အခန်း ၂၇
ဆုတောင်းခြင်းမှတစ်ဆင့် မစမှု မည်သို့ရနိုင်ပုံ
၁။ ဘုရားသခင့်ထံတော်မှ ကျွန်ုပ်တို့အဘယ်အကူအညီရဖို့လိုသနည်း။ ၎င်းကို မည်သို့ရသနည်း။
ဤလော၏ ဩဇာဆိုးနှင့် ကင်းဝေးအောင် ခရစ်ယာန်များသည် အထူးသဖြင့် ဆုတောင်းခြင်းမှတစ်ဆင့် မစကူညီမှုရယူအပ်သည်။ ယေရှုက ကောင်းကင်ဘုံရှင် “အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို . . . ပေးတော်မူမည်” ဟု မိန့်တော်မူ၏။ (လုကာ ၁၁:၁၃) ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဖတ်ရှုရန် ကိုယ်တော့်အဖွဲ့အစည်းနှင့် ပေါင်းသင်းရန် လိုအပ်သကဲ့သို့ ကိုယ်တော့်သန့်ရှင်းသောဝိညာဉ်တော်၊ သို့မဟုတ် ထက်မြက်သောစွမ်းအားကိုလည်း လိုအပ်၏။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်ရရန် ကျွန်ုပ်တို့ ဆုတောင်းရမည်။
၂။ (က) ဆုတောင်းခြင်းကား အဘယ်နည်း။ (ခ) ဆုတောင်းခြင်းပုံစံအမျိုးမျိုးကား အဘယ်နည်း။ (ဂ) ဆုတောင်းရန် အဘယ်ကြောင့် အရေးကြီးသနည်း။
၂ ဆုတောင်းခြင်းဆိုသည်မှာ ဘုရားသခင်ထံ ရိုသေစွာ စကားပြောခြင်းဖြစ်သည်။ ဘုရားသခင်ထံမှ တစ်စုံတစ်ခုကို တောင်းလျှောက်သည့်အခါမျိုးမှာကဲ့သို့ တောင်းလျှောက်ခြင်းပုံစံဖြင့် ဆုတောင်းနိုင်သည်။ သို့သော် ဘုရားသခင်အား ကျေးဇူးတင်စကားပြောခြင်း၊ သို့မဟုတ် ချီးမွမ်းခြင်းလည်း ဖြစ်နိုင်သည်။ (၁ ရာဇဝင်ချုပ် ၂၉:၁၀-၁၃) ကျွန်ုပ်တို့၏ ကောင်းကင်ခမည်းတော်နှင့် ကောင်းသောဆက်ဆံရေးရရှိနိုင်ရန် ဆုတောင်းခြင်းပုံစံဖြင့် ကိုယ်တော်နှင့် မှန်မှန်စကားပြောရမည်။ (ရောမ ၁၂:၁၂; ဧဖက် ၆:၁၈) တောင်းလျှောက်ခြင်းဖြင့်ရရှိသော ကိုယ်တော်၏ ထက်မြက်သည့်စွမ်းအားသည် ကျွန်ုပ်တို့အပေါ်သို့ စာတန်နှင့် သူ၏လောက သက်ရောက်စေသည့် မည်သည့်သွေးဆောင်မှုကိုမျှမမှုဘဲ အလိုတော်ကိုဆောင်နိုင်ရန် ကျွန်ုပ်တို့အား ခွန်အားပေးနိုင်သည်။—၁ ကောရိန္သု ၁၀:၁၃; ဧဖက် ၃:၂၀။
၃။ (က) ဘုရားသခင်ထံမှ အဘယ်ခွန်အား ရရှိနိုင်သနည်း။ (ခ) မည်သို့ပြုမှသာ ဘုရားသခင်နှင့် ကောင်းသောဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်မည်နည်း။
၃ သင်သည် ဘုရားသခင်မကြိုက်သောအကျင့်တစ်ခုခုကို ဖျောက်ဖျက်ရာ၌ ပြင်းပြင်းထန်ထန် တိုက်လှန်နေရကောင်း နေရမည်။ သို့ဖြစ်လျှင် ယေဟောဝါထံ မစမှုကို ရှာပါ။ ကိုယ်တော်ထံ ဆုတောင်းပါ။ တမန်တော်ပေါလု ထိုသို့ပြု၏။ ဤသို့လည်း ရေးခဲ့သည်– “ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသော အရှင်အားဖြင့် ခပ်သိမ်းသောအမှုကို ငါတတ်စွမ်းနိုင်၏။” (ဖိလိပ္ပိ ၄:၁၃၊ သမ္မာ; ဆာလံ ၅၅:၂၂; ၁၂၁:၁၊ ၂) စာရိတ္တပျက်လမ်းစဉ်တစ်ရပ်မှ ရုန်းကန်လွတ်မြောက်ခဲ့သူ အမျိုးသမီးတစ်ဦးက ဤသို့ဆို၏– “အဲဒီလိုအခြေအနေမျိုးက လွတ်မြောက်အောင် ကူညီပေးနိုင်တဲ့ အစွမ်းရှိတဲ့သူဟာ ကိုယ်တော်တစ်ပါးတည်းသာ ဖြစ်ပါတယ်။ ယေဟောဝါနဲ့ အဲဒီလို နှစ်ကိုယ်ကြားဆက်ဆံရေး ရှိကိုရှိမှ ဖြစ်မယ်။ အဲဒီဆက်ဆံရေးကို ထိန်းသိမ်းတဲ့နေရာမှာလည်း ဆုတောင်းခြင်းဆိုတဲ့ နည်းတစ်နည်းပဲ ရှိတယ်။”
၄။ လူတစ်ဦးသည် ဆေးလိပ်ဖြတ်ရန် မည်သို့ခွန်အား ရရှိခဲ့သနည်း။
၄ သို့တစေ ‘အကူအညီအတွက် ဘုရားသခင်ဆီမှာ ကျွန်တော်ဆုတောင်းခဲ့တာ အကြိမ်ပေါင်းမနည်းတော့ဘူး၊ ဒါလဲ မကောင်းမှုမလုပ်ဘဲ မနေနိုင်သေးဘူး’ ဟု တစ်ယောက်သောသူက ဆိုမည်။ ဆေးလိပ်သောက်သူများ ထိုသို့ပြောခဲ့ကြသည်။ “ခင်ဗျား ဘယ်အချိန်မှာ ဆုတောင်းသလဲ” ဟု ထိုသို့ပြောသောသူတစ်ယောက်ကို မေးသောအခါ သူက ဤသို့ဖြေ၏– “ညအိပ်ရာမဝင်ခင်၊ မနက်အိပ်ရာထတဲ့အခါ၊ ပြီးတော့ ကျွန်တော်အားနည်းပြီး ဆေးလိပ်သောက်မိတဲ့အခါတွေမှာ လုပ်မိခဲ့တဲ့ အမှားတွေအတွက် ဝမ်းနည်းပါတယ်ဆိုပြီး ယေဟောဝါကို ကျွန်တော်ပြောပါတယ်။” သူ့မိတ်ဆွေက “ဘုရားသခင်ရဲ့ ကူညီမစမှုကို ခင်ဗျားတကယ်လိုအပ်နေတဲ့အချိန်ဟာ ခင်ဗျားဆေးလိပ်ကို လက်လှမ်းယူတဲ့အချိန်ပဲမဟုတ်လား။ ခင်ဗျား ယေဟောဝါဆီမှာ ဆုတောင်းပြီး ခွန်အားယူရမယ့်အချိန်ဟာ အဲဒီအချိန်ပဲ” ဟုပြောပြ၏။ ထိုသူ ဤသို့ပြုသောအခါ ဆေးလိပ်ဖြတ်ရန် ကူညီမစမှု ရရှိခဲ့လေသည်။
၅။ (က) ဘုရားသခင်ကို လျောက်ပတ်စွာ ဝတ်ပြုနိုင်ရန် အဘယ်အရာလိုသနည်း။ (ခ) အပြစ်ရှိသောအကျင့်ကို စွန့်ပယ်ရာတွင် ဆင်းရဲခံရကြောင်း အဘယ်အဖြစ်က ပြသနည်း။
၅ သို့ရာတွင် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို လေ့လာသုံးသပ်ခြင်း၊ ကိုယ်တော့်မျက်မြင်ရအဖွဲ့အစည်းနှင့် ပေါင်းသင်းခြင်းအပြင် ဆုတောင်းခြင်းပြုရုံနှင့် မှန်ရာလုပ်ကိုင်ရန် လွယ်ကူလာမည်ဟု ပြောနေခြင်းမဟုတ်။ လုံ့လစိုက်ထုတ်ရန်လိုသေး၏; ဟုတ်ပါသည်။ ဆင်းရဲခံခြင်း အပါအဝင် ပြင်းထန်သောတိုက်လှန်ခြင်းလို၏။ (၁ ကောရိန္သု ၉:၂၇) အကျင့်ဆိုးကြောင့် ဆိုးသောအရာကို အငမ်းမရ တမ်းတမိတတ်သည်။ ထို့ကြောင့် အပြစ်ရှိသောအလုပ်ကို စွန့်သောအခါ လူသည် ဆင်းရဲခံရလေ့ရှိ၏။ သင်သည် မှန်ရာကိုလုပ်ဖို့ စိတ်လိုကိုယ်လျောက် ဆင်းရဲခံရန် အသင့်ရှိသလော။—၁ ပေတရု ၂:၂၀၊ ၂၁။
ဘုရားသခင်နားညောင်းတော်မူသော ပတ္ထနာများ
၆။ (က) လူတော်တော်များများ ဆုတောင်းဖို့ အဘယ်ကြောင့် အခက်တွေ့ကြသနည်း။ (ခ) ဆုတောင်းချက်ကို ဘုရားသခင်နားညောင်းစေရန် ကျွန်ုပ်တို့ ဘာလိုသနည်း။
၆ လူအမြောက်အမြားသည် ဆုတောင်းရန် အခက်တွေ့ကြ၏။ မိန်းမငယ်တစ်ဦးက “ကျွန်မ မမြင်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးစီမှာ ဆုတောင်းရတာ အခက်တွေ့နေတယ်” ဟု ဝန်ခံခဲ့၏။ မည်သည့်လူသားမျှ ဘုရားသခင်ကို မမြင်ဖူးသဖြင့် ဆုတောင်းရန်နှင့် နားညောင်းတော်မူခြင်းခံရရန် ယုံကြည်ခြင်းလို၏။ ယေဟောဝါ တကယ်တည်ရှိကြောင်း၊ ကျွန်ုပ်တို့တောင်းလျှောက်ရာကို ကိုယ်တော်ပြုလုပ်ပေးနိုင်ကြောင်းကို ယုံကြည်ရန် လိုသည်။ (ဟေဗြဲ ၁၁:၆) ထိုသို့သောယုံကြည်ခြင်းရှိ၍ ရိုးစင်းသောနှလုံးဖြင့် အထံတော်သို့ချဉ်းကပ်လျှင် ကျွန်ုပ်တို့ကို ကိုယ်တော်အမှန် မစမည်ဟု စိတ်ချနိုင်သည်။ (မာကု ၉:၂၃) သို့နှင့် ရောမတပ်မှူး ကော်နေလိသည် ထိုအချိန်၌ ဘုရားသခင့်အဖွဲ့အစည်းတွင် မပါဝင်သေးသော်လည်း လမ်းညွှန်မှုအတွက် စိတ်ရင်းမှန်ဖြင့် ဆုတောင်းသောအခါ သူ့ဆုတောင်းချက်ကို ကိုယ်တော်နားညောင်းတော်မူခဲ့သည်။—တမန်တော် ၁၀:၃၀-၃၃။
၇။ (က) မည်သို့သောဆုတောင်းချက်များကို ဘုရားသခင် နှစ်သက်တော်မူသနည်း။ (ခ) မည်သို့သောဆုတောင်းချက်များကို ဘုရားသခင် နားညောင်းတော်မူမည် မဟုတ်သနည်း။
၇ အချို့ပုဂ္ဂိုလ်များသည် မိမိတို့ပြောလိုရာကို စကားဖြင့် မဖော်ပြနိုင်ဘဲ အကျပ်တွေ့ကြ၏။ သို့ရာတွင် ယင်းအတွက်နှင့် ဘုရားသခင်ထံ ဆုတောင်းပြီး မလျှောက်ကြားဘဲ မနေသင့်။ ကျွန်ုပ်တို့လိုအပ်ရာကို ကိုယ်တော်သိ၍ ကျွန်ုပ်တို့ပြောလိုရာကို နားလည်မည်ဟု စိတ်ချနိုင်သည်။ (မဿဲ ၆:၈) စဉ်းစားကြည့်ပါ– ကလေးတစ်ယောက်ထံမှ အဘယ်သို့သောစကားကို သင်ကြားလိုသနည်း။ သူ၏ ရိုးစင်းသော ကျေးဇူးတင်စကားလော။ သို့မဟုတ် တစ်ယောက်ယောက်က သူ့ကို အထူးသင်ပေးထားသောစကားလော။ ကျွန်ုပ်တို့၏ ကောင်းကင်ခမည်းတော်သည်လည်း ကျွန်ုပ်တို့ထံမှ စိတ်နှလုံးထဲမှ ထွက်ပေါ်လာသည့်စကားကို ကြားလို၏။ (ယာကုပ် ၄:၆; လုကာ ၁၈:၉-၁၄) အထူးအသုံးအနှုန်း၊ ဘာသာရေးဆန်ဆန်စကားလုံးများ မလိုပါ။ အခြားသူများ အထင်ကြီးစေရန် တစ်မူထူးသည့်လေသံ၊ သို့မဟုတ် စကားကြီးစကားကျယ်ဖြင့် ဆုတောင်းသောသူများကို ကိုယ်တော် နားပင်ထောင်မည်မဟုတ်။ ရိုးစင်းသည့်သဘောဖြင့်မဟုတ်ဘဲ အကြောင်းတစ်မျိုးတည်းကို ထပ်ခါတလဲလဲ ရွတ်ဆိုကြသူများကိုလည်း နားထောင်တော်မူမည်မဟုတ်။—မဿဲ ၆:၅၊ ၇။
၈။ (က) အသံတိတ်ဆုတောင်းခြင်းကို ဘုရားသခင် ကြားနာနိုင်ကြောင်း အဘယ်အဖြစ်က ပြသနည်း။ (ခ) တစ်စုံတစ်ခုသောနေရာ၌ တစ်မျိုးတစ်မည်သော ကိုယ်ဟန်အနေအထားဖြင့် ဆုတောင်းရမည်ဟု ကျမ်းစာက ပြဆိုသလော။
၈ အသင်တိတ်ဆိတ်စွာ ဆုတောင်းသည့်အခါမှာပင် ဘုရားသခင်ကြားတော်မူ၏။ နေဟမိထိုသို့တောင်းသောအခါ သူ၏ရိုးစင်းသော တောင်းလျှောက်ချက်ကို ဘုရားသခင်နားညောင်းတော်မူခဲ့သည်။ ဟန္နကိုလည်း ထို့အတူပြုတော်မူ၏။ (နေဟမိ ၂:၄-၈; ၁ ဓမ္မရာဇဝင် ၁:၁၁-၁၃၊ ၁၉၊ ၂၀) ဆုတောင်းခြင်းအနေအထားသည်လည်း အရေးမကြီးပါ။ မည်သည့်အနေအထားဖြင့်မဆို၊ မည်သည့်နေရာ၌မရွေး၊ အဘယ်အချိန်ဖြစ်ဖြစ် ဆုတောင်းနိုင်သည်။ သို့ရာတွင် ခေါင်းငုံ့၊ ဒူးထောက် စသောစိတ်နှိမ့်ချသည့်အနေအထားက သင့်လျော်သည်ဟုကျမ်းစာပြဆို၏။ (၃ ဓမ္မရာဇဝင် ၈:၅၄; နေဟမိ ၈:၆; ဒံယေလ ၆:၁၀; မာကု ၁၁:၂၅; ယောဟန် ၁၁:၄၁) တစ်ကိုယ်တည်းဆုတောင်းသောအခါ အခြားသူများမမြင်သာသည့် ဆိတ်ကွယ်ရာနေရာ၌ ဆုတောင်းလျှင်ကောင်းကြောင်း ယေရှုပြဆိုခဲ့သည်။—မဿဲ ၆:၆။
၉။ (က) မည်သူ့ထံ ကျွန်ုပ်တို့ဆုတောင်းရမည်နည်း။ အဘယ်ကြောင့်နည်း။ (ခ) ကျွန်ုပ်တို့၏ ဆုတောင်းချက်များကို ဘုရားသခင် လက်ခံစေရန် မည်သူ့နာမ၌ တောင်းလျှောက်ရမည်နည်း။
၉ ဆုတောင်းခြင်းသည် ကျွန်ုပ်တို့၏ကိုးကွယ်မှု တစ်စိတ်တစ်ဒေသဖြစ်သည်။ ယင်းကြောင့် ကျွန်ုပ်တို့၏ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်မှလွဲ၍ မည်သူ့ထံမျှ ဆုမတောင်းသင့်။ (မဿဲ ၄:၁၀) ခရစ်ယာန်တို့အနေဖြင့် ကျွန်ုပ်တို့အပြစ်ကိုဆောင်ယူရန် အသက်တော်စွန့်ခဲ့သော ယေရှုခရစ်မှတစ်ဆင့် ဘုရားသခင်အထံတော်သို့ ချဉ်းကပ်ရမည်ဟု ကျမ်းစာကပြဆို၏။ ယေရှုနာမတော်၌ ကျွန်ုပ်တို့ဆုတောင်းရမည်ကို ဆိုလိုသည်။—ယောဟန် ၁၄:၆၊ ၁၄; ၁၆:၂၃; ဧဖက် ၅:၂၀; ၁ ယောဟန် ၂:၁၊ ၂။
၁၀။ (က) မည်သူတို့၏ ဆုတောင်းချက်ကို ဘုရားသခင် နှစ်သက်တော်မမူသနည်း။ (ခ) ကျွန်ုပ်တို့၏ ဆုတောင်းချက်ကို ဘုရားသခင် နားညောင်းစေလိုလျှင် အဘယ်အခြေခံ စည်းကမ်းချက်နှင့် ညီညွတ်ရမည်နည်း။
၁၀ သို့ရာတွင် ပတ္ထနာစကားအားလုံးကို ယေဟောဝါ နှစ်သက်သလော။ ကျမ်းစာ၌ ဤသို့ဆို၏– “တရားမနာ၊ လွှဲသွားသောသူသည် ဆုတောင်းသော်လည်း သူ၏ပတ္ထနာစကားသည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။” (သု၊ ၂၈:၉; ၁၅:၂၉; ဟေရှာယ ၁:၁၅) ထို့ကြောင့် ကျွန်ုပ်တို့၏ ပတ္ထနာစကားများကို ဘုရားသခင် နားညောင်းစေလိုလျှင် ကိုယ်တော့်အလိုတော်ကို ဆောင်ရမည်။ ပညတ်တော်များကို နာခံရမည်။ ဤကား အခြေခံလိုအပ်ချက်ဖြစ်သည်။ ထိုသို့မပြုလျှင် ကျွန်ုပ်တို့ကို နားညောင်းတော်မူမည်မဟုတ်။ ဖြောင့်မတ်သူတစ်ဦးသည် စာရိတ္တပျက်သည်ဟု ယူမှတ်သော ရေဒီယိုအစီအစဉ်ကို နားမထောင်သည့်နည်းတူပင်။ “ငါတို့သည် ပညတ်တော်တို့ကို စောင့်ရှောက်၍ နှစ်သက်တော်မူသောအကျင့်တို့ကို ကျင့်သောကြောင့် ဆုတောင်းသမျှတို့ကို ဘုရားသခင့်ထံတော်မှ ရကြ၏” ဟုကျမ်းစာဆို၏။—၁ ယောဟန် ၃:၂၂။
၁၁။ တောင်းသည့်ဆုနှင့်အညီ ပြုခြင်းဆိုရာမှာ ဘာကိုဆိုလိုသနည်း။
၁၁ သို့ဖြစ်၍ ကျွန်ုပ်တို့ဆုတောင်းသည့်အရာကို ရရန်လုပ်ဆောင်ရမည်ဖြစ်သည်။ ဥပမာ၊ ဆေးရွက်ကြီး (ဆေးလိပ်၊ စီးကရက်) သို့မဟုတ် မာရီဟွားနား (ဆေးခြောက်) ကိုဖြတ်ဖို့ ဘုရားသခင်ထံ အကူအညီတောင်းပြီးမှ ထိုအရာများကို သွားဝယ်လျှင် မှားပေလိမ့်မည်။ ထိုနည်းတူ စာရိတ္တပျက်မှုကို ရှောင်ရှားနိုင်ရန် မစတော်မူပါဟု ဆုတောင်းပြီးမှ စာရိတ္တပျက်ပြားမှုအကြောင်း ရေးသားဖော်ပြသော စာပေ၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားအစီအစဉ်တို့ကို ကြည့်ရှုလျှင်လည်း ဖြစ်မည်မဟုတ်။ သို့မဟုတ် လူတစ်ယောက်၏ အားနည်းချက်သည် လောင်းကစားခြင်းဖြစ်လျှင် ၎င်းကို ဖြတ်နိုင်ရန် ကူညီပါဟု ဆုတောင်းပြီး မြင်းပြိုင်ကွင်းစသော လောင်းကစားရာနေရာသို့သွားလျှင် ဖြစ်မည်မဟုတ်။ ကျွန်ုပ်တို့၏ ဆုတောင်းပတ္ထနာကို ဘုရားသခင်နားညောင်းစေလိုလျှင် ကျွန်ုပ်တို့စိတ်ရင်းခံဖြင့် တကယ်ရလို၍ တောင်းနေခြင်းဖြစ်ကြောင်း အပြုအမူအားဖြင့် ပြသရန်လိုသည်။
၁၂။ (က) ဆုတောင်းရာတွင် အဘယ်အရာများ ထည့်သွင်းတောင်းလျှောက်နိုင်သနည်း။ (ခ) ကျွန်ုပ်တို့၏ ဆုတောင်းချက်များသည် ဘုရားသခင့်စိတ်တော်တွေ့ ဖြစ်စေရန် အဘယ်အရာကို သင်အံရမည်နည်း။
၁၂ သို့ဖြစ်လျှင် ယေဟောဝါထံဆုတောင်းရာ၌ ကိုယ်ရေးကိုယ်တာနှင့်စပ်လျဉ်း၍ အဘယ်အရာများ ထည့်သွင်းတောင်းလျှောက်နိုင်သနည်း။ ကျွန်ုပ်တို့၏ ကာယကျန်းမာရေး၊ သားသမီးများမွေးမြူရေးအပါအဝင် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးနှင့် ပတ်သက်သမျှအတွက် တောင်းလျှောက်နိုင်သည်။ (၄ ဓမ္မရာဇဝင် ၂၀:၁-၃; တရားသူကြီး ၁၃:၈) တမန်တော်ယောဟန် ဤသို့ရေး၏– “အလိုတော်နှင့်အညီ တစ်စုံတစ်ခုသောဆုကိုတောင်းလျှင် ဘုရားသခင်သည် နားထောင်တော်မူ၏။” (၁ ယောဟန် ၅:၁၄) ထို့ကြောင့် အရေးကြီးသည်ကား ကျွန်ုပ်တို့တောင်းလျှောက်ချက်များသည် ဘုရားသခင့်အလိုတော်နှင့် ညီညွတ်ရမည်။ သို့ဖြစ်၍ အလိုတော် မည်သို့ရှိသည်ကို ဦးစွာသိရန်လိုသည်။ (သု၊ ၃:၅၊ ၆) ထို့နောက် ကျွန်ုပ်တို့ ကိုယ်ရေးကိုယ်တာအတွက်ချည်း ပူပန်နေမည့်အစား ဘုရားသခင့်အလိုတော်နှင့် ရည်ရွယ်ချက်ကိုထောက်၍ ဆုတောင်းလျှင် ယေဟောဝါလက်ခံတော်မူမည်။ ကျွန်ုပ်တို့အား ယေဟောဝါနေ့စဉ်ပေးတော်မူရာများအတွက် ကျေးဇူးတော်ကို ချီးမွမ်းခြင်းသည် လျောက်ပတ်၏။—ယောဟန် ၆:၁၁၊ ၂၃; တမန်တော် ၁၄:၁၆၊ ၁၇။
၁၃။ (က) ကျွန်ုပ်တို့ဆုတောင်းချက်တွင် အဘယ်အရာကို ဦးစားထားရမည်အကြောင်း ယေရှု မည်သို့တင်ပြတော်မူသနည်း။ (ခ) ဒုတိယအရေးကြီးသော အဘယ်အရာများအတွက် ကျွန်ုပ်တို့တောင်းလျှောက်သင့်သနည်း။
၁၃ မည်သို့သော ဆုတောင်းပတ္ထနာကို ဘုရားသခင် နားညောင်းတော်မူသည်နှင့် ပတ်သက်၍ လမ်းညွှန်အဖြစ် ယေရှုက နောက်တော်လိုက်များအား စံပြပတ္ထနာကို ပေးတော်မူခဲ့သည်။ (မဿဲ ၆:၉-၁၃) ၎င်းပတ္ထနာက ဘုရားသခင့်နာမတော်၊ နိုင်ငံတော်နှင့် အလိုတော် မြေကြီးပေါ်ပြည့်စုံခြင်းတို့သည် ထိပ်ဆုံးမှဖြစ်သင့်ကြောင်း သိသာစေသည်။ ၎င်းနောက် ကျွန်ုပ်တို့၏ နေ့စဉ် စားရေးသောက်ရေး၊ အပြစ်ခွင့်လွှတ်ခြင်း၊ သွေးဆောင်ခြင်းမှလည်းကောင်း၊ ဆိုးသွမ်းသူ စာတန်မာရ်နတ်လက်မှလည်းကောင်း ကယ်နုတ်ခြင်း စသော ကိုယ်ရေးကိုယ်တာများအတွက် တောင်းလျှောက်နိုင်သည်။
အခြားသူတို့အား မစရန် တောင်းလျှောက်ချက်များ
၁၄။ အခြားသူများအတွက် ဆုတောင်းပေးခြင်း၏ အရေးကြီးပုံကို ကျမ်းစာ မည်သို့တင်ပြသနည်း။
၁၄ အခြားသူတို့အတွက် ဆုတောင်းရန် အရေးကြီးကြောင်း ယေရှုက ပုံသက်သေဖြင့် ပြတော်မူ၏။ (လုကာ ၂၂:၃၂; ၂၃:၃၄; ယောဟန် ၁၇:၂၀) ထိုသို့သောပတ္ထနာ၏ အရေးကြီးပုံကို တမန်တော်ပေါလုသိ၍ မိမိအဖို့ ဆုတောင်းရန် အခြားသူများအား ပန်ကြားလေ့ရှိသည်။ (၁ သက်သာလောနိတ် ၅:၂၅; ၂ သက်သာလောနိတ် ၃:၁; ရောမ ၁၅:၃၀) ထောင်ထဲ၌ရှိနေစဉ် သူ ဤသို့ရေးလိုက်သည်– “သင်တို့သည် ဆုတောင်းပတ္ထနာပြုသောအားဖြင့် သင်တို့ရှိရာသို့ ငါရောက်ရသောအခွင့်ကို ပေးတော်မူမည်ဟု မျှော်လင့်ခြင်းရှိ၏။” (ဖိလေမုန် ၂၂; ဧဖက် ၆:၁၈-၂၀) ၎င်းနောက် မကြာမီ ပေါလုလွတ်လာသည့်အဖြစ်က သူ့အဖို့ ဆုတောင်းပေးသောပတ္ထနာများ၏အကျိုးကို ပြနေပေသည်။
၁၅။ ကျွန်ုပ်တို့၏ ချစ်ခင်မြတ်နိုးသူများနှင့်ပတ်သက်၍ အဘယ်အရာများ တောင်းလျှောက်နိုင်သနည်း။
၁၅ ပေါလုသည် အခြားသူတို့အဖို့လည်း ဆုတောင်းပေး၏။ “သင်တို့သည် ခေါ်တော်မူခြင်းကျေးဇူးကို ခံထိုက်ကြသည်ဟု မှတ်တော်မူ . . . မည်အကြောင်း ငါတို့သည် သင်တို့အဖို့ အစဉ် ဆုတောင်းပတ္ထနာ ပြုကြ၏” ဟု ရေးခဲ့သည်။ (၂ သက်သာလောနိတ် ၁:၁၁၊ ၁၂) အခြားအသင်းတော်တစ်ခုထံ ဤသို့ရှင်းပြ၏– “သင်တို့သည် ကောင်းမွန်စွာကျင့်စေခြင်းငှာ မကောင်းသောအကျင့် တစ်စုံတစ်ခုကိုမျှ မကျင့်မည်အကြောင်း ငါတို့သည် ဘုရားသခင်ကို ဆုတောင်းပတ္ထနာပြုကြ၏။” (၂ ကောရိန္သု ၁၃:၇၊ သမ္မာ) ပေါလု၏နမူနာကိုယူ၍ ကျွန်ုပ်တို့ချစ်သောသူများအတွက် တိကျသောတောင်းလျှောက်ချက်များဖြင့် ဆုတောင်းလျှင်ကောင်း၏။ “ဖြောင့်မတ်သောသူ၏ ပတ္ထနာ [စိတ်ရင်းခံ အသနားခံချက်] သည် ၎င်း၏ပြုပြင်ခြင်း၌ အလွန်တန်ခိုးပါ၏။”—ယာကုပ် ၅:၁၃-၁၆၊ သမ္မာ။
၁၆။ (က) လိုအပ်သော အကူအညီရနိုင်ရန် မည်သည့်အချိန်တွင် ဆုတောင်းသင့်သနည်း။ (ခ) ဆုတောင်းခြင်းသည် အဘယ်ကြောင့် ထူးမြတ်လှသောအခွင့်အရေး ဖြစ်သနည်း။
၁၆ ကျမ်းစာသင်အံမှုပြုလုပ်စဉ် ဓမ္မအမှုဆောင်တစ်ဦးက ဤသို့မေးလေ့ရှိ၏– “ပတ်စဉ်ကျမ်းစာသင်အံမှုလုပ်တဲ့အချိန်ကလွဲလို့ တခြားအချိန်မှာ ခင်ဗျား ဆုတောင်းသလား။” ကျွန်ုပ်တို့လိုအပ်သော မစမှုကို ရယူနိုင်ရန် ဘုရားသခင်ထံ မကြာခဏ တောင်းလျှောက်ရန် လိုသည်။ (၁ သက်သာလောနိတ် ၅:၁၇; လုကာ ၁၈:၁-၈) ချစ်ခင်အားထားရသော မိတ်ဆွေနှင့် စကားပြောသကဲ့သို့ ကိုယ်တော်နှင့် နှိမ့်ချစွာ ပြောဆိုတတ်ရန် သင်ကြားပါ။ စကြဝဠာတစ်ခွင်၏ ဘုန်းကြီးသောသခင်၊ ပတ္ထနာစကားကို နားညောင်းသောအရှင်ထံ ဆုတောင်း၍ ကိုယ်တော့်နားညောင်းတော်မူခြင်း ခံရသည်မှာ အလွန်မြတ်လှသည့် အခွင့်ထူးတစ်ရပ်ပါတကား!—ဆာလံ ၆၅:၂။
[စာမျက်နှာ ၂၂၇ ပါ ရုပ်ပုံ]
ဆေးလိပ်သောက်ဖို့ သွေးဆောင်ခံရသော် မည်သို့ပြုသင့်သနည်း—မစမှုအတွက် ဆုတောင်းသင့်သလော လက်လျှော့လိုက်မည်လော
[စာမျက်နှာ ၂၂၉ ပါ ရုပ်ပုံ]
သင်သည် မစမှုအတွက် တစ်ဖက်ကဆုတောင်းပြီး တစ်ဖက်၌ မကောင်းမှုပြုစေနိုင်သောအမှုများကိုလည်း မရှောင်ဘဲနေသလော
[စာမျက်နှာ ၂၃၀ ပါ ရုပ်ပုံ]
သင်တစ်ဦးတည်း ဆုတောင်းလေ့ရှိသလော သို့မဟုတ် အခြားသူများနှင့်အတူရှိစဉ်မှာသာ ဆုတောင်းသလော