လူအပေါင်းတို့သည် ကယ်တင်ခြင်းခံရမည်
၁ “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေခြင်းငှာ” ယေဟောဝါအလိုတော်ရှိသည်။ (၁ တိ. ၂:၄) လူတို့သည် မျိုးရိုး၊ နောက်ခံနှင့် ပတ်ဝန်းကျင်တို့၏သြဇာလွှမ်းမိုးမှုကို အတော်အတန်ခံရသော်လည်း လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိပြီး မိမိတို့၏အသက်တာကို မည်သို့အသုံးပြုရမည်ကို တစ်ဦးချင်းစီရွေးချယ်နိုင်သည်။ သူတို့သည် ကောင်းမှုကိုလုပ်ပြီးအသက်ရှင်နိုင်သည်၊ သို့မဟုတ် မကောင်းမှုကိုလုပ်ပြီး အသက်ဆုံးရှုံးနိုင်သည်။ (မ. ၇:၁၃၊ ၁၄) ဤသိနားလည်မှုက နိုင်ငံတော်သတင်းကောင်းဖြင့် ကျွန်ုပ်တို့ချဉ်းကပ်သည့်လူတို့အပေါ်ရှုမြင်ပုံကို မည်သို့အကျိုးသက်ရောက်ပါသနည်း။
၂ လူတို့၏သမ္မာတရားစိတ်ဝင်စားမှုကို လူမျိုးရေး၊ ယဉ်ကျေးမှုနောက်ခံ၊ လူမှုရေးအဆင့်အတန်းတို့ ဖြင့် အဆုံးအဖြတ်ပေးသည်ဟု မယူမှတ်သင့်ပေ။ သမ္မာတရားသည် ပညာရေးအကန့်အသတ်သာရှိသူ သို့မဟုတ် အဆင့်မြင့်ပညာရှိသူ၊ အတတ်ပညာရှင်များ၊ ဘုရားမဲ့ဝါဒီ၊ ဘုရားသခင်ကိုမယုံကြည်သူနှင့် နာမည်ကြီးလူဆိုးများကိုပင် ဆွဲဆောင်နိုင်ပါသည်။ နောက်ခံနှင့်လူမှုရေးအဆင့်အတန်းအမျိုးမျိုးမှလူတို့သည် သူတို့၏ယခင်အကျင့်လမ်းစဉ်မှပြောင်းလဲကာ ယခုအခါ ဘုရားသခင့်ကမ္ဘာသစ်အသက်တာကို ရရှိဖို့ရှုမျှော်နေကြသည်။ (သု. ၁၁:၁၉) ထို့ကြောင့် ကျွန်ုပ်တို့သည် နိုင်ငံတော်သတင်းတရားဖြင့် အသက်တာလမ်းစဉ်အမျိုးမျိုးရှိသူတို့ထံ ချဉ်းကပ်ဖို့မတွန့်ဆုတ်သင့်ပါ။
၃ ဤပုံသက်သေများကို သုံးသပ်ပါ– လူတစ်ဦးသည် သူ၏ပထွေးကိုသတ်ရန်အကြံရှိခဲ့သော်လည်း မသတ်ဖြစ်ပါ။ နောက်ပိုင်း သူ့ကိုယ်ကိုသူသတ်သေရန် ဆုံးဖြတ်ခဲ့သော်လည်း အထမမြောက်ခဲ့ပါ။ ခိုးမှုနှင့်မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် ထောင်ကျပြီးနောက် အိမ်ထောင်ပြိုကွဲခဲ့ရသည်။ ယနေ့ ဤသူသည် ရိုးသားဖြောင့်မတ်စွာအသက်ရှင်နေထိုင်ပြီး ပျော်ရွှင်သောအိမ်ထောင်ကိုရရှိသည့်အပြင် သူ၏ပထွေးနှင့်ပါ ဆက်ဆံရေးကောင်းရရှိခဲ့သည်။ ခြားနားမှုကိုဖြစ်စေသည့်အရာကား အဘယ်နည်း။ သူသည် ယေဟောဝါသက်သေတို့နှင့်ကျမ်းစာလေ့လာပြီး တတ်သိသမျှကို ကျင့်သုံးသည်။ ထိုသူအား အဖတ်ဆယ်၍မရသူအဖြစ် ယေဟောဝါမယူမှတ်ခဲ့ပါ။
၄ တီဗွီသရုပ်ဆောင်တစ်ဦးအဖြစ် အမျိုးသမီးငယ်တစ်ဦး၏ကျော်ကြားမှုက သူမအားပျော်ရွှင်မှုမဖြစ်စေခဲ့ပါ။ သို့သော် သက်သေခံများ၏ကောင်းမွန်သည့်အကျင့်စာရိတ္တကြောင့် စွဲမှတ်သွားပြီး ကျမ်းစာသင်အံမှုကိုလက်ခံကာ မကြာမီမှာပင် အခြားသူများအား နိုင်ငံတော်သတင်းကောင်းအကြောင်း သိရှိရန်ကူညီပေးသည်။ တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် သူသွားသည့်နေရာတိုင်း သူ့ကိုမှတ်မိကြသော်လည်း ရုပ်ရှင်သရုပ်ဆောင်တစ်ဦးထက် ယေဟောဝါသက်သေတစ်ဦးအဖြစ် အသိခံရခြင်းကို အလိုရှိကြောင်း ပျော်ရွှင်စွာရှင်းပြသည်။
၅ သက်သေခံတစ်ဦးသည် ကင်းမျှော်စင်နှစ်စဉ်ကြေးယူသူတစ်ဦးနှင့် ကျမ်းစာသင်ရန်စီစဉ်သည်ကို အိမ်နီးချင်းတစ်ဦးကကြားလိုက်ပြီး သင်အံမှုတွင်ပါဝင်ခဲ့သည်။ ယင်းသည် မိမိရှာဖွေနေသည့်သမ္မာတရားပင်ဖြစ်ကြောင်း အိမ်နီးချင်း ချက်ချင်းသိမှတ်ခဲ့သည်! သူမနှင့်သူမခင်ပွန်းသည် ကွာရှင်းခြင်းအမိန့်ချမှတ်ချက်ကို ပယ်ဖျက်လိုက်ပြီး ပြန်လည်သင့်မြတ်ခဲ့ကြသည်။ သူမသည် နက္ခတ်ဗေဒင်ကို အလွန်လိုက်စားပြီး နတ်ဝိဇ္ဇာဂိုဏ်းတစ်ခုနှင့်ပေါင်းခဲ့သည်။ သို့သော် တန်ဖိုးကြီးသောစာအုပ်များနှင့် သူမပိုင်ဆိုင်သော နတ်ဆိုးအယူဝါဒနှင့်ဆက်နွှယ်သည့်အခြားပစ္စည်းများကို လိုလိုလားလားစွန့်ပစ်ခဲ့သည်။ သူမသည် မကြာမီမှာပင် စည်းဝေးများစတက်ကာ ဆွေမျိုးများနှင့်မိတ်ဆွေများအား အသစ်တွေ့ရှိထားသောယုံကြည်ခြင်းကို ပြောပြခဲ့သည်။ ယခုအခါ သူမသည် အခြားသူများကို အားတက်သရောသက်သေခံနေပါသည်။
၆ ကျွန်ုပ်တို့သည် မည်သူ့ကိုမဆို ကြို၍မဆုံးဖြတ်သင့်ပါ။ သို့အစား နေရာတိုင်းရှိလူတို့ထံ သတင်းကောင်းဝေမျှရာတွင် ဇွဲရှိရှိဖြင့်ပါဝင်ကြစို့။ “နှလုံးကိုကြည့်ရှု” သောယေဟောဝါသည် “လူအပေါင်းတို့၏ကယ်တင်ရှင်” ဖြစ်လာမည်ကို ယုံကြည်စိတ်ချရန် ကျွန်ုပ်တို့၌အကြောင်းကောင်းရှိပါသည်။—၁ ရာ. ၁၆:၇; ၁ တိ. ၄:၁၀၊ သတင်းကောင်း။