ဖျော်ဖြေခြင်း—အကျိုးကျေးဇူးများကိုပျော်မွေ့ကျော့ကွင်းများကိုရှောင်
“စားသောက်ခြင်း၊ လုပ်ကိုင်မှု၌စိတ်ရွှင်လန်းခြင်းများထက် လူ၌ကောင်းသောအရာမရှိချေ။”—ဒေသနာ ၂:၂၄၊ သမ။
၁။ ဖျော်ဖြေမှုနှင့်ပတ်သက်၍ ဘုရားသခင်၏လမ်းညွှန်မှုသည် မိမိ၏ကျေးကျွန်များကို မည်သည့်နည်းများတွင်အကူအညီဖြစ်စေသနည်း။
ယေဟောဝါ၏လမ်းညွှန်မှုသည် မိမိ၏ကျေးကျွန်များကို များစွာအကျိုးဖြစ်ထွန်းစေသည်။ ယင်းကို ဖျော်ဖြေမှုနယ်ပယ်တွင် ကျွန်ုပ်တို့တွေ့ရှိနိုင်သည်။ ကိုယ်တော်၏လမ်းညွှန်မှုသည် ခရစ်ယာန်တစ်ဦးအား အစွန်းထွက်သည့်အတွေးအခေါ်များကို ရှောင်နိုင်ရန်ကူညီပေးသည်။ အချို့ဘာသာရေးသမားများသည် ဝတ်စားဆင်ယင်မှုနှင့်ပြုမူကျင့်ကြံပုံတို့နှင့်ပတ်သက်၍ အစွန်းထွက်ဇွတ်တောင်းဆိုတတ်ကြရာ ပျော်ရွှင်စရာတိုင်းလိုလိုကို အပြစ်ရှိသည်ဟုမြင်မှတ်ကြသည်။ အခြားတစ်ဖက်တွင်မူ လူအများစုတို့သည် ယေဟောဝါ၏ပညတ်များနှင့် စည်းမျဉ်းမူများကိုဆန့်ကျင်သည့်ပျော်ပါးမှုမျိုးပင်ဖြစ်ပါစေ ယင်းတို့ကိုလိုက်စားကြသည်။—ရောမ ၁:၂၄-၂၇၊ ၁၃:၁၃၊ ၁၄။ ဧဖက် ၄:၁၇-၁၉။
၂။ ဖျော်ဖြေမှုနှင့်ပတ်သက်၍ ရှေးကတည်းကဘုရားသခင်၏အမြင်ကို မည်သို့ဖော်ပြထားသနည်း။
၂ ဘုရားသခင်၏လူမျိုးများကောမည်သို့နည်း။ ကျမ်းစာစတင်လေ့လာသူများစွာတို့က လူသည်ဘဝကိုပျော်မွေ့ရန် ဘုရားသခင်ဖန်ဆင်းထားကြောင်းသိရှိရသည့်အတွက် အံ့သြကြသည်။ ကျွန်ုပ်တို့၏ကနဦးမိဘများကို ကိုယ်တော်အလုပ်ပေးခဲ့သည်။ သို့သော် မစုံလင်သူလူအများစု၏ဘဝပုံစံကို မှတ်သားဖော်ပြသည့် စိတ်ဓာတ်ကျဆင်းဖွယ်နှင့် ပျင်းရိငြီးငွေ့ဖွယ်ကောင်းသည့်အလုပ်များမဟုတ်ပါ။ (ကမ္ဘာဦး ၁:၂၈-၃၀) မြေကြီးပရဒိသုတစ်ခုတွင်နေထိုင်သူအားလုံး အကျိုးကျေးဇူးဖြစ်ထွန်းစေသည့်နည်းလမ်းများစွာဖြင့် မည်မျှပျော်မွေ့ကြမည်ကို စဉ်းစားကြည့်ပါ။ အန္တရာယ်မပေးတော့သည့်သားရဲတိရစ္ဆာန်များနှင့် နေ့စဉ်အသက်တာအဝင်ဖြစ်လာကြမည့်အိမ်မွေးတိရစ္ဆာန်များကို ကြည့်ရှုနေရခြင်းမှ မည်မျှရွှင်လန်းမှုခံစားရမည်ကို တွေးဆကြည့်ပါ။ “အဆင်းလှ၍စားဖွယ်ကောင်းသောအပင်အမျိုးမျိုး” မှသူတို့ရရှိမည့်စားသောက်ဖွယ်ရာများလှပါသည်တကား။—ကမ္ဘာဦး ၂:၉။ ဒေသနာ ၂:၂၄။
၃-၅။ (က) ဖျော်ဖြေမှုသည် မည်သည့်ရည်ရွယ်ချက်ကို အထမြောက်စေသင့်သနည်း။ (ခ) ဣသရေလလူမျိုးများဖျော်ဖြေမှုပြုခြင်းကို ဘုရားသခင်မကန့်ကွက်ကြောင်း ကျွန်ုပ်တို့အဘယ်ကြောင့်သေချာနိုင်သနည်း။
၃ အမှန်မှာ ထိုလုပ်ရပ်များကို ဖျော်ဖြေမှုဟုယူမှတ်နိုင်ပြီး ပရဒိသုတွင်ရှိခဲ့သည့်ယင်း၏ရည်ရွယ်ချက်အတိုင်း ယခုလည်းထိုသို့သာဖြစ်ရမည်။ အကျိုးဖြစ်ထွန်းသည့်အလုပ်များကိုထပ်မံလုပ်ကိုင်နိုင်ဖို့ လူတစ်ဦး၏အစွမ်းသတ္တိများကို ပြန်လည်သစ်လွင်လန်းဆန်းစေရန်ဖြစ်သည်။ ဖျော်ဖြေမှုမှယင်းတို့ကိုရယူနိုင်ပါက အကျိုးကျေးဇူးဖြစ်ထွန်းပေသည်။ စစ်မှန်သောဝတ်ပြုသူများသည် ပရဒိသုတွင်မနေရသေးစေကာမူ မိမိတို့၏ဘဝတွင် ဖျော်ဖြေမှုအတွက်စီစဉ်နိုင်မည်ဟုဆိုလိုပါသလော။ ဆိုလိုပါသည်။ Insight on the Scriptures စာအုပ်တွင် ရှေးခေတ်ယေဟောဝါ၏လူများအလယ်ရှိဖျော်ဖြေမှုများအကြောင်း ဖော်ပြထားသည်။
၄ “ဣသရေလလူမျိုးများ၏ ပျော်ရွှင်မြူးထူးခြင်းနှင့် ရွှင်လန်းဝမ်းမြောက်ခြင်းများကို ကျမ်းစာမှတ်တမ်းများတွင် ထင်ထင်ပေါ်ပေါ်သရုပ်မဖော်ပြထားပါ။ မည်သို့ပင်ဆိုစေ ယင်းတို့သည် လူမျိုးဆိုင်ရာဘာသာရေးစည်းမျဉ်းမူများနှင့်ကိုက်ညီလျှင် သင့်လျော်ပြီးနှစ်လိုဖွယ်အဖြစ်ယူမှတ်ရန်ဖြစ်သည်။ အဓိကဖျော်ဖြေမှုပုံစံများမှာ ဂီတတူရိယာများကိုတီးမှုတ်ခြင်း၊ သီချင်းဆိုခြင်း၊ ကခြင်း၊ စကားစမြည်ပြောဆိုခြင်းနှင့် အချို့သောကစားခြင်းများဖြစ်ကြသည်။ ပဟေဠိများနှင့် ဖြေဆိုရန်ခက်သောမေးခွန်းများကို ဆွေးနွေးသုံးသပ်ခြင်းတို့ကို အလွန်တန်ဖိုးထားခဲ့ကြသည်။—သူကြီး ၁၄:၁၂”—အတွဲ ၁၊ စာမျက်နှာ ၁၀၂။
၅ ဒါဝိဒ်သည် အောင်ပွဲနှင့်ပြန်လာသောအခါ ပွဲခံစဉ် (ဟေဗြဲလို စာချပ်ခ်) ဟေဗြဲအမျိုးသမီးများသည် စောင်းနှင့်လင်းကွင်းများကို တီးခတ်ကြသည်။ (၁ ဓမ္မရာဇဝင် ၁၈:၆၊ ၇) မူရင်းဟေဗြဲစကားမှာ “ရယ်သည်” ဖြစ်ပြီး အချို့ဘာသာပြန်ကျမ်းများတွင် “ရွှင်လန်းစေသည့်အမျိုးသမီး” များအကြောင်းပြောဆိုရာ၌သုံးသည်။ (Byington, Rotherham, The New English Bible) ပဋိညာဉ်သေတ္တာကိုသယ်ဆောင်ရာတွင် ‘ဒါဝိဒ်နှင့်ဣသရေလအမျိုးသားအပေါင်းတို့သည် တူရိယာအစုံအလင်ဖြင့် ယေဟောဝါရှေ့တော်၌ ပွဲခံကြ ၏။’ ဒါဝိဒ်၏ဇနီးမိခါလသည် မမျှတသောအမြင်ရှိခဲ့သည့်အတွက် ပျော်ပွဲရွှင်ပွဲတွင်ပါဝင်သောဒါဝိဒ်ကို ကန့်ကွက်ခဲ့သည်။ (၂ ဓမ္မရာဇဝင် ၆:၅၊ ၁၄-၂၀) ပြည်နှင်ဒဏ်ခံရသောဗာဗုလုန်မှ ပြန်လာသောဣသရေလလူမျိုးများလည်း အလားတူရွှင်လန်းသည့်အပြုအမူများတွင် ပါဝင်ကြမည်ကို ဘုရားသခင်ကြိုတင်ပြောတော်မူခဲ့သည်။—ယေရမိ ၃၀:၁၈၊ ၁၉၊ ၃၁:၄။ ဆာလံ ၁၂၆:၂ နှိုင်းယှဉ်။
၆။ ဖျော်ဖြေမှုနှင့်ပတ်သက်သောကျွန်ုပ်တို့၏ရှုထောင့်ကို ခရစ်ယာန်ဂရိကျမ်းက မည်သို့အကူအညီဖြစ်စေသနည်း။
၆ ကျွန်ုပ်တို့လည်း ဖျော်ဖြေမှုနှင့်ပတ်သက်၍ မျှတသောအမြင်ရှိသင့်သည်။ ဥပမာအားဖြင့် ယေရှုသည် မိမိကိုယ်ကိုအလွန်အမင်းခြိုးခြံကျင့်ကြံသူမဟုတ်ကြောင်း ကျွန်ုပ်တို့ကောင်းစွာနားလည်သလော။ ကိုယ်တော်သည် အားသစ်လန်းစေမည့်အစားအစာများအတွက်အချိန်ယူခဲ့သည်။ ဥပမာ၊ လေဝိတည်ခင်းသည့် “ကြီးစွာသောပွဲ” ကိုတက်ရောက်ခဲ့သည်။ ကိုယ်သာလျှင်ဖြောင့်မတ်သည်ဟုယူဆသူများက ကိုယ်တော်စားသောက်ခြင်းကို ပြစ်တင်ဝေဖန်ကြသည်။ ယေရှုသည် သူတို့၏အမြင်နှင့်နည်းလမ်းများကို ငြင်းပယ်တော်မူခဲ့သည်။ (လုကာ ၅:၂၉-၃၁၊ ၇:၃၃-၃၆) မင်္ဂလာဆောင်ပွဲကို ကိုယ်တော်တက်ရောက်တော်မူခဲ့ပြီး ပွဲတွင်အားပေးပါဝင်မှုလည်း ပြုတော်မူခဲ့ကြောင်းကိုလည်း ပြန်သတိရပါ။ (ယောဟန် ၂:၁-၁၀) ယေရှု၏မိတူဖကွဲညီဖြစ်သူယုဒကလည်း ခရစ်ယာန်များသည် “မေတ္တာပွဲများ” ကျင်းပခဲ့ကြကြောင်းကိုရည်ညွှန်းဖော်ပြရာ ဆင်းရဲသားများ စားသောက်ပျော်ပါးနိုင်ပြီး နှစ်လိုဖွယ်၊ အပန်းပြေဖွယ်ပေါင်းသင်းမှုကိုရနိုင်သည့် စားပွဲဖြစ်ဟန်တူသည်။—ယုဒ ၁၂။
မိတ်ဆုံဖျော်ဖြေမှု၏အချိန်နှင့်နေရာမှန်
၇။ ဖျော်ဖြေမှုနှင့်ပတ်သက်၍မျှတမှုရှိရန် ဘုရားသခင့်နှုတ်ကပါဌ်တော်က မည်သို့အားပေးထားသနည်း။
၇ ဒေသနာ ၁၀:၁၉ က ‘ပျော်မွေ့စေတတ်သည့်ပွဲနှင့် ရွှင်လန်းစေတတ်သည့်စပျစ်ရည်’ အကြောင်းပြောထားသည်။ ဖျော်ဖြေမှုကိုယ်နှိုက်က မှားနေသည် သို့မဟုတ် မကောင်းဖြစ်သယောင် ယင်းကျမ်းချက်ကဆိုလိုပုံမပေါက်ချေ။ မဟုတ်ပေလော။ သို့ရာတွင် ထိုကျမ်းစာစောင်ကပင် “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ . . . ငိုရသောအချိန်နှင့်ရယ်ရသောအချိန်လည်းရှိ၏။ ညည်းတွားရသောအချိန်နှင့်ကခုန်ရသောအချိန်လည်းရှိ၏” ဟုပြောထားသည်။ (ဒေသနာ ၃:၁၊ ၄) သင့်တော်လျောက်ပတ်သည့်ဖျော်ဖြေမှုကို အပြစ်မတင်သော်လည်း ကျမ်းစာက ကျွန်ုပ်တို့အား သတိပြုစရာများကိုဖော်ပြပေးထားသည်။ ယင်းတို့တွင် ပေါင်းသင်းဖျော်ဖြေမှုကို သူ့နေရာ၊ သူ့အချိန်နှင့် သူ့အတိုင်းအတာဖြင့် ပြုလုပ်ရန်သြဝါဒပေးထားသည်။ မိတ်ဆုံပွဲကြီးများတွင် မကြာခဏဖြစ်လေ့ရှိသည့် မမျှော်လင့်သောအန္တရာယ်များကိုလည်း ကျွန်ုပ်တို့အားသတိပေးထားသည်။—၂ တိမောသေ ၃:၄။
၈၊ ၉။ ကျွန်ုပ်တို့အသက်ရှင်သည့်ကာလနှင့် ဘုရားပေးတာဝန်တို့က အဘယ့်ကြောင့် ဖျော်ဖြေမှုကိုဂရုစိုက်စေသင့်သနည်း။
၈ ဗာဗုလုန်မှပြန်လာသော၊ ပင်ပန်းစွာလုပ်စရာများစွာရှိသည့်ဂျူးများသည် ရွှင်လန်းစေသည့်အပန်းဖြေမှုများတွင်ပါဝင်ခဲ့ကြမည့်အကြောင်းကို ကျွန်ုပ်တို့မှတ်သားခဲ့ရသည်။ သို့သော် ယေရမိက မိမိသည် ‘ပွဲခံသောသူ၏အစည်းအဝေး၌မထိုင်၊ ပျော်ရွှင်ခြင်းအမှုကိုမပြု’ ကြောင်းကို ရှေးကတည်းကပြောခဲ့သည်။ (ယေရမိ ၁၅:၁၇) လာမည့်ဖျက်ဆီးခြင်းအကြောင်းကို ကြေညာရန်တာဝန်ရထားသောကြောင့် ယင်းသည် သူ့အတွက်ပျော်ပါးမြူးထူးရမည့်အချိန်မဟုတ်ခဲ့ပါ။
၉ ယနေ့ခရစ်ယာန်များသည် ဘုရားသခင့်မျှော်လင့်ချက်သတင်းကိုကြေညာရန်နှင့် စာတန်၏ဆိုးသွမ်းသောအစီအစဉ်ပေါ်တရားစီရင်ခြင်းကိုလည်း ကြွေးကြော်ရမည့်တာဝန်ရရှိထားကြသည်။ (ဟေရှာယ ၆၁:၁-၃။ တမန်တော် ၁၇:၃၀၊ ၃၁) ယင်းအချက်ကြောင့် ဖျော်ဖြေမှုသည် ကျွန်ုပ်တို့၏အသက်တာတွင်အသားပေးမှုတစ်ရပ်ဖြစ်လာအောင် ကျွန်ုပ်တို့ခွင့်မပြုသင့်ကြောင်း ထင်ရှားသည်။ ယင်းအချက်ကို အစားအစာများ၏အနံ့အရသာကို ပိုမိုကောင်းမွန်စေသည့်ဆားတစ်တို့စာ သို့မဟုတ် အထူးဟင်းခတ်အမွှေးအကြိုင်နှင့် ပုံခိုင်းနိုင်သည်။ အစားအသောက်အား ပြင်းထန်စူးရှသွားစေသည့်အတိုင်းအတာအထိ ဟင်းခတ်ပစ္စည်းများကို ထည့်မည်လော။ ယင်းသို့ထည့်မည်မဟုတ်သည်မှာ သေချာသည်။ ယောဟန် ၄:၃၄ နှင့် မဿဲ ၆:၃၃ တွင်ပါသောယေရှု၏စကားများအရ ကျွန်ုပ်တို့၏အဓိကအာရုံစိုက်ရမည့်အရာ—အဓိကအစားအစာ—မှာ ဘုရားသခင့်အလိုတော်ဆောင်ရွက်ခြင်းဖြစ်သင့်သည်။ ထို့ကြောင့် အပန်းဖြေမှုသည် ဟင်းခတ်အမွှေးအကြိုင်ကဲ့သို့ပင်ဖြစ်သည်။ ယင်းသည် လန်းဆန်းမှုနှင့်အားအင်ပြည့်ဖြိုးမှုဖြစ်စေသင့်သည်။ အားအင်ကုန်ခန်းပြီး ဖိစီးမှုမဖြစ်စေသင့်ပါ။
၁၀။ ဖျော်ဖြေမှုရယူသည့်အချိန်နှင့်ပတ်သက်၍ ကျွန်ုပ်တို့အားလုံး မိမိတို့ကိုယ်ကို အဘယ်ကြောင့်ပြန်လည်စစ်ဆေးသင့်သနည်း။
၁၀ ရပ်တန့်၍စဉ်းစားကြည့်ပါ။ ဖျော်ဖြေမှုအတွက် မိမိတို့ပေးသောစိတ်အာရုံနှင့်အချိန်တို့သည် မျှမျှတတရှိပါသည်ဟု လူအများမပြောကြပေလော။ ယင်းသို့သာသူတို့မထင်မှတ်ပါက ပြုပြင်ချိန်ညှိမှုများကို ပြုလုပ်ခဲ့ကြပေမည်။ ယင်းအချက်က ဖျော်ဖြေမှုသည် ကျွန်ုပ်တို့တစ်ဦးစီအသက်တာ၏မည်သည့်နေရာတွင် အမှန်တကယ် ထိန်းချုပ်နေရာယူထားသည်ဟူသည့်အချက်ကို လေးလေးနက်နက်၊ ရိုးရိုးသားသားပိုင်းခြားစိတ်ဖြာသုံးသပ်ရန် အကြံမပြုပေလော။ ယင်းသည် မသိမသာနှင့် အသားပေးသည့်အရာဖြစ်လာသလော။ ဥပမာ ကျွန်ုပ်တို့အိမ်ပြန်ရောက်တိုင်း ရုပ်မြင်သံကြားဖွင့်ကြည့်နေမိလျက်သားဖြစ်နေသလော။ အပတ်စဉ်သောကြာ သို့မဟုတ် စနေနေ့ညမျိုးကဲ့သို့တွင် ဖျော်ဖြေမှုအတွက် အချိန်များစွာအကုန်ခံရန် ကန့်သတ်ထားသလော။ ထိုအချိန်ရောက်လာပြီး အိမ်တွင် ကျွန်ုပ်တို့အပန်းဖြေရန်အစီအစဉ်မရှိသောအခါ စိတ်ပျက်လက်ပျက်ဖြစ်သလော။ ထပ်မေးရန်မေးခွန်းနှစ်ခုမှာ မိတ်ဆုံပွဲတစ်ခုပြီးနောက် ကျွန်ုပ်တို့သည် ခရစ်ယာန်ဓမ္မအမှုတွင်မပါဝင်နိုင်တော့လောက်အောင် သို့မဟုတ် အလုပ်ရှင်အတွက် ကောင်းစွာအလုပ်မလုပ်ပေးနိုင်တော့လောက်အောင် မောပန်းနွမ်းနယ်သွားသည့်အထိ အိမ်ပြန်နောက်ကျရသော သို့မဟုတ် ခရီးဝေးမှပြန်လာရသောမိတ်ဆုံပွဲမျိုးဖြစ်သလော။ ကျွန်ုပ်တို့၏အပန်းဖြေမှုသည် အခါအားလျော်စွာ သို့မဟုတ် မကြာခဏထိုအကျိုးဆက်များသက်ရောက်နေလျှင် ယင်းသည် သင့်လျော်၍မျှတမှုရှိသောပျော်ရွှင်မှုဖြစ်သလော ဟူ၍ဖြစ်သည်။—သု၊ ၂၆:၁၇-၁၉ နှိုင်းယှဉ်။
၁၁။ ဖျော်ဖြေမှု၏သဘာဝကို ကျွန်ုပ်တို့ပြန်လည်ဆန်းစစ်ရန် အဘယ်ကြောင့်သင့်လျော်သနည်း။
၁၁ ဖျော်ဖြေမှု၏သဘာဝကိုလည်း ကျွန်ုပ်တို့ပြန်လည်ဆန်းစစ်ကြည့်သင့်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ကျေးကျွန်များဖြစ်ခြင်းကိုယ်နှိုက်က ကျွန်ုပ်တို့၏ဖျော်ဖြေမှုသည် တော်သင့်လျောက်ပတ်သည်ဟု အာမမခံပါ။ ဘိသိက်ခံခရစ်ယာန်များအား တမန်တော်ပေတရုရေးသားလိုက်သောစာကို ဆင်ခြင်ကြည့်ပါ။ “သာသနာပလူတို့၏အလိုသို့လိုက်၍ ကိလေသာညစ်ညူးခြင်း၊ ကာမတပ်မက်ခြင်း၊ စပျစ်ရည်နှင့်ယစ်မူးခြင်း၊ ပွဲလုပ်ခြင်း၊ သောက်ကြူးခြင်း၊ . . . ၌ကျင်လည်၍ ငါတို့လွန်စေပြီးသောအသက်ကာလသည် ငါတို့အားလောက်ပေ၏။” (၁ ပေတရု ၄:၃) မိမိ၏ညီအစ်ကိုများကို လောကအကျင့်အကြံများ တုပနေသည်ဟုဆိုပြီး လက်ညှိုးထိုးအပြစ်တင်နေခြင်းမဟုတ်ပါ။ သို့ရာတွင် နိုးကြားနေခြင်းသည် (ယခင်နှင့်ယခု) ခရစ်ယာန်များအတွက် အရေးကြီးသည်။ အကြောင်းမှာ လူတစ်ဦးသည် အန္တရာယ်ရှိသည့်ဖျော်ဖြေမှု၏သားကောင်အဖြစ် အလွယ်တကူကျရောက်နိုင်သောကြောင့်ဖြစ်သည်။—၁ ပေတရု ၁:၂။ ၂:၁။ ၄:၇။ ၂ ပေတရု ၂:၁၃။
အန္တရာယ်ညွှတ်ကွင်းများကိုသတိထား
၁၂။ ပေတရုပထမစောင် ၄:၃ ကမည်သည့်အန္တရာယ်ညွှတ်ကွင်းအကြောင်းကို ပေါ်လွင်စေသနည်း။
၁၂ မည်သည့်ထောင်ချောက်မျိုးကို ကျွန်ုပ်တို့သတိထားရမည်နည်း။ ပေတရုက “စပျစ်ရည်နှင့်ယစ်မူးခြင်း၊ ပွဲလုပ်ခြင်း၊ သောက်ကြူးခြင်း” တို့ကို ဖော်ပြထားသည်။ ဂျာမန်လူမျိုးဝေဖန်ရေးသမားတစ်ယောက်က ထိုတွင်အသုံးပြုထားသောဂရိဝေါဟာရသည် “စားသောက်ပွဲတွင် ဝိုင်းဖွဲ့သောက်ခြင်းနှင့် အဓိကသက်ဆိုင်သည်” ဟုရှင်းလင်းဖော်ပြသည်။ ဆွစ်လူမျိုးပါမောက္ခတစ်ဦးက ထိုအလေ့အထများသည် ထိုအချိန်ကတည်းက သမားရိုးကျဖြစ်နေသည်၊ “ဖော်ပြပါ ရှက်ရွံ့ဖွယ်အကျင့်အကြံများကို ပြုကျင့်ရန်စုရုံးခြင်း၊ အဖွဲ့များဖွဲ့စည်းခြင်းပတ်သက်နေသည်” ဟုရေးသားထားသည်။
၁၃။ မိတ်ဆုံပွဲများတွင် အရက်ယမကာအသုံးပြုခြင်းသည် မည်သို့အန္တရာယ်ဖြစ်စေနိုင်သနည်း။ (ဟေရှာယ ၅:၁၁၊ ၁၂)
၁၃ ကြီးမားသောမိတ်ဆုံပွဲများတွင် အရက်ယမကာသောက်ခြင်းသည် လူများစွာအား အန္တရာယ်ဖြစ်စေခဲ့ပြီ။ ကျမ်းစာသည် တော်သင့်လျောက်ပတ်စွာအရက်ယမကာသောက်သုံးခြင်းကို မတားမြစ်ထားပါ။ အထောက်အထားအနေနှင့် ကာနမြို့တွင် မင်္ဂလာဆောင်ပွဲတစ်ခု၌ ယေရှုသည် စပျစ်ရည်များကိုပြုလုပ်ပေးခဲ့သည်။ ထိုတွင် အလွန်အကျွံသောက်ခြင်းရှိမည်မဟုတ်ပေ။ အကြောင်းမှာ သောက်ကြူးသူများနှင့်ပေါင်းသင်းခြင်းကိုရှောင်ရန်ဟူသည့် ဘုရားသခင်၏သြဝါဒကို ယေရှုလက်ကိုင်ပြုခဲ့မည်ဖြစ်သည်။ (သု၊ ၂၃:၂၀၊ ၂၁) သို့ရာတွင် ဤအဖြစ်အပျက်ကိုဆင်ခြင်ကြည့်ပါ။ ပွဲအုပ်က အခြားပွဲများတွင် ကောင်းသောစပျစ်ရည်ကိုအလျင်တည်၍ ‘မူးယစ်ကြပြီးမှ စပျစ်ရည်အညံ့ကိုတည်တတ်၏’ ဟုပြောခဲ့သည်။ (ယောဟန် ၂:၁၀) ထို့ကြောင့် လူတိုင်းအတွက်စပျစ်ရည်လုံလောက်စွာရရှိနိုင်သည့်ဂျူးမင်္ဂလာဆောင်ပွဲများတွင် ဂျူးလူမျိုးများအတွက်မူးယစ်ခြင်းမှာ အဆန်းမဟုတ်ခဲ့ပေ။
၁၄။ အရက်ယမကာများကဖြစ်စေနိုင်သောအန္တရာယ်ကို မည်သည့်နည်းများဖြင့် ခရစ်ယာန်အိမ်ရှင်များဖြေရှင်းနိုင်သနည်း။
၁၄ ထိုနည်းတူပင် အချို့ခရစ်ယာန်အိမ်ရှင်များသည် မိမိတို့၏ဧည့်သည်များသောက်သုံးသောအရာကို မိမိတို့ကိုယ်တိုင်ကြီးကြပ်နိုင်မှသာ ဝိုင်၊ ဘီယာနှင့် အခြားသောအရက်ယမကာများဖြင့်ဧည့်ခံရန် ဆုံးဖြတ်ကြသည်။ လူအုပ်သည် ဂျူးမင်္ဂလာဆောင်ပွဲများကဲ့သို့ အိမ်ရှင်ကိုယ်တိုင်ကြီးကြပ်နိုင်သည့်အတိုင်းအတာထက် ပိုမိုများပြားပါက မြောက်မြားစွာသောအရက်ယမကာများသည် အန္တရာယ်ထောင်ချောက်ဖြစ်နိုင်သည်။ အရက်ပြဿနာကို တိုက်လှန်ပြီးအောင်မြင်နိုင်ခဲ့သူတစ်ဦး ထိုတွင်ရောက်နေနိုင်သည်။ အကန့်အသတ်မရှိ၊ အလွန်အကျွံသောက်သုံးမှုသည် ထိုသူအား ထင်ရာစိုင်းပြီးပွဲပျက်အောင်လုပ်ရန် သွေးဆောင်နိုင်ကြောင်းကို သင်သဘောပေါက်နိုင်သည်။ ဂျာမနီနိုင်ငံမှ ကြီးကြပ်မှူးနှင့်ဖခင်ဖြစ်သူတစ်ဦးက မိမိ၏မိသားစုသည် ယုံကြည်သူများချင်းမိတ်ဆုံပွဲတွင် နှစ်လိုဖွယ်ပေါင်းသင်းဆက်ဆံမှုအားဖြင့် အကျိုးကျေးဇူးခံစားရကြောင်း မှတ်ချက်ချသည်။ ဘီယာကိုအလွယ်တကူရနိုင်သောအခါ ပြဿနာကိုတွန်းအားပေးသည့်အရာသည်လည်း တသမတ်တည်းလိုက်၍ ကြီးထွားသွားသည်ဟုသူဆက်ပြောခဲ့သည်။
၁၅။ မိတ်ဆုံပေါင်းသင်းပွဲများအတွက် သင့်လျော်သောလမ်းညွှန်မှုက မည်သို့အောင်မြင်မှုရစေနိုင်သနည်း။
၁၅ ကာနမြို့မင်္ဂလာဆောင်ပွဲတွင် “ပွဲအုပ်” ရှိခဲ့သည်။ (ယောဟန် ၂:၈) ယင်းက မိသားစုတစ်ခုသည် မိမိတို့အိမ်သို့ လူတစ်စုကိုထမင်းစားရန် သို့မဟုတ် ပေါင်းသင်းရန်ခေါ်ဖိတ်ထားပါက ပွဲအုပ်တစ်ယောက်ကို ခန့်အပ်ထားရမည်ဟုမဆိုလိုပါ။ အခြေအနေကို လင်ယောက်ျားက ကြီးကြပ်ရန်တာဝန်ရှိသည်။ သို့သော် လူအုပ်စုသည် မိသားစုနှစ်စုပင်ဖြစ်စေ၊ ထို့ထက်ပို၍များပြားသောအုပ်စုပင်ဖြစ်စေ ဖြစ်ပျက်သည့်အရာများအတွက် လူတစ်ဦးဦးတာဝန်ယူရမည်ဖြစ်ကြောင်း ရှင်းလင်းစွာနားလည်ထားရမည်။ မိမိတို့၏သားသမီးများသည် မိတ်ဆုံပွဲများသို့ခေါ်ဖိတ်ခြင်းခံရသည့်အခါ မိဘအချို့သည် ယင်းအချက်ကိုစိစစ်သုံးသပ်ကြသည်။ အစီအစဉ်တစ်ခုလုံးကို မည်သူကြီးကြပ်မည်၊ ပြီးဆုံးသည်အထိသူရှိမရှိ စသည်တို့ကိုပင် မိဘများသည် အိမ်ရှင်ကိုဆက်သွယ်၍စုံစမ်းထားကြသည်။ ခရစ်ယာန်မိဘများသည် လူကြီးများနှင့်လူငယ်များအပြန်အလှန်ပေါင်းသင်းနိုင်ရန်အတွက် ထိုပွဲများကို မိမိတို့ကိုယ်တိုင်တက်ရောက်ရန်ကိုပင် အစီအစဉ်ဆွဲကြသည်။
၁၆။ မိတ်ဆုံပွဲ၏အရွယ်အစားနှင့်ပတ်သက်၍ သင့်တော်သောစဉ်းစားဖွယ်ရာအချက်များကား အဘယ်နည်း။
၁၆ ကနေဒါနိုင်ငံရှိ ကင်းမျှော်စင်အသင်းဌာနခွဲရုံးက “အချို့အကြီးအကဲတွေက မင်္ဂလာဧည့်ခံပွဲမှာ ကြီးမားတဲ့မိတ်ဆုံပွဲတွေဟာ မိတ်ဆုံပွဲရဲ့အရွယ်အစားကိုကန့်သတ်ဖို့နဲ့ပတ်သက်တဲ့သြဝါဒကို ချိုးဖောက်တာဖြစ်တယ်လို့ နားလည်လွဲမှားနေကြတယ်။ ကျွန်တော်တို့ရဲ့မိတ်ဆုံပွဲတွေကို ကြီးကြပ်နိုင်တဲ့အရွယ်အစားအထိသေးအောင်လုပ်ရမယ်ဆိုရင် မင်္ဂလာဧည့်ခံပွဲမှာ လူ ၂၀၀ မျိုး ၃၀၀ မျိုးတက်ရောက်တာဟာ မှားတယ်လို့သူတို့ကောက်ချက်ချကြတယ်” ဟုရေးသားထားသည်။a အတိုင်းအဆမရှိသည့်လူအုပ်ကြီးကို လွန်ကျွံစွာဖော်ပြခြင်းထက် အဓိကဦးတည်ချက်မှာ လူမည်မျှပင်များနေစေကာမူ တော်သင့်လျောက်ပတ်သည့်ကြီးကြပ်မှုကိုပေးနိုင်ရန်ဖြစ်သည်။ ယေရှုပြုလုပ်ပေးခဲ့သည့်စပျစ်ရည်အတိုင်းအတာက ကာနမြို့မင်္ဂလာဆောင်ပွဲသို့တက်ရောက်သူအတော်များပြားကြောင်းဖော်ပြသည်။ သို့ရာတွင် ယင်းကိုသင့်တော်လျောက်ပတ်စွာကြီးကြပ်နိုင်ခဲ့ကြောင်း ထင်ရှားသည်။ ထိုအချိန်ကအခြားပွဲများသည် ထိုသို့မဟုတ်ချေ။ ယင်းတို့၏အရွယ်အစားသည် ကြီးကြပ်ကွပ်ကဲရန်မနိုင်သောအရွယ်အစားဖြစ်နိုင်သည်။ မိတ်ဆုံပေါင်းသင်းမှုတွင်ပါဝင်သူများလေ၊ စိန်ခေါ်မှုပိုမိုကြီးမားလေပင်ဖြစ်သည်။ အကြောင်းမှာ အားနည်းသူများအတွက် အလွန်အကြူးဖြစ်စေနိုင်သောကြောင့်ဖြစ်သည်။ ကြီးကြပ်ကွပ်ကဲမှုမရှိသည့်မိတ်ဆုံပေါင်းသင်းမှုများတွင် သူတို့သည် စောဒကတက်စရာလုပ်ရပ်များကို လုပ်လာနိုင်သည်။—၁ ကောရိန္သု ၁၀:၆–၈။
၁၇။ မိတ်ဆုံပွဲတစ်ခုစီစဉ်စဉ် ခရစ်ယာန်မျှတမှုကို မည်သို့တင်ပြနိုင်သနည်း။
၁၇ မိတ်ဆုံပေါင်းသင်းမှုများကိုကောင်းမွန်စွာကြီးကြပ်ခြင်းတွင် အစီအစဉ်နှင့်ကြိုတင်ပြင်ဆင်မှုများပါဝင်သည်။ ဝတ်စုံပြည့်အက သို့မဟုတ် မျက်နှာဖုံးစွပ်အကများကဲ့သို့သော လောကပါတီပွဲများကိုတုပသည့် ထူးခြားသွားအောင် သို့မဟုတ် မမေ့နိုင်လောက်အောင် ဆွဲဆောင်မှုရှိသည့်အကြောင်းအရာကို ဖန်တီးရန်မလိုပါ။ ကတိထားရာပြည်ရှိ သစ္စာရှိဣသရေလများသည် အီဂျစ် သို့မဟုတ် အခြားတိုင်းပြည်ရှိလူများကဲ့သို့ လူအားလုံးဝတ်ဆင်ကြရသည့်ပါတီပွဲမျိုးကို စီစဉ်ပြုလုပ်ကြမည်ဟု သင်ထင်လော။ ဗာဗုလုန်ဘာသာဝင်များအလယ်တွင်ခေတ်စားသော ဆူပူကြမ်းတမ်းသည့်တေးဂီတများနှင့် အာရုံစွဲမက်ဖွယ်အကအခုန်များကို သူတို့စီစဉ်ကြမည်လော။ သိနာတောင်တွင် သူတို့သည် အီဂျစ်ပြည်၌ခေတ်ပေါ်ခေတ်ဆန်နေသော တေးဂီတနှင့်အကအခုန်များ၏ညွှတ်ကွင်းတွင် ကျဆင်းခဲ့ကြသည်။ ထိုဖျော်ဖြေမှုမျိုးကို ဘုရားသခင်နှင့် ကိုယ်တော်၏ဝါရင့်ကျေးကျွန်မောရှေတို့မည်သို့ရှုမြင်ကြောင်း ကျွန်ုပ်တို့သိကြသည်။ (ထွက်မြောက်ရာ ၃၂:၅၊ ၆၊ ၁၇-၁၉) ထို့ကြောင့် အိမ်ရှင် သို့မဟုတ် မိတ်ဆုံပွဲကိုကြီးကြပ်ကွပ်ကဲသူသည်သီဆိုခြင်း သို့မဟုတ် ကခုန်ခြင်းတို့ပါမပါ၊ ပါလျှင် ယင်းတို့သည် ခရစ်ယာန်စည်းမျဉ်းများနှင့်ကိုက်ညီမညီကိုသေချာအောင် စစ်ဆေးဆင်ခြင်သင့်သည်။—၂ ကောရိန္သု ၆:၃။
၁၈၊ ၁၉။ မင်္ဂလာဆောင်ပွဲတစ်ခုသို့ယေရှုခေါ်ဖိတ်ခံရခြင်းမှ မည်သည့်ထိုးထွင်းဆင်ခြင်မှုကို ကျွန်ုပ်တို့ရယူနိုင်ကြပြီး ယင်းကိုကျွန်ုပ်တို့မည်သို့ကျင့်သုံးနိုင်သနည်း။
၁၈ နောက်ဆုံးအနေနှင့်၊ ယေရှုနှင့်တပည့်တော်များတို့သည် ‘မင်္ဂလာဆောင်ပွဲတစ်ခုသို့ ခေါ်ဖိတ် ခံရသည်’ ကို ကျွန်ုပ်တို့သတိရကြပေမည်။ (ယောဟန် ၂:၂) မှန်ပါသည်။ ခရစ်ယာန်တစ်ဦးချင်း သို့မဟုတ် မိသားစုတစ်ခုသည် နှစ်သက်ပျော်ရွှင်ဖွယ်၊ တည်ဆောက်ဖွယ်သက်သက်အဖြစ် အခြားအိမ်သို့သွားလည်ပတ်ပေမည်။ သို့သော် မိတ်ဆုံပေါင်းသင်းမှုများကိုပြုလုပ်ရာ၌ ထိုတွင်ပါဝင်မည့်သူများကိုဆုံးဖြတ်သတ်မှတ်ခြင်းသည် ပြဿနာများကိုကာကွယ်နိုင်ကြောင်း တွေ့ကြုံမှုများကတင်ပြသည်။ ယင်းအချက်၏အရေးကြီးမှုကို အမေရိကန်နိုင်ငံ၊ တယ်နစီပြည်နယ်ရှိ သားသမီးများကို အချိန်ပြည့်ဓမ္မအမှုဆောင်လုပ်ငန်းတွင်ပါဝင်အောင် ပြုစုပျိုးထောင်ပေးခဲ့သောအကြီးအကဲတစ်ဦးက အထူးပြုဖော်ပြခဲ့သည်။ သူ သို့မဟုတ် သူ့ဇနီးတို့သည် သားသမီးများဖိတ်ခေါ်ခံရခြင်း သို့မဟုတ် သူတို့သွားရောက်ရန်ခွင့်ပြုခြင်းများမတိုင်မီ အိမ်ရှင်ကိုတွေ့ဆုံပြီး တက်ရောက်သူများကို ကြိုတင်ကန့်သတ်ထားခြင်းရှိမရှိ စုံစမ်းထားသည်။ အချို့တို့သည် စားသောက်ရန်၊ ပျော်ပွဲစားထွက်ရန်၊ ဘောလုံးကစားခြင်းကဲ့သို့သောကိုယ်လက်လှုပ်ရှားမှုများပြုရန်အတွက် တံခါးမရှိဓားမရှိပါဝင်နိုင်သော မိတ်ဆုံပွဲများ၏အန္တရာယ်ညွှတ်ကွင်းသို့သက်ဆင်းခဲ့ရသည့်အဖြစ်မျိုးမှ သူ့မိသားစုကာကွယ်မှုရရှိခဲ့သည်။
၁၉ မိတ်ဆုံပွဲသို့ ဆွေမျိုးသားချင်းများ၊ မိတ်ဟောင်းဆွေဟောင်းများ၊ သက်တူရွယ်တူများ သို့မဟုတ် အလုပ်အကိုင်အခြေအနေတူသူများကိုသာဖိတ်ခေါ်ခြင်းကို ယေရှုအားမပေးပါ။ (လုကာ ၁၄:၁၂-၁၄။ ယောဘ ၃၁:၁၆-၁၉ နှိုင်းယှဉ်။ တမန်တော် ၂၀:၇-၉) မည်သူအားဖိတ်ခေါ်ရမည်ကို ဂရုတစိုက်ရွေးချယ်ပါက ခြားနားသောအသက်အရွယ်နှင့်အခြေအနေရှိကြသောခရစ်ယာန်များပါဝင်စေရန် လွယ်ကူပေလိမ့်မည်။ (ရောမ ၁၂:၁၃။ ဟေဗြဲ ၁၃:၂) သူတို့မှအနည်းငယ်သည် ဝိညာဏရေးရာအားနည်းသူ သို့မဟုတ် ဝါရင့်သည့်ခရစ်ယာန်များနှင့်ပေါင်းသင်းခြင်းမှအကျိုးကျေးဇူးရရှိနိုင်သောလူသစ်များ ဖြစ်ကြပေမည်။—သု၊ ၂၇:၁၇။
နေရာမှန်သည့်ဖျော်ဖြေမှု
၂၀၊ ၂၁။ ဖျော်ဖြေမှုသည် ကျွန်ုပ်တို့ဘဝတွင် အဘယ်ကြောင့်တော်သင့်လျောက်ပတ်စွာ ရှိနေနိုင်သနည်း။
၂၀ ဘုရားသခင်ကိုကြောက်ရွံ့သောကျွန်ုပ်တို့အနေနှင့် ကျွန်ုပ်တို့၏ဖျော်ဖြေမှုများကိုသတိမူရန်နှင့် ယင်းတို့သည် သင့်တော်လျောက်ပတ်မှုရှိမရှိ၊ ယင်းတို့အတွက်ပေးသောအချိန်သည် မျှတမှုရှိမရှိစသည်တို့ကို ဂရုစိုက်ရန်သင့်တော်လှသည်။ (ဧဖက် ၂:၁-၄။ ၅:၁၅-၂၀) မှုတ်သွင်းခံဒေသနာကျမ်းရေးသူ ထိုနည်းအတိုင်းပင်ယူမှတ်ခဲ့သည်။ “ထိုအခါ ပျော်မွေ့ခြင်းအမှုကို ငါချီးမွမ်း၏။ အကြောင်းမူကား၊ လူသည်နေအောက်မှာစားသောက်ခြင်း၊ ပျော်မွေ့ခြင်းအမှုထက်သာ၍ကောင်းသောအမှုမရှိ။ နေအောက်မှာဘုရားသခင်ပေးတော်မူသောအသက်ကာလ၌ ကြိုးစားအားထုတ်၍ရသောအကျိုးတို့တွင် ထိုအကျိုးကိုသာအမြဲခံရ၏။” (ဒေသနာ ၈:၁၅) ထိုသို့သောမျှတသည့်ပျော်ရွှင်မှုမျိုးသည် ကိုယ်ခန္ဓာကိုလန်းဆန်းစေပြီး လက်ရှိစနစ်တွင်ဖြစ်လေ့ရှိသောပြဿနာများနှင့်စိတ်ဓာတ်ကျဆင်းမှုများကို လျော့ပါးစေရန် အကူအညီဖြစ်စေသည်။
၂၁ ဥပမာ၊ ဩစတြီးယားလူမျိုးရှေ့ဆောင်တစ်ဦးသည် မိတ်ဆွေဟောင်းတစ်ဦးထံဤသို့စာရေးသည်။ “လွန်ခဲ့တဲ့ရက်အနည်းငယ်က သိပ်ပျော်ဖို့ကောင်းတဲ့ပျော်ပွဲစားထွက်ခဲ့ကြတယ်။ လူ ၅၀ လောက်ဟာ ဖားလက်ရှ် မှာရှိတဲ့ ရေကန်ငယ်လေးတစ်ခုနားကိုထွက်ကြတယ်။ ညီအစ်ကိုဦး—ကသူ့ရဲ့ကုန်ကားကြီးနဲ့ အသားကင်သံဇကာသုံးခု၊ ခေါက်ကုလားထိုင်တွေ၊ စားပွဲတွေနဲ့ စားပွဲတင်တင်းနစ်ခုံပါတင်ပြီး ကျွန်မတို့ကိုခေါ်သွားတယ်။ ကျွန်မတို့သိပ်ကိုပျော်ကြတာပဲ။ ညီအစ်မတစ်ယောက်က လက်ဆွဲဘာဂျာပါလာတော့ နိုင်ငံတော်သီချင်းတွေအများကြီးဆိုကြတယ်။ ညီအစ်ကိုညီအစ်မကြီးကြီးငယ်ငယ်အားလုံး ပေါင်းသင်းမှုကိုပျော်မွေ့ကြတယ်။” သောက်ကြူးခြင်း သို့မဟုတ် အကျင့်ယိုယွင်းခြင်းစသည့်အန္တရာယ်များမှကင်းရှင်းသည့် ကောင်းစွာကြီးကြပ်ကွပ်ကဲမှုရှိသော အပန်းဖြေမှုကို သူမပြန်လည်သတိရနေသည်။—ယာကုပ် ၃:၁၇၊ ၁၈။
၂၂။ မိတ်ဆုံပေါင်းသင်းပွဲ၌ပါဝင်နေစဉ် ကျွန်ုပ်တို့တစ်ဦးစီသည် မည်သည့်သတိပေးချက်ကို ဦးစားပေးစဉ်းစားရမည်နည်း။
၂၂ ကျွန်ုပ်တို့သည် မစုံလင်သောအသွေးအသားတပ်မက်မှုနောက်သို့ မလိုက်ပါသွားဖို့သတိနှင့်ရှောင်ကြဉ်ရန်၊ မိမိတို့ကိုယ်ကိုစုံစမ်းခြင်းအတွက် လမ်းဖွင့်ပေးသည့်အစီအစဉ်များမပြုလုပ်ရန် ပေါလုတိုက်တွန်းခဲ့သည်။ (ရောမ ၁၃:၁၁-၁၄) ယင်းတို့တွင် မိတ်ဆုံဖျော်ဖြေပွဲများပါဝင်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ သူ၏အကြံပေးချက်ကိုကျွန်ုပ်တို့လိုက်နာသောအခါ အချို့သောသူများကဲ့သို့ဝိညာဏသင်္ဘောပျက်ခြင်းကိုဆိုက်ရောက်စေမည့်အခြေအနေကို ကျွန်ုပ်တို့ရှောင်ရှားနိုင်ကြမည်။ (လုကာ ၂၁:၃၄-၃၆။ ၁ တိမောသေ ၁:၁၉) ထို့ထက် ကျွန်ုပ်တို့နှင့်ဘုရားသခင့်ဆက်ဆံရေးဆက်လက်မြဲမြံရန် အကျိုးဖြစ်ထွန်းသောအပန်းဖြေမှုများကိုသာ ပညာရှိစွာရွေးချယ်ကြမည်။ ဘုရားသခင်ပေးသည့်ကောင်းမွန်သောလက်ဆောင်ဟုယူမှတ်နိုင်သည့် မိတ်ဆုံပေါင်းသင်းမှုများမှ ကျွန်ုပ်တို့အကျိုးကျေးဇူးခံစားရနိုင်ပေမည်။—ဒေသနာ ၅:၁၈။
[အောက်ခြေမှတ်ချက်များ]
a ၁၉၈၅ ခု၊ ဧပြီ ၁၅ ရက်ထုတ် ကင်းမျှော်စင် တွင် မင်္ဂလာဆောင်ခြင်း၊ မင်္ဂလာဧည့်ခံပွဲများနှင့်ပတ်သက်သည့် မျှတမှုရှိသောအကြံဉာဏ်များပါဝင်သည်။ သတို့သားလောင်း၊ သတို့သမီးလောင်းများနှင့် သူတို့ကိုကူညီမည့်သူများတို့သည် မင်္ဂလာဆောင်ခြင်းအစီအစဉ်ကိုမပြုလုပ်မီ ဤအကြောင်းအရာများကို အကျိုးရှိရှိပြန်လည်သုံးသပ်နိုင်သည်။
မည်သည့်အရာများကိုသင်လေ့လာခဲ့ပြီနည်း
▫ ကျမ်းစာတွင် မိတ်ဆုံပေါင်းသင်းမှုများနှင့်ပတ်သက်၍ မည်သည့်မျှတသည့်အမြင်များကို ကျွန်ုပ်တို့တွေ့ရှိရသနည်း။
▫ ဖျော်ဖြေမှု၏သဘာဝ၊ အချိန်တို့နှင့်ပတ်သက်၍ ကျွန်ုပ်တို့အဘယ်ကြောင့်စဉ်းစားသင့်သနည်း။
▫ အန္တရာယ်များကိုကာကွယ်နိုင်ရန် အိမ်ရှင်တစ်ဦးလုပ်နိုင်သည့်အရာအချို့ကား အဘယ်နည်း။
▫ သင့်တော်လျောက်ပတ်ပြီး မျှတမှုရှိသည်ဆိုလျှင် ဖျော်ဖြေမှုသည် ခရစ်ယာန်တစ်ဦးအတွက်မည်သည့်အရာများကို ပြီးမြောက်စေနိုင်သနည်း။