ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • လူထုဟောပြောချက်များ ပြင်ဆင်ခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
    • လူထုဟောပြောချက်များ ပြင်ဆင်ခြင်း

      အပတ်စဉ် ယေဟောဝါသက်သေများ၏ အသင်းတော်အများစုသည် ကျမ်းစာပါအကြောင်းတစ်ခုနှင့်ပတ်သက်သည့် လူထုဟောပြောချက်တစ်ခုကို စီစဉ်ကြသည်။ သင်သည်အကြီးအကဲတစ်ဦး သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးဖြစ်လျှင် သင်သည် ထိရောက်သောလူထုဟောပြောချက်ပေးသူ၊ သွန်သင်သူတစ်ဦးဖြစ်ကြောင်း ထင်ရှားပြသလော။ ထိုသို့ဆိုလျှင် သင်သည် လူထုဟောပြောချက်ပေးရန် တာဝန်ပေးခံရပေမည်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းသည် ထောင်သောင်းမကသောညီအစ်ကိုများကို ဤလုပ်ငန်းတော်အခွင့်ထူးအတွက် အရည်အချင်းပြည့်မီရန်ကူညီပေးခဲ့ပြီ။ လူထုဟောပြောချက်ပေးရန်တာဝန်ကျသည့်အခါ မည်သည့်နေရာမှစတင်သင့်သနည်း။

      အောက်လိုင်းကိုလေ့လာပါ

      မည်သည့်ရှာဖွေမှုမျှ မပြုလုပ်မီ အောက်လိုင်းကိုဖတ်ရှုပြီး ၎င်းကို သဘောပေါက်သည်အထိ ဆင်ခြင်တွေးတောပါ။ ဟောပြောချက်၏ခေါင်းစီးဖြစ်သော အဓိကအကြောင်းကို စိတ်ထဲထားပါ။ ပရိသတ်အား သင်သွန်သင်ပေးမည့်အရာကား အဘယ်နည်း။ သင့်ရည်မှန်းချက်ကားအဘယ်နည်း။

      အဓိကခေါင်းစဉ်များနှင့်ရင်းနှီးလာစေပါ။ ယင်းအဓိကအချက်များကို ဆန်းစစ်လေ့လာပါ။ တစ်ခုစီသည် အဓိကအကြောင်းနှင့်မည်သို့ဆက်နွှယ်နေသနည်း။ အဓိကအချက်တစ်ချက်စီအောက်၌ အချက်ငယ်များစွာကို ဖော်ပြထားသည်။ အချက်ငယ်များအား ထောက်မသည့်အချက်များကို ယင်းအချက်ငယ်တို့အောက်တွင်တင်ပြထားသည်။ အောက်လိုင်း၏အပိုင်းတစ်ခုစီသည် ရှေ့အကြောင်းပေါ်တွင်တည်ဆောက်ထားပုံ၊ နောက်အပိုင်းဆီသို့ ဦးတည်ပေးပုံနှင့် ဟောပြောချက်၏ရည်မှန်းချက်ကို အထမြောက်စေပုံတို့ကို သုံးသပ်ပါ။ အဓိကအကြောင်း၊ ဟောပြောချက်၏ရည်မှန်းချက်နှင့် ထိုရည်မှန်းချက်ကို အဓိကအချက်များက မည်သို့အထမြောက်စေပုံတို့ကို နားလည်သည့်အခါတွင် သင်သည် အကြောင်းအရာကို စတင်တည်ဆောက်သွားရန် အဆင်သင့်ဖြစ်နေလေပြီ။

      ရှေးဦးစွာ သင်၏ဟောပြောချက်ကို အဓိကအချက်တစ်ချက်စီပါသည့် ဟောပြောချက်အတိုလေးခု သို့မဟုတ် ငါးခုအဖြစ်ယူမှတ်ခြင်းသည် အကူအညီဖြစ်ကြောင်း သင်တွေ့ရှိရပေမည်။ ယင်းတို့ကို တစ်ကြိမ်လျှင်တစ်ချက် ပြင်ဆင်ပါ။

      ပေးထားသည့်အောက်လိုင်းသည် ပြင်ဆင်ရေးကိရိယာတစ်ခုဖြစ်သည်။ သင် ပေးမည့်ဟောပြောချက်၏မှတ်စုများအဖြစ် ယင်းကိုအသုံးပြုရန် မရည်ရွယ်ပါ။ ယင်းသည်အရိုးစုတစ်စုကဲ့သို့ဖြစ်၏။ ၎င်းအပေါ် အသားဖြည့်ပေး၊ နှလုံးတစ်ခုပေးပြီး ထွက်သက်ဝင်သက်ထည့်ပေးဖို့ လိုအပ်သည့်အလားဖြစ်ပေမည်။

      ကျမ်းစာကိုအသုံးပြုခြင်း

      ယေရှုခရစ်နှင့် ကိုယ်တော်၏တပည့်တော်များသည် မိမိတို့၏သွန်သင်ချက်ကို ကျမ်းစာပေါ်၌အခြေပြုခဲ့ကြသည်။ (လု. ၄:၁၆-၂၁; ၂၄:၂၇; တ. ၁၇:၂၊ ၃) ထို့အတူသင်ပြုလုပ်နိုင်ပေသည်။ ကျမ်းစာသည် သင့်ဟောပြောချက်၏အခြေခံဖြစ်သင့်သည်။ ပေးထားသည့်အောက်လိုင်းတွင် ကျိုးကြောင်းဖော်ပြချက်များကို ရှင်းပြရုံ၊ ဆက်စပ်ပြရုံပြုမည့်အစား ကျမ်းစာက ထိုကျိုးကြောင်းဖော်ပြချက်များကို မည်သို့ထောက်မထားကြောင်း ပိုင်းခြားသိမြင်ပါ၊ ထို့နောက် ကျမ်းစာမှသွန်သင်ပါ။

      ဟောပြောချက်ကိုပြင်ဆင်သည့်အခါ အောက်လိုင်းတွင် ကိုးကားထားသည့်ကျမ်းချက်တိုင်းကို ဆန်းစစ်ပါ။ အထက်အောက်စကားများကို မှတ်သားပါ။ အချို့သောကျမ်းချက်များသည် နောက်ခံအကြောင်းကို အထောက်အကူပြုရုံသာပြုပေမည်။ ဟောပြောချက်ပေးနေချိန်အတောအတွင်း ယင်းတို့အားလုံးကိုဖတ်ဖို့ သို့မဟုတ် မှတ်ချက်ပေးဖို့မလိုအပ်ချေ။ သင့်ပရိသတ်အတွက် အကောင်းဆုံးအချက်များကို ရွေးချယ်ပါ။ သင်သည် ပုံနှိပ်ထားသည့်အောက်လိုင်းတွင် ကိုးကားထားသည့်ကျမ်းချက်များအပေါ် အာရုံစူးစိုက်ပါက ထပ်ဆင့်ကျမ်းစာရည်ညွှန်းချက်များကိုအသုံးပြုရန် လိုအပ်မည်မဟုတ်ပါ။

      သင်၏ဟောပြောချက် အထမြောက်အောင်မြင်မှုသည် အသုံးပြုသည့် ကျမ်းစောင်အရေအတွက်ပေါ်တွင်မဟုတ်ဘဲ သွန်သင်ချက်အရည်အသွေးပေါ်တွင် မူတည်သည်။ ကျမ်းစောင်များကို နိဒါန်းပျိုးသည့်အခါ၌ ယင်းတို့ကို အဘယ်ကြောင့်သုံးကြောင်း ဖော်ပြပါ။ ယင်းတို့ကို ဆက်စပ်တင်ပြရန် အချိန်ပေးပါ။ ကျမ်းတစ်ချက်ကို သင်ဖတ်ရှုပြီးနောက် ကျမ်းချက်ကိုဆွေးနွေးနေစဉ် ကျမ်းစာကိုဆက်ဖွင့်ထားပါ။ သင့်ပရိသတ်လည်း ထပ်တူဖွင့်ထားပေမည်။ သင့်ပရိသတ်၏စိတ်ဝင်စားမှုကို သင်မည်သို့နှိုးဆွနိုင်ပြီး ဘုရားသခင့်နှုတ်ကပါဌ်တော်မှ ပြည့်ပြည့်ဝဝပို၍အကျိုးရရှိအောင် မည်သို့ကူညီနိုင်မည်နည်း။ (နေ. ၈:၈၊ ၁၂) ရှင်းလင်းခြင်း၊ ပုံဥပမာပေးခြင်းနှင့် သက်ဆိုင်ပုံတင်ပြခြင်းတို့ဖြင့် ထိုသို့သင်ပြုလုပ်နိုင်သည်။

      ရှင်းလင်းခြင်း။ သော့ချက်တစ်ချက်ကို ရှင်းလင်းရန်ပြင်ဆင်သည့်အခါ သင့်ကိုယ်သင်ဤသို့မေးပါ– ‘ယင်းက ဘာကိုဆိုလိုတာလဲ။ ငါ့ရဲ့ဟောပြောချက်မှာဘာကြောင့် ဒါကိုအသုံးပြုနေတာလဲ။ ဒီအခန်းငယ်နှင့်ပတ်သက်ပြီး ပရိသတ်က သူတို့ကိုယ်သူတို့ ဘာတွေမေးကောင်းမေးနေကြမလဲ။’ အထက်အောက်ကျမ်းစကား၊ နောက်ခံ၊ ပတ်ဝန်းကျင်အခြေအနေ၊ စကားလုံးများ၏အားမာန်၊ မှုတ်သွင်းခံစာရေးသူ၏ရည်စူးချက်တို့ကို ဆန်းစစ်ရန်လိုပေမည်။ ယင်းကသုတေသနပြုဖို့လိုအပ်သည်။ “သစ္စာနှင့်သတိပညာရှိသောကျွန်” မှစီမံပေးထားသည့်စာပေများတွင် မြောက်မြားစွာသောအဖိုးမဖြတ်နိုင်သည့် အချက်အလက်ကို သင်တွေ့ရှိရမည်။ (မ. ၂၄:၄၅-၄၇၊ သမ) ကျမ်းချက်နှင့်စပ်လျဉ်း၍ အလုံးစုံရှင်းပြရန်မကြိုးစားဘဲ ဆွေးနွေးနေသည့်အချက်နှင့် ဆက်စပ်နေသောကျမ်းချက်ကို ပရိသတ်အား သင်အဘယ်ကြောင့် ဖတ်စေရကြောင်းကို ရှင်းပြပါ။

      ပုံဥပမာပေးခြင်း။ ပုံဥပမာပေးခြင်း၏ရည်ရွယ်ချက်မှာ သင့်ပရိသတ်အား သာ၍နက်နဲသည့် နားလည်မှုအဆင့်ဆီသို့ ဦးဆောင်သွားရန် သို့မဟုတ် သင်ဆွေးနွေးခဲ့သည့်အချက်တစ်ချက် သို့မဟုတ် အခြေခံမူကို သူတို့မှတ်မိစေရန်ဖြစ်သည်။ ပုံဥပမာများက လူတို့အားသင်ပြောပြခဲ့သည့်အရာကို နားလည်စေကာ သူတို့သိပြီးသည့်အရာတစ်ခုနှင့်ဆက်စပ်ဖို့ ကူညီပေးသည်။ ယင်းသည် ကျော်ကြားသောတောင်ပေါ်ဒေသနာကို ယေရှုပေးချိန်တွင် ကိုယ်တော်ပြုလုပ်ခဲ့ရာဖြစ်သည်။ ‘မိုးကောင်းကင်ငှက်များ၊’ “တောနှင်းပင်၊” “ကျဉ်းသောတံခါး၊” ‘ကျောက်ပေါ်မှာဆောက်သောအိမ်’ ကဲ့သို့သောအသုံးအနှုန်းများက ကိုယ်တော်၏သွန်သင်ခြင်းကို လေးနက်ရှင်းလင်းစေကာ မေ့မရနိုင်အောင်ဖြစ်စေသည်။—မ. အခန်းကြီး ၅–၇။

      သက်ဆိုင်ပုံတင်ပြခြင်း။ ကျမ်းတစ်ချက်ကို ရှင်းပြခြင်းနှင့် ပုံဥပမာပေးခြင်းတို့က အသိပညာပေးသည်၊ သို့သော် ရလဒ်များရစေသည့်အရာမှာ ထိုအသိပညာကို ကျင့်သုံးရန် သက်ဆိုင်ပုံတင်ပြခြင်းဖြစ်သည်။ မှန်ပါသည်၊ သမ္မာကျမ်းစာသတင်းတရားအတိုင်း ဆောင်ရွက်ရန်မှာ သင့်ပရိသတ်၏တာဝန်ဖြစ်သည်၊ သို့သော် အဘယ်အရာပြုရန်လိုအပ်သည်ကို ပိုင်းခြားသိမြင်ရန် သူတို့ကို သင်ကူညီပေးနိုင်သည်။ ပရိသတ်သည် ဆွေးနွေးနေသည့်ကျမ်းချက်အား နားလည်ပြီး ယင်းသည် တင်ပြနေသည့်အချက်နှင့် မည်သို့သက်ဆိုင်သည်ကိုမြင်ကြောင်း သင် စိတ်ချယုံကြည်သည့်အခါ ယုံကြည်ချက်နှင့်အပြုအမူတို့အပေါ် ၎င်း၏ထိထိမိမိအကျိုးသက်ရောက်မှုကို အချိန်လုံလုံလောက်လောက်ယူ၍ သူတို့အားပြသပါ။ မှားယွင်းသောအယူအဆများ သို့မဟုတ် ဆွေးနွေးလျက်ရှိသောအမှန်တရားနှင့် မညီညွတ်သည့်အပြုအမူတို့ကို စွန့်လိုက်ခြင်း၏အကျိုးကျေးဇူးများကို ပေါ်လွင်စေပါ။

      ကျမ်းစာသက်ဆိုင်ပုံအား မည်သို့တင်ပြမည်ကို သင်စဉ်းစားသောအခါ သင့်ပရိသတ်တွင်ပါဝင်သည့် လူတို့သည် များပြားသောနောက်ခံမှလာကြကာ အခြေအနေအမျိုးပေါင်းစုံနှင့် ရင်ဆိုင်ကြရကြောင်းကို သတိရပါ။ ဤတွင် စိတ်ဝင်စားသူလူသစ်များ၊ လူငယ်လူရွယ်များ၊ အသက်ကြီးသူများနှင့် အမျိုးမျိုးသော ကိုယ်ရေးကိုယ်တာအခက်အခဲများဖြင့် ရုန်းကန်နေကြသူများ ပါရှိပေမည်။ သင်၏ဟောပြောချက်ကို လက်တွေ့ကျစေပြီး ဘဝဖြစ်ရပ်မှန်အတိုင်းဖြစ်စေပါ။ သင့်စိတ်ထဲတွင် လူအချို့အဝက်လောက်သာရှိသည့်နှယ် သွန်သင်ချက်ပေးခြင်းမျိုးကိုရှောင်ပါ။

      ဟောပြောသူ၏ဆုံးဖြတ်ချက်များ

      သင်၏ဟောပြောချက်နှင့်စပ်လျဉ်း၍ အချို့သောဆုံးဖြတ်ချက်များကို သင့်အတွက် ဆုံးဖြတ်ပေးထားပြီးဖြစ်သည်။ အဓိကအချက်များကို ရှင်းရှင်းလင်းလင်းဖော်ပြထားပြီး အဓိကခေါင်းစဉ်တစ်ခုစီကိုဆွေးနွေးရန် သင် အသုံးပြုသင့်သည့်အချိန်ပမာဏကိုလည်း ရှင်းလင်းစွာ ဖော်ပြထားသည်။ အခြားသောဆုံးဖြတ်ချက်များကိုမူ သင်ချရန်ဖြစ်သည်။ အချို့သောအချက်ငယ်များအပေါ် အချိန်ပို၍အသုံးပြုပြီး အခြားအချက်များအပေါ် အချိန်လျော့သုံးရန် သင်ရွေးချယ်ပေမည်။ အချက်ငယ်တိုင်းကို တန်းတူညီတူ ခြုံငုံတင်ပြရမည်ဟု မယူမှတ်ပါနှင့်။ ယင်းသို့ယူမှတ်ခြင်းသည် အကြောင်းအရာကို အလောတကြီးဖြစ်သွားစေတတ်ပြီး ပရိသတ်ကို ဖုံးလွှမ်းလျှံထွက်သွားစေနိုင်သည်။ သာ၍အကျယ်တဝင့်ရှင်းပြမည့်အချက်၊ အကျဉ်းသာတင်ပြရမည့်အချက် သို့မဟုတ် ကြားညှပ်၍တင်ပြသွားမည့်အချက်တို့ကို သင်မည်သို့ဆုံးဖြတ်နိုင်မည်နည်း။ သင့်ကိုယ်သင်ဤသို့မေးပါ– ‘ဟောပြောချက်ရဲ့အဓိကအယူအဆကိုတင်ပြဖို့ ဘယ်အချက်တွေက ထောက်ကူပေးမှာလဲ။ ငါ့ရဲ့ပရိသတ်အကျိုးရရှိဖို့အတွက် ဘယ်အချက်တွေက အလားအလာအကောင်းဆုံးလဲ။ ကိုးကားထားတဲ့ကျမ်းချက်တစ်ချက်နဲ့ ဆက်နွှယ်နေတဲ့အချက်တစ်ခုကို ချန်လှပ်ထားခြင်းဟာ တင်ဆက်နေတဲ့ သာဓကတန်းကို အားနည်းသွားစေမလား။’

      မှန်းဆချက် သို့မဟုတ် ကိုယ်ပိုင်ထင်မြင်ချက် သွတ်သွင်းခြင်းကို ကြိုးစား၍ရှောင်ကြဉ်ပါ။ ဘုရားသခင့်သားတော်ယေရှုခရစ်ပင် ‘မိမိအလိုအလျောက်’ ပြောဆိုခြင်းကိုရှောင်ကြဉ်ခဲ့သည်။ (ယော. ၁၄:၁၀) လူတို့သည် ယေဟောဝါသက်သေများ၏အစည်းအဝေးများသို့ လာကြသည့်အကြောင်းရင်းမှာ သမ္မာကျမ်းစာဆွေးနွေးချက်ကို နားထောင်ရန်ဖြစ်သည်ကို အသိအမှတ်ပြုပါ။ အဟောအပြောကောင်းသူတစ်ယောက်အဖြစ် သင် ယူမှတ်ခံရလာပါက ဖြစ်နိုင်စရာမှာ မိမိထံမဟုတ်ဘဲ ဘုရားသခင့်နှုတ်ကပါဌ်တော်ထံ အာရုံစူးစိုက်စေခြင်းကို သင်အလေ့အကျင့်ပြုလုပ်သောကြောင့်ဖြစ်သည်။ ယင်းကြောင့်၊ သင့်ဟောပြောချက်များသည် လေးမြတ်တန်ဖိုးထားခံရသည်။—ဖိ. ၁:၁၀၊ ၁၁။

      ရိုးရှင်းသောအောက်လိုင်းတစ်ခုကို အဆီအနှစ်ပြည့်နေသော ကျမ်းစာရှင်းပြချက်တစ်ခုအဖြစ် အသွင်ပြောင်းခဲ့ပြီးဖြစ်၍ ယခု သင့်ဟောပြောချက်ကို အစမ်းလေ့ကျင့်ဖို့လိုသည်။ အသံထွက်ပြီးလေ့ကျင့်ခြင်းသည် အကျိုးဖြစ်ထွန်း၏။ အရေးကြီးသောအရာမှာ အချက်များအားလုံး စိတ်ထဲ၌ကောင်းစွာရှိကြောင်းသေချာရန်ဖြစ်သည်။ ယုံကြည်စိတ်ချမှုအပြည့်ဖြင့် သင်ဟောပြောရမည်၊ အကြောင်းအရာကိုအသက်ဝင်စေပြီး အမှန်တရားကို စိတ်အားထက်သန်မှုအပြည့်ဖြင့် တင်ဆက်ရမည်။ ဟောပြောချက်မပေးခင် သင့်ကိုယ်သင်ဤသို့မေးပါ– ‘ဘယ်အရာကို အထမြောက်စေဖို့ ငါမျှော်လင့်နေသလဲ။ အဓိကအချက်များ ပေါ်လွင်သလော။ ကျမ်းစာကို ငါ့ဟောပြောချက်ရဲ့အခြေခံအဖြစ် အမှန်ထားသလော။ အဓိကအချက်တိုင်းကို နောက်အချက်ဆီသို့ သဘာဝကျကျ ဦးတည်စေသလော။ ဟောပြောချက်က ယေဟောဝါနဲ့ကိုယ်တော့်ပြင်ဆင်ပေးမှုများအတွက် လေးမြတ်တန်ဖိုးထားမှုကို တည်ဆောက်ပေးသလော။ နိဂုံးသည် အဓိကအကြောင်းနှင့်တိုက်ရိုက်ဆက်စပ်သလော၊ ပရိသတ်လုပ်ဆောင်ရမည့်အရာကို ပြသလော၊ ယင်းကိုလုပ်ဆောင်ဖို့ သူတို့ကိုလှုံ့ဆော်ပေးသလော။’ ထိုမေးခွန်းများအား ဟုတ်ပါသည်ဟုသင်ဖြေဆိုနိုင်လျှင် အသင်းတော်အကျိုးနှင့် ယေဟောဝါအားချီးမွမ်းခြင်းအတွက် သင်သည် ‘ပညာအတတ်ကိုတင့်တယ်’ စေသည့်အခြေအနေတွင်ရှိနေပါသည်!—သု. ၁၅:၂။

      သင့်ဟောပြောချက်ကို စကားပြန်ဖြင့် ဟောရသည့်အခါ

      နိုင်ငံတစ်နိုင်ငံအတွင်း၌ ဘာသာစကားအုပ်စုများစွာရှိတတ်သည်၊ ထို့ကြောင့် လူထုဟောပြောချက်ပေးသူများသည် စကားပြန်များဖြင့် သမ္မာကျမ်းစာဟောပြောချက်များပေးရန် တောင်းဆိုခံရနိုင်ပါသည်။ ထိုသို့သောအခြေအနေတွင်ဟောပြောရန် ဖိတ်ခေါ်ခံရလျှင်၊ အောက်ပါလမ်းညွှန်ချက်များက သင်နှင့်သင့်စကားပြန်နှစ်ယောက်စလုံးကို ကူညီပေးမည်။

      • သင့်ဟောပြောချက်၏ထိရောက်မှုသည် စကားပြန်၏လုပ်ဆောင်ချက်အပေါ် အတော်အတန်မူတည်မည်။ အကယ်၍သင်သည် ပြင်ဆင်ဖို့သူ့ကိုကူညီပါက စကားပြန်သည့်နယ်ပယ်၌ အတွေ့အကြုံရှိသူတစ်ယောက်ပင် သာ၍ကောင်းစွာလုပ်ဆောင်ပေလိမ့်မည်။

      • ယေဘုယျအားဖြင့်၊ စကားပြန်ရန်အတွက် အနည်းဆုံး သင့်ဟောပြောချက်၏သုံးပုံတစ်ပုံကို လျှော့ချရမည်ဖြစ်သည်။ (လက်ဟန်ပြစကားမှာ တစ်ပြိုင်တည်းနီးပါး ဟောပြောနိုင်သောကြောင့် ခြွင်းချက်ဖြစ်သည်။)

      • မဟောပြောမီ သင့်ဟောပြောချက်၏ ယေဘုယျအကြမ်းဖျင်းနှင့် ယင်း၏ရည်မှန်းချက်ကို စကားပြန်နှင့်အတူပြန်လည်သုံးသပ်ပါ။ သင့်တာဝန်သည် စည်းဝေးကြီးတစ်ခု၌ စာမူဟောပြောချက်တစ်ခုဖြစ်လျှင် စကားပြန်အား မိတ္တူတစ်စောင်ကို ကြိုတင်ရထားစေပါ။

      • သင်အသုံးပြုမည့်ကျမ်းချက်များကို စကားပြန်နှင့်အတူဆွေးနွေးပါ။ ဒေသန္တရသုံးသမ္မာကျမ်းစာသည် သင့်သမ္မာကျမ်းစာကဲ့သို့ပင် ထပ်တူလိုရင်းအဓိပ္ပာယ်ပေးကြောင်းကို သေချာစေပါ။ ကျမ်းစာမှအဘယ်အသုံးအနှုန်းများကို အလေးပေးမည် သို့မဟုတ် ရှင်းပြမည်ကို စကားပြန်အားပြသပါ။

      • ကျမ်းချက်များကို ဘာသာစကားနှစ်မျိုးစလုံး သို့မဟုတ် တစ်မျိုးတည်းဖြင့် ဖတ်မည်မဖတ်မည်ကိုဆုံးဖြတ်ပါ။ ပရိသတ်နားလည်သည့် ဘာသာစကားဖြင့်ဖတ်ခြင်းက လုံလောက်ပေမည်။

      • ရက်စွဲများ၊ ကိန်းဂဏန်းများ၊ ကျမ်းစာကိုးကားချက်များကို လျင်မြန်စွာပြောခြင်းသည် အခက်အခဲများကိုဖြစ်ပေါ်စေနိုင်သည်။ အထောက်အကူပြု ရပ်တန့်ခြင်းနှင့် စာရင်းဇယားအတွက် ဖြစ်နိုင်လျှင် သုညနှင့်ဆုံးသည်စုံကိန်းဂဏန်းများကို အသုံးပြုပါ။

      • သင်အသုံးပြုဖို့ရည်ရွယ်သည့် မည်သည့်ပုံဥပမာများ၊ အီဒီယမ် (စကားလုံးတွဲအသုံးအနှုန်း) များနှင့် ထူးခြားသောအသုံးအနှုန်းများကိုမဆို ဆွေးနွေးပါ။ သင်၏စကားပြန်သည် ယင်းတို့ကိုနားလည်ကာ အယူအဆများကို ပြန်ဆိုမည့်ဘာသာစကားဖြင့် ပြောင်းပေးနိုင်ကြောင်းသေချာစေပါ။

      • ဟောပြောသောအခါ၊ ဝါကျတိုများကိုအသုံးပြုပါ။ စကားပြန်ပေးသူအတွက် မရပ်တန့်ပေးမီ လိုရင်းချက်တစ်ခုလုံးကို ဖော်ပြပါ။ (စကားအားလုံးကို ပြန်ရန်မလိုဘဲ လိုရင်းချက်များကို ပြန်ပေးရန်ဖြစ်သည်။) ဆက်တိုက်စကားပြန်မှုအတွက် သင်ဆက်မပြောမီ စကားပြန်ကိုဆုံးအောင်ပြောခွင့်ပေးပါ။

      • စကားပြန်သည် သင်အသုံးပြုသည့် ကောင်းမွန်သောအသံပမာဏနှင့် အသံထွက်ရှင်းလင်းမှုတို့ကို အားထားသည်။

  • သွန်သင်သူတစ်ဦးအဖြစ် စွမ်းရည်ကို တိုးတက်စေပါ
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
    • သွန်သင်သူတစ်ဦးအဖြစ် စွမ်းရည်ကို တိုးတက်စေပါ

      သွန်သင်သူတစ်ဦးအနေနှင့် သင့်ပန်းတိုင်ကား အဘယ်နည်း။ သင်သည် မကြာမီကမှဖြစ်လာသည့် နိုင်ငံတော်ကြေညာသူတစ်ဦးဆိုပါက ယေရှုသည် နောက်တော်လိုက်များအား တပည့်ဖြစ်စေခြင်းတာဝန်ကို ပေးခဲ့သည့်အတွက်ကြောင့် သင်သည် အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခု မည်သို့ပြုလုပ်ပုံကို သင်ယူဖို့ဆန္ဒရှိမည်မှာ သေချာသည်။ (မ. ၂၈:၁၉၊ ၂၀) သင်သည် ဤလုပ်ဆောင်မှု၌ အတွေ့အကြုံရှိနေပြီဖြစ်ပါက သင့်ပန်းတိုင်မှာ သင်အကူအညီပေးသောသူတို့၏နှလုံးကို ထိမိစေရေးတွင် ပို၍ထိရောက်ဖို့ဖြစ်သည်။ သင်သည်မိဘတစ်ဦးဖြစ်လျှင် သားသမီးတို့သည် ဘုရားသခင်ထံ သူတို့၏အသက်တာကိုအပ်နှံရန် လှုံ့ဆော်ပေးနိုင်သည့်သွန်သင်တတ်သူမျိုး ဖြစ်လိုသည်မှာ အသေအချာပင်။ (၃ ယော. ၄) သင်သည် အကြီးအကဲတစ်ဦး သို့မဟုတ် ထိုသို့ဖြစ်လာရန် တက်လှမ်းနေသူတစ်ဦးဖြစ်လျှင် မိမိ၏ပရိသတ်များသည် ယေဟောဝါနှင့် ကိုယ်တော့်နည်းလမ်းတော်များအပေါ် ပို၍နက်ရှိုင်းစွာလေးမြတ်တတ်လာစေရန် တည်ဆောက်ပေးနိုင်သည့် လူထုဟောပြောချက်ပေးသူတစ်ဦး ဖြစ်လိုပေမည်။ ယင်းပန်းတိုင်များကို သင်မည်သို့ အရောက်လှမ်းနိုင်မည်နည်း။

      ကြီးမြတ်သောဆရာ ယေရှုခရစ်ထံမှ သင်ယူပါ။ (လု. ၆:၄၀) ယေရှုသည် တောင်စောင်းတွင် လူအုပ်တစ်အုပ်အားဟောပြောနေသည်ဖြစ်စေ၊ လမ်းမပေါ်တွင်သွားလာနေသည့် လူအနည်းငယ်ကိုသာဖြစ်စေ ကိုယ်တော်ပြောခဲ့ရာနှင့် ပြောသည့်နည်းတို့က ထာဝစဉ်စွဲမှတ်စေခဲ့သည်။ ယေရှုသည် မိမိ၏နားထောင်သူများစိတ်နှလုံးကို လှုံ့ဆော်ပေးခဲ့ပြီး သူတို့နားလည်နိုင်သည့် လက်တွေ့ကျင့်သုံးနည်းကို ဖော်ပြပေးခဲ့သည်။ အလားတူအရာများကို သင်ပြီးမြောက်အောင်မြင်နိုင်သလော။

      ယေဟောဝါကို မှီခိုအားကိုးပါ

      ယေရှု၏သွန်သင်ခြင်းစွမ်းရည်သည် ကိုယ်တော်၏ကောင်းကင်ခမည်းတော်နှင့် ရရှိခဲ့သည့် ရင်းနှီးသောဆက်ဆံရေးနှင့် ဘုရားသခင့်ဝိညာဉ်တော်၏ ကောင်းချီးနှစ်ရပ်စလုံးအားဖြင့် တိုးတက်လာခဲ့သည်။ သင်သည် အိမ်တွင်းကျမ်းစာသင်အံမှုကို ထိရောက်စွာကျင်းပနိုင်ရန် ယေဟောဝါထံ စိတ်အားထက်သန်စွာဆုတောင်းသလော။ သင်သည် မိဘတစ်ဦးဖြစ်ပါက သင့်သားသမီးများအားသွန်သင်ရာ၌ ဘုရားသခင့်လမ်းညွှန်မှုရဖို့ မှန်မှန်ဆုတောင်းသလော။ ဟောပြောချက်များပေးရန် သို့မဟုတ် စည်းဝေးများကျင်းပရန် ပြင်ဆင်သည့်အခါ လှိုက်လှိုက်လှဲလှဲဆုတောင်းသလော။ ထိုကဲ့သို့ ယေဟောဝါအပေါ် ဆုတောင်းကာ မှီခိုအားထားမှုက ပို၍ထိရောက်သောသွန်သင်သူတစ်ယောက် ဖြစ်လာစေဖို့ သင့်အား ကူညီမည်။

      ယေဟောဝါအပေါ် အားကိုးမှီခိုနေရခြင်းကို ကိုယ်တော့်နှုတ်ကပါဌ် သမ္မာကျမ်းစာတော်အပေါ် ယုံကြည်အားကိုးခြင်းဖြင့်လည်း ပြသသည်။ စုံလင်သည့်လူသားတစ်ဦးအဖြစ် ယေရှုသည် မိမိအသက်တာ၏ နောက်ဆုံးညနေခင်းတွင် ခမည်းတော်ထံဆုတောင်းရာ၌ ဤသို့ဆိုခဲ့သည်– “ကိုယ်တော်၏နှုတ်ကပါဌ်တရားကို ဤသူတို့အား အကျွန်ုပ်ပေးပါပြီ။” (ယော. ၁၇:၁၄) ယေရှု၌ များပြားသောအတွေ့အကြုံရှိခဲ့သော်လည်း မိမိအလိုအလျောက် ဘယ်တော့မျှမဟောပြောခဲ့ချေ။ မိမိခမည်းတော်သွန်သင်ပေးခဲ့သည့်အရာကို အမြဲပြောဆိုခဲ့သည်၊ ထိုသို့သောအားဖြင့် ကျွန်ုပ်တို့လိုက်လျှောက်ရန်အတွက် ပုံသက်သေထားခဲ့သည်။ (ယော. ၁၂:၄၉၊ ၅၀) သမ္မာကျမ်းစာတွင် ထိန်းသိမ်းစောင့်ရှောက်ထားသည့် ဘုရားသခင့်နှုတ်ကပါဌ်တော်သည် လူတို့အား—သူတို့၏လှုပ်ရှားမှုများ၊ စိတ်နှလုံးအကြံအစည်နှင့် ခံစားချက်များကိုလွှမ်းမိုးနိုင်သည့် တန်ခိုးသြဇာရှိသည်။ (ဟေဗြဲ ၄:၁၂) ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သင်တိုး၍သိရှိလာပြီး သင့်ဓမ္မအမှု၌ ယင်းကိုကောင်းစွာအသုံးပြုတတ်လာပြီဆိုလျှင် သင်သည် ဘုရားသခင်ထံ လူတို့ကိုဆွဲဆောင်နိုင်သည့် သွန်သင်ခြင်းစွမ်းရည်မျိုးကို တိုးတက်အောင်လုပ်နေရာကျမည်။—၂ တိ. ၃:၁၆၊ ၁၇။

      ယေဟောဝါကိုဂုဏ်တင်ပါ

      ခရစ်တော်ကိုတုပသည့် သွန်သင်သူတစ်ယောက်ဖြစ်ခြင်းက စိတ်ဝင်စားဖွယ်ရာ ဟောပြောချက်တစ်ခုကို ပေးနိုင်ရုံမျှထက်မကပါ။ လူတို့သည် ယေရှု၏ “တင့်တယ်လျောက်ပတ်သောနှုတ်ထွက်စကား” ကို အံ့သြချီးမွမ်းခဲ့ကြသည်မှာ မှန်ပါသည်။ (လု. ၄:၂၂) သို့သော် ကောင်းစွာပြောဆိုခြင်းနှင့်စပ်လျဉ်း၍ ယေရှု၏ရည်ရွယ်ချက်ကား အဘယ်နည်း။ မိမိထံအာရုံစိုက်စေရန်မဟုတ်ဘဲ ယေဟောဝါကိုဂုဏ်တင်ရန်ဖြစ်သည်။ (ယော. ၇:၁၆-၁၈) ထို့နောက် ကိုယ်တော်သည် မိမိနောက်တော်လိုက်များအား ဤသို့တိုက်တွန်းခဲ့သည်– “သူတစ်ပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါးရှေ့၌ သင်တို့၏အလင်းကို လင်းစေကြလော့။” (မ. ၅:၁၆) ထိုသွန်သင်ချက်သည် ကျွန်ုပ်တို့သွန်သင်သည့်နည်းအပေါ် ဩဇာညောင်းသင့်သည်။ ယင်းက ထိုရည်ရွယ်ချက်ကို ယုတ်လျော့သွားစေမည့် မည်သည့်အရာမဆို ရှောင်ကြဉ်ခြင်းသည် ကျွန်ုပ်တို့၏ရည်မှန်းချက်ဖြစ်သင့်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ဘာပြောမည် သို့မဟုတ် ယင်းကိုမည်သို့ပြောမည်ဟု စီစဉ်သည့်အခါ၊ မိမိတို့ကိုယ်ကိုဤသို့မေးသင့်သည်၊ ‘ဤအရာက ယေဟောဝါကို သာ၍လေးမြတ်စေမည်လော၊ သို့မဟုတ် ထိုအရာက မိမိကိုအာရုံစိုက်စေသလော။’

      ဥပမာ၊ သွန်သင်ရာ၌ ပုံဥပမာများနှင့် ဘဝဖြစ်ရပ်မှန်များကို ထိရောက်စွာအသုံးပြုနိုင်သည်။ သို့ရာတွင်၊ ရှည်လျားသောပုံဥပမာကိုဖော်ပြသည့်အခါ သို့မဟုတ် တွေ့ကြုံမှုတစ်ခုကို အသေးစိတ်တင်ပြလွန်းသည့်အခါတွင် ညွှန်ကြားချက်၏ အဓိကလိုရင်းပျောက်သွားနိုင်သည်။ ကျွန်ုပ်တို့၏ဓမ္မအမှုရည်ရွယ်ချက်ကို ယုတ်လျော့သွားစေရုံသာရှိမည့် ဇာတ်ကြောင်းများကိုပြောပြခြင်းသည်လည်း အလားတူပင်ဖြစ်သည်။ အမှန်ဆိုရလျှင် သွန်သင်သူသည် သီအိုကရက်တစ်ပညာရေး၏ စစ်မှန်သောပန်းတိုင်ကို အထမြောက်စေမည့်အစား မိမိထံအာရုံဆွဲဆောင်နေခြင်းဖြစ်သည်။

      ‘ကွဲပြားခြားနားမှုကိုပြပါ’

      လူတစ်ဦး တပည့်အမှန်ဖြစ်လာဖို့အတွက် မိမိ အဘယ်အရာသွန်သင်ခံနေရသည်ကို ရှင်းလင်းစွာနားလည်ထားရမည်။ သူသည် အမှန်တရားကို နာယူရမည်ဖြစ်ပြီး ၎င်းသည် အခြားသောယုံကြည်ချက်များနှင့် မည်သို့ကွာခြားကြောင်း တွေ့မြင်ရမည်။ ကွဲပြားခြားနားမှုများကိုအာရုံစိုက်ခြင်းက ယင်းကိုအောင်မြင်စေဖို့ကူညီသည်။

      ယေဟောဝါသည် မိမိလူမျိုးတော်အား စင်ကြယ်သည့်အရာနှင့် မစင်ကြယ်သည့်အရာကို “ပိုင်းခြားတတ်ခြင်းငှာ” ထပ်ခါတလဲလဲတိုက်တွန်းခဲ့သည်။ (ဝတ်. ၁၀:၉-၁၁) ကိုယ်တော်က မိမိ၏ မဟာဝိညာဉ်ရေးအိမ်တော်တွင် အမှုတော်ထမ်းဆောင်မည့်သူတို့သည် လူတို့အား ‘စင်ကြယ်သောအရာ၊ မစင်ကြယ်သောအရာတို့ကို ပိုင်းခြားသိစေခြင်းငှာ’ သွန်သင်ရမည်ဟု မိန့်ကြားခဲ့သည်။ (ယေဇ. ၄၄:၂၃) သုတ္တံကျမ်းတွင် ဖြောင့်မတ်မှုနှင့်ဆိုးယုတ်မှု၊ ဉာဏ်ပညာနှင့်မိုက်မဲခြင်းတို့၏ ခြားနားချက်များ အပြည့်ပါရှိသည်။ မဆန့်ကျင်သည့်အရာများပင် တစ်ခုနှင့်တစ်ခု ကွဲပြားစွာသိနိုင်ပေသည်။ တမန်တော်ပေါလုသည် ရောမ ၅:၇ ၌ မှတ်တမ်းတင်ခဲ့သည့်အတိုင်း ဖြောင့်မတ်သူနှင့် သူတော်ကောင်းတို့၏ကွဲပြားမှုကို အာရုံစိုက်စေခဲ့သည်။ ဟေဗြဲကျမ်းစောင်တွင် ခရစ်တော်၏ ယဇ်ပုရောဟိတ်မင်းကြီးလုပ်ဆောင်မှုသည် အာရုန်၏လုပ်ဆောင်မှုထက်သာလွန်ကြောင်း သူပြသခဲ့သည်။ မှန်ပါသည်၊ ၁၇ ရာစု ပညာပေးသူအနေနှင့် ယိုဟာန် အားမော်စ် ကိုမီနီယပ်စ် ကဤသို့ရေးသားခဲ့သည်– “သွန်သင်ခြင်းမည်သည် ကိစ္စရပ်တို့သည် ယင်းတို့၏ရည်ရွယ်ချက်၊ ပုံသဏ္ဌာန်နှင့် မူလဇာစ်မြစ်တို့တွင် မည်သို့ကွာခြားကြပုံကို ပြသရုံနှင့်မပြီးချေ။ . . . ထို့ကြောင့် ကောင်းစွာခွဲခြားနိုင်သူသည် ကောင်းစွာသွန်သင်သူဖြစ်သည်။”

      ဥပမာ၊ တစ်စုံတစ်ယောက်အား ဘုရားသခင့်နိုင်ငံတော်အကြောင်း သွန်သင်ခြင်းကို သုံးသပ်ကြည့်ပါ။ နိုင်ငံတော်ဟူသည် အဘယ်အရာဖြစ်သည်ကို သူနားမလည်လျှင် နိုင်ငံတော်ဟူသည် လူတစ်ဦး၏နှလုံးတွင်ရှိ အခြေအနေတစ်ခုသာဖြစ်သည် ဆိုသည့်အယူအဆနှင့် သမ္မာကျမ်းစာပြောသည့်အရာတို့သည် အဘယ်သို့ကွဲပြားခြားနားကြောင်း သင်ပြသပေမည်။ သို့မဟုတ် နိုင်ငံတော်သည် လူသားအစိုးရများနှင့်မည်သို့ကွဲပြားကြောင်း ပြသနိုင်သည်။ သို့သော် ထိုအခြေခံအမှန်တရားများကို သိထားသူများအတွက်မူ သင်သည် ပို၍အသေးစိတ်သွားနိုင်ပေမည်။ မေရှိယနိုင်ငံတော်သည် ဆာလံ ၁၀၃:၁၉ တွင်ဖော်ပြထားသည့် ယေဟောဝါ၏စကြဝဠာမင်းရိုက်ရာ သို့မဟုတ် ကောလောသဲ ၁:၁၃ ၌ဖော်ပြထားသည့် ‘ချစ်တော်မူသောသားတော်၏နိုင်ငံ’ သို့မဟုတ် ဧဖက် ၁:၁၀၊ [သက] ၌ဖော်ပြထားသည့် “အကြံအစည်တော်” တို့နှင့် မည်သို့ကွာခြားကြောင်းကို သူတို့အား သင် ပြသပေမည်။ ခြားနားချက်များကိုအသုံးပြုခြင်းက ဤအရေးကြီးသော သမ္မာကျမ်းစာသွန်သင်ချက်ကို သင့်ပရိသတ် ရှင်းရှင်းလင်းလင်းအာရုံစိုက်စေရန် ကူညီနိုင်ပါသည်။

      ယေရှုသည် ထိုသွန်သင်မှုလက်နက်ကို အဖန်တလဲလဲအသုံးချခဲ့သည်။ ကိုယ်တော်သည် အများသိ မောရှေပညတ်နှင့် ပညတ်၏စစ်မှန်သည့်ရည်ရွယ်ချက်တို့ကို နှိုင်းယှဉ်ပြခဲ့သည်။ (မ. ၅:၂၁-၄၈) ကိုယ်တော်သည် စစ်မှန်သောဘုရားဝတ်၌မွေ့လျော်ခြင်းကို ဖာရိရှဲတို့၏အရေခြုံလုပ်ရပ်များနှင့် ခွဲခြားပြခဲ့သည်။ (မ. ၆:၁-၁၈) ကိုယ်တော်သည် အခြားသူတို့အပေါ် ‘အစိုးတရ’ ပြုတတ်ကြသောသူတို့၏စိတ်ဓာတ်နှင့် မိမိနောက်တော်လိုက်များပြသကြမည့် ကိုယ်ကျိုးစွန့်စိတ်ဓာတ်တို့ကို နှိုင်းယှဉ်ပြခဲ့သည်။ (မ. ၂၀:၂၅-၂၈) မဿဲ ၂၁:၂၈-၃၂ တွင်မှတ်တမ်းတင်ထားသည့် အခြားတစ်ကြိမ်တွင်မူ ယေရှုက သူ၏နားထောင်သူများအား ကိုယ့်ကိုယ်ကိုဖြောင့်မတ်ခြင်းနှင့် စစ်မှန်သည့်နောင်တ၏ခြားနားမှုကို သူတို့ဘာသာခွဲထုတ်ကြရန် ဖိတ်ခေါ်ခဲ့သည်။ ထိုအရာက ကျွန်ုပ်တို့အား ကောင်းမွန်သောသွန်သင်ချက်၏ အဖိုးမဖြတ်နိုင်သည့် နောက်ကဏ္ဍတစ်ခုသို့ ဦးတည်ပေးသည်။

      နားထောင်သူများအား စဉ်းစားရန်အားပေးပါ

      မဿဲ ၂၁:၂၈ ၌ ယေရှုသည် မိမိ၏ပုံပမာကို “သင်တို့သည်အဘယ်သို့ထင်ကြသနည်း” ဟုမေးခြင်းအားဖြင့် အစပျိုးပေးခဲ့ကြောင်း ကျွန်ုပ်တို့ဖတ်ရသည်။ အရည်အချင်းပြည့်စုံသော သွန်သင်သူတစ်ယောက်သည် အချက်အလက်များကိုပြောပြပေးရုံ သို့မဟုတ် အဖြေများပေးရုံသာမဟုတ်ပါ။ သို့အစား၊ သူသည် မိမိ၏နားထောင်သူများအား တွေးတောခြင်းစွမ်းရည်ကို ပြုစုပျိုးထောင်ရန် အားပေးတိုက်တွန်းသည်။ (သု. ၃:၂၁; ရော. ၁၂:၁) တစ်စိတ်တစ်ပိုင်းအနေဖြင့် မေးခွန်းများမေးခြင်းအားဖြင့် ယင်းကိုပြုလုပ်သည်။ မဿဲ ၁၇:၂၅ ၌တွေ့ရှိခဲ့သည့်အတိုင်း ယေရှုကဤသို့မေးခဲ့သည်– “အချင်းရှိမုန်၊ သင်သည်အဘယ်သို့ထင်သနည်း။ လောကီရှင်ဘုရင်တို့သည် အဘယ်သူမှာအခွန်ကိုခံကြသနည်း။ မိမိသားမှာခံကြသလော။ သူတစ်ပါးမှာခံကြသလော။” ဗိမာန်တော်အခွန်ပေးခြင်းနှင့်စပ်လျဉ်း၍ ယေရှု၏ စဉ်းစားမှုကို လှုံ့ဆော်ပေးသောမေးခွန်းများက ပေတရုအား သူကိုယ်တိုင် မှန်ကန်သောကောက်ချက်ချစေဖို့ ကူညီပေးခဲ့သည်။ “အဘယ်သူသည် အကျွန်ုပ်နှင့်စပ်ဆိုင်သောသူ ဖြစ်ပါသနည်း” ဟုမေးလျှောက်ခဲ့သည့်လူတစ်ယောက်ကို တုံ့ပြန်သည့်အခါ၌လည်း အလားတူပင်။ ယေရှုသည် ယဇ်ပုရောဟိတ်နှင့် လေဝိတို့၏အပြုအမူတို့ကို ရှမာရိအမျိုးသား၏ အပြုအမူနှင့် နှိုင်းယှဉ်ပြခဲ့သည်။ ထို့နောက် ကိုယ်တော်သည် ဤသို့မေးခွန်းထုတ်ခဲ့သည်– “ထိုသူသုံးယောက်တို့တွင် အဘယ်သူသည် ဓားပြလက်သို့ရောက်သောသူနှင့် စပ်ဆိုင်သောသူဖြစ်သနည်း။” (လု. ၁၀:၂၉-၃၆) ဤနေရာတွင်လည်း ယေရှုသည် မိမိနားထောင်သူအတွက် စဉ်းစားပေးမည့်အစား သူ့မေးခွန်းကိုဖြေရန် ဖိတ်ခေါ်ခဲ့သည်။—လု. ၇:၄၁-၄၃။

      နှလုံးကိုထိမိစေပါ

      ဘုရားသခင့်နှုတ်ကပါဌ်တော်၏အဓိပ္ပာယ်ကို သဘောပေါက်ကြသည့်သွန်သင်သူများက စစ်မှန်သောဝတ်ပြုရေးသည် တစ်စုံတစ်ရာသောအချက်အလက်များကို မှတ်မိခြင်းနှင့် တစ်စုံတစ်ရာသောစည်းမျဉ်းများကို လိုက်လျှောက်ခြင်း ကိစ္စတစ်ရပ်မျှသာမဟုတ်ကြောင်းကို သိမြင်နားလည်ကြသည်။ ယင်းကို ယေဟောဝါနှင့်ကောင်းသောဆက်ဆံရေးနှင့် ကိုယ်တော့်နည်းလမ်းတော်များအား တန်ဖိုးထားလေးမြတ်ခြင်းအပေါ် တည်ဆောက်ထားသည်။ ထိုသို့သောဝတ်ပြုရေးတွင် နှလုံးပါဝင်ပတ်သက်သည်။ (တရား. ၁၀:၁၂၊ ၁၃; လု. ၁၀:၂၅-၂၇) ကျမ်းစာတွင် “နှလုံး” ဟူသည့်ဝေါဟာရသည် လိုအင်ဆန္ဒများ၊ ချစ်ခင်စုံမက်မှုများ၊ ခံစားမှုများနှင့်ရည်ရွယ်ချက်များ စသည်တို့အပါအဝင် အတွင်းလူတစ်ခုလုံးကို ရည်ညွှန်းလေ့ရှိသည်။

      လူသားများက အပြင်ပန်းသဏ္ဌာန်ကိုကြည့်စဉ် ဘုရားသခင်က နှလုံးဆိုသည့်အရာကိုကြည့်ရှုကြောင်း ယေရှုသိခဲ့သည်။ (၁ ရာ. ၁၆:၇) ဘုရားသခင်ထံ ကျွန်ုပ်တို့အမှုထမ်းဆောင်ခြင်းသည် လူသားချင်းတို့အထင်ကြီးရန် ကြိုးစားခြင်းမဟုတ်ဘဲ ကိုယ်တော့်ကိုချစ်သည့် ကျွန်ုပ်တို့၏မေတ္တာ လှုံ့ဆော်မှုကြောင့် ဖြစ်သင့်ပေသည်။ (မ. ၆:၅-၈) အခြားတစ်ဖက်တွင်မူ၊ ဖာရိရှဲများသည် ဟန်ပြလုပ်ဆောင်ချက်များစွာကို ပြုလုပ်ခဲ့ကြသည်။ သူတို့သည် ပညတ္တိကျမ်း၏အသေးစိတ်အချက်အလက်များကို လိုက်နာရေးနှင့် သူတို့ကိုယ်တိုင်ထုတ်ထားသည့် စည်းမျဉ်းများနှင့်အညီနေထိုင်ရေးတို့ကို အကြီးအကျယ်အလေးပေးခဲ့ကြသည်။ သို့သော် သူတို့ကိုးကွယ်ဝတ်ပြုပါသည်ဟုဆိုသော ဘုရားသခင်၏စိတ်တော်နှင့်ကိုက်ညီမည့် အရည်အသွေးများကို သူတို့ဘဝတွင်ထင်ရှားပြဖို့ ပျက်ကွက်ခဲ့ကြသည်။ (မ. ၉:၁၃; လု. ၁၁:၄၂) ဘုရားသခင့်တောင်းဆိုချက်များကို လိုက်နာခြင်းသည် အရေးကြီးသော်လည်း ထိုကဲ့သို့လိုက်နာခြင်း၏တန်ဖိုးကို နှလုံးထဲတွင်ရှိသည့်အရာက ဆုံးဖြတ်သတ်မှတ်ပေးကြောင်း ယေရှုသွန်သင်ခဲ့သည်။ (မ. ၁၅:၇-၉; မာ. ၇:၂၀-၂၃; ယော. ၃:၃၆) ယေရှု၏ပုံသက်သေကိုကျွန်ုပ်တို့တုပလျှင် ကျွန်ုပ်တို့၏သွန်သင်ခြင်းသည် အကောင်းဆုံးအကျိုးကို ပြီးမြောက်အောင်မြင်စေပါလိမ့်မည်။ ဘုရားသခင်အဘယ်အရာတောင်းဆိုသည်ကို သူတို့သင်ယူဖို့ လူတို့အားကူညီပေးခြင်းသည် အရေးကြီးသည်။ သို့သော် သူတို့၏အပြုအမူသည် စစ်မှန်သည့်ဘုရားသခင်နှင့် မျက်နှာသာရဆက်ဆံရေးအပေါ် ထားရှိသောတန်ဖိုးကို ထင်ဟပ်လာစေရန် ယေဟောဝါအား ပုဂ္ဂိုလ်တစ်ပါးအနေနှင့်သိကျွမ်းပြီး ချစ်မြတ်နိုးရန်လည်း အရေးကြီးသည်။

      မှန်ပါသည်၊ လူတို့သည် ထိုသွန်သင်ချက်မှအကျိုးရရန် မိမိတို့၏နှလုံးတွင်ရှိသည့်အရာကို ရင်ဆိုင်ဖြေရှင်းဖို့လိုပါသည်။ လူတို့သည် မိမိတို့၏ရည်ရွယ်ချက်များနှင့် မိမိတို့၏ခံစားမှုများကို ဆန်းစစ်ကြရန် ယေရှုတိုက်တွန်းခဲ့သည်။ မှားယွင်းနေသောအမြင်ကို ပြုပြင်သည့်အခါ မိမိနားထောင်သူများအား သူတို့ အဘယ်ကြောင့် တွေးတောပြောဆို သို့မဟုတ် တစ်စုံတစ်ရာသောအရာများကို လုပ်ခဲ့ရသည့်အကြောင်းရင်းကို ကိုယ်တော်မေးမြန်းတတ်သည်။ သို့တိုင် ထိုမျှနှင့်မရပ်နေစေရန် ယေရှုသည် မိမိမေးခွန်းကို ကိစ္စရပ်များအားမှန်ကန်စွာရှုမြင်ဖို့ သူတို့ကိုအားပေးသည့် အဆိုပြုချက်တစ်ခု၊ ပုံဥပမာတစ်ရပ်၊ သို့မဟုတ် လုပ်ရပ်တစ်ခုဖြင့် တွဲဖက်ပေးခဲ့သည်။ (မာ. ၂:၈; ၄:၄၀; ၈:၁၇; လု. ၆:၄၁၊ ၄၆) ‘ဤပြုမူမှုလမ်းစဉ်ကို မိမိအဘယ်ကြောင့် နှစ်သက်ရသနည်း။ ဤအခြေအနေကို မိမိအဘယ်ကြောင့် ဤသို့တုံ့ပြန်ရသနည်း’ ကဲ့သို့သောမေးခွန်းများ သူတို့ကိုယ်သူတို့မေးဖို့ အကြံပြုခြင်းအားဖြင့် ကျွန်ုပ်တို့လည်း မိမိတို့၏နားထောင်သူများကို ကူညီပေးနိုင်ပါသည်။ ထို့နောက် ကိစ္စရပ်များကို ယေဟောဝါ၏ရှုထောင့်မှနေ၍ရှုမြင်ရန် သူတို့အားလှုံ့ဆော်ပေးပါ။

      သက်ဆိုင်ပုံကိုတင်ပြပါ

      “ပညာသည် အမြတ်ဆုံးသောအရာဖြစ်သည်” ကို ကောင်းသောသွန်သင်သူတစ်ယောက်သိသည်။ (သု. ၄:၇) ဉာဏ်ပညာသည် ပြဿနာများကိုဖြေရှင်းရန်၊ အန္တရာယ်များကိုရှောင်ကြဉ်ရန်၊ ရည်ရွယ်ချက်ပန်းတိုင်များသို့ရောက်ရန်၊ အခြားသူများအားကူညီရန် အသိပညာကို ကောင်းစွာအသုံးချတတ်သည့်စွမ်းရည်ဖြစ်သည်။ သင်သားများ ယင်းကိုအသုံးချတတ်ဖို့ ကူညီပေးရန်မှာ သွန်သင်သူ၏တာဝန်ဖြစ်သည်၊ သို့သော် သူတို့အတွက် ဆုံးဖြတ်ချက်များမချပေးဘဲ ကူညီပေးရန်ဖြစ်သည်။ သမ္မာကျမ်းစာမူအမျိုးမျိုးကိုဆွေးနွေးသောအခါ ကျိုးကြောင်းဆင်ခြင်ရန် သင်သားကိုကူညီပါ။ နေ့စဉ်ဘဝအသက်တာမှအခြေအနေတစ်ခုကို သင် ကိုးကားတင်ပြပေးမည် ထို့နောက် ထိုအခြေအနေနှင့် သူရင်ဆိုင်တွေ့ကြုံခဲ့ရပါက ယခုပင်လေ့လာပြီးခဲ့သည့်သမ္မာကျမ်းစာမူက သူ့ကိုမည်သို့ကူညီမည်ကို သင်သားအားမေးမြန်းပါ။—ဟေဗြဲ ၅:၁၄။

      စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် တမန်တော်ပေတရုသည် သူ၏ဟောပြောချက်၌ လူတို့၏အသက်တာကိုထိမိစေသည့် လက်တွေ့သက်ဆိုင်မှု၏ပုံသက်သေတစ်ရပ်ကို ဖော်ပြပေးခဲ့သည်။ (တ. ၂:၁၄-၃၆) လူအုပ် ယုံကြည်သည်ဟုဆိုထားသော ကျမ်းပိုဒ်သုံးပိုဒ်ကို သူဆွေးနွေးပြီးနောက် သူတို့အားလုံးမျက်မြင်ဖြစ်ခဲ့သည့် အဖြစ်အပျက်များအရ ယင်းတို့၏သက်ဆိုင်မှုကို ပေတရုတင်ပြခဲ့သည်။ ရလဒ်အနေဖြင့် လူအုပ်သည် သူတို့ကြားခဲ့သည့်အရာပေါ်လုပ်ဆောင်ဖို့ လိုအပ်ကြောင်း သိရှိခဲ့ကြသည်။ သင်၏သွန်သင်မှုသည် လူတို့အပေါ် အလားတူထိရောက်မှုမျိုးရှိသလော။ သင်သည် အချက်အလက်များကို ရွတ်ပြခြင်းထက်မကပြုကာ ထိုအရာများသည် အဘယ်ကြောင့် ဤသို့ဖြစ်ရကြောင်းနားလည်ရန် လူတို့ကိုကူညီပေးသလော။ သူတို့သင်ယူလေ့လာနေသည့်အရာများက သူတို့၏ဘဝကို မည်သို့အကျိုးသက်ရောက်စေသင့်ကြောင်း သုံးသပ်ဖို့ သူတို့ကိုအားပေးသလော။ ပင်တေကုတ္တေပွဲနေ့၌ လူအုပ်ပြောသကဲ့သို့ “အဘယ်သို့ပြုရပါမည်နည်း” ဟုသူတို့ကြွေးကြော်ချင်မှ ကြွေးကြော်ကြပေမည်၊ သို့သော် ကျမ်းစာကိုသင်ကောင်းစွာအသုံးချခဲ့ပါက သင့်လျော်သောလုပ်ဆောင်မှုပြုရန် သုံးသပ်ဖို့ သူတို့လှုံ့ဆော်ခံရပါလိမ့်မည်။—တ. ၂:၃၇။

      သားသမီးများနှင့်အတူ သမ္မာကျမ်းစာကိုဖတ်ရှုနေချိန်တွင် သမ္မာကျမ်းစာမူများ၏ လက်တွေ့ကျသက်ဆိုင်မှုနှင့်ပတ်သက်ပြီး စဉ်းစားရန် သူတို့အားလေ့ကျင့်ပေးဖို့ အသင်မိဘတို့တွင် အခွင့်အလမ်းကောင်းရရှိထားကြသည်။ (ဧ. ၆:၄) ဥပမာ၊ ဤအပတ်အတွက် ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်မှ အခန်းငယ်အနည်းငယ်ကိုသင်ရွေးချယ်ကာ ယင်းတို့၏အဓိပ္ပာယ်ကိုဆွေးနွေးနိုင်သည်၊ ယင်းနောက် ဤသို့သောမေးခွန်းများကိုမေးပါ– ‘ဤအချက်က ကျွန်ုပ်တို့ကို မည်သို့လမ်းညွှန်ပေးသနည်း။ ဓမ္မအမှုတွင် ထိုအခန်းငယ်များကို ကျွန်ုပ်တို့မည်သို့အသုံးပြုနိုင်မည်နည်း။ ယေဟောဝါနှင့် ကိုယ်တော့်ပြုမူပုံတို့နှင့်ပတ်သက်၍ ယင်းတို့က ဘာကိုဖော်ပြပြီး ကိုယ်တော်အပေါ် ကျွန်ုပ်တို့၏လေးမြတ်မှုကို မည်သို့တည်ဆောက်ပေးသနည်း။’ သီအိုကရက်တစ်ဓမ္မအမှုကျောင်း၌ ကျမ်းစာပေါ်လွင်ချက်များကို ဆွေးနွေးနေစဉ်အတွင်း ယင်းအချက်များအပေါ် မှတ်ချက်ပေးရန် သင့်မိသားစုကိုအားပေးပါ။ သူတို့မှတ်ချက်ပေးသည့်အခန်းငယ်များသည် သူတို့မှတ်မိသည့်အရာများဖြစ်နိုင်ဖွယ်ရှိမည်။

      ပုံသက်သေကောင်းပြပါ

      သင်သည် အပြောဖြင့်သာမက အလုပ်အားဖြင့်လည်း သွန်သင်သည်။ သင်၏လုပ်ဆောင်ချက်များက သင်ပြောဆိုသည့်အရာများကို မည်သို့ကျင့်သုံးရန် လက်တွေ့ပုံသက်သေတစ်ခုပေးသည်။ ထိုအရာက သားသမီးများသင်ယူသည့်နည်းဖြစ်သည်။ သူတို့၏မိဘများကို အတုယူသည့်အခါ မိဘများနှင့်တူလိုကြကြောင်း ထင်ရှားပြသည်။ မိမိတို့၏မိဘများပြုမူရာနှင့်တူအောင် လုပ်ရသည့်အရာကို သူတို့သိချင်ကြသည်။ ထိုနည်းတူပင်၊ သင်သွန်သင်ပေးသူတို့သည် ‘သင်သည် ခရစ်တော်နည်းတူကျင့်သကဲ့သို့ သင့်နည်းတူကျင့်သောသူတို့ဖြစ်လာ’ သည့်အခါ ယေဟောဝါ၏နည်းလမ်းတော်များ၌ လျှောက်လှမ်းခြင်း၏ကောင်းချီးများကို သူတို့စတင်တွေ့ရှိကြသည်။ (၁ ကော. ၁၁:၁) သူတို့နှင့်ဘုရားသခင့်ဆက်ဆံရေးသည် သူတို့ကိုယ်ပိုင်တွေ့ကြုံမှုများ၏အစိတ်အပိုင်း ဖြစ်လာသည်။

      ယင်းသည် သင့်လျော်သောပုံသက်သေပြခြင်း၏ အပိုအလိုမပါသောသတိပေးချက်တစ်ခုဖြစ်သည်။ “[ကျွန်ုပ်တို့သည်] သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းအားဖြင့် အဘယ်သို့သောသူ” မျိုးဖြစ်ခြင်းသည် သမ္မာကျမ်းစာမူများအသုံးချပုံကို ကျွန်ုပ်တို့သွန်သင်ပေးသူများအား အရှိအတိုင်းပြသရာတွင် အကြီးအကျယ်တာသွားမည်။ (၂ ပေ. ၃:၁၂) ကျမ်းစာသင်သားတစ်ဦးအား ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မှန်မှန်ဖတ်ရှုရန်အားပေးပါက ကိုယ်ကိုယ်တိုင် ၎င်းကိုဖတ်ရှုခြင်းနှင့်ပတ်သက်၍ လုံ့လဝီရိယရှိပါ။ သင်၏သားသမီးများအား သမ္မာကျမ်းစာမူများကိုလိုက်နာရန် သင်ယူစေလိုပါက သင့်အပြုအမူများသည် ဘုရားသခင့်အလိုတော်နှင့်အညီဖြစ်သည်ကို သူတို့တွေ့ မြင်ကြကြောင်းသေချာစေပါ။ ဓမ္မအမှုတွင် ဇွဲထက်သန်ရန် အသင်းတော်အားသွန်သင်လျှင်၊ ထိုအမှု၌ သင်အပြည့်အဝပါဝင်သည်ကိုမြင်စေပါ။ သင်သည် မိမိသွန်သင်သည့်အတိုင်း လက်တွေ့လုပ်လျှင် သင်သည် အခြားသူများအားလှုံ့ဆော်ပေးရန် သာ၍ကောင်းသောအနေအထားတွင်ရှိနေသည်။—ရော. ၂:၂၁-၂၃။

      သင်၏သွန်သင်ခြင်းတိုးတက်ရေးကို ထောက်ချင့်ကာ သင့်ကိုယ်သင်ဤသို့မေးပါ– “မိမိသွန်သင်ချက်ပေးသည့်အခါ ယင်းကိုကြားသူများ၏သဘောထားများ၊ အပြောအဆို သို့မဟုတ် အပြုအမူများကို ကွာခြားသွားစေသည့်နည်းဖြင့် သွန်သင်ပေးသလော။ ကိစ္စရပ်များကို ရှင်းလင်းစေရန် အယူအဆတစ်ခုနှင့်တစ်ခု သို့မဟုတ် လုပ်ဆောင်မှုလမ်းစဉ်တစ်ခုနှင့်တစ်ခုတို့ကို ခွဲခြားပြသလော။ မိမိ၏သင်သား၊ မိမိ၏သားသမီး သို့မဟုတ် မိမိ၏ပရိသတ်ကို စည်းဝေး၌ မိမိပြောဆိုသည့်အရာအားမှတ်မိစေရန် ကူညီပေးဖို့ အဘယ်အရာကို မိမိပြုလုပ်သနည်း။ သူတို့လေ့လာသင်ယူနေသည့်အရာကို မည်သို့လက်တွေ့ကျင့်သုံးဖို့ မိမိ၏နားထောင်သူများအား ရှင်းလင်းစွာပြသလော။ မိမိပုံသက်သေတွင် ယင်းကိုသူတို့တွေ့မြင်နိုင်သလော။ ဆွေးနွေးနေသည့်အကြောင်းအပေါ် သူတို့၏တုံ့ပြန်မှုက ယေဟောဝါနှင့် သူတို့၏ဆက်ဆံရေးအပေါ် မည်သို့သြဇာသက်ရောက်နိုင်ပုံကို သူတို့ သဘောပေါက်ပါသလော။’ (သု. ၉:၁၀) သွန်သင်သူတစ်ယောက်အနေဖြင့် စွမ်းရည်တိုးတက်စေရန် သင်ကြိုးစားသည်နှင့်အမျှ ထိုအရာများကိုဆက်၍အာရုံစူးစိုက်ပါ။ “ကိုယ်ကိုလည်းကောင်း၊ ကိုယ်ဆုံးမသြဝါဒကိုလည်းကောင်း သတိပြု၍ အမြဲတည်နေလော့။ ထိုသို့ပြုလျှင်၊ ကိုယ်ကိုလည်းကောင်း၊ နားထောင်သောသူတို့ကိုလည်းကောင်း ကယ်တင်လိမ့်မည်။”—၁ တိ. ၄:၁၆။

      သင့်သွန်သင်ခြင်း၌ ထိရောက်မှုရှိစေရန်

      • သင့်ကိုယ်ပိုင်စွမ်းရည်ကိုမဟုတ်ဘဲ ယေဟောဝါကို အားကိုးပါ

      • ဘုရားသခင့်နှုတ်ကပါဌ်တော်၏တန်ခိုးကို လေးမြတ်ပြီး ယင်းကိုကောင်းစွာအသုံးပြုပါ

      • မိမိထံအာရုံမစိုက်စေဘဲ ယေဟောဝါကိုဂုဏ်တင်ရန် သင့်ပန်းတိုင်ဖြစ်စေပါ

      • အခြားသူများ ရှင်းလင်းစွာနားလည်ဖို့ကူညီရာတွင် ကွဲပြားခြားနားချက်များကိုအသုံးပြုပါ

      • နားထောင်နေသူများကို စဉ်းစားဖို့ အားပေးပါ

      • မိမိတို့၏ရည်ရွယ်ချက်များနှင့်ခံစားချက်များကို ဆန်းစစ်ရန်တိုက်တွန်းပါ

      • သမ္မာကျမ်းစာအသိပညာက သူတို့၏ဘဝအသက်တာကို မည်သို့အကျိုးသက်ရောက်စေသင့်ကြောင်း ဆင်ခြင်သုံးသပ်ရန် နားထောင်သူများကိုအားပေးပါ

      • အတုယူထိုက်သောပုံသက်သေဖြစ်စေပါ

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ