အခန်း ၁
ထာဝစဉ်အသက်ရှင်ခြင်းသည် အိပ်မက်မျှသာမဟုတ်
၁၊ ၂။ ကမ္ဘာပေါ် လူတို့ ထာဝစဉ်ပျော်ရွှင်စွာ နေနိုင်သည်ကို အဘယ်ကြောင့် ယုံရခက်သနည်း။
ကမ္ဘာပေါ်ပျော်ရွှင်ဝမ်းမြောက်မှုဟူသည် တဒင်္ဂမျှပင် မခံစားနိုင်သောအရာဟု ယူမှတ်စရာဖြစ်နေသည်။ များများစားစား ဖော်ပြရန်ပင်မလို။ အဖျားအနာ၊ အိုမင်းမှု၊ ငတ်ပြတ်မှုနှင့် ရာဇဝတ်မှုတို့ကြောင့် ဘဝသည် စိတ်ဆင်းရဲစရာဖြစ်၏။ ယင်းအဖြစ်ကြောင့် ကမ္ဘာပေါ် ပရဒိသု (အေးချမ်းသာယာဖွယ် ဥယျာဉ်ခြံမြေ) အတွင်း ထာဝစဉ်အသက်ရှင်ခြင်းအကြောင်းကိုပြောလျှင် အမှန်တရားမမြင်အောင် မျက်စိကို တမင်ပိတ်သည်နှင့်မခြား ဖြစ်မည်ဟု အသင်ဆိုပေမည်။ ဒီအကြောင်းပြောရင် အချိန်ကုန်ရုံပဲရှိမယ်၊ ထာဝစဉ်အသက်ရှင်တယ်ဆိုတဲ့ကိစ္စဟာ အိပ်မက်ပါဟု ထင်မှတ်ပါလိမ့်မည်။
၂ လူအများကလည်း သင့်အဆိုကို သဘောတူကြမည်မလွဲ။ သို့ဖြစ်လျှင် သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည်ဟု ကျွန်ုပ်တို့အဘယ်ကြောင့် သေချာဆိုနိုင်သနည်း။ ထာဝရအသက်သည် အိပ်မက်မျှသာမဟုတ်ဟု အဘယ်ကြောင့် ယုံကြည်နိုင်သနည်း။
ကျွန်ုပ်တို့ အဘယ်ကြောင့် ယုံကြည်နိုင်
၃။ ဘုရားသခင်သည် လူသားများအား ကမ္ဘာပေါ် ပျော်ရွှင်စွာနေစေလိုကြောင်း ဘာကပြသနည်း။
၃ ကျွန်ုပ်တို့ယုံကြည်နိုင်၏။ အကြောင်းမှာ၊ အကြီးမြင့်ဆုံးသော အနန္တတန်ခိုးရှင်ဘုရားသခင်သည် ကျွန်ုပ်တို့ လိုလေသေးမရှိအောင် ကမ္ဘာကို ပြင်ဆင်ထားတော်မူသောကြောင့်တည်း။ ကျွန်ုပ်တို့အတွက် ကမ္ဘာကို ဆိုစရာမရှိ ပြည့်စုံအောင် ပြုလုပ်ထားတော်မူ၏! ယောက်ျားနှင့် မိန်းမကိုလည်း ဤမြေကမ္ဘာ စံအိမ်အတွင်း ဘဝကို ထာဝစဉ်အပြည့်အဝ မွေ့လျော်နိုင်ရန် ဖန်ဆင်းထားတော်မူ၏။—ဆာလံ ၁၁၅:၁၆။
၄။ လူ့ကိုယ်ခန္ဓာသည် ထာဝစဉ် အသက်ရှင်ရန် ဖန်တီးထားသည်ဟူသောအကြောင်းကို ပေါ်လွင်စေသည့် အဘယ်အချက်ကို သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ပြီနည်း။
၄ လူ့ကိုယ်ခန္ဓာသည် မိမိကိုယ်ကို အသစ်မွမ်းမံနိုင်သောအစွမ်းရှိသည်ဟူသည့်အချက်ကို သိပ္ပံပညာရှင်များ သိခဲ့သည်မှာ ကြာမြင့်လေပြီ။ အံ့ဖွယ်ကောင်းလှသောနည်းဖြင့် ခန္ဓာဆဲလ်များကို လိုအပ်သလို အစားထိုးလျှင်ထိုး၊ မထိုးလျှင် ပြုပြင်၏။ မိမိဖာသာ အသစ်မွမ်းမံခြင်းဆိုသည့် ၎င်းဖြစ်စဉ်သည် ထာဝစဉ်ဆက်သွားရမည့်ပုံလည်း ပေါက်နေပေသည်။ သို့ပါသော်လည်း ထိုသို့ဆက်မသွားပါ။ ယင်းအချက်ကို သိပ္ပံပညာရှင်များ ရှင်းမပြတတ်ချေ။ လူ အဘယ်ကြောင့်အိုရသည်ကို သူတို့ လုံးစေ့ပတ်စေ့ နားမလည်သေးချေ။ ပုံမှန်အခြေအနေများအောက်တွင် လူသည် ထာဝစဉ်အသက်ရှင်နိုင်ရမည်ဟု ပြောဆိုကြ၏။—ဆာလံ ၁၃၉:၁၄။
၅။ ကမ္ဘာဆိုင်ရာ ဘုရားသခင့်ရည်ရွယ်ချက်နှင့်ပတ်သက်၍ ကျမ်းစာ မည်သို့ဆိုသနည်း။
၅ မှန်၏၊ လူသားများ ကမ္ဘာပေါ်ထာဝစဉ်ပျော်ရွှင်စွာအသက်ရှင်ရန်မှာ တကယ်ပင် ဘုရားသခင့်ရည်ရွယ်ချက်ဖြစ်ပေသည်။ သို့မှန်လျှင် ထာဝရအသက်သည် တောင့်တချက် အိပ်မက်သက်သက်မျှမဟုတ်တော့ချေ။ တကယ်ပင်ဖြစ်လာမည်! ဘုရားသခင့်ရည်ရွယ်ချက်ကို ဖော်ပြသော သမ္မာကျမ်းစာက ဤအချက်နှင့်ပတ်သက်၍ မည်သို့ဆိုသနည်း။ ၎င်းစာအုပ်က ဘုရားသခင်ကို ‘မြေကြီးကိုပြုပြင်ဖန်ဆင်းတော်မူသောအရှင်’ ဟုသမုတ်ပြီး ဤသို့ဆက်လက်ရေးသားလိုက်သည်– “အချည်းနှီးဖန်ဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဖို့ ဖန်ဆင်း တော်မူ” ၏။—ဟေရှာယ ၄၅:၁၈။
၆။ (က) ယနေ့ ကမ္ဘာ့အခြေအနေ မည်သို့ရှိသနည်း။ (ခ) ဘုရားသခင် ထိုသို့ပင် ဖြစ်စေလိုသလော။
၆ ဘုရားသခင်ရည်ရွယ်သည့်ပုံစံနှင့်အညီ ဤကမ္ဘာပေါ် လူတို့နေထိုင်လျက်ရှိသည်ဟု သင်ထင်မြင်သလော။ ကမ္ဘာ့အစိတ်အပိုင်းအားလုံးဆိုမလောက် လူတို့နေထိုက်လျက်ရှိသည်ကား မှန်၏။ သို့သော် စည်းလုံးသောမိသားစုသဖွယ်၊ မိမိတို့ဖန်ဆင်းရှင် မိမိတို့အဖို့ ရည်ရွယ်သည့်ပုံစံကောင်းအတိုင်း နေထိုင်လျက်ရှိကြသလော။ ယနေ့ ကမ္ဘာသည် အစိတ်စိတ်ကွဲနေ၏။ မုန်းတီးမှုရှိ၏။ ရာဇဝတ်မှုလည်းရှိ၏။ စစ်နှင့်လည်း မကင်းပါ။ လူသန်းပေါင်းများစွာ ငတ်ပြတ်ပြီး ဖျားနာလျက်ရှိကြ၏။ အိုးအိမ်၊ အလုပ်အကိုင်၊ အသုံးစရိတ်အတွက် နေ့စဉ် ပူပန်နေသူများလည်း မနည်းပါ။ ဤအခြေအနေတစ်ခုမျှ ဘုရားသခင်ကို ဂုဏ်မပြုပါ။ သို့ဖြစ်၍ အနန္တတန်ခိုးရှင် ဘုရားသခင့် မူလရည်ရွယ်ချက်နှင့်အညီ ကမ္ဘာပေါ် လူတို့နေထိုင်လျက်မရှိသည်မှာ အထင်းသားဖြစ်သည်။
၇။ ပထမလူမောင်နှံကို ဖန်ဆင်းခဲ့စဉ် ကမ္ဘာနှင့်ပတ်သက်သော ဘုရားသခင့်ရည်ရွယ်ချက်ကား မည်သို့နည်း။
၇ ပထမလူသားမောင်နှံကို ဖန်ဆင်းသည့်နောက် သူတို့ကို မြေကြီးပရဒိသု၌ ဘုရားသခင် နေရာချထားတော်မူ၏။ သူတို့အား ကမ္ဘာပေါ် ထာဝစဉ်အသက်ရှင်လျက် ပျော်မွေ့သွားစေလိုတော်မူ၏။ သူတို့အတွက် ကိုယ်တော့်ရည်ရွယ်ချက်မှာ သူတို့၏ ပရဒိသုကို ကမ္ဘာမြေပြင်တစ်လွှား ပျံ့နှံ့စေရန်တည်း။ “အချင်းတို့၊ များပြားစွာ မွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့” ဟု ကိုယ်တော်သူတို့အား ညွှန်ကြားခဲ့သည်ကိုထောက်ရှုလျှင် သိသာသည်။ (ကမ္ဘာဦး ၁:၂၈) မှန်သည်၊ ဘုရားသခင့်ရည်ရွယ်ချက်မှာ အချိန်တန်လျှင် ငြိမ်းချမ်းပျော်ရွှင်စွာ အတူယှဉ်တွဲနေထိုင်သော ဖြောင့်မတ်သည့် လူ့မိသားစုတစ်စုက ကမ္ဘာတစ်ခုလုံးကို ထိန်းချုပ်သွားစေရန်ပင်တည်း။
၈။ ပထမမောင်နှံ ဘုရားသခင်ကို မနာခံခဲ့ကြသော်လည်း ကမ္ဘာနှင့်ပတ်သက်သော ဘုရားသခင့်ရည်ရွယ်ချက်မှာမူ မပြောင်းလဲခဲ့ကြောင်း မည်သို့ သေချာသိနိုင်သနည်း။
၈ ပထမလူမောင်နှံ ဘုရားသခင်ကို မနာခံခဲ့သဖြင့် ထာဝစဉ်အသက်မရှင်ထိုက်ကြောင်းပြသခဲ့ကြသော်လည်း ဘုရားသခင့်မူလရည်ရွယ်ချက်မှာမူ မပြောင်းလဲခဲ့ပါ။ ပြည့်ကိုပြည့်စုံရမည်! (ဟေရှာယ ၅၅:၁၁) ကျမ်းစာ ဤသို့ကတိပြု၏– “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [မြေကြီး၊ ကဘ] ကိုအပိုင်ရ၍ အစဉ်အမြဲနေထိုင်ရကြလိမ့်မည်။” (ဆာလံ ၃၇:၂၉၊ သမ္မာ) မိမိကိုဝတ်ပြုသောလူသားများအား ထာဝရအသက်ပေးရန် ဘုရားသခင်အစီအစဉ်ရှိကြောင်း ကျမ်းစာ၌ ကြိမ်ဖန်များစွာ ဆိုထားပါသည်။—ယောဟန် ၃:၁၄-၁၆၊ ၃၆; ဟေရှာယ ၂၅:၈; ဗျာဒိတ် ၂၁:၃၊ ၄။
အသက်ရှင်လိုသောဆန္ဒ—အဘယ်မှာရှင်လို
၉။ (က) လူတို့သည် သာမန်အားဖြင့် အဘယ်အရာကို တောင့်တကြသနည်း။ (ခ) ‘ဘုရားသခင်သည် သူတို့၏စိတ်ကို အနန္တကာလ၌ စွဲလမ်းစေသည်’ ဟု ကျမ်းစာဆိုရာမှာ အဘယ်အရာကို ဆိုလိုသနည်း။
၉ ကျွန်ုပ်တို့အား ထာဝစဉ်အသက်ရှင်စေရန် ဘုရားသခင်ရည်ရွယ်ထားသည့်အတွက် ကျွန်ုပ်တို့ တကယ်ပင်ဝမ်းမြောက်နိုင်၏။ စဉ်းစားကြည့်လေ– သေနေ့ကို ရွေးနိုင်လျှင် အဘယ်နေ့ကို သင်ရွေးမည်နည်း။ သင်ရွေးဖြစ်မည်မဟုတ်။ မဟုတ်ပေလော။ သင်မသေလိုပါ။ အတော်အတန်ကျန်းမာရေးကောင်းသော အဘယ်သာမန်လူတစ်ယောက်မျှလည်း သေလိုသည်မဟုတ်။ သေချင်သောစိတ်မဟုတ်ဘဲ၊ အသက်ရှင်လိုသောဆန္ဒကိုသာ ထည့်သွင်း၍ ကျွန်ုပ်တို့ကို ဘုရားသခင်ဖန်ဆင်းတော်မူခဲ့သည်။ လူသားများကို ဖန်ဆင်းထားပုံနှင့်ပတ်သက်၍ သမ္မာကျမ်းစာ ဤသို့ဆို၏– “လူစိတ်နှလုံးကိုလည်း အနန္တကာလ၌ စွဲလမ်းစေတော်မူပြီ။” (ဒေသနာ ၃:၁၁) ဘာကိုဆိုလိုသနည်း။ သာမန်အားဖြင့် လူသည် မသေလိုဘဲ ဆက်၍ဆက်၍ အသက်ရှင်သွားလိုသောဆန္ဒရှိသည်ကို ဆိုလို၏။ မဆုံးနိုင်သောအနာဂတ်ကို လိုလားသော ထိုဆန္ဒရှိကြသည့်အလျောက် လူတို့သည် နုနုပျိုပျိုနေနိုင်ရန် ရှေးကတည်းက နည်းလမ်းရှာကြံလာခဲ့ကြသည်။
၁၀။ (က) လူ့သဘာဝဆန္ဒအရ အဘယ်နေရာတွင် ထာဝစဉ် အသက်ရှင်လိုကြသနည်း။ (ခ) ကမ္ဘာပေါ် ကျွန်ုပ်တို့ ထာဝစဉ်အသက်ရှင်နိုင်အောင် ဘုရားသခင်ပြုတော်မူမည်ဟု ကျွန်ုပ်တို့အဘယ်ကြောင့် စိတ်ချနိုင်သနည်း။
၁၀ လူသားတို့သည် သာမန်အားဖြင့် အဘယ်နေရာ၌ ထာဝစဉ်နေထိုင်လိုကြသနည်း။ နေထိုင်နေကျနေရာဖြစ်သော ကမ္ဘာပေါ်ပင်ဖြစ်၏။ လူကို ကမ္ဘာအတွက်၊ ကမ္ဘာကို လူ့အတွက်ဖန်ဆင်းထားတော်မူ၏။ (ကမ္ဘာဦး ၂:၈၊ ၉၊ ၁၅) ကျမ်းစာ ဤသို့ဆို၏– “မြေကြီးအမြစ်ကို ကာလအစဉ်အမြဲ မရွေ့မလှုပ်စေခြင်းငှာ တည်တော်မူ” ၏။ (ဆာလံ ၁၀၄:၅) ကမ္ဘာကို ထာဝစဉ်တည်စေရန် ဖန်ဆင်းခဲ့သည့်အလျောက် လူသည်လည်း ထာဝစဉ်အသက်ရှင်ဖို့ကောင်းပေသည်။ မေတ္တာရှင်ဘုရားသခင်အနေဖြင့် လူသားတို့အား ထာဝစဉ်အသက်ရှင်လိုသောဆန္ဒကို ထည့်သွင်း၍ ဖန်ဆင်းပြီးမှ ထိုဆန္ဒအတိုင်း မဖြစ်စေရန် ဘယ်နည်းနှင့်မျှ ထားတော်မူမည်မဟုတ်!—၁ ယောဟန် ၄:၈; ဆာလံ ၁၃၃:၃။
သင်တောင့်တသောဘဝမျိုး
၁၁။ စုံလင်သောကျန်းမာမှုဖြင့် လူတို့နေထိုင်နိုင်ကြောင်း ကျမ်းစာ မည်သို့တင်ပြသနည်း။
၁၁ နောက်စာမျက်နှာကို ကြည့်လိုက်ပါ။ ထိုသူတို့ မည်သို့သောဘဝဖြင့် နေထိုင်နေကြသနည်း။ သူတို့ထဲက တစ်ယောက်ဖြစ်ချင်သလော။ ဖြစ်ချင်တာပေါ့ဟု သင်ဆိုမည်! ကြည့်ပါ၊ သူတို့သည် မည်မျှကျန်းမာနုပျိုလိုက်သည်ဖြစ်ခြင်း! ထိုသူတို့သည် အနှစ်ထောင်ပေါင်းများစွာ အသက်ရှင်ခဲ့ကြပြီဟုဆိုလျှင် သင်ယုံမည်လော။ ကျမ်းစာက လူအိုတို့သည် ပြန်နုပျိုလာပြီး ဖျားနာသူများ နေကောင်းလာမည်၊ မသန်စွမ်းသူ၊ မျက်မမြင်သူ၊ နားပင်းသူ၊ စကားအ သူများ ကျန်းမာလာကြမည်ဟုဆို၏။ ယေရှုခရစ် ကမ္ဘာပေါ် သက်တော်ထင်ရှားစဉ် လူနာများကို ကုသကာ အံ့ဖွယ်အမှုအမျိုးမျိုး ပြုတော်မူခဲ့သည်။ ထိုသို့ပြုခြင်းဖြင့် မဝေးတော့သော ထိုခေတ်ကောင်းအတွင်း အသက်ရှင်နေသမျှ လူသားများ အပြည့်အဝ ကျန်းမာလာကြမည်ကို သက်သေထူတော်မူခြင်းဖြစ်၏။—ယောဘ ၃၃:၂၅; ဟေရှာယ ၃၃:၂၄; ၃၅:၅၊ ၆; မဿဲ ၁၅:၃၀၊ ၃၁။
၁၂။ ဤပုံများတွင် အဘယ်အခြေအနေများကို တွေ့ရသနည်း။
၁၂ ကြည့်လိုက်စမ်းပါ။ ဘယ်မျှချစ်စဖွယ်ကောင်းသော ဥယျာဉ်နေအိမ်ပါတကား! ခရစ်တော် ကတိပြုသည့်အတိုင်း တကယ်ပင် ပရဒိသုတစ်ခုဖြစ်၍ မနာခံသော ပထမယောက်ျား မိန်းမတို့ ဆုံးရှုံးခဲ့သည့် ဥယျာဉ်နှင့် ဆင်လှပေသည်။ (လုကာ ၂၃:၄၃) မည်မျှ ငြိမ်းချမ်းညီညွတ်ကြသည်ကိုလည်း ကြည့်ပါဦး။ လူမဲ၊ လူဖြူ၊ လူဝါ—လူမျိုးအားလုံး မိသားစုတစ်စုပမာ နေထိုင်လျက်ရှိကြ၏။ တိရစ္ဆာန်များပင် ငြိမ်းချမ်းစွာနေလျက်ရှိ၏။ ကလေးတစ်ယောက် ခြင်္သေ့ကြီးနှင့် ကစားနေသည်ကိုလည်း ကြည့်လိုက်ပါဦး။ ကြောက်စရာ ဘာမျှမရှိ။ ဤအချက်နှင့်ပတ်သက်၍ ဖန်ဆင်းရှင်က ဤသို့ကြေညာခဲ့သည်– “ကျားသစ်သည် ဆိတ်သငယ်နှင့်အတူ အိပ်လိမ့်မည်။ နွားသငယ်၊ ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသော အကောင်တို့သည် အတူသွားလာကြ၍ လူသူငယ်သည် သူတို့ကို ပို့ဆောင်လိမ့်မည်။ . . . ခြင်္သေ့သည်လည်း နွားကဲ့သို့ မြက်ကိုစားလိမ့်မည်။ နို့စို့သူငယ်သည်လည်း မြွေဆိုးတွင်းပေါ်မှာ ကစားလိမ့်မည်။”—ဟေရှာယ ၁၁:၆-၉။
၁၃။ ဘုရားသခင့်ရည်ရွယ်ချက် ပြီးမြောက်လာသောအခါ ကမ္ဘာပေါ်မှ အဘယ်အရာများ ကွယ်ပျောက်သွားမည်နည်း။
၁၃ လူသားများအတွက် ဘုရားသခင်ရည်ရွယ်သော ပရဒိသု၌ ပျော်စရာအကြောင်း အမျိုးစုံရှိမည်။ ကမ္ဘာသည် စားစရာကောင်းသော သီးနှံများ အလျှံပယ် ထုတ်လုပ်ပေးမည်။ မည်သူမျှ ငတ်မွတ်ရတော့မည်မဟုတ်။ (ဆာလံ ၇၂:၁၆; ၆၇:၆) စစ်၊ ရာဇဝတ်မှု၊ ရမ်းကားသတ်ဖြတ်မှုမဆိုထားနှင့် မုန်းတီးမှုနှင့် တစ်ကိုယ်ကောင်းစိတ်ပင် ကွယ်ပျောက်ပြီး ဖြစ်လိမ့်မည်။ မှန်သည်၊ ထာဝစဉ်ကွယ်ပျောက်သွားမည်! (ဆာလံ ၄၆:၈၊ ၉; ၃၇:၉-၁၁) ဤအရာများအားလုံး ဖြစ်လာနိုင်မည်ကို အသင်ယုံကြည်သလော။
၁၄။ ဆင်းရဲဒုက္ခကို ဘုရားသခင်အဆုံးသတ်မည်ဟူသောအချက်ကို အသင်ယုံကြည်ရအောင် ဘာကဖန်တီးသနည်း။
၁၄ စဉ်းစားကြည့်ပါ– သင်၌ တန်ခိုးရှိလျှင် လူသားများအား ဆင်းရဲစေသော ဒုက္ခမှန်သမျှကို သင်အဆုံးသတ်လိုမည်လော။ လူ့နှလုံးတောင့်တရာ အခြေအနေများကို ဖန်တီးပေးမည်လော။ သင်အမှန်ဖန်တီးပေးလိုပေမည်။ ကျွန်ုပ်တို့၏ မေတ္တာရှင် ကောင်းကင်အဘ ထိုအတိုင်းပြုတော်မူမည်။ ကျွန်ုပ်တို့ လိုအပ်ရာ၊ တောင့်တရာများကို ဖြည့်စွက်ပေးတော်မူမည်။ အကြောင်းမှာ ဆာလံ ၁၄၅:၁၆ က ဘုရားသခင်နှင့်ပတ်သက်၍ ဤသို့ဆို၏– “လက်တော်ကိုဖွင့်၍ အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေတော်မူ” မည်။ သို့သော် ဘယ်တော့ ထိုသို့ဖြစ်လာမည်နည်း။
ကြီးမြတ်သော ကောင်းချီးများနီးလာပြီ
၁၅။ (က) လောကဆုံးခန်းသည် ကမ္ဘာမြေကြီးအတွက် အဘယ်အဓိပ္ပာယ်ရှိမည်နည်း။ (ခ) ၎င်းသည် လူဆိုးများအတွက် အဘယ်အဓိပ္ပာယ်ရှိမည်နည်း။ (ဂ) ဘုရားသခင့်အလိုတော် ဆောင်ရွက်သူများအတွက် မည်သို့အဓိပ္ပာယ်ရှိမည်နည်း။
၁၅ ကမ္ဘာပေါ် ထိုသို့သောကောင်းချီးများ အမှန်ဖြစ်လာစေရန်၊ ဘုရားသခင်က ဆိုးယုတ်မှုနှင့် ဆိုးယုတ်မှုကိုဖြစ်စေသောသူ နှစ်ပါးစလုံးကို အဆုံးသတ်ပစ်မည်ဟု ကတိပြုတော်မူ၏။ တစ်ချိန်တည်းတွင် မိမိအား ဝတ်ပြုသူများကို ကာကွယ်တော်မူမည်။ သမ္မာကျမ်းစာ ဤသို့ဆို၏– “ဤလောကမှစ၍ ဆိုင်ရာတပ်မက်ခြင်းသည် ပျောက်လွင့်ဆဲဖြစ်၏။ ဘုရားသခင့်အလိုတော်ကို ဆောင်ရွက်သူမူကား ကာလအစဉ်တည်နေ၏။” (၁ ယောဟန် ၂:၁၇၊ သမ) မည်မျှပြောင်းလဲသွားမည်တကား! လောကကုန်ဆုံးသော်လည်း ကျွန်ုပ်တို့ ကမ္ဘာမြေကြီး ကုန်ဆုံးမည်မဟုတ်။ နောဧလက်ထက် ကမ္ဘာချီရေလွှမ်းမှုဖြစ်ခဲ့စဉ်ကကဲ့သို့ လူဆိုးများနှင့် လူဆိုးတို့၏ နေထိုင်ပုံလောက်သာ အဆုံးတိုင်မည်ဖြစ်သည်။ ဘုရားသခင်ကို ဝတ်ပြုသောသူတို့မှာမူ အဆုံးကို ကပ်ကျော်မည်။ ထို့နောက် သုတ်သင်ထားသောကမ္ဘာပေါ်၊ မိမိတို့ကို ဘေးပြုသူမရှိ၊ နှိပ်စက်သူမရှိ၊ လွတ်လပ်စွာနေထိုင်ရကြမည်။—မဿဲ ၂၄:၃၊ ၃၇-၃၉; သု. ၂:၂၁၊ ၂၂။
၁၆။ “နောက်ဆုံးသောနေ့ရက်များ” အတွင်း အဘယ်အရာများ ဖြစ်မည်ကို ကြို၍ ဟောထားသနည်း။
၁၆ သို့သော် တစ်ယောက်သောသူက ပြောမည်– ‘အခြေအနေက ဆိုးသထက်ဆိုးနေတာပဲ။ ကောင်းလာနေတာမှ မဟုတ်တာ။ ဒီလိုအပြောင်းအလဲကြီးဖြစ်ဖို့ နီးပြီဆိုပြီး သေချာပေါက်ဘယ်လိုပြောနိုင်မှာလဲ။’ ဘုရားသခင် လောကကို အဆုံးတိုင်စေတော့မည့်အချိန်ကို သိနိုင်အောင် နောင်လာတပည့်များ မျက်စိရှင်ရှင် ကြည့်နေရမည့် အခြင်းအရာများစွာအကြောင်း ယေရှုခရစ်ကြိုတင်မိန့်မြွက်ခဲ့သည်။ စစ်ကြီး၊ အစာခေါင်းပါးမှု၊ မြေငလျင်ကြီးများ၊ မတရားမှုတိုးလာခြင်း၊ မေတ္တာခေါင်းပါးလာခြင်းစသော ဖြစ်ရပ်များက ဤစနစ်၏ နောက်ဆုံးနေ့ရက်များကို သတ်မှတ်ပြမည်ဟု ယေရှုမိန့်တော်မူသည်။ (မဿဲ ၂၄:၃-၁၂) ၎င်းပြင် ကျမ်းစာက “နောက်ဆုံးသောနေ့ရက်များ၌ ခဲယဉ်းသောကာလများ ဖြစ်မည်” ဟုလည်းဆိုသေးသည်။ (၂ တိမောသေ ၃:၁-၅၊ သမ္မာ) ယခုပင် ကျွန်ုပ်တို့ ဤအခြေအနေများနှင့် တွေ့ကြုံနေရသည်မဟုတ်လော။
၁၇။ ယနေ့ အခြေအနေများနှင့်ပတ်သက်ပြီး စဉ်းစားတတ်သူများက မည်သို့ပြောလာခဲ့ပြီနည်း။
၁၇ ကမ္ဘာ့အဖြစ်အပျက်များ လေ့လာသူ တော်တော်များများက အကြီးအကျယ်ပြောင်းလဲတော့မည်ဟုဆိုကြ၏။ ဥပမာ၊ အမေရိကန်ပြည်၊ မီယာမီမြို့ထုတ်၊ သံတော်ဆင့် စာစောင်၏ အယ်ဒီတာက ဤသို့ရေးသားလိုက်သည်– “ဆင်ခြင်ဉာဏ်တစ်ဝက်ရှိသူတိုင်း လွန်ခဲ့သည့်နှစ်အနည်းငယ်က ဆူပူအုံကြွမှုများကို ဆက်စပ်ကာ ကမ္ဘာသည် သမိုင်းတစ်ထောက်သို့ရောက်နေကြောင်း သိမြင်နိုင်သည်။ . . . လူတို့နေထိုင်ပုံကို ထာဝစဉ်ပြောင်းလဲစေမည်။” အမေရိကန်စာရေးဆရာ လူးဝစ္စမမ်းဖော့ဒ်ကလည်း အလားတူစွာ ဤသို့ဆို၏– “လူ့အဖွဲ့အစည်းများအောက်သို့ထိုးဆင်းနေပါသည်။ အလွန်သေချာပါသည်။ . . . ယခင်ကဆိုလျှင်လူ့အဖွဲ့အစည်းများအောက် ထိုးဆင်းကြသည်ဆိုသော်လည်း ဒေသအလိုက်သာဖြစ်ခဲ့သည်။ . . . ယခုသော်၊ ခေတ်သစ်ဆက်သွယ်ရေးစနစ်များကြောင့် ကမ္ဘာသည် ယခင်ထက်တစ်ပေါင်းတစ်စည်းတည်းဖြစ်လျက်ရှိသဖြင့် လူ့အဖွဲ့အစည်းအောက်သို့ ထိုးဆင်းလျှင် တစ်ကမ္ဘာလုံး အောက်သို့ထိုးဆင်းမည်ဖြစ်သည်။”
၁၈။ (က) အနာဂတ်နှင့်ပတ်သက်၍ ကမ္ဘာ့အခြေအနေများက ဘာကိုပြသနည်း။ (ခ) လက်ရှိ အစိုးရများကို အဘယ်အရာက အစားထိုးမည်နည်း။
၁၈ ယနေ့ ကမ္ဘာ့အခြေအနေများက စနစ်တစ်ခုလုံး ဖျက်ဆီးခြင်းဘေးနှင့် တွေ့ရတော့မည့်အချိန်တွင် ကျွန်ုပ်တို့အသက်ရှင်နေရကြောင်း ပြနေသည်။ မှန်သည်၊ မကြာမီ ဘုရားသခင်သည် ကမ္ဘာကိုဖျက်ဆီးသောသူတို့ကို မြေပြင်ပေါ်မှ သုတ်သင်တော်မူတော့မည်။ (ဗျာဒိတ် ၁၁:၁၈) မိမိ၏ဖြောင့်မတ်သောအစိုးရ တစ်ကမ္ဘာလုံးကို အုပ်ချုပ်စေနိုင်ရေးအတွက် လက်ရှိအစိုးရများကို ကိုယ်တော်ဖယ်ရှားတော်မူလိမ့်မည်။ နောက်တော်လိုက်များအား ခရစ်တော်ဆုတောင်းစေတော်မူသော နိုင်ငံတော်ကား ဤနိုင်ငံတော်အစိုးရပင်တည်း။—ဒံယေလ ၂:၄၄၊ ၄၅; မဿဲ ၆:၉၊ ၁၀။
၁၉။ ကျွန်ုပ်တို့ ထာဝစဉ်အသက်ရှင်လိုလျှင် ဘာလုပ်ရမည်နည်း။
၁၉ သင်သည် အသက်ကိုမြတ်နိုး၍ ဘုရားသခင့်အုပ်ချုပ်မှုအောက် ထာဝစဉ်အသက်ရှင်လိုလျှင် ဘုရားသခင်နှင့်ဆိုင်သော တိကျမှန်ကန်သည့်အသိပညာ၊ ကိုယ်တော့်ရည်ရွယ်ချက်များနှင့် ကိုယ်တော့်စည်းကမ်းချက်များအကြောင်း သိအောင် မြန်မြန်ဆန်ဆန်သင်အံရမည်။ ဘုရားသခင်ထံဆုတောင်းစဉ် ယေရှုခရစ် ဤသို့ မြွက်ဆိုခဲ့သည်– “ထာဝရအသက်ဟူသည်မှာ၊ ဘုရားမှန်တစ်ဆူတည်းဖြစ်သော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူလိုက်သော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။” (ယောဟန် ၁၇:၃၊ သမ) ကျွန်ုပ်တို့ထာဝစဉ်အသက်ရှင်နိုင်ကြောင်း၊ ၎င်းသည် အိပ်မက်မျှသာမဟုတ်ကြောင်း သိရသည်မှာ ဝမ်းမြောက်စရာပါတကား! သို့သော် ဤကောင်းချီးမြတ်ကို အထံတော်မှ ခံစားလိုလျှင် ဤကောင်းချီးမရအောင် ကျွန်ုပ်တို့ကိုတားဆီးနေသော ရန်သူတစ်ပါးအကြောင်း သိဖို့လို၏။
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
ကမ္ဘာကို ဤသို့ဖြစ်စေရန် ဘုရားသခင် ရည် ရွယ်ခဲ့သလော
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]