အခန်း ၁၃၃
ဘုရားသခင်တောင်းဆိုရာအားလုံးကို ယေရှုပြီးမြောက်စေ
စစ်သူကြီးဘုရင်ယေရှုခရစ်သည် စာတန်နှင့်သူ၏မတရားသောလောကကိုရှင်းပစ်ပြီးသော် ရွှင်လန်းမှုကြီးမားမည်တကား။ ယေရှု၏ငြိမ်သက်သောအနှစ်တစ်ထောင်စိုးစံချိန်စတင်လေပြီ။
ယေရှုနှင့်ကိုယ်တော်၏တွဲဖက်ဘုရင်များ၏ညွှန်ကြားမှုအရ အာမဂေဒုန်ကပ်ကျော်သူများသည် ထိုဖြောင့်မတ်သောစစ်ပွဲ၏အပျက်အစီးများကို ရှင်းလင်းကြလိမ့်မည်။ မြေကြီးပေါ်ကပ်ကျော်သူများသည် အခိုက်အတန့်သားဖွားကြရန်အကြောင်းရှိပေမည်။ သူတို့၏သားသမီးများလည်း ကျက်သရေဖြာသောဥယျာဉ်ပန်းခြံအဖြစ်သို့ ကမ္ဘာမြေကြီးကိုပြုစုရေး၌ပျော်မွေ့ခွင့်ရရှိကြမည်။
အချိန်တန်လျှင် ဤလှပသောပရဒိသု၌ပျော်မွေ့ကြရန် သင်္ချိုင်းများမှမရေမတွက်နိုင်သောလူသန်းပေါင်းများစွာကို ယေရှုပြန်ရှင်စေမည်။ မိမိ၏အာမခံချက်အတိုင်း “သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလရောက်လတံ့။”
ယေရှုရှင်စေမည့်သူတို့တွင် နှက်တိုင်ပေါ်ကိုယ်တော်နှင့်အတူအသတ်ခံရသော ယခင်လူဆိုးပါဝင်လိမ့်မည်။ “သင်သည်ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်ဟု ယနေ့ငါအမှန်ဆိုသည်” ဟုယေရှုကတိပြုခဲ့သည်ကိုသတိရပါ။ ယေရှုနှင့်အတူကောင်းကင်တွင်အုပ်ချုပ်ရန် သူ့အားခေါ်မည်မဟုတ်။ သူနှင့်အတူကမ္ဘာ့ပရဒိသုတွင်နေထိုင်ရန် လူ့ဘဝကိုယေရှုပြန်ယူမည်လည်းမဟုတ်ပါ။ ၄င်းအစား သူ့အားအသက်ပြန်ရှင်စေပြီး နောက်စာမျက်နှာတွင်ဖော်ပြသည့်အတိုင်း ပရဒိသု၌သူ၏ကာယရေး၊ ဝိညာဉ်ရေးကို ယေရှုဖြည့်စွက်ပေးခြင်းဖြင့် ယခင်လူဆိုးနှင့်ကိုယ်တော်အတူရှိပေမည်။
စဉ်းစားကြည့်ပါ။ ယေရှု၏မေတ္တာပါဂရုစိုက်မှုအောက် လူ့အိမ်ထောင်စုတစ်စုလုံးဖြစ်သည့် အာမဂေဒုန်ကပ်ကျော်သူများ၊ သူတို့၏သားသမီးများနှင့် ကိုယ်တော်၏စကားကိုနားထောင်သူ ထမြောက်လာမည့်လူသေသန်းပေါင်းများစွာတို့သည် စုံလင်သောလူသားများအဖြစ်သို့ ကြီးပြင်းလာကြမည်။ မင်းသားတော်ယေရှုခရစ်အားဖြင့် ယေဟောဝါသည် ဝိညာဏသဘောအရလူသားနှင့်အတူကျိန်းဝပ်တော်မူမည်။ ကောင်းကင်မှယောဟန်ကြားခဲ့သောအသံအတိုင်းပင် “ဘုရားသခင်သည်သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှကိုသုတ်တော်မူမည်။ နောက်တစ်ဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။” ကမ္ဘာပေါ်ရှိမည်သူမျှ ဝေဒနာနှင့်အဖျားအနာခံရတော့မည်မဟုတ်။
ယေရှု၏အနှစ်တစ်ထောင်စိုးစံချိန်အဆုံးတွင် များပြားစွာမွေးဖွား၍မြေကြီးကိုနိုင်လော့ဟု ပထမမောင်နှံအာဒံနှင့်ဧဝအားမိန့်မှာချိန် ဘုရား၏မူလရည်ရွယ်ချက်အတိုင်း အခြေအနေရှိနေမည်။ ကမ္ဘာပေါ်တွင် စုံလင်ဖြောင့်မတ်သောလူများပြည့်နေမည်။ ယင်းကား ယေရှု၏ရွေးဖိုးပူဇော်သက္ကာအကျိုးကို လူတိုင်းခံစားရခြင်းကြောင့်တည်း။ အာဒံ၏အပြစ်ကြောင့်သေခြင်းရှိတော့မည်မဟုတ်။
ဤနည်းဖြင့် ယေဟောဝါတောင်းဆိုလေသမျှကို ယေရှုပြီးမြောက်စေမည်။ သို့ဖြစ်၍ ထိုအနှစ်တစ်ထောင်ကုန်သောအခါ နိုင်ငံတော်နှင့်တကွ စုံလင်ပြီးသားလူ့အိမ်ထောင်စုကို ခမည်းတော်ထံ ယေရှုပြန်အပ်နှင်းတော်မူမည်။ ထိုအခါ မလှုပ်မရှားနိုင်သည့်အသေကဲ့သို့သောအဖြစ်၊ တွင်းနက်အထဲမှ စာတန်နှင့်သူ၏နတ်ဆိုးများကို ဘုရားသခင်လွှတ်ပေးတော်မူမည်။ အဘယ်ရည်ရွယ်ချက်အတွက်နည်း။
အနှစ်တစ်ထောင်အကုန်တွင် ပရဒိသု၌နေထိုင်သူအများစုမှာ ယုံကြည်ခြင်းစမ်းသပ်မခံရသေးသောရှင်ပြန်ထမြောက်ခဲ့သူများဖြစ်ကြပေမည်။ ဤသူတို့မသေမီက ဘုရားသခင်၏ကတိတော်များကိုတစ်ခါမျှမသိခဲ့ရာ ယင်းတို့ကိုယုံကြည်ကြောင်းသက်သေမထူနိုင်ခဲ့ကြချေ။ ရှင်ပြန်ထမြောက်လာ၍သမ္မာတရားပညာရရှိပြီး ဆန့်ကျင်မှုလုံးဝမရှိသည့်အခြေအနေမျိုးတွင် ဘုရားဝတ်ပြုရန် သူတို့အတွက်လွယ်ကူပေသည်။ သို့သော် ဘုရားသခင်ကိုဝတ်ပြုရာမှ သူတို့အားစာတန်တားဆီးခွင့်ရမည်ဆိုလျှင် စမ်းသပ်မှုအောက်တွင် သူတို့သစ္စာရှိကြမည်လော။ ဤမေးခွန်း၏အဖြေရရန် စာတန်အားလွှတ်ရခြင်းဖြစ်သည်။
ယေရှု၏အနှစ်တစ်ထောင်စိုးစံချိန်ပြီးနောက် အကန့်အသတ်မရှိသူတို့အား ဘုရားသခင့်ဝတ်ပြုရေးမှစာတန်သွေဖည်သွားစေနိုင်မည်အကြောင်း ယောဟန်အား ပေးခဲ့သောဗျာဒိတ်တော်က တင်ပြပါသည်။ သို့သော် နောက်ဆုံးစမ်းသပ်ခြင်းခံရပြီးသော် စာတန်၊ သူ၏နတ်ဆိုးများနှင့် သူလှည့်ဖြားနိုင်သူအားလုံး ထာဝစဉ်ဖျက်ဆီးခြင်းခံရမည်ဖြစ်သည်။ တစ်ဖက်ကကြည့်လျှင် စမ်းသပ်မှုအပြည့်အဝခံပြီး သစ္စာရှိသူများသည် ကောင်းကင်ခမည်းတော်၏ကောင်းချီးများကို ထာဝစဉ်ခံစားကြရမည်။
ယေဟောဝါ၏ထည်ဝါသောရည်ရွယ်ချက်များအောင်မြင်ရေးတွင် အရေးကြီးကဏ္ဍ၌ယေရှုပါဝင်ခဲ့ပြီး ဆက်၍လည်းဆောင်ရွက်နေမည်ဖြစ်သည်။ ဘုရားသခင့်ကြီးမြတ်သော ကောင်းကင်ဘုရင်အဖြစ် ယေရှုပြီးမြောက်လေသမျှ၏အကျိုးများကိုပျော်မွေ့နိုင်သည့် ထူးမြတ်လှသောအနာဂတ်ပါတကား။ သို့သော် လူသားအဖြစ်ယေရှုရှိစဉ် ပြုတော်မူသမျှကို ကျွန်ုပ်တို့မမေ့ပျောက်နိုင်ကြပါ။
စိတ်လိုကိုယ်လျောက်မြေကြီးပေါ်ယေရှုဆင်းလာပြီး ခမည်းတော်အကြောင်းသွန်သင်ပေးသည်။ ထို့ပြင် ဘုရားသခင်၏တန်ဖိုးဖြတ်မရသည့်အရည်အချင်းများကို ယေရှုဖော်ပြသည်။ ကိုယ်တော်၏မြင့်မြတ်လှသောရဲစွမ်းသတ္တိနှင့်ယောက်ျားပီသခြင်း၊ ပြိုင်ဘက်ကင်းဉာဏ်ပညာ၊ ကိုယ်တော်၏ထူးခြားသောဆရာသမားအရည်အချင်း၊ ရဲဝံ့သောဦးစီးမှု၊ ကြင်နာမှုနှင့်စာနာမှုတို့ကိုသုံးသပ်သည့်အခါ စိတ်လှုပ်ရှားထိမိပေမည်။ ကျွန်ုပ်တို့အသက်ရနိုင်ရေး ရွေးဖိုးကိုယေရှုဆက်သချိန်တွင် မဖော်ပြနိုင်လောက်အောင်ပြင်းပြသောဝေဒနာကို ယေရှုခံခဲ့ရကြောင်းသတိရသည့်အခါ ကိုယ်တော်ကိုကျေးဇူးတင်လေးစားမှု မကုန်ခမ်းနိုင်ပေ။
ယေရှု၏ဘဝအကြောင်းဤသို့လေ့လာခြင်းမှ အမှန်တကယ်ထူးမြတ်သောလူသားတစ်ဦးကို သိကျွမ်းခဲ့ရပေပြီ။ ကိုယ်တော်၏ကြီးမြတ်တော်မူခြင်းသည် ထင်ရှားလှ၍သြဇာလွှမ်းမိုးနိုင်လှသည်။ ယင်းကြောင့် ရောမမြို့ဝန်ပုန္တပိလတ်၏ “ဤယောက်ျားကိုကြည့်ကြလော့” ဟူသောစကားများကို ပဲ့တင်ထပ်ကြရန်တိုက်တွန်းခံရကြသည်။ မှန်ပေသည်။ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံး “လူသား” ပါတကား။
ကိုယ်တော်၏ရွေးဖိုးပူဇော်သက္ကာအစီအစဉ်ကိုလက်ခံခြင်းအားဖြင့် အာဒံမှအမွေရရှိခဲ့သောအပြစ်နှင့်သေခြင်းဝန်ထုပ်ကို ကျွန်ုပ်တို့ဖယ်ထုတ်ပစ်နိုင်ပေသည်။ ဤနည်းဖြင့် ယေရှုသည် ကျွန်ုပ်တို့၏ “ထာဝရအဘ” ဖြစ်လာနိုင်သည်။ ထာဝရအသက်ရလိုသူအားလုံးသည် ဘုရားသခင်အကြောင်းသာမက ကိုယ်တော်၏သားတော်ယေရှုခရစ်အကြောင်းကိုလည်းသိကျွမ်းကြရမည်။ ဤစာအုပ်ကိုဖတ်ရှုလေ့လာခြင်းဖြင့် ယင်းအသက်ပေးအသိပညာကိုရယူနိုင်ဖို့ အကူအညီဖြစ်ပါစေ။ ၁ ယောဟန် ၂:၁၇၊ ၁:၇။ ယောဟန် ၅:၂၈၊ ၂၉၊ ၃:၁၆၊ ၁၇:၃၊ ၁၉:၅။ လုကာ ၂၃:၄၃။ ကမ္ဘာဦး ၁:၂၈။ ၁ ကောရိန္သု ၁၅:၂၄-၂၈။ ဗျာဒိတ် ၂၀:၁-၃၊ ၆-၁၀၊ ၂၁:၃၊ ၄။ ဟေရှာယ ၉:၆။
▪ အာမဂေဒုန်ကပ်ကျော်သူများနှင့်သူတို့သားသမီးများ၏ ရွှင်လန်းဖွယ်အခွင့်အရေးကားအဘယ်နည်း။
▪ အာမဂေဒုန်ကပ်ကျော်သူများနှင့်သူတို့သားသမီးများအပြင် ပရဒိသုတွင် အခြားမည်သူတို့ပျော်မွေ့မည်နည်း။ အဘယ်သဘောမျိုးဖြင့် သူတို့နှင့်ယေရှုအတူရှိမည်နည်း။
▪ အနှစ်တစ်ထောင်ကုန်ချိန်တွင် အဘယ်အခြေအနေရှိမည်နည်း။ ထိုအခါ ယေရှုဘာလုပ်မည်နည်း။
▪ စာတန်ကိုတွင်းနက်ထဲမှ အဘယ်ကြောင့်လွှတ်မည်နည်း။ သူနှင့်သူ၏နောက်လိုက်အားလုံး နောက်ဆုံးဘာဖြစ်မည်နည်း။
▪ ယေရှုသည် ကျွန်ုပ်တို့၏ “ထာဝရအဘ” မည်သို့ဖြစ်လာနိုင်မည်နည်း။