ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၉/၁ စာ. ၂၉-၃၁
  • သင်၏မြင့်မြတ်သောလုပ်ငန်းကို လေးမြတ်လေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်၏မြင့်မြတ်သောလုပ်ငန်းကို လေးမြတ်လေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်အကြောင်း ကျွန်ုပ်တို့ဦးစွာလေ့လာစဉ်က
  • ယင်းတို့သည် စွန့်လွှတ်စရာများအမှန်ဖြစ်ကြသလော
  • ဆုလာဘ်များကိုစဉ်းစားပါ
  • ဆက်ကပ်အပ်နှံသည့်ခြေလှမ်း
  • သစ္စာရှိလုပ်ဆောင်မှုအတွက် အခြားဆုလာဘ်များ
  • နှစ်ခြင်းခံဖို့ အရည်အချင်း ပြည့်မီလာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးနိုင်ပုံ—အပိုင်း ၂
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ဘုရားတရားကြည်ညိုသည့်အသက်တာဖြင့် သက်ရှင်ခြင်းသည် အဘယ်ကြောင့် ပျော်ရွှင်ချမ်းမြေ့စေကြောင်း
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ‘သင့်ကိုယ်ကိုနှင့် သင့်စကားနားထောင် သူတို့ကို ကယ်တင်လော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၉/၁ စာ. ၂၉-၃၁

သင်၏မြင့်မြတ်သောလုပ်ငန်းကို လေးမြတ်လေ

ထိုက်တန်သောပန်းတိုင်တစ်ခုကို လက်လှမ်းမီနိုင်ရန် ကျွန်ုပ်တို့သည် တန်ရာတန်ကြေးပေးရန်အသင့်ရှိရမည်။ ဆရာဝန်တစ်ဦးဖြစ်လာရန် နှစ်ပေါင်းများစွာလေ့လာဆည်းပူးခြင်းနှင့် သန္နိဋ္ဌာန်ချခြင်းအပြင် ငွေကြေးတို့ လိုအပ်သည်။ အောင်မြင်သော အားကစားသမားတစ်ဦးသည် အထူးတလည်ကျွမ်းကျင်မှုရှိအောင် စွမ်းစွမ်းတမံအားထုတ်ကာ တစ်ဆင့်ပြီးတစ်ဆင့်တိုး၍ ပိုမိုခက်ခဲသည့်လေ့ကျင့်ခန်းများကို လုပ်ဆောင်ခြင်းဖြင့် သူ၏အစွမ်းသတ္တိအများစုကို အသုံးပြုခဲ့ရသည်။ အလားတူ ကျွမ်းကျင်သည့် စန္ဒယားဆရာတစ်ဦးသည်လည်း ကိုယ့်ကိုယ်ကိုမြှုပ်နှံ၍လေ့ကျင့်ခဲ့ရသည့် နှစ်ပေါင်းများစွာကို ပြန်ပြောင်းစဉ်းစားနိုင်သည်။

သို့တစေ ပေးခဲ့ရမည့်တန်ဖိုးထက် အဆပေါင်းများစွာသာလွန်သည့် အကျိုးကို ပြန်ရရှိစေသော ပန်းတိုင်တစ်ခုရှိသည်။ ယင်းကား အဘယ်နည်း။ အထွတ်အထိပ်ဖြစ်တော်မူသော ယေဟောဝါဘုရားသခင်၏ ကျေးကျွန်တစ်ဦးဖြစ်ရသည့် အခွင့်အရေးပင်ဖြစ်သည်။ ကျွန်ုပ်တို့၏ အချိန်၊ ငွေ သို့မဟုတ် ခွန်အားစသည့် မည်သည့်ပူဇော်သက္ကာမျိုးမဆိုအားဖြင့် ကျွန်ုပ်တို့ဖန်ဆင်းရှင်၏ မြင့်မြတ်သောလုပ်ငန်းတော်ကို လုပ်ဆောင်ရသည့်အခွင့်ထူးသည် အတုမရှိသည့်ဆုကျေးဇူးများကို ရရှိစေသည်။ တမန်တော်ပေါလု၏စကားများသည် မှန်ကန်သည်– “ဘုရားဝတ်၌မွေ့လျော်ခြင်းမူကား ယခုဘဝ၊ နောင်ဘဝနှင့် စပ်ဆိုင်သောကတိတော်ကိုရသည်။” (၁ တိမောသေ ၄:၈) ယင်းအချက်မည်သို့မှန်ကန်ကြောင်း ကြည့်ကြစို့။

ဘုရားသခင်အကြောင်း ကျွန်ုပ်တို့ဦးစွာလေ့လာစဉ်က

သတင်းကောင်းကို သဘောကျတုံ့ပြန်ပြီး ကျမ်းစာစတင်လေ့လာသူ လူအများစုတို့သည် သူတို့၏အသက်တာကို အကျိုးသက်ရောက်မည့် ပြောင်းလဲမှုအတိုင်းအတာကို သဘောပေါက်မည်မဟုတ်ပါ။ ဦးဆုံးအနေနှင့် ကျမ်းစာသင်သားသည် ဘုရားသခင်အား ဂုဏ်တော်ညှိုးနွမ်းစေသည့်အရာများဟု သူနားလည်လာသော အကျင့်အကြံများကို လိုက်လျှောက်သည့်မိတ်ဆွေများနှင့် မပေါင်းသင်းတော့ခြင်းကြောင့် ယင်းကိုနားမလည်နိုင်သောမိတ်ဆွေများကို သူဆုံးရှုံးရပေမည်။ (၁ ပေတရု ၄:၄) အချို့တို့က မိသားစု၏ဆန့်ကျင်မှုများ၊ မိမိတို့ချစ်ရသူများသည် ယေဟောဝါကို မနှစ်သက်ခြင်းနှင့် မုန်းတီးခြင်းကိုပင် တင်ပြကြသောကြောင့် ရတက်မအေးရခြင်းတို့ကို ခံစားကြရပေမည်။ (မဿဲ ၁၀:၃၆) ယင်းကား ပေးဆက်ရန်ခက်ခဲသည့်အရာဖြစ်နိုင်သည်။

ကျောင်းတွင်ဖြစ်စေ၊ အလုပ်တွင်ဖြစ်စေ ပေးဆပ်ရသည်များလည်းရှိသည်။ ကျမ်းစာသင်သားသစ်သည် အချိန်တန်သော် လောကီပါတီပွဲများနှင့်အခြားပွဲများတွင် ပါဝင်ခြင်းကို ရပ်စဲပစ်မည်။ သူ၏အလုပ်ဖော် သို့မဟုတ် အတန်းဖော်တို့၏ မသန့်ရှင်းသည့်စကားပြောဆိုမှုများကို သူနားမထောင်တော့၊ သို့မဟုတ် သူတို့နှင့်အပြန်အလှန် ညစ်ညမ်းစွာနောက်ပြောင်ကြမည် မဟုတ်တော့ပါ။ ယင်းအစား ဧဖက် ၅:၃၊ ၄ တွင်ပါသောသွန်သင်ချက်ကို လက်တွေ့ကျင့်သုံးနိုင်ရန် သူကြိုးစားပေမည်– “မတရားသောမေထုန်၌မှီဝဲခြင်း၊ အမျိုးမျိုးသောကိလေသာညစ်ညူးခြင်း၊ လောဘလွန်ကျူးခြင်းအမှုတို့ကို သန့်ရှင်းသူတို့သည် ရှောင်သင့်သည်အတိုင်း စကားဖြင့်မျှမဆက်ဆံကြနှင့်။ မတော်မလျော်သော ညစ်ညူးပျက်ပြယ်ပြက်ရယ်သော စကားများကိုလည်း ပယ်၍ ကျေးဇူးတော်ချီးမွမ်းခြင်းစကားကို သုံးကြလော့။”

ထိုအပြောင်းအလဲများက ကျမ်းစာသင်သားအား အပယ်ခံဖြစ်စေပေမည်။ ယင်းသည် အခက်အခဲတစ်ရပ်ဖြစ်နိုင်သည်။ အထူးသဖြင့် ကျောင်းနေဆဲလူငယ်တစ်ဦးအတွက် ဖြစ်သည်။ အားလပ်ရက်ပွဲနေ့တစ်ခုပြီးတစ်ခုအပြင်၊ ဆင့်ကဲဖြစ်စဉ်ကဲ့သို့သော ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်သည့် သွန်သင်ချက်များကို ရင်ဆိုင်ရခြင်း၊ လူအများအကြိုက်လိုက်ရန် အစဉ်တစိုက်ဖိအားပေးခံရခြင်းတို့ကြောင့် ခရစ်ယာန်လူငယ်ကလေးများသည် ယုံကြည်ခြင်းအတွက် အမြဲတစေတိုက်လှန်နေကြရမည်ဖြစ်သည်။ ဘုရားသခင်၏နည်းလမ်းတော်ကို လိုက်လျှောက်ခြင်းက သူတို့အားခြားနားစေပြီး အတန်းဖော်များနှင့် ဆရာဆရာမများ၏ ကဲ့ရဲ့လှောင်ပြောင်မှုကို ခံရစေနိုင်သည်။ အထူးသဖြင့် အာရုံထိခိုက်လွယ်သော ဆယ်ကျော်သက်နှစ်များအတွင်းတွင် ယင်းတို့ကိုခံရပ်နိုင်ရန် ခက်ခဲလှသော်လည်း ဘုရားသခင့်မျက်နှာသာတော်တွေ့ခြင်းက ယင်းတို့ကိုခံရကျိုးနပ်စေသည်။

ယင်းတို့သည် စွန့်လွှတ်စရာများအမှန်ဖြစ်ကြသလော

ပထမတွင် စွန့်လွှတ်ရသည်ဟုထင်ရသော်လည်း ကောင်းချီးများဖြစ်လာသည့် အခြားအရာများလည်း ရှိသေးသည်။ အချို့တို့သည် ဆေးရွက်ကြီးသုံးသည့်အကျင့်ကို စွန့်လွှတ်ရသည်။ (၂ ကောရိန္သု ၇:၁) ယင်းသည် တိုက်လှန်မှုတစ်ခုဖြစ်နိုင်သော်လည်း နောက်ဆုံးတွင် ဘေးသင့်စေသော ထိုရွံမုန်းဖွယ်အကျင့်ဆိုးကို အောင်နိုင်လိုက်သောအခါ ကောင်းချီးတစ်ရပ်ဖြစ်သွားပါသည်တကား! အခြားသောမူးယစ်ဆေးဝါးများ သို့မဟုတ် အရက်ယမကာစွဲခြင်းကို အောင်မြင်ကျော်လွှားခြင်းနှင့် ပတ်သက်၍လည်း ထိုနည်းတူဖြစ်သည်ဟုပြောနိုင်သည်။ ထိုသို့ပျက်စီးစေနိုင်သည့်အကျင့်များမှ ကင်းဝေးသည့်အသက်တာသည် မည်မျှတိုးတက်ကောင်းမွန်လာပါသည်တကား! အချို့တို့က မိမိတို့၏အိမ်ထောင်ရေးကိစ္စများကို ပဲ့ပြင်တည့်မတ်မှုပြုကြရမည်။ အိမ်ထောင်၏အကျိုးအမြတ်ကို မခံစားရဘဲ ပေါင်းသင်းနေထိုင်သူတို့သည် လက်ထပ်လျှင်ထပ်၊ မထပ်လျှင် အတူနေခြင်းကို ရပ်စဲပစ်ကြရမည်။ (ဟေဗြဲ ၁၃:၄) မယားအများနှင့် ပေါင်းသင်းနေသူသည် အသက်အရွယ်ပျိုစဉ်ကာလ ပေါင်းဖော်သောမယားနှင့်သာ ဆက်၍ပေါင်းရမည်။ (သု. ၅:၁၈) ထိုချိန်ညှိမှုများသည် စွန့်လွှတ်ခြင်းပါဝင်သော်လည်း အိမ်ထောင်ငြိမ်သက်ခြင်းကို ဖြစ်စေသည်။

ဆုလာဘ်များကိုစဉ်းစားပါ

သေချာသည်ကား၊ ယေဟောဝါ၏ပညတ်တော်များကို နာခံသောသူတို့သည် အမှန်ပင်အကျိုးကျေးဇူးခံစားကြရသည်။ ကျမ်းစာသင်သားသည် မိမိအသက်တာတွင် ပထမဆုံးအကြိမ်အနေနှင့် ယေဟောဝါဟူသော ဖန်ဆင်းရှင်၏နာမတော်ဖြင့် စခေါ်သည်။ (ဆာလံ ၈၃:၁၈၊ ကဘ) လူသားများအတွက် ယေဟောဝါလုပ်ပေးထားသည့်အရာများနှင့် လုပ်ပေးဦးမည့်အရာများအကြောင်း သိရှိလာသည်နှင့်အမျှ ကျမ်းစာသင်သားသည် ကိုယ်တော်အားချစ်လာသည်။ သေခြင်းကိုကြောက်ရွံ့သည့်ဓလေ့ရှိ နိုင်ငံများတွင် သေသူများသည် အိပ်ပျော်နေကြပြီး ရှင်ပြန်ထမြောက်ခြင်းကို စောင့်ဆိုင်းနေကြခြင်းဖြစ်ကြောင်း သိရှိခြင်းအားဖြင့် ဤအယူသီးသည့်ကြောက်ရွံ့မှု ပပျောက်သွားသည်။ (ဒေသနာ ၉:၅၊ ၁၀) ဘုရားသခင်သည် လူကို ငရဲတွင် ထာဝရညှဉ်းဆဲခြင်းမပြုကြောင်း သိရှိလာရခြင်းသည် မည်မျှသက်သာမှုပါတကား! မှန်ပါသည်၊ သမ္မာတရားသည် သူ့အားအမှန်ပင် လွတ်မြောက်စေသည်။—ယောဟန် ၈:၂၃။

ဤသင်သားသည် မိမိအသက်တာကို ယေဟောဝါ၏စံနှုန်းများနှင့်အညီ တိုး၍ကိုက်ညီစေသည်နှင့်အမျှ ကြည်လင်သောသြတ္တပ္ပစိတ်နှင့် ကိုယ့်ကိုယ်ကိုလေးစားမှုကို သူရရှိသည်။ စစ်မှန်သောခရစ်ယာန်အဖြစ် အသက်ရှင်ရန် သင်ယူလေ့လာခြင်းက မိသားစုကို သာ၍ကောင်းစွာကြည့်ရှုစောင့်ရှောက်ရန် သူ့အားအကူအညီပေးပြီး ယင်းက ကြီးစွာသောရောင့်ရဲမှုနှင့် ရွှင်လန်းမှုကို ဖြစ်စေသည်။ ထို့အပြင် ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် အစည်းအဝေးတက်ခြင်းလည်း ရှိသေးသည်။ လက်တွေ့ပျော်ရွှင်ချမ်းမြေ့ဖွယ်ပါတကား! သမ္မာကျမ်းစာပြောထားသော ဘုရားသခင့်လူများကို မှတ်သားဖော်ပြထိုက်သည့် နွေးထွေးသည့်မေတ္တာကို အမှန်ကျင့်သုံးနေကြသူများသည် ဤလူများပင်ဖြစ်သည်။ (ဆာလံ ၁၃၃:၁; ယောဟန် ၁၃:၃၅) “ဘုရားသခင်၏ ကြီးကျယ်ခမ်းနားသည့်အရာများ” ကိုပြောရာတွင် သူတို့၏အပြောအဆိုသည် ရှင်းလင်းပြတ်သားပြီး တည်ဆောက်မှုဖြစ်စေသည်။ (တမန်တော် ၂:၁၁၊ ကဘ) မှန်ပါသည်၊ “ညီအစ်ကိုအသင်းအပင်းတစ်ခုလုံး” နှင့် ဆက်သွယ်ပူးပေါင်းခြင်းသည် ပျော်ရွှင်မှု၏အခြေအမြစ်တစ်ရပ်ဖြစ်သည်။ (၁ ပေတရု ၂:၁၇၊ ကဘ) ထိုမွန်မြတ်သည့်ပေါင်းသင်းမှုသည် ကျမ်းစာသင်သားအား “မှန်သောဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းပါရမီအားဖြင့် ဘုရားသခင်နှင့်အတူအမျှဖန်ဆင်းသော လူသစ်ကို ယူတင်ဝတ်ဆောင်” ရန် အကူအညီပေးသည်။—ဧဖက် ၄:၂၄

ဆက်ကပ်အပ်နှံသည့်ခြေလှမ်း

လူတစ်ဦးသည် အသိပညာတိုးတက်လာသည်နှင့်အမျှ နောက်ဆုံးတွင် မိမိ၏အသက်တာကို ယေဟောဝါထံဆက်ကပ်အပ်နှံပြီး ယင်းကို ရေတွင်နှစ်ခြင်းခံခြင်းအားဖြင့်တင်ပြရန် ကိုယ်တော်ကိုချစ်သောမေတ္တာ၏ လှုံ့ဆော်မှုကိုခံရသည်။ (မဿဲ ၂၈:၁၉၊ ၂၀) ဤခြေလှမ်းကိုမလှမ်းမီ အကုန်အကျတွက်ရန် မိမိ၏တပည့်တော်များအား ယေရှုညွှန်ကြားခဲ့သည်။ (လုကာ ၁၄:၂၈) ဆက်ကပ်အပ်နှံထားသော ခရစ်ယာန်တစ်ဦးသည် ယေဟောဝါ၏အလိုတော်ကို ရှေ့တန်းတင်ပြီး ဇာတိအရာများကို ကျောခိုင်းသည်။ “ဇာတိပကတိအကျင့်” များကို စွန့်ပယ်ပြီး ‘ဝိညာဉ်အသီး’ များသီးရန် ကြိုးစားသည်။ (ဂလာတိ ၅:၁၉-၂၄) ရောမ ၁၂:၂ (ကဘ) တွင်တွေ့ရသော ဤသြဝါဒသည် သူ့အသက်တာကို သာ၍လွှမ်းမိုးလာသည်– “ဤအစီအစဉ်စနစ်၏ပုံသွင်းခြင်းကိုရှောင်ပြီး ကောင်းမြတ်သော၊ လက်ခံဖွယ်ဖြစ်သော၊ ဘုရားသခင်၏စုံလင်သောအလိုတော်နှင့်ညီသောသူဖြစ်ကြောင်း သက်သေထူနိုင်ရန် စိတ်ပိုင်းဖြတ်၍ပုံစံပြောင်းလဲလော့။” ထို့ကြောင့် ဆက်ကပ်အပ်နှံထားသော ခရစ်ယာန်တစ်ယောက်သည် မိမိအသက်တာတွင်ရည်ရွယ်ချက်ရှိသည် ဟူသောပြုပြင်ထားသောသဘောသစ်နှင့် အတူအသက်ရှင်သည်။

သို့သော် မည်သည့်အရာကိုသူရရှိကြောင်း စဉ်းစားကြည့်ပါ။ တစ်ခုအနေနှင့် ယခုသူသည် စကြဝဠာဖန်ဆင်းရှင်နှင့် ကိုယ်ပိုင်ဆက်ဆံရေးရရှိသွားသည်။ သူ့ကို ဘုရားသခင်၏မိတ်ဆွေအဖြစ်ရှုမြင်ကာ တစ်ချိန်တည်းတွင် ဖြောင့်မတ်ကြောင်းကြေညာခံရသည်။ (ယာကုပ် ၂:၂၃) ဘုရားသခင်အား “ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ” ဟု သာလွန်လေးနက်သည့်အဓိပ္ပာယ်ဖြင့် သူခေါ်သည်။ (မဿဲ ၆:၉) ဆက်ကပ်အပ်နှံပြီးခါစလူသစ်အတွက် နောက်ကောင်းချီးတစ်ခုမှာ ဘဝသည် ရည်ရွယ်ချက်တစ်ခုအမှန်ရှိကြောင်း သိရှိခြင်းဖြစ်ပြီး ထိုရည်ရွယ်ချက်နှင့်အညီ အသက်ရှင်နေထိုင်ခြင်းဖြစ်သည်။ (ဒေသနာ ၁၂:၁၃) သူသည် ယေရှု၏ဦးဆောင်မှုကို လိုက်လျှောက်လျက် သစ္စာစောင့်ခြင်းအားဖြင့် စာတန်ကို မုသာကောင်ဖြစ်ကြောင်း သက်သေထူနိုင်သည်။ ယင်းက ယေဟောဝါ၏နှလုံးကို မည်မျှရွှင်လန်းစေလိုက်မည်ဖြစ်ခြင်း!—သု. ၂၇:၁၁။

မှန်ပါသည်၊ ခရစ်ယာန်တစ်ဦးသည် သစ္စာရှိလမ်းစဉ်တွင် မမှိတ်မသုန်လိုက်လျှောက်စဉ် နောက်ထပ်စွန့်လွှတ်စရာများလည်း ရှိသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ကိုယ်ပိုင်နှင့် အသင်းတော်လိုက် အဓိပ္ပာယ်ရှိရှိလေ့လာခြင်းတွင် ပါဝင်နိုင်ရန် အချိန်လိုသည်။ (ဆာလံ ၁:၁-၃; ဟေဗြဲ ၁၀:၂၅) လယ်ကွင်းလုပ်ငန်းအတွက်အချိန်ကို အခြားလုပ်ဆောင်မှုများမှ ဝယ်ယူရသည်။ (ဧဖက် ၅:၁၆) ယေဟောဝါသက်သေများ၏ အစည်းအဝေးများ၊ တိုက်နယ်အစည်းအဝေးများနှင့် ခရိုင်အစည်းအဝေးများကို တက်ရောက်နိုင်ရန် အချိန်နှင့်ကြိုးစားအားထုတ်မှုလိုအပ်သည်။ ဘုရားသခင့်နိုင်ငံတော်ခန်းမနှင့် ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကို ငွေကြေးအထောက်အပံ့ပေးရန် ကိုယ်ကျိုးစွန့်ရပေမည်။ သို့သော် ခရစ်ယာန်သန်းပေါင်းများစွာ သက်သေထူနိုင်သည့်အတိုင်း ယင်းအရာများအတွက် စိတ်နှလုံးအကြွင်းမဲ့ပါဝင်ခြင်းက ပျော်ရွှင်မှုကိုဖြစ်စေသည်။ ယေရှုဤသို့မိန့်တော်မူခဲ့သည်– “ခံယူခြင်းထက် ပေးကမ်းခြင်း၌ မင်္ဂလာ [ပျော်ရွှင်မှု၊ ကဘ] ရှိသည်။”—တမန်တော် ၂၀:၃၅၊ သမ။

ယေဟောဝါ၏လုပ်ငန်းတော်ကို ထောက်ပံ့ခြင်း၏ရလဒ်သည် ကုန်ကျခံရသည်များထက် အဆများစွာသာ၍ ကြီးမားသည်။ ကျွန်ုပ်တို့သည် ရင့်ကျက်သည့်အဖြစ်သို့ တိုးတက်လာသည်နှင့်အမျှ ကျွန်ုပ်တို့၏ဓမ္မအမှုဆောင်ခြင်းသည်လည်း သာ၍အသီးသီးပြီး ရွှင်လန်းမှုကိုဖြစ်စေသည်။ လူတစ်ဦးကို ကျမ်းစာသမ္မာတရားများသင်ပေးပြီးနောက် သူသည် ယေဟောဝါဝတ်ပြုရေးတွင် ဆက်လက်တည်ရှိနေခြင်းလောက် အားရကျေနပ်မှုဖြစ်စေသော အခြားမည်သည့်အရာမျှမရှိချေ။ ဝတ်ပြုသူလူသစ်သည် မိသားစုအဝင်ဖြစ်လျှင်၊ “ယေဟောဝါ၏ ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ” လေ့ကျင့်ခံလာခဲ့ရသော ကလေးတစ်ဦးဖြစ်မည်ဆိုလျှင် အထူးရွှင်လန်းစရာဖြစ်စေသည်။ (ဧဖက် ၆:၄၊ ကဘ) ကျွန်ုပ်တို့သည် “ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်များ” ဖြစ်ရန် ကြိုးစားအားထုတ်မှုများအပေါ် ဘုရားသခင်၏ ကြွယ်ဝသည့်ကောင်းချီးများ သွန်းလောင်းသည်ကို ကျွန်ုပ်တို့တွေ့မြင်ရသည်။—၁ ကောရိန္သု ၃:၉၊ ကဘ။

သစ္စာရှိလုပ်ဆောင်မှုအတွက် အခြားဆုလာဘ်များ

ဤအစီအစဉ်စနစ်တည်ရှိနေသေးသရွေ့ ကျွန်ုပ်တို့တွင်ပြဿနာများရှိမည်တော့မှန်ပါသည်။ မာရ်နတ်၏အချိန် သာ၍တိုတောင်းလာသည်နှင့်အမျှ ပြဿနာများသည် သာ၍ကြီးမားပြင်းထန်လာဖွယ်ရှိသည်။ ကျွန်ုပ်တို့သည် နှိပ်စက်ညှဉ်းပန်းခြင်း သို့မဟုတ် စုံစမ်းနှောင့်ယှက်ခြင်းများကို ခံရပေမည်။ သို့သော် ကျွန်ုပ်တို့နှင့်အတူ ဘုရားသခင်ရှိသည်ဟူသောအသိက ကျွန်ုပ်တို့အားနှစ်သိမ့်မှုပေးပြီး ခံရပ်နိုင်ရန်ခွန်အားပေးသည်။ (၁ ကောရိန္သု ၁၀:၁၃; ၂ တိမောသေ ၃:၁၂) အချို့ခရစ်ယာန်အပေါင်းအဖော်များသည် ကြမ်းကြမ်းတမ်းတမ်းဆက်ဆံခံရခြင်းကို နှစ်ပေါင်းများစွာ ခံရပ်လာခဲ့ရသော်လည်း ဘုရားသခင်ကိုချစ်သောကြောင့် သူတို့သည် ဆက်၍တည်ကြည်မြဲမြံကြသည်။ အမျိုးမျိုးသောစမ်းသပ်မှုများကို အောင်မြင်စွာခံရပ်လာသူများသည် အရိုက်အနှက်ခံရပြီးနောက် ပြန်လွှတ်ခြင်းခံရချိန်တွင် တမန်တော်များနည်းတူ တွေးထင်ယူမှတ်ခဲ့ကြသည်။ တမန်တော် ၅:၄၁ က ဤသို့ပြန်ပြောပြသည်– “တမန်တော်တို့သည်လည်း သခင်ယေရှု၏နာမတော်ကြောင့် မိမိတို့သည် အရှက်ကွဲခြင်းကို ခံထိုက်ကြသည်ဟု မှတ်တော်မူသောကြောင့် ဝမ်းမြောက်သောစိတ်ရှိ၍ လွှတ်တော်မှထွက်သွားကြ၏။”

ယခုပင်လျှင် ခံရပ်ခြင်းအတွက်ဆုလာဘ်သည် ဆုံးရှုံးမှုထက် သာလွန်များပြားပါသည်။ သို့သော် ဘုရားဝတ်၌မွေ့လျော်ခြင်းသည် “ယခုဘဝ” အတွက်သာမက “နောင်ဘဝ” အတွက်ပါ “ကတိတော်ကိုရ” စေကြောင်း သတိရပါ။ (၁ တိမောသေ ၄:၈) ခံရပ်သူအတွက် မည်မျှခန့်ညားထည်ဝါသည့် မျှော်လင့်စရာများပါတကား! သင်သည် သစ္စာတည်ကြည်လျှင် ဤအစီအစဉ်စနစ်၏နိဂုံးကို မှတ်သားပြသည့် ကြီးစွာသောဒုက္ခကို ကျော်လွှားလိမ့်မည်။ သို့မဟုတ် တစ်ခေတ်ဆန်းစေမည့်အဖြစ်အပျက်များမတိုင်မီ သင်သေဆုံးပါက ယင်းနောက်တွင်လိုက်ပါလာမည့် ကမ္ဘာသစ်တွင် သင်ရှင်ပြန်ထမြောက်ခြင်းခံရမည်။ (ဒံယေလ ၁၂:၁; ယောဟန် ၁၁:၂၃-၂၅) “ယေဟောဝါ၏အကူအညီအားဖြင့် ငါအောင်ပြီ!” ဟုပြောနိုင်သော ထိုအချိန်တွင် အလွန်အမင်းအားရဝမ်းမြောက်မည့် သင့်ခံစားချက်ကို စဉ်းစားကြည့်ပါ။ “ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့ မြေကြီးသည် ထာဝရဘုရားကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံ” မည့် ထိုကမ္ဘာတွင်နေထိုင်ရန် အမွေခံရခြင်းသည် မည်မျှစိတ်လှုပ်ရှားဖွယ်ပါတကား!—ဟေရှာယ ၁၁:၉။

ဘုရားသခင်ကိုဝတ်ပြုရန် တစ်စုံတစ်ခုဆုံးရှုံးရသည်မှန်၏။ သို့သော် ရရှိသည့်အကျိုးနှင့်ယှဉ်လိုက်လျှင် ဆုံးရှုံးမှုသည် အသေးအမွှားဖြစ်သွားသည်။ (ဖိလိပ္ပိ ၃:၇၊ ၈) ဘုရားသခင်သည် မိမိကျေးကျွန်များအား ယခုလုပ်ပေးသည့်အရာများနှင့် အနာဂတ်တွင်လုပ်ပေးဦးမည့် အရာအားလုံးတို့ကြောင့် ဆာလံဆရာ၏ ဤစကားများကို ကျွန်ုပ်တို့သံယောင်လိုက်ကြသည်– “ငါ၌ ထာဝရဘုရားပြုတော်မူသော ကျေးဇူးအလုံးစုံတို့ကို အဘယ်သို့ဆပ်ရမည်နည်း။”—ဆာလံ ၁၁၆:၁၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ