ကျွန်ုပ်တို့ “နှုတ်ကပါဌ်တော်ကိုဟောပြော”
၁ “နောက်ဆုံးအချိန်” နှင့်ပတ်သက်သည့်ကျမ်းစာဖော်ပြချက်မှန်ကန်ကာ ယခုခေတ်လူအများစုတွင် “ဘုရားရေးရာဆည်းကပ်ဝတ်ပြုသည့်ပုံစံ” မျှသာရှိသည်။ (၂ တိ. ၃:၁၊ ၅၊ ကဘ) ဤသို့ဖြစ်ရခြင်းမှာ ဘာသာရေးခေါင်းဆောင်များသည် သူတို့၏သိုးစုကို စစ်မှန်သောဝိညာဏလမ်းပြမှုပေးရန် ပျက်ကွက်ကြသောကြောင့်တည်း။ ခရစ်ယာန်ဘောင်ဓမ္မဆရာများသည် သမ္မာကျမ်းစာကိုမထောက်ခံကြပါ။ သူတို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဟောပြောမည့်အစား အတွေးအခေါ်ပညာရှင်များနှင့်ဓမ္မပညာရှင်များ၏ အချည်းနှီးသွန်သင်ချက်များကို အလွတ်ကျက်ဟောပြောရန် သို့မဟုတ် လူမှုရေးနှင့်နိုင်ငံရေးကိစ္စများကို ဆွေးနွေးတင်ပြရန် ပိုနှစ်သက်ကြသည်။ ဘာသာရေးခေါင်းဆောင်များစွာသည် သမ္မာကျမ်းစာကိုမယုံကြည်ကြပါ။ ခေတ်မမီတော့ဟုယူဆကာ မဟာဖန်ဆင်းရှင်နှင့်ပတ်သက်သည့် ကျမ်းစာသွန်သင်ချက်အစား ဆင့်ကဲအယူကို စဉ်းလဲကောက်ကျစ်စွာဖြင့် ပြုစုပျိုးထောင်ကြသည်။ ဓမ္မဆရာအများစုသည် ဘုရားသခင့်ကိုယ်ပိုင်နာမတော်ကိုပင် မသုံးကြတော့ဘဲ ခေတ်သစ်ဘာသာပြန်ကျမ်းများမှ ဖျောက်ဖျက်ပစ်ခြင်းကို မကန့်ကွက်ကြပါ။
၂ ယေရှုအချိန်ကဘာသာရေးခေါင်းဆောင်များကဲ့သို့ ယခုခေတ်ဓမ္မဆရာများသည် အချည်းနှီးဟောပြောကြသည်။ (မ. ၁၅:၈၊ ၉) ပရောဖက်အာမုတ်ကြိုပြောသကဲ့သို့ပင်ဖြစ်သည်။ “အစာခေါင်းပါး၍ မွတ်သိပ်ခြင်းဘေးမဟုတ်၊ ရေငတ်ခြင်းဘေးလည်းမဟုတ်၊ ထာဝရဘုရား၏အမိန့်တော်ကို မကြားရသောမွတ်သိပ်ခြင်းဘေး” သင့်နေပါသည်။ (အာ. ၈:၁၁) လူတို့သည် အခြားမည်သည့်အရာထက်မဆို ဘုရားသခင့်နှုတ်ကပါဌ်တော်ဝိညာဉ်အစာကို ပိုလိုအပ်သည်။
၃ လူတို့၏ဝိညာဏလိုအပ်ချက်ကိုဖြည့်စွက်ပုံ– ပေါလုက တိမောသေအား “ကယ်တင်ခြင်းအလိုငှာပညာကိုပေးနိုင်သောဓမ္မကျမ်းစာ” ကိုစွဲကိုင်ရန်တိုက်တွန်းကာ “နှုတ်ကပါဌ်တော်ကိုဟောပြော” ရန်ကြီးလေးသောတာဝန်ကိုအပ်နှင်းခဲ့သည်။ (၂ တိ. ၃:၁၄၊ ၁၅; ၄:၂) ယေဟောဝါသက်သေများအနေနှင့် ကျွန်ုပ်တို့သည် ဟောပြောစဉ် ကျမ်းစာသွန်သင်ချက်များကို စွဲကိုင်ရမည်ဖြစ်ပြီး ထိုသို့အားဖြင့် ဤသို့မိန့်မြွက်ခဲ့သူ ကျွန်ုပ်တို့၏စံနမူနာရှင်ယေရှုကိုတုပကြသည်– “ငါဟောသောဒေသနာသည် ငါ၏ဒေသနာမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူ၏ဒေသနာဖြစ်၏။” (ယော. ၇:၁၆) ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ကျွန်ုပ်တို့သွန်သင်ချက်၏အခြေခံအဖြစ် အသုံးပြုကြသည်။ အကြောင်းမှာ ယင်းတွင် ဘုရားရေးရာဉာဏ်ပညာပါဝင်သည်ကို အသိအမှတ်ပြုကြပြီး ကျွန်ုပ်တို့ဝေမျှသောသတင်း၏ဇာစ်မြစ်ကို လူတို့အားသိစေလိုသောကြောင့်ဖြစ်သည်။—၁ ကော. ၂:၄-၇။
၄ လူတို့သည် ယေဟောဝါအကြောင်းသိရန်နှင့် ကိုယ်တော်၌ယုံကြည်ခြင်းတင်ပြရန် သမ္မာကျမ်းစာမှသမ္မာတရားကို ဦးဆုံးကြားရမည်။ ပေါလု ကျိုးကြောင်းညီညွတ်စွာဤသို့ရေးခဲ့သည်– “သတင်းမကြားလျှင် အဘယ်သို့ယုံကြည်နိုင်မည်နည်း။ ဟောပြောသူမရှိလျှင် အဘယ်သို့ကြားနိုင်မည်နည်း။” (ရော. ၁၀:၁၄) ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုဟောပြောစဉ် တိကျမှန်ကန်သောအသိပညာအားဖြင့် ယုံကြည်ခြင်းရှိလာရန် အခြားသူတို့ကိုကူညီကြသည်။ ယင်းသို့သောအသိပညာသည် အသက်တာကိုပို၍ကောင်းလာရန် ပြောင်းလဲပေးနိုင်ပြီး၊ ပြောင်းလဲနေစေသည်။ အင်္ဂလိပ်စာရေးဆရာ ချားလ်စ်ဒစ်ကင်စ်က သမ္မာကျမ်းစာနှင့်ပတ်သက်၍ဤသို့ရေးသည်– “ကမ္ဘာပေါ်ရှိခဲ့ဖူးသမျှ သို့မဟုတ် ရှိလာဦးမည့်စာအုပ်များတွင် အကောင်းဆုံးစာအုပ်ဖြစ်သည်။ အကြောင်းမှာ ဖြောင့်မတ်ပြီးယုံကြည်ခြင်းရှိရန်ကြိုးစားသူ လူသားသတ္တဝါတိုင်းကို လမ်းပြမှုပေးနိုင်ခြင်းဖြင့် အကောင်းဆုံးသွန်သင်ချက်များကို သင့်အားသွန်သင်ပေးသောကြောင့်ဖြစ်သည်။”
၅ ဝိညာဏသမ္မာတရားကိုဆာမွတ်သူတို့က ယင်းသည် ဘုရားသခင့်နှုတ်ကပါဌ်တော်၏ အခွင့်အာဏာဖြင့်ထောက်ခံချက်ကိုရရှိထားကြောင်း အသိအမှတ်ပြုကြသည်။ လွန်ခဲ့သည့် ၁၉၁၃ ခုနှစ်တွင် ဖရက်ဒရစ် ဒဗ္ဗလျူဖရန့်ဇ် ကောလိပ်ကျောင်းသားဘဝက လူသေများအဘယ်မှာရှိသနည်း ခေါင်းစဉ်တပ်ထားသည့်စာအုပ်ငယ်တစ်အုပ်ကိုရရှိခဲ့သည်။ ဤမေးခွန်းအတွက်ကျမ်းစာအဖြေကို အလွန်စိတ်ဝင်တစားဖတ်ပြီးနောက် သူဤသို့ကြေညာသည်– “ဒါဟာ သမ္မာတရားဖြစ်တယ်။” သမ္မာတရားရှာဖွေသူသန်းပေါင်းများစွာလည်း ဤသို့ပင်ခံစားလာကြသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဝီရိယနှင့် ဇွဲရှိရှိဖြင့်ဟောပြောကာ ထိုသို့သောအားဖြင့်– “ဒါဟာ သမ္မာတရားဖြစ်တယ်” ဟုအခြားသူများပြောဆိုကြသည်ကိုကြားရခြင်းမှ ရရှိမည့် ရွှင်လန်းမှုတွင် မျှဝေခံစားကြစို့။