ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဘာကြောင့် အသက်ဆက်ရှင်ဖို့လိုတာလဲ
    နိုးလော့!—၂၀၁၄ | ဧပြီ
    • စိတ်ပျက်နေတဲ့အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံဖို့စဉ်းစားနေ

      မျက်နှာဖုံးအကြောင်းအရာ

      ဘာကြောင့် အသက်ဆက်ရှင်ဖို့လိုတာလဲ

      သင်ဟာ နွယ်နီaနဲ့ ဆုံဖူးသူဖြစ်မယ်ဆိုရင် သူဟာ ဉာဏ်ထက်တဲ့သူ၊ ဖော်ရွေပြီး အပေါင်းအသင်းဆံ့သူလို့ မြင်မှာဖြစ်တယ်။ အပေါ်ယံအနေနဲ့ အဲဒီလို မြင်ရပေမဲ့လည်း နွယ်နီဟာ သူ့ကိုယ်သူ လုံးလုံးအသုံးမကျသူတစ်ယောက်လို့မြင်ပြီး ရက်အတော်ကြာ၊ အပတ်အတော်ကြာ၊ တစ်ခါတလေ လနဲ့ချီ စိတ်ကျနေသူဖြစ်တယ်။ “နေ့တိုင်းလိုလို သေချင်တဲ့စိတ်ပဲ ပေါ်နေတာ။ ဒီလောကမှာ ငါမရှိရင် ပိုကောင်းမယ်လို့ ခံစားရတယ်” ဆိုပြီး သူပြောပြတယ်။

      “လေ့လာမှုတွေအရ လူတစ်ယောက် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားချိန်မှာ အယောက် ၂၀၀ ဟာ မိမိကိုယ်ကိုယ်သတ်သေဖို့ ကြိုးစားပေမဲ့ မအောင်မြင်သူတွေဖြစ်ပြီး အယောက် ၄၀၀ က ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ စဉ်းစားနေကြတယ်ဆိုတာကို လေ့လာတွေ့ရှိရတယ်။”—ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့ထုတ် သတင်းစာ (THE GAZETTE)

      ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံတာတော့ လုံးဝမလုပ်ဘူးလို့ နွယ်နီပြောပါတယ်။ ဒါပေမဲ့ အသက်ရှင်ရတာ ဘာမျှော်လင့်ချက်မှမရှိဘူးလို့ တစ်ခါတစ်ခါ သူခံစားနေရတုန်းပဲ။ “မတော်တဆမှုတစ်ခုခုဖြစ်ပြီး သေသွားရင်ကောင်းမှာပဲ။ သေခြင်းကို ရန်သူလို့မထင်ဘူး။ မိတ်ဆွေလို့ပဲ ထင်တယ်” လို့သူပြောတယ်။

      လူတော်တော်များများဟာ နွယ်နီလို ခံစားနေရနိုင်ပြီး တချို့ဆိုရင် ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ စဉ်းစားခဲ့ဖူး ဒါမှမဟုတ် ကြိုးစားခဲ့ဖူးကြတယ်။ ပညာရှင်တွေရဲ့အဆိုအရ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတဲ့သူတွေဟာ တကယ်တမ်း သေချင်လို့တော့မဟုတ်ဘူး၊ ခံစားနေရတဲ့ဒုက္ခကနေ လွတ်ချင်လို့သာဖြစ်တယ်။ လိုရင်းပြောရရင် သူတို့မှာ သေသင့်တဲ့ အကြောင်းရင်းရှိတယ်လို့ ထင်နေကြတာ၊ တကယ်တမ်း သူတို့လိုအပ်တာက အသက်ဆက်ရှင်ဖို့လိုတဲ့ အကြောင်းရင်းဖြစ်တယ်။

      ဘာကြောင့် အသက်ဆက်ရှင်ဖို့လိုတာလဲ။ အသက်ဆက်ရှင်ဖို့လိုတဲ့ အကြောင်းရင်း သုံးခုကို သုံးသပ်ကြည့်ပါ။

      လူအများ ထင်မြင်ယူဆချက်– ကိုယ့်ကိုယ်ကိုယ်သတ်သေမှုအကြောင်း ပြောတာဟာ လူတွေကို ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ အားပေးရာရောက်တယ်။

      အဖြစ်မှန်– ဒီအကြောင်းကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးလိုက်တဲ့အခါ ကိုယ့်ကိုယ် ကိုယ်သေကြောင်းကြံဖို့ စဉ်းစားနေသူတွေကို ပြဿနာကိုတခြားနည်းနဲ့ဖြေရှင်းဖို့ ကူညီပေးရာရောက်တယ်။

      a နာမည်ပြောင်းထားပါတယ်။

  • ၁ အခြေအနေတွေ ပြောင်းလဲသွားနိုင်တဲ့အတွက်
    နိုးလော့!—၂၀၁၄ | ဧပြီ
    • မျက်နှာဖုံးအကြောင်းအရာ | ဘာကြောင့် အသက်ဆက်ရှင်ဖို့လိုတာလဲ

      ၁ အခြေအနေတွေ ပြောင်းလဲသွားနိုင်တဲ့အတွက်

      “ငါတို့သည် အဘက်ဘက်မှ ဖိနှိပ်ခံရသော်လည်း မလှုပ်ရှားနိုင်သည့်အထိ ကျဉ်းကျပ်မနေပါ။ ငါတို့သည် ကြံရာမရဖြစ်ကြသော်လည်း ထွက်ပေါက် လုံးဝမရှိဘဲ မနေပါ။”—၂ ကောရိန္သု ၄:၈။

      ကိုယ့်ကိုယ်ကိုယ်သတ်သေတယ်ဆိုတာက “ခေါင်းကိုက်တာပျောက်ချင်လို့ ခေါင်းကိုဖြတ်လိုက်တာနဲ့တူတယ်။” ယုံရခက်မှာဖြစ်ပေမဲ့လည်း ဘယ်လိုမှ ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ သင်ထင်နေတဲ့ ပြဿနာ၊ စိတ်ပျက်စရာအခြေအနေတစ်ခုဟာ မမျှော်လင့်ဘဲ ပိုကောင်းတဲ့အခြေအနေ ဖြစ်သွားနိုင်ပါတယ်။—“သူတို့ရဲ့အခြေအနေတွေ ပြောင်းလဲသွား” လေးထောင့်ကွက်ကို ကြည့်ပါ။

      အခြေအနေမပြောင်းလဲဘူးဆိုရင်တောင် ပြဿနာတွေကို တစ်နေ့စာတစ်နေ့ ဖြေရှင်းသွားတာက အကောင်းဆုံးဖြစ်တယ်။ “နက်ဖြန်နေ့အဖို့ ဘယ်သောအခါမျှ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိစိုးရိမ်စရာနှင့်မိမိ ရှိလိမ့်မည်။ ယနေ့ရှိသော မကောင်းမသင့်သောအရာတို့သည် ယနေ့အဖို့ လောက်ပေ၏” လို့ ယေရှုပြောခဲ့တယ်။—မဿဲ ၆:၃၄။

      ကိုယ့်အခြေအနေက ပြောင်းကိုပြောင်းလဲမှာ မဟုတ်ဘူးဆိုရင်ကော။ ဥပမာ၊ နာတာရှည်ရောဂါရှိနေတာ ဒါမှမဟုတ် အိမ်ထောင်ပြိုကွဲသွားတာ၊ ချစ်ရတဲ့သူ သေဆုံးသွားတာ စတာတွေ ဖြစ်နိုင်တယ်။

      အဲဒီလိုဖြစ်နေတယ်ဆိုရင်တောင် ပြောင်းလဲနိုင်တဲ့အရာ ရှိပါတယ်– အခြေအနေအပေါ် ကိုယ့်ရှုမြင်ပုံကို ပြောင်းလဲနိုင်ပါတယ်။ ပြောင်းလဲလို့မရတဲ့ အခြေအနေကို အရှိကိုအရှိအတိုင်း မြင်တတ်အောင် ကြိုးစားမယ်ဆိုရင် အခြေအနေကို အကောင်းဘက်ကနေ ရှုမြင်တတ်လာပါလိမ့်မယ်။ (သုတ္တံ ၁၅:၁၅) သေသွားတာ အကောင်းဆုံးပဲလို့ မမြင်တော့ဘဲ ပြဿနာကို ခံနိုင်ရည်ရှိရှိ ကိုင်တွယ်ဖြေရှင်းတတ်လာပါလိမ့်မယ်။ အကျိုးကျေးဇူးအနေနဲ့ အခြေအနေကိုတော့ ထိန်းချုပ်လို့မရနိုင်ပေမဲ့ ပြဿနာပေါ် ကိုယ့်ရဲ့ရှုမြင်ပုံကိုတော့ ထိန်းချုပ်နိုင်လာပြီ ဖြစ်တယ်။—ယောဘ ၂:၁၀။

      ဒီအချက်ကို သတိရပါ– ခြေတစ်လှမ်း တည်းနဲ့တော့ တောင်ပေါ်မရောက်နိုင်ပေမဲ့ တစ်လှမ်းပြီးတစ်လှမ်းတက်သွားရင်တော့ တောင်ပေါ်ရောက်သွားမှာပါ။ ကိုယ့်ရဲ့ပြဿနာက တောင်ကြီးလောက် ကြီးနေပါစေ အလားတူ ရင်ဆိုင်ဖြေရှင်းသွားနိုင်ပါတယ်။

      ဒီနေ့လုပ်နိုင်တဲ့အရာ– မိတ်ဆွေ၊ မိသားစုဝင် တစ်ယောက်ယောက်ကို ကိုယ့်အခြေအနေကို ပြောပြပါ။ သူက ကိုယ်ကြုံနေရတဲ့အခြေအနေကို ပိုလက်တွေ့ကျကျရှုမြင်ဖို့ အကူအညီပေးနိုင်ပါလိမ့်မယ်။—သုတ္တံ ၁၁:၁၄။

      သူတို့ရဲ့အခြေအနေတွေ ပြောင်းလဲသွား

      ဆက်အသက်မရှင်ချင်တော့တဲ့အထိ စိတ်ဓာတ်ကျခဲ့ကြပေမဲ့လည်း ဘုရားအပေါ် သစ္စာရှိခဲ့သူလေးယောက်အကြောင်းကို သုံးသပ်ကြည့်ပါ။

      • ရေဗက္က– “ထိုသို့ဖြစ်လျှင် ငါသည် အဘယ်ကြောင့် အသက်ရှင်ရအံ့နည်း။” —ကမ္ဘာဦး ၂၅:၂၂၊ သမ္မာ။

      • မောရှေ– “အကျွန်ုပ်ကို အလျှင်အမြန် သေစေတော်မူပါ။ ကိုယ်ဆင်းရဲကို ကိုယ်မသိမမြင်ပါစေနှင့်။”—တောလည်ရာ ၁၁:၁၅။

      • ဧလိယ– “အကျွန်ုပ်အသက်ကိုသိမ်းယူတော်မူပါ။ အကျွန်ုပ်သည် ဘိုးဘေးတို့ထက် သာ၍မကောင်းပါ။”—၃ ဓမ္မရာဇဝင် ၁၉:၄။

      • ယောဘ– “ငါသည် မွေးစက အဘယ်ကြောင့် မသေသနည်း။”—ယောဘ ၃:၁၁။

      သူတို့နဲ့ပတ်သက်တဲ့ ကျမ်းစာမှတ်တမ်းကို ဖတ်တဲ့အခါ သူတို့ရဲ့အခြေအနေတွေဟာ ထင်မထားတဲ့နည်းနဲ့ အကောင်းဘက် ပြောင်းလဲသွားတာကို တွေ့ရပါလိမ့်မယ်။ သင့်ရဲ့အခြေအနေလည်း အဲဒီလိုဖြစ်နိုင်ပါတယ်။ (ဒေသနာ ၁၁:၆) ဒါကြောင့် လက်မလျှော့ပါနဲ့။

  • ၂ အကူအညီတွေရနိုင်တဲ့အတွက်
    နိုးလော့!—၂၀၁၄ | ဧပြီ
    • မျက်နှာဖုံးအကြောင်းအရာ | ဘာကြောင့် အသက်ဆက်ရှင်ဖို့လိုတာလဲ

      ၂ အကူအညီတွေရနိုင်တဲ့အတွက်

      “[ဘုရားသခင်]သည် သင်တို့ကို ဂရုစိုက်တော်မူသောကြောင့် စိုးရိမ်စရာရှိသမျှကို ကိုယ်တော့်ထံ ပုံအပ်ထားလော့။”—၁ ပေတရု ၅:၇။

      ဘယ်လိုမှ ထွက်ပေါက်မရှိဘူးလို့ ခံစားရတဲ့အခါ အသက်ရှင်နေတာထက် သေသွားတာက ပိုကောင်းတယ်လို့ ခံစားရနိုင်တယ်။ သင့်ကို အကူအညီဖြစ်စေနိုင်မယ့် အချက်တချို့ကို စဉ်းစားကြည့်ပါ။

      ဆုတောင်းခြင်း။ ဆုတောင်းတယ်ဆိုတာက စိတ်သက်သာရာရစေတဲ့ စိတ်ကုထုံး တစ်ခုလောက်ပဲမဟုတ်ဘူး။ သင့်ကို ဂရုစိုက်တဲ့ ယေဟောဝါဘုရားသခင်နဲ့ စကားပြောခြင်းဖြစ်တယ်။ ယေဟောဝါဘုရားသခင်က သင့်ရဲ့စိုးရိမ်ပူပန်မှုတွေကို ပြောပြစေချင်တယ်။ သမ္မာကျမ်းစာက “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ချထားလော့။ သင့်ကိုမစတော်မူမည်” လို့အားပေးထားပါတယ်။—ဆာလံ ၅၅:၂၂။

      ဒီနေ့ပဲ ဘုရားသခင်ကို ဆုတောင်းစကားပြောကြည့်ပါ။ ယေဟောဝါဆိုတဲ့ နာမတော်ကိုသုံးပြီး သင့်စိတ်ထဲရှိတဲ့စကားတွေ ပြောကြည့်ပါ။ (ဆာလံ ၆၂:၈) ယေဟောဝါဘုရားသခင်က မိမိကို မိတ်ဆွေတစ်ဦးအနေနဲ့ သိကျွမ်းလာဖို့ အလိုရှိပါတယ်။ (ဟေရှာယ ၅၅:၆; ယာကုပ် ၂:၂၃) ဘယ်နေရာမှာပဲရှိရှိ၊ ဘယ်အချိန်ပဲဖြစ်ဖြစ် သင် ရင်ဖွင့်စကားပြောနိုင်တဲ့ နည်းလမ်းက ဆုတောင်းခြင်းဖြစ်တယ်။

      အမေရိကန်နိုင်ငံမှာ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်မှုမဖြစ်အောင် ကာကွယ်ပေးတဲ့ အဖွဲ့အစည်းရဲ့အဆိုအရ “အကြီးအကျယ်ကိုယ်စိတ်ဆင်းရဲပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့သူတွေထဲက ၉၀ ရာခိုင်နှုန်းကျော်ဟာ သေဆုံးချိန်မှာ စိတ်ပိုင်း ဆိုင်ရာ ဝေဒနာခံစားနေရသူတွေဖြစ်ကြောင်း တွေ့ရတယ်။ ဒါပေမဲ့ သူတို့တွေဟာ များသောအားဖြင့် အဲဒီဝေဒနာခံစားနေရတယ်ဆိုတာ မသိကြဘူး၊ ရောဂါ လက္ခဏာမပြဘူး၊ လိုအပ်တဲ့ ဆေးကုသမှု မခံယူခဲ့ကြဘူး။”

      သင့်ကိုဂရုစိုက်သူများ။ သင့်ရဲ့အသက်ဟာ သင့်မိသားစုဝင်တွေ၊ သင့်ကိုဂရုစိုက် စိုးရိမ်ကြတဲ့ မိတ်ဆွေတွေအပါအဝင် တခြားသူတွေအတွက် အရေးပါပါတယ်။ သင့်ကိုဂရုစိုက်သူတွေထဲမှာ သင်တစ်ခါမှ မတွေ့ဖူးတဲ့သူတွေလည်း ပါတယ်။ ဥပမာ၊ ယေဟောဝါသက်သေတွေဟာ အိမ်တွေကိုသွားပြီး ကျမ်းစာသတင်းစကား ဝေမျှတဲ့အခါ အကြီးအကျယ် စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့သူတွေကို တွေ့ရတယ်။ သူတို့ထဲကတချို့ဆိုရင် ကြံရာမရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ စဉ်းစားနေကြသူတွေဖြစ်ကြောင်း ဝန်ခံကြတယ်။ ယေဟောဝါသက်သေတွေ တစ်အိမ်မှတစ်အိမ်သွားပြီး သတင်းကောင်းပြောပြတဲ့အလုပ်ဟာ အဲဒီလိုလူမျိုးတွေကို ကူညီဖို့ အခွင့်အရေးရစေပါတယ်။ ယေဟောဝါသက်သေတွေဟာ ယေရှုရဲ့ပုံသက်သေကိုတုပပြီး လူသားချင်းကို ဂရုစိုက်ကြပါတယ်။ သင့်ကိုလည်း ဂရုစိုက်ပါတယ်။—ယောဟန် ၁၃:၃၅။

      ပညာရှင်တွေဆီက အကူအညီ။ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်တာက များသောအားဖြင့် ဆေးကုသဖို့လိုတဲ့ စိတ်ကျဝေဒနာ၊ စိတ်ဝေဒနာခံစားနေရလို့ ဖြစ်တတ်တယ်။ အဲဒီလို စိတ်ဝေဒနာခံစားနေရတာဟာ ရှက်စရာမဟုတ်ပါဘူး၊ ဖျားနာပြီးဝေဒနာခံစားရတာနဲ့ အတူတူပါပဲ။ ဘယ်သူမဆို အအေးမိရောဂါဖြစ်တတ်သလို ဘယ်သူမဆို စိတ်ကျဝေဒနာ ခံစားရတတ်ပါတယ်၊ ဒါပေမဲ့ ကုသလို့ ရနိုင်ပါတယ်။a

      ဒီအချက်ကို သတိရပါ– စိတ်ကျဝေဒနာ ဆိုတဲ့ တွင်းနက်ကြီးထဲကနေ သင့်ဘာသာသင် တက်နိုင်မှာမဟုတ်ဘူး။ အကူအညီယူမယ်ဆိုရင်တော့ သင်အောင်မြင်နိုင်ပါတယ်။

      ဒီနေ့လုပ်ဆောင်နိုင်ရာ– စိတ်ကျဝေဒနာ လိုမျိုး စိတ်ဝေဒနာခံစားနေရသူတွေကို ကုသပေးရာမှာ နာမည်ကောင်းရထားတဲ့ ဆရာဝန်ကို ရှာပါ။

      a ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်ချင်စိတ် ပြင်းပြနေပြီး စိတ်ထဲကနေ မပျောက်နိုင်ဖြစ်နေမယ်ဆိုရင်တော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အရေးပေါ်အကူအညီပေးရေးအဖွဲ့ ဒါမှမဟုတ် ဆေးရုံ အရေးပေါ်ဌာနကနေ အကူအညီရနိုင်မနိုင် စုံစမ်းကြည့်ပါ။ အဲဒီမှာ ကူညီပေးဖို့ လေ့ကျင့်ပေးထားတဲ့ ဝန်ထမ်းတွေ ရှိပါတယ်။

  • ၃ မျှော်လင့်ချက်ရှိတဲ့အတွက်
    နိုးလော့!—၂၀၁၄ | ဧပြီ
    • ဘုရားသခင့်ကတိတော်တွေကို အခိုင်အမာယုံကြည်တဲ့ အမျိုးသား

      မျက်နှာဖုံးအကြောင်းအရာ | ဘာကြောင့် အသက်ဆက်ရှင်ဖို့လိုတာလဲ

      ၃ မျှော်လင့်ချက်ရှိတဲ့အတွက်

      “စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။”—ဆာလံ ၃၇:၁၁။

      လူ့ဘဝဟာ “အသက်တို၍ ဒုက္ခနှင့်ပြည့်စုံပါ၏” ဆိုပြီး သမ္မာကျမ်းစာက အသိအမှတ်ပြုပါတယ်။ (ယောဘ ၁၄:၁) ဒီနေ့အချိန်မှာ ယောက်စီယောက်တိုင်းဟာ ဒုက္ခတစ်မျိုးမဟုတ်တစ်မျိုးကို ရင်ဆိုင်နေကြရတယ်။ တချို့ကတော့ ဘာမျှော်လင့်ချက်ရောင်ခြည်မှ မရှိဘဲ ဘဝကို လုံးလုံးစိတ်ကုန်နေကြတယ်။ အဲဒီလို ခံစားနေရပါသလား။ ခံစားနေရတယ်ဆိုရင်တော့ သမ္မာကျမ်းစာမှာ သင့်အတွက်သာမက လူသားအားလုံးအတွက် မျှော်လင့်ချက် ဖော်ပြပေးထားတယ်ဆိုတာ ယုံကြည် စိတ်ချပါ။ ဥပမာ–

      • ယေဟောဝါဘုရားသခင်ဟာ လူသားတွေကို ပျော်ရွှင်စွာအသက်ရှင်ဖို့ ရည်ရွယ်ခဲ့တာဖြစ်တယ်ဆိုပြီး သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။—ကမ္ဘာဦး ၁:၂၈။

      • ကမ္ဘာတစ်ခွင်လုံး ငြိမ်းချမ်းသာယာတဲ့ဥယျာဉ်ကြီး ဖြစ်လာမယ်လို့ ယေဟောဝါဘုရား ကတိပြုထားတယ်။—ဟေရှာယ ၆၅:၂၁-၂၅။

      • အဲဒီကတိတော် ပြည့်စုံလာမယ်ဆိုတာ သေချာပါတယ်။ ဗျာဒိတ်ကျမ်း ၂၁:၃၊ ၄ မှာ ဒီလိုဖော်ပြထားပါတယ်–

        “ဘုရားသခင်၏ တဲတော်သည် လူသားတို့နှင့်အတူရှိ၍ ကိုယ်တော်သည် သူတို့နှင့်အတူ နေတော်မူမည်။ သူတို့သည်လည်း ကိုယ်တော်၏လူမျိုးတော် ဖြစ်ကြလိမ့်မည်။ ဘုရားသခင် ကိုယ်တော်တိုင်လည်း သူတို့နှင့်အတူ ရှိတော်မူမည်။ ကိုယ်တော်သည် သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။ ယခင်အရာများသည် ကွယ်ပျောက်လေပြီ။”

      အဲဒီစကားတွေဟာ ဖြစ်ချင်တဲ့ဆန္ဒလောက်ပဲ မဟုတ်ပါဘူး။ ယေဟောဝါဘုရားမှာ အဲဒီလိုဖြစ်အောင် လုပ်ဆောင်နိုင်တဲ့တန်ခိုးရှိတဲ့အပြင် လုပ်ဆောင်ပေးချင်တဲ့ ဆန္ဒလည်းရှိတဲ့အတွက် အမှန်တကယ်ဖြစ်လာပါလိမ့်မယ်။ သမ္မာကျမ်းစာကတိတွေဟာ ပြည့်စုံလာမှာ သေချာတဲ့အတွက် ဒါဟာ အသက်ဆက်ရှင်ဖို့လိုတဲ့ အခိုင်လုံဆုံးအကြောင်းရင်းဖြစ်ပါတယ်။

      ဒီအချက်ကို သတိရပါ– သင့်ရဲ့စိတ်ဟာ လှိုင်းလေထန်တဲ့ ပင်လယ်ပြင်မှာရှိနေတဲ့ သင်္ဘောလို ဘယ်ညာလူးလွန့်ပြီး နိမ့်တုံမြင့်တုံဖြစ်နေတယ်ဆိုရင် သမ္မာကျမ်းစာမျှော်လင့်ချက်ဟာ သင့်စိတ်ကို တည်ငြိမ်အောင်ကူညီပေးနိုင်တဲ့ ကျောက်ဆူးဖြစ်ပါတယ်။

      ဒီနေ့လုပ်ဆောင်နိုင်ရာ– သမ္မာကျမ်းစာထဲမှာ အနာဂတ်နဲ့ပတ်သက်ပြီး ဘာမျှော်လင့်ချက်တွေ ပါသလဲဆိုတာ စတင်လေ့လာကြည့်ပါ။ ယေဟောဝါသက်သေတွေက သင့်ကို ဝမ်းသာအားရ ကူညီပေးလိုကြပါတယ်။ သင့်ဒေသမှာရှိတဲ့ ယေဟောဝါသက်သေတွေနဲ့ ဆက်သွယ်နိုင်တယ်။ ဒါမှမဟုတ် jw.org/mya ဝက်ဘ်ဆိုက်မှာ ဝင်ကြည့်နိုင်ပါတယ်။a

      a အကြံပြုချက်– jw.org/mya က ဒီခေါင်းစဉ်အောက်မှာကြည့်ပါ– စာအုပ်စာပေများ > အွန်လိုင်းစာကြည့်တိုက်။ “စိတ်ကျဝေဒနာ” စတဲ့ အဓိကစကားလုံးတွေကို ရိုက်ထည့်ပြီး ရှာနိုင်ပါတယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ