ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၁၁/၁ စာ. ၂၈-၃၁
  • အဘယ်ကြောင့် ယေဟောဝါအား ပေးဆက်ရမည်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဘယ်ကြောင့် ယေဟောဝါအား ပေးဆက်ရမည်နည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စစ်မှန်သောဝတ်ပြုရေး၏ အရေးကြီးကဏ္ဍ
  • အဘယ်ကြောင့် ကျွန်ုပ်တို့ပေးကမ်းကြ
  • ပေးကမ်းခြင်းစိတ်ဓာတ်တင်ပြခြင်းကြောင့် ကောင်းချီးများရရှိ
  • ဘုရားနိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းအတွက် အချို့သူများလှူဒါန်းပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ‘သင်၏အဖိုးထိုက်သောအရာများဖြင့် ယေဟောဝါအား ဂုဏ်ပြုလော့’ —မည်သို့နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • “ကောင်းမြတ်သောဆုကျေးဇူးရှိသမျှ” ကိုပေးသည့်အရှင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • “ပိုက်ဆံတွေ ဘယ်ကလာသလဲ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၁၁/၁ စာ. ၂၈-၃၁

အဘယ်ကြောင့် ယေဟောဝါအား ပေးဆက်ရမည်နည်း

ဇိဒုန်ပြည် ဇရတ္တမြို့ငယ်ပေါ် နေချစ်ချစ်တောက်ပူနေချိန်ဝယ် မုဆိုးမတစ်ယောက်သည် ထင်းခွေလျက်ရှိ၏။ သူမနှင့် သူမ၏သားငယ်အတွက် နောက်ဆုံးအစာဖြစ်ကောင်းဖြစ်နိုင်သည့် မလောက်မငအစာကိုချက်ရန် မီးမွှေးစရာလိုအပ်နေသည်။ ကြာရှည်မိုးခေါင်၍ အစာရှားပါးချိန်တစ်လျှောက် သူမနှင့် သူမ၏သားငယ် အသက်ရှင်လျက်နေနိုင်ရန် ကြံဖန်စားသောက်ခဲ့ရာမှ ယခုကဲ့သို့ဝမ်းနည်းဖွယ်အခြေအနေဖြင့် နိဂုံးချုပ်ရတော့မည်ဖြစ်သည်။ သူတို့ခမျာ ငတ်ပြတ်နေကြရရှာ၏။

လူတစ်ဦး ရောက်လာသည်။ သူ၏အမည်ကား ဧလိယဖြစ်သည်။ ဤသူသည် ယေဟောဝါ၏ပရောဖက်တစ်ပါးဖြစ်ကြောင်းကို မုဆိုးမက ချက်ချင်းရိပ်မိသည်။ သူမသည် ဤဘုရားသခင်အကြောင်း ကြားဖူးနားဝရှိထားပုံရသည်။ ယေဟောဝါသည် သူမနေထိုင်သော ဇိဒုန်ပြည်တွင် အနှံ့အပြားကိုးကွယ်သည့် ရက်စက်ကြမ်းကြုတ်သောဗာလနှင့် အလွန်ခြားနားတော်မူသည်။ ထိုကြောင့် ရေတစ်ခွက်တိုက်ရန် သူမကို ဧလိယတောင်းဆိုသည့်အခါ ကူညီရန် အသင့်ရှိနေပါသည်။ ဤသို့ပြုခြင်းဖြင့် ယေဟောဝါ၏မျက်နှာသာကို မိမိရနိုင်မည်ဟု သူမယူမှတ်ခဲ့ပေမည်။ (မဿဲ ၁၀:၄၁၊ ၄၂) သို့သော် ဧလိယက ထိုထက်မက—စားစရာအနည်းငယ်ကိုပါ—တောင်းဆိုလိုက်ပြန်သည်။ မိမိ၌ နောက်ဆုံးတစ်နပ်စာသာ ကျန်ရှိတော့ကြောင်း သူမရှင်းပြသည်။ သို့တိုင် ဧလိယက ဆက်တောင်းဆိုသည်။ ယေဟောဝါသည် မိုးခေါင်ခြင်းပြီးဆုံးသွားသည့်တိုင်အောင် သူမကို အံ့ဖွယ်နည်းဖြင့် စားစရာပေးတော်မူမည်ဟု စိတ်ချစေခဲ့သည်။ ထိုအခါ သူမ ဘာလုပ်သနည်း။ သမ္မာကျမ်းစာက “ထိုမုဆိုးမသည်သွား၍ ဧလိယစကားအတိုင်းပြု” ၏ဟုဆိုသည်။ (၃ ဓမ္မရာဇဝင် ၁၇:၁၀-၁၅) ဤသို့ရိုးရိုးရှင်းရှင်း တင်ပြထားသောစကားလုံးများက ကြီးမားသောယုံကြည်ခြင်း—နောင်အနှစ်တစ်ထောင်ကျော်တွင် ထိုမုဆိုးမကို ယေရှုခရစ်ချီးမွမ်းရသည့်တိုင် ကြီးမားသောယုံကြည်ခြင်း—ကို ဖော်ပြပါသည်။—လုကာ ၄:၂၅၊ ၂၆။

သို့တိုင် ယေဟောဝါသည် ဤမျှချို့တဲ့ဆင်းရဲသော အမျိုးသမီးတစ်ဦးထံမှ ဤမျှတောင်းဆိုတော်မူခြင်းသည် ထူးဆန်းနေပေမည်။ အထူးသဖြင့်တစ်ချိန်က အလွန်ထင်ပေါ်ကျော်ကြားခဲ့သူတစ်ဦး တောင်းဆိုခဲ့သောဆုတောင်းချက်တစ်ခုကို သုံးသပ်ကြည့်ရာတွင် ထိုသို့ဖြစ်သည်။ ဗိမာန်တော်ဆောက်လုပ်ရေးတွင် သားတော်ရှောလမုန်အသုံးပြုရန် ဒါဝိဒ်မင်းကြီး အလှူငွေကောက်ခံသည့်အခါ ရက်ရက်ရောရောလှူဒါန်းကြသည်ကို တွေ့ရှိရ၏။ ခေတ်အသုံးအနှုန်းအရ ဒေါ်လာသန်းပေါင်းများစွာ လှူဒါန်းခဲ့ကြသည်တကား! သို့သော် ဒါဝိဒ်က ယေဟောဝါထံ ဤသို့ဆုတောင်းခဲ့သည်– “ကြည်ညိုသောစိတ်နှင့် ဤမျှလောက်ပူဇော်နိုင်အောင် အကျွန်ုပ်နှင့် အကျွန်ုပ်၏လူတို့သည် အဘယ်သို့သောသူ ဖြစ်ပါသနည်း။ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်ကြောင့်ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏ဥစ္စာထဲကသာ ကိုယ်တော်အား ပူဇော်ပါ၏။” (၁ ရာဇဝင်ချုပ် ၂၉:၁၄) ဒါဝိဒ်ပြောသည့်အတိုင်း အရာခပ်သိမ်းကို ယေဟောဝါ ပိုင်သတော်မူသည်။ ထို့ကြောင့် စင်ကြယ်သောဝတ်ပြုရေး တိုးပွားဖို့အတွက် လှူဒါန်းသည့်အခါတိုင်း ယေဟောဝါပိုင်သနှင့်ပြီးသားအရာတို့ကို ကိုယ်တော်အား ပေးဆက်ခြင်းမျှသာဖြစ်သည်။ (ဆာလံ ၅၀:၁၀) သို့ဖြစ်သောကြောင့် ယေဟောဝါသည် အဘယ်ကြောင့် ကျွန်ုပ်တို့ကို အစဦးစွာ ပေးကမ်းစေလိုတော်မူသနည်းဟု မေးစရာအကြောင်းပေါ်လာသည်။

စစ်မှန်သောဝတ်ပြုရေး၏ အရေးကြီးကဏ္ဍ

အရိုးရှင်းဆုံးအဖြေမှာ ယေဟောဝါသည် ရှေးအချိန်ကတည်းက ပေးကမ်းခြင်းကို စစ်မှန်သောဝတ်ပြုရေး၏ အရေးကြီးကဏ္ဍတစ်ခုဖြစ်စေတော်မူ၏ဟူ၍ဖြစ်သည်။ သစ္စာရှိသူအာဗေလသည် သူ၏သိုးနွားတိရစ္ဆာန်တို့အထဲက တန်ဖိုးရှိရာအချို့ကို ယေဟောဝါအား ပူဇော်ခဲ့သည်။ ရှေးဘိုးဘေးများဖြစ်ကြသော နောဧ၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့် ယောဘတို့သည် ဆင်တူယိုးမှားပူဇော်သကာများကို ဆက်သပေးခဲ့ကြသည်။—ကမ္ဘာဦး ၄:၄; ၈:၂၀; ၁၂:၇; ၂၆:၂၅; ၃၁:၅၄; ယောဘ ၁:၅။

မောရှေ၏ပညတ္တိကျမ်းက ယေဟောဝါအား ပေးကမ်းလှူဒါန်းရန် အမိန့်ပေးထားရုံမက စည်းမျဉ်းပင် သတ်မှတ်ထား၏။ ဥပမာ၊ ဣသရေလလူမျိုးအပေါင်းသည် ဆယ်ဖို့တစ်ဖို့ပေးရန် အမိန့်ရရှိထားသည်။ မြေအသီးအနှံနှင့် သိုးနွားတိရစ္ဆာန် တိုးပွားရာမှ ဆယ်ဖို့တစ်ဖို့လှူဒါန်းရ၏။ (တောလည်ရာ ၁၈:၂၅-၂၈) အခြားအလှူအဒါန်းတို့ကိုကား ထိုမျှစည်းမျဉ်းမကြပ်မတ်ထားပါ။ ဥပမာ၊ ဣသရေလအမျိုးသား တစ်ဦးစီသည် မိမိ၏သိုးနွားတိရစ္ဆာန်နှင့် အသီးအနှံတို့မှ အဦးအဖျားကို ယေဟောဝါအား ပေးဆက်ကြရမည်ဖြစ်သည်။ (ထွက်မြောက်ရာ ၂၂:၂၉၊ ၃၀; ၂၃:၁၉) သို့တိုင် မိမိတို့၏အဦးအဖျားမှ အကောင်းဆုံးကို မည်မျှပေးကမ်းမည်ဟု တစ်ဦးစီအနေနှင့်ဆုံးဖြတ်ရန် ပညတ္တိကျမ်းက ခွင့်ပြုထားသည်။ ပညတ္တိကျမ်းသည် ကိုယ်အလိုအလျောက်ပူဇော်ကြသော ကျေးဇူးတော်ချီးမွမ်းရန်နှင့်သစ္စာပြုရန် ပူဇော်သကာများအတွက်လည်း စည်းမျဉ်းချမှတ်ထားသည်။ (ဝတ်ပြုရာ ၇:၁၅၊ ၁၆) ယေဟောဝါကောင်းချီးပေးတော်မူသည်နှင့်အညီ အချိုးကျပေးဆက်ရန် ကိုယ်တော်တိုက်တွန်းတော်မူသည်။ (တရားဟောရာ ၁၆:၁၇) ဦးဆုံးတဲတော်၊ နောက်ပိုင်းတွင် ဗိမာန်တော်ကို တည်ဆောက်ချိန်ကကဲ့သို့ လူအသီးသီးတို့သည် မိမိစိတ်နှလုံးတိုက်တွန်းသည့်အတိုင်း ပေးကမ်းကြသည်။ (ထွက်မြောက်ရာ ၃၅:၂၁; ၁ ရာဇဝင်ချုပ် ၂၉:၉) စိတ်အလိုအလျောက်ပေးကမ်းသော ဤအလှူအဒါန်းများကို ယေဟောဝါ နှစ်သက်တော်မူမည်မှာမုချ!

“ခရစ်တော်၏တရား” အောက်တွင်ပေးကမ်းသမျှသည် အလိုအလျောက်ဖြစ်ရ၏။ (ဂလာတိ ၆:၂; ၂ ကောရိန္သု ၉:၇) ယင်းကြောင့် ခရစ်တော်၏တပည့်တော်များသည် မပေးဘဲနေကြသည်၊ သို့မဟုတ် လျှော့ပေးကြသည်ဟူ၍မဆိုလိုပါ။ အမှန်မှာတခြားစီပင်! ဣသရေလနိုင်ငံတွင် ယေရှုနှင့် ကိုယ်တော်၏တမန်တော်များ လိုက်လံဟောပြောနေစဉ် အမျိုးသမီးအချို့သည် သူတို့နောက်လိုက်ပြီး မိမိတို့၏ကိုယ်ပိုင်ဥစ္စာနှင့် သူတို့ကိုကျွေးမွေးပြုစုခဲ့ကြသည်။ (လုကာ ၈:၁-၃) ထိုနည်းတူ တမန်တော်ပေါလုသည် မိမိ၏သာသနာပြုလုပ်ငန်းကိုထောက်ကူသော အလှူပစ္စည်းများရရှိပြီး တစ်ဖန်သူက အကူအညီလိုသူများကို ထောက်ပံ့ပေးရန် အသင်းတော်အချို့ကို အားပေးတိုက်တွန်းခဲ့သည်။ (၂ ကောရိန္သု ၈:၁၄၊ ၁၅; ဖိလိပ္ပိ ၁:၃-၅၊ ကဘ) အလှူငွေကို ဆင်းရဲသားတို့အား ဝေငှပေးရန် ယေရုရှလင်မြို့ရှိအုပ်ချုပ်ရေးအဖွဲ့က တာဝန်ခံများကို ခန့်အပ်ထားလေသည်။ (တမန်တော် ၆:၂-၄) စင်ကြယ်သောဝတ်ပြုရေးကို ဤနည်းများဖြင့် ထောက်ပံ့ကူညီပေးခြင်းကို အစောပိုင်းခရစ်ယာန်များက အခွင့်အရေးအဖြစ် သဘောထားခဲ့ကြသည်။

သို့တိုင် ယေဟောဝါသည် ပေးကမ်းခြင်းကို အဘယ်ကြောင့်ကိုယ်တော်၏ဝတ်ပြုရေးအဝင် ဖြစ်စေခဲ့ရကြောင်း သိချင်ကြမည်။ အကြောင်းလေးခုကို သုံးသပ်ကြည့်ကြစို့။

အဘယ်ကြောင့် ကျွန်ုပ်တို့ပေးကမ်းကြ

ဦးဆုံး၊ ယေဟောဝါသည် ပေးကမ်းခြင်းကို စင်ကြယ်သောဝတ်ပြုရေးအဝင် ဖြစ်စေသည့်အကြောင်းမှာ ထိုသို့ပြုခြင်းသည် ကျွန်ုပ်တို့အတွက် ကောင်းကျိုးပြုသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ကောင်းမြတ်ခြင်းကို ကျွန်ုပ်တို့တန်ဖိုးထားလေးမြတ်ကြောင်း အလေးအနက်ဖော်ပြပါသည်။ ဥပမာ၊ ကလေးတစ်ဦးသည် မိဘတစ်ဦးအတွက် လက်ဆောင်တစ်ခု ဝယ်သည်၊ သို့မဟုတ် ပေးသည်ဆိုလျှင် မိဘဖြစ်သူသည် အဘယ်ကြောင့် ပီတိဖြစ်ရသနည်း။ ဤနည်းမှလွဲ၍ မိဘဖြစ်သူ မရရှိနိုင်သည့် အလွန်လိုအပ်နေသောအရာကို ထိုလက်ဆောင်က ဖြည့်စွက်ပေး၍လော။ ထိုသို့ဖြစ်ချင်မှဖြစ်မည်။ ယင်းကြောင့်မဟုတ်ဘဲ ကလေးသည် ကျေးဇူးတင်စွာ ပေးကမ်းလိုစိတ်ရှိသည်ကို မိဘတွေ့မြင်၍ ဝမ်းသာခြင်းဖြစ်သည်။ အလားတူအကြောင်းများကြောင့် ပေးကမ်းကြရန် ကျွန်ုပ်တို့ကို ယေဟောဝါတိုက်တွန်းပြီး ထိုသို့ပြုသည့်အခါ ကိုယ်တော်ဝမ်းသာအားရတော်မူခြင်းဖြစ်သည်။ ကျွန်ုပ်တို့အပေါ် ရက်ရောစွာ သွန်းလောင်းပေးသမျှ ကရုဏာတော်ကို ကျွန်ုပ်တို့တကယ်ကျေးဇူးတင်ကြောင်း ကိုယ်တော်အား ဤနည်းဖြင့် တင်ပြကြသည်။ ကိုယ်တော်သည် “ကောင်းမြတ်စုံလင်သောဆုကျေးဇူးရှိသမျှ” ကိုပေးသနားတော်မူသောအရှင်ဖြစ်တော်မူသည့်အတွက် ကိုယ်တော့်အား ကျေးဇူးတော်ချီးမွမ်းစရာအကြောင်းများ ကုန်ခန်းနိုင်လိမ့်မည်မဟုတ်ပါ။ (ယာကုပ် ၁:၁၇) အခြားသောအမှုအရာတို့ထက် ယေဟောဝါသည် ကျွန်ုပ်တို့ထာဝရအသက်ရစေရန် ကိုယ်တော်တိုင်၏တစ်ပါးတည်းသောသားတော်ကို အသေခံစေတော်မူခဲ့ပြီ။ (ယောဟန် ၃:၁၆) ကိုယ်တော်အား ကျေးဇူးတင်မဆုံးနိုင်ပေ။

ဒုတိယ၊ ကျွန်ုပ်တို့သည် ပေးကမ်းစွန့်ကြဲခြင်းကိုအကျင့်လုပ်ခြင်းအားဖြင့် ယေဟောဝါနှင့် ကိုယ်တော်၏သားတော် ယေရှုခရစ်တို့အား အရေးအကြီးဆုံးနည်းအရ တုပတတ်ရန်သင်ယူရာရောက်သည်။ ယေဟောဝါသည် တစ်သမတ်တည်း ပေးကမ်းနေတော်မူသည်၊ အမြဲရက်ရောတော်မူသည်။ သမ္မာကျမ်းစာဖော်ပြသည့်အတိုင်း ကိုယ်တော်သည် ကျွန်ုပ်တို့အား “ဇီဝအသက်နှင့်တကွ ထွက်သက်ဝင်သက်မှစ၍ ခပ်သိမ်းသောအရာတို့ကို” ပေးသနားတော်မူ၏။ (တမန်တော် ၁၇:၂၅) ကျွန်ုပ်တို့အသက်ရှူတိုင်း၊ အစာစားတိုင်း၊ ဘဝအသက်တာတွင် ပြည့်ဝပျော်ရွှင်မှု ခံစားရတိုင်း ကိုယ်တော်အား လျောက်ပတ်သင့်တော်စွာ ကျေးဇူးတင်သင့်ပေသည်။ (တမန်တော် ၁၄:၁၇) ယေရှုသည် မိမိ၏ခမည်းတော်နည်းတူ ပေးကမ်းစွန့်ကြဲသောစိတ်ဓာတ်ကို တင်ပြတော်မူခဲ့သည်။ ကိုယ်တော်သည် တွန့်တိုခြင်းမရှိ မိမိကိုယ်ကိုပေးသနားတော်မူ၏။ ယေရှုသည် အံ့ဖွယ်ရာများကို အဆုံးရှုံးခံပြုတော်မူခဲ့ကြောင်း သင်သိပါသလော။ ကိုယ်တော်သည် လူနာကို ရောဂါကုသပေးသည့်အခါ “ကိုယ်တော်အထဲက တန်ခိုးထွက်” သွားကြောင်းကျမ်းစာတွင် တစ်ကြိမ်ထက်မက တင်ပြထားသည်။ (လုကာ ၆:၁၉; ၈:၄၅၊ ၄၆) ယေရှုသည် အလွန်ရက်ရောတော်မူသဖြင့် မိမိအသက်ကိုပင် သေခြင်း၌ သွန်းတော်မူခဲ့သည်။—ဟေရှာယ ၅၃:၁၂။

ထို့ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အချိန်၊ ခွန်အား၊ စည်းစိမ်ဥစ္စာကို ပေးကမ်းစွန့်ကြဲသည့်အခါ ယေဟောဝါကို တုပနေကြပြီး ကိုယ်တော့်စိတ်တော် ရွှင်လန်းစေတော်မူသည်။ (သု. ၂၇:၁၁; ဧဖက် ၅:၁) ယေရှုခရစ်ထားတော်မူခဲ့သော လူတို့ကျင့်ရမည့် စုံလင်သည့်ပုံစံကို ကျွန်ုပ်တို့တုပခြင်းလည်းဖြစ်သည်။—၁ ပေတရု ၂:၂၁။

တတိယ၊ ပေးကမ်းစွန့်ကြဲခြင်းသည် အမှန်တကယ် အရေးတကြီးလိုအပ်ရာများကို ဖြည့်စွက်ပေးပါသည်။ မှန်ပါ၏၊ ယေဟောဝါသည် နှုတ်ကပါဌ်တရားတော်ကိုဟောပြောရန် ကျွန်ုပ်တို့ကို အသုံးပြုမည့်အစား ကျောက်ခဲများကို ကြွေးကြော်စေနိုင်တော်မူသည့်နည်းတူ ကျွန်ုပ်တို့၏အကူအညီမပါဘဲ ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားအတွက် ကိုယ်တော်အလွယ်တကူ လုပ်ဆောင်နိုင်တော်မူသည်။ (လုကာ ၁၉:၄၀) သို့သော် ကိုယ်တော်သည် ကျွန်ုပ်တို့ကို ဤအခွင့်အရေးများအပ်နှင်း၍ ဂုဏ်ပြုရန် အလိုရှိတော်မူသည်။ ထို့ကြောင့် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွား တိုးပွားစေရန် ကျွန်ုပ်တို့၏ဥစ္စာဓနကို ပေးကမ်းသောအခါ ကျွန်ုပ်တို့သည် ကမ္ဘာပေါ်ဆောင်ရွက်နေသည့် အရေးတကာ့အရေးအကြီးဆုံးလုပ်ငန်းတွင် ပါဝင်နေကြောင်း သိရှိရ၍စိတ်ကျေနပ်မှုရရှိကြသည်။—မဿဲ ၂၄:၁၄။

ယေဟောဝါသက်သေများ၏ ကမ္ဘာချီလုပ်ငန်းကိုထမ်းဆောင်ရန် ငွေကြေးထောက်ပံ့မှုလိုအပ်ကြောင်း ပြောစရာမလိုပါ။ ၁၉၉၅ လုပ်ငန်းတော်နှစ်အတွင်း အသင်းမသည် အထူးရှေ့ဆောင်၊ သာသနာပြုနှင့် နယ်လှည့်ကြီးကြပ်မှူးများကို သူတို့၏လုပ်ငန်းတာဝန်ကျရာအရပ်အသီးသီးတွင် ထောက်ပံ့ကူညီပေးရန်အတွက်သာ ဒေါ်လာသန်း ၆၀ နီးပါးအသုံးပြုခဲ့သည်။ သို့ရာတွင် ဤစရိတ်စကကို ကမ္ဘာတစ်ဝန်း ဌာနခွဲရုံးများ၊ ပုံနှိပ်တိုက်အဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့် လုပ်ငန်းလည်ပတ်ရေးအတွက် စရိတ်စကများနှင့် နှိုင်းယှဉ်လေသော် မဖြစ်စလောက်သာဖြစ်သည်။ သို့တိုင် ယင်းတို့အားလုံးကို အလှူငွေများကြောင့် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်တကား!

များသောအားဖြင့် ယေဟောဝါသက်သေတို့သည် မိမိတို့မချမ်းသာသည့်အတွက် အခြားသူများတာဝန်ယူလိမ့်မည်ဟု မယူဆကြပါ။ ယင်းသဘောထားသည် ကျွန်ုပ်တို့၏ဝတ်ပြုရေးအဝင်ဖြစ်သော ဤကဏ္ဍကို ပျက်ကွက်စေနိုင်သည်။ တမန်တော်ပေါလုပြောသည့်အတိုင်း မာကေဒေါနိပြည်ရှိ ခရစ်ယာန်များသည် “ဥစ္စာပြုန်းတီးသောညှဉ်းဆဲခြင်း” ဒဏ်ကိုခံနေ၏။ သို့တိုင် သူတို့သည် ပေးကမ်းစွန့်ကြဲခွင့်ရရှိရန် တောင်းပန်ကြ၏။ သူတို့သည် “တတ်နိုင်သမျှထက်” ပေးကမ်းခဲ့ကြောင်း ပေါလုသက်သေခံ၏။—၂ ကောရိန္သု ၈:၁-၄။

စတုတ္ထ၊ ယေဟောဝါသည် ပေးကမ်းစွန့်ကြဲခြင်းကို စစ်မှန်သောဝတ်ပြုရေးအဝင် ဖြစ်စေတော်မူရခြင်းအကြောင်းမှာ ပေးကမ်းစွန့်ကြဲခြင်းသည် ကျွန်ုပ်တို့အား ပျော်ရွှင်မှုပေးမည်ဖြစ်သောကြောင့်တည်း။ ယေရှုကိုယ်တော်တိုင်က “ခံယူခြင်းထက် ပေးကမ်းခြင်း၌ ပျော်ရွှင်မှုသာ၍ရှိ၏” ဟုမိန့်တော်မူခဲ့သည်။ (တမန်တော် ၂၀:၃၅၊ ကဘ) ထိုပုံစံအတိုင်း ကျွန်ုပ်တို့ကို ယေဟောဝါ ပြုလုပ်ထားတော်မူသည်။ ယင်းကြောင့် ကိုယ်တော်အား ကျွန်ုပ်တို့မည်မျှပင်ပေးဆက်စေကာမူ ကျေးဇူးတင်မဆုံးဖြစ်ရခြင်းဖြစ်ပေမည်။ ဝမ်းသာစရာကား ကျွန်ုပ်တို့ပေးကမ်းစွန့်ကြဲနိုင်သည်ထက်ပေးကမ်းရန် ယေဟောဝါတောင်းဆိုတော်မမူခြင်းဖြစ်သည်။ မိမိတို့တတ်နိုင်သမျှ ဝမ်းသာအားရစွာပေးကမ်းသည့်အခါ ကိုယ်တော်နှစ်မြို့တော်မူကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်ပါသည်တကား!—၂ ကောရိန္သု ၈:၁၂; ၉:၇။

ပေးကမ်းခြင်းစိတ်ဓာတ်တင်ပြခြင်းကြောင့် ကောင်းချီးများရရှိ

အစောပိုင်းကဥပမာကိုပြန်ကြည့်ရာ ဇရတ္တမြို့ငယ်မှမုဆိုးမသည် ဧလိယ စားသုံးရန်အစာကို အခြားသူတစ်ဦး ပေးနိုင်ပါမည်ဟု ဆင်ခြေတက်ခဲ့မည်ဆိုပါစို့။ သို့ပြုခဲ့လျှင် သူမသည် ကောင်းချီးကို လက်လွတ်ဆုံးရှုံးခဲ့မည်ပါတကား!

ပေးကမ်းခြင်းစိတ်ဓာတ် တင်ပြသူများကို ယေဟောဝါကောင်းချီးပေးကြောင်း ငြင်းစရာမရှိပါ။ (သု. ၁၁:၂၅) ဇရတ္တမြို့မှမုဆိုးမသည် မိမိ၏နောက်ဆုံးစားစရာဟု ထင်မှတ်ခဲ့သည့်အစာကို သူတစ်ပါးအားကျွေးခဲ့သောကြောင့် နစ်နာမသွားပါ။ ယေဟောဝါသည် သူမကို အံ့ဖွယ်ရာဖြင့် အကျိုးပေးတော်မူခဲ့သည်။ ဧလိယကတိပြုခဲ့သည့်အတိုင်းပင် မိုးပြန်မရွာမချင်း သူမ၏မုန့်အိုးနှင့်ဆီအိုးတို့သည် မကုန်မခန်းခဲ့ပါ။ သို့သော် ထိုထက်မက ကြီးမားသော အကျိုးကျေးဇူးကို သူမခံရသေးသည်။ သူမ၏သားသည် ဖျားနာပြီး သေဆုံးသွားသောအခါ စစ်မှန်သောဘုရားသခင်၏လူ ဧလိယသည် သူမ၏သားကိုပြန်အသက်ရှင်စေခဲ့သည်။ ယင်းကြောင့် သူမသည် ဝိညာဏတည်ဆောက်မှု မည်မျှရရှိခဲ့မည်ပါတကား!—၃ ဓမ္မရာဇဝင် ၁၇:၁၆-၂၄။

ယနေ့ အံ့ဖွယ်အမှုများအားဖြင့် ကောင်းချီးခံစားရရန် ကျွန်ုပ်တို့မမျှော်လင့်ကြပါ။ (၁ ကောရိန္သု ၁၃:၈) သို့သော် စိုးလ်အပြည့် ယေဟောဝါ၏အမှုတော်ဆောင်သူများကို ကိုယ်တော်ထောက်မကူညီတော်မူမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ကို ယုံကြည်စိတ်ချစေတော်မူသည်။ (မဿဲ ၆:၃၃) ထို့ကြောင့် ကျွန်ုပ်တို့ကို ယေဟောဝါကြည့်ရှုပြုစုတော်မူမည်ဟု စိတ်ချလျက် ဇရတ္တမြို့မှမုဆိုးမနည်းတူ ရက်ရက်ရောရောပေးနိုင်ပါသည်။ ကျွန်ုပ်တို့လည်း ကြီးမားသောဝိညာဏအကျိုးကျေးဇူးများကို ခံစားနိုင်သည်။ ကျွန်ုပ်တို့၏ပေးကမ်းခြင်းသည် စိတ်ကူးပေါက်၍လုပ်ကိုင်လိုက်ခြင်းမဟုတ်ဘဲ မှန်မှန်ပြုလေ့ပြုထရှိသောအမှုဖြစ်မည်ဆိုလျှင် ယေရှုအကြံပေးတော်မူခဲ့သည့်အတိုင်း ကျွန်ုပ်တို့၏မျက်စိကို ရိုးရှင်းစွာထားပြီး ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားများအပေါ် အာရုံစိုက်နေရန် အကူအညီရပါလိမ့်မည်။ (လုကာ ၁၁:၃၄; ၁ ကောရိန္သု ၁၆:၁၊ ၂ နှိုင်းယှဉ်။) ကျွန်ုပ်တို့သည် ယေဟောဝါနှင့်ယေရှု၏ လုပ်ဖော်ကိုင်ဖက်များအဖြစ် ကိုယ်တော်တို့နှင့် ပိုမိုရင်းနှီးလာရန် အကူအညီရပေဦးမည်။ (၁ ကောရိန္သု ၃:၉) ထို့ပြင် ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါအားဝတ်ပြုသူများ၏ အမှတ်အသားဖြစ်နှင့်ပြီးသော ရက်ရောစွာပေးကမ်းခြင်းစိတ်ဓာတ်ကို တိုးပွားစေပါလိမ့်မည်။

[စာမျက်နှာ ၃၁ ပါ လေးထောင့်ကွက်]

အချို့သူများလှူဒါန်းလိုပုံ

ကမ္ဘာချီလုပ်ငန်းအတွက်ပါဝင်လှူဒါန်းခြင်း

များစွာသောသူတို့သည် “ကမ္ဘာချီလုပ်ငန်းအတွက်အလှူငွေ—မဿဲ ၂၄:၁၄” ဟုရေးထားသောအလှူငွေသေတ္တာတွင်ထည့်ဝင်ရန် မိမိတို့၏ငွေကြေးများကို စီမံခန့်ခွဲထားကြသည်။ အသင်းတော်များသည် ယင်းအလှူငွေများကို ဘရွတ်ကလင်နယူးယောက်ဌာနချုပ် သို့မဟုတ် ဒေသခံဌာနခွဲရုံးသို့ လစဉ်ပေးပို့ကြသည်။

စေတနာအလျောက်ငွေကြေးအလှူငွေများကို Treasurer’s Office, Watch Tower Bible and Tract Society of Pennsylvania, 25 Columbia Heights, Brooklyn, New York 11201-2483, သို့မဟုတ် သင့်နိုင်ငံကိုကြည့်ရှုသော အသင်း၏ရုံးသို့ တိုက်ရိုက်ပေးပို့နိုင်သည်။ ကျောက်မျက်ရတနာနှင့် အခြားတန်ဖိုးရှိအရာများကိုလည်းလှူဒါန်းနိုင်သည်။ ဤသို့ပေးပို့လှူဒါန်းရာတွင် လုံးလုံးလျားလျားလှူဒါန်းကြောင်းဖော်ပြသည့် စာတိုကလေးပါထည့်ပေးသင့်သည်။

ကန့်သတ်ချက်ဖြင့်လှူဒါန်းခြင်းအစီအစဉ်

ကင်းမျှော်စင်အသင်းသို့ ငွေကြေးလွှဲအပ်ထားပေးနိုင်ပြီး လှူဒါန်းသူမသေဆုံးမီ သူ၏ကိုယ်ရေးကိုယ်တာ လိုအပ်ချက်ရှိပါက ပြန်လည်ပေးအပ်မည်ဟုစီစဉ်ထားနိုင်သည်။ ထပ်မံသိလိုပါက အထက်တွင် ဖော်ထားသောလိပ်စာရှိ Treasurer’s Office ကိုစာရေးမေးမြန်းနိုင်သည်။

ပေးကမ်းရန် စီစဉ်ထားခြင်း

ငွေကြေးလုံးလုံးလျားလျားပေးအပ်ခြင်းနှင့် ကန့်သတ်ချက်ဖြင့်ငွေလှူဒါန်းခြင်းအပြင် ကမ္ဘာချီနိုင်ငံတော်လုပ်ငန်းကို အထောက်အကူပြုရန် အခြားပေးကမ်းနည်းများရှိသည်။ ၎င်းတို့တွင် အောက်ပါနည်းများပါဝင်သည်။

အာမခံ– ကင်းမျှော်စင်အသင်းအမည်ဖြင့် အသက်အာမခံကြေးခံစားခွင့်များ၊ အငြိမ်းစားခံစားခွင့်များကို ပြုလုပ်ပေးနိုင်သည်။ သို့ပြုလိုလျှင် အသင်းမကိုအကြောင်းကြားပါ။

ဘဏ်စာရင်းများ– ဘဏ်ရှင်းတမ်းများ၊ ငွေစုစာအုပ်များ၊ အငြိမ်းစားခံစားခွင့်စာရင်း (ပင်စင်စာအုပ်) များကို ဒေသန္တရဘဏ်စည်းကမ်းများအရ ကင်းမျှော်စင်အသင်းထံ အပ်နှံ သို့မဟုတ် ကာယကံရှင်သေဆုံးမှ လွှဲပြောင်းပေးရန်စီစဉ်နိုင်သည်။ ယင်းအစီအစဉ်တစ်စုံတစ်ခုအတွက် အသင်းမကိုအကြောင်းကြားပါ။

အစုရှယ်ယာလက်မှတ်နှင့်ငွေချေးစာချုပ်များ– အစုရှယ်ယာလက်မှတ်များနှင့် ငွေချေးစာချုပ်များကို ကင်းမျှော်စင်အသင်းသို့လုံးလုံးလျားလျားပေးအပ်၍ဖြစ်စေ၊ ထပ်မံဝင်ငွေများကို လှူဒါန်းသူအားပေးရသည့် အစီအစဉ်ဖြင့်ဖြစ်စေလှူဒါန်းနိုင်သည်။

အိမ်ရာအဆောက်အအုံများ– ရောင်းချနိုင်သောအိမ်ရာအဆောက်အအုံများကို ကင်းမျှော်စင်အသင်းသို့လုံးလုံးလျားလျားဖြစ်စေ၊ လှူဒါန်းသူအသက်ရှင်နေသရွေ့နေထိုင်ရန် အပိုင်းကိုချန်လှပ်၍ဖြစ်စေ ပေးအပ်လှူဒါန်းနိုင်သည်။ ဤသို့ပေးလှူရန်စာချုပ်စာတမ်းမပြုမီ အသင်းမကိုအကြောင်းကြားသင့်သည်။

သေတမ်းစာနှင့်လွှဲအပ်စာများ– ပစ္စည်းဥစ္စာ သို့မဟုတ် ငွေကြေးများကိုကင်းမျှော်စင်အသင်းသို့ တရားဝင်သေတမ်းစာဖြင့် အမွေပေးလှူဒါန်းနိုင်သည်။ သို့မဟုတ် လွှဲအပ်စာချုပ်တွင် အသင်းမကအကျိုးခံစားခွင့်ရှိသူ အဖြစ်ပါဝင်စေနိုင်သည်။ ဤသို့ ဘာသာရေးအဖွဲ့အစည်းကိုလွှဲအပ်ရာတွင် အခွန်နှင့်ပတ်သက်သည့်အကျိုးအမြတ် တစ်စုံတစ်ခုကိုဖြစ်ထွန်းစေပေမည်။ သေတမ်းစာသို့မဟုတ် လွှဲအပ်စာချုပ်တစ်စောင်ကို အသင်းမထံပို့ပေးသင့်သည်။

ပေးကမ်းရန် စီစဉ်ထားသည့်နည်းတစ်ခုခု၌ စိတ်ဝင်စားသူများသည် အောက်ဖော်ပြပါလိပ်စာတွင်တည်ရှိသည့် ပေးကမ်းရန် စီစဉ်ထားခြင်းဌာန သို့မဟုတ် သင့်နိုင်ငံကိုကြည့်ရှုသော အသင်း၏ရုံးသို့ စာရေးမေးမြန်းနိုင်သည်။ ပေးကမ်းရန် စီစဉ်ထားခြင်းဌာနသည် အစီအစဉ်တစ်စုံတစ်ခုနှင့်စပ်လျဉ်းသည် သက်ဆိုင်ရာ စာရွက်စာတမ်းတစ်စုံရသင့်သည်။

အဖွဲ့အစည်းသည် ပေးကမ်းရန် စီစဉ်ထားခြင်း ဟု ခေါင်းစဉ်တပ်ထားသည့် အင်္ဂလိပ်ဘာသာဖြင့် ဘရိုရှာတစ်စောင်ကို ပြင်ဆင်ထားပါသည်။ အဖွဲ့အစည်းသို့ အထူးလက်ဆောင်ကို ယခု သို့မဟုတ် သေဆုံးသောအခါမှ သေတမ်းစာနှင့်လွှဲအပ်ပေးရန် စီစဉ်နေသော အမေရိကန်ရှိသူများအတွက် ဤသတင်းသည် အထောက်အကူပြုကြောင်း တွေ့ရပေမည်။ အထူးသဖြင့် လက်ဆောင် သို့မဟုတ် သေတမ်းစာ၏ကုန်ကျစရိတ်လျော့နည်းစေရန် အခွန်မှအကျိုးခံစားခွင့်ကိုအသုံးပြုပြီး အချို့သောမိသားစုပန်းတိုင် သို့မဟုတ် သေသောအခါ ရရန်ပေးရန်အစီအစဉ်ရည်မှန်းချက်ကို ပြီးမြောက်အောင်ဆောင်ရွက်လိုပါက ယင်းအချက်မှန်ကန်ပေသည်။ ဤဘရိုရှာကို ရရှိလိုလျှင် စာအားဖြင့်လည်းကောင်း၊ ဖုန်းဖြင့်လည်းကောင်း မှာယူနိုင်ပါသည်။

ပေးကမ်းရန် စီစဉ်ထားခြင်းဌာန

Watch Tower Bible and Tract Society of Pennsylvania

100 Watchtower Drive, Patterson, New York 12563-9204

Telephone: (914) 878-7000

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ