ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၈/၁ စာ. ၂၆-၂၉
  • ပျော်ရွှင်မှုဖြစ်ထွန်းစေသော မိသားစုကျမ်းစာသင်အံမှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပျော်ရွှင်မှုဖြစ်ထွန်းစေသော မိသားစုကျမ်းစာသင်အံမှု
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့ မည်သည့်အရာကို လေ့လာသင့်သနည်း
  • ငြိမ်သက်သောဝန်းကျင်ဖြစ်စေပါ
  • သမ္မာကျမ်းစာကိုအသက်ဝင်စေပါ
  • ယောက်တိုင်းကိုပါဝင်ဖို့ကူညီပါ
  • ဆက်သွယ်ပါ—ဒဏ်မပေးပါနှင့်!
  • ကြိုးစားရကျိုးနပ်
  • မိသားစုလိုက် ဘုရားသခင့်စကားတော်ကိုမှန်မှန်သင်အံလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • လေ့လာမှုသည် အကျိုးဖြစ်ထွန်းစေ
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • မိသားစုဇယား—မိသားစုသင်အံမှု
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • ဘုရားသခင့်ကမ္ဘာသစ်သို့ရောက်ရန် သင့်မိသားစုကိုကြိုးစားထိန်းသိမ်းပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၈/၁ စာ. ၂၆-၂၉

ပျော်ရွှင်မှုဖြစ်ထွန်းစေသော မိသားစုကျမ်းစာသင်အံမှု

သမ္မာကျမ်းစာက “ပညာအတတ်အားဖြင့် အခန်းများတို့သည် အဖိုးထိုက်၍၊ နှစ်သက်ဖွယ်သောဥစ္စာအပေါင်းတို့နှင့် ပြည့်ရကြ၏” ဟုဆိုသည်။ (သု. ၂၄:၄) ဤတန်ဖိုးရှိသောအရာများတွင် စည်းစိမ်ဥစ္စာများသာမဟုတ်ဘဲ စစ်မှန်သောမေတ္တာ၊ ဘုရားသခင်ရေးရာကြောက်ရွံ့ ခြင်းနှင့် ခိုင်ခံ့သောယုံကြည်ခြင်းတို့လည်း ပါဝင်သည်။ ဤကဲ့သို့သောအရည်အသွေးများသည် တိုးတက်ကောင်းမွန်သောမိသားစုဘဝကို အမှန်ပင်ဖန်တီးပေးသည်။ (သု. ၁၅:၁၆၊ ၁၇; ၁ ပေတရု ၁:၇) သို့သော် ထိုအရာများကိုရရှိရန် ကျွန်ုပ်တို့၏အိမ်ထောင်အတွင်းသို့ ဘုရားသခင့်အသိပညာကို ယူဆောင်လာဖို့ လိုအပ်သည်။

မိသားစုဝင်တို့ကို ယင်းအသိပညာစိမ့်ဝင်စွဲလမ်းအောင် သွန်သင်ပေးရန် အိမ်ထောင်ဦးစီးတွင် တာဝန်ရှိသည်။ (တရားဟောရာ ၆:၆၊ ၇; ဧဖက် ၅:၂၅၊ ၂၆; ၆:၄) ဤသို့သွန်သင်ပေးရန် အကောင်းဆုံးနည်းတစ်ခုမှာ မိသားစုကျမ်းစာသင်အံမှုကို မှန်မှန်ပြုလုပ်ပေးခြင်းအားဖြင့်ဖြစ်သည်။ သင်အံမှုအစီအစဉ်ကို မှတ်သားလိုက်နာဖွယ်ရာနှင့် ရွှင်လန်းဖွယ်ရာနှစ်မျိုးစလုံးပါရှိသောနည်းဖြင့်ပြုလုပ်သည့်အခါ ပါဝင်သူများအတွက် ပျော်မွေ့စရာဖြစ်စေပါသည်တကား! ထို့ကြောင့် ထိရောက်သောမိသားစုကျမ်းစာသင်အံမှုပြုလုပ်နိုင်ရန် အခြေခံလိုအပ်ချက်အချို့ကို ဆင်ခြင်ကြစို့။a

မိသားစုသင်အံမှုကို မှန်မှန်ပြုလုပ်သောအခါ ထိရောက်မှုများစွာရှိသည်။ အစီအစဉ်မရှိဘဲ စိတ်ကူးပေါက်မှ ကောက်ခါငင်ခါပြုလုပ်မည်ဆိုလျှင် သင်အံမှုမပြုလုပ်ဖြစ်သည်ကများမည်။ ထို့ကြောင့် သင်အံမှုအတွက် “အချိန်ကိုရွေးနုတ်” ရမည်။ (ဧဖက် ၅:၁၅-၁၇) အားလုံးအတွက် အဆင်ပြေမည့်ပုံမှန်အချိန်တစ်ချိန်ကို ရွေးချယ်ရခြင်းသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ အိမ်ထောင်ဦးစီးတစ်ဦးက ဤသို့ဝန်ခံသည်– “ကျွန်တော်တို့ရဲ့ မိသားစုသင်အံမှုကို မှန်မှန်ပြုလုပ်ပေးဖို့ အခက်အခဲတွေ့ခဲ့တယ်။ ကျွန်တော်တို့ အချိန်အမျိုးမျိုးပြောင်းလုပ်ကြည့်တယ်။ နောက်ဆုံးတော့ နေဝင်ဖျိုးဖျအချိန်မှာလုပ်ဖို့ အဆင်ပြေသွားတယ်။ အခုမှပဲ ကျွန်တော်တို့ရဲ့မိသားစုသင်အံမှုဟာ မှန်လာတော့တယ်။”

သင့်လျော်သောအချိန်ကို သတ်မှတ်၍ရသောအခါ သင်အံမှုပျက်ပြားစေမည့် စိတ်ပျံ့လွင့်စရာများကို ခွင့်မပြုမိဖို့ဂရုစိုက်ပါ။ ယခု အသက် ၃၃ နှစ်အရွယ်ရှိ မရီးbက “ကျွန်မတို့သင်အံမှုပြုလုပ်နေတဲ့အချိန်မှာ ဧည့်သည်တွေရောက်လာခဲ့လို့ရှိရင် သင်အံမှုပြီးတဲ့အထိစောင့်ဖို့ အဖေကမေတ္တာရပ်ခံလေ့ရှိတယ်။ ဖုန်းလာရင်လည်း နောက်မှပြန်ဆက်ပါလို့ပြောတတ်တယ်” ဟုပြန်သတိရမိသည်။

သို့သော် ယင်းသည် ပြောင်းသာလွှဲသာမရှိနိုင်ဟု မဆိုလိုချေ။ အရေးပေါ်ကိစ္စများ သို့မဟုတ် ကြိုတင်မမြင်နိုင်သောအဖြစ်အပျက်များ ပေါ်လာနိုင်ကာ အခါအားလျော်စွာ သင်အံမှုကိုဖျက်သိမ်းဖို့ သို့မဟုတ် ရွှေ့ဆိုင်းဖို့ လိုအပ်ပေမည်။ . . . သို့ရာတွင် လုပ်ရိုးလုပ်စဉ်ပျက်သွားအောင် ယင်းတို့ကို ခွင့်မပြုမိဖို့ဂရုစိုက်ပါ။—ဖိလိပ္ပိ ၃:၁၆။

သင်အံမှုတစ်ခုသည် မည်မျှကြာသင့်သနည်း။ သမီးတစ်ယောက်နှင့်သားတစ်ယောက်ကို အောင်မြင်စွာပြုစုပျိုးထောင်ပေးခဲ့သူ ရော်ဘတ်က ဤသို့ပြောပြသည်– “ကျွန်တော်တို့ရဲ့သင်အံမှုဟာ အများအားဖြင့် တစ်နာရီကြာပါတယ်။ ကလေးတွေငယ်တုန်းကဆိုရင် ကင်းမျှော်စင်မှာပါတဲ့ လေ့လာဖို့ဆောင်းပါးထဲက အချို့အပိုဒ်တွေ၊ သမ္မာကျမ်းစာထဲက ရွေးချယ်ထားတဲ့ကျမ်းပိုဒ်တွေ၊ အခြားစာအုပ်စာပေတွေထဲက အပိုင်းတွေစတဲ့ အကြောင်းအရာအမျိုးမျိုးကို ဆွေးနွေးခြင်းအားဖြင့် တစ်နာရီအတွင်းမှာ သူတို့ရဲ့စိတ်ဝင်စားမှုကို စွဲကိုင်မိဖို့အတွက် ကျွန်တော်တို့ကြိုးစားခဲ့ပါတယ်။” မရီးက ဤသို့သတိရသည်– “ကျွန်မရဲ့အစ်မနှစ်ယောက်နဲ့ကျွန်မဟာ အရမ်းငယ်သေးတဲ့အချိန်မှာ ကျွန်မတို့ရဲ့သင်အံမှုဟာ မိနစ် ၂၀ လောက် တစ်ပတ်မှာ နှစ်ခါ ဒါမှမဟုတ် သုံးခါ လုပ်ခဲ့ကြတယ်။ ကျွန်မတို့ကြီးလာတဲ့အခါမှာ ကျွန်မတို့ရဲ့အပတ်စဉ်မိသားစုသင်အံမှုဟာ တစ်နာရီ ဒါမှမဟုတ် ဒီထက်ပိုပြီးကြာခဲ့ပါတယ်။”

ကျွန်ုပ်တို့ မည်သည့်အရာကို လေ့လာသင့်သနည်း

သင်အံမှုအတွက် တစ်ယောက်မကျန်ဝိုင်းထိုင်လိုက်ချိန်တွင် ယင်းမေးခွန်းကို ဆွေးနွေးသုံးသပ်လိုက်လျှင် သင်အံမှုပျက်ပြားသွားမည့်အပြင် တန်ဖိုးရှိသောလေ့လာမှုအချိန်လည်း ဆုံးရှုံးသွားမည်။ ယင်းသို့သာဖြစ်ခဲ့လျှင် ကလေးများသည် တိတိကျကျမျှော်လင့်စောင့်စားမှုမရှိတော့ဘဲ မကြာခင် စိတ်ဝင်စားမှုလည်းပျောက်ဆုံးသွားနိုင်မည်။ ထို့ကြောင့် လေ့လာဖို့အလိုငှာ အသင်းမစာအုပ်တစ်အုပ်ကို ကြိုတင်ရွေးချယ်ထားပါ။

“သစ္စာနှင့်သတိပညာရှိသောကျွန်” ကရွေးချယ်စရာစာအုပ်စာတမ်း အလျှံပယ်ထုတ်ဝေပေးထားသည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ) ဖြစ်နိုင်လျှင် မိသားစုလိုက်မလေ့လာရသေးသော စာအုပ်တစ်အုပ်ကို အသုံးပြုနိုင်သည်။ အကယ်၍ မိမိဘာသာစကားဖြင့် ကျမ်းစာကို ထိုးထွင်းသိမြင်ခြင်း ရရှိနိုင်လျှင် ယင်းအတွဲများမှ ရွေးချယ်ထားသည့်အပိုင်းများကို လေ့လာသုံးသပ်ခြင်းသည် ပျော်မွေ့စရာပါတကား! ဥပမာ၊ သတိရအောက်မေ့ပွဲမတိုင်မီ အပတ်များအတွင်း သခင့်ညစာစားပွဲနှင့်ပတ်သက်သည့်ဆောင်းပါးများကို ပြန်လည်သုံးသပ်နိုင်သည်။ မိသားစုများစွာက အပတ်စဉ် ကင်းမျှော်စင်သင်တန်းအတွက် ကြိုတင်ပြင်ဆင်ခြင်းတွင် ပျော်မွေ့ကြသည်။ သို့သော် ကင်းမျှော်စင် အရန်ဆောင်းပါးတွင်လည်း လေ့လာမှုအတွက် အကောင်းဆုံးအကြောင်းအရာပါရှိသည်။ မိသားစု၏ဝိညာဉ်ရေးလိုအပ်ချက်များကို သိရှိသောအိမ်ထောင်ဦးစီးတစ်ဦးက မည်သည့်စာပေများလေ့လာသင့်သည်ကို ဆုံးဖြတ်ရန် အကောင်းဆုံးအနေအထားတွင်ရှိသည်။

“ကျွန်မတို့ဟာ ကြိုတင်ရွေးချယ်ထားတဲ့စာအုပ်တစ်အုပ်ကို အမြဲလေ့လာကြတယ်။ ဒါပေမဲ့ ကျောင်းမှာမေးခွန်းတစ်ခု ဒါမှမဟုတ် ကိစ္စတစ်ခုပေါ်လာတဲ့အခါမှာ အဲ့ဒါနဲ့သက်ဆိုင်တဲ့အကြောင်းအရာကို ပြောင်းလေ့လာကြတယ်” ဟုမရီးက သတိရသည်။ ကျောင်း၌လူငယ်များရင်ဆိုင်ရသောပြဿနာများ၊ ချိန်းတွေ့ခြင်း၊ သင်ရိုးပြင်ပလှုပ်ရှားမှုများကဲ့သို့သော အထူးဆွေးနွေးစရာအကြောင်းများ ပေါ်လာတတ်သည်။ ယင်းသို့ဖြစ်လာသောအခါ လက်ရှိပြဿနာနှင့်ပတ်သက်သည့် ဆောင်းပါးများ သို့မဟုတ် စာအုပ်စာတမ်းများကို ရှာဖွေပါ။ အကယ်၍ နောက်ဆုံးထုတ် ကင်းမျှော်စင်နှင့်နိုးလော့! တွင်မိသားစုနှင့်လတ်တလောဆွေးနွေးလိုသည့်အကြောင်းအရာကိုတွေ့ရှိလျှင် ဆွေးနွေးပွဲကို မဆိုင်းမတွစီစဉ်ပါ။ ပြောင်းလဲဆွေးနွေးမည့်အကြောင်းနှင့်ပတ်သက်၍ မိသားစုဝင်များအား ကြိုတင်၍အသိပေးချင်ပေမည်။ သို့သော် လိုအပ်သည့်အကြောင်းအရာကို လေ့လာပြီးသောအခါ သတ်မှတ်ထားပြီးသောအကြောင်းအရာကို ပြန်လေ့လာရန် သေချာစေပါ။

ငြိမ်သက်သောဝန်းကျင်ဖြစ်စေပါ

ငြိမ်သက်သောအခြေအနေတွင် သင်ယူခြင်းသည် အထိရောက်ဆုံးဖြစ်သည်။ (ယာကုပ် ၃:၁၈) ထို့ကြောင့် သက်သောင့်သက်သာဖြစ်သော်လည်း လေးစားမှုရှိသည့်ဝန်းကျင်ကို ဖန်တီးယူပါ။ အမေရိကန်ပြည်ထောင်စုမှ အိမ်ထောင်ဦးစီးတစ်ယောက်က “ကျွန်တော်တို့ရဲ့ သင်အံမှုကို ဧည့်ခန်းမှာပဲလုပ်လုပ်၊ ဝရန်တာပေါ်မှာလုပ်လုပ် နေရာအကျယ်ကြီးမှာ တစ်ယောက်နဲ့တစ်ယောက် အဝေးကြီးထိုင်မယ့်အစား နီးနီးကပ်ကပ်ထိုင်ဖို့ ကြိုးစားကြတယ်။ အဲ့ဒါဟာ ကျွန်တော်တို့အတွက် နွေးထွေးတဲ့ခံစားချက်မျိုးကို ဖန်တီးပေးပါတယ်” ဟုပြောပြသည်။ မရီးက အကြီးအကျယ်ကျေနပ်မှုနှင့်အတူ ဤသို့ပြန်မှတ်မိသည်– “ကျွန်မတို့ညီအစ်မတွေကို အဲ့ဒီအပတ်သင်အံမှုအတွက် အိမ်ထဲမှာစိတ်ကြိုက်နေရာရွေးခိုင်းတယ်။ ဒီလိုလုပ်တာဟာ ကျွန်မတို့ကို သက်သောင့်သက်သာဖြစ်စေပါတယ်။” သင့်တော်သောအလင်းရောင်၊ လျောက်ပတ်သောထိုင်ရန်အစီအစဉ်၊ လန်းဆန်းသပ်ရပ်သောဝန်းကျင်စသောအရာအားလုံးသည် ငြိမ်သက်မှုကို အထောက်အကူဖြစ်စေကြောင်း မှတ်သားထားပါ။ သင်အံမှုပြီးသည့်နောက် မိသားစုအတွက် မုန့်ပဲသွားရည်စာစားသုံးခြင်းသည် ပျော်မွေ့ဖွယ်ရာညနေပိုင်းဖြစ်စေဖို့ ထောက်ကူသည်။

အချို့မိသားစုများသည် သူတို့၏သင်အံမှုတွင် အခြားမိသားစုများကိုပါဝင်ဖို့ပင် ရွေးချယ်ကြသည့်အတွက် အဖြေအမျိုးမျိုးအပြင် စိတ်ဝင်စားမှုလည်း တိုးများလာသည်။ သမ္မာတရားကိုစိတ်ဝင်စားသောလူသစ်များအား ဤအစီအစဉ်တွင်ပါဝင်ရန် ဖိတ်ခေါ်သောအခါ မိသားစုသင်အံမှုကို ဦးဆောင်သည့်အတွေ့အကြုံရှိအိမ်ထောင်ဦးစီး၏ သုံးသပ်ခြင်းမှ သူတို့အကျိုးရရှိနိုင်ပါသည်။

သမ္မာကျမ်းစာကိုအသက်ဝင်စေပါ

သင်အံမှုအချိန်များသည် ကလေးများအတွက် စိတ်ဝင်စားဖွယ်ဖြစ်စေပါ၊ သို့မှသာ သူတို့သည် သင်အံမှုကို စိတ်အားထက်သန်စွာ မျှော်လင့်စောင့်စားပါလိမ့်မည်။ သင်သည် ကလေးငယ်များကို ကျမ်းစာပါရှုခင်းများ၏ရုပ်ပုံရေးဆွဲဖို့ အားပေးခြင်းဖြင့် ယင်းကို ပြုလုပ်နိုင်သည်။ သင့်တော်သည့်အချိန်တွင် ကလေးများအား ကျမ်းစာအဖြစ်အပျက်များနှင့်ဇာတ်လမ်းများကို သရုပ်ဆောင်ခိုင်းပါ။ ကလေးငယ်များအတွက် လုပ်ရိုးလုပ်စဉ်အမေးအဖြေနည်းကိုချည်း အသုံးပြုရန်မဟုတ်ပါ။ ကျမ်းစာပါဇာတ်ကောင်များနှင့်ပတ်သက်သော ဖြစ်ရပ်များကို ဖတ်ခြင်း သို့မဟုတ် ပြောပြခြင်းတို့သည် ဘုရားသခင်ရေးရာမူများကို စိမ့်ဝင်စွဲလမ်းအောင် သွန်သင်ပေးရာ၌ ပျော်ရွှင်ဖွယ်ရာနည်းလမ်းတစ်ခုဖြစ်ပါသည်။ အစောပိုင်းတွင် ဖော်ပြခဲ့သောရော်ဘတ်က “တစ်ခါတလေ ဘယ်သူက ဘယ်လို ‘အသံ’ မျိုးနဲ့ဖတ်ရမယ်ဆိုတာတာဝန်ပေးထားပြီး ကျမ်းစာပါအပိုဒ်တွေကို ကျွန်တော်တို့အလှည့်ကျဖတ်ကြတယ်” ဟုပြန်ပြောပြသည်။ ကျမ်းစာဖတ်ရာတွင် ကလေးများအား သူတို့သရုပ်ဆောင်လိုသောအသံကို ရွေးချယ်ဖို့ ဖိတ်ခေါ်နိုင်သည်။

အသက်အနည်းငယ်ပိုကြီးသောကလေးများအတွက် မြေပုံများနှင့်ဇယားကွက်များကို အသုံးပြုခြင်းဖြင့် ဆွေးနွေးနေသည့်အကြောင်းအရာ၏ ဖြစ်ပျက်ခဲ့သောဒေသများနှင့်ပထဝီအနေအထားများကို သူတို့အား မြင်ယောင်စေသည်။ စဉ်းစားစရာအနည်းငယ် ထည့်ပေးခြင်းအားဖြင့် မိသားစုသင်အံမှုတစ်ခုကို စိတ်ဝင်စားဖွယ်နှင့် အမျိုးမျိုးဖြစ်စေနိုင်သည်မှာ ထင်ရှားပါသည်။ ထိုအခါ ကလေးများသည် ဘုရားသခင့်နှုတ်ကပါဌ်တော်စကားတော်ကို လိုလားတောင့်တသည့်သဘော ဖြစ်လာပါလိမ့်မည်။—၁ ပေတရု ၂:၂၊ ၃။

ယောက်တိုင်းကိုပါဝင်ဖို့ကူညီပါ

ကလေးများကို သင်အံမှုတွင် ပျော်မွေ့စေရန် သူတို့ ပါဝင်ပတ်သက်နေကြောင်း ခံစားရမိဖို့လည်းလိုသည်။ သို့သော်လည်း အသက်အရွယ်ချင်းမတူသည့်ကလေးများ ပါဝင်စေခြင်းသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ သို့ဖြစ်စေကာမူ ကျမ်းစာမူက ဤသို့ဖော်ပြထားသည်– “ခေါင်းဆောင်ဖြစ်သူသည် ကြိုးစား၍ ခေါင်းဆောင်မှုကိုပေးရမည်။” (ရောမ ၁၂:၈၊ သတင်းကောင်း) စိတ်အားထက်သန်ခြင်းသည် ကူးစက်တတ်သောကြောင့် စိတ်အားထက်သန်မှုဖြစ်စေဖို့ ထောက်ကူပါ။

ရာနယ်သည် ငါးနှစ်သမီးဒိုင်နာကို သင်အံမှုအကြောင်းအရာ၏ခေါင်းစဉ်ငယ်များကို ဖတ်ခိုင်းခြင်းအားဖြင့်လည်းကောင်း၊ ရုပ်ပုံများနှင့်ပတ်သက်၍ မှတ်ချက်များပေးစေခြင်းအားဖြင့်လည်းကောင်း သင်အံမှုတွင်ပါဝင်စေသည်။ ပြီးခဲ့သောနှစ်တွင် ခရစ်တော်၏သေခြင်း သတိရအောက်မေ့ပွဲနီးလာသောအခါ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးသောလူသားc စာအုပ်တွင်ပါရှိသည့် ယင်းနှင့်သက်ဆိုင်သောရုပ်ပုံများအပေါ် အာရုံစိုက်စေခဲ့သည်။ သူဤသို့ရှင်းပြသည်– “အဲ့ဒါဟာ ခရစ်တော်သေခြင်းအဖြစ်အပျက်ရဲ့အရေးပါမှုကို သမီးနားလည်ဖို့ အကူအညီဖြစ်ခဲ့ပါတယ်။”

ရာနယ်သည် ဆယ်နှစ်သမီးမီရှယ်ကို တစ်ဆင့်တက်၍သင်ပေးသည်။ “မီရှယ်ဟာ ရုပ်ပုံတွေက ဘာပုံတွေလဲဆိုတာလောက်ကိုသာမဟုတ်ဘဲ ရုပ်ပုံရဲ့အဓိပ္ပာယ်ကိုလည်း နားလည်နိုင်တဲ့အဆင့်ထိ တိုးတက်လာပြီ။ ဒါကြောင့် ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! (လိပ်)d စာအုပ်ကိုလေ့လာတဲ့အခါမှာ ရုပ်ပုံတွေရဲ့ အဓိပ္ပာယ်ကို ကျွန်တော်တို့အာရုံစိုက်လာခဲ့ကြတာဟာ သမီးအတွက် အကူအညီဖြစ်ခဲ့ပါတယ်” ဟုရာနယ်ကပြောပြသည်။

ကလေးများသည် ဆယ်ကျော်သက်အရွယ်ရောက်လာသောအခါ သုံးသပ်နေသည့်အကြောင်းအရာကို လက်တွေ့ကျင့်သုံးဖို့ ဆွဲခေါ်ပါ။ သင်အံမှုပြုလုပ်နေစဉ်အတွင်း မေးခွန်းများပေါ်ပေါက်လာသောအခါ ယင်းကဏ္ဍများကို ရှာဖွေဖို့တာဝန်ပေးပါ။ ၁၂ နှစ်သားပေါလ်က ဒန်းဂျင်းစ်နှင့်ဒရားကင်းစ်ကစားနည်းတွင် ပါဝင်ဖို့ အသစ်ဖွဲ့စည်းတည်ထောင်ထားသောကျောင်းအသင်းနှင့်ပတ်သက်၍ မေးသောအခါ ရော်ဘတ်က ထိုသို့ပြုလုပ်ခဲ့သည်။ ပေါလ်နှင့်အခြားမိသားစုဝင်များသည် ကင်းမျှော်စင်စာပေအညွှန်း ကိုအသုံးပြု၍ ယင်းနှင့်သက်ဆိုင်သော အကြောင်းအရာများကို ရှာဖွေကြပြီး မိသားစုသင်အံမှုတွင် ပြန်လည်သုံးသပ်ကြသည်။ “ရလဒ်တစ်ခုအနေနဲ့ ဒီကစားနည်းဟာ ခရစ်ယာန်တွေအတွက် မသင့်တော်ဘူးဆိုတာကို ပေါလ်ချက်ချင်းသဘောပေါက်ခဲ့ပါတယ်” ဟုရော်ဘတ်ကပြောပြသည်။

ရော်ဘတ်သည် အခြားအချိန်များ၌လည်း လေ့လာရှာဖွေမှုပြုလုပ်ဖို့ တာဝန်ပေးခဲ့သည်။ သူ့ဇနီးနန်းစီက ဤသို့ပြောပြသည်– “ကျွန်မတို့ ယေရှုရဲ့တမန်တော်တွေအကြောင်း လေ့လာရှာဖွေမှုပြုတဲ့အခါ အပတ်တိုင်းမှာ ကျွန်မတို့တစ်ယောက်ချင်း တမန်တော်တစ်ယောက်အကြောင်းကို ပြောပြဖို့ တာဝန်ရပါတယ်။ မိသားစုကျမ်းစာသင်အံမှုမှာ ကလေးတွေဟာ သူတို့မှတ်သားထားတဲ့အချက်တွေကို တက်တက်ကြွကြွတင်ပြတာကို တွေ့ရတဲ့အခါမှာ ရင်ဖိုစရာပါပဲ!” မိမိတို့ကိုယ်ပိုင်လေ့လာရှာဖွေခြင်းနှင့် မိသားစုတွင် အကြောင်းအရာဝေမျှခြင်းတို့သည် ကလေးများကို “ထာဝရဘုရား [သခင်]ရှေ့တော်၌ ကြီးပွား” စေပါသည်။—၁ ဓမ္မရာဇဝင် ၂:၂၀၊ ၂၁။

မေးခွန်းများ—သဘောထားမေးခွန်းများအပြင် ထိန်းကျောင်းမေးခွန်းများ—မေးခြင်းသည်လည်း ကလေးများကို ပါဝင်စေဖို့ အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ကြီးမြတ်သောဆရာယေရှုက “သင်သည် အဘယ်သို့ထင်သနည်း” အစရှိသည့် သဘောထားမေးခွန်းများကို မေးခဲ့သည်။ (မဿဲ ၁၇:၂၅) “တစ်ယောက်ယောက်က မေးခွန်းမေးတဲ့အခါ ကျွန်မတို့မိဘတွေဟာ ဘယ်တော့မှ တိုက်ရိုက်အဖြေမပေးဘူး။ သူတို့ဟာ ထိန်းကျောင်းမေးခွန်းတွေကိုအမြဲမေးပြီး အဲ့ဒီအကြောင်းအရာကိုဆင်ခြင်ဖို့ ထောက်ကူပေးပါတယ်” ဟုမရီးကသတိရသည်။

ဆက်သွယ်ပါ—ဒဏ်မပေးပါနှင့်!

ပါဝင်သူများသည် ကဲ့ရဲ့ပြောင်လှောင်ခြင်းမခံရဘဲ မိမိတို့၏အမြင်နှင့်ခံစားချက်များကို ဝေမျှနိုင်လျှင် မိသားစုလေ့လာမှုသည် ရွှင်လန်းမှုပို၍ တိုးပွားမည်။ သို့ဖြစ်စေကာမူ “အခြားအချိန်မှာလည်း ဆက်သွယ်ရေးလမ်းကြောင်းဖွင့်ထားမှသာ မိသားစုကျမ်းစာသင်အံမှုပြုလုပ်နေတဲ့အချိန်မှာ ဆက်သွယ်ရေးကောင်းရရှိနိုင်မှာ ဖြစ်ပါတယ်။ သင်အံမှုအချိန်လောက်မှာပဲ ဆက်သွယ်ရေးကောင်းတဲ့ ပုံဖမ်းလို့မရပါဘူး” ဟုဖခင်တစ်ဦးက ပြောပြသည်။ ‘ဒါပဲလား။ အရေးကြီးတဲ့ကိစ္စများလားလို့’; ‘ကြောင်လိုက်တာ’; ‘အဓိပ္ပာယ်မရှိတာ။ မင်းကကလေးသာသာပဲရှိသေးတယ်’ စသော စိတ်ထိခိုက်စရာဖြစ်စေတတ်သည့် စာနာမှုမရှိသော ဤအပြောအဆိုများကို မည်သည့်နည်းနှင့်မဆိုရှောင်ပါ။ (သု. ၁၂:၁၈) သင့်ကလေးများကို ကိုယ်ချင်းစာနာမှုနှင့်ကြင်နာမှုရှိပါ။ (ဆာလံ ၁၀၃:၁၃; မာလခိ ၃:၁၇) သူတို့၌ ရွှင်လန်းမှုကိုခံစားပါ၊ သူတို့သိရှိသည့်အရာများကို လိုက်နာကျင့်သုံးဖို့ ကြိုးစားသောအခါ ထောက်ကူပေးပါ။—သု. ၂၉:၁၇။

မိသားစုသင်အံမှုအခြေအနေသည် ကလေး၏စိတ်ထဲတွင် သွန်သင်ချက်ကို လက်ခံချင်စိတ်ဖြစ်ပေါ်စေသင့်သည်။ ယင်းကို အောင်မြင်သောသားသမီးလေးယောက်ရှိ မိဘတစ်ဦးက “ကလေးကို စပြီးတည့်မတ်ပေးတဲ့အခါမှာ အတန်ငယ်လက်ခံချင်စိတ်မရှိတဲ့ ပရိသတ်ရှေ့ရောက်ရှိနေသလိုပဲ” ဟုရှင်းပြသည်။ ဤကဲ့သို့သောအခြေအနေတွင် အကြောင်းအရာက စိမ့်ဝင်နိုင်စရာအကြောင်းမရှိချေ။ ထို့ကြောင့် သင်အံမှုအချိန်တွင် ဆုံးမပဲ့ပြင်ခြင်းနှင့်အပြစ်ပေးခြင်းကို ရှောင်ပါ။ အကယ်၍ လိုအပ်လျှင် နောက်ပိုင်းမှ တစ်ဦးချင်းစီ ဆုံးမပါ။

ကြိုးစားရကျိုးနပ်

ဝိညာဉ်ရေးကြွယ်ဝသောမိသားစုကို တည်ဆောက်ခြင်းငှာ အချိန်နှင့်ကြိုးစားအားထုတ်မှု လိုသည်။ သို့သော် ဆာလံဆရာက ဤသို့ဖော်ပြသည်– “ဖွားမြင်သောသားသမီးတို့သည် ထာဝရဘုရား [သခင်] ဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာဖြစ်ကြ၏။” (ဆာလံ ၁၂၇:၃) “သခင်ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးကြလော့” ဟူသည့် တာဝန်ကို မိဘများအား အပ်နှင်းထားသည်။ (ဧဖက် ၆:၄) ထို့ကြောင့် ထိရောက်သော၊ ပျော်ရွှင်ဖွယ်ဖြစ်စေသော မိသားစုကျမ်းစာသင်အံမှုကို လုပ်ဆောင်ဖို့ ကျွမ်းကျင်မှုကို တိုးပွားစေပါ။ သင်၏သားသမီးများကို “ကယ်တင်ခြင်း” အလိုငှာ “နှုတ်ကပါဌ်တော်တရား၏စကားတော်တရားနို့စစ်’ တိုက်ကျွေးခြင်းကို အတက်နိုင်ဆုံးကြိုးစားလုပ်ဆောင်ပါ။—၁ ပေတရု ၂:၂; ယောဟန် ၁၇:၃။

[အောက်ခြေမှတ်ချက်များ]

a ဤဆောင်းပါးတွင်ပါရှိသည့် အကြံဉာဏ်များစွာတို့တွင် ကလေးများကို မိသားစုလေ့လာမှု၌ အကူအညီပေးခြင်းပါဝင်သော်လည်း ယင်းတို့သည် ကလေးမရှိသောအိမ်ထောင်ရှိ မိသားစုသင်အံမှုနှင့်လည်း သက်ဆိုင်သည်။

b နာမည်အချို့ကို ပြောင်းလဲထားပါသည်။

c ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း မြန်မာမှ ထုတ်ဝေသည်။

d ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း နယူးယောက်မှ ထုတ်ဝေသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ