ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၁/၁၅ စာ. ၁၀-၁၄
  • ဘုရားသခင်အား သိကျွမ်းခြင်းပညာကို လူသားများလိုအပ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်အား သိကျွမ်းခြင်းပညာကို လူသားများလိုအပ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ဘုရားသခင်ကိုသိကျွမ်းခြင်းပညာ”
  • စပါးရိတ်စရာများစွာရှိ!
  • မေးခွန်းသေတ္တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ဝှက်ထားသောဘဏ္ဍာကို သင်ရှာဖွေသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • အသက်ရစေသောအသိပညာကိုရရှိရန် အခြားသူများကိုကူညီပေးခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ယခုနှင့်ထာဝစဉ် အသိပညာဆည်းပူးခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၁/၁၅ စာ. ၁၀-၁၄

ဘုရားသခင်အား သိကျွမ်းခြင်းပညာကို လူသားများလိုအပ်

“ထာဝရဘုရားကို ကြောက်ရွံ့ရိုသေခြင်း၊ ဘုရားသခင်ကိုသိကျွမ်းခြင်းသည် မည်သို့ဖြစ်သည်ကို တွေ့သိရလိမ့်မည်။” —သု. ၂:၅၊ သမ္မာ။

၁။ လူ့နှလုံးသည် ဘုရားသခင်ဖန်ဆင်းသည့် အစွမ်းထက်သောလက်ရာတစ်ခုဖြစ်ကြောင်း အဘယ်ကြောင့် ဆိုနိုင်သနည်း။

ယခု ဤကမ္ဘာပေါ်တွင် ၅,၆၀၀,၀၀၀,၀၀၀ ခန့်သော လူ့နှလုံးများခုန်နေသည်။ သင့်နှလုံးသည် နေ့စဉ်အကြိမ်ပေါင်း ၁၀၀,၀၀၀ ခုန်ကာ သင့်ခန္ဓာကိုယ်၏ မိုင်ပေါင်း ၆၀,၀၀၀ ရှိ နှလုံးသွေးကြောအဖွဲ့တစ်လျှောက် ဂါလံ ၂,၀၀၀ နှင့်ညီမျှသောသွေးကို သွင်းထုတ်လုပ်ပေးသည်။ အခြားအဘယ်ကြွက်သားမျှ ဘုရားသခင်ဖန်ဆင်းသည့် ဤအစွမ်းထက်သောလက်ရာလောက် ကြိုးစားလုပ်ဆောင်ခြင်းမရှိပါ။

၂။ ဥပစာနှလုံးကို သင်မည်သို့ဖော်ပြမည်နည်း။

၂ ကမ္ဘာပေါ်တွင် အလုပ်လုပ်နေသော ဥပစာနှလုံး ၅,၆၀၀,၀၀၀,၀၀၀ လည်းရှိနေသည်။ ဤဥပစာနှလုံးတွင် ကျွန်ုပ်တို့၏ စိတ်လှုပ်ရှားမှုများ၊ ကျွန်ုပ်တို့၏စိတ်စေ့ဆော်ချက်များ၊ ကျွန်ုပ်တို့၏လိုအင်ဆန္ဒများ ကိန်းဝပ်နေသည်။ ယင်းသည် ကျွန်ုပ်တို့၏အတွေး၊ ကျွန်ုပ်တို့သိနားလည်မှု၊ ကျွန်ုပ်တို့၏စိတ်အလိုတို့၏ အခြေတည်ရာဖြစ်သည်။ ဥပစာနှလုံးသည် မာန်မာနတက်နိုင် သို့မဟုတ် နှိမ့်ချနိုင်သည်၊ ညှိုးငယ်နိုင် သို့မဟုတ် ရွှင်ပျနိုင်သည်၊ အမှောင်ကျနိုင် သို့မဟုတ် ထွန်းလင်းနိုင်သည်။—နေဟမိ ၂:၂; သု. ၁၆:၅; မဿဲ ၁၁:၂၉; တမန်တော် ၁၄:၁၇; ၂ ကောရိန္သု ၄:၆; ဧဖက် ၁:၁၆-၁၈။

၃၊ ၄။ သတင်းကောင်းကို နှလုံးများအထိ မည်သို့ရောက်ရှိစေမည်နည်း။

၃ ယေဟောဝါဘုရားသခင်သည် လူသားများ၏နှလုံးကို နှိုက်နှိုက်နှဲနှဲသိနိုင်သည်။ နယပုံပြင် ၁၇:၃ ကဤသို့ဆိုသည်– “ငွေစစ်စရာဖို့မိုက်ကိုလည်းကောင်း၊ ရွှေစစ်စရာဖို့မီးဖိုကိုလည်းကောင်း သုံးတတ်၏။ စိတ်နှလုံးကိုကား ထာဝရဘုရားစစ်တော်မူ၏။” သို့ရာတွင် ယေဟောဝါသည် နှလုံးတစ်ခုချင်းကို နှိုက်နှိုက်နှဲနှဲသိနေပြီး စီရင်ချက်ချမှတ်ရုံမျှမကဘဲ သတင်းကောင်းကို လူတို့၏နှလုံးများအထိရောက်ရန် မိမိ၏သက်သေခံများကို အသုံးပြုနေတော်မူသည်။ ယင်းသည် တမန်တော်ပေါလု၏ ဤစကားများနှင့်ညီညွတ်သည်– “‘အကြောင်းမူကား ထာဝရဘုရားကို ပတ္ထနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ရကြလတ္တံ့။’ သို့ရာတွင် မယုံကြည်လျှင် အဘယ်သို့ပတ္ထနာပြုနိုင်မည်နည်း။ သတင်းမကြားလျှင် အဘယ်သို့ယုံကြည်နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် အဘယ်သို့ကြားနိုင်မည်နည်း။ လူကိုမစေလွှတ်လျှင် အဘယ်သို့ဟောပြောနိုင်မည်နည်း။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား ‘ငြိမ်သက်ခြင်း၏ဝမ်းမြောက်စရာသတင်း၊ ကောင်းကျိုးချမ်းသာ၏ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၏ခြေတို့သည် အလွန်တင့်တယ်စွတကား’ ဟုလာသတည်း!”—ရောမ ၁၀:၁၃-၁၅။

၄ “ကောင်းကျိုးချမ်းသာ၏ဝမ်းမြောက်စရာသတင်းကို ကြားပြော” ရန်နှင့် လက်ခံမှုရှိသောနှလုံးသားပိုင်ရှင်များကို ရှာဖွေရန် မိမိ၏သက်သေခံများကို ရေဆုံးမြေဆုံးသို့ စေလွှတ်ခြင်းသည် ယေဟောဝါရှင်အား နှစ်သက်စေခဲ့ပြီတကား! ယခုကျွန်ုပ်တို့သည် အရေအတွက် ၅,၀၀၀,၀၀၀ ကျော်ရှိသည်—သက်သေခံ တစ်ယောက်လျှင် ကမ္ဘာပေါ်ရှိလူဦးရေ ၁,၂၀၀ ခန့်အချိုးရှိသည်။ သန်းပေါင်းထောင်နှင့်ချီသော ဤကမ္ဘာသားများထံ သတင်းကောင်း ရောက်ရှိစေရန်မှာ မလွယ်ကူပါ။ သို့သော် ယေဟောဝါရှင်သည် ဤလုပ်ငန်းကို ယေရှုခရစ်အားဖြင့် ညွှန်ကြားနေပြီး နှလုံးရိုးဖြောင့်သူများကို ဆွဲဆောင်ပေးနေသည်။ သို့ဖြစ်သောကြောင့် ဟေရှာယ ၆၀:၂၂ တွင်မှတ်တမ်းတင်ထားသည့် ဤပရောဖက်ပြုချက်သည် မှန်ကန်ကြောင်း ထင်ရှားနေသည်– “သူငယ်တစ်ယောက်သည် လူတစ်ထောင်ဖြစ်ရလိမ့်မည်။ အားနည်းသောသူတစ်ယောက်သည် အားကြီးသောလူမျိုးဖြစ်ရလိမ့်မည်။ ငါထာဝရဘုရားသည် အချိန်ရောက်လျှင် ထိုအမှုကို နှိုးဆော်မည်။”

၅။ အသိပညာကားအဘယ်နည်း၊ လောက၏ဉာဏ်ပညာနှင့်ပတ်သက်၍ မည်သို့ဆိုနိုင်သနည်း။

၅ ထိုအချိန်မှာ ယခုပင်ဖြစ်ရာ တစ်ခုတော့ရှင်းနေပါသည်– သန်းထောင်နှင့်ချီသော မြေကြီးသားများသည် အသိပညာလိုအပ်သည်။ အခြေခံအားဖြင့် အသိပညာဟူသည် အတွေ့အကြုံ၊ ဂရုတစိုက်မှတ်သားမှု သို့မဟုတ် လေ့လာမှုတို့အားဖြင့် ကြိုးစားရယူထားသည့် အချက်အလက်များနှင့်အကျွမ်းဝင်ခြင်းဖြစ်သည်။ ဤလောကသည် အသိပညာအမြောက်အမြားကို ဆည်းပူးခဲ့ပြီ။ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေးနှင့် ဆက်သွယ်ရေးကဲ့သို့သောနယ်ပယ်မျိုးတို့တွင် တိုးတက်ခဲ့ပြီ။ သို့ရာတွင် လောကီအသိပညာသည် လူသားများအမှန်တကယ်လိုအပ်သည့်အရာ ဖြစ်သလော။ ခဲယဉ်းလိုက်လေစွ! စစ်မက်၊ နိုင်ထက်စီးနင်းပြုခြင်း၊ ရောဂါဘယနှင့် သေခြင်းတို့သည် လူသားများအား ဆက်၍ကပ်သင့်နေသည်။ လောက၏ဉာဏ်ပညာသည် များသောအားဖြင့် ကန္တာရမုန်တိုင်းကြောင့် နေရာရွေ့ရွေ့သွားသည့် သဲများနှင့် များစွာတူသည်။

၆။ သွေးနှင့်ပတ်သက်၍ ဘုရားသခင်ကို သိကျွမ်းခြင်းပညာနှင့် လောကီဉာဏ်ပညာတို့ မည်သို့ခြားနားသနည်း။

၆ သာဓကအနေနှင့်– လွန်ခဲ့သည့် ရာစုနှစ် အနည်းငယ်က သွေးဖောက်ထုတ်ခြင်းကို ယုံကြည်လက်ခံထားသော ကုသချက်အဖြစ် အားကိုးအားထားပြုလေ့ရှိခဲ့သည်။ အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသမ္မတဖြစ်သည့် ဂျော့ချ် ဝါရှင်တန်သည် သူ့အသက်တာ၏ နောက်ဆုံးနာရီပိုင်းတို့တွင် အကြိမ်ကြိမ်သွေးထုတ်ပစ်ခြင်းခံခဲ့ရသည်။ မသေမီကလေးတွင် သူဤသို့ပြောခဲ့သည်– “ကျုပ် အေးအေးဆေးဆေးသွားပါရစေ; ကျုပ်ကြာရှည် မနေရတော့ပါဘူး။” သူမှန်ခဲ့သည်၊ ထိုနေ့—၁၇၉၉၊ ဒီဇင်ဘာ ၁၄ ရက်နေ့တွင်ပင် သူကွယ်လွန်သွားသည်။ ယနေ့အချိန်တွင်မူ သွေးထုတ်ပစ်မည့်အစား လူ့ခန္ဓာကိုယ် အတွင်းသို့ သွေးသွင်းခြင်းကို အလေးထားလာကြသည်။ ကုထုံးနှစ်ခုစလုံးသည် သေစေနိုင်သောပြဿနာများဖြင့် ပြည့်နှက်ခဲ့ပြီ။ ဘုရားသခင့်နှုတ်ကပါဌ်တော်က တစ်လျှောက်လုံး ဤသို့ပြောလာခဲ့သည်– “အသွေးကို . . . ကြဉ်ရှောင်” ကြလော့။ (တမန်တော် ၁၅:၂၉) ဘုရားသခင့်နှုတ်ကပါဌ်တော်သည် အမြဲပင် မှန်ကန်၍ အားကိုးအားထားနိုင်ပြီး ခေတ်မီသည်။

၇။ သားသမီးမွေးမြူခြင်းနှင့်စပ်လျဉ်း၍ တိကျမှန်ကန်သော ကျမ်းစာအသိပညာသည် လောကီဉာဏ်ပညာနှင့် မည်သို့ကွာခြားသနည်း။

၇ လောကဉာဏ်ပညာကို အားမထားနိုင်ကြောင်း နောက်နမူနာတစ်ခုကို သုံးသပ်ကြည့်ကြစို့။ မကြာသေးမီနှစ်များက စိတ်ပညာရှင်များသည် ကလေးပေါက်လွှတ်ကြီးပြင်းလာစေခြင်းကို ထောက်ခံပြောဆိုခဲ့ကြသည်။ သို့သော် ယင်းကိုထောက်ခံပြောဆိုသူတစ်ဦးက ယင်းသည် မှားကြောင်း နောက်ပိုင်း၌ဝန်ခံခဲ့သည်။ ဂျာမန်ဘာသာဗေဒဆိုင်ရာ အဖွဲ့အစည်းက ပေါက်လွှတ်ထားလိုက်ခြင်းသည် “ယုတ်စွအဆုံး သွယ်ဝိုက်သောနည်းအားဖြင့် လူငယ်များနှင့်ပတ်သက်၍ ကျွန်ုပ်တို့ရင်ဆိုင်ရသောပြဿနာ၏ အကြောင်းရင်းခံဖြစ်” ကြောင်း တစ်ကြိမ်တွင် ပြောဆိုသည်။ လောကီဉာဏ်ပညာသည် လေယူရာယိမ်းသကဲ့သို့ဖြစ်ပေမည်၊ သို့သော် ကျမ်းဆိုင်ရာ အသိပညာသည် တိမ်းယိမ်းလှုပ်ရှားသွားခြင်းမရှိကြောင်း ထင်ရှားခဲ့ပြီ။ ကျမ်းစာသည်ကလေးလေ့ကျင့်ရေးတွင် မျှတမှုရှိသောသြဝါဒကို ပေးခဲ့သည်– “သင်၏သားကို ဆုံးမလော့။ သို့ ပြုလျှင် သူသည် သင့်ကို ချမ်းသာပေးမည်။ ထိုမျှမက စိတ်ရွှင်လန်းစရာအခွင့်ကို ပေးမည်” ဟု နယပုံပြင် ၂၉:၁၇ ကဆိုထားသည်။ ပေါလုဤသို့ရေးသားခဲ့သောကြောင့် ထိုကဲ့သို့သောဆုံးမပဲ့ပြင်မှုမျိုးကို မေတ္တာဖြင့်ကြပ်မတ်ကိုင်တွယ်ရမည်ဖြစ်သည်– “အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှာမပြုကြနှင့်။ သခင်ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကို ပြုလျက်ကျွေးမွေးကြလော့။”—ဧဖက် ၆:၄။

“ဘုရားသခင်ကိုသိကျွမ်းခြင်းပညာ”

၈၊ ၉။ လူသားအမှန်တကယ်လိုအပ်သည့် အသိပညာအကြောင်း နယပုံပြင် ၂:၁-၆ တွင်ပြောထားသည့် စကားများကို သင်မည်သို့ရှင်းပြမည်နည်း။

၈ ပေါလုသည် ပညာတတ်ပုဂ္ဂိုလ်တစ်ဦးဖြစ်သော်လည်း သူဤသို့ပြောခဲ့သည်– “သင်တို့တွင် အကြင်သူသည် ဤလောက၌ပညာရှိဖြစ်သည်ဟု ကိုယ်ကိုထင်၏၊ ထိုသူသည်ပညာရှိအဖြစ်သို့ ရောက်လိုသောငှာ လူမိုက်ဖြစ်ပါစေ၊ အကြောင်းမူကား၊ လောကီပညာသည် ဘုရားသခင့်ရှေ့၌မိုက်မဲခြင်းဖြစ်၏။” (၁ ကောရိန္သု ၃:၁၈၊ ၁၉) ဘုရားသခင်သာလျှင် လူသားများ အမှန်တကယ်လိုအပ်သည့် အသိပညာကို ပေးသနားနိုင်သည်။ ယင်းနှင့်ပတ်သက်၍ နယပုံပြင် ၂:၁-၆ (သမ္မာ) ကဤသို့ဆိုသည်– “ငါ့သား သင်သည် ပညာစကားကို ကြားနာ၍၊ ဉာဏ်ကိုစိတ်စွဲလမ်းအောင် ငါ့စကားကိုနားခံလျက်၊ ငါ့ပညတ်များကို ကိုယ့်အထဲ၌သိုထားလျှင်လည်းကောင်း၊ ပိုင်းခြားသိမြင်သောဉာဏ်ကို ဟစ်ခေါ်၍ ဆင်ခြင်သောဉာဏ်သို့အသံကို လွှင့်လျှင်လည်းကောင်း ငွေကိုရှာသကဲ့သို့ ဉာဏ်ကိုစူးစမ်းလျှင်လည်းကောင်း၊ ထာဝရဘုရားကိုကြောက်ရွံ့ရိုသေခြင်း၊ ဘုရားသခင်ကို သိကျွမ်းခြင်းသည် မည်သို့ဖြစ်သည်ကို တွေ့သိရလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် ပညာကို ပေးတော်မူ၏။ အသိပညာနှင့် နားလည်နိုင်သောဉာဏ်သည် နှုတ်တော်မှထွက်၏။”

၉ ကောင်းသောနှလုံး စေ့ဆော်ခံရသောသူတို့သည် ဘုရားပေးအသိပညာကို သင့်လျော်စွာအသုံးချခြင်းအားဖြင့် ဉာဏ်ပညာကို အာရုံစိုက်ကြသည်။ သူတို့သည် ပိုင်းခြားသိမြင်ရန် မိမိတို့၏နှလုံးများကိုညွှတ်ကာ မိမိတို့သင်ယူနေသည့်အချက်များကို အသေအချာချင့်ချိန်ကြည့်ကြသည်။ အမှန်မှာ သူတို့သည် တတ်သိနားလည်မှု သို့မဟုတ် အကြောင်းတစ်ခု၏အသွင်အပြင်များသည် နောက်အကြောင်းတစ်ခုနှင့် မည်သို့မည်ပုံဆက်စပ်နေသည်ကို သိရှိသည့်အရည်အသွေးကို ဆည်းပူးခေါ်ယူကြသည်။ နှလုံးဖြောင့်သူများသည် ငွေကို တူးယူသကဲ့သို့၊ ဝှက်ထားသည့်ဘဏ္ဍာများကို ရှာဖွေသကဲ့သို့ လုပ်ဆောင်သည်။ လက်ခံသောနှလုံးသားပိုင်ရှင်များက အဘယ်ကြီးမားသောဘဏ္ဍာကို တွေ့ရှိပါသနည်း။ ‘ဘုရားသခင်အား သိကျွမ်းခြင်းပညာ’ ဖြစ်သည်။ ယင်းကားအဘယ်နည်း။ ရိုးရိုးလေးဖော်ပြရလျှင် ယင်းသည် ဘုရားသခင့်နှုတ်ကပါဌ်တော် ကျမ်းစာတွင် တွေ့ရသည့် အသက်ပေးအသိပညာဖြစ်သည်။

၁၀။ ကျွန်ုပ်တို့သည် ဝိညာဏကျန်းမာရေးကောင်း ရှိနေနိုင်ရန် အဘယ်အရာလုပ်ရမည်နည်း။

၁၀ ဘုရားသခင်အား သိကျွမ်းခြင်းပညာသည် အမှားကင်းသည်၊ တည်တံ့မြဲမြံသည်၊ အသက်ပေးသည်။ ဝိညာဏကျန်းမာမှုကို တိုးပွားစေသည်။ ပေါလုက တိမောသေကို ဤသို့တိုက်တွန်းထားသည်– “ငါ့ထံမှကြားနာရသည့် ကျန်းခံ့ရေးတရားပုံစံကို ခရစ်တော်ယေရှု၌ တည်သောယုံကြည်ခြင်းနှင့် ချစ်ခြင်းအားဖြင့် စွဲမြဲလော့။” (၂ တိမောသေ ၁:၁၃၊ သမ) ဘာသာစကားတစ်ခုတွင် စကားလုံးများ၏ပုံစံတစ်ခုရှိသည်။ အလားတူစွာ ကျမ်းစာသမ္မာတရား၏ “စင်ကြယ်သောဘာသာစကား” တွင် သမ္မာကျမ်းစာ၏ အဓိကခေါင်းစဉ်ဖြစ်သော ဘုရားသခင့်နိုင်ငံတော်အားဖြင့် ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ကို သင်္ကာယနကင်းရှင်းစေရေးပေါ်တွင် အဓိကအခြေခံသည့် “ကျန်းခံ့ရေးတရားပုံစံ” ရှိသည်။ (ဇေဖနိ ၃:၉၊ ကဘ) ကျွန်ုပ်တို့သည် ဤကျန်းခံ့သောတရားစကားပုံစံကို စိတ်နှင့်နှလုံးတွင် စောင့်ထိန်းထားဖို့လိုသည်။ ဥပစာနှလုံးရောဂါမဝင်ရန်နှင့် ဝိညာဏကျန်းမာမှုဆက်ရှိနေစေရန် ကျွန်ုပ်တို့၏အသက်တာတွင် ကျမ်းစာကို လက်တွေ့ကျင့်သုံးပြီး “သစ္စာနှင့်သတိပညာရှိသောကျွန်” မှတစ်ဆင့် ဘုရားသခင်ပြင်ဆင်ပေးသည့် ဝိညာဏအစီအစဉ်များကို အပြည့်အဝအသုံးပြုရမည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ; တိတု ၂:၂) ဝိညာဏကျန်းမာရေးကောင်းရန် ကျွန်ုပ်တို့သည် ဘုရားသခင်အား သိကျွမ်းခြင်းပညာ လိုအပ်သည်ကို အမြဲသတိရကြစို့။

၁၁။ လူသားသည် ဘုရားသခင်ကိုသိကျွမ်းခြင်းပညာလိုအပ်ရသည့် အကြောင်းရင်းတချို့ကား အဘယ်နည်း။

၁၁ သန်းပေါင်းထောင်နှင့်ချီသောမြေကြီးသားများသည် ဘုရားသခင်ကို သိကျွမ်းခြင်းပညာ လိုရသည့်အခြားအကြောင်းရင်းများကို သုံးသပ်ကြည့်ပါ။ သူတို့အားလုံးသည် ဤကမ္ဘာနှင့် လူသားများ မည်သို့ဖြစ်တည်လာသည်ကို သိကြပါသလော။ သူတို့မသိကြပါ။ စစ်မှန်သောဘုရားသခင်နှင့် ကိုယ်တော့်သားတော်တို့ကို လူသားအားလုံး သိကြပါသလော။ ဘုရားသခင့်အကြွင်းမဲ့ပိုင်သအုပ်စိုးမှု၊ လူ့သမာဓိတို့နှင့်ပတ်သက်သော စာတန်ပေါ်ပေါက်စေခဲ့သည့် ပြဿနာများအကြောင်း ယောက်စီယောက်တိုင်းသိရှိပါသလော။ မသိဟူသည့်အဖြေထပ်ပေးရမည်။ သာမန်လူသားများသည် ကျွန်ုပ်တို့အဘယ်ကြောင့် အိုမင်းရင့်ရော်ကာသေရကြောင်း သိပါသလော။ မသိဟုထပ်မံ၍ ကျွန်ုပ်တို့ဆိုရမည်။ ဘုရားသခင့်နိုင်ငံတော် ယခုပင်ကောင်းကင်တွင်အုပ်စိုးနေကြောင်းနှင့် ကျွန်ုပ်တို့သည် နောက်ဆုံးနေ့ရက်များတွင် ရှိနေကြကြောင်း မြေကြီးသားအားလုံး သဘောပေါက်ပါသလော။ သူတို့သည် ဆိုးသွမ်းသောနာမ်ဝိညာဉ်စွမ်းအားစုများကို သိရှိကြပါသလော။ လူသားအားလုံးတွင် ပျော်ရွှင်သောမိသားစုဘဝကို မည်သို့ရရှိနိုင်ကြောင်းနှင့်ပတ်သက်၍ အားထားမှီခိုလောက်သည့်အသိပညာ ရရှိထားပါသလော။ ပရဒိသုတွင် ရွှင်လန်းသောအသက်တာသည် နာခံမှုရှိသောလူသားများအတွက် ကျွန်ုပ်တို့ဖန်ဆင်းရှင်၏ရည်ရွယ်တော်မူချက်ဖြစ်ကြောင်း ဤလူသားထု သိရှိပါသလော။ ဤမေးခွန်းများအတွက်လည်း မသိ၊ မရှိ ဟူသည့် အဖြေသာဖြစ်သည်။ သို့ဖြစ်၍ ရှင်းနေသည်မှာ လူသားများသည် ဘုရားသခင်အား သိကျွမ်းခြင်းပညာ လိုအပ်သည်။

၁၂။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို “နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရားနှင့်လည်းကောင်း” မည်သို့ဝတ်ပြုကိုးကွယ်နိုင်သနည်း။

၁၂ မိမိ၏မြေကြီးအသက်တာနောက်ဆုံးညတွင် ဆုပတ္ထနာပြုရာ၌ ယေရှုမိန့်မြွက်တော်မူချက်များကြောင့်လည်း လူသားများသည် ဘုရားသခင်ကိုသိကျွမ်းခြင်း အသိပညာလိုအပ်သည်။ ကိုယ်တော်၏တမန်တော်များသည် ဤသို့မိန့်မြွက်သည်ကို ကြားလိုက်ရသောအခါ နက်ရှိုင်းစွာလှုံ့ဆော်ခံခဲ့ရမည်– “ထာဝရအသက်ဟူမူကား မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။” (ယောဟန် ၁၇:၃) ဤကဲ့သို့သောသိကျွမ်းခြင်းပညာကို လက်တွေ့လိုက်လျှောက်ခြင်းသည် ဘုရားသခင် လက်ခံတော်မူဖွယ်ဝတ်ပြုမှုအတွက် တစ်ခုတည်းသောနည်းလည်းဖြစ်သည်။ “ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကိုကိုးကွယ်သောသူတို့သည် နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရားနှင့်လည်းကောင်း ကိုးကွယ်ရမည်” ဟု ယေရှုမိန့်မြွက်တော်မူခဲ့သည်။ (ယောဟန် ၄:၂၄) ယုံကြည်ခြင်းနှင့် မေတ္တာတို့ပြည့်ဝသော နှလုံးများအားဖြင့် ကျွန်ုပ်တို့လှုံ့ဆော်ခံရသောအခါတွင် ကျွန်ုပ်တို့သည် ဘုရားသခင်ကို “နာမ်ဝိညာဉ်နှင့်” ဝတ်ပြုကြသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ကို “သစ္စာတရားနှင့်” မည်သို့ကိုးကွယ်သနည်း။ ကိုယ်တော်၏နှုတ်ကပါဌ်တော်ကိုလေ့လာကာ ကိုယ်တော်ဖွင့်ပြသည့် သစ္စာတရား—ဘုရားသခင်ကို သိကျွမ်းခြင်းပညာအတိုင်း ဝတ်ပြုခြင်းအားဖြင့်ဖြစ်သည်။

၁၃။ အဘယ်ဖြစ်ရပ်တစ်ခုကို တမန်တော် ၁၆:၂၅-၃၄ တွင်မှတ်တမ်းတင်ထားပြီး ယင်းမှ ကျွန်ုပ်တို့အဘယ်အရာကို သင်ယူနိုင်သနည်း။

၁၃ နှစ်စဉ်နှစ်တိုင်း ထောင်နှင့်ချီသောသူများသည် ယေဟောဝါကို စတင်ဝတ်ပြုလာကြသည်။ သို့တိုင် ကျွန်ုပ်တို့သည် စိတ်ဝင်စားသူများကို ကျမ်းစာသင်အံမှု အချိန်ကြာမြင့်စွာလုပ်ရမည်လော၊ သို့မဟုတ် နှလုံးရိုးဖြောင့်သူများကို နှစ်ခြင်းခံခါနီးအဆင့်အထိ မြန်မြန်ဆန်ဆန်ရောက်ရန် ကူညီဖို့ဖြစ်နိုင်ပါမည်လော။ အမှန်မှာ၊ တမန်တော် ၁၆:၂၅-၃၄ တွင်ဖော်ပြထားသည့် ထောင်မှူးနှင့် သူ့မိသားစုအဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ ပေါလုနှင့် သိလတို့သည် ဖိလိပ္ပိမြို့တွင် အကျဉ်းချထားခြင်းခံနေရသည်။ သို့သော် ညသန်းခေါင်အချိန်၌ မြေငလျင်ကြီးတစ်ခုကြောင့် ထောင်တံခါးများ ပွင့်သွားသည်။ အကျဉ်းသားအားလုံးထွက်ပြေးလွတ်မြောက်သွားပြီး မိမိသည် ပြင်းပြင်းထန်ထန်အပြစ်ပေးခံရတော့မည်ဟု ထင်မှတ်ကာ ထောင်မှူးသည် သူ့ကိုယ်ကိုသတ်သေလုဆဲဆဲအချိန်တွင် ပေါလုကမိမိတို့အားလုံး ဤတွင်ရှိကြသည်ဟု သူ့ကိုပြောလိုက်သည်။ ပေါလုနှင့် သိလတို့သည် “ထိုသူမှစ၍ သူ၏အိမ်၌ရှိသမျှသူတို့အား သခင်ဘုရား [“ယေဟောဝါ၊” ကဘ] ၏နှုတ်ကပါဌ်တရားတော်ကို ဟောပြောကြ၏။” ဤထောင်မှူးနှင့် သူ့မိသားစုတို့သည် သမ္မာကျမ်းစာအခြေခံမရှိထားသည့် တစ်ပါးအမျိုးသားများဖြစ်ကြသည်။ သို့တိုင် ဤတစ်ညချင်းတွင် သူတို့သည် ယုံကြည်သူများဖြစ်လာကြသည်။ ထိုထက်ကား “မိမိလူအပေါင်းတို့နှင့်တကွ ဗတ္တိဇံကိုချက်ချင်းခံလေ၏။” ယင်းတို့သည် ဖြစ်မြဲမဟုတ်သောအခြေအနေများဖြစ်သော်လည်း ဤကဲ့သို့သောသူများသည် အခြေခံသမ္မာတရားကို သွန်သင်ခံရကြပြီး အသင်းတော်စည်းဝေးများတွင် အခြားအရာများကို သင်ယူကြသည်။ ယနေ့လည်း အလားတူသည့်အရာကို ပြုလုပ်နိုင်သင့်သည်။

စပါးရိတ်စရာများစွာရှိ!

၁၄။ သာ၍တိုတောင်းသောအချိန်အတွင်း အကျိုးဖြစ်ထွန်းသောကျမ်းစာသင်အံမှုများကို ကျင်းပနိုင်ရန် အဘယ်ကြောင့်လိုအပ်ရသနည်း။

၁၄ ယေဟောဝါသက်သေများသည် သာ၍တိုတောင်းသောအချိန်အတွင်း အကျိုးဖြစ်ထွန်းသောကျမ်းစာသင်အံမှုများကို ပို၍ကျင်းပနိုင်ပါက ကောင်းပါလိမ့်မည်။ ဤသို့ပြုရန် အမှန်လိုအပ်သည်။ ဥပမာ၊ အရှေ့ ဥရောပနိုင်ငံများတွင် လူများသည် ကျမ်းစာသင်ယူဖို့အတွက် စောင့်ဆိုင်းစာရင်းတွင် စောင့်နေကြရသည်။ ယင်းအဖြစ်သည် အခြားနေရာများတွင်လည်း ဖြစ်နေသည်။ ဒိုမီနီကန်ပြည်ထောင်စုရှိ မြို့တစ်မြို့တွင် သက်သေခံငါးယောက်သည် သင်အံမှုအားလုံးကို မိမိတို့ သင်မပေးနိုင်သည့်အထိ တောင်းခံသူအလွန့်အလွန်များသည်။ သူတို့ဘာလုပ်ခဲ့ကြသနည်း။ သူတို့က စိတ်ဝင်စားသူများကို ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် စည်းဝေးများတက်နေရင်း ကျမ်းစာသင်ယူဖို့ စောင့်ဆိုင်းစာရင်းတွင် စောင့်နေကြရန် တိုက်တွန်းခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများစွာတို့တွင်လည်း အလားတူအခြေအနေရှိသည်။

၁၅၊ ၁၆။ ဘုရားသခင်အား သိကျွမ်းခြင်းပညာကို ပို၍မြန်မြန်ဆန်ဆန်ပျံ့နှံ့စေရန် အဘယ်အရာကို စီမံပေးထားပြီး ယင်းနှင့်ပတ်သက်သည့် အချက်တချို့ကား အဘယ်နည်း။

၁၅ အလွန်တရာကြီးမားကျယ်ဝန်းသောရပ်ကွက်များ—ရိတ်သိမ်းစရာလယ်ကွင်းကျယ်ကြီးများ—သည် ဘုရားသခင့်လူမျိုးတော်အမှုဆောင်ရန်အတွက် အသင့်ဖြစ်နေသည်။ “စပါးရှင်” ဖြစ်တော်မူသော ယေဟောဝါသည် လုပ်သားများထပ်၍စေလွှတ်နေသော်လည်း လုပ်ဆောင်စရာများစွာ ရှိနေဆဲပင်။ (မဿဲ ၉:၃၇၊ ၃၈) ထို့ကြောင့် ဘုရားသခင်အားသိကျွမ်းခြင်းပညာ ပို၍လျင်မြန်စွာ ပျံ့နှံ့စေရန် ကျမ်းစာသင်သားများသည် သင်ခန်းစာတစ်ခုစီပြီးတိုင်း ဝိညာဉ်ရေးတွင် တက်လှမ်းနိုင်စေရန်အလို့ငှာ သတ်မှတ်ထားသည့်အချက်အလက်ကို တိုတိုနှင့်ခရီးရောက်အောင်ပြင်ဆင်ထားသည့် အရာတစ်ခုကို ‘သစ္စာရှိကျေးကျွန်’ က ပေးထားသည်။ ယင်းသည် အိမ်တွင်းကျမ်းစာသင်အံမှုကို မြန်မြန်ဆန်ဆန်—လအနည်းငယ်အတွင်းတွင် ဖြစ်ကောင်းဖြစ်မည့်အချိန်အတွင်း လေ့လာပြီးစီးစေနိုင်သည့် စာအုပ်သစ်ဖြစ်သည်။ ယင်းကို မိမိတို့၏လက်ဆွဲအိတ်၊ လက်ကိုင်အိတ် သို့မဟုတ် မိမိတို့၏အိတ်ကပ်ထဲတွင်ပင် အလွယ်တကူသယ်သွားနိုင်သည်! “ရွှင်လန်းသောချီးမွမ်းသူများ” ယေဟောဝါသက်သေများ၏ခရိုင်စည်းဝေးကြီးသို့ စုရုံးလာရောက်ကြသည့် ထောင်သောင်းချီသောသူများသည် ၁၉၂ မျက်နှာရှိ ထာဝရအသက်ရစေသော အသိပညာ ခေါင်းစဉ်တပ်ထားသော ဤစာအုပ်အသစ်ကို ရရှိခြင်းကြောင့် အလွန်ပင်ပျော်ရွှင်ကြသည်။

၁၆ နိုင်ငံအသီးသီမှ ကလောင်ရှင်များသည် ထိုအသိပညာစာအုပ်အတွက် အပြီးသတ်ပြုစုထားသည့် အကြောင်းအရာကို ပြင်ဆင်ခဲ့သည်။ ထို့ကြောင့် ယင်းတွင် နိုင်ငံတကာဆိုင်ရာဆွဲဆောင်မှုများပါသင့်သည်။ သို့သော် ဤစာအုပ်အသစ်ကို ကမ္ဘာတစ်ဝန်းရှိလူတို့၏ ဘာသာစကားများဖြင့် ထုတ်ဝေရန် ကြာဦးမည်လော။ မကြာပါ၊ အကြောင်းမှာ ၁၉၂ မျက်နှာစာအုပ်တစ်အုပ်ကို အခြားစာအုပ်ကြီးများထက် ပို၍မြန်မြန်ဆန်ဆန်ဘာသာပြန်နိုင်သောကြောင့်ပင်တည်း။ ၁၉၉၅ အောက်တိုဘာလတွင် အုပ်ချုပ်ရေးအဖွဲ့၏ စာပေပြုစုရေးကော်မတီသည် ဤစာအုပ်ကို အင်္ဂလိပ်ဘာသာမှ ဘာသာစကားပေါင်း ၁၃၀ ကျော်သို့ ပြန်ဆိုရန်သဘောတူခဲ့သည်။

၁၇။ အဘယ်အချက်များက အသိပညာစာအုပ်ကို အသုံးပြုရာတွင် လွယ်ကူစေသင့်သနည်း။

၁၇ ဤအသိပညာစာအုပ်၏ အခန်းတိုင်းတွင်ပါသည့် တိကျသောအချက်အလက်များသည် သင်သားများကို ဝိညာဉ်ရေးတိုးတက်မှု အတော်အတန်မြန်ဆန်စေရန် တတ်စွမ်းနိုင်သင့်သည်။ ဤစာအုပ်သည် သမ္မာတရားများကို အပြုသဘောနည်းဖြင့် တင်ပြသည်။ ယင်းတွင် မှားယွင်းသောအယူဝါဒများအကြောင်း အကျယ်ချဲ့ထားခြင်းမရှိပါ။ အရေးအသားရှင်းလင်းမှုနှင့် ယုတ္တိရှိရှိခြေခြေမြစ်မြစ်တင်ပြမှုတို့က ကျမ်းစာသင်အံမှုများကျင်းပရာတွင်နှင့် ဘုရားသခင်အား သိကျွမ်းခြင်းပညာကို ခြုံငုံသဘောပေါက်စေရန် လူများကိုကူညီဖို့ ဤစာအုပ်ကို အသုံးပြုရာတွင်လွယ်ကူစေသင့်သည်။ ဆွေးနွေးမှုအတွက် ပြင်ဆင်ရာ၌ ကိုးကားထားသည့်ကျမ်းချက်များအပြင် သင်သားကြည့်ရှုနိုင်သည့် ညွှန်းထားသောကျမ်းချက်များရှိသည်။ လေ့လာမှုပြုစဉ်အတွင်း ယင်းတို့ကို အချိန်ခွင့်ပြုသ၍ ဖတ်ပေမည်။ သို့ရာတွင် အဓိကအချက်များကို တိမ်မြုပ်သွားစေနိုင်သည့် မဆီမဆိုင်သောအကြောင်းအရာကို ဆွဲထည့်ခြင်းသည် ပညာရှိရာမကျပါ။ ယင်းသို့မပြုဘဲ ဤစာအုပ်က အခန်းတစ်ခုစီတွင် ပြသသည့်အရာများကို ပိုင်းခြားနားလည်ကာ သင်သားထံသို့ ရောက်ရှိစေရန် ကြိုးစားသင့်သည်။ ဆိုလိုသည်မှာ အဓိကသဘောများကို မိမိစိတ်တွင် ကောင်းကောင်းရှင်းလင်းစေရန် သွန်သင်ပို့ချသူသည် ဤစာအုပ်ကို ဝီရိယရှိရှိလေ့လာရမည်။

၁၈။ အသိပညာစာအုပ်ကို အသုံးပြုခြင်းနှင့်ပတ်သက်၍ အဘယ်အကြံပြုချက်များကို ပေးထားသနည်း။

၁၈ ထာဝရအသက်ရစေသော အသိပညာ စာအုပ်သည် တပည့်ဖြစ်စေခြင်းလုပ်ငန်းကို မည်သို့အရှိန်တိုးမြှင့်ပေးနိုင်သနည်း။ ၁၉၂ မျက်နှာသာရှိသော ဤစာအုပ်ကို အတန်အရာတိုတောင်းသည့်အချိန်အတွင်း သင်ကြားပေးနိုင်ပြီး “ထာဝရအသက်အဖို့ အစီအမံခံရသူ” များသည် ယေဟောဝါထံဆက်ကပ်အပ်နှံကာ နှစ်ခြင်းခံစေသည်အထိ လေ့လာမှုမှအလုံအလောက်သင်ယူရရှိနိုင်စေသင့်သည်။ (တမန်တော် ၁၃:၄၈၊ သမ) ထို့ကြောင့် အသိပညာစာအုပ်ကို ဓမ္မအမှုတွင် ကောင်းကောင်းအသုံးပြုကြစို့။ ကျမ်းစာသင်သားတစ်ဦးသည် အခြားစာအုပ်တစ်အုပ်နှင့် လေ့လာနှင့်ပြီးဖြစ်ပါက ယင်းစာအုပ်ကို ဆုံးအောင်သင်ခြင်းသည် လက်တွေ့ကျပေမည်။ ဤသို့မဟုတ်လျှင်လည်း ကျမ်းစာသင်အံမှုများကို အသိပညာစာအုပ်ဖြင့် ပြောင်းသင်ရန် အကြံပြုပါသည်။ ဤစာအုပ်သစ်ကို ပြီးသွားပြီးနောက် ဤသင်သားကိုပင် နောက်စာအုပ်တစ်အုပ်ဖြင့် သင်ရန် အကြံပေးမထားပါ။ သမ္မာတရားကို လက်ခံသူများသည် ယေဟောဝါသက်သေများ၏ စည်းဝေးများကို တက်ရောက်ခြင်းအပြင် ကျမ်းစာနှင့် ခရစ်ယာန်စာပေများကို မိမိဘာသာဖတ်ရှုခြင်းဖြင့် သမ္မာတရားနှင့်ပတ်သက်သော သူတို့၏အသိပညာကိုဖြည့်စွက်သွားကြမည်။—၂ ယောဟန် ၁။

၁၉။ အသိပညာစာအုပ်ဖြင့် ကျမ်းစာသင်အံမှုများ မကျင်းပမီ မိမိတို့ဓမ္မအမှုကိုကျေပွန်ရန် အဖွဲ့အစည်း စာအုပ်စာမျက်နှာ ၂၁၄ မှ ၂၈၇ အထိပြန်ဆွေးနွေးခြင်းသည် အဘယ်ကြောင့် အကူအညီဖြစ်စေမည်နည်း။

၁၉ နှစ်ခြင်းခံလိုသည့် နှစ်ခြင်းမခံရသေးသောကြေညာသူများသည် အကြီးအကဲများနှင့် ပြန်လည်ဆွေးနွေးသည့် မေးခွန်းအားလုံးကို အဖြေပေးနိုင်ရန် ထောက်ကူဖို့ရည်ရွယ်ချက်ဖြင့် ဤအသိပညာစာအုပ်ကိုရေးသားပြုစုထားသည်။ ထို့ကြောင့် သင်သည် သင်၏လက်ရှိကျမ်းစာသင်အံမှုများကို ဤစာအုပ်သစ်နှင့်ပြောင်းမသင်မီ မိမိတို့ဓမ္မအမှုကိုကျေပွန်ရန် အဖွဲ့အစည်းa စာအုပ်စာမျက်နှာ ၂၁၄ မှ ၂၈၇ ထိရှိသည့် မေးခွန်းများကို နာရီအနည်းငယ်ကြာ ပြန်သုံးသပ်ဖို့ ကောင်းသည်။ ယင်းက အသိပညာစာအုပ်ဖြင့် ကျမ်းစာသင်နေစဉ် ဤကဲ့သို့သောမေးခွန်းများအတွက် အဖြေများကို အသားပေးဖော်ပြရန် သင့်အားထောက်ကူမည်။

၂၀။ ထာဝရအသက်ရစေသော အသိပညာ စာအုပ်ဖြင့် သင်အဘယ်အရာလုပ်ဖို့ ကြံရွယ်ထားသနည်း။

၂၀ အနယ်နယ်အရပ်ရပ်ရှိသူများသည် ထိုသတင်းကောင်းကို ကြားရသင့်သည်။ မှန်ပါသည်၊ လူသားများသည် ဘုရားသခင်ကိုသိကျွမ်းခြင်းပညာ လိုအပ်ပြီး ယေဟောဝါသည် မိမိ၏သက်သေခံများအားဖြင့် ယင်းကိုကြားသိစေတော်မူသည်။ သစ္စာနှင့်သတိပညာရှိသောကျွန်မှတစ်ဆင့် မေတ္တာပြည့်ဝသော ကောင်းကင်ခမည်းတော်က ပေးသနားတော်မူသည့် ဤစာအုပ်အသစ်ကို ယခုကျွန်ုပ်တို့လက်ဝယ်ရရှိထားပြီ။ သမ္မာတရားကို သွန်သင်ရန်နှင့် ယေဟောဝါ၏သန့်ရှင်းသော နာမတော်ကို ဂုဏ်တင်ချီးမြှောက်ရန် ယင်းကို သင်အသုံးပြုမည်လော။ ထာဝရအသက်ရစေသော အသိပညာကို လူများစွာအား ရရှိစေနိုင်ရန် သင် အဘက်ဘက်မှ ကြိုးစားအားထုတ်သည်နှင့်အညီ ယေဟောဝါသည် သင့်အား ကောင်းချီးကြွယ်ဝစွာ ပေးမည်မှာ သေချာသည်။

[အောက်ခြေမှတ်ချက်များ]

a နယူးယောက်မြို့၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်းမှ ထုတ်ဝေသည်။

သင်မည်သို့ပြန်ဖြေမည်နည်း

◻ ဥပစာနှလုံးကို သင်မည်သို့ဖော်ပြမည်နည်း။

◻ ဘုရားသခင်ကို သိကျွမ်းခြင်းပညာကား အဘယ်နည်း။

◻ ဘုရားသခင်ကို သိကျွမ်းခြင်းပညာကို လူသားများအဘယ်ကြောင့် လိုအပ်ရသနည်း။

◻ အဘယ်စာအုပ်သစ်ကို ရရှိနိုင်ပြီး ယင်းကို မည်သို့သုံးဖို့ သင်ကြံရွယ်သနည်း။

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

သန်းထောင်နှင့်ချီသောမြေကြီးသားများသည် ဘုရားသခင်ကိုသိကျွမ်းခြင်းပညာလိုအပ်ရသည့်အကြောင်း များစွာရှိသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ