“ယေဟောဝါသည် ငါ့ကိုမစတော်မူသောအရှင်ဖြစ်တော်မူ၏”
၁ ယေရှုသည် မိမိ၏ကနဦးတပည့်တော်များအား တာဝန်အပ်နှင်းခဲ့ချိန်တွင် သူတို့အား “တောခွေးစုထဲသို့ သိုးတို့ကိုစေလွှတ်သကဲ့သို့ သင်တို့ကိုငါစေလွှတ်၏” ဟူ၍မိန့်တော်မူသည်။ (မ. ၁၀:၁၆) ယင်းကြောင့် သူတို့သည် စိုးရိမ်စိတ်ဝင်ကာ နောက်တွန့်သွားကြပါသလော။ မတွန့်ခဲ့ပါ။ နောက်ပိုင်းတွင် ခရစ်ယာန်ချင်းတို့အား ဤသို့မိန့်မှာသောအခါ တမန်တော်ပေါလုတင်ပြခဲ့သည့် သဘောထားမျိုးကို သူတို့မွေးမြူခဲ့ကြသည်– “ထာဝရဘုရားသည် ငါ့ကိုမစတော်မူသည်ဖြစ်၍၊ လူသည် ငါ၌ပြုနိုင်သမျှကိုငါမကြောက်ဟု၊ ငါတို့သည် ရဲရင့်သောစိတ်နှင့် ပြောဆိုရသောအခွင့်ရှိကြ၏။” (ဟေဗြဲ ၁၃:၆) သူတို့သည် ယေရှု၏နာမကြောင့် အရှက်ခွဲခြင်းခံထိုက်သူများဟု ယူမှတ်ခံရသည်ကို ဝမ်းမြောက်ကြကာ အရှိန်မလျော့ဘဲ သွန်သင်ခြင်းနှင့် သတင်းကောင်းကြေညာခြင်းကို ဆက်၍လုပ်ဆောင်ကြသည်။—တ. ၅:၄၁၊ ၄၂။
၂ ယနေ့ ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းသည် ၎င်း၏နောက်ဆုံးအဆင့်များသို့ရောက်ရှိနေသည်။ ယေရှုကြိုတင်ပြောကြားခဲ့သကဲ့သို့ ကျွန်ုပ်တို့သည် လူမျိုးအပေါင်း၏မုန်းတီးမှုကိုခံလာရကြသည်။ (မ. ၂၄:၉) ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းသည် အတိုက်အခံနှင့် ပြောင်လှောင်သရော်ခြင်းခံရကာ ကမ္ဘာ့ဒေသအချို့တွင် ပိတ်ပင်ခြင်းပင်ခံရသည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းကင်းမဲ့နေမည်ဆိုပါက ကြောက်ရွံ့ထိတ်လန့်သွားနိုင်သည်။ သို့ရာတွင် ယေဟောဝါသည် ကျွန်ုပ်တို့ကိုမစတော်မူသောအရှင်ဖြစ်ကြောင်းသိရှိထားခြင်းက ကျွန်ုပ်တို့ကို အားသစ်လောင်းပေးပြီး စွဲမြဲနေရန် ခွန်အားရှိစေသည်။
၃ ရဲရင့်ခြင်းသည် ခိုင်မာခြင်း၊ ရဲစွမ်းသတ္တိရှိခြင်း၊ ရဲဝံ့စွန့်စားမှုရှိခြင်းတို့၏အရည်အသွေးဖြစ်သည်။ ၎င်းသည် စိုးရွံ့ ခြင်း၊ ကြောက်ရွံ့ ခြင်း၊ သူရဲဘောကြောင်ခြင်း၏ဆန့်ကျင်ဘက်ဖြစ်၏။ ယေရှု၏တပည့်တော်များသည် ခံနိုင်ရည်ရှိရန် ရဲရင့်ခြင်း အစဉ်လိုအပ်ခဲ့သည်။ ဘုရားသခင်နှင့်ရန်ဘက်ဖြစ်သော လောက၏သဘောထားနှင့် အပြုအမူများကြောင့် စိတ်ပျက်အားလျော့သွားခြင်းကိုရှောင်ကြဉ်ရန် ယင်းသည် မရှိမဖြစ်လိုအပ်သည်။ လောကကိုအောင်နိုင်သူယေရှု၏ အထူးကောင်းမွန်သောပုံသက်သေကို ဆင်ခြင်သုံးသပ်ရခြင်းသည် ကျွန်ုပ်တို့အတွက် မည်မျှအားရှိဖွယ်ပါတကား! (ယော. ၁၆:၃၃) ပြင်းထန်သောစုံစမ်းခြင်းများကိုခံရသည့်အခါ “လူထက်ဘုရားသခင်ကို အုပ်စိုးရှင်အဖြစ် ကျွန်ုပ်တို့သာ၍နာခံရမည်” ဟူ၍သတ္တိရှိရှိဖြင့်ကြေညာခဲ့ကြသော တမန်တော်များကိုလည်း သတိရပါ။—တ. ၅:၂၉၊ ကဘ။
၄ ကျွန်ုပ်တို့သည် တွန့်ဆုတ်တတ်သောလူစားမျိုးမဟုတ်– ကျွန်ုပ်တို့၏လုပ်ငန်းအပေါ် အပြုသဘောဆက်ရှိနေရန် ကြိုးစားသင့်သည်။ (ဟေဗြဲ ၁၀:၃၉) လူသားအားလုံးအပေါ် ယေဟောဝါ၏မေတ္တာနှင့် ကရုဏာတော်ကိုပြသမှုအဖြစ် ကျွန်ုပ်တို့ကို ကိုယ်တော်စေလွှတ်တော်မူကြောင်း အစဉ်စွဲမှတ်ထားပါ။ ကိုယ်တော်သည် အကျိုးရှိသောရည်ရွယ်ချက်ကို အထမမြောက်စေသည့်တစ်စုံတစ်ရာကို လုပ်ဆောင်ရန် မိမိကျေးကျွန်များအား ဘယ်သောအခါမျှတောင်းဆိုတော်မမူပါ။ လုပ်ဆောင်ရန် ကျွန်ုပ်တို့ကိုပေးအပ်သည့်တာဝန်မှန်သမျှသည် နောက်ဆုံးတွင် ဘုရားသခင်ကို ချစ်မြတ်နိုးသူများ၏အကျိုးအတွက် ဖြစ်ပါလိမ့်မည်။—ရော. ၈:၂၈။
၅ အပြုသဘောဆောင်သည့်အမြင်ရှိခြင်းက ကျွန်ုပ်တို့၏ရပ်ကွက်တွင် သိုးကဲ့သို့သောသူများကိုဆက်ရှာဖွေနေရန် ကူညီပေးသည်။ လူတို့စိတ်မဝင်စားကြောင်းပြခြင်းမှာ သူတို့သည် စိတ်ဓာတ်ကျပြီး မျှော်လင့်ချက်မဲ့နေ၍ဖြစ်သည်ဟု သဘောထားနိုင်သည်။ ကျွန်ုပ်တို့၏မေတ္တာက ကိုယ်ချင်းစာပြီး သည်းခံရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးပါစေ။ ကျွန်ုပ်တို့သည် စာပေဝေငှသည့်အခါတိုင်း သို့မဟုတ် အခြားအချိန်၌ စိတ်ဝင်စားမှုအနည်းငယ်တင်ပြသူတစ်ဦးကို တွေ့ရှိရသည့်အခါတိုင်းတွင် ကျွန်ုပ်တို့၏ပန်းတိုင်သည် ချက်ချင်းပြန်လည်ပတ်ရန်နှင့် စိတ်ဝင်စားမှုတိုးပွားလာရန် လှုံ့ဆော်ပေးဖို့ဖြစ်သင့်သည်။ ကျမ်းစာသင်အံမှုစရန်နှင့် ယင်းကိုထိရောက်စွာကျင်းပရန် ကျွန်ုပ်တို့၏စွမ်းရည်အပေါ် သံသယမဝင်ဖို့လိုသည်။ သို့အစား ယေဟောဝါကူညီတော်မူမည်ကို စိတ်ချလျက် ကိုယ်တော်၏အကူအညီနှင့် ညွှန်ကြားမှုကို တစိုက်မတ်မတ်နှင့် ဆုတောင်းကာ တောင်းခံသင့်သည်။
၆ ယေဟောဝါသည် လုပ်ငန်းတော်ကို ပြီးစီးသည်အထိ ကြပ်မတ်ပေးတော်မူမည်ဖြစ်ကြောင်း ကျွန်ုပ်တို့အခိုင်အမာယုံကြည်ကြသည်။ (ဖိလိပ္ပိ ၁:၆ နှိုင်းယှဉ်။) ကျွန်ုပ်တို့ကိုမစတော်မူသောအရှင်အဖြစ် ကိုယ်တော်ကို လုံးလုံးလျားလျားယုံကြည်ကိုးစားခြင်းက ကျွန်ုပ်တို့ကို ခွန်အားရှိစေကာ ယင်းကြောင့် ကျွန်ုပ်တို့သည် “ကောင်းမှုပြုရာတွင် လက်မလျှော့” ကြပါ။—ဂလ. ၆:၉၊ ကဘ။