးတွင် စာအုပ်ငါးအုပ်သာ ရှိခဲ့သည်။ တက်ရောက်သူများ မည်သို့ပါဝင်ခဲ့ကြသနည်း။ ညီအစ်ကိုတစ်ဦးက ဤသို့ရှင်းပြ၏– “ကျမ်းစာရှိတဲ့သူတွေက ကျမ်းချက်တွေလိုက်ကြည့်ပြီး မရှိတဲ့သူတွေကတော့ အာရုံစိုက်နားထောင်ကြတယ်။ ဒါကြောင့် ယေဟောဝါကိုချီးမွမ်းရာမှာ အားလုံးပါဝင်နိုင်ကြပြီး မှတ်ချက်တွေအားဖြင့် တစ်ယောက်နဲ့တစ်ယောက် အားပေးခဲ့ကြတယ်။”

ရုပ်ပစ္စည်းလိုအပ်မှုကိုဖြည့်ဆည်းပေးခြင်း

ဒုက္ခသည်အများစုမှာ အမျိုးသမီးများနှင့်ကလေးများဖြစ်ကြသည်။ များသောအားဖြင့် ကျန်းမာရေးမကောင်းသည့်အပြင် စားစရာလည်းမရှိဘဲ ရောက်လာကြသည်။ သူတို့ကို ယေဟောဝါသက်သေများ မည်သို့ကူညီပေးခဲ့ကြသနည်း။ ဇမ်ဘီယာတိုင်းမ်စ် ကဤသို့ဖော်ပြ၏– “ဇမ်ဘီယာ ယေဟောဝါသက်သေများအသင်းသည် ဂရိတ်လိတ်ခ်ဒေသရှိ ဒုက္ခသည်များ၏ အခက်အခဲဒုက္ခ လျော့နည်းသွားစေဖို့ စေတနာ့ဝန်ထမ်းများနှင့် ကယ်ဆယ်ရေးလုပ်သားများကို ယခင်ဇိုင်ယာနိုင်ငံသို့ စေလွှတ်ခဲ့သည်။” ဘယ်လ်ဂျီယံ၊ ပြင်သစ်နှင့် ဆွစ်ဇလန်နိုင်ငံများမှ သက်သေခံများသည် “ဒုက္ခသည်များအတွက် ဆေးဝါး ၅၀၀ ကီလိုဂရမ် [ပေါင် ၁,၁၀၀]၊ ဗီတာမင်ဆေးဝါးများ ၁၀ တန်၊ အစားအစာ တန် ၂၀၊ အဝတ်အစား တန် ၉၀ ကျော်၊ ဖိနပ်အရန်ပေါင်း ၁၈,၅၀၀ နှင့်စောင် ၁,၀၀၀၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ သန်းနီးပါး ထောက်ပံ့ပေးခဲ့သည်” ဟုထိုဆောင်းပါးက ရှင်းပြသည်။

ညီအစ်ကိုနတောမ်ပါ ဤသို့ပြန်ပြောပြ၏– “ကယ်ဆယ်ရေးပစ္စည်းတွေ ရောက်လာတဲ့နေ့က ကျွန်တော်တို့အားလုံး အရမ်းပျော်ရွှင်ပြီး ယုံကြည်ခြင်းခိုင်ခံ့စေတဲ့နေ့တစ်နေ့ ဖြစ်ခဲ့တယ်။ ဒီလိုဂရုစိုက်စောင့်ရှောက်ပေးတဲ့ အဖွဲ့အစည်းမှာ ကျွန်တော်တို့ ပါဝင်ခွင့်ရကြတယ်။ အခုလို ကြီးမားတဲ့မေတ္တာပြမှုကြောင့် ညီအစ်ကိုတွေရဲ့ မယုံကြည်သူမိသားစုဝင်တွေတောင် သဘောထားပြောင်းလဲလာကြတယ်။ အဲဒီအချိန်ကစပြီး သူတို့ထဲကတချို့ဟာ ကျွန်တော်တို့နဲ့ပူးပေါင်းလာကြပြီး ဘုရားသခင်ကိုဝတ်ပြုသူများအဖြစ် ကောင်းစွာတိုးတက်လာကြတယ်။” ကယ်ဆယ်ရေးပစ္စည်းများကို ခွဲခြားမှုမရှိဘဲ ဒုက္ခသည်အားလုံးအား လှူဒါန်းခဲ့ကြသည်။

၁၉၉၉ ခုနှစ်နှောင်းပိုင်းတွင် တစ်နိုင်ငံလုံးရှိ အိုးမဲ့အိမ်မဲ့လူဦးရေမှာ ၂၀၀,၀၀၀ ကျော်တိုးများလာခဲ့သည်။ “ပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာကြသော အာဖရိကဒုက္ခသည်များအတွက် ဇမ်ဘီယာသည် အကြီးမားဆုံးခိုလှုံရာနိုင်ငံတစ်ခု ဖြစ်လာသည်” ဟုဒေသခံသတင်းစာတစ်စောင်က ဖော်ပြခဲ့၏။ အာဏာပိုင်များက ဒုက္ခသည်များ၏လိုအပ်ချက်ကို ဖြည့်ဆည်းရန် ကြိုးစားလုပ်ဆောင်ကြသော်လည်း အလိုမကျမှုနှင့် မကျေနပ်မှုများကြောင့် အကြမ်းဖက်ဆန္ဒပြမှုများဖြစ်ခဲ့သည်။ ဆန္ဒပြပွဲတစ်ခုဖြစ်ပွားပြီးနောက် စခန်းရှိအာဏာပိုင်များက ယေဟောဝါသက်သေများသည် ဆူပူအုံကြွမှုများတွင် မပါဝင်ကြသော်လည်း ငြိမ်သက်အေးချမ်းမှုကို ထိန်းသိမ်းရာတွင် မကူညီဟု တိုက်နယ်ကြီးကြပ်မှူးအား စွပ်စွဲခဲ့သည်။ တိုက်နယ်ကြီးကြပ်မှူးက ကြင်နာစွာနှင့် တစ်ချိန်တည်းတွင် ခိုင်မာစွာဖြင့် ဤသို့ပြန်ပြောခဲ့သည်– “ကျွန်တော် ကူညီပေးပါတယ်။ ဒီလူရမ်းကားအုပ်ထဲမှာ နောက်ထပ်လူ ၅,၀၀၀ ပူးပေါင်းလာမယ်ဆိုရင် အခြေအနေ ဘယ်လောက်ထိဆိုးဝါးသွားမယ်ဆိုတာ ခင်ဗျားတို့ စဉ်းစားမိရဲ့လား။ ဆန္ဒပြပွဲမှာ အနည်းဆုံး ဒုက္ခသည် ၅,၀၀၀ လောက်မပါဝင်ခဲ့တာကိုပဲ ကျေးဇူးတင်ရမယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က သက်သေခံတွေဖြစ်လို့၊ ကျွန်တော့်ရဲ့ ညီအစ်ကိုတွေဖြစ်လို့ပဲ။”

ယေဟောဝါသက်သေများကို ဒုက္ခသည်စခန်း၌ ငြိမ်သက်အေးချမ်းမှု လွှမ်းမိုးစေသူများအဖြစ် အသိအမှတ်ပြုခဲ့ကြ၏။ အစိုးရအရာရှိတစ်ဦး ဤသို့မှတ်ချက်ချခဲ့သည်– “ယေဟောဝါသက်သေတွေဟာ ဘာသာတရားကိုင်းရှိုင်းတယ်လို့ ကြားရတယ်။ သူတို့ထဲက အများစုကို စခန်းတွင်းမှာ ဌာနစိပ်ခေါင်းဆောင်တွေအဖြစ် တာဝန်ပေးခဲ့တယ်။ အဲဒီအချိန်ကစပြီး စခန်းတွင်းမှာ ငြိမ်သက်လာတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ကူညီပေးတတ်တယ်။ လူတိုင်း ကျမ်းစာဖတ်ဖို့ အဓိကအာရုံစိုက်ကြတယ်။ ဒီလိုလူမျိုးတွေ ကျွန်တော်တို့နဲ့အတူ ဆက်ရှိပြီး စခန်းမှာ အေးချမ်းငြိမ်သက်နေတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်တယ်။”

သွေးနှင့်ပတ်သက်သော ဘုရားသခင့်တားမြစ်ချက်ကို နာခံခြင်း

သမ္မာကျမ်းစာ၏ လက်တွေ့ကျဉာဏ်ပညာက “အသွေးကို . . . ကြဉ်ရှောင်ရမည်” ဟုကြာမြင့်စွာကတည်းက မိန့်မှာထားသော်လည်း ဆာဟာရတောင်ပိုင်း အာဖရိကဒေသတွင် သွေးမဲ့ဆေးကုသမှုနှင့်ပတ်သက်၍ စိတ်စွန်းကွက်မှုနှင့် နားလည်လွဲမှုများ တွေ့ရှိရသည်။ (တ. ၁၅:၂၈၊ ၂၉) ဝမ်းနည်းစရာမှာ ယေဟောဝါသက်သေများသည် ရက်ရက်စက်စက် အရှက်တကွဲပြုမူခံခဲ့ရသည်။ ဆေးရုံတင်ထားသည့် ကလေးတစ်ဦးကို ညအချိန် မိဘများမရှိခိုက် သွေးသွင်းလိုက်ခြင်းသည် အဆန်းမဟုတ်ခဲ့ပေ။

ဂျနဲလာ မူကူဆို စောင့်ရှောက်ထားသော မြေးဖြစ်သူ ခြောက်နှစ်အရွယ် မိုက်ကယ်သည် သွေးအားနည်းရောဂါကြောင့် ဆေးရုံတက်ခဲ့ရသည်။ ဆရာဝန်က သွေးသွင်းရန်အမိန့်ပေးလိုက်၏။ ညီအစ်မမူကူဆိုက သွေးသွင်းခြင်းကို ငြင်းဆိုခဲ့ရာ လေးရက်တိုင် ခြိမ်းခြောက်ခံရပြီး ရိုင်းစိုင်းစွာပြောဆိုခံခဲ့ရ၏။ “ကျွန်မ သူတို့ကို တောင်းပန်ပြီး ကျွန်မရဲ့ ဆေးဘက်ဆိုင်ရာ ညွှန်ကြားချက်ကတ်ပြားကို ပြပေမဲ့ သူတို့နားမထောင်ခဲ့ကြဘူး။ သူနာပြုတွေက ကျွန်မကို ကိုယ့်မြေးလေးကိုသတ်ချင်တဲ့ စုန်းမဆိုပြီး စွပ်စွဲပြောဆိုခဲ့ကြတယ်” ဟုသူပြောပြခဲ့သည်။

ယင်းသို့သော ရန်လိုမှုများကြောင့် အချို့က ဆေးရုံသွားရန် ဝန်လေးကြသည်။ ဆရာဝန်များစွာသည် လူနာ၏ အသိအမြင်ရှိရှိဆုံးဖြတ်ထားရာ သဘောထားကို လျစ်လျူရှုခဲ့ကြသည်။ ကူညီပေးလိုသော ဆရာဝန်အချို့မှာ ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခံရပြီး အခြားဆရာဝန်များ၏ ဝိုင်းပယ်ခြင်းခံခဲ့ရသည်။ အကြောင်းမှာ လက်မခံနိုင်သောကုသမှုဟု အများကယူဆထားရာကို လုပ်ဆောင်ပေးသောကြောင့်ဖြစ်၏။ ထို့ပြင် အခြေခံအဆောက်အအုံ မဖွံ့ဖြိုးခြင်းနှင့် သွေးမှလွဲ၍ အခြားဆေးဝါးများ အနည်းငယ်သာရရှိနိုင်ခြင်းစသည့် အခက်အခဲများလည်းရှိခဲ့သည်။ သို့သော် ၁၉၈၉ ခုနှစ်တွင် ကြေးနီသတ္တုတွင်းလုပ်ငန်း၏ ဆေးရုံအုပ်က “လူတို့၏ဆန္ဒကို ဆန့်ကျင်ပြီး သွေးမသွင်းပေးသင့်” ဟုပြောခဲ့သည်။ ယင်းက ဆေးပညာရှင်အချို့၏ သဘောထားပျော့ပျောင်းလာကြောင်း ထင်ရှားသည်။

အကျိုးသက်ရောက်မှုရှိသော ကော်မတီများ

၁၉၉၅ ခုနှစ်၌ ဇမ်ဘီယာတွင် ဆေးရုံသတင်းအချက်အလက် ဝန်ဆောင်လုပ်ငန်းနှင့်အတူ ဆေးရုံဆက်သွယ်ရေးကော်မတီများ (ဆဆက) ဖွဲ့စည်းခဲ့ကြသည်။ ဤကော်မတီများသည် သွေးမဲ့ကုသမှုနှင့် လူနာ၏အခွင့်အရေးတို့နှင့် ပတ်သက်သော ဆေးလောက၏သဘောထားအပေါ် များစွာအကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း အချို့ကြိုသိမြင်နိုင်ခဲ့ကြသည်။ ဆဆက ၏လုပ်ငန်းမှာ ဆေးရုံများသို့လည်ပတ်ပြီး ဆရာဝန်များကို လူတွေ့မေးမြန်းကာ ကျန်းမာရေးလုပ်သားများအား တင်ဆက်မှုများလုပ်ပြပေးကြသည်။ ရည်ရွယ်ချက်မှာ ပူးပေါင်းဆောင်ရွက်မှုကို ပြုစုပျိုးထောင်ပေးပြီး အတိုက်အခံပြုမှုများကို တားဆီးကာကွယ်ပေးရန်ဖြစ်၏။ ဤတင်ဆက်မှုများတွင်တွေ့ရသော အတတ်ပညာပိုင်းကျွမ်းကျင်မှုများက ဆေးဝန်ထမ်းများကို စိတ်စွဲမှတ်သွားစေခဲ့သည်။ နိုင်ငံတောင်ပိုင်းရှိ ဆေးရုံတစ်ရုံမှ ဆေးရုံအုပ်က “ခင်ဗျားတို့က ဆရာဝန်တွေပဲ။ ဒါကို ခင်ဗျားတို့ ဝန်မခံချင်ကြဘူး” ဟုပြောရန် လှုံ့ဆော်ခံခဲ့ရသည်။

ဇမ်ဘီယာအနောက်ပိုင်းခရိုင်ဆေးရုံမှ ဒတ်ချ်လူမျိုးဆရာဝန်တစ်ဦးက ဤသို့ဆိုခဲ့၏– “ဆက်နွှယ်နေတဲ့ အန္တရာယ်တွေကြောင့် သွေးကို နည်းနိုင်သမျှနည်းနည်း အသုံးပြုနိုင်မယ့် နည်းလမ်းတွေအကြောင်း လွန်ခဲ့တဲ့နှစ်ပတ်က ဆွေးနွေးခဲ့ကြတယ်။ ဒီနေ့တော့ အဲဒီအကြောင်းကို ကျွန်တော်တို့နဲ့ဆွေးနွေးဖို့ ကျွမ်းကျင်တဲ့ပညာရှင်တွေ ရောက်ရှိနေပါတယ်။” မကြာသေးမီက ဆဆက ၏တင်ဆက်မှုများကို တက်ရောက်ခဲ့သော ဆေးဝန်ထမ်းတစ်ဦးသည် သူ၏အလုပ်ဖော်များကိုလည်း တက်ရောက်ရန် အကြံပြုခဲ့၏။ ယင်းအစီအစဉ်သည် ဆေးလောကတွင် အထူးအသိအမှတ်ပြုခံရပြီး အငြင်းပွားမည့်အစား ပူးပေါင်းဆောင်ရွက်လာကြသည်။

နှစ်ပေါင်းများစွာ ဘုရားများတမျှ ကြည်ညိုလေးစားခံရသူ ဆရာဝန်များထံ ချဉ်းကပ်ရာတွင် ကော်မတီဝင်အဖြစ် အမှုထမ်းသူအချို့သည် အရည်အချင်းမပြည့်မီဟူသော ခံစားချက်ကို အောင်မြင်ကျော်လွှားခဲ့ကြသည်။ “ကျွန်တော့်မှာ ဆေးပညာနောက်ခံမရှိတော့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုမရှိခဲ့ဘူး” ဟု လူဆာကာကော်မတီ၏ သဘာပတိဖြစ်သူ ညီအစ်ကိုစမာတ် ဖီရီက ပြောဆိုခဲ့သည်။

သို့ရာတွင် အချိန်တန်သော် မဆုတ်မနစ်ဇွဲနှင့် ယေဟောဝါကို ယုံကြည်ကိုးစားခြင်းကြောင့် ဆုချခံခဲ့ရ၏။ နောက်ကော်မတီဝင်တစ်ဦးက အစောပိုင်းအချိန်နှင့်ပတ်သက်၍ ဤသို့ပြန်အမှတ်ရသည်– “ကျန်းမာရေးဝန်ကြီးအဖြစ် အမှုထမ်းခဲ့ပြီး အတော်သြဇာအာဏာရှိတဲ့ ဆရာဝန်တစ်ဦးနဲ့ ကျွန်တော်တို့သုံးယောက် သွားတွေ့ခဲ့ကြတယ်။ ကျွန်တော်တို့ အရမ်းစိတ်လှုပ်ရှားခဲ့ကြတယ်။ ဆရာဝန်ရဲ့ရုံးခန်းအရှေ့ စင်္ကြံလမ်းမှာ ယေဟောဝါထံဆုတောင်းပြီး ရဲရဲရင့်ရင့်ပြောဆိုနိုင်ဖို့ ကိုယ်တော့်အကူအညီကိုတောင်းခံခဲ့တယ်။ ဆရာဝန်ရဲ့ရုံးခန်းထဲဝင်သွားတဲ့အခါ ကျွန်တော်တို့ကောင်းကောင်း ဆွေးနွေးခဲ့ကြပြီး သူက အပြည့်အဝ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိခဲ့တယ်။ ကျွန်တော်တို့မှာ ယေဟောဝါရဲ့ ကျောထောက်နောက်ခံရှိတဲ့အတွက် ကြောက်စရာအကြောင်းမရှိဘူးဆိုတာ ကျွန်တော်နားလည်ခဲ့တယ်။”

လွန်ခဲ့သောနှစ်အနည်းငယ်ကဆိုလျှင် သွေးမသွင်းဘဲ ကုသပေးမည်မဟုတ်သော ခက်ခဲသည့်ရောဂါများကို ဆရာဝန်များ ယခုအခါ လိုလိုလားလား ကုသပေးခြင်းက ဆဆက နှင့်ဆေးလောကအကြား ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာကြောင်း ထင်ရှားပါသည်။ ၂၀၀၀ ပြည့်နှစ်၊ အောက်တိုဘာလ၌ ခွဲစိတ်ဆရာဝန်နှစ်ဦးသည် ကွန်ဂိုဒီမိုကရတ်တစ်သမ္မတနိုင်ငံမှ ခြောက်လသမီးလေး ဘဲတရိုက်စ်ကို ခွဲစိတ်ကုသရန် ရဲရဲရင့်ရင့်ဆုံးဖြတ်ခဲ့ကြ၏။ သည်းခြေပြွန်များပိတ်နေခြင်းကို သွေးမသွင်းဘဲ အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့သော်လည်း ယင်းသည် လူသိရှင်ကြားပြစ်တင်ခံခဲ့ရသည်။

သို့သော် ခွဲစိတ်ကုသသည့်အဖွဲ့၏ခေါင်းဆောင် ပါမောက္ခ လူပန်ဒို မူန်ကောဂါ၏ ထုတ်ဖော်ပြောဆိုချက်က အခြေအနေကို ပြောင်းပြန်ဖြစ်စေခဲ့၏။ သူက ဘဲတရိုက်စ်၏ မိဘတို့၏ရပ်တည်ချက်ကို လေးစားကြောင်း ရှင်းရှင်းလင်းလင်းပြောကြားခဲ့သည်။ ယင်းက သတင်းမီဒီယာများ၏ ပြစ်တင်ဝေဖန်မှုကို လျော့နည်းသွားစေခဲ့သည်။ နှစ်လကြာပြီးနောက် တီဗွီအစီအစဉ်တစ်ခုတွင် ယင်းဖြစ်ရပ်ကိုဖော်ပြခဲ့ပြီး သွေးမဲ့ဆေးကုသမှုနှင့် ခွဲစိတ်ကုသမှုတို့တွင် ကျွန်ုပ်တို့၏ရပ်တည်ချက်ကို အပြုသဘောဖြင့် တင်ဆက်ခဲ့သည်။

“မြန်မြန်လုပ်ပေးပါ”

သွေးနှင့်ပတ်သက်၍ သက်သေခံများ၏ ဩတ္တပ္ပစိတ်ပေါ်မူတည်သော ရပ်တည်ချက်ကို ဆရာဝန်အနည်းစုက လက်မခံကြသေးချေ။ အများစုကမူ ယင်းရွေးချယ်စရာနည်းဗျူဟာများသည် အန္တရာယ်ကင်း၊ ရိုးရှင်းပြီး ထိရောက်ကြောင်း—အာဖရိက ကျေးလက်ဒေသများတွင်ပင်—ယခု အသိအမှတ်ပြုနေကြပြီ။ လူနာများစွာမှာ မိမိတို့၏အခွင့်အရေးကို ရဲရဲရင့်ရင့်ကာကွယ်နိုင်ကြောင်း သိရှိလာကြပြီ။ ထို့ကြောင့် အရေးကြီးကိစ္စရပ်များနှင့်ပတ်သက်၍ မိမိတို့ကိုယ်တိုင် အသိပညာရှိထားပြီး မိမိတို့၏သြတ္တပ္ပစိတ်အရ ရပ်တည်ချက်ကို တင်ပြပြောဆိုတတ်ရန် သင်ယူထားရမည်။

ကလေးများပင် “လူတတ်၏နှုတ်သတ္တိ” ပေးအပ်ခြင်းခံရသည်။ (ဟေရှာ. ၅၀:၄) ဘယ်ဘက်ပေါင်ရိုးတွင် အရိုးခြင်ဆီရောင်ရမ်းနာ ခံစားခဲ့ရသော ရှစ်နှစ်အရွယ် နေသန်သည် ခွဲစိတ်ကုသမှုမပြုမီ ဆရာဝန်အဖွဲ့အား ဤသို့ပြောခဲ့၏– “ခွဲစိတ်ကုသတဲ့အခါ ကျေးဇူးပြုပြီး မြန်မြန်လုပ်ပေးပါ။ ဒါမှ သွေးအများကြီးမထွက်မှာ။ ကျွန်တော့်ကို သွေးမသွင်းပါနဲ့။ တကယ်လို့ သွေးသွင်းရင် ကျွန်တော့်မိဘတွေနဲ့ ယေဟောဝါက ဆရာတို့ကို ခွင့်လွှတ်မှာမဟုတ်ဘူး။” ခွဲစိတ်ကုသမှုပြီးနောက် ဆရာဝန်အဖွဲ့ဝင်တစ်ဦးက နေသန်၏မိဘများအား ၎င်းတို့၏သားကို လေ့ကျင့်ပေးမှုအတွက် ချီးမွမ်းခဲ့သည်။ ထိုဆရာဝန်က နှိမ့်ချစွာ ဤသို့ပြောခဲ့၏– “ဘုရားသခင်ကိုရိုသေလေးစားခြင်းရဲ့ အရေးကြီးမှုနဲ့ပတ်သက်ပြီး ငယ်ရွယ်တဲ့လူနာတစ်ယောက်က ကျွန်တော့်ကိုသတိပေးတာ ဒါပထမဆုံးအကြိမ်ပဲ။”

တမန်တော်ပေါလုက “မအိပ်ဘဲစောင့်နေခြင်း . . . ဖြင့်လည်းကောင်း ဘုရားသခင်ခန့်ထားတော်မူသော ဓမ္မဆရာမှန်ကြောင်းကို အရာရာ၌ထင်ရှားစွာပြကြ၏” ဟုဖော်ပြခဲ့သည်။ ယုံကြည်သူချင်းများအတွက် စိုးရိမ်ကြောင့်ကြမှုနှင့် စစ်မှန်သောဝတ်ပြုရေး တိုးတက်မှုတို့အတွက် ဘုရားသခင့်ကျေးကျွန်များ မကြာခဏ အိပ်မပျော်ကြချေ။ (၂ ကော. ၆:၅-၁၀) ဆဆက တွင်ပါဝင်သူများအတွက် ယင်းသည် မှန်ကန်ပါသည်။ ထိုသို့သော ကိုယ်ကျိုးစွန့်စိတ်ဓာတ်သည် အသိအမှတ်ပြုခြင်းခံရ၏။ ညီအစ်မတစ်ဦးက ဤသို့ဆိုသည်– “ကျွန်မရဲ့ ကျေးဇူးတင်လေးမြတ်မှုကို အကောင်းဆုံးနည်းနဲ့ ထုတ်ဖော်ပြောဆိုဖို့ စကားလုံးရှာမတွေ့ဘူး။ ကျွန်မဆီကို ချက်ချင်းရောက်လာပြီး လိုအပ်တဲ့အချိန်မှာ အဆင်သင့်ကူညီပေးကြတဲ့ ဆဆက ညီအစ်ကိုတွေရဲ့ ကိုယ်ကျိုးစွန့်စိတ်ဓာတ်က ကျွန်မကို အားတက်စေပြီး နှစ်သိမ့်မှုဖြစ်စေတယ်။ ၂၄ နာရီအတွင်း ဒုတိယအကြိမ်ခွဲစိတ်ခန်းဝင်ရတဲ့အခါ ကျွန်မ,မတုန်လှုပ်ခဲ့ဘူး။ ညီအစ်ကိုတွေရဲ့ အားပေးစကားတွေကြောင့် ကျွန်မအရမ်းခွန်အားရှိခဲ့တယ်။” မှန်ပါသည်၊ ‘ကဲ့ရဲ့ခြင်းခံ’ ရသော်လည်း ယေဟောဝါသက်သေများသည် ဆေးလောကနှင့် လိုလိုလားလား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုရားသခင့်ဓမ္မအမှုဆောင်များမှန်ကန်ကြောင်း ကိုယ့်ကိုယ်ကိုဆက်၍ ထင်ရှားစွာပြခဲ့ကြပြီ။ (၂ ကော. ၆:၈) သူတို့သည် “ချီးမွမ်းခြင်း” ခံရသောကြောင့် သာ၍ခွန်အားရှိလာကြပြီး “အသွေးကို . . . ကြဉ်ရှောင်ရမည်” ဟူသည့် ဘုရားသခင့်အမိန့်တော်ကို ဆက်နာခံမှုတင်ပြရန် စိတ်ပိုင်းဖြတ်ထားကြသည်။

ဓမ္မအမှုသင်တန်းကျောင်း

“နိုင်ငံများစွာမှာ အသက် ၂၅ နှစ်ဝန်းကျင်ရှိတဲ့လူငယ်တွေကို အန္တရာယ်ပြုနိုင်တဲ့သူတွေအဖြစ် သံသယရှိစွာရှုမြင်ကြတယ်။ ဒါပေမဲ့ ဓမ္မအမှုသင်တန်းကျောင်း (ဓသက) ရဲ့ သင်တန်းပေါင်း ၃၁ ကြိမ်က ဖျတ်လတ်တက်ကြွတဲ့ ဆက်ကပ်အပ်နှံပြီးသား ခရစ်ယာန်အမျိုးသားတွေကို ဆက်တိုက်လေ့ကျင့်ပေးခဲ့ပြီး သူတို့က သူတို့အမှုဆောင်မယ့်ဒေသကို အကျိုးပြုကြပါလိမ့်မယ်” ဟု ဇမ်ဘီယာနိုင်ငံ ဌာနခွဲကော်မတီဝင်ဖြစ်သူ ဆိုင်းရပ်စ် ယန်ဂူက ဆိုသည်။ ဤအပြည်ပြည်ဆိုင်ရာသင်တန်းဆင်း ၆၀၀ ကျော်တို့သည် အာဖရိကတောင်ပိုင်း နိုင်ငံခြောက်နိုင်ငံတွင် အချိန်ပြည့်လုပ်ငန်းကို နည်းလမ်းအမျိုးမျိုးဖြင့် ထမ်းဆောင်လျက်ရှိကြ၏။ ဇမ်ဘီယာရှိ နယ်လှည့်ကြီးကြပ်မှူးထက်ဝက်ကျော်သည် သင်တန်းဆင်းများဖြစ်ကြ၏။ ဤသင်တန်း အဘယ်ကြောင့်လိုအပ်ပြီး ယင်းက အဘယ်အရာကို ပြီးမြောက်စေသနည်း။

၁၉၉၃ ခုနှစ်တွင် ပထမအကြိမ်သင်တန်းဆင်းချိန်မှစ၍ ဇမ်ဘီယာရှိ တက်ကြွလှုပ်ရှားသော ကြေညာသူအရေအတွက်သည် ၆၀ ရာခိုင်နှုန်းနီးပါး တိုးတက်ခဲ့သည်။ သို့တိုင် အသင်းတော်များကို ကြည့်ရှုထိန်းသိမ်းရန်၊ အထူးသဖြင့် ကျမ်းစာမူများနှင့်ဆန့်ကျင်သော ရိုးရာဓလေ့ထုံးစံများကို လုပ်ဆောင်ရန် အများက အလွန်ဖိအားပေးသောကြောင့် အရည်အချင်းရှိအမျိုးသားများ လိုအပ်နေဆဲပင်ဖြစ်သည်။ သိုးများကို ထိန်းကျောင်းရန်နှင့် သွန်သင်ပေးရန် အရည်အချင်းရှိအမျိုးသားများ လိုအပ်မှုကို အလေးပေးလျက် သင်တန်းဆင်းတစ်ဦး ဤသို့ဆို၏– “ကျွန်တော်တို့ဒေသမှာ ပြဿနာတစ်ခုက လူတွေဟာ မကောင်းမှုကို သည်းခံနေတတ်ကြတယ်။ ကျွန်တော်တို့က အမှန်တရားဘက်မှာ ခိုင်မာပြတ်သားပြီး ကျမ်းစာမှာပြောတာထက် ကျော်မလုပ်ဖို့လိုတယ်ဆိုတာ ကျွန်တော်သိရှိလာခဲ့တယ်။”

အစပိုင်းတွင် သင်တန်းသားများသည် ဆွေးနွေးသော အချက်အလက်များစွာနှင့် နက်ရှိုင်းသည့်လေ့လာမှုတို့ကို ကျင့်သားမရသေးချေ။ သို့သော် သင်တန်းပို့ချသူများက ကူညီရန်အသင့်ရှိကြသည်။ သူတို့ထဲမှ တစ်ဦးဖြစ်သူ ဆာရယ်လ် ဟာ့တ် ဤသို့ဆို၏– “ကျွန်တော့်အတွက်တော့ သင်တန်းတစ်ခုစီမှာ သင်ပေးရတာဟာ တောင်ပေါ်လမ်းတစ်လျှောက် ဧည့်လမ်းညွှန်လုပ်ပေးနေရသလိုပါပဲ။ အစမှာ အားလုံးက သူစိမ်းတွေပဲ။ အကျွမ်းတဝင်မရှိတဲ့၊ စိုးရိမ်စရာကောင်းတဲ့ ပတ်ဝန်းကျင်မှာ ကျင့်သားရအောင် ကြိုးစားရတယ်။ တစ်ခါတလေ အခက်အခဲတွေရှိတယ်။ သင်တန်းသားတွေက အခက်အခဲတွေကို အောင်မြင်ကျော်လွှားပြီး ဆက်တိုးတက်သွားတာနဲ့အမျှ နောက်ကြောင်းကို ပြန်ကြည့်လိုက်တဲ့အခါ မကျော်လွှားနိုင်ပုံရတဲ့ အတားအဆီးတွေကို အောင်မြင်ခဲ့တဲ့အပြင် ဒါတွေက ခက်ခဲတဲ့အရာတွေမဟုတ်တော့ဘူးဆိုတာ သိမြင်လာကြတယ်။”

သင်တန်းတက်ခြင်း၏ရလဒ်မှာ အသွင်ပြောင်းသွားသကဲ့သို့ပင် ဝိညာဉ်ရေးတွင်တိုးတက်လာခြင်း ဖြစ်သည်။ ယခု အထူးရှေ့ဆောင်အဖြစ် အမှုဆောင်နေသူ အီလဲ့ဒ်က ဤသို့ဆို၏– “ကျွန်တော်ဟာ သွန်သင်ပေးဖို့ အရည်အချင်းမပြည့်မီတဲ့အပြင် အသင်းတော်မှာ ထပ်ဆင့်တာဝန်တွေလက်ခံဖို့ သိပ်ငယ်သေးတယ်လို့ ကိုယ့်ကိုယ်ကိုထင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်လုပ်နိုင်တယ်ဆိုတာ သဘောပေါက်အောင် သင်တန်ကကူညီပေးခဲ့တယ်။ ကျွန်တော် ပထမဆုံးတာဝန်ကျတဲ့အသင်းတော်မှာ ကြေညာသူ ၁၆ ယောက်ဟာ တိုးတက်တဲ့ကျမ်းစာသင်အံမှုတွေ ကျင်းပဖို့ အခက်အခဲတွေရှိခဲ့ကြတယ်။ ဒါကြောင့် အမှုဆောင်မသွားခင် အကြံပြုချက်တွေကို မှန်မှန်ဆွေးနွေးသုံးသပ်ပြီး တင်ဆက်ပုံတွေကို လေ့ကျင့်ခဲ့ကြတယ်။ ၂၀၀၁ ခုနှစ်မှာ အသင်းတော်ကြေညာသူ ၆၀ အထိတိုးများလာပြီး အယောက် ၂၀ ပါဝင်တဲ့ သီးခြားအုပ်စုတစ်ခု ရှိခဲ့တယ်။”

တိုးတက်မှုကို ဆန်းစစ်ကြည့်ခြင်း

ဓမ္မအမှုသင်တန်းကျောင်းကို အောင်မြင်စေသည့် ထူးခြားချက်များကား အဘယ်နည်း။ သင်တန်းပို့ချသူ ရစ်ချတ် ဖရူဒ် ဤသို့ရှင်းပြ၏– “အမြဲတမ်းနှိမ့်ချမှုရှိခြင်းရဲ့ အရေးကြီးမှုကို ကျွန်တော်တို့ အလေးပေးခဲ့ကြတယ်။ ကိုယ့်ကိုယ်ကို ထင်သင့်တာထက် ကျော်လွန်ပြီးမထင်ဖို့ ဖိပြောခဲ့ကြတယ်။ ရင့်ကျက်မှု၊ သနားကြင်နာမှုနဲ့ ခက်ခဲတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းအပြင် ပျော်ရွှင်မှုကိုဆက်ထိန်းထားရမယ်။ ညီအစ်ကိုတွေက တခြားသူတွေကို ကြင်နာစွာဆက်ဆံမယ်ဆိုရင် သူတို့ဟာ စေစားဖို့မဟုတ်ဘဲ အစေခံလိုတယ်ဆိုတာ တင်ပြရာရောက်မယ်။ ဒါဆို ဒီသင်တန်းရဲ့ရည်မှန်းချက် ပြီးမြောက်အောင်မြင်တယ်လို့ ကျွန်တော်တို့ ခံစားရတယ်။”

ဤစကားများမှန်ကန်ကြောင်း သင်တန်းသားများ အသိအမှတ်ပြုကြသည်။ ၁၄ ကြိမ်မြောက်သင်တန်းဆင်း အီမဲနျူဝဲလ်က ဤသို့ဆို၏– “အသင်းတော်တစ်ခုမှာ တာဝန်ခန့်အပ်ခံရခြင်းက ကျွန်တော်တို့ဟာ အသေးစိတ်တိုင်းကို ချက်ချင်းပြုပြင်လိုက်သင့်တယ်လို့ မဆိုလိုပါဘူး။ အဲဒီအစား အရေးအကြီးဆုံးလုပ်ငန်းဖြစ်တဲ့ သတင်းကောင်းဟောပြောခြင်းမှာ အသင်းတော်နဲ့အတူပါဝင်ခြင်းကို အာရုံစိုက်သင့်တယ်။”

ရှေ့ဆောင်တစ်ဦးဖြစ်သူ မိုးဇက်က ဤသို့ပြောခဲ့၏– “ယေဟောဝါဟာ နှိမ့်ချသူဘယ်သူကိုမဆို အသုံးပြုနိုင်ပြီး တစ်ခါတလေ အသိပညာနဲ့အတွေ့အကြုံက အရေးမကြီးဘူးဆိုတာ ကျွန်တော်နားလည်လာတယ်။ အသင်းတော်နဲ့ လယ်ကွင်းမှာရှိတဲ့သူတွေကို ချစ်ခြင်းအပြင် တခြားသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်းကသာ ကိုယ်တော့်အတွက် အရေးကြီးတယ်။”

စုဝေးမှုကြီးများ

ခရစ်ယာန်ခေတ်မတိုင်မီက ဣသရေလလူမျိုးများ၏ပွဲတော်များနှင့် “ဓမ္မစည်းဝေး” များသည် ပျော်ရွှင်ဖွယ်အခါသမယများဖြစ်ခဲ့ပြီး ပါဝင်ဆင်နွှဲသူများအား ဝိညာဉ်ရေးရာများကို အာရုံစိုက်ရန် ကူညီပေးခဲ့သည်။ (ဝတ်. ၂၃:၂၁; တရား. ၁၆:၁၃-၁၅) မျက်မှောက်ခေတ် ဘုရားသခင့်လူမျိုးတော်၏ စုဝေးခြင်းများသည်လည်း အလားတူပင်ဖြစ်၏။ ဇမ်ဘီယာတွင် စည်းဝေးကြီးများကို အဆင့်မြင့်အားကစားရုံကြီးများတွင် မကျင်းပကြပေ။ ညီအစ်ကိုများသည် စည်းဝေးကြီးကျေးရွာဟု သူတို့ခေါ်သောနေရာကို ဆောက်လုပ်ကြကာ ယင်းတွင် အိပ်စက်ရန်တဲငယ်များ ပါဝင်သည်။

နှစ်များတစ်လျှောက် ထိုသို့သောနေရာများတွင် ပို၍တာရှည်ခံ အဆောက်အအုံများ တည်ဆောက်ခဲ့ကြသည်။ သို့သော် အစောပိုင်းနှစ်များတွင် အခက်အခဲများစွာရှိခဲ့ပြီး အသစ်သောပြောင်းလဲမှုများ ပြုလုပ်ဖို့လိုအပ်ခဲ့သည်။ ခရိုင်ကြီးကြပ်မှူးတစ်ဦးက ဤသို့ပြန်အမှတ်ရ၏– “တိုက်နယ်စည်းဝေးပွဲလုပ်တဲ့နေရာမှာ ညီအစ်ကိုတွေက ကျွန်တော့်အတွက် မြက်နဲ့ တဲဆောက်ပေးကြတယ်။ ပြီးတော့ ထိုင်တဲ့နေရာပတ်လည်မှာ စည်းရိုးတွေလုပ်ကြတယ်။ ထိုင်ဖို့အတွက် မြေပုံလေးတွေလုပ်ပြီး အဲဒီအပေါ်မှာ မြက် ‘ကူရှင်တွေ’ ထားပေးကြတယ်။ တစ်ခါတလေ တောင်ကမူတစ်ခုကို ညှိလိုက်ပြီး စင်မြင့်လုပ်ကြတယ်။ အဲဒီအပေါ်မှာ တဲငယ်တစ်လုံးဆောက်လိုက်ပြီး အစီအစဉ်ကိုတင်ဆက်ခဲ့ကြတယ်။”

သာသနာပြုတစ်ဦးဖြစ်သူ ပီတာ ပယ်လစာက ဤသို့ပြန်ပြောပြ၏– “ခရိုင်စည်းဝေးကြီးတစ်ခုမှာ ညီအစ်ကိုတွေက စင်မြင့် မြင့်မြင့်လေးလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ညီအစ်ကိုတစ်ယောက်က ဖောက်ခွဲရေးပစ္စည်းတွေ သုံးတဲ့နေရာမှာ ကျွမ်းကျင်တယ်။ သူက အဲဒီပစ္စည်းတွေကို တပ်ဆင်လိုက်ပြီး ပေ ၂၀ လောက်မြင့်တဲ့ တောင်ကမူတစ်ခုရဲ့ထိပ်ပိုင်းကို ဖောက်ခွဲပစ်လိုက်တယ်။ ဒါနဲ့ ကျန်ခဲ့တဲ့တောင်ပို့ပေါ်မှာ စင်မြင့်ဆောက်ခဲ့ကြတယ်။”

တက်ရောက်ရန်ကြိုးစားမှုများ

စည်းဝေးကြီးပြုလုပ်သည့် နေရာအများစုမှာ အဓိကလမ်းမကြီးများနှင့် အလှမ်းဝေးပြီး ရောက်ရှိရန်ခက်ခဲသည်။ ရော်ဘင်ဆင် ရှာမူလူမာသည် ၁၉၅၉ ခုနှစ်တွင် စည်းဝေးကြီးတစ်ခု တက်ရောက်ခဲ့သည်ကို ပြန်အမှတ်ရ၏။ “၁၅ ယောက်လောက်ရှိတဲ့ ကျွန်တော်တို့အဖွဲ့ဟာ ပြည်နယ်အလယ်ပိုင်းမှာရှိတဲ့ ကာဗွီကို စက်ဘီးနဲ့သွားခဲ့ကြတယ်။ ပြောင်းဖူးနဲ့ ငါးခြောက်တွေ သယ်သွားခဲ့ကြတယ်။ ညတိုင်း တောထဲမှာအိပ်ခဲ့ရတယ်။ ကစ်ဘွီကိုရောက်တော့ ရထားစီးသွားကြတယ်။ စည်းဝေးကြီးလုပ်မယ့်နေရာကိုရောက်ဖို့ လေးရက်လောက်ခရီးသွားခဲ့ရတယ်။”

စည်းဝေးကြီးတက်ရန် ကလေးခြောက်ယောက်နှင့်အတူ မိုင် ၈၀ ခန့် လမ်းလျှောက်၊ စက်ဘီးစီးကာ ခရီးသွားခဲ့ရသည့် ညီအစ်ကိုတစ်ဦးအကြောင်း လဲန့်ပ် ချီဆန်ဂါ ပြောပြခဲ့သည်။ “လမ်းမှာစားဖို့ ကင်ထားတဲ့ပီလောပီနံ၊ မြေပဲနဲ့ မြေပဲယိုတွေကို ပြင်ဆင်ခဲ့ကြတယ်။ မကြာခဏ တောထဲမှာ အကွယ်အကာမရှိနေခဲ့ရတဲ့ အချိန်တွေလည်းရှိတယ်” ဟုသူပြောခဲ့သည်။

ဝေးန် ဂျောန်ဆန် ခရိုင်ကြီးကြပ်မှူးအဖြစ် အမှုဆောင်စဉ်က လူများစွာသည် စည်းဝေးကြီးတက်ရောက်ရန် ကြိုးစားမှုကို သတိပြုမိခဲ့၏။ သူဤသို့ရေးသားခဲ့သည်– “အထူးရှေ့ဆောင်တစ်ယောက်ဟာ စည်းဝေးပွဲလာဖို့ တစ်ပတ်လောက် စက်ဘီးစီးခဲ့ရတယ်။ တခြားသူတွေက ထရပ်ကားနောက်မှာ စီးပြီးလိုက်ခဲ့ရတယ်။ အများစုက စည်းဝေးပွဲမစခင် ဒါမှမဟုတ် စည်းဝေးကြီးအပတ်မတိုင်မီ ကြိုရောက်ကြတယ်။ ညဘက်ဆိုရင် မီးပုံဘေးပတ်လည်မှာထိုင်ပြီး သီချင်းတွေဆိုကြတယ်။ အမှုဆောင်ထွက်တဲ့အခါ တစ်ခါတလေ လူများလွန်းလို့ အဲဒီအပတ်မှာ ရပ်ကွက်ကို သုံးကြိမ်ပြန်လုပ်ခဲ့ရတယ်။”

ဆန့်ကျင်ခံရသော်လည်း လျစ်လျူမရှုခဲ့ကြ

စုဝေးမှုကြီးများက ညီအစ်ကိုများကို ခွန်အားရှိစေပြီး အားပေးမှုဖြစ်စေခဲ့သည်။ ယနေ့ စည်းဝေးကြီးများနှင့်ပတ်သက်၍ ကောင်းသောသတင်းပျံ့နှံ့လျက်ရှိ၏။ သို့သော် နိုင်ငံရေးအပြောင်းအလဲကာလအတွင်း အထူးသဖြင့် ၁၉၆၀ နှင့် ၁၉၇၀ ပြည့်လွန်နှစ်များတွင် ယင်းအခါသမယများကို သံသယဝင်ခဲ့ကြသည်။ အစိုးရဘက်မှလူများက ကျွန်ုပ်တို့ဝတ်ပြုရေးကို တားမြစ်ရန် အစွမ်းကုန်လုပ်ဆောင်ခဲ့ကြသည်။ အမျိုးသားသီချင်းဆိုရန် ငြင်းဆိုခြင်းကြောင့် ညီအစ်ကိုများသည် လူထုစုဝေးမှုများပြုလုပ်ရန် ရဲများ၏ခွင့်ပြုချက် မရခဲ့ကြချေ။ နောက်ပိုင်းတွင် တက်ရောက်သူဦးရေကို ကန့်သတ်ခဲ့ကြသည်။ ဒါလင်တန် ဆာဖူကာ ဤသို့ပြောပြ၏– “၁၉၇၄ ခုနှစ်က ယေဟောဝါသက်သေတွေ လွတ်လွတ်လပ်လပ်စည်းဝေးခွင့်ရတဲ့ နောက်ဆုံးနှစ်ပဲ။ ပြည်ထဲရေးဝန်ကြီးက အမျိုးသားသီချင်းမဆို၊ အလံမလွှင့်ထူဘဲ ဘယ်လူထုစည်းဝေးပွဲမှ မကျင်းပရဘူးလို့ အမိန့်ထုတ်ခဲ့တယ်။” သို့သော် ညီအစ်ကိုများသည် စည်းရိုးခတ်ထားသော ခြံဝင်းများအတွင်းရှိ ဒေသခံနိုင်ငံတော်ခန်းမများတွင် စုဝေးခွင့်ရရှိခဲ့သည်။ ယင်းအခြေအနေနှင့်အညီ တိုက်နယ်အစည်းအဝေးကို နိုင်ငံတော်ခန်းမများတွင်ကျင်းပရန် ဌာနခွဲကစီစဉ်ခဲ့ပြီး အသင်းတော်တစ်ခု သို့မဟုတ် နှစ်ခုသာ တက်ရောက်လေ့ရှိခဲ့သည်။

ခရိုင်စည်းဝေးကြီးများကိုလည်း အသေးစားအနေနှင့် ကျင်းပခဲ့သည်။ စည်းဝေးကြီးဖွဲ့စည်းမှုတွင် ပါဝင်ကူညီသူ ညီအစ်ကိုတစ်ဦးက ဤသို့ပြောခဲ့၏– “ခရိုင်စည်းဝေးကြီးတစ်ခုလုပ်မယ့်အစား အသေးစားစည်းဝေး ၂၀ လုပ်ကြတယ်။ ညီအစ်ကိုတွေကို လေ့ကျင့်ပေးပြီး အစီအစဉ်တွေမှာနဲ့ ဌာနတွေမှာ အသုံးပြုခဲ့ကြတယ်။ ဒါကြောင့် ပိတ်ပင်မှုရုပ်သိမ်းလိုက်တဲ့အခါ စည်းဝေးကြီးတွေနဲ့ စည်းဝေးပွဲတွေဖွဲ့စည်းဖို့ အတွေ့အကြုံရှိညီအစ်ကိုတွေ အများကြီးရှိနေခဲ့တယ်။”

နှစ်ခြင်း

၁၉၄၀ ပြည့်လွန်နှစ်များ အစောပိုင်းမှစ၍ နှစ်ခြင်းခံသူများအား ထိုခြေလှမ်း၏အရေးကြီးမှုကို ကောင်းစွာသဘောပေါက်စေရန် လုပ်ဆောင်ခဲ့ကြသည်။ အချို့က “မဟာဗာဗုလုန်” နှင့် မှားယွင်းသောဓလေ့ထုံးစံများမှ လုံးဝကင်းရှင်းရန် အခက်တွေ့ခဲ့ကြသည်။ (ဗျာ. ၁၈:၂၊ ၄) လူနည်းစုသာ ကောင်းစွာစာဖတ်တတ်ကြပြီး အသင်းတော်များစွာသည် ကျမ်းစာလေ့လာမှု အထောက်အကူပြုစာပေများ လုံလောက်စွာမရရှိကြသောကြောင့် ဤပြဿနာကိုဖြေရှင်းရန် ပိုခက်ခဲစေခဲ့သည်။ နောက်ဆုံး တိုက်နယ်နှင့် ခရိုင်ကြီးကြပ်မှူးများက နှစ်ခြင်းခံမည့်သူတစ်ယောက်စီအား အရည်အချင်းပြည့်မီ၊ မပြည့်မီ လူတွေ့မေးမြန်းခဲ့ရသည်။ ၃၃ ကြိမ်မြောက် ဂိလဒ်ကျောင်းဆင်း ဂျက်ဖရီ ဝီလာက ဤသို့ပြန်ပြော၏– “ကလေးမိခင်တွေ နှစ်ခြင်းခံချင်တဲ့အခါ သူတို့ချီထားတဲ့ကလေးတွေမှာ အယူသီးတဲ့ ပုတီးတွေ၊ အဆောင်လက်ဖွဲ့တွေ ရှိမရှိ အသေအချာကြည့်ရတယ်။ နှစ်ခြင်းခံမယ့်သူတွေ များလွန်းတော့ စည်းဝေးပွဲအပတ်မှာ နေ့တိုင်း ညဉ့်သန်းခေါင်အထိ ကျွန်တော်တို့လုပ်ပေးခဲ့ရတယ်။” နယ်လှည့်ကြီးကြပ်မှူးများက အသင်းတော်အကြီးအကဲများကို ကြင်နာစွာကူညီပေးခြင်း၊ နောက်ပိုင်း ကိုယ်တော်၏နှုတ်ကပါဌ်တော်သည် ကျွန်ုပ်၏ခြေရှေ့မှာ မီးခွက်ဖြစ်ပါ၏ ကဲ့သို့သော စာပေများနှင့် အဖွဲ့အစည်းဆိုင်ရာ ထပ်ဆင့်ပြုပြင်ပြောင်းလဲမှုများကြောင့် ထိုသို့သော လူတွေ့မေးမြန်းခန်းများ သိပ်မလိုအပ်တော့ချေ။

ပရိသတ်ရှေ့မှောက် စိတ်လှုပ်ရှားနေခြင်း

ဝတ်စုံပြည့် ကျမ်းစာပြဇာတ်များသည် စည်းဝေးကြီး၏ လူကြိုက်အများဆုံး အစီအစဉ်တစ်ခု ဖြစ်နေဆဲပင်။ ပါဝင်သူတစ်ဦးစီသည် ဇာတ်ကောင်၏ စိတ်လှုပ်ရှားမှုကို ထိထိမိမိဖော်ပြနိုင်ရန် ကြိုးစားရသည်။ ဇမ်ဘီယာလူမျိုးတွင် သရုပ်ဆောင်ညံ့သူရှားသည်ဟု ဆိုကြသည်။ ယခင်က သာသနာပြုတစ်ဦးဖြစ်ပြီး ယခု အမေရိကန်ဗေသလမိသားစုဝင်ဖြစ်သူ ဖရန့်ခ် လူးဝစ္စက ဤသို့ပြန်ပြောပြ၏– “အရင်တုန်းက ကျွန်တော်တို့မှာ ပြဇာတ်အသံသွင်းခွေ မရှိဘူး။ အပိုင်းကဏ္ဍအသီးသီးမှာ သရုပ်ဆောင်မယ့် ညီအစ်ကိုတွေက ပြောရမယ့်စကားတွေကို အလွတ်ကျက်ထားရတယ်။ ပြည်နယ်မြောက်ပိုင်းက စည်းဝေးပွဲတစ်ခုမှာ ကျွန်တော်တို့ ဦးဆုံးအကြိမ်ပြဇာတ်ကြည့်ခဲ့ရတာကို မှတ်မိသေးတယ်။ ပြဇာတ်က ယောသပ်ရဲ့အကြောင်း ဖြစ်တယ်။ စာတိုက်ကပို့တာ နောက်ကျတော့ ညီအစ်ကိုတွေ စာမူတွေမရကြသေးဘူး။ ဒါကြောင့် ညီအစ်ကိုတွေ သူတို့ပြောမယ့်စကားကို မှတ်မိအောင် ညဉ့်နက်တဲ့အထိ ကူညီပေးခဲ့ရတယ်။ ပြဇာတ်ပြတဲ့အချိန်မှာ ပေါတိဖာမိန်းမက သူ့ကို ယောသပ်မတရားကျင့်ပါတယ်လို့ ယောက်ျားဖြစ်သူကို အော်ဟစ်တဲ့အခန်း ရောက်လာတယ်။ အဲဒီအခါ ပေါတိဖာနေရာမှာ သရုပ်ဆောင်တဲ့ညီအစ်ကိုက ပရိသတ်ရှေ့မှာ စိတ်လှုပ်ရှားနေပြီး စင်မြင့်ကနေထွက်သွားတယ်။ ကျွန်တော်က စင်မြင့်နောက်ကနေ ညီအစ်ကိုတွေပြောရမယ့်စကားကို ထောက်ပေးနေတုန်း သူစင်မြင့်ကနေ ထွက်လာတာတွေ့လိုက်တယ်။ ချက်ချင်းပဲ အရင်ဆုံးပြောရမယ့်စကားတချို့ သူ့ကို ပြောပြလိုက်ပြီး စင်မြင့်ပေါ်ကို ပြန်တွန်းပို့လိုက်တယ်။ နောက်ဆုံး သူက မတရားကျင့်ဖို့ကြိုးစားတယ်လို့ စွပ်စွဲခံရတဲ့သူကို ရစရာမရှိအောင် ကောင်းကောင်းပြောသွားနိုင်ခဲ့တယ်။ ဒါက စည်းဝေးကြီးမှာ တလွဲတချော်ဖြစ်တော့မလို့ပဲ။ ဒါပေမဲ့ ဒီကျမ်းစာမှတ်တမ်းကို ကျွန်တော်ဖတ်တဲ့အခါတိုင်း ‘ဒီနေရာမှာ ဒီလိုပဲဖြစ်ပျက်ခဲ့မှာပါ။ ပေါတိဖာက ဒေါသတကြီးနဲ့ အခန်းအပြင်ကိုထွက်သွားတယ်၊ သူ့ကိုယ်သူ ဣန္ဒြေဆည်လိုက်တယ်၊ ပြီးတော့ ယောသပ်ကို စွပ်စွဲပြောဆိုဖို့ ပြန်လှည့်လာတာဖြစ်မယ်’ လို့စဉ်းစားမိတယ်။”

၁၉၇၈ ခုနှစ်တွင် စည်းဝေးပွဲများနှင့် စည်းဝေးကြီးများ၏ အရွယ်အစားကို အစိုးရ၏ လေးနှစ်တာကန့်သတ်ပိတ်ပင်မှု ဖယ်ရှားပေးခဲ့ရာ “အောင်တံခွန်စိုက် ယုံကြည်ခြင်း” ခရိုင်စည်းဝေးကြီးကျင်းပခြင်းသည် စိန်ခေါ်ချက်တစ်ရပ်ဖြစ်ခဲ့၏။ ယခင်က နယ်လှည့်ကြီးကြပ်မှူးတစ်ဦး ဤသို့ပြန်ပြောပြ၏– “အရင်နှစ်တွေက နိုင်ငံတော်ခန်းမတွေမှာပဲကျင်းပခဲ့ရတော့ မလုပ်ဖြစ်ခဲ့တဲ့ပြဇာတ်တွေအားလုံးကို အဲဒီနှစ်မှာ တင်ဆက်ခဲ့ကြတယ်။ ငါးရက်တာစည်းဝေးကြီးမှာ တစ်ရက်ကို ပြဇာတ်တစ်ခုစီ ပြခဲ့ကြတယ်။ ကျွန်တော်တို့ လွတ်သွားခဲ့တဲ့ ပြဇာတ်တွေအားလုံး တင်ဆက်ခဲ့ကြတယ်။ အဲဒါက တကယ်ကို ပျော်ရွှင်စရာကောင်းပေမဲ့ ပြဇာတ်တွေကို ကြည့်ရှုစစ်ဆေးတဲ့ ဌာနခွဲကိုယ်စားလှယ်တွေအတွက်တော့ စိန်ခေါ်ချက်ဖြစ်ခဲ့တယ်။ တော်တော်လေး အလုပ်များခဲ့ကြတယ်။”

ဌာနခွဲကော်မတီဝင်တစ်ဦးက ဤသို့ဆို၏– “ကျွန်တော်တက်ခဲ့တဲ့ စည်းဝေးကြီးတွေထဲမှာ ဒီစည်းဝေးကြီးက ပျော်ရွှင်စရာအကောင်းဆုံးပဲဆိုတာ ပြောရဲတယ်။ မနက်ပိုင်းမှာ မိသားစုတွေက သူတို့ရဲ့ တည်းခိုတဲ့တဲငယ်လေးတွေကနေ တကယ့်ကို သန့်ရှင်းသပ်ရပ်စွာ ထွက်လာခဲ့ကြတယ်။ ယေဟောဝါထံကို သူတို့ ကောင်းစွာဝတ်စားဖြီးလိမ်းပြီး လာကြတယ်။ အများအားဖြင့် အရိပ်မရှိတဲ့ နေပူထဲမှာ ထိုင်ရတယ်။ ဒါပေမဲ့ တစ်နေ့လုံး သူတို့ထိုင်ကြပြီး အာရုံစိုက်နားထောင်ကြတယ်။ ဒါကိုတွေ့ရတာ တကယ်စိတ်စွဲမှတ်စရာပဲ။” ယေဟောဝါသက်သေများအဖို့ အတူတကွစုဝေးခြင်းသည် ဝတ်ပြုရေး၏အရေးကြီးသောကဏ္ဍတစ်ရပ်ဖြစ်သည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ကိုယ်ရေးကိုယ်တာအခက်အခဲများ သို့မဟုတ် ဘာသာရေးဆန့်ကျင်မှုများကြောင့် “ဝမ်းနည်း” သည်ဖြစ်စေ၊ ဝမ်းမနည်းသည်ဖြစ်စေ စုဝေးမှုကြီးများကိုတက်ရောက်ခြင်းက “အစဉ်ဝမ်းမြောက်” စေကြောင်း ယေဟောဝါ၏လူမျိုး သိထားကြသည်။—⁠၂ ကော. ၆:၁၀။

နိုင်ငံတော်ခန်းမဆောက်လုပ်ရေး

“အထက်ဖော်ပြပါအသင်းတော်အား ကိုယ်ပိုင်မြေရရှိခွင့်ပြုကြောင်း ဤစာတွင် ကျွန်ုပ်ရေးသားလိုက်သည်။ ယင်းသည် ထာဝရပိုင်ဆိုင်မှုဖြစ်ပြီး နှစ်ပေါင်း ၁၅၀ အထိ ထိုနေရာကို ကျွန်ုပ်သဘောတူသည်။ ပရဒိသုရောက်သည့်အထိ သူတို့ကို မည်သူမျှမနှောင့်ယှက်ရ။”—ကာလီလယ်လီမြို့အကြီးအကဲ။

လွန်ခဲ့သောရာစုအစောပိုင်းမှစ၍ အာဖရိကတောင်ပိုင်းရှိ သမ္မာတရားရှာဖွေသူများသည် ဝတ်ပြုရေးအတွက် အတူတကွစုရုံးဖို့လိုကြောင်း အသိအမှတ်ပြုခဲ့ကြသည်။ ၁၉၁၀ ပြည့်နှစ်ခန့်တွင် ဆက်တိုက်တိုးတက်လာသောအုပ်စုများသည် ဒေသခံပစ္စည်းများဖြင့် စည်းဝေးရာနေရာများဆောက်လုပ်ခဲ့ရာ အချို့သည် လူ ၆၀၀ ဆံ့သည့်အထိကြီးမားသည်ဟု ဝီလျံ ဂျောန်စတန်က သတင်းပို့ခဲ့၏။ အများက ဝတ်ပြုရာနေရာများရလိုစိတ်ပြင်းပြသော်လည်း လူတိုင်း ထိုသို့မဟုတ်ကြပေ။ ၁၉၃၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် သမ္မာတရားသိရှိခဲ့သူ ဟော်လဲန် မူရှီဘာ ဤသို့ပြန်ပြောပြ၏– “ဝတ်ပြုရေးအတွက်စုရုံးကြဖို့အားပေးခံရပေမဲ့ ဒေသခံညီအစ်ကိုတွေက ပုံမှန်စည်းဝေးပြုလုပ်တဲ့နေရာရှိဖို့ သိပ်စိတ်မဝင်စားကြဘူး။ အရိပ်ကောင်းတဲ့သစ်ပင်ကြီးတစ်ပင်အောက် သင့်တော်တဲ့ဘယ်နေရာမှာမဆို ဒါမှမဟုတ် ညီအစ်ကိုတစ်ယောက်ရဲ့ခြံဝင်းထဲမှာ စုဝေးလေ့ရှိတယ်။ လုကာ ၉:၅၈ အရ ယေရှုတောင် အတည်တကျစုဝေးတဲ့နေရာမရှိဘူး၊ ငါတို့က ဘာကြောင့်စည်းဝေးခန်းမဆောက်ရမှာလဲဆိုပြီး တချို့ညီအစ်ကိုတွေက ယူဆကြတယ်။”

၁၉၅၀ ပြည့်နှစ်မတိုင်မီက စည်းဝေးရာနေရာအများစုကို ခိုင်ခံ့မှုမရှိသော သစ်အကြမ်းထည်နှင့်ရွှံ့ဖြင့် ရိုးရိုးလေးဆောက်ခဲ့ကြ၏။ လူရှုပ်ထွေးသောကြေးနီကြောဒေသတွင် နိုင်ငံတော်ခန်းမအတွက် မြေနေရာတစ်ကွက်ချပေးပါရန် ကြေးနီတွင်းမန်နေဂျာအား အီယန် ဖာဂူဆန်က တောင်းဆိုခဲ့သည်။ ၁၉၅၀ ပြည့်နှစ်၌ ဝူဆီကီလီမြို့တွင် ဦးဆုံးနိုင်ငံတော်ခန်းမကို ဆောက်လုပ်ခဲ့၏။ ဆယ်နှစ်ကြာပြီးနောက် ညီအစ်ကိုများသည် စံချိန်မီအဆောက်အအုံကို အစီအစဉ်ဆွဲခဲ့ကြသည်။ ဤအစီအစဉ်အတိုင်း ဆောက်လုပ်ခဲ့သော ဦးဆုံးနိုင်ငံတော်ခန်းမမှာ ခေါင်မိုးပြားပုံစံဖြစ်ပြီး ဇမ်ဘီယာငွေ ၁၂,၀၀၀ ကုန်ကျသည်။ ယင်းသည် ထိုအချိန်က အတော်အတန်များသော ငွေပမာဏဖြစ်သော်လည်း ငွေကြေးဖောင်းပွမှုကြောင့် စီးပွားရေးခက်ခဲနေသော ယနေ့အချိန်တွင်မူ ထိုငွေပမာဏသည် ယူ.အက်စ်. သုံးဒေါ်လာပင် မရှိချေ။

သက်သေခံများသည် နိုင်ငံရေးပါတီဝင်ကတ်များဝယ်ရန် ငြင်းဆိုခဲ့သောကြောင့် မျိုးချစ်စိတ်ပြင်းထန်သူများက ဖြစ်ပေါ်စေသော အကြမ်းဖက်မှုမုန်တိုင်းဒဏ်ကို ဆက်ရင်ဆိုင်ခဲ့ရသည်။ ဝတ်ပြုရာနေရာများ မီးရှို့ခံခဲ့ရ၏။ နောက်ထပ် ဆန့်ကျင်မှုများကြုံရမည်ကိုသိသောကြောင့် အချို့ညီအစ်ကိုများသည် မဆောက်လုပ်တော့ဘဲ အပြင်ဘက်တွင်စုဝေးခြင်းက ပိုကောင်းသည်ဟု ယူဆခဲ့ကြသည်။ ၁၉၇၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် နောက်ထပ်ပိတ်ပင်မှုများဖြစ်ခဲ့ရာ မြေနေရာများရရှိရန် ပို၍ခက်ခဲလာခဲ့သည်။ ယေဟောဝါသက်သေများသည် မည်သည့်နိုင်ငံရေးပါတီကိုမျှ မထောက်ခံကြောင်း ကောင်းစွာသိထားကြသော်လည်း ဒေသတချို့မှ အာဏာပိုင်များက မည်သည့်လျှောက်လွှာကိုမဆို ပါတီဝင်ကတ်နှင့်တွဲတင်ရန် တောင်းဆိုခဲ့ကြသည်။

ဝတ်စ်တန် ဆင်ကာလာ ဤသို့ပြန်ပြောပြ၏– “ကျွန်တော်တို့မြေနေရာရဖို့ခက်တယ်။ ဆောက်လုပ်ခွင့်လည်းမရခဲ့ဘူး။ ကျွန်တော်တို့က မြို့တော်ကောင်စီကို တရားစွဲမယ်လို့ပြောတော့ သူတို့က နောက်နေတယ်လို့ထင်ကြတယ်။ ဒါပေမဲ့ အရည်အချင်းရှိတဲ့ရှေ့နေတစ်ယောက်ကို ကျွန်တော်တို့ရှာတွေ့ခဲ့တယ်။ နောက်နှစ်နှစ်အကြာမှာ တရားရုံးက ကျွန်တော်တို့ကိုထောက်ခံပြီး မြေနေရာတွေစီစဉ်ပေးဖို့ ကောင်စီကိုအမိန့်ထုတ်ခဲ့တယ်။ ဒီကိစ္စက အနာဂတ်လွတ်လပ်မှုအတွက် လမ်းဖွင့်ပေးခဲ့တယ်။”

မြင်းနက်

အသင်းတော်များသည် တရားဝင်ပိုင်ဆိုင်ခွင့် စာချုပ်စာတမ်းရှိသော မြေနေရာရရှိရန် ခက်ခဲခဲ့၏။ တစ်ခါတစ်ရံ မြေနေရာရှာတွေ့သော်လည်း တရားဝင်စာချုပ်စာတမ်းမရှိသောကြောင့် အဆောက်အအုံမဆောက်နိုင်ခဲ့ချေ။ ဆောက်လုပ်ရေးပစ္စည်းများမှာ တန်ဖိုးကြီးသဖြင့် သံပြားများ သို့မဟုတ် အလျားလိုက်ခွဲပြီး ပြားနေအောင်လုပ်ထားသော ဆီပုံးအလွတ်များကို သစ်သားဘောင်တွင် သံနှင့်ကပ်ရိုက်ကာ အသုံးပြုကြသည်။ ယင်းဆောက်လုပ်ပုံနှင့်ပတ်သက်၍ အကြီးအကဲတစ်ဦးက ဤသို့မှတ်ချက်ချခဲ့သည်– “သံပြားတွေကို ကတ္တရာစေးသုတ်ထားတော့ အဝေးကကြည့်လိုက်ရင် ခန်းမက မြင်းနက်ကြီးတစ်ကောင်နဲ့တူတယ်။ ခန်းမထဲမှာ မခံမရပ်နိုင်အောင်ပူတယ်။”

ယခင်က တိုက်နယ်ကြီးကြပ်မှူးဖြစ်သူ ဤသို့ဆို၏– “အတိတ်ကိုပြန်စဉ်းစားကြည့်ရင် အဲဒီလိုနိုင်ငံတော်ခန်းမတွေ ဆောက်ခဲ့ပုံကြောင့် ကျွန်တော်စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတယ်။ အဲဒါတွေက အမြင့်ဆုံးဘုရားသခင်ယေဟောဝါကို ကိုယ်စားပြုဖို့ လုံးဝမသင့်တော်ပါဘူး။”

အချို့အသင်းတော်များက ခန်းမများငှားရန် ဆုံးဖြတ်ခဲ့ကြ၏။ ယင်းသည် အကုန်အကျသက်သာပုံရသော်လည်း ပြဿနာများဖြစ်ပေါ်စေခဲ့သည်။ ၁၉၇၀ ပြည့်လွန်နှစ်များ၌ လူဆာကာရှိ တစ်ခုတည်းသော အင်္ဂလိပ်အသင်းတော်နှင့်ပူးပေါင်းခဲ့သူ အက်ဒ်ရိုက် မွန်ဒီ ဤသို့ပြန်ပြောပြ၏– “ကျွန်မတို့ငှားထားတဲ့ခန်းမကို ကပွဲရုံအဖြစ်လည်း အသုံးပြုခဲ့တယ်။ စနေနေ့ညတိုင်း လူတွေက မိုးလင်းခါနီးအထိ သောက်စားကခုန်ကြတယ်။ ဒါကြောင့် သန့်ရှင်းရေးလုပ်ဖို့ တနင်္ဂနွေနေ့မနက်အစောကြီး သွားရတယ်။ ခန်းမဟာ ဘီယာနံ့၊ စီးကရက်နံ့တွေနဲ့မွှန်နေတယ်။ ဒီလိုနေရာမျိုးမှာ ယေဟောဝါကိုဝတ်ပြုဖို့ လုံးဝမသင့်တော်ဘူး။”

အက်ဒ်ရိုက်၏ ခင်ပွန်းဖြစ်သူ ဂျက်ဆင်ကလည်း ဤသို့ပြန်အမှတ်ရ၏– “တနင်္ဂနွေနေ့တစ်ရက်မှာ စည်းဝေးကျင်းပနေတုန်း လူငယ်တစ်ယောက်ဝင်လာတယ်။ ရှေ့ကိုတည့်တည့်လျှောက်သွားပြီး အရင်ညက သူကျန်ခဲ့တဲ့ဘီယာတစ်ဖာကိုယူပြီး ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ပြန်ထွက်သွားတယ်။ ဒါကြောင့် ညီအစ်ကိုတွေ ကိုယ်ပိုင်နိုင်ငံတော်ခန်းမလိုချင်ကြတာ မဆန်းပါဘူး။”

သမိုင်းတွင်စေသည့်အစီအစဉ်

နိုင်ငံတော်သတင်းကို လူတို့ပိုတုံ့ပြန်လာသည်နှင့်အမျှ တင့်တယ်သောခန်းမများ ပိုလိုအပ်လာခဲ့၏။ သို့သော် ညီအစ်ကိုအချို့မှာ စိတ်ထက်သန်မှုနှင့် ဇွဲရှိသော်လည်း နိုင်ငံတော်ခန်းမတစ်လုံးအတွက် အကုန်အကျခံဖို့နေနေသာသာ မိသားစုစားဝတ်နေရေးအတွက်ပင် အနိုင်နိုင်ဖြစ်ခဲ့ကြသည်။ မည်သည့်အခါမျှ လက်တော်မတိုသော ယေဟောဝါသည် အံ့ဖွယ်ရာများပြုလုပ်ပေးခဲ့၏။

ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း ၄၀ တွင် နိုင်ငံတော်ခန်းမ ၈,၀၀၀ ကျော်လိုအပ်နေကြောင်း သိရှိသောအခါ အုပ်ချုပ်ရေးအဖွဲ့သည် ဆောက်လုပ်ရေးလုပ်ငန်းကို အရှိန်မြှင့်တင်ရန် ဆုံးဖြတ်ခဲ့၏။ အချို့ဒေသများ၌ စီမံကိန်းတွင်လုပ်ဆောင်နိုင်မည့် လုပ်ငန်းကျွမ်းကျင်သူများစွာရှိမည်မဟုတ်ပါ။ ဆောက်လုပ်ရေးကိရိယာများလည်း ရှားပါးလှ၏။ ထို့ပြင် စီးပွားရေးဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသင်းတော်များသည် များပြားလှသည့်ချေးငွေကို ပြန်မဆပ်နိုင်ကြချေ။ ကြေညာသူအရေအတွက် အလျင်အမြန်တိုးတက်နေခြင်းကြောင့်လည်း အချို့ဒေသများတွင် ကောင်းစွာဖွဲ့စည်းထားသောအစီအစဉ်ပြုလုပ်ရန် ဌာနခွဲများအတွက်ခက်ခဲခဲ့သည်။ ယင်းအခြေအနေအားလုံးကို ထည့်သွင်းသုံးသပ်ကာ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတော်ခန်းမဆောက်လုပ်ရေးအစီအစဉ်များကို ကြီးကြပ်ရန် အုပ်ချုပ်ရေးအဖွဲ့သည် အမေရိကန်ပြည်ထောင်စုတွင် ဒီဇိုင်း/ဆောက်လုပ်ရေးကော်မတီကို ဖွဲ့စည်းခဲ့၏။ ငွေကြေးအကန့်အသတ်သာရှိသော နိုင်ငံများအတွက် နိုင်ငံတော်ခန်းမဆောက်လုပ်ရေးညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပြီး ဆောက်လုပ်ရေးစီမံကိန်းများကို ကြီးကြပ်ရန် ကျွမ်းကျင်သောစေတနာ့ဝန်ထမ်းများကို တာဝန်ခန့်အပ်ခဲ့သည်။

တစ်ခါတစ်ရံ လုပ်ရိုးလုပ်စဉ်ဆောက်လုပ်နည်းများနှင့် အစီအစဉ်များကို ပြုပြင်ပြောင်းလဲဖို့လိုအပ်ခဲ့သည်။ ဥပမာ၊ ဇမ်ဘီယာတွင် ဆောက်လုပ်ရေးစီမံကိန်းများကို ကူညီသည့်အနေနှင့် အမျိုးသမီးများက ရေခပ်ခြင်း၊ သဲသယ်ပေးခြင်းနှင့် ချက်ပြုတ်ပေးခြင်းတို့ကို ပြုလုပ်ကြသည်။ သို့သော် ဆောက်လုပ်ရေးအဖွဲ့က ညီအစ်မများကို ဆောက်လုပ်ရေးလုပ်ငန်းတွင်ပါဝင်ရန်နှင့် လုပ်သားများအဖြစ် အပြည့်အဝအသုံးတော်ခံစေလိုသည်။

ညီအစ်မတစ်ဦး နိုင်ငံတော်ခန်းမအတွက်နံရံ ဆောက်လုပ်သည်ကို တွေ့မြင်ခဲ့သော အရှေ့ပိုင်းပြည်နယ်အုပ်ချုပ်ရေးမှူးသည် မယုံနိုင်အောင်ဖြစ်ခဲ့ရ၏။ “အမျိုးသမီးတစ်ယောက်ဟာ အုတ်တွေစီပြီး ဒီလောက်ကောင်းကောင်း ဆောက်နိုင်တာကို ကျွန်တော်မွေးကတည်းက တစ်ခါမှမမြင်ဖူးဘူး။ ဒီလိုမြင်တွေ့ခွင့်ရတာ ကျွန်တော့်အတွက် ကောင်းချီးတစ်ခုပဲ” ဟုသူပြောဆိုခဲ့သည်။

“ကျွန်တော်တို့ရဲ့ဝိညာဏဆေးရုံ”

ဆောက်လုပ်ရေးအစီအစဉ်က လူတို့အား အလွန်စိတ်စွဲမှတ်စေခဲ့သည်။ တစ်ချိန်က ယေဟောဝါသက်သေများအား ဆန့်ကျင်သူများစွာသည် ပို၍သဘောထားကြီးစွာ ရှုမြင်လာကြ၏။ သာဓကအနေနှင့် နိုင်ငံတော်ခန်းမများဆောက်လုပ်ခြင်းကို အစပိုင်းတွင်တားဆီးခဲ့သော အရှေ့ပိုင်းပြည်နယ်မှ အုပ်ချုပ်ရေးမှူးက ဤသို့ဆို၏– “အစတုန်းက ဒီစီမံကိန်းကို ကျွန်တော့်သဘောနဲ့ တားဆီးခဲ့တာမဟုတ်ပါဘူး။ တခြားဘာသာရေးအသင်းတွေရဲ့ ဓမ္မဆရာတွေက ကျွန်တော့်ကိုဖိအားပေးခဲ့ကြတယ်။ အခုတော့ ခင်ဗျားတို့ဟာ ကောင်းတဲ့ရည်ရွယ်ချက်နဲ့လုပ်နေတယ်ဆိုတာ ကျွန်တော်သဘောပေါက်ပါပြီ။ ဒီလှပတင့်တယ်တဲ့အဆောက်အအုံဟာ ကျွန်တော်တို့ရဲ့ ဝိညာဏဆေးရုံပါပဲ။”

ခရစ်ယာန်များ၏အဓိက ‘လုပ်ငန်း’ မှာ “နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရား” ဟောပြောခြင်းဖြစ်၏။ (၂ ကော. ၆:၅; မ. ၂၄:၁၄) သို့တိုင် သန့်ရှင်းသောဝိညာဉ်တော်က ဟောပြောရန် ဘုရားလူမျိုးတော်အား လှုံ့ဆော်ပေးသကဲ့သို့ တင့်တယ်သောစည်းဝေးရာနေရာများ ဆောက်လုပ်ခြင်းဖြင့် နိုင်ငံတော်အကျိုးစီးပွားတိုးတက်စေရာတွင် ထက်သန်စွာလုပ်ဆောင်ရန်လည်း ယင်းက တွန်းအားပေးသည်။ အသင်းတော်များသည် ပို၍တိကျသောရည်ရွယ်ချက်များ ရှိလာကြသည်။ “အခုဆိုရင် အမှုဆောင်သွားပြီး လူတွေကိုစည်းဝေးလာဖို့ ဖိတ်ခေါ်တဲ့အခါ ကျွန်တော်တို့ ယုံကြည်စိတ်ချမှုအပြည့်ရှိကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က တဲကုပ်ကိုလာမှာမဟုတ်ဘူး။ ယေဟောဝါကိုဂုဏ်တင်တဲ့ နိုင်ငံတော်ခန်းမကိုလာကြမှာဆိုတာ ကျွန်တော်တို့သိထားလို့ပဲ” ဟုညီအစ်ကိုတစ်ဦးက ဆိုသည်။

နောက်ညီအစ်ကိုတစ်ဦးကလည်း ဤသို့ဆို၏– “တောခေါင်ခေါင်အရပ်ဒေသမှာ ဒီလိုတင့်တယ်တဲ့ နိုင်ငံတော်ခန်းမက ကျွန်တော်တို့နဲ့မထိုက်တန်ပါဘူး။ ဒါပေမဲ့ ယေဟောဝါအတွက် ထိုက်တန်ပါတယ်။ အကောင်းဆုံးဝတ်ပြုရာနေရာတွေက ယေဟောဝါရဲ့ဘုန်းတော်ကို ထင်ရှားစေတဲ့အတွက် ကျွန်တော်ဝမ်းမြောက်တယ်။”

နယ်လှည့်လုပ်ငန်း

ဘုရားသခင့်ဓမ္မအမှုဆောင်များသည် ခံနိုင်ရည်ရှိဖို့လိုအပ်၏။ (ကော. ၁:၂၄-၂၆) နိုင်ငံတော်အကျိုးစီးပွားတိုးတက်စေရန် မိမိတို့ကိုယ်ကို ပေးဆပ်ကြသူများတွင် နယ်လှည့်ကြီးကြပ်မှူးများသည် ပုံသက်သေပြခဲ့ကြသည်။ အသင်းတော်များကို အားပေးထောက်မသည့် သိုးထိန်းများအနေနှင့် သူတို့၏ မေတ္တာပါကြိုးစားအားထုတ်မှုများက သူတို့သည် “လူ့အသွင်ဆုလာဘ်များ” ဖြစ်ကြောင်း သက်သေထူပါသည်။—ဧ. ၄:၈၊ ကဘ; ၁ သက်. ၁:၃၊ ၄။

၁၉၃၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် အရည်အချင်းရှိသောအမျိုးသားများကို ယနေ့ တိုက်နယ်နှင့် ခရိုင်ကြီးကြပ်မှူးများဟုခေါ်သော ဇုန်နှင့်ဒေသန္တရအမှုထမ်းများအဖြစ် လေ့ကျင့်ပေးခဲ့ကြသည်။ ဂျိမ်းစ် မောန်ဂို ဤသို့ပြန်ပြော၏– “အသင်းတော်တွေကို လည်ပတ်ရတာမလွယ်ကူဘူး။ ကျွန်တော်တို့မှာ စက်ဘီးရှိပေမဲ့ ကျွန်တော်တို့ကိုကူညီဖို့ အတူလိုက်ပါလာတဲ့ညီအစ်ကိုတွေကျတော့ ကျွန်တော်တို့ရဲ့အထုပ်အပိုးတွေကို ခြေကျင်နဲ့သယ်သွားကြရတယ်။ ကျွန်တော်တို့သွားမယ့်နေရာကိုရောက်ဖို့ ရက်ပေါင်းများစွာကြာတယ်။ အသင်းတော်တစ်ခုစီမှာ နှစ်ပတ်ကြာနေလေ့ရှိကြတယ်။”

“သူ . . . ချက်ချင်းမေ့မြောသွားတယ်”

ထိုအချိန်က ကျေးလက်ဒေသတွင် ခရီးသွားရခြင်းသည် ယနေ့ကဲ့သို့ပင် စိန်ခေါ်ချက်ဖြစ်၏။ ယခု အသက် ၈၀ ကျော်ရှိသော ရော်ဘင်ဆင် ရှာမူလူမာသည် ဇနီးဖြစ်သူ ဂျူလီယာနာနှင့်အတူ နယ်လှည့်လုပ်ငန်းတွင် ပါဝင်ခဲ့သည်။ တစ်ခုသောမိုးရာသီတွင် သည်းထန်သောမိုးမုန်တိုင်းနှင့်ကြုံခဲ့ရသည်ကို ရော်ဘင်ဆင်ပြန်အမှတ်ရသည်။ မုန်တိုင်းစဲသွားသည့်အခါ သူတို့၏စက်ဘီးထိုင်ခုံများအထိရှိသော ရွှံ့နွံများကို ဖြတ်သွားခဲ့ရသည်။ နောက်အသင်းတော်သို့ ရောက်သွားချိန်တွင် ဂျူလီယာနာသည် ရေသောက်ဖို့ပင် အားမရှိတော့သည့်အထိ အလွန်မောပန်းနွမ်းနယ်ခဲ့သည်။

၁၉၆၀ နှင့် ၁၉၇၀ ပြည့်လွန်နှစ်များတွင် တိုက်နယ်နှင့် ခရိုင်လုပ်ငန်း လုပ်ဆောင်ခဲ့သူ အီနောက် ချာဝါ ဤသို့ရှင်းပြ၏– “တနင်္လာနေ့က ခရီးသွားရတဲ့နေ့ဆိုတော့ အရမ်းခက်တဲ့နေ့ပဲ။ ဒါပေမဲ့ အသင်းတော်တွေကို ရောက်သွားတဲ့အခါ လမ်းမှာဖြစ်ခဲ့သမျှကိုမေ့သွားကြတယ်။ ညီအစ်ကိုတွေနဲ့ အတူရှိနေရတာက ကျွန်တော်တို့ကို ပျော်ရွှင်စေခဲ့တယ်။”

ကြုံရသည့် အတားအဆီးများမှာ ခရီးအကွာအဝေးနှင့် အခက်အခဲများသာ မဟုတ်ပါ။ နိုင်ငံမြောက်ပိုင်းရှိ အသင်းတော်တစ်ခုသို့လည်ပတ်ရန် လဲန့်ပ် ချီဆန်ဂါသည် ညီအစ်ကိုနှစ်ဦးနှင့်အတူ ခရီးထွက်ခဲ့သည်။ ဖုန်ထူသောလမ်းပေါ်တွင် ခပ်လှမ်းလှမ်း၌ တိရစ္ဆာန်တစ်ကောင်ကို သူတို့တွေ့ခဲ့ကြ၏။ ညီအစ်ကိုချီဆန်ဂါ ဤသို့ပြောပြသည်– “ညီအစ်ကိုတွေက သဲသဲကွဲကွဲမမြင်ကြဘူး။ အဲဒီအကောင်က လမ်းပေါ်မှာ ခွေးတစ်ကောင်လိုထိုင်နေတယ်။ ‘ခင်ဗျားတို့ မြင်ရသလား’ လို့ ကျွန်တော်မေးလိုက်တယ်။ ဒါနဲ့ ညီအစ်ကိုတစ်ယောက်က ခြင်္သေ့တစ်ကောင်ဖြစ်မှန်း သိလိုက်တယ်။ သူအကျယ်ကြီးအော်ပြီး ချက်ချင်းမေ့မြောသွားတယ်။ ခြင်္သေ့တောထဲပြန်ဝင်သွားတဲ့အထိ အဲဒီနေရာမှာ ခဏနားခဲ့ကြတယ်။”

ဇမ်ဘီယာ၌ ခရိုင်လုပ်ငန်းတွင် ၂၆ နှစ်ကြာပါဝင်ခဲ့ကြသော ဂျောန် ဂျေဆင်နှင့် ဇနီးဖြစ်သူ ကေး တို့သည် “စက်ပိုင်းဆိုင်ရာအခက်အခဲ ပြဿနာများရင်ဆိုင်” ရချိန်တွင် စိတ်ရှည်မှုပြရန် သင်ယူခဲ့ကြ၏။ ဂျောန် ဤသို့ဆိုသည်– “လေးကျိုးနေတဲ့ကားနဲ့ မိုင် ၁၀၀ ကျော်မောင်းခဲ့ရတာကို ကျွန်တော်မှတ်မိသေးတယ်။ ကျွန်တော်တို့မှာ အပိုပစ္စည်းကိရိယာတွေလည်း မပါဘူး။ အကူအညီရနိုင်မယ့်နေရာလည်း မရှိဘူး။ နောက်တစ်ခါကျတော့ စက်ချို့ယွင်းပြီး ကားပျက်သွားတယ်။ ကားကအရမ်းပူနေတော့ ကျွန်တော်တို့လုပ်နိုင်ခဲ့တဲ့ တစ်ခုတည်းသောအရာက ကားအင်ဂျင်အေးအောင် ရှိတဲ့ရေအားလုံးသုံးပြီး နောက်ဆုံးကျန်တဲ့တစ်ခွက်စာနဲ့ လက်ဖက်ရည်ဖျော်ဖို့ပါပဲ။ အနီးအနားမှာ လူသူမရှိ၊ ပူအိုက်မောပန်းစွာနဲ့ပဲ ကားထဲမှာထိုင်ပြီး အကူအညီပေးဖို့ ယေဟောဝါထံဆုတောင်းခဲ့ကြတယ်။ မွန်းလွဲသုံးနာရီမှာ လမ်းပြင်တဲ့ကားတစ်စီးလာနေတာတွေ့လိုက်ရပြီး အဲဒီနေ့မှာ ဦးဆုံးတွေ့ရတဲ့ကားဖြစ်တယ်။ ကျွန်တော်တို့ ဒုက္ခရောက်နေတာတွေ့တော့ အလုပ်သမားတွေက ကျွန်တော်တို့ကားကို သူတို့ကားနဲ့ဆွဲပေးခဲ့ကြတယ်။ မမှောင်ခင်လေးမှာပဲ ညီအစ်ကိုတွေဆီကို ကျွန်တော်တို့ရောက်သွားခဲ့တယ်။”

ယုံကြည်ကိုးစားတတ်ရန်သင်ယူခြင်း

ယင်းသို့သော အခြေအနေများတွင် နယ်လှည့်ကြီးကြပ်မှူးများသည် မိမိတို့၏ ကိုယ်ပိုင်အစွမ်းအစ သို့မဟုတ် ရုပ်ပစ္စည်းများကိုမဟုတ်ဘဲ ပို၍မှီခိုအားထားနိုင်သောထောက်မမှု၏ရင်းမြစ် ယေဟောဝါဘုရားသခင်နှင့် ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းကို ယုံကြည်ကိုးစားတတ်လာကြ၏။ (ဟေဗြဲ ၁၃:၅၊ ၆) ဂျက်ဖရီ ဝီလာ ဤသို့ပြန်ပြောပြ၏– “ခရိုင်လုပ်ငန်းမှာပါဝင်ပြီး သုံးပတ်အကြာမှာပဲ စိန်ခေါ်ချက်တစ်ခု ရင်ဆိုင်ခဲ့ရတယ်။ စည်းဝေးပွဲလုပ်မယ့်နေရာမှာ ကျွန်တော်တို့ရောက်ရှိနေကြပြီး သီတင်းပတ်အကုန်ပိုင်း အစီအစဉ်အတွက် အသင့်ဖြစ်နေကြတယ်။ ကျွန်တော့်မှာ သိပ်မကောင်းတဲ့ ခရီးဆောင်မီးဖိုတစ်လုံးရှိတယ်။ အဲဒီနေ့က ပူအိုက်ပြီးလေထန်တဲ့နေ့ဖြစ်တာကြောင့် ကျွန်တော်မီးညှိလိုက်တာနဲ့ ရုတ်တရက် မီးတောက်ကြီးဟုန်းခနဲလောင်တော့တာပဲ။ မိနစ်ပိုင်းအတွင်းမှာ မီးကိုမထိန်းနိုင်တော့ဘူး။ ကျွန်တော်တို့ရဲ့လဲန်းဒ်ရိုဗာကား ရှေ့တာယာ မီးစွဲသွားပြီး မီးတောက်တွေက ကားတစ်စီးလုံးကို ဝါးမျိုလိုက်တော့တယ်။”

ကားဆုံးရှုံးရခြင်းသည် အဆိုးဆုံးဖြစ်သော်လည်း နောက်ထပ်ကြုံရမည့်အရာများ ရှိသေးသည်။ ဂျက်ဖရီ ဤသို့ဆက်ပြောသည်– “ကျွန်တော်တို့ရဲ့ အဝတ်အစားတွေက ကားထဲက သံမဏိသေတ္တာအမည်းကြီးထဲမှာရှိတော့ မီးမလောင်ဘဲ တွန့်လိမ်ကုန်တယ်! ညီအစ်ကိုတွေက မီးလောင်နေတဲ့ကားရဲ့ခပ်လှမ်းလှမ်းကို ရောက်လာကြပြီး ကျွန်တော်တို့ရဲ့အိပ်ရာ၊ ရှပ်အင်္ကျီနဲ့ လက်နှိပ်စက်ကို ယူပေးခဲ့ကြတယ်။ သူတို့ ဒီလိုလျှပ်တစ်ပြက်အတွင်း စဉ်းစားလုပ်ဆောင်ပေးတဲ့အတွက် ကျွန်တော်တို့သိပ်ကျေးဇူးတင်တယ်။” ပျက်စီးသွားသောကားထဲရှိ သူတို့၏ကိုယ်ပိုင်အသုံးအဆောင်များ ဆုံးရှုံးသွားသည့်အပြင် သူတို့၏ဇယားအရ နှစ်လကြာအထိ မြို့ပေါ်သို့ပြန်မရောက်နိုင်သဖြင့် မည်သို့ဖြေရှင်းခဲ့ကြသနည်း။ ဂျက်ဖရီ ဤသို့ပြောသည်– “ညီအစ်ကိုတစ်ယောက်က လည်စီးငှားပေးပြီး ရှူးဖိနပ်အုပ်ရော်ဘာစွပ်နဲ့ လူထုဟောပြောချက်ပေးခဲ့တယ်။ ညီအစ်ကိုတွေက သူတို့ရဲ့ အတွေ့အကြုံမရှိတဲ့ခရိုင်ကြီးကြပ်မှူးကို ကူညီနှစ်သိမ့်ပေးဖို့ တတ်နိုင်တဲ့အရာအားလုံး လုပ်ပေးခဲ့ကြတဲ့အတွက် ကျွန်တော်တို့ဆက်လုပ်ဆောင်နိုင်ခဲ့တယ်။”

မြွေအန္တရာယ်ကင်းသောအိပ်ရာ

“ဧည့်သည်ဝတ်ကို ကြိုးစား၍ပြု” သည့်အသင်းတော်များတင်ပြသော မေတ္တာနှင့်ဂရုစိုက်မှုတို့က နယ်လှည့်ကြီးကြပ်မှူးများနှင့် ဇနီးသည်များအား ၎င်းတို့၏ ကိုယ်ကျိုးစွန့်လုပ်ငန်းကို ဆက်လုပ်ဆောင်နိုင်ရန် အားပေးထောက်မမှုဖြစ်ခဲ့သည်။ အသင်းတော်များတွင် ရုပ်ပစ္စည်းလိုအပ်ချက်ရှိသည့်တိုင် နယ်လှည့်ကြီးကြပ်မှူးများနှင့်ဇနီးသည်များအား မေတ္တာပါစွာကူညီပံ့ပိုးပေးသော မှတ်တမ်းများစွာရှိပြီး ယင်းတို့သည် တန်ဖိုးထားလေးမြတ်ခံရသည်။—ရော. ၁၂:၁၃; သု. ၁၅:၁၇။

နယ်လှည့်ကြီးကြပ်မှူးများအတွက် တည်းခိုစရာနေရာများမှာ အများအားဖြင့် သာမန်ရိုးရိုးလေးသာဖြစ်သော်လည်း ယင်းကို မေတ္တာဖြင့်ပြင်ဆင်ပေးကြသည်။ ၁၉၈၀ ပြည့်လွန်နှစ်များတွင် တိုက်နယ်ကြီးကြပ်မှူးအဖြစ် ထမ်းဆောင်ခဲ့သူ ဖရက်ဒ် ကာရှီမိုတိုက ဇမ်ဘီယာမြောက်ပိုင်းပြည်နယ်ရှိ ရွာတစ်ရွာသို့ ညဘက်တွင်ရောက်ရှိသွားခြင်းကို ပြန်အမှတ်ရသည်။ ညီအစ်ကိုများက သူ့ကိုနွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့ကြ၏။ အိမ်သေးသေးလေးတစ်လုံးထဲ သူတို့အားလုံးဝင်သွားကြပြီး ညီအစ်ကိုများက သူ၏ခရီးဆောင်အိတ်များကို ငါးပေခန့်မြင့်သော သစ်သားစားပွဲကြီးပေါ် တင်ထားလိုက်ကြသည်။ ညဉ့်နက်လာသည့်အခါ ညီအစ်ကို ကာရှီမိုတိုက “ကျွန်တော်ဘယ်မှာအိပ်ရမလဲ“ ဟုမေးလိုက်သည်။

ညီအစ်ကိုများက စားပွဲကိုညွှန်ပြပြီး “အဲဒါက အိပ်ရာပဲ” ဟုပြန်ပြောခဲ့၏။ ဖြစ်နိုင်သည်မှာ ထိုဒေသတွင် မြွေပေါသောကြောင့် ညီအစ်ကိုများက အန္တရာယ်ကင်းသောအိပ်ရာကို ပြင်ဆင်ပေးခဲ့ကြသည်။ မွေ့ရာအဖြစ်ခင်းထားသော မြက်ခြောက်ပေါ်တွင် ညီအစ်ကိုကာရှီမိုတို အိပ်စက်ခဲ့သည်။

ကျေးလက်ဒေသများတွင် ခြံထွက်ပစ္စည်းများကို လက်ဆောင်အဖြစ်ပေးလေ့ရှိကြ၏။ “တစ်ခါက ညီအစ်ကိုတွေ ကျွန်တော်တို့ကို ကြက်တစ်ကောင်ပေးတယ်။ ဒါနဲ့ မမှောင်ခင်လေးမှာ အိမ်သာထဲ အိပ်တန်းလုပ်ပေးပြီး အဲဒီမှာထားလိုက်တယ်။ ဒါပေမဲ့ ကြက်က တန်းပေါ်ကခုန်ချပြီး အိမ်သာပေါက်ထဲကျသွားတယ်။ ကြက်ကို ပေါက်ပြားနဲ့ ဆယ်ထုတ်ခဲ့ရတယ်။ နောက်တော့ ကျွန်တော့်ဇနီးက ကြက်ကို ဆပ်ပြာရည်နဲ့ ပိုးသတ်ဆေးများများရောထားတဲ့ ရေနွေးနဲ့ဆေးပေးတယ်။ သီတင်းပတ်ကုန်ပိုင်းမှာ ချက်စားကြတော့ တော်တော်လေးအရသာရှိတယ်” ဟု ဂျက်ဖရီ ဝီလာက ခပ်ပြုံးပြုံးဖြင့်ပြောပြသည်။

ဂျေဆင်ဇနီးမောင်နှံတို့လည်း အလားတူရက်ရောမှုမှ အကျိုးခံစားခဲ့ရ၏။ ဂျောန် ဤသို့ပြောခဲ့သည်– “ညီအစ်ကိုတွေဆီက ကြက်တွေ မကြာခဏရခဲ့တယ်။ ခရိုင်တစ်လျှောက်ခရီးသွားတဲ့အခါ ကျွန်တော်တို့မှာရှိတဲ့ ခြင်းသေးသေးလေးနဲ့ ကြက်မကိုသယ်သွားခဲ့ကြတယ်။ မနက်တိုင်း ကြက်မက ဥတစ်လုံးဥပေးတော့ သူ့ကိုမသတ်စားခဲ့ဘူး။ နေရာသစ်ကိုသွားဖို့ ကျွန်တော်တို့ ပစ္စည်းတွေထုပ်ပိုးတဲ့အခါ ကြက်မကလည်း အတူလိုက်ချင်ပုံပြခဲ့တယ်။”

ရုပ်ရှင်

ပညာပေးအစီအစဉ်ကို မြှင့်တင်ရန် ၁၉၅၄ ခုနှစ်အစပိုင်းတွင် လှုပ်ရှားလျက်ရှိ ကမ္ဘာသစ်အဖွဲ့အစည်း ရုပ်ရှင်နှင့် အခြားရုပ်ရှင်များကို ထုတ်လုပ်ခဲ့သည်။ “ယင်းတို့က များစွာသောသူတို့အား ဓမ္မအမှုနှင့်အသင်းတော်လုပ်ငန်းများတွင် နိုးကြားတက်ကြွစေရန် လှုံ့ဆော်ပေးခဲ့သည်” ဟု ထိုအချိန်က ဌာနခွဲရုံးမှမှတ်တမ်းတစ်ခုတွင် ဖော်ပြခဲ့သည်။ ရုပ်ရှင်ပြပြီးနောက် စည်းဝေးပွဲကျင်းပသည့်နေရာတွင် ပစ္စည်းများဖြုတ်သိမ်းစဉ် အချို့က “‘လှုပ်ရှားလျက်ရှိ ကမ္ဘာသစ်အဖွဲ့အစည်း’ အတိုင်းလုပ်ကြစို့” ဟုပြောလေ့ရှိပြီး “အားမာန်ပါပါလုပ်ကြစို့” ဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ ယင်းရုပ်ရှင်ထုတ်သည့် ဦးဆုံးနှစ်တွင် အစိုးရအရာရှိများနှင့် ပညာရေးအရာရှိများအပါအဝင် လူပေါင်း ၄၂,၀၀၀ ကျော်ကြည့်ရှုခဲ့ကြပြီး စိတ်စွဲမှတ်သွားခဲ့ကြသည်။ နောက်ဆုံး ဇမ်ဘီယာရှိ လူသန်းပေါင်းများစွာသည် ယေဟောဝါသက်သေများနှင့် သူတို့၏ ခရစ်ယာန်အဖွဲ့အစည်းအကြောင်း သိရှိသွားခဲ့ကြ၏။

ယင်းရုပ်ရှင်၏အကျိုးသက်ရောက်မှုကို ဝေးန် ဂျောန်ဆန် ဤသို့ပြန်ပြောပြသည်– “ရုပ်ရှင်ကြည့်ဖို့ လူတွေဟာ ဝေးလံတဲ့ဒေသတွေကနေ လာကြတယ်။ ဒါက ယေဟောဝါရဲ့အဖွဲ့အစည်းအကြောင်း သူတို့ကို များစွာသင်ပေးတယ်။ အစီအစဉ်အတွင်းမှာ သူတို့အလွန်သဘောကျပြီး လက်ခုပ်တီးအားပေးကြတယ်။”

အတန်ကြာအထိ တိုက်နယ်စည်းဝေးပွဲ၏ စနေနေ့ညနေပိုင်းတွင် ရုပ်ရှင်တစ်ပွဲကိုပြသည့်အစီအစဉ် ရှိခဲ့သည်။ ကျေးလက်ဒေသများတွင် ယင်းသည် စိတ်လှုပ်ရှားဖွယ်အတွေ့အကြုံဖြစ်၏။ အခြားဒေသများရှိ လူတို့၏အသက်တာနှင့် အကျွမ်းတဝင်မရှိသောကြောင့် အချို့ပြကွက်များကို နားလည်မှုလွဲခဲ့ကြသော်လည်း ဤအစီအစဉ်က လူများစွာအပေါ် လွန်စွာအကျိုးသက်ရောက်ခဲ့သည်။ ရုပ်ရှင်တစ်ကားတွင် နယူးယောက်မြို့ရှိ မြေအောက်မီးရထားလမ်း၏ထွက်ပေါက်မှ လူများတသီတတန်းကြီးထွက်လာသည်ကို ပြထားသည်။ ယင်းက ရှင်ပြန်ထမြောက်ခြင်းကို ပုံဖော်ပြသည်ဟု လူတို့ကယူမှတ်ခဲ့ကြ၏။ မည်သို့ပင်ဆိုစေ၊ ရုပ်ရှင်များက ယေဟောဝါသက်သေများအကြောင်း ကောင်းစွာသဘောပေါက်နားလည်ရန် လူတို့အားကူညီပေးခဲ့သည်။ သို့သော် ခေတ်ကာလပြောင်းလဲလာသည်နှင့်အမျှ အမျိုးသားလွတ်လပ်ရေးစိတ် ရှင်သန်တိုးပွားလာခြင်းကြောင့် ဇမ်ဘီယာလူမျိုးများသည် ညီအစ်ကိုများကိုဆန့်ကျင်ခဲ့ကြ၏။ အသင်းတော်များနှင့်အတူ နယ်လှည့်ကြီးကြပ်မှူးများသည် ခံနိုင်ရည်များစွာလိုအပ်သည့် အခြေအနေများကို ရင်ဆိုင်ခဲ့ရသည်။

နိုင်ငံရေးဝင်ရောက်စွက်ဖက်ခြင်း

၁၉၆၄၊ အောက်တိုဘာ ၂၄ ရက်တွင် ဗြိတိန်က မြောက်ပိုင်းရိုဒီးရှားကို လွတ်လပ်ရေးပေးလိုက်ပြီး ဇမ်ဘီယာသမ္မတနိုင်ငံ ဖြစ်လာသည်။ ဤအချိန်အတွင်း နိုင်ငံရေးတင်းမာမှုများ အလွန်ပြင်းထန်ခဲ့သည်။ ယေဟောဝါသက်သေများ၏ ကြားနေမှုကို ကိုလိုနီအုပ်ချုပ်မှုဆက်လက်တည်တံ့ရေးအတွက် အသံတိတ်ထောက်ခံမှုအဖြစ် လွဲမှားစွာယူမှတ်ခဲ့ကြသည်။

လဲန့်ပ် ချီဆန်ဂါသည် ထိုအချိန်တွင် လိတ်ခ် ဘန်ဂွာလူဒေသသို့ လည်ပတ်နေခြင်းကို ပြန်အမှတ်ရသည်။ သူသည် ကျွန်းများတွင်နေထိုင်သော တံငါသည် သက်သေခံများထံ လှေဖြင့်လည်ပတ်ရန်စီစဉ်ခဲ့၏။ ဤခရီးစဉ်တွင် ဦးဆုံးအနေဖြင့် ကမ်းနားသို့ ဘတ်စကားစီးသွားရသည်။ သူကားပေါ်ကဆင်းသည်နှင့် နိုင်ငံရေးပါတီဝင်ကတ် ပြရန်တောင်းဆိုခံရသည်။ သူ့တွင် တစ်ခုမျှမရှိချေ။ နိုင်ငံရေးပါတီအဖွဲ့ဝင်များက သူ့လက်ဆွဲအိတ်ကို စစ်ဆေးခဲ့ကြသည်။ တစ်ဦးက “ကင်းမျှော်စင်” အမှတ်အသားပါသော ဘူးတစ်ခုကိုတွေ့သွားခဲ့သည်။ ထိုသူက ကျယ်လောင်စွာ ဝီစီမှုတ်လိုက်ပြီး “ကင်းမျှော်စင်၊ ကင်းမျှော်စင်” ဟုအော်ဟစ်လေတော့သည်။

နှောင့်ယှက်ခံရမည်ကို စိုးရိမ်သဖြင့် အရာရှိတစ်ဦးက လဲန့်ပ်အား သူ၏အိတ်များနှင့်အတူ ဘတ်စကားထဲသို့ ပြန်တွန်းလိုက်သည်။ လူအုပ်ကြီးစုရုံးလာပြီး ဘတ်စကားကို ခဲများနှင့်ပေါက်ကာ တံခါးများ၊ တာယာများနှင့် ပြတင်းပေါက်များကို ရိုက်ကြတော့၏။ ယာဉ်မောင်းဖြစ်သူမှာ ၅၅ မိုင်ခန့်ဝေးသော ဆမ်ဖာဖ်ခရိုင်သို့ မရပ်မနားမောင်းပြေးခဲ့သည်။ ညတွင်းချင်း အခြေအနေတည်ငြိမ်သွားခဲ့သည်။ နောက်နေ့မနက်တွင် လဲန့်ပ်သည် စိုးရိမ်စိတ်ကင်းစွာ လှေတစ်စီးငှားပြီး ကမ်းနားဝန်းကျင်ရှိ အသင်းတော်ငယ်လေးများကို လည်ပတ်ခဲ့လေသည်။

နယ်လှည့်ကြီးကြပ်မှူးများသည် “ခံနိုင်ရည်များစွာဖြင့်” ဘုရားသခင်၏ ဓမ္မအမှုဆောင်များအဖြစ် ကိုယ်ကိုဆက်၍ထင်ရှားပြခဲ့ကြ၏။ (၂ ကော. ၆:၄၊ ကဘ) ဇမ်ဘီဇီမြစ်ကြောင်းတစ်လျှောက် တိုက်နယ်လုပ်ငန်းလုပ်ဆောင်ခဲ့သူ ဖန်ဝဲလ် ချီဆန်ဂါက “တိုက်နယ်ကြီးကြပ်မှူးတစ်ယောက်အဖြစ် လုပ်ဆောင်နိုင်ဖို့ စိုးလ်အကြွင်းမဲ့ဆည်းကပ်ခြင်းနဲ့ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိဖို့လိုတယ်” ဟုမှတ်ချက်ချခဲ့သည်။ ဤဒေသရှိ အသင်းတော်များထံလည်ပတ်ရာတွင် အိုမင်းနေပြီးရေစိမ့်ဝင်သည့် ရှည်မျောမျောကနူးလှေများဖြင့် ခရီးသွားခြင်းပါဝင်သည်။ ထို့ပြင် မြစ်ထဲရှိ ဒေါသူပုန်ထနေသော ရေမြင်းများက သစ်ကိုင်းခြောက်နှင့်တူသော ကနူးလှေကို ကိုက်ဖြတ်ဖျက်ဆီးနိုင်၏။ တိုက်နယ်လုပ်ငန်းတွင် ခံနိုင်ရည်ရှိရှိပါဝင်နိုင်ရန် ဖန်ဝဲလ်အား အဘယ်အရာက ကူညီပေးခဲ့သနည်း။ မြစ်ကမ်းနံဘေးသို့ သူ့ကိုလိုက်ပို့ကြသော အသင်းတော်သားများ၏ဓာတ်ပုံကို ခပ်ပြုံးပြုံးကြည့်နေရင်း သူ၏ ညီအစ်ကိုညီအစ်မများက အားပေးမှုရင်းမြစ်တစ်ခုဖြစ်ကြောင်း သူအသိအမှတ်ပြုသည်။ အသေအချာတွေးဆပြီးနောက် သူဤသို့မေးသည်– “ဒီလိုပျော်ရွှင်နေတဲ့မျက်နှာတွေကို အမျက်ထွက်နေတဲ့ဒီလောကရဲ့ ဘယ်နေရာမှာ သင်တွေ့နိုင်မလဲ။”

ကြားနေခြင်း

“အမှုထမ်းလျက်ရှိသော စစ်သူရဲမည်သည်ကား မိမိကိုစစ်သူရဲစာရင်း၌ သွင်းထားသောသူအားနှစ်သက်စေခြင်းငှာ လောကီမှုရေးနှင့် ပြွမ်းနှောရှုပ်ထွေးခြင်းကို ပယ်ရှားတတ်၏” ဟု တမန်တော်ပေါလု ရေးသားခဲ့သည်။ (၂ တိ. ၂:⁠၄၊ သမ္မာ) ခရစ်ယာန်များသည် မိမိတို့၏ခေါင်းဆောင် ယေရှုခရစ်၏အသုံးတော်ခံအဖြစ် လုံးဝအသင့်ရှိနေရန် လောက၏ နိုင်ငံရေးနှင့်ဘာသာရေးစနစ်များတွင် ပါဝင်ခြင်းကို ရှောင်ရှားဖို့လိုသည်။ လောကရေးရာများတွင် ကြားနေမှုကို ထိန်းသိမ်းလိုသည့် စစ်မှန်သောခရစ်ယာန်များအတွက် ဤရပ်တည်မှုသည် စိန်ခေါ်ချက်များနှင့် “ဆင်းရဲဒုက္ခများ” ကိုဖြစ်ပေါ်စေ၏။—ယော. ၁၅:၁၉။

ဒုတိယကမ္ဘာစစ်အတွင်းတွင် “မျိုးချစ်စိတ်” မရှိသူများကို ရက်စက်ကြမ်းကြုတ်စွာပြုမူခဲ့ကြသည်။ “စစ်ထဲဝင်ဖို့ငြင်းဆန်တဲ့ အဘိုးကြီးတွေကို ပြောင်းဖူးအိတ်တွေပစ်တင်သလို ထရပ်ကားပေါ်ပစ်တင်ကြတယ်။ သူတို့က ‘တဲဒ်ဇာဖီရာ ဇာ မူလွန်ဂူ’ (ဘုရားအတွက် ငါတို့အသေခံမယ်) လို့ပြောတာကို ကျွန်တော်တို့ကြားခဲ့ရတယ်” ဟုနောက်ပိုင်းတွင် ထက်သန်သောနယ်လှည့်ကြီးကြပ်မှူးတစ်ဦးဖြစ်လာသူ ဗင်ဆန် ဂျာ့ချ်ကပြောခဲ့သည်။

မူကိုဆီကူ ဆီနာလီသည် ထိုအချိန်တွင် နှစ်ခြင်းမခံရသေးသော်လည်း စစ်အတွင်း ကြားနေခြင်းကိစ္စ မကြာခဏပေါ်ပေါက်ခဲ့ကြောင်း ကောင်းစွာအမှတ်ရ၏။ “လူတိုင်းကို အဖိုးတန်သစ်စေးအဖြူထွက်တဲ့ မမ်ဘွန်ဂိုနွယ်ပင်အမြစ်တွေကို တူးခိုင်းပြီးစုပုံခိုင်းတယ်။ အမြစ်တွေကို အခွံချွတ်၊ အပြားဖြစ်အောင်ထုရိုက်ပြီး စည်းရတယ်။ နောက်ပိုင်း စစ်သားတွေအတွက် ဖိနပ်လုပ်ဖို့ ရော်ဘာအစား ထုတ်လုပ်ခဲ့ကြတယ်။ ဒီအမြစ်တွေတူးတဲ့အလုပ်က စစ်နဲ့ပတ်သက်နေတဲ့အတွက် သက်သေခံတွေကမလုပ်ခဲ့ကြဘူး။ ညီအစ်ကိုတွေ အဲဒါကိုမလုပ်ဆောင်ကြတဲ့အတွက် ပြစ်ဒဏ်ပေးခံခဲ့ရတယ်။ သူတို့ဟာ ‘နှစ်သက်ဖွယ်မကောင်းတဲ့သူတွေ’ ဖြစ်လာတယ်။”

ဂျိုးဇက်ဖ် မူလန်ဝါသည် “နှစ်သက်ဖွယ်မကောင်းသူ” တစ်ဦးဖြစ်ခဲ့သည်။ သူသည် တောင်ပိုင်းရိုဒီးရှားဇာတိဖြစ်ပြီး ၁၉၃၂ ခုနှစ်တွင် မြောက်ပိုင်းရိုဒီးရှား၏ အနောက်ဘက်ပြည်နယ်သို့ ရောက်လာခဲ့သည်။ သူသည် လူတို့အား ‘နိုင်ငံတော်နီးပြီ’ ဖြစ်သောကြောင့် လယ်ယာစိုက်ပျိုးခြင်းမပြုလုပ်ရန် တိုက်တွန်းခဲ့သည်ဟု အချို့ကအခိုင်အမာပြောဆိုကြသည်။ ဂျိုးဇက်ဖ်ကို မနှစ်သက်သူ မာဗန်ဘိုသာသနာပြုအဖွဲ့မှ ဓမ္မဆရာတစ်ဦးက ထိုမှားယွင်းသောစွပ်စွဲချက်ကို ပျံ့နှံ့စေခဲ့ခြင်းဖြစ်၏။ ဂျိုးဇက်ဖ်ကိုဖမ်းဆီးပြီး စိတ်မမှန်သူတစ်ဦးနှင့်တွဲ၍ လက်ထိပ်ခတ်ခဲ့သည်။ ထိုလူသည် ဂျိုးဇက်ဖ်ကို ရိုက်နှက်လိမ့်မည်ဟု အချို့က ထင်မှတ်ခဲ့သော်လည်း သူသည် ထိုလူနှင့် ငြိမ်းအေးအောင်ပြုနိုင်ခဲ့သည်။ ဂျိုးဇက်ဖ်သည် လွတ်လာပြီးနောက် ဆက်ဟောပြောခဲ့ကာ အသင်းတော်များသို့ဆက်လည်ပတ်ခဲ့သည်။ ၁၉၈၀ ပြည့်လွန်နှစ်များအလယ်ပိုင်းတွင် သူသစ္စာရှိစွာ သေဆုံးခဲ့သည်။

စမ်းသပ်မှုများကို ရင်ဆိုင်နိုင်ရန် ခွန်အားရရှိ

လူထုကြားဖြစ်ပေါ်နေသော မျိုးချစ်စိတ်နှင့် တင်းမာမှုများက ခြိမ်းခြောက်မှုများဖြစ်ပေါ်စေခဲ့ရာ နိုင်ငံရေးတွင် ဩတ္တပ္ပစိတ်မကြည်လင်စွာ ပါဝင်သူများရှိခဲ့၏။ နိုင်ငံတွင်း၌ အခြေအနေများတင်းမာနေသော်လည်း ယေဟောဝါသက်သေများကြားတွင် စည်းလုံးငြိမ်သက်မှုရှိကြောင်း ၁၉၆၃ ခုနှစ်၌ ကစ်တ်ဝီမြို့တွင် ကျင်းပခဲ့သည် “ရဲစွမ်းသတ္တိရှိသော ဓမ္မအမှုဆောင်များ” အပြည်ပြည်ဆိုင်ရာစည်းဝေးပွဲက သက်သေထူခဲ့သည်။ ကိုယ်စားလှယ် ၂၅,၀၀၀ နီးပါးတက်ရောက်ပြီး အချို့မှာ ငါးရက်တာအစီအစဉ်အတွက် ရွက်ဖျင်တဲများနှင့် နောက်တွဲယာဉ်များဖြင့် လာရောက်ခဲ့ကြသည်။ ဘာသာစကားလေးမျိုးဖြင့်တင်ဆက်ရာ ရွေးချယ်တက်ရောက်နိုင်ခဲ့ကြသည်။ ခရစ်ယာန်တစ်ဦး၏ အစိုးရနှင့်ဆက်ဆံရေးကို အာရုံစိုက်စေသော မီလ်တန် ဟဲန်ရှယ်လ်၏ ဟောပြောချက်မှာ ထူးခြားသည်။ ဖရန့်ခ် လူးဝစ္စက ဤသို့ပြန်အမှတ်ရသည်– “ကြားနေခြင်းကိစ္စကို ညီအစ်ကိုတွေသဘောပေါက်အောင် ကူညီပေးတဲ့ သူ့ရဲ့ဟောပြောချက်ကို ကျွန်တော်တို့မှတ်မိကြတယ်။ ဒီလို အချိန်တန်ဆုံးမစကားတွေ ရရှိခဲ့တဲ့အတွက် ကျွန်တော်တို့သိပ်ဝမ်းမြောက်ခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ ဇမ်ဘီယာက ညီအစ်ကိုများဟာ စမ်းသပ်မှုအမျိုးမျိုးနဲ့ ဆက်ကြုံတွေ့ခဲ့ရပြီး ယေဟောဝါကို သစ္စာစောင့်သိခဲ့ကြတယ်။”

၁၉၆၀ ပြည့်လွန်နှစ်များ၏ ဆယ်စုနှစ်တစ်လျှောက်တွင် ယေဟောဝါသက်သေများသည် သူတို့၏ပိုင်ဆိုင်ရာများ ဖျက်ဆီးခံရခြင်းနှင့်အတူ ရက်စက်သောနှိပ်စက်ညှဉ်းပန်းမှုများ နေရာအနှံ့ကြုံတွေ့ခဲ့ရ၏။ နေအိမ်များနှင့် နိုင်ငံတော်ခန်းမများ ဖျက်ဆီးခံခဲ့ရသည်။ ချီးကျူးစရာမှာ သက်သေခံများကို ခြိမ်းခြောက်ရာတွင် ပါဝင်ခဲ့သူများစွာအား အစိုးရက အရေးယူထောင်ဒဏ်ချခဲ့သည်။ မြောက်ပိုင်းရိုဒီးရှားသည် ဇမ်ဘီယာသမ္မတနိုင်ငံဖြစ်လာသောအခါ ဖွဲ့စည်းပုံဥပဒေသစ်က ပြဋ္ဌာန်းသော အခြေခံလူ့အခွင့်အရေးဆိုင်ရာ စီမံချက်များကို ယေဟောဝါသက်သေများအထူးစိတ်ဝင်စားခဲ့သည်။ သို့သော် မကြာမီ မျိုးချစ်စိတ်လှိုင်းလုံးကြီးက မထင်မှတ်သောနေရာကို တိုက်ခတ်ခဲ့သည်။

အမျိုးသားရေးအထိမ်းအမှတ်များ

ကိုလိုနီခေတ်တွင် ယေဟောဝါသက်သေများ၏ ကလေးများသည် ဘာသာရေးအကြောင်းများကြောင့် ဗြိတိသျှပြည်ထောင်စုအလံကို အလေးမပြုခဲ့ကြရာ ပြစ်ဒဏ်ပေးခြင်းခံခဲ့ရ၏။ သူတို့သည် အမျိုးသားသီချင်းကိုလည်း မဆိုကြသောကြောင့် ပြစ်ဒဏ်ခံခဲ့ရသည်။ အာဏာပိုင်များထံ တင်ပြလျှောက်ထားပြီးနောက် ပညာရေးဌာန၏သဘောထား ပျော့ပျောင်းသွားခဲ့ရာ ဤသို့ရေးသားခဲ့၏– “အလံအလေးပြုခြင်းနှင့်ပတ်သက်၍ သင်တို့ [အဖွဲ့]၏ခံယူချက်သည် အများသိဖြစ်ပြီး လေးစားခံရသည်။ အလံအလေးမပြုသည့် မည်သည့်ကျောင်းသားကိုမျှ ပြစ်ဒဏ်မပေးသင့်ပါ။” ဩတ္တပ္ပစိတ်၊ အတွေးအခေါ်နှင့် ဘာသာရေးလွတ်လပ်မှုအပါအဝင် အခြေခံလွတ်လပ်မှုများကို သမ္မတနိုင်ငံဆိုင်ရာ ဖွဲ့စည်းပုံဥပဒေသစ်က အားပေးထောက်ခံမည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် အလံအသစ်နှင့် အမျိုးသားသီချင်းတို့က အမျိုးသားရေးစိတ်ဓာတ်ကို ပြန်လည်တက်ကြွစေခဲ့သည်။ ကျောင်းများတွင် နေ့စဉ် အလံအလေးပြုခြင်းနှင့် အမျိုးသားသီချင်းဆိုသည့် အခမ်းအနားများကို အရှိန်အဟုန်မြှင့်၍ ပြန်လည်လုပ်ဆောင်ခဲ့သည်။ အချို့သက်သေခံလူငယ်များမှာ ကင်းလွတ်ခွင့်ရခဲ့သော်လည်း အများစုသည် ရိုက်နှက်ခံရပြီး ကျောင်းထုတ်ခြင်းပင်ခံခဲ့ရ၏။

၁၉၆၆ ခုနှစ်တွင် ပြဋ္ဌာန်းသော ပညာရေးဥပဒေသစ်က မျှော်လင့်ချက်ရှိစေခဲ့သည်။ ယင်းတွင် ကလေးတစ်ဦးအား ဘာသာရေးအခမ်းအနားများ သို့မဟုတ် ဝတ်ပြုကိုးကွယ်မှုများမှ ကင်းလွတ်ခွင့်ပေးရန် မိဘ သို့မဟုတ် အုပ်ထိန်းသူကတောင်းဆိုခွင့်ရှိသော ပြဋ္ဌာန်းချက်ပါဝင်သည်။ ထို့ကြောင့် ကျောင်းထုတ်ခံရသောကလေးများသည် ကျောင်းပြန်တက်ခွင့်ရခဲ့၏။ သို့သော် များမကြာမီ ပညာရေးဥပဒေတွင် စည်းမျဉ်းများကိုလျှို့ဝှက်စွာ ထပ်ဖြည့်စွက်ခဲ့ကြရာ ယင်းတို့က အလံများနှင့် အမျိုးသားသီချင်းများကို အမျိုးသားရေးတာဝန်သိစိတ်တက်ကြွစေသည့် လောကီဆိုင်ရာအထိမ်းအမှတ်အဖြစ် သတ်မှတ်ခဲ့သည်။ ညီအစ်ကိုများသည် အစိုးရအာဏာပိုင်များနှင့် ဆွေးနွေးခဲ့သော်လည်း ၁၉၆၆ ခုနှစ်အကုန်ပိုင်းတွင် ကလေး ၃,၀၀၀ ကျော်သည် ကြားနေရပ်တည်မှုကြောင့် ကျောင်းထုတ်ခံခဲ့ရ၏။

ဖီလီယာကို မည်သည့်ကျောင်းကမျှလက်မခံပါ

ယင်းလုပ်ဆောင်ချက်၏ တရားဝင်မှုနှင့်ပတ်သက်၍စစ်ဆေးရန် အချိန်ကျရောက်လာခဲ့သည်။ အစမ်းအနေနှင့်အမှုတစ်ခုကို ရွေးချယ်ခဲ့သည်။ ဖီလီယာ ကာချာဆူသည် ကြေးနီကြောဒေသရှိ ဘူရန်တန်ရှီကျောင်းတွင် ကျောင်းမှန်မှန်တက်သူတစ်ဦးဖြစ်သည်။ သူမကို စံပြကျောင်းသားအဖြစ် သိထားကြသော်လည်း ကျောင်းထုတ်ခံခဲ့ရ၏။ ယင်းအမှု တရားရုံးရောက်သွားပုံကို ဖရန့်ခ် လူးဝစ္စ ဤသို့ပြန်ပြော၏– “မစ္စတာ ရစ်ချ်မွန် စမစ်သ်က ကျွန်တော်တို့ရဲ့အမှုကို တင်ပြတယ်။ ဒီအမှုက အစိုးရကိုဆန့်ကျင်တဲ့အတွက် လွယ်တဲ့အမှုတော့မဟုတ်ဘူး။ ဘာကြောင့် အလံအလေးမပြုရတဲ့အကြောင်း ဖီလီယာရှင်းပြတာကို နားထောင်ပြီး သူက ဒီအမှုကိုဥပဒေနဲ့အညီ ထုချေချင်ခဲ့တယ်။”

ထိုအချိန်တွင် လူဆာကာမှကျောင်းသူတစ်ဦးဖြစ်သော ဒိုင်းလက်စ် မူဆန်ဒါက ဤသို့ပြောသည်– “ဖီလီယာရဲ့အမှုကို ရုံးတင်စစ်ဆေးတဲ့အခါ ရလဒ်ကောင်းရဖို့ ကျွန်မတို့အရမ်းမျှော်လင့်ခဲ့ကြတယ်။ မူဖူလီရာကညီအစ်ကိုတွေလည်း အမှုစစ်ဆေးကြားနာချိန်မှာ လာနားထောင်ကြတယ်။ အစ်မနဲ့ကျွန်မကိုလည်း ဖိတ်ခေါ်ခဲ့တယ်။ တရားရုံးမှာ ဖီလီယာက ဦးထုပ်အဖြူနဲ့ အရောင်ဖျော့ဖျော့ဝတ်စုံ ဝတ်ထားတာ ကျွန်မမှတ်မိတယ်။ အမှုစစ်ဆေးတာ သုံးရက်ကြာတယ်။ ကျွန်မတို့နိုင်ငံမှာ သာသနာပြုတချို့ ရှိနေတုန်းပဲ။ ညီအစ်ကိုဖိလစ်ပ်နဲ့ ညီအစ်ကိုဖာဂူဆန်တို့လည်း လာနားထောင်ကြတယ်။ သူတို့လာတာက အကူအညီဖြစ်မယ်လို့ ကျွန်မတို့ထင်ခဲ့ကြတယ်။”

တရားသူကြီးချုပ်က ဤသို့ကောက်ချက်ချ၏– “ဒီအမှုမှာ ယေဟောဝါသက်သေများဟာ သူတို့ရဲ့အပြုအမူအားဖြင့် နိုင်ငံတော်အလံနဲ့ အမျိုးသားသီချင်းတွေကို မလေးမစားပြုလိုတဲ့သဘော လုံးဝမတွေ့ရဘူး။” သို့သော် သူက ဖီလီယာ၏ယုံကြည်ချက်များသည် စိတ်ရင်းမှန်ဖြင့်ဖြစ်သော်လည်း အခမ်းအနားများမှာ လောကီရေးနှင့်ဆိုင်သောကြောင့် ပညာရေးဥပဒေ၏ပြဋ္ဌာန်းချက်များအရ ကင်းလွတ်ခွင့်မတောင်းဆိုနိုင်ဟု ဆုံးဖြတ်ခဲ့သည်။ အမျိုးသားလုံခြုံရေးအတွက် ထိုအခမ်းအနားများလိုအပ်သည်ဟု သူယုံကြည်ခဲ့သည်။ အရွယ်မရောက်သေးသူတစ်ဦးအပေါ် ဤတောင်းဆိုချက်ချမှတ်ခြင်းသည် လူတို့၏အကျိုးအတွက် မည်သို့ဖြစ်စေကြောင်းကိုမူ လုံးဝမရှင်းပြခဲ့ချေ။ ဖီလီယာသည် ခရစ်ယာန်ယုံကြည်ချက်များကို ကိုင်စွဲထားသရွေ့ သူမကို မည်သည့်ကျောင်းကမျှလက်မခံပါ။

“ကျွန်မတို့ အရမ်းစိတ်ဓာတ်ကျသွားတယ်။ ဒါပေမဲ့လည်း ဖြစ်သမျှအားလုံးကို ယေဟောဝါလက်တော်မှာအပ်ထားခဲ့ကြတယ်” ဟုဒိုင်းလက်စ် ပြန်ပြောပြသည်။ ဖိနှိပ်မှုများဆက်တိုးများလာရာ ၁၉၆၇ ခုနှစ်တွင် ဒိုင်းလက်စ်နှင့် သူ၏အစ်မတို့သည် ကျောင်းထွက်လိုက်သည်။ ၁၉၆၈ ခုနှစ်အကုန်ပိုင်းတွင် ယေဟောဝါသက်သေလူငယ်များ ၆,၀၀၀ နီးပါး ကျောင်းထုတ်ခံခဲ့ရ၏။

လူထုအစည်းအဝေးများ ပိတ်ပင်ခံရ

၁၉၆၆ ခုနှစ် ပြည်သူ့ငြိမ်ဝပ်ပိပြားရေးအက်ဥပဒေအရ လူထုအစည်းအဝေးအားလုံးကို အမျိုးသားသီချင်းဆိုပြီးစတင်ရန် အမိန့်ထုတ်ခဲ့သည်။ ထို့ကြောင့် လူထုကိုဖိတ်ခေါ်ပြီး စည်းဝေးပွဲများ မကျင်းပနိုင်တော့ချေ။ ညီအစ်ကိုများသည် ကိုယ်ပိုင်နေရာများတွင်၊ အများအားဖြင့် အပင်များနှင့်ကာရံထားသော နိုင်ငံတော်ခန်းမဝန်းကျင်တွင် ပို၍ကြီးသောစည်းဝေးများကျင်းပခြင်းဖြင့် အစိုးရ၏တောင်းဆိုချက်များကို လိုက်နာခဲ့ကြသည်။ စိတ်ဝင်စားသူများစွာသည် အဘယ်အရာဖြစ်နေသည်ကို သိလိုစိတ်ဖြင့် လာရောက်စူးစမ်းကြရာ ရလဒ်အနေနှင့် တက်ရောက်သူများ ပုံမှန်တိုးတက်လာခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ခရစ်တော်၏သေခြင်းအောက်မေ့ရာပွဲကို လူ ၁၂၀,၀၂၅ ဦးတက်ရောက်ခဲ့သည်။

“အဲဒီအချိန်အတွင်းမှာ ရုတ်တရက် အကြမ်းဖက်ဆန့်ကျင်မှုတွေ ဖြစ်ပေါ်ခဲ့တယ်။ ဆမ်ဖာဖ်ခရိုင်မှာ လူရမ်းကားအုပ်စုတစ်စုက ကာတန်ရှာအသင်းတော်က ညီအစ်ကိုမာဘိုကို တိုက်ခိုက်ပြီး သတ်ပစ်ခဲ့ကြတယ်။ တစ်ခါတလေ ညီအစ်ကိုတွေဟာ စည်းဝေးတွေမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရပြီး နိုင်ငံတော်ခန်းမတွေ မီးရှို့ခံခဲ့ရတယ်။ ဒါပေမဲ့ အာဏာပိုင်တွေက သက်သေခံတွေကိုလေးစားကြပြီး ဆန့်ကျင်သူတချို့ကို ဖမ်းဆီးအပြစ်ပေးခဲ့ကြတယ်” ဟုညီအစ်ကိုလဲန့်ပ် ချီဆန်ဂါပြန်ပြောပြသည်။

သူတို့ရဲ့ကိုယ်ပိုင်လေတပ်

ဆန့်ကျင်သူများက ယေဟောဝါသက်သေများသည် အလွန်ချမ်းသာသူများဖြစ်ပြီး နောက်အစိုးရတစ်ခုဖွဲ့စည်းလိမ့်မည်ဟု မဟုတ်မမှန်စွပ်စွဲခဲ့ကြ၏။ တစ်နေ့တွင် အာဏာရပါတီ၏အတွင်းရေးမှူးသည် ကစ်တ်ဝီဌာနခွဲရုံးသို့ ရုတ်တရက်ရောက်ရှိလာသည်။ ဂိတ်တွင်ရဲအရာရှိများ တသီတတန်းကြီးရှိနေခြင်းကြောင့် သူရောက်ရှိနေကြောင်း ညီအစ်ကိုများ သိလိုက်ရသည်။ ဌာနခွဲကိုယ်စားလှယ်များနှင့် အစည်းအဝေးပြုလုပ်ချိန်တွင် သူအလွန်စိတ်ဆိုးနေသည်။ သူက “ဒီအဆောက်အဦတွေဆောက်ဖို့ ငါတို့က ခွင့်ပြုချက်ပေးခဲ့တာ။ အဲဒါတွေနဲ့ မင်းတို့ ဘာလုပ်နေကြတာလဲ။ ဒါက မင်းတို့ရဲ့အစိုးရရုံးခန်းလား” ဟုအသံကျယ်ကျယ်ဖြင့် ပြောဆိုခဲ့သည်။

အချို့အာဏာပိုင်များက မဟုတ်မမှန်သတင်းများကို ဆက်ယုံကြည်ခဲ့ကြသည်။ ဇမ်ဘီယာအနောက်မြောက်ပိုင်းပြည်နယ်တွင် ရဲများက စည်းဝေးကြီးတစ်ခုကိုလူစုခွဲရန် ကြိုးစားရာတွင် မျက်ရည်ယိုဗုံးအသုံးပြုခဲ့ကြသည်။ ညီအစ်ကိုများက ဌာနခွဲရုံးကို ချက်ချင်းကြေးနန်းရိုက်အကြောင်းကြားခဲ့၏။ အခြေအနေများ အေးဆေးတည်ငြိမ်စေရန်နှင့် အထင်လွဲမှားမှုများကိုဖြေရှင်းရန် ဌာနခွဲမှနောက်ထပ်ကိုယ်စားလှယ်များအား နိုင်ငံခြားသားလယ်သမားတစ်ဦးက သူ၏ ကိုယ်ပိုင်လေယာဉ်ငယ်ဖြင့် ကာဘမ်ပိုသို့ ပို့ပေးခဲ့သည်။ ဝမ်းနည်းစရာမှာ ယင်းက လူအချို့၏သံသယစိတ်ကို မပပျောက်စေသည့်အပြင် ယခု သူတို့က သက်သေခံများတွင် ကိုယ်ပိုင်လေတပ်ရှိသည်ဟု သတင်းပို့ခဲ့ကြ၏။

စည်းဝေးကြီးကျင်းပသည့်နေရာတွင် ညီအစ်ကိုများက သုံးပြီးသော မျက်ရည်ယိုဗုံးဘူးခွံများကို ဂရုတစိုက်သိမ်းဆည်းခဲ့ကြသည်။ နောက်ပိုင်း ဌာနခွဲကိုယ်စားလှယ်များက ၎င်းတို့၏စိုးရိမ်ပူပန်မှုကို ဖော်ပြရန် အစိုးရအရာရှိများထံလည်ပတ်ခဲ့သောအခါ ယင်းဘူးခွံများကို မလိုအပ်ဘဲအတင်းအဓမ္မ အသုံးပြုရာများအဖြစ် တင်ပြခဲ့သည်။ ဤအဖြစ်အပျက်ကို လူအများသိသွားကြပြီး သက်သေခံများ၏ ငြိမ်းချမ်းစွာတုံ့ပြန်မှုမှာ လူသိရှင်ကြားဖြစ်ခဲ့သည်။

ကျွန်ုပ်တို့၏ရပ်တည်မှုကိုရှင်းပြခြင်း

ယေဟောဝါသက်သေများ၏ လုပ်ဆောင်ချက်များကို တရားဝင်မဖြစ်စေရန် ဆက်၍အရှိန်အဟုန်မြှင့်ကြိုးစားခဲ့ကြသည်။ ဌာနခွဲရုံးက ကျွန်ုပ်တို့၏ကြားနေရပ်တည်ချက်ကို အစိုးရထံရှင်းပြလိုခဲ့သည်။ စမာတ် ဖီရီနှင့် ဂျိုးနပ်စ် မန်ဂျိုနီတို့ကို ရွေးချယ်ပြီး အစိုးရဝန်ကြီးများရှေ့ တင်ပြလျှောက်ထားစေခဲ့ကြသည်။ ထိုသို့တင်ပြစဉ် ဝန်ကြီးတစ်ဦးက ညီအစ်ကိုများအား ပုတ်ခတ်ပြောဆိုခဲ့၏။ “မင်းတို့ကို အပြင်ဆွဲထုတ်ပြီး ရိုက်ချင်တယ်။ မင်းတို့ဘာလုပ်နေတယ်ဆိုတာ သိရဲ့လား။ မင်းတို့က ငါတို့ရဲ့အကောင်းဆုံးနိုင်ငံသားတွေကို သိမ်းသွင်းနေပြီး ငါတို့အတွက် ဘာတွေချန်ထားခဲ့မလဲ။ လူသတ်သမားတွေ၊ သူ့မယားပြစ်မှားသူတွေနဲ့ သူခိုးတွေပဲ ချန်ထားခဲ့မှာပေါ့” ဟုသူကပြောခဲ့သည်။

ညီအစ်ကိုများက ချက်ချင်းပြန်တုံ့ပြန်ခဲ့ကြသည်– “တချို့ဟာ အဲဒီလိုလူတွေ ဖြစ်ခဲ့ပါတယ်။ သူတို့ဟာ သူခိုးတွေ၊ သူ့မယားပြစ်မှားသူတွေ၊ လူသတ်သမားတွေ ဖြစ်ခဲ့ပေမဲ့ သမ္မာကျမ်းစာတန်ခိုးကြောင့် သူတို့ရဲ့အသက်တာကို ပြုပြင်ပြောင်းလဲပြီး ဇမ်ဘီယာရဲ့ အကောင်းဆုံးနိုင်ငံသားတွေ ဖြစ်လာကြတယ်! ဒါကြောင့်လည်း ကျွန်တော်တို့ကို လွတ်လပ်စွာဟောပြောခွင့်ပေးဖို့ တောင်းဆိုနေတာပါ။”—၁ ကော. ၆:၉-၁၁။

ပြည်နှင်ဒဏ်ပေးခြင်းနှင့် တစိတ်တပိုင်းပိတ်ပင်ခြင်း

အစပိုင်းတွင် ကျွန်ုပ်တို့သိရှိခဲ့သကဲ့သို့ သာသနာပြုများအား တိုင်းပြည်မှထွက်သွားရန် အမိန့်ထုတ်ခဲ့သည်။ ဖရန့်ခ် လူးဝစ္စ ဤသို့ပြောခဲ့သည်– “၁၉၆၈ ခုနှစ်၊ ဇန်နဝါရီလကို ကျွန်တော်တို့ဘယ်တော့မှ မမေ့ဘူး။ ညီအစ်ကိုတစ်ယောက်က ဖုန်းဆက်ပြီး လူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ယောက် အခုလေးတင် သူ့အိမ်ကိုလာသွားတဲ့အကြောင်း ပြောပြတယ်။ အရာရှိက သူ့ကို ပြည်နှင်ဒဏ်အမိန့်စာပေးပြီး ခုနစ်ရက်အတွင်း ဇမ်ဘီယာကအလုပ်တွေကို အပြီးသတ်ပြီး ထွက်သွားဖို့ပြောခဲ့တယ်။ သိပ်မကြာခင် တခြားသူတွေဆီကလည်း ဖုန်းခေါ်သံတွေဝင်လာတယ်။ နောက်ဆုံး ညီအစ်ကိုတစ်ယောက်က ဖုန်းဆက်ပြီး ကစ်တ်ဝီမှာ နောက်ထပ်ကြီးမားတဲ့ အရှုပ်အထွေးဖြစ်မယ်လို့ကြားခဲ့ကြောင်း ပြောတယ်။” ဤပြင်းထန်သောဖြစ်ရပ်များက သက်သေခံများ၏စည်းလုံးမှု ပျက်ပြားသွားစေရန်နှင့် ထက်သန်သောဟောပြောခြင်းလုပ်ငန်းတွင် စိတ်ဓာတ်ကျသွားစေရန် ရည်ရွယ်ခဲ့ကြောင်းထင်ရှားသည်။

နောက်နှစ်တွင် ပြည်သူ့လုံခြုံမှုထိန်းသိမ်းရေးအမိန့်ကို သမ္မတကအတည်ပြုခဲ့ရာ တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်ခဲ့သည်။ ဤပိတ်ပင်မှုကြောင့် ညီအစ်ကိုများသည် အလွန်အရေးပါသော အလွတ်သဘောသက်သေခံခြင်းဖြင့် ဓမ္မအမှုကိုပြန်လည်ဖွဲ့စည်းဖို့လိုအပ်ခဲ့၏။ ကျွန်ုပ်တို့၏ နိုင်ငံတော်ဓမ္မအမှုကို ကျွန်ုပ်တို့၏လစဉ်စာစောင်၊ “သတင်းကောင်းတင်ဆက်ခြင်း” အပိုင်းကို “ကျွန်ုပ်တို့၏အတွင်း ပိုင်ဆိုင်ရာဓမ္မအမှု” ဟုအမည်ပြောင်းလဲခဲ့သည်။ ယင်းက အစိုးရစာပေစိစစ်ရေးအဖွဲ့၏ အာရုံစိုက်မခံရအောင် ကူညီပေးခဲ့သည်။ ၁၉၇၁ ခုနှစ်၊ ဧပြီလတွင် အများဆုံးအိမ်တွင်းကျမ်းစာသင်အံမှု ၄၈,၀၀၀ နီးပါးမှတ်တမ်းသွင်းခဲ့ခြင်းက လုပ်ငန်းပိတ်ပင်ရန်ကြိုးစားအားထုတ်မှုများကြောင့် ညီအစ်ကိုများစိတ်ဓာတ်မကျခဲ့ကြောင်း ဖော်ပြ၏။

ယခုအင်္ဂလန်နိုင်ငံတွင်နေထိုင်သော ကလစ်ဗ် မောက်ဖို့ဒ်သည် သာသနာပြုများစွာနှင့်ပေါင်းသင်းခဲ့သည်။ သူဤသို့နောက်ကြောင်းပြန်၏– “ကျွန်တော်တို့ သက်သေခံတဲ့နည်းတစ်နည်းက လူတွေကိုကားကြုံလိုက်ဖို့ခေါ်ပြီး သူတို့နဲ့သမ္မာတရားအကြောင်း ဆွေးနွေးကြတယ်။ ကားထဲမှာ မဂ္ဂဇင်းတွေအမြဲအသင့်ဆောင်ထားတော့ ကားကြုံလိုက်တဲ့သူတစ်ယောက်ယောက်က အလွယ်တကူမြင်တွေ့နိုင်တယ်။”

ကျမ်းစာဆွေးနွေးခြင်းကို မပိတ်ပင်သော်လည်း စိတ်ဝင်စားသူတစ်ဦးထံမလည်ပတ်မီ ခွင့်ပြုချက်တောင်းရမည်ဟု ဥပဒေကပြဋ္ဌာန်းထားသည်။ ညီအစ်ကိုများသည် ယင်းဥပဒေနှင့်လွတ်ကင်းရန် ဆွေမျိုးများ၊ ယခင် ကျောင်းနေဖက်များ၊ အလုပ်ဖော်များနှင့် အခြားရင်းနှီးသူများထံ လည်ပတ်ကြသည့်အခါများလည်း ရှိသည်။ ထိုသို့လည်ပတ်ချိန်များတွင် စကားလက်ဆုံပြောခြင်းကို သမ္မာကျမ်းစာဘက်သို့ လိမ္မာပါးနပ်စွာဦးတည်ပေးနိုင်ခဲ့သည်။ မိသားစုဆွေမျိုးသားချင်း များသောကြောင့် မယုံကြည်သူဆွေမျိုးများနှင့် ရပ်ကွက်ရှိသူများစွာကို ဆက်သွယ်နိုင်ခဲ့ကြသည်။

၁၉၇၅ ခုနှစ်တွင် ဌာနခွဲက ဤသို့သတင်းပို့သည်– “ကျွန်ုပ်တို့ဒေသရှိ ကြေညာသူထောင်ပေါင်းများစွာသည် တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းတွင် တစ်ခါမျှမပါဝင်ဖူးကြချေ။ သို့သော် တပည့်သစ်များမွေးထုတ်ပေးကြပြီး အလွန်ကြီးမားသည့်သက်သေခံခြင်းကို လုပ်ဆောင်နေကြသည်။” တစ်အိမ်မှတစ်အိမ်လုပ်ငန်းကို ပိတ်ပင်ထားသောကြောင့် ညီအစ်ကိုများသည် သက်သေခံရန်အခြားနည်းလမ်းများကို အသုံးပြုခဲ့ကြသည်။ အစိုးရဌာနတစ်ခုတွင် မှတ်တမ်းထိန်းသိမ်းသူဖြစ်သော ညီအစ်ကိုတစ်ဦး၏ ပုံသက်သေမှာ ထူးခြား၏။ သူ့အလုပ်မှာ လူတို့၏ အမည်များနှင့် အသေးစိတ်အချက်အလက်များကို မှတ်တမ်းတင်ရသည်။ ကျမ်းစာအမည်ရှိသူများကို သူအထူးစိတ်ဝင်စားပြီး ထိုအမည်ဖြင့်ကျမ်းစာဇာတ်ကောင်အကြောင်း အဘယ်အရာသိရှိထားသည်ကို မေးမြန်းခဲ့သည်။ ယင်းက သက်သေခံရန်အခွင့်အလမ်းများစွာ ရရှိစေခဲ့သည်။ သူ၏ဌာနသို့လာသော မိခင်ဖြစ်သူတစ်ဦးသည် သူမ၏သမီးအား ဧဒင် ဟုအမည်ပေးထားသည်ကို သူသတိပြုမိခဲ့သည်။ “ဧဒင်” ၏အဓိပ္ပာယ်ကိုသိမသိ မေးမြန်းသည့်အခါ မိခင်ဖြစ်သူက မသိကြောင်းပြောခဲ့သည်။ ညီအစ်ကိုက အတိုချုပ်ရှင်းပြခဲ့ပြီး နီးကပ်လျက်ရှိသောအနာဂတ်တွင် ကမ္ဘာကြီးသည် ဧဒင်ရှိမူလပရဒိသုကဲ့သို့ ဖြစ်လာမည်ဟု ပြောပြခဲ့၏။ အမျိုးသမီးမှာ စိတ်ဝင်စားခဲ့ပြီး အိမ်လိပ်စာပေးခဲ့သည်။ သူမ၏ ခင်ပွန်းလည်းစိတ်ဝင်စားခဲ့ကာ မိသားစုလိုက်အစည်းအဝေးများစတင်တက်ရောက်ခဲ့ကြပြီး နောက်ဆုံးတွင် မိသားစုဝင်အချို့ နှစ်ခြင်းခံခဲ့ကြသည်။

အခြားကြေညာသူများက ၎င်းတို့၏လောကီလုပ်ငန်းတွင် အခွင့်အရေးရှာယူကာ သက်သေခံခဲ့ကြ၏။ သတ္တုတွင်းကုမ္ပဏီတစ်ခု၌ အလုပ်လုပ်သူ ရွိုက်သည် နေ့လယ်စာစားချိန်တွင် အလုပ်ဖော်များအား ကျမ်းချက်များအပေါ် သူတို့၏ယူဆချက်ကိုမေးမြန်းခဲ့သည်။ “မဿဲ ၁၆:၁၈ မှာဖော်ပြထားတဲ့ ‘ကျောက်’ ဆိုတာ ဘယ်သူဖြစ်မယ်လို့ ထင်သလဲ။” သို့မဟုတ် “ရောမ ၉:၃၃ မှာပါတဲ့ ‘ထိမိ၍လဲစရာကျောက်’ ကဘယ်သူလဲ။” မကြာခဏပင် အလုပ်သမားအုပ်စုကြီးသည် ကျမ်းစာရှင်းပြချက်များကို နားထောင်ရန်စုရုံးခဲ့ကြသည်။ ဤအလွတ်သဘောဆွေးနွေးခြင်းကြောင့် ရွိုက်၏အလုပ်ဖော်များစွာမှာ ဆက်ကပ်အပ်နှံနှစ်ခြင်းခံသည့်အထိ တိုးတက်ခဲ့ကြ၏။

ကျောင်းတွင်လူငယ်များ၏ ခိုင်မာသောရပ်တည်မှုကလည်း အခြားသူများအားသမ္မာတရားကို နားထောင်ရန် အခွင့်အလမ်းများရရှိစေခဲ့သည်။ လူငယ်အုပ်စုတစ်စုသည် အမျိုးသားသီချင်းဆိုဖို့ ငြင်းသည့်အခါ ဆရာဖြစ်သူမှာ အလွန်စိတ်ဆိုးပြီး အတန်းသားများအား အပြင်တွင်မတ်တတ်ရပ်ခိုင်းခဲ့သည်။ လူငယ်တစ်ဦးက ဤသို့ပြန်ပြောခဲ့၏– “ကျွန်တော်တို့ရဲ့ကိုယ်ပိုင် ဘာသာရေးသီချင်းတွေကိုတောင် မဆိုတတ်ဘူးလို့ ဆရာကထင်ခဲ့တယ်။ ဒါက ကျွန်တော်တို့ကို ကဲ့ရဲ့ပြောင်လှောင်ဖို့ အခွင့်အရေးပဲလို့ သူထင်ခဲ့ပုံရတယ်။ ဒါကြောင့် သူက တပည့်တွေကို ဘာသာတူအချင်းချင်း စုခိုင်းလိုက်တယ်။ အုပ်စုတစ်ခုစီကို သူတို့ချာ့ချ်ရဲ့သီချင်း တစ်ပုဒ်၊ နှစ်ပုဒ်ဆိုခိုင်းတယ်။ အုပ်စုနှစ်ခုက သီချင်းတစ်ပုဒ်မှ မမှတ်မိကြဘူး။ ဒါနဲ့ ဆရာက ကျွန်တော်တို့အုပ်စုကိုဆိုခိုင်းတယ်။ ကျွန်တော်တို့က ‘ဤနေ့ကား ယေဟောဝါရှင်၏နေ့’ ဆိုတဲ့သီချင်းကို စဆိုခဲ့ကြတယ်။ ကျွန်တော်တို့ဆိုတာ သိပ်ကောင်းလို့ထင်တယ်၊ ကျောင်းနားကဖြတ်သွားတဲ့ လူတွေတောင် ရပ်ပြီးနားထောင်ခဲ့ကြတယ်။ ‘ယေဟောဝါဘုရင်ဖြစ်လာ’ ဆိုတဲ့သီချင်းကို ကျွန်တော်တို့ဆက်ဆိုခဲ့ကြတယ်။ ဆရာအပါအဝင် လူတိုင်းက အားရပါးရလက်ခုပ်တီး ဩဘာပေးခဲ့ကြတယ်။ ကျွန်တော်တို့ အတန်းထဲပြန်ရောက်တော့ အတန်းဖော်တွေက ဒီလောက်ကောင်းတဲ့သီချင်းကို ကျွန်တော်တို့ဘယ်မှာ သင်ခဲ့သလဲလို့ လာမေးကြတယ်။ တချို့က ကျွန်တော်တို့နဲ့အတူ အစည်းအဝေးတွေလိုက်တက်ခဲ့ပြီး နောက်ပိုင်းမှာ တက်ကြွတဲ့သက်သေခံတွေ ဖြစ်လာကြတယ်။”

“စာအုပ်ဝေသူများ”

ဤကာလတစ်လျှောက်တွင် ညီအစ်ကိုများသည် “မြွေကဲ့သို့လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်း” ကြောင်း တင်ပြခဲ့ကြသည်။ (မ. ၁၀:၁၆) သူတို့၏ ထူးခြားသောစာပေများနှင့် လေ့လာမှုအထောက်အကူအဖြစ် ယင်းတို့ကို ထက်သန်စွာအသုံးပြုခြင်းကြောင့် ယေဟောဝါသက်သေများကို “စာအုပ်ဝေသူများ” ဟုအဓိပ္ပာယ်ရသော အဘာပွန်ယာ အီဖီတာဘို ဟုခေါ်ခဲ့ကြသည်။ ဆန့်ကျင်သူများက ညီအစ်ကိုများကိုနှုတ်ဆိတ်သွားရန် အခိုင်အမာကြိုးစားခဲ့ကြသော်လည်း နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းမှာ ဆက်၍အရှိန်အဟုန်မြင့်ခဲ့သည်။ နှစ်များတစ်လျှောက် အကြမ်းဖက်ဆန့်ကျင်မှုများ ရံဖန်ရံခါရှိခဲ့သော်လည်း ၁၉၈၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် ဆန့်ကျင်မှုများ လျော့နည်းသွားခဲ့သည်။

လွတ်လပ်ရေးရပြီးနောက် ၂၅ နှစ်အတွင်း လူ ၉၀,၀၀၀ နီးပါးနှစ်ခြင်းခံခဲ့ကြသည်။ သို့သော် တက်ကြွလှုပ်ရှားသောကြေညာသူဦးရေမှာ ၄၂,၀၀၀ သာတိုးတက်ခဲ့၏။ အဘယ်ကြောင့် ဤသို့ဖြစ်ခဲ့သနည်း။ အချို့သေဆုံးခဲ့ပြီး အခြားသူများမှာ ပြောင်းရွှေ့သွားခဲ့ခြင်းကြောင့် ဖြစ်ပေမည်။ သို့သော် “လူကိုကြောက်စိတ်ကြောင့်လည်း” ဖြစ်သည်ဟု ထိုအချိန်က ဌာနခွဲရုံးတွင်အမှုထမ်းသူ နယ်လ်ဒီပြန်ပြောပြ၏။ လူများစွာသည် မလှုပ်မရှား သို့မဟုတ် ဓမ္မအမှုတွင်မှန်မှန်မပါဝင်သူများ ဖြစ်လာကြသည်။ ထို့ပြင် လွတ်လပ်ရေးရခြင်းက အပြောင်းအလဲများဖြစ်ပေါ်စေခဲ့သည်။ ယခင်က နိုင်ငံခြားသားများလုပ်ကိုင်သော စီမံအုပ်ချုပ်မှုနှင့် စီးပွားရေးစီမံခန့်ခွဲမှုရာထူးများတွင် လူလိုအပ်လာသည်။ အိမ်ရာ၊ အလုပ်အကိုင်နှင့် ပညာရေးအတွက် အခွင့်အလမ်းသစ်များပေါ်လာရာ မိသားစုများစွာသည် ဝိညာဉ်ရေးရာအစား ရုပ်ပစ္စည်းလိုက်စားမှုများဘက်သို့ အာရုံလွဲသွားခဲ့ကြသည်။

သို့သော် လုပ်ငန်းတိုးတက်ခဲ့ပါသည်။ ပညာရှိ ရှောလမုန်ဘုရင် ဤသို့ရေးသားခဲ့၏– “နံနက်အချိန်၌ မျိုးစေ့ကိုကြဲလော့။ ညဦးအချိန်၌လည်း မကြဲဘဲမနေနှင့်။ အကြောင်းမူကား အဘယ်အရာသည် အကျိုးရှိမည်ကိုလည်းကောင်း၊ နှစ်ပါးစလုံးတို့သည် အညီအမျှအကျိုးရှိမည်ကိုလည်းကောင်း မသိနိုင်။” (ဒေ. ၁၁:၆) ညီအစ်ကိုများသည် သမ္မာတရားမျိုးစေ့ကြဲရာတွင် ကြိုးစားလုပ်ဆောင်ခဲ့ရာ အခြေအနေများပိုကောင်းမွန်လာသည်နှင့်အမျှ သီးပွင့်ဖြစ်ထွန်းလာသည်။ ပုံမှန်တိုးတက်မှုများကြောင့် စာအုပ်စာတမ်းဖြန့်ဝေမှု တိုးများလာရာ ၁၉၇၆ ခုနှစ်တွင် ထရပ်ကားတစ်စီးဝယ်ယူခဲ့သည်။ ၁၉၈၂ ခုနှစ်၌ ဌာနခွဲမှမိုင်အနည်းငယ်ဝေးသောနေရာတွင် ပုံနှိပ်စက်ရုံအသစ်ကို စတင်ဆောက်လုပ်ခဲ့၏။ ထိုတိုးတက်ဖြစ်ပေါ်မှုများက အနာဂတ်ဖွံ့ဖြိုးတိုးပွားမှုအတွက် အုတ်မြစ်ချပေးသည်။

ဗဟိုအာဖရိကရှိတိုင်းပြည်အနည်းငယ်သည် ဇမ်ဘီယာကဲ့သို့ ပြည်တွင်းစစ်ဒဏ်မှကင်းဝေးပြီး ငြိမ်သက်မှုခံစားခဲ့ရ၏။ “ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကိုကြားပြော” ဖို့ ယခုအခြေအနေများ အလွန်ကောင်းမွန်နေပြီဖြစ်ရာ “ညှဉ်းဆဲခြင်း” ခံခဲ့ရသည့်သစ္စာရှိသူများအနေနှင့် “ထာဝရအသက်ရှင်ခြင်းအလိုငှာ အသီးအနှံကိုစုသိမ်း” ခြင်းတွင်ဆက်အလုပ်များနေရန် လှုံ့ဆော်ခံကြရသည်။—ရော. ၁၀:၁၅; ၂ ကော. ၆:၄; ယော. ၄:၃၆။

ဌာနခွဲတိုးချဲ့ခြင်း

၁၉၃၀ ပြည့်လွန်နှစ်များတွင် လော်လန်း ဖိလစ်ပ်နှင့် လုပ်ဖော်ဆောင်ဖက်များသည် လူဆာကာရှိ ငှားရမ်းထားသောအခန်းနှစ်ခန်းပါနေအိမ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြ၏။ ယခုလက်ရှိ ဧက ၂၇၀ ကျယ်သောမြေပေါ်တွင် စေတနာ့ဝန်ထမ်း ၂၅၀ ကျော်အတွက် ဗေသလအဆောက်အအုံကြီးတစ်ခုဖြစ်လာမည်ကို မည်သူမျှတွေးထင်ခဲ့ကြမည်မဟုတ်ပေ။ ၎င်းညီအစ်ကိုညီအစ်မများသည် ကြေညာသူနှင့်ရှေ့ဆောင် ၁၂၀,၀၀၀ ကျော်အတွက် ဝိညာဏလိုအပ်ရာများကို လုပ်ဆောင်ပေးနေကြ၏။ ဤတိုးတက်မှုဖြစ်ပေါ်လာပုံကို အနည်းငယ်သုံးသပ်ကြည့်ကြစို့။

အစပိုင်းတွင် ကျွန်ုပ်တို့သိရှိခဲ့သည့်အတိုင်း ၁၉၃၆ ခုနှစ်၌ အာဏာပိုင်များ၏သဘောထား ပျော့ပျောင်းလာခဲ့ရာ လူဆာကာတွင် စာပေသိုလှောင်ရုံဖွင့်လှစ်ခွင့်ပြုခဲ့၏။ လုပ်ငန်းတိုးချဲ့လာခြင်းကြောင့် မကြာမီ ပို၍ကြီးမားသော အဆောက်အအုံလိုအပ်လာခဲ့သည်။ ဗဟိုရဲစခန်းအနီး၌ လူနေအိမ်တစ်လုံးရရှိခဲ့သည်။ “အဲဒီမှာ အိပ်ခန်းနှစ်ခန်းပါတယ်။ ထမင်းစားခန်းကို လုပ်ငန်းတော်ဌာနအဖြစ် အသုံးပြုပြီး ဝရန်တာကို ထုပ်ပို့ရေးဌာနအဖြစ် အသုံးပြုခဲ့ကြတယ်” ဟုဂျိုးနပ်စ် မန်ဂျိုနီ ပြန်ပြောပြသည်။ ၁၉၅၁ ခုနှစ်တွင် ဂျိုးနပ်စ်သည် လောကီလုပ်ငန်းမှခွင့်နှစ်ပတ်ယူကာ ဗေသလတွင်လာရောက်အမှုဆောင်ခဲ့ပြီး နောက်ပိုင်း ထိုတွင်အမြဲနေထိုင်ခဲ့သည်။ “အဲဒီမှာ ကောင်းစွာစီစဉ်ဖွဲ့စည်းထားပြီး ရွှင်လန်းတဲ့စိတ်သဘောထားရှိတယ်။ ကျွန်တော်က ညီအစ်ကိုဖိလစ်ပ်နဲ့အတူ ထုပ်ပို့ရေးဌာနမှာလုပ်ပြီး နှစ်စဉ်ကြေးနဲ့ မဂ္ဂဇင်းလိပ်တွေပေါ်မှာ တံဆိပ်ခေါင်းကပ်ပေးရတယ်။ ညီအစ်ကိုတွေအတွက် အမှုဆောင်နေတယ်ဆိုတဲ့အသိကြောင့် ပျော်ရွှင်ခဲ့တယ်” ဟုသူပြောပြသည်။ နောက်ပိုင်း လော်လန်း ဖိလစ်ပ်သည် ဟယ်ရီ အားနတ်နှင့်ပူးပေါင်းကာ ဂျော့ဘ် ဆီခီလာ၊ အဲန်ဒရူး ဂျောန် မူလာဘာကာ၊ ဂျောန် မူတလီ၊ ပေါတိဖာ ကာချီပါနှင့် မော်တန် ချီစူလို စသည့်ဒေသခံညီအစ်ကိုများနှင့်အတူ လုပ်ဆောင်ခဲ့သည်။

ဇမ်ဘီယာတွင် သတ္တုတွင်းလုပ်ငန်းအောင်မြင်ဖြစ်ထွန်းခြင်း၊ အခြေခံအဆောက်အအုံ ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် နိုင်ငံတစ်ဝန်းမှလူတို့အား သတ္တုတွင်းဒေသ၏ဆွဲဆောင်မှုကြောင့် လူဆာကာမြို့မှ ကြေးနီကြောဒေသသို့ ပို၍အာရုံစိုက်လာကြသည်။ အီယန် ဖာဂူဆန်သည် သတ္တုတွင်းဒေသတွင် အဆောက်အအုံဝယ်ယူရန် အကြံပြုခဲ့ရာ ၁၉၅၄ ခုနှစ်တွင် ဌာနခွဲရုံးကို လူအန်ရှားမြို့ရှိ ကင်းဂျော့ချ်ရိပ်သာလမ်းသို့ ပြောင်းရွှေ့ခဲ့သည်။ သို့သော် များမကြာမီပင် အရှေ့အာဖရိကဒေသအများစုအထိ ကျယ်ပြန့်လာသော ဆက်တိုက်တိုးချဲ့သည့်လုပ်ငန်းကို ကြည့်ရှုပေးရန် ဤအဆောက်အအုံမှာ အလွန်သေးငယ်လာခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် ကျင်းပသော “နိုးကြားသောဓမ္မအမှုဆောင်များ” ခရိုင်စည်းဝေးကြီးသို့ ကမ္ဘာ့ဌာနချုပ်မှ နေသန်နောရ် လည်ပတ်ချိန်တွင် ဌာနခွဲအသစ်အတွက် ဖြစ်နိုင်သည့်နေရာကိုသုံးသပ်ခဲ့ပြီး ဆောက်လုပ်ခွင့်ပြုခဲ့သည်။ “ကျွန်တော်ရယ်၊ ဖရန့်ခ် လူးဝစ္စနဲ့ ယူဂျင်းနီ ကီနတ်စ်ချူခ်တို့ဟာ ဗိသုကာရှင်တစ်ယောက်နဲ့အတူ ဌာနခွဲအသစ်အတွက်ပန္နက်ရိုက်ဖို့ ကစ်တ်ဝီမှာရှိတဲ့ မြေနေရာသစ်ကို သွားခဲ့ကြတယ်” ဟု ဂျက်ဖရီ ဝီလာ ပြန်ပြောပြသည်။ ၁၉၆၂၊ ဖေဖော်ဝါရီ ၃ ရက်တွင် လူနေအိမ်၊ ပုံနှိပ်သည့်အခန်းနှင့် နိုင်ငံတော်ခန်းမပါဝင်သော ဌာနခွဲရုံးကို ယေဟောဝါထံအပ်နှံခဲ့သည်။ အဆောက်အဦများအပ်နှံပွဲအစီအစဉ် နိဂုံးပိုင်းတွင် ထိုအချိန်က ဌာနခွဲအမှုထမ်းဖြစ်သူ ဟယ်ရီ အားနတ်က တစ်ဦးစီသည် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် မေတ္တာအရည်အသွေးများကို အသုံးပြုပြီး ပို၍အရေးကြီးသည့် ဝိညာဏအဆောက်အအုံဆောက်လုပ်ရာတွင် ကြိုးစားအားထုတ်ကြရန် အာရုံစိုက်စေခဲ့သည်။

မကြာမီ နိုင်ငံတော်ကြေညာသူ ၃၀,၁၂၉ ဦးမှ နောက်ဆယ်နှစ်အတွင်း ၅၇,၀၀၀ အထိတိုးတက်ခဲ့ရာ ယင်းအဆောက်အဦမှာ မလုံလောက်တော့ချေ။ “ညီအစ်ကိုနောရ်က ပုံနှိပ်လုပ်ငန်းကို တိုးချဲ့ဖို့တိုက်တွန်းခဲ့တယ်။ ညီအစ်ကိုတွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ တောင်အာဖရိက၊ အီလဲန်စ်ဖိုတင်းမှာရှိတဲ့ ဌာနခွဲကို ကျွန်တော်သွားခဲ့တယ်။ မကြာခင်မှာပဲ ပုံနှိပ်စက်တစ်လုံးကို အဲဒီကနေ ကစ်တ်ဝီကို လေယာဉ်နဲ့ပို့ပေးခဲ့တယ်” ဟုအီယန် ဖာဂူဆန် ပြောပြသည်။

ကစ်တ်ဝီတွင် စာပေနှင့်မဂ္ဂဇင်းများအပြင် ကင်ညာနှင့်အရှေ့အာဖရိကရှိ အခြားဒေသများသို့ပို့ပေးရန် လစဉ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကိုလည်း ထုတ်ဝေခဲ့သည်။ မကြာမီပင် ပုံနှိပ်တိုက်လေးမှာ ကျဉ်းကျပ်လာပြီး ပုံနှိပ်စက်ကို ရွှေ့ပြောင်းဖို့လိုလာသည်။ ညီအစ်ကိုများအတွက် အဆင်ပြေသည့်မြေနေရာတစ်ခုကို မြို့တော်ကောင်စီက ကန့်ကွက်သောအခါ ညီအစ်ကိုတစ်ဦးရောက်လာပြီး သူ၏မြေကွက်ကို ကမ်းလှမ်းခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် အဆောက်အအုံကို ဆောက်လုပ်ပြီးစီးခဲ့၏။ ကစ်တ်ဝီမှပုံနှိပ်စက်သည် ဆယ်စုနှစ်သုံးခုကြာအထိ ဇမ်ဘီယာရှိ ဟောပြောခြင်းလုပ်ငန်း၏ ဝိညာဏဗဟိုဖြစ်ခဲ့သည်။

သာသနာပြုများပြည်နှင်ခံရပြီးနောက် ခက်ခဲသောနှစ်များအတွင်း ဌာနခွဲရုံးတွင်အမှုထမ်းသူများ တိုးများလာရာ ဗေသလမိသားစုဝင် ၁၄ ဦးမှာ ဗေသလပြင်ပတွင် သူတို့မိသားစုများနှင့်အတူ နေထိုင်ခဲ့ရ၏။ ရှေ့တွင်လုပ်ဆောင်ရမည့်လုပ်ငန်းကို ကောင်းမွန်စွာကိုင်တွယ်နိုင်ရန် ပြုပြင်ပြောင်းလဲမှုများ လိုအပ်ခဲ့သည်။ ထိုအချိန်တွင် တိုးများလာသောမိသားစုအတွက် အိမ်နှစ်လုံးဝယ်ခဲ့ပြီး အခြားတစ်လုံးကို ငှားရမ်းခဲ့သည်။ သို့တိုင် အဆောက်အဦသစ် လိုအပ်ခဲ့၏။ ဝမ်းသာစရာမှာ မကြာမီ အခြေအနေများ ထူးထူးခြားခြားတိုးတက်လာသည်။ ၁၉၈၆ ခုနှစ်တွင် တာဝန်ရှိညီအစ်ကိုများအား ဌာနခွဲအသစ်အတွက် မြေနေရာရှာဖို့ တာဝန်ပေးခဲ့သည်။ မြို့တော်အနောက်ဘက် ကိုးမိုင်အကွာရှိ ဧက ၂၇၀ ကျယ်ဝန်းသောမြေကို ရရှိခဲ့သည်။ ဤနေရာတွင် မြေအောက်ရေကောင်းစွာရနိုင်သောကြောင့် ယင်းသည် ပညာရှိရွေးချယ်မှုဖြစ်သည်။ “ဒီလောက်ကောင်းမွန်လှပတဲ့နေရာကို ယေဟောဝါလမ်းညွှန်ပေးတာပဲလို့ ကျွန်တော်ထင်တယ်” ဟု ဒေရဲလ် ရှာ့ပ် ကောက်ချက်ချခဲ့၏။

ဆက်ကပ်အပ်နှံခြင်းနှင့် တိုးပွားခြင်း

၁၉၉၃၊ ဧပြီ ၂၄ ရက်၊ စနေနေ့တွင် အဆောက်အဦသစ်အပ်နှံပွဲအတွက် ယေဟောဝါ၏သက်တမ်းကြာကျေးကျွန်များ ထောင်နှင့်ချီစုရုံးခဲ့ကြသည်။ ဒေသခံညီအစ်ကိုညီအစ်မ ၄,၀၀၀ အပြင် လွန်ခဲ့သော အနှစ် ၂၀ ခန့်က ဇမ်ဘီယာမှထွက်ခွာသွားခဲ့ကြသည့် သာသနာပြုများအပါအဝင် နိုင်ငံတကာမှဧည့်သည် ၁၆၀ ကျော်တက်ရောက်သည်။ အုပ်ချုပ်ရေးအဖွဲ့ဝင်နှစ်ဦးမှ တစ်ဦးဖြစ်သူ သီအိုဒေါရ် ဂျဲရက်စ်က “ဘုရားသခင့်ဓမ္မအမှုဆောင်များအဖြစ် မိမိကိုယ်ကို ထင်ရှားပြခြင်း” ခေါင်းစဉ်ဖြင့်ဟောပြောခဲ့သည်။ နှစ်ပေါင်းများစွာ သစ္စာရှိရှိအမှုဆောင်ခဲ့သူများသာ ခံနိုင်ရည်မရှိခဲ့ပါက အဆောက်အအုံဆောက်ရန် လိုအပ်မည်မဟုတ်ကြောင်း သူပြန်သတိရစေခဲ့သည်။ ကောရိန္သုအသင်းသားများအား ပေါလုပြောသောစကားကို ရည်ညွှန်းလျက် သူက စစ်မှန်သောဓမ္မအမှုဆောင်တစ်ဦးသည် အခက်အခဲများ၊ စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများကို ရင်ဆိုင်နိုင်စေသည့် ဝိညာဉ်တော်အသီးများကို ပြုစုပျိုးထောင်ကြောင်း ပေါ်လွင်စေခဲ့၏။ “သင်တို့ဟာ ဘုရားသခင့်ဓမ္မအမှုဆောင်များအဖြစ် ကိုယ့်ကိုယ်ကိုထင်ရှားပြခဲ့ကြပြီ။ လုပ်ငန်းတိုးချဲ့လာတဲ့အတွက် ဒီဌာနခွဲအသစ်ကို ဆောက်လုပ်ရခြင်းဖြစ်တယ်” ဟုသူမှတ်ချက်ချခဲ့သည်။

၂၀၀၄ ခုနှစ်တွင် အထပ်လေးထပ်၊ အခန်း ၃၂ ခန်းပါသော လူနေအိမ်အသစ်ကို ဆောက်လုပ်ပြီးစီးခဲ့၏။ စတုရန်းပေ ၁၁,၀၀၀ နီးပါးကျယ်သော ပုံနှိပ်စက်နေရာကို ပြန်လည်ပုံစံပြောင်းခဲ့သည်။ ဘာသာပြန်ရုံးခန်း ၄၇ ခန်း၊ ဖိုင်တွဲသိမ်းဆည်းရန်နှင့် ကွန်ဖရင့်အစည်းအဝေးအခန်းများ၊ စာကြည့်ခန်းတို့အတွက် နောက်ထပ်နေရာများ ဝင်ဆံ့ရန်ဖြစ်သည်။

စီးပွားရေးကျပ်တည်းမှုများနှင့် အခြားခက်ခဲမှုများရှိသော်လည်း ဇမ်ဘီယာမှ ယေဟောဝါသက်သေများသည် ဘုရားသခင့်လုပ်ငန်းတော်တွင် ကြွယ်ဝနေကြကာ အခြားသူများအား သူတို့၏ဝိညာဉ်ရေးကြွယ်ဝမှုများ ဝေမျှပေးရခြင်းကို အခွင့်ထူးအဖြစ်ယူမှတ်ကြသည်။—၂ ကော. ၆:၁၀။

လူအပေါင်းရှေ့သမ္မာတရားကိုထင်ရှားပြခြင်း

ဇမ်ဘီယာနိုင်ငံ၏ မိသားစုကိုအလေးထားသည့်ယဉ်ကျေးမှုက နှစ်များတစ်လျှောက် လူများစွာကို သမ္မာတရားလမ်းပေါ်ရောက်ရှိစေရန် အခွင့်အလမ်းဖွင့်ပေးခဲ့သည်။ ဇမ်ဘီယာအနောက်ပိုင်းပြည်နယ်မှ စကားပုံတစ်ခုမှာ နွားသည် မိမိဦးချိုကိုလေးသည်ဟုမထင် ဖြစ်၏။ တစ်နည်းဆိုသော် မိသားစုအားကြည့်ရှုစောင့်ရှောက်ခြင်းတာဝန်ကို ဝန်ထုပ်ဝန်ပိုးဟုမယူမှတ်သင့်ပေ။ ခရစ်ယာန်မိဘများသည် ဘုရားသခင်ရှေ့ မိမိတို့စာရင်းရှင်းရမည့်တာဝန်ကို အသိအမှတ်ပြုပြီး သားသမီးများအပေါ် အပြုသဘောပါသြဇာသက်ရောက်စေကြသည်။ အပြောအဆိုနှင့်အပြုအမူအားဖြင့် ခရစ်ယာန်ဓမ္မအမှုကို ထင်ရှားပြကြသည်။ ယနေ့ ၎င်းသစ္စာရှိသူများ၏ ထက်သန်သောသားမြေးသက်သေခံများစွာ ရှိနေပါသည်။—ဆာ. ၁၂၈:၁-၄။

ဇမ်ဘီယာရှိ ယေဟောဝါသက်သေများသည် ယေဟောဝါ၏စိတ်ရှည်သည်းခံမှုနှင့် ထောက်မမှုကြောင့် အောင်မြင်ပြီးမြောက်နေသောအရာများတွင် ပျော်မွေ့နေကြ၏။ (၂ ပေ. ၃:၁၄၊ ၁၅) “မှန်ကန်သော” ကျမ်းစာအခြေပြုယုံကြည်ချက်များက အစောပိုင်းခေတ်မှ မသေချာသောကာလတစ်လျှောက် ခံနိုင်ရည်ရှိရန် ကူညီပေးခဲ့သည်။ တက်ကြွပြီး “ချစ်ယောင်မဆောင်အမှန်ချစ်” သည့်မေတ္တာက မျိုးနွယ်အသီးသီးမှ လူများကြားတွင် ဆက်လက်နှောင်ဖွဲ့လျက်ရှိကာ မလိုလားဖွယ်ပြဿနာများကင်းသော ပုံမှန်ဝိညာဏတိုးပွားမှုကို ဖြစ်ပေါ်စေသည်။ “ဖြောင့်မတ်သောအကျင့်တည်းဟူသော လက်နက်များကို ဝတ်ဆင်” ပြီး “ကြင်နာစွာ” ခုခံကာကွယ်ပြောဆိုခြင်းဖြင့် သူတို့သည် အာဏာပိုင်များအပါအဝင် လူများစွာ၏စိတ်နှလုံးကိုဖွင့်ပေးခဲ့ကြကာ မကြာခဏ “ချီးမွမ်းခြင်း” ခံရကြသည်။ ယခု ခိုင်ခံ့သောအသင်းတော်ပေါင်း ၂,၁၀၀ ကျော်ကို “အသိပညာ” ဖြင့် တည်ထောင်ထားပြီး လိုအပ်သောဒေသများတွင် အရည်အချင်းရှိသော ဓမ္မအမှုထမ်းသင်တန်းကျောင်းဆင်းများက ကြီးကြပ်ပေးလျက်ရှိသည်။ ရှေ့တွင် ကြီးစွာသော “ဆင်းရဲခြင်း” ကြုံရနိုင်သော်လည်း ယေဟောဝါသက်သေများသည် အတူတကွ “အစဉ်ဝမ်းမြောက်” ကြကြောင်း စိတ်ချနိုင်ကြသည်။—၂ ကော. ၆:၄-၁၀၊ ကဘ။

၁၉၄၀ ပြည့်လုပ်ငန်းတော်နှစ်အတွင်း ၅,၀၀၀ ခန့်ရှိသူတို့သည် ယေရှုအမိန့်ကိုနာခံသည့်အနေနှင့် ကိုယ်တော်၏သေခြင်းအောက်မေ့ရာပွဲကို ကျင်းပခဲ့ကြသည်။ ယင်းသည် နိုင်ငံလူဦးရေ ၂၀၀ လျှင် ၁ ယောက်ခန့်ရှိသည်။ မကြာသေးမီနှစ်များ၌ လူဦးရေငါးသိန်းကျော်—၂၀၀၄ ခုနှစ်တွင် ၅၇၀,၃၈၁ ဦး—တို့သည် ထိုအထူးညချမ်းတွင် ယေဟောဝါကိုဂုဏ်တင်ခဲ့ကြပြီး ယင်းသည် အယောက် ၂၀ လျှင် ၁ ယောက်ခန့်ရှိ၏။ (လု. ၂၂:၁၉) ယေဟောဝါ၏လူမျိုးတော်သည် အဘယ်ကြောင့် ဤမျှတိုင်တိုးတက်ခဲ့သနည်း။ ဝိညာဏတိုးပွားမှုသည် ယေဟောဝါကြောင့်ဖြစ်ပြီး ကိုယ်တော်သာ ချီးမွမ်းဂုဏ်တင်မှုကိုရထိုက်၏။—၁ ကော. ၃:၇။

သို့ရာတွင် ဇမ်ဘီယာရှိ ယေဟောဝါသက်သေများသည် သူတို့အပိုင်းကိုလုပ်ဆောင်ခဲ့ကြပါသည်။ “သတင်းကောင်းဟောပြောဖို့ ကျွန်တော်တို့မရှက်မကြောက်ခဲ့ကြဘူး။ ကျွန်တော်တို့အတွက် ဒါက အခွင့်ထူးပဲ” ဟုဌာနခွဲကော်မတီက မှတ်ချက်ချခဲ့၏။ ယေဟောဝါသက်သေများသည် အလည်အပတ်လာသူများကို ဖော်ရွေပျူငှာစွာ ချဉ်းကပ်ဟောပြောခဲ့ကြသည်။ ထို့ကြောင့် နိုင်ငံလူဦးရေ ၁၀၀ လျှင်ကြေညာသူ ၁ ယောက်ရှိခြင်းမှာ အံ့ဩစရာမဟုတ်ပါ။ သို့တိုင် လုပ်ကိုင်စရာများစွာ ရှိပါသေးသည်။

“ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည်ပြေးဝင်သဖြင့် လုံခြုံစွာနေရကြ၏။” (သု. ၁၈:၁၀) စိတ်ထားမှန်သူများသည် ယခုပင် ယေဟောဝါထံပြေးဝင်ရန် အရေးတကြီးလိုအပ်နေပါသေးသည်။ ဇမ်ဘီယာတွင် လက်ရှိကျမ်းစာသင်အံမှုပေါင်း ၂၀၀,၀၀၀ နီးပါး လစဉ်ကျင်းပလျက်ရှိပြီး လူတို့အား ယေဟောဝါထံ ဆက်ကပ်အပ်နှံကာ ထက်သန်သောဓမ္မအမှုဆောင်များဖြစ်လာရန် ကူညီပေးလျက်ရှိသည်။ ဇမ်ဘီယာရှိ တက်ကြွလှုပ်ရှားနေသော ကြေညာသူ ၁၂၀,၀၀၀ ကျော်အတွက် ဤလမ်းစဉ်ကိုထောက်ခံရန် အကြောင်းရင်းများစွာရှိပါသည်။

[စာမျက်နှာ ၁၆၈ ပါ လေးထောင့်ကွက်]

ဇမ်ဘီယာနိုင်ငံအကြောင်း ခြုံငုံသုံးသပ်ချက်

နယ်မြေ– ဇမ်ဘီယာနိုင်ငံသည် သစ်ပင်များထူထပ်စွာဖုံးအုပ်ထားသည့် ပြန့်ပြူးသော ကုန်းတွင်းပိတ်နိုင်ငံဖြစ်ကာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄,၀၀၀ ခန့်မြင့်သော ကုန်းပြင်မြင့်တွင်တည်ရှိသည်။ တောင်ဘက်နယ်နိမိတ်အများစုကို ဇမ်ဘီဇီမြစ်ဖြင့်ပိုင်းခြားထားသည်။

လူမျိုး– ဇမ်ဘီယာလူမျိုးအများစုမှာ စာရေးတတ်ဖတ်တတ်ကြပြီး ခရစ်ယာန်ဖြစ်ကြ၏။ ကျေးလက်ဒေသများရှိလူများသည် မြက်ပင်နှင့်မိုးထားသောအိမ်များတွင် နေထိုင်ကြကာ အနီးဝန်းကျင်တွင် စားပင်သောက်ပင်များ စိုက်ပျိုးကြသည်။

ဘာသာစကား– အင်္ဂလိပ်စကားသည် ရုံးသုံးဘာသာစကားဖြစ်သော်လည်း တိုင်းရင်းသားစကားပေါင်း ၇၀ ကျော်ကိုလည်း ပြောဆိုကြသည်။

အသက်မွေးဝမ်းကျောင်း– အဓိကစက်မှုလုပ်ငန်းမှာ ကြေးနီတူးဖော်ခြင်းနှင့် ထုတ်လုပ်ခြင်းဖြစ်သည်။ လယ်ယာထွက်ကုန်ပစ္စည်းများမှာ ပြောင်းဖူး၊ နှံစားပြောင်း၊ စပါးနှင့် မြေပဲတို့ဖြစ်၏။

အစားအစာ– ပြောင်းဖူးကို အများဆုံးစားသုံးကြသည်။ အနှစ်သက်ဆုံးအစားအစာများတွင် အဲန်ရှီမာ ခေါ် ပြောင်းဖူးကွေကာပါဝင်သည်။

ရာသီဥတု– ဤနိုင်ငံသည် အမြင့်ပိုင်းတွင် တည်ရှိသောကြောင့် ဗဟိုအာဖရိကတောင်ပိုင်းနိုင်ငံ တစ်နိုင်ငံတွင်ရှိမည်ဟုထင်ရသော ရာသီဥတုလောက် မပြင်းထန်ပေ။ မကြာခဏ မိုးခေါင်တတ်၏။

[စာမျက်နှာ ၁၇၃-၁၇၅ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ထောင်ဒဏ် ၁၇ လနှင့် ကြာပွတ်ဖြင့် ၂၄ ချက်အရိုက်ခံရ

ကိုဆာမူ မောန်ဇာ

မွေးဖွားသည့်နှစ်– ၁၈၈၆

နှစ်ခြင်းခံသည့်နှစ်– ၁၉၁၈

ကိုယ်ရေးရာဇဝင်အကျဉ်း– နှိပ်စက်ညှဉ်းပန်းမှုနှင့် ညီအစ်ကိုဖြစ်ယောင်ဆောင်သူများက ဖြစ်ပေါ်စေသော ဘေးဒုက္ခတို့ကို ခံနိုင်ရည်ရှိခဲ့သူ ဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် သူ၏မြေကြီးအသက်တာကုန်ဆုံးချိန်အထိ ရှေ့ဆောင်တစ်ဦးနှင့် အကြီးအကဲအဖြစ် သစ္စာရှိစွာအမှုဆောင်ခဲ့၏။

ပထမကမ္ဘာစစ်ဖြစ်ပွားစအချိန်မှာ စစ်မှုထမ်းဖို့ ကျွန်တော်စာရင်းသွင်းခဲ့ပြီး မြောက်ပိုင်းရိုဒီးရှားတပ်ရင်းမှာ ဆေးရုံအထွေထွေလုပ်သားအဖြစ် လုပ်ကိုင်ခဲ့တယ်။ ၁၉၁၇ ခုနှစ်၊ ဒီဇင်ဘာလမှာ အားလပ်ခွင့်ရတုန်း ကျမ်းစာကျောင်းသားတွေနဲ့ ပေါင်းသင်းနေတဲ့ တောင်ပိုင်းရိုဒီးရှားက လူနှစ်ယောက်နဲ့တွေ့ဆုံခဲ့တယ်။ သူတို့က ကျွန်တော့်ကို ကျမ်းစာစောင်များမှလေ့လာစရာများ ဆိုတဲ့စာအုပ်ခြောက်အုပ်တွဲကို ပေးခဲ့တယ်။ ဒီစာအုပ်တွေထဲက အကြောင်းအရာတွေကို သုံးရက်လုံးအငမ်းမရဖတ်ခဲ့တယ်။ စစ်တပ်ထဲကို ကျွန်တော်ပြန်မသွားတော့ဘူး။

ယေဟောဝါသက်သေများရဲ့ဌာနခွဲရုံးနဲ့ ဆက်သွယ်ရတာခက်ခဲတဲ့အတွက် ကျွန်တော်နဲ့တခြားညီအစ်ကိုတွေက ညွှန်ကြားချက်မရှိဘဲ လုပ်ဆောင်ခဲ့ရတယ်။ ကျွန်တော်တို့ တစ်ရွာပြီးတစ်ရွာသွားကြတယ်။ အနီးအနားကလူတွေကိုစုပြီးတော့ ဟောပြောချက်ပေးတယ်။ နားထောင်တဲ့သူတွေ မေးတဲ့မေးခွန်းတွေကို ဆွေးနွေးသုံးသပ်ခဲ့ကြတယ်။ နောက်ပိုင်း နိုင်ငံရဲ့မြောက်ပိုင်း၊ ဂါလိလဲလို့ခေါ်တဲ့နေရာမှာ အစည်းအဝေးတွေလုပ်ဖို့ ရွေးချယ်လိုက်ကြတယ်။ အဲဒီနေရာကိုလာပြီး ကျမ်းစာရှင်းပြချက်တွေကို နားထောင်ကြဖို့ စိတ်ဝင်စားသူတွေကို ဖိတ်ခေါ်ခဲ့ကြတယ်။ ကိစ္စအားလုံးကြီးကြပ်ဖို့ ကျွန်တော့်ကိုတာဝန်ခန့်အပ်ခဲ့တယ်။ ဝမ်းနည်းစရာက ညီအစ်ကိုယောင်ဆောင်တဲ့သူ အများကြီးပေါ်လာပြီး စိတ်ရှုပ်ထွေးစေခဲ့ကြတယ်။

ကျွန်တော်တို့ စိတ်အားထက်သန်စွာဟောပြာခဲ့ကြပြီး ကျွန်တော်တို့ရဲ့လုပ်ဆောင်မှုကြောင့် ဒီဒေသမှာရှိတဲ့ ကက်သလစ်နဲ့ပရိုတက်စတင့်သာသနာပြုတွေရဲ့ စားကျက်တွေပျက်စီးခဲ့တယ်။ စည်းဝေးကြီးတွေကို ဆက်ကျင်းပခဲ့ကြတယ်။ ၁၉၁၉ ခုနှစ်၊ ဇန်နဝါရီလက အီဆိုကာမြို့အနီးတောင်ကုန်းမှာ လူ ၆၀၀ လောက်စုရုံးခဲ့ကြတာကို ပြန်သတိရမိတယ်။ ရဲတွေနဲ့စစ်သားတွေရောက်လာပြီး စုရုံးရတဲ့ရည်ရွယ်ချက်ကိုမသိဘဲ ကျမ်းစာတွေနဲ့စာအုပ်တွေကိုဖျက်ဆီးကြပြီး ကျွန်တော်တို့ထဲက အများစုကို ဖမ်းဆီးခဲ့ကြတယ်။ တချို့က ကာဆာမာမြို့မှာ၊ တချို့က အမ်ဘာလာမှာ၊ တခြားသူတွေကတော့ တောင်ဘက်စွန်းက လစ်ဗင်းစတုန်းမြို့မှာ ထောင်ချခံခဲ့ရတယ်။ တချို့က သုံးနှစ်ထောင်ဒဏ်ကျခဲ့တယ်။ ကျွန်တော်က ထောင်ဒဏ် ၁၇ လနဲ့ တင်ပါးမှာကြာပွတ်နဲ့ ၂၄ ချက်အရိုက်ခံခဲ့ရတယ်။

ကျွန်တော်ထောင်ကလွတ်လာတာနဲ့ ဇာတိရွာကိုပြန်သွားပြီး ဟောပြောခြင်းလုပ်ငန်းကို ပြန်လုပ်ခဲ့တယ်။ နောက်ပိုင်း ကျွန်တော်ပြန်အဖမ်းခံရတယ်။ ကြာပွတ်နဲ့အချက်ပေါင်းများစွာ အရိုက်ခံရပြီး ထောင်ကျခဲ့တယ်။ ဆန့်ကျင်မှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တယ်။ ရွာသူကြီးက ညီအစ်ကိုတွေကို ရွာကနေမောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော်တို့ကို ကြိုဆိုတဲ့ရွာသူကြီးရှိတဲ့ တခြားရွာကို ကျွန်တော်တို့အားလုံး ပြောင်းရွှေ့ခဲ့ရတယ်။ အဲဒီမှာ ကျွန်တော်တို့နေထိုင်ခဲ့ကြပြီး ရွာသူကြီးခွင့်ပြုချက်နဲ့ နာဇရက်လို့ခေါ်တဲ့ ကိုယ်ပိုင်ရွာတည်ဆောက်ခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုက ငြိမ်သက်မှုကို အနှောင့်အယှက်မပေးမချင်း အဲဒီမှာနေဖို့ခွင့်ပြုခဲ့တယ်။ ကျွန်တော်တို့ရဲ့အမူအကျင့်ကို ရွာသူကြီးနှစ်သက်ခဲ့တယ်။

၁၉၂၄ ခုနှစ်အကုန်ပိုင်းမှာ မြောက်ဘက်မှာရှိတဲ့ အီဆိုကာကို ကျွန်တော်ပြန်သွားခဲ့ပြီး အဲဒီမှာ စာနာတတ်တဲ့ခရိုင်ဝန်တစ်ယောက်က အင်္ဂလိပ်စကားပိုနားလည်လာအောင် ကူညီပေးခဲ့တယ်။ အဲဒီအချိန်အတောအတွင်း ဘာသာရေးခေါင်းဆောင်လို့ ကိုယ့်ကိုယ်ကိုတင်မြှောက်တဲ့သူတွေပေါ်လာပြီးတော့ မှားယွင်းတဲ့အရာတွေကိုသွန်သင်ကြပြီး လူများစွာကိုလမ်းလွဲစေခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ကိုယ်ပိုင်အိမ်တွေမှာ သတိရှိရှိ ဆက်ပြီးတွေ့ဆုံစည်းဝေးခဲ့ကြတယ်။ နှစ်အတော်ကြာပြီးတဲ့နောက် လူဆာကာမြို့မှာ ညီအစ်ကိုလော်လန်း ဖိလစ်ပ်နဲ့တွေ့ဆုံဖို့ ဖိတ်ခေါ်စာရရှိခဲ့တယ်။ သူက ကျွန်တော့်ကို ဇမ်ဘီယာနဲ့ တန်ဇန်းနီးယားကြား နယ်စပ်တစ်လျှောက်မှာရှိတဲ့ အသင်းတော်တွေကိုလည်ပတ်ဖို့ တာဝန်ပေးခဲ့တယ်။ တန်ဇန်းနီးယားမှာရှိတဲ့ အမ်ဘီးယားမြို့အထိ ကျွန်တော်သွားခဲ့ပြီး ညီအစ်ကိုတွေကို အားပေးထောက်မခဲ့တယ်။ တိုက်နယ်တစ်ခု လည်ပတ်ပြီးတိုင်း ကျွန်တော့်ရဲ့ဒေသခံအသင်းတော်ကို ပြန်လာခွင့်ရခဲ့တယ်။ ၁၉၄၀ ပြည့်လွန်နှစ်မှာ တိုက်နယ်ကြီးကြပ်မှူးတွေ ခန့်အပ်ချိန်အထိ ဒီလိုပဲလုပ်ခဲ့တယ်။

[စာမျက်နှာ ၁၈၄-၁၈၆ ပါ ရုပ်ပုံများ]

မြောက်ပိုင်းအိမ်နီးချင်းနိုင်ငံများကို ကူညီခြင်း

၁၉၄၈ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခါစဖြစ်သော မြောက်ပိုင်းရိုဒီးရှားဌာနခွဲရုံးသည် ဗြိတိသျှအရှေ့အာဖရိကဟုခေါ်သောနယ်မြေရှိ ဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်ခဲ့၏။ ထိုအချိန်က ဇမ်ဘီယာမြောက်ပိုင်း အိမ်နီးချင်းနိုင်ငံများ၏ ကုန်းမြင့်ဒေသများတွင် ကြေညာသူအနည်းငယ်သာရှိသည်။ အကြောင်းမှာ စိတ်နှိမ့်ချသူများ သမ္မာတရားသင်ယူရန်ကူညီပေးသော နိုင်ငံခြားသာသနာပြုများဝင်ရောက်ခြင်းကို အစိုးရက အပြင်းအထန် တားဆီးပိတ်ပင်ထားသောကြောင့်ဖြစ်သည်။

ဟက်ပီး ချီဆန်ဂါသည် ဇမ်ဘီယာအလယ်ပိုင်းပြည်နယ်တွင် မှန်မှန်ရှေ့ဆောင်အဖြစ် အမှုဆောင်လိုကြောင်း တင်ပြသော်လည်း သူ့အား တန်ဇန်းနီးယားနိုင်ငံ၊ အန်ဂျမ်ဘီအနီးရှိ သီးခြားရပ်ကွက်တွင် အမှုဆောင်ရန် ဖိတ်ခေါ်သည့်အတွက် အံ့သြခဲ့ရသည်။ “ကျွန်တော်နဲ့ကျွန်တော့်ဇနီးက ‘သီးခြား’ ဆိုတဲ့စကားလုံးတွေ့တော့ ဝေးလံတဲ့ဒေသမှာရှိတဲ့ ကြေညာသူတွေနဲ့အတူ လုပ်ဆောင်ရမယ်လို့ ထင်ခဲ့ကြတာ။ ဒါပေမဲ့ မကြာခင်မှာပဲ ကျွန်တော်တို့ဟာ ဒီဒေသမှာ ဦးဆုံးဟောပြောသူတွေဆိုတာ သိလာရတယ်။ လူတွေကို ယေဟောဝါဆိုတဲ့နာမည်နဲ့ အာမဂေဒုန်စတဲ့ အသုံးအနှုန်းတွေအကြောင်း သူတို့ကျမ်းစာထဲကနေပြပေးတဲ့အခါ သူတို့အာရုံစိုက်လာကြတယ်။ မကြာခင်မှာ ကျွန်တော့်ဇနီးကို အာမဂေဒုန်လို့ခေါ်ပြီး ကျွန်တော့်ကိုယေဟောဝါလို့ခေါ်ခဲ့ကြတယ်။ နောက်ဆုံး အရုရှားကို ကျွန်တော်တို့ပြောင်းရွှေ့သွားတဲ့အခါ ဒီဒေသမှာ ခိုင်ခံ့တဲ့ကြေညာသူအုပ်စုတစ်စု ရှိနေပြီဖြစ်တယ်။”

၁၉၅၇ ခုနှစ်တွင် ဝီလျံ လဲန့်ပ် ချီဆန်ဂါသည် တောင်တန်းများဝန်းရံထားသော တန်ဇန်းနီးယားနိုင်ငံ၊ အမ်ဘေအာမြို့တွင် အထူးရှေ့ဆောင်အဖြစ်အမှုဆောင်ရန် ခန့်အပ်ခံခဲ့ရ၏။ “နိုဝင်ဘာလမှာ ကျွန်တော့်ဇနီး၊ မေရီ၊ ကလေးနှစ်ယောက်နဲ့အတူ ဒီမြို့ကိုရောက်ခဲ့ကြတယ်။ ဟိုတယ်တွေအားလုံး လူပြည့်နေတာကြောင့် ကားဂိတ်မှာတစ်ညလုံးနေခဲ့ရတယ်။ ညမှာချမ်းပြီးမိုးရွာနေပေမဲ့ ကိစ္စရပ်တွေကို ယေဟောဝါဘယ်လိုညွှန်ကြားပေးမလဲဆိုတာကို စောင့်မျှော်နေခဲ့ကြတယ်။ နောက်တစ်နေ့မနက်မှာ ကျွန်တော့်မိသားစုကို ကားဂိတ်မှာထားခဲ့ပြီး တည်းခိုစရာနေရာသွားရှာခဲ့တယ်။ ဘယ်နေရာကိုသွားနေမှန်းမသိပေမဲ့ ကျွန်တော်နဲ့အတူ ကင်းမျှော်စင် တွေယူသွားခဲ့တယ်။ စာတိုက်ကိုရောက်တဲ့အချိန်မှာ ကျွန်တော် မဂ္ဂဇင်းအများကြီးဝေငှခဲ့ပြီးပြီ။ အဲဒီမှာ ဂျောန်ဆင်လို့ခေါ်တဲ့လူတစ်ယောက်နဲ့ တွေ့တယ်။ သူက ‘ခင်ဗျားဘယ်ကလာတာလဲ။ ဘယ်သွားမလို့လဲ’ ဆိုပြီးမေးတယ်။ ကျွန်တော်က သတင်းကောင်းဟောဖို့ ရောက်လာတဲ့အကြောင်း ပြောပြလိုက်တယ်။ ကျွန်တော်ဟာ ယေဟောဝါသက်သေတစ်ယောက်ဖြစ်မှန်းသိတာနဲ့ သူက ဇမ်ဘီယာအရှေ့ပိုင်းပြည်နယ်၊ လူန်ဒါဇီမြို့ဇာတိကဖြစ်ကြောင်းနဲ့ မလှုပ်မရှားဖြစ်နေတဲ့ နှစ်ခြင်းခံပြီးသားသက်သေခံတစ်ဦးဖြစ်ကြောင်း ပြောပြတယ်။ ကျွန်တော့်မိသားစုနဲ့ ပစ္စည်းအားလုံး သူ့အိမ်ကိုပြောင်းရွှေ့ဖို့စီစဉ်ခဲ့ကြတယ်။ အတန်ကြာတော့ ဂျောန်ဆင်နဲ့သူ့ဇနီးတို့ဟာ ဝိညာဉ်ရေးမှာခွန်အားပြန်ရရှိလာကြပြီး ဆွာဟီလီစကားသင်ယူရာမှာ ကျွန်တော်တို့ကိုကူညီပေးခဲ့တယ်။ နောက်ပိုင်း ဇမ်ဘီယာကို သူတို့ပြန်သွားကြပြီး သတင်းကောင်းကို တက်ကြွစွာဟောပြောသူတွေ ဖြစ်လာကြတယ်။ ဒီအတွေ့အကြုံက ယေဟောဝါရဲ့ကူညီနိုင်စွမ်းကို ဘယ်တော့မှလျှော့မတွက်ဖို့နဲ့ တခြားသူတွေကို ကူညီနိုင်တဲ့အခွင့်အရေးတွေကို တန်ဖိုးထားဖို့ ကျွန်တော့်ကိုသင်ပေးခဲ့တယ်။”

ဘားနဒ် မူဆန်ဂါ၊ သူ့ဇနီးပေါ်လီးန်နှင့် ကလေးငယ်တို့သည် ယူဂန်ဒါ၊ ကင်ညာနှင့် အီသီယိုးပီးယားစသည့် နိုင်ငံအသီးသီးတွင် အချိန်ပြည့်လုပ်ငန်းလုပ်ဆောင်ခဲ့ကြ၏။ စေးရှီးလ်စ်ကျွန်းကို လည်ပတ်ခဲ့ချိန်အကြောင်း ဘားနဒ် ဤသို့ပြန်ပြောပြ၏– “၁၉၇၆ ခုနှစ်မှာ လှပတဲ့ ပရပ်လင်းကျွန်းက အုပ်စုဆီကိုလည်ပတ်ဖို့ ကျွန်တော့်ကို တာဝန်ပေးခဲ့တယ်။ လူတွေက အမာခံကက်သလစ်ဘာသာဝင်တွေဖြစ်ပြီး နားလည်လွဲမှုတွေဖြစ်ပေါ်နေတယ်။ ဥပမာ၊ ကြေညာသူအသစ်တစ်ဦးရဲ့ သားငယ်က သင်္ချာဘာသာသင်ခန်းစာမှာ အပေါင်းလက္ခဏာသုံးဖို့ငြင်းဆိုခဲ့တယ်။ ‘ဒါကလက်ဝါးကားတိုင်ပဲ၊ လက်ဝါးကားတိုင်ကို ကျွန်တော်မယုံဘူးလို့’ ပြောခဲ့တယ်။ အဲဒီအခါ ဘာသာရေးခေါင်းဆောင်တွေက ‘ယေဟောဝါသက်သေတွေဟာ သူတို့သားသမီးတွေကို သင်္ချာဘာသာမသင်ခိုင်းဘူး’ ဆိုပြီး ယုတ္တိမရှိစွပ်စွဲခဲ့ကြတယ်။ ဒါပေမဲ့ ပညာရေးဝန်ကြီးနဲ့တွေ့ဆုံဆွေးနွေးပွဲမှာ ကျွန်တော်တို့ရဲ့ယုံကြည်ချက်တွေကို ရိုသေလေးစားစွာ ရှင်းပြခဲ့ပြီး နားလည်လွဲမှုတွေကို ဖြေရှင်းခဲ့ကြတယ်။ ဝန်ကြီးနဲ့ရင်းရင်းနှီးနှီးဆက်ဆံခဲ့တဲ့အတွက် သာသနာပြုတွေရောက်ရှိလာဖို့ လမ်းဖွင့်ပေးနိုင်ခဲ့တယ်။”

[ရုပ်ပုံ]

ဟက်ပီးအမ်ဝါဘာ ချီဆန်ဂေါ

[ရုပ်ပုံ]

ဝီလျံ လဲန့်ပ် ချီဆန်ဂေါ

[ရုပ်ပုံ]

ဘားနဒ်နှင့် ပေါ်လီးန် မူဆန်ဂေါ

[စာမျက်နှာ ၁၉၁၊ ၁၉၂ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

“မင်းအနာဂတ်ကို မင်းဖျက်ဆီးနေတာ”

မူကိုဆီကူ ဆီနာလီ

မွေးဖွားသည့်နှစ်– ၁၉၂၈

နှစ်ခြင်းခံသည့်နှစ်– ၁၉၅၁

ကိုယ်ရေးရာဇဝင်အကျဉ်း– ဂိလဒ်ကျောင်းဆင်းနှင့် ဘာသာပြန်တစ်ဦးဖြစ်ခဲ့ပြီး အသင်းတော်အကြီးအကဲတစ်ဦးအဖြစ် အမှုဆောင်နေသည်။

ကျွန်တော်နှစ်ခြင်းခံတဲ့နေ့မှာ သာသနာပြု ဟယ်ရီ အားနတ်က ကျွန်တော့်ကို စကားလာပြောတယ်။ ဆီလိုဇီစကားနဲ့ ဘာသာပြန်မယ့်သူတွေ လိုအပ်နေတဲ့အတွက် “ကူညီပေးနိုင်မလား” လို့မေးတယ်။ မကြာခင်မှာ ခန့်အပ်တဲ့စာနဲ့အတူ ကင်းမျှော်စင် တစ်စောင်ကို ရရှိခဲ့တယ်။ အဲဒီညနေမှာပဲ စိတ်အားထက်သန်စွာနဲ့ စဘာသာပြန်တော့တယ်။ ဘာသာပြန်တဲ့အလုပ်က ခက်ခဲပြီး မင်တံအဟောင်းလေးနဲ့ နာရီပေါင်းများစွာစာရေးရတယ်။ ဆီလိုဇီအဘိဓာန်လည်း မရှိဘူး။ နေ့ဘက်မှာ စာတိုက်တစ်ခုမှာအလုပ်လုပ်ပြီး ညကျမှ ဘာသာပြန်အလုပ်ကိုလုပ်တယ်။ တစ်ခါတလေ ဌာနခွဲကနေ “ကျေးဇူးပြု၍ ဘာသာပြန်ပြီးလျှင် ချက်ချင်းပြန်ပို့ရန်” ဆိုတဲ့စာရရှိတယ်။ “ငါဘာကြောင့် အချိန်ပြည့်လုပ်ငန်းထဲမဝင်နိုင်ရတာလဲ” လို့ မကြာခဏ မေးမိတယ်။ နောက်ဆုံး စာတိုက်ကနေ အလုပ်ထွက်လိုက်တယ်။ အထက်လူကြီးတွေက ကျွန်တော့်ကို ယုံကြည်ကြပေမဲ့ အလုပ်ထွက်တာကို သံသယရှိကြတယ်။ ငွေတွေများခိုးထားလို့လား။ ဒါကြောင့် ဥရောပစစ်ဆေးရေးမှူးနှစ်ယောက်ကိုလွှတ်ပြီး စစ်ဆေးခိုင်းတယ်။ အသေအချာစစ်ဆေးပြီးတဲ့နောက် ဘာပြဿနာမှမတွေ့ကြဘူး။ ကျွန်တော် ဘာကြောင့်အလုပ်ထွက်ရတယ်ဆိုတာကို သူတို့နားမလည်နိုင်ကြဘူး။ အလုပ်ရှင်တွေက ကျွန်တော်ဆက်လုပ်ဖို့ ရာထူးတိုးပေးမယ်လို့ပြောကြတယ်။ ဒါပေမဲ့ ကျွန်တော်ကငြင်းလိုက်တော့ “မင်းအနာဂတ်ကို မင်းဖျက်ဆီးနေတာ” လို့ပြောကြတယ်။

အဲဒါက မမှန်ခဲ့ပါဘူး။ ၁၉၆၀ ပြည့်နှစ်မှာ ဗေသလကို ကျွန်တော် ဖိတ်ခေါ်ခံခဲ့ရတယ်။ အဲဒီနောက် မကြာခင်မှာ ဂိလဒ်ကျောင်းတက်ဖို့ ဖိတ်ခေါ်ခံရပြန်တယ်။ ကျွန်တော် စိုးရိမ်သွားတယ်။ ပထမဆုံးအကြိမ် ပါရီကို၊ ပါရီကနေ အမ်စတာဒမ်မြို့၊ အဲဒီကနေ နယူးယောက်မြို့ကို လေယာဉ်စီးသွားရတယ်။ ‘ဘိသိက်ခံတွေ ကောင်းကင်တက်တဲ့အခါ ဒီလိုပဲခံစားရမယ်ထင်တယ်’ လို့ကျွန်တော်တွေးမိတာကို မှတ်မိသေးတယ်။ ကမ္ဘာ့ဌာနချုပ်ရဲ့ နွေးထွေးတဲ့ကြိုဆိုမှု၊ ညီအစ်ကိုတွေပြခဲ့တဲ့ နှိမ့်ချမှုနဲ့ လူမျိုးရေးခွဲခြားမှုလုံးဝမရှိတာတွေက ကျွန်တော့်နှလုံးကို ထိမိခဲ့တယ်။ ဇမ်ဘီယာမှာပြန်တာဝန်ကျပြီး ဘာသာပြန်လုပ်ငန်းကို ကျွန်တော်ဆက်လုပ်ခဲ့တယ်။

[စာမျက်နှာ ၁၉၄ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ရွှေလင်းတများထက် လျင်မြန်

ကာတူးကူ နကိုဘော်န်ဂိုသည် မသန်စွမ်းသူဖြစ်ပြီး လမ်းမလျှောက်နိုင်ပေ။ တိုက်နယ်ကြီးကြပ်မှူးလည်ပတ်သည့် တနင်္ဂနွေနေ့တစ်နေ့တွင် သူနေသောရွာသို့ သူပုန်များလာနေသည့်သတင်းကို ရုတ်တရက် ကြားလိုက်ကြသည်။ အားလုံး ထွက်ပြေးကုန်ကြသည်။ နောက်ဆုံးမှထွက်ပြေးသူတစ်ဦးမှာ တိုက်နယ်ကြီးကြပ်မှူး မီယန်ဂါ မာဘိုလျှိုဖြစ်သည်။ လုံခြုံသောနေရာသို့သွားရန် စက်ဘီးပေါ်တက်လိုက်စဉ် အနီးရှိတဲထဲမှ “ညီအစ်ကို၊ ကျွန်တော့်ကို ဒီမှာထားခဲ့တော့မလို့လား” ဟူသည့်ငိုသံကြားလိုက်သည်။ ယင်းမှာ ကာတူးကူ၏ အသံဖြစ်သည်။ တိုက်နယ်ကြီးကြပ်မှူးက သူ့ကိုစက်ဘီးပေါ်အမြန်တင်ပြီး ရွာမှထွက်ခွာခဲ့သည်။

ဇမ်ဘီယာနိုင်ငံ၏တောင်ဘက်သို့သွားသည့်လမ်းမှာ ခက်ခဲကြမ်းတမ်းလှသည်။ ညီအစ်ကို နကိုဘော်န်ဂိုမှာ မတ်စောက်သောတောင်ကုန်းများကို တွား၍တက်ခဲ့ရသည်။ တိုက်နယ်ကြီးကြပ်မှူးက ဤသို့ပြန်ပြောပြသည်– “ကျွန်တော်က ခြေထောက်နှစ်ချောင်းနဲ့တက်တာဖြစ်ပေမဲ့ သူကကျွန်တော့်ထက်အရင် တောင်ထိပ်ကိုရောက်နေတယ်။ ဒါကြောင့် ‘ဒီလူကခြေထောက်မသန်ပေမဲ့ တောင်ပံတွေရှိနေသလိုပဲ’ လို့ကျွန်တော်ပြောခဲ့တယ်။ နောက်ဆုံး လုံခြုံတဲ့နေရာရောက်ပြီး ကျွန်တော်တို့ကို ထမင်းကျွေးတဲ့အခါ သူ့ကိုဆုတောင်းခိုင်းတယ်။ သူရဲ့လှိုက်လှိုက်လှဲလှဲဆုတောင်းချက်ကြောင့် ကျွန်တော်မျက်ရည်ဝဲခဲ့ရတယ်။ ဟေရှာယကျမ်း အခန်းကြီး ၄၀ ကိုကိုးကားပြီး ‘အိုယေဟောဝါ၊ လူပျိုတို့သည်မော၍ ပင်ပန်းခြင်းသို့ရောက်ကြလိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍လဲကြလိမ့်မည်။ ကိုယ်တော်ကိုမျှော်လင့်သောသူတို့မူကား အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်းမပင်ပန်း၊ ခရီးသွားသောအခါမမောရကြ ဆိုတဲ့ကိုယ်တော်ရဲ့ စကားတွေက မှန်ကန်လှပါတယ်။ ကောင်းကင်မှာရှိတဲ့ရွှေလင်းတတွေထက် ကျွန်တော့်ကို ပိုလျင်မြန်စေတဲ့အတွက် ကိုယ်တော့်ကိုကျေးဇူးတင်ပါတယ်’ လို့သူဆုတောင်းခဲ့တယ်။”

[စာမျက်နှာ ၂၀၄၊ ၂၀၅ ပါ ရုပ်ပုံ]

ကာကီရောင်ဘောင်းဘီတိုနှင့် တင်းနစ်ရိုက်ရှူးဖိနပ်အညိုရောင်

ဖိလေမုန် ကာဆီဖိုး

မွေးဖွားသည့်နှစ်– ၁၉၄၈

နှစ်ခြင်းခံသည့်နှစ်– ၁၉၆၆

ကိုယ်ရေးရာဇဝင်အကျဉ်း– ဇမ်ဘီယာနိုင်ငံတွင် နယ်လှည့်ကြီးကြပ်မှူး၊ ဓမ္မအမှုထမ်းသင်တန်းကျောင်းတွင် သွန်သင်ပေးသူနှင့် ညှိနှိုင်းရေးမှူးအဖြစ်အမှုဆောင်နေသည်။

အဖိုးဖြစ်သူက ဓမ္မအမှုမှာ ကျွန်တော့်ကို လေ့ကျင့်ပေးခဲ့တယ်။ ကျောင်းနေဖက်တွေဆီ ကျွန်တော့်ကို မကြာခဏခေါ်သွားပြီး သူတို့ကိုသက်သေခံခိုင်းတယ်။ ပုံမှန်မိသားစုသင်အံမှုကို အဖိုးကဦးဆောင်ပြီး ဘယ်သူမှအိပ်ငိုက်လို့မရဘူး။ မိသားစုသင်အံမှုကို ကျွန်တော်အမြဲမျှော်နေတတ်တယ်။

ကျွန်တော်တို့အိမ်နားမှာရှိတဲ့ မြစ်ထဲမှာ ကျွန်တော်နှစ်ခြင်းခံခဲ့တယ်။ နောက်တစ်လအကြာ အသင်းတော်မှာ ပထမဆုံးဟောပြောချက်ပေးခဲ့တယ်။ အဲဒီနေ့တုန်းက ကာကီရောင်ဘောင်းဘီတိုအသစ်နဲ့ တင်းနစ်ရိုက်ရှူးဖိနပ်အညိုရောင် ဝတ်ခဲ့တာကို ကျွန်တော်မှတ်မိသေးတယ်။ ဒါပေမဲ့ ရှူးဖိနပ်ကြိုးကိုတင်းနေအောင်ချည်မိလို့ သက်သောင့်သက်သာမရှိခဲ့ဘူး။ အဲဒါကို အသင်းတော်အမှုထမ်းက သတိပြုမိတဲ့အတွက် စင်မြင့်ဆီလျှောက်လာပြီး ကျွန်တော်ငြိမ်ငြိမ်လေးရပ်နေတုန်း ကြင်နာစွာနဲ့ ဖိနပ်ကြိုးကိုလျှော့ပေးလိုက်တယ်။ ဟောပြောချက်ကောင်းကောင်းပေးနိုင်ခဲ့ပြီး အဲဒီကြင်နာမှုရှိတဲ့လုပ်ရပ်ကနေ ကျွန်တော်သင်ယူခဲ့တယ်။ ကျွန်တော့်ကို ယေဟောဝါဘုရားသခင် အများကြီးလေ့ကျင့်ပေးခဲ့တာ တွေ့ရတယ်။

ဟေရှာယ ၆၀:၂၂ ပြည့်စုံတာကို ကျွန်တော့်မျက်စိနဲ့ မြင်ခဲ့ရတယ်။ အသင်းတော်အရေအတွက် တိုးများလာတဲ့အတွက် တာဝန်တွေကိုကိုင်တွယ်ဖို့ ကောင်းကောင်းလေ့ကျင့်ပေးခံထားရတဲ့ အကြီးအကဲတွေနဲ့ ဓမ္မအမှုထမ်းတွေပိုလိုအပ်လာတယ်။ ဓမ္မအမှုထမ်းသင်တန်းကျောင်းက အဲဒီလိုအပ်မှုကိုဖြည့်ဆည်းပေးတယ်။ အဲဒီလူငယ်တွေကို သင်ကြားပေးရတာ တကယ့်ပျော်ရွှင်စရာပဲ။ ယေဟောဝါဘုရားသခင်ဟာ သင့်ကိုအလုပ်တာဝန်တစ်ခု အပ်နှင်းတဲ့အခါ ကိုယ်တော်ရဲ့သန့်ရှင်းသောဝိညာဉ်တော်ကိုပါ သေချာပေါက်ပေးတယ်ဆိုတာ ကျွန်တော်သင်ယူရရှိခဲ့တယ်။

[စာမျက်နှာ ၂၀၇-၂၀၉ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

“အို၊ ဒါလေးက မဖြစ်စလောက်လေးပါ”

အက်ဒ်ဝပ်ဒ်နှင့် လင်ဒါ ဖင့်ချ်

မွေးဖွားသည့်နှစ်– ၁၉၅၁

နှစ်ခြင်းခံသည့်နှစ်– ၁၉၆၉ နှင့် ၁၉၆၆ အသီးသီး

ကိုယ်ရေးရာဇဝင်အကျဉ်း– ၆၉ ကြိမ်မြောက် ဂိလဒ်ကျောင်းဆင်းများဖြစ်သည်။ အက်ဒ်ဝပ်ဒ်သည် ဇမ်ဘီယာနိုင်ငံတွင် ဌာနခွဲကော်မတီညှိနှိုင်းရေးမှူးအဖြစ် အမှုဆောင်နေသည်။

ခရိုင်စည်းဝေးကြီးကျင်းပတဲ့ ကာလတစ်ခုမှာ နိုင်ငံမြောက်ပိုင်းတစ်လျှောက်ကို ကျွန်တော်တို့သွားကြတယ်။ တောလမ်းတွေဖြစ်တဲ့ လမ်းနည်းနည်းပဲရှိတယ်။ ရွာအပြင်ဘက် မိုင်တော်တော်များများရောက်တဲ့အခါ မျက်နှာချင်းဆိုင်ကနေ လူတစ်စု လျှောက်လာနေတာတွေ့ရတယ်။ တစ်ယောက်ကတော့ ခါးကုန်းနေတဲ့အဖိုးအိုတစ်ယောက်ဖြစ်ပြီး တုတ်ကောက်တစ်ချောင်းနဲ့သွားနေတယ်။ သူရဲ့ဘွတ်ဖိနပ်ကို ပစ္စည်းတွေထည့်ထားတဲ့ ကျောပိုးအိတ်မှာ တွဲချည်ထားတယ်။ ပိုနီးလာတာနဲ့ သူနဲ့တခြားသူတွေ ခရိုင်စည်းဝေးကြီးရင်ထိုးကတ်တွေ တပ်ဆင်ထားတာတွေ့ရတယ်။ သူတို့ဘယ်ကလဲဆိုတာမေးဖို့ ကျွန်တော်တို့ကားရပ်လိုက်တယ်။ အသက်ကြီးတဲ့ညီအစ်ကိုက အရှေ့နည်းနည်းတိုးလာပြီး “ညီအစ်ကို မမှတ်မိတော့ဘူးလား။ ချဲန်းစာခရိုင်စည်းဝေးကြီးကို ကျွန်တော်တို့ အတူတူတက်ခဲ့ကြတာလေ။ အခု အိမ်ရောက်ခါနီးပြီ” လို့ပြောတယ်။

“စည်းဝေးကြီးပြီးတော့ ဘယ်တုန်းထဲကထွက်လာတာလဲ” လို့ကျွန်တော်တို့မေးလိုက်တယ်။

“တနင်္ဂနွေနေ့အစီအစဉ်ပြီးတော့ ထွက်လာကြတာ။”

“ဒါပေမဲ့ အခု ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းတောင်ရောက်နေပြီ။ သုံးရက်တောင်လမ်းလျှောက်ခဲ့တာပေါ့။”

“ဟုတ်တယ်၊ မနေ့ညကဆို ခြင်္သေ့ဟိန်းသံတွေ ကျွန်တော်တို့ကြားတယ်။”

“ခရိုင်စည်းဝေးကြီးတက်ဖို့ ညီအစ်ကိုတို့အားလုံးပြသခဲ့တဲ့ ကောင်းမွန်လှတဲ့စိတ်ဓာတ်နဲ့ ကိုယ်ကျိုးစွန့်မှုတွေကို တကယ်ချီးမွမ်းထိုက်တယ်။”

သက်ကြီးညီအစ်ကိုက သူ့ပစ္စည်းတွေကို သိမ်းဆည်းပြီး စလမ်းလျှောက်ရင်း “အို၊ ဒါလေးက မဖြစ်စလောက်လေးပါ။ ညီအစ်ကို ဌာနခွဲကိုပြန်ရောက်တဲ့အခါ ခရိုင်စည်းဝေးကြီးနေရာသစ်အတွက် ကျေးဇူးတင်တယ်ဆိုတာပြောပေးပါ။ မနှစ်တုန်းကဆို လမ်းငါးရက်လျှောက်ခဲ့ရပေမဲ့ ဒီနှစ်တော့သုံးရက်ပဲလျှောက်ရတယ်” လို့ပြောခဲ့တယ်။

၁၉၉၂ ခုနှစ်တုန်းက ဇမ်ဘီယာမှာ မိုးခေါင်ရေရှားဖြစ်ခဲ့တယ်။ အဲဒီတုန်းက ဝိတိုရိယရေတံခွန်နဲ့ မိုင် ၁၂၀ လောက်ဝေးတဲ့ ဇမ်ဘီဇီမြစ်ကမ်းနားမှာလုပ်တဲ့ ခရိုင်စည်းဝေးကြီးကို ကျွန်တော်တို့တက်ခဲ့တယ်။ ညနေပိုင်းမှာ မိသားစုတွေဆီ ကျွန်တော်တို့လည်ပတ်ခဲ့ကြတယ်။ အများစုက သူတို့ရဲ့တဲလေးတွေရှေ့မှာမွှေးထားတဲ့ မီးပုံနားမှာ ဝိုင်းအုံနေခဲ့ကြတယ်။ အယောက် ၂၀ လောက်ရှိတဲ့အုပ်စုတစ်စုက နိုင်ငံတော်သီချင်းဆိုနေခဲ့ကြတယ်။ ခရိုင်စည်းဝေးကြီးတက်ဖို့ သူတို့ ရှစ်ရက်လမ်းလျှောက်ခဲ့ရတယ်။ ဒါပေမဲ့ အထူးတလည် တစ်ခုခုလုပ်ခဲ့တယ်လို့ သူတို့မခံစားကြရဘူး။ သူတို့ရဲ့တိရစ္ဆာန်တွေပေါ်မှာ ကလေးငယ်တွေ၊ အစားအစာ၊ ချက်ပြုတ်ရေးအသုံးအဆောင်နဲ့ တခြားလိုအပ်ရာတွေတင်ပြီး ကြုံတဲ့နေရာမှာ ညအိပ်ပြီး ခရီးသွားခဲ့ကြတယ်။

နောက်တစ်နေ့မှာ မိုးခေါင်ရေရှားမှုက လူအတော်များများကို ထိခိုက်ခဲ့တဲ့အတွက် လိုအပ်တဲ့သူတွေကို ကူညီပေးခဲ့တဲ့အကြောင်း ကြေညာခဲ့တယ်။ အဲဒီညနေမှာ ညီအစ်ကိုသုံးယောက်က ကျွန်တော်တို့ရဲ့တဲလေးကိုလာခဲ့ကြတယ်။ သူတို့တစ်ယောက်မှ ဖိနပ်မစီးထားကြဘူး။ သူတို့ရဲ့အဝတ်အစားတွေကလည်း ဟောင်းနွမ်းနေတယ်။ မိုးခေါင်ရေရှားမှုက သူတို့ကို ဘယ်လိုထိခိုက်ခဲ့သလဲဆိုတာပြောဖို့ လာတယ်လို့ ကျွန်တော်တို့ထင်နေကြတာ။ အဲဒါကိုပြောမယ့်အစား သူတို့က ညီအစ်ကိုတချို့ခံစားခဲ့ရတဲ့ ဒုက္ခတွေအကြောင်းကြားရလို့ သူတို့ဘယ်လောက်တောင် ဝမ်းနည်းရတဲ့အကြောင်းကိုပဲ ပြောကြတယ်။ တစ်ယောက်က ပိုက်ဆံအပြည့်ပါတဲ့စာအိတ်ကို သူ့အင်္ကျီအိတ်ထဲက ထုတ်လိုက်ပြီး “သူတို့ဆာလောင်နေတာကို ကျေးဇူးပြုပြီး ဒီအတိုင်းပစ်မထားပါနဲ့။ ဒီငွေနဲ့ သူတို့အတွက် စားစရာအချို့ဝယ်ပေးပါ” လို့ပြောခဲ့တယ်။ ကျွန်တော်တို့ စိတ်မကောင်းဖြစ်လွန်းလို့ ကျေးဇူးတင်တယ်လို့ မပြောနိုင်ခင်မှာပဲ သူတို့ပြန်ထွက်သွားကြတယ်။ ဒီအကူအညီငွေပေးမယ်လို့ ကြိုတင်ပြင်ဆင်ပြီးမှ ခရိုင်စည်းဝေးကြီးကို သူတို့လာကြတာမဟုတ်တဲ့အတွက် ဒီအကူအညီငွေတွေဟာ တကယ့်ကိုယ်ကျိုးစွန့်မှုကြီးဆိုတာ ပြနေတယ်။ ဒီလိုတွေ့ကြုံမှုတွေက ကျွန်တော်တို့ကို ညီအစ်ကိုတွေနဲ့ပိုနီးကပ်စေခဲ့တယ်။

[ရုပ်ပုံများ]

ညီကိုညီမများစွာတို့ စည်းဝေးပွဲများနှင့် စည်းဝေးကြီးများတက်ရန် ခက်ခဲမှုများကြားမှ မိုင်ပေါင်းများစွာ ခရီးသွားကြရ

အပေါ်ပုံ- ခရိုင်စည်းဝေးကြီးတစ်ခုတွင် ညစာချက်ပြုတ်စဉ်

လက်ဝဲ- အပြင်ဘက်မီးဖိုတွင် မုန့်ဖုတ်စဉ်

[စာမျက်နှာ ၂၁၁-၂၁၃ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

စည်းဝေးရန်စိတ်ပိုင်းဖြတ်ထား

အေရုန် မာပူလန်ဂါ

မွေးဖွားသည့်နှစ်– ၁၉၃၈

နှစ်ခြင်းခံသည့်နှစ်– ၁၉၅၅

ကိုယ်ရေးရာဇဝင်အကျဉ်း– ယခင်က ဗေသလစေတနာ့ဝန်ထမ်း၊ ဘာသာပြန်နှင့် ဌာနခွဲကော်မတီဝင်တစ်ဦးဖြစ်ခဲ့သည်။ ယခု အိမ်ထောင်ဦးစီးတစ်ဦးဖြစ်ပြီး အသင်းတော်အကြီးအကဲအဖြစ် အမှုဆောင်နေသည်။

၁၉၇၄ ခုနှစ်မှာ ကာဆာမာမြို့အရှေ့ဘက်ခြောက်မိုင်အကွာမှာ ခရိုင်စည်းဝေးကြီးပြုလုပ်ခဲ့တယ်။ ဒေသခံအာဏာပိုင်တွေက စည်းဝေးကြီးကျင်းပခွင့်ပေးပေမဲ့ ရဲတွေက မလုပ်ဖြစ်ဖို့ အတင်းအကြပ်ပြုလုပ်ကြတယ်။ မကြာခင်မှာပဲ ဦးစီးအရာရှိနဲ့ အယောက်တစ်ရာလောက်ရှိတဲ့ လက်နက်ကိုင်အရာရှိတွေရောက်လာပြီး ကျွန်တော်တို့ရဲ့ စခန်းကိုဝိုင်းလိုက်တယ်။ အဲဒီအချိန်အတောအတွင်း အစီအစဉ်ကိုဆက်လုပ်နေစေပြီး မြက်တွေနဲ့ပြုလုပ်ထားတဲ့ရုံးခန်းထဲမှာ ခွင့်ပြုချက်ပါမစ်နဲ့ အမျိုးသားသီချင်းပါသင့် မပါသင့် အကြီးအကျယ်ဆွေးနွေးခဲ့ရတယ်။

ကျွန်တော် ဟောရမယ့်အလှည့်လည်းရောက်ရော အဓိကဟောပြောချက် မပေးနိုင်အောင် ဦးစီးအရာရှိက စင်မြင့်ပေါ်အထိ ကျွန်တော်နဲ့အတူလိုက်လာတယ်။ ပရိသတ်က ဘာဖြစ်လာမလဲဆိုတာကို စိုးရိမ်နေကြတယ်။ အယောက် ၁၂,၀၀၀ လောက်ရှိတဲ့ ပရိသတ်ကို သူခဏကြည့်ပြီး ဒေါသတကြီးနဲ့ပြန်ထွက်သွားတယ်။ ကျွန်တော့်ဟောပြောချက်ပြီးတော့ စင်မြင့်အနောက်ဘက်မှာ ကျွန်တော့်ကို ဒေါသတကြီးနဲ့စောင့်နေတာ တွေ့လိုက်ရတယ်။ စည်းဝေးပွဲလူအုပ်ကြီးကို ခွဲပစ်ဖို့ သူ့လူတွေကို အမိန့်ပေးလိုက်ပေမဲ့ သူနဲ့ဒုတိယဦးစီးအရာရှိတို့ အငြင်းအခုံဖြစ်ပြီး သူတို့ပြန်ထွက်သွားကြတယ်။ ခဏလေးကြာတော့ စာအုပ်ကြီးကြီးတစ်အုပ်သယ်ပြီး ပြန်လာကြတယ်။ ဦးစီးအရာရှိက အဲဒါကို စားပွဲပေါ်မှာတင်ပြီး အမှတ်အသားလုပ်ထားတဲ့အပိုင်းကို ကျွန်တော့်ကိုဖတ်ခိုင်းတယ်။ အပိုဒ်ကို ကျွန်တော်အသံတိတ်ဖတ်လိုက်တယ်။

“ဒီစာအုပ်မှာ ပြောတာမှန်ပါတယ်။ ‘အရာရှိသည် ငြိမ်ဝပ်မှုကိုခြိမ်းခြောက်မှုဖြစ်စေသော မည်သည့်စုရုံးမှုကိုမဆို ဖျက်သိမ်းပိုင်ခွင့်ရှိသည်’ ဆိုပြီး အဲဒီမှာပြောထားတယ်။” သူ့ရဲ့ခါးပတ်နဲ့ခြောက်လုံးပြူးသေနတ်ကို ကြည့်ပြီး ကျွန်တော်က “ဒီမှာငြိမ်ဝပ်မှုကိုခြိမ်းခြောက်မှုဖြစ်စေတဲ့ တစ်ခုတည်းသောအကြောင်းကတော့ လက်နက်ကိုင်ဆောင်ထားတဲ့ ဦးစီးမှူးနဲ့ ဦးစီးမှူးရဲ့လူတွေ ရှိနေခြင်းပဲ။ ကျွန်တော်တို့ဆီမှာတော့ သမ္မာကျမ်းစာတွေပဲရှိတယ်” လို့ဆက်ပြောလိုက်တယ်။

သူကချက်ချင်းပဲ နောက်ထောက်လှမ်းရေးအရာရှိတစ်ဦးကို ကြည့်ပြီး “ငါမပြောဘူးလား။ သွားကြရအောင်” လို့ပြောပြီး ကျွန်တော့်ကို ရဲစခန်းခေါ်သွားကြတယ်။

စခန်းရောက်တော့ တခြားအရာရှိတစ်ဦးဆီ ဖုန်းဆက်ပြီး စကားပြောကြတယ်။ ဒီအချိန်မတိုင်ခင်တုန်းက ကျွန်တော်တို့ အင်္ဂလိပ်လိုစကားပြောကြတယ်။ အခုတော့ သူက ဆီလိုဇီစကားနဲ့ပြောနေတယ်။ ကျွန်တော်လည်း ဒီစကားပြောတယ်ဆိုတာ သူသိပုံမရဘူး။ သူတို့က ကျွန်တော့်အကြောင်းပြောနေကြတာ။ သူတို့ပြောနေတာကို နားလည်ပုံမပြဘဲ ငြိမ်ငြိမ်လေးပဲထိုင်နေလိုက်တယ်။ ဖုန်းချပြီးတော့ သူက “ကဲ၊ နားထောင်စမ်း” လို့ပြောတယ်။

ကျွန်တော်က “ဟုတ်ကဲ့ ဆရာ၊ ကျွန်တော် နားထောင်နေပါတယ်” လို့အဓိပ္ပာယ်ရတဲ့ “အီနီး ရှာ နာတေးလီဇာ” လို့ ဆီလိုဇီစကားနဲ့ပြန်ပြောလိုက်တယ်။ သူအံ့ဩသွားပြီး ကျွန်တော့်ကို ခဏထိုင်ကြည့်တယ်။ ပြီးတော့ မတ်တတ်ရပ်ပြီး သူ့ရုံးခန်းထောင့်မှာရှိတဲ့ ရေခဲသေတ္တာကြီးဆီသွားပြီး ကျွန်တော့်ကို အအေးတိုက်တယ်။ အခြေအနေနည်းနည်းကောင်းလာတယ်။

နောက်ပိုင်း အဲဒီဒေသမှာလေးစားခံရတဲ့ စီးပွားရေးလုပ်ငန်းရှင် ညီအစ်ကိုတစ်ယောက်လည်းရောက်လာတယ်။ ဦးစီးအရာရှိရဲ့ စိုးရိမ်မှုတွေကို လျော့ပါးစေမယ့် လက်တွေ့ကျအချက်တွေကို ကျွန်တော်တို့ပြောပြပြီး တင်းမာနေတဲ့အခြေအနေ ပြီးဆုံးသွားတယ်။ ယေဟောဝါရဲ့ ကျောထောက်နောက်ခံမှုကြောင့် စည်းဝေးကြီးအစီအစဉ်တွေ ပိုလွယ်ကူခဲ့တယ်။

[စာမျက်နှာ ၂၂၁ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ပိန်လိုက်တာ ဝါးခြမ်းပြားကျနေတာပဲ

မိုက်ကယ်လ် မူကာနူ

မွေးဖွားသည့်နှစ်– ၁၉၂၈

နှစ်ခြင်းခံသည့်နှစ်– ၁၉၅၄

ကိုယ်ရေးရာဇဝင်အကျဉ်း– နယ်လှည့်ကြီးကြပ်မှူးအဖြစ် အမှုဆောင်ခဲ့ပြီး ယခု ဇမ်ဘီယာနိုင်ငံဌာနခွဲရုံးတွင် အမှုဆောင်နေသည်။

ကျွန်တော့်တိုက်နယ်က မတ်စောက်တဲ့တောင်စောင်းအနောက်ပိုင်း လျှိုမြောင်အထိကျယ်ပြန့်တယ်။ အိပ်ငိုက်ရောဂါဖြစ်စေတဲ့ စီစီယင်ကောင်တွေရဲ့ အန္တရာယ်ကို မကြာခဏ ကြုံရတယ်။ အင်းဆက်တွေနဲ့ နေ့ခင်းနေရောင်ခြည်ကိုရှောင်ဖို့ မနက် ၁:၀၀ မှာအိပ်ရာထပြီး အသင်းတော်နောက်တစ်ခုဆီရောက်ဖို့ တောင်ကုန်းတွေနဲ့တောင်တွေတက်ပြီး ခရီးစထွက်ရတယ်။ လမ်းအများကြီးလျှောက်ရလို့ ပစ္စည်းနည်းနည်းပဲ ကျွန်တော်သယ်ဆောင်သွားတယ်။ စားဖို့အစာနည်းနည်းပဲသယ်တဲ့အတွက် ကျွန်တော် အရမ်းပိန်တာ ဝါးခြမ်းပြားကျနေတာပဲ။ ကျွန်တော့်တိုက်နယ်မှာရှိတဲ့ ညီအစ်ကိုတွေက ဌာနခွဲကိုစာရေးပြီး ကျွန်တော့်ကို နောက်တစ်နေရာပြောင်းပေးဖို့တောင်းဆိုမယ်လို့ စိတ်ကူးကြတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော် မကြာခင်မှာပဲ သေတော့မယ်လို့ သူတို့ထင်တဲ့အတွက်ဖြစ်တယ်။ အဲဒါကို သူတို့ပြောပြတော့ ကျွန်တော်က “တကယ့်ကို ကြင်နာတဲ့အကြံပြုချက်ပါပဲ။ ဒါပေမဲ့ ဒီတာဝန်ဟာ ယေဟောဝါဆီကလာပြီး အဲဒါကို ကိုယ်တော်ပြောင်းလဲပေးနိုင်တယ်ဆိုတာကို မမေ့ပါနဲ့။ တကယ်လို့ ကျွန်တော်သေသွားရင်ကော ဆန်းသလား။ ကျွန်တော့်ကို ဒီမှာပဲဆက်လုပ်ခွင့်ပေးပါ။ တကယ်လို့ သေသွားရင် ဌာနခွဲကိုအကြောင်းကြားပေးရုံပါပဲ” လို့ပြောခဲ့တယ်။

သုံးပတ်ကြာတော့ တာဝန်ပြောင်းပေးတဲ့စာရခဲ့တယ်။ ယေဟောဝါရဲ့အမှုတော်ဆောင်ရတာ စိန်ခေါ်ချက်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဆက်သာလုပ်ပါ။ ယေဟောဝါဟာ ပျော်ရွှင်တဲ့ဘုရားဖြစ်ပြီး ကိုယ်တော့်ကျေးကျွန်တွေ မပျော်ဘူးဆိုရင် လုပ်ငန်းတော်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်လုပ်ဆောင်နိုင်အောင် ကိုယ်တော် တစ်ခုခုပြုလုပ်ပေးနိုင်ပါတယ်။

[စာမျက်နှာ ၂၂၃၊ ၂၂၄ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

အယူသီးမှုကို ကျွန်တော်တို့မထောက်ခံဘူး

ဟာကင်းန်စ် မူကင်းဂါး

မွေးဖွားသည့်နှစ်– ၁၉၅၄

နှစ်ခြင်းခံသည့်နှစ်– ၁၉၇၀

ကိုယ်ရေးရာဇဝင်အကျဉ်း– သူ၏ဇနီးနှင့်အတူ နယ်လှည့်ကြီးကြပ်မှူးအဖြစ် အမှုဆောင်ခဲ့ပြီး ယခု ဇမ်ဘီယာနိုင်ငံ၏ ဗေသလအိမ်တွင်အမှုဆောင်နေသည်။

ကျွန်တော့်ဇနီး အိုင်းဒါနဲ့ ကျွန်တော်တို့ နယ်လှည့်လုပ်ငန်းလုပ်တဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ နှစ်နှစ်သားလေးကိုပါ ခေါ်သွားတယ်။ အသင်းတော်တစ်ခုကို ရောက်တဲ့အခါ ညီအစ်ကိုတွေက လှိုက်လှိုက်လှဲလှဲကြိုဆိုကြတယ်။ ကြာသပတေးနေ့ မနက်မှာ ကျွန်တော်တို့သားလေးစငိုလိုက်တာ မတိတ်တော့ဘူး။ မနက် ၈:၀၀ ကျတော့ သူ့ကိုအိုင်းဒါနဲ့ထားခဲ့ပြီး လယ်ကွင်းလုပ်ငန်းစည်းဝေးကို ကျွန်တော်သွားလိုက်တယ်။ တစ်နာရီလောက်အကြာ ကျွန်တော် ကျမ်းစာသင်အံမှုလုပ်နေတုန်း ကျွန်တော့်သားလေးဆုံးသွားပြီဆိုတဲ့သတင်း ကြားလိုက်ရတယ်။ ညီအစ်ကိုတွေက သူ့ကိုတစ်ယောက်ယောက်က ပြုစားတာလို့ပြောကြတဲ့အတွက် ပိုပြီးစိတ်ဆင်းရဲခဲ့ရတယ်။ ဒီကြောက်စိတ်ပျောက်အောင် သူတို့ကိုကြိုးစားကူညီပေးခဲ့ပေမဲ့ ဒီသတင်းက တောမီးလိုပဲ နယ်မြေတစ်ခုလုံး ချက်ချင်းပျံ့နှံ့သွားတယ်။ ကျွန်တော်က စာတန်တန်ခိုးကြီးတာမှန်ပေမဲ့ ယေဟောဝါနဲ့ ကိုယ်တော်ရဲ့သစ္စာရှိကျေးကျွန်တွေအပေါ်တော့ ဩဇာလွှမ်းမိုးလို့မရဘူးဆိုပြီး ရှင်းပြခဲ့တယ်။ ကျွန်တော်တို့အားလုံးမှာ ‘အချိန်နဲ့ ကြိုတင်မမြင်ရတဲ့အမှု’ တွေဖြစ်တတ်ပေမဲ့ ကြောက်စိတ်ကိုအခြေပြုပြီး မြန်မြန်ဆန်ဆန်ကောက်ချက်မချသင့်ဘူး။—⁠ဒေ. ၉:၁၁။

ကျွန်တော်တို့သားကို နောက်တစ်နေ့မှာပဲ သင်္ဂြိုဟ်လိုက်တယ်။ ဈာပနအခမ်းအနားပြီးတာနဲ့ ကျွန်တော်တို့ စည်းဝေးကျင်းပခဲ့တယ်။ အဲဒီကနေ နာမ်ဝိညာဉ်ဆိုးတွေနဲ့ အယူသီးမှုကို ကျွန်တော်တို့ မကြောက်ဘူးဆိုတဲ့ သင်ခန်းစာတချို့ ညီအစ်ကိုတွေရခဲ့ကြတယ်။ အရမ်းဝမ်းနည်းကြေကွဲခဲ့ရပေမဲ့ တိုက်နယ်အပတ်ရဲ့လုပ်ငန်းဆောင်တာတွေကို ကျွန်တော်တို့ဆက်လုပ်ကြပြီး နောက်အသင်းတော်တစ်ခုကို ဆက်သွားကြတယ်။ ကျွန်တော်တို့ရင်ဆိုင်ခဲ့ရတဲ့အရာအတွက် အသင်းတော်က ကျွန်တော်တို့ကိုအားပေးမယ့်အစား နီးကပ်နေတဲ့အနာဂတ်မှာ သေခြင်းဟာ အတိတ်မှာကျန်ခဲ့တဲ့အရာတစ်ခုဖြစ်တော့မယ်ဆိုပြီး သူတို့ကို ကျွန်တော်တို့ အားပေးခဲ့တယ်။

[စာမျက်နှာ ၂၂၈၊ ၂၂၉ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ကျွန်တော်တို့ ရဲရင့်ခဲ့ကြ

လဲနာ့တ် မူဆန်ဒါ

မွေးဖွားသည့်နှစ်– ၁၉၅၅

နှစ်ခြင်းခံသည့်နှစ်– ၁၉၇၄

ကိုယ်ရေးရာဇဝင်အကျဉ်း– ၁၉၇၆ ခုနှစ်ကတည်းက အချိန်ပြည့်လုပ်ငန်းတွင်ပါဝင်ခဲ့သည်။ နယ်လှည့်လုပ်ငန်းတွင် ခြောက်နှစ်ပါဝင်ခဲ့ပြီး ယခု ဇမ်ဘီယာနိုင်ငံ၏ ဗေသလအိမ်တွင်အမှုဆောင်နေသည်။

၁၉၈၅ ခုနှစ်တုန်းက နိုင်ငံရဲ့မြောက်ဘက်စွန်းပိုင်းတွေမှာ အသင်းတော်တွေကို လည်ပတ်တာ ကျွန်တော်မှတ်မိသေးတယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက အဲဒီမှာ နိုင်ငံရေးဆန့်ကျင်မှုတွေ ပြင်းထန်နေတယ်။ ကျွန်တော်က တိုက်နယ်ကြီးကြပ်မှူး အသစ်ကျပ်ချွတ်တစ်ယောက်ဖြစ်ပြီး အဲဒီအခြေအနေတွေကြောင့် ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိတင်ပြခွင့်ရခဲ့တယ်။ တစ်နေ့မှာ လယ်ကွင်းလုပ်ငန်းစည်းဝေးပြီးတော့ ရွာတစ်ရွာကို လည်ပတ်ဖို့ ကျွန်တော်တို့အဆင်သင့်ဖြစ်နေကြတယ်။ အဲဒီအချိန်မှာ ညီအစ်ကိုတစ်ယောက်က တကယ်လို့ ယေဟောဝါသက်သေတွေ အဲဒီရွာကိုလာဟောရင် တစ်ရွာလုံးက ဝိုင်းရိုက်မယ်လို့ သူကြားထားတယ်ဆိုပြီးပြောတယ်။ ၁၉၆၀ ပြည့်လွန်နှစ်တွေနှောင်းပိုင်းနဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေအစောပိုင်းက လူအုပ်စုရဲ့တိုက်ခိုက်မှုတွေရှိပေမဲ့ ဒီအချိန်မှာတော့ ရွာတစ်ရွာလုံးရဲ့ အကြမ်းဖက်မှုကို ရင်ဆိုင်ရလိမ့်မယ်လို့ မထင်ခဲ့ဘူး။

ဒါပေမဲ့ ဒီသတင်းကို ကြေညာသူတချို့ကြားတော့ ကြောက်သွားကြပြီး နောက်ဆုတ်သွားကြတယ်။ အတော်များများကတော့ ရဲရင့်စွာနဲ့ပဲ ရွာကိုဆက်သွားကြတယ်။ ကျွန်တော်တို့တွေ့တဲ့အရာက ကျွန်တော်တို့ကို အံ့သြသွားစေတယ်။ မဂ္ဂဇင်းတွေအများကြီးဝေငှခဲ့ရပြီး ကျွန်တော်တို့တွေ့ဆုံခဲ့တဲ့သူတွေနဲ့ ရင်းရင်းနှီးနှီးဆွေးနွေးနိုင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ရွာထဲဝင်လာတာကို တွေ့တဲ့သူတချို့ကတော့ ထွက်ပြေးသွားကြတယ်။ ဆူပွက်နေတဲ့ဟင်းအိုးတွေနဲ့ အိမ်တံခါးတွေကို ဒီအတိုင်းထားခဲ့ကြတာတွေ့ရတယ်။ ဒါကြောင့် သူတို့နဲ့မျက်နှာချင်းဆိုင်တွေ့ရမယ့်အစား သူတို့ ထွက်ပြေးသွားတာပဲ တွေ့ခဲ့ရတယ်။

[စာမျက်နှာ ၂၃၂၊ ၂၃၃ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ကျွန်တော် အသက်လွတ်ဖို့ ထွက်ပြေးခဲ့ရ

ဒါလင်တန် ဆာဖူးကာ

မွေးဖွားသည့်နှစ်– ၁၉၄၅

နှစ်ခြင်းခံသည့်နှစ်– ၁၉၆၃

ကိုယ်ရေးရာဇဝင်အကျဉ်း– အထူးရှေ့ဆောင်၊ နယ်လှည့်ကြီးကြပ်မှူးနှင့် ဇမ်ဘီယာနိုင်ငံ၏ ဗေသလစေတနာ့ဝန်ထမ်းအဖြစ် အမှုဆောင်ခဲ့သည်။

ခုနှစ်ကတော့ ၁၉၆၃ ဖြစ်ပြီး ဆူပူသောင်းကျန်းရာကာလဖြစ်တယ်။ ကျွန်တော်တို့အမှုဆောင်ထွက်တဲ့အခါတိုင်း နိုင်ငံရေးစိတ်ထကြွနေတဲ့ သေနတ်ကိုင်လူငယ်တစ်စုဟာ ကျွန်တော်တို့အရှေ့ကနေသွားထားပြီး လူတွေကို နားမထောင်ဖို့လိုက်သတိပေးတယ်။ တကယ်လို့ ကျွန်တော်တို့ပြောတာကို သူတို့နားထောင်ရင် သူတို့ရဲ့ပြတင်းပေါက်တွေနဲ့တံခါးတွေကို ရိုက်ချိုးပစ်မယ်ဆိုပြီး ခြိမ်းခြောက်ကြတယ်။

ကျွန်တော်နှစ်ခြင်းခံပြီး နှစ်ရက်ပဲရှိသေးတဲ့ တစ်ညနေမှာ လူငယ် ၁၅ ယောက်ရှိတဲ့အုပ်စုတစ်စုရဲ့ ဆိုးဆိုးဝါးဝါးရိုက်နှက်မှုကိုခံခဲ့ရတယ်။ ကျွန်တော့် နှုတ်ခမ်းနဲ့နှာခေါင်းကနေ သွေးတွေစီးကျလာတယ်။ နောက်တစ်ညနေကျတော့ ကျွန်တော်နေတဲ့နေရာကိုလိုက်လာတဲ့ အယောက် ၄၀ လောက်ရှိတဲ့အုပ်စုတစ်စုရဲ့ စော်ကားမှုကို ညီအစ်ကိုတစ်ယောက်နဲ့ကျွန်တော်တို့ ခံခဲ့ရတယ်။ ယေရှုခရစ်ခံခဲ့ရတဲ့ အရာတွေကို ပြန်တွေးတောခြင်းက ကျွန်တော့်ကိုအားရှိစေခဲ့တယ်။ ကျွန်တော်နှစ်ခြင်းခံတဲ့နေ့မှာ ဂျောန် ဂျေဆင်ပေးခဲ့တဲ့ဟောပြောချက်က ခရစ်ယာန်တစ်ယောက်ဟာ ပြဿနာတွေနဲ့ကင်းလွတ်တဲ့ အသက်တာမျိုး ဘယ်တော့မှရမှာမဟုတ်ဘူးဆိုတာကို ပေါ်လွင်စေခဲ့တယ်။ ဒါကြောင့် ဒီအဖြစ်အပျက်တွေဖြစ်ပျက်လာတာက မထူးဆန်းဘဲ အားပေးမှုတောင်ဖြစ်စေခဲ့တယ်။

လွတ်လပ်ရေးအတွက်တိုက်ခိုက်နေတဲ့ နိုင်ငံရေးသမားတွေက သူတို့ကိုထောက်ခံစေချင်ပေမဲ့ ကျွန်တော်တို့ရဲ့ကြားနေမှုကြောင့် ဥရောပနဲ့အမေရိကန်ဘက်တော်သားတွေလို့ အထင်ခံခဲ့ရတယ်။ နိုင်ငံရေးအုပ်စုတွေကို ထောက်ခံတဲ့ ဘာသာရေးခေါင်းဆောင်တွေက ကျွန်တော်တို့နဲ့ပတ်သက်ပြီး မဟုတ်မမှန်သတင်းတွေကိုပြောခဲ့ကြတယ်။ လွတ်လပ်ရေးမရခင် အခြေအနေတွေက ခက်ခဲခဲ့ပြီး နောက်ပိုင်းအချိန်အထိ စိန်ခေါ်ချက်ဆက်ဖြစ်နေခဲ့တယ်။ ညီအစ်ကိုအတော်များများ ပါတီဝင်ကတ်မရှိတဲ့အတွက် အလုပ်ထုတ်ခံကြရတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေကိုထောက်ပံ့ဖို့ အလှူငွေကောက်ခံတာကို ရှောင်နိုင်ဖို့ မြို့ပေါ်မှာနေတဲ့သူတချို့ဟာ ဝင်ငွေနည်းတဲ့အလုပ်အကိုင်တွေပဲရတဲ့ တောဘက်ကိုပြောင်းရွှေ့သွားကြတယ်။

ကျွန်တော် ဆယ်ကျော်သက်တုန်းက သက်သေခံမဟုတ်တဲ့ ကျွန်တော့်ဝမ်းကွဲအစ်ကိုက ကျွန်တော့်ကို ပြုစုစောင့်ရှောက်ခဲ့တယ်။ ကျွန်တော်ရဲ့ကြားနေမှုကြောင့် သူ့မိသားစုဟာ ခြိမ်းခြောက်မှုတွေခံရတဲ့အတွက် သူတို့ကြောက်လာတယ်။ တစ်နေ့ သူအလုပ်မသွားခင် “ငါညနေအိမ်ပြန်လာတဲ့အခါ မင်းကို မမြင်ချင်ဘူး” လို့ပြောခဲ့တယ်။ ဒီမြို့မှာ တခြားဆွေမျိုးတွေလည်းမရှိတဲ့အတွက် ပထမတော့ ကျွန်တော့်ကိုနောက်နေတာလို့ပဲ ထင်တယ်။ ကျွန်တော့်မှာ တခြားသွားစရာနေရာမရှိဘူး။ နောက်တော့ သူတကယ်ပြောနေတယ်ဆိုတာ ကျွန်တော်သိသွားတယ်။ သူအိမ်ပြန်ရောက်လာပြီး ကျွန်တော့်ကိုတွေ့တော့ ဒေါသထွက်သွားတယ်။ ကျောက်ခဲတွေကောက်ပြီး ကျွန်တော့်ကို လိုက်ပါလေရော။ “မင်းရဲ့အဖော် ခွေးကောင်တွေဆီကိုသွား” ဆိုပြီး အော်ဟစ်ကြိမ်းမောင်းခဲ့တယ်။ ကျွန်တော် အသက်လွတ်ဖို့ ထွက်ပြေးခဲ့ရတယ်။

ကျွန်တော့်အဖေက ဒီသတင်းတွေကိုကြားသွားပြီး “မင်း ဒီလိုပဲ ဆက်ကြားနေမယ်ဆိုရင် ငါ့အိမ်ပေါ် လုံးဝတက်မလာနဲ့” ဆိုပြီးပြောခဲ့တယ်။ တကယ့်ကိုခက်ခဲခဲ့တယ်။ ကျွန်တော့်အသက်က ၁၈ နှစ်။ ဘယ်သူက ကျွန်တော့်ကိုခေါ်ထားမှာလဲ။ အသင်းတော်ကခေါ်ထားခဲ့တယ်။ “ကိုယ်မိဘတို့သည် အကျွန်ုပ်ကိုစွန့်သော်လည်း ထာဝရဘုရားသည် အကျွန်ုပ်ကိုချီယူတော်မူမည်” ဆိုတဲ့ ဘုရင်ဒါဝိဒ်ရဲ့စကားတွေကို ကျွန်တော်မကြာခဏ တွေးတောဆင်ခြင်ခဲ့တယ်။ (ဆာ. ၂၇:၁၀) ယေဟောဝါဘုရားသခင်ဟာ ကတိတော်အတိုင်းလုပ်တယ်ဆိုတာ သင်တို့ကို ကျွန်တော်ပြောပြပါရစေ။

[စာမျက်နှာ ၂၃၆၊ ၂၃၇ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ကျွန်တော့်အမူအကျင့်ကြောင့် ဆရာများရဲ့လေးစားမှုရခဲ့

ဂျက်ဆင် ကာပိုးဘီ

မွေးဖွားသည့်နှစ်– ၁၉၅၇

နှစ်ခြင်းခံသည့်နှစ်– ၁၉၇၁

ကိုယ်ရေးရာဇဝင်အကျဉ်း– အသင်းတော်အကြီးအကဲတစ်ဦးအဖြစ် အမှုဆောင်နေသည်။

၁၉၆၄ ခုနှစ်မှာ အတင်းအဓမ္မကျောင်းထုတ်တာတွေ အစပြုခဲ့တယ်။ သားသမီးတွေကို ကြိုတင်ပြင်ဆင်ပေးထားဖို့ လိုတဲ့အကြောင်း မိဘတွေနားလည်အောင် ဌာနခွဲရုံးက ကူညီပေးခဲ့တယ်။ ကျောင်းကနေပြန်လာတဲ့တစ်နေ့မှာ အဖေက ကျွန်တော်နဲ့အတူထိုင်ပြီး ထွက်မြောက်ရာ ၂၀:၄၊ ၅ ကိုဆွေးနွေးခဲ့တာ ကျွန်တော်မှတ်မိသေးတယ်။

ကျောင်းစည်းဝေးပွဲတွေမှာ ထိပ်တိုက်တွေ့ဆုံမှုတွေမဖြစ်စေဖို့ အနောက်ဘက်မှာကျွန်တော်ရပ်ခဲ့တယ်။ အမျိုးသားသီချင်းမဆိုတဲ့သူတွေကို အတန်းရှေ့ခေါ်ထုတ်ခဲ့တယ်။ ကျောင်းအုပ်ဆရာကြီးက ကျွန်တော်ဘာလို့သီချင်းမဆိုတာလဲလို့ မေးတဲ့အခါ ကျမ်းစာသုံးပြီး ပြန်ဖြေခဲ့တယ်။ “မင်း ဖတ်ပဲဖတ်၊ လိုက်မဆိုဘူး” လို့အော်ပြောလိုက်တယ်။ စာဖတ်တတ်အောင် ကျောင်းတွေစီစဉ်ပေးတဲ့အတွက် အစိုးရအပေါ်သစ္စာရှိသင့်တယ်လို့ သူပြောတယ်။

နောက်ဆုံး ၁၉၆၇ ခုနှစ် ဖေဖော်ဝါရီလမှာ ကျွန်တော် ကျောင်းထုတ်ခံလိုက်ရတယ်။ ကျွန်တော်က သင်ယူရတာကို ပျော်ရွှင်ပြီး စာကြိုးစားတဲ့ကျောင်းသားတစ်ယောက်ဖြစ်လို့ အဲဒီတုန်းက စိတ်ဓာတ်ကျခဲ့တယ်။ အလုပ်ဖော်နဲ့ မယုံကြည်သူအိမ်သားတွေရဲ့ ဖိအားပေးမှုတွေရှိတဲ့ကြားက အဖေဟာ ကျွန်တော်လုပ်တာမှန်တယ်လို့ ယုံကြည်စိတ်ချစေခဲ့တယ်။ ကျွန်တော့်အမေလည်း ဖိအားပေးမှုခံခဲ့ရတယ်။ လယ်ကွင်းတွေထဲမှာအလုပ်လုပ်ဖို့ အမေနဲ့လိုက်သွားတော့ တခြားအမျိုးသမီးတွေက ကျွန်တော်တို့ကို “ဒီကလေးကဘာလို့ ကျောင်းမနေတာလဲ” လို့လှောင်ပြောင်ကြတယ်။

ဒါပေမဲ့ ကျွန်တော့်ပညာရေးက မရပ်တန့်ခဲ့ပါဘူး။ ၁၉၇၂ ခုနှစ်မှာ အသင်းတော်မှာ စာတတ်မြောက်ခြင်းသင်တန်းတွေဖွင့်ပေးဖို့ အရေးတယူလုပ်ဆောင်ခဲ့တယ်။ အချိန်ကုန်လွန်လာတာနဲ့အမျှ ကျောင်းတွေမှာ အခြေအနေ အဲလောက်မတင်းမာတော့ဘူး။ ကျွန်တော်တို့အိမ်က ကျောင်းနဲ့မျက်နှာချင်းဆိုင်မှာရှိတယ်။ ကျောင်းအုပ်ဆရာကြီးက သောက်ရေရဖို့ ဒါမှမဟုတ် စာသင်ခန်းတွေကိုလှည်းဖို့ တံမြက်စည်းငှားဖို့ ကျွန်တော်တို့အိမ်ကို မကြာခဏလာတတ်တယ်။ တစ်ခါတုန်းက ပိုက်ဆံချေးဖို့တောင်လာခဲ့တယ်။ ကျွန်တော်တို့မိသားစုရဲ့ကြင်နာတဲ့လုပ်ရပ်တွေက သူ့ကိုထိမိပြီး တစ်နေ့ကျတော့ “မင်းရဲ့သား ကျောင်းဆက်တက်ချင်သလား” လို့မေးခဲ့တယ်။ အဖေကသူ့ကို ကျွန်တော်ဟာ ယေဟောဝါသက်သေတစ်ယောက်ဖြစ်ဆဲပဲဆိုတာ အသိပေးခဲ့တယ်။ သူက “ပြဿနာမရှိပါဘူး။ မင်းဘယ်အတန်းကနေ စတက်ချင်သလဲ” လို့ကျွန်တော့်ကိုမေးတယ်။ ခြောက်တန်းကနေစတက်ဖို့ ကျွန်တော်ပြောလိုက်တယ်။ နိုင်ငံတော်ခန်းမက စာတတ်မြောက်ခြင်းသင်တန်းကြောင့် အတန်းဖော်တွေထက် ကျွန်တော့်စာဖတ်စွမ်းရည် အရမ်းတိုးတက်လာတာကလွဲလို့ ကျောင်းလည်း အရင်တုန်းကကျောင်းပဲ၊ ကျောင်းအုပ်ဆရာလည်း အရင်တုန်းကသူပဲ၊ အတန်းဖော်တွေလည်း အရင်တုန်းကသူတွေပဲ။

ကျွန်တော့်အလုပ်ကြိုးစားမှုနဲ့ အမူအကျင့်ကောင်းတွေကြောင့် ဆရာအတော်များများရဲ့ လေးစားမှုခံခဲ့ရပြီး အဲဒါက ကျောင်းသားဘဝကို ပိုလွယ်ကူစေတယ်။ ကျွန်တော်စာကြိုးစားပြီး စာမေးပွဲတွေကို ဝင်ဖြေတဲ့အတွက် နောက်ပိုင်းမှာ မိသားစုကိုထောက်ပံ့နိုင်မယ့် သတ္တုတွင်းလုပ်ငန်းမှာ အလုပ်ကောင်းတစ်ခုရရှိခဲ့တယ်။ အမျိုးသားသီချင်းဆိုဖို့ လုံးဝအလျှော့မပေးခဲ့လို့ ကျွန်တော် ဝမ်းသာဂုဏ်ယူမိပါတယ်။

[စာမျက်နှာ ၂၄၁၊ ၂၄၂ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

“ဟောပြာခြင်းလုပ်ငန်းကို ကျွန်တော်တို့ ဘယ်လိုလုပ်ရပ်ပစ်နိုင်မှာလဲ”

ဂျိုးနပ်စ် မန်ဂျိုနီ

မွေးဖွားသည့်နှစ်– ၁၉၂၂

နှစ်ခြင်းခံသည့်နှစ်– ၁၉၅၀

ကိုယ်ရေးရာဇဝင်အကျဉ်း– ဇမ်ဘီယာနိုင်ငံဗေသလတွင် အနှစ် ၂၀ ကျော်အမှုဆောင်ခဲ့သည်။ ယခု အကြီးအကဲနှင့်မှန်မှန်ရှေ့ဆောင်အဖြစ် အမှုဆောင်နေသည်။

ဒုတိယကမ္ဘာစစ်အလယ်ပိုင်းလောက်မှာ ကျွန်တော့်အစ်ကိုက ကျမ်းစာနဲ့ အုပ်ချုပ်ရေး၊ ပြန်လည်သင့်မြတ်ခြင်းစာအုပ်တွေအပါအဝင် စာအုပ်အများကြီးနဲ့အတူ တန်ဇန်းနီးယားနိုင်ငံကနေပြန်လာတယ်။ ယေဟောဝါသက်သေတွေရဲ့စာပေတွေကို ပိတ်ပင်ထားဆဲဖြစ်လို့ သူတို့ဘာကြောင့် အဲလိုပိတ်ပင်ခံရတာလဲဆိုတာကို ကျွန်တော်စိတ်ဝင်စားခဲ့တယ်။ ပြန်လည်သင့်မြတ်ခြင်းစာအုပ်ကိုဖတ်ပြီး နားလည်ရခက်တာကိုတွေ့ရတယ်။ နှစ်နည်းနည်းကြာတော့ ကျွန်တော့်အစ်ကိုဆီလည်ပတ်ပြီး အသင်းတော်အစည်းအဝေးတစ်ခုကို သူနဲ့အတူလိုက်သွားတယ်။ နိုင်ငံတော်ခန်းမမရှိဘူး။ စည်းဝေးလုပ်မယ့်နေရာက ဝါးတွေနဲ့ခြံခတ်ထားတဲ့ ကွင်းပြင်ကြီးမှာဖြစ်တယ်။ ပုံနှိပ်ထားတဲ့အောက်လိုင်းမသုံးပေမဲ့ ကျမ်းစာကနေ တိုက်ရိုက်ကျတဲ့သွန်သင်ချက်တွေကြားရလို့ စိတ်ကျေနပ်မိတယ်။ ကျွန်တော်တက်ခဲ့တဲ့ချာ့ချ်ရဲ့ ရှင်းပြချက်တွေနဲ့ ကျမ်းစာရှင်းပြချက်တွေ ကွာလိုက်တာ။ အဲဒီမှာတက်တဲ့သူတွေက အလံကိုအလေးပြုဖို့နဲ့ ဗုံတီးဖို့သာစိတ်ဝင်စားကြတယ်။ ချာ့ချ်မှာ မျိုးနွယ်စုကွဲပြားမှုတွေ၊ ဘယ်စကားနဲ့သီချင်းဆိုသင့်တယ်စတာတွေနဲ့ ပတ်သက်ပြီး ငြင်းခုံကြတယ်။ ဒါပေမဲ့ ဒီအစည်းအဝေးမှာတော့ ယေဟောဝါကိုဂုဏ်တင်တဲ့ လှပတဲ့သီချင်းသံစဉ်တွေဆိုတာကြားရပြီး မိသားစုတွေအားလုံး ထိုင်ခုံမှာထိုင်ပြီး ဝိညာဉ်အစာစားနေကြတာကို တွေ့ခဲ့ရတယ်။

ကျွန်တော်နှစ်ခြင်းခံလိုက်ပြီး သတ္တုတွင်းရှိတဲ့မြို့တွေကို တစ်မြို့ပြီးတစ်မြို့သွားရတဲ့ ဆေးရုံအမှုထမ်းအဖြစ် လောကအလုပ်ဆက်လုပ်ခဲ့တယ်။ ၁၉၅၁ ခုနှစ်မှာ အလုပ်ကနေ ခွင့်နှစ်ပတ်ယူပြီး လူဆာကာမြို့ရှိ ဌာနခွဲရုံးမှာကူညီပေးခဲ့တယ်။ အဲဒီနောက်မကြာခင်မှာ ဗေသလကိုဖိတ်ခေါ်ခံခဲ့ရတယ်။ ပထမ ထုပ်ပို့ရေးဌာန၊ နောက်ပိုင်း ဌာနခွဲရုံးက လူအန်ရှားမြို့ကိုပြောင်းသွားတဲ့အခါ စာပေးစာယူနဲ့ဘာသာပြန်ဌာနမှာ ကူညီပေးခဲ့တယ်။ ၁၉၆၀ ပြည့်လွန်နှစ်တွေအစောပိုင်းမှာ နိုင်ငံရေးပြောင်းလဲမှုတွေရှိပေမဲ့ ညီအစ်ကိုတွေက လယ်ကွင်းလုပ်ငန်းမှာဆက်ပါဝင်ပြီး နိုင်ငံရေးမငြိမ်သက်မှုတွေကြားက သူတို့ရဲ့ကြားနေမှုကို ဆက်ထိန်းသိမ်းခဲ့ကြတယ်။

၁၉၆၃ ခုနှစ် မတ်လမှာ နိုင်ငံရေးပါတီတွေမှာမပါတာနဲ့ ပါတီဝင်ကတ်တွေမဝယ်တဲ့အကြောင်း ရှင်းပြဖို့ ဥပဒေဒေါက်တာဘွဲ့ရ ဝန်ကြီးချုပ်ဒေါက်တာ ကန်းနက်သ် ကောင်းန်ဒါနဲ့တွေ့တဲ့အခါ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အများကြီးထဲက တစ်ခုဖြစ်ခဲ့တယ်။ နိုင်ငံရေးဆန့်ကျင်သူတွေ မနှောင့်ယှက်အောင် ကူညီပေးဖို့ သူ့ကိုတောင်းဆိုတဲ့အခါ သူက အသေးစိတ်အချက်အလက်တွေကို ပြောပြဖို့ပြောတယ်။ နှစ်အနည်းငယ်ကြာတော့ ဒေါက်တာ ကောင်းန်ဒါက ကျွန်တော်တို့ကို အစိုးရအိမ်တော်ကို ခေါ်ဖိတ်တဲ့အတွက် သမ္မတနဲ့ဝန်ကြီးချုပ်တွေနဲ့ စကားပြောခွင့်ရခဲ့တယ်။ ဆွေးနွေးတာ ညနေစောင်းတဲ့အထိကြာသွားတယ်။ ယေဟောဝါသက်သေတွေကို ဘာသာရေးအုပ်စုအဖြစ် လက်ခံပေမဲ့ တခြားဘာသာရေးတွေလို မဟောဘဲနေလို့မရဘူးလားလို့ သမ္မတက မေးတယ်။ “ဟောပြာခြင်းလုပ်ငန်းကို ကျွန်တော်တို့ ဘယ်လိုလုပ် ရပ်ပစ်နိုင်မှာလဲ။ ယေရှုကိုယ်တိုင် ဟောခဲ့တယ်။ ကိုယ်တော်ဟာ ဖာရိရှဲတွေနဲ့ယှဉ်တွဲပြီး ဗိမာန်တော်ဆောက်ရုံလောက်ပဲ မလုပ်ခဲ့ဘူး” လို့ ကျွန်တော်တို့ပြန်ပြောခဲ့တယ်။

ကျွန်တော်တို့တောင်းပန်ပေမဲ့လည်း ဓမ္မအမှုရဲ့ကဏ္ဍတချို့ကို ပိတ်ပင်ခဲ့တယ်။ ဒါပေမဲ့ ကိုယ်တော့်ရည်ရွယ်ချက်တွေ ပြီးမြောက်ဖို့ ကိုယ်တော့်ကျေးကျွန်တွေကို အသုံးပြုတဲ့ ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းဖို့ ခါတိုင်းလိုပဲ နည်းလမ်းတွေ ရရှိခဲ့ကြတယ်။

[စာမျက်နှာ ၂၄၅၊ ၂၄၆ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ပြင်းပြတဲ့သင်ယူလိုစိတ် ကျွန်တော့်မှာရှိခဲ့တယ်

ဒန်နီယယ်လ် ဆာကာလာ

မွေးဖွားသည့်နှစ်– ၁၉၆၄

နှစ်ခြင်းခံသည့်နှစ်– ၁၉၉၆

ကိုယ်ရေးရာဇဝင်အကျဉ်း– အသင်းတော်အကြီးအကဲတစ်ဦးအဖြစ် အမှုဆောင်နေသည်။

အရေးအဖတ်ပညာ ကြိုးစားသင်ယူပါ ဆိုတဲ့စာအုပ်ငယ်တစ်အုပ်ကိုရတဲ့အချိန်မှာ ကျွန်တော်က ဇိအုန်ဝိညာဉ်တော်ချာ့ချ်အသင်းသားတစ်ယောက်ဖြစ်တယ်။ စာမတတ်ပေမဲ့ ပြင်းပြတဲ့သင်ယူလိုစိတ် ကျွန်တော့်မှာရှိခဲ့တယ်။ ဒါကြောင့် အဲဒီစာအုပ်ရရချင်း အချိန်အများကြီးပေးပြီး လေ့လာခဲ့တယ်။ စကားလုံးအသစ်တွေကို နားလည်အောင် ကူညီပေးဖို့ လူတွေကို ကျွန်တော် တောင်းဆိုတယ်။ ဆရာမရှိပေမဲ့ ဒီနည်းနဲ့ တိုးတက်လာပြီး အချိန်တိုလေးမှာပဲ အရေးအဖတ်နဲ့ပတ်သက်တဲ့အခြေခံတွေကို သင်ယူတတ်မြောက်ခဲ့တယ်။

ကျွန်တော် အခုဆို ကျမ်းစာဖတ်နိုင်ပြီ။ ဒါပေမဲ့ ချာ့ချ်ရဲ့ဓလေ့တွေနဲ့ ဆန့်ကျင်တာအတော်များများကို တွေ့ရှိခဲ့တယ်။ ယေဟောဝါသက်သေတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ယောက်ဖက လူသေတို့၏ဝိညာဉ်များ—သင့်ကိုကူညီနိုင်သလော၊ ဒုက္ခပေးနိုင်သလော၊ ယင်းတို့အမှန်တည်ရှိသလော ဆိုတဲ့ဘရိုရှာတစ်စောင် ကျွန်တော့်ဆီပို့ပေးခဲ့တယ်။ ကျွန်တော်ဖတ်ရှုရတဲ့အရာက ဓမ္မဆရာကို မေးခွန်းတချို့မေးဖို့ လှုံ့ဆော်ပေးခဲ့တယ်။ တစ်နေ့ ချာ့ချ်ထဲမှာရှိနေတုန်း တရားဟောရာ ၁၈:၁၀၊ ၁၁ ကိုဖတ်ပြီး “ကျမ်းစာကပြစ်တင်ရှုတ်ချထားတဲ့အရာတွေကို ကျွန်တော်တို့ ဘာကြောင့်လုပ်နေရတာလဲ” လို့မေးလိုက်တယ်။

“ငါတို့လုပ်ရမယ့်အပိုင်းရှိတယ်” လို့ဓမ္မဆရာကပြန်ဖြေတယ်။ အဲဒီအဖြေကို ကျွန်တော် နားမလည်ဘူး။

အဲဒီနောက် ဒေသနာ ၉:၅ ကိုဖတ်ပြီး “ကျမ်းစာမှာ ‘သေသောသူမူကား အဘယ်အရာကိုမျှမသိ’ လို့ပြောထားပေမဲ့ ကျွန်တော်တို့က ဘာလို့ သေတဲ့သူတွေကိုဂုဏ်တင်ဖို့ လူတွေကိုအားပေးကြတာလဲ” လို့မေးခဲ့တယ်။ ဓမ္မဆရာရော ပရိသတ်ရော ဘာမှပြန်မဖြေကြဘူး။

နောက်ပိုင်း ချာ့ချ်အသင်းသားတချို့က ကျွန်တော့်ဆီလာပြီး “ငါတို့က ယေဟောဝါသက်သေတွေမှမဟုတ်တာ၊ ဒါကြောင့် ဘာဖြစ်လို့သေတဲ့သူတွေကို ရိုသေလေးစားတာနဲ့ ငါတို့ရဲ့ထုံးစံဓလေ့တွေကို ရပ်ပစ်လိုက်ရမှာလဲ” လို့ပြောကြတယ်။ အဲဒါက ကျွန်တော့်ကို စိတ်ရှုပ်သွားစေတယ်။ ဆွေးနွေးခန်းမှာ ကျမ်းစာကိုပဲ ကျွန်တော် သုံးခဲ့တာ။ အဲဒါကို သူတို့က ယေဟောဝါသက်သေတွေနဲ့ ကျွန်တော် ပေါင်းသင်းနေတယ်လို့ထင်ကြတယ်။ အဲဒီအချိန်ကစပြီး ချာ့ချ်ကသူငယ်ချင်းနှစ်ယောက်နဲ့အတူ နိုင်ငံတော်ခန်းမမှာ အစည်းအဝေးတွေ စတက်ခဲ့တယ်။ ပထမသုံးလအတွင်းမှာပဲ ဆွေမျိုးနီးစပ်တချို့ကို ခရစ်ယာန်အစည်းအဝေးတွေတက်ဖို့ အားပေးနိုင်ခဲ့တယ်။ ကျွန်တော့်ဇနီးအပါအဝင် သူတို့ထဲက သုံးယောက်က အခု နှစ်ခြင်းခံပြီးပြီ။

[စာမျက်နှာ ၁၇၆၊ ၁၇၇ ပါ ဇယား]

ဇမ်ဘီယာ–သက္ကရာဇ်စဉ်ဇယား

၁၉၁၀

၁၉၁၁– ကျမ်းစာစောင်များမှလေ့လာစရာများစာအုပ် အာဖရိကတောင်ပိုင်းသို့ရောက်ရှိခဲ့သည်။

၁၉၁၉– ကိုဆာမူ မောန်ဇာနှင့် အခြားသူ ၁၅၀ ခန့်တို့ ရိုက်နှက်ခံရပြီး ထောင်ချခံရသည်။

၁၉၂၅– ကိပ်တောင်းမြို့ရှိ ကျမ်းစာကျောင်းသားများ၏ရုံးသည် နှစ်ခြင်းခံခြင်းနှင့် ဟောပြောခြင်းကို ကန့်သတ်ခဲ့၏။

၁၉၃၅– စာပေများတင်သွင်းခြင်းကို အစိုးရကပိတ်ပင်ခဲ့သည်။ စာပေအမျိုးပေါင်းနှစ်ဆယ်ကို ပိတ်ပင်ခဲ့၏။

၁၉၃၆– လူဆာကာမြို့တွင် သိုလှောင်ရေးဌာနဖွင့်လှစ်ခဲ့ပြီး လော်လန်း ဖိလစ်ပ်က ကြီးကြပ်ခဲ့သည်။

၁၉၄၀– စာပေများတင်သွင်းခြင်းနှင့် ဖြန့်ဝေခြင်းကို အစိုးရကပိတ်ပင်ခဲ့သည်။ နှစ်ခြင်းပေးခြင်းကို ပြန် လည်စတင်လုပ်ဆောင်ခဲ့ကြ၏။

၁၉၄၈– ဂိလဒ်ကျောင်းဆင်းများ ဦးဆုံးအကြိမ်ရောက်ရှိလာကြသည်။

၁၉၄၉– အစိုးရက ကင်းမျှော်စင်ပိတ်ပင်ထားမှုကို ဖယ်ရှားပေးခဲ့သည်။

၁၉၄၀

၁၉၄၀–စာပေများတင်သွင်းခြင်းနှင့် ဖြန့်ဝေခြင်းကို အစိုးရကပိတ်ပင်ခဲ့သည်။ နှစ်ခြင်းပေးခြင်းကို ပြန်လည်စတင်လုပ်ဆောင်ခဲ့ကြ၏ ။

၁၉၄၈- ဂိလဒ်ကျောင်းဆင်းများ ဦးဆုံးအကြိမ်ရောက်ရှိလာကြသည်။

၁၉၄၉-အစိုးရက ကင်းမျှော်စင် ပိတ်ပင်ထားမှုကို ဖယ်ရှားပေးခဲ့သည်။

၁၉၅၄– ဌာနခွဲရုံးကို လူအန်ရှားမြို့သို့ ပြောင်းရွှေ့ခဲ့သည်။

၁၉၆၂– ဌာနခွဲရုံးကို ကစ်တ်ဝီမြို့သို့ ပြောင်းရွှေ့ခဲ့သည်။

၁၉၆၉– လူထုရှေ့ဟောပြောခြင်းကို အစိုးရကပိတ်ပင်ခဲ့သည်။

၁၉၇၅– သာသနာပြုများကို ပြည်နှင်ဒဏ်ပေးခဲ့သည်။

၁၉၈၆– သာသနာပြုများကို နိုင်ငံတွင်းသို့ ပြန်ဝင်ရောက်ခွင့်ပြုခဲ့သည်။

၁၉၉၃– လူဆာကာမြို့မှ လက်ရှိဌာနခွဲအဆောက်အအုံကို အပ်နှံပွဲကျင်းပခဲ့သည်။

၂၀၀၀

၂၀၀၄– လူဆာကာမြို့မှ ဌာနခွဲထပ်မံတိုးချဲ့ရာများကို အပ်နှံပွဲကျင်းပခဲ့သည်။

၂၀၀၅– ဇမ်ဘီယာတွင် ကြေညာသူ ၁၂၇,၁၅၁ ဦး တက်ကြွစွာအမှုဆောင်နေကြသည်။

ကြေညာသူစုစုပေါင်း

ရှေ့ဆောင်စုစုပေါင်း

၁၃၀,၀၀၀

၆၅,၀၀၀

၁၉၁၀ ၁၉၄၀ ၁၉၇၀ ၂၀၀၀

[စာမျက်နှာ ၁၆၉ ပါ မြေပုံ]

(ကားချက်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ

ဇမ်ဘီယာ

ကာပူတာ

ကာပူတာ

အမ်ဘာလာ

အီဆိုကာ

ကာဆာမာ

ဆမ်ဖာဖ်

လွန်ဒါဇီ

မူဖူလီရာ

ကာလူလူရှီ

ကစ်တ်ဝီ

လူအန်ရှား

ကာဗွီ

လူဆူကာ

စီနန်ဂါ

ဇမ်ဘီဇီမြစ်

လစ်ဗင်းစတုန်း

ဘော့စ်ဝါးနား

ဇင်ဘာဘွေ

မိုဇမ်ဘစ်

မာလာဝီ

[စာမျက်နှာ ပါ ရုပ်ပုံအပြည့်အစုံ]

[စာမျက်နှာ ၁၆၇ ပါ ရုပ်ပုံ]

သောမ်ဆန် ကန်ဂေးလ်

[စာမျက်နှာ ၁၇၀ ပါ ရုပ်ပုံ]

လော်လန်း ဖိလစ်ပ်

[စာမျက်နှာ ၁၇၈ ပါ ရုပ်ပုံ]

၁၉၅၂ ခုနှစ်တွင် ဟယ်ရီ အားနတ်၊ နေသန် နောရ်၊ ကေးနှင့် ဂျောန် ကဂျေဆင်၊ အီယန် ဖာဂူဆန်

[စာမျက်နှာ ၁၉၃ ပါ ရုပ်ပုံ]

ယာ– ၂၀၀၁ ခုနှစ်၊ မော်န်ဂျီ ဒုက္ခသည်စခန်းမှ မန်ဒါ နတောမ်ပါနှင့် သူ၏မိသားစု

[စာမျက်နှာ ၁၉၃ ပါ ရုပ်ပုံ]

အောက်–ဒုက္ခသည်စခန်းတစ်ခု

[စာမျက်နှာ ၂၀၁ ပါ ရုပ်ပုံ]

၁၉၉၃ ခုနှစ်၊ ဇမ်ဘီယာတွင် ပထမအကြိမ် ဓမ္မအမှုသင်တန်းကျောင်း

[စာမျက်နှာ ၂၀၂ ပါ ရုပ်ပုံ]

ဓသက သင်တန်းပို့ချသူများဖြစ်သော ရစ်ချတ် ဖဒ်နှင့် ဖိလေမုန်ကာဆီဖိုးတို့ သင်တန်းသားတစ်ဦးနှင့် တွေ့ဆုံကြ

[စာမျက်နှာ ၂၀၆ ပါ ရုပ်ပုံ]

စည်းဝေးကြီးအဆောက်အဦများကို ရွှံ့၊ မြက်နှင့် ဒေသခံအခြားပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့ကြ

[စာမျက်နှာ ၂၁၅ ပါ ရုပ်ပုံ]

ဝဲ– ၁၉၉၁ ခုနှစ်၊ ဝတ်စုံပြည့် ကျမ်းစာပြဇာတ်

[စာမျက်နှာ ၂၁၅ ပါ ရုပ်ပုံ]

အောက်– ၁၉၉၆ ခုနှစ်၊ “ဘုရားရေးရာ ငြိမ်သက်ခြင်းတမန်များ” ခရိုင်စည်းဝေးကြီးတွင် နှစ်ခြင်းခံယူမည့်သူများ

[စာမျက်နှာ ၂၃၅ ပါ ရုပ်ပုံ]

မစ္စတာ ရစ်ချ်မွန် စမစ်သ်၊ ဖီလီယာ ကာချာဆူနှင့် သူမ၏အဖေ ပေါလ်

[စာမျက်နှာ ၂၅၁ ပါ ရုပ်ပုံ]

လူဆာကာရှိ လက်ရှိဌာနခွဲဆောက်လုပ်ရေးတွင် ရွှင်လန်းသောလုပ်သားများ ပါဝင်နေကြ

[စာမျက်နှာ ၂၅၂၊ ၂၅၃ ပါ ရုပ်ပုံများ]

(၁၊၂) မကြာသေးမီက ဆောက်လုပ်ခဲ့သော နိုင်ငံတော်ခန်းမများ

(၃၊၄)ဇမ်ဘီယာဌာနခွဲ၊ လူဆာကာ

(၅) ၂၀၀၄၊ ဒီဇင်ဘာလ၌ ထပ်မံတိုးချဲ့သောဌာနခွဲ အပ်နှံပွဲတွင် စတီဗင် လက်တ်

[စာမျက်နှာ ၂၅၄ ပါ ရုပ်ပုံ]

ဌာနခွဲကော်မတီ၊ ဝဲမှယာသို့– အဲလ်ဘတ် မူဆန်ဒါ၊ အဲလ်ဖရက် ခီး၊ အက်ဒ်ဝပ်ဒ် ဖင့်ချ်၊ဆိုင်းရပ်စ် ယန်ဂူနှင့် ဒေရဲလ်ရှာပ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ