ကျွန်ုပ်တို့၏အဓိဋ္ဌာန်—ယေဟောဝါနှစ်သက်ရာဘဝလမ်းစဉ်ကို လိုက်လျှောက်ရန်
၁ “ဘုရားသခင်နှစ်သက်ရာဘဝလမ်းစဉ်” စည်းဝေးကြီးများ၏ပေါ်လွင်ချက်တစ်ခုမှာ နိဂုံးချုပ်ဟောပြောချက်တွင်ပြုခဲ့ကြသည့် အဓိဋ္ဌာန်ပင်ဖြစ်သည်။ “ကျွန်ုပ်တို့ . . . အနေဖြင့် ဘုရားသခင့်လမ်းစဉ်သည် အသက်တာ၏အကောင်းဆုံးသောလမ်းဖြစ်ကြောင်း နှလုံးအကြွင်းမဲ့သဘောတူပါသည်” ဟူသောကြေညာချက်ဖြင့် ယင်းကိုအစပြုခဲ့ပါသည်။ “တူပါတယ်!” ဟုကျွန်ုပ်တို့ပြောခဲ့ကြသည့် ထိုအဓိဋ္ဌာန်ပြုချက်၏ အရေးကြီးသည့်အချက်များကို ပြန်အမှတ်ရပါ။
၂ လောကီအညစ်အကြေးနှင့်ကင်းစင်လျက် ယေဟောဝါ၏ရှေ့တော်မှောက်တွင် သန့်ရှင်းနေရန် ကျွန်ုပ်တို့အဓိဋ္ဌာန်ပြုပါသည်။ ဘုရားသခင့်အလိုတော်ကို ကျွန်ုပ်တို့၏အသက်တာတွင် ဆက်၍ရှေးဦးထားကြပါမည်။ ကျွန်ုပ်တို့၏လမ်းညွှန်အဖြစ် ကိုယ်တော့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာကိုအသုံးပြုကာ လက်ဝဲလက်ယာသို့မရွေ့လျော့ဘဲ ဘုရားသခင့်လမ်းစဉ်သည် လောကလမ်းစဉ်များထက်သာလွန်ကြောင်း အတည်ပြုထောက်ခံကြပါမည်။
၃ လောကသားအများစုသည် ဘုရားသခင်နှစ်သက်ရာဘဝလမ်းစဉ်ကို ဥပေက္ခာပြုကြရာ အကျိုးဆက်များကို ရိတ်သိမ်းကြရသည်။ (ယေ. ၁၀:၂၃) ထို့ကြောင့် ကျွန်ုပ်တို့သည် “ဤမည်သောလမ်းသည်မှန်၏။ ဤလမ်း၌သွားလော့” ဟုပြောတော်မူသော ကျွန်ုပ်တို့၏မဟာသွန်သင်ရှင်၊ ယေဟောဝါ၏သွန်သင်ခြင်းကို ဆက်၍ခံယူနေရမည်ဖြစ်သည်။ (ဟေရှာ. ၃၀:၂၁) ကျမ်းစာတွင်ဖော်ပြထားသည့်အတိုင်း ယေဟောဝါနှစ်သက်ရာဘဝလမ်းစဉ်သည် အဘက်ဘက်တွင် သာလွန်ပါသည်။ ထိုလမ်းစဉ်ကိုလိုက်လျှောက်ရန် ကျွန်ုပ်တို့အား ယေဟောဝါသွန်သင်ပေးသမျှကို အပြည့်အဝအသုံးချရန်လိုသည်။
၄ ယေဟောဝါ၏ သာလွန်သောသွန်သင်ခြင်းအစီအစဉ်– ယေဟောဝါသည် ကျွန်ုပ်တို့အား စစ်မှန်သောဘဝရည်ရွယ်ချက်နှင့် ကျွန်ုပ်တို့၏အသက်တာကို အကျိုးအရှိဆုံးနည်းဖြင့် မည်သို့အသုံးချနိုင်ပုံကို သွန်သင်ပေးသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား စိတ္တရေး၊ စာရိတ္တရေးနှင့် ဝိညာဉ်ရေးအရ ကျွန်ုပ်တို့၏အသက်တာအရည်အသွေး မည်သို့တိုးတက်နိုင်ကြောင်း သွန်သင်ပေးသည်။ ကျွန်ုပ်တို့၏ညီအစ်ကိုများ၊ မိသားစု၊ လူလူချင်းတို့နှင့် ငြိမ်းချမ်းစွာမည်သို့နေထိုင်နိုင်ကြောင်းကိုလည်း သင်ပေးသည်။ ကိုယ်တော်သည် မိမိ၏ပြဋ္ဌာန်းစာအုပ်၊ သမ္မာကျမ်းစာနှင့် မိမိ၏အဖွဲ့အစည်းမှတစ်ဆင့် ယင်းကိုသွန်သင်ပေးပါသည်။
၅ ယင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့၏အသင်းတော်အစည်းအဝေးများသည် အလွန်အရေးပါသည်။ အစည်းအဝေးငါးခုစလုံးကို မှန်မှန်တက်ရောက်ကာ ပါဝင်သည်နှင့်အမျှ သတင်းကောင်း၏ဓမ္မအမှုဆောင်များအဖြစ် ကျယ်ပြန့်ပြည့်စုံသောလေ့ကျင့်မှုနှင့် ခရစ်ယာန်အသက်တာနှင့်ပတ်သက်၍ မျှတသောပညာရေးကို ကျွန်ုပ်တို့ရရှိကြသည်။ (၂ တိ. ၃:၁၆၊ ၁၇) ကျွန်ုပ်တို့၏မဟာသွန်သင်ရှင်သည် အစည်းအဝေးများနှင့် စည်းဝေးကြီးများမှတစ်ဆင့် သီအိုကရက်တစ်ပညာရေးကို ထပ်ဆင့်စီမံပေးပါသည်။ ကျွန်ုပ်တို့၏ပန်းတိုင်သည် ကျန်းမာရေးနှင့်အခြေအနေများက တက်ရောက်ရန်ခွင့်ပြုမည်ဆိုလျှင် အစည်းအဝေးတစ်ခု သို့မဟုတ် အပိုင်းတစ်ခုကို မည်သည့်အခါမျှမလွတ်ရန် ဖြစ်သင့်သည်။
၆ ယေဟောဝါအားချီးမွမ်းရန်နှင့် ကျွန်ုပ်တို့၏ထာဝရအကျိုးအတွက် လာမည့်နေ့ရက်များတွင် ဘုရားသခင်နှစ်သက်ရာဘဝလမ်းစဉ်ကို ဆက်၍ဝီရိယစိုက်ထုတ်လိုက်လျှောက်ကြပါလေ!—ဟေရှာ. ၄၈:၁၇။