မိဘတို့၊ မိမိတို့၏ရင်သွေး၌ သာယာကြည်နူးမှုကို ခံစားပါလေ
‘သင်၏မိဘတို့သည် ရွှင်လန်းဝမ်းမြောက်ကြလိမ့်မည်။’—သု. ၂၃:၂၅။
၁။ မိဘတို့ မိမိတို့၏ရင်သွေး၌ သာယာကြည်နူးမှုကို ခံစားရရန် မည်သည့်အရာကဖြစ်စေမည်နည်း။
ပျိုးပင်ငယ်တစ်ပင်သည် ကြီးထွားလာကာ လှပတင့်တယ်ပြီး အရိပ်ရသည့် ခန့်ညားထည်ဝါသောသစ်ပင်ကြီးတစ်ပင်ဖြစ်လာသည်ကို တွေ့မြင်ရခြင်းသည် အလွန်စိတ်ကျေနပ်စရာပင်—အထူးသဖြင့် အဆိုပါအပင်ကို သင်စိုက်ပျိုးပြုစုခဲ့လျှင်ဖြစ်သည်! အလားတူစွာ၊ ဘုရားသခင်၏ရင့်ကျက်သော ကျေးကျွန်များအဖြစ် ကြီးပြင်းလာသောရင်သွေးကို ပြုစုစောင့်ရှောက်သည့် မိဘတို့သည် သူတို့လေးများတွင် အကြီးအကျယ်သာယာကြည်နူးမှုကို ခံစားရကြရာ နယပုံပြင်ကျမ်းဆိုသကဲ့သို့ “ဖြောင့်မတ်သောသူ၏အဘသည် အလွန်ဝမ်းမြောက်လိမ့်မည်။ ပညာရှိသောသားကို ဖြစ်ဖွားစေသောသူသည် ထိုသား၌အားရဝမ်းမြောက်လိမ့်မည်။ သင်၏မိဘတို့သည် ဝမ်းမြောက်၍၊ သင့်ကို မွေးဖွားသောသူသည် ရွှင်လန်းလိမ့်မည်။”—သု. ၂၃:၂၄၊ ၂၅။
၂၊ ၃။ (က) မိဘတို့သည် ဝမ်းနည်းမှုနှင့် နာကြည်းစရာကို မည်သို့ရှောင်နိုင်သနည်း။ (ခ) ပျိုးပင်ငယ်ကော ရင်သွေးပါ သာယာကြည်နူးမှု၏ ဇာစ်မြစ်ဖြစ်လာနိုင်ရန် မည်သည့်အရာလိုအပ်သနည်း။
၂ သို့တိုင်၊ ကလေးတစ်ယောက်သည် “ဖြောင့်မတ်သောသူ” နှင့် “ပညာရှိသော” သူ အလိုအလျောက်ဖြစ်လာသည်မဟုတ်။ ပျိုးပင်ငယ်တစ်ပင်သည် ခန့်ညားထည်ဝါသောသစ်ပင်တစ်ပင်ဖြစ်လာရေးတွင် လုပ်ဆောင်မှုပါဝင်နိုင်သကဲ့သို့ပင် လူငယ်လေးတို့သည် “ဝမ်းနည်း” မှုနှင့် “စိတ်နာရာ” ဖြစ်စေသော ဂြိုဟ်ကောင်လေးများဖြစ်မလာဖို့အတွက် အကြီးအကျယ်အားထုတ်မှုလိုအပ်ပါသည်။ (သု. ၁၇:၂၁၊ ၂၅၊ သမ) ဥပမာ၊ အထိန်းတိုင်များက ပျိုးပင်ငယ်လေးတစ်ပင် ဖြောင့်ဖြောင့်တန်းတန်းနှင့် သန်သန်စွမ်းစွမ်းကြီးထွားလာဖို့ ပြုပြင်ပေးနိုင်သည်။ ရေမှန်မှန်လောင်းခြင်းသည် အရေးကြီးပြီး ပျိုးပင်ငယ်ကို ရောဂါပိုးမွှားအန္တရာယ်မှ ကာကွယ်ပေးရန် လိုအပ်ပေမည်။ နောက်ဆုံးတွင်၊ မလိုအပ်သည့်အကိုင်းများကို ချိုင်ပေးခြင်းက လှပတင့်တယ်သောသစ်ပင်တစ်ပင်ဖြစ်ပေါ်လာဖို့ ထောက်ကူပေးသည်။
၃ ရင်သွေးဟူသည် ဘုရားရေးရာလေ့ကျင့်ပေးမှု၊ ကျမ်းစာသမ္မာတရားရေ ရွှဲရွှဲလောင်းပေးခြင်း၊ စာရိတ္တဆိုင်ရာမတော်တရော်ပြုမှုများမှ ကာကွယ်ပေးခြင်းနှင့် မနှစ်မြို့ဖွယ်ဝသီအကိုင်းများကို ချိုင်ပေးရန် မေတ္တာပါသော ဆုံးမပဲ့ပြင်ခြင်းတို့ကဲ့သို့သောအရာများ လိုအပ်ကြောင်း ဘုရားသခင့်နှုတ်ကပါဌ်တော်က ဖော်ပြထားသည်။ ဤလိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့ “ယေဟောဝါ၏ ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိန်းညှိခြင်းနှင့်အညီ” မိမိတို့၏ရင်သွေးကို မွေးမြူပြုစုပေးရန် ဖခင်ဖြစ်သူများအား အထူးတိုက်တွန်းထားသည်။ (ဧဖက် ၆:၄၊ ကဘ) ယင်းတွင် မည်သည့်အရာ ပါဝင်သနည်း။
ဘုရားသခင့်နှုတ်တော်ထွက်စကားများကို အလေးထား
၄။ မိဘတို့သည် မိမိတို့ရင်သွေးများအပေါ်တွင် မည်သည့်တာဝန်ရှိသနည်း၊ ယင်းတာဝန်ကို မလုပ်ဆောင်နိုင်မီ မည်သည့်အရာလိုအပ်သနည်း။
၄ ‘ယေဟောဝါ၏စိတ်ပိုင်းဆိုင်ရာ ထိန်းညှိခြင်း’ ဟူသည်မှာ ကျွန်ုပ်တို့၏စဉ်းစားပုံကို ယေဟောဝါ၏အလိုတော်နှင့်အညီ ထိန်းညှိခြင်းဟု အဓိပ္ပာယ်ရသည်။ သို့ဆိုလျှင် မိဘတို့သည် ကိစ္စရပ်များနှင့်ပတ်သက်၍ ယေဟောဝါရှင်၏စဉ်းစားပုံကို မိမိတို့ရင်သွေးငယ်လေးများ၏စိတ်ထဲတွင် သွတ်သွင်းပေးရမည်။ ထို့အပြင် သူတို့သည် သက်ညှာထောက်ထားမှုပါသော ဆုံးမပဲ့ပြင်ပေးမှု သို့မဟုတ် ပြုပြင်တည့်မတ်ပေးသော လေ့ကျင့်ပေးမှုနှင့်ပတ်သက်သော ဘုရားသခင်၏စံနမူနာတော်ကိုလည်း တုပရကြမည်။ (ဆာလံ ၁၀၃:၁၀၊ ၁၁; သု. ၃:၁၁၊ ၁၂) သို့သော် မိဘတို့သည် ယင်းကို မလုပ်နိုင်သေးမီ မိမိတို့ကိုယ်တိုင် ယေဟောဝါ၏နှုတ်တော်ထွက်စကားများကို ခံယူရမည်ဖြစ်ရာ ရှေးဣသရေလလူမျိုးတို့ကို ဘုရားသခင်၏ပရောဖက် မောရှေမိန့်မှာခဲ့သကဲ့သို့ “ယနေ့ငါမှာထားသော [ယေဟောဝါထံတော်မှ] စကားကို နှလုံးသွင်းရမည်။”—တရားဟောရာ ၆:၆။
၅။ ဣသရေလမိဘတို့သည် မိမိတို့၏ရင်သွေးကို မည်သည့်အချိန်တွင် မည်သည့်နည်းဖြင့် သွန်သင်ပေးကြရသနည်း၊ “စွဲမှတ်စေ” ဟူသည် မည်သည့်အဓိပ္ပာယ်ထွက်သနည်း။
၅ ကျမ်းစာကို မှန်မှန်လေ့လာကာ တွေးတောဆင်ခြင်ခြင်းနှင့် ဆုတောင်းခြင်းတို့က “[ယေဟောဝါ၏နှုတ်တော်ထွက်ဖြစ်သော] ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍သွန်သင် [“စွဲမှတ်စေ၊” ကဘ] ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ ထိုစကားကို ပြောရမည်” ဟူသော မောရှေ၏နောက်ထပ်မိန့်မှာချက်ကို လုပ်ဆောင်ရန် မိဘတို့ကို ပြင်ဆင်ပေးသည်။ “စွဲမှတ်စေသည်” ဟုပြန်ဆိုထားသော ဟေဗြဲစကားလုံး၏အဓိပ္ပာယ်မှာ “ထပ်တလဲလဲပြောသည်၊” “အဖန်ဖန်ပြောသည်၊” “သဲသဲကွဲကွဲစွဲမှတ်စေသည်” ဟုအဓိပ္ပာယ်ရသည်။ ယေဟောဝါ၏နှုတ်တော်ထွက်စကားများကို ဦးထိပ်ထားဖို့လိုအပ်ကြောင်း မောရှေက ထပ်မံ၍အလေးပေးဖော်ပြပုံကို မှတ်သားပါလေ– “ထိုစကားကို သင်၏လက္ခဏာသက်သေဖို့ရာလည်းကောင်း၊ သင်၏မျက်စိကြားမှာ သင်းကျစ်ကဲ့သို့လည်းကောင်း ချည်ထားရမည်။” ရှင်းနေသည်မှာ မိဘတို့သည် မိမိတို့၏ရင်သွေးကို မေတ္တာဖြင့်မှန်မှန်ဂရုစိုက်ပေးရန် ယေဟောဝါရှင် တောင်းဆိုထားတော်မူသည်။—တရားဟောရာ ၆:၇-၉။
၆။ မိဘတို့သည် မိမိတို့ရင်သွေးအား မည်သည့်အရာကို စွဲမှတ်စေရမည်နည်း၊ မည်သည့်အကျိုးအတွက်နည်း။
၆ မိဘတို့သည် မိမိတို့၏ရင်သွေးတို့အား စွဲမှတ်စေရမည်ဖြစ်သည့် ယေဟောဝါရှင်၏ “ထိုစကား” များကား အဘယ်နည်း။ လူ့အသက်မသတ်ရ၊ သူ့သားမယားမပြစ်မှားရ၊ မခိုးရ၊ မမှန်သောသက်သေမခံရ၊ သူတစ်ပါးပိုင်ဆိုင်ရာကို မတပ်မက်ရဟူသည့် ပညတ်ချက်များအပါအဝင် ပညတ်တော်ဆယ်ပါးဟုအများခေါ်သည့်အရာကို မောရှေပြန်လည်ဖော်ပြပြီးရုံရှိသေးသည်။ ဤကဲ့သို့သော ကျင့်ဝတ်ဆိုင်ရာတောင်းဆိုချက်များအပြင် “သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့” ဟူသည့်ပညတ်ကို မိဘတို့သည် အထူးသဖြင့် မိမိ၏ရင်သွေးလေးများအား စွဲမှတ်စေရမည်ဖြစ်သည်။ (တရားဟောရာ ၅:၆-၂၁; ၆:၁-၅) ယင်းသည် ရင်သွေးဖြစ်သူတို့ ယနေ့လိုအပ်သည့် သွန်သင်မှုမျိုးဖြစ်သည်ဟူသောအချက်ကို သင်သဘောတူမည်မဟုတ်လော။
၇။ (က) ကျမ်းစာ၌ ရင်သွေးကို မည်သည့်အရာနှင့် နှိုင်းယှဉ်ထားသနည်း။ (ခ) ယခု ကျွန်ုပ်တို့ မည်သည့်အရာကို ဆန်းစစ်ကြမည်နည်း။
၇ ဣသရေလဖခင်ဖြစ်သူများအား “သင်၏မယားသည် အိမ်တွင်း၌ အသီးသီးသော စပျစ်နွယ်ပင်ကဲ့သို့လည်းကောင်း၊ သားသမီးတို့သည် သင့်စားပွဲပတ်လည်၌ သံလွင်ပင်ကလေးများကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်” ဟုပြောခဲ့သည်။ (ဆာလံ ၁၂၈:၃၊ သမ္မာ) မိဘတို့သည် မိမိတို့၏ “ပျိုးပင်လေးများ” ကြောင့်ဝမ်းမနည်းရဘဲ သာယာကြည်နူးမှု ခံစားရဖို့အတွက် မိမိတို့ရင်သွေးကို တစ်ဦးချင်း နေ့စဉ်ဂရုစိုက်ပေးရမည်။ (သု. ၁၀:၁; ၁၃:၂၄; ၂၉:၁၅၊ ၁၇) မိဘတို့သည် သူတို့လေးများကြောင့် အမှန်တကယ်သာယာကြည်နူးမှု ခံစားလာနိုင်သည့်နည်းဖြင့် မိမိတို့၏ရင်သွေးကို လေ့ကျင့်ပေးနိုင်၊ ဝိညာဉ်ရေးဘက်ရေလောင်းပေးနိုင်၊ အကာအကွယ်ပေးနိုင်ပြီး မေတ္တာဖြင့်ဆုံးမပဲ့ပြင်ပေးနိုင်ပုံကို သုံးသပ်ကြစို့။
ငယ်သောအရွယ်မှစ၍ လေ့ကျင့်ပေးခြင်း
၈။ (က) မည်သူတို့သည် တိမောသေအတွက် တည့်မတ်ပေးသော အထိန်းတိုင်များအဖြစ် လုပ်ဆောင်ခဲ့ကြသနည်း။ (ခ) လေ့ကျင့်မှုကို မည်သည့်အချိန်မှစတင်ခဲ့သနည်း၊ ရလဒ်ကား မည်သို့နည်း။
၈ ခိုင်မြဲစွာစိုက်ထားသော ပြုပြင်ပေးသည့် အထိန်းတိုင်နှစ်ခုဟုဆိုရမည့် သူ၏မိခင်နှင့်အဖွားတို့ထံမှ အထောက်အမကိုရရှိခဲ့သည့် တိမောသေအကြောင်း သုံးသပ်ကြည့်ပါ။ တိမောသေ၏ဖခင်သည် ဂရိလူမျိုးဖြစ်ပြီး မယုံကြည်သူဖြစ်ကြောင်းထင်ရှားသောကြောင့် လူငယ်လေးအား ‘ကျမ်းစာကို ငယ်သောအရွယ်မှစ၍’ လေ့ကျင့်ပေးခဲ့သူတို့မှာ ဂျူးလူမျိုးဖြစ်သော သူ၏မိခင် ဥနိတ်နှင့် သူမ၏မိခင် လောဣတို့ဖြစ်သည်။ (၂ တိမောသေ ၁:၅; ၃:၁၅; တမန်တော် ၁၆:၁) သူတို့သည် တိမောသေအား—လူမမည်အရွယ်ကပင်—“[ယေဟောဝါရှင်] ပြုတော်မူသော အံ့ဖွယ်အမှုတို့ကို” ဝီရိယစိုက်ထုတ်သွန်သင်ပေးသောကြောင့် ကြွယ်ဝစွာဆုချခံခဲ့ရသည်။ (ဆာလံ ၇၈:၁၊ ၃၊ ၄) တိမောသေသည် ဆယ်ကျော်သက်အရွယ်လောက်သာရှိသေးစဉ် ဝေးလံသည့်ဒေသများတွင် သာသနာပြုတစ်ဦးဖြစ်လာပြီး အစောပိုင်းခရစ်ယာန်အသင်းတော်များကို မြဲမြံခိုင်ခံ့စေရန် အထင်ကရတာဝန်တစ်ခုကို ရရှိထားသည်။—တမန်တော် ၁၆:၂-၅; ၁ ကောရိန္သု ၄:၁၇; ဖိလိပ္ပိ ၂:၁၉-၂၃။
၉။ လူငယ်များသည် ရုပ်ပစ္စည်းမက်မောခြင်း၏ ထောင်ချောက်များကို ရှောင်ရန် မည်သို့သင်ယူနိုင်သနည်း။
၉ မိဘတို့၊ သင်တို့သည် မည်ကဲ့သို့သော ပြုပြင်ပေးသည့်အထိန်းတိုင်မျိုးဖြစ်သနည်း။ ဥပမာ၊ သင်တို့သည် မိမိတို့၏ရင်သွေးကို ရုပ်ပစ္စည်းနှင့်ပတ်သက်၍ မျှတသောအမြင် တိုးပွားလာစေလိုပါသလော။ သို့ဆိုလျှင် သင်သည် အမှန်မလိုအပ်သည့် နောက်ဆုံးပေါ်ပစ္စည်းပစ္စယများ သို့မဟုတ် အခြားအရာများရှိသမျှနောက် တကောက်ကောက်လိုက်မနေဘဲ မှန်ကန်သည့်စံနမူနာပြရမည်။ အကယ်၍သင်က ရုပ်ပစ္စည်းအကျိုးအမြတ်များနောက် တကောက်ကောက်လိုက်ဖို့ရွေးမည်ဆိုလျှင် သင့်ရင်သွေးသည် သင့်အတိုင်းလိုက်လုပ်သောအခါ မအံ့သြနှင့်။ (မဿဲ ၆:၂၄; ၁ တိမောသေ ၆:၉၊ ၁၀) အမှန်ဆိုလျှင် ပြုပြင်ပေးသောအထိန်းတိုင် မဖြောင့်လျှင် ပျိုးပင်ငယ်သည် ဖြောင့်ဖြောင့်တန်းတန်း မည်သို့ကြီးထွားလာနိုင်ပါမည်နည်း။
၁၀။ မိဘတို့သည် မည်သူ၏ညွှန်ကြားချက်ကို အမြဲရှာကြံနေသင့်သနည်း၊ သူတို့တွင် မည်သည့်သဘောထားရှိသင့်သနည်း။
၁၀ မိမိတို့၏ရင်သွေး၌ သာယာကြည်နူးမှုခံစားရသော မိဘတို့သည် သူတို့ကိုလေ့ကျင့်ပေးဖို့ ဘုရားသခင့်အကူအညီကို မပြတ်ရှာယူမည်ဖြစ်ပြီး ဝိညာဉ်ရေးဘက် ရင်သွေး၏အကောင်းဆုံးအကျိုးဖြစ်သည့်အရာကို အမြဲသုံးသပ်နေမည်ဖြစ်သည်။ ကလေးလေးယောက် မိခင်တစ်ဦးက “ကျွန်မတို့ဟာ မိကောင်းဖခင်များဖြစ်ကြဖို့၊ ကိုယ်တော့်နှုတ်ကပါဌ်တော်ကနေ လမ်းညွှန်မှုခံရဖို့နဲ့ ကျွန်မတို့ရဲ့အသက်တာမှာ လက်တွေ့ကျင့်သုံးဖို့ အကူအညီရရှိလေအောင် ကျွန်မတို့ရဲ့ရင်သွေးလေး မမွေးဖွားခင်ကတည်းက ယေဟောဝါထံ မှန်မှန်ဆုတောင်းခဲ့ကြတယ်” ဟုပြန်ပြောင်းပြောပြသည်။ “‘ယေဟောဝါကို ရှေးဦးထားတယ်’ ဆိုတာဟာ ပြောနေကျ စကားစုမျှသာမဟုတ်ဘဲ ကျွန်မတို့လျှောက်လှမ်းနေတဲ့ အသက်တာလမ်းစဉ်ပါပဲ” ဟုသူမ ထပ်ပြောခဲ့သည်။—တရားသူကြီး ၁၃:၈။
“ရေ” မှန်မှန်လောင်းပေးပါ
၁၁။ ကြီးထွားလာဖို့အတွက် ပျိုးပင်ငယ်ကော ရင်သွေးပါ မည်သည့်အရာလိုအပ်ပါသနည်း။
၁၁ မြစ်ကမ်းဘေးရှိ သစ်ပင်များ ကောင်းစွာကြီးထွားခြင်းကို ထောက်ရှုလျှင် ပျိုးပင်ငယ်များသည် ရေမပြတ်ရရှိဖို့လိုသည်။ (ဗျာဒိတ် ၂၂:၁၊ ၂ နှိုင်းယှဉ်။) လူမမည်လေးများသည်လည်း ကျမ်းစာသမ္မာတရားရေ မှန်မှန်အလောင်းခံရပါက ဝိညာဉ်ရေးဘက် ဖြစ်ထွန်းလာမည်သာ။ သို့သော် မိဘတို့သည် မိမိတို့ရင်သွေး မည်မျှကြာကြာအာရုံစိုက်နိုင်သည်ကို ထည့်တွက်ဖို့လိုသည်။ အကြိမ်ကြိမ်လုပ်ပေးသော သွန်သင်ညွှန်ကြားချက်အချိန်တိုလေးများသည် ကြာရှည်သောသွန်သင်ညွှန်ကြားချက်အနည်းငယ်ထက် သာ၍ထိရောက်ဖွယ်ရှိသည်။ ဤကဲ့သို့သောအချိန်တိုလေးများ၏တန်ဖိုးကို အထင်မသေးလိုက်ပါနှင့်။ အတူတကွသုံးလိုက်သည့်အချိန်သည် ကျမ်းစာတွင် အကြိမ်ကြိမ် အားပေးတိုက်တွန်းထားသည့်ရင်းနှီးမှုဖြစ်သော မိဘနှင့်ရင်သွေးတို့၏သံယောဇဉ်ကို ဖြစ်ပေါ်စေဖို့ အလွန်လိုအပ်သည်။—တရားဟောရာ ၆:၆-၉; ၁၁:၁၈-၂၁; သု. ၂၂:၆။
၁၂။ ရင်သွေးငယ်တို့နှင့်အတူ ဆုတောင်းခြင်း၏တန်ဖိုးကား အဘယ်နည်း။
၁၂ ရင်သွေးငယ်တို့နှင့်အတူရှိနိုင်သည့် အချိန်တစ်ခုမှာ ညနေချမ်းအချိန်ဖြစ်နိုင်သည်။ လူငယ်တစ်ဦးက “ကျွန်မရဲ့မိဘတွေဟာ ညတိုင်း အိပ်ရာစွန်းမှာထိုင်ပြီး ကျွန်မတို့ရဲ့ကိုယ်စီဆုတောင်းချက်တွေကို လာနားထောင်လေ့ရှိ” သည်ကို အမှတ်ရနေသည်။ ယင်းသို့လုပ်ဆောင်ခြင်း၏တန်ဖိုးနှင့်ပတ်သက်ပြီး အခြားတစ်ယောက်က “အဲ့လိုလုပ်ပေးခြင်းကြောင့် ကျွန်မဟာ ညစဉ်ညတိုင်း အိပ်ရာမဝင်မီ ယေဟောဝါထံဆုတောင်းတဲ့အကျင့်ရသွားတယ်” ဟုဆိုသည်။ ရင်သွေးတို့သည် မိဘတို့က ယေဟောဝါအကြောင်းပြောပြီး ကိုယ်တော်ထံဆုတောင်းသည်ကို နေ့စဉ်နှင့်အမျှ ကြားရသောအခါ သူတို့အတွက် ကိုယ်တော်သည် တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်လာသည်။ လူငယ်လေးတစ်ဦးက “ကျွန်တော့်မျက်စိတွေကိုပိတ်ပြီး ယေဟောဝါထံဆုတောင်းရင် တကယ့်အဖိုးတစ်ယောက်လိုပုဂ္ဂိုလ်တစ်ဦးကို မြင်ယောင်နိုင်ပါတယ်။ ကျွန်တော်ရဲ့မိဘတွေက ကျွန်တော်တို့လုပ်သမျှ၊ ပြောသမျှ ကဏ္ဍတိုင်းမှာ ယေဟောဝါရှင်ပါဝင်ကြောင်း သိမြင်နားလည်အောင် ကျွန်တော်တို့ကို ကူညီပေးခဲ့ပါတယ်။”
၁၃။ ပုံမှန်သွန်သင်ညွှန်ကြားချိန်များတွင် မည်သည့်အရာကို ထည့်သွင်းနိုင်သနည်း။
၁၃ ရင်သွေးငယ်များ ကျမ်းစာသမ္မာတရားရေကို စုပ်ယူလက်ခံဖို့ အကူအညီပေးရန် မိဘတို့သည် ပုံမှန်သွန်သင်ညွှန်ကြားချိန်များတွင် လက်တွေ့ကျသောအရာများစွာကို ထည့်သွင်းနိုင်သည်။ ဆယ်ကျော်သက်အရွယ်မရောက်သေးသော ကလေးနှစ်ယောက်၏မိဘတို့က “ရင်သွေးနှစ်ယောက်စလုံးဟာ အပတ်သားလောက်ပဲရှိတဲ့အရွယ်ကတည်းက ဘုရားသခင့်နိုင်ငံတော်ခန်းမမှာ ငြိမ်ငြိမ်လေးထိုင်ဖို့လေ့ကျင့်ပေးတာကို စတင်ခံယူခဲ့ကြတယ်” ဟုဆိုသည်။ မိသားစုလုပ်ဆောင်သည့်အရာနှင့်ပတ်သက်ပြီး ဖခင်တစ်ဦးက “အညွှန်းကတ်တွေပေါ်မှာ ကျမ်းစောင်တွေရဲ့အမည်အားလုံးကို ရေးချကြပြီး ကျွန်တော်တို့အားလုံး တစ်လှည့်စီ အစီအစဉ်လိုက် ပြန်စီတာကိုလေ့ကျင့်ကြတယ်။ ချာတိတ်တွေက အဲ့ဒါကိုပဲအမြဲ မျှော်နေကြတယ်ဗျ” ဟုဖော်ပြသည်။ မိသားစုများစွာသည် ထမင်းမစားမီတွင်ဖြစ်စေ၊ စားအပြီးတွင်ဖြစ်စေ သွန်သင်ညွှန်ကြားချက် အချိန်တိုလေးကို ထည့်သွင်းကြသည်။ ဖခင်တစ်ဦးက “ညနေစာစားချိန်ဟာ ကျွန်တော်တို့အတွက် နေ့စဉ်ကျမ်းချက်ဆွေးနွေးဖို့ အချိန်ကောင်းအခါကောင်းဖြစ်သွားပြီလေ” ဟုဆိုသည်။
၁၄။ (က) ဝိညာဉ်ရေးဘက်အကျိုးရှိစေသော မည်သည့်လုပ်ဆောင်မှုများကို ရင်သွေးငယ်တို့နှင့်အတူ ပါဝင်လုပ်ဆောင်နိုင်သနည်း။ (ခ) ရင်သွေးတို့တွင် မည်သည့်သင်ယူမှုစွမ်းရည်ရှိသနည်း။
၁၄ ရင်သွေးငယ်တို့သည် ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်မှ ထင်ရှားသောကျမ်းစာမှတ်တမ်းများ နားထောင်ရခြင်းကိုလည်း နှစ်ခြိုက်ကြသည်။a “ကလေးတွေငယ်တုန်းက ကျမ်းစာပုံပြင်စာအုပ်မှာပါတဲ့ သင်ခန်းစာတစ်ခုကို အစအဆုံးသင်မယ်၊ အဲ့ဒီနောက် ကလေးတွေက အဝတ်အစားတွေဝတ်ဆင်ပြီး ပါဝင်တဲ့အပိုင်းတွေကို ပြဇာတ်တိုပုံစံလေးနဲ့ သရုပ်ဆောင်ကြမယ်။ အဲ့ဒါကို သူတို့သိပ်ကြိုက်ကြတယ်၊ သင်အံမှုတစ်ခါလုပ်ရင် ပုံပြင်တစ်ခုထက်မကလုပ်ဖို့ ပူဆာကြတယ်” ဟုမောင်နှံတစ်စုံ သတိပြုမိသည်။ သင့်ရင်သွေး၏သင်ယူနိုင်စွမ်းကို လျှော့မတွက်လေနှင့်! လေးနှစ်အရွယ်ကလေးငယ်သည် ကျမ်းစာပုံပြင်ပါ အခန်းအားလုံးကို မှတ်မိကာ ကျမ်းစာကိုပင် ဖတ်တတ်ခဲ့သည်။ လူငယ်တစ်ဦးက သူမသည် သုံးနှစ်ခွဲအရွယ်တွင် “တရားရေးဆုံးဖြတ်ချက်များ” ဟူသည့်စကားလုံးကို အသံထွက် အကြိမ်ကြိမ်မှားသော်လည်း အမှန်ထွက်နိုင်အောင်ဆက်ပြီးလေ့ကျင့်ဖို့ ဖခင်ဖြစ်သူက သူမကို အားပေးတိုက်တွန်းခဲ့ကြောင်း ပြန်ပြောပြသည်။
၁၅။ ရင်သွေးတို့နှင့်အတူ ဆွေးနွေးခန်းများတွင် မည်သည့်ကိစ္စများကို ထည့်သွင်းနိုင်သနည်း၊ ဤကဲ့သို့သောဆွေးနွေးခန်းများသည် တန်ဖိုးရှိကြောင်း မည်သည့်သာဓကရှိသနည်း။
၁၅ သင့်ရင်သွေးငယ်များနှင့်အတူရှိသော အချိန်များကို အစည်းအဝေးများတွင် အဖြေပေးသကဲ့သို့ အခြားသူများကို သမ္မာတရားရေ ဝေမျှပေးရန် သူတို့ကို ပြင်ဆင်ပေးဖို့ အသုံးပြုနိုင်သည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) “လေ့ကျင့်ချိန်တွေအတွင်း ကျွန်မဟာ ကိုယ့်စကားနဲ့ မှတ်ချက်ပေးရလေ့ရှိတယ်။ နားမလည်ဘဲဖတ်တာသက်သက်ကို ခွင့်မပြုဘူး” ဟုလူငယ်တစ်ဦး ပြန်အမှတ်ရသည်။ ထို့အပြင် လယ်ကွင်းဓမ္မအမှုတွင် အဓိပ္ပာယ်ရှိရှိပါဝင်ရန် ရင်သွေးကို လေ့ကျင့်ပေးနိုင်သည်။ ဘုရားကိုကြောက်ရွံ့သောမိဘတို့၏ အပြုအစုခံခဲ့ရသည့်အမျိုးသမီးတစ်ဦးက “ကျွန်မတို့ဟာ အဖေအမေတို့နဲ့အတူ သူတို့ရဲ့အမှုဆောင်မှာ နောက်ကနေ တကောက်ကောက်လိုက်ရုံလောက်လေး တစ်ခါမှမပါခဲ့ဘူး။ တံခါးခေါင်းလောင်းလေးတီးတာ၊ လက်ကမ်းစာစောင်လေး ကမ်းပေးတာလေးဖြစ်ပါစေ ကျွန်မတို့ပါဝင်ခဲ့ကြတယ်ဆိုတာ ကျွန်မတို့သိနေတယ်။ သီတင်းပတ်အဆုံး အမှုဆောင်လုပ်ငန်းတိုင်းအတွက် ဂရုတစိုက်ကြိုတင်ပြင်ဆင်ခြင်းကြောင့် ကျွန်မတို့ပြောရမယ့်အရာကို ကျွန်မတို့ သိနေတယ်။ စနေနေ့မနက်မှာ နိုးထလာပြီး အမှုဆောင်သွားမလားလို့ ကိုယ့်ကိုယ်ကို မေးစရာတစ်ခါမှမလိုဘူး။ ကျွန်မတို့သွားကြမယ်ဆိုတာ သိနေတယ်” ဟုရှင်းပြသည်။
၁၆။ ရင်သွေးတို့နှင့်အတူ မိသားစုလေ့လာမှု မှန်မှန်ကျင်းပခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။
၁၆ ရင်သွေးလေးတို့အား ကျမ်းစာသမ္မာတရားရေ မှန်မှန်လောင်းပေးဖို့လိုအပ်ချက်ကို ပုံကြီးချဲ့ပြောနေ၍မပြီးပါ၊ ဆိုလိုသည်မှာ အပတ်စဉ်မိသားစုလေ့လာမှုသည် အရေးတကြီးလိုအပ်သည်။ ကလေးနှစ်ယောက်ဖခင်တစ်ဦးက “သားသမီးတွေကို စိတ်ဆိုးစေတဲ့ အဓိကအချက်တစ်ချက်ကတော့ ရှေ့နောက်မညီခြင်းဖြစ်တယ်” ဟုဖော်ပြသည်။ (ဧဖက် ၆:၄) “ကျွန်တော်တို့လင်မယားနှစ်ယောက်ဟာ နေ့နဲ့အချိန်ကိုရွေးပြီး မိသားစုလေ့လာမှုကို ဇယားအတိုင်းမပျက်မကွက် လုပ်ကြတယ်။ သိပ်မကြာခင်မှာပဲ သင်အံမှုလုပ်မယ့်အချိန်ကိုမျှော်နေတတ်ကြတယ်” ဟုသူကဆိုသည်။ ‘အပင်ငယ်သည် ပုံသွင်းခံရသည့်အတိုင်း သစ်ပင်ကြီးဖြစ်လာသည်’ ဟူသည့် ဆိုရိုးနှင့်အညီ ငယ်သောအရွယ်မှစ၍ ဤသို့သော လေ့ကျင့်ပေးမှုမှန်သမျှသည် အရေးကြီးလှပေသည်။
၁၇။ ရင်သွေးငယ်များကို ကျမ်းစာသမ္မာတရား ထောက်ပံ့ပေးခြင်းနှင့်ထပ်တူထပ်မျှ အရေးကြီးသောအရာကားအဘယ်နည်း။
၁၇ ရင်သွေးငယ်တို့ကို ကျမ်းစာသမ္မာတရားများ ထောက်ပံ့ပေးခြင်းသည်အရေးကြီးသကဲ့သို့ မိဘတို့၏ပုံသက်သေသည်လည်း ထပ်တူထပ်မျှပင်အရေးကြီးသည်။ မှန်ပါသည်၊ သင့်ရင်သွေးတို့သည် သင်လေ့လာမှုပြုနေခြင်း၊ အစည်းအဝေးများမှန်မှန်တက်နေခြင်း၊ လယ်ကွင်းဓမ္မအမှုတွင် ပါဝင်နေခြင်း၊ ယေဟောဝါ၏အလိုတော်ထမ်းဆောင်ရာတွင် နှစ်ခြိုက်မွေ့ပျော်နေခြင်းတို့ကို တွေ့မြင်ပါသလော။ (ဆာလံ ၄၀:၈) ယင်းသို့ သူတို့တွေ့မြင်ရဖို့ အရေးကြီးသည်။ လင်ယောက်ျား၏အတိုက်အခံကို ကြံ့ကြံ့ခံရပ်တည်ကာ သားသမီးခြောက်ယောက်ကို သစ္စာရှိသောသက်သေခံများဖြစ်လာဖို့ ပြုစုပျိုးထောင်ပေးခဲ့သည့် မိခင်နှင့်ပတ်သက်ပြီး သမီးဖြစ်သူက အဓိပ္ပာယ်ပါပါ ဤသို့ပြောခဲ့သည်– “အမေ့ပုံသက်သေဟာ ကျွန်မတို့ကို အစွဲမှတ်စေဆုံးပဲ—အဲ့ဒါဟာ အပြောထက်ပိုပြီးတာသွားပါတယ်။”
ရင်သွေးငယ်များကို အကာအကွယ်ပေးခြင်း
၁၈။ (က) မိဘတို့သည် ရင်သွေးတို့လိုအပ်သည့်အကာအကွယ်ကို မည်သို့ပေးနိုင်ကြသနည်း။ (ခ) မျိုးပွားအင်္ဂါများနှင့်ပတ်သက်၍ ဣသရေလနိုင်ငံရှိ ရင်သွေးငယ်တို့သည် မည်သို့သောညွှန်ကြားချက်မျိုးကို ရရှိခဲ့ကြသနည်း။
၁၈ ပျိုးပင်ငယ်များသည် ပိုးမွှားအန္တရာယ်မှ အကာအကွယ်လိုအပ်သကဲ့သို့ ဆိုးသွမ်းမှုလွှမ်းသောဤစနစ်တွင် ရင်သွေးငယ်တို့ကို ‘ဆိုးညစ်သောသူတို့’ ရန်မှ ကာကွယ်ပေးဖို့လိုအပ်သည်။ (၂ တိမောသေ ၃:၁-၅၊ ၁၃) မိဘတို့သည် ဤကာကွယ်မှုကို မည်သို့ပေးနိုင်သနည်း။ ဘုရားသခင့်ဉာဏ်ပညာကိုရရှိရန် သူတို့အား ကူညီပေးခြင်းဖြင့်ပင်တည်း! (ဒေသနာ ၇:၁၂) ယေဟောဝါရှင်သည် ဣသရေလလူမျိုးကို—သူတို့၏ “သူငယ်များ” အပါအဝင်—လိင်နှင့်ပတ်သက်၍ သင့်တော်သောအကျင့်အကြံနှင့် မသင့်တော်သော အကျင့်အကြံတို့ကို ခွဲခြားဖော်ပြခြင်းပါဝင်သည့် မိမိ၏ပညတ်တော် ဖတ်ပြချက်ကို နားထောင်ကြဖို့ မိန့်မှာခဲ့သည်။ (တရားဟောရာ ၃၁:၁၂; ဝတ်ပြုရာ ၁၈:၆-၂၄) “ဝှေးစေ့” နှင့် ‘ယောက်ျားကိုယ်’ အပါအဝင် မျိုးပွားအင်္ဂါအစိတ်အပိုင်းများအကြောင်းကို အကြိမ်ကြိမ်ဖော်ပြထားသည်။ (ဝတ်ပြုရာ ၁၅:၁-၃၊ ၁၆၊ သမ္မာ; ၂၁:၂၀၊ သမ္မာ; ၂၂:၂၄; တောလည်ရာ ၂၅:၈; တရားဟောရာ ၂၃:၁၀) ယနေ့လောကသည် ကမ်းကုန်အောင်ဖောက်လွဲဖောက်ပြန်ဖြစ်နေသောကြောင့် ဘုရားသခင်က “အလွန်ကောင်းသည်” ဟုသမုတ်ထားတော်မူသည့် ဖန်ဆင်းခြင်းတွင် အပါအဝင်ဖြစ်သော အဆိုပါခန္ဓာကိုယ်အစိတ်အပိုင်းများအား သင့်တော်သောအသုံးပြုမှုနှင့် မသင့်တော်သောအသုံးပြုမှုကို ရင်သွေးငယ်တို့ သိထားဖို့လိုသည်။—ကမ္ဘာဦး ၁:၃၁; ၁ ကောရိန္သု ၁၂:၂၁-၂၄။
၁၉။ ရင်သွေးငယ်တို့အား သူတို့၏လိင်အင်္ဂါများနှင့်ပတ်သက်၍ မည်သည့်သွန်သင်ညွှန်ကြားချက်ကိုပေးခြင်းသည် သင့်လျော်သနည်း။
၁၉ မိဘနှစ်ပါးစလုံး သို့မဟုတ် ကလေးကိုပြုစုပေးရသည့် တာဝန်ခံဖြစ်သူတို့သည် ကလေးကို မိမိ၏လိင်အင်္ဂါများနှင့်ပတ်သက်၍ အထူးရှင်းပြထားသင့်သည်။ ထို့နောက် အခြားမည်သူ့အားမျှ အဆိုပါအင်္ဂါများကို တို့ထိခွင့်မပြုသင့်ကြောင်း ရှင်းပြထားသင့်သည်။ ကလေးများအား ဗလက္ကာရပြုသူများက လူငယ်လေးများသည် ပါးနပ်သောလိင်ဘက်မြှူဆွယ်မှုများအပေါ်မည်သို့တုံ့ပြန်မည်ကို သွေးတိုးစမ်းကြလေ့ရှိရာ အခိုင်အမာခုခံတွန်းလှန်ဖို့နှင့် “သွားတိုင်ပြောလိုက်မယ်နော်” ဟုပြောဖို့ ကလေးကို သင်ထားပေးသင့်သည်။ မည်သူမဆို၊ မည်သည့်ခြိမ်းခြောက်မှုပင်ပြုစေကာမူ သူတို့အား စိတ်ကသိကအောက်ဖြစ်စေသည့်နည်းဖြင့် ယင်းအင်္ဂါတို့ကို တို့ထိဖို့ကြိုးစားသူများကို အမြဲပြောပြသင့်ကြောင်း သင့်ရင်သွေးတို့ကို သင်ထားပေးပါ။
မေတ္တာပါပါဆုံးမပဲ့ပြင်ပေးခြင်း
၂၀။ (က) ဆုံးမပဲ့ပြင်မှုသည် မလိုအပ်သည့်အကိုင်းအခက်များကို ချိုင်ခြင်းနှင့် မည်သို့တူသနည်း။ (ခ) ဆုံးမပဲ့ပြင်မှု၏ စစချင်းအကျိုးသက်ရောက်မှုကား အဘယ်နည်း၊ သို့သော် ယင်း၏ရလဒ်ကား မည်သို့နည်း။
၂၀ သစ်ပင်တစ်ပင်ကို အကိုင်းအခက်ချိုင်ပေးခြင်းမှ အကျိုးရသကဲ့သို့ ရင်သွေးငယ်တို့သည်လည်း မေတ္တာပါသောဆုံးမပဲ့ပြင်ပေးမှုမှ အကျိုးရရှိကြသည်။ (သု. ၁:၈၊ ၉; ၄:၁၃; ၁၃:၁) မလိုအပ်သောအကိုင်းများကို ချိုင်ပစ်လိုက်သည့်အခါ ကျန်အကိုင်းများ၏ ကြီးထွားမှုကို အားဖြစ်စေသည်။ အလားတူ သင့်ရင်သွေးသည် ရုပ်ပစ္စည်းပိုင်ဆိုင်မှုပေါ်တွင် အထူးအာရုံရောက်နေမည်ဆိုပါက သို့မဟုတ် မကောင်းသောပေါင်းသင်းမှု သို့မဟုတ် အကျိုးမဖြစ်သော အပန်းဖြေမှုဘက်သို့ စိတ်ယိုင်နေမည်ဆိုပါက မှားယွင်းသည့် ဤသဘောထားများသည် ခုတ်ဖြတ်ပစ်ဖို့လိုသည့် အကိုင်းများနှင့်တူသည်။ ယင်းတို့ကို ဖယ်ရှားလိုက်ပါက သင့်ရင်သွေးကို ဝိညာဉ်ရေးလမ်းကြောင်းပေါ်တွင် ကြီးပြင်းဖွံ့ဖြိုးလာရန် အထောက်အကူပေးပါလိမ့်မည်။ အကိုင်းအခက်ချိုင်ခြင်းသည် အပင်တစ်ပင်အတွက် အနှောင့်အယှက်အတော်အတန်ဖြစ်စေနိုင်သကဲ့သို့ ဤဆုံးမပဲ့ပြင်မှုသည်လည်း အစတွင်မနှစ်မြို့စရာဟု ယူမှတ်ပေမည်။ သို့သော် ဆုံးမပဲ့ပြင်မှု၏ရလဒ်ကောင်းမှ သင့်ရင်သွေးသည် သင်ကြီးပြင်းလာစေလိုသည့် လမ်းကြောင်းပေါ်တွင် ပြန်၍ကြီးထွား ရှင်သန်လာခြင်းဖြစ်သည်။—ဟေဗြဲ ၁၂:၅-၁၁။
၂၁၊ ၂၂။ (က) ဆုံးမပဲ့ပြင်မှုသည် ပေးဖို့ကော လက်ခံဖို့ပါ မနှစ်မြို့စရာဖြစ်ကြောင်း မည်သည့်အရာက ပြသနည်း။ (ခ) မိဘတို့သည် ဆုံးမပဲ့ပြင်မှုကို အဘယ့်ကြောင့် မပေးဘဲမနေသင့်သနည်း။
၂၁ ဆုံးမပဲ့ပြင်မှုသည် ပေးဖို့ဖြစ်စေ၊ လက်ခံဖို့ဖြစ်စေ မနှစ်မြို့စရာဖြစ်ကြောင်း မဆိုင်းမတွဝန်ခံကြသည်။ “ကျွန်တော့်ရဲ့သားဟာ အကြီးအကဲတွေက မကောင်းတဲ့အပေါင်းအသင်းဖြစ်တယ်လို့ ကျွန်တော့်ကိုသတိပေးထားတဲ့ လူငယ်တစ်ယောက်နဲ့ အတော်လေးပေါင်းလားသင်းလားလုပ်နေတယ်” ဟုဖခင်တစ်ဦး သတိပြုခဲ့သည်။ “ကျွန်တော်လုပ်ဆောင်ခဲ့တာထက်ပိုပြီး စောလျင်စွာလုပ်ကိုင်သင့်တယ်။ ကျွန်တော့်ရဲ့သားဟာ သိသာထင်ရှားတဲ့မှားယွင်းမှုနဲ့ ဘယ်လိုမှ ပတ်သက်ခဲ့ခြင်းမရှိပေမဲ့လည်း သူ့ရဲ့စဉ်းစားပုံကိုပြုပြင်ဖို့ ခဏလောက်တော့ကြာတယ်။” “ကျွန်တော့်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေနဲ့ အဆက်ဖြတ်ခံလိုက်ရတဲ့အခါ ဝမ်းနည်းပက်လက်ပါပဲ” ဟုသားဖြစ်သူက မိမိ၏ခံစားချက်ကိုတင်ပြသည်။ သို့သော် သူက “အဲ့ဒီနောက်မကြာမီမှာ သူနှင်ထုတ်ခံလိုက်ရတာကြောင့် အဲ့ဒါဟာ ဆုံးဖြတ်ချက်ကောင်းပါပဲ” ဟုသူဖြည့်စွက်ခဲ့သည်။
၂၂ “ဆုံးမပဲ့ပြင်ခြင်းလည်း အသက်လမ်းဖြစ်၏” ဟုဘုရားသခင့်နှုတ်ကပါဌ်တော်က ဆိုသည်။ ထို့ကြောင့် မည်မျှပင်ခက်ခဲသည့် ဆုံးမပဲ့ပြင်မှုပေးရစေကာမူ သင့်ရင်သွေးကို မပေးဘဲမနေပါနှင့်။ (သု. ၆:၂၃၊ သမ္မာ; ၂၃:၁၃၊ ၂၉:၁၇) အချိန်တန်သော် သူတို့အား သင်ပြုပြင်တည့်မတ်ပေးခဲ့သည်ကို ကျေးဇူးတင်ကြလိမ့်မည်။ “ကျွန်တော် ဆုံးမပဲ့ပြင်ခံရတဲ့အချိန်မှာ မိဘတွေကို အကြီးအကျယ်ဒေါကန်မိတာ အမှတ်ရနေတယ်။ အခုတော့ အကယ်၍ ကျွန်တော့်မိဘတွေသာ အဲ့ဒီလိုဆုံးမပဲ့ပြင်မပေးခဲ့ဘူးဆိုရင် ပိုပြီးတောင် ဒေါကန်မိလိမ့်မယ်” ဟုလူငယ်တစ်ဦးပြန်ပြောသည်။
အားထုတ်ထိုက်သည့်ဆု
၂၃။ လူငယ်လေးများတွင်မြှုပ်နှံလိုက်သည့် မေတ္တာပါသောဂရုစိုက်မှုမှန်သမျှသည် အဘယ်ကြောင့်မြှုပ်နှံရကျိုးနပ်သနည်း။
၂၃ သူတို့ကြောင့် မိဘများအပြင် အခြားသူများပါ သာယာကြည်နူးမှုခံစားရသည့်ရင်သွေးမျိုးသည် နေ့စဉ်နှင့်အမျှပေးသော မေတ္တာဖြင့်ဂရုစိုက်မှုများစွာကြောင့်ထွက်ပေါ်လာသည့် အကျိုးဖြစ်သည်မှာ မငြင်းသာပါ။ သို့သော် သွေးသားရင်သွေးဖြစ်ပါစေ၊ ဝိညာဏရင်သွေးဖြစ်ပါစေ အားထုတ်မှုအစုစုကို သူတို့တွင် မြှုပ်နှံခြင်းသည် ပျော်ရွှင်ဝမ်းမြောက်ဖွယ်သောဆုကျေးဇူးနှင့်ထိုက်တန်သည်။ သက်ကြီးရွယ်အို တမန်တော်ယောဟန်က “ငါ၏သားသမီးတို့သည် သမ္မာတရား၌ကျင်လည်သည်ကို ငါကြား၍ဝမ်းမြောက်ခြင်းထက် သာ၍ဝမ်းမြောက်ခြင်းမရှိ” ဟုရေးသားကာ ယင်းကို တင်ပြခဲ့သည်။—၃ ယောဟန် ၄။
[အောက်ခြေမှတ်ချက်များ]
a ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ နယူးယောက်မြို့မှ ထုတ်ဝေသည်။
သင်မှတ်မိသလော
◻ ပျိုးပင်ငယ်ကော ရင်သွေးပါ ချီးမွမ်းထိုက်သူများဖြစ်လာနိုင်ရန် မည်သည့်အရာလိုအပ်သနည်း။
◻ အမှန်မှာ မိဘတို့သည် ထိရောက်သော အထိန်းတိုင်များအနေနှင့် မည်သို့လုပ်ဆောင်နိုင်သနည်း။
◻ ရင်သွေးငယ်များကို သွန်သင်ညွှန်ကြားချိန်များတွင် မည်သည့်အရာကို ထည့်သွင်းနိုင်သနည်း၊ မည်သည့်အရာကို ခုခံတွန်းလှန်ဖို့ သူတို့ကို သွန်သင်ပေးသင့်သနည်း။
◻ မလိုအပ်သည့်အကိုင်းအခက်ချိုင်ခြင်းသည် သစ်ပင်တစ်ပင်အတွက် အကျိုးရှိသကဲ့သို့ ဆုံးမပဲ့ပြင်ခြင်းသည် ရင်သွေးတစ်ယောက်အတွက် မည်သို့အကျိုးရှိသနည်း။
[Picture Credit Line on page 10]
Courtesy of Grean Chimney’s Farm