-
“ငါ၏ လူတို့ကို နှစ်သိမ့်စေကြလော့”ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
-
-
၂၈၊ ၂၉။ (က) ပင်ပန်းနွမ်းနယ်သူများကို ကိုယ်တော် မစပေးမည် ဖြစ်ကြောင်း ယေဟောဝါသည် မိမိလူမျိုးတော်အား မည်သို့ အသိပေးနှိုးဆော်သနည်း။ (ခ) ယေဟောဝါသည် မိမိကျေးကျွန်များအား အစွမ်းခွန်အားပေးပုံကို တင်ပြရန် အဘယ် သရုပ်ဖော်ချက်ကို အသုံးပြုတော်မူသနည်း။
၂၈ ယေဟောဝါသည် စိတ်ပျက်အားလျော့နေသော ပြည်နှင်ခံများအတွက် အားပေးစကားများကို ဟေရှာယမှတစ်ဆင့် ဤသို့ဆက်၍ မိန့်တော်မူ၏– “ထိုဘုရားသည် မောသောသူတို့အား ခွန်အားကို ပေးတော်မူ၏။ နွမ်းနယ်သောသူတို့အား အစွမ်းသတ္တိနှင့် ပြည့်စုံသောအခွင့်ကို ပေးတော်မူ၏။ လူပျိုတို့သည် မော၍ ပင်ပန်းခြင်းသို့ ရောက်ကြလိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍ လဲကြလိမ့်မည်။ ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား အားပြည့်ကြလိမ့်မည်။ ရွှေလင်းတ [“လင်းယုန်၊” ကဘ] ကဲ့သို့ မိမိတို့အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။”—ဟေရှာယ ၄၀:၂၉-၃၁။
၂၉ မောပန်းသောသူတို့အား ခွန်အား ပေးရန် လိုကြောင်း မိန့်တော်မူရာတွင် ယေဟောဝါသည် ပြည်နှင်ခံရသူများ ပြည်တော်ပြန်ရမည့် ခက်ခဲသော လမ်းခရီးကို စိတ်ထဲထား၍ မိန့်တော်မူခြင်း ဖြစ်နိုင်သည်။ အထောက်အကူအတွက် မိမိအား မျှော်ကိုးသော ပင်ပန်းသူများကို အကူအညီ ပေးခြင်းသည် ကိုယ်တော်၏ ထူးခြားသော လက္ခဏာ ဖြစ်ကြောင်း မိမိ၏ လူမျိုးကို ယေဟောဝါ အသိပေးတော်မူ၏။ ခွန်အား အသန်ဆုံးသူများ ဖြစ်သော “လူပျိုတို့” နှင့် “လုလင်တို့” သည် ပင်ပန်းသော အလုပ်ကြောင့် မောပန်းနွမ်းနယ်နိုင်ပြီး အားကုန်ခြင်းကြောင့် ခွေယိုင်နိုင်သည်။ သို့သော် ယေဟောဝါက မိမိအား ယုံကြည်ကိုးစားသူများကို ပြေးသော်လည်းကောင်း၊ လမ်းလျှောက်သော်လည်းကောင်း မမောပန်းသော တန်ခိုးခွန်အား ပေးမည်ဟု ကတိပြုတော်မူ၏။ တစ်ခါတည်းဖြင့် နာရီပေါင်းများစွာ ပျံသန်းနိုင်ပြီး အမြင်အားဖြင့် အားမစိုက်ဘဲ ပျံသန်းနေသည်ဟု ထင်ရသော စွမ်းအားကြီးသည့် လင်းယုန်ကို နမူနာထား၍ ယေဟောဝါသည် မိမိကျေးကျွန်များအား တန်ခိုးသတ္တိ ပေးမည့်ပုံကို ဥပမာဖြင့် ဖော်ပြ၏။e ယင်းသို့ ဘုရားသခင့် ထောက်မမှု အလားအလာဖြင့် ပြည်နှင်ခံဂျူးများသည် စိတ်ပျက်စရာအကြောင်း မရှိပါ။
-
-
“ငါ၏ လူတို့ကို နှစ်သိမ့်စေကြလော့”ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
-
-
၃၀။ ယနေ့ ခရစ်ယာန်စစ်များသည် ဟေရှာယ အခန်းကြီး ၄၀ ၏ နောက်ဆုံးအခန်းငယ်များမှ နှစ်သိမ့်မှုကို မည်သို့ ရယူနိုင်သနည်း။
၃၀ ဟေရှာယ အခန်းကြီး ၄၀ ပါ ထိုနောက်ဆုံး အခန်းငယ်များသည် ဤဆိုးညစ်သော အစီအစဉ်စနစ်၏ နောက်ဆုံးသော နေ့ရက်များတွင် အသက်ရှင်နေရသော ခရစ်ယာန်စစ်များအတွက် နှစ်သိမ့်ဖွယ် စကားများ ပါရှိသည်။ စိတ်ဓာတ်ကျစေသည့် ဖိအားများနှင့် ပြဿနာများ အလွန် များပြားခြင်းကြောင့် ကျွန်ုပ်တို့ ခံရသော ဆင်းရဲဒုက္ခနှင့် ကျွန်ုပ်တို့ ခံစားရသော မတရားမှုများကို ကျွန်ုပ်တို့၏ ဘုရားသခင်သည် သတိမပြုဘဲ မနေကြောင်း သိရှိစေရန် ၎င်းတို့က စိတ်ချစေသည်။ အရာခပ်သိမ်းကို ဖန်ဆင်းရှင်၊ “ဉာဏ်တော်သည် အနန္တ ဖြစ်” တော်မူသောအရှင်သည် ကိုယ်တော် သတ်မှတ်ထားသော အချိန်နှင့် နည်းလမ်းဖြင့် မတရားမှုများကို ပြုပြင်တော်မူမည် ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သည်။ (ဆာလံ ၁၄၇:၅၊ ၆) ဤအတောအတွင်း ကျွန်ုပ်တို့၏ ကိုယ်ပိုင်အစွမ်းခွန်အားဖြင် ခံရပ်စရာ မလိုပါ။ မကုန်ခန်းနိုင်သော စွမ်းအား၏ ပင်ရင်းအမြစ် ဖြစ်တော်မူသော ယေဟောဝါသည် မိမိ၏ကျေးကျွန်များ စမ်းသပ်ခံရသည့်အခါ တန်ခိုးတော်—“သာမန်ထက် ထူးကဲသော တန်ခိုးတော်”—ကို ပေးနိုင်တော်မူသည်။—၂ ကောရိန္သု ၄:၇၊ ကဘ။
-
-
“ငါ၏ လူတို့ကို နှစ်သိမ့်စေကြလော့”ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
-
-
e လင်းယုန်သည် အနိမ့်ဆုံး စွမ်းအင်ကို အသုံးပြု၍ ကောင်းကင်တွင် ပျံဝဲနေနိုင်သည်။ အထက်သို့ တက်နေသော လေနွေးစီးကြောင်းကို ကျွမ်းကျင်စွာ အသုံးချခြင်းဖြင့် ဖြစ်သည်။
-