-
အမှန်တရားထက် ကောင်းသည့်အရာ ဘာမျှမရှိကင်းမျှော်စင်—၁၉၉၈ | ဇန်နဝါရီ ၁
-
-
အမှန်တရားထက် ကောင်းသည့်အရာ ဘာမျှမရှိ
ဂျီ. အဲန်. ဗန်း ဒါ ဘေးလ် ပြောပြသည်
၁၉၄၁ ဇွန်လမှာ ကျွန်တော့်ကို ဂက်စတာပိုတွေလက်ထဲအပ်လိုက်ကြပြီး ဂျာမနီနိုင်ငံ၊ ဘာလင်မြို့နားက ဆတ်ဆင်ဟောဆင်ချွေးတပ်စခန်းကို ပို့လိုက်ကြတယ်။ အကျဉ်းသားနံပါတ် ၃၈၁၉၀ အဖြစ်နဲ့ ၁၉၄၅ ဧပြီလမှာ မရဏခရီးချီခဲ့ရတဲ့အချိန်အထိ အဲ့ဒီနေရာမှာ ကျွန်တော်နေခဲ့ရတယ်။ အဲဒီအဖြစ်အပျက်တွေကိုမပြောပြခင် ကျွန်တော်ဘယ်လိုအကျဉ်းသား ဖြစ်လာတယ်ဆိုတာကို ရှင်းပြပါရစေ။
၁၉၁၄ ပထမကမ္ဘာစစ်စဖြစ်ပြီးသိပ်မကြာမီမှာပဲ နယ်သာလန်နိုင်ငံ၊ ရော့တာဒမ်မြို့မှာ ကျွန်တော့်ကိုမွေးဖွားခဲ့ပါတယ်။ အဖေဟာ ရထားလမ်းလုပ်သား တစ်ယောက်ဖြစ်ခဲ့ပြီး ကျွန်တော်တို့ရဲ့အိမ်ခန်းလေးဟာ ရထားလမ်းဘေးနားမှာရှိပါတယ်။ စစ်ပြီးခါနီး ၁၉၁၈ မှာအရေးပေါ်ရထားတွေ ဖြတ်ဖြတ်သွားတာကို တွေ့မြင်ခဲ့ရတယ်။ အဲဒီရထားတွဲတွေထဲမှာ ရှေ့တန်းကနေ အိမ်ကိုသယ်လာခဲ့တဲ့ ဒဏ်ရာရစစ်သားတွေနဲ့ ပြည့်နေမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။
ကျွန်တော် ၁၂ နှစ်အရွယ်မှာ အလုပ်တစ်ခုရှာဖို့ ကျောင်းထွက်ခဲ့ပါတယ်။ ရှစ်နှစ် ကြာပြီးတဲ့နောက်မှာ ခရီးသည်တင်သင်္ဘောတစ်စင်းမှာ ရိက္ခာမှူးရာထူးကိုရရှိခဲ့တယ်။ နောက်လေးနှစ်အတွင်းမှာ နယ်သာလန်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုကြားမှာ ခရီးသွားလာခဲ့ရတယ်။
၁၉၃၉ နွေရာသီမှာ နယူးယောက်ဆိပ်ကမ်းကို ကျွန်တော်တို့ဆိုက်ရောက်ခဲ့တဲ့အချိန်မှာ နောက်ထပ်ကမ္ဘာစစ်တစ်ခု ဖြစ်လုဆဲဆဲဖြစ်နေပါပြီ။ ဒါနဲ့ လူတစ်ယောက်က ကျွန်တော်တို့ သင်္ဘောပေါ်တက်လာပြီး ဖြောင့်မတ်တဲ့အစိုးရတစ်ခုနှင့်ပတ်သက်တဲ့ အစိုးရဆိုတဲ့စာအုပ်ကို ပေးတော့ ကျွန်တော်ဝမ်းမြောက်ဝမ်းသာပဲ လက်ခံခဲ့ပါတယ်။ ပင်လယ်ခရီးအသက်တာမှာ ဘေးကင်းပုံမရှိတော့တဲ့အတွက် ရော့တာဒမ်မြို့ကို ပြန်ရောက်တာနဲ့ ကုန်းမြေမှာလုပ်ဖို့ အလုပ်စရှာခဲ့ပါတယ်။ စက်တင်ဘာ ၁ ရက်မှာဂျာမနီနိုင်ငံက ပိုလန်နိုင်ငံကို စပြီးကျူးကျော်တိုက်ခိုက်လိုက်တာနဲ့ တိုင်းနိုင်ငံတွေဟာ ဒုတိယကမ္ဘာစစ်ထဲကို ရုတ်တရက် ပါဝင်လာခဲ့ကြတယ်။
သမ္မာကျမ်းစာအမှန်တရားကို သင်ယူခြင်း
၁၉၄၀ မတ်လ၊ တနင်္ဂနွေတစ်မနက်ခင်းမှာ ယေဟောဝါသက်သေတစ်ယောက် တံခါးခေါင်းလောင်းလာတီးတဲ့အချိန်မှာ ကျွန်တော်ရဲ့အိမ်ထောင်သည်အစ်ကိုဆီ ကျွန်တော် အလည်ရောက်နေခဲ့ပါတယ်။ ကျွန်တော့်ဆီမှာ အစိုးရဆိုတဲ့စာအုပ်ရှိကြောင်းပြောပြပြီးတော့ အဲဒီနေရာကို ဘယ်သူတွေသွားကြမယ် ဆိုတာကိုမေးခဲ့ပါတယ်။ ကျွန်တော်ဟာ ရှင်းလင်းပြီးကျိုးကြောင်းညီညွတ်တဲ့အဖြေကို ရရှိခဲ့တဲ့အတွက် ‘ဒါဟာအမှန်တရားပဲ’ ဆိုပြီး ကိုယ်ကိုကိုယ်ပြောခဲ့ပါတယ်။ သူ့ကို ကျွန်တော့်လိပ်စာပေးထားခဲ့ပြီး ကျွန်တော့်အိမ်ကိုလာလည်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
ကျမ်းစာအကြောင်းနက်နက်နဲနဲဆွေးနွေးခဲ့ကြတဲ့ သုံးကြိမ်လာလည်ပြီးတာနဲ့ပဲ ကျွန်တော်ဟာ အဲ့ဒီသက်သေခံနဲ့အတူ တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းလုပ်ငန်းမှာ စတင်ပါဝင်လာခဲ့တယ်။ ကျွန်တော်တို့ရပ်ကွက်ကိုရောက်သွားတဲ့အချိန်မှာ သူကကျွန်တော့်ကို ဘယ်နေရာက စဟောဖို့ပြောပြပြီး ကိုယ့်ဘာသာဟောပြောခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက လူသစ်တော်တော်များများကို ဟောပြောခြင်းလုပ်ငန်းမှာ အဲ့ဒီလိုပဲ စတင်ပေးခဲ့ကြပါတယ်။ စာအုပ်စာတမ်းတွေ ဝေငှတဲ့အချိန်မှာ လမ်းပေါ်ကလူတွေမတွေ့အောင် စင်္ကြံထဲမှာ အမြဲရှိနေသင့်တယ်ဆိုပြီး ကျွန်တော့်ကို အကြံပေးခဲ့ကြပါတယ်။ စစ်ရဲ့အစောပိုင်းကာလတွေမှာ သတိထားဖို့လိုခဲ့တယ်။
နောက်သုံးပတ်အကြာ ၁၉၄၀၊ မေ ၁၀ မှာဂျာမနီတပ်ဟာ နယ်သာလန်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မေ ၂၉ မှာယေဟောဝါသက်သေများအဖွဲ့ကို ပိတ်ပင်လိုက်တယ်လို့ ရိုက်ခ်ကော်မရှင်နာ ဆိုက်ဇက် ဗာတ် ကကြေညာခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အုပ်စုငယ်လေးတွေနဲ့ပဲတွေ့ဆုံကြပြီး ကျွန်တော်တို့စည်းဝေးမယ့်နေရာတွေကို လျှို့ဝှက်ထားခဲ့ကြရပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ကိုခွန်အားရှိစေတာကတော့ နယ်လှည့်ကြီးကြပ်မှူးတွေရဲ့ လည်ပတ်မှုတွေဖြစ်ပါတယ်။
ကျွန်တော် ဆေးလိပ်အလွန်သောက်တဲ့သူဖြစ်ခဲ့တယ်၊ ကျွန်တော့်ကို ကျမ်းစာသင်ပေးတဲ့ သက်သေခံကို ကျွန်တော်ဆေးလိပ်တစ်လိပ်ပေးတော့မှ သူဆေးလိပ်မသောက်မှန်း သိခဲ့ရတယ်။ “ကျွန်တော်တော့ ဆေးလိပ်မသောက်ဘဲ မနေနိုင်ဘူး!” ဆိုပြီး ကျွန်တော်ပြောခဲ့ပါတယ်။ ဒါပေမဲ့ နောက်သိပ်မကြာခင်မှာ လမ်းလျှောက်သွားနေရင်းနဲ့ ကျွန်တော်စဉ်းစားမိတယ်။ ‘ငါဟာ သက်သေခံတစ်ယောက်ဖြစ်မယ်ဆိုရင် သက်သေခံစစ်စစ်ဖြစ်ချင်တယ်။’ ဒါကြောင့် ဆေးလိပ်ကို ကျွန်တော်လုံးဝပြန်မသောက်တော့ပါဘူး။
အမှန်တရားအတွက် ရပ်တည်ခြင်း
ကျွန်တော့်အစ်ကိုရဲ့တံခါးပေါက်မှာ ယေဟောဝါသက်သေနဲ့တွေ့ဆုံခဲ့ပြီး သုံးလမပြည့်မီ ၁၉၄၀ ဇွန်လမှာ ယေဟောဝါဆီဆက်ကပ်အပ်နှံတဲ့အထိမ်းအမှတ်နဲ့ နှစ်ခြင်းခံခဲ့ပါတယ်။ နောက်လအနည်းငယ်အကြာ ၁၉၄၀ အောက်တိုဘာမှာ ရှေ့ဆောင်အဖြစ် အချိန်ပြည့်ဓမ္မအမှုမှာ ပါဝင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ရှေ့ဆောင်ဂျက်ကက်လို့ခေါ်တဲ့အင်္ကျီတစ်ထည် ကျွန်တော့်ကို ပေးခဲ့ကြတယ်။ စာအုပ်ကြီးတွေ၊ စာအုပ်ငယ်တွေထည့်ဖို့ အိတ်အများကြီးပါပြီး အဲ့ဒါကို ကုတ်အင်္ကျီအောက်မှာ ဝတ်ဆင်နိုင်ပါတယ်။
တကယ်တမ်းပြောရရင် ဂျာမန်တွေစပြီးသိမ်းပိုက်ချိန်ကတည်းက ယေဟောဝါသက်သေတွေဟာ ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးခံခဲ့ကြရတယ်။ ၁၉၄၁ ဖေဖော်ဝါရီလ နံနက်ခင်းတစ်ခုမှာ ကျွန်တော်ဟာ အခြားသက်သေခံတချို့နဲ့အတူ လယ်ကွင်းမှာရှိနေခဲ့တယ်။ သူတို့ဟာ အိမ်တန်းတစ်တန်းရဲ့ တစ်ဖက်ခြမ်းကလူတွေဆီ သွားသက်သေခံနေတုန်းမှာ ကျွန်တော်က အဲ့ဒီအိမ်တန်းရဲ့တခြားဘက်ကနေ သူတို့နဲ့ပြန်ဆုံတဲ့အထိ အမှုဆောင်နေပါတယ်။ သူတို့ဘာလို့ ဒီလောက်ကြာနေရတာလဲဆိုပြီး သွားကြည့်လိုက်တော့ လူတစ်ယောက်က “ခင်ဗျားမှာကော ဒီလိုစာအုပ်လေးတွေ ရှိသလား” ဆိုပြီးမေးပါတယ်။
“ရှိပါတယ်” လို့ကျွန်တော်ပြန်ဖြေလိုက်ပါတယ်။ ဒါနဲ့ပဲ ကျွန်တော့်ကိုဖမ်းပြီး ရဲစခန်းကို ခေါ်သွားပါတယ်။ ကျွန်တော့်ကို လေးပတ်နီးပါး ထိန်းသိမ်းထားတယ်။ အရာရှိအားလုံးလိုလို ဖော်ဖော်ရွေရွေရှိကြပါတယ်။ ဂက်စတာပိုတွေလက်ထဲ မရောက်သေးသရွေ့ ကျမ်းစာစာပေတွေ မဖြန့်ဝေတော့ပါဘူးဆိုပြီး ဝန်ခံလက်မှတ်ရေးထိုးရုံနဲ့ လွတ်မြောက်နိုင်ပါတယ်။ ကျွန်တော့်ကို အဲ့ဒီလိုဝန်ခံလက်မှတ်ရေးထိုးဖို့ပြောတဲ့အချိန်မှာ ကျွန်တော်က “ခင်ဗျား ကျွန်တော့်ကို ငွေတစ်သန်းနှစ်သန်းပေးရင်တောင် လက်မှတ်မထိုးနိုင်ဘူး” ဆိုပြီး ပြန်ပြောလိုက်ပါတယ်။
အဲဒီနောက်သိပ်မကြာခင်မှာဘဲ ကျွန်တော့်ကိုဂက်စတာပိုတွေလက်ထဲ အပ်လိုက်ကြပါတယ်။ ပြီးတော့ ဂျာမနီနိုင်ငံ၊ ဆတ်ဆင်ဟောဆင်ချွေးတပ်စခန်းကို ပို့ခဲ့ကြတယ်။
ဆတ်ဆင်ဟောဆင်အကျဉ်းသား ဘဝ
ကျွန်တော်ရောက်ရှိတဲ့ ၁၉၄၁ ဇွန်လမှာ သက်သေခံ ၁၅၀ ခန့်—အားလုံးနီးပါး ဂျာမန်များ—ဟာ ဆတ်ဆင်ဟောဆင်မှာရှိနေခဲ့ကြတယ်။ ကျွန်တော်တို့အကျဉ်းသားအသစ်တွေကို သီးခြားခန်းလို့ခေါ်တဲ့စခန်းတစ်ခုထဲ ပို့လိုက်ကြတယ်။ အဲဒီမှာ ကျွန်တော်တို့ရဲ့ ခရစ်ယာန်ညီအစ်ကိုတွေက ကျွန်တော်တို့ကို ဂရုတစိုက်ကြည့်ရှုကြပြီး ဖြစ်လာမယ့်အရာတွေအတွက်လည်း ကြိုတင်ပြင်ဆင်ပေးခဲ့ကြတယ်။ နောက်တစ်ပတ်လောက်အကြာမှာ နယ်သာလန်ကနေ သက်သေခံနောက်တစ်ဖွဲ့ ရောက်လာတယ်။ အစကတော့ ကျွန်တော်တို့ကို တန်းလျားရဲ့ရှေ့ တစ်နေရာထဲမှာပဲ နံနက်ခုနစ်နာရီကနေ ညနေခြောက်နာရီအထိ မတ်တတ်ရပ်ခိုင်းကြပါတယ်။ တစ်ခါတလေ အကျဉ်းသားတွေကို တစ်ပတ် ဒါမှမဟုတ် အဲ့ဒီထက်မက ဒီလိုပဲ နေ့တိုင်းလုပ်ခိုင်းပါတယ်။
ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခံရတဲ့ကြားမှာပဲ ညီအစ်ကိုတွေဟာ စနစ်တကျဖွဲ့စည်းဖို့နဲ့ ဝိညာဉ်အစာတွေစားသုံးနေဖို့အရေးကြီးတယ်ဆိုတာကို သိခဲ့ကြပါတယ်။ နေ့တိုင်းပဲ တစ်ယောက်မဟုတ်တစ်ယောက်ကို ကျမ်းချက်တစ်ချက်နဲ့ပတ်သက်တဲ့ သဘောထားကို ပြင်ဆင်ထားဖို့ တာဝန်ပေးခဲ့ကြတယ်။ အဲဒီနောက် စည်းဝေးကြတဲ့ဝင်းထဲမှာ တာဝန်ရထားတဲ့သူဆီကို သက်သေခံတစ်ဦးချင်းဆီ ချဉ်းကပ်ကြပြီး သူပြင်ဆင်ထားတဲ့ အကြောင်းကို နားထောင်ခဲ့ကြတယ်။ တစ်နည်းမဟုတ်တစ်နည်းနဲ့ စာအုပ်စာတမ်းတွေ စခန်းထဲကို ပုံမှန်ရောက်လာတတ်တယ်။ တနင်္ဂနွေနေ့တိုင်း အဲဒီကျမ်းစာစာပေတွေကို အတူတကွ လေ့လာကြဖို့ ကျွန်တော်တို့စည်းဝေးနိုင်ခဲ့ကြပါတယ်။
၁၉၄၁ နွေရာသီ၊ အမေရိကန်ပြည်ထောင်စု စိန့်လူးဝစ္စစည်းဝေးကြီးမှာ ထုတ်ဝေလိုက်တဲ့ ကလေးများဆိုတဲ့စာအုပ်တစ်အုပ် ဆတ်ဆင်ဟောဆင်ကို တစ်နည်းနည်းနဲ့ရောက်လာပါတယ်။ အဲဒီစာအုပ်ကို တွေ့သွားပြီး ဖျက်ဆီးပစ်မှာစိုးလို့ စာအုပ်လေးကို တစ်ပိုင်းစီဖြုတ်လိုက်ပြီး ညီအစ်ကိုအားလုံးတစ်လှည့်စီဖတ်နိုင်အောင် ဖြန့်ချိပေးခဲ့ကြပါတယ်။
သိပ်မကြာပါဘူး၊ စခန်းအုပ်ချုပ်ရေးအဖွဲ့က ကျွန်တော်တို့အစည်းအဝေးတွေလုပ်နေတာကို သိသွားပါတယ်။ ဒါနဲ့ သက်သေခံတွေကိုခွဲလိုက်ပြီး တခြားတန်းလျားတွေကို ပို့လိုက်ကြပါတယ်။ အဲဒါက ကျွန်တော်တို့ရောက်သွားကြတဲ့ နေရာတွေမှာရှိတဲ့ တခြားအကျဉ်းသားတွေကို ဟောပြောဖို့ တကယ့်အခွင့်ထူးကြီးတစ်ခုဖြစ်ခဲ့တယ်။ ရလဒ်အနေနဲ့ ပိုလန်လူမျိုးတွေ၊ ယူကရိန်းတွေနဲ့ အခြားလူအတော်များများဟာ အမှန်တရားကိုလက်ခံခဲ့ကြတယ်။
နာဇီတွေဟာ ဘီဘဲလ်ဖောရှယ်လို့ခေါ်တဲ့ ယေဟောဝါသက်သေတွေကိုချိုးဖျက်ဖို့ ဒါမှမဟုတ် သတ်ပစ်ဖို့ရည်ရွယ်ထားတယ်ဆိုတာကို မလျှို့ဝှက်ခဲ့ကြပါဘူး။ ဒါကြောင့် ကျွန်တော်တို့အပေါ် ဖိနှိပ်မှုဟာ ပိုပြီးပြင်းထန်ပါတယ်။ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို စွန့်ပစ်ပါတယ်လို့ လက်မှတ်ထိုးမယ်ဆိုရင် လွတ်မြောက်နိုင်တယ်ဆိုပြီး ကျွန်တော်တို့ကို လာပြောကြပါတယ်။ ညီအစ်ကိုတချို့က “ငါသာအချုပ်မခံထားရရင် ယေဟောဝါရဲ့လုပ်ငန်းမှာ ပိုပြီးလုပ်နိုင်မှာပဲ” လို့စဉ်းစားလာကြတယ်။ အနည်းစုဟာ လက်မှတ်ထိုးခဲ့ကြပေမဲ့ ကျွန်တော်တို့ညီအစ်ကိုအများစုဟာ ဆင်းရဲချို့တဲ့မှု၊ အရှက်ခွဲခံရမှုနဲ့ နှိပ်စက်မှုတွေကြားမှာပဲ သစ္စာရှိရှိရပ်တည်ခဲ့ကြပါတယ်။ အလျှော့ပေးလိုက်လျောခဲ့ကြတဲ့သူ အချို့နဲ့ပတ်သက်ပြီးတော့ ဘာသတင်းမှမကြားရတော့ပါဘူး။ ဒါပေမဲ့ တချို့ကြတော့ပြန်လှည့်လာကြပြီး အခုထိတက်ကြွတဲ့သက်သေခံတွေဖြစ်နေကြတာ ဝမ်းသာစရာပါပဲ။
အကျဉ်းသားတွေကို ကြိမ်ဒဏ်နှစ်ဆယ့်ငါးချက်လို ရက်ရက်စက်စက်ရိုက်နှက်အပြစ်ပေးတာမျိုးကို ကျွန်တော်တို့ကို အတင်းကြည့်ခိုင်းကြပါတယ်။ တစ်ခါဆိုရင် လူလေးဦးကြိုးဆွဲချ ဒဏ်စီရင်ခဲ့တာကို အတင်းကြည့်ခိုင်းကြပါတယ်။ အဲဒီအတွေ့အကြုံမျိုးတွေဟာ လူတစ်ဦးအပေါ် တကယ့်ဆိုးကျိုးပေးတယ်။ ကျွန်တော့်နဲအတူ တန်းလျားတစ်ခုထဲမှာနေတဲ့ အရပ်ရှည်ပြီးရုပ်ချောတဲ့ ညီအစ်ကိုတစ်ဦးက “ကျွန်တော်ဒီကို မရောက်ခင်က သွေးကိုမြင်ရင် မူးမေ့သွားတော့တာပဲ၊ ဒါပေမဲ့ အခုတော့မဖြုံတော့ဘူး” လို့ကျွန်တော့်ကိုပြောပြခဲ့ပါတယ်။ ကျွန်တော်တို့ဟာ မဖြုံတော့တဲ့အထိဖြစ်ခဲ့ပေမဲ့ ခက်ထန်ကြမ်းကြုတ်တဲ့သူတွေတော့ဖြစ်မလာကြပါဘူး။ ကျွန်တော်တို့ကို နှိပ်စက်တဲ့သူတွေအပေါ် အငြိုးထားမုန်းတီးတဲ့စိတ်တောင် ကျွန်တော့်မှာမပေါ်ခဲ့ပါဘူး။
ကိုမန်ဒို (လုပ်သားအဖွဲ့) တစ်စုနဲ့အတူ အတော်ကြာကြာလုပ်ကိုင်ပြီးတဲ့နောက်မှာ အကြီးအကျယ်ဖျားတဲ့အတွက် ဆေးရုံတက်ခဲ့ရပါတယ်။ ကြင်နာတတ်တဲ့ နော်ဝေးလူမျိုး ဆရာဝန်တစ်ယောက်နဲ့ ချက်ကိုစလိုဗေးကီးယား သူနာပြုတို့ရဲ့ကြင်နာတဲ့ကူညီမှုကြောင့် ကျွန်တော်မသေခဲ့တာဖြစ်မယ်။
မရဏခရီးချီခြင်း
၁၉၄၅ ဧပြီလမှာ ဂျာမနီဟာ စစ်ရှုံးတယ်ဆိုတာသေချာနေပါပြီ။ အနောက်တိုင်းမဟာမိတ်တပ်တွေဟာ အနောက်ဘက်ကနေ အမြန်အဆန်ဝင်လာနေကြပြီး အရှေ့ဘက်ကနေကျတော့ ဆိုဗီယက်တွေ ဝင်လာနေကြပါတယ်။ ချွေးတပ်စခန်းတွေထဲက ထောင်ချီတဲ့လူတွေကို ရက်အနည်းငယ်အတွင်းမှာ သတ်ပစ်ပြီး သူတို့ရဲ့ခန္ဓာကိုယ်တွေကိုဖျောက်ဖျက်ပစ်ဖို့ဆိုတာ နာဇီတွေအတွက်မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ဖျားနာနေတဲ့သူတွေကိုသတ်ပစ်ပြီး ကျန်တဲ့အကျဉ်းသားတွေကို အနီးဆုံး ပင်လယ်ဆိပ်ကမ်းဆီခေါ်သွားဖို့ သူတို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူတို့ရဲ့အစီအစဉ်ကတော့ အကျဉ်းသားတွေကို သင်္ဘောတွေပေါ်တင်ပြီး သင်္ဘောကိုနစ်မြှုပ်ပစ်လိုက်ဖို့ဖြစ်ပါတယ်။
ဆတ်ဆင်ဟောဆင်က အကျဉ်းသား ၂၆,၀၀၀ နီးပါးဟာ ဧပြီ ၂၀ ညမှာစချီတက်ခဲ့ကြရပါတယ်။ ကျွန်တော်တို့ စခန်းကနေမထွက်ခင် ဖျားနာနေတဲ့ညီအစ်ကိုတွေကို ဆေးရုံကနေကျွန်တော်တို့ကယ်နုတ်ခဲ့ကြပါတယ်။ သူတို့ကိုသယ်ပို့နိုင်ဖို့ လှည်းတစ်စီးလည်း ရထားကြပါတယ်။ ကျွန်တော်တို့စုစုပေါင်းလူ ၂၃၀ ဟာနိုင်ငံခြောက်နိုင်ငံက ဖြစ်ကြပါတယ်။ လူနာတွေထဲကတစ်ယောက်ကတော့ နယ်သာလန်နိုင်ငံမှာ လုပ်ငန်းတော်တိုးချဲ့ဖို့ အကြီးအကျယ်ကြိုးစားခဲ့တဲ့ ညီအစ်ကိုအာသာဗင်းကလာ ဖြစ်ပါတယ်။ ကျွန်တော်တို့သက်သေခံတွေဟာ နောက်ဆုံးအတန်းကနေလိုက်ချီတက်လာကြရပြီး ဆက်လျှောက်နိုင်ကြဖို့ အချင်းချင်းတစ်ယောက်ကိုတစ်ယောက်အားပေးခဲ့ကြပါတယ်။
စလျှောက်တဲ့အချိန် ၃၆ နာရီကြာမရပ်မနားဘဲ ချီတက်ခဲ့ကြရပါတယ်။ ကျွန်တော်ဟာ အရမ်းစိတ်ဆင်းရဲပြီးပင်ပန်းလွန်းလို့ လမ်းလျှောက်ရင်းနဲ့ပဲ တကယ်အိပ်ပျော်သွားပါတယ်။ ဒါပေမဲ့ ကျန်ခဲ့ရင်လည်းအစောင့်တွေကပစ်သတ်မှာမို့ နောက်မှာရပ်ကျန်နေလို့လဲမရ၊ နားနေလို့လဲမရခဲ့ပါဘူး။ ညဘက်မှာ ကျွန်တော်တို့ဟာ လယ်ကွင်းပြင်တွေ၊ တောအုပ်တွေမှာ အိပ်ခဲ့ကြရပါတယ်။ စားစရာလည်းမရှိသလောက်ပဲ။ ဆာလွန်းတဲ့အခါ ဆွီဒင်ကြက်ခြေနီအဖွဲ့က ပေးထားတဲ့သွားတိုက်ဆေးကို ကျွန်တော်လျက်ခဲ့ရပါတယ်။
တစ်နေရာမှာတော့ ဂျာမန်အစောင့်တွေဟာ ရုရှားနဲ့ အမေရိကန်တပ်တွေ ဘယ်မှာရှိမှန်းမသိကြတဲ့အတွက် လေးရက်ကြာတောအုပ်ထဲမှာ စခန်းချခဲ့ကြရပါတယ်။ တော်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ရေအောက်သင်္ချိုင်းဆီကို သယ်သွားဖို့ရည်ရွယ်ထားတဲ့ သင်္ဘောတွေရှိတဲ့ လူးဘက်ပင်လယ်အော်ကို အချိန်မီမရောက်ခဲ့ကြလို့ဖြစ်တယ်။ မိုင်တစ်ရာကျော် ၁၂ ရက်ကြာချီတက်လျှောက်လာကြပြီးတဲ့နောက်ဆုံးမှာ ကျွန်တော်တို့ ခရီးဗက်တောအုပ်ကို ရောက်လာခဲ့ကြတယ်။ အဲဒီနေရာကတော့ လူးဘက်ကနေ မိုင် ၃၀ လောက်ဝေးတဲ့ရှဗေရင်းမြို့နဲ့ သိပ်မဝေးဘူး။
ဆိုဗီယက်တွေဟာ ကျွန်တော်တို့ရဲ့ လက်ယာဘက်မှာရှိပြီး အမေရိကန်တွေက ကျွန်တော်တို့ရဲ့လက်ဝဲဘက်မှာရှိနေခဲ့ကြပါတယ်။ သေနတ်ကြီးတွေရဲ့ဟိန်းနေတဲ့အသံနဲ့ အဆက်မပြတ်ပစ်ခတ်နေတဲ့ရိုင်ဖယ်သံတွေကြောင့် ကျွန်တော်တို့ဟာ ရှေ့တန်းတွေအနား ရောက်နေကြတယ်ဆိုတာကို သိခဲ့ရတယ်။ ဂျာမန်အစောင့်တွေဟာမွှန်ထူလာကြပါပြီ; တချို့ကထွက်ပြေးကြတယ်။ တခြားသူတွေကတော့ သူတို့ရဲ့စစ်ယူနီဖောင်းတွေကိုချွတ်ပြီး သေသွားတဲ့သူတွေရဲ့ အကျဉ်းသားဝတ်စုံကို ရုပ်ဖျက်ဝတ်ဆင်ခဲ့ကြတယ်။ အဲဒီလို ရှုပ်ထွေးနေတဲ့ကြားမှာ ကျွန်တော်တို့သက်သေခံတွေဟာ လမ်းညွှန်မှုအတွက်ဆုတောင်းဖို့ စုဝေးခဲ့ကြတယ်။
တာဝန်ခံညီအစ်ကိုတွေက နောက်တစ်နေ့နံနက်အစောကြီးမှာ အမေရိကန်တပ်တွေရှိတဲ့ဘက်ကိုဦးတည်ပြီး ထွက်ခွာဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ မရဏခရီးချီလာခဲ့ကြတဲ့ အကျဉ်းသားတွေထဲက တစ်ဝက်ကျော်ကျော်ဟာ လမ်းတစ်လျှောက်မှာ သေတဲ့သူတွေကသေ၊ အသတ်ခံရတဲ့သူတွေက အသတ်ခံရပေမဲ့ သက်သေခံတွေအားလုံးဟာ လွတ်မြောက်ခဲ့ကြပါတယ်။
ကျွန်တော့်အစ်မနေထိုင်ခဲ့ဖူးတဲ့ နိုင်မေဂဲန်မြို့ကို ကနေဒီယန်းစစ်မှုထမ်းအချို့က ကားကြုံစီးခွင့်ပေးခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီကိုကျွန်တော်ရောက်သွားတဲ့အချိန်မှာ သူမပြောင်းသွားပြီဆိုတာကို သိလိုက်ရတယ်။ ဒါနဲ့ ရော့တာဒမ်မြို့ကို ကျွန်တော်စပြီး လမ်းလျှောက်ထွက်သွားပါတယ်။ တော်သေးတာပေါ့၊ လမ်းမှာ ကျွန်တော်သွားချင်တဲ့ဆီကို တိုက်ရိုက်ပို့ပေးတဲ့ ပုဂ္ဂလိကပိုင်ယာဉ်တစ်စီးကို စီးခွင့်ရခဲ့ပါတယ်။
အမှန်တရားသည် ကျွန်တော့်ဘဝအသက်တာဖြစ်ခဲ့
ရော့တာဒမ်မြို့ကို ရောက်တဲ့နေ့မှာပဲ ရှေ့ဆောင်ပြန်လုပ်ဖို့လျှောက်လွှာတင်ခဲ့ပါတယ်။ သုံးပတ်ကြာပြီးတဲ့နောက်မှာ တစ်နှစ်ခွဲအမှုဆောင်ခဲ့ရတဲ့ ဇာတ်ဖဲန်မြို့မှာ တာဝန်ပေးခံခဲ့ရပါတယ်။ အဲဒီအတောအတွင်းပြန်အားပြည့်လာပါတယ်။ ဒါနဲ့ တိုက်နယ်ကြီးကြပ်မှူးလို့ခေါ်တဲ့ နယ်လှည့်အမှုထမ်းအဖြစ် ကျွန်တော့်ကိုခန့်အပ်ခဲ့ပါတယ်။ လအနည်းငယ်အကြာမှာပဲ နယူးယောက်၊ လန်စင်းတောင်ပိုင်းမှာ ဂိလဒ်ကင်းမျှော်စင် ကျမ်းစာကျောင်းကို တက်ဖို့ ဖိတ်ခေါ်ခံရပါတယ်။ ၁၉၄၉ ဖေဖော်ဝါရီမှာ ကျောင်းရဲ့ ၁၂ ကြိမ်မြောက်သင်တန်းကိုတက်ပြီးတဲ့နောက် ဘယ်လ်ဂျီယံမှာ တာဝန်ခန့်အပ်ခံခဲ့ရပါတယ်။
ဌာနခွဲရုံးမှာ ရှစ်နှစ်နီးပါးနဲ့ တိုက်နယ်ကြီးကြပ်မှူးအဖြစ်နဲ့ကော ခရိုင်ကြီးကြပ်မှူးအဖြစ်နဲ့ပါ နယ်လှည့်လုပ်ငန်းမှာ ဆယ်စုနှစ်တော်တော်များများအပါအဝင် ခရစ်ယာန်ဓမ္မအမှုရဲ့ကဏ္ဍအသီးသီးကို ဘယ်လ်ဂျီယံနိုင်ငံမှာ လုပ်ဆောင်ခဲ့ပါတယ်။ ၁၉၅၈ မှာ ဂျပ်စတင်းနဲ့လက်ထပ်ခဲ့ပြီး သူမဟာ ကျွန်တော့်ရဲ့နယ်လှည့်ဖော်ဖြစ်လာပါတယ်။ အခုအချိန်မှာတော့ ကျွန်တော်အသက်အရွယ်ဖိစီးလာပေမဲ့ အရန်နယ်လှည့်ကြီးကြပ်မှူးတစ်ယောက်အဖြစ် အနည်းအကျဉ်းလုပ်ဆောင်နိုင်သေးတဲ့ပျော်ရွှင်မှုကို ခံစားနေတုန်းပါပဲ။
ကျွန်တော့်ရဲ့ခရစ်ယာန်ဓမ္မအမှုကို ပြန်ကြည့်လိုက်တဲ့အခါမှာ “အမှန်တရားထက်ကောင်းတာမရှိဘူး” ဆိုပြီး ကျွန်တော်တကယ်ပြောနိုင်ပါတယ်။ အမြဲတမ်း မလွယ်ကူတာတော့မှန်ပါတယ်။ ကျွန်တော့်ရဲ့အမှားတွေ၊ အားနည်းချက်တွေကနေ သင်ယူဖို့လိုအပ်တာတွေကို ကျွန်တော်တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်လူငယ်တွေနဲ့စကားပြောရင် သူတို့ကိုမကြာခဏပြောတတ်တဲ့စကားကတော့– “ခင်ဗျားတို့လည်း အမှားတွေလုပ်မိကြပြီး ကြီးလေးတဲ့အပြစ်တွေတောင် ကျူးလွန်မိကြလိမ့်မယ်၊ ဒါပေမဲ့ အဲဒါကို မလိမ်ပါနဲ့။ ခင်ဗျားတို့ရဲ့မိဘတွေ ဒါမှမဟုတ် အကြီးအကဲတစ်ဦးနဲ့ ကိစ္စကိုဆွေးနွေးပြီး လိုအပ်သလိုပြုပြင်ပါ။”
ဘယ်လ်ဂျီယံနိုင်ငံမှာ ကျွန်တော့်ရဲ့ အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှု ၅၀ နီးပါးအတွင်းမှာ တစ်ချိန်က ကလေးတွေအဖြစ်သိခဲ့တဲ့သူတွေဟာ အကြီးအကဲတွေနဲ့တိုက်နယ်ကြီးကြပ်မှူးတွေဖြစ်လာတာကို တွေ့ရတဲ့အခွင့်ထူးရရှိခဲ့ပါတယ်။ နောက်ပြီး အဲဒီနိုင်ငံမှာ ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၁,၇၀၀ ကနေ ၂၇,၀၀၀ ကျော်အထိ တိုးများလာတာကို မြင်ခဲ့ရပါတယ်။
ကျွန်တော်မေးကြည့်မယ်၊ “ယေဟောဝါရဲ့ အမှုတော်ဆောင်ပြီးနေရတာထက် ကောင်းတာ ရှိနိုင်မလား။” မရှိခဲ့ဖူးဘူး၊ အခုလည်းမရှိဘူး၊ နောက်လည်း ဘယ်တော့မှရှိမှာမဟုတ်ပါဘူး။ ယေဟောဝါရဲ့အမှုတော်ကို အမြဲတမ်းဆက်လုပ်ဆောင်နိုင်ဖို့ ကျွန်တော့်ဇနီးနဲ့ ကျွန်တော့်ကို ယေဟောဝါလမ်းပြပြီး ကောင်းချီးတွေဆက်ပြီးပေးသနားပါစေလို့ ကျွန်တော်ဆုတောင်းနေပါတယ်။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
၁၉၅၈ မှာကျွန်တော်တို့လက်ထပ်ပြီးနောက် သိပ်မကြာမီ ကျွန်တော့်ဇနီးနဲ့အတူ
-
-
“လူမျိုးတကာမှလူတို့ကို တပည့်ဖြစ်စေ”ကင်းမျှော်စင်—၁၉၉၈ | ဇန်နဝါရီ ၁
-
-
“လူမျိုးတကာမှလူတို့ကို တပည့်ဖြစ်စေ”
“ထို့ကြောင့်၊ သင်တို့သွား၍ လူမျိုးတကာမှလူတို့ကို တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ သူတို့ကို နှစ်ခြင်းပေးကြလော့။” ယင်းသည် မဿဲ ၂၈:၁၉ ပါယေရှု၏မိန့်မှာတော်မူချက်ကို ကမ္ဘာသစ်ဘာသာပြန်ကျမ်းက ဘာသာပြန်ထားပုံဖြစ်သည်။ သို့ရာတွင် အဆိုပါဘာသာပြန်ချက်ကို ဝေဖန်ခဲ့ကြ၏။ ဥပမာ၊ ဘာသာရေးစာစောင်ငယ်တစ်စောင်က ဤသို့ဆိုသည်– “ဂရိကျမ်းစာသားခွင့်ပြုသည့် ဘာသာပြန်ဆိုချက်တစ်ခုတည်းမှာ ‘လူမျိုးတကာတို့ကိုတပည့်ဖြစ်စေပါ!’ ဟူ၍ဖြစ်သည်။” ယင်းသည် မှန်ကန်ပါသလော။
အဆိုပါ “လူမျိုးတကာတို့ကို တပည့်ဖြစ်စေ” ပါဟူသော ဘာသာပြန်ဆိုချက်ကို သမ္မာကျမ်းစာဘာသာပြန်ကျမ်းများစွာတွင် တွေ့ရှိရပြီး ဂရိစာသားအတိုင်းဘာသာပြန်ထားခြင်းဖြစ်သည်။ ထို့ကြောင့် “လူမျိုးတကာတို့မှလူတို့ကို တပည့်ဖြစ်စေလျက်၊ . . . သူတို့ကို နှစ်ခြင်းပေးကြလော့” ဟူသောစာသားအတွက် မည်သည့်အခြေအမြစ်ရှိသနည်း။ ရှေ့နောက်စကားဆက်ဖြစ်သည်။ “သူတို့ကို နှစ်ခြင်းပေးကြလော့” ဟူသောအသုံးအနှုန်းသည် လူမျိုးတကာတို့ကိုမဟုတ်ဘဲ တစ်ဦးချင်းစီကို ရည်ညွှန်းနေခြင်းဖြစ်သည်မှာ ထင်ရှားပါသည်။ ဂျာမန်ကျမ်းပညာရှင် ဟာန်စ် ဘရူန်စ်က ဤသို့ဖော်ပြသည်– “‘သူတို့ကို’ [ဟူသောစကားလုံး] သည်လူမျိုးတို့ (ဂရိတွင် ရှင်းလင်းပြတ်သားစွာ ဖော်ပြထား) ကိုရည်ညွှန်းနေခြင်းမဟုတ်ဘဲ လူမျိုးတို့ထဲမှလူတို့ကို ရည်ညွှန်းနေခြင်းဖြစ်သည်။”
ထို့ပြင် ယေရှု၏မိန့်တော်မူချက်ကို ဆောင်ရွက်ခဲ့ပုံကိုလည်း ဆင်ခြင်သုံးသပ်သင့်သည်။ အာရှမိုင်းနားရှိ ဒေရဗေမြို့တွင် ပေါလုနှင့်ဗာနဗတို့၏ ဓမ္မအမှုနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ ဤသို့ဖတ်ရှုရသည်– “ထိုမြို့၌ ဧဝံဂေလိတရားကို ဟောပြော၍ လူများတို့ကို တပည့်တော်ဖြစ်စေပြီးမှ၊ လုတ္တရမြို့၊ ဣကောနိမြို့၊ အန္တိအုတ်မြို့တို့ကို အစဉ်အတိုင်းလှည့်လည်၍ ပြန်ကြ၏။” (တမန်တော် ၁၄:၂၁) ပေါလုနှင့်ဗာနဗတို့သည် ဒေရဗေမြို့ကို တပည့်ဖြစ်စေသည်မဟုတ်ဘဲ ဒေရဗေမြို့ရှိ လူများထဲမှအချို့ကို တပည့်ဖြစ်စေခဲ့သည်ကို သတိပြုပါ။
အလားတူ၊ ဗျာဒိတ်ကျမ်းက လူမျိုးလိုက် ဘုရားသခင့်အမှုတော်ကို ဆောင်ရွက်ကြမည်မဟုတ်ဘဲ “အသီးသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်၍ . . . လူများအပေါင်းတို့” သည်ဘုရားသခင့်အမှုတော်ကို ဆောင်ရွက်ကြမည့် ဆုံးခန်းချိန်နှင့်ပတ်သက်၍ တင်ကြိုဟောခဲ့သည်။ (ဗျာဒိတ် ၇:၉) ဤသို့အားဖြင့် ကမ္ဘာသစ်ဘာသာပြန်ကျမ်းသည် ‘ဘုရားသခင့်မှုတ်သွင်းခံ ကျမ်းစာရှိသမျှ’ ၏ယုံကြည်စိတ်ချရလောက်သော ဘာသာပြန်ကျမ်းတစ်ကျမ်းအဖြစ် သင်္ကာယနကင်းရှင်းစွာ ရပ်တည်လျက်ရှိသည်။—၂ တိမောသေ ၃:၁၆။
-