-
ကျွန်ုပ်တို့သားသမီးများ၌ ခရစ်ယာန်ဥပဓိရုပ်များ တည်ဆောက်ပေးခြင်းကင်းမျှော်စင်—၁၉၉၁ | ဇူလိုင် ၁
-
-
ဝမ်ဒါ၏မိခင်သည် ဤဆုကျေးဇူးကိုခံခဲ့ရသည်။ ၁၂ သမီးဝမ်ဒါသည် မိခင်နှင့်ခွဲခွာခဲ့ရချိန်တွင် အစအဦး၌ အိပ်ပျော်သည်တိုင် ငိုယိုရရှာသည်။ ထိုနောက် မိမိအခက်အခဲပြဿနာများကို ဆုတောင်းခြင်းအားဖြင့် ယေဟောဝါနှင့်ဆွေးနွေးရန် မိခင်၏ဆုံးမစကားကို သတိရလေသည်။ ထိုအခါဆုတောင်းလေသည်။ တယ်လီဖုန်းစာရင်းစာအုပ်ကိုယူ၍ မိမိအနီးအနား၌ ယေဟောဝါသက်သေများရှိမရှိရှာယူရန် အကြံဉာဏ်ကောင်းပေါ်လာသည်။ အဆက်အသွယ်ရ၍ ဖခင်အိမ်နှင့်တစ်လမ်းတည်းတွင် သက်သေခံအိမ်ထောင်တစ်အိမ်ထောင်ရှိကြောင်းသိရလေသည်။ “ဝမ်းသာလိုက်တာမပြောနဲ့” ဟုဝမ်ဒါပြောပြသည်။
ဤအိမ်ထောင်၏အားပေးမှုဖြင့် ဝမ်ဒါသည် သူမ၏မောင်လေးနှင့်ညီမလေးတို့အားလည်း ခရစ်ယာန်လုပ်ငန်းရပ်များ၌ပါဝင်ရန် ပြန်စည်းရုံးပေးနိုင်ခဲ့သည်။ “စည်းဝေးများအတွက် ကျွန်မတို့မောင်နှမများအသင့်ရှိကြဖို့ ကျွန်မတာဝန်ယူရတယ်။ ကျွန်မတို့အဝတ်တွေကိုလျှော်၊ ခေါင်းဖီးပေး၊ သန့်ပြန့်သင့်တော်စွာဆင်ယင်ကြဖို့ ကျွန်မဘဲတာဝန်ယူပေးတယ်။” ကလေးမလေးအတွက် မလွယ်သည့်အလုပ်ဖြစ်ငြား သူမပြုလုပ်ပေးခဲ့သည်။ တစ်ချိန်တွင် ဖခင်ဖြစ်သူက သူတို့စည်းဝေးတက်ခြင်းကို ကြိုးစားတားဆီးခဲ့သည်။ သို့သော် ကလေးများက ဖခင်ကိုတောင်းပန်ကြသဖြင့် နောက်ဆုံးသွားခွင့်ပြုခဲ့သည်။
နောင်တွင် မိခင်ထံသူတို့ပြန်သွားနေကြသည်။ ဝမ်ဒါသည် အသက် ၁၅ နှစ်အရွယ်တွင် နှစ်ခြင်းယူပြီးသား ခရစ်ယာန်ညီအစ်မတစ်ဦးဖြစ်လာသည်။ တစ်နေ့ကျလျှင် မိမိသာသနာပြုသူတစ်ဦးဖြစ်လိုကြောင်း သူ၏ဆန္ဒကိုဖေါ်ပြသည်။ မှန်ပေ၏။ ဝမ်ဒါ့မိခင်၏လုပ်ငန်းသည် စမ်းသပ်မှုကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့ပေသည်။ သမ္မာတရားဘက် သမီးဖြစ်သူ မားမားမတ်မတ်ရပ်တည်ခြင်းကို တွေ့မြင်ရသည့်ဆုကျေးဇူးကို ခံစားခဲ့ရသည်။ မိမိတို့သားသမီးများ၌ ခရစ်ယာန်ဥပဓိရုပ်များ တည်ဆောက်ပေးရန် ခရစ်ယာန်မိဘများကြိုးစားကြရာတွင် ထပ်တူအောင်မြင်မှုမျိုးကို ခံစားရကြပါစေ။
-
-
သတင်းကောင်းနှင့်သာ များစွာအလုပ်များနေခြင်းကင်းမျှော်စင်—၁၉၉၁ | ဇူလိုင် ၁
-
-
သတင်းကောင်းနှင့်သာ များစွာအလုပ်များနေခြင်း
အ ချိန်ပြည့်ဓမ္မအမှုဆောင်များဖြစ်သော ယေဟောဝါသက်သေများ ကြုံကြိုက်ရသည့်အဖြစ်မျိုးကို တမန်တော်ပေါလုကြုံတွေ့နေရသည်။ ယင်းကား ငွေပြတ်နေခြင်းဖြစ်သည်။ သို့နှင့် ငယ်စဉ်ကတည်းက သူတတ်ထားသော သိမ်ငယ်လှသည့် တဲထိုးခြင်းလုပ်ငန်းကို ကောရိန္သုမြို့တွင် သူလုပ်ကိုင်ခဲ့သည်။ ပင်ပန်းသောအလုပ်ဖြစ်၍ တစ်ခါတစ်ရံ တဲဖျင်ကြမ်းကိုကိုင်တွယ်ရာ၌ သူ၏လက်များပေါက်၍ သွေးပင်ထွက်ခဲ့ပေမည်။ ရသည့်ဝင်ငွေသည် သူ၏စားဝတ်နေရေးဖူလုံရုံသာရှိမည်။ သို့သော် သူရောင့်ရဲစိတ်ရှိ၏။ အကြောင်းမူကား၊ နေ့စဉ်ဝမ်းစာရေးလုပ်ငန်းပြီးသည်နှင့် သိမ်းဆည်းပြီးနောက် ကောရိန္သုမြို့သို့ သူလာရခြင်းအကြောင်းရင်းဖြစ်သည့် သတင်းကောင်းကို သူဟောပြောနိုင်လေသည်။—ဖိလိပ္ပိ ၄:၁၁၊ ၁၂။
ဥပုသ်နေ့ရောက်တိုင်း တရားဇရပ်သို့ပေါလုသွားသည်။ မှန်သည်။ အစပထမတွင် ကောရိန္သုပရိသတ်ရှေ့ပေါလုသည် “အားနည်းခြင်း၊ အလွန်ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့်” ချဉ်းကပ်ခဲ့သည်။ (၁ ကောရိန္သု ၂:၁၊ ၃) သို့သော် အချို့သူတို့၏တုံ့ပြန်မှုကြောင့် အားရှိလာသည်နှင့် ပေါလုသည် “ဥပုသ်နေ့မပြတ် တရားဇရပ်၌ဆွေးနွေးဟောပြော၍ ယုဒလူနှင့်ဟေလသလူတို့ကို ဖြားယောင်းသွေးဆောင်လေ၏။”—တမန်တော် ၁၈:၁-၄။
သို့သော်တစ်ခဏမျှ အချိန်ပိုင်းလောက်သာ ပေါလုဟောပြောနိုင်ခဲ့သည်။ ထိုနောက်မာကေဒေါနိပြည်မှ သိလနှင့်တိမောသေတို့သည် ‘သူလိုသမျှ’ အလှူငွေများနှင့်ရောက်လာလေသည်။ (၂ ကောရိန္သု ၁၁:၉။ ဖိလိပ္ပိ ၄:၁၅) ညှဉ်းပန်းနှိပ်စက်ခံရကြသော်လည်း သက်သာလောနိတ်ရှိ ညီအစ်ကိုများသည် မားမားမတ်မတ်ရပ်တည်နေသည်ဟူသောသတင်းသည်လည်း အလွန်အားရှိစရာပင်ဖြစ်သည်။—၁ သက်သာလောနိတ် ၃:၆။
ထိုအခါ ပေါလုမည်သို့ပြုသနည်း။ “ပေါလုသည် . . . တရားဟောခြင်းအမှုကို သာ၍ဆောင်ရွက်၍ [“တရားဟောပြောခြင်းကို တစ်ချိန်လုံးပြုမူ၍” The Jerusalem Bible; Today’s English Version] ယေရှုသည်ခရစ်တော်ဖြစ်ကြောင်းကို ယုဒလူတို့အားကြိုးစား၍သက်သေခံလေ၏။” (တမန်တော် ၁၈:၅) ငွေကြေးအခက်အခဲ ခေတ္တပျောက်ကင်းခဲ့ရာ အချိန်ပြည့်ဟောပြောခြင်းလုပ်ငန်းကို ပေါလုပြန်မဆောင်ရွက်ဘဲမနေနိုင်ခဲ့ချေ။ ဤလုပ်ငန်းကို အားကြိုးမာန်တက် ပြန်လုပ်ကိုင်ရာတွင် ဂျူးများအားဟောပြောရုံမက သူ၏မှုတ်သွင်းခံစာစောင်များအနက် ပထမစာစောင်ဖြစ်သည့် သက်သာလောနိတ်ပထမစာစောင်ကိုရေးရန်အတွက်ပင် အချိန်ယူခဲ့ပေသည်။
ယနေ့ကျွန်ုပ်တို့အတွက် စံနမူနာ
ကောရိန္သုမြို့တွင် ပေါလု၏ဝီရိယရှိလုပ်ငန်းအကြောင်း မှတ်တမ်းတင်ထားရခြင်းသည် ခရစ်ယာန်အားလုံးတို့လည်း သတင်းကောင်းနှင့် များစွာအလုပ်များနေကြရန် အားပေးမှုအတွက်ဖြစ်သည်။ “လောက၏အလင်း” ဖြစ်ကြရန် ဂုဏ်အသရေကို တပည့်တော်များအား သခင်ယေရှုအပ်နှင်းခဲ့ကြောင်း ပေါလုအသိအမှတ်ပြုသည်။ ဤအလင်းကို သူတို့ဝှက်ထားကြရန်မဟုတ်ပါ။ ယေရှုကသူတို့အား ဤသို့မှာကြားသည်။ “သူတစ်ပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ သူတစ်ပါးရှေ့၌ သင်တို့အလင်းကိုလင်းစေကြလော့။” (မဿဲ ၅:၁၄-၁၆) ယင်းက ယေရှုကြိုတင်ပြောထားသည့် ဟောပြောခြင်းလုပ်ငန်းတွင် အပြည့်အဝပါဝင်ခြင်းကိုဆိုလိုပါသည်။ (မဿဲ ၂၄:၁၄။ ၂၈:၁၉၊ ၂၀။ တမန်တော် ၁:၆-၈) ဤနိုင်ငံတော်သတင်းကောင်းဟောပြောခြင်းသည် ခရစ်ယာန်အသင်းတော်တည်ရှိရသည့် အဓိကအကြောင်းရင်းပင်ဖြစ်သည်။
ပေါလုနည်းတူ ရှေးခရစ်ယာန်များသည် ဤဟောပြောခြင်းလုပ်ငန်းကို အလေးအနက်သဘောထားကြသည်။ ထိုကြောင့် “အသက်ရှင်ခြင်းသို့ပို့ဆောင်တော်မူသောအရှင်” ကို ဘုရားသခင်၏ရန်သူများသည် ရက်စက်ကြမ်းတမ်းစွာသတ်ပစ်ခြင်းဖြင့် စစ်မှန်သောအလင်းကို ငြိမ်းသတ်လိုက်ပြီဟု ထင်မြင်ယူဆကြသောအခါ ကိုယ်တော်၏တပည့်နောက်လိုက်များသည် လောက၏အလင်းအဖြစ် ဆက်အမှုဆောင်ရွက်ကာ အားကြိုးမာန်တက်ဟောပြောကြ၏။ (တမန်တော် ၃:၁၅) နှိပ်စက်ညှဉ်းပန်းခြင်းပင် သူတို့၏ကြိုးစားမှုများကို မပိတ်ပင်နိုင်ပါ။ ကျမ်းစာမှတ်တမ်းက ဤသို့ဆိုသည်။ “ဗိမာန်တော်၌လည်းကောင်း၊ အိမ်၌လည်းကောင်း နေ့တိုင်းအစဉ် ဆုံးမသွန်သင်လျက် ယေရှုသည် ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိတရားကို မပြတ်ဟောပြောလျက်နေကြ၏။” (တမန်တော် ၅:၄၂) သူတို့ကို အဘယ်အရာမျှ မတားဆီးနိုင်။
မျက်မှောက်ခေတ်တွင် ခရစ်ယာန်များသည် သက်သေခံခြင်းလုပ်ငန်း၌ ထပ်တူပင်အလုပ်များနေကြပါသည်။ ၁၉ ရာစုအကုန်ပိုင်းတွင် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို တာဝန်ကျေပွန်စွာလေ့လာကျင့်သုံးသူတို့သည် သူတစ်ပါးအား သမ္မာတရားကို ဟောပြောတင်ပြရန်လိုအပ်ကြောင်း သဘောပေါက်နားလည်လာကြသည်။ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်လာသော ဇိအုန်ကင်းမျှော်စင်ဝေစာအသင်းသည် ၁၈၈၄ ခုနှစ်တွင် တရားဝင်ဖွဲ့စည်းခံရသည်။ ၁၉၃၁ ခုနှစ်ကတည်းက ယေဟောဝါသက်သေများဟု အမည်တွင်လာသော ဤကျမ်းစာကျောင်းသားများသည် ဘုရားသခင့်နှုတ်ကပါဌ်တော်အသိပညာကို ကမ္ဘာအနှံ့ရောက်ရှိစေခဲ့ပြီ။ သူတို့၏ကြိုးစားအားထုတ်မှုကြောင့် လေးသန်းကျော်တပ်မဟာအထိ ရေတွက်လာပေပြီ။ ယေဟောဝါ၏ညွှန်ကြားမှုအောက်တွင် သူတို့အရေအတွက် ရှေ့ဆက်တိုးများလာစရာအကြောင်း အမှန်တကယ်ရှိပါသည်။—ဟေရှာယ ၆၀:၂၂။
သင့်တာဝန်သင် ထမ်းဆောင်နေပါသလော
ယေရှုက “စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏” ဟုမိန့်တော်မူသည်။ (မဿဲ ၉:၃၇၊ ၃၈) ၁၉၉၀ ခုနှစ်တွင် ခရစ်တော်၏သေခြင်းသတိရအောက်မေ့ပွဲကို ဆယ်သန်းနီးပါး တက်ရောက်ခဲ့ကြသည်။ ကမ္ဘာချီတိုး၍ရိတ်သိမ်းစရာအလားအလာ ရှိနေပါသည်တကား။ သို့သော် ဤသို့ဆက်တိုးတက်မှုကြောင့် ရွှင်လန်းနေစဉ် ကိုယ်ကိုယ်ကို ဤသို့အသီးသီးမေးသင့်သည်။ ‘ဤကြီးမြတ်သောလုပ်ငန်းတွင် အကျွန်ုပ် မည်မျှပါဝင်နေသနည်း။ ဖြစ်နိုင်လျှင်ပတ်တိုင်း မှန်မှန် ပါဝင်ဆောင်ရွက်နေပါသလော။’
“သိုးတော်စုရှေ့မှာ ပုံသက်သေ” အနေနှင့် အကြီးအကဲများသည် ဤလုပ်ငန်းကိုဦးစီးဦးဆောင်ရမည်။ (၁ ပေတရု ၅:၃) မှန်သည်။ အကြီးအကဲများစွာမှာ ဝမ်းစာရှာလုပ်ငန်းများရှိကြသည်။ ကောရိန္သုမြို့၌ရှိစဉ် ပေါလုလည်း ဝမ်းစာရှာလုပ်ကိုင်ခဲ့ရပါသည်။ သို့နှင့်ပင် မှန်မှန်ဟောပြောခြင်းလုပ်ငန်းအတွက် သူအချိန်ဖယ်ထားပါသည်။ ယနေ့လည်း အကြီးအကဲများစွာတို့သည် စနေတနင်္ဂနွေနေ့များတွင် ဝိညာဉ်ရေးဆိုင်ရာလုပ်ငန်းများနှင့် ထပ်တူအလုပ်များနေကြပါသည်။ ယင်းကား အသင်းတော်ရှိသူအားလုံးအတွက် ဩဇာပါသော အားပေးတည်ဆောက်မှုဖြစ်စေသည်။ အချို့လများတွင် အထူးကြိုးစားကြသောအခါ အသင်းတော်များစွာ၌ ရှေ့ဆောင်လုပ်ငန်းတွင်ပါဝင်သူ ကြေညာသူအများအပြားရှိသည်။ လျှို့ဝှက်ချက်ကားအဘယ်နည်း။ အကြီးအကဲများသည် ဟောပြောခြင်းနှင့်လယ်ကွင်းလုပ်ငန်းအစီအစဉ်များ စီစဉ်ခြင်း၌ ကိုယ်တိုင်ဦးစီးပါဝင်ခြင်းကြောင့်ဖြစ်သည်။
လယ်ကွင်းလုပ်ငန်းတွင် မှန်မှန်ပါဝင်ကြမည်ဆိုလျှင် ဓမ္မအမှုထမ်းများသည်လည်း အသင်းတော်အတွက် ကောင်းမွန်သောပုံသက်သေဖြစ်နိုင်ပါသည်။ ကျမ်းစာက သူတို့သည် “တည်ကြည်သောသူ . . . ဓမ္မအမှုကို ကောင်းစွာဆောင်ရွက်သူတို့” ဖြစ်ကြရန် တောင်းဆိုထားကြောင်း သတိပြုပါ။ (၁ တိမောသေ ၃:၈၊ ၁၃) လယ်ကွင်းလုပ်ငန်း၌ သစ္စာရှိခြင်းသည် အကြီးအကဲ သို့မဟုတ် ဓမ္မအမှုထမ်းအရည်အချင်းရှိရန် ကြိုးစားနေသောညီအစ်ကို၌ မရှိမဖြစ်သောအရည်အချင်းတစ်ရပ်ဖြစ်သည်။—တိတု ၁:၈၊ ၉။
ပေါလုနည်းတူ ဝမ်းစာရှာလုပ်ငန်းကိုလျှော့ပြီး ရှေ့ဆောင်နိုင်သူအချို့ရှိသည်။ မှန်မှန်၊ အရံနှင့်အထူးရှေ့ဆောင်အရေအတွက်သည် ဆယ်နှစ်အတွင်း ၁၃၇,၈၆၁ ယောက်မှ ၁၉၉၀ ခုနှစ်တွင် ၅၃၆,၅၀၈ ယောက်အထိ တိုးများလာပါပြီ။ ဤသို့ဖြစ်လာနိုင်ခြင်းကား ယေဟောဝါ၏မျက်နှာသာနှင့်ကောင်းချီးကြောင့်သာဖြစ်သည်ကား အမှန်ပင်။ သို့သော် ရှေ့ဆောင်များသည် အချိန်ရေတွက်ရုံမဟုတ် သွင်းသည့်အချိန်သည် အကျိုးဖြစ်ထွန်းစေသည့်အချိန်ဖြစ်ပါလေစေ။ ရှေ့ဆောင်များ သင်တို့သည် ဓမ္မအမှုအတွက် ပြင်ဆင်မှုရှိပြီး ထိရောက်ကြပါသလော။ သင့်ဓမ္မအမှုသည် အမှန်အကျိုးဖြစ်ထွန်းစေခြင်းငှာ အမြဲတိုးတက်ရာတိုးတက်ကြောင်းကို ရှာကြံနေပါသလော။
မျှတ၍ဟန်ချက်ညီသောဓမ္မအမှု၏ဆုကျေးဇူးများ
ကင်းမျှော်စင် နှင့်၄င်း၏တွဲဖက် နိုးလော့ တွင် လစဉ်ပါသော အသက်တည်တံ့ရေးအတွက် သိသင့်သိအပ်သောအကြောင်းအရာများကို သင်တန်ဖိုးထားပါသလော။ သင်တန်ဖိုးထားကောင်းထားမည်။ ဤဂျာနယ်များကို တစ်ဆင့်ပြန်ဝေငှဖြန့်ဖြူးပေးလိုသည်အထိ ၄င်းတို့ကိုတန်ဖိုးထားစိတ်က သင့်အားတိုက်တွန်းပေးပါသလော။ ဘော့စဝါနာနိုင်ငံရှိညီအစ်မတစ်ဦး ထိုသို့ပြုပါသည်။ သူမသည် တစ်ချိန်က သမ္မာတရားကိုဆန့်ကျင်ခဲ့၏။ သူမ၏ခင်ပွန်းသည် ထိုမဂ္ဂဇင်းဆောင်းပါးများကို သူမအားဖတ်ပြခဲ့သည်။ အချိန်တန်သော် စိတ်ပြောင်းလဲလာပြီး သူမကိုယ်တိုင်သက်သေခံတစ်ဦးဖြစ်လာသည်။ သူမအနေနှင့် စာမတတ်သော်လည်း မဂ္ဂဇင်းများစွာဝေငှနိုင်ခြင်းကား “ကျွန်မစာမတတ်ပေမဲ့ ဒီမဂ္ဂဇင်းတွေကို ကျွန်မအမျိုးသားကဖတ်ပြတယ်။ ကျွန်မတကယ်သဘောကျသလို သင်လည်းကြိုက်မှာသေချာတယ်” ဟူ၍ပြောခြင်းဖြင့်ဖြစ်သည်။
ဤအသက်ကယ်လုပ်ငန်းတွင် ပတ်စဉ်ပါဝင်ပါလေ။ ဝိညာဏအရည်အချဉ်းများပြည့်မီလာသည်နှင့် ခရစ်ယာန်အသင်းတော်က ဤလုပ်ငန်း၌ သင်စပါဝင်နိုင်ရန် ကူညီပေးဖို့အသင့်ရှိပါသည်။ သို့သော် မဂ္ဂဇင်းများဝေခြင်းကား လုပ်ငန်းတော်ကဏ္ဍတစ်ခုမျှဖြစ်သည်။ သတင်းကောင်းနှင့်အလုပ်များနေသူ မည်သူမဆိုသည် မျှတ၍ဟန်ချက်ညီသောဓမ္မအမှုကိုဆောင်ရွက်ရန် ကြိုးစားပါသည်။ ဥပမာ၊ ကင်းမျှော်စင်အသင်းသည် စာအုပ်များကို သန်းပေါင်းများစွာပုံနှိပ်ထုတ်ဝေပါသည်။ ကြာရှည်ခံကောင်းမွန်သောဝိညာဏအစာအနေနှင့် လူထုအား ၄င်းတို့ကိုဝေငှကြပါသည်။ သင်သည်ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် အစရှိသည့်စာအုပ်များကိုဝေငှရန် သင့်ဓမ္မအမှု၌ကျွမ်းကျင်လာပြီလော။
စိတ်ဝင်စားမှုတင်ပြသူတို့ကော။ သူတို့ထံ ပြန်လည်ပတ်မှုများပြုလုပ်ရန် တိကျမှန်ကန်သောမှတ်တမ်းများရေးမှတ်ပါသလော။ ဤသို့သောလည်ပတ်မှုများသည် ပျော်ရွှင်မှုအပေးဆုံးဖြစ်သည့် အိမ်တွင်းကျမ်းစာသင်အံမှုလုပ်ငန်းသို့ ဦးတည်ပေးနိုင်ပါသည်။ မဿဲ ၂၈:၁၉၊ ၂၀ တွင် ‘တပည့်ဖြစ်စေလျက်၊ နှစ်ခြင်းပေး’ ရန် ကျွန်ုပ်တို့အားယေရှုမိန့်မှာထားတော်မူသည်။ ယင်းကား သူတို့နှင့်ကျမ်းစာသင်ပေးခြင်းကိုဆိုလိုသည်။ မှန်သည်၊ သင်အံမှုစတင်ရန် ဇွဲလုံ့လရှိရန်လိုသည်။ အိမ်တွင်းကျမ်းစာသင်အံမှုကို ဝမ်းသာအားရလက်ခံသော သက်ကြီးရွယ်အိုမောင်နှံစုံတစ်စုံကို သက်သေခံတစ်ဦးတွေ့ကြုံခဲ့သည်။ သို့သော် သုံးပတ်တိုင်အောင် တစ်ပတ်ပြီးတစ်ပတ် သင်အံမှုကို ရွှေ့ဆိုင်ခဲ့သည်။ နောက်ဆုံး သင်အံမှုစတင်လိုက်သည်။ ထိုနောက် နှစ်ပတ်တစ်ခါသာ အတန်ကြာသင်အံမှုပြုလုပ်ခွင့်ရသည်။ နောက်ဆုံးတွင် ဇနီးဖြစ်သူသည် နှစ်ခြင်းယူနိုင်သည့်အထိ တိုးတက်လာသည်။ “နှစ်ခြင်းခံယူပြီးနောက် သူမသည် ဝမ်းသာအားရစွာဖြင့် မျက်ရည်လည်ခဲ့ရာ ကျွန်တော်နှင့်ကျွန်တော့်ဇနီးနှစ်ယောက်စလုံးလည်း ဝမ်းသာခြင်းမျက်ရည်ကျရကြသည်” ဟုညီအစ်ကိုက စားမြုံ့ပြန်သည်။ မှန်ပေသည်။ သတင်းကောင်းနှင့်အလုပ်များနေခြင်းမှ မဖေါ်ပြနိုင်သောရွှင်လန်းခြင်းရရှိသည်။
အသုံးတော်ခံပါ
ယေရှုခရစ်နှင့်တမန်တော်ပေါလုတို့သည် ကျွန်ုပ်တို့အတုယူစရာ ဆက်ကပ်အပ်နှံခြင်းပုံသက်သေကောင်းများကို ကျွန်ုပ်တို့အတွက်တင်ပြခဲ့ပြီ။ မျက်မှောက်ခေတ်တွင် ယေဟောဝါသက်သေများအလယ်တွင် ပုံသက်သေကောင်းအမြောက်အမြားရှိပါသည်။ သတင်းကောင်းသိကျွမ်းသူအားလုံး သူတစ်ပါးအားပြောပြကြရန် များများလှုပ်ရှားပါဝင်ရမည့်အချိန် တန်ပေပြီ။ ဤသို့သောကြိုးပမ်းမှုများအားလုံးသည် “အကျိုးကြီး” ကြောင်း ကျမ်းစာကစိတ်ချစေပါသည်။—၁ ကောရိန္သု ၁၅:၅၈။
ပေါလုနည်းတူ ငွေရေးကြေးရေးအခက်အခဲများသူတို့၌ရှိကြသည်။ ယင်းကြောင့် များစွာသောသူတို့သည် ရှေ့ဆောင်နိုင်မည်မဟုတ်ပါ။ သို့သော် ယေဟောဝါအကူအညီဖြင့် ရောမ ၁၂:၁၁ ပါ အကြံဉာဏ်ကောင်းကို လိုက်နာကျင့်သုံးနိုင်ကြပါမည်။ “မဖင့်မနွှဲလုံ့လထုတ်လျက် စိတ်စေတနာထက်သန်လျက် အရှင်ဘုရား [ယေဟောဝါ၊ NW ] ၏အစေတော်ကိုခံ” လော့။ ယေဟောဝါ၏လုပ်ငန်းတော်တွင် အချိန်ပိုများများပါဝင်နိုင်ရန် အခြေအနေပြောင်းလဲလာမည်ဆိုလျှင် ယေဟောဝါကိုအမှန်ချစ်မြတ်နိုးသူ မည်သူမဆိုသည် ပေါလုနည်းတူ အခွင့်အရေးကိုချက်ချင်းယူပါမည်။ သတင်းကောင်းနှင့် အလုပ်အလွန်များနေပါ။ ထိုသို့ပြုခြင်းဖြင့် ယခုပင်ကောင်းချီးရမည်သာမက အနာဂတ်တွင် အဆုံးမရှိပျော်ရွှင်ဝမ်းမြောက်စွာ ထာဝစဉ်အသက်ရှင်ခွင့်ပါ ရရှိမည်တကား။—မဿဲ ၁၉:၂၈၊ ၂၉။
-