-
သိပ္ပံပညာ–သမ္မာကျမ်းစာမှားကြောင်း သက်သေထူခဲ့ပြီလောသမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
-
-
အခန်း၈
သိပ္ပံပညာ–သမ္မာကျမ်းစာမှားကြောင်း သက်သေထူခဲ့ပြီလော
၁၆၁၃ ခုနှစ်တွင် အီတာလျံသိပ္ပံပညာရှင် ဂယ်လီလီယိုက “နေပြောက်များဆိုင်ရာ သဝဏ်လွှာများ” အဖြစ်လူသိများသော စာပေတစ်ခုကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် သူက နေသည် ကမ္ဘာကို လှည့်ပတ်နေခြင်းမဟုတ်ဘဲ ကမ္ဘာကသာ နေကိုလှည့်ပတ်နေခြင်းဖြစ်ကြောင်း အထောက်အထားပြခဲ့သည်။ ဤသို့ပြုလိုက်ခြင်းဖြင့် သူသည်အဖြစ်အပျက် တသီတတန်းကြီးကို အစဖော်ပေးလိုက်ရာ နောက်ဆုံးတွင် သူကိုယ်တိုင် “အယူမှားသူအဖြစ် ကြီးစွာသံသယဝင်” ခံရကာ . . . ဘာသာရေးခုံးရှေ့ ရောက်ခဲ့ရသည်။ နောက်ဆုံးတွင် “ထိုယူဆချက်ကို ပြန်လည်ရုပ်သိမ်း” ရန်အတင်းအကျပ် ပြုခံရလေသည်။ ကမ္ဘာက နေကိုလှည့်ပတ်သည်ဟူသည့်ယူဆချက်ကို အယူမှားအဖြစ် အဘယ်ကြောင့် ရှုမြင်ခဲ့ရပါသနည်း။ အကြောင်းမှာ ဂယ်လီလီယိုအားစွပ်စွဲသူများက ၎င်းယူဆချက်သည် သမ္မာကျမ်းစာဖော်ပြချက်နှင့် ဆန့်ကျင်၍ဖြစ်သည်ဟု ဆိုကြသည်။
၁။ (နိဒါန်းအပါအဝင်) (က) ကမ္ဘာက နေကို လှည့်ပတ်နေကြောင်း ဂယ်လီလီယိုတင်ပြသည့်အခါ အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။ (ခ) သမ္မာကျမ်းစာသည် သိပ္ပံပြဋ္ဌာန်းစာအုပ်မဟုတ်သော်လည်း ခေတ်သစ်သိပ္ပံနှင့် နှိုင်းယှဉ်ကြည့်သည့်အခါ မည်သို့တွေ့ရှိရသနည်း။
သမ္မာကျမ်းစာသည် သိပ္ပံနည်းမကျဟူ၍ ယနေ့ လူအများက ယူဆကြသည်။ အချို့က သက်သေအဖြစ် ဂယ်လီလီယို၏ တွေ့ကြုံခံစားရမှုများကို ထောက်ပြကြသည်။ သို့သော် ထိုအတိုင်း အမှန်ပင်ဖြစ်ပါသလော။ ဤမေးခွန်းကို ဖြေဆိုရာ၌ သမ္မာကျမ်းစာမှာ ပရောဖက်ပြုချက်၊ သမိုင်း၊ ဆုတောင်းချက်၊ ပညတ်ဥပဒေ၊ အကြံဉာဏ်နှင့် ဘုရားသခင်အား သိကျွမ်းခြင်းပညာတို့နှင့်ဆိုင်သည့် စာအုပ်ဖြစ်သည်ကို သတိရသင့်သည်။ မိမိကိုယ်ကို သိပ္ပံဆိုင်ရာ ပြဋ္ဌာန်းစာအုပ်ဖြစ်သည်ဟု မဆိုပါ။ သို့သော် သိပ္ပံဆိုင်ရာကိစ္စရပ်များအကြောင်း ပြောသည့်အခါ၌ ပြောသမျှသည် အကြွင်းမဲ့မှန်ကန်တိကျသည်။
ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်
၂။ အာကာသအတွင်း ကမ္ဘာ၏တည်နေပုံကို သမ္မာကျမ်းစာက မည်သို့ဖော်ပြသနည်း။
၂ ဥပမာ ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်အကြောင်း သမ္မာကျမ်းစာဖော်ပြချက်ကို သုံးသပ်ကြည့်ပါ။ ယောဘဝတ္ထုတွင် ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “[ဘုရားသခင်သည်] မိုးကောင်းကင်ကို လွတ်လပ်လဟာ၌ကြက်တော်မူ၏။ မြေကြီးကိုအခုအခံမရှိ ဆွဲထားတော်မူ၏။” (ယောဘ ၂၆:၇) “မြေကြီးစက်အပေါ်မှာထိုင်” တော်မူသောအရှင်ဟူ၍ ဟေရှာယ ပြောသည့်အချက်နှင့် နှိုင်းယှဉ်ကြည့်ပါ။ (ဟေရှာယ ၄၀:၂၂) လုံးဝန်းသည့်ကမ္ဘာကို “လွတ်လပ်လဟာ” ၌ “အခုအခံမရှိဆွဲထား” သည်ဟူသောဤဖော်ပြချက်က အာကာသယာဉ်မှူးများ ရိုက်ကူးခဲ့သည့် လွတ်လပ်လဟာပြင်တွင် ပေါလောမျောနေသည့် ကမ္ဘာစက်လုံးပုံများကို သွား၍သတိရစေသည်။
၃၊ ၄။ ကမ္ဘာ့ရေသံသရာကား အဘယ်နည်း၊ ယင်းအကြောင်းကို သမ္မာကျမ်းစာက အဘယ်သို့ဆိုထားသနည်း။
၃ ကမ္ဘာ၏အံ့ဖွယ်ကောင်းသော ရေသံသရာကိုလည်း သုံးသပ်ကြည့်ပါ။ ကန်ပ်တန်စွယ်စုံကျမ်းက ၎င်းဖြစ်စဉ်ကို ဤသို့ဖော်ပြထားသည်– “ရေသည် . . . သမုဒ္ဒရာများမှ အငွေ့ပျံကာ လေထုထဲရောက်ရှိသည်။ . . . ကမ္ဘာ့လေထုရှိ ပုံမှန်ရွေ့လျားနေသည့် လေစီးကြောင်းများက စိုထိုင်းသောလေကို ကုန်းတွင်းပိုင်းသို့ သယ်ဆောင်သွားသည်။ ၎င်းလေ အေးလာသောအခါ ရေခိုးရေငွေ့များသည် ရေစက်ရေပေါက်များအဖြစ် ငွေ့ရည်ဖွဲ့လေသည်။ ယင်းတို့ကို တိမ်များအဖြစ် တွေ့မြင်ရလေ့ရှိသည်။ များသောအားဖြင့် ရေစက်ရေပေါက်များသည် စုဝေးပြီး မိုးစက်မိုးပေါက်များ ဖြစ်လာကြသည်။ အကယ်၍ လေထုသည် အလွန်အေးလျှင် မိုးစက်မိုးပေါက်မဟုတ်ဘဲ နှင်းပွင့်များဖြစ်သွားလေသည်။ မည်သို့ပင်ဖြစ်ပါစေ ပင်လယ်မှ မိုင်ပေါင်း ရာနှင့်၊ ထောင်နှင့်ပင်ချီပြီး ခရီးဆန့်ခဲ့သည့်ရေသည် မြေမျက်နှာပြင်ပေါ်သို့ တစ်ဖန်ကျဆင်းလေသည်။ ထိုမှ စမ်းချောင်းများအဖြစ် စုဝေး၍လည်းကောင်း၊ မြေကြီးထဲသို့ စိမ့်ဝင်၍လည်းကောင်း ပင်လယ်ထဲသို့ ပြန်လည်၍ စတင်စီးဆင်းလေသည်။”၁
၄ ခြောက်သွေ့သောကုန်းမြေပေါ်တွင် သက်ရှိများ ရှင်သန်ပေါက်ပွားစေသည့် ဤအံ့ချီးဖွယ်ဖြစ်စဉ်ကို လွန်ခဲ့သည့် နှစ်ပေါင်း ၃,၀၀၀ ခန့်က သမ္မာကျမ်းစာတွင် ဤသို့ ရိုးရိုးရှင်းရှင်း ဖော်ပြထားသည်– “ခပ်သိမ်းသောမြစ်တို့သည် ပင်လယ်ထဲသို့ရောက်ကြ၏။ သို့သော်လည်း၊ ပင်လယ်သည်မပြည့်တတ်။ မြစ်ရေသည် စီးထွက်ရာအရပ်သို့ တစ်ဖန်ပြန်သွားတတ်၏။”—ဒေ. ၁:၇။
၅။ ကမ္ဘာ့တောင်တန်းကြီးများ၏ သမိုင်းကြောင်းနှင့်ပတ်သက်သည့် ဆာလံဆရာ၏မှတ်ချက်သည် မှတ်သားဖွယ်ကောင်းလောက်အောင် မည်သို့ ခေတ်မီသနည်း။
၅ သာ၍အံ့ချီးဖွယ်ကောင်းသည်မှာ တောင်များ၏သမိုင်းအကြောင်း သမ္မာကျမ်းစာ၏ ထိုးထွင်းသိမြင်မှု ဖြစ်ဖွယ်ရှိသည်။ ပထဝီဝင် ပြဋ္ဌာန်းစာအုပ်တစ်ခုက ဤသို့ဆိုသည်– “ကမ်ဗရီယန်အကြိုခေတ်မှ မျက်မှောက်ခေတ်အထိ တောင်များဖြစ်ပေါ်ခြင်းနှင့် ပျက်စီးခြင်းဖြစ်စဉ်သည် အဆက်မပြတ် ဖြစ်ပျက်လျက်ရှိသည်။ . . . တောင်များသည် ပျောက်သွားသည့် ပင်လယ်များ၏အောက်ခြေမှ စတင်ဖြစ်ပေါ်ရုံမက ဖြစ်ပေါ်ပြီးနောက် ရေအောက်တွင် ကာလကြာရှည်စွာ ဖုံးလွှမ်းလျက်နေတတ်သည်၊ ထို့နောက် ပြန်၍မြှင့်တက်လာသည်။”၂ ဤအကြောင်းကို ဆာလံဆရာ၏ ကဗျာဆန်ဆန် ရေးသားဖော်ပြချက်နှင့် နှိုင်းယှဉ်ကြည့်ပါ– “ကိုယ်တော်သည် မြေကြီးကိုအဝတ်နှင့်ဖုံးသကဲ့သို့၊ ပင်လယ်နှင့်ဖုံးတော်မူ၍၊ ရေတို့သည် တောင်များအပေါ်မှာရပ်နေကြပါ၏။ တောင်တို့သည် တက်လျက်၊ ချိုင့်တို့သည်ဆင်းလျက်၊ သူတို့ဖို့ ခွဲခန့်တော်မူသောအရပ်သို့ ရောက်ကြပါ၏။”—ဆာလံ ၁၀၄:၆၊ ၈။
“အစအဦး၌”
၆။ သမ္မာကျမ်းစာ၏ အဘယ်ဖော်ပြချက်သည် စကြဝဠာအစနှင့်ဆိုင်သည့် လက်ရှိသိပ္ပံသီအိုရီများနှင့် သဟဇာတဖြစ်နေသနည်း။
၆ သမ္မာကျမ်းစာ၏ ဦးဆုံးအခန်းငယ်တွင် ဤသို့ဆိုသည်– “အစအဦး၌ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။” (ကမ္ဘာဦး ၁:၁) စူးစမ်းလေ့လာမှုများကြောင့် ရုပ်ပိုင်းစကြဝဠာတွင် မုချ အစရှိခဲ့သည်ဟူ၍ သိပ္ပံပညာရှင်များက သီအိုရီထုတ်လာရကြသည်။ စကြဝဠာသည် အစဉ်သဖြင့် တည်ရှိခဲ့သည်မဟုတ်။ ဘာသာရေးကိစ္စရပ်များတွင် မသိဝါဒီတစ်ဦးဖြစ်သည့် နက္ခတ္တဗေဒပညာရှင် ရောဘတ် ဂျက်စထရောက ဤသို့ရေးသားလိုက်သည်– “ကမ္ဘာဦးဆိုင်ရာ နက္ခတ္တဗေဒမှတ်တမ်းနှင့် သမ္မာကျမ်းစာမှတ်တမ်းတို့သည် အသေးစိတ်အချက်တွင် ကွဲပြားမှုရှိသော်လည်း အခြေခံအနှစ်သာရအားဖြင့် တူညီကြသည်– လူသားဖြစ်ပေါ်မှုဆီသို့ ဦးတည်စေသော အဖြစ်အပျက်များ၏ကွင်းဆက်သည် အချိန်ကာလ၏ တိကျသောအခိုက်အတန့်တစ်ခုတွင် အလင်းနှင့်စွမ်းအင်တို့၏ လျှပ်တပြက်လင်းလက်ခြင်းနှင့်အတူ ရုတ်တရက် တစ်မုဟုတ်ချင်း စတင်ခဲ့သည်။”၃
၇၊ ၈။ သိပ္ပံပညာရှင်အများသည် စကြဝဠာ၏ မူလအစနှင့်ပတ်သက်၍ ဘုရားသခင်၏ကဏ္ဍကို အသိအမှတ်မပြုကြသော်လည်း အဘယ်အချက်ကို မလွဲမရှောင်သာ ဝန်ခံရကြသနည်း။
၇ သိပ္ပံပညာရှင်အများက စကြဝဠာတွင် အစရှိသည်ဟု ယုံကြည်ကြသော်လည်း “ဘုရားသခင်သည် . . . ဖန်ဆင်းတော်မူ၏” ဟူသည့်အချက်ကို လက်မခံကြသည်မှာ မှန်ပါသည်။ သို့သော် ယခု အချို့က အရာရာတိုင်း၏ နောက်ဝယ်တွင် အသိဉာဏ်တစ်မျိုးမျိုး ရှိနေသည့်အထောက်အထားကို လျစ်လျူရှုရန် မလွယ်ကူကြောင်း ဝန်ခံလာကြသည်။ ရူပဗေဒပါမောက္ခ ဖရီးမင်း ဒိုင်စင်က ဤသို့မှတ်ချက်ချသည်– “စကြဝဠာအကြောင်းဆန်းစစ်ပြီး ယင်း၏ ဗိသုကာလက်ရာ အသေးစိတ်အကြောင်းကို လေ့လာကြည့်လေလေ စကြဝဠာသည် ကျွန်ုပ်တို့ ရောက်လာမည်ကို တစ်နည်းတစ်ဖုံအားဖြင့် သိရှိထားသည့်အထောက်အထားကို ပို၍တွေ့ရလေလေဖြစ်သည်။”
၈ ဒိုင်စင်က ဤသို့ဆက်၍ဝန်ခံထားသည်– “ဆယ့်ရှစ်ရာစုမဟုတ်ဘဲ နှစ်ဆယ်ရာစု၏ အတွေးအခေါ်အလေ့အထနှင့် ဘာသာစကားအရ လေ့ကျင့်သင်ကြားခံရသည့် သိပ္ပံပညာရှင်တစ်ဦးအနေနှင့် ကျွန်ုပ်သည် စကြဝဠာ၏ဗိသုကာလက်ရာက ဘုရားသခင်တည်ရှိကြောင်း သက်သေထူသည်ဟု မဆိုလိုပါ။ စကြဝဠာ၏ဗိသုကာလက်ရာသည် စကြဝဠာ လုပ်ငန်းလည်ပတ်မှုတွင် အသိဉာဏ်သည် အခြေခံကျသော အခန်းကဏ္ဍမှ ပါဝင်သည်ဟူသည့် အဆိုကြမ်းနှင့် ညီညွတ်သည်ဟုသာ ကျွန်ုပ်ဆိုခြင်းဖြစ်သည်။”၄ သူ၏မှတ်ချက်က ကျွန်ုပ်တို့ခေတ်၏ သံသယသဘောထားကို ပေါ်လွင်စေသည်။ သို့သော် ၎င်းသံသယသဘောထားကို ဖယ်ထုတ်လိုက်မည်ဆိုလျှင် “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏” ဟူသည့် သမ္မာကျမ်းစာဖော်ပြချက်နှင့် ခေတ်သစ်သိပ္ပံပညာသည် အံ့ဩစရာကောင်းလောက်အောင် ဆီလျော်ညီညွတ်နေသည်ကို ကျွန်ုပ်တို့ သတိပြုမိသည်။—ကမ္ဘာဦး ၁:၁။
ကျန်းမာရေးနှင့် ကျန်းမာသန့်ရှင်းရေး
၉။ ကူးစက်တတ်သော အရေပြားရောဂါများနှင့်ပတ်သက်သည့် သမ္မာကျမ်းစာ၏ပညတ်သည် လက်တွေ့ကျသောဉာဏ်ပညာကို မည်သို့ထင်ဟပ်ပြသနည်း။ (ယောဘ ၁၂:၉၊ ၁၆က)
၉ သမ္မာကျမ်းစာတွင်ပါဝင်သည့် နယ်ပယ်နောက်တစ်ရပ်ဖြစ်သည့် ကျန်းမာရေးနှင့် ကျန်းမာသန့်ရှင်းရေးအကြောင်း သုံးသပ်ကြည့်ပါ။ ဣသရေလလူမျိုးတစ်ဦး နူနာစွဲသည်ဟု သံသယဖြစ်စရာ အရေပြားအနာဖြစ်ပါက သီးခြားခွဲထားခံရသည်။ “ထိုအနာစွဲသည်ကာလပတ်လုံး၊ သူသည်ညစ်ညူး၏။ မစင်ကြယ်သည်ဖြစ်၍ တစ်ယောက်တည်းနေရမည်။ သူ့နေရာသည် တပ်ပြင်မှာရှိရမည်။” (ဝတ်ပြုရာ ၁၃:၄၆) ရောဂါစွဲသော အဝတ်အထည်များကိုပင် မီးရှို့ပစ်ရသည်။ (ဝတ်ပြုရာ ၁၃:၅၂) ထိုခေတ်ထိုအခါတွင် ဤနည်းသည် ရောဂါကူးစက်မှု မပြန့်ပွားစေရန် ထိရောက်စွာတားဆီးသည့်နည်း ဖြစ်ခဲ့သည်။
၁၀။ နိုင်ငံအချို့မှလူများစွာသည် တစ်ကိုယ်ရေသန့်ရှင်းခြင်းဆိုင်ရာ သမ္မာကျမ်းစာ၏ အကြံပေးချက်ကိုလိုက်လျှောက်လျှင် အဘယ်နည်းဖြင့် အကျိုးရရှိမည်နည်း။
၁၀ အရေးကြီးသော နောက်ပညတ်ချက်တစ်ခုမှာ လူ့မစင်စွန့်ခြင်းနှင့်ပတ်သက်သည်၊ မစင်ကို တပ်ပြင်တွင် မြေဖြင့်ဖုံးရသည်။ (တရားဟောရာ ၂၃:၁၂၊ ၁၃) ဤပညတ်က ဣသရေလလူမျိုးကို အဖျားအနာများစွာမှ မုချကာကွယ်ပေးခဲ့ပေမည်။ ယခုခေတ်၌ပင် အချို့နိုင်ငံတွင် လူ့မစင်ကို စနစ်တကျ စွန့်ပစ်ခြင်းမရှိသောကြောင့် ကြီးမားသည့် ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လျက်ရှိသည်။ ထိုနိုင်ငံများရှိ ပြည်သူတို့အနေဖြင့် လွန်ခဲ့သည့်နှစ်ပေါင်းထောင်ချီကာလက သမ္မာကျမ်းစာ၌ ရေးသားထားသည့် ဤပညတ်ကိုသာ လိုက်နာကြမည်ဆိုလျှင် ပို၍ကျန်းမာကြမည်ဖြစ်သည်။
၁၁။ စိတ်ကျန်းမာရေးနှင့်ဆိုင်သည့် အဘယ်ကျမ်းစာအကြံပေးချက်သည် လက်တွေ့ကျကြောင်း တွေ့ရသနည်း။
၁၁ သမ္မာကျမ်းစာမှ မြင့်မားသည့် တစ်ကိုယ်ရေသန့်ရှင်းခြင်းစံနှုန်း၌ စိတ်ကျန်းမာရေးအကြောင်းလည်း ပါဝင်သည်။ သမ္မာကျမ်းစာ စကားပုံတစ်ခုက ဤသို့ဆို၏– “ကျန်းမာသောနှလုံးသည် ကိုယ်အသက်ရှင်စေသောအကြောင်း၊ ငြူစူသောသဘောမူကား၊ အရိုးဆွေးမြေ့ခြင်းအကြောင်းဖြစ်၏။” (သု. ၁၄:၃၀) မကြာသေးမီနှစ်များတွင် ဆေးဘက်ဆိုင်ရာ သုတေသနပြုချက်အရ စိတ်နေသဘောထားသည် ကာယကျန်းမာရေးကို အမှန်ပင် ထိခိုက်စေကြောင်း တွေ့ရှိခဲ့သည်။ ဥပမာ ဂျွန်စ်ဟော့ကင်စ် တက္ကသိုလ်မှ ဒေါက်တာ စီ.ဘီ. သောမတ်စ်က ဘွဲ့ရကျောင်းသား တစ်ထောင်ကျော်ကို ၁၆ နှစ်ကြာ သုတေသနပြု၍ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာအမူအကျင့်နှင့် ရောဂါရလွယ်မှုတို့ကို ဆက်စပ်နှိုင်းယှဉ်ကြည့်ခဲ့သည်။ သူသတိပြုမိသည့်အချက်တစ်ခုမှာ ဤသို့– ရောဂါအရလွယ်ဆုံး ဘွဲ့ရကျောင်းသားများမှာ ဖိစီးခံရသည့်အခါ ပို၍ဒေါသထွက်သူများနှင့် ပို၍စိုးရိမ်တတ်သူများဖြစ်သည်။၅
သမ္မာကျမ်းစာ အဘယ်သို့ဆိုသနည်း
၁၂။ ဂယ်လီလီယို၏ ကမ္ဘာမြေကြီးဆိုင်ရာသီအိုရီသည် အယူမှားသည်ဟု . . . ချာ့ချ်က အဘယ်ကြောင့် ဇွတ်ငြင်းသနည်း။
၁၂ သမ္မာကျမ်းစာသည် သိပ္ပံနယ်ပယ်များတွင် ဤမျှတိကျမှန်ကန်လျှင် ကမ္ဘာက နေကိုလှည့်ပတ်နေသည်ဟူသည့် ဂယ်လီလီယို၏အယူအဆသည် သမ္မာကျမ်းစာနှင့်မညီဟု ကက်သလစ်ချာ့ချ်က အဘယ်ကြောင့်ဆိုရသနည်း။ အချို့ကျမ်းပိုဒ်များကို ထိုခေတ်က ဘာသာရေးအာဏာပိုင်များ အဓိပ္ပာယ်ဖွင့်ဆိုပုံကြောင့်ဖြစ်ပါသည်။၆ သူတို့၏ဖွင့်ဆိုချက် မှန်ကန်ခဲ့သလော။ သူတို့ကိုးကားပြသည့် ကျမ်းပိုဒ်နှစ်ပိုဒ်ကို ဖတ်ကြည့်ကြပါစို့။
၁၃၊ ၁၄။ . . . ချာ့ချ်က အဘယ်ကျမ်းပိုဒ်များကို တလွဲအဓိပ္ပာယ်ဖွင့်ခဲ့သနည်း။ ရှင်းပြပါ။
၁၃ ကျမ်းပိုဒ်တစ်ပိုဒ်က ဤသို့ဆိုသည်– “နေလည်းထွက်လျက် ဝင်လျက်၊ ထွက်ရာအရပ်သို့ တစ်ဖန်ပြေးလျက် . . . ပြန်လည်တတ်၏။” (ဒေ. ၁:၅) ချာ့ချ်၏အကြောင်းပြချက်အရ ‘နေထွက်သည်’ နှင့် ‘နေဝင်သည်’ ဟူသည့်အသုံးအနှုန်းက ကမ္ဘာမဟုတ်ဘဲ နေရွေ့လျားနေခြင်းသာဖြစ်သည်ဟုဆို၏။ သို့သော် ယနေ့ ကျွန်ုပ်တို့လည်း နေဝင်သည် နေထွက်သည်ဟု ပြောကြသော်လည်း နေရွေ့လျားခြင်းမဟုတ်ဘဲ ကမ္ဘာရွေ့လျားခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့အများစု သိ ကြသည်။ ဤကဲ့သို့သောအသုံးအနှုန်းများကို ကျွန်ုပ်တို့အသုံးပြုသည့်အခါ လူ့အမြင်တွင် နေရွေ့လျားနေ ဟန် ကိုဖော်ပြနေခြင်းသာဖြစ်သည်။ ကျမ်းရေးသူသည်လည်း ထိုသဘောမျိုးဖြင့်ပင် ပြောနေခြင်းဖြစ်သည်။
၁၄ နောက်ကျမ်းတစ်ပိုဒ်က ဤသို့ဆိုသည်– “မြေကြီးအမြစ်ကို ကာလအစဉ်အမြဲ မရွေ့မလှုပ်စေခြင်းငှာ၊ တည်တော်မူသောဘုရားပေတည်း။” (ဆာလံ ၁၀၄:၅) ကမ္ဘာမြေကြီးသည် ဖန်ဆင်းခံရပြီးနောက် လုံးဝမရွေ့နိုင်ဟု အဓိပ္ပာယ်ဖွင့်ခဲ့ကြသည်။ သို့သော် အမှန်မှာ၊ ဤကျမ်းပိုဒ်က ကမ္ဘာမြေကြီး၏ ထာဝစဉ်တည်မြဲမှုအကြောင်းကို အလေးပေးပြောနေခြင်းဖြစ်သည်၊ ယင်း၏ မလှုပ်ရှားနိုင်ခြင်းကို အလေးပေးပြောနေခြင်းမဟုတ်ပါ။ အခြားကျမ်းချက်များ အတည်ပြုသည့်အတိုင်း ဤကမ္ဘာမြေကြီး ပျောက်ပျက်သွားအောင် ‘လှုပ်ခါ’ ခံရမည် သို့မဟုတ် ဖျက်ဆီးခံရမည် မဟုတ်။ (ဆာလံ ၃၇:၂၉; ဒေ. ၁:၄) ဤကျမ်းချက်သည်လည်း ကမ္ဘာနှင့်နေတို့၏ နှိုင်းရရွေ့လျားမှုနှင့် ပတ်သက်ခြင်းမရှိပါ။ ဂယ်လီလီယိုလက်ထက်တွင် သိပ္ပံဆိုင်ရာ ဆွေးနွေးခန်းများကို လွတ်လွတ်လပ်လပ် မပြုလုပ်နိုင်အောင် ဟန့်တားသည့်အရာမှာ သမ္မာကျမ်းစာမဟုတ်ဘဲ ချာ့ချ်သာဖြစ်သည်။
ဆင့်ကဲဖြစ်စဉ်နှင့် ဖန်ဆင်းခြင်း
၁၅။ ဆင့်ကဲဖြစ်စဉ်သီအိုရီကား အဘယ်နည်း၊ ယင်းသည် သမ္မာကျမ်းစာနှင့် မည်သို့ဆန့်ကျင်သနည်း။
၁၅ သို့သော် ခေတ်သစ်သိပ္ပံပညာနှင့် သမ္မာကျမ်းစာ မည်သို့မျှစပ်ဟပ်၍မရနိုင်သည့် ကဏ္ဍတစ်ခုရှိသည်ဟု လူအများကဆိုမည်။ သိပ္ပံပညာရှင်အများစုက သက်ရှိအရာမှန်သမျှသည် လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာက ဖြစ်တည်သော သက်ရှိပုံစံတစ်မျိုးတည်းမှ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာသည်ဟုသွန်သင်သည့် ဆင့်ကဲသီအိုရီကို ယုံကြည်ကြသည်။ တစ်ဖက်တွင်မူ သမ္မာကျမ်းစာက သက်ရှိပင်မအုပ်စုတိုင်းသည် အထူးပြုဖန်ဆင်းခံရပြီး “အမျိုးအလိုက်” သာ မျိုးပွားကြကြောင်း သွန်သင်သည်။ လူသည် “မြေမှုန့်ဖြင့်” ဖန်ဆင်းခံရသည်ဟု သမ္မာကျမ်းစာကဆို၏။ (ကမ္ဘာဦး ၁:၂၁; ၂:၇) ဤသည်မှာ သမ္မာကျမ်းစာမှ သိသာသော သိပ္ပံဆိုင်ရာအမှားတစ်ခုလော။ အဆုံးအဖြတ်မပေးမီ သိပ္ပံပညာထုတ်ထားသည့် သီအိုရီနှင့်ဆန့်ကျင်လျက် သိပ္ပံပညာ သိရှိထား သည့်အရာကို ပို၍စေ့စေ့စပ်စပ် ကြည့်ကြပါစို့။
၁၆-၁၈။ (က) ချားလ်စ်ဒါဝင်၏ အဘယ်ရှုမြင်ချက်တစ်ခုက သူ့အား ဆင့်ကဲဖြစ်စဉ်ကိုယုံကြည်အောင် တွန်းပို့ပေးခဲ့သနည်း။ (ခ) ဂါလော့ပါဂတ်စ်ကျွန်းများတွင် ချားလ်စ်ဒါဝင် တွေ့ရှိခဲ့သည့်အရာသည် သမ္မာကျမ်းစာအဆိုနှင့် ဆန့်ကျင်ခြင်းမရှိကြောင်း ကျွန်ုပ်တို့ အဘယ်သို့ အကြောင်းပြနိုင်သနည်း။
၁၆ ဆင့်ကဲဖြစ်စဉ်သီအိုရီသည် လွန်ခဲ့သည့်ရာစုနှစ်အတွင်း ချားလ်စ် ဒါဝင်ကြောင့် ရေပန်းစားလူကြိုက်များလာခဲ့ခြင်းဖြစ်သည်။ ဒါဝင်သည် ပစိဖိတ်သမုဒ္ဒရာရှိ ဂါလက်ပါဂါ့စ်ကျွန်းစုတွင်ရောက်ရှိစဉ် ကျွန်းအသီးသီးတွင် စာကလေး မျိုးစိတ်အမျိုးမျိုး ကွဲပြားသည်ကို သတိပြုမိရာမှ အလွန်စွဲမှတ်သွားကာ ၎င်းတို့အားလုံးသည် ဘိုးဘေးမျိုးစိတ်တစ်ခုတည်းမှ ဆင်းသက်လာရမည်ဟု တွက်ဆလိုက်သည်။ တစ်စိတ်တစ်ပိုင်းအားဖြင့် ဤလေ့လာတွေ့ရှိမှုကြောင့် သူက သက်ရှိအရာအားလုံးသည် မူလပုံစံတစ်ခုတည်းမှ ဖြစ်ပေါ်လာသည်ဟူသည့်သီအိုရီကို တင်သွင်းထောက်ခံခဲ့သည်။ အဆင့်နိမ့်သတ္တဝါမှ အဆင့်မြင့်သတ္တဝါသို့ ဆင့်ကဲဖြစ်ပေါ်လာရခြင်း၏တွန်းအားမှာ သဘာဝရွေးချယ်မှု၊ အသင့်လျော်ဆုံးသာ အသက်ရှင်ကျန်မှုဖြစ်သည်ဟု အခိုင်အမာဆိုသည်။ ဆင့်ကဲဖြစ်စဉ်ကြောင့် ကုန်းသတ္တဝါများသည် ငါးမှလည်းကောင်း၊ ငှက်များသည် တွားသွားသတ္တဝါများမှလည်းကောင်း စသည်စသည်အားဖြင့် တရွေ့ရွေ့ပြောင်းလဲဖြစ်ပေါ်လာသည်ဟု သူကဆိုသည်။
၁၇ အမှန်အားဖြင့် ထီးတည်းဖြစ်သောထိုကျွန်းများတွင် ဒါဝင် လေ့လာတွေ့ရှိခဲ့ သည့်အရာသည် သမ္မာကျမ်းစာနှင့် ဆန့်ကျင်ခြင်းမရှိပါ။ သမ္မာကျမ်းစာက ပင်မသက်ရှိတစ်မျိုးအတွင်း ကွဲပြားခြားနားမှု ရှိနိုင်သည်ကို ထည့်တွက်ထားသည်။ ဥပမာ၊ လူသားမျိုးနွယ်အားလုံးသည် မူလလူသားမောင်နှံတစ်စုံတည်းမှ ပေါက်ပွားလာကြသည်။ (ကမ္ဘာဦး ၂:၇၊ ၂၂-၂၄) ထို့ကြောင့် အဆိုပါ စာငှက်မျိုးစိတ်အမျိုးမျိုးသည် တူညီသော ဘိုးဘေးမျိုးစိတ်တစ်ခုတည်းမှ ဆင်းသက်လာခြင်းမှာ အထူးအဆန်းမဟုတ်ပါ။ သို့သော် စာငှက်များသည် စာငှက်များအဖြစ်ပင် ဆက်၍ရှိနေသည်။ သိမ်းငှက်များ၊ လင်းယုန်များအဖြစ် ဆင့်ကဲပြောင်းလဲမသွားပါ။
၁၈ ဒါဝင်တွေ့ရှိခဲ့သည့် စာငှက်မျိုးစိတ်အမျိုးမျိုး သို့မဟုတ် အခြားမည်သည့်အရာကမျှ သက်ရှိအရာအားလုံး—ငါးမန်း သို့မဟုတ် ပင်လယ်စင်ရော်၊ ဆင် သို့မဟုတ် တီကောင်—တို့၌ တူညီသောဘိုးဘေးရှိသည်ကို သက်သေမထူပါ။ သို့သော်လည်း သိပ္ပံပညာရှင်အများက ဆင့်ကဲဖြစ်စဉ်သည် သီအိုရီတစ်ခုမျှသာ မဟုတ်တော့ဘဲ အမှန်တရားဖြစ်နေပြီဟု အခိုင်အမာဆိုလာကြသည်။ အခြားသူများကမူ ၎င်းသီအိုရီ၌ ပြဿနာများရှိနေကြောင်း အသိအမှတ်ပြုသော်လည်း ၎င်းသီအိုရီကိုပင်ယုံသည်ဟု ဆိုကြသည်။ ဤအဆိုမျိုး ရေပန်းစားနေသည်။ သို့သော် သမ္မာကျမ်းစာ မှားကိုမှားရမည်ဟု ပြနိုင်သည့်အဆင့်အထိ ဆင့်ကဲဖြစ်စဉ်က သက်သေထူနိုင်ခဲ့ခြင်းရှိမရှိ ကျွန်ုပ်တို့ သိရန်လိုသည်။
သက်သေထူခဲ့ပြီလော
၁၉။ ကျောက်ဖြစ်ရုပ်ကြွင်းမှတ်တမ်းက ဆင့်ကဲဖြစ်စဉ်ကို ထောက်ခံသလော၊ ဖန်ဆင်းခြင်းကို ထောက်ခံသလော။
၁၉ ဆင့်ကဲဖြစ်စဉ်သီအိုရီကို မည်သို့စမ်းသပ်စစ်ဆေးကြည့်နိုင်သနည်း။ အထင်ရှားဆုံးနည်းလမ်းမှာ ကျောက်ဖြစ်ရုပ်ကြွင်းမှတ်တမ်းများကို ဆန်းစစ်၍ သက်ရှိတစ်မျိုးမှ အခြားတစ်မျိုးသို့ တရွေ့ရွေ့ပြောင်းလဲခြင်း အမှန်ဖြစ်ပျက်ခဲ့ခြင်းရှိမရှိ လေ့လာခြင်းဖြစ်သည်။ အမှန်ဖြစ်ပျက်ခဲ့သလော။ မဖြစ်ခဲ့ကြောင်း သိပ္ပံပညာရှင်အတော်များများက ရိုးသားစွာဝန်ခံခဲ့ကြသည်။ ဖရန်စစ္စ ဟစ်ချင်းက ဤသို့ရေးသည်– “တိရစ္ဆာန် ပင်မအုပ်စုကြီးများစပ်ကြား ကွင်းဆက်များကိုရှာလျှင် လုံးဝမတွေ့ရပါ။”၇ ကျောက်ဖြစ်ရုပ်ကြွင်းမှတ်တမ်းတွင် အထောက်အထားမရှိကြောင်း ထင်ရှားလွန်းလှသဖြင့် ဆင့်ကဲဝါဒီတို့က ဒါဝင်၏ တရွေ့ရွေ့ပြောင်းလဲခြင်းသီအိုရီအစား အခြားသီအိုရီများကို စဉ်းစားကြံဆလာကြသည်။ သို့သော် အမှန်မှာ ကျောက်ဖြစ်ရုပ်ကြွင်းမှတ်တမ်းတွင် တိရစ္ဆာန်အမျိုးမျိုး ရုတ်တရက် ပေါ်ထွက်ခြင်းက ဆင့်ကဲဖြစ်စဉ်ကို ထောက်ခံသည်ထက် အထူးဖန်ဆင်းခြင်းကို ထောက်ခံနေပါသည်။
၂၀။ သက်ရှိဆဲလ်များပွားများပုံက ဆင့်ကဲဖြစ်စဉ် ဖြစ်ပေါ်ရန် အဘယ်ကြောင့် ခွင့်မပြုသနည်း။
၂၀ ထို့အပြင် သက်ရှိသတ္တဝါများသည် အခြားတစ်မျိုးမျိုးသို့ ဆင့်ကဲပြောင်းလဲသွားရန်မဟုတ်ဘဲ ၎င်းတို့၏အမျိုးအလိုက် တစ်ပုံစံတည်း ပြန်၍မျိုးပွားနိုင်အောင် အစီအစဉ်ရေးဆွဲထားခြင်းခံရကြောင်း ဟစ်ချင်းကပြသခဲ့သည်။ သူဤသို့ဆိုသည်– “သက်ရှိဆဲလ်များသည် တစ်ထပ်တည်းနီးပါးကျသည့်ဆဲလ်များကို မိမိတို့ဘာသာ ကူးပွားကြသည်။ အမှားအယွင်းအတိုင်းအတာမှာ အလွန်သေးငယ်လှသဖြင့် အဘယ်လူလုပ်စက်မျှ လိုက်၍မမီနိုင်ချေ။ ၎င်းတို့၌ ကန့်သတ်ထိန်းချုပ်မှုများလည်း ပါရှိသည်။ အပင်များသည် အရွယ်အစားတစ်ခုသို့ရောက်သော် ဆက်၍မကြီးလာတော့ပါ။ သစ်သီးယင်တို့သည် ယနေ့အထိတီထွင်ခဲ့သော မည်သည့်အခြေအနေမျိုး၌မဆို သစ်သီးယင်မှတစ်ပါး အခြားအကောင်အဖြစ် ပြောင်းမသွားပါ။”၈ ဆယ်စုနှစ်များစွာတစ်လျှောက် သစ်သီးယင်များ၌ သိပ္ပံပညာရှင်များ ဖြစ်ပေါ်စေခဲ့သည့် ပြောင်းလဲမှုများက ယင်းတို့ကို အခြားသက်ရှိများအဖြစ် ဆင့်ကဲပြောင်းလဲသွားအောင် မရမက မလုပ်နိုင်ခဲ့ချေ။
အသက်၏မူလအစ
၂၁။ လူးဝစ္စပါစတာသက်သေပြသည့် အဘယ်ကောက်ချက်သည် ဆင့်ကဲဝါဒီများအတွက် ကြီးမားသည့်ပြဿနာတစ်ရပ် ဖြစ်ပေါ်စေသနည်း။
၂၁ ဆင့်ကဲဝါဒီများ မဖြေနိုင်သည့် ခက်ခဲသော နောက်မေးခွန်းတစ်ခုမှာ အသက်၏မူလအစကား အဘယ်နည်း ဖြစ်သည်။ ကျွန်ုပ်တို့အားလုံး ဆင်းသက်လာရာဖြစ်သည်ဟုဆိုသည့် ပထမဦးဆုံး တစ်ခုတည်းသောသက်ရှိပုံစံသည် မည်သို့ဖြစ်ပေါ်လာသနည်း။ လွန်ခဲ့သည့်ရာစုနှစ်များစွာက ဤကိစ္စသည် ပြဿနာဖြစ်ခဲ့ပုံ မရပေ။ ထိုခေတ်မှ လူအများစုက ယင်ကောင်များသည် အသားပုပ်မှ ဖြစ်ပေါ်လာနိုင်သည်၊ အဝတ်စုတ်ပုံတစ်ပုံမှ ကြွက်များ အလိုအလျောက် ဖြစ်လာနိုင်သည်ဟု ထင်မှတ်ခဲ့ကြသည်။ သို့သော် လွန်ခဲ့သည့်အနှစ်တစ်ရာကျော်က ပြင်သစ်ဓာတုဗေဒပညာရှင် လူးဝစ္စ ပါစတာက အသက်ဆိုသည်မှာ အလျင်ရှိနှင့်သောအသက်ထံမှသာ ဖြစ်ပေါ်လာနိုင်ကြောင်း ရှင်းလင်းစွာပြသခဲ့သည်။
၂၂၊ ၂၃။ ဆင့်ကဲဝါဒီများအဆိုအရ အသက် မည်သို့စတင်ဖြစ်ပေါ်လာသနည်း၊ သို့သော် အဖြစ်မှန်များက အဘယ်အရာကိုပြသနည်း။
၂၂ သို့ဖြစ်လျှင် အသက်၏ဇာစ်မြစ်ကို ဆင့်ကဲဝါဒီတို့ မည်သို့ရှင်းပြကြသနည်း။ လူကြိုက်အများဆုံးသီအိုရီအရ လွန်ခဲ့သည့်နှစ်သန်းပေါင်းများစွာက ဓာတုပစ္စည်းများနှင့် စွမ်းအင်တို့ အမှတ်မထင် ပေါင်းစပ်မိရာမှ အလိုအလျောက် အသက်ဖြစ်ထွန်းလာသည်ဟုဆိုသည်။ ပါစတာ သက်သေပြခဲ့သည့် မူနှင့်ပတ်သက်၍ မည်သို့ဆိုမည်နည်း။ ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းက ဤသို့ရှင်းပြသည်– “ပါစတာက အသက်သည် ယနေ့ကမ္ဘာပေါ်ရှိ ဓာတုနှင့်ရူပအခြေအနေမျိုးတွင် အလိုအလျောက် ဖြစ်ပေါ်မလာနိုင်ကြောင်း ပြသခဲ့သည်။ သို့သော် လွန်ခဲ့သည့် နှစ်သန်းထောင်ပေါင်းများစွာက ကမ္ဘာပေါ်ရှိ ဓာတုနှင့်ရူပအခြေအနေများမှာ ယနေ့နှင့် အလွန်ကွာခြားလှသည်!”၉
၂၃ သို့သော် ကွာခြားလှသော အခြေအနေမျိုး၌ပင် သက်မဲ့အရာနှင့် အရိုးရှင်းဆုံး သက်ရှိအရာတို့ကြားတွင် ဧရာမကွာဟမှုကြီး ရှိနေပါသည်။ မိုက်ကယ် ဒင်တန်က သူရေးသည့် ဆင့်ကဲဖြစ်စဉ်– အကျပ်ရိုက်နေသောသီအိုရီ ဟူသည့်စာအုပ်တွင် ဤသို့ဆိုသည်– “သက်ရှိဆဲလ်တစ်ခုနှင့် သလင်းကျောက် သို့မဟုတ် နှင်းပွင့်ကဲ့သို့သော စည်းစနစ်အမြင့်ဆုံးရှိသည့် သက်မဲ့အဖွဲ့အစည်းတို့ကြားတွင် နှိုင်းယှဉ်၍မရလောက်အောင် အလွန့်အလွန်ကျယ်ပြောသည့် ချောက်ကြီးတည်ရှိသည်။”၁၀ မတော်တဆတိုက်ဆိုင်မှုတစ်မျိုးမျိုးကြောင့် သက်မဲ့ပစ္စည်းက သက်ရှိဖြစ်လာနိုင်သည်ဟူသည့် အယူအဆမှာ လုံးဝမဖြစ်နိုင်ပေ။ အသက်ကို ဘုရားသခင်ဖန်ဆင်းသောကြောင့် ‘အသက်သည် အသက်မှဖြစ်လာသည်’ ဟူသော သမ္မာကျမ်းစာ၏ရှင်းပြချက်မှာ ကျေနပ်လက်ခံလောက်အောင် အဖြစ်မှန်များနှင့်ကိုက်ညီပေသည်။
ဖန်ဆင်းခြင်းကို လက်မခံရသည့်အကြောင်း
၂၄။ ဆင့်ကဲဖြစ်စဉ်သီအိုရီ၌ ပြဿနာများရှိလျက်နှင့် သိပ္ပံပညာရှင်အများစု ယင်းသီအိုရီကို အဘယ်ကြောင့် တွယ်ကပ်လျက်ရှိကြသနည်း။
၂၄ ဆင့်ကဲဖြစ်စဉ်သီအိုရီတွင် ပြဿနာများရှိနေလင့်ကစား ဖန်ဆင်းခြင်းကို ယုံကြည်ခြင်းသည် သိပ္ပံနည်းမကျ၊ အထူးအဆန်းဖြစ်သည်ဟုပင် ယနေ့ သဘောထားကြသည်။ ဤသို့ အဘယ်ကြောင့်ဖြစ်ရသနည်း။ ဆင့်ကဲဖြစ်စဉ်၏ အားနည်းချက်များကို ရိုးသားစွာထောက်ပြခဲ့သည့် ဖရန်စစ္စ ဟစ်ချင်းကဲ့သို့သော ပညာရှင်များကပင် ဖန်ဆင်းခြင်းယုံကြည်ချက်ကို အဘယ်ကြောင့် ငြင်းပယ်ရပါသနည်း။၁၁ ဖန်ဆင်းခြင်းနှင့်ဆက်နွှယ်သော သီအိုရီများသည် “သဘာဝလွန် အကြောင်းတရားများကို ပွင့်ပွင့်လင်းလင်း အားကိုးအားထားပြု” သောကြောင့် ဆင့်ကဲဖြစ်စဉ်၌ ချွတ်ယွင်းချက်များရှိသော်ငြားလည်း ယင်းကိုပင်ဆက်၍ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မိုက်ကယ် ဒင်တန်က ရှင်းပြသည်။၁၂ တစ်နည်းပြောရလျှင် ဖန်ဆင်းခြင်း၌ ဖန်ဆင်းရှင်တစ်ပါး ပါဝင်ပတ်သက်နေသောကြောင့် လက်မခံနိုင်စရာဖြစ်စေသည်။ သေချာသည်မှာ ယင်းသည် အံ့ဖွယ်အမှုများကိစ္စတွင် ကျွန်ုပ်တို့တွေ့ခဲ့ရသည့် အဆုံးမသတ်နိုင်သော ကျိုးကြောင်းဆင်ခြင်ပုံအတိုင်းပင်ဖြစ်သည်– အံ့ဖွယ်အမှုများသည် အံ့သြဖွယ်ကောင်းလှသောကြောင့် ဖြစ်နိုင်ခြေမရှိပါ!
၂၅။ သိပ္ပံနည်းကျပြောရလျှင် ဆင့်ကဲဖြစ်စဉ်၏ အဘယ်အားနည်းချက်က ယင်းသည် သက်ရှိတို့၏ မူလအစကိုရှင်းပြရာတွင် ဖန်ဆင်းခြင်းအစား ရွေးချယ်စရာ ခိုင်လုံသည့်အရာ အဘယ်ကြောင့်မဟုတ်သနည်း။
၂၅ ထို့အပြင် သိပ္ပံရှုထောင့်မှကြည့်လျှင် ဆင့်ကဲဖြစ်စဉ်သီအိုရီကိုယ်နှိုက်တွင် သံသယဖြစ်စရာ များစွာရှိသည်။ မိုက်ကယ် ဒင်တန်က ဤသို့ဆက်ပြောသည်– “[ဒါဝင်၏ဆင့်ကဲသီအိုရီသည်] အခြေခံအားဖြင့် သမိုင်းကို ပြန်လည်တည်ဆောက်သည့် သီအိုရီတစ်ခုဖြစ်သောကြောင့် သိပ္ပံပညာရပ်၏ လုပ်ရိုးလုပ်စဉ်အတိုင်း ယင်းကို လက်တွေ့စမ်းသပ်ခြင်း သို့မဟုတ် တိုက်ရိုက်စောင့်ကြည့်လေ့လာခြင်းအားဖြင့် မှန်ကန်ကြောင်းအတည်ပြုရန် မဖြစ်နိုင်ပေ။ . . . ထို့အပြင် ဆင့်ကဲသီအိုရီသည် အသက်၏မူလအစ၊ အသိဉာဏ်၏မူလအစ အစရှိသည်ဖြင့် တစ်မူထူးခြားသောအဖြစ်အပျက်များ တသီတတန်းကြီးကိုဖြေရှင်းရသည်။ တစ်မူထူးခြားသောအဖြစ်အပျက်များမှာ ထပ်၍မဖြစ်တော့သည့်အပြင် မည်သည့်နည်းနှင့်မျှ လက်တွေ့စမ်းသပ်စစ်ဆေး၍မရနိုင်သော အဖြစ်အပျက်များဖြစ်သည်။”၁၃ အမှန်ဆိုရလျှင် ဆင့်ကဲသီအိုရီသည် လူကြိုက်များသော်လည်း ကွာဟချက်နှင့် ပြဿနာများ ပြည့်လျက်ရှိသည်။ အသက်၏ မူလအစနှင့်ပတ်သက်သည့် သမ္မာကျမ်းစာမှတ်တမ်းကိုငြင်းပယ်ရန် ခိုင်လုံသည့်အကြောင်းမရှိပါ။ ကမ္ဘာဦးကျမ်း၏ ပထမအခန်းကြီးက အဆိုပါ “ထပ်၍မဖြစ်တော့” သည့် “တစ်မူထူးခြားသောအဖြစ်အပျက်များ” သည် နှစ်ပေါင်းထောင်ချီ၍ ကြာရှည်သည့်ဖန်ဆင်းရာ ‘နေ့များ’ အတွင်း မည်သို့ဖြစ်ပေါ်လာပုံအကြောင်း အကြွင်းမဲ့ ကျိုးကြောင်းညီညွတ်သည့်မှတ်တမ်းကို ဖော်ပြသည်။a
ရေလွှမ်းခြင်းနှင့်ပတ်သက်၍ကော
၂၆၊ ၂၇။ (က) ရေလွှမ်းမိုးခြင်းအကြောင်း သမ္မာကျမ်းစာက အဘယ်သို့ဆိုထားသနည်း။ (ခ) လွှမ်းမိုးသောရေများသည် တစ်စိတ်တစ်ဒေသအားဖြင့် အဘယ်နေရာမှလာသနည်း။
၂၆ လူအများက သမ္မာကျမ်းစာနှင့် ခေတ်သစ်သိပ္ပံ ဆန့်ကျင်သည်ဟုဆိုသည့် နောက်တစ်ချက်ကို ထောက်ပြကြသည်။ ကမ္ဘာဦးကျမ်းတွင် လွန်ခဲ့သည့်အနှစ် ထောင်ချီကာလက လူတို့၏ဆိုးညစ်မှုသည် အလွန်ကြီးမားလှသဖြင့် သူတို့ကို ဘုရားသခင်ဖျက်ဆီးရန် ဆုံးဖြတ်တော်မူခဲ့ကြောင်း ကျွန်ုပ်တို့ဖတ်ရသည်။ သို့သော် ကိုယ်တော်က ဖြောင့်မတ်သော နောဧအား သစ်သားသင်္ဘောကြီးတစ်စီး ဆောက်လုပ်ခိုင်းသည်။ ထို့နောက် ဘုရားသခင်သည် လူသားများအပေါ် ရေလွှမ်းမိုးဘေး ကျရောက်စေခဲ့သည်။ နောဧနှင့်သူ့မိသားစုတို့နှင့်တကွ တိရစ္ဆာန်မျိုးစိတ်အားလုံး၏ ကိုယ်စားပြုတိရစ္ဆာန်များသာ ကပ်ကျော်ခဲ့ကြသည်။ ရေလွှမ်းမိုးဘေးသည် အလွန့်အလွန်ကြီးမားလှသဖြင့် “မိုးကောင်းကင်အောက်၌ရှိသမျှသော တောင်ကြီးအပေါင်းတို့သည်မြုပ်ကြ” ၏။—ကမ္ဘာဦး ၇:၁၉။
၂၇ ကမ္ဘာတစ်ခုလုံးကို လွှမ်းမြုပ်နိုင်သည့်ရေ အဘယ်မှလာသနည်း။ သမ္မာကျမ်းစာကိုယ်နှိုက်က အဖြေပေးထားသည်။ ဖန်ဆင်းခြင်းဖြစ်စဉ်အစောပိုင်းတွင် လေထု၏မိုးမျက်နှာကြက် စတင်ပုံပေါ်သည့်အခါ၌ “မိုးမျက်နှာကြက်အောက်၌ရှိသောရေနှင့်၊ မိုးမျက်နှာကြက်အပေါ်၌ရှိသောရေ” များဖြစ်ပေါ်လာသည်။ (ကမ္ဘာဦး ၁:၇; ၂ ပေတရု ၃:၅) ရေလွှမ်းမိုးဘေးရောက်သည့်အခါ “မိုးကောင်းကင်ပြွန်ဝများကိုဖွင့်” လိုက်သည်ဟု သမ္မာကျမ်းစာကဆိုသည်။ (ကမ္ဘာဦး ၇:၁၁) “မိုးမျက်နှာကြက်အပေါ်၌ရှိသောရေ” များကျဆင်းလာရာ ရေလွှမ်းမိုးခြင်းအတွက် ရေအမြောက်အမြား ရရှိစေသည်မှာ ထင်ရှားသည်။
၂၈။ ယေရှုအပါအဝင် ဘုရားသခင်၏ ရှေးခေတ်ကျေးကျွန်များက ရေလွှမ်းမိုးခြင်းဘေးကို မည်သို့သဘောထားခဲ့ကြသနည်း။
၂၈ ခေတ်သစ်ပြဋ္ဌာန်းစာအုပ်များက ကမ္ဘာချီရေလွှမ်းမိုးဘေးကို မသိကျိုးကျွံပြုလိုကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဤသို့မေးရမည်– ရေလွှမ်းမိုးခြင်းသည် ဒဏ္ဍာရီတစ်ခုမျှသာလော၊ သို့မဟုတ် အမှန်တကယ်ဖြစ်ပျက်ခဲ့သလော။ အဖြေမပေးမီ ယေဟောဝါအားကိုးကွယ်ခဲ့သည့် နှောင်းလူတို့က ရေလွှမ်းမိုးခြင်းကို စစ်မှန်သောသမိုင်းအဖြစ် လက်ခံခဲ့ကြောင်း ကျွန်ုပ်တို့ မှတ်သားထားသင့်သည်; ဒဏ္ဍာရီအဖြစ် မယူမှတ်ကြပါ။ ရေလွှမ်းမိုးခြင်းကို အမှန်ဖြစ်ပျက်ခဲ့ရာအဖြစ် ရည်ညွန်းဖော်ပြခဲ့သူများတွင် ဟေရှာယ၊ ယေရှု၊ ပေါလုနှင့် ပေတရုတို့ ပါဝင်ကြသည်။ (ဟေရှာယ ၅၄:၉; မဿဲ ၂၄:၃၇-၃၉; ဟေဗြဲ ၁၁:၇; ၁ ပေတရု ၃:၂၀၊ ၂၁; ၂ ပေတရု ၂:၅; ၃:၅-၇) သို့သော် ကမ္ဘာချီရေလွှမ်းမိုးဘေးကြီးနှင့်ပတ်သက်၍ ဖြေဆိုရမည့်မေးခွန်းများရှိသည်။
လွှမ်းမိုးသောရေ
၂၉၊ ၃၀။ ကမ္ဘာမြေ၏ ရေအထောက်အပံ့နှင့်ပတ်သက်သည့် အဘယ်အချက်များက ရေလွှမ်းမိုးခြင်းဘေးသည် ဖြစ်နိုင်ကြောင်း ပြသသနည်း။
၂၉ ဦးဆုံးအနေနှင့်၊ တစ်ကမ္ဘာလုံး ရေလွှမ်းမိုးခံရသည် ဟူသည့်အယူအဆသည် ယုတ္တိကင်းမဲ့လွန်းရာ မကျပေလော။ မကျပါ။ အမှန်မှာ ကမ္ဘာသည် အတိုင်းအတာတစ်ခုအထိ ရေလွှမ်းမြုပ်လျက်နေဆဲဖြစ်သည်။ ကမ္ဘာ၏ ခုနစ်ဆယ်ရာခိုင်နှုန်းကို ရေဖုံးလွှမ်းလျက်ရှိပြီး ၃၀ ရာခိုင်နှုန်းသာ ခြောက်သွေ့သောကုန်းမြေဖြစ်သည်။ ထို့အပြင် ကမ္ဘာ့ရေချို၏ ၇၅ ရာခိုင်နှုန်းသည် ရေခဲမြစ်များနှင့် ဝင်ရိုးစွန်းရေခဲပြင်ကြီးများတွင် လှောင်ပိတ်လျက်ရှိသည်။ ဤရေခဲအားလုံး အရည်ပျော်သွားမည်ဆိုလျှင် ပင်လယ်ရေပြင်သည် ယခုထက်များစွာ မြင့်တက်လာပေမည်။ နယူးယောက်နှင့် တိုကျိုကဲ့သို့သော မြို့ကြီးပြကြီးများသည် ပျောက်ကွယ်သွားပေမည်။
၃၀ ထို့အပြင် ဗြိတဲန်နီကာစွယ်စုံကျမ်းသစ်က ဤသို့ဆိုသည်– “ခန့်မှန်းချက်အရ ပင်လယ်အားလုံး၏ ပျမ်းမျှအနက်မှာ ၃,၇၉၀ မီတာ (၁၂,၄၃၀ ပေ) ရှိသဖြင့် ဤကိန်းဂဏန်းသည် ပင်လယ်ရေပြင်အထက် ပျမ်းမျှအားဖြင့် ၈၄၀ မီတာ (၂၇၆၀ ပေ) ရှိသော ကုန်းမြေ၏အမြင့်ထက် များစွာကြီးမားနေသည်။ ပင်လယ်၏ ပျမ်းမျှအနက်ကို မျက်နှာပြင်ဧရိယာနှင့် မြှောက်လိုက်လျှင် ကမ္ဘာ့သမုဒ္ဒရာ၏ထုထည်သည် ပင်လယ်ရေပြင်အထက်ရှိ ကုန်းမြေထုထည်၏ ၁၁ ဆရှိမည်။”၁၄ ထို့ကြောင့် ကမ္ဘာ့မြေမျက်နှာပြင်အားလုံး တစ်ပြေးညီအောင် ညှိလိုက်မည်ဆိုလျှင်—တောင်များကို ပြန့်ပြူးအောင်ညှိပြီး နက်ရှိုင်းသော ပင်လယ်ချိုင့်ဝှမ်းများကို ဖို့လိုက်လျှင်—ပင်လယ်ရေသည် ကမ္ဘာတစ်ခုလုံးကို အနက်မီတာထောင်နှင့်ချီ၍ ဖုံးလွှမ်းနေမည်ဖြစ်သည်။
၃၁။ (က) ရေလွှမ်းမိုးခြင်း ဖြစ်နိုင်ရန်အတွက် ရေလွှမ်းမိုးခြင်းမတိုင်မီက ကမ္ဘာသည် အဘယ်အခြေအနေ ရှိခဲ့ရမည်နည်း။ (ခ) ရေလွှမ်းမိုးခြင်းမတိုင်မီက တောင်တန်းများသည် ယခုထက်နိမ့်ပြီး ပင်လယ်ချိုင့်ဝှမ်းများလည်း ယခုထက်တိမ်ခဲ့နိုင်ကြောင်း အဘယ်အရာက ပြသသနည်း။
၃၁ ရေလွှမ်းမိုးခြင်းဖြစ်နိုင်ရန်အတွက် ရေလွှမ်းမိုးခြင်းမတိုင်မီက ပင်လယ်ချိုင့်ဝှမ်းများသည် ယခုထက် ပို၍တိမ်ပြီး တောင်များသည်လည်း ယခုထက် ပို၍နိမ့်ရမည်ဖြစ်သည်။ ဖြစ်နိုင်ပါသလော။ ပြဋ္ဌာန်းစာအုပ်တစ်အုပ်က ဤသို့ဆိုသည်– “ယခုအခါ ကမ္ဘာ့တောင်တန်းကြီးများ မိုးထိုးလျက်ရှိသည့် ဒေသများတွင် လွန်ခဲ့သော အနှစ်သန်းပေါင်းများစွာက သမုဒ္ဒရာများနှင့် လွင်ပြင်များ အဆုံးအစမရှိ ညီညာပြန့်ပြူးစွာ တည်ရှိခဲ့သည်။ . . . အတွင်းပိုင်းကျောက်လွှာများ၏ ရွေ့လျားမှုများကြောင့် ကုန်းမြေသည် အကြမ်းအခံနိုင်ဆုံး တိရစ္ဆာန်များနှင့် အပင်များသာ အသက်ရှင်ကျန်ရစ်နိုင်သည်အထိ အမြင့်သို့ ထိုးတက်သွားစေသည်မက အခြားတစ်ဖက်စွန်းတွင် ပင်လယ်ရေမျက်နှာပြင်အောက် အလွန်နက်ရှိုင်းသောအနက်သို့ နိမ့်ဆင်းသွားစေသည်။”၁၅ တောင်များနှင့် ပင်လယ်ချိုင့်ဝှမ်းများသည် မြင့်လိုက်နိမ့်လိုက်ဖြစ်နေသောကြောင့် တစ်ချိန်က တောင်များသည် ယခုလောက်မမြင့်သကဲ့သို့ ပင်လယ်ချိုင့်ဝှမ်းကြီးများလည်း ယခုလောက်မနက်ဘဲ ဖြစ်ခဲ့ပေမည်။
၃၂။ လွှမ်းမိုးသောရေများ မည်သို့ဖြစ်သွားရမည်နည်း။ ရှင်းပြပါ။
၃၂ ရေလွှမ်းမိုးဘေးပြီးနောက် လွှမ်းမိုးသောရေများ ဘာဖြစ်သွားသနည်း။ ပင်လယ်ချိုင့်ဝှမ်းများသို့ စီးဆင်းခဲ့ရပေမည်။ မည်သို့စီးဆင်းမည်နည်း။ ကုန်းမြေအပိုင်းများသည် ကျောက်လွှာကြီးများပေါ်တွင် တည်နေသည်ဟု သိပ္ပံပညာရှင်များက ယုံကြည်ကြသည်။ ဤကျောက်လွှာများ ရွေ့လျားမှုကြောင့် ကမ္ဘာ့မြေမျက်နှာပြင် ပြောင်းလဲသွားနိုင်သည်။ ယနေ့ အချို့ဒေသများတွင် ကျောက်လွှာနယ်နိမိတ်များ၌ ခြောက်မိုင်မကနက်ရှိုင်းသည့် ရေအောက်ချောက်ကြီးများရှိသည်။၁၆ ရေလွှမ်းမိုးခြင်းကိုယ်နှိုက်ကြောင့် စတင်ဖြစ်ပွားဖွယ်ရှိသော ကျောက်လွှာများရွေ့လျားခြင်း၊ ပင်လယ်အောက်ခြေ ကျွံကျနိမ့်ဆင်းခြင်းကြောင့် မြောင်းကြီးများဖြစ်ပေါ်ပြီး ကုန်းမြေမှရေများ စီးဆင်းသွားခြင်း ဖြစ်ဖွယ်ရှိသည်။b
ရေလွှမ်းမိုးခဲ့သည့်သဲလွန်စများ
၃၃၊ ၃၄။ (က) ရေလွှမ်းမိုးခြင်းဘေး၏ ဖြစ်နိုင်ဖွယ်ရှိသည့် အဘယ်အထောက်အထားကို သိပ္ပံပညာရှင်များ ရရှိထားပြီးဖြစ်သနည်း။ (ခ) သိပ္ပံပညာရှင်များသည် အထောက်အထားကို တလွဲအဓိပ္ပာယ်ဖွင့်မိနိုင်သည်ဟုဆိုခြင်းသည် ကျိုးကြောင်းညီညွတ်ပါ၏လော။
၃၃ ရေလွှမ်းမိုးဘေးကြီး ဖြစ်ခဲ့ နိုင် သည်ကို ကျွန်ုပ်တို့လက်ခံပါက ရေလွှမ်းမိုးဘေးကြီး၏သဲလွန်စကို သိပ္ပံပညာရှင်များ အဘယ်ကြောင့် ရှာမတွေ့ကြသနည်း။ သူတို့ ရှာတွေ့ကောင်းရှာတွေ့ခဲ့မည်၊ သို့သော် ၎င်းအထောက်အထားများကို တစ်နည်းတစ်ဖုံဖြင့် အဓိပ္ပာယ်ကောက်ခဲ့ကြသည်။ ဥပမာ၊ အများလက်ခံထားသော သိပ္ပံပညာက ရေခဲခေတ်များအဆက်ဆက်အတွင်း အရှိန်ပြင်းသောရေခဲမြစ်များကြောင့် နေရာများစွာ၌ ကမ္ဘာ့မြေမျက်နှာပြင်သည် ပုံသဏ္ဌာန်ပြောင်းခဲ့သည်ဟု သွန်သင်သည်။ သို့သော် ရေခဲမြစ်လုပ်ဆောင်ချက်ဟု ထင်ရသည့်အထောက်အထားမှာ တစ်ခါတစ်ရံ ရေ၏သက်ရောက်မှုအကျိုးဆက် ဖြစ်နိုင်သည်။ သို့နှင့် ရေလွှမ်းမိုးခြင်း၏ အထောက်အထားအချို့ကို ရေခဲခေတ်၏ အထောက်အထားအဖြစ် လွဲမှားစွာအဓိပ္ပာယ်ဖွင့်ခြင်း ဖြစ်နိုင်ပေသည်။
၃၄ အလားတူအမှားမျိုး ရှိခဲ့ဖူးသည်။ ရေခဲခေတ်များသီအိုရီကို သိပ္ပံပညာရှင်များ ထုတ်ဖော်နေသည့်အချိန်နှင့်စပ်လျဉ်းပြီး ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “သူတို့သည် တသမတ်ဒဿနိကဗေဒနှင့်အညီ ဘူမိသမိုင်း၏ ကျောက်လွှာအဆင့်တိုင်းတွင် ရေခဲခေတ်များကို တွေ့ရှိခဲ့ကြသည်။ သို့သော် မကြာသေးမီနှစ်များအတွင်း အထောက်အထားကို ဂရုတစိုက် ပြန်လည်ဆန်းစစ်ကြည့်သည့်အခါ ထိုရေခဲခေတ်များမှ များစွာကို ပယ်ဖျက်လိုက်သည်; တစ်ချိန်က ရေခဲမြစ်စီးဆင်းရာမှ ကျန်ရစ်ခဲ့သည့် မြေစိုင်မြေခဲ၊ ကျောက်စကျောက်န အပုံများဟူ၍ သတ်မှတ်ခဲ့သော ကျောက်လွှာစုများကို ရွံ့စီးကြောင်းများ၊ ရေအောက်မြေပြိုခြင်းများနှင့် နောက်ကျိရေစီးကြောင်းများ—နက်ရှိုင်းသော သမုဒ္ဒရာကြမ်းပြင်တွင် နှုန်းမြေနု၊ သဲနှင့် ကျောက်စရစ်များကို သယ်ဆောင်သည့် နောက်ကျိရေလျှောဆင်းမှုများ—ကြောင့် တင်ကျန်ခဲ့သည့် အောက်ခံလွှာကြီးများအဖြစ် ပြန်လည်ဖွင့်ဆိုလာကြသည်။”၁၈
၃၅၊ ၃၆။ ကျောက်ဖြစ်ရုပ်ကြွင်းမှတ်တမ်းနှင့် ဘူမိဗေဒတို့တွင် တွေ့ရှိရသည့် အဘယ်အထောက်အထားသည် ရေလွှမ်းမိုးခြင်းနှင့် ဆက်နွှယ်နိုင်ဖွယ်ရှိသနည်း။ ရှင်းပြပါ။
၃၅ ရေလွှမ်းမိုးခြင်းဆိုင်ရာ အထောက်အထား နောက်တစ်ခုမှာ ကျောက်ဖြစ်ရုပ်ကြွင်းမှတ်တမ်းတွင် တည်ရှိပုံရသည်။ ဤမှတ်တမ်းအရ တစ်ချိန်တစ်ခါက ဓားစွယ်ကျားကြီးများသည် ဥရောပတိုက်တွင် သားကောင်များကို ရှာဖွေစားသောက်ခဲ့သည်၊ ယခုခေတ်မြင်းများထက်ကြီးသော မြင်းများသည် မြောက်အမေရိကတွင် လှည့်လည်ကျက်စားခဲ့သည်၊ ဆိုက်ဘေးရီးယားတွင် မမ်းမတ်ရှေးဆင်ကြီးများ အစားအစာ လိုက်လံရှာဖွေစားသောက်ခဲ့သည်။ ထို့နောက် ကမ္ဘာတစ်ဝန်းလုံးတွင် နို့တိုက်သတ္တဝါမျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်ခဲ့သည်။ တစ်ချိန်တည်းတွင် ရာသီဥတု ရုတ်တရက် ပြောင်းလဲသွားသည်။ ဆိုက်ဘေးရီးယားဒေသတွင် သောင်းနှင့်ချီသော မမ်းမတ်ရှေးဆင်ကြီးများသည် သေဆုံး၍ တစ်မုဟုတ်ချင်းအေးခဲသွားကြသည်။c ချားလ်စ်ဒါဝင်နှင့် တစ်ခေတ်တည်းသား ထင်ရှားကျော်ကြားသူ အဲဖရက် ဝေါလ်လေ့စ်က အဆိုပါ နေရာအနှံ့ ကျယ်ပြန့်သည့် ပျက်စီးခြင်းဘေးသည် ထူးခြားသော ကမ္ဘာချီ အဖြစ်အပျက်တစ်ခုခုကြောင့် ဖြစ်ရမည်ဟုယူဆသည်။၁၉ လူအများက ဤအဖြစ်အပျက်သည် ရေလွှမ်းမိုးဘေးပင်ဖြစ်သည်ဟု အကျိုးသင့် အကြောင်းသင့် တင်ပြကြသည်။
၃၆ သမ္မာကျမ်းစာဆိုင်ရာ ရှေးဟောင်းသုတေသနပညာရှင် မဂ္ဂဇင်းတွင် အယ်ဒီတာအာဘော်တစ်ခုက ဤသို့ဆိုထားသည်– “ရေလွှမ်းမိုးဘေးကြီးနှင့်ဆိုင်သောပုံပြင်သည် လူ့ယဉ်ကျေးမှုတွင် အပျံ့နှံ့ဆုံးသော မိရိုးဖလာပုံပြင်တစ်ခုဖြစ်သည်ကို သတိရဖို့အရေးကြီးသည် . . . မည်သို့ပင်ဆိုစေ အရှေ့အနီးပိုင်းဒေသ ရင်းမြစ်များတွင် တွေ့ရှိရသော ရှေးအကျဆုံး မိရိုးဖလာများ၏နောက်ကွယ်တွင် ကြီးမားသောရေလွှမ်းမိုးမှုကြီးတစ်ခု အမှန်တကယ် ဖြစ်ပျက်ခဲ့ဖွယ်ရှိသည်။ အချိန်ကာလအားဖြင့် လွန်ခဲ့သော အနှစ်ထောင်ပေါင်းများစွာက . . . အဆက်မပြတ် မိုးသည်းထန်စွာရွာသွန်းသော ခေတ်တစ်ခေတ်တွင်ဖြစ်သည်။”၂၀ အဆက်မပြတ် မိုးသည်းထန်စွာရွာသွန်းသော ခေတ်ကာလများဆိုသည်မှာ ကမ္ဘာ့မျက်နှာပြင် ယခုထက်များစွာ ပို၍စွတ်စိုသောခေတ်များဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ ရေချိုကန်များသည် ယခုထက်များစွာကြီးမားသည်။ ထိုသို့စွတ်စိုရခြင်းမှာ ရေခဲခေတ်များကုန်ဆုံးခြင်းနှင့်အတူ လိုက်ပါလာသည့် သည်းထန်သောမိုးရေများကြောင့်ဖြစ်သည်ဟု ယူဆကြသည်။ သို့သော် အချို့က အချိန်တစ်ချိန်တွင် ကမ္ဘာ့မြေမျက်နှာပြင် အကြီးအကျယ် စွတ်စိုခဲ့ရခြင်းမှာ ရေလွှမ်းမိုးခြင်းကြောင့်ဖြစ်သည်ဟု ယူဆကြသည်။
လူသားများ မမေ့ကြချေ
၃၇၊ ၃၈။ အထောက်အထားအရ ရေလွှမ်းမိုးခြင်း ဖြစ်ခဲ့ နိုင် ကြောင်း သိပ္ပံပညာရှင်တစ်ဦးက မည်သို့ဖော်ပြသနည်း၊ အမှန်ဖြစ်ပျက်ခဲ့ကြောင်း ကျွန်ုပ်တို့မည်သို့သိရသနည်း။
၃၇ ဘူမိဗေဒပါမောက္ခ ဂျွန် မက်ကမ်းဘဲလ် တစ်ချိန်က ဤသို့ရေးသားခဲ့သည်– “သမ္မာကျမ်းစာပါ ကပ်ဆိုက်ခြင်း [ရေလွှမ်းမိုးဘေး] နှင့် ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ ဖြည်းဖြည်းပြောင်းလဲဖြစ်ပေါ်ဝါဒတို့အကြား အဓိကကွာခြားချက်များမှာ ဘူမိဗေဒဆိုင်ရာ မှန်ကန်သော အချက်အလက်များတွင်မဟုတ်ဘဲ ၎င်းအချက်အလက်များကို အဓိပ္ပာယ်ဖွင့်ဆိုမှုများတွင်ဖြစ်သည်။ မည်သည့်အဓိပ္ပာယ်ဖွင့်ဆိုမှုကို နှစ်သက်လက်ခံသည်ဆိုသည်မှာ လေ့လာသူတစ်ဦးစီ၏ နောက်ခံနှင့် ကြိုတင်ယူဆချက်များပေါ်တွင် များစွာမူတည်နေသည်။”၂၁
၃၈ ရေလွှမ်းမိုးခြင်း အမှန် ဖြစ်ပျက်ခဲ့ကြောင်း ရေလွှမ်းမိုးခြင်းကို လူသားများ မမေ့ကြသည့်အချက်တွင် တွေ့ရသည်။ ကမ္ဘာတစ်ဝန်းလုံးတွင်၊ အလာစကာနှင့် တောင်ပင်လယ်ကျွန်းများအထိ ဝေးလံသောဒေသများတွင် ရေလွှမ်းမိုးခြင်းနှင့်ပတ်သက်သည့် ရှေးပုံပြင်များရှိကြသည်။ ကိုလံဘတ်ခေတ်မတိုင်မီက လူ့ယဉ်ကျေးမှုများဖြစ်ကြသည့် အမေရိကတိုက် ဒေသခံတိုင်းရင်းသားများနှင့်တကွ ဩစတြေးလျ အဘော်ရီဂျင်နီ တိုင်းရင်းသားတို့တွင်လည်း ရေလွှမ်းမိုးခြင်းပုံပြင်များ ရှိကြသည်။ မှတ်တမ်းအချို့တွင် အသေးစိတ်အချက်အလက်များ ကွဲပြားကြသော်လည်း ကမ္ဘာကြီး ရေလွှမ်းမိုးခံခဲ့ရသည်၊ လူတို့ဆောက်လုပ်သည့်သင်္ဘောဖြင့် လူအနည်းငယ်သာ ကပ်ဘေးမှ လွတ်မြောက်ခဲ့သည်ဟူသော အခြေခံအချက်သည် တင်ပြပုံအားလုံးနီးပါးတွင် ပါဝင်သည်။ ဤကဲ့သို့သော နေရာအနှံ့ လက်ခံထားသည့်ပုံပြင်အတွက် တစ်ခုတည်းသောရှင်းလင်းချက်မှာ ရေလွှမ်းမိုးခြင်းသည် သမိုင်းဝင်ဖြစ်ရပ်တစ်ခု ဖြစ်သည်ဟူ၍သာတည်း။d
၃၉။ သမ္မာကျမ်းစာသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ဖြစ်ပြီး လူ့နှုတ်ထွက်စကားမဟုတ် ဟူသည့်အချက်နှင့်ပတ်သက်၍ အဘယ်ထပ်ဆင့်သက်သေကို ကျွန်ုပ်တို့ တွေ့မြင်ခဲ့ရပြီနည်း။
၃၉ ထို့ကြောင့် အခြေခံကျသော အင်္ဂါရပ်များ၌ သမ္မာကျမ်းစာသည် ခေတ်သစ်သိပ္ပံပညာနှင့် သဟဇာတဖြစ်ပါသည်။ ၎င်းတို့နှစ်ရပ်ကြားတွင် ကွဲလွဲမှုရှိလျှင် သိပ္ပံပညာရှင်များ၏ အထောက်အထားသာ သံသယဝင်စရာဖြစ်သည်။ ၎င်းတို့အချင်းချင်း ညီညွတ်နေလျှင် သမ္မာကျမ်းစာမှ အကြောင်းအရာများသည် လူ့ထက်အစွမ်းကြီးသော ဉာဏ်ပညာမှရရှိကြောင်း ကျွန်ုပ်တို့ယုံကြည်ရသည်အထိ သမ္မာကျမ်းစာသည် များသောအားဖြင့် လွန်စွာတိကျမှန်ကန်လှသည်။ အမှန်မှာ သက်သေခိုင်လုံသော သိပ္ပံပညာနှင့် သမ္မာကျမ်းစာတို့ ညီညွတ်မှုက သမ္မာကျမ်းစာသည် လူ့နှုတ်ထွက်စကားမဟုတ်၊ ဘုရားသခင်၏နှုတ်မြွက်စကားတော်ဖြစ်ကြောင်း ထပ်ဆင့်သက်သေထူသည်။
[အောက်ခြေမှတ်ချက်များ]
a ဆင့်ကဲဖြစ်စဉ်နှင့် ဖန်ဆင်းခြင်းအကြောင်း သာ၍ပြည့်စုံသည့်ဆွေးနွေးချက်ကို ၁၉၈၅ ခုနှစ်တွင် နယူးယောက်မြို့၊ ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်းက ပုံနှိပ်ထုတ်ဝေသည့် အသက်—ဤနေရာသို့ မည်သို့ရောက်ရှိလာသနည်း၊ ဆင့်ကဲဖြစ်စဉ်ကြောင့်လော၊ ဖန်ဆင်းခြင်းကြောင့်လော [လိပ်] စာအုပ်တွင် တွေ့ရသည်။
b ကမ္ဘာဂြိုဟ်—ရေခဲမြစ် စာအုပ်က ရေခဲပြင်ကြီးများအသွင်ဖြင့် တည်ရှိသည့်ရေထုသည် ကမ္ဘာ့မျက်နှာပြင်ကို အောက်သို့ဖိနှိပ်လိုက်ကြောင်း အာရုံပြုစေသည်။ ဥပမာ၊ ဤသို့ဆိုထားသည်– “အကယ်၍ ဂလင်းလန်ကျွန်းရှိရေခဲများ ပျောက်သွားမည်ဆိုလျှင် ထိုကျွန်းသည် နောက်ဆုံးတွင် ပေ ၂,၀၀၀ ခန့်အမြင့်ဖြင့် ပြန်ကန်ပေါ်လာပေမည်။” ဤအချက်ကိုထောက်ရှုလျှင် ကမ္ဘာ့အပေါ်ယံအလွှာများအပေါ် ရုတ်တရက်ကျရောက်သည့် ကမ္ဘာချီရေလွှမ်းမိုးမှုကြောင့် မြေမျက်နှာပြင်အနေအထား ရုတ်တရက် အပြင်းအထန် ပြောင်းလဲသွားနိုင်ပေသည်။
d ရေလွှမ်းမိုးခြင်းဆိုင်ရာ ထပ်ဆင့်အချက်အလက်များအတွက် နယူးယောက်မြို့၊ ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ပုံနှိပ်ထုတ်ဝေသော သမ္မာကျမ်းစာအား ထိုးထွင်းသိမြင်ခြင်း စာအုပ် [လိပ်] အတွဲ ၁၊ စာမျက်နှာ ၃၂၇၊ ၃၂၈၊ ၆၀၉-၆၁၂ ရှု။
[စာမျက်နှာ ၁၀၅ ပါ လေးထောင့်ကွက်]
“မြေမှုန့်ဖြင့်”
“ကမ္ဘာ့စာအုပ်စွယ်စုံကျမ်း“ က ဤသို့ဖော်ပြထားသည်– “သက်ရှိအရာများကို ဖြစ်ပေါ်စေသည့် ဓာတုဒြပ်စင်အားလုံးသည် သက်မဲ့အရာဝတ္ထုများတွင်လည်းရှိနေသည်။” တစ်နည်းပြောရလျှင် လူသားအပါအဝင် သက်ရှိဇီဝရုပ်များကိုဖြစ်ပေါ်စေသည့် အခြေခံဓာတုပစ္စည်းများကို မြေကြီးထဲတွင်လည်း တွေ့ရသည်။ ဤအချက်သည် သမ္မာကျမ်းစာ၏ ဖော်ပြချက်နှင့် သဟဇာတဖြစ်သည်– “ထိုနောက်ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့်လူကိုဖန်ဆင်း” တော်မူ၏။—ကမ္ဘာဦး ၂:၇။
[စာမျက်နှာ ၁၀၇ ပါ လေးထောင့်ကွက်]
“ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ”
လူနှင့်တိရစ္ဆာန်အချို့ ဆက်စပ်မှုရှိကြောင်း သက်သေပြသည့်အနေနှင့် ၎င်းတို့၏ရုပ်ပိုင်းဆိုင်ရာ ဆင်တူချက်များကို လူအချို့က ထောက်ပြကြသည်။ သို့သော် လူ့စိတ်စွမ်းရည်များသည် မည်သည့်တိရစ္ဆာန်၏ စိတ်စွမ်းရည်ထက်မဆို များစွာသာလွန်သည်ကို သူတို့သဘောတူရပေမည်။ လူ၌ အစီအစဉ်ရေးဆွဲသည့်စွမ်းရည်နှင့် သူ၏ပတ်ဝန်းကျင်ရှိလောကကို စီစဉ်ဖွဲ့စည်းတတ်သည့်စွမ်းရည်၊ မေတ္တာစွမ်းရည်၊ မြင့်မားသောအသိဉာဏ်၊ ကောင်းမကောင်းကိုသိသောစိတ်နှင့် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဆိုင်ရာအယူအဆ အဘယ်ကြောင့် ရှိရသနည်း။ ဆင့်ကဲဖြစ်စဉ်က အဖြေမပေးတတ်ပါ။ သို့သော် သမ္မာကျမ်းစာက အဖြေပေးထားသည်။ ဤသို့ဆို၏– “ထိုသို့ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။” (ကမ္ဘာဦး ၁:၂၇) လူသား၏စိတ္တနှင့် ကျင့်ဝတ်ဆိုင်ရာစွမ်းရည်များနှင့် အစွမ်းသတ္တိတို့ဘက်မှကြည့်လျှင် လူသည် ကောင်းကင်ခမည်းတော်၏ ပုံသဏ္ဌာန်တော်ကို ထင်ဟပ်လျက်ရှိသည်။
[စာမျက်နှာ ၉၉ ပါ ရုပ်ပုံ]
ကမ္ဘာကို လွတ်လပ်လဟာတွင် အခုအခံမရှိ ဆွဲထားသည်ဟူသည့် သမ္မာကျမ်းစာဖော်ပြချက်သည် အာကာသယာဉ်မှူးများတွေ့မြင်ခဲ့သည့် သတင်းပို့ချက်နှင့် လွန်စွာကိုက်ညီပေသည်
[စာမျက်နှာ ၁၀၂ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာက ကမ္ဘာသည် နေကိုပတ်သည်ဟူ၍လည်းကောင်း၊ နေက ကမ္ဘာကိုပတ်သည်ဟူ၍လည်းကောင်းဆိုခြင်းဖြင့် ပါဝင်ပတ်သက်ခြင်းမပြု
[စာမျက်နှာ ၁၁၂၊ ၁၁၃ ပါ ရုပ်ပုံ]
ကမ္ဘာမြေကြီးကို တောင်များ၊ ချောက်များမရှိအောင် တစ်ပြေးညီညှိလိုက်လျှင် ကမ္ဘာမြေကြီးသည် နက်လှစွာသောရေထုလွှာ လုံးဝဖုံးလွှမ်းနေမည်ဖြစ်သည်
[စာမျက်နှာ ၁၁၄ ပါ ရုပ်ပုံ]
သေပြီးနောက် တစ်မဟုတ်ချင်း အေးခဲသွားကြသည့် မမ်းမတ်ရှေးဆင်ကြီးများကို တွေ့ရှိခဲ့ရသည်
[စာမျက်နှာ ၁၁၅ ပါ ရုပ်ပုံ]
လူးဝစ္စပါစတာက အသက်ဆိုသည်မှာ ရှိနှင့်ပြီးသားအသက်မှသာ ဖြစ်ပေါ်လာနိုင်ကြောင်း သက်သေထူခဲ့သည်
[စာမျက်နှာ ၁၀၉ ပါ ဇယားကွက်]/ရုပ်ပုံ
ကမ္ဘာမြေ၏ ရေသံသရာနှင့်ပတ်သက်၍ သမ္မာကျမ်းစာက တိကျမှန်ကန်သော ဖော်ပြချက်ကို တင်ပြထားသည်
-
-
အမှန်ဖြစ်ပျက်လာသည့် ပရောဖက်ပြုချက်များသမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
-
-
အခန်း ၉
အမှန်ဖြစ်ပျက်လာသည့် ပရောဖက်ပြုချက်များ
လူသားတို့သည် အနာဂတ်ကို အတိအကျ ကြို၍မပြောနိုင်ပါ။ ဟောကိန်းထုတ်ရန် ကြိုးပမ်းအားထုတ်ခဲ့ကြသော်လည်း အဖန်ဖန်အလီလီပင် စိတ်ပျက်ဖွယ်ကောင်းလောက်အောင် ပျက်ပြားခဲ့သည်။ ထို့ကြောင့် အမှန်ဖြစ်ပျက်လာသည့် ပရောဖက်ပြုချက်များ ပါရှိသည့်စာအုပ်တစ်အုပ်ဆိုလျှင် ကျွန်ုပ်တို့၏အာရုံကို ဖမ်းစားမည်ဖြစ်သည်။ သမ္မာကျမ်းစာသည် ထိုသို့သောစာအုပ်မျိုးပင်ဖြစ်သည်။
၁။ (နိဒါန်းအပါအဝင်။) သမ္မာကျမ်းစာ မှတ်တမ်းတင်ထားသည့် ပရောဖက်ပြုချက်များ အမှန်ဖြစ်ပျက်လာခြင်းက အဘယ်အရာကို သက်သေထူသနည်း။
သမ္မာကျမ်းစာ ပရောဖက်ပြုချက်အများသည် အသေးစိတ်မှစ၍ ပြည့်စုံခဲ့သဖြင့် ဝေဖန်သူတို့က ၎င်းပရောဖက်ပြုချက်များသည် ဖြစ်ပျက်ပြီးနောက်မှ ရေးသားခြင်းဖြစ်သည်ဟုပင် ပြောယူကြရသည်။ သို့သော် ထိုသို့သောအပြောများသည် မမှန်ကန်ပါ။ ဘုရားသခင်သည် ဘုန်းတန်ခိုးအတိုင်းမသိ ကြီးမြတ်တော်မူသောကြောင့် ပရောဖက်ပြုနိုင်စွမ်း အပြည့်အဝရှိတော်မူ၏။ (ဟေရှာယ ၄၁:၂၁-၂၆; ၄၂:၈၊ ၉; ၄၆:၈-၁၀) အမှန်ဖြစ်ပျက်လာသည့် သမ္မာကျမ်းစာ ပရောဖက်ပြုချက်များမှာ ဘုရားသခင် မှုတ်သွင်းသည့်အထောက်အထားဖြစ်သည်၊ နှောင်းလူများရေးသားသည့် အထောက်အထားမဟုတ်ပေ။ အမှန်ဖြစ်ပျက်လာသည့် ထူးခြားထင်ရှားသော ပရောဖက်ပြုချက်အချို့ကို ကျွန်ုပ်တို့ ယခုကြည့်ကြမည်—ဤသို့ဖြင့် သမ္မာကျမ်းစာသည် လူ့နှုတ်ထွက်စကားမဟုတ်ဘဲ ဘုရားသခင့် နှုတ်မြွက်စကားတော်ဖြစ်ကြောင်း ထပ်ဆင့်သက်သေထူပါမည်။
ဗာဗုလုန်သို့နယ်နှင်ခံရခြင်း
၂၊ ၃။ အဘယ်အခြေအနေများကြောင့် ဘုရင်ဟေဇကိက ဗာဗုလုန်မှသံတမန်များအား နန်းတော်နှင့် နိုင်ငံတော်၏ စည်းစိမ်ဥစ္စာရှိသမျှကို ပြသသည့်အခြေသို့ ရောက်ရှိသွားစေသနည်း။
၂ ဟေဇကိသည် ယေရုရှလင်မြို့တွင် နှစ်ပေါင်း ၃၀ ခန့် မင်းပြုစိုးစံခဲ့သည်။ ဘီ.စီ.အီး. ၇၄၀ ပြည့်နှစ်တွင် အာရှုရိလူမျိုး၏လက်ချက်ဖြင့် မြောက်ပိုင်းအိမ်နီးချင်းဣသရေလနိုင်ငံ ဖျက်ဆီးခံရသည်ကို သူတွေ့မြင်ခဲ့သည်။ ဘီ.စီ.အီး. ၇၃၂ ခုနှစ်တွင် အာရှုရိလူမျိုး ယေရုရှလင်မြို့ကို သိမ်းပိုက်ရန်ကြိုးပမ်းမှု မရှုမလှ အရေးနိမ့်သွားစဉ်က ဘုရားသခင်၏ ကယ်တင်ခြင်းတန်ခိုးတော်ကို သူတွေ့ကြုံခဲ့ရသည်။—ဟေရှာယ ၃၇:၃၃-၃၈။
၃ ယခု ဟေဇကိသည် ဗာဗုလုန်ဘုရင် မေရောဒပ်-ဗာလဒန်ထံမှ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို လက်ခံတွေ့ဆုံသည်။ အပြင်ပန်းကြည့်သော် ၎င်းသံတမန်များသည် အသည်းအသန် နာမကျန်းဖြစ်ရာမှ ပြန်လည်ကျန်းမာလာသည့် ဟေဇကိအား ချီးကျူးဂုဏ်ပြုရန် ရောက်ရှိနေကြသည်။ သို့သော် မေရောဒပ်-ဗာလဒန်သည် လက်ရှိကမ္ဘာ့အာဏာစက် အာရှုရိကို တွန်းလှန်ရာ၌ ဟေဇကိကို အလားအလာရှိသည့် မဟာမိတ်တစ်ဦးအဖြစ် ရှုမြင်ထားပုံရသည်။ ဟေဇကိသည် ထိုသို့သောအတွေးမျိုးကို မဖျောက်ဖျက်ဘဲ ဧည့်သည်တော် ဗာဗုလုန်လူမျိုးတို့အား နန်းတော်နှင့် နိုင်ငံ၏စည်းစိမ်ဥစ္စာရှိရှိသမျှကို လိုက်လံပြသသည်၊ သူကိုယ်တိုင်ကလည်း အာရှုရိလူမျိုး ပြန်လည်တိုက်ခိုက်လာမည့်အရေးအတွက် ဗာဗုလုန်နှင့် မဟာမိတ်ဖွဲ့ချင်ပုံရသည်။—ဟေရှာယ ၃၉:၁၊ ၂။
၄။ ဟေဇကိ၏အမှားကြောင့်ဖြစ်လာမည့် အဘယ်ဝမ်းနည်းဖွယ်ဆိုးကျိုးကို ဟေရှာယ ပရောဖက်ပြုဟောခဲ့သနည်း။
၄ ဟေရှာယသည် ထိုခေတ်တွင် ထင်ရှားသောပရောဖက်ဖြစ်ရာ ဟေဇကိ၏ အမြော်အမြင်နည်းပါးမှုကို ချက်ချင်းပင် ရိပ်စားမိလိုက်သည်။ ဟေဇကိအဖို့ စိတ်အချရဆုံးအကာအကွယ်မှာ ဗာဗုလုန်မဟုတ်ဘဲ ယေဟောဝါသာဖြစ်ကြောင်း သူသိရှိထားသဖြင့်၊ စည်းစိမ်ဥစ္စာများကို ဗာဗုလုန်လူမျိုးအား ပြသသည့်အတွက် ကြေကွဲဖွယ်အဖြစ်ဆိုးနှင့် ကြုံရမည့်အကြောင်း ဟေဇကိအား ပြောပြလေသည်။ ဟေရှာယက “နန်းတော်၌ရှိသမျှကိုလည်းကောင်း၊ ယနေ့တိုင်အောင်ဘိုးဘေးတို့သည် ဆည်းပူးသမျှကိုလည်းကောင်း ဗာဗုလုန်မြို့သို့ ယူသွားရသောကာလသည် ရောက်လိမ့်မည်” ဟုဆိုသည်။ ယေဟောဝါက “တစ်စုံတစ်ခုမျှမကျန်ကြွင်းရ” ဟုမိန့်တော်မူ၏။—ဟေရှာယ ၃၉:၅၊ ၆။
၅၊ ၆။ (က) ယေရမိသည် ဟေရှာယပရောဖက်ပြုချက်ကို ထောက်ခံသည့်အနေနှင့် မည်သို့ဟောခဲ့သနည်း။ (ခ) ဟေရှာယနှင့် ယေရမိတို့၏ ပရောဖက်ပြုချက်များသည် အဘယ်နည်းဖြင့် ပြည့်စုံခဲ့သနည်း။
၅ လွန်ခဲ့သည့် ဘီ.စီ.အီး. ရှစ်ရာစုတွင် ထိုပရောဖက်ပြုချက်သည့် ပြည့်စုံမည့်လက္ခဏာ မရှိပေ။ သို့သော် နှစ်ပေါင်းတစ်ရာကြာပြီးနောက် အခြေအနေပြောင်းလဲသွားသည်။ ဗာဗုလုန်သည် အာရှုရိ၏နေရာ၌ဝင်၍ အဓိကကမ္ဘာ့အာဏာစက် ဖြစ်လာသော်လည်း ယုဒနိုင်ငံမူကား ဘာသာရေးဘက်တွင် အလွန်သိမ်ဖျင်းနိမ့်ကျလာသဖြင့် ဘုရားသခင်က မိမိ၏ကောင်းချီးကို ရုပ်သိမ်းလိုက်လေသည်။ ယခု နောက်ပရောဖက်ဖြစ်သော ယေရမိသည် ဟေရှာယ၏သတိပေးစကားကို ထပ်၍ပြောကြားရန် ဝိညာဉ်တော်ခံရလေသည်။ ယေရမိက ဤသို့ကြေညာသည်– “ဤပြည်နှင့်ပြည်သားများကို . . . စစ်တိုက်စေခြင်းငှာ၊ . . . [ဗာဗုလုန်လူမျိုးကို] ဆောင်ခဲ့ပြီးလျှင်၊ . . . ဤပြည်တစ်လျှောက်လုံးသည် လူဆိတ်ညံရာ၊ အံ့သြဖွယ်ရာဖြစ်လိမ့်မည်။ ဤလူမျိုးတို့သည် အနှစ်ခုနစ်ဆယ်ပတ်လုံး ဗာဗုလုန်ရှင်ဘုရင်၏အမှုကို ဆောင်ရွက်ရကြလိမ့်မည်။”—ယေရမိ ၂၅:၉၊ ၁၁။
၆ ယေရမိ ထိုသို့ပရောဖက်ပြုပြီးနောက် လေးနှစ်ခန့်အကြာတွင် ဗာဗုလုန်လူမျိုးက ယုဒနိုင်ငံကို ၎င်းတို့၏အင်ပါယာထဲ သွတ်သွင်းလိုက်လေသည်။ နောက်ထပ်သုံးနှစ်အကြာတွင် ၎င်းတို့သည် ယေရုရှလင်ဗိမာန်တော်၏ စည်းစိမ်ဥစ္စာအချို့နှင့်အတူ ဂျူးသုံ့ပန်းအချို့တို့ကို ဗာဗုလုန်ပြည်သို့ ခေါ်ဆောင်သွားလေသည်။ နောက်ရှစ်နှစ်အကြာတွင် ယုဒလူမျိုး ပုန်ကန်ထကြွသဖြင့် ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာက တစ်ဖန် တိုက်ခိုက်လာသည်။ ဤတစ်ချီတွင် မြို့တော်နှင့် ဗိမာန်တော် ဖျက်ဆီးခံလိုက်ရသည်။ ဟေရှာယနှင့်ယေရမိတို့ ကြိုတင်ဟောခဲ့သည့်အတိုင်း စည်းစိမ်ဥစ္စာအားလုံးနှင့်တကွ ဂျူးများကိုယ်တိုင် ဝေးလံသည့်ဗာဗုလုန်ပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရလေသည်။—၂ ရာဇဝင်ချုပ် ၃၆:၆၊ ၇၊ ၁၂၊ ၁၃၊ ၁၇-၂၁။
၇။ ယေရုရှလင်မြို့နှင့်ပတ်သက်သည့် ဟေရှာယနှင့်ယေရမိတို့၏ ပရောဖက်ပြုချက်ပြည့်စုံမှုကို ရှေးဟောင်းသုတေသနပညာက မည်သို့သက်သေခံသနည်း။
၇ သန့်ရှင်းသောနယ်မြေဆိုင်ရာ ရှေးဟောင်းသုတေသန စွယ်စုံကျမ်း က ဗာဗုလုန်လူမျိုး အပြင်းအထန် တိုက်ခိုက်ပြီးစီးသည့်အခါ “မြို့တော် [ယေရုရှလင်] မှာ ရစရာမရှိအောင် ပျက်စီးသွားသည်”၁ ဟူ၍ မှတ်တမ်းတင်ထားသည်။ ရှေးဟောင်းသုတေသီ ဒဗ္ဗလျူ. အက်ဖ်. အောဘရိုက်က ဤသို့ဖော်ပြသည်– “ယုဒပြည်တွင်ပြုလုပ်သည့် တူးဖော်မှုနှင့် မြေလွှာစူးစမ်းရှာဖွေမှုအရ ယုဒပြည်၏မြို့များသည် ခါလဒဲလူမျိုးတို့၏ နှစ်ကြိမ်တိုင်တိုင် ကျူးကျော်တိုက်ခိုက်မှုကြောင့် လုံးဝပျက်စီးသွားသည်သာမက လူမျိုးဆက်များစွာကြာသည့်တိုင်အောင် လူသူနေထိုင်ခြင်း မရှိခဲ့ချေ—သမိုင်းတွင် များသောအားဖြင့် ဘယ်တော့မျှ လူပြန်မနေတော့ချေ။”၂ ဤသို့ဖြင့် ရှေးဟောင်းသုတေသနပညာက ဤပရောဖက်ပြုချက် ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ပြည့်စုံခဲ့ခြင်းကို အတည်ပြုသည်။
တုရုမြို့၏ကြမ္မာ
၈၊ ၉။ တုရုမြို့ကိုဆန့်ကျင်လျက် အဘယ်ပရောဖက်ပြုချက်ကို ယေဇကျေလ ဟောခဲ့သနည်း။
၈ ယေဇကျေလသည် ဘုရားသခင့်မှုတ်သွင်းခံ ပရောဖက်ပြုချက်များကို မှတ်တမ်းတင်သည့် ရှေးခေတ်ကျမ်းရေးသူ နောက်တစ်ဦးဖြစ်သည်။ သူသည် ဘီ.စီ.အီး. သတ္တမရာစုအကုန်ပိုင်းမှ ဆဋ္ဌမရာစုအထိ ပရောဖက်ပြုခဲ့သည်—ထိုကာလမှာ ယေရုရှလင်မြို့ ပျက်စီးခြင်းသို့ ဦးတည်သည့်နှစ်များနှင့် ဂျူးလူမျိုး ဗာဗုလုန်သို့နယ်နှင်ခံရသည့် ကနဦးဆယ်စုနှစ်များ အတောအတွင်းဖြစ်သည်။ ခေတ်သစ် ဝေဖန်သူအချို့ကပင် ဤကျမ်းကို ထိုကာလလောက်တွင် ရေးသားခဲ့ကြောင်း သဘောတူကြသည်။
၉ ယေဇကျေလသည် ဣသရေလနိုင်ငံ၏ မြောက်ပိုင်းအိမ်နီးချင်း တုရုမြို့၏ပျက်စီးခြင်းနှင့်ပတ်သက်၍ ထင်ရှားသော ပရောဖက်ပြုချက်ကို မှတ်တမ်းတင်ခဲ့သည်။ ထို့မြို့သည် ဘုရားသခင့်လူမျိုးတော်၏ မိတ်ဆွေအဖြစ်မှ ရန်ဘက်တစ်ဦးဖြစ်သွားခဲ့သည်။ (၃ ဓမ္မရာဇဝင် ၅:၁-၉; ဆာလံ ၈၃:၂-၈) သူဤသို့ရေးသားခဲ့သည်– “အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုတုရုမြို့၊ သင့်တစ်ဖက်၌ငါနေ၏။ သမုဒ္ဒရာလှိုင်းတံပိုးတက်သကဲ့သို့၊ လူအမျိုးမျိုးတို့သည် သင့်ကိုတက်၍တိုက်စေမည်။ သူတို့သည် တုရုမြို့ရိုးကိုဖျက်၍ ပြအိုးတို့ကိုဖြိုချလိမ့်မည်။ မြေမှုန့်ကိုငါခြစ်ခွာ၍ ရှင်းလင်းသောကျောက်ကဲ့သို့ဖြစ်စေမည်။ . . . သင်၏အုတ်ထရံတို့ကိုဖြို၍ ဘုံဗိမာန်တို့ကိုဖျက်ပြီးလျှင်၊ သင်၏ကျောက်၊ သစ်သား၊ မြေတို့ကို ရေထဲမှာချပစ်ကြလိမ့်မည်။”—ယေဇကျေလ ၂၆:၃၊ ၄၊ ၁၂။
၁၀-၁၂။ ယေဇကျေလပရောဖက်ပြုချက်သည် နောက်ဆုံးတွင် မည်သည့်အချိန်၌ ပြည့်စုံခဲ့သနည်း၊ မည်သို့ပြည့်စုံခဲ့သနည်း။
၁၀ ဤအတိုင်းအမှန်ပင် ဖြစ်ပျက်ခဲ့သလော။ ဤပရောဖက်ပြုချက်ကို ယေဇကျေလ ဖော်ပြပြီးနောက် နှစ်အနည်းငယ်အကြာတွင် ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာသည် တုရုမြို့ကိုဝိုင်းရံပိတ်ဆို့ခဲ့သည်။ (ယေဇကျေလ ၂၉:၁၇၊ ၁၈) သို့သော် အလွယ်တကူ ဝိုင်းရံပိတ်ဆို့နိုင်ခဲ့သည်မဟုတ်။ တုရုမြို့၏တစ်စိတ်တစ်ဒေသသည် ကုန်းမပိုင်းတွင် တည်ရှိသည် (ဤအပိုင်းကို တုရုမြို့ဟောင်းဟုခေါ်သည်)။ သို့သော် ကျန်တစ်ပိုင်းမှာ ကမ်းခြေမှမိုင်ဝက်ခန့်ဝေးသည့် ကျွန်းတစ်ကျွန်းပေါ်တွင် တည်ရှိသည်။ နေဗုခဒ်နေဇာသည် ထိုကျွန်းကိုသိမ်းပိုက်နိုင်ရန် ၁၃ နှစ်တိုင်တိုင် ဝိုင်းရံပိတ်ဆို့ခဲ့ရသည်။
၁၁ သို့သော် ဘီ.စီ.အီး. ၃၃၂ ခုနှစ်ကျမှ ယေဇကျေလ၏ပရောဖက်ပြုချက်သည် အသေးစိတ်မှစ၍ အပြီးသတ် ပြည့်စုံခဲ့သည်။ ထိုအချိန်တွင် မက်စီဒိုးနီးယားမှ အောင်နိုင်သူ မဟာအလက်ဇန္ဒားသည် အာရှတိုက်ကို ဝင်ရောက်ကျူးကျော်နေချိန်ဖြစ်သည်။ ကျွန်းပေါ်တွင် လုံလုံခြုံခြုံရှိနေသော တုရုမြို့သည် သူ၏ကျူးကျော်မှုကို ကြံ့ကြံ့ခံနေသည်။ အလက်ဇန္ဒားသည် မိမိနောက်ပိုင်းတွင် လှုပ်ရှားလာနိုင်သောရန်သူကို ချန်မထားလို၊ သို့သော် နေဗုခဒ်နေဇာကဲ့သို့ တုရုမြို့ကို ဝိုင်းရံပိတ်ဆို့ရန် နှစ်နှင့်ချီ၍လည်း အချိန်မပေးလိုပါ။
၁၂ ဤစစ်ရေးပြဿနာကို သူမည်သို့ဖြေရှင်းခဲ့သနည်း။ သူသည် မိမိ၏စစ်သားများ ထိုကျွန်းမြို့သို့ ချီတက်တိုက်ခိုက်နိုင်ရန် ထိုကျွန်းသို့ပေါက်ရောက်သည့် ကုန်းဆက်ကြီး သို့မဟုတ် ကျောက်တန်းတစ်ခု တည်ဆောက်ခဲ့သည်။ ကျောက်တန်းတည်ဆောက်ရန် အဘယ်အရာများ သူအသုံးပြုခဲ့သည်ကို မှတ်သားပါလေ။ အမေရိကားနားစွယ်စုံကျမ်းက ဤသို့ဖော်ပြသည်– “၃၃၂ ခုနှစ်တွင် သူသည် ကုန်းမပိုင်းမှ သူဖြိုဖျက်လိုက်သည့်မြို့၏ အကျိုးအပဲ့များဖြင့် ကျွန်းနှင့်ကုန်းမပိုင်း ဆက်သွယ်သည့် ဧရာမကျောက်တန်းကြီးကို တည်ဆောက်လိုက်သည်။” အတော်အတန်တိုတောင်းသည့် ဝိုင်းရံပိတ်ဆို့မှုကာလပြီးနောက် ထိုကျွန်းမြို့ ဖျက်ဆီးခံရလေသည်။ ထို့အပြင် ယေဇကျေလ၏ပရောဖက်ပြုချက်သည် အသေးစိတ်မှစ၍ ပြည့်စုံခဲ့သည်။ တုရုမြို့ဟောင်းမှ ‘ကျောက်၊ သစ်သား၊ မြေတို့ပင် ရေထဲသို့ပစ်ချခဲ့သည်။’
၁၃။ ၁၉ ရာစု ခရီးသွားတစ်ဦးက ရှေးတုရုမြို့၏ တည်နေရာနှင့်ပတ်သက်ပြီး မည်သို့ဖော်ပြခဲ့သနည်း။
၁၃ ၁၉ ရာစုနှစ် ခရီးသွားတစ်ဦးက သူ့လက်ထက်ရှိ တုရုမြို့ဟောင်း၏ အကျန်အကြွင်းနှင့်ပတ်သက်၍ ဤသို့မှတ်ချက်ချသည်– “ရှောလမုန်နှင့် ဣသရေလပရောဖက်များ သိရှိခဲ့ကြသည့် မူလတုရုမြို့သည် တောင်စောင်းရှိ ကျောက်ထွင်းသင်္ချိုင်းဂူများနှင့် အောက်ခြေတံတိုင်းများမှအပ မည်သည့်အစအနမျှ ကျန်ကြွင်းခြင်းမရှိတော့ပါ။ . . . မဟာအလက်ဇန္ဒားသည် မြို့ကိုဝိုင်းရံပိတ်ဆို့ခဲ့စဉ်က ကျွန်းနှင့်ကုန်းမအကြား မြေဖို့ခြင်းဖြင့် အငူတစ်ခုအဖြစ် ပြောင်းလဲသွားသည့် ထိုကျွန်းပေါ်၌ပင် ခရူးဆိတ်စစ်ပွဲကာလထက်စောသည့် ခေတ်ကာလ၏ ခွဲခြားသိသာနိုင်သော ရှေးဟောင်းအကြွင်းအကျန်များ လုံးဝမရှိတော့ပါ။ များမကြာမီက အသစ်တည်ဆောက်ထားသည့် ခေတ်သစ်မြို့သည် တစ်ချိန်က ကျွန်းဖြစ်ခဲ့သည့်နေရာ၏ မြောက်ပိုင်းတစ်ဝက်ကို နေရာယူထားသည်၊ ကျန်ရှိသော မြေမျက်နှာပြင်အားလုံးနီးပါးမှာ ခွဲခြား၍မသိနိုင်သော အပျက်အယွင်းများဖြင့် ဖုံးလွှမ်းလျက်ရှိသည်။”၃
ဗာဗုလုန်၏အလှည့်
၁၄၊ ၁၅။ ဟေရှာယနှင့်ယေရမိတို့သည် ဗာဗုလုန်နှင့်ပတ်သက်သည့် မည်သည့်ပရောဖက်ပြုချက်များကို မှတ်တမ်းတင်ခဲ့ကြသနည်း။
၁၄ ဗာဗုလုန်၏ တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံရမည့်အကြောင်း ဂျူးလူမျိုးအား ဘီ.စီ.အီး. အဋ္ဌမရာစုတွင် သတိပေးခဲ့သည့်ပရောဖက် ဟေရှာယသည် အံ့အားသင့်ဖွယ်ရာတစ်ခုကိုလည်း တင်ကူးဟောခဲ့သည်– ဗာဗုလုန်ကိုယ်တိုင် လုံးဝပျက်သုဉ်းရမည်။ ဤအကြောင်းကို ပီပီပြင်ပြင် အသေးစိတ်ကြိုဟောခဲ့သည်– “မေဒိလူများကို သူတို့တစ်ဖက်၌ငါနှိုးဆော်မည်။ . . . တိုင်းနိုင်ငံတို့၏အထွတ်၊ ခါလဒဲအမျိုးသားတို့၏ဘုန်းအသရေဖြစ်သော ဗာဗုလုန်မြို့သည် ဘုရားသခင်ဖျက်ဆီးတော်မူသော သောဒုံမြို့နှင့်ဂေါမောရမြို့ကဲ့သို့ ဖြစ်လိမ့်မည်။ ထိုမြို့၌ကာလအစဉ်၊ လူမျိုးအဆက်ဆက် အဘယ်သူမျှမနေရ။”—ဟေရှာယ ၁၃:၁၇-၂၀။
၁၅ ပရောဖက်ယေရမိကလည်း နောက်နှစ်ပေါင်းများစွာကြာမှဖြစ်ပျက်မည့် ဗာဗုလုန်ကျဆုံးခြင်းအကြောင်း တင်ကူးဟောခဲ့သည်။ ထို့အပြင် စိတ်ဝင်စားဖွယ်ကောင်းသော အသေးစိတ်အချက်တစ်ချက်ကိုလည်း ထည့်သွင်းထားသည်– “ခန်းခြောက်ခြင်းဘေးသည် မြို့၏ရေတို့အပေါ်သို့ရောက်၍ ခန်းခြောက်ကြလိမ့်မည်။ . . . ဗာဗုလုန်စစ်သူရဲတို့သည် စစ်မပြိုင်ဘဲရဲတိုက်များ၌နေကြ၏။ အားလျော့ . . . ကြ၏။”—ယေရမိ ၅၀:၃၈; ၅၁:၃၀။
၁၆။ ဗာဗုလုန်ကို မည်သည့်အချိန်တွင် အောင်နိုင်ခဲ့သနည်း၊ မည်သူကနည်း။
၁၆ ဘီ.စီ.အီး. ၅၃၉ ခုနှစ်တွင် အားမာန်ပြည့်ဝသည့် ပေရသိဘုရင်ကုရုက မေဒိစစ်တပ်နှင့်အတူ ထိုမြို့ကို ချီတက်တိုက်ခိုက်သည့်အခါ၌ ထင်ရှားသောကမ္ဘာ့အာဏာစက်အနေနှင့် ဗာဗုလုန်၏အုပ်စိုးခြင်းကာလမှာ အဆုံးတိုင်သွားလေသည်။ သို့သော် ကုရုတွေ့လိုက်ရသည့်မြင်ကွင်းမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ဗာဗုလုန်မြို့သည် ဧရာမတံတိုင်းကြီးများဖြင့် ကာရံထားသည်ဖြစ်ရာ ထိုးဖောက်၍မရနိုင်ဟုထင်ရသည်။ ယူဖရေးတီးမြစ်ကြီးသည်လည်း မြို့ကိုဖြတ်၍စီးဆင်းနေသဖြင့် မြို့၏ကာကွယ်ရေးအတွက် အရေးပါသော အထောက်အပံ့တစ်ခုဖြစ်သည်။
၁၇၊ ၁၈။ (က) မည်သည့်နည်းဖြင့် “ခန်းခြောက်ခြင်းဘေးသည် [ဗာဗုလုန်] မြို့၏ရေတို့အပေါ်သို့ရောက်” ခဲ့သနည်း။ (ခ) အဘယ်ကြောင့် ‘စစ်သူရဲတို့သည် စစ်မပြိုင်ဘဲနေကြ’ သနည်း။
၁၇ ဂရိသမိုင်းပညာရှင် ဟီရိုဒိုးတပ်စ်က ၎င်းပြဿနာကို ကုရုကိုင်တွယ်ပုံအကြောင်း ဤသို့ရေးသားဖော်ပြသည်– “မြို့ထဲသို့ မြစ်ရေစီးဝင်သည့်နေရာတွင် စစ်တပ်အချို့ကို နေရာယူစေပြီး အခြားတပ်ဖွဲ့တစ်ဖွဲ့ကို မြစ်ရေစီးထွက်ရာတွင် နေရာယူစေသည်။ ခြေလျင်ဖြတ်နိုင်လောက်အောင် မြစ်ရေကျသွားသည်နှင့်တစ်ပြိုင်နက် မြစ်ကြမ်းပြင်အတိုင်း မြို့ထဲသို့ချီတက်ရန် အမိန့်ပေးထားသည်။ . . . သူသည် ယူဖရေးတီးမြစ်ရေကို ထိုအချိန်က စိမ့်မြေဖြစ်နေသည့် ချိုင့်ဝှမ်း [ယခင် ဗာဗုလုန်ဘုရင်တစ်ပါး တူးထားသည့်ရေကန်] ထဲသို့ တူးမြောင်းဖြင့် ရေကြောင်းလွှဲလိုက်ရာ မြစ်၏သဘာဝကြမ်းပြင်သည် ခြေလျင်ဖြတ်ကူးနိုင်သည့်အထိ ထိုချိုင့်ဝှမ်းထဲသို့ မြစ်ရေစိမ့်ဝင်သွားလေသည်။ ထိုအချိန်တွင် ဤရည်ရွယ်ချက်ဖြင့် ဗာဗုလုန်မြို့အနီး မြစ်ကမ်းဘေးတွင် ချထားခဲ့သည့် ပေရသိတို့သည် ထိုအချိန်တွင် ပေါင်လယ်လောက်သာနက်တော့သည့် ချောင်းထဲသို့ဆင်းပြီး မြို့ထဲသို့ဝင်ခဲ့ကြသည်။”၄
၁၈ ဤနည်းဖြင့် ယေရမိနှင့်ဟေရှာယတို့ သတိပေးခဲ့သည့်အတိုင်း ထိုမြို့ကျဆုံးသွားလေသည်။ သို့သော် ပရောဖက်ပြုချက် အသေးစိတ်ပြည့်စုံခြင်းကို သတိပြုပါ။ စာသားအတိုင်းပင် ‘ခန်းခြောက်ခြင်းဘေးသည် မြို့၏ရေတို့အပေါ်သို့ရောက်၍ ခန်းခြောက်သွားခဲ့သည်။’ ယူဖရေးတီးမြစ်ရေ ကျသွားခြင်းကြောင့် မြို့ထဲသို့ ကုရု ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ယေရမိ သတိပေးခဲ့သည့်အတိုင်း ‘ဗာဗုလုန်စစ်သူရဲတို့သည် စစ်မပြိုင်ဘဲနေကြ’ သလော။ သမ္မာကျမ်းစာက—ဂရိသမိုင်းပညာရှင်များ ဟီရိုဒိုးတပ်စ်နှင့် ဇီနိုဖွန်တို့ကလည်း—ပေရသိလူမျိုးတို့ ဝင်ရောက်တိုက်ခိုက်ချိန်တွင် ဗာဗုလုန်လူမျိုးတို့သည် စားသောက်ပွဲ ကျင်းပနေကြသည်။၅ နဘိုနိုက်ဒတ်စ် ရာဇဝင်မှတ်တမ်းအမည်တွင်သော တရားဝင်ထုတ်ပြန်သည့် ကျူနီဖောင်းကမ္ပည်းကျောက်စာ၌ ကုရု၏တပ်များသည် “စစ်မတိုက်လိုက်ရဘဲ” ဗာဗုလုန်မြို့ထဲသို့ ဝင်ရောက်ခဲ့ကြောင်း ဆိုထားသည်။ အဓိပ္ပာယ်မှာ ရေကုန်ရေခန်းတိုက်ရသည့်တိုက်ပွဲကြီး ဖြစ်ပွားခြင်းမရှိဟုဆိုလိုခြင်း ဖြစ်ဖွယ်ရှိသည်။၆ ဗာဗုလုန်၏ စစ်သူရဲများသည် မြို့တော်ကိုကာကွယ်ရန် များများစားစားမပြုခဲ့သည်မှာ ထင်ရှားသည်။
၁၉။ ဗာဗုလုန်တွင် “ကာလအစဉ်၊ လူမျိုးအဆက်ဆက် အဘယ်သူမျှမနေရ” ဟူသည့်ပရောဖက်ပြုချက်သည် ပြည့်စုံခဲ့သလော။ ရှင်းပြပါ။
၁၉ ဗာဗုလုန်တွင် “ကာလအစဉ်၊ လူမျိုးအဆက်ဆက် အဘယ်သူမျှမနေရ” ဟူသည့် ဟောကိန်းနှင့်ပတ်သက်၍ကော အသို့နည်း။ ဤဟောကိန်းသည် ဘီ.စီ.အီး. ၅၃၉ ခုနှစ်တွင် ချက်ချင်းပြည့်စုံခြင်း မရှိခဲ့ပေ။ သို့သော် ထိုပရောဖက်ပြုချက်သည် မချွတ်မလွဲ အမှန်ဖြစ်ပျက်လာသည်။ ဗာဗုလုန်သည် ကျဆုံးပြီးနောက် ဇားစိဇ် လာရောက်ဖျက်ဆီးသည့် ဘီ.စီ.အီး. ၄၇၈ ခုနှစ်အထိ ပုန်ကန်မှုအစုစု၏ ဗဟိုချက်ဖြစ်ခဲ့သည်။ စတုတ္ထရာစု အကုန်ပိုင်းတွင် မဟာအလက်ဇန္ဒားသည် ၎င်းမြို့ကို ပြန်လည်တည်ဆောက်ရန် စီစဉ်စိုင်းပြင်းခဲ့သော်လည်း လုပ်ငန်းတိုးတက်မှုအရှိန်အဟုန် ကောင်းစွာမရမီ သူသေဆုံးသွားသည်။ ထိုအချိန်မှစ၍ မြို့သည် တစ်စတစ်စနှင့် ပျက်စီးယိုယွင်းလာခဲ့သည်။ ကျွန်ုပ်တို့ခေတ်သက္ကရာဇ် ပထမရာစုတိုင်အောင် ထိုနေရာတွင် နေထိုင်သူများရှိနေသေးသော်လည်း ယနေ့မူကား ရှေးဗာဗုလုန်သည် အီရတ်နိုင်ငံတွင် အပျက်အယွင်းပုံကြီးအဖြစ်သာ ကျန်ရှိတော့သည်။ ၎င်းအပျက်အယွင်းများ၏ တစ်စိတ်တစ်ဒေသကို ပြန်လည်တည်ဆောက်သည့်တိုင်အောင် ဗာဗုလုန်သည် သက်ဝင်လှုပ်ရှား စည်ကားသိုက်မြိုက်သည့်မြို့တစ်မြို့ ဖြစ်လာမည်မဟုတ်ဘဲ ကမ္ဘာလှည့်ခရီးသည်များအား ပြသစရာမြို့တစ်မြို့သာ ဖြစ်လာနိုင်မည်။ လွင်တီးခေါင်ဖြစ်နေသော ယင်း၏တည်နေရာဟောင်းက ၎င်းမြို့နှင့်ပတ်သက်သည့် မှုတ်သွင်းခံပရောဖက်ပြုချက်များ၏ နောက်ဆုံးပြည့်စုံချက်ကို သက်သေခံနေပါသည်။
ကမ္ဘာ့အာဏာစက်များ၏ အတက်အကျ
၂၀၊ ၂၁။ ကမ္ဘာ့အာဏာစက်များ၏ အတက်အကျနှင့်ပတ်သက်သည့် အဘယ်ပရောဖက်ပြုချက်ကို ဒံယေလတွေ့မြင်ခဲ့သနည်း၊ ၎င်းမည်သို့ပြည့်စုံခဲ့သနည်း။
၂၀ ဘီ.စီ.အီး. ဆဋ္ဌမရာစုတွင် ဂျူးလူမျိုး ဗာဗုလုန်တွင် နယ်နှင်ခံနေရစဉ်အတွင်း ပရောဖက်နောက်တစ်ဦးဖြစ်သော ဒံယေလသည် ကမ္ဘာ့အဖြစ်အပျက်များ၏ အနာဂတ်လမ်းကြောင်းကို တင်ကူးပြောထားသည့် တစ်မူထူးခြားသော အဆင်းအာရုံအချို့ကို မှတ်တမ်းတင်ရန် မှုတ်သွင်းခံခဲ့ရသည်။ အဆင်းအာရုံတစ်ခုတွင် ဒံယေလက ကမ္ဘာ့ဇာတ်ခုံပေါ်တွင် တစ်ကောင်ပြီးတစ်ကောင် အစားဝင်ရောက်လာသည့် ပုံဆောင်တိရစ္ဆာန်အချို့အကြောင်း ရေးသားဖော်ပြထားသည်။ ကောင်းကင်တမန်တစ်ပါးက ၎င်းတိရစ္ဆာန်တို့သည် ထိုအချိန်မှစတင်သည့် ကမ္ဘာ့အာဏာစက်များ၏ အတက်အကျကို ကြိုတင်ဖော်ပြကြောင်း ရှင်းပြသည်။ နောက်ဆုံးသားရဲနှစ်ကောင်နှင့်ပတ်သက်ပြီး သူဤသို့ဆိုသည်– “ချိုနှစ်ချောင်းနှင့်ပေါ်လာသောသိုးသည် မေဒိရှင်ဘုရင်၊ ပေရသိရှင်ဘုရင်ဖြစ်၏။ အမွေးကြမ်းသောဆိတ်သည် ဟေလသရှင်ဘုရင်ဖြစ်၏။ မျက်စိနှစ်လုံးကြား၌ရှိသောချိုကြီးသည် ပထမမင်းဖြစ်၏။ ထိုချိုကျိုးပဲ့၍၊ သူ့အရာ၌ ချိုလေးချောင်းပေါက်သည်မှာ၊ အရင်နိုင်ငံတွင် နိုင်ငံလေးပါးတည်ထောင်လိမ့်မည်။ အရင်နိုင်ငံ၏တန်ခိုးနှင့် မပြည့်စုံကြ။”—ဒံယေလ ၈:၂၀-၂၂။
၂၁ ဤပရောဖက်ပြုတင်ကြိုမြင်ကွင်းသည် အတိအကျပြည့်စုံခဲ့သည်။ ဗာဗုလုန်အင်ပါယာသည် မေဒိ-ပေရသိတို့၏ သိမ်းပိုက်ခြင်းခံရသည်၊ အနှစ် ၂၀၀ ကြာသော် မေဒိ-ပေရသိသည် ဂရိအား ကမ္ဘာ့အာဏာစက်ကို လွှဲပေးလိုက်ရသည်။ ဂရိအင်ပါယာကို “ချိုကြီး” ဖြစ်သော မဟာအလက်ဇန္ဒားက ဦးဆောင်ခဲ့သည်။ သို့သော် အလက်ဇန္ဒား အနိစ္စရောက်ပြီးနောက် သူ၏ဗိုလ်ချုပ်တို့သည် အချင်းချင်းတိုက်ခိုက် အာဏာလုကြရာ အလွန်ကျယ်ဝန်းလှသော အင်ပါယာကြီးသည် နောက်ဆုံးတွင် “နိုင်ငံလေးပါး” သေးငယ်သောအင်ပါယာလေးခုအဖြစ် ပြိုကွဲသွားလေသည်။
၂၂။ ကမ္ဘာ့အာဏာစက်များ၏ အတက်အကျနှင့်နှီးနွှယ်သော ပရောဖက်ပြုချက်တစ်ခုတွင် နောက်ထပ်အဘယ်ကမ္ဘာ့အာဏာစက်အကြောင်း ပရောဖက်ပြုထားသနည်း။
၂၂ ဒံယေလအခန်းကြီး ၇ မှ ခပ်ဆင်ဆင် အဆင်းအာရုံတစ်ခုကလည်း အလှမ်းဝေးသောအနာဂတ်ကို ရှုမျှော်ခဲ့သည်။ ဗာဗုလုန်ကမ္ဘာ့အာဏာစက်ကို ခြင်္သေ့၊ ပေရသိကို ဝက်ဝံ၊ ဂရိကို ကျောပေါ်၌အတောင်လေးခု၊ ခေါင်းလေးလုံးရှိသည့် ကျားသစ်နှင့် တင်စားဖော်ပြထားသည်။ ထို့နောက် “ကြီးစွာသောခွန်အားနှင့်ပြည့်စုံ၍ အလွန်ကြောက်မက်ဖွယ် . . . ချိုဆယ်ချောင်းလည်းရှိ” သောသားရဲနောက်တစ်ကောင်ကို ဒံယေလ မြင်တွေ့ရသည်။ (ဒံယေလ ၇:၂-၇) ဤစတုတ္ထသားရဲသည် တန်ခိုးကြီးသော ရောမအင်ပါယာကို ကြို၍ပုံတင်ပြသည်၊ ယင်းသည် ဒံယေလ ဤပရောဖက်ပြုချက်ကို မှတ်တမ်းတင်ပြီးနောက် ရာစုနှစ်သုံးခုခန့်ကြာမှ စတင်ကြီးထွားလာသည်။
၂၃။ ဒံယေလ၏ပရောဖက်ပြုချက်မှ စတုတ္ထသားရဲသည် အဘယ်နည်းဖြင့် “မြေကြီးပေါ်မှာ အခြားသောနိုင်ငံရှိသမျှတို့ထက် ထူးခြား” သနည်း။
၂၃ ကောင်းကင်တမန်က ရောမနှင့်ပတ်သက်၍ ဤသို့ပရောဖက်ပြုသည်– “စတုတ္ထသားရဲသည် မြေကြီးပေါ်မှာ အခြားသောနိုင်ငံရှိသမျှတို့ထက် ထူးခြားသောစတုတ္ထနိုင်ငံဖြစ်၏။ ထိုနိုင်ငံသည် မြေကြီးရှိသမျှကို ကိုက်စားချိုးဖဲ့ နင်းချေလိမ့်မည်။” (ဒံယေလ ၇:၂၃) အိတ်ချ်. ဂျီ. ဝဲလ်က သူရေးသည့် ကမ္ဘာ့သမိုင်းအိတ်ဆောင် စာအုပ်တွင် ဤသို့ဆိုသည်– “ဘီ.စီ. ဒုတိယရာစုနှင့် ပထမရာစုတွင် အနောက်ကမ္ဘာကိုစိုးမိုးရန် ခေါင်းထောင်လာသည့် ရောမအင်ပါယာသစ်သည် ယဉ်ကျေးသည့်ကမ္ဘာတွင် ယခုအချိန်တိုင်အောင် စိုးမိုးခဲ့ကြသည့် မည်သည့်အင်ပါယာကြီးနှင့်မဆို အသွင်အပြင်များစွာကွဲပြားသည့် အင်ပါယာတစ်ခုဖြစ်သည်။”၇ ၎င်းသည် သမ္မတစနစ်ဖြင့် အစပြုပြီး ဧကရာဇ်ဘုရင်စနစ်ဖြင့် ဆက်လက်အုပ်ချုပ်သည်။ ရောမအင်ပါယာသည် ယခင့်ယခင် အင်ပါယာကြီးများနည်းတူ အောင်နိုင်သူတစ်ဦးဦး တည်ထောင်ခဲ့ခြင်းမဟုတ်ဘဲ ရာစုနှစ်များတစ်လျောက် တစ်ဟုန်ထိုး အင်အားကြီးထွားလာသည်။ ယခင့်ယခင် အင်ပါယာအသီးသီးထက် ပို၍ကြာရှည်တည်တံ့ပြီး ပို၍ကျယ်ဝန်းသည့် နယ်မြေဒေသကို ထိန်းချုပ်နိုင်ခဲ့သည်။
၂၄၊ ၂၅။ (က) သားရဲ၏ချိုဆယ်ချောင်းသည် မည်သို့ပေါ်လာသနည်း။ (ခ) သားရဲ၏ချိုများကြားတွင် အဘယ်ပဋိပက္ခဖြစ်မှုကို ဒံယေလကြို၍တွေ့မြင်ခဲ့သနည်း။
၂၄ ဤသားရဲကြီး၏ ချိုဆယ်ချောင်းနှင့်ပတ်သက်၍ကော အသို့နည်း။ ကောင်းကင်တမန်က ဤသို့ဆိုသည်– “ထိုနိုင်ငံ၌ပေါက်သောချိုဆယ်ချောင်းသည် ပေါ်လတ္တံ့သောမင်းကြီးဆယ်ပါးဖြစ်၏။ သူတို့နောက် အခြားသောမင်းကြီးပေါ်လာလိမ့်မည်။ အရင်မင်းကြီးထက်ထူးခြား၍ သုံးပါးတို့ကိုနှိမ့်ချလိမ့်မည်။” (ဒံယေလ ၇:၂၄) ဤအချက် မည်သို့ပြည့်စုံခဲ့သနည်း။
၂၅ ရောမအင်ပါယာသည် စီ.အီး. ပဉ္စမရာစုတွင် စတင်ယိုယွင်းလာသော်လည်း နောက်ကမ္ဘာ့အာဏာစက်တစ်ခုက ချက်ချင်းအစားဝင်မလာပါ။ ထိုသို့မဖြစ်ဘဲ ၎င်းသည် “မင်းကြီးဆယ်ပါး” ဖြစ်သည့် နိုင်ငံအများအပြားအဖြစ် ပြိုကွဲသွားသည်။ နောက်ဆုံးတွင် ဗြိတိသျှအင်ပါယာသည် ပြိုင်ဘက်အင်ပါယာများဖြစ်သော စပိန်၊ ပြင်သစ်နှင့် နယ်သာလန်တို့ကို အောင်နိုင်ကာ အဓိက ကမ္ဘာ့အာဏာစက် ဖြစ်လာလေသည်။ ဤသို့ဖြင့် အသစ်ပေါက်သော ‘ချို’ သည် ‘မင်းကြီးသုံးပါး’ ကိုနှိမ့်ချခဲ့သည်။
ဒံယေလ၏ ပရောဖက်ပြုချက်များ—ဖြစ်ပျက်ပြီးနောက်မှ ရေးသားသလော
၂၆။ ဝေဖန်သူများက ဒံယေလကျမ်းကို အဘယ်အချိန်တွင် ရေးသားသည်ဟုဆိုကြသနည်း၊ အဘယ်ကြောင့်နည်း။
၂၆ သမ္မာကျမ်းစာက ဒံယေလကျမ်းကို ဘီ.စီ.အီး. ဆဋ္ဌမရာစုအတွင်း ရေးသားခဲ့ကြောင်း ဖော်ညွှန်းထားသည်။ သို့သော် ၎င်း၌ပါရှိသည့် ပရောဖက်ပြုချက်များသည် အလွန်တိကျလှစွာ ပြည့်စုံခဲ့သဖြင့် ဝေဖန်သူတို့က ပရောဖက်ပြုချက် အတော်များများ ပြည့်စုံပြီးချိန်ဖြစ်သည့် ဘီ.စီ.အီး. ၁၆၅ ခုနှစ်ခန့်ကျမှ ၎င်းကျမ်းကို ရေးသားခြင်းဖြစ်ရမည်ဟု ဆိုကြသည်။၈ ဤသို့ဆိုရသည့် တစ်ခုတည်းသော တကယ့် အကြောင်းပြချက်မှာ ဒံယေလ၏ပရောဖက်ပြုချက်များ ပြည့်စုံသွားခဲ့ခြင်းမျှသာဖြစ်သော်လည်း ဒံယေလကျမ်းကိုရေးသားသည်ဟူသည့် ဤများစွာနောက်ကျသောရက်စွဲကို ကိုးကားစာပေအများတွင် အတည်ပြုပြီးသော အဖြစ်မှန်အဖြစ် တင်ပြထားကြသည်။
၂၇၊ ၂၈။ ဒံယေလကျမ်းကို ဘီ.စီ.အီး. ၁၆၅ ခုနှစ်တွင် ရေးသားခဲ့ခြင်းမဟုတ်ကြောင်း သက်သေထူသည့်အချက်အလက်အချို့ကား အဘယ်နည်း။
၂၇ သို့သော် ဤကဲ့သို့သောယူဆချက် မှန်မမှန် အောက်ပါအချက်များကို ချင့်ချိန်ကြည့်ရပေမည်။ ပထမ၊ မက္ခဘီးပထမစောင်ကဲ့သို့သော ဘီ.စီ.အီး. ဒုတိယရာစုအတွင်း စီရင်ရေးသားခဲ့သည့် ဂျူးစာပေလက်ရာများတွင် ဒံယေလကျမ်းကို ရည်ညွှန်းဖော်ပြထားသည်။ ထို့အပြင် ဤကျမ်းသည် ဘီ.စီ.အီး. တတိယရာစုမှ စတင်ဘာသာပြန်ဆိုသည့် ဂရိ စက်ပ်တွားဂျင့် ကျမ်းတွင်ပါဝင်သည်။၉ တတိယ၊ ဒံယေလကျမ်း၏ လက်ရေးမိတ္တူအပိုင်းအစများသည် ပင်လယ်သေကျမ်းလိပ်များတွင် အများဆုံးတွေ့ရှိရသည့် စာပေလက်ရာများတွင် ပါဝင်သည်၊ ၎င်းအပိုင်းအစများကို ဘီ.စီ.အီး. ၁၀၀ ခန့်ကရေးသားသည်ဟု ယုံကြည်ကြသည်။၁၀ ထင်ရှားနေသည်မှာ ဝေဖန်သူများမှတ်ယူသည့် ဒံယေလကျမ်း ရေးသားပြီးစီးချိန်နောက်ပိုင်း မကြာမီတွင် ဤကျမ်းအား အနှံ့အပြား သိရှိတန်ဖိုးထားခြင်းခံနေပြီးဖြစ်ခြင်းက ဝေဖန်သူများပြောသည့်အချိန်ထက် များစွာစော၍ ဤကျမ်းကို ရေးသားခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြစ်သည်။
၂၈ ထို့အပြင် ဒံယေလကျမ်းတွင် ဒုတိယရာစု စာရေးဆရာတစ်ဦး သိရှိခဲ့မည်မဟုတ်သည့် သမိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်များ ပါဝင်နေသည်။ ထင်ရှားသည့်သာဓကမှာ ဘီ.စီ.အီး. ၅၃၉ ခုနှစ်၊ ဗာဗုလုန်ကျဆုံးချိန်တွင် လုပ်ကြံခံရသည့် ဗာဗုလုန်အုပ်စိုးရှင် ဗေလရှာဇာအကြောင်းဖြစ်သည်။ သမ္မာကျမ်းစာအပြင် ဗာဗုလုန်ကျဆုံးခြင်းအကြောင်း ကျွန်ုပ်တို့သိရှိနိုင်သည့် သတင်းအရင်းအမြစ်များမှာ ဟီရိုဒိုးတပ်စ် (ပဉ္စမရာစုနှစ်)၊ ဇီနိုဖွန် (ပဉ္စမနှင့် စတုတ္ထရာစုနှစ်များ)၊ နှင့် ဘီရော့စပ်စ် (တတိယရာစုနှစ်) တို့ဖြစ်သည်။ ထိုသူတို့တစ်ဦးမျှ ဗေလရှာဇာအကြောင်း မသိကြပါ။၁၁ သာ၍အစောပိုင်းကျသော ဤစာရေးဆရာများပင် မသိရှိခဲ့သည့် အကြောင်းအချက်များကို ဒုတိယရာစု စာရေးဆရာတစ်ယောက်က သိရှိသည်ဆိုသည်မှာ အလွန်မဖြစ်နိုင်စရာပင်! ဒံယေလအခန်းကြီး ၅ မှ ဗေလရှာဇာနှင့်ပတ်သက်သည့်မှတ်တမ်းသည် အခြားစာရေးဆရာများက ၎င်းတို့၏စာပေများကို မရေးသားမီ ဒံယေလက မိမိ၏ကျမ်းကို ရေးသားခဲ့ကြောင်းပြသသည့် ခိုင်လုံသောအကြောင်းပြချက်တစ်ခုဖြစ်သည်။a
၂၉။ ဒံယေလကျမ်းကို ယင်း၌ပါရှိသည့် ပရောဖက်ပြုချက်များ ပြည့်စုံပြီးနောက်မှရေးသားခဲ့ခြင်း အဘယ်ကြောင့်မဖြစ်နိုင်သနည်း။
၂၉ နောက်ဆုံးအနေနှင့် ဒံယေလကျမ်းတွင် ဘီ.စီ.အီး. ၁၆၅ ခုနှစ်နောက်ပိုင်း များစွာကြာပြီးမှ ပြည့်စုံခဲ့သည့် ပရောဖက်ပြုချက်များစွာ ပါရှိသည်။ တစ်ခုမှာ စောစောပိုင်းတွင်ဖော်ပြခဲ့သော ရောမအင်ပါယာနှင့်ပတ်သက်သည့် ပရောဖက်ပြုချက်ဖြစ်သည်။ နောက်တစ်ခုမှာ မေရှိယ ယေရှုရောက်ရှိခြင်းအကြောင်း တင်ကူးဟောထားသည့် တစ်မူထူးခြားသော ပရောဖက်ပြုချက်ဖြစ်သည်။
ဘိသိက်တော်ခံသူ ကြွလာခြင်း
၃၀၊ ၃၁။ (က) ဒံယေလ၏အဘယ်ပရောဖက်ပြုချက်က မေရှိယပေါ်ထွန်းချိန်ကို ဟောကိန်းထုတ်ခဲ့သနည်း။ (ခ) ဒံယေလပရောဖက်ပြုချက်ကို အခြေပြုပြီး မေရှိယပေါ်ထွန်းမည့်နှစ်ကို မည်သို့တွက်ချက်နိုင်သနည်း။
၃၀ ဤပရောဖက်ပြုချက်ကို ဒံယေလ အခန်းကြီး ၉ တွင် မှတ်တမ်းတင်ထားသည်၊ အောက်ပါအတိုင်းဖတ်ရသည်– “သီတင်း [နှစ်ပေါင်း] ခုနစ်ဆယ် [သို့မဟုတ် နှစ်ပေါင်း လေးရာကိုးဆယ်] ကို သင်၏အမျိုးသားချင်းအဖို့နှင့် သင်၏သန့်ရှင်းသောမြို့အဖို့ ပြဋ္ဌာန်ခြင်းရှိ၏။”b (ဒံယေလ ၉:၂၄၊ The Amplified Bible) ဤနှစ်ပေါင်း ၄၉၀ အတွင်း မည်သည့်အရာ ဖြစ်ပျက်ရမည်နည်း။ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “ယေရုရှလင်မြို့ကိုတစ်ဖန်တည်ထောင်ပြုစုခြင်းငှာ၊ အမိန့်တော်ရှိသည်နေ့မှစ၍ ဘိသိက်တော်ခံမင်း [ကြွလာခြင်း] တိုင်အောင်၊ ခုနစ်သီတင်း [နှစ်ပေါင်း] နှင့်ခြောက်ဆယ့်နှစ်သီတင်း [နှစ်ပေါင်း] ကြာလိမ့်မည်။” (ဒံယေလ ၉:၂၅၊ AB) ထို့ကြောင့် ယင်းသည် “ဘိသိက်တော်ခံသူ” မေရှိယ ကြွလာချိန်နှင့်ပတ်သက်သည့် ပရောဖက်ပြုချက်ဖြစ်သည်။ မည်သို့ပြည့်စုံခဲ့သနည်း။
၃၁ ယေရုရှလင်မြို့ ပြန်လည်တည်ဆောက်ရန် အမိန့်တော်ကို ပေရသိရှင်ဘုရင် “အာတဇေရဇ်မင်းကြီး နန်းစံနှစ်ဆယ်၊” ဘီ.စီ.အီး. ၄၅၅ ခုနှစ်တွင် ထုတ်ဆင့်ခဲ့သည်။ (နေဟမိ ၂:၁-၉) ၄၉ နှစ် (နှစ်ပေါင်း ၇ သီတင်း) အကုန်တွင် ယေရုရှလင်မြို့၏ ဘုန်းကျက်သရေအများစုမှာ မူလအနေအထားသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ထို့နောက် ဘီ.စီ.အီး. ၄၅၅ ခုနှစ်မှ ၄၈၃ နှစ်အပြည့် (နှစ်ပေါင်း ၇ အပေါင်း ၆၂ သီတင်း) ကိုရေတွက်လိုက်လျှင် စီ.အီး. ၂၉ ခုနှစ်သို့ ရောက်လာမည်။ စင်စစ်အားဖြင့် ဤနှစ်သည် “ကဲသာဘုရင်တိဗေရိ နန်းစံတစ်ဆယ့်ငါးနှစ်” ဖြစ်သဖြင့် နှစ်ခြင်းဆရာယောဟန်လက်ဖြင့် ယေရှုနှစ်ခြင်းခံသည့်နှစ် ဖြစ်ပေသည်။ (လုကာ ၃:၁) ထိုအချိန်တွင် ယေရှုသည် ဘုရားသခင့်သားတော်ဖြစ်ကြောင်း လူသိရှင်ကြား အသိပေးခြင်းခံရပြီး ဂျူးလူမျိုးတို့အား သတင်းကောင်းဟောပြောခြင်း ဓမ္မအမှုတော်ကို အစပြုခဲ့သည်။ (မဿဲ ၃:၁၃-၁၇; ၄:၂၃) ကိုယ်တော်သည် “ဘိသိက်တော်ခံသူ” သို့မဟုတ် မေရှိယ ဖြစ်လာလေသည်။
၃၂။ ဒံယေလ၏ ပရောဖက်ပြုချက်အရ ယေရှု၏ မြေကြီးဆိုင်ရာဓမ္မအမှုတော်သည် မည်မျှကြာရှည်မည်နည်း၊ ထိုကာလ၏ အဆုံးပိုင်းတွင် မည်သည့်အရာ ဖြစ်ပျက်မည်နည်း။
၃၂ ပရောဖက်ပြုချက်က ဤသို့ထပ်ဆင့်သည်– “ထိုခြောက်ဆယ်နှစ်သီတင်း [နှစ်ပေါင်း] လွန်ပြီးမှ၊ ဘိသိက်တော်ခံသူသည် ပယ်ရှားခြင်းခံရလိမ့်မည်။” ဤသို့လည်းဆိုသည်– “တစ်သီတင်း [ခုနစ်နှစ်] တွင် လူအများတို့နှင့် ခိုင်ခံ့သောပဋိညာဉ်ဖွဲ့လျက်၊ ထိုသီတင်း၏တစ်ဝက်တွင် ပူဇော်သကာကို ပြတ်စဲစေလိမ့်မည်။” (ဒံယေလ ၉:၂၆၊ ၂၇၊ AB) ယင်းအချက်နှင့်အညီ ယေရှုသည် ဇာတိဂျူးများဖြစ်သော “လူအများတို့” ထံ သီးသန့်သွားခဲ့သည်။ တစ်ကြိမ်တွင် ကိုယ်တော်သည် ရှမာရိလူမျိုးတို့ကိုလည်း ဟောပြောခဲ့သည်၊ ၎င်းတို့သည် ကျမ်းစာတချို့အပိုင်းများကို ယုံကြည်သက်ဝင်သော်လည်း ပင်မယုဒဘာသာနှင့် ကွဲပြားသည့်ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ထားကြသည်။ ထိုနောက်၊ သုံးနှစ်ခွဲကြာဟောပြောအပြီး “ထိုသီတင်း၏တစ်ဝက်တွင်” ယဇ်ကောင်အဖြစ် မိမိ၏အသက်တော်ကို စွန့်လွှတ်ခြင်းဖြင့် “ပယ်ရှားခြင်း” ခံခဲ့ရသည်။ ဤအဖြစ်အပျက်က မောရှေပညတ်တရားနှင့်တကွ ယဇ်ပူဇော်ခြင်းနှင့် ပူဇော်သကာဆက်ကပ်ခြင်းတို့သည် အဆုံးတိုင်သွားပြီဟူသည့်သဘော သက်ရောက်သည်။ (ဂလာတိ ၃:၁၃၊ ၂၄၊ ၂၅) သို့ဖြင့် ယေရှုသည် မိမိ၏သေခြင်းဖြင့် “ပူဇော်သကာကို ပြတ်စဲစေ” ခဲ့သည်။
၃၃။ ယေဟောဝါသည် ဂျူးလူမျိုးနှင့် မည်မျှကြာကြာ သီးသန့်ဆက်ဆံတော်မူမည်နည်း၊ ထိုကာလကုန်ဆုံးခြင်းကို မည်သည့်အဖြစ်အပျက်က မှတ်သားသနည်း။
၃၃ သို့သော် တည်ထောင်ခါစ ခရစ်ယာန်အသင်းတော်သည် နောက်ထပ် သုံးနှစ်ခွဲလုံးလုံး ဂျူးလူမျိုးနှင့် နောက်ပိုင်း၌ ဆက်စပ်မှုရှိသောရှမာရိလူမျိုးတို့ကိုသာ သက်သေခံခဲ့သည်။ သို့သော် စီ.အီး. ၃၆ ခုနှစ်၊ သီတင်းနှစ် ၇၀ အကုန်တွင် တမန်တော်ပေတရုသည် တစ်ပါးအမျိုးသား ကော်နေလိအား ဟောပြောရန် လမ်းညွှန်ခံခဲ့ရသည်။ (တမန်တော် ၁၀:၁-၄၈) ယခုသော် ‘လူအများနှင့်ဖွဲ့သည့်ပဋိညာဉ်’ သည် ဂျူးများအတွက်သာ ကန့်သတ်ထားခြင်းမရှိတော့ချေ။ ကယ်တင်ခြင်းသတင်းကို အရေဖျားလှီးခြင်းမခံသော တစ်ပါးအမျိုးသားများအားလည်း ဟောပြောခဲ့ကြသည်။
၃၄။ ဒံယေလပရောဖက်ပြုချက်နှင့်အညီ ဇာတိဣသရေလလူမျိုးသည် မေရှိယကိုငြင်းပယ်သောကြောင့် အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။
၃၄ ဂျူးလူမျိုးသည် ယေရှုကို ငြင်းပယ်လျက် ကိုယ်တော်ကိုကွပ်မျက်ရန် ပူးပေါင်းကြံစည်သောကြောင့် စီ.အီး. ၇၀ ပြည့်နှစ်တွင် ယေရုရှလင်မြို့ကို ရောမလူမျိုး လာရောက်ဖျက်ဆီးသည့်အခါ သူတို့ကို ယေဟောဝါ မကာကွယ်ပေးခဲ့ချေ။ ဤသို့ဖြင့် ဒံယေလ၏ ဤထပ်ဆင့်စကားများ ပြည့်စုံခဲ့သည်– “နောက်ပေါ်လတ္တံ့သောမင်း၏ လူမျိုးသည် မြို့တော်ကိုလည်းကောင်း၊ သန့်ရှင်းရာဌာနကိုလည်းကောင်း ဖြိုဖျက်ကြလိမ့်မည်။ လွှမ်းမိုးခြင်းဖြင့် ဆုံးရှုံးခြင်း၊ အဆုံးတိုင်အောင် စစ်တိုက်ခြင်းဖြစ်လိမ့်မည်။” (ဒံယေလ ၉:၂၆ခ၊ AB) ဤဒုတိယ “မင်း” ကား စီ.အီး. ၇၀ ပြည့်နှစ်တွင် ယေရုရှလင်မြို့ကို ဖျက်ဆီးပစ်ခဲ့သည့် ရောမဗိုလ်ချုပ် တိတုပင်ဖြစ်သည်။
မှုတ်သွင်းခြင်းခံခဲ့ရသည့် ပရောဖက်ပြုချက်
၃၅။ ယေရှုနှင့်ပတ်သက်သည့် အဘယ်နောက်ထပ်ပရောဖက်ပြုချက်များ ဖြစ်ပျက်လာခဲ့သနည်း။
၃၅ ဤနည်းဖြင့် သီတင်း ၇၀ နှင့်ဆိုင်သည့် ဒံယေလ၏ပရောဖက်ပြုချက်သည် ထူးထူးခြားခြား တိတိကျကျ ပြည့်စုံခဲ့သည်။ အမှန်ဆိုလျှင် ဟေဗြဲကျမ်းစာတွင် မှတ်တမ်းတင်ထားသည့် ပရောဖက်ပြုချက်များစွာသည် ပထမရာစုနှစ်အတွင်း ပြည့်စုံခဲ့ပြီး အတော်များများသည် ယေရှုနှင့်ပတ်သက်ခဲ့သည်။ ယေရှုဖွားမြင်မည့်နေရာ၊ ဘုရားသခင့်အိမ်တော်အတွက် ကိုယ်တော်၏ စိတ်အားထက်သန်မှု၊ ကိုယ်တော်၏ ဟောပြောခြင်းလုပ်ဆောင်မှု၊ ငွေအသပြာ ၃၀ ဖြင့်သစ္စာဖောက်ခံရမှု၊ သေဆုံးမည့်ပုံစံ၊ အဝတ်တော်များကို မဲချခွဲဝေမှု—ဤအသေးစိတ်အချက်အလက်အားလုံးကို ဟေဗြဲကျမ်းစာတွင် ပရောဖက်ပြုထားသည်။ ယင်းတို့၏ပြည့်စုံချက်က ယေရှုသည် မေရှိယဖြစ်ကြောင်း သံသယကင်းစွာ သက်သေထူသည့်အပြင် ပရောဖက်ပြုချက်များသည် မှုတ်သွင်းခြင်းခံရကြောင်း ထပ်ဆင့်သက်သေထူသည်။—မိက္ခာ ၅:၂; လုကာ ၂:၁-၇; ဇာခရိ ၁၁:၁၂; ၁၂:၁၀; မဿဲ ၂၆:၁၅; ၂၇:၃၅; ဆာလံ ၂၂:၁၈; ၃၄:၂၀; ယောဟန် ၁၉:၃၃-၃၇။
၃၆၊ ၃၇။ သမ္မာကျမ်းစာ ပရောဖက်ပြုချက်များ ဖြစ်ပျက်လာသည့်အချက်မှ အဘယ်အရာ သိရှိရသနည်း၊ ဤသို့သိရှိရခြင်းက အဘယ်အရာကို ယုံကြည်စိတ်ချစေသနည်း။
၃၆ စင်စစ်အားဖြင့် ပြည့်စုံချိန်တန်သည့် သမ္မာကျမ်းစာ ပရောဖက်ပြုချက်အားလုံးသည် အမှန်ဖြစ်ပျက်လာကြသည်။ သမ္မာကျမ်းစာ ဖော်ပြသည့်ပုံစံအတိုင်း အတိအကျဖြစ်ပျက်ခဲ့သည်။ ဤအချက်က သမ္မာကျမ်းစာသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ဖြစ်သည်ဟူသော ခိုင်လုံသည့်အထောက်အထားဖြစ်သည်။ ၎င်းပရောဖက်ပြုချက်များ ဤမျှတိကျမှန်ကန်မှုရှိရန် ၎င်းတို့၏နောက်ကွယ်တွင် လူ့ဉာဏ်ပညာထက် သာလွန်သောအရာ ရှိကိုရှိရပေမည်။
၃၇ သို့သော် ထိုခေတ်ကာလများ၌ မပြည့်စုံခဲ့သည့် အခြားဟောကိန်းများလည်း သမ္မာကျမ်းစာတွင် ရှိသေးသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ၎င်းတို့သည် ကျွန်ုပ်တို့ခေတ်ကာလနှင့် ကျွန်ုပ်တို့၏ အနာဂတ်ကာလတွင်ပြည့်စုံရန် ချိန်းချက်ထားသောကြောင့်ဖြစ်သည်။ ဤရှေးပရောဖက်ပြုချက်များ၏ ယုံကြည်စိတ်ချရမှုက အခြားသောဟောကိန်းများလည်း ဧကန်မုချ ဖြစ်ပျက်လာမည်ကို ယုံကြည်စိတ်ချစေသည်။ ဤသို့ပင် မှန်ကန်ကြောင်းကို နောက်အခန်းတွင် ကျွန်ုပ်တို့တွေ့ရပါမည်။
[အောက်ခြေမှတ်ချက်များ]
a အခန်း ၄ “‘ဓမ္မဟောင်းကျမ်း’ ကို မည်မျှအထိယုံကြည်နိုင်သနည်း”၊ အပိုဒ် ၁၆ နှင့် ၁၇ ကိုရှု။
b ဤဘာသာပြန်ကျမ်းတွင် အဓိပ္ပာယ်ရှင်းစေရန် ဘာသာပြန်သူက လေးထောင့်ကွင်းများဖြင့် စကားလုံးများကို ဖြည့်စွက်ထားသည်။
[စာမျက်နှာ ၁၃၃ ပါ အကျဉ်းဖော်ပြချက်]
ပြည့်စုံချိန်တန်သည့် ပရောဖက်ပြုချက်အားလုံးသည် အမှန်ဖြစ်ပျက်လာကြသည်။ သမ္မာကျမ်းစာ ဖော်ပြသည့်ပုံစံအတိုင်း အတိအကျဖြစ်ပျက်ခဲ့သည်
[စာမျက်နှာ ၁၁၈ ပါ ရုပ်ပုံ]
နေဗုခဒ်နေဇာလက်ချက်ဖြင့် ယေရုရှလင်မြို့သည် ရစရာမရှိအောင် ပျက်စီးသွားကြောင်း ရှေးဟောင်းသုတေသီများ ရှာဖွေတွေ့ရှိခဲ့သည်
[စာမျက်နှာ ၁၂၁ ပါ ရုပ်ပုံ]
ယခုခေတ် တုရမြို့၏ဓာတ်ပုံ။ ဣသရေလပရောဖက်များ သိရှိခဲ့သည့် တုရုမြို့သည် အစအနပင်မကျန်တော့ပေ
[စာမျက်နှာ ၁၂၃ ပါ ရုပ်ပုံ]
ရှေးဗာဗုလုန်မြို့၏တည်နေရာကို သွားရောက်လည်ပတ်သော ကမ္ဘာလှည့်ခရီးသည်များသည် ထိုမြို့နှင့်ပတ်သက်သည့် ပရောဖက်ပြုချက်များ ပြည့်စုံခြင်း၏သက်သေများ ဖြစ်ကြသည်
[စာမျက်နှာ ၁၂၆ ပါ ရုပ်ပုံ]
ကမ္ဘာ့အာဏာစက်များ၏ အတက်အကျနှင့်ပတ်သက်သည့် ဒံယေလ၏ပရောဖက်ပြုချက်များသည် ယင်းတို့ပြည့်စုံပြီးနောက်မှ ရေးသားခြင်းဖြစ်သည်ဟု ခေတ်သစ်ဝေဖန်သူများက ထင်မြင်ရလောက်အောင် အလွန်တိကျမှန်ကန်စွာ ပြည့်စုံခဲ့သည်
ဗာဗုလုန်
ပေရသိ
ဂရိ
ရောမ
ဗြိတိန်
[စာမျက်နှာ ၁၃၀ ပါ ရုပ်ပုံ]
ဣသရေလနိုင်ငံတွင် မေရှိယပေါ်ထွန်းမည့်အချိန် အတိအကျကို ဒံယေလ ပရောဖက်ပြုခဲ့သည်
-
-
ပြည့်စုံကြောင်း သင်တွေ့မြင်ခဲ့သည့် သမ္မာကျမ်းစာ ပရောဖက်ပြုချက်တစ်ခုသမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
-
-
အခန်း၁၀
ပြည့်စုံကြောင်း သင်တွေ့မြင်ခဲ့သည့် သမ္မာကျမ်းစာ ပရောဖက်ပြုချက်တစ်ခု
လွန်ခဲ့သည့်အနှစ်တစ်ရာက ကမ္ဘာ့အခြေအနေနှင့် နှိုင်းယှဉ်ကြည့်လျှင် ယနေ့အခြေအနေ အဘယ်ကြောင့် ဤမျှကွာခြားနေရကြောင်း သင်တွေးမိဖူးသလော။ အချို့အခြေအနေများမှာ ပို၍ကောင်းမွန်လာသည်။ နိုင်ငံများစွာတွင် ယခင်က အသက်သေဆုံးမှုဖြစ်စေသည့် ရောဂါများသည် ယခုအခါ ပုံမှန်ကုသပျောက်ကင်းလာနိုင်သည့်အပြင် သာမန်လူတစ်ဦးသည် သူ၏ဘိုးဘေးများ အိပ်မက်ပင်မမက်ဖူးခဲ့သည့် ဘဝအဆင့်အတန်းမျိုးကို စံစားနေရသည်။ တစ်ဖက်တွင်မူ ကျွန်ုပ်တို့၏ရာစုနှစ်အတွင်း အဆိုးရွားဆုံး စစ်ပွဲများနှင့် သမိုင်းတစ်လျှောက်တွင် အဆိုးဆုံးသော ရက်စက်ယုတ်မာမှုအချို့ကို တွေ့မြင်ခဲ့ရသည်။ လူသားတို့၏ အောင်မြင်ကြီးပွားမှု—လူသားတို့၏ ရှင်သန်တည်တံ့ရေးပင်လျှင်—လူဦးရေပေါက်ကွဲမှု၊ ညစ်ညမ်းမှုပြဿနာ၊ နိုင်ငံတကာတွင် သိုလှောင်ထားသော များပြားလှသည့် နယူကလီးယားလက်နက်၊ ဇီဝလက်နက်နှင့် ဓာတုလက်နက်များ၏ ခြိမ်းခြောက်ခြင်းကိုခံနေရလျက်ရှိသည်။ ဤ ၂၀ ရာစုနှစ်သည် ယခင်ရာစုနှစ်များနှင့် အဘယ်ကြောင့် ဤမျှအကြီးအကျယ် ကွာခြားရပါသနည်း။
၁။ (နိဒါန်းအပါအဝင်။) (က) ဤ ၂၀ ရာစုနှစ်သည် ယခင့်ယခင် ရာစုနှစ်များနှင့် အဘယ်ကြောင့်ကွာခြားရသနည်း။ (ခ) ကျွန်ုပ်တို့ခေတ်သည် အဘယ်ကြောင့် ဤမျှကွာခြားရခြင်းဖြစ်ကြောင်းနားလည်ရန် အဘယ်အရာက ထောက်ကူပေးမည်နည်း။
ဤမေးခွန်း၏အဖြေသည် ပြည့်စုံလျက်ရှိကြောင်း သင်တွေ့မြင်နေရသည့် တစ်မူထူးခြားသော သမ္မာကျမ်းစာပရောဖက်ပြုချက်တစ်ခုနှင့် ပတ်သက်နေသည်။ ဤပရောဖက်ပြုချက်မှာ ယေရှုကိုယ်တော်တိုင် မိန့်ကြားခဲ့သည့် ပရောဖက်ပြုချက်ဖြစ်ပြီး သမ္မာကျမ်းစာသည် မှုတ်သွင်းခြင်းခံရကြောင်း သက်သေထူသည့်အပြင် ကမ္ဘာ့မြင်ကွင်းတွင် ရုတ်တရက် ထူးထူးခြားခြားဖြစ်ပျက်မည့် ပြောင်းလဲမှုများ ဖြစ်ပျက်လုနီးသောအချိန်တွင် ကျွန်ုပ်တို့ အသက်ရှင်နေရကြောင်းကိုလည်း ဖော်ညွှန်းသည်။ ဤပရောဖက်ပြုချက်ကား အဘယ်နည်း။ ဤပရောဖက်ပြုချက် ပြည့်စုံလျက်ရှိကြောင်း မည်သို့သိရသနည်း။
ယေရှု၏ မဟာပရောဖက်ပြုချက်
၂၊ ၃။ ယေရှု၏တပည့်တော်များက ကိုယ်တော်အား အဘယ်မေးခွန်းကို မေးလျှောက်ခဲ့ကြသနည်း။ ကိုယ်တော်၏အဖြေကို အဘယ်နေရာတွင် ကျွန်ုပ်တို့တွေ့နိုင်သနည်း။
၂ ယေရှုမသေဆုံးမီ ရက်အနည်းငယ်အလိုတွင် ကိုယ်တော့်တပည့်တော်များသည် ယေရုရှလင်မြို့ရှိ ကြီးမားသောဗိမာန်တော် အဆောက်အအုံများအကြောင်း ဆွေးနွေးနေကြသည်ဟု သမ္မာကျမ်းစာကဖော်ပြသည်; ၎င်းတို့၏အရွယ်အစားနှင့် ကြာရှည်တည်တံ့မည့်ပုံတို့ကြောင့် သူတို့အထင်ကြီးမိကြသည်။ သို့သော် ယေရှုက ဤသို့မိန့်တော်မူ၏– “ဤအရာအလုံးစုံကို သင်တို့သည်မြင်ကြသည်မဟုတ်လော။ ငါအမှန်ဆိုသည်ကား၊ မဖြိုမချဘဲ ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှ မတည်မနေရ။”—မဿဲ ၂၄:၁၊ ၂။
၃ ယေရှု၏စကားကြောင့် တပည့်တော်များ အံ့အားသင့်သွားကြမည်ဖြစ်ရာ နောက်ပိုင်းတွင် ကိုယ်တော်ထံချဉ်းကပ်၍ ဤအကြောင်း ပိုမိုသိရှိရန် ဤသို့မေးလျှောက်ကြသည်– “ထိုအမှုအရာတို့သည် အဘယ်ကာလမှဖြစ်မည်ကိုလည်းကောင်း၊ ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သောပုဗ္ဗနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကိုလည်းကောင်း အမိန့်ရှိတော်မူပါ။” (မဿဲ ၂၄:၃) ယေရှု၏အဖြေကို မဿဲအခန်းကြီး ၂၄ ၏ကျန်အပိုင်းနှင့် အခန်းကြီး ၂၅ တို့တွင် တွေ့ရှိရသည်။ ကိုယ်တော်၏မိန့်ကြားချက်များကို မာကုအခန်းကြီး ၁၃ နှင့် လုကာအခန်းကြီး ၂၁ တို့တွင်လည်း မှတ်တမ်းတင်ထားသည်။ ယင်းသည် ယေရှု ကမ္ဘာပေါ်ရှိစဉ် မိန့်ကြားခဲ့သည့် အရေးအကြီးဆုံးသော ပရောဖက်ပြုချက်ဖြစ်သည်မှာ ထင်ရှားပါသည်။
၄။ အဘယ်ကွဲပြားသည့် အကြောင်းအရာများကို ယေရှု၏တပည့်တော်များ မေးလျှောက်နေခြင်းဖြစ်သနည်း။
၄ အမှန်ဆိုလျှင် ယေရှု၏တပည့်တော်များသည် ကိစ္စတစ်ခုထက်မက မေးလျှောက်နေခြင်းဖြစ်သည်။ ပထမ၊ သူတို့မေးလိုက်သည့်မေးခွန်းမှာ “ထိုအမှုအရာတို့သည် အဘယ်ကာလမှဖြစ်မည်” နည်း၊ ဆိုလိုသည်မှာ ယေရုရှလင်မြို့နှင့်တကွ ယင်း၏ဗိမာန်တော် အဘယ်အချိန်တွင် ဖျက်ဆီးခံရမည်နည်း ဟူ၍ဖြစ်သည်။ နောက်ထပ် သူတို့သိချင်သည့်အရာမှာ ဘုရားသခင့် ကောင်းကင်နိုင်ငံတော်ဘုရင်အဖြစ် ယေရှု၏ရောက်ရှိခြင်းစတင်ကြောင်းနှင့် ဤအစီအစဉ်စနစ်၏အဆုံး ရောက်လုနီးကြောင်း ညွှန်ပြမည့်နိမိတ်ဖြစ်သည်။
၅။ (က) ယေရှုပရောဖက်ပြုချက်၏ ကနဦးပြည့်စုံချက်ကား အဘယ်နည်း၊ သို့သော် ကိုယ်တော်၏စကားတော်များသည် အဘယ်အချိန်တွင် အပြည့်အဝ ပြည့်စုံမည်နည်း။ (ခ) ယေရှုသည် တပည့်တော်များ၏မေးခွန်းကို မည်သို့စတင် ဖြေကြားပေးတော်မူသနည်း။
၅ အဖြေပေးရာတွင် ဤအချက်နှစ်ချက်စလုံးကို ယေရှု ထည့်သွင်းစဉ်းစားတော်မူ၏။ ကိုယ်တော်၏စကားတော်အများသည် ပထမရာစုနှစ်၊ စီ.အီး. ၇၀၊ ယေရုရှလင်မြို့ ကြောက်မက်ဖွယ်ဖျက်ဆီးခံရခြင်းအဖြစ်သို့ ဦးတည်နေသည့်နှစ်များအတွင်း အမှန်ပင်ပြည့်စုံခဲ့သည်။ (မဿဲ ၂၄:၄-၂၂) သို့သော် ကိုယ်တော်၏ပရောဖက်ပြုချက်သည် နောက်ပိုင်းကာလ၊ အမှန်ဆိုရလျှင် ကျွန်ုပ်တို့ခေတ်တွင် သာ၍ကြီးကျယ်သည့် အရေးပါမှု ရှိမည်ဖြစ်သည်။ သို့ဖြစ်လျှင် ယေရှု ဘာမိန့်ကြားခဲ့သနည်း။ အခန်းငယ် ၇ နှင့် ၈ တွင် မှတ်တမ်းတင်ထားသည့် ဤစကားများဖြင့် အစချီတော်မူ၏– “လူတစ်မျိုးနှင့်တစ်မျိုး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌အစာခေါင်းပါးခြင်း၊ . . . မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ ထိုအမှုအရာတို့သည် . . . ဆင်းရဲခြင်း၏ အစအဦးဖြစ်သတည်း။”
၆။ မဿဲ ၂၄:၇၊ ၈ ပါယေရှု၏စကားများက အဘယ်အလားတူ ပရောဖက်ပြုချက်ကို ကျွန်ုပ်တို့အား သတိရစေသနည်း။
၆ ကောင်းကင်ဘုရင်အနေနှင့် ယေရှုရောက်ရှိခြင်းကို ကမ္ဘာပေါ် အကြီးအကျယ် ဗရုန်းသုန်းကားဖြစ်မှုဖြင့် အမှတ်အသားပြုမည်မှာ ရှင်းနေပါသည်။ ဤအချက်ကို ဗျာဒိတ်ကျမ်းတွင်တွေ့ရသည့် အလားတူပရောဖက်ပြုချက်—အပေါကလစ်၏ မြင်းစီးသူရဲလေးဦးဆိုင်ရာ အဆင်းအာရုံ—က အတည်ပြုသည်။ (ဗျာဒိတ် ၆:၁-၈) ဤမြင်းစီသူရဲများထဲမှ ဦးဆုံးသူမှာ အောင်မြင်လျက်ရှိသော ဘုရင်အဖြစ် ယေရှုကိုယ်တော်တိုင်ကို ပုံတင်ပြသည်။ အခြားမြင်းစီးသူရဲများမှာ ယေရှုစိုးစံခြင်း၏အစကို အမှတ်အသားပြုသည့် ကမ္ဘာ့အဖြစ်အပျက်များဖြစ်သော စစ်၊ အငတ်ဘေးနှင့် အကြောင်းအမျိုးမျိုးကြောင့် အချိန်မတန်သေဆုံးခြင်းတို့ကို ပုံတင်ပြသည်။ ဤပရောဖက်ပြုချက်နှစ်ခု ယနေ့ပြည့်စုံလျက်ရှိသည်ကို ကျွန်ုပ်တို့ တွေ့မြင်ရသလော။
စစ်!
၇။ အပေါကလစ်၏ ဒုတိယမြင်းစီးသူရဲ၏စီးနင်းမှုက အဘယ်အရာကို ပရောဖက်ပြု တင်ပြသနည်း။
၇ ပို၍စေ့စေ့စပ်စပ် ကြည့်ကြပါစို့။ ဦးဆုံး ယေရှု ဤသို့မိန့်ကြားသည်– “လူတစ်မျိုးနှင့်တစ်မျိုး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။” ဤကား စစ်မက်ဆိုင်ရာ ပရောဖက်ပြုချက်ဖြစ်သည်။ အပေါကလစ်၏ မြင်းစီးသူရဲလေးဦးမှ ဒုတိယတစ်ဦးမှာလည်း အလားတူစွာ စစ်ပွဲကို အရိပ်နိမိတ်ပြသည်။ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “ထိုအခါ မြင်းနီတစ်စီးထွက်၍၊ စီးသောသူသည် ငြိမ်ဝပ်ခြင်းကို မြေကြီးကရုပ်သိမ်းခြင်းငှာလည်းကောင်း၊ မြေကြီးသားတို့ကို အချင်းချင်း အသေသတ်စေခြင်းငှာလည်းကောင်း အခွင့်ရ၏။ သူ၌ ဓားကြီးကိုပေးတော်မူ၏။” (ဗျာဒိတ် ၆:၄) လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာအတွင်း လူသားတို့သည် စစ်ပွဲများဆင်နွှဲလာခဲ့ကြသည်။ သို့ဖြစ်လျှင် ဤစကားများသည် ကျွန်ုပ်တို့ခေတ်တွင် အဘယ်ကြောင့် အထူးအဓိပ္ပာယ် ရှိရသနည်း။
၈။ စစ်သည် နိမိတ်၏ ထူးခြားထင်ရှားသော အင်္ဂါရပ်တစ်ခုဖြစ်မည်ဟု ကျွန်ုပ်တို့အဘယ်ကြောင့် မျှော်လင့်ကြသနည်း။
၈ စစ်ပွဲတစ်ခုတည်းသည် ယေရှုရောက်ရှိခြင်း၏ နိမိတ်မဟုတ်ကြောင်း သတိရပါ။ နိမိတ်မှာ ယေဘုယျအချိန်ကာလ တစ်ခုတည်းအတွင်းဖြစ်ပျက်သည့် ယေရှု၏ပရောဖက်ပြုချက်မှ အသေးစိတ်အချက်အလက် အားလုံး ဖြင့်ပေါင်းစပ်ဖွဲ့စည်းထားသည်။ သို့သော် စစ်ပွဲမှာ ဦးဆုံးဖော်ပြသည့် အင်္ဂါရပ်ဖြစ်သဖြင့် ဤအင်္ဂါရပ်သည် ကျွန်ုပ်တို့၏အာရုံကိုဖမ်းစားနိုင်သည့် ထူးခြားထင်ရှားသောနည်းဖြင့် ပြည့်စုံလာမည်ကို မျှော်လင့်နိုင်သည်။ ဤ ၂၀ ရာစုစစ်ပွဲများနှင့် ဆင်တူသည့်စစ်ပွဲများ အတိတ်သမိုင်း၌ မရှိခဲ့ကြောင်းကို လူတိုင်းဝန်ခံရပေမည်။
၉၊ ၁၀။ စစ်နှင့်ပတ်သက်သည့် ပရောဖက်ပြုချက်များသည် မည်သို့စတင် ပြည့်စုံလာခဲ့သနည်း။
၉ ဥပမာ၊ အစောပိုင်းကျသော စစ်ပွဲအများမှာ ရက်စက်ပြီး အဖျက်စွမ်းအားကြီးမားသော်လည်း ဤ ၂၀ ရာစု ကမ္ဘာစစ်ကြီးနှစ်ခု၏ အဖျက်စွမ်းအားကိုမီသော မည်သည့်စစ်ပွဲမျှမရှိပါ။ ပထမကမ္ဘာစစ်သည် အဆုံးတွင် လူပေါင်း ၁၄ သန်းခန့်ကို သေကျေစေခဲ့ရာ နိုင်ငံများစွာ၏ လူဦးရေတစ်ရပ်လုံးထက်ပင် များပြားသည်။ အမှန်ပင် “ငြိမ်ဝပ်ခြင်းကို မြေကြီးက ရုပ်သိမ်းခြင်းငှာလည်းကောင်း၊ မြေကြီးသားတို့ကို အချင်းချင်း အသေသတ်ခြင်းငှာလည်းကောင်း အခွင့်ရ၏။”
၁၀ ပရောဖက်ပြုချက်အရ စစ်ပွဲကိုတင်စားသော အပေါကလစ်၏ ဒုတိယမြင်းစီးသူရဲအား “ဓားကြီးကိုပေးတော်မူ၏။” မည်သို့သက်ဆိုင်သနည်း။ အဓိပ္ပာယ်မှာ စစ်လက်နက်များသည် သေစေနိုင်သည့်စွမ်းအား ပို၍ပြင်းထန်လာသည်။ လူတို့သည် တင့်ကား၊ လေယာဉ်၊ သေစေနိုင်သောအဆိပ်ဓာတ်ငွေ့၊ ရေငုပ်သင်္ဘောများနှင့် မိုင်ပေါင်းများစွာအထိ ပစ်ခတ်နိုင်သည့် အမြောက်လက်နက်တို့ကို ပိုင်ဆိုင်လာသဖြင့် အိမ်နီးချင်းကို သတ်ဖြတ်ရာတွင် စွမ်းပကား ပို၍ကြီးမားလာသည်။ ပထမကမ္ဘာစစ်ကြီးမှစ၍ ရေဒီယိုဆက်သွယ်ရေးစနစ်များ၊ ရေဒါ၊ ခေတ်မီဆန်းပြားသည့် ရိုင်ဖယ်သေနတ်များ၊ ဘက်တီးရီးယားပိုးမွှားလက်နက်နှင့် ဓာတုလက်နက်များ၊ မီးပန်းလက်နက်များ၊ မီးလောင်ဗုံးများ၊ ဗုံးအမျိုးအစား အသစ်အဆန်းများ၊ တိုက်ချင်းပစ်ဒုံးပျံများ၊ နယူကလီးယားရေငုပ်သင်္ဘောများ၊ ခေတ်မီလေယာဉ်များနှင့် စစ်သင်္ဘောကြီးများ အစရှိသည်တို့ကို အသုံးပြုလာနိုင်ခြင်းကြောင့် ထို “ဓားကြီး” သည် ပို၍ပင် အဖျက်စွမ်းအား ကြီးမားလာခဲ့သည်။
“. . .ဆင်းရဲခြင်း၏ အစအဦး”
၁၁၊ ၁၂။ ပထမကမ္ဘာစစ်သည် အဘယ်နည်းဖြင့် “. . .ဆင်းရဲခြင်း၏ အစအဦး” မျှသာဖြစ်သနည်း။
၁၁ ယေရှုပရောဖက်ပြုချက်၏ အစောပိုင်း အခန်းငယ်များကို ဤစကားများဖြင့် နိဂုံးချုပ်ထားသည်– “ထိုအမှုအရာတို့သည် . . .ဆင်းရဲခြင်း၏ အစအဦးဖြစ်သတည်း။” ပထမကမ္ဘာစစ်၏ အခြေအနေသည် ဤအတိုင်းပင်ဖြစ်ခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် စစ်ကြီးပြီးဆုံးသွားသော်လည်း အဓွန့်ရှည်တည်တံ့သောငြိမ်းချမ်းရေးကို မဆောင်ကြဉ်းပေးနိုင်ခဲ့ချေ။ ၎င်းနောက် များမကြာမီ အီသီယိုးပီးယား၊ လိုင်ဘေးရီးယား၊ စပိန်၊ ရုရှား၊ အိန္ဒိယနှင့် အခြားနိုင်ငံများတွင် အကန့်အသတ်ရှိသော်လည်း ရက်စက်ကြမ်းကြုတ်သည့်စစ်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ ထို့နောက် စစ်သားနှင့်အရပ်သား သန်း ၅၀ ခန့်အသက်ဆုံးရှုံးရသည့် ကြောက်မက်ဖွယ်ကောင်းသော ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာသည်။
၁၂ ထို့အပြင် အခါအားလျော်စွာ ငြိမ်းချမ်းရေးသဘောတူညီချက်များနှင့် ယာယီအတိုက်အခိုက်ရပ်စဲမှုများရှိသော်ငြားလည်း လူသားတို့သည် စစ်ဖြစ်ဆဲပင်။ ၁၉၆၀ ပြည့်နှစ်ကတည်းက တိုက်လာခဲ့သည့် စစ်ပွဲကြီး ၈၁ ခုကြောင့် ယောက်ျား၊ မိန်းမ၊ ကလေးပေါင်း ၁၂,၅၅၅,၀၀၀ သေဆုံးခဲ့ရကြောင်း ၁၉၈၇ ခုနှစ်တွင် သတင်းရရှိခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် သမိုင်းတစ်လျှောက် ယခင် မည်သည့်နှစ်ကထက်မဆို စစ်ပို၍ ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရသည်။၁ ထို့အပြင် စစ်ရေးပြင်ဆင်မှုနှင့် စစ်အသုံးစရိတ်အတွက် ယခုအခါ နှစ်စဉ် စုစုပေါင်း ဒေါ်လာ ၁,၀၀၀,၀၀၀,၀၀၀,၀၀၀ အထိသုံးစွဲလျက်ရှိသဖြင့် ကမ္ဘာ့စီးပွားရေးကို ကမောက်ကမဖြစ်စေသည်။၂ ‘လူတစ်မျိုးနှင့်တစ်မျိုး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်’ ဟူသည့် ယေရှု၏ပရောဖက်ပြုချက်သည် ဧကန်မုချ ပြည့်စုံလျက်ရှိနေပြီ။ စစ်ပွဲဆိုင်ရာမြင်းနီသည် ကမ္ဘာတစ်လွှား မညှာမတာ ဆက်၍ အသော့နှင်လျက်ရှိသည်။ သို့သော် နိမိတ်၏ ဒုတိယအင်္ဂါရပ်ကော အသို့နည်း။
အစာခေါင်းပါးခြင်းများ!
၁၃။ အဘယ်ကြေကွဲဖွယ် အဖြစ်အပျက်များအကြောင်း ယေရှု ကြိုဟောတော်မူခဲ့သနည်း။ အပေါကလစ်၏ တတိယမြင်းစီးသူရဲဆိုင်ရာ အဆင်းအာရုံက ကိုယ်တော်၏ ပရောဖက်ပြုချက်ကို မည်သို့ထောက်ခံသနည်း။
၁၃ “အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း . . . ဖြစ်ကြလိမ့်မည်” ဟုယေရှု ကြိုဟောခဲ့သည်။ အပေါကလစ်၏ မြင်းစီးသူရဲလေးဦးမှ တတိယတစ်ဦး၏စီးနင်းမှုနှင့် မည်သို့ကိုက်ညီသည်ကို သတိပြုပါ။ ထိုသူနှင့်ပတ်သက်၍ ဤသို့ဖတ်ရသည်– “ထိုအခါ ငါကြည့်လျှင်၊ မြင်းနက်တစ်စီးရှိ၏။ မြင်းစီးသောသူသည် ချိန်ခွင်ကိုကိုင်၏။ သတ္တဝါလေးပါးအလယ်၌ ပြောသံဟူမူကား၊ ဒေနာရိတစ်ပြားနှင့် ဂျုံဆန်တစ်ခွက်ကိုရ၏။ မုယောဆန်သုံးခွက်ကိုရ၏။ ဆီနှင့်စပျစ်ရည်ကို မပျက်စေနှင့်ဟု ဆိုသည်ကိုငါကြား၏။” (ဗျာဒိတ် ၆:၅၊ ၆) မှန်သည်၊ အကြီးအကျယ် အစာခေါင်းပါးမှုများပင်တည်း!
၁၄။ ၁၉၁၄ ခုနှစ်မှစ၍ အဘယ်အငတ်ဘေးကြီးများက ယေရှု၏ပရောဖက်ပြုချက်ကို ပြည့်စုံစေခဲ့သနည်း။
၁၄ အချို့နိုင်ငံများတွင် လူနေမှုအဆင့်အတန်း ဤမျှမြင့်မားနေသည့် ယခုခေတ်တွင် ဤပရောဖက်ပြုချက် ဆက်လက်ပြည့်စုံနိုင်ပါမည်လော။ တစ်ကမ္ဘာလုံး၏ အခြေအနေကို တစေ့တစောင်း လေ့လာကြည့်လိုက်လျှင် အဖြေအတွက် သံသယရှင်းသွားပေမည်။ သမိုင်းအရ အငတ်ဘေးများသည် စစ်နှင့် သဘာဝကပ်ဘေးများကြောင့် ဖြစ်ပွားရသည်။ သို့ဖြစ်၍ သဘာဝကပ်ဘေးများနှင့် စစ်ပွဲများ အဆမတန်များပြားသည့် ကျွန်ုပ်တို့၏ရာစုနှစ်တွင် အငတ်ဘေးများ အကြိမ်ကြိမ်ဆိုက်ရခြင်းမှာ အံ့ဩစရာမဟုတ်ပေ။ ၁၉၁၄ ခုနှစ်ကတည်းက ကမ္ဘာ့ဒေသအများတွင် ဤကဲ့သို့သောကပ်ဘေးများ သင့်ရောက်ခဲ့သည်။ သတင်းတစ်ပုဒ်က ၁၉၁၄ ခုနှစ်မှစ၍ဖြစ်ပွားခဲ့သော အငတ်ဘေးကြီး ၆၀ ကျော်ကိုစာရင်းပြုစုထားရာ ဂရိ၊ နယ်သာလန်၊ ဆိုဗီယက်ပြည်ထောင်စု၊ နိုင်ဂျီးရီးယား၊ ချက်၊ ချီလီ၊ ပီရူး၊ ဘင်္ဂလားဒေ့ရှ်၊ ဘင်္ဂလား၊ ကမ်ပူးချား၊ အီသီယိုးပီးယားနှင့် ဂျပန်နိုင်ငံ အစရှိသည်ဖြင့် အလှမ်းကွာဝေးလှသည့် နိုင်ငံဒေသများတွင် ဖြစ်ပွားခဲ့သည်။၃ ဤအငတ်ဘေးများအနက် အချို့မှာ နှစ်ပေါင်းများစွာ တာရှည်ပြီး လူပေါင်းသန်းနှင့်ချီ၍ သေဆုံးစေခဲ့သည်။
၁၅၊ ၁၆။ အဘယ်အစားအစာခေါင်းပါးမှု နောက်တစ်မျိုးသည် ယနေ့တွင် အမှန်ပင် သိမ်းရုံးဖျက်ဆီးနေသနည်း။
၁၅ ပြင်းထန်ဆိုးရွားသည့် အငတ်ဘေးကြီးများ၏သတင်းသည် များသောအားဖြင့် ကျယ်ကျယ်ပြန့်ပြန့် ကြော်ငြာခြင်း ခံရတတ်သော်လည်း များမကြာမီ ပြီးပြီးပျောက်ပျောက် ဖြစ်သွားတတ်ပြီး ကပ်ဘေးမှလွတ်မြာက်၍ အသက်ရှင်ကျန်သူတို့သည်လည်း ပုံမှန်ဘဝလောက်သို့ တဖြည်းဖြည်း ပြန်ရောက်သွားကြသည်။ သို့သော် ဤ ၂၀ ရာစုအတွင်း သာ၍ဆိုးရွားသည့် အစာခေါင်းပါးမှု နောက်တစ်မျိုး တဖြည်းဖြည်း ဖြစ်ပွားလျက်ရှိသည်။ ဤအစာခေါင်းပါးဘေးသည် ရုတ်တရက် ထူးထူးခြားခြား ဖြစ်ပွားခြင်းမရှိသောကြောင့် လူတို့က လျစ်လျူရှုထားလေ့ရှိသည်။ သို့သော် ဤခေါင်းပါးဘေးသည် တစ်နှစ်ပြီးတစ်နှစ် ကြံ့ကြံ့ခံလျက်ရှိသည်။ ဤကား ကျွန်ုပ်တို့ ကမ္ဘာဂြိုဟ်၏လူဦးရေ ငါးပုံတစ်ပုံကို ထိခိုက်ပြီး နှစ်စဉ် လူပေါင်း ၁၃ သန်းနှင့် ၁၈ သန်းအကြား သေဆုံးမှုဖြစ်စေသော ပြင်းထန်ဆိုးရွားသည့် အာဟာရချို့တဲ့မှုကပ်ဘေးပင်ဖြစ်သည်။၄
၁၆ တစ်နည်းပြောရလျှင် ဤအစာခေါင်းပါးမှုမျိုးကြောင့် နှစ်ရက်အတွင်း ပုံမှန်သေဆုံးနေသည့် လူဦးရေမှာ ဟီရိုရှီးမားမြို့တွင် အနုမြူဗုံးကြောင့် သေဆုံးရသည့် လူဦးရေတမျှ များပြားသည်။ အမှန်မှာ နှစ်နှစ်ကြာတိုင်း ငတ်မွတ်ဘေးကြောင့် သေဆုံးရသည့်လူဦးရေသည် ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ကြီး နှစ်ခုပေါင်းကြောင့် သေဆုံးရသည့် စစ်သားဦးရေထက်များသည်။ ၁၉၁၄ ခုနှစ်မှစ၍ “အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း” ဖြစ်ပွားလျက်ရှိသလော။ အမှန် ဖြစ်ပွားလျက်ရှိ၏!
မြေငလျင်လှုပ်ခြင်းများ
၁၇။ ၁၉၁၄ ခုနှစ်နောက်ပိုင်း များမကြာမီ အပျက်အစီးကြီးမားသည့် အဘယ်ငလျင်ကြီး လှုပ်ခဲ့သနည်း။
၁၇ ပထမကမ္ဘာစစ်ကြီး စတင်ဖြစ်ပွား၍ လပိုင်းမျှသာကြာသေးသည့် ၁၉၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အီတလီနိုင်ငံ အဘရူဇီဒေသတွင် မြေငလျင်တစ်ခုလှုပ်သွားရာ လူပေါင်း ၃၂,၆၁၀ အသက်ဆုံးခဲ့ရသည်။ ဤကပ်ဘေးကြီးက ယေရှုရောက်ရှိစဉ်အတွင်း စစ်နှင့်အစာခေါင်းပါးခြင်းအပြင် အခြားကပ်ဘေးတစ်ခုလည်း ဖြစ်ပျက်လာမည့်အကြောင်း သတိရစေသည်– “အရပ်ရပ်တို့၌ . . . မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။” စစ်ဘေးနှင့် ငတ်မွတ်ဘေးနည်းတူပင် အဘရူဇီငလျင်မှာလည်း “. . .ဆင်းရဲခြင်း၏ အစအဦးဖြစ်သတည်း။”a
၁၈။ ငလျင်လှုပ်ခြင်းများနှင့်ပတ်သက်သည့် ယေရှု၏ပရောဖက်ပြုချက်သည် မည်သို့ပြည့်စုံခဲ့သနည်း။
၁၈ ဤ ၂၀ ရာစုနှစ်သည် မြေငလျင်ဆိုင်ရာ ရာစုနှစ်ဖြစ်သည်။ သတင်းဆက်သွယ်ရေးစနစ်များ၏ တိုးတက်မှုကြောင့် လူသားအားလုံးသည် မြေငလျင်ကြောင့်ဖြစ်ပွားသည့် အပျက်အစီးအကြောင်းကို ကောင်းစွာသိရှိကြရသည်။ အနည်းငယ်ကို ဖော်ပြရလျှင် ၁၉၂၀ ပြည့်နှစ်၌ တရုတ်ပြည်တွင် လှုပ်ခဲ့သည့်ငလျင်တစ်ခုကြောင့် လူ ၂၀၀,၀၀၀ သေဆုံးခြင်း; ၁၉၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ ငလျင်တစ်ခုကြောင့် လူပေါင်း ၁၄၀,၀၀၀ ခန့်သေဆုံး သို့မဟုတ်ပျောက်ဆုံးခြင်း; ၁၉၃၅ ခုနှစ်တွင် ယခုပါကစ္စတန်ဟုခေါ်သည့်နိုင်ငံ၌ နောက်ထပ်ငလျင်တစ်ခုက လူပေါင်း ၂၅,၀၀၀ ကိုသတ်ခဲ့ပြီး ၁၉၃၉ ခုနှစ်တွင် တူရကီငလျင်ကြောင့် လူပေါင်း ၃၂,၇၀၀ သေဆုံးခဲ့သည်။ ၁၉၇၀ ပြည့်နှစ် ပီရူးငလျင်ကြောင့်သေဆုံးသူပေါင်း ၆၆,၈၀၀ ရှိခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် တရုတ်ပြည်၊ တန်ရှန်တွင် လူပေါင်း ၂၄၀,၀၀၀ (သို့မဟုတ် အချို့သတင်းရပ်ကွက်များ၏ အဆိုအရ ၈၀၀,၀၀၀) ခန့်သေဆုံးခဲ့ရသည်။ များမကြာသေးသော ၁၉၈၈ ခုနှစ်တွင် အာမေးနီးယားနိုင်ငံ၌ အင်အားပြင်ထန်သောငလျင်ကြောင့် လူပေါင်း ၂၅,၀၀၀ သေဆုံးခဲ့ရသည်။b “အရပ်ရပ်တို့၌ . . . မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်” နေသည်မှာ သေချာသည်!၆
“နာ၍သေဘေး”
၁၉။ နိမိတ်၏ အဘယ်ထပ်ဆင့်အသေးစိတ် အချက်အလက်ကို ယေရှုတင်ကူးဟောခဲ့ကာ အပေါကလစ်၏ စတုတ္ထမြင်းစီးသူရဲက တင်ကြိုပုံတင်ပြခဲ့သနည်း။
၁၉ ယေရှု၏ပရောဖက်ပြုချက်မှ နောက်အသေးစိတ်အချက်တစ်ခုမှာ ရောဂါနှင့်ပတ်သက်သည်။ ဧဝံဂေလိဟောသူ လုကာက သူ၏မှတ်တမ်းတွင် “အရပ်ရပ်တို့၌ . . . ကာလနာများပြားခြင်းတို့သည် ဖြစ်ကြလိမ့်မည်” ဟုယေရှုကြိုဟောခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။ (လုကာ ၂၁:၁၁) ဤအချက်သည်လည်း အပေါကလစ်၏ မြင်းစီးသူရဲလေးဦးဆိုင်ရာ ပရောဖက်ပြုအဆင်းအာရုံနှင့် ကိုက်ညီပေသည်။ စတုတ္ထမြင်းစီးသူရဲကို မရဏဟုအမည်ပေးထားသည်။ သူသည် “နာ၍သေဘေး၊ မြေသားရဲဘေးအားဖြင့် သတ်” ခြင်းအပါအဝင် အကြောင်းရင်းအမျိုးမျိုးကြောင့် အချိန်မတန်ဘဲသေဆုံးရခြင်းကို ပုံတင်ပြသည်။—ဗျာဒိတ် ၆:၈။
၂၀။ အဘယ်ထင်ရှားသောကပ်ဘေးသည် ကာလနာများပြားမည်ဟူသည့် ယေရှု၏ပရောဖက်ပြုချက်ပြည့်စုံမှု တစ်စိတ်တစ်ပိုင်းဖြစ်သနည်း။
၂၀ လွန်ခဲ့သည့် ၁၉၁၈ နှင့် ၁၉၁၉ ခုနှစ်တို့တွင် စပိန်တုပ်ကွေးကြောင့် ဖျားနာသူ ၁,၀၀၀,၀၀၀,၀၀၀ ကျော်ရှိပြီး လူပေါင်း ၂၀,၀၀၀,၀၀၀ ကျော်အသက်ဆုံးခဲ့ရသည်။ စစ်ကြီးကြောင့် သေဆုံးရသူပေါင်းထက်ပင် ပို၍များပြားသည်။၇ ထို့အပြင် ဆေးဘက်ဆိုင်ရာတွင် လက်ဖျားခါလောက်အောင် တိုးတက်မှုများစွာ ရှိနေသည့်ကြားမှ “နာ၍သေဘေး” သို့မဟုတ် ‘ကာလနာဘေး’ သည် ဤလူမျိုးဆက်ကို ဆက်၍ဒုက္ခပေးလျက်ရှိသည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရပါသနည်း။ အကြောင်းတစ်ခုမှာ သာ၍ဆင်းရဲသောနိုင်ငံများသည် သိပ္ပံဆိုင်ရာတိုးတက်မှု၏ အကျိုးကျေးဇူးများကို အမြဲတစေ မခံစားရခြင်းကြောင့်ဖြစ်သည်။ အကယ်၍ ငွေကြေးအကူအညီပို၍ရရှိလျှင် ကုသပျောက်ကင်းနိုင်သည့် ရောဂါများကြောင့် ဆင်းရဲသားများသည် သေဆုံးကြရသည်။
၂၁၊ ၂၂။ “နာ၍သေဘေး” ကို ချမ်းသာသောနိုင်ငံများမှ ပြည်သူများကော ဆင်းရဲသောနိုင်ငံများမှ ပြည်သူများပါ မည်သို့ခံစားခဲ့ရကြသနည်း။
၂၁ ထို့ကြောင့် ကမ္ဘာတစ်ဝန်းတွင် လူပေါင်းသန်း ၃၀၀ ကျော် ငှက်ဖျားရောဂါ ခံစားနေရသည်။ သန်း ၂၀၀ ခန့်မှာ ခရုပက်ကျိရောဂါစွဲကပ်နေသည်။ ရှာဂါရောဂါသည် လူသန်း ၂၀ ခန့်ကို ဒုက္ခပေးလျက်ရှိသည်။ လူ ၁၂၆ သန်းခန့်မှာ အွန်ကိုဆာကာသန်စွဲနာကြောင့် မျက်စိကွယ်သည့်ရောဂါခံစားနေရသည်။ ရုတ်တရက်ဝမ်းလျှောရောဂါသည် နှစ်စဉ် သန်းနှင့်ချီသော ကလေးများ၏အသက်ကို ခြွေယူနေသည်။၈ တီဘီအဆုတ်နာနှင့် အနာကြီးရောဂါတို့သည် ကြီးမားသောကျန်းမာရေးပြဿနာ ဖြစ်နေဆဲရှိသည်။ ကမ္ဘာပေါ်ရှိ ဆင်းရဲနွမ်းပါးသူများသည် ‘အရပ်ရပ်တို့တွင် ကာလနာရောဂါများပြားခြင်း’ ကြောင့် ဒုက္ခရောက်လျက်ရှိသည်မှာ ထင်ရှားလှသည်။
၂၂ သို့သော် ချမ်းသာသူများလည်း ဒုက္ခရောက်ကြသည်။ ဥပမာ တုပ်ကွေးရောဂါသည် ဆင်းရဲချမ်းသာမရွေး တန်းတူဒုက္ခပေးသည်။ ၁၉၅၇ ခုနှစ်တွင် တုပ်ကွေးမျိုးထူးတစ်မျိုးကြောင့် အမေရိကန်ပြည်ထောင်စုတစ်ခုတည်းတွင် သေဆုံးသူ ၇၀,၀၀၀ ရှိခဲ့သည်။ ဂျာမနီနိုင်ငံတွင် ခန့်မှန်းချက်အရ လူခြောက်ယောက်တွင် တစ်ယောက်သည် နောက်ဆုံးတွင် ကင်ဆာရောဂါ ခံစားရမည်ဖြစ်သည်။၉ လိင်ဆိုင်ရာကူးစက်ရောဂါများသည်လည်း ဆင်းရဲချမ်းသာမရွေး နှိပ်စက်လျက်ရှိသည်။ အမေရိကန်ပြည်ထောင်စုတွင် အများဆုံးဖြစ်ပွားသည့် ကူးစက်ရောဂါဖြစ်သော ဂနိုရောဂါသည် အာဖရိကတိုက် ဒေသအချို့ရှိလူဦးရေ၏ ၁၈.၉ ရာခိုင်နှုန်းအထိများပြားသည့် လူဦးရေကို ဒုက္ခပေးလျက်ရှိသည်။၁၀ ဆစ်ဖလစ်၊ ကလယ်မီဒီးယား၊ အင်္ဂါဇာတ်ရေယုန်ရောဂါတို့သည် အခြား လိင်ဆိုင်ရာကူးစက်တတ်သော “ကာလနာ” ကပ်ရောဂါအချို့ဖြစ်သည်။
၂၃။ အဘယ် “နာ၍သေဘေး” သည် မကြာသေးမီက သတင်းစာခေါင်းကြီးပိုင်းတွင် နေရာယူထားသနည်း။
၂၃ မကြာသေးမီနှစ်များတွင် အေအိုင်ဒီအက်စ်ခေါ် “နာ၍သေဘေး” သည် “ကာလနာ” ၏စာရင်းအဝင်ဖြစ်လာသည်။ အေအိုင်ဒီအက်စ်ရောဂါသည် အလွန်ကြောက်စရာကောင်းသော ရောဂါဖြစ်သည်။ အကြောင်းမှာ ဤစာအုပ်ရေးသားပြုစုချိန်တွင် ဤရောဂါသည် ကုရာနတ္ထိဆေးမရှိသေးသည့်အပြင် ရောဂါဖြစ်ပွားသူဦးရေမှာလည်း ဆက်၍တိုးပွားလျက်ရှိသည်။ ကမ္ဘာ့ပြက္ခဒိန်အချက်အလက်များစာအုပ် ၁၉၉၇ ကဤသို့ဆိုသည်– “ကမ္ဘာတစ်ဝန်းတွင် အေအိုင်ဒီအက်စ်ဖြစ်ပွားနေသူ သို့မဟုတ် အေအိုင်ဒီအက်စ်ဖြစ်စေတတ်သော ဗိုင်းရပ်ပိုး (အိတ်ချ်အိုင်ဗွီ) စွဲကပ်ခံရသူ ၂၁.၈ သန်းရှိသည်၊ . . . ၅.၈ သန်းခန့်သေဆုံးသွားပြီဖြစ်သည်။”၁၁ ထုတ်ပြန်ထားသော ခန့်မှန်းချက်တစ်ခုအရ အေအိုင်ဒီအက်စ်ဗိုင်းရပ်ပိုးသည် မိနစ်တိုင်းတွင် နောက်တစ်ယောက်ကို ကူးစက်လျက်ရှိသည်။ “နာ၍သေဘေး” အမှန်ပင်တည်း! သို့သော် သားရဲများကြောင့် သေဆုံးခြင်းနှင့်ပတ်သက်သည့် ပရောဖက်ပြုချက်ကော အသို့နည်း။
“မြေသားရဲ”
၂၄၊ ၂၅။ (က) အဘယ် “သားရဲ” မျိုးကို ယေဇကျေလ ရည်ညွှန်းခဲ့သနည်း။ (ခ) ယေရှုက မိမိရောက်ရှိနေစဉ်အတွင်း ‘သားရဲများ’ သည် ကမ္ဘာပေါ်တွင် ကျက်စားနေမည်အကြောင်း အဘယ်သို့ မိန့်တော်မူခဲ့သနည်း။
၂၄ အမှန်ဆိုရလျှင် ယခုခေတ်တွင် တောရိုင်းတိရစ္ဆာန်များအကြောင်း သတင်းစာများတွင် ရေးသားသည့်အခါတိုင်း အချို့မျိုးစိတ်များ အန္တရာယ်တွေ့နေ၍ သို့မဟုတ် မျိုးသုဉ်းလုနီး၍ ရေးသားကြခြင်းဖြစ်သည်။ “မြေသားရဲ” များက လူတို့ကို အန္တရာယ်ပေးသည်ထက် လူတို့က သူတို့ကို ပို၍အန္တရာယ်ပေးနေသည်။ သို့ဖြစ်လင့်ကစား အိန္ဒိယကျားများကဲ့သို့သော သားရဲတိရစ္ဆာန်များသည် အချို့နိုင်ငံများတွင် လူတို့၏အသက်ကို ပုံမှန်ခြွေယူလျက်ရှိသည်။
၂၅ သို့သော် သမ္မာကျမ်းစာက မကြာသေးမီနှစ်များအတွင်း အမှန်ပင်ကြောက်စရာကောင်းသည့် နောက်သားရဲတစ်မျိုးကို ကျွန်ုပ်တို့အား အာရုံစိုက်စေသည်။ ပရောဖက်ယေဇကျေလက ကြမ်းတမ်းသူများကို သားရဲများနှင့်နှိုင်းကာ ဤသို့ဆိုသည်– “မင်းတို့သည်လည်း အကောင်ကိုကိုက်ဖြတ်သော တောခွေးကဲ့သို့ ပြည်အလယ်၌ဖြစ်၍၊ မတရားသောစီးပွားကို ရှာလိုသောငှာ လူအသက်ကိုသတ်၍ သူတစ်ပါးတို့ကို သုတ်သင်ပယ်ရှင်းတတ်ကြ၏။” (ယေဇကျေလ ၂၂:၂၇) “မတရားသောအမှုတို့သည် များပြား” မည်ဟု ပရောဖက်ပြုချိန်တွင် စင်စစ်အားဖြင့် ယေရှုက အဆိုပါ ‘သားရဲများ’ သည် ကိုယ်တော်ရောက်ရှိစဉ်အတွင်း မြေကြီးပေါ်တွင် ကျက်စားနေကြမည်ဖြစ်ကြောင်း ပြောနေခြင်းဖြစ်သည်။ (မဿဲ ၂၄:၁၂) ကျမ်းရေးသူပေါလုက ‘နောက်ဆုံးသောနေ့ရက်များ’ အတွင်း လူတို့သည် “ငွေကိုတပ်မက်သောသူ . . . မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကို မုန်းသောသူ” ဖြစ်ကြလိမ့်မည်ဟု ဖြည့်စွက်ဖော်ပြသည်။ (၂ တိမောသေ ၃:၁-၃) ၁၉၁၄ ခုနှစ်မှစ၍ ဤအတိုင်းပင် ဖြစ်ပျက်ခဲ့ပြီလော။
၂၆-၂၈။ ကမ္ဘာတစ်ဝန်းမှရရှိသည့် အဘယ်သတင်းများက ရာဇဝတ်မှုဆိုင်ရာ ‘သားရဲများ’ သည် ကမ္ဘာပေါ်တွင် ချောင်းမြောင်းသွားလာနေကြကြောင်း ပြသသနည်း။
၂၆ အမှန်ပင် ဖြစ်ပျက်ခဲ့ပါပြီ။ ကမ္ဘာ့မြို့ကြီး တစ်မြို့မြို့တွင် သင်နေထိုင်လျက်ရှိပါက ဤအကြောင်းကို သင်သိပြီးဖြစ်မည်။ သို့သော် သံသယရှိပါက အောက်ပါ မကြာသေးမီက သတင်းစာကိုးကားချက်များကို သုံးသပ်ကြည့်ပါ။ ကိုလံဘီယာမှ– “လွန်ခဲ့သည့်နှစ် ရဲမှတ်တမ်း၌ . . . လူသတ်မှု ၁၀,၀၀၀ နှင့် လက်နက်ကိုင် ဓားပြတိုက်မှု ၂၅,၀၀၀ ရှိသည်။” ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယားမှ– “ရာဇဝတ်မှုကြီးများ အကြီးအကျယ်ခုန်တက်သွားသည်။” အမေရိကန်ပြည်ထောင်စုမှ– “နယူးယောက်မြို့ လူသတ်မှု စံချိန်တင် မြင့်မားလျက်ရှိ။” “ဒက်ထရွိုက်မြို့သည် တစ်နိုင်ငံလုံးတွင် လူသတ်မှုနှုန်း အမြင့်ဆုံးမြို့ကြီးအဖြစ် အင်ဒီယန္နားပြည်နယ် ဂါးရီမြို့ကို ကျော်တက်သွားသည်—လူဦးရေ ၁၀၀,၀၀၀ လျှင် ၅၈ ဦးအသတ်ခံရ။”
၂၇ ဇင်ဘာဘွေမှ– “ကလေးငယ်သတ်မှုသည် စိုးရိမ်ရသည့် အတိုင်းအတာသို့ ရောက်နေပြီ။” ဘရာဇီးမှ– “ဤနိုင်ငံတွင် ရာဇဝတ်မှု အဆမတန်များပြားပြီး လက်နက်ကိုင်ဆောင်မှု အလွန်တရာများပြားလှသဖြင့် အကြမ်းဖက်မှုသတင်းများပင် ကြီးစွာစိတ်လှုပ်ရှားမှု မဖြစ်စေတော့ပါ။” နယူးဇီလန်မှ– “လိင်ဆိုင်ရာတိုက်ခိုက်မှုများနှင့် အကြမ်းဖက်ရာဇဝတ်မှုများသည် ရဲတပ်ဖွဲ့အဖို့ ကြီးစွာစိုးရိမ်စရာအဖြစ် ဆက်လက်တည်ရှိနေသည်။” “နယူးဇီလန်နိုင်ငံသားအချင်းချင်း ကျူးလွန်သည့် အကြမ်းဖက်မှုအဆင့်ကို ရက်စက်ကြမ်းကြုတ်မှုဟူ၍သာ ဆိုရပေမည်။” စပိန်မှ– “စပိန်သည် ကြီးထွားလျက်ရှိသည့် ရာဇဝတ်မှုပြဿနာနှင့် နပန်းလုံးနေရသည်။” အီတလီမှ– “စစ္စလီ မာဖီးယားဂိုဏ်းသည် တန့်နေရာမှ သတ်ဖြတ်မှုဒီလှိုင်းကြီးဖြင့် ပြန်လည်အသက်ဝင်လာ။”
၂၈ ၎င်းတို့မှာ ဤစာအုပ် မထုတ်ဝေမီလေးတွင် သတင်းစာများ၌တွေ့ရသည့် နမူနာအနည်းငယ်မျှသာဖြစ်သည်။ “သားရဲ” များသည် ကမ္ဘာပေါ်တွင် ချောင်းမြောင်းသွားလာလှုပ်ရှားနေသဖြင့် ပြည်သူတို့မှာ မိမိတို့၏လုံခြုံရေးအတွက် ရင်တမမနှင့်ဖြစ်နေရသည်မှာ သံသယရှင်းပါသည်။
သတင်းကောင်း ဟောပြောခြင်း
၂၉၊ ၃၀။ ယေရှုပရောဖက်ပြုချက် ပြည့်စုံသည့်အနေနှင့် ခရစ်ယာန်ဘောင်တွင် ဘာသာရေးအခြေအနေ မည်သို့ရှိသနည်း။
၂၉ ယေရှုရောက်ရှိနေသည့် ခက်ခဲသောကာလအတွင်း ဘာသာရေးအခြေအနေ မည်သို့ရှိမည်နည်း။ တစ်ဖက်တွင် ယေရှုက ဘာသာရေးလုပ်ဆောင်ချက် တိုးပွားမည့်အကြောင်း ပရောဖက်ပြုသည်– “မိစ္ဆာပရောဖက် အများတို့သည်ပေါ်လာ၍ လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။” (မဿဲ ၂၄:၁၁) အခြားတစ်ဖက်တွင် ခရစ်ယာန်ဘောင်သည် တစ်ဖွဲ့လုံးအနေနှင့် ဘုရားသခင်အပေါ် စိတ်ဝင်စားမှု ကျဆင်းနေမည်ဖြစ်ကြောင်း တင်ကူးဟောခဲ့သည်။ “အများသောသူတို့၏ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။”—မဿဲ ၂၄:၁၂။
၃၀ ဤပရောဖက်ပြုချက်က ယနေ့ ခရစ်ယာန်ဘောင်တွင် ဖြစ်ပျက်နေသည့်အခြေအနေကို အမှန်အတိုင်း ဖော်ပြထားသည်။ တစ်ဖက်တွင်မူ ကမ္ဘာအရပ်ရပ်ရှိ ပင်မချာ့ချ်များသည် ထောက်ခံမှုမရရှိသောကြောင့် ကျရှုံးလျက်ရှိသည်။ တစ်ချိန်က ပရိုတက်စတင့် အင်အားကြီးမားခဲ့သည့် ဥရောပမြောက်ပိုင်း နိုင်ငံများနှင့် အင်္ဂလန်နိုင်ငံတို့တွင် ဘာသာတရားမှာ စင်းစင်းသေလျက်ရှိသည်။ တစ်ချိန်တည်းမှာပင် ကက်သလစ်ချာ့ချ်သည်လည်း ဘုန်းကြီးမလုံလောက်မှု၊ အထောက်အပံ့လျော့နည်းမှုတို့နှင့် ကြုံတွေ့နေရသည်။ အခြားတစ်ဖက်တွင်မူ အစွန်းရောက် ဘာသာရေးအင်အားစုများသည် မှိုလိုပေါက်လာကြသည်။ တပ်မက်လုံးကြီးသော ရုပ်မြင်သံကြား ဧဝံဂေလိတရားဟောဆရာများက ဒေါ်လာသန်းနှင့်ချီပြီး အမြတ်ထုတ်နေစဉ် အရှေ့တိုင်းဘာသာတရားများအပေါ် အခြေခံသည့်ဂိုဏ်းများ တစ်နေ့တခြား တိုးပွားလာသည်။
၃၁။ ယနေ့ စစ်မှန်သည့်ခရစ်ယာန်များကို ခွဲခြားသိမြင်နိုင်ရန်ထောက်ကူသည့် အဘယ်အချက်ကို ယေရှုတင်ကူးဟောခဲ့သနည်း။
၃၁ သို့သော် ယေရှုစတင်တည်ထောင်၍ ကိုယ်တော်၏တမန်တော်များ ဟောပြောခဲ့သည့် စစ်မှန်သော ခရစ်ယာန်ဘာသာကော အသို့နည်း။ ၎င်းဘာသာသည် ယေရှုရောက်ရှိစဉ်အတွင်း ဆက်လက်တည်ရှိနေမည်ဖြစ်သော်လည်း ၎င်းကို မည်သို့ ခွဲခြားသိမြင်နိုင်မည်နည်း။ စစ်မှန်သောခရစ်ယာန်ဘာသာကို ခွဲခြားသိမြင်နိုင်သည့်အရာ များစွာရှိသည့်အနက်မှ တစ်ခုကို ယေရှု၏ မဟာပရောဖက်ပြုချက်တွင် ဖော်ပြထားသည်။ စစ်မှန်သောခရစ်ယာန်များသည် ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကို ထမ်းဆောင်ကြမည်ဖြစ်သည်။ ယေရှု ဤသို့ပရောဖက်ပြုသည်– “လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လော[က]နိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။”—မဿဲ ၂၄:၁၄။
၃၂။ မဿဲ ၂၄:၁၄ တွင်မှတ်တမ်းတင်ထားသည့် ယေရှု၏ပရောဖက်ပြုချက်ကို အဘယ်အဖွဲ့တစ်ဖွဲ့တည်းက ပြည့်စုံစေလျက်ရှိသနည်း။
၃၂ ဤဟောပြောခြင်းကို ယခုအခါ အလွန်ကြီးမားသောအတိုင်းအတာဖြင့် လုပ်ဆောင်နေပေပြီ။ ယနေ့၊ ယေဟောဝါသက်သေများဟုခေါ်သည့် ဘာသာရေးအဖွဲ့သည် ခရစ်ယာန်ဘာသာ၏သမိုင်းတွင် အကြီးကျယ်ဆုံးသော ဟောပြောခြင်းလုပ်ငန်းတွင် အားသွန်ခွန်စိုက် ပါဝင်နေကြသည်။ (ဟေရှာယ ၄၃:၁၀၊ ၁၂) လွန်ခဲ့သည့် ၁၉၁၉ ခုနှစ်တွင် ခရစ်ယာန်ဘောင်မှ နိုင်ငံရေးစိတ်ဓာတ်ပြင်းထန်သည့် အဓိကဘာသာကြီးများက ကြမ္မာဆိုးငင်သော နိုင်ငံပေါင်းချုပ်အသင်းကြီးကို ထောက်ခံပြောဆိုနေစဉ် ယေဟောဝါသက်သေတို့ကမူ ဤကမ္ဘာချီ ဟောပြောခြင်းစီမံချက်အတွက် ပြင်ဆင်လျက်ရှိခဲ့ကြသည်။
၃၃၊ ၃၄။ ကမ္ဘာတစ်ဝန်းလုံးတွင် နိုင်ငံတော်သတင်းကောင်းကို အဘယ်အတိုင်းအတာအထိ ဟောပြောလျက်ရှိပြီနည်း။
၃၃ ထိုအချိန်တွင် သက်သေခံ ၁၀,၀၀၀ ခန့်သာရှိခဲ့သော်လည်း လုပ်ဆောင်ရမည့် ထိုလုပ်ငန်းကို သူတို့သိထားကြသည်။ သူတို့သည် ရဲရင့်စွာနှင့်ပင် ဟောပြောခြင်းလုပ်ငန်းတာဝန်ကို စတင်ခဲ့ကြသည်။ ဓမ္မဆရာ-အသင်းသားခွဲခြားခြင်းသည် သမ္မာကျမ်းစာအမိန့်နှင့်ကော တမန်တော်များ၏နမူနာနှင့်ပါ ဆန့်ကျင်ဘက်ဖြစ်ကြောင်း သူတို့သိရှိကြသည်။ ထို့ကြောင့် သူတို့အားလုံး ယောက်စီယောက်တိုင်းသည် ဘုရားသခင့်နိုင်ငံတော်အကြောင်းကို အိမ်နီးချင်းများအား ပြောပြတတ်အောင် သင်ယူခဲ့ကြသည်။ သူတို့သည် ဟောပြောသူများဆိုင်ရာ အဖွဲ့အစည်းဖြစ်လာလေသည်။
၃၄ အချိန်ကုန်လွန်လာသည်နှင့်အမျှ ဤဟောပြောသူများသည် ပြင်းထန်သောအတိုက်အခံပြုမှုကို ခံရပ်ခဲ့ကြရသည်။ ဥရောပတွင် သူတို့သည် အာဏာရှင်အမျိုးမျိုး၏ အတိုက်အခံပြုခြင်းကို ခံခဲ့ကြရသည်။ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့တွင် တရားရေးဆိုင်ရာစိန်ခေါ်ချက်များနှင့် လူအုပ်နှင့်ရမ်းကားမှုတို့ကို ရင်ဆိုင်ခဲ့ရသည်။ အခြားနိုင်ငံများတွင် အယူသီးသည့် ဘာသာရေးဘက်လိုက်မှုနှင့် တရားလက်လွတ် နိုင်လိုမင်းထက်အုပ်စိုးသော အာဏာရှင်များ၏ ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းမှုကို အောင်နိုင်ကျော်လွှားခဲ့ရသည်။ မကြာသေးမီနှစ်များတွင် သံသယစိတ်ဓာတ်နှင့် တိုးပွားနေသော စိတ်အလိုလိုက်လွန်းခြင်း သဘောထားတို့ကိုလည်း ရင်ဆိုင်ခဲ့ရသည်။ သို့သော် ယနေ့ နိုင်ငံဒေသပေါင်း ၂၃၄ ခုတွင် ခြောက်သန်းခန့်ရှိလာသည့်အထိ မလျှော့သောဇွဲဖြင့် ကြံ့ကြံ့ခံရပ်တည်ခဲ့ကြသည်။ နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းကို ဤမျှကျယ်ကျယ်ပြန့်ပြန့် ဟောပြောခဲ့ဖူးခြင်းမရှိပါ—နိမိတ်ဆိုင်ရာ ဤအင်္ဂါရပ်၏ သိသာထင်ရှားသော ပြည့်စုံချက်ပင်တည်း!
ယင်းတို့အားလုံး အဘယ်အဓိပ္ပာယ်ဆောင်သနည်း
၃၅။ (က) ယနေ့ ပရောဖက်ပြုချက်ပြည့်စုံမှုက သမ္မာကျမ်းစာကို ဘုရားသခင်မှုတ်သွင်းကြောင်း တင်ပြရန် မည်သို့အထောက်အကူပြုသနည်း။ (ခ) ယေရှုပေးခဲ့သည့်နိမိတ် ပြည့်စုံခြင်းက ကျွန်ုပ်တို့ခေတ်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။
၃၅ ယေရှုပေးခဲ့သည့် မဟာနိမိတ် ပြည့်စုံလျက်ရှိသည်ကို ကျွန်ုပ်တို့ တွေ့မြင်နေရသည်မှာ သံသယ လုံးဝမရှိပါ။ ဤအချက်က သမ္မာကျမ်းစာသည် အမှန်ပင် ဘုရားသခင် မှုတ်သွင်းရာဖြစ်သည်ဟူသော အထောက်အထားကို ထပ်ဆင့်ပေးသည်။ ဤ ၂၀ ရာစုအတွင်း ဖြစ်ပျက်မည့်အဖြစ်အပျက်များကို နှစ်ပေါင်းများစွာကြို၍ အဘယ်လူသားကမျှ မဟောနိုင်ပါ။ ထို့အပြင် ၎င်းနိမိတ်ပြည့်စုံချက်က ကျွန်ုပ်တို့သည် ယေရှု၏ရောက်ရှိနေချိန်နှင့် ဤအစီအစဉ်စနစ်၏ နိဂုံးပိုင်းအချိန်တွင် အသက်ရှင်နေရကြောင်း ဖော်ပြသည်။ (မဿဲ ၂၄:၃) မည်သည့်အဓိပ္ပာယ်ရှိသနည်း။ ယေရှု၏ရောက်ရှိနေခြင်းတွင် အဘယ်အရာများ ပါဝင်ပတ်သက်နေသနည်း။ နိဂုံးချုပ်တော့မည့် အစီအစဉ်စနစ်ကား အဘယ်နည်း။ ဤမေးခွန်းများကို အဖြေပေးရန် သမ္မာကျမ်းစာ မှုတ်သွင်းခံရခြင်းဆိုင်ရာ ခိုင်လုံသောအထောက်အထား နောက်တစ်ခုကို သုံးသပ်ဖို့လိုသည်။ ၎င်းမှာ သမ္မာကျမ်းစာ၏ အံ့ချီးဖွယ်ကောင်းသော အတွင်းသဘောချင်း ညီညွှတ်မှုပင်ဖြစ်သည်။ ဤအကြောင်းကို နောက်အခန်းတွင် ကျွန်ုပ်တို့ ဆွေးနွေးကြမည်ဖြစ်ရာ သမ္မာကျမ်းစာ၏ အဓိကခေါင်းစဉ်သည် အံ့သြမိန်းမောဖွယ် အထွတ်အထိပ်သို့ ယခုပင် မည်သို့ချဉ်းကပ်နေကြောင်း ကြည့်ကြမည်။
[အောက်ခြေမှတ်ချက်များ]
a ၁၉၁၄ နှင့် ၁၉၁၈ ခုနှစ်အတွင်း ရစ်ချ်တာစကေး ၈ နှင့်အထက်ရှိသည့်မြေငလျင် အနည်းဆုံး ငါးကြိမ်လှုပ်ခဲ့သည်—အဘရူဇီငလျင်ထက် ပို၍အင်အားပြင်းထန်သည်။ သို့သော် အဆိုပါငလျင်များသည် ကမ္ဘာ့ဝေးလံသီခေါင်သည့်ဒေသများတွင် ဖြစ်ပွားခဲ့သဖြင့် အီတလီငလျင်လောက် လူတို့၏အာရုံကို များစွာဆွဲဆောင်နိုင်ခဲ့ခြင်းမရှိချေ။၅
b ဤကပ်ဘေးအချို့တွင် သေဆုံးသူအရေအတွက်နှင့်ပတ်သက်၍ အမျိုးမျိုးသတင်းပို့ကြသည်။ သို့သော် အားလုံးသည် အပျက်အစီး အလွန်ကြီးမားကြသည်။
-
-
သမ္မာကျမ်းစာ၏အလုံးစုံ ဆီလျော်ညီညွတ်မှုသမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
-
-
အခန်း၁၁
သမ္မာကျမ်းစာ၏အလုံးစုံ ဆီလျော်ညီညွတ်မှု
နှစ်ပေါင်း ၁,၆၀၀ ကာလအတွင်း သီးခြားလူပေါင်း ၄၀ ခန့်က ကျမ်းပေါင်း ၆၆ ကျမ်းပါဝင်သည့် စာပေကျမ်းဂန်စုတစ်ဆူ ပြုစုခဲ့ကြသည်ကို မြင်ယောင်ကြည့်ပါ။ နိုင်ငံအများတွင် နေထိုင်ကြသည့် ကျမ်းရေးသူများက ဘာသာစကား သုံးမျိုးဖြင့် ပြုစုခဲ့ကြသည်။ ကျမ်းရေးသူအားလုံး၌ မတူညီသော စရိုက်လက္ခဏာများ၊ စွမ်းရည်များနှင့် နောက်ခံများ အသီးသီးရှိကြသည်။ သို့သော် သူတို့ပြုစုသည့် ကျမ်းများသည် နောက်ဆုံးစုစည်းလိုက်သည့်အခါ အစမှအဆုံး အခြေခံအဓိကခေါင်းစဉ်တစ်ခုအတိုင်း လိုက်၍ရေးသားသည့် ကျမ်းဂန်ကြီးတစ်ဆူ ဖြစ်လာလေသည်။ တွေးကြည့်ဖို့ပင် ခက်ခဲသည့်အရာ မဟုတ်ပေလော။ သို့သော် သမ္မာကျမ်းစာသည် ဤကဲ့သို့သော စာပေကျမ်းဂန်စုပင်ဖြစ်သည်။
၁။ (နိဒါန်းအပါအဝင်။) သမ္မာကျမ်းစာကို ဘုရားသခင် မှုတ်သွင်းသည်ဟူသည့်အချက်ကို အဘယ် ထူးခြားသော ဆီလျော်ညီညွတ်မှုက သက်သေခံသနည်း။
သမ္မာကျမ်းစာသည် သီးခြားကျမ်းများ စုစည်းထားသည့် ကျမ်းဂန်တစ်ဆူဖြစ်သော်လည်း တပေါင်းတစည်းတည်းရှိသော စီရင်ရေးသားချက်ဖြစ်သည် ဟူသောအချက်ကြောင့် သမ္မာကျမ်းစာလေ့လာသော မည်သည့်ရိုးသားဖြောင့်မတ်သူမဆို စိတ်တွင် မစွဲမှတ်မိဘဲ နေမည်မဟုတ်။ ဤကျမ်းဂန်သည် အစမှသည် အဆုံးအထိ တပေါင်းတစည်းတည်းရှိပြီး မူပိုင်စရိုက်လက္ခဏာများ မည်သည့်အခါမျှ ပြောင်းလဲခြင်းမရှိသည့် တစ်ပါးတည်းသော ဘုရားသခင်ကိုသာ ကိုးကွယ်ရန် မြှင့်တင်အားပေးသည့်အပြင် ပါဝင်သည့်ကျမ်းအားလုံးကလည်း တစ်ခုတည်းသော အရေးပါသည့် အဓိကခေါင်းစဉ်ကို ပေါ်ထွက်စေသည်။ ဤသို့သော အစအဆုံး ဆီလျော်ညီညွတ်မှုက သမ္မာကျမ်းစာသည် အမှန်ပင် ဘုရားသခင့် နှုတ်မြွက်စကားတော်ဖြစ်ကြောင်းပြသသည့် အားကောင်းသော အထောက်အထားဖြစ်သည်။
၂၊ ၃။ ဧဒင်ဥယျာဉ်တွင် မြွက်ကြားခဲ့သည့် အဘယ်ပရောဖက်ပြုချက်သည် မျှော်လင့်ချက်အတွက် အခြေအမြစ်ကိုပေးသနည်း၊ အဘယ်အခြေအနေများက ထိုပရောဖက်ပြုချက်မိန့်မြွက်ရန် ဖန်တီးခဲ့သနည်း။
၂ သမ္မာကျမ်းစာ၏ အခြေခံကျသည့် အဓိကခေါင်းစဉ်ကို ပထမဆုံးကျမ်းဖြစ်သည့် ကမ္ဘာဦးကျမ်း၏ ဦးဆုံးအခန်းကြီးများတွင် စ၍ဖော်ပြသည်။ ထိုတွင် ကျွန်ုပ်တို့၏ ကနဦးမိဘများဖြစ်ကြသော အာဒံနှင့်ဧဝတို့သည် စုံလင်စွာဖန်ဆင်းခံရပြီး ပရဒိသုဧဒင်ဥယျာဉ်တွင် နေရာချထားခြင်းခံရကြောင်း ကျွန်ုပ်တို့ဖတ်ရသည်။ သို့သော် မြွေတစ်ကောင်က ဧဝထံချဉ်းကပ်ပြီး ဘုရားသခင့် ပညတ်ချက်များ၏ဖြောင့်မှန်မှုကို စိန်ခေါ်ကာ ကောက်ကျစ်စဉ်းလဲသောမုသားများဖြင့် အပြစ်လမ်းစဉ်ပေါ်ရောက်အောင် ဧဝအား ဆွဲဆောင်ခဲ့သည်။ အာဒံလည်း ဧဝနောက်လိုက်၍ ဘုရားသခင်စကားကို နားမထောင်ခဲ့ပေ။ ရလဒ်ကား အဘယ်နည်း။ နှစ်ယောက်စလုံး ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခံရပြီး သေဒဏ်စီရင်ချက် ချမှတ်ခံရသည်။ ဤကနဦး ပုန်ကန်မှု၏အကျိုးရလဒ်များကို ယနေ့ ကျွန်ုပ်တို့ ခံစားနေကြရသည်။ ကျွန်ုပ်တို့အားလုံး ကနဦးမိဘများထံမှ အပြစ်နှင့်သေခြင်းကို အမွေရခဲ့ကြသည်။—ကမ္ဘာဦး ၃:၁-၇၊ ၁၉၊ ၂၄; ရောမ ၅:၁၂။
၃ သို့သော် ကြေကွဲဖွယ်ကောင်းသော ထိုအချိန်တွင် မျှော်လင့်ခြင်းအခြေအမြစ်ပေးသည့် ပရောဖက်ပြုချက်တစ်ခုကို ဘုရားသခင် မိန့်မြွက်တော်မူခဲ့သည်။ ၎င်းပရောဖက်ပြုချက်ကို မြွေအားမိန့်ကြားခဲ့ခြင်းဖြစ်သော်လည်း အာဒံနှင့်ဧဝတို့ ကြားနိုင်သည့်အခြေအနေတွင် မြွက်ကြားခဲ့ခြင်းဖြစ်သဖြင့် သားသမီးများအား သူတို့ပြန်လည်ပြောပြနိုင်ခဲ့ခြင်းဖြစ်သည်။။ ဘုရားသခင် ဤသို့မိန့်တော်မူ၏– “သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည်သင်၏ခေါင်းကိုကြိတ်လိမ့်မည်၊ သင်သည်သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်။”—ကမ္ဘာဦး ၃:၁၅; ရောမ ၈:၂၀၊ ၂၁။
၄။ ဧဒင်ဥယျာဉ်တွင် ယေဟောဝါ မိန့်တော်မူသည့် ပရောဖက်ပြုချက်၌ အဘယ်ပုဂ္ဂိုလ်များကို ဖော်ပြထားကာ ၎င်းတို့သည် ရာစုနှစ်များတစ်လျှောက် မည်သို့ အပြန်အလှန် အကျိုးသက်ရောက်မှု ရှိခဲ့ကြသနည်း။
၄ ဤအဓိကအခန်းငယ်တွင် ပုဂ္ဂိုလ်လေးဦးဖြစ်သည့် မြွေနှင့်သူ၏အမျိုးအနွယ်၊ မိန်းမနှင့်သူ၏အမျိုးအနွယ်တို့အကြာင်း ဖော်ပြထားသည်ကို မှတ်သားပါ။ ဤပုဂ္ဂိုလ်တို့သည် လာမည့်နှစ်ပေါင်းထောင်ချီ အဖြစ်အပျက်များတွင် အဓိကဇာတ်ကောင်များ ဖြစ်လာကြမည်။ မိန်းမနှင့် သူ၏အမျိုးအနွယ်ကတစ်ဖက်၊ မြွေနှင့်သူ၏အမျိုးအနွယ်ကတစ်ဖက် ၎င်းတို့စပ်ကြားတွင် အစဉ်သဖြင့် ရန်ငြိုးရှိလိမ့်မည်။ ဤရန်ငြိုးတွင် စစ်မှန်သောကိုးကွယ်မှုနှင့် မှားယွင်းသောကိုးကွယ်မှု၊ ဖြောင့်မှန်သောအကျင့်အကြံနှင့် ဆိုးညစ်သောအကျင့်အကြံတို့စပ်ကြား စဉ်ဆက်မပြတ်သောပဋိပက္ခ ပါဝင်သည်။ အဆင့်တစ်ဆင့်တွင် မြွေသည် မိန်းမအမျိုးအနွယ်၏ဖနောင့်ကို ကြိတ်လိုက်နိုင်သည့်အခါ အသာစီးရသွားပုံ ပေါက်လိမ့်မည်။ သို့သော် နောက်ဆုံးတွင် မိန်းမ၏အမျိုးအနွယ်သည် မြွေ၏ခေါင်းကို ကြိတ်ချေမည်ဖြစ်ရာ ထိုမူလပုန်ကန်မှုကို အစအနမကျန် ဖယ်ရှားပစ်သည့်အချိန်တွင် ဘုရားသခင်ကိုယ်တော်တိုင်သည် တော်တည့်ဖြောင့်မှန်ကြောင်း ထင်ရှားလာပေမည်။
၅။ ဧဝသည် ၎င်းပရောဖက်ပြုချက်မှ မိန်းမမဟုတ်ကြောင်း မည်သို့သိရသနည်း။
၅ မိန်းမနှင့်မြွေတို့ကား မည်သူများနည်း။ သူတို့၏အမျိုးအနွယ်တို့ကား မည်သူများနည်း။ ဧဝသည် သားဦး ကာဣနကိုရသောအခါ “ထာဝရဘုရား မစတော်မူသောအားဖြင့် လူယောက်ျားကို ငါရပြီ” ဟုကြွေးကြော်ခဲ့သည်။ (ကမ္ဘာဦး ၄:၁၊ သမ္မာ) ဧဝအနေဖြင့် မိမိသည် ထိုပရောဖက်ပြုချက်မှမိန်းမဖြစ်ပြီး ဤသားသည် ထိုအမျိုးအနွယ်ပင်ဖြစ်မည်ဟု ယူမှတ်ခဲ့ဖွယ်ရှိသည်။ သို့သော် ကာဣန၌ မြွေကဲ့သို့သော သဘောထားဆိုးရှိသည်။ သူသည် ညီအရင်းဖြစ်သူ အာဗေလကို သတ်ပစ်ခြင်းဖြင့် လူသတ်သမားဖြစ်သွားလေသည်။ (ကမ္ဘာဦး ၄:၈) ထိုပရောဖက်ပြုချက်တွင် ဘုရားသခင် တစ်ပါးတည်းသာ ရှင်းပြနိုင်သည့် နက်ရှိုင်းသော ပုံဆောင်အဓိပ္ပာယ်ရှိနေသည်မှာ ထင်ရှားသည်။ ၎င်းအဓိပ္ပာယ်ကို တဖြည်းဖြည်းချင်းနှင့် ကိုယ်တော်ရှင်းပြတော်မူသည်။ သမ္မာကျမ်းစာမှ ဤဦးဆုံးပရောဖက်ပြုချက်၏ အဓိပ္ပာယ်ကိုဖွင့်ပြရာ၌ သမ္မာကျမ်းစာ၏ ၆၆ ကျမ်းစလုံးက တစ်နည်းမဟုတ်တစ်နည်းဖြင့် ထောက်ကူပေးသည်။
မြွေသည် မည်သူနည်း
၆-၈။ ယေရှု၏အဘယ်စကားများက မြွေ၏နောက်ကွယ်မှ စွမ်းအားရှင်ကို ခွဲခြားသိမြင်စေရန် အထောက်အကူပြုသနည်း။ ရှင်းပြပါ။
၆ ဦးဆုံး၊ ကမ္ဘာဦး ၃:၁၅ တွင် ပြောထားသည့်မြွေသည် မည်သူဖြစ်သနည်း။ တကယ့်မြွေတစ်ကောင်က ဧဒင်ဥယျာဉ်တွင် ဧဝထံချဉ်းကပ်ခဲ့ကြောင်း မှတ်တမ်းကဆိုသော်လည်း တကယ့်မြွေသည် စကားမပြောနိုင်ပေ။ ထိုမြွေစကားပြောနိုင်အောင် မြွေ၏နောက်ကွယ်တွင် စွမ်းအားတစ်မျိုးမျိုးရှိရပေမည်။ ထိုစွမ်းအားကား အဘယ်နည်း။ ခေတ်သက္ကရာဇ် ပထမရာစု၊ ကမ္ဘာပေါ် ယေရှု ဓမ္မအမှုတော် ထမ်းဆောင်ချိန်ကျမှ ထိုစွမ်းအားရှင်မှာ မည်သူမည်ဝါဖြစ်ကြောင်း ရှင်းလင်းစွာဖွင့်ပြခဲ့သည်။
၇ အခါတစ်ပါး၌ ယေရှုသည် မိမိတို့ကိုယ်ကို အာဗြဟံ၏သားများဖြစ်သည်ဟု ဂုဏ်ယူဝင့်ကြွားပြီး ကိုယ့်ကိုယ်ကိုဖြောင့်မတ်သည်ဟု အထင်ရှိကြသည့် ဂျူးဘာသာရေးခေါင်းဆောင်များနှင့် စကားပြောနေသည်။ သို့သော် ထိုသူတို့သည် ယေရှုဟောပြောသည့် အမှန်တရားကို အကျောက်အကန် ဆန့်ကျင်ကြသည်။ ထို့ကြောင့် ယေရှုက သူတို့အား ဤသို့ဆိုသည်– “သင်တို့သည် သင်တို့၏အဘတည်းဟူသော [စာတန်]မှဆင်းသက်ကြ၏။ သင်တို့အဘ၏အလိုသို့လည်း လိုက်တတ်ကြ၏။ [စာတန်]သည် ရှေ့ဦးစွာမှစ၍ လူအသတ်ကို သတ်သောသူဖြစ်၏။ သူ၌ သစ္စာတရားမရှိသောကြောင့် သစ္စာတရား၌ မတည်မနေ။ သူသည် မုသာစကားကိုပြောသောအခါ မိမိပကတိအတိုင်းပြော၏။ မုသာစကား၌ ကျင်လည်သောသူဖြစ်၏။ မုသာ၏အဘလည်းဖြစ်၏။”—ယောဟန် ၈:၄၄။
၈ ယေရှု၏စကားများသည် ခိုင်မာပြီးချက်ကျလှသည်။ ကိုယ်တော်က စာတန်သည် “လူအသက်ကို သတ်သောသူ” နှင့် “မုသာ၏အဘ” ဖြစ်သည်ဟုဖော်ပြသည်။ ဦးဆုံး မှတ်တမ်းတင်ခံရသည့် မုသားစကားများမှာ ဧဒင်ဥယျာဉ်တွင် မြွေပြောသည့် မုသားစကားများပင်ဖြစ်သည်။ ထိုမုသားစကားကို ပြောသူသည် “မုသာ၏အဘ” အမှန်ပင်ဖြစ်သည်။ ထို့အပြင် ထိုမုသားစကားများကြောင့် အာဒံနှင့်ဧဝတို့ သေပွဲဝင်ခဲ့ကြရရာ ထိုရှေးမုသားပြောသူသည် လူသတ်သမားလည်းဖြစ်သွားသည်။ ရှင်းနေသည်မှာ ဧဒင်ရှိ မြွေ၏နောက်ကွယ်မှ စွမ်းအားရှင်မှာ စာတန်ပင်ဖြစ်ရာ ထိုရှေးပရောဖက်ပြုချက်တွင် ယေဟောဝါသည် အမှန်အားဖြင့် စာတန်အား မိန့်ဆိုနေခြင်းဖြစ်သည်။
၉။ စာတန် မည်သို့ဖြစ်ပေါ်လာသနည်း။
၉ တချို့က ဤသို့မေးမည်– ဘုရားသခင်သာ ကောင်းမြတ်တော်မူလျှင် စာတန်ကဲ့သို့သော သတ္တဝါကို အဘယ်ကြောင့်များ ဖန်ဆင်းခဲ့ရပါသနည်း။ ယေရှု၏စကားများက ဤမေးခွန်းကို ဖြေဆိုရန်အတွက်လည်း ထောက်ကူသည်။ စာတန်နှင့်ပတ်သက်၍ ယေရှု ဤသို့မိန့်တော်မူ၏– “[သူ] သည် ရှေးဦးစွာမှစ၍ လူအသတ်ကိုသတ်သောသူဖြစ်၏။” ထို့ကြောင့် စာတန်သည် ဧဝကို မုသားပြောလိုက်သည့်အချိန်မှစ၍ စာတန်ဖြစ်လာသည်—စာတန်ဆိုသည်မှာ “ခုခံသူ” ဟုအဓိပ္ပာယ်ရသည့် ဟေဗြဲစကားလုံးဖြစ်သည်။ စာတန်ကို ဘုရားသခင် မဖန်ဆင်းခဲ့ပါ။ ယခင်က သစ္စာရှိခဲ့သည့် ကောင်းကင်တမန်တစ်ပါးက သူ၏နှလုံးထဲ၌ မှားယွင်းသောဆန္ဒကို ရှင်သန်ကြီးထွားခွင့်ပြုခဲ့ရာမှ စာတန် ဖြစ်သွား ခြင်းဖြစ်သည်။—တရားဟောရာ ၃၂:၄; ယောဘ ၁:၆-၁၂; ၂:၁-၁၀ နှိုင်းယှဉ်; ယာကုပ် ၁:၁၃-၁၅။
မြွေ၏အမျိုးအနွယ်
၁၀၊ ၁၁။ ယေရှုနှင့် တမန်တော်ယောဟန်တို့က မြွေ၏အမျိုးအနွယ်ကို ခွဲခြားသိမြင်စေရန် မည်သို့ထောက်ကူပေးခဲ့သနည်း။
၁၀ သို့သော် ‘မြွေ၏ အမျိုးအနွယ် [သို့မဟုတ် သားစဉ်မြေးဆက်]’ နှင့်ပတ်သက်၍ကော အသို့နည်း။ ယေရှု၏စကားများကပင် ပဟေဠိ၏ဤအပိုင်းကို အဖြေညှိပေးရန်အတွက်လည်း အထောက်အကူပေးသည်။ ဂျူးဘာသာရေးခေါင်းဆောင်များအား ကိုယ်တော်ဤသို့ဆိုသည်– “သင်တို့သည် သင်တို့၏အဘတည်းဟူသော [စာတန်]မှဆင်းသက်ကြ၏။ သင်တို့အဘ၏အလိုသို့လည်း လိုက်တတ်ကြ၏။” ဤဂျူးတို့သည် သူတို့ဝါကြွားသကဲ့သို့ အာဗြဟံ၏သားမြေးများဖြစ်ကြသည်။ သို့သော် သူတို့၏ ဆိုးညစ်သောအကျင့်အကြံက သူတို့အား အပြစ်ကိုစတင်ပြုသူ စာတန်၏ ဝိညာဉ်ရေးသားသမီးများဖြစ်သွားစေသည်။
၁၁ ပထမရာစုအကုန်ပိုင်းတွင် ကျမ်းရေးခဲ့သူ တမန်တော်ယောဟန်က မည်သူများသည် မြွေတည်းဟူသောစာတန်၏ အမျိုးအနွယ်ဖြစ်ကြောင်း ရှင်းလင်းစွာရှင်းပြခဲ့သည်။ သူဤသို့ရေးသားခဲ့သည်– “[စာတန်]သည် ရှေးဦးစွာမှစ၍ ဒုစရိုက်ကိုပြုသောသူဖြစ်သောကြောင့်၊ အကြင်သူသည် ဒုစရိုက်ကိုပြု၏၊ ထိုသူသည် [စာတန်]နှင့်ဆိုင်၏။ . . . ထိုသို့သောလက္ခဏာအားဖြင့် ဘုရားသခင်၏သားတို့နှင့် [စာတန်]၏သားတို့သည် ထင်ရှားကြ၏။ ဖြောင့်မတ်ခြင်းတရားကို မကျင့်သောသူ၊ မိမိညီအစ်ကိုကို မချစ်သောသူမည်သည်ကား၊ ဘုရားသခင်နှင့်မဆိုင်။” (၁ ယောဟန် ၃:၈၊ ၁၀) ထင်ရှားနေသည်မှာ မြွေ၏အမျိုးအနွယ်သည် လူ့သမိုင်းတစ်လျှောက်တွင် အလွန်တက်ကြွလှုပ်ရှားလျက်ရှိနေခြင်းပင်!
မိန်းမ၏အမျိုးအနွယ်ကား မည်သူနည်း
၁၂၊ ၁၃။ (က) မိန်းမ၏အမျိုးအနွယ်သည် သူ၏သားမြေးများထဲမှ ပေါ်လာမည်ဖြစ်ကြောင်း အာဗြဟံအား ယေဟောဝါ မည်သို့ဖွင့်ပြတော်မူသနည်း။ (ခ) အမျိုးအနွယ်နှင့်စပ်လျဉ်းသည့် ကတိတော်ကို မည်သူတို့ ဆက်ခံရရှိသနည်း။
၁၂ သို့ဆိုလျှင် ‘မိန်းမ၏ အမျိုးအနွယ် [သို့မဟုတ် သားစဉ်မြေးဆက်]’ ကားမည်သူများနည်း။ မိန်းမ၏အမျိုးအနွယ်သည် နောက်ဆုံးတွင် စာတန်၏ခေါင်းကိုကြိတ်ပြီး မူလပုန်ကန်မှု၏ဆိုးကျိုးများကို ဖယ်ရှားပစ်မည်ဖြစ်သောကြောင့် ဤမေးခွန်းသည် မေးခဲ့သမျှတွင် အရေးအကြီးဆုံးမေးခွန်းတစ်ခုဖြစ်သည်။ လွန်ခဲ့သည့် ဘီ.စီ.အီး. ၂၀ ရာစုတွင် ဘုရားသခင်သည် သစ္စာရှိသူ အာဗြဟံအား ဤအမျိုးအနွယ်နှင့်ဆိုင်သော အရေးပါသည့် သဲလွန်စတစ်ခုကို ဖွင့်ပြတော်မူခဲ့သည်။ ဘုရားသခင်သည် အာဗြဟံ၏ ကြီးမားသောယုံကြည်ခြင်းကြောင့် သူ၌မွေးဖွားမည့် သားစဉ်မြေးဆက်နှင့်ပတ်သက်၍ ကတိတော်တသီတတန်း ပေးတော်မူခဲ့သည်။ ကတိတော်တစ်ခုက ‘မြွေ၏ခေါင်းကို ကြိတ်’ မည့် ‘မိန်းမ၏အမျိုးအနွယ်’ သည် အာဗြဟံ၏သားမြေးများထဲမှ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ထင်ရှားစေသည်။ သူ့အား ဘုရားသခင် ဤသို့မိန့်တော်မူသည်– “သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးများကို အစိုးရလိမ့်မည်။ သင်၏အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ငါ၏စကားကို သင်နားထောင်သောကြောင့်” ဖြစ်သည်။—ကမ္ဘာဦး ၂၂:၁၇၊ ၁၈။
၁၃ နှစ်လရာသီ ပြောင်းလာသည်နှင့်အမျှ အာဗြဟံအားပေးခဲ့သော ယေဟောဝါ၏ကတိတော်ကို အာဗြဟံ၏သား ဣဇာက်နှင့် မြေး ယာကုပ်တို့အား ထပ်၍ပေးတော်မူ၏။ (ကမ္ဘာဦး ၂၆:၃-၅; ၂၈:၁၀-၁၅) နောက်ဆုံးတွင် ယာကုပ်၏သားမြေးများသည် လူမျိုးနွယ် ၁၂ နွယ်ဖြစ်လာပြီး ယင်းတို့ထဲမှတစ်နွယ်ဖြစ်သော ယုဒသည် အထူးကတိတော်တစ်ခုကို ရရှိသည်– “ရှိလောမရောက်မီတိုင်အောင်၊ ရာဇလှံတံသည် ယုဒထံမှလည်းကောင်း၊ မင်းအာဏာသည် သူ၏အမျိုးအနွယ်ထံမှလည်းကောင်း မရွေ့ရ။ ရှိလော၌ လူမျိုးတို့သည် ဆည်းကပ်ကြလိမ့်မည်။” (ကမ္ဘာဦး ၄၉:၁၀) နောက်ဆုံးတွင် ထိုအမျိုးအနွယ်သည် ယုဒအနွယ်မှ ပေါ်ထွန်းလာမည်ဖြစ်သည်။
၁၄။ အမျိုးအနွယ် ပေါ်ထွန်းရေးအတွက် အသင့်ပြင်ဆင်သည့်အနေနှင့် အဘယ်လူမျိုးကို ဖွဲ့စည်းခဲ့သနည်း။
၁၄ ဘီ.စီ.အီး. ၁၆ ရာစုအကုန်ပိုင်းတွင် ဣသရေလ ၁၂ နွယ်သည် ဘုရားသခင်၏ အထူးလူမျိုးတော်အဖြစ် ဖွဲ့စည်းခြင်းခံရသည်။ ဤရည်ရွယ်ချက် ပြည့်မြောက်ရေးအတွက် ဘုရားသခင်သည် သူတို့နှင့် လေးနက်သောပဋိညာဉ်တစ်ရပ်ပြုပြီး ပညတ်ဥပဒေတစ်ရပ် ပေးတော်မူသည်။ ဤသို့ပြုရသည့် အဓိကအကြောင်းရင်းမှာ အမျိုးအနွယ် ပေါ်ထွန်းရေးအတွက် လူမျိုးတစ်မျိုး အသင့်ပြင်ဆင်ထားရန်ဖြစ်သည်။ (ထွက်မြောက်ရာ ၁၉:၅၊ ၆; ဂလာတိ ၃:၂၄) ထိုအချိန်မှစ၍ မိန်းမအပေါ်ထားရှိသည့် စာတန်၏ရန်ငြိုးကို ဘုရားသခင်ရွေးချယ်သည့်လူမျိုးတော်အပေါ် လူမျိုးများ၏ရန်လိုမှုတွင် တွေ့မြင်လာရသည်။
၁၅။ အာဗြဟံ၏သားမြေးများအနက် အဘယ်မျိုးရိုးမှ အမျိုးအနွယ် မွေးဖွားလာမည်နှင့်ပတ်သက်၍ အဘယ်နောက်ဆုံးသဲလွန်စကို ပေးခဲ့သနည်း။
၁၅ အဘယ်မျိုးရိုးမှ အမျိုးအနွယ် မွေးဖွားလာမည်နှင့်စပ်လျဉ်း၍ နောက်ဆုံးသဲလွန်စကို ဘီ.စီ.အီး. ၁၁ ရာစုတွင် ဖော်ပြခဲ့သည်။ ထိုအချိန်တွင် ဘုရားသခင်သည် ဣသရေလနိုင်ငံ၏ ဒုတိယဘုရင် ဒါဝိဒ်အား မိန့်တော်မူကာ အမျိုးအနွယ်သည် သူ၏မျိုးဆက်မှ ပေါက်ဖွားလာမည်၊ ဤအရှင်၏ ရာဇပလ္လင်ကို “အစဉ်အမြဲ ငါတည်စေမည်” ဟုကတိပြုတော်မူခဲ့သည်။ (၂ ဓမ္မရာဇဝင် ၇:၁၁-၁၆) ထိုအချိန်မှစ၍ အမျိုးအနွယ်ကို ဒါဝိဒ်၏သားတော်ဟူ၍ လျော်ကန်စွာခေါ်ဆိုနိုင်ပါသည်။—မဿဲ ၂၂:၄၂-၄၅။
၁၆၊ ၁၇။ အမျိုးအနွယ် ဆောင်ကြဉ်းပေးမည့် ကောင်းချီးများကို ဟေရှာယက မည်သို့ဖော်ပြထားသနည်း။
၁၆ ထိုနောက်ပိုင်းနှစ်များတွင် ဘုရားသခင်သည် ပရောဖက်များကို ပေါ်ထွန်းစေပြီး ကြွလာမည့် အမျိုးအနွယ်နှင့်ပတ်သက်၍ ထပ်ဆင့်မှုတ်သွင်းခံ သတင်းအချက်အလက်များကို ပေးတော်မူသည်။ ဥပမာ၊ ဘီ.စီ.အီး. အဋ္ဌမရာစုတွင် ဟေရှာယက ဤသို့ရေးသားခဲ့သည်– “အကြောင်းမူကား၊ ငါတို့အဖို့ သူငယ်ကိုဖွားမြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား၊ အံ့သြဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။ ဒါဝိဒ်မင်း၏ ရာဇပလ္လင်ပေါ်မှာထိုင်၍၊ နိုင်ငံတော်ကို နောင်ကာလအစဉ်မပြတ်၊ တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင်၍ အမြဲတည်စေတော်မူမည်အကြောင်း၊ အာဏာတော်တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်။”—ဟေရှာယ ၉:၆၊ ၇။
၁၇ ဤအမျိုးအနွယ်နှင့်ပတ်သက်၍ ဟေရှာယက ဤသို့ထပ်၍ ပရောဖက်ပြုသည်– “ဆင်းရဲသားတို့၏အမှုကို တရားတော်အတိုင်းစီရင်၍၊ နှိမ့်ချသောမြေကြီးသားတို့ဘက်၌နေလျက်၊ ဖြောင့်မတ်စွာဆုံးဖြတ်လိမ့်မည်။ . . . တောခွေးသည် သိုးသငယ်နှင့်အတူနေလိမ့်မည်။ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူအိပ်လိမ့်မည်။ နွားသငယ်၊ ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသောအကောင်တို့သည် အတူသွားလာကြ၍၊ လူသူငယ်သည် သူတို့ကိုပို့ဆောင်လိမ့်မည်။ နွားမနှင့်ဝံမသည် အတူကျက်စား၍၊ သူတို့သားငယ်များသည် အတူအိပ်ကြလိမ့်မည်။ ခြင်္သေ့သည်လည်း နွားကဲ့သို့မြက်ကိုစားလိမ့်မည်။ . . . ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကိုမပြုရကြ။ အကြောင်းမူကား၊ ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ထာဝရဘုရားကိုသိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။” (ဟေရှာယ ၁၁:၄-၉) ဤအမျိုးအနွယ် ဆောင်ကြဉ်းပေးမည့် ကြွယ်ဝသောကောင်းချီးများပင်တည်း!
၁၈။ အမျိုးအနွယ်အကြောင်း အဘယ်ထပ်ဆင့် အချက်အလက်များကို ဒံယေလက မှတ်တမ်းတင်ခဲ့သနည်း။
၁၈ ခေတ်သက္ကရာဇ်မတိုင်မီ ဆဋ္ဌမရာစုတွင် ဒံယေလက အမျိုးအနွယ်နှင့်ပတ်သက်သည့် နောက်ထပ်ပရောဖက်ပြုချက်တစ်ခုကို မှတ်တမ်းတင်ခဲ့သည်။ လူသားနှင့်တူသောသူတစ်ဦး ကောင်းကင်ဘုံတွင် ပေါ်ထွန်းမည့်အကြောင်း တင်ကူးဟောပြီး ဤသို့ဆို၏– “အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားခြားသော ဘာသာစကားကိုပြောသော လူမျိုးတကာတို့ကို အုပ်စိုးစေခြင်းငှာ၊ ထိုသူသည် နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုးကိုရ၏။” (ဒံယေလ ၇:၁၃၊ ၁၄) ထို့ကြောင့် ကြွလာမည့်အမျိုးအနွယ်သည် ကောင်းကင်နိုင်ငံတော်ကို အမွေခံရမည်ဖြစ်ပြီး သူ၏မင်းအာဏာသည် မြေတစ်ပြင်လုံး နှံ့ပြားလိမ့်မည်ဖြစ်သည်။
ပဟေဠိရှင်းလင်းသွား
၁၉။ ကောင်းကင်တမန် ဖွင့်ပြချက်အရ အမျိုးအနွယ်ပေါ်ထွန်းရေးတွင် မာရိသည် အဘယ်အခန်းကဏ္ဍမှ ပါဝင်ရမည်နည်း။
၁၉ နောက်ဆုံး၌ အမျိုးအနွယ်သည် မည်သူမည်ဝါဖြစ်ကြောင်း ခေတ်သက္ကရာဇ်ဆန်းစတွင် လှစ်ဟပြလိုက်လေသည်။ ဘီ.စီ.အီး. ၂ တွင်ကောင်းကင်တမန်တစ်ပါးသည် ဒါဝိဒ်သားမြေးဖြစ်သူ မာရိအမည်ရှိ ဂျူးလုံမငယ်အား ကိုယ်ထင်ပြသည်။ ကောင်းကင်တမန်က မာရိအား သူသည် အလွန်ထူးခြားသော ကလေးတစ်ယောက်ကို မွေးဖွားမည့်အကြောင်း ပြောပြပြီးနောက် ဤသို့ဆက်၍ဆိုသည်– “ထိုသားသည်ကား၊ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ အမြင့်ဆုံးသောဘုရား၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့အဘဒါဝိဒ်၏ရာဇပလ္လင်ကို ထာဝရအရှင်ဘုရားသခင်သည် သူ့အားပေးတော်မူမည်။ ထိုသူသည်လည်း ယာကုပ်အမျိုးအနွယ်ကို အစဉ်မပြတ် အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း ဆုံးခြင်းမရှိရ။” (လုကာ ၁:၃၂၊ ၃၃) ထို့ကြောင့် “အမျိုးအနွယ်” အတွက် နှစ်ရှည်လများ စောင့်စားခဲ့ရသည့်ကာလသည် နောက်ဆုံးတွင် အဆုံးသတ်သွားလေသည်။
၂၀။ ကတိထားရာ အမျိုးအနွယ်ကား မည်သူနည်း၊ သူသည် ဣသရေလနိုင်ငံတွင် အဘယ်သတင်းစကားကို ဟောပြောခဲ့သနည်း။
၂၀ စီ.အီး. ၂၉ (နှစ်ပေါင်းများစွာကြို၍ ဒံယေလ ထောက်ပြခဲ့သည့်နေ့စွဲ) တွင်ယေရှု နှစ်ခြင်းခံခဲ့သည်။ ကိုယ်တော်အပေါ် သန့်ရှင်းသောဝိညာဉ်တော် သက်ရောက်ပြီး ဘုရားသခင်က မိမိသားတော်ဖြစ်ကြောင်း အသိအမှတ်ပြုတော်မူခဲ့သည်။ (ဒံယေလ ၉:၂၄-၂၇; မဿဲ ၃:၁၆၊ ၁၇) ထိုနောက် သုံးနှစ်ခွဲတိုင်တိုင် ယေရှုသည် ဂျူးများအား သက်သေခံ၍ “ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ” ဟုကြွေးကြော်တော်မူ၏။ (မဿဲ ၄:၁၇) ထိုအချိန်အတွင်း ကိုယ်တော်သည် ကတိထားရာအမျိုးအနွယ် အမှန်ဖြစ်ကြောင်း သံသယဖြစ်စရာ တစ်ကွက်မျှမရှိသည့်အထိ ဟေဗြဲကျမ်းမှ ပရောဖက်ပြုချက် မြောက်မြားစွာကို ပြည့်စုံစေခဲ့သည်။
၂၁။ အမျိုးအနွယ်သည် မည်သူမည်ဝါဖြစ်သည်နှင့်စပ်လျဉ်း၍ ကနဦးခရစ်ယာန်များ အဘယ်အရာကို သိခဲ့ကြသနည်း။
၂၁ ဤအချက်ကို ကနဦးခရစ်ယာန်များ ကောင်းစွာနားလည်ခဲ့ကြသည်။ ဂလာတိနယ်မှ ခရစ်ယာန်များအား ပေါလုဤသို့ရှင်းပြခဲ့သည်– “ကတိတော်တို့ကို အာဗြဟံနှင့်သူ၏ အမျိုးအနွယ်၌ထားတော်မူ၏။ အမျိုးအနွယ်တို့ဟု အများသောသူတို့ကိုရည်မှတ်၍ မိန့်တော်မူသည်မဟုတ်။ သင်၏အမျိုးအနွယ်ဟု တစ်ယောက်သောသူကိုရည်မှတ်၍ မိန့်တော်မူ၏။ ထိုတစ်ယောက်သောသူကား ခရစ်တော်ဖြစ်သတည်း။” (ဂလာတိ ၃:၁၆) ယေရှုသည် ဟေရှာယကြိုဟောထားသည့် ‘ငြိမ်သက်ခြင်းမင်းသား’ ဖြစ်လာရန်တည်း။ နောက်ဆုံး၌ ကိုယ်တော်သည် နိုင်ငံတော်အာဏာရပြီးနောက် ကမ္ဘာတစ်ခွင်တွင် တရားမျှတမှုနှင့် ဖြောင့်မတ်မှုတို့ကို အခြေချပေးမည်ဖြစ်သည်။
သို့ဆိုလျှင် မိန်းမကား မည်သူနည်း
၂၂။ ဧဒင်ဥယျာဉ်တွင် ယေဟောဝါ မိန့်မြွက်ခဲ့သည့် ပရောဖက်ပြုချက်မှ မိန်းမသည် မည်သူ့ကို ရည်ညွှန်းသနည်း။
၂၂ ယေရှုသည် အမျိုးအနွယ်ဖြစ်လျှင် ဧဒင်တွင်ရည်ညွှန်းခဲ့သည့် မိန်းမကား မည်သူနည်း။ မြွေ၏နောက်ကွယ်မှ စွမ်းအားရှင်မှာ နာမ်ဝိညာဉ်သတ္တဝါဖြစ်သောကြောင့် မိန်းမသည်လည်း လူသားမဟုတ်ဘဲ နာမ်ဝိညာဉ်သတ္တဝါဖြစ်သည်ကို မအံ့သြသင့်ပေ။ တမန်တော်ပေါလုက “အပေါ်မှာရှိသောယေရုရှလင်မြို့မူကား၊ ခပ်သိမ်းသောငါတို့၏အမိတည်းဟူသော ကျွန်မမဟုတ်သောမိန်းမဖြစ်သတည်း” ဟူ၍ပြောဆိုရာတွင် ကောင်းကင်ဆိုင်ရာ “မိန်းမ” တစ်ဦးအကြောင်း ပြောဆိုခဲ့သည်။ (ဂလာတိ ၄:၂၆) အခြားကျမ်းချက်များက “အပေါ်မှာရှိသောယေရုရှလင်မြို့” သည် နှစ်ပေါင်းထောင်သောင်းချီ၍ တည်ရှိလာခဲ့ပြီဖြစ်ကြောင်း ဖော်ပြသည်။ ဤမိန်းမမှာ ယေဟောဝါ၏ နာမ်ဝိညာဉ်သတ္တဝါများဖြင့် ဖွဲ့စည်းထားသည့် ကောင်းကင်ဆိုင်ရာ အဖွဲ့အစည်းဖြစ်ပြီး ယင်းအဖွဲ့အစည်းမှ ယေရှုသည် ‘မိန်းမ၏အမျိုးအနွယ်’ တာဝန်ကိုထမ်းဆောင်ရန် ဆင်းသက်ခဲ့သည်။ ဤကဲ့သို့သော ဝိညာဉ်ရေး “မိန်းမ” မျိုးသာလျှင် “ရှေးမြွေဟောင်း” ၏ရန်ငြိုးကို နှစ်ပေါင်းထောင်သောင်းချီပြီး ခံရပ်နိုင်မည်ဖြစ်သည်။—ဗျာဒိတ် ၁၂:၉; ဟေရှာယ ၅၄:၁၊ ၁၃; ၆၂:၂-၆။
၂၃။ ဧဒင်ပရောဖက်ပြုချက်၏ အဓိပ္ပာယ်ကို ယေဟောဝါက တစ်ဆင့်ပြီးတစ်ဆင့် ဖွင့်ပြပုံသည် အဘယ်ကြောင့် အလွန်မှတ်သားစရာ ကောင်းသနည်း။
၂၃ ကမ္ဘာဦး ၃:၁၅ မှ ရှေးပရောဖက်ပြုချက်၏ ဖြစ်ပေါ်တိုးတက်မှုနှင့်ပတ်သက်သည့် ဤအတိုချုပ် ခြုံငုံသုံးသပ်ချက်သည် သမ္မာကျမ်းစာ၏ ထည်ဝါသည့် ဆီလျော်ညီညွတ်မှုအတွက် အားကောင်းသော သက်သေခံချက်တစ်ရပ်ဖြစ်ပေသည်။ ကျွန်ုပ်တို့သည် ဘီ.စီ.အီး. ၂၀ ရာစု၊ ၁၁ ရာစု၊ ၈ ရာစုနှင့် ၆ ရာစုနှစ်များမှ အဖြစ်အပျက်များနှင့် အဆိုအမိန့်များကို ခေတ်သက္ကရာဇ် ပထမရာစုမှ အဆိုအမိန့်များနှင့် အဖြစ်အပျက်များတို့နှင့် ဆက်စပ်လိုက်သည့်အခါမှ ထိုပရောဖက်ပြုချက်ကို နားလည်လာနိုင်ခြင်းမှာ အမှန်ပင် ထူးခြားလှပေသည်။ ယင်းသည် တိုက်ဆိုင်မှုကြောင့် မဖြစ်နိုင်ပေ။ ယင်းတို့၏နောက်ကွယ်တွင် လမ်းညွှန်ထိန်းကျောင်းသည့် စွမ်းအားတစ်ရပ်ရှိရပေမည်။—ဟေရှာယ ၄၆:၉၊ ၁၀။
ကျွန်ုပ်တို့အတွက် အဓိပ္ပာယ်
၂၄။ အမျိုးအနွယ် မည်သူမည်ဝါဖြစ်ကြောင်း သိရှိခြင်းက ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။
၂၄ ဤအရာအားလုံးသည် ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။ ယေရှုသည် ‘မိန်းမ၏ အဓိကအမျိုးအနွယ်’ ဖြစ်သည်။ ကမ္ဘာဦး ၃:၁၅ မှ ထိုရှေးပရောဖက်ပြုချက်က သူ၏ဖနောင့်ကို မြွေက ‘ကြိတ်’ မည်ဟု ကြိုဟောထားရာ ညှဉ်းဆဲရာနှက်တိုင်ပေါ်တွင် ယေရှုသေဆုံးသည့်အခါ၌ ထိုအတိုင်းပင် ဖြစ်ပျက်ခဲ့သည်။ ဤကြိတ်ခြင်းသည် ထာဝရမဟုတ်ပါ။ ထို့ကြောင့် မြွေ၏ အပေါ်ယံအောင်မြင်မှုသည် ယေရှုရှင်ပြန်ထမြောက်သည့်အခါ ရှုံးနိမ့်မှုအဖြစ်သို့ တစ်မုဟုတ်ချင်းပင် ပြောင်းလဲသွားသည်။ (အခန်း ၆ တွင် ကျွန်ုပ်တို့တွေ့ခဲ့သည့်အတိုင်း ရှင်ပြန်ထမြောက်ခြင်း အမှန်ဖြစ်ပျက်ခဲ့ကြောင်း မငြင်းနိုင်သည့် အထောက်အထားရှိသည်။) ယေရှု၏သေဆုံးခြင်းသည် ရိုးဖြောင့်သော လူသားများ၏ကယ်တင်ခြင်းအတွက် အခြေအမြစ်ဖြစ်လာသဖြင့် အာဗြဟံအား ဘုရားသခင် ကတိပြုခဲ့သည့်အတိုင်း အမျိုးအနွယ်သည် ကောင်းချီးတစ်ရပ် စတင်ဖြစ်လာသည်။ သို့သော် ယေရှုသည် ကောင်းကင်နိုင်ငံတော်မှ မိမိ၏မြေကြီးနယ်ပယ်အားလုံးအပေါ် အုပ်စိုးမည်ဟူသည့် ပရောဖက်ပြုချက်များနှင့်ပတ်သက်၍ကော အသို့နည်း။
၂၅၊ ၂၆။ ဗျာဒိတ်ကျမ်းတွင် ဖော်ပြသည့်အတိုင်း ‘မိန်းမ၏အမျိုးအနွယ်’ နှင့် မြွေတို့၏ရန်ငြိုးတွင် အဘယ်အရေးကိစ္စ ပါဝင်ပတ်သက်သနည်း။
၂၅ ဗျာဒိတ် အခန်းကြီး ၁၂ တွင်မှတ်တမ်းတင်ထားသည့် ပီပြင်သောပရောဖက်ပြု အဆင်းအာရုံတစ်ခုတွင် ဤနိုင်ငံတော် စတင်တည်ထောင်ခြင်းကို ကောင်းကင်တွင် သားယောက်ျားလေး ဖွားမြင်ခြင်းနှင့် တင်စားဖော်ပြထားသည်။ ဤနိုင်ငံတော်တွင် ကတိထားရာ အမျိုးအနွယ်သည် “ဘုရားသခင်နှင့် အဘယ်သူတူသနည်း” ဟူ၍အဓိပ္ပာယ်ရှိသည့် မိက္ခေလဘွဲ့ဖြင့် အာဏာရရှိမည်။ ကိုယ်တော်သည် “ရှေးမြွေဟောင်း” ကို ကောင်းကင်ဘုံမှ အပြီးအပိုင် နှင်ချလိုက်သည့်အချိန်တွင် မည်သူမျှ ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို မှန်ကန်စွာ စိန်ခေါ်နိုင်မည်မဟုတ်ကြောင်း ပြသတော်မူ၏။ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “ထိုအခါ၊ ဤလောကတစ်နိုင်ငံလုံးကို လှည့်ဖြား၍ . . .စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကို . . . မြေကြီးသို့ချလိုက်ကြ၏။”—ဗျာဒိတ် ၁၂:၇-၉။
၂၆ အကျိုးဆက်အနေနှင့် ကောင်းကင်ဘုံတွင် အေးချမ်းသွားသော်လည်း မြေကြီးပေါ်တွင် ဆင်းရဲခက်ခဲမှုများတိုးလာသည်။ “ကောင်းကင်ဘုံ၌ ကြီးသောအသံကား၊ ယခုမှာ ကယ်တင်ခြင်းဖြစ်၏။ တန်ခိုးတော်လည်းဖြစ်၏။ ငါတို့ဘုရားသခင်၏နိုင်ငံတော်နှင့် သူ၏ခရစ်တော်၏ အာဏာတော်စက်လည်းဖြစ်၏။ အကြောင်းမူကား၊ ငါတို့ညီအစ်ကိုများကို ငါတို့ဘုရားသခင့်ရှေ့တော်၌ နေ့ညဉ့်မပြတ် အပြစ်တင်သောရန်သူကို အောက်သို့ချလေပြီ။ ထို့ကြောင့်၊ ကောင်းကင်နှင့်ကောင်းကင်သားတို့ ရွှင်လန်းကြလော့။ မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ [စာတန်]သည် မိမိကာလ တစ်ခဏသာရှိသည်ကိုသိ၍၊ ပြင်းစွာသောဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ဆင်းလေပြီဟု ဆိုကြသည်ကိုငါကြား၏။”—ဗျာဒိတ် ၁၂:၁၀၊ ၁၂။
၂၇။ စာတန်အား ကောင်းကင်မှ နှင်ချခြင်းဆိုင်ရာ ပရောဖက်ပြုချက်သည် အဘယ်အချိန်တွင် ပြည့်စုံသွားသနည်း။ မည်သို့သိသနည်း။
၂၇ အဘယ်အချိန်တွင် ဤပရောဖက်ပြုချက် ပြည့်စုံမည်ဟု ကျွန်ုပ်တို့ပြောနိုင်သလော။ ဤကား ယေရှု၏တပည့်တော်များ မေးခဲ့သည့်မေးခွန်းပင်ဖြစ်သည်။ အခန်း ၁၀ တွင် ကျွန်ုပ်တို့ ဆွေးနွေးခဲ့ကြသည့်အတိုင်း သူတို့က ကိုယ်တော်အား ‘ကိုယ်တော်၏ရောက်ရှိခြင်းနှင့် ဤအစီအစဉ်စနစ် ကုန်ဆုံးခြင်းဆိုင်ရာနိမိတ်’ နှင့်ပတ်သက်၍ မေးလျှောက်ခဲ့သည်။ (မဿဲ ၂၄:၃) ကျွန်ုပ်တို့တွေ့မြင်ခဲ့သည့်အတိုင်း ကောင်းကင်နိုင်ငံတော်အာဏာဖြင့် ယေရှု၏ရောက်ရှိနေခြင်းသည် ၁၉၁၄ ခုနှစ်တွင် စတင်ခဲ့ကြောင်း အထောက်အထားမှာ အလွန်များလှသည်။ ထိုအချိန်ကတည်းက ကျွန်ုပ်တို့သည် ‘မြေကြီးဆိုင်ရာအမင်္ဂလာ’ ကို အမှန်ပင် ကြုံတွေ့လျက်ရှိပေသည်!
၂၈၊ ၂၉။ ကမ္ဘာ့မြင်ကွင်းတွင် အဘယ်ကြီးမားသည့် အပြောင်းအလဲများ ဖြစ်လာရန်ရှိသနည်း၊ ၎င်းတို့သည် များမကြာမီ ဖြစ်ပျက်မည်ကို မည်သို့သိရသနည်း။
၂၈ သို့သော် ကောင်းကင်ဘုံမှ ထိုကြွေးကြော်သံက စာတန်၌ “ကာလတစ်ခဏသာရှိ” တော့ကြောင်း ကြေညာခဲ့သည်ကို သတိပြုပါ။။ ထိုကြောင့် ကမ္ဘာဦး ၃:၁၅ မှ ပထမဦးဆုံးပရောဖက်ပြုချက်သည် အမှားအယွင်းကင်းစွာဖြင့် အထွတ်အထိပ်သို့ ရွေ့လျားလျက်ရှိသည်။ မြွေ၊ သူ၏အမျိုးအနွယ်၊ မိန်းမနှင့် သူ၏အမျိုးအနွယ်တို့အားလုံးသည် အသီးသီး မည်သူမည်ဝါဖြစ်ကြောင်း သိရှိလာရပြီ။ ထိုအမျိုးအနွယ်သည် ‘ဖနောင့်တွင် အကြိတ်ခံရ’ သော်လည်း ပြန်ကောင်းသွားသည်။ မကြာမီ စာတန် (နှင့်သူ၏အမျိုးအနွယ်) အား ကြိတ်ချေခြင်းကို ယခုပင် စိုးစံလျက်ရှိသည့် ဘုရားသခင့်ဘုရင် ခရစ်တော်ယေရှုလက်အောက်တွင် စတင်ပါတော့မည်။
၂၉ ယင်းကြောင့် ကမ္ဘာ့မြင်ကွင်း အကြီးအကျယ်ပြောင်းလဲသွားမည်။ စာတန်နှင့်အတူ သူ၏အမျိုးအနွယ်ဖြစ်ကြောင်း ထင်ရှားပြသူတို့သည် ပယ်ရှင်းခြင်းခံရကြမည်။ ဆာလံဆရာ ပရောဖက်ပြုခဲ့သကဲ့သို့ပင် “ခဏကြာပြီးမှ၊ မတရားသောသူသည်မရှိရ။ သူ၏နေရာကို စေ့စေ့ရှာ၍မတွေ့ရ။” (ဆာလံ ၃၇:၁၀) ဤကား အလွန်ပြင်းထန်သည့် အမြစ်လှန်ပြောင်းလဲမှုကြီးပင်! ထို့နောက် ဆာလံဆရာ၏ နောက်ထပ်ဤစကားများ ပြည့်စုံလာမည်– “စိတ်နှိမ့်ချသောသူတို့မူကား၊ ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။”—ဆာလံ ၃၇:၁၁။
၃၀။ သမ္မာကျမ်းစာ မှုတ်သွင်းခံရခြင်းကိုမက ဘုရားသခင်တည်ရှိခြင်းကိုပင် သံသယဝင်သူများသည် အဘယ်ကြောင့် လက်တွေ့မကျသူများ ဖြစ်ကြသနည်း။
၃၀ ဤနည်းဖြင့် ‘ငြိမ်သက်ခြင်းမင်းသား’ သည် နောက်ဆုံးတွင် လူသားများအတွက် ငြိမ်းချမ်းရေးဆောင်ကြဉ်းပေးမည်။ ဟေရှာယ ၉:၆၊ ၇ တွင် ကျွန်ုပ်တို့ သတိပြုမိသည့်အတိုင်း ဤကား သမ္မာကျမ်းစာ၏ ကတိတော်ပင်ဖြစ်သည်။ အရာရာကို သံသယဝင်သော ဤခေတ်တွင် ဤကဲ့သို့သောကတိမျိုးသည် လက်တွေ့မကျဟု လူအများကထင်မှတ်ကြသည်။ သို့သော် အခြားအဘယ်ရွေးချယ်စရာကို လူသားများ ကမ်းလှမ်းထားသနည်း။ လုံးဝမရှိပါ! တစ်ဖက်တွင် ဤကတိတော်ကို သမ္မာကျမ်းစာတွင် ရှင်းလင်းစွာဖော်ပြထားသည်။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ မချွတ်မလွဲသော နှုတ်မြွက်စကားတော်ဖြစ်၏။ အမှန်အားဖြင့် သံသယဝင်သူများသာ လက်တွေ့မကျသူများဖြစ်သည်။ (ဟေရှာယ ၅၅:၈၊ ၁၁) သူတို့သည် သမ္မာကျမ်းစာကို မှုတ်သွင်းသည့်အရှင်၊ အရာခပ်သိမ်းတွင် အကြီးမြတ်ဆုံးသောအရှင် ဘုရားသခင်ကို လျစ်လျူရှုထားကြသည်။
[စာမျက်နှာ ၁၅၁ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာ၏ ဦးဆုံးပရောဖက်ပြုချက်သည် အပြစ်သို့သက်ဆင်းသွားသည့် လူသားတို့အတွက် မျှော်လင့်ချက်အခြေအမြစ်ကိုပေး၏
[စာမျက်နှာ ၁၅၄ ပါ ရုပ်ပုံ]
ဘီ.စီ.အီး. ၂၀ ရာစုတွင် ယေဟောဝါက ကတိထားရာအမျိုးအနွယ်သည် သူ၏သားမြေးများထဲမှ ပေါ်ထွန်းလာမည်ဟု အာဗြဟံအား မိန့်တော်မူ၏
[စာမျက်နှာ ၁၅၅ ပါ ရုပ်ပုံ]
ဘီ.စီ.အီး. ၁၁ ရာစုတွင် ဘုရင်ဒါဝိဒ်က အမျိုးအနွယ်သည် သူ၏မင်းမျိုးထဲမှ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း သိရှိခဲ့၏
[စာမျက်နှာ ၁၅၆ ပါ ရုပ်ပုံ]
ဘီ.စီ.အီး. အဋ္ဌမရာစုတွင် ဟေရှာယက အမျိုးအနွယ် ဆောင်ကြဉ်းပေးမည့် ကောင်းချီးများအကြောင်း ကြိုဟောခဲ့၏
[စာမျက်နှာ ၁၅၇ ပါ ရုပ်ပုံ]
ဘီ.စီ.အီး. ဆဋ္ဌမရာစုတွင် ဒံယေလက အမျိုးအနွယ်သည် ကောင်းကင်နိုင်ငံတော်တွင် အုပ်စိုးမည်ဖြစ်ကြောင်း တင်ကူးဟောခဲ့၏
[စာမျက်နှာ ၁၅၉ ပါ ရုပ်ပုံ]
စီ.အီး. ပထမရာစု ဆန်းခါနီးတွင် မာရိက သူမွေးဖွားမည့်သားငယ်ယေရှုသည် အမျိုးအနွယ်အဖြစ် ကြီးပြင်းလာမည်ဖြစ်ကြောင်း သိရှိခဲ့၏
-