မိဘတို့—သင်တို့၏ကလေးများကို ဟောပြောရန် လေ့ကျင့်ပေးကြ
၁ ကျွန်ုပ်တို့၏အသင်းတော်များသည် စိတ်ရင်းမှန်ဖြင့် ယေဟောဝါကိုဝတ်ပြုလိုသူ ကလေးများစွာတို့ဖြင့် ကောင်းချီးခံစားရသည်။ (ဒေ. ၁၂:၁) သူတို့သည် ယေဟောဝါအားချီးမွမ်းရာတွင်ပါဝင်ဖို့ ကိုယ်တော်၏ဖိတ်ခေါ်ခံရသူများထဲတွင် ပါဝင်ကြသည်။ (ဆာ. ၁၄၈:၁၂-၁၄) ထို့ကြောင့် မိမိတို့သားသမီးများကို မိဘများနေ့စဉ်လေ့ကျင့်ပေးခြင်းတွင် နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်း၌ အခြားသူများအား သူတို့၏ယုံကြည်ခြင်းကို မည်သို့မျှဝေပေးရမည်နှင့်စပ်လျဉ်းသည့် သင်ကြားပို့ချချက်များ ပါဝင်သင့်သည်။—တရား. ၆:၆၊ ၇။
၂ အဆင့်ဆင့်တိုးတက်လာစေရန် ကလေးများကိုလေ့ကျင့်ပေးပါ– ကလေးများကို ဓမ္မအမှုတွင် မိဘတို့နှင့်အတူလိုက်ပါရန် အလွန်ငယ်ရွယ်သောအချိန်မှစ၍ လေ့ကျင့်ပေးသင့်သည်။ အမှုဆောင်မထွက်မီ သင်တို့၏သားသမီးများအား အဓိပ္ပာယ်ပြည့်ဝသောနည်းဖြင့်ပါဝင်ရန် ကြိုတင်ပြင်ဆင်ပေးပါ။ အိမ်တံခါးဝတွင် သူတို့အား သင်လုပ်ဆောင်စေလိုသည့်အရာကို ကြိုတင်သတ်မှတ်ပိုင်းဖြတ်ထားပါ။ အလွန်ငယ်ရွယ်သောကလေးများသည် ဝေစာများကမ်းပေးခြင်း၊ နိုင်ငံတော်ခန်းမသို့ ဖိတ်ခေါ်ခြင်းတို့ကိုပြုလုပ်နိုင်သည်။ စာကောင်းကောင်းဖတ်တတ်သော လူငယ်များကို အိမ်တံခါးဝတွင် ကျမ်းချက်များဖတ်ပေးရန် တောင်းခံနိုင်သည်။ သူတို့သည် တိုတုတ်သောတင်ဆက်ပုံကိုသုံးကာ မဂ္ဂဇင်းများဝေငှနိုင်သည်။အတွေ့အကြုံရှိလာသည်နှင့်အမျှ သူတို့၏တင်ဆက်မှုတွင် ကျမ်းစာကိုသုံးရန် လေ့ကျင့်ပေးပါ။ ငယ်ရွယ်သောကြေညာသူများစွာတို့သည် သူတို့၏ကိုယ်ပိုင်မဂ္ဂဇင်းလမ်းကြောင်းကိုစတင်ကာ မှန်မှန်ပြန်လည်ပတ်ကြသည်။ အခြားလူငယ်တစ်ဦးနှင့်အမှုဆောင်ခြင်းထက် လူကြီးတစ်ဦးနှင့်အတူ တွဲအမှုဆောင်ခြင်းသည် ကလေးတစ်ဦးအတွက် အကောင်းဆုံးဖြစ်သည်။ ဤလူငယ်လေးသည် ဓမ္မအမှုတွင် လေ့ကျင့်မှုခံယူနေကြောင်း အိမ်ရှင်ကို လူကြီးကရှင်းပြနိုင်သည်။
၃ ကလေးမလေးတစ်ဦးသည် နိုင်ငံတော်ကြေညာသူတစ်ဦးအဖြစ် အရည်အချင်းပြည့်မီနိုင်ရန် အကူအညီပေးဖို့ အကြီးအကဲများထံတောင်းဆိုခဲ့သည်။ ထိုအချိန်က ကလေးမလေးသည် အသက်ငါးနှစ်အရွယ်သာရှိကာ စာမဖတ်တတ်သေးသော်လည်း အိမ်များတွင် နိုင်ငံတော်သတင်းတရားကို ထိထိရောက်ရောက်တင်ပြနိုင်သည်။ ကလေးမလေးသည် ကျမ်းချက်နေရာများကို အလွတ်မှတ်ထားပြီး အိမ်ရှင်ကိုဖတ်ခိုင်းကာ သူမက ရှင်းပြပေးသည်။
၄ ကလေးများသည် ဓမ္မအမှုတွင် မှန်မှန်ပါဝင်ရန် အစီအစဉ်ဇယားကောင်းတစ်ခုရှိခြင်းကို တန်ဖိုးထားသည့် မိဘများ၏ပုံသက်သေဖြင့်လည်း သွန်သင်ခံရသင့်သည်။ ရက်သတ္တပတ်၏မည်သည့်အပိုင်းကို ဟောပြောခြင်းလုပ်ငန်းအတွက် အမြဲသီးသန့်ဖယ်ထားကြောင်းကို ကလေးများသိရှိစေရန် မိဘတို့သည် အမှုဆောင်လုပ်ငန်းအတွက် တစ်သမတ်တည်းဖြစ်သောပတ်စဉ်အစီအစဉ်ကို ချမှတ်ပြီး ယင်းအတိုင်းလိုက်နာရန် လိုအပ်သည်။
၅ ကလေးများသည် ဓမ္မအမှုကို ချစ်မြတ်နိုးပြီးပျော်ပိုက်ရန် ငယ်ရွယ်နုနယ်သောအချိန်မှစ၍ လေ့ကျင့်ခံရပါက အနာဂတ်တွင် ရှေ့ဆောင်လုပ်ငန်းအပါအဝင် သာ၍ကြီးမားသည့် အခွင့်ထူးများကိုလှမ်းယူရန် လှုံ့ဆော်ခံရမည်ဖြစ်သည်။ (၁ ကော. ၁၅:၅၈) ကျွန်ုပ်တို့အလယ်တွင်ရှိနေသောကလေးများအား ယေဟောဝါကိုချီးမွမ်းသူများအဖြစ် ကောင်းစွာတိုးတက်လာရန် ကျွန်ုပ်တို့အားလုံး အားပေးတိုက်တွန်းသင့်ပေသည်။