ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၁၀/၁၅ စာ. ၄-၇
  • မိသားစုပူပင်သောကအချိန်ကာလ၏နိမိတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိသားစုပူပင်သောကအချိန်ကာလ၏နိမိတ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ငွေနှင့်အလုပ်
  • အားနည်းသော အိမ်ထောင်ရေးနှောင်ကြိုးများ
  • အတိုက်အခိုက်ခံနေရသော လူငယ်များ
  • မိသားစုပူပင်သောက၏အရင်းအမြစ်
  • ထမြောက်အောင်မြင်သော မိသားစုများ
  • မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်ဟူ၍ ရှိပါသလော
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • မိသားစုဘဝတွင် ဘုရားသခင့်ရေးရာ ငြိမ်သက်ခြင်းကို အမီလိုက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • သင့်မိသားစုအတွက်တည်မြဲသောအနာဂတ်ကို အရယူပါ
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • မိသားစုဘဝကို အောင်မြင်စေခြင်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၁၀/၁၅ စာ. ၄-၇

မိသားစုပူပင်သောကအချိန်ကာလ၏နိမိတ်

မိသားစုပူပင်သောကကို အိမ်ထောင်မင်္ဂလာနှင့်မိဘအဖြစ်ဆိုင်ရာ ရှေးထုံးတမ်းစဉ်လာများ ကွယ်ပျောက်လုသည့်နိမိတ်အဖြစ် များစွာသောသူတို့ယူမှတ်ကြပါသည်။ အခြားသူများကမူ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာအပြောင်းအလဲများ၏ရလဒ်အဖြစ် မြင်ကြသည်။ ထို့ပြင် ခေတ်သစ်စက်မှုလက်မှုပညာ၏ အကျိုးဆက်အဖြစ်တွေ့ မြင်သူတို့ကလည်း မရှားပါ။ အမှန်မှာ၊ ယနေ့မိသားစုအများ လုံးပမ်းနေရသောပြဿနာများသည် ထိုအထင်အမြင်များထက် အဓိပ္ပာယ်လေးနက်နေပါသည်။ ၂ တိမောသေ ၃:၁-၄ ပါသမ္မာကျမ်းစာစကားကို သတိပြုပါလေ။

“နောင် [နောက်ဆုံး၊ ကဘ] ကာလသည် ခဲယဉ်းသောကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊ လူတို့သည် ကိုယ့်ကိုယ်ကိုချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကိုမချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍ နှစ်သက်သောသူ” ဖြစ်ကြလိမ့်မည်။

ဤစကားများသည် ယနေ့ဖြစ်ပျက်နေသည့်ပြဿနာများ၏ အရင်းအမြစ်ကိုဖော်ပြနေသည်မဟုတ်လော။ ဤလောက၏နောက်ဆုံးကာလအတွင်း ဖြစ်ပျက်လိမ့်မည်ဟု ကြိုတင်ဟောထားသည့်အခြေအနေများအတိုင်းပင် ယနေ့ မိသားစုလိုက် သောကရောက်နေရခြင်းဖြစ်သည်။ ဤပူပင်သောကကာလသည်လည်း ၁၉၁၄ မှစတင်ခဲ့ကြောင်း သာဓကအမြောက်အမြားက သဘောပိုက်စေသည်။a ထိုအချိန်မှစတင်၍ လူ့ထက်အင်အားကြီးမားသော နာမ်ဝိညာဉ်သား၊ စာတန်မာရ်နတ်၏သြဇာလွှမ်းမိုးမှုအဆိပ်အတောက်သည် အထူးပြင်းထန်နေပါသည်။—မဿဲ ၄:၈-၁၀။ ၁ ယောဟန် ၅:၁၉။

၁၉၁၄ ကတည်းကကမ္ဘာ့ဝန်းကျင်၌သာ သွားလာနိုင်ခွင့်ရှိသောစာတန်သည် “မိမိကာလတစ်ခဏသာရှိသည်ကိုသိ၍ ပြင်းစွာသောဒေါသအမျက်” ထွက်နေပါသည်။ (ဗျာဒိတ် ၁၂:၇-၁၂) စာတန်သည် “ကောင်းကင်ဘုံနှင့် ကမ္ဘာမြေပေါ်ရှိ အိမ်ထောင်စုမှန်သမျှတို့၏ပိုင်သအုပ်စိုးရှင်ဖြစ်တော်မူသော” ဘုရားသခင်၏ ကမ္ဘာ့ရန်သူဖြစ်သောကြောင့် ဤကမ္ဘာသည် မိသားစုများအတွက် အလွန်စိုးရိမ်ဖွယ်ရာနေရာဖြစ်လာခြင်းသည် အံ့ဩစရာဖြစ်ပါသလော။ (ဧဖက် ၃:၁၅၊ သက) လူသားရှိရှိသမျှကို ဘုရားသခင်ထံတော်မှ သွေဖည်သွားစေရန် စာတန်ကြိုးပမ်းနေပါသည်။ ဤဉာဏ်နီဉာဏ်နက်ဖြစ်မြောက်ရေးအတွက် မိသားစုများအား ပြဿနာများကို တစ်ချိန်လုံးရင်ဆိုင်စေခြင်းအားဖြင့် တိုက်ခိုက်ခြင်းထက် ကောင်းသောအခြားနည်းရှိနိုင်ပါဦးမည်လော။

လူ့ထက်အင်အားကြီးမားသော ဤတိုက်ခိုက်မှုမျိုးမှ မိသားစုများကိုကာကွယ်ပေးရန် ပါရဂူများဟုအထင်ခံရသူတို့၏ နှုတ်သွက်လျှာသွက်ပြောဆိုသော သီအိုရီများလိုအပ်လိမ့်မည်။ မည်သို့ပင်ဆိုစေ သမ္မာကျမ်းစာက စာတန်နှင့်ပတ်သက်၍ “သူ၏အကြံအစည်များကို ငါတို့သိကြ၏” ဟုဆိုထားပါသည်။ (၂ ကောရိန္သု ၂:၁၁) သူတိုက်ခိုက်တတ်သည့်နည်းအချို့ကို ကြိုတင်သိရှိထားခြင်း၌ အကာအကွယ် အနည်းနှင့်အများရှိပါသည်။

ငွေနှင့်အလုပ်

ငွေရေးကြေးရေးဖိစီးမှုသည် တိုက်ခိုက်ရန် စာတန်အသုံးပြုသည့်လက်နက်များတွင် အဆိပ်အပြင်းဆုံးတစ်ခုဖြစ်သည်။ ဤအချိန်အခါသည် “ခဲယဉ်းသောကာလ” ဖြစ်သည်။ ၂ တိမောသေ ၃:၁ ကို Revised Standard Version ပြန်ဆိုချက်အရ “ဖိစီးရာကာလ” ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အလုပ်လက်မဲ့ဖြစ်ခြင်း၊ လစာအလွန်နည်းခြင်း၊ အရင်းခံလိုအပ်ရာများချို့ငဲ့ရခြင်းတို့က မိသားစုများအတွက် အခက်အခဲဒုက္ခများစေသည်။ သို့ရာတွင် အတော်အသင့်ချမ်းသာသော အမေရိကန်နိုင်ငံတွင်ပင် ငွေရေးကြေးရေးပြဿနာဒဏ်ကိုခံကြရသည်။ အမေရိကန်နိုင်ငံစစ်ဆေးချက်တစ်ခုအရ မိသားစုအတွင်း ရန်ခိုက်ဒေါသဖြစ်ရသည့်အကြောင်းရင်းတစ်ခုမှာ ငွေရေးကြေးရေးဖြစ်ကြောင်း သိရှိရသည်။ အိမ်ထောင်ရေးတာဝန်ကျေပွန်မှုကိုတိုက်စားသည့် “အမှတ်မထင်ရန်သူ” မှာ ဝမ်းစာရှာလုပ်ငန်းကိုကြိုးပမ်းလုပ်ကိုင်ပေးရန် “အချိန်၊ အာရုံစိုက်မှုနှင့် ခွန်အား” ကုန်ခမ်းခံရခြင်းဖြစ်သည်ဟု Secrets of Strong Families စာအုပ်ကရှင်းပြပါသည်။

အခြေအနေကြောင့် အမျိုးသမီးအမြောက်အမြားလည်း အလုပ်ဝင်လုပ်နေကြရသည်။ စာရေးဆရာ ဗန်စ် ပက်ကတ်ဤအစီရင်ခံသည်။ “သုံးနှစ်အောက်အရွယ်ရှိ အမေရိကန်နို့စို့ကလေးနှင့် လမ်းလျှောက်တတ်ခါစကလေး လေးပုံပုံ အနည်းဆုံးတစ်ပုံ၏မိခင်များသည် ယခုအပြင်ထွက်အလုပ်လုပ်ကိုင်နေရရှာသည်။” ကလေးငယ်များကိုပြုစုပေးရသည့် မကုန်မခမ်းနိုင်သောဝတ်ကြီးဝတ်ငယ်များကိုဆောင်ရွက်ရပြီး တစ်ကြိမ်တည်းတွင် ဝမ်းစာရှာအလုပ်ကိုလည်းလုပ်ကိုင်ရခြင်းသည် မိဘနှင့်သားသမီးများအတွက်ပါ အကျိုးနည်းစေသည့် အလွန်ပင်ပန်းခွန်အားယုတ်လျော့စေသောတာဝန်ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် ကလေးငယ်ကိုကျေပွန်စွာပြုစုပေးမှု အလုံအလောက်မရှိသည့်အတွက် “ယနေ့သန်းပေါင်းများစွာသောကလေးသူငယ်များသည် ငယ်စဉ်တောင်ကျေးဘဝတွင် ပြုစုကြည့်ရှုမှု ရသင့်သလောက်မရကြဘဲ ဖြစ်နေပါသည်” ဟုပက်ကတ်ထပ်ဆင့်ပြောပါသည်။—Our Endangered Children.

လုပ်ငန်းခွင်ကိုယ်နှိုက်က မိသားစုစည်းလုံးမှုကို တိုက်စားတတ်သည်။ အလုပ်သမားများစွာတို့သည် လုပ်သားချင်းတို့နှင့် တိတ်တိတ်ပုန်းချစ်ကြိုက်လာတတ်ကြသည်။ အခြားသူများမှာမူ လုပ်ငန်းတွင်တိုးတက်အောင်မြင်ရေးအတွက် မိသားစုဘဝသာယာမှုကိုပင် စွန့်လွှတ်သည်အထိ သွေးဆောင်ခံရသည်။ (ဒေသနာ ၄:၄ နှိုင်းယှဉ်။) အမျိုးသားတစ်ဦးသည် အရောင်းကိုယ်စားလှယ်အလုပ်တွင်သာ အချိန်ကုန်ခံစူးစိုက်လုပ်ကိုင်လွန်းသည့်အတွက် ဇနီးဖြစ်သူက မိမိသည် “အမှန်မှာ ကြင်ဖော်မဲ့မိဘ” ဖြစ်နေသည်ဟုဆို၏။

အားနည်းသော အိမ်ထောင်ရေးနှောင်ကြိုးများ

အိမ်ထောင်မင်္ဂလာအစီအစဉ်ပင်လျှင် အတိုက်အခိုက်ခံနေရသည်။ The Intimate Environment စာအုပ်ကဤသို့ဆိုသည်။ “ယခင်ကဆိုလျှင် အိမ်ထောင်ဘက်တစ်ဦးသည် အိမ်ထောင်ကိုထိခိုက်စေသည့် မတရားမေထုန်ပြုခြင်း၊ ရက်စက်ကြမ်းတမ်းခြင်း၊ အလွန်အမင်းလျစ်လျူရှုခြင်းအမှုကိုမပြုမချင်း မောင်နှံစုံသည် အိမ်ထောင်မြဲနေကြမည်ဟုယူမှတ်ထားကြသည်။ သို့သော် ယခုဆိုလျှင် အိမ်ထောင်ပြုခြင်းကိစ္စကို မိမိတို့ဆန္ဒပြည့်ဝရန်သာ လူအများခံယူထားကြပါသည်။” အိမ်ထောင်ပြုလျှင် ပျော်ရွှင်မည်၊ ငြီးငွေ့မှု ပပျောက်မည်၊ အထီးကျန်စိတ်ရှိတော့မည်မဟုတ် ဟူ၍သဘောထားကြသည်။ လိင်ခြားသူတစ်ဦးနှင့် ရာသက်ပန်ပေါင်းမည့်သဘောထားမျိုး မရှိတော့ပါ။ အိမ်ထောင်ရေးမှ မိမိရရှိမည့်အမြတ်ကိုသာ ဂရုပြုကြတော့သည်။ အိမ်ထောင်၏သာယာမှုအတွက် မိမိမည်သို့ကြိုးပမ်းမည်ကိုကား အရေးမပေးကြတော့ချေ။ (တမန်တော် ၂၀:၃၅ ၏ဆန့်ကျင်ဘက်သဘောကိုရှု။) “အိမ်ထောင်ရေးနှင့်ပတ်သက်၍ တန်ဖိုးထားရာများဘက် ပြောင်းလဲမှုကြီး” ကအိမ်ထောင်ရေးနှောင်ကြိုးများကို များစွာအားနည်းပျော့ညံ့စေပါသည်။ ကိုယ်ကိုယ်တိုင်၏စိတ်ပျော်ရွှင်မှုပပျောက်သွားလျှင် အမြန်ဆုံးဖြေရှင်းနည်းအနေနှင့် လင်မယားကွာရှင်းရန် ဆုံးဖြတ်ကြတော့သည်။

ဤ “နောက်ဆုံးကာလ” ရှိသူများအကြောင်းကို “ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်းတန်ခိုးကိုငြင်းပယ်သောသူ” ဖြစ်လိမ့်မည်ဟူ၍သမ္မာကျမ်းစာက ကြိုတင်ဟောထားပါသည်။ (၂ တိမောသေ ၃:၄၊ ၅) အိမ်ထောင်ရေးပြိုကွဲမှုတွင် ဘာသာတရားကိုင်းရှိုင်းမှု လျော့နည်းသွားခြင်းပါဝင်သည်ဟု ပါရဂူအများယူမှတ်ကြသည်။ The Case Against Divorce စာအုပ်တွင်ဒေါက်တာ ဒီအဲန် မက်ဒဗက်ဤသို့ရေးသားထားသည်။ “အိမ်ထောင်မင်္ဂလာသည် တည်မြဲရမည်ဟု ဘုရားမှာကြားထားကြောင်း ဘာသာအများကသွန်သင်သည်။ ဘုရားတရားစိတ်မရှိ၊ ဘုရားသခင်ကိုမယုံကြည်လျှင် သင်ကြိုက်ရာကို သင်လုပ်ကိုင်လေတော့သည်။” ယင်းကြောင့် အိမ်ထောင်ရေးပြဿနာပေါ်ပေါက်လာလျှင် မောင်နှံစုံအနေနှင့် မွန်မြတ်သောဖြေရှင်းနည်းများကိုမရှာကြတော့ပါ။ “အိမ်ထောင်ရေးဘဝကို အလျင်အမြန်ပြတ်စဲစေတော့သည်။”

အတိုက်အခိုက်ခံနေရသော လူငယ်များ

မျက်မှောက်ခေတ်ဖိစီးမှုများကြောင့် ကလေးမြောက်မြားစွာတို့သည် စိတ်ဒုက္ခရောက်နေကြပါသည်။ ကိုယ့်မိဘများ၏ အပြင်းအထန်ရိုက်နှက်ခံနေရသော၊ ဆဲရေးပြောဆိုခံနေရသော သို့မဟုတ် လိင်ဆိုင်ရာမတော်မလျော်မှုများကိုခံနေရသော သားသမီးများဒုနှင့်ဒေးရှိနေပါသည်။ လင်မယားကွာရှင်းမှုကြောင့် သန်းပေါင်းများစွာတို့ကလည်း မိဘစုံညီမရှိ၍ သူတို့၏မေတ္တာ ငတ်နေရကြရှာသည်။ မိဘတို့ကွာရှင်းကြသည့် စိတ်နာကြည်းမှုကိုလည်း တစ်သက်တာလုံးခံစားသွားရကြရှာသည်။

လူငယ်များသည် အဘက်ဘက်မှ အပြင်းအထန်သြဇာလွှမ်းမိုးခံနေရကြသည်။ သာမန်အမေရိကန်လူငယ်တစ်ဦးသည် ၁၄ နှစ်အရွယ်ရောက်သည့်အခါ ရုပ်မြင်သံကြားကြည့်ရုံဖြင့် လူသတ်မှု ၁၈,၀၀၀ နှင့် အခြားအကြမ်းဖက်နည်း မြောက်မြားစွာကိုလည်းကောင်း၊ မတရားမေထုန်ပြုခြင်း၊ နှိပ်စက်၍ သာယာမှုရယူခြင်း၊ ရာဇဝတ်မှုတို့ကို တွေ့ မြင်ခဲ့မည်။ တေးသီချင်းများသည်လည်း လူငယ်များကို ဩဇာလွှမ်းမိုးပါသည်။ ယင်းတို့သည် မတော်မလျော်ဖြစ်၍ ရာဂစိတ်နှိုးဆွပေးသည့်အပြင် စာတန်ဆိုင်ရာများပင်ပါဝင်သည်။ စာသင်ကျောင်းတို့တွင် ဘုရားသခင်နှင့်သမ္မာကျမ်းစာကိုယုံကြည်မှုလျော့နည်းစေသည့် ဆင့်ကဲအယူကဲ့သို့သောအယူအဆများကို သွန်သင်ခံရကြသည်။ သက်တူရွယ်တူတိုက်တွန်းမှုကြောင့် အိမ်ထောင်မပြုမီ မေထုန်ပြုရန်၊ အရက်သေစာ သို့မဟုတ် မူးယစ်ဆေးဝါးကို တလွဲအသုံးပြုရန် တိုက်တွန်းခံရသောလူငယ် မြောက်မြားစွာရှိပါသည်။

မိသားစုပူပင်သောက၏အရင်းအမြစ်

ထိုကြောင့်မိသားစုကိုတိုက်ခိုက်သည့်အရာများသည် အမျိုးမျိုးရှိပြီး သိမ်းရုံးပျက်စီးစေနိုင်သည်။ သို့ဖြစ်၍ မိသားစုများခိုင်ခံ့နေရန် အဘယ်အကူအညီရှိသနည်း။ မိသားစုဆိုင်ရာအကြံပေးအရာရှိ ဂျောန် ဘရက်ရှောဤသို့အကြံပြုထားသည်။ “မိဘများထုတ်ထားသည့်စည်းမျဉ်းများကို ခေတ်လိုက်ပြုပြင်ပေးခြင်းကို မပြုခဲ့သည်ကား အနှစ် ၁၅၀ တိုင်လေပြီ။ . . . စည်းမျဉ်းဟောင်းများ ခေတ်မမီတော့ပါဟု ကျွန်ုပ်ယူမှတ်သည်။” သို့ရာတွင် လူ့စည်းမျဉ်းများထပ်မံရေးဆွဲပေးခြင်းက အဖြေမဟုတ်ပါ။ မိသားစုကိုတီထွင်ပြုစုပေးခဲ့သူမှာ ယေဟောဝါဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သည်။ ကျွန်ုပ်တို့တစ်ဦးစီ၏ပျော်ရွှင်မှုအတွက် မိသားစုဘဝသည် မည်မျှအရေးကြီးကြောင်း၊ အိမ်ထောင်တစ်ခု သာယာပျော်ရွှင်ခိုင်ခံ့မြဲမြံဖို့ရန် အဘယ်အရာလိုအပ်ကြောင်းကို မည်သူထက်မဆို ကိုယ်တော်သိတော်မူသည်။ ထိုကြောင့် မိသားစုပူပင်သောက ဖြေရှင်းနည်းကို ဘုရားသခင့်နှုတ်ကပါဌ်တော်၊ သမ္မာကျမ်းစာတွင်တင်ပြထားသည့်အတွက် အံ့ဩစရာဖြစ်သင့်သလော။

ထိုရှေးဟောင်းစာအုပ်က မိသားစုဘဝ မည်သို့ချွတ်ချော်ခဲ့ကြောင်း ရှင်းပြထားပါသည်။ ပထမလူ့မောင်နှံစုံ အာဒံနှင့်ဧဝတို့အား အလွန်လှပသာယာသောဥယျာဉ်ထဲ ချထားပေးခဲ့ပြီး ကမ္ဘာမြေကြီးတစ်ဝန်း ပရဒိသုအခြေအနေရှိလာစေရန် ပြုစုပျိုးထောင်ပေးရမည့် အကျိုးကြီးမားသောလုပ်ငန်း အပ်နှင်းခဲ့သည်။ မိသားစုတွင် ဦးစီးရမည့်သူမှာ အာဒံဖြစ်ရမည်ဟု ဘုရားသခင်မိန့်မှာခဲ့သည်။ ဧဝမူကား သူ၏ “ကူဖော်လှောင်ဖက်” သို့မဟုတ် “အထောက်အမ” အဖြစ် သူ၏ဦးစီးမှုကို ဝိုင်းဝန်းကူညီရန်ဖြစ်သည်။ သို့သော် ဤအစီအစဉ်ကို ဧဝဆန့်ကျင်ခဲ့သည်။ လင်ယောက်ျား၏ဦးစီးမှုကိုတော်လှန်ကာ သူတို့အပေါ် ဘုရားသခင်ချမှတ်ထားသည့် တစ်ခုတည်းသောတားမြစ်ချက်ကို မနာခံခဲ့ပါ။ ထိုနောက်အာဒံသည် မိမိ၏ဦးစီးမှုအရာကိုစွန့်လွှတ်ကာ ထိုပုန်ကန်မှုတွင် သူမနှင့်ဘက်လိုက်ခဲ့သည်။—ကမ္ဘာဦး ၁:၂၆–၃:၆။

ဘုရားသခင့်အစီအစဉ်မှ လမ်းလွဲသွေဖည်သွားခဲ့ခြင်း၏ ဆိုးကျိုးများကို သူတို့ချက်ချင်းခံခဲ့ကြရသည်။ သန့်ရှင်းဖြူစင်၊ အပြစ်ကင်းသူများမဟုတ်ကြတော့သည့်အတွက် အာဒံနှင့်ဧဝတို့သည် ရှက်ကြောက်တတ်လာပြီး အပြစ်ရှိသူများပီပီ တုံ့ပြန်ကြသည်။ အစောပိုင်းက ဇနီးကိုချစ်စနိုးဖြင့်ဖွဲ့ နွဲ့ဖော်ကျူးခဲ့သူအာဒံသည် ယခုသူမအား ‘ကိုယ်တော်ပေးသောမိန်းမ’ ဟုစိမ်းကားစွာခေါ်လိုက်သည်။ အပြုသဘောမပါသည့် ထိုစကားသည် အိမ်ထောင်ရေးစိတ်ဆင်းရဲမှု၏ အစမျှသာဖြစ်သေးသည်။ လင့်သြဇာကိုပြန်သိမ်းပိုက်ရန် အာဒံကြိုးစားရာတွင် သူမအား ‘ပိုင်စိုးပိုင်နင်းပြုလုပ်’ ရတော့မည်။ ဧဝသည်လည်း မိမိ၏လင်ယောက်ျားကို အလွန်အမင်း သို့မဟုတ် မျှတမှုမရှိသောနည်းဖြင့် “စုံမက်ခင်မင်” ရလိမ့်မည်ဖြစ်သည်။—ကမ္ဘာဦး ၂:၂၃။ ၃:၇-၁၆၊ သမ။

ထိုကြောင့်အာဒံနှင့်ဧဝတို့၏ အိမ်ထောင်ရေးဘက်ပြိုင်မှုသည် သားသမီးအပေါ် အကျိုးနည်းစေသည့်အတွက် အံ့အားသင့်စရာမဟုတ်ပါ။ သားဦးကာဣနသည် သွေးအေးလူသတ်သမားဖြစ်ခဲ့သည်။ (ကမ္ဘာဦး ၄:၈) ကာဣနမှဆင်းသက်ခဲ့သူ လာမက်သည် ပထမဦးဆုံးမယားပြိုင်ထားသူဖြစ်လာခြင်းအားဖြင့် မိသားစုဘဝကို ထပ်ဆင့်ပျက်ပြားစေခဲ့သည်။ (ကမ္ဘာဦး ၄:၁၉) သို့ဖြင့်အာဒံနှင့်ဧဝသည် အပြစ်နှင့်သေခြင်းအမွေကို ဆင့်ကမ်းခဲ့ရုံသာမက ထိုအချိန်မှစ၍ ပုပ်ပျက်နေသောအိမ်ထောင်ရေးပုံစံရှိ လူ့အဖြစ်ဆိုးကိုပါ အမွေပေးခဲ့ပြီ။ ဤနောက်ဆုံးကာလတွင် မိသားစုအတွင်း စိတ်ဝမ်းကွဲပြားမှုသည် တစ်ချိန်နှင့်မျှမတူ အဆိုးရွားဆုံးအဆင့်သို့ ရောက်ရှိနေပြီ။

ထမြောက်အောင်မြင်သော မိသားစုများ

သို့ရာတွင် မျက်မှောက်ခေတ်ဖိစီးမှုများကြောင့် မိသားစုတိုင်း ပြိုပျက်သွားနေသည်မဟုတ်ပါ။ ဥပမာ၊ လင်ယောက်ျားတစ်ဦးသည် ဇနီးနှင့်သမီးနှစ်ယောက်တို့နှင့်အတူ အမေရိကန်နိုင်ငံတွင် ရပ်ကွက်ကလေးတစ်ခု၌ နေထိုင်ကြပါသည်။ အိမ်နီးချင်းအများစုတွင် မိဘနှင့်သားသမီးစပ်ကြား လူမျိုးဆက်ကွာဟပ်မှုရှိနေသော်လည်း သူနှင့်သူ၏ဇနီးကြား၌မူမရှိသည့်ပြင် သမီးများသည် မူးယစ်ဆေးဝါး သို့မဟုတ် လိင်ကိစ္စကို စူးစမ်းစမ်းသပ်လိမ့်မည်အကြောင်း စိုးရိမ်စရာမရှိကြပါ။ အခြားလူငယ်များ တီဗွီကိုစူးစိုက်ရှုစားနေသည့် တနင်္လာနေ့ညတိုင်းတွင် ဤမိသားစုသည် အိမ်ရှေ့ခန်းစားပွဲပေါ်တွင် စုထိုင်ကြပြီး ကျမ်းစာဆွေးနွေးလေ့ရှိသည်။ “တနင်္လာနေ့ညဟာ ကျွန်တော်တို့စုရုံးပြီး စကားစမြည်ပြောဆိုကြသည့် အထူးညဖြစ်တယ်” ဟုဖခင်ရှင်းပြသည်။ “ကျွန်တော်တို့သမီးများဟာ သူတို့ပြဿနာတွေကို ကျွန်တော်တို့နဲ့ လွတ်လွတ်လပ်လပ်ပြောထုတ်ဖို့ ဝန်မလေးကြဘူး။”

တစ်ဖက်ကကြည့်ပြန်လျှင်လည်း သမီးနှစ်ယောက်နှင့် ထူးခြားစွာခင်မင်ရင်းနှီးသည့် နယူးယောက်မြို့နေ ကြင်ဖော်မဲ့မိဘတစ်ဦးရှိသည်။ သူမ၏အောင်မြင်မှုအကြောင်းရင်းကား အဘယ်နည်း။ “စနေ၊ တနင်္ဂနွေနေ့များမတိုင်မီအထိ တီဗွီကို ကျွန်မတို့မဖွင့်ဘူး။ ကျမ်းချက်တစ်ချက်ကို နေ့စဉ်ဆွေးနွေးကြတယ်။ မိသားစုလိုက် ကျမ်းစာဆွေးနွေးကြဖို့အတွက် တစ်ညကိုလည်း သတ်မှတ်ထားပေးတယ်” ဟုသူမရှင်းပြသည်။

ထိုမိသားစုများသည် ယေဟောဝါသက်သေများဖြစ်ကြပါသည်။ သမ္မာကျမ်းစာတွင်တင်ပြထားသည့် မိသားစုများအတွက် ဩဝါဒကို သူတို့လိုက်လျှောက်ကြသည်။ သို့ဖြစ်၍လည်း အကျိုးကျေးဇူးများခံစားနေရခြင်းဖြစ်သည်။ သို့သော် သူတို့ချည်းသာမဟုတ်ပါ။ ထိုစာအုပ်ရှိ မိသားစုအတွက်စည်းမျဉ်းများကို ကျင့်သုံးခြင်းအားဖြင့် အကျိုးကျေးဇူးများစွာခံစားနေရသော သူတို့ကဲ့သို့သောမိသားစု ထောင်သောင်းမကရှိပါသည်။bထိုစည်းမျဉ်းများကား အဘယ်နည်း။ သင်နှင့်သင့်မိသားစုကို ယင်းတို့သည် မည်သို့အကျိုးပြုနိုင်မည်နည်း။ အဖြေရရှိရန် နောက်စာမျက်နှာတွင်စမည့် ဆောင်းပါးတို့ကိုသုံးသပ်ရန် သင့်အားတိုက်တွန်းပါသည်။

[အောက်ခြေမှတ်ချက်များ]

a ၁၉၁၄ တွင်နောက်ဆုံးကာလစတင်ခဲ့ကြောင်း ထပ်ဆင့်သာဓကရလိုလျှင် ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်းထုတ်ဝေသော သင်သည် ကမ္ဘာ့ပရဒိသုတွင် ထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ် အခန်း ၁၈ ရှု။

b အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုအားဖြင့် မိသားစုတွင် ကျမ်းစာမူများကိုကျင့်သုံးကြရန် ယေဟောဝါသက်သေများသည် ကိုယ်ထိလက်ရောက် ကူညီပေးနေကြပါသည်။ ဤမဂ္ဂဇင်းကိုထုတ်ဝေသူများထံ စာရေးခြင်းအားဖြင့် သူတို့နှင့်ဆက်သွယ်နိုင်ပါသည်။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ဖွံ့ဖြိုးဆဲနိုင်ငံများရှိ မိသားစုများအတွက်စီးပွားရေးကြပ်တည်းမှုသည် များစွာစိတ်ဆင်းရဲစေပြီ

[Credit Line]

U.S. Navy photo

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ကျမ်းစာမူများကိုကျင့်သုံးခြင်းအားဖြင့် မိသားစုများစွာသည် မျက်မှောက်ခေတ်ဖိစီးမှုများကို တွန်းလှန်နိုင်ကြပြီ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ