အခန်း ၉
ကလေးများကို နို့စို့အရွယ်မှ စလေ့ကျင့်ပေးခြင်း
၁-၄။ ကလေးလေး၌ သင်ယူနိုင်စွမ်း ကြီးမားစွာရှိကြောင်း အဘယ်သာဓကရှိသနည်း။
မွေးစကလေးဦးနှောက်ကို ဗလာစာရွက်တစ်ရွက်နှင့် နှိုင်းယှဉ်ကြသည်။ တကယ်မှာတော့၊ ကလေးသည် မိခင်ဝမ်းထဲ၌ ရှိစဉ်ကတည်းက ဦးနှောက်ပေါ် အက္ခရာ တော်တော်များများ တင်နှင့်ပြီးသားဖြစ်သည်။ မျိုးရိုးကိုလိုက်၍လည်း စရိုက်ကျင့်မူအချို့ ဖျက်မရအောင် မှတ်တမ်းတင်ပြီးသားလည်းဖြစ်သည်။ သို့သော် မွေးသည့်အချိန်မှစ၍ ကလေး၌ ပညာဆည်းပူးနိုင်သည့် ကြီးမားလှသည့်အစွမ်းသတ္တိပါလာသည်။ ဗလာစာရွက်တစ်ရွက်သာမဟုတ်၊ စာရွက်များပေါ် အကြောင်းအရာများ ပုံနှိပ်ရန် အသင့်စောင့်စားနေသည့် စာကြည့်တိုက်ကြီးထဲမှ စာအုပ်များသဖွယ် ဖြစ်နေပေသည်။
၂ မွေးစကလေး၏ ဦးနှောက်သည် အလေးချိန်အားဖြင့် လူကြီးဘဝဦးနှောက်၏ လေးပုံတစ်ပုံမျှသာရှိသည်။ သို့သော် ဦးနှောက်သည် အထွားမြန်ရကား၊ နှစ်နှစ်အတွင်း လူကြီးဦးနှောက်၏ လေးပုံသုံးပုံဖြစ်လာသည်။ ဉာဏ်စွမ်းလည်း အမီလိုက်နိုင်သည်။ သုတေသီတို့က ကလေး၏ပထမလေးနှစ်ဉာဏ်ရည်အတိုးနှုန်းသည် ၎င်းနောက်ပိုင်း ဆယ့်သုံးနှစ်အတိုင်း နှုန်းထက်မြန်ဆန်သည်ဟု ထွက်ဆိုကြသည်။ တကယ်ဆိုလျှင် အချို့က “ငါးနှစ်မမြောက်မီကလေး သင်အံသောအတွေးအမြင်တို့သည် နောက်နောင် သူသင်အံရမည့်အရာအားလုံးထက် ခက်သည်” ဟုပင်ဆိုကြသည်။
၃ ဘယ်၊ ညာ၊ အပေါ်၊ အောက်၊ အပြည့်၊ ဗလာ၊ အရွယ်နှင့်အလေးချိန်အမျိုးမျိုး စသောအတွေးအမြင်တို့သည် ကျွန်ုပ်တို့အဖို့ ဘာမျှအဆန်းမဟုတ်။ သို့ရာတွင် ကလေးသည် ယင်းအရာများအပြင် အခြားအတွေးအမြင် ဒုနှင့်ဒေး ဆည်းပူးသင်အံရသေးသည်။ စကားပြောခြင်းတည်းဟူသော အတွေးအမြင်ကိုယ်၌ ကလေး၏ဦးနှောက်ထဲတွင် အမြစ်တွယ်တည်တံ့လာရန် လိုအပ်သည်။
၄ အချို့က စကားကို “လူသားတစ်ယောက် သင်ကြားတတ်မြောက်ရန်လိုသော ဉာဏ်ပညာအနက် ဘာသာစကားသည် အခက်ဆုံး” ဟူ၍ သတ်မှတ်ကြသည်။ အသစ်သောဘာသာစကားတစ်ရပ်ကို အသင်သင်ကြားခဲ့ဖူးလျှင် ယင်းအဆိုကို အသင်သဘောတူပေလိမ့်မည်။ သို့ပါလျက်နှင့် ဘာသာစကား၏အသွားအလာကို သဘောပေါက်ထားသေးသည်။ ကလေးမှာမူ ၎င်းကိုမသိ။ သို့နှင့်ပင် ၎င်း၏ဦးနှောက်သည် စကားကို နားလည်နိုင်ပြီး အလုပ်ဖြစ်မြောက်၏။ ထို့အပြင် စကားနှစ်မျိုးပြောသောအိမ်ထောင်၌ဖြစ်စေ၊ ရပ်ကွက်၌ဖြစ်စေ နေထိုင်သောကလေးငယ်ဆိုလျှင် ကျောင်းမနေမီအချိန်မှာပင် ဘာသာစကားနှစ်မျိုးကို အသာကလေး ပြောဆိုပေသည်။ ထို့ကြောင့် ကလေး၌ ဉာဏ်စွမ်းကိုတွေ့ရ၏။ ပျိုးထောင်သွားရန်သာ လိုသည်။
စရမည့်အချိန်မှာ ခုချက်ချင်း
၅။ ကလေးကို အဘယ်အရွယ်ကတည်းက စတင်လေ့ကျင့်သင့်သနည်း။
၅ တမန်တော်ပေါလု မိမိအဖော် တိမောသေထံ စာရေးစဉ် တိမောသေသည် “ငယ်စဉ်ကတည်းက” သန့်ရှင်းသောကျမ်းစာကိုသိခဲ့သည်ဟူသည့်အချက်ကို ပြန်လည်သတိရစေခဲ့သည်။ (၂ တိမောသေ ၃:၁၅) ကလေး၌ ဆာဆာလောင်လောင် သင်ကြားဆည်းပူးလိုသည့်သဘော ပါလာသည်ဟူ၍ သိမှတ်သောမိဘသည် ပညာရှိ၏။ နို့စို့ကလေးတို့သည် မျက်စိဖွင့် နားစွင့်လျက် အလွန်သိတတ်မြင်တတ်၏။ မိဘများ သတိပြုမိချင်မှ ပြုမိမည်။ ကလေးတို့သည် တစ်ချိန်လုံး အသိပညာကိုယူလျက်၊ သိုသိပ်လျက်၊ ဖြည့်စွက်လျက်၊ သဘောထိုင်လျက်နေသည်။ တကယ်ဆိုလျှင် မိဘများ သတိဝီရိယမရှိလျှင် သူငယ်သည် မိဘများကို မလိမ့်တပတ်လုပ်ပြီး မိမိတို့လိုအပ်ရာကို အရကြံသည့်နေရာတွင် တစ်ခဏချင်း ထူးထူးခြားခြားတတ်မြောက်လာနိုင်သည်။ ယင်းကြောင့် “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ [သူငယ်ကို မိမိသွားရမည့်လမ်းအတိုင်း သွန်သင်ပဲ့ပြင်လော့၊ သမ္မ] သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွဲ လိုက်သွားလိမ့်မည်” ဟူသောဘုရားသခင့်နှုတ်ကပါဌ်တော် အကြံပေး ဆုံးမချက်သည် ကလေးမွေးဖွားသည့်အချိန်မှစ၍ သက်ဆိုင်ပေသည်။ (သု. ၂၂:၆) ပထမသင်ရန်စာမှာ မေတ္တာဖြစ်သည်မှာ အထူးဆိုဖွယ်မရှိ။ မေတ္တာနှင့်ပြုစုစောင့်ရှောက်ခြင်း၊ ကြင်နာမြတ်နိုးခြင်းများစွာလိုပေသည်။ သို့သော် ၎င်းနှင့်အတူ လိုအပ်လာတိုင်း ညင်သာစွာ၊ တည်ကြည်စွာ ပဲ့ပြင်ဆုံးမသွားရန်လိုသည်။
၆။ (က) မည်သို့သောစကားဖြင့် ကလေးနှင့်စကားပြောလျှင် အကောင်းဆုံးဖြစ်သနည်း။ (ခ) ကလေးတို့ အမေးအမြန်းထူသည်ကို မည်သို့ယူမှတ်အပ်သနည်း။
၆ ကလေးနှင့်စကားပြောပါ။ သို့သော် “ကလေးအပြောမျိုး” ဖြင့်မပြောနှင့်။ အသင် သူအား တတ်မြောက်စေလိုသည့်စကား ဖြစ်သည့်အတိုင်း ရိုးရိုးကလေးဖြစ်သော လူကြီးစကားကို သုံးပါ။ ကလေးငယ်စကားတတ်လာသောအခါ “ဘာဖြစ်လို့ မိုးရွာတာလဲဟင်။ သားသား ဘယ်ကလာတာလဲ။ နေ့လည်နေ့ခင်းတွေမှာ ကြယ်တွေ ဘယ်ကိုရောက်သွားကြသလဲ။ မေမေ ဘာလုပ်နေတာလဲ။ ဘာဖြစ်လို့ လုပ်ရတာလဲ။ ဘာဖြစ်လို့ ဟိုဟာလုပ်ရတာလဲ” ဟူ၍ သင့်အားမေးခွန်းအသင်္ချေ ထုတ်ပါလိမ့်မည်။ အဆုံးကိုမရှိ။ နားထောင်ပေးပါ။ မေးခွန်းမေးခြင်းသည် ကလေးအဖို့ သင်ကြားခြင်း၏ အထက်မြက်ဆုံး လက်နက်တစ်ပါးဖြစ်သောကြောင့်တည်း။ မေးခွန်းမမေးရန် နှုတ်ပိတ်လျှင် ဖွံ့ဖြိုးမှုကို ပိတ်ပင်သည်နှင့် ခြားမည်မဟုတ်။
၇။ ကလေးငယ်၏မေးခွန်းကို မည်သို့ဖြေကြားလျှင် အကောင်းဆုံးဖြစ်နိုင်သနည်း။ အဘယ်ကြောင့်နည်း။
၇ သို့သော် တမန်တော်ကဲ့သို့ တစ်ခုစွဲမှတ်ပါ။ “ငါသည် သူငယ်ဖြစ်စဉ်အခါ သူငယ်လိုစကားပြော၏။ သူငယ်လို စိတ်ထင်၏။ သူငယ်လို ကြံစည်၏။” (၁ ကောရိန္သု ၁၃:၁၁) မေးခွန်းကို အကောင်းဆုံးနည်းဖြင့် ဖြေရှင်းပေးပါ။ သို့သော် ရိုးရိုးတိုတို ဖြစ်ပါစေ။ “ဘာဖြစ်လို့ မိုးရွာရသလဲ” ဟူ၍ ကလေးကမေးလျှင် ရှည်လျားထွေပြား၍ ရှုပ်ထွေးသောအဖြေကို သူကြားလိုမည်မဟုတ်။ ‘မိုးတိမ်တွေ ရေနဲ့ပြည့်ပြီး လေးလံလာတာနဲ့ ရေတွေကျလာတယ်’ စသောအဖြေမျိုးနှင့် လုံလောက်နိုင်သည်။ ကလေး၏အာရုံသည် တစ်နေရာတည်း ကြာကြာမစူးစိုက်; တစ်နေရာမှ တစ်နေရာ ခုန်ကူး၍ နေတတ်သည်။ သို့ဖြစ်သောကြောင့် ကလေးသည် ကြေခဲသောအစာကို စားနိုင်သည့်အရွယ်မရောက်မချင်း နို့ကိုသာတိုက်ကျွေးရသကဲ့သို့ အသေးစိတ်နားလည်နိုင်သည့်အရွယ်မတိုင်မချင်း အသိပညာရိုးရိုးကလေးကိုသာ ပို့ချပေးပါ။—ဟေဗြဲ ၅:၁၃၊ ၁၄ နှိုင်းယှဉ်။
၈၊ ၉။ ကလေးကို စာဖတ်တတ်အောင် မည်သို့ တစ်စစသင်ပေးနိုင်သနည်း။
၈ သင်ကြားခြင်းဟူသည် တစ်စစဖြစ်သင့်သည်။ အထက်ဆိုခဲ့သည့်အတိုင်း တိမောသေသည် ငယ်စဉ်ကတည်းက ကျမ်းစာကိုသိရှိခဲ့သည်။ အလွန်ငယ်ရွယ်သည့် ၎င်းအချိန်မှစ၍ ကျမ်းစာကို သိကျွမ်းမှတ်သားခဲ့သည်ဆိုရာ၌ ကျမ်းစာမှ သင်ကြားပို့ချခံရခြင်း တစ်စိတ်တစ်ဒေသ ပါဝင်ခဲ့မည် သေချာသည်။ ထိုပို့ချခြင်းမှာလည်းတစ်စစဖြစ်ခဲ့ပေမည်။ ယနေ့ ဖခင် သို့မဟုတ် မိခင်က ကလေးအား အဖတ်သင်ပေးပုံနှင့် ခြားလှမည်မဟုတ်။ သင့်ကလေးအား ဖတ်ပြပါ။ နို့စို့အရွယ်တွင်ပင် သင့်ရင်ခွင်၌ထားလျက် ပိုက်ထွေးကာ ချိုသာသည့်အသံဖြင့် ဖတ်ပြပါ။ နွေးထွေးလုံခြုံသောစိတ်၊ ကြည်နူးချမ်းမြေ့မှုကို သူကလေး ခံစားရပါလိမ့်မည်။ အနည်းငယ်သာ နားလည်နိုင်သည်ဖြစ်စေကာမူ စာဖတ်ခြင်းသည် သူ့အဖို့ ပျော်စရာဖြစ်၏။ ၎င်းနောက် ကစားစရာသဘောဖြင့် အက္ခရာများ သင်ပေးနိုင်သည်။ ထို့နောက် စကားလုံးပေါင်းပါ။ ထိုမှတစ်ဖန် စကားလုံးမှတစ်ဆင့် ဝါကျများ စီကုံးသွားနိုင်သည်။ ဖြစ်နိုင်သ၍ သင်ကြားခြင်းကို ပျော်စရာဖြစ်စေပါ။
၉ ဥပမာ၊ ဇနီးမောင်နှံနှစ်ဦးရှိသည်။ မိမိတို့၏ သုံးနှစ်အရွယ်ကလေးကို စာဖတ်ပြ၏။ ကလေးလိုက်နိုင်အောင် စာလုံးတစ်လုံးချင်းထောက်၍ဖတ်၏။ အချို့စကားလုံးရောက်လျှင် ရပ်လိုက်သည်။ ကလေးက ဖြည့်စွက်ရသည်။ “ဘုရားသခင်” “ယေရှု” “လူ” “သစ်ပင်” စသည်ဖြင့်ဖြစ်သည်။ သို့နှင့် ကလေးဖတ်နိုင်သည့် စကားလုံးအရေအတွက် တစ်စစတိုးများလာသည်။ လေးနှစ်အရွယ်ရောက်သော် စကားလုံးအားလုံးလိုလို ဖတ်နိုင်ခဲ့သည်။ စာဖတ်ခြင်းနှင့်အတူ စာရေးခြင်းလိုက်ပါလာသည်။ အစတွင် အက္ခရာ၊ နောက်သော် စာလုံးအပြည့်အစုံ ရေးသားလာသည်။ ကလေးသည် မိမိနာမည် မိမိရေးတတ်လာသောအခါ မြူးလိုက်သည်ဖြစ်ခြင်း!
၁၀။ ကလေး၏ ပင်ကိုယ်စွမ်းရည် တိုးပွားဖွံ့ဖြိုးလာအောင် ထောက်မခြင်းသည် အဘယ်ကြောင့်ကောင်းသနည်း။
၁၀ ကလေးတစ်ယောက်နှင့်တစ်ယောက် မတူ။ ဥပဓိရုပ် တစ်မူစီရှိသည်။ သို့ဖြစ်၍ သူတို့ပါလာသည့်ပါရမီကိုယ်စီနှင့်အညီ ပျိုးထောင်ပေးရန်လိုသည်။ ကလေးတစ်ယောက်ကို သူ့ပါရမီ၊ သူ့အစွမ်းအစနှင့်အညီ လေ့ကျင့်လျှင် အခြားကလေးများ ပြီးမြောက်မှုကို မနာလိုဖြစ်တော့မည်မဟုတ်။ ကလေးတစ်ယောက်စီကို ချစ်ရမည်။ မြတ်နိုးရမည်။ မှားယွင်းသောစိတ်သဘော တိမ်းညွှတ်မှုကို ချိုးနှိမ်ထိန်းချုပ်ရာ၌ သူ့အားကူညီစဉ် ကြိုတင်ပိုင်းဖြတ်မှုဖြင့် သူ့ကို ပုံမသွင်းအပ်ချေ။ သို့ပြုမည့်အစား သူ၌ပါလာသောဥပဓိရုပ်ဆိုင်ရာစရိုက်များကို အကောင်းဆုံးနည်းဖြင့် အသုံးချနိုင်ရန် လမ်းညွှန်ပေးပါ။
၁၁။ ကလေးတစ်ယောက်ကို အခြားတစ်ယောက်နှင့်နှိုင်း၍ အဘယ်ကြောင့်မနှိမ်သင့်သနည်း။
၁၁ ကလေးတစ်ယောက်ကို အခြားတစ်ယောက်နှင့်ယှဉ်၍ တော်သည်၊ ဖျင်းသည်ဟုဆိုပြီး နှိုင်းပါက ကလေးတို့အထဲတွင် တစ်ကိုယ်ကောင်းဆန်သည့် ပြိုင်ဆိုင်ခြင်းသဘောပေါက်ဖွားလာနိုင်သည်။ ကလေးတို့ ငယ်စဉ်ဘဝသည် မွေးရာပါတစ်ကိုယ်ကောင်းစိတ် လက္ခဏာပြသော်လည်း ရာထူးအဆင့်၊ အကြီးအငယ်ဟူသောစိတ်၊ ကိုယ်ကို အထင်ကြီးစိတ် အစတွင်မရှိပါ။ ယင်းကြောင့်လည်း ယေရှုသည် ကလေးများကို ဥပမာပေးပြီး မိမိတပည့်များ တစ်ခါကပြခဲ့သည့်စိတ်နေမြင့်မှု၊ သူ့ထက်ငါ သာစိတ်ကို ပဲ့ပြင်တော်မူခဲ့သည်။ (မဿဲ ၁၈:၁-၄) ယင်းကြောင့် ကလေးတစ်ယောက်ကို အခြားတစ်ယောက်နှင့်နှိုင်းပြီး မနှိမ်ပါနှင့်။ မိမိအား ပယ်သည်ဟု ယူမှတ်လိမ့်မည်။ အစတွင် ရင်နာမည်။ ယင်းသို့ဆက်၍ ဆက်ဆံလျှင် အငြိုးသိုလာလိမ့်မည်။ ပိုတော် ပိုကောင်းသည်ဟု အပြောခံရသည့်ကလေးကိုကြည့်လျှင်လည်း စိတ်နေမြင့်မားပြီး သူတစ်ပါး၏ မျက်မုန်းကျိုးခြင်းကို ခံရသည်ကို တွေ့ရမည်။ မိဘအနေနှင့် ကလေးတစ်ယောက်ကို တစ်ယောက်နှင့်နှိုင်းပြီးမှ ချစ်တာမျိုး၊ လက်ခံတာမျိုး မဖြစ်စေသင့်။ တစ်ယောက်တစ်မျိုးဖြစ်ခြင်းက နှစ်လိုဖွယ်ဖြစ်သည်။ တီးဝိုင်းတစ်ဖွဲ့၌ မြိုင်ဆိုင်မှုအတွက် တူရိယာမျိုးစုံရှိသော်လည်း စည်းဝါးညီ၏။ စရိုက် တစ်ယောက်တစ်မျိုးစီရှိသဖြင့် အိမ်ထောင်အသိုင်းအဝိုင်းတွင် အနံ့အရသာနှင့် စိတ်ဝင်စားဖွယ်ရာ တိုးများစေသည်။ သို့သော် မိမိတို့ဖန်ဆင်းရှင်၏ မှန်ကန်သည့်မူများအတိုင်း အားလုံး နေထိုင်ကြသောအခါ စည်းလုံးညီညွတ်မှု ပျက်ပြားမည်မဟုတ်။
သင့်ကလေးကြီးရင့်လာရန် ထောက်မပါ
၁၂။ လူကြီးများနှင့်ပတ်သက်သော အဘယ်အဖြစ်မှန်က ကလေးများ တော်လျော်သောလမ်းညွှန်မှုလိုအပ်ကြောင်း ပေါ်လွင်စေသနည်း။
၁၂ ဘုရားသခင့်နှုတ်ကပါဌ်တော်က ‘လူသည် မိမိခြေလှမ်းကို အစိုးမရ’ ဟုဆို၏။ (ယေရမိ ၁၀:၂၃) လူကမူ အစိုးရ၏ဟုဆို၏။ သို့နှင့် ဘုရားလမ်းညွှန်မှုကိုငြင်း၍ လူ့ညွှန်ကြားမှုကိုခံယူကြသည်။ ၎င်းနောက် အခက်အခဲတစ်ခုပြီးတစ်ခု တိုး၍တိုး၍ ရင်ဆိုင်လာခဲ့ကြသည်။ နောက်ဆုံးတော့ ဘုရားသခင်မှန်သည်ကို သက်သေပြလာသည်။ လူရှေ့ မှန်သယောင်ရှိသော်လည်း အဆုံး၌ သေခြင်းသို့ပို့ဆောင်သောလမ်းတစ်လမ်းရှိသည်ဟု ယေဟောဝါဘုရားသခင်မိန့်ဆို၏။ (သု. ၁၄:၁၂) လူသည် မိမိတို့မှန်သည်ထင်သောလမ်းစဉ်ကို လိုက်ခဲ့သဖြင့် စစ်မက်၊ ငတ်မွတ်ခြင်း၊ အဖျားအနာနှင့် သေခြင်းသို့ ဆိုက်ရောက်ခဲ့ပြီ။ ကြီးရင့်ပြီး တွေ့ကြုံမှုရှိသောလူအဖို့ မှန်သည်ဟုထင်ရသောလမ်းကြောင်းသည် သေခြင်းသို့ ပို့ဆောင်သည်မှန်လျှင် ကလေးတစ်ယောက် မှန်၏ဟုယူဆသည့်လမ်းသည် အခြားအဘယ်နေရာတွင်လမ်းဆုံးစရာရှိသေးသနည်း။ လူကြီးသည် မိမိသွားရာလမ်းကို မှန်ကန်စွာ မလှမ်းတတ်လျှင် ယိမ်းထိုး၍သာ လျှောက်တတ်သော ကလေးတစ်ယောက် မိမိဘဝလမ်းခရီးကို မည်သို့ပိုင်နိုင်စွာ လျှောက်နိုင်မည်နည်း။ မိဘနှင့်သားသမီး နှစ်ဦးစလုံးအတွက် လမ်းညွှန်မှုကို ဖန်ဆင်းရှင်က နှုတ်ကပါဌ်တော်အားဖြင့် ပေးထားတော်မူပေသည်။
၁၃၊ ၁၄။ တရားဟောရာ ၆:၆၊ ၇ ပါသြဝါဒနှင့်အညီ မိဘများ သားသမီးများကို မည်သို့သွန်သင်နိုင်သနည်း။
၁၃ မိဘများအား ဘုရားသခင်က “ယနေ့ ငါမှာထားသောစကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍ သွန်သင်ရမည်။ အိမ်၌ ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌ သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကို ပြောရမည်” ဟု မိန့်တော်မူ၏။ (တရားဟောရာ ၆:၆၊ ၇) အချိန်မရွေး၊ အခါခပ်သိမ်း အခွင့်အခါသင့်တိုင်း သွန်သင်ညွှန်ကြားအပ်သည်။ ကျောင်းနှင့်အလုပ်သွားရန်အတွက် ပြင်ဆင်နေရသဖြင့် ကတိုက်ကရိုက်ဖြစ်သည်တိုင်အောင် မိသားစုအတူထိုင်ပြီး နံနက်စာစားလျှင် အစာအတွက် ကျေးဇူးတော်ကိုချီးမွမ်းကြရသဖြင့် အားလုံး၏စိတ်သည် ဖန်ဆင်းရှင်ပေါ်သို့ ရောက်နိုင်သည့်အပြင် မိသားစုအတွက် ဝိညာဉ်ရေးဘက် အဖိုးတန်သောအရာများကို ဆွေးနွေးနိုင်ပေ၏။ တစ်နေ့တာလုပ်ကိုင်မည့်အရာများနှင့်လည်းကောင်း၊ ကျောင်းနှင့်စပ်လျဉ်း၍လည်းကောင်း ပြောဆိုစရာအချိန် ရကောင်းရမည်။ ဖြစ်ပေါ်လာနိုင်ဖွယ်ပြဿနာများနှင့်ပတ်သက်သော အကြံကောင်းများအတွက်လည်း အချိန်ရကောင်းရမည်။ ‘အိပ်ရာဝင်ချိန်’ တွင်မိဘများက ကလေးများကို ထပ်၍အရေးပေးပါက ကလေးများအတွက် ဝမ်းသာစရာအချိန်ဖြစ်မည်။ အိပ်ရာမဝင်မီ ပြောသောပုံများသည် ကလေးတို့အတွက် အသေးအမွှားမဟုတ်။ ထိရောက်သောသွန်သင်နည်းတစ်ခုဖြစ်နိုင်သည်။ ကျမ်းစာထဲ၌ အကြောင်းအရာအမျိုးစုံ ပြည့်နှက်လျက်ရှိ၏။ မိဘများက နားထောင်ချင်စဖွယ်၊ အားတက်စဖွယ် ပြောတတ်ရန် သာလိုသည်။ ကလေးများ အလွန်ကြားချင်စဖွယ်ဖြစ်သည်။ သင့်ဘဝအတွေ့အကြုံလည်း ကလေးတို့အထူးကြားချင်စဖွယ်ဖြစ်ပြီး သင်ခန်းစာကောင်းအချို့ ရရှိစေနိုင်သည်။ အသစ်အသစ်သော ပုံပြင်များ ရှာဖွေရန် မလွယ်သည်မှန်၏။ သို့သော် ပုံကောင်းများကို ထပ်ခါတလဲလဲကြားချင်ကြသည်ကို တွေ့ရပါလိမ့်မည်။ ၎င်းအချိန်ကလေးကို ထပ်၍ယူလိုက်သောအခါ သင့်သားသမီးများနှင့် သင့်အပြောအဆိုလမ်းကြောင်း ပို၍ပွင့်လာသည်ကို တွေ့ရလိမ့်မည်။ အိပ်ရာဝင်ချိန်တွင် ကလေးများနှင့်အတူ ဆုတောင်းခြင်းပြုလျှင် ကလေးငယ်တို့သည် လမ်းညွှန်ကာကွယ်မှု အပေးနိုင်ဆုံးသောအရှင်နှင့် ဆက်ဆံရေး ငယ်ငယ်ရွယ်ရွယ်နှင့် ရရှိသွားကြမည်။—ဧဖက် ၃:၂၀; ဖိလိပ္ပိ ၄:၆၊ ၇။
၁၄ ‘အိမ်၌ ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌ သွားလျက်ရှိသည်ဖြစ်စေ’ အဘယ်နေရာ၌ရှိစေကာမူ စိတ်ဝင်စားဖွယ်ကောင်း၍ ထိရောက်သည့်နည်းမျိုးစုံဖြင့် သင့်သားသမီးများကို လေ့ကျင့်နိုင်သည်။ ကလေးများအဖို့ အချို့နည်းကို ကစားစရာသဘောမျိုးဖြင့် ပြုလုပ်နိုင်သည်။ မောင်နှံနှစ်ဦးက ကျမ်းစာသင်အံသည့်အစည်းအဝေးမှ အချက်အလက်များကို ကလေးများမှတ်မိစေရန် ကူညီရာ၌ အထက်ပါနည်း မည်သို့အကျိုးပြုသည်နှင့် စပ်လျဉ်း၍ဆိုသည်ကား:
‘တစ်ညနေခင်းမှာ ခြောက်နှစ်သားကလေး တစ်ယောက်ကို ကျွန်တော်တို့ ခေါ်သွားပါတယ်။ အဲ့ဒီကလေးက ခါတိုင်းဆိုလို့ရှိယင် စည်းဝေးမှာ ဂရုစိုက်နားထောင်တာမရှိဘူး။ ခန်းမကိုအသွားမှာ ကျွန်တော်က “ဒို့ တစ်ခုကစားရအောင်။ အိမ်အပြန်မှာ ဒို့ကြည့်မယ်၊ ဘယ်သီချင်းတွေဆိုခဲ့တယ်။ စည်းဝေးမှာ ဘာအကြောင်းတွေပြောခဲ့တယ်ဆိုတာ မှတ်မိသလားလို့၊ ဟုတ်လား” လို့သူ့ကိုပြောထားတယ်။ အိမ်အပြန်မှာ ကျွန်တော်တို့ တကယ်အံ့သြသွားတာပဲ။ ခါတိုင်းနားမထောင်တဲ့ ဒီအငယ်ဆုံးကလေးကို အရင်ဆုံးပြောပြခွင့်ပေးတော့၊ အချက်တော်တော်များများကို သူမှတ်မိတယ်ဗျ။ သူပြောလို့ပြီးတဲ့အခါ ကျန်တဲ့ကလေးတွေက တခြားအချက်တွေ ထပ်ပြီးပြောကြတယ်။ နောက်ဆုံးလူကြီးဖြစ်တဲ့ ကျွန်တော်တို့နှစ်ယောက်က ပြောပြတယ်။ ဒီတော့ သူတို့အတွက် အလုပ်တစ်ခုဖြစ်မယ့်အစား ပျော်စရာတစ်ခုဖြစ်ခဲ့တယ်။’
၁၅။ အလုပ်အကိုင်တွင် ပို၍တိုးတက်လာအောင် ကလေးတစ်ယောက်ကို မည်သို့အားပေးနိုင်သနည်း။
၁၅ ကလေးကြီးပြင်းလာသည်နှင့်အမျှ၊ အတွေးအခေါ်တင်ပြ၊ ရုပ်ပုံဆွဲ၊ အလုပ်ကလေး ဘာလေးလုပ် တူရိယာကလေးတီးမှုတ်တတ်လာမည်။ အောင်မြင်ခြင်းအသိစိတ်ကို သူခံစားရသည်။ မိမိအလုပ်သည် မိမိ၏ကြိုးပမ်းမှုအဖြစ်၊ မိမိ၏အောင်မြင်မှုအဖြစ် သူယူမှတ်၏။ ၎င်းအလုပ်ကိုကြည့်ပြီး ‘သိပ်ကောင်းတာပဲကိုး’ ဟုဆိုလိုက်လျှင် ကလေး၏စိတ်ဓာတ်များစွာ တက်ကြွလာမည်။ သူ့လုပ်ဆောင်ချက်တွင် အသင်ရိုးသားစွာ ချီးမွမ်းနိုင်သည့်အပိုင်းကိုရှာပြီး ချီးမွမ်းပါက သူများစွာအားတက်မိမည်။ ဘွင်းဘွင်းဝေဖန်ပြစ်တင်ကြည့်ပါ။ စိတ်ဓာတ်ညှိုးခွေ၍ အားငယ်သွားမည်။ လိုအပ်လျှင် သူ့အလုပ်၏အပိုင်းတစ်ပိုင်းကို ဝေဖန်ပါ။ သို့သော် အလုပ်တစ်ခုလုံး သုံးမရ ဆိုသည့်သဘော မဖြစ်စေနှင့်။ ဥပမာ၊ သူဆွဲနေသည့်ပန်းချီကိုယူ၍ အစမှပြန်ဆွဲပြမည့်အစား မည်သည့်နေရာ၌ တိုးတက်နိုင်သည်ကို အခြားစာရွက်ပေါ်တွင် ဆွဲပြပါ။ သို့ပြုလျှင် သူစိတ်ရှိလျှင် သူ့ပန်းချီကို သူပြင်မည်။ သူ့လုံ့လကို အားပေးလျှင် သူ့တိုးတက်ရေးကို အားပေးရာရောက်သည်။ သူ့ကို ကြမ်းတမ်းစွာ ဝေဖန်ပြစ်တင်လျှင် စိတ်ဓာတ်ကျအောင် လုပ်ရာရောက်မည်။ သူ မကြိုးစားချင်အောင် ပိတ်ဆို့သည်နှင့်မခြား။ မှန်သည် ဂလာတိ ၆:၄ ပါမူသည် ကလေးများနှင့်လည်း သက်ဆိုင်သည်။ “လူတိုင်း ကိုယ်ပြုသောအမှုကို စစ်ကြောစေ။ သို့ပြုလျှင် သူတစ်ပါး၌ မဆိုဘဲ ကိုယ်၌သာ ဝါကြွားဝမ်းမြောက်စရာအကြောင်း ရှိလိမ့်မည်။” ကလေးသည် အထူးသဖြင့် မိမိပထမတစ်ချီ ကြိုးပမ်းမှုအတွက် အားပေးမှုလိုအပ်ပေသည်။ သူ့အသက်အရွယ်နှင့် ထိုမျှလောက်စွမ်းလျှင် ချီးမွမ်းစကားပြောပေးရန် အားပေးပါ။ ပြောရလျှင် ပထမတစ်ချီ လမ်းထလျှောက်သည်နှင့် တတ်သွားမည်မဟုတ်။
လိင်နှင့်ပတ်သက်ပြီး ဘယ်လိုရှင်းပြရမှာလဲ
၁၆။ ကျမ်းစာဆိုသည့်အချက်ကို ထောက်ခြင်းအားဖြင့် လိင်နှင့်ပတ်သက်သော ကလေး၏မေးခွန်းများကို မည်သို့ဖြေဆိုသင့်သနည်း။
၁၆ သင်သည် သင့်ကလေးမေးလာသောမေးခွန်းများကို ဖြေဆို၏။ စကားပြောရန် သူ့ကိုအားပေး၏။ သို့သော် တစ်နေ့သောအခါ သူက လိင်နှင့်ပတ်သက်ပြီး သင့်အားမေးလာ၏။ ပွင့်လင်းစွာဖြေဆိုသလော။ သို့မဟုတ် ညီလေး၊ ညီမလေးကို ဆေးရုံမှာရခဲ့တယ် စသည်အားဖြင့် လွဲမှားသောအဖြေများကို ပေးသလော။ မှန်ကန်သောအကြောင်းအချက်များကို ပြောပြမည်လော။ သို့မဟုတ် သူတို့ထက်အသက်ကြီးသော အခြားကလေးများထံမှ မှားယွင်းသောအဖြေ ညစ်ညမ်းသည့်သဘောပါသောအဖြေမျိုးကို ရစေချင်သလော။ လိင်နှင့်လည်းကောင်း၊ လိင်အင်္ဂါနှင့်ပတ်သက်၍လည်းကောင်း စပ်ဆိုင်သောအရာ တော်တော်များများကို သမ္မာကျမ်းစာထဲ၌ ပွင့်လင်းစွာ ရေးသားထားသည်။ (ကမ္ဘာဦး ၁၇:၁၁; ၁၈:၁၁; ၃၀:၁၆၊ ၁၇; ဝတ်ပြုရာ ၁၅:၂) နှုတ်ကပါဌ်တော်ဖတ်ကြားရာ အစည်းအဝေးနှင့်ပတ်သက်ပြီး မိမိလူမျိုးတော်အား ညွှန်ကြားတော်မူရာ၌ ဘုရားသခင်က “ယောက်ျား၊ မိန်းမ၊ သူငယ်များ . . . ကြား၍ နားလည် . . . စေခြင်းငှာ ပရိသတ်တို့ကို စုဝေးစေလော့။” ဟု မိန့်တော်မူသည်။ (တရားဟောရာ ၃၁:၁၂) သို့ဖြစ်၍ ကလေးငယ်တို့သည် “ချောင်ကြိုချောင်ကြားစကား” အဖြစ်မဟုတ်ဘဲ လေးနက်တည်ကြည်၍ ခန့်ညားဖွယ်ကောင်းသည့် အခြေအနေမျိုးအောက်တွင် ထိုသို့သောအကြောင်းများကို ကြားနာရပေသည်။
၁၇-၁၉။ လိင်နှင့်ပတ်သက်၍ တစ်စစနှင့် မည်သို့ရှင်းလင်းပြောပြနိုင်သနည်း။
၁၇ လိင်အကြောင်း ရှင်းပြသည့်ကိစ္စကို မိဘများစွာထင်သလောက် ခက်ဖို့မကောင်းပါ။ ကလေးတို့သည် မိမိတို့ခန္ဓာကိုယ်ကို နုနယ်သည့်အရွယ်ကတည်းက သတိပြုမိကြပြီ။ ကိုယ်အင်္ဂါအစိတ်အပိုင်းများကိုလည်း တွေ့ရှိခဲ့ကြပြီ။ လက်၊ ခြေ၊ နှာခေါင်း၊ ဗိုက်၊ တင်ပါး၊ ယောက်ျားအင်္ဂါဇာတ်၊ မိန်းမအင်္ဂါဇာတ် စသည်ဖြင့် ကလေးသိအောင် နာမည်သင်ပေးပါ။ ကလေးသည် ရှက်ရမှန်းမသိပါ။ အင်္ဂါဇာတ်နှင့်ပတ်သက်၍ မေးသောအခါ သင်က “ရှူး၊ ဒါမျိုးမမေးရဘူး” ဟူ၍ ပြောလာလျှင်တော့ သူကလေးလည်း ရှက်လာမည်။ မိဘများ ကြောက်သည်ကား တစ်ချီအမေးခံရလျှင် တစ်ခုမကျန် ရှင်းပြရတော့မည်ဟူ၍ ဖြစ်သည်။ တကယ်ပြောရလျှင် ကလေးသည် အရွယ်တစ်ဆင့်ပြီးတစ်ဆင့် တက်နေသည်ဖြစ်၍ သူ့အရွယ်နှင့်သူ မေးခွန်းများ တစ်စစ မေးလာခြင်းသာဖြစ်သည်။ သူ့အရွယ်ကိုလိုက်၍ အလွန်ရိုးသော၊ ယေဘုယျကျသော ရှင်းလင်းချက်၊ တော်လျော်သည့်အခေါ်အဝေါ်များကို ပေးရန်သာလိုသည်။
၁၈ ဥပမာ၊ တစ်နေ့သ၌ သင်သည် ‘ကလေးတွေ ဘယ်ကလာကြသလဲ’ ဟူ၍အမေးခံရအံ့။ ‘သူတို့ မေမေရဲ့ ဗိုက်ထဲမှာ ကြီးလာကြတာကွဲ့’ စသည်ဖြင့် ဖြေဆိုရုံနှင့် ထိုအချိန်အဖို့တော်လောက်ပေပြီ။ နောက်သော် သင့်ကလေးက ‘ကလေးက ဘယ်လိုလုပ်ပြီး အပြင်ကို ထွက်လာတာလဲ’ ဟုမေးကောင်းမေးမည်။ ‘သူတို့ထွက်လာဖို့ အထူးအပေါက်တစ်ပေါက်ရှိတယ်’ ဟူ၍ ဖြေလိုက်ပါက များသောအားဖြင့် ထိုအခိုက်အတွက် ကျေနပ်လောက်ပေပြီ။
၁၉ ၎င်းနောက် တစ်ချိန်တွင် ‘ကလေးဘယ်လိုစ ဖြစ်လာတာလဲ’ ဟုမေးချင်မေးမည်။ သင် ဤသို့ဖြေနိုင်ဖွယ်ရှိသည်။ ‘အဖေတစ်ယောက်နဲ့ အမေတစ်ယောက်က ကလေးတစ်ယောက်ရချင်ကြတော့ အဖေဆီက မျိုးစေ့တစ်ခုက အမေဗိုက်ထဲမှာရှိတဲ့ ဥတစ်လုံးနဲ့ တွေ့ကြတဲ့အခါ ကလေးတစ်ယောက်ဖြစ်ပြီး ကြီးလာတယ်။ မြေကြီးထဲကမျိုးစေ့ကလေးတစ်ခု၊ ပန်းတစ်ပွင့်၊ ဒါမှမဟုတ် သစ်ပင်ကြီးတစ်ပင် ဖြစ်လာသလိုပဲပေါ့။’ သို့ဖြစ်သောကြောင့် ဆက်ရန်ရှိသော ပုံပြင်များအလား ဖြစ်ပေသည်။ တစ်ပိုင်းတစ်စစီ ကလေးအဖို့ အခိုက်အတန့် ကျေနပ်လောက်သောအဖြေဖြစ်သည်။
၂၀။ မိဘတို့သည် လိင်နှင့်ပတ်သက်၍ ရှင်းလင်းသောသူများဖြစ်ရန် အဘယ်ကြောင့်သင့်သနည်း။
၂၀ ယင်းသို့သော ရိုးသားမှန်ကန်သည့်အဖြေသည် မဟုတ်ဇာတ်လမ်းများထက်လည်းကောင်း၊ “ရှူး၊ ဒါမျိုးမပြောကောင်းဘူး” ဟူသည့်အဖြေမျိုးထက် သာ၍ကောင်းသည်မှာ ဆိုဖွယ်မရှိ။ “ရှူး” ဟုနှုတ်ပတ်လိုက်လျှင် မနှစ်မြို့ဖွယ်သောအကြောင်းဖြစ်သည့်သဘော သက်ရောက်သွားမည်။ (တိတု ၁:၁၅ နှိုင်းယှဉ်။) မိဘများထံမှ မှန်ကန်သည့်အချက်များကို ကြားရခြင်းက ကလေးများအဖို့ သာ၍ကောင်း၏။ မိဘများဆိုလျှင် တစ်ဦးကိုတစ်ဦးချစ်ပြီး၊ ကလေးကိုလည်း ချစ်၍ ကျွေးမွေးစောင့်ရှောက်ရန် တာဝန်ယူထားကြသည့် လက်ထပ်ထားသည့်မောင်နှံများမှသာ ကလေးများပေါက်ဖွားလာသင့်သည် စသောရှင်းလင်းချက်များနှင့်တကွ ဖြေဆိုနိုင်ပေသည်။ သို့ဖြေကြားရှင်းလင်းခြင်းကြောင့် လိင်အကြောင်းသည် ကောင်းမွန်၍ ဝိညာဉ်ရေးအဆင့်တွင် ရောက်နေပေမည်။ ညစ်ညူးသည်ချည်းဟု အထင်ရောက်စေသော အခြေအနေမျိုးမှ ၎င်းအကြောင်းကို သင်ကြားရတော့မည်မဟုတ်။
အရေးကြီးဆုံးဘဝ သင်ခန်းစာများ လက်ဆင့်ကမ်းပို့ချခြင်း
၂၁။ ကလေးများ၌ အဘယ်သဘောရှိသည်ကိုထောက်ခြင်းဖြင့် မိဘတို့သည် မိမိတို့သားသမီးများရှေ့ ကောင်းသောပုံသက်သေပြရန် အရေးကြီးသနည်း။
၂၁ မိမိလက်ထက်ရှိ လူတို့ကို ယေရှုက သူငယ်နှင့်နှိုင်းယှဉ်ခဲ့သည်။ “သူငယ်တို့သည် မိမိသူငယ်ချင်းတို့အား အသံကိုလွှင့်၍ ‘ငါတို့သည် သာယာစွာ တီးမှုတ်သော်လည်း သင်တို့သည် မကကြ။ ညည်းတွားစွာမြည်တမ်းသော်လည်း မငိုကြွေးကြ’ ဟုပြောဆို” ကြ၏။ (မဿဲ ၁၁:၁၆၊ ၁၇) ကလေးတို့၏ကစားစရာမှာ လူကြီးတို့ကို တု၏။ လူကြီးသူမတို့၏ ပျော်ပွဲ၊ မသာပွဲများကိုတု၏။ ကလေးတို့သည် တုပတတ်သည့် ပင်ကိုယ်သဘာဝရှိသည်ဖြစ်ရကား မိဘများ၏ ပုံသက်သေသည် ကလေးများ လေ့ကျင့်ခြင်း၌ များစွာအရေးပါလှပေသည်။
၂၂။ မိဘတို့ကျင့်ကြံပုံသည် သားသမီးများအပေါ် အဘယ်အကျိုးသက်ရောက်စေနိုင်သနည်း။
၂၂ သင့်ကလေးသည် မွေးသည့်အချိန်မှစ၍ သင့်ထံမှ အတုယူလျက်နေသည်—သူနှင့်လည်းကောင်း၊ သင့်ခင်ပွန်းနှင့်လည်းကောင်း၊ အခြားသူများနှင့်လည်းကောင်း အသင်အဘယ်အကြောင်းများ ပြောဆိုသည်ကို အတုယူရုံမက မည်သို့မည်ပုံပြောသည်ကိုပါ သူအတုမြင်အတတ်သင်၏။ မိဘများ တစ်ယောက်တစ်ပေါက် မည်သို့ဆက်ဆံသည်၊ အခြားအိမ်ထောင်သားများ၊ ဧည့်သည်များနှင့်မည်သို့ဆက်ဆံသည်ကို သူငယ်သည် မျက်စိရှင်ရှင်နှင့်ကြည့်နေ၏။ ယင်းကိစ္စများနှင့်ပတ်သက်သော သင့်ပုံသက်သေသည် အရေးကြီးသောသင်ခန်းစာများကို သင့်ကလေးအား ပို့ချစပြု၏။ လမ်းလျှောက်၊ တစ် နှစ် သုံး လေး ရေ၊ ကကြီးခခွေး ရွတ်ခြင်းထက် အဆများစွာ သာ၍ အရေးပါသော သင်ခန်းစာများဖြစ်သည်။ အနေအထိုင်၌ စစ်မှန်သောပျော်ရွှင်မှုကိုဖြစ်ပွားစေမည့်အသိပညာနှင့် တတ်ကျွမ်းနားလည်မှု အုတ်မြစ်ကို ချပေးနိုင်သည်။ ကလေးသည် စာဖြင့်လည်းကောင်း၊ စကားဖြင့်လည်းကောင်း သင်အံနိုင်သည့်အရွယ်သို့ရောက်သောအခါ ဖြောင့်မတ်သည့်စံချိန်များ ပို့ချစဉ် ခံယူနိုင်အောင် ၎င်းပုံသက်သေက ထောက်ကူပါလိမ့်မည်။
၂၃၊ ၂၄။ မိမိတို့သားသမီးများ မိမိတို့လိုလားသည့်စံချိန်များကို အမီလိုက်စေလိုလျှင် မိဘများကိုယ်တိုင် မည်သို့ပြုရမည်နည်း။
၂၃ “ချစ်တော်မူသောသားသမီးများအဖြစ် ဘုရားသခင်ပုံစံတော်ကိုလိုက်လျက် သင်တို့ . . . မေတ္တာတရား၌ ကျင့်ကြံကြလော့” ဟုခရစ်ယာန်များအား တမန်တော် တိုက်တွန်းလိုက်သည်။ ၎င်းမတိုင်ခင် ဘုရားသခင်ပုံစံတော် တုပသည်ဆိုရာ၌ အဘယ်အချက်များ အကြုံးဝင်ကြောင်း ဤသို့ရှင်းလင်းတင်ပြခဲ့သည်။ “နစ်နာစေခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ ကျိန်ဆဲခြင်း၊ ကုန်းချောခြင်းအမျိုးမျိုးနှင့် ခပ်သိမ်းသောရန်ငြိုးဖွဲ့ခြင်းကို စွန့်ပယ်ကြလော့။ တစ်ဦးကိုတစ်ဦး ထောက်ထားညှာတာလျက် သင်တို့ကို ခရစ်တော်၌ ဘုရားသခင်ချမ်းသာပေးတော်မူသည့်နည်းတူ အချင်းချင်းတို့အား ချမ်းသာပေးကြလော့။ ထို့ကြောင့် ချစ်တော်မူသောသားသမီးများအဖြစ် ဘုရားသခင်ပုံစံတော်ကို လိုက် . . . ကျင့်ကြံကြလော့။” (ဧဖက် ၄:၃၁၊ ၃၂; ၅:၁၊ ၂၊ သမ) ကျယ်လောင်စူးရှသောအပြောအဆို၊ နားပူအောင် ညည်းညူသည့်အသံ၊ မောက်မာသည့်သဘောနှင့် ဒေါသပေါက်ကွဲခြင်းတို့သည် ခံပြင်းစရာကိုဖြစ်သည်အတိုင်း၊ လူမမယ်ကို သွန်သင်ပို့ချသောအခါ စိတ်မာန်ဆိုးချင်စရာကောင်းသည့် အပြောအဆိုနှင့် အပြုအမူဖြင့်ပြုလျှင် ဖျက်မရသည့် အမဲကွက်သဖွယ် ထင်ကျန်ရစ်လိမ့်မည်။ သင်သည် အားလုံးအပေါ် ကြင်နာမှုနှင့် ထောက်စာမှုရှိလျှင်လည်းကောင်း၊ သင့်စာရိတ္တစံချိန်များသည် မြင့်မားပြီး မူများလည်း ကောင်းလျှင် သင့်ကလေးသည် သင့်ကို ဤနေရာတွင် တုပလိမ့်မည်။ သင့်ကလေးအား ပြုမူစေချင်သည့်ပုံစံအတိုင်း သင်ကိုယ်တိုင် ပြုမူပါ။ သင့်ကလေးအား ဖြစ်စေလိုသည့်အတိုင်း အသင်လည်း ဖြစ်ပါ။
၂၄ မိဘများသည် အပြောတစ်မျိုး၊ အလုပ်တစ်မျိုး၊ ကလေးအတွက် တစ်ဘာသာ၊ မိမိတို့အတွက် တစ်နည်း၊ မူနှစ်မျိုးမထားအပ်။ အသင်ကိုယ်တိုင် လိမ်လည်လျှင် သင့်ကလေးအား မလိမ်နှင့်ဟုပြောလျှင် အကျိုးထူးမည်လော။ သူတို့အပေါ် သင်၏ကတိများမတည်လျှင် သင့်အပေါ်သူတို့ကတိများ တည်ရန်မျှော်လင့်နိုင်မည်လော။ မိဘများ အချင်းချင်း လေးစားမှုမရှိလျှင် ရိုသေလေးစားတတ်သည့်သဘော ကလေးများ၌ရှိဖို့ မည်သို့မျှော်လင့်နိုင်မည်နည်း။ ကလေးသည် မိခင် သို့မဟုတ် ဖခင်၏နှိမ့်ချသည့်သဘောကို ဘယ်တော့မျှ မတွေ့ရလျှင် မိမိ၌နှိမ့်ချခြင်းဟူသောစံချိန် မည်သို့ရှိနိုင်မည်နည်း။ မိဘတစ်ဦးဦးက အမြဲမှန်သည်ဟူသည့်သဘောကိုပြလျှင် အန္တရာယ်ရှိ၏။ ၎င်းမှာ မိဘလုပ်လေသမျှ အမှန်ချည်း—မစုံမလင်သည့်သဘော အပြစ်ပါသောသဘောဖြစ်သဖြင့် မှားယွင်းလျက်နှင့်ပင် အမှန်ဟု ကလေးက ယူမှတ်သွားခြင်းဖြစ်သည်။ ကိုယ်ပြောပြီး ကိုယ်မလုပ်လျှင် အရေခြုံဖာရိရှဲတို့နှင့်ခြားမည်မဟုတ်။ သူတို့နှင့်ပတ်သက်၍ ယေရှု ဤသို့မိန့်တော်မူ၏။ “သူတို့စီရင်ထုံးဖွဲ့သမျှကို စောင့်ရှောက်၍ပြုကြလော့။ သူတို့၏အကျင့်အတိုင်း မကျင့်ကြနှင့်။ အကြောင်းမူကား၊ သူတို့သည် စီရင်ထုံးဖွဲ့သော်လည်း ကိုယ်တိုင်မကျင့်ကြ။”—မဿဲ ၂၃:၃။
၂၅။ ကလေးများကို မေတ္တာအကြောင်း မည်သို့သင်ပေးအပ်သနည်း။
၂၅ ကလေးတို့သည် မေတ္တာကိုမြင်၍ မေတ္တာအကြောင်း သိလာကြသည်။ မေတ္တာမိုး သွန်းဖြိုးခံရသဖြင့် သူတစ်ပါးအပေါ် မေတ္တာထားရမှန်း သိတတ်လာကြသည်။ မေတ္တာကိုဝယ်ယူ၍မရ။ မိဘတို့သည် မိမိတို့သားသမီးများအား လက်ဆောင်များ ပုံ၍ပင်ပေးနိုင်ပေမည်။ သို့သော် မေတ္တာသည် အခြေခံအားဖြင့် ဝိညာဏရေးရာတစ်ခုဖြစ်သည်။ နှလုံးသားရေးရာ ဖြစ်သည်။ အိတ်ဆောင်စာအုပ်ထဲမှအရာ မဟုတ်။ လက်ဆောင်တစ်ခုတည်းနှင့် စစ်မှန်သောမေတ္တာကို အစားမထိုးနိုင်။ မေတ္တာကိုဝယ်ဖို့ ကြိုးစားလျှင် အပေါစားဖြစ်သွားမည်။ ပစ္စည်းလက်ဆောင်များအစား သင့်ကိုယ်ကိုလည်းကောင်း၊ သင့်အချိန်၊ သင့်ခွန်အား၊ သင့်မေတ္တာကိုလည်းကောင်း ပေးပါ။ အလားတူပမာဏ ပြန်ရမည်။ (လုကာ ၆:၃၈) ဘုရားသခင်ကိုချစ်သော ကျွန်ုပ်တို့၏မေတ္တာနှင့်ပတ်သက်၍ ၁ ယောဟန် ၄:၁၉ ဆိုသကဲ့သို့: “ဘုရားသခင်သည် ငါတို့ကိုရှေးဦးစွာချစ်တော်မူသောကြောင့် ငါတို့သည် ဘုရားသခင်ကို ချစ်ကြ၏။”
၂၆၊ ၂၇။ ပေးကမ်းခြင်းမှ ပေါက်ဖွားလာသောဝမ်းမြောက်မှုအကြောင်း ကလေးများအား မည်သို့သင်ပေးနိုင်သနည်း။
၂၆ ကလေးတို့သည် ရယူခြင်းအားဖြင့် စွန့်ကြဲတတ်သည့်သဘောကို သင်ယူနိုင်ကြသည်။ ပေးကမ်းခြင်း၊ သူတစ်ပါးအကျိုးသယ်ပိုးခြင်း၊ ဝေမျှခြင်းကို တတ်ကျွမ်းလာနိုင်သည်။ ပေးဝေခြင်း—သင့်အားဖြစ်စေ၊ အခြားကလေးများ၊ လူကြီးများဖြစ်စေ ပေးကမ်းပါက ပျော်ရွှင်မှုခံစားရကြောင်း သိမြင်စေပါ။ များသောအားဖြင့် လူကြီးတို့သည် ကလေးတို့ထံမှ မရယူလို။ မိမိတို့အား ပေးမည့်အစား ကလေးများကိုယ်တိုင် ရယူပိုင်ဆိုင်စေလျှင် သူတို့အပေါ် မေတ္တာရှိရာရောက်မည်ဟု မှားယွင်းစွာ ထင်တတ်ကြသည်။ လူတစ်ယောက်ကဆိုသည်:
“ကလေးတစ်ယောက် ကျွန်တော့်ကို သူ့ရဲ့သကြားလုံးတချို့ပေးတဲ့အခါ ကျွန်တော်မယူဘဲနေခဲ့ဖူးပါတယ်။ သူ ဒီလောက်တောင်ကြိုက်တဲ့ဟာကို ကျွန်တော်မယူတော့ကာ သူ့အပေါ်မှာ ကျွန်တော် ကြင်နာတရားထားရာရောက်တယ်ဆိုတဲ့ အထင်မျိုးနဲ့ပေါ့။ ဒါပေမဲ့ ကလေးဆီက ဘာမှမယူဘဲ သူ့ချည်းစားခိုင်းတဲ့အခါ ကျွန်တော်ထင်သလို သူ့မှာ ဝမ်းသာတဲ့မျက်နှာမျိုးကို ကျွန်တော်မတွေ့ရဘူးဗျ။ အေး၊ အဲ့ဒီတော့မှ ဪ၊ ကျွန်တော်ဟာ သူ့ရဲ့စေတနာကို တန်ဖိုးမထားမိပါလား၊ သူ့ရဲ့လက်ဆောင်ကလေးကို ငါငြင်းခဲ့မိပါလားဆိုတဲ့ အသိစိတ်ဝင်လာပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ခုလိုပေးလာတဲ့အခါတိုင်း ယူလိုက်တယ်။ ပေးကမ်းခြင်းရဲ့ပီတိကို သူကလေးခံစားသိမြင်နိုင်ပါစေရယ်လို့ပေါ့။”
၂၇ အိမ်ထောင်တစ်ခု၌ မိဘတို့က မိမိတို့သားငယ်လေး ၁ တိမောသေ ၆:၁၈ ဖော်ပြသည့်အတိုင်း ‘ရက်ရော၍ ဝေမျှရန် အသင့်ရှိ’ သူတစ်ဦးဖြစ်လာစေလိုသဖြင့် ကျမ်းစာလေ့လာသည့်စည်းဝေးတစ်ခုသို့ တက်ရောက်သည့်အခါ မိမိတို့ထည့်လှူမည့်ငွေကို ဆောင်သွားပြီး သားငယ်ကိုပေး၍ သားငယ်အား ၎င်းကို အလှူငွေသေတ္တာထဲသို့ ထည့်သွင်းစေပါသည်။ သို့ပြုသောကြောင့် သားငယ်သည် ဝိညာဉ်ရေးရာများအတွက် ထောက်ပံ့အပ်ကြောင်း၊ ယင်းကိစ္စအတွက် လိုအပ်သမျှပစ္စည်းဥစ္စာများ လှူဒါန်းအပ်ကြောင်း နှလုံးသွင်းမိခဲ့သည်။
၂၈၊ ၂၉။ အမှားအတွက် တောင်းပန်ရန် အရေးကြီးကြောင်း ကလေးများအား မည်သို့သင်ကြားပေးနိုင်သနည်း။
၂၈ ကောင်းသောပုံသက်သေနှင့်တကွ မှန်ကန်သောညွှန်ကြားချက်ရှိလျှင် ချစ်တတ်၊ ရက်ရောတတ်ရန် ကလေးများအား သင်ကြားပေး၍ရသကဲ့သို့ လျော်ကန်သည့်အခါ တောင်းပန်စကားပြောတတ်အောင် သင်ပေးနိုင်သည်။ မိဘတစ်ဦးက “ကျွန်တော့်ကလေးအပေါ် ကျွန်တော်အမှားလုပ်မိပြီဆိုယင် သူတို့ရှေ့မှာ ကျွန်တော်ဝန်ခံတယ်။ ကျွန်တော် ဘာကြောင့်မှားခဲ့ရတဲ့အကြောင်း၊ ကျွန်တော်တကယ်ပဲမှားခဲ့တဲ့အကြောင်း တိုတိုကလေး သူတို့ကိုပြောပြတယ်။ ဒီတော့ကာ ကျွန်တော်လည်း မစုံလင်တဲ့လူတစ်ယောက်ဆိုတော့ နားလည်မှာပဲဆိုပြီး သူတို့ရဲ့အမှားတွေကို ကျွန်တော်.ဆီမှာလာပြီး ဝန်ခံဖို့ သူတို့အတွက် လွယ်သွားတာပေါ့ဗျာ” ဟုပြောပြသည်။ သူစိမ်းဧည့်သည်တစ်ယောက် အိမ်သို့လာလည်၍ ဖခင်ဖြစ်သူက အိမ်သားတစ်ဦးချင်းနှင့် မိတ်ဆက်ပေးခဲ့သည့်အဖြစ်အပျက်က ယင်းကြည့်မှတ်ပုံကို ရှင်းလင်းပြသည်။ ဧည့်သည်က ဆိုသည်:
“ရောက်ရှိနေတဲ့လူအားလုံးနဲ့ မိတ်ဆက်ပေးပါတယ်။ အဲ့ဒီအခါ အပြုံးကလေးနဲ့ သူငယ်ကလေးတစ်ယောက် အခန်းထဲက ထွက်လာတယ်။ အဖေလုပ်သူက ‘ဒါကတော့ ကျုပ်တို့ သားထွေးကလေးပေါ့။ အင်္ကျီမှာ ယိုကပ်လို့’ ဆိုပြီးပြောလိုက်တယ်။ အဲဒီအခါ သူငယ်လေး မျက်နှာပေါ်က ပြုံးရိပ်ပျောက်ပြီး ရွာတော့မဲ့မိုးလို ငိုမဲ့ငိုမဲ့ ဖြစ်လာရှာတယ်။ ရှက်လို့ ငိုတော့မှာပဲဆိုတာ အဖေလုပ်တဲ့သူမြင်တော့ သူငယ်လေးကို ချက်ချင်းလှမ်းဆွဲလိုက်ပြီး ‘ဖေဖေ ဒီလိုပြောဖို့မကောင်းပါဘူး။ ဖေဖေ မှားပါတယ်။ ဆောရီးပဲကွယ်’ ဆိုပြီး ပြောပါတယ်။ သူငယ်လေးက တခဏလောက်ရှိုက်တယ်။ ပြီးတော့ အခန်းထဲကို ဝင်သွားတယ်။ ပြီးနောက် မကြာပါဘူး။ ပထမတစ်ခေါက်ထက်ပိုပြီး ပွင့်လန်းတဲ့အပြုံးနဲ့ ပြန်ထွက်လာတယ်။ သန့်ရှင်းသပ်ရပ်တဲ့အင်္ကျီလေးနဲ့ပေါ့ဗျာ။”
၂၉ ယင်းသို့သောစိတ်နှိမ့်ချမှုသည် ကြင်နာမြတ်နိုးမှုနှောင်ကြိုးကို ပို၍ ခိုင်ခံ့စေမည်မှာ အထူးပြောစရာမရှိ။ ဘဝပြဿနာ အကြီးအငယ်များပေါ် မျှတသည့်အမြင်ရှိရန် မည်သို့ပြုရမည်ကို နောက်ပိုင်းတွင် ကလေးအား ရှင်းပြနိုင်ပေသည်။ အသေးအဖွဲကိစ္စများကို ကြီးကြီးကျယ်ကျယ် မယူမှတ်ရန်၊ မိမိကိုယ်ကို ရယ်တတ်ရန်၊ မိမိအား အခြားသူများက ခြောက်ပြစ်ကင်းရမည်ဟု မျှော်လင့်တောင်းဆိုလျှင် မကြိုက်သကဲ့သို့ မိမိလည်း အခြားသူများ ခြောက်ပြစ်ကင်းရမည်ကို မတောင်းဆိုရန် ကလေးများကို သင်ကြားပေးနိုင်သည်။
တကယ်အသုံးဝင်သောစံချိန်များ သတ်မှတ်ပေး
၃၀-၃၂။ ဘဝတွင် တကယ်တန်ဖိုးရှိသောစံချိန်များကို သိမြင်လာအောင် သားသမီးများအား အလွန်ငယ်ရွယ်သည့်အချိန်မှစ၍ပို့ချရန် အဘယ်ကြောင့်အလွန်အရေးကြီးသနည်း။
၃၀ ယနေ့ မိဘတော်တော်များများဘဝတွင် တကယ်တန်ဖိုးရှိသည့်အရာများနှင့်ပတ်သက်၍ ရှင်းလင်းစွာမသိ၊ ရှုပ်ထွေးနေသည်။ သို့နှင့် သားသမီးများသည် တကယ်တန်ဖိုးရှိသောအရာများနှင့်သက်ဆိုင်သောစံချိန်ကို မသိလိုက်ရဘဲ ဖြစ်နေကြသည်။ အချို့မိဘများဆိုလျှင် မိမိတို့ကလေးများ၏စိတ်နေသဘောထားကို ပုံသွင်းပိုင်ခွင့် မိမိတို့၌မရှိဟူ၍ပင် ယူမှတ်ကြ၏။ မိဘက ပုံမသွင်းလျှင် အခြားကလေးများ၊ အိမ်နီးချင်းများ၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားများက ပုံသွင်းပါလိမ့်မည်။ လူမျိုးဆက်ကွာဟမှု၊ လူငယ်များ ပုန်ကန်မှု၊ မူးယစ်ဆေးဝါး၊ စာရိတ္တသစ်နှင့် လိင်တော်လှန်ရေးတို့သည်—မိဘများကို ခြိမ်းခြောက်ဟိန်းဟောက်လျက်နေ၏။ သို့သော် အမှန်တရားတစ်ခုမှာ ၎င်းပြဿနာများ ကလေး၏ဘဝတွင် မပေါ်ပေါက်မီကတည်းက ကလေး၏ဥပဓိရုပ်သည် ရုပ်လုံးပေါ်ပြီးသလောက် ဖြစ်နေပြီဟူသောအချက်ပင်ဖြစ်သည်။
၃၁ သိပ္ပံစာစောင်တစ်ခုတွင် ရေးသားဖော်ပြထားသောသုတေသနပြုချက်က “ကျောင်းနေအရွယ်မတိုင်ခင်ကတည်းက လူတစ်ယောက်၏ဥပဓိရုပ်လုံး အဓိကအပိုင်း ပေါ်နှင့်ပြီး ဖြစ်သည်။ . . . သို့ရာတွင် စိတ်သဘော၊ အတွေ့အကြုံနှင့်ပတ်သက်၍ ကလေးဘဝတွင် ရင်ဆိုင်ထိတွေ့ခဲ့သည့်အရာတို့သည် ထာဝစဉ်တည်တံ့သည့်အပြင် တစ်ခါတစ်ရံ ပြောင်းလဲ၍မရနိုင်သည့် စရိုက်နမူနာများ ဖြစ်လာကြောင်း ကျွန်ုပ်တို့တွေ့ရှိရပါသည်” ဟုတင်ပြထားသည်။
၃၂ မှားယွင်းသောစံနမူနာများကို ပြောင်းလဲနိုင်သည်။ သို့သော် အဖိုးတန်အချိန် အလဟဿ ကုန်လွန်သွားပါမည်။ သို့ဖြစ်နိုင်ကြောင်း အခြားသုတေသီတစ်ဦးကဆိုသည်: “ကလေးသည် ပထမခုနစ်နှစ်အတွင်း ပုံသွင်း၍ ကောင်းဆဲဖြစ်သည်။ သို့တစေ ကြာကြာဆိုင်းလေ သူ့အသိုင်းဝိုင်းကို ပို၍ ကြီးကျယ်စွာပြုပြင်ရလေဖြစ်သည်။ တစ်နှစ်ကုန်လျှင် ကုန်သလို ပြုပြင်ပြောင်းလဲနိုင်သည့်အလားအလာလည်း လျော့နည်းလာသည်။”
၃၃။ ကလေးများအား သင်ကြားပေးအပ်သော အရေးအကြီးဆုံးအတွေးအမြင်များကား အဘယ်နည်း။
၃၃ ကလေးငယ်တို့သည် အခြေခံအတွေးအမြင်များစွာ နားလည်ဖို့လို၏။ သို့သော် အမှားအမှန်၊ လုပ်သင့်မလုပ်သင့် ဟူသည့် အတွေးအမြင်များသည် အရေးကြီးဆုံးဖြစ်သည်။ တမန်တော်ပေါလု ဧဖက်မြို့ရှိ ခရစ်ယာန်များထံ စာရေးစဉ် တိကျမှန်ကန်သောအသိပညာဆည်းပူးရန် ဆော်သြလိုက်သည်။ “ငါတို့ရှိသမျှသည် ယုံကြည်ခြင်းသို့လည်းကောင်း၊ ဘုရားသခင်၏ သားတော်ကို သိကျွမ်းခြင်းသို့လည်းကောင်း တညီတညွတ်တည်းရောက်၍ ခရစ်တော်၏ ပြည့်စုံခြင်းပမာဏအရပ်တည်းဟူသော ကြီးရင့်သောလူ၏အဖြစ်သို့ ရောက်ကြ [စို့။ ကဘ] အကြောင်းမူကား သူတစ်ပါးတို့သည် လူပရိယာယ်နှင့် အပြစ်သို့ သွေးဆောင်ခြင်းငှာ လှည့်ဖြားပြောဆိုသဖြင့် ငါတို့သည် နောက်တစ်ဖန် ခပ်သိမ်းသောသြဝါဒလေတိုက်၍ ဖရိုဖရဲ လွင့်သွားသောသူငယ်မဖြစ်ဘဲလျက် မေတ္တာစိတ်နှင့် သမ္မာတရားကို ဟောပြောသဖြင့် ဦးခေါင်းတည်းဟူသောခရစ်တော်မှာအရာရာတို့၌ ကြီးပွားကြမည်အကြောင်းတည်း။” (ဧဖက် ၄:၁၃-၁၅) အမှန်နှင့်ရိုးသားမှုကိုချစ်သောစိတ်၊ တော်သင့်ကောင်းမြတ်ရာကို မြတ်နိုးသည့်သဘော ကလေးတို့၌ ပျိုးထောင်ရန် နှေးကွေးနေလျှင် ကလေးတို့သည် အမှားနှင့်မကောင်းမှုကို မခုခံနိုင်ဘဲ ရှိရချေအံ့။ မူကြိုနှစ်များသည် မိဘများ အမှတ်တမဲ့နေစဉ် ကွယ်ပျောက်သွားတတ်၏။ အလွတ်မခံပါနှင့်။ နည်းလှသော ထိုအချိန်ပိုင်း၊ အလွန်အရေးပါ၍ ပုံသွင်းခိုက်ဖြစ်သော ယင်းပထမနှစ်များကိုသုံး၍ တကယ်တန်ဖိုးရှိသည့်အရာများကို စံချိန်သတ်မှတ်ပေးပါ။ နောက်ပိုင်းတွင် နှလုံးနာစရာ လိုချင်မှ လိုတော့မည်။—သု. ၂၉:၁၅၊ ၁၇။
၃၄။ တည်မြဲသောစံချိန်များသည် အဘယ်ကြောင့်အရေးကြီးသနည်း။ ထိုသို့သောစံချိန်များကို အဘယ်နေရာမှရယူလျှင် အကောင်းဆုံးဖြစ်သနည်း။
၃၄ “ဤလောက၏မြင်ကွင်းသည် အစဉ်ပြောင်းလဲလျက်ရှိ၏” ဟုမှုတ်သွင်းခံတမန်တော် ရေးသားခဲ့သည်။ ရုပ်ပစ္စည်း၊ စိတ်လှုပ်ရှားမှုနှင့် အကျင့်သီလဆိုင်ရာစံချိန်များသည် ထိုသို့ပင် တကယ်ပြောင်းလဲနေပါသည်။ (၁ ကောရိန္သု ၇:၃၁) လောက၌ တည်တံ့မှု မရှိသလောက်ဖြစ်၏။ မိဘများအနေနှင့် မိမိတို့သည် လူဖြစ်သည့်အတိုင်း မိမိတို့လည်း ဤနေရာ၌ လိုနိုင်သည်ဟူ၍ သိမှတ်ဝန်ခံရမည်။ မိဘတို့သည် နှလုံးဆန္ဒရှိသည့်အတိုင်း သားသမီးများအား ဆင်စီး၍မြင်းရံ ဖြစ်စေလိုလျှင်လည်းကောင်း၊ အနာဂတ်ပျော်ရွှင်မှု တကယ်ခံစားစေလိုလျှင်လည်းကောင်း၊ ဧကန်တည်မြဲသော စံချိန်တစ်စုံကို သားသမီးများအား ပြဌာန်းပေးမည်ဖြစ်သည်။ မည်သည့်မေးခွန်း ပေါ်ထွက်လာစေကာမူ၊ မည်သည့်ပြဿနာနှင့် ရင်ဆိုင်ရစေကာမူ အကျိုးအပေးဆုံး၊ အပြတ်သားဆုံးဖြစ်သော ဖြေရှင်းချက်များကို ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာ၌ တွေ့ရှိနိုင်သည်ဟူသောအသိစိတ်မျိုး ကလေးများအား စွဲမှတ်သွားအောင် ပြုခြင်းအားဖြင့် ပြဌာန်းပေးနိုင်ပေသည်။ အခြေအနေကြောင့် ဘဝသည် အလွန်ရှုပ်ထွေး၍ မှောင်အတိဖုံးနေသည်ဟုထင်ရစေကာမူ ၎င်းနှုတ်ကပါဌ်တော်သည် ‘သူတို့ရှေ့၌ မီးခွက်သဖွယ် သူတို့လမ်းခရီးအတွက် အလင်းသဖွယ်’ ဆက်၍ထွန်းလင်းလျက်သာနေမည်ဖြစ်သည်။—ဆာလံ ၁၁၉:၁၀၅။
၃၅။ သားသမီးများလေ့ကျင့်ခြင်းသည် မည်မျှအရေးပါသနည်း။
၃၅ မှန်လှပေသည်။ ဤအချိန်ကား သင့်ကလေးတို့ဘဝတစ်လျှောက်လုံး ထောက်မသွားမည့် အဖိုးတန်စံချိန်တစ်စုံ၊ ကလေးတို့အထဲ ပျိုးထောင်ရန် အစပြုနိုင်သော အခွင့်ထူး အခွင့်မြတ် အချိန်သမယဖြစ်ပေသည်။ သင့်ကလေးများကို လေ့ကျင့်သွန်သင်ခြင်းအလုပ်ထက် ကြီးကျယ်သောအလုပ်၊ အရေးကြီးသောအလုပ်မရှိပါ။ စတင်လေ့ကျင့်ရမည့်အချိန်ကား သူတို့မွေးမွေးချင်း၊ သူတို့ နို့စို့သူငယ်ဘဝတွင်ပင်တည်း!
[စာမျက်နှာ ၁၁၇ ပါ ရုပ်ပုံ]
သင်ယူလေ့လာခြင်းကို ပျော်စရာဖြစ်အောင်လုပ်ပါ