သင့်သားသမီးများအတွက် အဘယ်ပန်းတိုင်များချမှတ်ထားပြီနည်း
၁ ဘဝတွင် အောင်မြင်ဖို့ဟူသည် အကျိုးရှိသော ပန်းတိုင်များထားပြီး ယင်းတို့ကို လိုက်မီခြင်းအပေါ်မူတည်သည်။ သိမ်ဖျင်းသော၊ သို့မဟုတ် မဖြစ်နိုင်သောပန်းတိုင်များကို မီအောင်လိုက်နေသူများသည် နောက်ဆုံး စိတ်ပျက်ရပြီး မပြည့်စုံဘဲဖြစ်ရလေသည်။ “တည်မြဲသောအသက်ကို စွဲကိုင်” နိုင်ရန် အဘယ်ရည်မှန်းချက်ပန်းတိုင်များကို လိုက်မီရမည်အကြောင်း ပိုင်းခြားသိမြင်ဖို့ရန် ဉာဏ်ပညာလိုသည်။(၁ တိ. ၆:၁၉၊ သမ) ယေဟောဝါသည် ကိုယ်တော်၏နှုတ်ကပါဌ်တော်နှင့် အဖွဲ့အစည်းမှတစ်ဆင့် အဘယ်လမ်းကိုလိုက်သင့်ကြောင်း အတိအကျဖော်ပြထားသောကြောင့် များစွာကျေးဇူးတင်နိုင်သည်တကား!—ဟေရှာ. ၃၀:၂၁။
၂ ဤမျှမေတ္တာပါသော လမ်းပြညွှန်ကြားမှုကို ပေးရာတွင် ယေဟောဝါသည် မိဘများအတွက် ပုံသက်သေကောင်း ချမှတ်ထားတော်မူသည်။ အတွေ့အကြုံမရှိသောကလေးများအား အကောင်းဆုံးလမ်းကို မိမိဘာသာရွေးချယ်စေမည့်အစား ပညာရှိသောမိဘများသည် သူတို့သွားသင့်သည့်လမ်းအတိုင်း လေ့ကျင့်သွန်သင်ပေးကြရာ ကလေးတို့သည် အိုသောအခါ “ထိုလမ်းမှမလွှဲ လိုက်သွားလိမ့်မည်။” (သု. ၂၂:၆) မိမိဆုံးဖြတ်ချက်ကိုမိမိ စိတ်မချနိုင်ကြောင်း; ယေဟောဝါကို ယုံကြည်ကိုးစားဖို့လိုကြောင်း ခရစ်ယာန်မိဘများသည် အတွေ့အကြုံမှ သဘောပေါက်ကြသည်။ (သု. ၃:၅၊ ၆) အသိဉာဏ်နှင့် အတွေ့အကြုံနည်းသေးသော ကလေးများသည် ထိုထက်ပင်ပြုလုပ်ရန်လိုသည်။
၃ မိဘများသည် မိမိတို့ကလေးများရှေ့ အကျိုးပေးမည့်ပန်းတိုင်များ ချမှတ်ပေးရန်လိုသည်။ ယင်းတို့က သူတို့အား ‘သာ၍အရေးကြီးသောအရာများ’ ကိုအာရုံပြုစေသည်။ (ဖိ. ၁:၁၀) မိသားစုသင်အံမှုနှင့်စတင်ပြီး ယင်း၏အရေးပါမှုကို ကလေးများသဘောပေါက်ကာ သင်ယူကြရန် အားပေးနိုင်သည်။ ကလေးတို့သည် အသင်းတော်အစည်းအဝေးများအတွက် ကြိုတင်လေ့လာပြီး ကိုယ်ပိုင်စကားဖြင့် အဖြေပေးကြရန် ပြင်ဆင်သည့်အကျင့်ရှိလျှင် ကောင်းသည်။ ဟောပြောခြင်းလုပ်ငန်းတွင် မှန်မှန်ပါဝင်ခြင်းသည် အရေးကြီး၏။ ငယ်ရွယ်သော ကလေးသူငယ်များသည် ဝေစာများဝေခြင်း၊ ကျမ်းချက်များဖတ်ပေးခြင်း၊ မဂ္ဂဇင်းများတင်ဆက်ခြင်းတို့ကို ပြုနိုင်ကြသည်။ စာကောင်းကောင်းဖတ်တတ်ပြီဆိုလျှင် သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် နာမည်စာရင်းသွင်းခြင်းဖြင့် သူတို့၏ဝိညာဏတိုးတက်မှုကို မြှင့်တင်နိုင်သည်။ နှစ်ခြင်းမခံရသေးသောကြေညာသူဖြစ်နိုင်ခြင်း သို့မဟုတ် နှစ်ခြင်းခံယူခွင့်ရခြင်းတို့သည် ရှေ့ဆက်အဓိကခြေလှမ်းတစ်ခုဖြစ်သည်။
၄ ကလေးသူငယ်များသည် ဆယ်ကျော်သက်အရွယ်ရောက်လာသည့်အခါ သို့မဟုတ် ထိုအရွယ်မတိုင်မီကပင် အလုပ်အကိုင်ပန်းတိုင်များအကြောင်း မိဘများ သူတို့နှင့်လက်တွေ့ကျကျဆွေးနွေးသင့်သည်။ ကျောင်းမှ အကြံပေးသူများ၊ ကျောင်းနေဖက်များသည် ဤလောက၏ စည်းစိမ်ဥစ္စာလိုက်စားခြင်းသို့ လွယ်ကူစွာ သွေးဆောင်နိုင်ပါသည်။ မိဘများသည် မိမိတို့သားသမီးများအား လက်တွေ့ကျ လေ့ကျင့်မှုပေးသည့် သင်တန်းများကို ရွေးချယ်တတ်ရန် အကူအညီပေးသင့်သည်။ ယင်းတို့သည် နိုင်ငံတော်ရေးရာကို မထိခိုက်ဘဲ ကာယလိုအပ်ရာများကိုလည်း ဖြည့်စွက်ပေးနိုင်စေရမည်။ (၁ တိ. ၆:၆-၁၀) တစ်ကိုယ်ရေနေခြင်း “ဆုကျေးဇူး” ကိုမီအောင်လိုက်ရန် သူတို့ကို အားပေးနိုင်သည်။ နောက်ပိုင်းတွင် အိမ်ထောင်ပြုဖို့ သူတို့ဆုံးဖြတ်သည့်အခါ ဝန်လေးသော အိမ်ထောင်ရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြပါလိမ့်မည်။ (မ. ၁၉:၁၀၊ ၁၁; ၁ ကော. ၇:၃၆-၃၈) မိဘများသည် ရှေ့ဆောင်ခြင်း၊ အကူအညီလိုအပ်သောနေရာများ၌ အမှုတော်ထမ်းခြင်း၊ ဗေသလလုပ်ငန်း သို့မဟုတ် သာသနာပြုလုပ်ငန်းအကြောင်း အပြုသဘောပါပါပြောဆိုခြင်းဖြင့် ကလေးတို့အား ယေဟောဝါအလိုတော်နှင့်တွေ့သော၊ သူတစ်ပါးကို အကျိုးပြုသော၊ မိမိကိုယ်တိုင် ကောင်းချီးများခံစားနိုင်သော ဘဝပုံစံကို အသက်ငယ်ရွယ်စဉ်ကတည်းကပင် လိုက်လျှောက်ရန် အလိုဆန္ဒရှိစေပါမည်။
၅ ယနေ့ အဖွဲ့အစည်းတွင် မြင့်မားသော ခရစ်ယာန်စံနှုန်းများကို တန်ဖိုးထားပြီး သီအိုကရက်တစ်ပန်းတိုင်များကို မီအောင်လိုက်သည့် လူငယ်များစွာရှိခြင်းသည် မတော်တဆဖြစ်လာခြင်းမဟုတ်ပါ။ သူတို့၏အောင်မြင်မှုသည် များသောအားဖြင့် မေတ္တာရှိသော မိဘများကြောင့် ဖြစ်နိုင်သည်။ သင်သည် မိဘတစ်ဦးဖြစ်မည်ဆိုလျှင် သင့်ကလေးများသည် အဘယ်သို့ဦးတည်နေကြသနည်း။ နိုင်ငံတော်ရေးရာကို အာရုံပြုသည့် ဘဝလမ်းစဉ်သို့ တက်လှမ်းဦးတည်နေကြပါသလော။ သမ္မာတရားကို သင့်ကလေးများနှလုံးထဲ နေ့စဉ်သွင်းပေးခြင်းသည် သင်ပြုလုပ်နိုင်သည့် အရေးအကြီးဆုံးလုပ်ငန်းတစ်ခုဖြစ်ကြောင်းကို စွဲမှတ်ထားသင့်သည်။ ထိုသို့ဆိုလျှင် ယေဟောဝါကို သစ္စာရှိစွာအမှုထမ်းသော အိမ်ထောင်ဖြစ်သည်နှင့်အညီကောင်းချီးကိုခံစားရလိမ့်မည်။—တရား. ၆:၆၊ ၇; ယောရှု ၂၄:၁၅။