သက်သေခံများအဘယ်ကြောင့် လည်ပတ်မြဲလည်ပတ်ကြသနည်း
‘လာပြန်ပြီ သူတို့! လွန်ခဲ့တဲ့သုံးလေးပတ်လောက်ကပဲ သူတို့ရောက်လာကြသေးတယ်!’ ယေဟောဝါသက်သေတစ်ဦး သင့်ထံလည်ပတ်သောအခါ သင့်စိတ်တွင် ထိုသို့ပင်ပေါ်ပေါက်လာသလော။ ယနေ့ လူသန်းပေါင်းများစွာတို့သည် ယေဟောဝါသက်သေများ၏ မှန်မှန်လည်ပတ်ခြင်းကို ခံရကြသည်။ လူအများစုတို့သည် ကိုယ်ပိုင်ဘာသာရှိကြောင်း သို့မဟုတ် စိတ်ဝင်စားမှုမရှိကြောင်း သိလျက်ကယ် သူတို့သည် အဘယ်ကြောင့် မဆုတ်မနစ်ဇွဲကောင်းနေကြသနည်း။ ယင်းမေးခွန်းကို ဖြေဆိုသင့်ပေသည်။
ဘုရားရှေ့တာဝန်
ပထမကမ္ဘာစစ်စတင်သည့် ၁၉၁၄ ခုနှစ်ကတည်းက ကမ္ဘာ့အဖြစ်အပျက်များသည် လက်ရှိကမ္ဘာ့အစီအစဉ်စနစ်နှင့် ဤကမ္ဘာပေါ်သက်ရောက်မည့် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုဆိုင်ရာ ကျမ်းစာပရောဖက်ပြုချက်များကို ပြည့်စုံစေကြောင်း ယေဟောဝါသက်သေများက ကျမ်းစာစောင်များမှ လေ့လာသိရှိထားကြပြီးဖြစ်သည်။ ရာစုတစ်ခုနီးပါးမျှကြာညောင်းခဲ့သည့် အဓမ္မမှု၊ သွေးသွန်းမှုနှင့် မုန်းတီးမှုများသည် လူသားတို့အား သူတို့၏ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းနိုင်သည့်အခြေအနေမှ တစ်ခါနှင့်မျှမတူအောင် အလှမ်းကွာဝေးစေသကဲ့သို့ ဖြစ်နေသည်။ လူ့အသိုင်းအဝိုင်းကို ဒုက္ခပေးနေသော စစ်ပွဲများနှင့် အကြမ်းဖက်မှုတို့က လူ့အုပ်ချုပ်မှုသည် လူတို့၏နှလုံး၊ စိတ်နှင့် သဘောထားတို့ကို မပြောင်းလဲနိုင်ကြောင်း သက်သေထူသည်။ အတိတ်ကအဖြစ်အပျက်များကြောင့် ခိုင်မြဲစွာအမြစ်တွယ်နေသောနာကြည်းမုန်းတီးမှုက လူမျိုး၊ လူအနွယ်နှင့် ဘာသာရေးအုပ်စုများစပ်ကြား ဆက်ဆံရေးကို အန္တရာယ်ပြုနေဆဲဖြစ်သည်။ ယင်းတို့သည် အာဖဂန်နစ္စတန်၊ အိန္ဒိယ၊ အရှေ့အလယ်ပိုင်း၊ မြောက်ဘက်အိုင်ယာလန်၊ တောင်အာဖရိကနှင့် ယခင်ယူဂိုဆလားဗီးယားနိုင်ငံတို့ကဲ့သို့သော ဝေးလံစွာခြားနားသည့်ဒေသအနှံ့တွင် ဖြစ်ပျက်နေသည်။ သို့ဆိုလျှင် တစ်ခုတည်းသော တည်မြဲသည့်ဖြေရှင်းနည်းကား အဘယ်နည်း။
သက်သေခံများအား မည်သည့်အရာကလှုံ့ဆော်သနည်း
ဘုရားသခင့်ဖြေရှင်းနည်း—ကိုယ်တော်ကတိပြုထားသည့် ယေရှုခရစ်အားဖြင့်ဖြစ်မည့် နိုင်ငံတော်အုပ်ချုပ်ရေး—သာလျှင် တစ်ခုတည်းသော တည်မြဲသည့်ဖြေရှင်းနည်းဖြစ်ကြောင်း ယေဟောဝါသက်သေများက လက်ခံထားကြသည်။ ယေရှုခရစ်ပင်လျှင် မိမိ၏စံပြဆုပတ္ထနာတွင် ထိုနိုင်ငံတော်အုပ်ချုပ်မှုအတွက်တောင်းဆိုခြင်းကို ထည့်သွင်းထားသည်– “ထို့ကြောင့်သင်တို့ဆုတောင်းရမည်မှာ ‘ကောင်းကင်ဘုံ၌ရှိတော်မူသော ကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။ နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော။’” ဤဆုတောင်းချက်က လူသားရေးရာများကို ဘုရားသခင်ဝင်ရောက်စွက်ဖက်ရန် လိုကိုလိုသည်ဟု သက်သေခံများယုံကြည်ကြသည်။—မဿဲ ၆:၉၊ ၁၀။
သို့ဖြစ်လျှင် ထိုသတင်းကိုဖြန့်ဝေရန် စွဲစွဲမြဲမြဲတစ်အိမ်တက်ဆင်းသွားဖို့လိုသည်ဟု ယေဟောဝါသက်သေများ အဘယ်ကြောင့် ယူမှတ်ရသနည်း။ ယေရှုထင်ရှားပြခဲ့သော ပညတ်တော်နှစ်ခုကြောင့်ဖြစ်သည်– “‘သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့်ချစ်လော့’ ဟူသောပညတ်သည် ပထမပညတ်ဖြစ်၏။ ကြီးမြတ်သောပညတ်လည်းဖြစ်၏။ ထိုမှတစ်ပါး ‘ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့’ ဟူသောပညတ်သည် ပထမပညတ်နှင့် သဘောတူ၏။”—မဿဲ ၂၂:၃၇-၃၉။
သက်သေခံများသည် မိမိတို့ကိုယ်တိုင်အတွက် ဘုရားသခင့်ကောင်းချီးကို လိုလားကြပြီး ကိုယ်နှင့်စပ်ဆိုင်သောသူကို ချစ်ကြသောကြောင့်လည်း အလားတူကောင်းချီးကို သူတို့အပေါ်သက်ရောက်စေလိုကြသည်။ ထို့ကြောင့် ယေရှု၏ပုံသက်သေကို လိုက်လျှောက်သောအားဖြင့် ကိုယ်နှင့်စပ်ဆိုင်သူများထံလည်ပတ်ရန် တစ်ကိုယ်ကောင်းမဆန်သည့်မေတ္တာက မိမိတို့အားတိုက်တွန်းသည်ဟု သူတို့ခံစားကြရသည်။ “ပျော်ရွှင်သောဘုရားသခင်” က သန့်စင်ထားသည့်မြေကြီးပေါ်ရှိ နာခံမှုရှိလူသားများအား ကတိပြုထားသည့်အရာများသိရှိနိုင်သည့်အခွင့်အရေးကို ယုတ်စွအဆုံးဝေငှပေးလိုကြသည်။—၁ တိမောသေ ၁:၁၁; ၂ ပေတရု ၃:၁၃။
ခရစ်ယာန်သာသနာပြုပေါလုက ဘုရားသခင့်ကတိတော်များကို ယုံကြည်သောကြောင့် ဤသို့ရေးသားနိုင်ခဲ့သည်– “မုသားနှင့်ကင်းစင်တော်မူသော ဘုရားသခင်သည် ရှေးကပ်ကာလမရောက်မီ ကတိထားတော်မူ၍ ငါတို့ကိုကယ်တင်သော အရှင်ဘုရားသခင်၏ ပညတ်တော်အတိုင်း ငါ၌အပ်ထားသော တရားဟောခြင်းအခွင့်အားဖြင့် တော်လျော်သောအချိန်၌ နှုတ်ကပါဌ်တရားတော်ကို ထင်ရှားစေတော်မူသောအရာနှင့် စပ်ဆိုင်သော ထာဝရအသက်ကို မျှော်လင့်သည်ဖြစ်၍ ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်ဆိုင်သော သမ္မာတရားကို ဝန်ခံခြင်းအလိုငှာလည်းကောင်း၊ ဘုရားသခင်ရွေးကောက်တော်မူသောသူတို့၏ ယုံကြည်ခြင်းအလိုငှာလည်းကောင်း၊ ဘုရားသခင်၏ကျွန်တည်းဟူသော ယေရှုခရစ်၏တမန်တော်ဖြစ်သော ငါပေါလု။” မှန်ပါသည်၊ “မုသားနှင့်ကင်းစင်” သောဘုရားသခင်သည် မိမိအားသိရှိရန်နှင့် ဝတ်ပြုရန် နှိမ့်ချစွာလိုက်ရှာသူများအတွက် ထာဝရအသက်ကို “ကတိ” ထားတော်မူခဲ့သည်။—တိတု ၁:၁၊ ၂; ဇေဖနိ ၂:၃။
သက်သေခံများသည် အခရကြသလော
သက်သေခံများသည် မိမိတို့၏ဓမ္မအမှုအတွက် အခရကြသည်ဟု ရံဖန်ရံခါ လူအချို့စွပ်စွဲကြသည်။ အမှန်ကိုဖုံးကွယ်၍မရပါလေ! သူတို့သည် ကောရိန္သုမြို့ရှိအသင်းတော်သို့ ရေးလိုက်သော ပေါလု၏စာသားများကို လေးလေးနက်နက်သဘောထားကြသည်– “ဘုရားသခင်၏နှုတ်ကပါဌ်တရားတော်ကို မှောက်လှန်သောသူ [ရောင်းဝယ်ဖောက်ကားသောသူ၊ ကဘ] များတို့နှင့် ငါတို့သည်မတူဘဲ ကြည်ဖြူသောစိတ်ရှိ၍ ဘုရားသခင်၏အလိုတော်နှင့်အညီ ဘုရားသခင့်ရှေ့တော်၌ ခရစ်တော်၏တရားကို ဟောပြောကြ၏။”—၂ ကောရိန္သု ၂:၁၇။
အချို့ဘာသာရေးခေါင်းဆောင်များသည် ဘာသာရေးလုပ်ငန်းအတွက်ဖြစ်စေ၊ မိမိတို့၏တီဗွီတရားဟောခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းများကို တိုးမြှင့်ရန်အတွက်ဖြစ်စေ အခကြေးငွေယူခြင်းဖြင့် ငွေအတွက်တရားဟောကြသည်။ ဘာသာရေးအများစုတို့တွင် အခစားဓမ္မဆရာများရှိသည်။
ယင်းနှင့်ခြားနားလျက် သက်သေခံတို့တွင် အခစားဓမ္မဆရာများမရှိပါ။ သမ္မာတရားကို စိတ်ရင်းမှန်ဖြင့်ရှာဖွေသူတို့က စိတ်လိုကိုယ်လျောက်အလှူငွေများ ထည့်ဝင်ရန် စိတ်ပြဋ္ဌာန်းကြစေကာမူ ထိုသူတို့အား သူတို့၏ကျမ်းစာစာပေများကို အခမဲ့ဝေငှလေ့ရှိသည်။ ထိုအလှူငွေများကို သူတို့၏ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းအတွက် ကုန်ကျစရိတ်အဖြစ် အသုံးပြုကြသည်။ “အဖိုးမဲ့ရကြသည့်အလျောက် အခမဲ့ပေးကြလော့” ဟူသော ယေရှု၏သြဝါဒနှင့်အညီ သက်သေခံတို့သည် နှစ်စဉ် ဘုရားသခင့်လုပ်ငန်းတော်အတွက် နာရီသန်းပေါင်းများစွာအကုန်ခံ၍ လုပ်ဆောင်ရာတွင် အချိန်နှင့်ခွန်အားအပါအဝင် မိမိတို့၌ရှိသည့်အရာများကို ရက်ရက်ရောရောအသုံးပြုကြသည်။ ဤသို့ဖြင့် သူတို့သည် စိတ်ဝင်စားသူများကို တစ်အိမ်တက်ဆင်းနှင့် အိမ်တွင်းကျမ်းစာသင်အံမှုများအားဖြင့် သွန်သင်ပေးကြသည်။—မဿဲ ၁၀:၈၊ သမ; ၂၈:၁၉၊ ၂၀; တမန်တော် ၂၀:၁၉၊ ၂၀။
ယေဟောဝါသက်သေများသည် တစ်ဦးချင်းလိုက်အတွက်သော်လည်းကောင်း၊ သူတို့၏ ဒေသန္တရအသင်းတော်အတွက် သော်လည်းကောင်း၊ ကင်းမျှော်စင်အသင်းအတွက်သော်လည်းကောင်း ငွေကြေးရရန်ရည်ရွယ်ချက်လုံးဝမရှိကြောင်း အဖြစ်မှန်များက သက်သေထူသည်။ တစ်အိမ်တက်ဆင်းသွားသူ မည်သူတစ်ဦးတစ်ယောက်မျှ အခမရကြပါ။ သို့ဆိုလျှင် လုပ်ငန်းကို မည်သည့်နည်းဖြင့်ငွေကြေး ထောက်ပံ့သနည်း။ ကမ္ဘာတစ်ခွင်လုံးရှိ လေးမြတ်တန်ဖိုးထားတတ်သူများ၏ စိတ်လိုကိုယ်လျောက် ထည့်ဝင်လှူဒါန်းမှုများအားဖြင့် ဖြစ်သည်။ တစ်ခါမျှ အလှူငွေကောက်ခံခြင်းမရှိပါ။
သူတို့သက်သေခံခြင်း၏အရှိန်သြဇာ
တစ်အိမ်တက်ဆင်းဓမ္မအမှုဆောင်ခြင်းနှင့် သက်သေခံတို့၏ အလွတ်သဘောဟောပြောခြင်းတို့သည် လူအများသတိပြုမိစရာဖြစ်သည်အထိ ကြီးမားသည့်သြဇာသက်ရောက်သလော။ လူထုဆက်သွယ်ရေးအစီအစဉ်များက ဟုတ်ကဲ့ဟူသောအဖြေကို ပဲ့တင်ထပ်သည်။ တီဗွီနှင့်ရုပ်ရှင်အစီအစဉ်များတွင် လူတစ်ဦးတံခါးခေါက်နေခြင်းကို ပြသသောအခါ ယေဟောဝါသက်သေများ၏အမည် ဖော်ပြခြင်းခံရသည်။ ကာတွန်းဇာတ်လမ်းများက သက်သေခံများကို ဖော်ပြပြောဆိုကြသည်။ ယေဟောဝါသက်သေများ၏ ဇွဲရှိသည့်လှုပ်ရှားမှုသည် ကျော်ကြားလွန်းလှသဖြင့် ကမ္ဘာတစ်ခွင်ရှိကာတွန်းဆရာများက သူတို့ကို ရည်ညွှန်းပြောဆိုမှုများပြုလုပ်ကြသည်။ ယင်းတို့သည် အမြင်အားဖြင့် စာပြောင်ကဲ့သို့ဖြစ်သော်လည်း ခိုင်မာသည့်အခြေခံအမှန်တရား—သက်သေခံများသည် တစ်အိမ်တက်ဆင်းဟောပြောခြင်းကို စွဲစွဲမြဲမြဲလုပ်ဆောင်ရာတွင် နာမည်ကြီးခြင်းအပေါ်၌ အခြေပြုထားခြင်းဖြစ်သည်။—တမန်တော် ၂၀:၂၀။
မကြာသေးမီက ကာတွန်းတစ်ခုတွင် လူတစ်ယောက်သည် “ဂုရု” ခေါ်ဘာသာရေးဆရာတစ်ဦးနှင့် နှီးနှောတိုင်ပင်ရန် တောင်ပေါ်သို့တက်နေသည်။ ထိုလူက “ဖြစ်ပျက်လာမယ့် အံ့သြဖွယ်အရာတွေကို အကျွန်ုပ်အားပြောပြပါ!” ဟုပြောသည်။ “ဂုရု” မည်သို့ပြန်ဖြေသနည်း။ “ကြည့်ကြစို့ . . . ငတ်မွတ်ခေါင်းပါးခြင်း၊ ကပ်ရောဂါနှင့် ငလျင်လှုပ်ခြင်းတို့ဖြစ်လိမ့်မည်။ နေသည် မှောင်ကျပြီး လသည် အသွေးဖြစ်လိမ့်မည်။” မေးမြန်းသူက ဤသို့မေးသည်– “သတင်းကောင်းဘာရှိပါသလဲ။” “ဂုရု” ဤသို့ပြန်ဖြေသည်– “ဘုရားသခင်သည် မျက်ရည်ရှိသမျှကို သုတ်တော်မူမည် . . . သေခြင်းဖြစ်စေ၊ ဝမ်းနည်းစရာဖြစ်စေ၊ နာကျင်ခြင်းဝေဒနာဖြစ်စေ မရှိတော့!” ဧည့်သည်က ဤသို့မေးပြန်သည်– “အဲဒါတွေကို ဘယ်လိုလုပ်သိပါသလဲခင်ဗျား။” အဖြေကား “ဘယ်သူတစ်ဦးတစ်ယောက်မှ ယေဟောဝါသက်သေတွေနဲ့ မတွေ့တဲ့လူမရှိဘူး!” ဟူ၍ဖြစ်သည်။ ကာတွန်းဆရာကိုယ်နှိုက်ကလည်း ယင်းသို့တွေ့ဆုံခဲ့ရမည်အမှန်!
ထိုဇာတ်လမ်းနှင့် အလားတူအခြားသောကာတွန်းတို့၏ အဓိကကျသည့်အချက်မှာ သက်သေခံများ၏လည်ပတ်ခြင်းသည် စွဲစွဲမြဲမြဲဖြစ်ခြင်းသာမက သူတို့တင်ပြသည့်သတင်း၏ တစ်သံတစ်သမတ်တည်းဖြစ်ခြင်းကိုပါ ဖော်ပြခြင်းဖြစ်သည်။ အတိုချုပ်ပြောရလျှင် သူတို့၏တစ်အိမ်တက်ဆင်းလုပ်ငန်းနှင့် ကိုးကားသည့်ကျမ်းချက်များ၏ အရေးပါသည့်ကဏ္ဍကို အနုပညာရှင်များက ဖော်ပြကြသည်။—မဿဲ ၂၄:၇၊ ၂၉; ဗျာဒိတ် ၂၁:၃၊ ၄ နှိုင်းယှဉ်။
လူအများစုတို့က သူတို့၏သတင်းကို လက်မခံကြသောကြောင့် သက်သေခံများသည် စိတ်ဓာတ်ကျခြင်း သို့မဟုတ် သူတို့၏ဇွဲလျော့နည်းသွားခြင်းမရှိကြပါ။ တမန်တော်ပေတရု ဤသို့သတိပေးခဲ့သည်– “ရှေးဦးစွာသိမှတ်အပ်သောအရာဟူမူကား နောက်ဆုံးသောကာလ၌ ပြက်ရယ်ပြုတတ်သောသူတို့သည် မိမိတို့တပ်မက်ခြင်းအတိုင်းကျင့်နေ၍ ‘သခင်ဘုရားကြွလာမည်ဟူသောကတိတော်သည် အဘယ်မှာရှိသနည်း။ ဘိုးဘေးများအိပ်ပျော်သည်နောက် ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းစကဖြစ်သကဲ့သို့ ဖြစ်မြဲဖြစ်ကြ၏’ ဟုဆိုလျက် ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ်လာကြလိမ့်မည်။” သို့ဖြစ်သော်ငြားလည်း မေတ္တာအားဖြင့်တိုက်တွန်းခံရသောကြောင့် သက်သေခံများသည် ကိုယ်နှင့်စပ်ဆိုင်သူများထံ လည်ပတ်မြဲလည်ပတ်နေပြီး လက်ရှိဆိုးသွမ်းမှုကို ဘုရားသခင်အဆုံးသတ်လိုက်သည့်အထိ ထိုသို့ဆက်လုပ်သွားမည်ဖြစ်သည်။—၂ ပေတရု ၃:၃၊ ၄။
နောက်ဆုံးသောကာလတွင် ရှေးဦးစွာ သတင်းကောင်းကိုဟောရမည်ဟု ယေရှုပြောခဲ့သည်။ အဘယ်ကြောင့်နည်း၊ အဘယ်နည်းဖြင့်နည်းဟူသော စူးစမ်းသည့်မေးခွန်းများ၏ အဖြေကို နောက်ဆောင်းပါးနှစ်ပုဒ်တွင် ကြည့်ပါ။—မာကု ၁၃:၁၀။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ယေဟောဝါသက်သေများတွင် လခစားဓမ္မဆရာအတန်းအစားမရှိပါ —အားလုံးတို့သည် စေတနာ့ဝန်ထမ်းဓမ္မအမှုဆောင်များဖြစ်ကြသည်