ကန့်သတ်မှုများက သင့်ကို စိတ်ဓာတ်ကျစေသလော
ကန့်သတ်မှုများ! အမှန်စင်စစ်ဆိုလျှင် ယင်းတို့ကို မည်သူမျှ မနှစ်မြို့ချေ။ သို့တစေ ကျွန်ုပ်တို့အားလုံးသည် ယင်းတို့ကို အတန်အရာ သည်းခံနေကြရမည်။ သို့သော်လည်း သင့်ဘဝတွင် ကန့်သတ်မှုများလွန်းသည်ဟု ယူမှတ်ပြီး တစ်ခါတစ်ရံ စိတ်ဓာတ်ကျတတ်သလော။ ထိုသို့ဆိုလျှင် သင်၏ စဉ်းစားပုံ စဉ်းစားနည်းကို ပြုပြင်ပြောင်းလဲနိုင်ပါက ခံသာပေမည်။ မိမိမဆောင်ရွက်နိုင်ရာတို့အတွက် ရတက်မအေး ဖြစ်နေမည့်အစား သင်ရရှိထားသမျှ အခွင့်အရေးများကို အပြည့်အဝဆုံးနည်းဖြင့် အကျိုးရှိရှိ အသုံးပြုပါလေ။
ဥပမာအနေနှင့်၊ စီးပွားရေးချို့တဲ့သူများတို့သည် ချမ်းသာလိုကြသည်။ သို့ရာတွင် ဤအစီအစဉ်စနစ်၌ ဆင်းရဲနွမ်းပါးသောကြောင့် မစွမ်းဆောင်နိုင်ရာများရှိသော်လည်း ဘဝတွင် အဓိကကျသောအရာတို့ကို လူအားလုံး အသင့်ရယူနိုင်ကြပါသည်။ ဆင်းရဲချို့တဲ့သူများသော်လည်းကောင်း၊ ချမ်းသာကြွယ်ဝသူများသော်လည်းကောင်း ချစ်ကြိုက်တတ်၍ အိမ်ထောင်ပြုပြီးနောက် သားသမီးထွန်းကားနိုင်သည်၊ မိတ်ကောင်းဆွေကောင်းများ ရှိနိုင်သည်၊ အစရှိသည်တို့ကို ဆောင်ရွက်နိုင်ကြသည်။ ထိုထက်အရေးကြီးသည်ကား ချို့တဲ့သူဖြစ်စေ၊ ကြွယ်ဝသူဖြစ်စေ ယေဟောဝါကို သိကျွမ်းပြီး ကတိတော်တည်ရာ ကမ္ဘာသစ်ကို စောင့်မျှော်နိုင်ကြသည်။ ဆင်းရဲချမ်းသာမရွေး လူတိုင်းစည်းစိမ်ဥစ္စာထက် တန်ဖိုးရှိသော ခရစ်ယာန်အသိဉာဏ်ပညာ တိုးပွားများပြားစေနိုင်သည်။ (သု. ၂:၁-၉; ဒေသနာ ၇:၁၂) မည်သူမဆို—ဆင်းရဲချမ်းသာမရွေး—ယေဟောဝါရှေ့ အလွန်ကောင်းသောအသရေ ရရှိနိုင်သည်။ (ဒေသနာ ၇:၁) ပေါလုခေတ်က ခရစ်ယာန်အသင်းတော်သည် များသောအားဖြင့် မိမိရရှိထားသော လွတ်လပ်ခွင့်ကို ပညာရှိစွာ အသုံးပြုသော အဆင့်အတန်းနိမ့်သူ—အချို့ဆိုလျှင် အစေခံကျွန်များ—တို့ဖြင့် ဖွဲ့စည်းထားခဲ့သည်။—၁ ကောရိန္သု ၁:၂၆-၂၉။
ကျမ်းပေးဦးစီးမှုတာဝန်
ခရစ်ယာန်အိမ်ထောင်တွင် ဇနီးဖြစ်သူသည် သူမ၏လင်ယောက်ျားကို လက်အောက်ခံရသည်။ ယင်းသည် တစ်အိမ်ထောင်လုံးအတွက် အကျိုးရှိစေရန်ဆွဲထားသော အစီအစဉ်ဖြစ်သည်။ (ဧဖက် ၅:၂၂-၂၄) ထိုအတွက်ကြောင့် မိမိ၏သိက္ခာကျသည်ဟု ဇနီးဖြစ်သူက ယူမှတ်သင့်သလော။ လုံးဝမယူမှတ်သင့်ပါ။ လင်နှင့်မယားသည် တွဲဖက်ဖြစ်သည်။ ယောက်ျားသည် ခရစ်တော်နည်းတူ ဦးစီးဦးဆောင်မည်ဆိုလျှင် ဇနီးကို အလိုက်အထိုက်ကန့်သတ်ပေး၍ သူမ၌ ကိန်းအောင်းနေသော စွမ်းအင်များကို အကောင်အထည်ဖော်ရန် အခွင့်များစွာကိုရရှိစေမည်။ (ဧဖက် ၅:၂၅၊ ၃၁) သု. အခန်းကြီး ၃၁ ပါ “လုပ်ရည်ကြံရည်ရှိသောမိန်းမ” သည် လုပ်ရည်ကိုင်ရည်ရှိရန်လိုသော စိတ်ဝင်စားစရာလုပ်ငန်းများစွာနှင့် အလုပ်များပါသည်။ မိမိ၏ယောက်ျားကို လက်အောက်ခံခြင်းသည် သူမအတွက် စိတ်အနှောင့်အယှက်မဖြစ်ကြောင်း ထင်ရှား၏။—သု. ၃၁:၁၀-၂၉၊ ကဘ။
ထိုနည်းတူစွာ ခရစ်ယာန်အသင်းတော်တွင် အရည်အချင်းရှိသော အမျိုးသားများကို အမျိုးသမီးတစ်ဦးက ဦးစီးဖို့ရန် မပြဋ္ဌာန်းထားပါ။ (၁ ကောရိန္သု ၁၄:၃၄; ၁ တိမောသေ ၂:၁၁၊ ၁၂) ထိုကန့်သတ်မှုကြောင့် ခရစ်ယာန်အမျိုးသမီးများသည် မကျေမနပ်ဖြစ်သင့်သလော။ မဖြစ်သင့်ပါ။ သီအိုကရက်တစ်နည်းလမ်းအတိုင်း ခရစ်ယာန်လုပ်ငန်းကို ဤသို့ထမ်းဆောင်ခြင်းဖြစ်ကြောင်း အများစုက သဘောပေါက်နားလည်၍ ကျေးဇူးတင်ကြသည်။ ခန့်အပ်ခံ အကြီးအကဲများ၏ သိုးထိန်းခြင်းနှင့် သွန်သင်ခြင်းကို ခံယူကြရပြီး အရေးကြီးသည့် ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်း၌ စိတ်ပါလက်ပါ ပါဝင်ဆောင်ရွက်ခွင့်ရခြင်း အကျိုးကျေးဇူးအတွက် သူတို့ဝမ်းသာကြသည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) ဤကဏ္ဍတွင် ခရစ်ယာန်အမျိုးသမီးများသည် များစွာပြီးမြောက်ဆောင်ရွက်နေကြပြီး ယင်းက ယေဟောဝါဘုရားသခင်၏ မျက်မှောက်တော်တွင် သူတို့အား ဂုဏ်အသရေရှိစေသည်။—ဆာလံ ၆၈:၁၁; သု. ၃:၃၅။
လူငယ်များအပေါ် ကန့်သတ်ချက်များ
များသောအားဖြင့် မိဘ၏ဩဇာအောက်ရှိကြရသည့်အတွက် လူငယ်များကလည်း မိမိတို့သည် ကန့်သတ်ခံရလွန်းသည်ဟု တစ်ခါတစ်ရံ ညည်းတတ်သည်။ သို့သော် ယင်းသည်လည်း ကျမ်းစာအတိုင်းသာဖြစ်သည်။ (ဧဖက် ၆:၁) မိဘများ စည်းကြပ်သော ကန့်သတ်မှုများကြောင့် စိတ်တိုမည့်အစား ပညာရှိသော ခရစ်ယာန်လူငယ်များသည် မိမိတို့ရရှိထားသည့် လွတ်လပ်ခွင့်များ—များသောအားဖြင့် လေးလံသောတာဝန်များမှလွတ်ငြိမ်းခြင်းပါအပါအဝင်—ကိုတပျော်တပါးခံစားရန် အာရုံစူးစိုက်ပြုမူကြမည်။ ဤနည်းဖြင့် လူကြီးအသက်တာအတွက် ကိုယ့်ကိုယ်ကို အသင့်ပြင်ဆင်ရန် သူတို့၏နုပျိုရွယ်တွင်ရှိ ခွန်အားနှင့် အခြေအနေကို အကျိုးရှိရှိအသုံးပြုနိုင်ကြမည်။
အကန့်အသတ်ဖြင့်သာ လုပ်ကိုင်နိုင်သော သီးခြားအုပ်စုငယ်တစ်ခုမှ ၁၂ နှစ်သားအရွယ်တစ်ဦးကို ဘရာဇီးနိုင်ငံမှ တိုက်နယ်ကြီးကြပ်မှူးဟောင်းတစ်ဦး ကောင်းကောင်းသတိရပါသည်။ အသင်းတော်စာရွက်စာတမ်းများကို တာဝန်ခံသူသည် ဝမ်းစာရှာလုပ်ငန်း၌ အလုပ်ရှုပ်သဖြင့် ဤအုပ်စုကို ကောင်းကောင်းအာရုံမစိုက်နိုင်ပါ၊ သို့သော် ဤလူငယ်ကလေးမိမိအားအကူအညီပေးရန် သူစီစဉ်ခဲ့သည်။ ပုံစံစာရွက်စာတမ်းများအသီးသီး ထားရာနေရာကို သူမှတ်သားထားရုံမက အကူအညီပေးဖို့လည်း အမြဲအသင့်ရှိသည်။ သူတင်ပြသော စိတ်ဝင်စားမှုသည် အားရှိစရာဖြစ်ပြီး လယ်ကွင်းလုပ်ငန်း၌လည်း သစ္စာရှိစွာ တွဲဖက်ပါဝင်ခဲ့သည်။ ယနေ့ ထိုလူငယ်ကလေးသည် ခန့်အပ်ခံ အကြီးအကဲတစ်ဦး ဖြစ်နေပါပြီ။
တစ်ဦးတစ်ယောက်၏ လွတ်လပ်ခွင့်ကို ကန့်သတ်ကောင်းကန့်သတ်မည့်အခြေအနေ အမြောက်အမြားရှိသည်။ အချို့သူများသည် ဖျားနာမှုကြောင့် ကန့်သတ်ထားခံရသည်။ အချို့ဆိုလျှင် ကွဲပြားသောအိမ်ထောင်များအဝင်ဖြစ်ကြသဖြင့် မယုံကြည်သူ အိမ်ထောင်ဖက်၏ တောင်းဆိုချက်များကြောင့် သူတို့၏လွတ်လပ်ခွင့် အကန့်အသတ်ဖြစ်သည်ကို တွေ့ရှိရ၏။ ကန့်သတ်မှုများနှင့် နေထိုင်ရသူတို့က အခြေအနေထူးခြားစေလိုမည် မှန်သော်လည်း မိမိဘဝမှ ကျေနပ်မှုအပြည့် ရရှိနိုင်ကြတုန်းပင်။ ယေဟောဝါကို အားကိုးပြီး မိမိတို့၏အခြေအနေက အခွင့်အရေးပေးသမျှ အကျိုးအရှိဆုံးအသုံးပြုသောကြောင့် အခြားသူများအတွက် တည်ဆောက်မှုဖြစ်စေခဲ့သူများ၏ အတ္ထုပ္ပတ္တိများစွာကို ဤမဂ္ဂဇင်းတွင် ဖော်ပြခဲ့ဖူးပြီ။
မိမိ၏ခေတ်ရှိ ထပ်တူအခြေအနေမျိုးနှင့်စပ်လျဉ်း၍ တမန်တော်ပေါလုက ဤသို့ဆိုသည်– “အစေခံကျွန်ဖြစ်၍ ခေါ်တော်မူခြင်းကျေးဇူးကိုခံရလျှင် စိုးရိမ်ခြင်း မရှိနှင့်။ သို့သော်လည်း လွတ်ခြင်းသို့ရောက်နိုင်လျှင် လွတ်ရသောအခွင့်ကို သာ၍ သုံးဆောင်လော့။” (၁ ကောရိန္သု ၇:၂၁) အလွန်ဟန်ချက်ညီသောအမြင်ပါတကား! အခြေအနေ ပြောင်းလဲတတ်သည်။ လူငယ်များသည် ကြီးပြင်းလာ၏။ တစ်ခါတစ်ရံ အတိုက်အခံပြုခဲ့သော အိမ်ထောင်ဖက်များသည် သမ္မာတရားလက်ခံသူများ ဖြစ်လာတတ်သည်။ စီးပွားရေးအခြေအနေ ကောင်းလာသည့်အဖြစ်မျိုးလည်း ရှိ၏။ လူနာများသည် ကျန်းမာလာမည်။ အခြားအခြေအနေများမူကား ယေဟောဝါ၏ ကမ္ဘာသစ်ရောက်ရှိလာချိန်၌သာ ပြောင်းလဲပေမည်။ မည်သို့ဆိုစေကာမူ သူတစ်ပါးပြုလုပ်စွမ်းဆောင်နိုင်ရာကို မိမိမတတ်နိုင်သည့်အတွက် ရတက်မအေးဖြစ်ခြင်းမှ အဘယ်အကျိုးရနိုင်မည်နည်း။
မြေမဟီထက်ကောင်းကင်ယံတွင် ကျေးငှက်သာရကာများပျံဝဲနေခြင်းကို အသင်ကြည့်ရှု၍ ယင်းတို့ရွေ့ရှားသွားလာပုံ၏ အလှကျက်သရေနှင့် လွတ်လွတ်လပ်လပ်ရှိမှုကို ရင်သပ်ရှုမော အံ့သြခဲ့ဖူးသလော။ ထိုသို့ပျံဝဲသွားလာနိုင်လျှင် ကောင်းပေမည်ဟု သင်တမ်းတမိခဲ့မည်။ မှန်၏၊ ကျေးငှက်များပျံသကဲ့သို့ သင်ပျံဝဲနိုင်မည်မဟုတ်၊ မည်သည့်အခါ၌မျှလည်း ပျံဝဲနိုင်လိမ့်မည်မဟုတ်ပါ! သို့သော်လည်း ယင်းအတွက် သင်မကျေမနပ်မဖြစ်ပါ။ ၎င်းအစား သင်၏ ဘုရားပေးအစွမ်းအစတွင် ပျော်ရွှင်ဝမ်းမြောက်ပြီး မြေကြီးမျက်နှာပြင်ပေါ်မှာ ဟန်ပန်ကျနစွာ သွားလာလှုပ်ရှားနေပါသည်။ ထိုနည်းအတိုင်းပင် ကျွန်ုပ်တို့၏ဘဝအခြေအနေသည် မည်သို့ပင်ရှိစေကာမူ ကျွန်ုပ်တို့မတတ်နိုင်သည့်အရာကြောင့် ရတက်မအေးဖြစ်နေမည့်အစား ကျွန်ုပ်တို့တတ်နိုင်သည့်အရာကို အာရုံစူးစိုက် လုပ်ဆောင်နေပါက ဘဝသည် ကျေနပ်ဖွယ်ရာဖြစ်ပြီး ယေဟောဝါ၏လုပ်ငန်းတော်တွင် ပျော်ရွှင်မှုရရှိနိုင်ပါလိမ့်မည်။—ဆာလံ ၁၂၆:၅၊ ၆။
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
သင့်မိဘများသည် သင့်အားချုပ်ချယ်သည်ဟု ထင်မှတ်သလော