ခရစ်ယာန်မိသားစုသည် အတူတကွလုပ်ဆောင်
“ညီအစ်ကိုတို့၊ သင်တို့ရှိသမျှသည် . . . အချင်းချင်းမကွဲပြားဘဲ စိတ်သဘောတစ်သံ တစ်သမတ်တည်းရှိ . . . ကြမည်အကြောင်း၊ . . . ငါနှိုးဆော်တောင်းပန်ပါ၏။”—၁ ကောရိန္သု ၁:၁၀။
၁ စည်းလုံးမှုနှင့်ပတ်သက်၍ မိသားစုအများအပြား၏အခြေအနေကား အဘယ်နည်း။
သင့်မိသားစုသည် စည်းလုံးသောအိမ်ထောင်လော။ သို့မဟုတ် အားလုံး ကိုယ့်လမ်းကိုယ် လိုက်နေကြပါသလော။ အတူတကွ စုပေါင်းဆောင်ရွက်ခြင်း ရှိပါသလော။ သို့မဟုတ် သင်တို့အားလုံးသည် တစ်နေရာတည်းတွင် တစ်ကြိမ်တည်း ရောက်ခဲသလော။ “မိသားစု” ဟူသောစကားလုံးကပင်လျှင် စည်းလုံးသောအိမ်ထောင်စုကို ရည်ညွှန်းပါသည်။aသို့ဖြစ်စေကာမူ အများအားဖြင့် ယင်းသို့မဖြစ်ကြပါ။ ဗြိတိသျှကထိကတစ်ဦးက ဤအထိပြောဆိုခဲ့ဖူးသည်: “လူ့အဖွဲ့အစည်း၏ အခြေခံကောင်းဖြစ်မည့်အစား မိသားစုသည် . . . မကျေနပ်မှုအပေါင်း၏ မူလအစဖြစ်ချေပြီ။” သင့်မိသားစုလည်း ထိုသို့ပင်ဖြစ်နေပါသလော။ ဖြစ်နေပါမူ ထိုသို့ဖြစ်သင့်ပါသလော။
၂။ ကျမ်းစာမှ မည်သူတို့သည် မိကောင်းဖကောင်းအိမ်ထောင်မှဖြစ်ကြောင်း သာဓကရှိသနည်း။
၂ မိဘနှစ်ပါး၊ သို့မဟုတ် ကြင်ဖော်မဲ့မိဘထံမှဖြစ်စေ ယင်း၏ဦးစီးမှုအပေါ်မူတည်ပြီး မိသားစု စည်းလုံးခြင်း၊ သို့မဟုတ် စိတ်ဝမ်းကွဲပြားခြင်း ဖြစ်ပေါ်ပါသည်။ ကျမ်းစာခေတ်တွင် အတူတကွ ကိုးကွယ်ဝတ်ပြုခဲ့ကြသော စည်းလုံးမှုရှိ မိသားစုများသည် ယေဟောဝါ၏ကောင်းချီးများကို ခံစားခဲ့ကြရသည်။ ရှေးဣသရေလလူမျိုးခေတ်က ထိုသို့ဖြစ်ပျက်ခဲ့သည်။ ထိုစဉ်က ယေဖသ၏သမီး၊ ရှံဆုန်နှင့်ရှမွေလတို့သည် ခြားနားသောနည်းများဖြင့် ဘုရားတရားရှိမိသားစုမှ လာသူများဖြစ်ကြောင်း သက်သေထူပြပါသည်။ (တရားသူကြီး ၁၁:၃၀-၄၀; ၁၃:၂-၂၅; ၁ ဓမ္မရာဇဝင် ၁:၂၁-၂၃; ၂:၁၈-၂၁) အစောပိုင်းခရစ်ယာန်ခေတ်က ပေါလု၏ သာသနာပြုခရီးစဉ်များတွင် ပေါလုနှင့်အတူ လိုက်ပါခဲ့သော သစ္စာရှိတိမောသေသည် အဖွားလောဣနှင့် အမိဥနိတ်တို့၏လေ့ကျင့်မှုကြောင့် ဟေဗြဲကျမ်းစာစောင်ကို တတ်မြောက်သူဖြစ်လာပါသည်။ သူသည် အလွန်ထူးခြားထင်ရှားသော တပည့်တော်နှင့် သာသနာပြုသူတစ်ဦး ဖြစ်လာပါသည်တကား!—တမန်တော် ၁၆:၁, ၂; ၂ တိမောသေ ၁:၅; ၃:၁၄, ၁၅; တမန်တော် ၂၁:၈, ၉ ကိုလည်းရှု။
အဘယ်ကြောင့် အတူတကွလုပ်ဆောင်သင့်
၃၊ ၄။ (က) စည်းလုံးသောအိမ်ထောင်တွင် အဘယ်အရည်အချင်းများ ရှိသင့်သနည်း။ (ခ) မိမိနေအိမ်သည် အဘယ်နည်းဖြင့် အိမ်တစ်လုံးမျှသာ မဟုတ်တော့ဘဲနေမည်နည်း။
၃ မိသားစုများ အတူတကွလုပ်ဆောင်ကြသည့်အတွက် အဘယ်အကျိုးရှိသနည်း။ အကြောင်းမူကား၊ အချင်းချင်း တစ်ဦးကိုတစ်ဦး နားလည်သဘောပေါက်ကာ တန်ဖိုးထားလေးစားမှု တိုးပွားစေပါသည်။ တစ်ဦးထံမှတစ်ဦး ခွဲခွာနေမည့်အစား ရင်းနှီးစွာဖြင့် ကူညီထောက်ပံ့ပေးကြပါသည်။ များမကြာမီက Family Relations ဂျာနယ်ပါ ဆောင်းပါးတစ်ခုဖော်ပြသည်: “‘ခိုင်ခံ့မြဲမြံသည့်နှောင်ကြိုးရှိ မိသားစုများ’ ၏အရည်အချင်းအချို့ကို အတော်အသင့်ရှင်းလင်းပြတ်သားစွာ ဖော်ပြနိုင်ပါပြီ။ ထိုအရည်အချင်းများတွင် တစ်ဦးပေါ်တစ်ဦး တာဝန်သိတတ်၍ တန်ဖိုးထားလေးမြတ်ခြင်း၊ ပေါင်းစည်းမှုရှိခြင်း၊ ဆက်သွယ်မှုကောင်းခြင်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းနှင့် ဝိညာဉ်ရေးစိတ်ထား ပြည့်ဝခြင်းတို့ ပါဝင်သည်။”
၄ ဤအရည်အချင်းများကို အိမ်ထောင်တစ်ခုတွင် တွေ့ရှိရပါက မိမိအိမ်သည် ဓာတ်ဆီဖြည့်ရုံဖြည့်ရန်နေရာဖြစ်သည့် ဓာတ်ဆီဆိုင်ပမာ မဖြစ်တော့ချေ။ အိမ်တစ်လုံးမျှသာ မဟုတ်တော့ဘဲ အိမ်ထောင်သားများ စုဝေးလိုကြသည့် ချစ်ရိပ်မြုံ ဖြစ်လာပါသည်။ နွေးထွေးကြည်နူးဖွယ်၊ ညီအစ်ကိုရင်းစိတ်ထားအပြင် စာနာမှု၊ နားလည်မှုရှိသော အေးငြိမ်းရာအရပ်ဖြစ်ပေသည်။ (သု၊ ၄:၃၊ ၄) စိတ်ဝမ်းကွဲပြား၊ မသင့်မြတ်၊ ရန်ငြိုးပွားသူများနေသည့်အိမ်မဟုတ်ဘဲ စည်းလုံးသောမိသားစု၏ စံရိပ်မြုံဖြစ်ပါသည်။ သို့သော် ယင်းသို့ဖြစ်ရန် မည်သို့ပြုလုပ်ရမည်နည်း။
မိသားစုလေ့လာမှုကို အတူတကွပူးပေါင်းလုပ်ဆောင်ခြင်း
၅။ စစ်မှန်သောဝတ်ပြုရေးကို သင်ယူရန် အဘယ်အရာကိုအသုံးပြုရမည်နည်း။
၅ ယေဟောဝါ၏စစ်မှန်သောဝတ်ပြုရေးသည် တွေးတောဆင်ခြင်ဉာဏ်၊ သို့မဟုတ် “ဉာဏ်ဆိုင်ရာဝတ်” (ရောမ ၁၂:၁၊ သမ) ကိုအသုံးပြုခြင်းအားဖြင့် တတ်ကျွမ်းလာပါသည်။ အာသွက်လျှာသွက် ဟောပြောချက်များ၊ ကြားကောင်းအောင်သာပြောသည့် တီဗွီဓမ္မတရားများအားဖြင့် ပေါ်ပေါက်လာသည့် ခေတ္တယာယီစိတ်လှုပ်ရှားမှုကြောင့် ကျွန်ုပ်တို့ ပြုမူကျင့်ကြံခြင်းမဖြစ်သင့်ချေ။ ယင်းအစား သမ္မာကျမ်းစာနှင့်တကွ “သစ္စာနှင့်သတိပညာရှိကျေးကျွန်” (ကဘ) ပြင်ဆင်ပေးသည့် ကျမ်းစာစာပေများကို မှန်မှန်ဖတ်ရှုလေ့လာပြီး ဆင်ခြင်သုံးသပ်ခြင်း၏ တိုက်တွန်းမှုခံရခြင်း ဖြစ်သင့်သည်။ (မဿဲ ၂၄:၄၅) ကျွန်ုပ်တို့၏ခရစ်ယာန်အကျင့်များသည် မည်သည့်အခြေအနေ သို့မဟုတ် သွေးဆောင်မှုမျိုး၌မဆို ခရစ်တော်၏စိတ်ထားကို ယူတင်ဝတ်ဆောင်ထားခြင်းကြောင့် ဖြစ်သည်။ ဤကိစ္စတွင် ယေဟောဝါရှင်သည် ကျွန်ုပ်တို့၏ကြီးမြတ်တော်မူသော ပညာပေးရှင်ဖြစ်တော်မူ၏။—ဆာလံ ၂၅:၉; ဟေရှာယ ၅၄:၁၃; ၁ ကောရိန္သု ၂:၁၆။
၆။ မိသားစုသင်အံမှုနှင့်စပ်လျဉ်း၍ အဘယ်ကမ္ဘာချီပုံသက်သေရှိသနည်း။
၆ မိသားစုကျမ်းစာသင်အံမှုသည် ခရစ်ယာန်မိသားစုတိုင်း၏ဝိညာဉ်ရေးအတွက် အလွန်အရေးကြီးသောကဏ္ဍတွင်ပါဝင်သည်။ သင့်မိသားစုသင်အံမှုကို အဘယ်အချိန်တွင် ပြုလုပ်ပါသနည်း။ မတော်တဆ လူစုံညီလာသည့်အခါ၊ သို့မဟုတ် လတ်တလောဆုံးဖြတ်လိုက်၍ ပြုလုပ်နေမည်ဆိုလျှင် သင်အံမှုမပြုလုပ်သည်ကား များမည်။ မိသားစုသင်အံမှုတွင် ပေါင်းစည်းလုပ်ဆောင်မှုရှိဖို့ မှန်မှန်ပြုလုပ်နိုင်ရန် သတ်မှတ်ထားချိန်ရှိရမည်။ ထိုအခါ အဘယ်နေ့ရက်၊ အဘယ်အချိန်နာရီတွင် မိသားစုလိုက် ဝိညာဏပေါင်းသင်းမှုရှိမည်ကို အားလုံးသိရှိကြမည်။ ကမ္ဘာချီဗေသလအိမ်သား ၁၂,၀၀၀ ကျော်သည် တနင်္လာနေ့ညနေတွင် မိသားစုသင်အံမှုရှိကြောင်း သိကြပါသည်။ ပစိဖိတ်ကျွန်းစုများနှင့် နယူးဇီလန်၊ ထိုနောက် ဩစတြေးလျား၊ ဂျပန်၊ ထိုင်ဝမ်၊ ဟောင်ကောင်မှတစ်ဆင့် အာရှ၊ အာဖရိက၊ ဥရောပပြီးနောက် အမေရိကတိုက်ရှိ ဗေသလအိမ်၌ လုပ်အားပေးသူတို့သည် တစ်နေ့တာကုန်ချိန်တွင် ထပ်တူသင်အံမှုကို မိမိတို့ပြုလုပ်နေကြောင်း သတိရခြင်းသည်ကား အလွန်စွဲထင်မှတ်သားစရာပါတကား။ မိုင်ပေါင်းထောင်ချီကွာဝေးကြရုံမက ဘာသာစကားခြားနားကြသော်လည်း မိသားစုသင်အံမှုကြောင့် ဗေသလအိမ်သားတို့သည် အတူတကွ ပေါင်းစည်းလုပ်ဆောင်နေသည့် အသိစိတ်ရှိကြပါသည်။ သင့်မိသားစုသင်အံမှုအားဖြင့် ထပ်တူစိတ်ထားမျိုးကို အနည်းအကျဉ်းခံစားစေနိုင်ပါသည်။—၁ ပေတရု ၂:၁၇; ၅:၉။
၇။ ပေတရုပြောသည့်အတိုင်း နှုတ်ကပါဌ်တော်ဆိုင်ရာ သမ္မာတရားကို မည်သို့သဘောထားသင့်သနည်း။
၇ တမန်တော်ပေတရု ကျွန်ုပ်တို့အား သွန်သင်သည်: “သင်တို့သည် သခင်ဘုရား၏ကျေးဇူးတော်ကိုမြည်းစမ်းကြသည်ဖြစ်၍ . . . ကယ်တင်ခြင်းအလိုငှာ နှုတ်ကပါဌ်တရား၏နို့စစ်အားဖြင့် ကြီးပွားမည်အကြောင်း ဖွားစသောသူငယ်ကဲ့သို့ ထိုတရားနို့ကို အလွန်လိုချင်သောစိတ်ရှိကြလော့။” (၁ ပေတရု ၂:၂, ၃) ထိုစကားများဖြင့် အလွန်တင့်တယ်သောပုံကို ပေတရုဖော်ပြနေသည်တကား! Linguistic Key to the Greek New Testament အရ “တမ်းတသည်၊ လိုအင်ဆန္ဒရှိသည်၊ တောင့်တသည်” အဓိပ္ပာယ်ရှိ ဂရိကြိယာ အဲ·ပီ·ပို·သီး·စာ·တဲ ကိုသူအသုံးပြုခဲ့သည်။ အငမ်းမရသည့်သဘောသက်ရောက်သည်။ သားငယ်သည် မိခင်၏နို့သီးခေါင်းကို အငမ်းမရရှာဖွေကာ မိခင်ရင်ခွင်တွင် နို့စို့ရသည့်အခါ မည်မျှရောင့်ရဲတင်းတိမ်နေသည်ကို သတိပြုမိပါသလော! သမ္မာတရားနှုတ်ကပါဌ်တော်ကို ထပ်တူပင် အာသာငမ်းငမ်းတောင့်တနေသင့်သည်။ ဂရိပညာရှင် ဝီလျမ် ဘာကလေး ဖော်ပြခဲ့သည်– “ရိုးမှန်သောစိတ်ရှိခရစ်ယာန်အတွက် ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုလေ့လာခြင်းသည် ပင်ပန်းသောအလုပ်မဟုတ်၊ ဝမ်းသာစရာဖြစ်သည်။ အကြောင်းမူကား၊ သူတမ်းတလိုလားသော အာဟာရကို ထိုတွင်ရရှိနိုင်မည်အကြောင်း သူသိရှိပါသည်။”
၈။ မိသားစုသင်အံမှုကျင်းပရာတွင် အိမ်ထောင်ဦးစီးသည် အဘယ်တာဝန်ခံယူရသနည်း။
၈ မိသားစုသင်အံမှုသည် အိမ်ထောင်ဦးစီးအပေါ် ကြီးလေးသောတာဝန်ရှိစေသည်။ သင်အံမှုသည် တစ်အိမ်ထောင်လုံးအတွက် စိတ်ဝင်စားစရာဖြစ်ပြီး အားလုံးပါဝင်နိုင်မနိုင် ဂရုစိုက်သင့်သည်။ သင်အံမှုသည် လူကြီးများအတွက်သာဖြစ်သည်ဟု ကလေးငယ်များ မယူမှတ်သင့်ပါ။ မည်မျှဖတ်ရှုလေ့လာပြီးသည်ထက် သင်အံမှု၏အရည်အသွေးသည် သာ၍အရေးကြီးပါသည်။ သမ္မာကျမ်းစာကို သက်ဝင်စေပါ။ ဖြစ်နိုင်မည်ဆိုလျှင် ဆွေးနွေးနေသည့်အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သည့် ပါလက်စတိုင်းနိုင်ငံရှိ အရပ်ဒေသများနှင့် မြေမျက်နှာပြင်များကို မြင်ယောင်စေပါ။ ကိုယ်တိုင်ဆည်းပူးလေ့လာခြင်းဖြင့် မိသားစုအား တင်ပြပြောဆိုကြရန် တိုက်တွန်းပေးသင့်သည်။ ဤနည်းဖြင့် သားငယ်သမီးငယ်များပါ ‘ယေဟောဝါရှေ့တော်၌ ကြီးပွား’ နိုင်ကြမည်။—၁ ဓမ္မရာဇဝင် ၂:၂၀၊ ၂၁။
အတူတကွ ဧဝံဂေလိတရားဟောပြောခြင်း
၉။ ဟောပြောခြင်းလုပ်ငန်းသည် မိသားစုလိုက် ပျော်ရွှင်ဖွယ်အတွေ့အကြုံ မည်သို့ဖြစ်နိုင်မည်နည်း။
၉ ယေရှုက “ဧဝံဂေလိတရားကို ရှေ့ဦးစွာ လူမျိုးအပေါင်းတို့အား ဟောရလိမ့်မည်” ဟုမိန့်တော်မူသည်။ (မာကု ၁၃:၁၀) ထိုမိန့်မှာချက်သည် တာဝန်သိတတ်သောခရစ်ယာန်တိုင်းအား တာဝန်တစ်ခု လွှဲအပ်ပါသည်—ဧဝံဂေလိတရားဟောရန်၊ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို သူတစ်ပါးနှင့် ဝေမျှရန် ဖြစ်သည်။ မိသားစုလိုက် ယင်းကိုပြုလုပ်ခြင်းက အားတက်ပျော်ရွှင်ဖွယ်ရာ အတွေ့အကြုံ ဖြစ်နိုင်ပါသည်။ မိခင်နှင့်ဖခင်တို့သည် သားသမီးများ သတင်းကောင်းတင်ဆက်ပုံ၌ ဂုဏ်ယူတတ်ကြသည်။ အသက် ၁၅ မှ ၂၁ နှစ်အရွယ် သားသုံးယောက်ရှိ မောင်နှံစုံတစ်စုံသည် ဗုဒ္ဓဟူးနေ့တိုင်း ကျောင်းဆင်းပြီးနောက်နှင့် စနေနေ့ နံနက်တိုင်း သားသမီးများနှင့်အတူ ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်လေ့ရှိခဲ့ကြောင်း ပြောပြပါသည်။ ဖခင်ဖြစ်သူက “အချိန်တိုင်းဆိုသလို သူတို့ကို တစ်ခုခု သင်ပြပေးတယ်။ အဲ့ဒီအချိန်ဟာ ပျော်စရာ၊ အားယူစရာအချိန်ဖြစ်ဖို့လည်း ဂရုစိုက်ပေးတယ်” ဟုပြောပါသည်။
၁၀။ ဓမ္မအမှုတွင် မိဘများသည် သားသမီးများကို မည်သို့အကျိုးပြုနိုင်သနည်း။
၁၀ ဟောပြောခြင်းနှင့် သွန်သင်ပေးခြင်းလုပ်ငန်းတွင် မိသားစုလိုက် အတူတကွလုပ်ဆောင်ခြင်းသည် အကျိုးများစွာဖြစ်စေနိုင်ပါသည်။ တစ်ခါတစ်ရံ သူငယ်၏ စိတ်ရင်းမှန်နှင့် ရိုးရိုးကလေးတင်ဆက်ပုံကို လူတို့သည် ပိုမိုတုံ့ပြန်လက်ခံတတ်ကြသည်။ ထို့ပြင် အကူအညီလိုအပ်ပါက မိခင်၊ သို့မဟုတ် ဖခင်သည် အနီးအနားတွင်ရှိနေပါသည်။ မိမိသားသမီးများအား လေ့ကျင့်ပေးရာတွင် တိုးတက်မှုရှိရန်နှင့် “ရှက်ကြောက်စရာအကြောင်းမရှိပဲ သမ္မာတရားကို မှန်ကန်စွာပိုင်းခြားတတ်သော” ဓမ္မအမှုဆောင်များ ဖြစ်လာစေရန် ဂရုပြုသင့်ပါသည်။ ဤနည်းအတိုင်း အတူတကွ ဟောပြောခြင်းအားဖြင့် ဓမ္မအမှုဆောင်ရာတွင် ကလေး၏ စိတ်နေသဘောထား၊ သူ၏ထိရောက်မှုနှင့် အမူအကျင့်ကောင်းများကို မိဘများ ဂရုစိုက်ပေးရန် အခွင့်ရရှိစေသည်။ လုပ်ရိုးလုပ်စဉ်အတိုင်း မှန်မှန်လုပ်ကိုင်ခြင်းအားဖြင့် ကလေး၏တိုးတက်မှုကို သူတို့သတိပြုကြကာ ပုံမှန်လေ့ကျင့်မှုပေး၍ သူ့ယုံကြည်ခြင်းကို တည်ဆောက်ပေးရန် အားပေးနိုင်ကြပါသည်။ တစ်ချိန်တည်းတွင် ဓမ္မအမှု၌ မိဘများသည် ပုံသက်သေကောင်းတင်ပြနေကြောင်း သားသမီးများ တွေ့ရှိကြပါလိမ့်မည်။ ဤခဲယဉ်းဆိုးယုတ်သောကာလတွင် စည်းလုံး၍ တစ်ဦးကိုတစ်ဦး ချစ်ခင်သောမိသားစုအဖြစ် အတူတကွလုပ်ဆောင်ခြင်းအားဖြင့် ရာဇဝတ်မှု ထူပြောသောအရပ်များတွင်ပင် လုံခြုံမှု အနည်းအကျဉ်းရှိစေမည်။—၂ တိမောသေ ၂:၁၅; ဖိလိပ္ပိ ၃:၁၆။
၁၁။ သမ္မာတရားဘက် ကလေးသူငယ်၏ဇွဲကို အဘယ်အရာက အလွယ်တကူ လျော့နည်းစေနိုင်သနည်း။
၁၁ နှစ်ဘဝစံသော လူကြီးများကို ကလေးများ လွယ်ကူစွာ သတိပြုနိုင်ကြပါသည်။ မိဘများအနေနှင့် သမ္မာတရားကိုလည်းကောင်း၊ တစ်အိမ်မှတစ်အိမ် ဓမ္မအမှုကိုလည်းကောင်း တကယ်မြတ်နိုးသောသဘောမရှိပါက သားသမီးများသည် ဇွဲလုံ့လရှိရန် မျှော်လင့်နိုင်မည်မဟုတ်ပါ။ သို့ဖြစ်၍ ကျန်းမာရေးကောင်းသော မိဘတစ်ဦး၏ လယ်ကွင်းလုပ်ငန်းသည် သားသမီးများနှင့် ပတ်စဉ်ကျမ်းစာလေ့လာခြင်းမျှဖြစ်မည်ဆိုလျှင် သူတို့ကြီးပြင်းလာသည့်အခါ အကြီးအကျယ်ဝမ်းနည်းခြင်းဖြင့်တွေ့ကြုံရပေမည်။—သု၊ ၂၂:၆; ဧဖက် ၆:၄။
၁၂။ မိသားစုအချို့သည် ယေဟောဝါထံတော်မှ အဘယ်နည်းဖြင့် အထူးကောင်းချီးခံစားနိုင်မည်နည်း။
၁၂ “စိတ်တညီတညွတ်တည်းဖြစ်၍ အချင်းချင်းအသင့်အတင့်” ရှိခြင်း၏အကျိုးတစ်ခုကား မိသားစုသည် ပူးပေါင်းဆောင်ရွက်မည်ဆိုလျှင် အနည်းဆုံး အိမ်သားတစ်ဦးအား ရှေ့ဆောင်အဖြစ် အသင်းတော်တွင် အချိန်ပြည့်ဓမ္မအမှုဆောင်စေရန် ဝိုင်းဝန်းကူညီပေးနိုင်ပေမည်။ ကမ္ဘာတစ်ဝန်းရှိ မိသားစုမြောက်မြားစွာတို့သည် ဤသို့ပြုလုပ်နေကြရာ သူတို့အိမ်ထောင်မှ ရှေ့ဆောင်သူ၏ တွေ့ကြုံမှုနှင့် တိုးတက်လာသော စွမ်းရည်ကြောင့် အားလုံးကောင်းချီးခံစားနေကြပါသည်။—၂ ကောရိန္သု ၁၃:၁၁; ဖိလိပ္ပိ ၂:၁-၄။
ပြဿနာများကို အတူတကွ ကိုင်တွယ်ဖြေရှင်းခြင်း
၁၃၊ ၁၄။ (က) မိသားစု၏ပြေပြစ်မှုကို အဘယ်အခြေအနေများက ထိခိုက်နိုင်သနည်း။ (ခ) မိသားစုပြဿနာများကို မည်သို့ဖြေရှင်းနိုင်မည်နည်း။
၁၃ “ဖိစီးမှု” နှင့် “ဘေးအန္တရာယ်” များသော ဤခဲယဉ်းသည့်ကာလအတွင်း ကျွန်ုပ်တို့အားလုံးသည် ဖိစီးမှုခံနေကြရသည်။ (၂ တိမောသေ ၃:၁၊ Revised Standard Version; Phillips) အလုပ်ခွင်တွင်၊ ကျောင်းတွင်၊ လမ်းပေါ်တွင်မက အိမ်ထဲတွင်ပင် ပြဿနာများပေါ်ပေါက်တတ်သည်။ အချို့သူများသည် ကျန်းမာရေးချို့တဲ့သည်၊ သို့မဟုတ် အိမ်တွင်းရေး တင်းမာမှုများနှင့် သဘောပေါက်လွဲမှားမှုများ ဖြစ်စေတတ်သည့် စိတ်ဓာတ်ရေးဘက် နာတာရှည်ပြဿနာများရှိကြပါသည်။ ဤသို့သောအခြေအနေများကို မည်သို့ကိုင်တွယ်ဖြေရှင်းနိုင်မည်နည်း။ တစ်ဦးချင်းစီ ရေငုံနေခြင်းအားဖြင့်လော။ တစ်အိမ်တည်းနေထိုင်ကြပြီး တသီးပုဂ္ဂလ ခွဲခြားနေခြင်းအားဖြင့်လော။ ထိုသို့မဟုတ်ပါ။ ယင်းအစား စိုးရိမ်ပူပန်ချက်များကိုတင်ပြကာ အကူအညီတောင်းဆိုရန် လိုသည်။ ထိုသို့ပြုရန် ချစ်ခင်ကြင်နာသော မိသားစုအသိုင်းအဝိုင်းထက် သာ၍ကောင်းသည့် အခြားအဘယ်နေရာရှိပါသနည်း။—၁ ကောရိန္သု ၁၆:၁၄; ၁ ပေတရု ၄:၈။
၁၄ မည်သည့်ဆရာဝန်မဆို သိထားကြသည့်အတိုင်း ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းသည် သာ၍ကောင်းသည်။ မိသားစုပြဿနာများနှင့်ပတ်သက်၍လည်း ထပ်တူပင်ဖြစ်သည်။ ပွင့်လင်းပြတ်သားစွာ ဆွေးနွေးခြင်းဖြင့် ပြဿနာများ ပိုမိုဆိုးရွားလာခြင်းကို တားဆီးပေးနိုင်ပါသည်။ ကြီးလေးသောပြဿနာများ ပေါ်ပေါက်ဦးတော့ သက်ဆိုင်ရာကျမ်းစာမူများကို အတူတကွသုံးသပ်ဆင်ခြင်ခြင်းအားဖြင့် ယင်းတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ပါလိမ့်မည်။ အများအားဖြင့်ဆိုလျှင် ကောလောသဲ ၃:၁၂-၁၄ ပါပေါလု၏စကားများကို ကျင့်သုံးခြင်းအားဖြင့် မသင့်မြတ်မှုရှိလျှင်ပင် ပြေပြစ်သင့်တင့်သွားနိုင်ပါသည်။ “သင်တို့သည် . . . သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်ကြလော့။ တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့်ရှိလျှင် အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ . . . စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာကို ထပ်၍ယူတင်ဝတ်ဆောင်ကြလော့။”
အတူတကွ အပန်းဖြေခြင်း
၁၅၊ ၁၆။ (က) အဘယ်အရည်အချင်းက ခရစ်ယာန်အိမ်ထောင်စုများကို ထူးခြားစေသင့်သနည်း။ (ခ) အချို့ဘာသာတရားများသည် မည်သို့သောလူတန်းစားများကို ပြုစုပျိုးထောင်သနည်း။ အဘယ်ကြောင့်နည်း။
၁၅ ယေဟောဝါသည် ပျော်ရွှင်သောဘုရားသခင်ဖြစ်တော်မူ၏။ သမ္မာတရားသည် ရွှင်လန်းသောသတင်းတရား—လူသားအတွက် မျှော်လင့်ချက်ရှိစေ၏။ ထို့ပြင် ဝိညာဉ်အသီးတစ်သီးကား ရွှင်လန်းခြင်းဖြစ်သည်။ ဤရွှင်လန်းခြင်းသည် အားကစားပွဲတွင် အပြိုင်အဆိုင်ကစားခဲ့၍ အောင်မြင်သောအခါ အားကစားသမားတစ်ဦး၏ ရုတ်တရက်ခံစားရသည့် ပျော်ရွှင်ဝမ်းမြောက်မှုနှင့် လုံးဝခြားနားပါသည်။ ယေဟောဝါနှင့်ရင်းနှီးသောဆက်ဆံရေးကို ပြုစုပျိုးထောင်ခဲ့ခြင်းမှ ရရှိခံစားရသည့် နှလုံးမှယိုဖိတ်သော ကျေနပ်တင်းတိမ်စိတ် အပြည့်အဝရှိနေခြင်းပင်ဖြစ်သည်။ ဘုရားသခင်ကိုအခြေခံသည့် ရွှင်လန်းခြင်းမျိုးဖြစ်သတည်း။ ဤရွှင်လန်းမှုသည် ဝိညာဏတန်ဖိုးရှိရာများ၊ တည်ဆောက်မှုဖြစ်သော ဆက်ဆံရေးများကို အခြေခံပါသည်။—ဂလာတိ ၅:၂၂; ၁ တိမောသေ ၁:၁၁။
၁၆ ထိုကြောင့် ယေဟောဝါ၏ခရစ်ယာန်သက်သေခံများအနေနှင့် မှုန်သိုးသိုး၊ သို့မဟုတ် ဟာသဉာဉ်မရှိစရာအကြောင်း မရှိပါ။ ဘာသာရေးသမားအချို့သည် ထိုကဲ့သို့သောသူများဖြစ်ရခြင်းကား သူတို့၏ယုံကြည်ခြင်းသည် အဖျက်သဘောကို အလေးအနက်ပြုသောကြောင့်ဖြစ်သည်။ သူတို့၏သွန်သင်ချက်များသည် မျှော်လင့်ချက်ကင်းမဲ့ပြီး ကျမ်းစာနှင့်မကိုက်၊ ဟန်ချက်မညီသော ပျော်ရွှင်မှုမရှိသည့် ဝတ်ပြုနည်းဖြစ်ပါသည်။ ယင်းတို့မှ ဘုရားသခင့်လုပ်ငန်းတော်၌ ပျော်ရွှင်ဝမ်းမြောက်သော မိသားစုများ မဖြစ်ပေါ်လာပါ။ ဖျော်ဖြေခြင်း၊ အပန်းဖြေခြင်း လိုအပ်ကြောင်းကို ယေရှုသဘောပေါက်တော်မူခဲ့သည်။ ဥပမာ၊ တစ်ချိန်တွင် ကိုယ်တော်က “တော၌ဆိတ်ကွယ်ရာအရပ်သို့ လာကြ။ ခဏအားဖြည့်၍ ငြိမ်သက်စွာ နေကြ” ဟုတပည့်တော်များအား ဖိတ်ခေါ်တော်မူသည်။—မာကု ၆:၃၀-၃၂; ဆာလံ ၁၂၆:၁-၃; ယေရမိ ၃၀:၁၈၊ ၁၉။
၁၇၊ ၁၈။ ခရစ်ယာန်မိသားစုများသည် အဘယ်သင့်လျော်သောနည်းမျိုးဖြင့် အပန်းဖြေနိုင်ကြမည်နည်း။
၁၇ မိသားစုများသည်လည်း အပန်းဖြေရန်အချိန် လိုအပ်ပါသည်။ မိမိသားသမီးများအကြောင်း မိဘတစ်ဦး ဤသို့ပြောပါသည်။ “ပျော်ရွှင်စရာတွေ—ကမ်းခြေကိုသွားကြတာ၊ ပန်းခြံထဲမှာ ဘောလုံးကစားကြတာ၊ တောင်တန်းမှာ ပျော်ပွဲစားထွက်တာတွေ—ကိုအတူတူလုပ်ကိုင်ကြတယ်။ တစ်ခါတလေ၊ အတူတကွအမှုဆောင်တဲ့ ‘ရှေ့ဆောင်နေ့’ ရှိတယ်; အဲ့ဒီနောက် အထူးအစားအစာတစ်နပ်နဲ့ နွှဲပျော်ကြပြီး၊ တစ်ယောက်ကိုတစ်ယောက် လက်ဆောင်တွေတောင် ပေးချင်ပေးကြတယ်။”
၁၈ မိသားစုလိုက် တိရစ္ဆာန်ရုံသွားခြင်း၊ ပွဲဈေးတန်းများ လျှောက်ခြင်း၊ ပြတိုက်များနှင့် အခြားစိတ်ဝင်စားစရာနေရာများသို့ သွားခြင်းတို့ကိုလည်း မိဘများထည့်စဉ်းစားနိုင်ပါသည်။ တောများတွင် ခြေလျင်ခရီးထွက်ခြင်း၊ ငှက်သဘာဝကို ရှုစားခြင်း၊ ပန်းခြံထဲတွင် အလုပ်လုပ်ခြင်းတို့ကိုလည်း ပျော်ပျော်ရွှင်ရွှင်ဖြင့် အတူတကွဆောင်ရွက်နိုင်ပါသည်။ သားသမီးများအား တူရိယာတစ်ခုကို တီးမှုတ်တတ်ရန် သင်ယူခြင်း၊ သို့မဟုတ် လက်တွေ့ကျဝါသနာတစ်ခုကို လိုက်စားရန် မိဘများ အားပေးနိုင်ပါသည်။ မျှတသောသဘောရှိ မိဘများသည် သားသမီးများနှင့်အတူ အချိန်ကုန်ခံကစားကြမည်အမှန်။ မိသားစုလိုက် အတူတကွပျော်ကြရွှင်ကြမည်ဆိုလျှင် အတူတူရှိကြရန်အကြောင်း ပိုများပါသည်တကား!
၁၉။ မိသားစုကို အဘယ်ခေတ်စားနေသောအကျင့်သည် ထိခိုက်နိုင်သနည်း။
၁၉ အပန်းဖြေခြင်းနှင့်ပတ်သက်လာလျှင် ယခုခေတ်လူငယ်များသည် မိသားစုနှင့်ခွဲခွာ၍ ကိုယ့်ဖာသာကိုယ် ပျော်လိုကြပါသည်။ လူငယ်တစ်ဦး ဝါသာနာတစ်ခုခု၊ သို့မဟုတ် ကိုယ်ကြိုက်နှစ်သက်ရာနှင့် အချိန်ကုန်ခံလိုခြင်းသည် မမှားသော်လည်း ဤသို့သောစိတ်ဝင်စားရာများအတွက် မိသားစုနှင့် တသီးတခြား အစဉ်အမြဲခွဲခွာနေခွင့်ပြုခြင်းသည် ပညာမရှိပါ။ ထိုသို့ဖြစ်မည့်အစား ပေါလုတင်ပြခဲ့သည့် “ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့” ဟူသောမူကို ကျင့်သုံးလိုကြပါသည်။—ဖိလိပ္ပိ ၂:၄။
၂၀။ အစည်းအဝေးများနှင့် စည်းဝေးပွဲကြီးများသည် အဘယ်နည်းဖြင့် ရွှင်လန်းအားရစရာအချိန်များ ဖြစ်နိုင်သနည်း။
၂၀ စည်းဝေးပွဲကြီးများ၊ အစည်းအဝေးပွဲများတွင် မိသားစုလိုက် အတူတကွထိုင်နေကြသည်ကို တွေ့ရှိရခြင်းသည် အလွန်အားရစရာဖြစ်သည်တကား! ဤနည်းဖြင့် အစ်မကြီး၊ အစ်ကိုကြီးများသည် ညီလေး၊ ညီမလေးများကို အများအားဖြင့် အကူအညီပေးနိုင်ကြသည်။ ဤအစီအစဉ်ရှိခြင်းဖြင့် နောက်တန်းများတွင် လူငယ်များစုဝေးပြီး စည်းဝေးပွဲအစီအစဉ်ကို အာရုံမပြုဘဲနေခြင်းကိုလည်း တားဆီးပေးပါသည်။ စည်းဝေးပွဲများသို့ အသွားနှင့်အပြန်ခရီးစဉ်၊ ဝင်ကြည့်ရှုကြမည့်နေရာနှင့် တည်းခိုရာအရပ်များကို မိသားစုလိုက် ဆွေးနွေးတိုင်ပင်ခြင်းသည်လည်း အလွန်ဝမ်းသာစရာဖြစ်ပါသည်။ ယေရှုခေတ်တွင် မိသားစုလိုက် ယေရုရှလင်မြို့သို့ အတူတကွခရီးထွက်ခဲ့ခြင်းသည် မည်မျှပျော်ရွှင်စရာအချိန်ဖြစ်ခဲ့မည်ကို စဉ်းစားကြည့်ပါလေ!—လုကာ ၂:၄၁, ၄၂။
အတူတကွလုပ်ဆောင်ခြင်း၏ ကောင်းချီးများ
၂၁။ (က) အိမိထောင်ရေးတွင် အောင်မြင်မှုရှိရန် မည်သို့ကြိုးစားနိုင်သနည်း။ (ခ) တည်မြဲသောအိမ်ထောင်ရေးအတွက် ကောင်းသောအကြံပြုချက် လေးခုကား အဘယ်နည်း။
၂၁ အောင်မြင်သောအိမ်ထောင်များနှင့် စည်းလုံးသောမိသားစုများကို ပြုစုပျိုးထောင်ပေးရန် တစ်ခါမျှ လွယ်ကူသည်မရှိပါ။ ထိုသို့သောအိမ်ထောင်စုများလည်း မတော်တဆဖြစ်ပေါ်မလာပါ။ အချို့သူများက ‘လက်မြှောက်အရှုံးပေး’ ရန်၊ လင်မယားကွာရှင်းပြီး အိမ်ထောင်အသစ်ပြန်စရန် ပိုလွယ်ကူသည်ဟု ယူမှတ်ပုံရသည်။ သို့ဖြစ်သော်လည်း ဒုတိယ၊ သို့မဟုတ် တတိယအိမ်ထောင်တွင် ထပ်တူပြဿနာမျိုးများကို ပြန်ရင်ဆိုင်ရလေ့ရှိသည်။ သာ၍ကောင်းသည်ကား ခရစ်ယာန်လမ်းစဉ်ဖြစ်သည်: ချစ်ခြင်းမေတ္တာနှင့် တန်ဖိုးထားလေးစားခြင်း ကျမ်းစာမူများကို ကျင့်သုံးခြင်းအားဖြင့် အောင်မြင်ဖို့ရန် ကြိုးစားခြင်း ဖြစ်သည်။ စည်းလုံးသောအိမ်ထောင်စုများသည် အပေးအယူစိတ်ထား၊ ကိုယ်ကျိုးမရှာခြင်းသဘောအပေါ် အခြေစိုက်နေပါသည်။ အိမ်ထောင်တည်မြဲရန် ပုံသေနည်း ရိုးရိုးလေးတစ်ခုကို အိမ်ထောင်ရေးအကြံပေးရှင်တစ်ဦး ဤသို့ဖော်ပြပါသည်။ “သာယာသောအိမ်ထောင်အားလုံးတွင်ပင် တွေ့ရှိရသည့် အဓိကအချက်လေးချက်မှာ နားထောင်ရန်အလိုရှိခြင်း၊ တောင်းပန်ရန် အရည်အချင်းရှိခြင်း၊ စိတ်ဓာတ်ရေးဘက် ပံ့ပိုးကူညီမှုကိုပုံမှန်ပေးနိုင်စွမ်းနှင့် ချစ်ခင်ကြင်နာစွာဖြင့် ပွတ်သပ်ကိုင်တွယ်ရန် စိတ်ဆန္ဒရှိခြင်းတို့ဖြစ်သည်။” ထိုဂုဏ်ရည်များသည် မွန်မြတ်သော ကျမ်းစာမူများပေါ် အခြေခံသည့်အတွက် အိမ်ထောင်ရေးကို အမှန်ပင် မြဲမြံခိုင်ခံ့စေနိုင်ပါသည်။—၁ ကောရိန္သု ၁၃:၁-၈; ဧဖက် ၅:၃၃; ယာကုပ် ၁:၁၉။
၂၂။ စည်းလုံးသောအိမ်ထောင်၏ အကျိုးကျေးဇူးအချို့ကား အဘယ်နည်း။
၂၂ ကျမ်းစာသြဝါဒကို ကျွန်ုပ်တို့လိုက်လျှောက်ကြမည်ဆိုလျှင် စည်းလုံးသောမိသားစုအတွက် ခိုင်ခံ့မြဲမြံသောအခြေခံကောင်း ရှိထားမည်။ စည်းလုံးသောမိသားစုများသည်လည်း စည်းလုံး၍ ဝိညာဉ်ရေးကောင်းသော အသင်းတော်များ၏ အခြေခံဖြစ်ပါသည်။ ဤနည်းအတိုင်း ကိုတော်ကို ကျွန်ုပ်တို့တိုး၍ စည်းလုံးစွာချီးမွမ်းကြခြင်းဖြင့် ယေဟောဝါထံတော်မှ ကောင်းချီးများစွာ ခံစားကြရမည်။
[အောက်ခြေမှတ်ချက်များ]
a “မိသားစု (ဖယ်မလီ) သည် လယ်တင် ဖယ်မလီယာ မှမြစ်ဖျားခံ၍ အစကနဦးတွင် အိမ်ထောင်စုတစ်ခုရှိ အစေခံနှင့်ကျေးကျွန်များပါပါဝင်၍ နောက်ပိုင်းတွင် အိမ်ရှင်၊ အိမ်ရှင်မ၊ သားသမီးများ—နှင့်အမှုထမ်းများ—ကိုဆိုလို။”—အဲရစ်ခ် ပါထရစ်ချ်၏ Origins—A Short Etymological Dictionary of Modern English.
သင်မှတ်မိသလော
◻ မိသားစုလိုက် အတူတကွလုပ်ဆောင်ခြင်းသည် အဘယ်ကြောင့် အကျိုးရှိသနည်း။
◻ မိသားစုလိုက် မှန်မှန်ကျမ်းစာသင်အံမှုပြုလုပ်ရန် အဘယ်ကြောင့်လိုသနည်း။
◻ မိဘများသည် သားသမီးများနှင့်အတူတကွ လယ်ကွင်း ဓမ္မအမှု၌ပါဝင်ရန် အဘယ်ကြောင့် ကောင်းသနည်း။
◻ အိမ်တွင်းရေးပြဿနာများကို တိုင်ပင်ဆွေးနွေးခြင်းသည် အဘယ်ကြောင့်အကူအညီဖြစ်သနည်း။
◻ ခရစ်ယာန်မိသားစုများသည် အဘယ်ကြောင့် သုန်မှုန်၍ ပျော်ရွှင်မှုမဲ့ မဖြစ်သင့်သနည်း။
လာ
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
တစ်နေ့လျှင် အနည်းဆုံးတစ်ကြိမ် သင့်မိသားစုသည် အတူတကွအစာစားကြပါသလော
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
မိသားစုလိုက် အပျော်ခရီးထွက်ချိန်သည် အပန်းပြေ၍ ပျော်ရွှင်သာယာဖွယ် ဖြစ်သင့်သည်