ယေဟောဝါ၏ဝိညာဉ်တော်သည်ကျွန်ုပ်တို့နှင့်အတူရှိတော်မူ၏
၁ ယေဟောဝါသက်သေများအနေနှင့် ကျွန်ုပ်တို့သည် အလွန်ကြီးမားသောအလုပ်တာဝန်တစ်ခုကိုရရှိထားကြသည်။ ယေရှုက “ဧဝံဂေလိတရားကို ရှေးဦးစွာ လူမျိုးအပေါင်းတို့အားဟောရလိမ့်မည်” ဟုမိန့်တော်မူခဲ့သည်။ (မာ. ၁၃:၁၀) လူ့ ရှုထောင့်မှကြည့်လျှင် ယင်းသည် မဖြစ်နိုင်ပုံရသော်လည်း ထိုသို့မဟုတ်ပါ။ ကျွန်ုပ်တို့သည် ကျောထောက်နောက်ခံပြုပေးနေသည့် စကြဝဠာတွင်အကြီးမားဆုံးစွမ်းအား—ဘုရားသခင့်ဝိညာဉ်တော်—ကိုရရှိထားသည်။—မ. ၁၉:၂၆။
၂ ပထမရာစုအထောက်အထား– “ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်၌တည်တော်မူ၏ . . . ဝမ်းမြောက်စရာသတင်းကို ကြားပြော . . . ပြီ” ဟူသော ဟေရှာယ၏ပရောဖက်ပြုချက်သည် မိမိနှင့်သက်ဆိုင်ကြောင်း ယေရှုမိန့်ဆိုခဲ့သည်။ (လု. ၄:၁၈၊ ၁၉) ကောင်းကင်သို့မတက်ကြွမီ ကိုယ်တော်သည် မိမိ၏တမန်တော်များအား သူတို့သည်လည်း “မြေကြီးစွန်းတိုင်အောင်” သက်သေခံရန် သန့်ရှင်းသောဝိညာဉ်တော်ရရှိကြမည်ဟု မိန့်ဆိုခဲ့သည်။ ထို့နောက် အဲသယောပိအမတ်ကိုဟောရန် ဖိလိပ္ပုကို သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ညွှန်ကြားခဲ့သည်၊ ဝိညာဉ်တော်သည် ရောမတပ်မှူးတစ်ဦးထံ ပေတရုကို စေလွှတ်ကာ ပေါလုနှင့်ဗာနဗကို တစ်ပါးအမျိုးသားများအားဟောရန်စေလွှတ်ခဲ့သည်။ ထိုသို့သောနောက်ခံများမှလူတို့သည် သမ္မာတရားကိုတုံ့ ပြန်ကြမည်ဟု မည်သူထင်ခဲ့မည်နည်း။ သို့သော် သူတို့တုံ့ ပြန်ခဲ့ကြသည်။—တ. ၁:၈; ၈:၂၉-၃၈; ၁၀:၁၉၊ ၂၀၊ ၄၄-၄၈; ၁၃:၂-၄၊ ၄၆-၄၈။
၃ မျက်မှောက်ခေတ်အထောက်အထား– ဗျာဒိတ်ကျမ်းက ယနေ့ခေတ် ဟောပြောခြင်းလုပ်ငန်းတွင် သန့်ရှင်းသောဝိညာဉ်တော်ပါဝင်ပတ်သက်မှုကို ဤသို့အလေးအနက်ဖော်ပြသည်– “ဝိညာဉ်တော်နှင့်မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟု ဆိုကြ၏။ . . . အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကိုယူပါစေ။” (ဗျာ. ၂၂:၁၇) ဝိညာဉ်တော်သည် လူမျိုးအပေါင်းအား သတင်းကောင်းဟောပြောရန် ခရစ်တော်၏သတို့သမီးအတန်းအစားနှင့် ၎င်းတို့၏ အပေါင်းပါများဖြစ်သော “အခြားသိုး” တို့ကိုလှုံ့ဆော်ပေးခဲ့သည်။ (ယော. ၁၀:၁၆) ကျွန်ုပ်တို့သည် ဟောပြောခြင်းလုပ်ငန်းတွင် ရဲစွမ်းသတ္တိရှိသင့်ပြီး လူတန်းစားအသီးသီးမှလူတို့ကိုချဉ်းကပ်ရန် ဘယ်တော့မျှမတွန့်ဆုတ်ဘဲ ဘုရားသခင့်ဝိညာဉ်တော်သည် ကျွန်ုပ်တို့အားကူညီမည်ကို အစဉ်စိတ်ချနေပါ။ ၁၉၉၈ နှစ်ချုပ်စာအုပ်က ဘုရားသခင့်ဝိညာဉ်တော်သည် ကိုယ်တော့်ကျေးကျွန်များနှင့်အတူဆက်၍ရှိနေကြောင်း ယုံကြည်စိတ်ချနိုင်သည့် သက်သေအထောက်အထားကို ပေးသည်။ တုံ့ ပြန်မှုကိုကြည့်ပါလေ! လွန်ခဲ့သည့်လုပ်ငန်းတော် နှစ်နှစ်အတွင်း နေ့စဉ် ပျမ်းမျှ ၁,၀၀၀ ကျော်သောသူတို့သည် နှစ်ခြင်းခံခဲ့ကြသည်။
၄ ယေဟောဝါအလိုတော်ရှိသည့်အတိုင်းအတာထိ နိုင်ငံတော်သတင်းကို ဟောပြောစဉ် ဘုရားသခင့်ဝိညာဉ်တော်သည် ကျွန်ုပ်တို့နှင့်အတူ ဆက်ရှိမည်ကို စိတ်ချပါ။ ဤအသိတရားက အရေးအကြီးဆုံးသော နိုင်ငံတော်လုပ်ငန်းတွင် အားတက်သရော ကြိုးစားလုပ်ဆောင်ရန် ကျွန်ုပ်တို့ကို အားပေးလှုံ့ဆော်သင့်သည်။—၁ တိ. ၄:၁၀။