ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၆/၁၅ စာ. ၉-၁၂
  • စိတ်ရှည်မှု—အဘယ်ကြောင့်ဤမျှရှားပါးရသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိတ်ရှည်မှု—အဘယ်ကြောင့်ဤမျှရှားပါးရသနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စိတ်မရှည်မှု၏နမူနာများ
  • စိတ်မရှည်မှု၏အကြောင်းရင်းများ
  • စိတ်ရှည်မှု—အဘယ်ကြောင့်ဤမျှအဖိုးထိုက်ရ
  • အားတက်စေသော နမူနာများ
  • စိတ်ရှည်မှု၏ဆုကျေးဇူးများ
  • ဆက်ပြီး စိတ်ရှည်ကြပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • သည်းခံခြင်းကို သင်ကျင့်သုံးနိုင်မည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ယေဟောဝါ၏သည်းခံခြင်းကို တုပကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ယေဟောဝါနဲ့ ယေရှုရဲ့ စိတ်ရှည်ခြင်းကနေ သင်ယူပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၆/၁၅ စာ. ၉-၁၂

စိတ်ရှည်မှု—အဘယ်ကြောင့်ဤမျှရှားပါးရသနည်း

အမီလီယိုသည် အသက် ၆၀ ကျော်ရှိပြီ။a သူသည် နာရေးကိစ္စ—မိမိ၏အရွယ်ရောက်သောသားကို သင်္ဂြိုဟ်ရန် အိုအာဟူးကျွန်းသို့ လာခဲ့သည်။ ဆိတ်ငြိမ်သောတောင်ပေါ်လမ်းအတိုင်း မိတ်ဆွေတချို့နှင့်အတူ စကားတပြောပြောနှင့်လျှောက်လာစဉ် အိမ်အဝင်အထွက်လမ်းမှ အရှိန်နှင့်လမ်းပေါ်သို့ နောက်ဆုတ်ပြီးထွက်လာသည့် ကားတစ်စီးကြောင့် အမီလီယိုလန့်ဖျပ်သွားသည်။ ကားသည် သူ့ကိုတိုက်လုမတတ်ဖြစ်ရာ ဒေါသထွက်သွားပြီး သည်းမခံနိုင်ဘဲဖြစ်ကာ အမီလီယိုသည် ဒရိုင်ဘာကိုအော်ဟစ်လိုက်ပြီး ကားကိုသူ့လက်ဖြင့် ရိုက်ပစ်လိုက်သည်။ သို့နှင့် အငြင်းအခုံဖြစ်ခဲ့ကြသည်။ ဒရိုင်ဘာသည် အမီလီယိုကို တွန်းလိုက်ဟန်တူသည်။ သူလဲကျသွားပြီး ခေါင်းသည် မာကျောသောလမ်းကြမ်းပြင်နှင့် ခိုက်မိသွားခဲ့သည်။ ရက်အနည်းငယ်အကြာတွင် အမီလီယိုသည် သူ၏ဦးခေါင်းဒဏ်ရာနှင့်ပင် သေဆုံးခဲ့သည်။ အလွန်ဝမ်းနည်းစရာပင်!

စိတ်ရှည်မှုသည် ရှားပါးသည့်အရည်အသွေးဖြစ်နေသောလောကတွင် ကျွန်ုပ်တို့အသက်ရှင်နေရကြသည်။ မြန်သည်ထက်မြန်မြန်မောင်းသည့် ကားဒရိုင်ဘာများ ပို၍ပို၍များလာသည်။ အခြားသူများမူ သတ်မှတ်မိုင်နှုန်းဖြင့်သွားနေသော ကားများ၏နောက်မှ အလွန့်အလွန်ကပ်လိုက်ကြသည်။ သို့သော် အခြားသူများက အခြားယာဉ်တစ်စီး၏နောက်မှာဖြစ်နေခြင်းကို စိတ်မရှည်နိုင်သောကြောင့် တစ်လိုင်းပြီးတစ်လိုင်းကူးကြသည်။ အိမ်ထောင်စုတွင် မိသားစုဝင်များသည် လက်သီးလက်မောင်းတန်းလာပေမည်။ တချို့သောခရစ်ယာန်များပင် မိမိတို့ဝိညာဏညီအစ်ကိုများ၏ အားနည်းချွတ်ချော်မှုများ သို့မဟုတ် အမှားမှားအယွင်းယွင်းဖြစ်မှုများကြောင့် အကြီးအကျယ်စိတ်အနှောင့်အယှက်ဖြစ်ကြပေမည်။

စိတ်ရှည်မှုသည် အဘယ်ကြောင့်ဤမျှရှားပါးရသနည်း။ ယင်းအတိုင်းအမြဲဖြစ်နေခဲ့သလော။ ကျွန်ုပ်တို့အချိန်တွင် စိတ်ရှည်မှုရှိရန် အဘယ်ကြောင့်ဤမျှခက်ခဲရသနည်း။

စိတ်မရှည်မှု၏နမူနာများ

အရေးတကြီးဖြစ်သောဆုံးဖြတ်ချက်တစ်ခုကို မချမီ မိမိ၏လင်သားကိုတိုင်ပင်ရန် စောင့်ဆိုင်းခြင်းမရှိခဲ့သည့် မိန်းမတစ်ယောက်အကြောင်း ကျမ်းစာတွင်ပြောထားသည်။ သူမ၏အမည်မှာ ဧဝဖြစ်သည်။ စိတ်မရှည်မှုတစ်စိတ်တစ်ပိုင်း ဖြစ်ကောင်းဖြစ်မည့်အကြောင်းကြောင့် အာဒံ့အလျင် တားမြစ်ထားသောအသီးကို သူမစားခဲ့သည်။ (ကမ္ဘာဦး ၃:၁-၆) သူယောက်ျားကော အသို့နည်း။ သူလည်း အကူအညီ သို့မဟုတ် ညွှန်ကြားမှုအတွက် မိမိ၏ကောင်းကင်ခမည်းတော် ယေဟောဝါဘုရားသခင်ထံ ဦးဆုံးမချဉ်းကပ်ဘဲ ဧဝပြုခဲ့သည့်အပြစ်နောက် သူပါလိုက်လုပ်ခြင်းအားဖြင့် စိတ်မရှည်မှုကို တင်ပြခဲ့ခြင်းဖြစ်ပေမည်။ အပြစ်သို့ဦးတည်စေခဲ့သည့် စိတ်မရှည်မှုနှင့် ဆက်စပ်နိုင်သည့် သူတို့၏လောဘဇောတိုက်ခြင်းက ကျွန်ုပ်တို့အားလုံးအတွက် ဆိုးဝါးသော အကျိုးဆက်များရရှိခဲ့သည်။ ကျွန်ုပ်တို့သည် သူတို့ထံမှ မာန်မာနထောင်လွှားခြင်းနှင့် စိတ်မရှည်ခြင်းအပါအဝင် အပြစ်များပြုလိုသည့်ဘက်သို့ တိမ်းညွှတ်သည့်သဘောကိုလည်း အမွေအနှစ်တစ်ခုပမာ ရရှိခဲ့ပြီ။—ရောမ ၅:၁၂။

ကျွန်ုပ်တို့ကနဦးမိဘများ အပြစ်ပြုပြီးနောက် နှစ်ပေါင်း ၂,၅၀၀ ခန့်အကြာတွင် ဘုရားသခင်ရွေးချယ်ထားသောလူမျိုးဖြစ်သည့် ဣသရေလလူမျိုးသည် ယုံကြည်ခြင်းကင်းမဲ့မှုအပြင် စိတ်ရှည်မှုကင်းမဲ့ခြင်းကို အလွန့်အလွန်အဖန်တလဲလဲ တင်ပြခဲ့ကြသည်။ ယေဟောဝါရှင်သည် သူတို့အား အီဂျစ်ပြည် ကျွန်သားပေါက်ဘဝမှ အံ့ဖွယ်ကောင်းလောက်စွာကယ်ဆယ်ခဲ့သော်လည်း သူတို့သည် “အမှုတော်ကို အလျင်အမြန်မေ့လျော့” ပြီး “အကြံအစည်တော်ကို မဆိုင်းမလင့်” ကြပါ။ (ဆာလံ ၁၀၆:၇-၁၄) သူတို့သည် စိတ်ရှည်မှုမရှိသောကြောင့် ကြီးလေးသောမှားယွင်းမှုတွင်းသို့ အထပ်ထပ်အဖန်ဖန် သက်ဆင်းခဲ့ကြသည်။ သူတို့သည် ရွှေနွားရုပ်လုပ်ကာကိုးကွယ်ခဲ့ကြသည်; သူတို့အတွက် ယေဟောဝါရှင်စီမံပေးသောမန္နမုန့်အစီအစဉ်ကို တဖျစ်တောက်တောက်ညည်းညူကြသည်; ထို့အပြင်သူတို့ထဲမှ များစွာသောသူများသည် ဘုရားသခင်အားဖြင့် ခန့်အပ်ခံရသော ယေဟောဝါရှင်၏ကိုယ်စားလှယ် မောရှေကို ထောင်ထားခြားနားသည့် အထိပင်ဖြစ်သည်။ အမှန်ပင် သူတို့၏စိတ်ရှည်မှုကင်းမဲ့ခြင်းက သူတို့အား ယူကျုံးမရဖြစ်ခြင်းနှင့် ဘေးဒုက္ခတွေ့သည့်အဖြစ်သို့ ဦးတည်စေသည်။

ဣသရေလနိုင်ငံ၏ ဦးဦးဆုံးလူသားဘုရင် ရှောလုသည် သူ၏နန်းအမွေကို မိမိ၏သားများဆက်ခံရန် အခွင့်အရာဆုံးရှုံးခဲ့သည်။ အဘယ်ကြောင့်နည်း။ ယေဟောဝါရှင်အားယဇ်တစ်ခုပူဇော်ဖို့ တာဝန်ရှိသူ ပရောဖက်ရှမွေလကို သူစောင့်ဆိုင်းရန် ပျက်ကွက်ခဲ့သောကြောင့်ဖြစ်သည်။ လူကိုကြောက်ခြင်းက ရှောလုအား ရှမွေလအလျင် ယဇ်ပူဇော်စေခဲ့သည်။ အစီအစဉ်ကို ရှောလု လုပ်ဆောင်ပြီးရုံရှိသေးစဉ် ရှမွေလကိုတွေ့လိုက်ရသောအခါ သူမည်သို့ခံစားခဲ့ရမည်ကို စဉ်းစားသာကြည့်ပါလေ! သူသည် မိနစ်အနည်းငယ်ပို၍သာ စောင့်ဆိုင်းခဲ့ပါလျှင်ကောင်းလိုက်မည်ဖြစ်ခြင်း!—၁ ဓမ္မရာဇဝင် ၁၃:၆-၁၄။

ဧဝသည် အသီးကိုအဆောတလျင်လှမ်းယူမည့်အစား အာဒံကိုသာစောင့်ဆိုင်းခဲ့လျှင် ကောင်းလိုက်မည်ဖြစ်ခြင်း! ဣသရေလလူမျိုးများသည် ယေဟောဝါရှင်၏သြဝါဒကိုသာ စောင့်ဆိုင်းဖို့ သတိရခဲ့လျှင် ကောင်းလိုက်မည်ဖြစ်ခြင်း! မှန်ပါသည်၊ စိတ်ရှည်မှုက သူတို့နှင့် ကျွန်ုပ်တို့အားများစွာသောယူကျုံးမရဖြစ်ခြင်းနှင့် နာကျင်ခြင်းမှ ကယ်တင်ခဲ့ပေမည်။

စိတ်မရှည်မှု၏အကြောင်းရင်းများ

ကျမ်းစာက ယနေ့ခေတ်တွင် စိတ်မရှည်မှုကိုဖြစ်စေသည့် အဓိကအကြောင်းရင်းကို နားလည်စေရန် ကျွန်ုပ်တို့အားထောက်ကူသည်။ တိမောသေဒုတိယစောင် အခန်းကြီး ၃ တွင် “ခဲယဉ်းသောကာလ” တွင်အသက်ရှင်နေသူများအဖြစ် ကျွန်ုပ်တို့၏လူမျိုးဆက်ကို ဖော်ပြသည်။ လူများသည် “ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ . . . မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ” များဖြစ်ကြမည်။ (အခန်းငယ် ၂၊ ၃) ဤသို့သော လောဘဇောတိုက်ခြင်းနှင့် ကိုယ်ကျိုးကိုသာကြည့်သည့်သဘောထားများသည် လူများစွာ၏နှလုံးနှင့် စိတ်တို့တွင် ပျံ့နှံ့ကူးစက်နေရာ စိတ်ရှည်မှုကိုကျင့်သုံးရန် အားလုံးအတွက်နှင့် ခရစ်ယာန်များအတွက်ပင် ခက်ခဲစေသည်။ ကျွန်ုပ်တို့သည် လောကသားများမြန်လွန်းစွာမောင်းနှင်နေခြင်း သို့မဟုတ် လိုက်ဖြတ်ဝင်ခြင်း သို့မဟုတ် ဆဲရေးတိုင်းထွာခြင်းတို့ကို ကိုယ်တွေ့ကြုံရသောအခါ ကျွန်ုပ်တို့စိတ်ရှည်မှုသည် စမ်းသပ်ခံရနိုင်သည်။ ကျွန်ုပ်တို့သည် သူတို့ကိုတုရန် သို့မဟုတ် ပြိုင်ဆိုင်လက်စားချေရန် သွေးဆောင်ခံရပေမည်၊ ဤသို့ဖြင့် သူတို့၏တစ်ကိုယ်ကောင်းဆန်သောမာနနှင့် အညီထိုးနှက်ခြင်းဖြစ်သွားပေမည်။

တစ်ခါတစ်ရံ ကျွန်ုပ်တို့၏မှားယွင်းသော ကိုယ်ပိုင်ကောက်ချက်များက မိမိတို့၏စိတ်ရှည်မှုကို ပျောက်ဆုံးစေပါသည်။ ပညာရှိရှောလမုန်မင်းသည် အလျင်စလိုဖြစ်ပြီး မှားသောစဉ်းစားဆင်ခြင်မှုနှင့် စိတ်မရှည် ဒေါသပါသောအပြုအမူတို့ကြား ဆက်နွှယ်ချက်အား ဤသို့ရေးသားဖော်ပြခဲ့သည်ကို သတိပြုပါ– “စိတ်ရှည်တတ်သူသည် စိတ်နေမြင့်သူထက် သာ၍ကောင်း၏။ ဒေါသအမျက်သည် လူမိုက်တို့၏ရင်ခွင်၌သာတည်သည်ဖြစ်၍ ဒေါသထွက်ရန် လျင်မြန်သောစိတ်မရှိနှင့်။” (ဒေသနာ ၇:၈၊ ၉၊ သမ) ကျွန်ုပ်တို့သည် ယင်းကိုမတုံ့ပြန်မီ အခြေအနေတစ်ခု၏ တိကျပြည့်စုံသောရုပ်ပုံလွှာကို ရရန်အချိန်ယူပါက မိမိတို့သည် အခြားသူများအား ပို၍နားလည်တတ်သော၊ ပို၍ထောက်စာတတ်သော၊ ပို၍စိတ်ရှည်သောသူ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ အခြားတစ်ဖက်တွင်မူ ထောင်လွှားသော၊ ကိုယ်ကျိုးသာကြည့်သောစိတ်ဓာတ်က မောရှေကိုဒုက္ခပေးသည့် တဖျစ်တောက်တောက်ညည်းညူသော၊ လည်ပင်းခိုင်မာသော ဣသရေလလူမျိုးများကဲ့သို့ ကျွန်ုပ်တို့အား သဘောထားကျဉ်းမြောင်းသူ၊ စိတ်မရှည်သူ၊ ခါးသီးသောသူဖြစ်လာစေပေမည်။—တောလည်ရာ ၂၀:၂-၅၊ ၁၀။

ဤလောက၏စိတ်ရှည်မှုကင်းမဲ့ခြင်းကို တိုးပွားစေသည့်အခြားအကြောင်းတစ်ခုမှာ ယေဟောဝါရှင်ထံမှ ကင်းကွာခြင်းကြောင့်ရရှိလာသည့် ယင်း၏မျှော်လင့်ချက်မဲ့သောအခြေအနေဖြစ်သည်။ ဒါဝိဒ်က ယေဟောဝါရှင်၌မျှော်လင့်ခြင်းသည် လူ့လိုအပ်ရာဖြစ်ကြောင်း ဤသို့ဖော်ပြခဲ့သည်– “အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာနေတတ်၏။ ငါမျှော်လင့်ခြင်းအကြောင်းသည် အထံတော်ကသက်ရောက်ရ၏။” (ဆာလံ ၆၂:၅) ယေဟောဝါရှင်ကိုမသိသူများစွာသည် အကန့်အသတ်သာရှိသော၊ စိတ်ဓာတ်ကျဖွယ်ရှေ့ရေးအမြင်ရှိကြရာ ယင်းကြောင့် သူတို့၏အချိန်မကုန်မီ သူတို့ရနိုင်သည့် ပျော်ရွှင်မှုနှင့် အကျိုးအမြတ် ရှိရှိသမျှကို ရနိုင်သမျှရယူရန် ကြိုးစားကြသည်။ သူတို့၏ဝိညာဏဖခင် စာတန်မာရ်နတ်ကဲ့သို့ သူတို့သည် မိမိတို့၏အပြုအမူက အခြားသူများအား မည်သို့ထိခိုက်မည်နှင့်ပတ်သက်၍ ဂရုမူလေ့မရှိကြချေ။—ယောဟန် ၈:၄၄; ၁ ယောဟန် ၅:၁၉။

ယနေ့စိတ်ရှည်မှု ဤမျှရှားပါးရခြင်းသည် အံ့အားသင့်စရာမဟုတ်ပါ။ ဤဆိုးသွမ်းပြီးတစ်ကိုယ်ကောင်းဆန်သော အစီစဉ်စနစ်၊ ယင်း၏ဘုရားစာတန်နှင့် အပြစ်သို့တိမ်းညွှတ်တတ်သော အပြစ်ပါသည့်သွေးသားတို့က လူတစ်ဦး၊ စိတ်ရင်းမှန်သူတစ်ဦးကိုပင် စိတ်ရှည်ရန် ခက်ခဲစေသည်။ သို့တိုင် ကျမ်းစာက အထူးသဖြင့် ဘုရားသခင့်ရည်ရွယ်တော်မူချက်များနှင့်ပတ်သက်၍ “သည်းခံလျက်စောင့်နေ” ကြရန် ကျွန်ုပ်တို့အား တိုက်တွန်းထားသည်။ (ယာကုပ် ၅:၈) စိတ်ရှည်မှုသည် အဘယ်ကြောင့် ဤမျှအဖိုးထိုက်ရပါသနည်း။ ယင်းက အဘယ်ဆုကျေးဇူးများကို ကျွန်ုပ်တို့အား ပေးနိုင်သနည်း။

စိတ်ရှည်မှု—အဘယ်ကြောင့်ဤမျှအဖိုးထိုက်ရ

“ရပ်၍စောင့်ဆိုင်းခြင်းကိုသာ ပြုသူတို့လည်းအမှုဆောင်ကြကုန်၏။” ဤစကားများကို လွန်ခဲ့သောနှစ်ပေါင်း သုံးရာကျော်က အင်္ဂလိပ်ကဗျာဆရာ ဂျွန်မီလ်တန်က မိမိလင်္ကာ “မိမိ၏မျက်မမြင်ဘဝတွင်” ၌ မြွက်ဟခဲ့သည်။ ဤကဗျာ၏အဦးပိုင်းတွင် သူ၏အသက် ၄၀ ကျော်နှစ်များ၌ မျက်မမြင်ဘဝရောက်ခဲ့ရသောကြောင့် ဘုရားသခင်ကို အပြည့်အဝအမှုမဆောင်နိုင်ပါလားဟူသည့် မိမိခံစားနေရသော စိတ်ဓာတ်ကျဆင်းမှုနှင့် စိုးရိမ်နေခြင်းတို့ကို ဖော်ပြခဲ့သည်။ သို့သော် အထက်တွင်ကိုးကားထားသည့် ဤကဗျာ၏နောက်ဆုံးလိုင်းက ရောင်ပြန်သည့်အတိုင်း သူသည် ဒုက္ခသုက္ခများကို စိတ်ရှည်စွာရပ်တည်နေခြင်း၊ အမှုဆောင်ခြင်းနှင့်ပတ်သက်သော ရနိုင်သည့်အခွင့်အရေးများကို စိတ်တည်တည်ငြိမ်ငြိမ်နှင့် ရှာကြံနေခြင်းတို့အားဖြင့် ဘုရားသခင်ကို ဝတ်ပြုနိုင်ကြောင်း သိမြင်လာသည်။ မီလ်တန်သည် ဘုရားသခင်အပေါ်မှီခိုသည့် စိတ်ရှည်ခြင်း၏တန်ဖိုးကို သိနားလည်ခဲ့သည်။

ကျွန်ုပ်တို့မှအများစုသည် မျက်စိကောင်းကြမည်ဖြစ်သော်လည်း ကျွန်ုပ်တို့အားလုံးတွင် ဒေါသထွက်လာရန် သို့မဟုတ် စိုးရိမ်စိတ်ဝင်လာရန် ဖြစ်ပေါ်စေသည့် ကန့်သတ်မှုများရှိသည်။ ကျွန်ုပ်တို့သည် စိတ်ရှည်မှုကို မည်သို့ရယူကျင့်သုံးနိုင်သနည်း။

အားတက်စေသော နမူနာများ

ကျမ်းစာက ကျွန်ုပ်တို့အား စိတ်ရှည်မှုနမူနာကောင်း မြောက်မြားစွာ ပေးထားသည်။ ယေဟောဝါရှင်၏စိတ်ရှည်မှုက မရေမတွက်နိုင်သည့် သန်းနှင့်ချီသော လူသားထုအတွက် ထာဝရအသက်ရရှိနိုင်စေသည်။ (၂ ပေတရု ၃:၉၊ ၁၅) ကျွန်ုပ်တို့ကိုယ်တော့်ထမ်းပိုးကို ထမ်းကြရန်နှင့် “[ကျွန်ုပ်တို့] စိုးလ်သည် လန်းဆန်း” စေရန် ကိုယ်တော်၏ကြင်နာသောဖိတ်ခေါ်ချက်တွင် ယေရှုသည်ခမည်းတော်၏ အံ့ချီးဖွယ်စိတ်ရှည်မှုကို အပြည့်အဝရောင်ပြန်ဟပ်သည်။ (မဿဲ ၁၁:၂၈-၃၀) ယေဟောဝါရှင်နှင့် ယေရှုတို့၏နမူနာများကို တွေးတောဆင်ခြင်ခြင်းက ကျွန်ုပ်တို့အား ပို၍စိတ်ရှည်ရန် အထောက်အကူပြုနိုင်သည်။

ဒေါသထွက်ရန်၊ နာကြည်းရန် သို့မဟုတ် လက်စားချေဒဏ်ခတ်ရန် အကြောင်းအလျှံပယ်ရှိပုံပေါက်သူမှာ ယာကုပ်၏သားယောသပ်ဖြစ်သည်။ သူ၏အကိုများသည် သူ့အားသတ်ပစ်ဖို့ အလွန်မတရားစွာ၊ မသမာစွာပူးပေါင်းကြံစည်ကြပြီး နောက်ဆုံးတွင် ကျွန်သားပေါက်အဖြစ်သို့ သူ့အားရောင်းစားလိုက်သည်။ အီဂျစ်ပြည်၌ ပေါတိဖာထံတွင် အသိစိတ်ရှိရှိ သစ္စာရှိစွာအမှုထမ်းသည့်ကြားမှ ယောသပ်သည် မတော်မတရားစွပ်စွဲခံရကာ ထောင်ကျခဲ့သည်။ သူသည် မိမိ၏ဒုက္ခရှိရှိသမျှကို စိတ်ရှည်စွာခံခဲ့ရပ်ပြီး ဤသို့သောစမ်းသပ်မှုများသည် ယေဟောဝါရှင်၏ရည်ရွယ်တော်မူချက်များကို ပြီးမြောက်စေနိုင်ကြောင်း နားလည်ခဲ့ပုံရှိသည်။ (ကမ္ဘာဦး ၄၅:၅) ယောသပ်သည် နှိမ့်ချမှုနှင့်နားလည်မှုရှိရှိဖြင့် ယေဟောဝါရှင်၌ ယုံကြည်ချက်နှင့် မျှော်လင့်ချက်တို့ကို ပြုစုပျိုးထောင်ခဲ့သောကြောင့် အလွန်ကုန်းရုန်းကြိုးစားနေရသည့် အခြေအနေများအောက်၌ပင် စိတ်ရှည်မှုကို ကျင့်ကြံနိုင်ခဲ့သည်။

အခြားအရေးပါသော အထောက်အကူတစ်ရပ်မှာ ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်ဖြစ်သည်။ ဥပမာ ကျွန်ုပ်တို့သည် စိတ်မြန်ပြီး နာကြည်းအောင်ထေ့တေ့တေ့ပြောတတ်ပါက သန့်ရှင်းသောဝိညာဉ်တော်၏အသီး သီးပွင့်နိုင်ရန် ယင်း၏အကူအညီအတွက် ဆုတောင်းနိုင်သည်။ စိတ်ရှည်ခြင်းနှင့် ချုပ်တည်းခြင်းကဲ့သို့သော ဤအသီးတစ်ခုချင်းစီကို တွေးတောဆင်ခြင်ခြင်းက ယင်းအသီးတို့သည် စိတ်ရှည်မှုနှင့် မည်မျှနက်ရှိုင်းစွာဆက်နွှယ်နေသည်ကို သိမြင်ရန် ကျွန်ုပ်တို့အား ထောက်ကူပါလိမ့်မည်။—ဂလာတိ ၅:၂၂၊ ၂၃။

စိတ်ရှည်မှု၏ဆုကျေးဇူးများ

စိတ်ရှည်မှုရှိခြင်းသည် ကျွန်ုပ်တို့အား အကျိုးကျေးဇူးများစွာကို ယူဆောင်ပေးနိုင်သည်။ ယင်းသည် ကျွန်ုပ်တို့၏စာရိတ္တကို ပို၍သန်စွမ်းစေပြီး ဆင်ကန်းတောတိုး မိုက်ရူးရဲဆန်ဆန်ပြုမူခြင်းတို့မှ ကျွန်ုပ်တို့အားကာကွယ်ပေးသည်။ ကျွန်ုပ်တို့ရှိရှိသမျှသည် ခက်ခဲသော သို့မဟုတ် ဖိစီးသောအခြေအနေများတွင် အလျင်စလိုတုံ့ပြန်ခြင်းကြောင့် ထိခိုက်နစ်နာစေသောအမှားများကို ပြုလုပ်ခဲ့ကြပြီမဟုတ်လော။ ကျွန်ုပ်တို့သည် ကြင်နာမှုမဲ့သော စကားတစ်ခွန်းကို ပြောဆိုခဲ့ သို့မဟုတ် ရိုင်းစိုင်းသောအပြုအမူတစ်ခုကို ပြုမူခဲ့ပေမည်။ ကျွန်ုပ်တို့သည် ဘာမဟုတ်တာလေးကို သဘောထားတိုက်ပွဲအဖြစ်သို့ ချစ်မြတ်နိုးရသူတစ်ဦးနှင့် အပြင်းအထန်တိုက်ခိုက်လာစေရန် ခွင့်ပြုခဲ့ကြပေမည်။ ဒေါသအိုးပေါက်ကွဲခြင်း၊ စိတ်ဓာတ်အကြီးအကျယ်ကျခြင်းနှင့် စိတ်နာကျင်ခြင်းဖြစ်ပြီးနောက်မှ ကျွန်ုပ်တို့သည် ‘ငါခဏလေးထပ်စောင့်ရင် အကောင်းသား’ ဟု ယူကျုံးမရဖြစ်စွာ တွေးတောခဲ့ပေမည်။ စိတ်ရှည်မှုကိုကျင့်ကြံနေခြင်းက ရင်ထုမနာဖြစ်စရာအမျိုးမျိုးရှိသမျှမှ ကျွန်ုပ်တို့ကို အကာအကွယ်ပေးနိုင်သည်။ ဤအချက်တစ်ခုတည်းက ကျွန်ုပ်တို့၏အသက်တာတွင် ပို၍ငြိမ်သက်၊ တည်ငြိမ်မှုနှင့် ကျေနပ်မှုတို့ကို ရရှိစေသည်။—ဖိလိပ္ပိ ၄:၅-၇။

စိတ်ရှည်မှုရှိခြင်းက တည်ငြိမ်သော၊ ယုံကြည်အားထားတတ်သော နှလုံးရှိရန်လည်း ကျွန်ုပ်တို့အား ထောက်ကူနိုင်သည်။ ယင်းက ကာယရေးဆိုင်ရာ၊ စိတ်ဓာတ်ရေးရာဆိုင်ရာနှင့် ဝိညာဉ်ရေးဆိုင်ရာသာ၍ကျန်းမာမှုကို ကျွန်ုပ်တို့အား ခံစားစေနိုင်သည်။ (သု. ၁၄:၃၀) အထိန်းအကွပ်မရှိသော၊ ချောင်းချောင်းထွက်သော ဒေါသသည် စိတ်ဓာတ်ရေးဆိုင်ရာနှင့် ကာယရေးဆိုင်ရာ နာတာရှည်ဖျားနာမှုနှင့် သေခြင်းကိုဖြစ်စေနိုင်သည်။ အခြားတစ်ဖက်တွင်မူ စိတ်ရှည်ခြင်းအားဖြင့် အခြားသူများ၊ အထူးသဖြင့် ဝိညာဏညီအစ်ကိုများနှင့် မိသားစုဝင်များအပေါ် အပြုသဘောထားကို ပို၍ထားနိုင်လာစေသည်။ ဤသို့ဆိုလျှင် ကျွန်ုပ်တို့သည် ဒေါသကိုနိုးဆွပေးသော၊ အပြစ်ရှာဝေဖန်သောသူများမဟုတ်ဘဲ ပို၍ထောက်စာသော၊ ပို၍ထောက်ကူသောသူဖြစ်လာမည်ဖြစ်သည်။ အပြန်အလှန်အနေနှင့် အခြားသူများသည် ကျွန်ုပ်တို့နှင့်ပေါင်းသင်းဆက်ဆံရန် ပို၍လွယ်ကူပြီး ပို၍နှစ်သက်စရာဖြစ်ကြောင်း တွေ့မြင်လာမည်။

ခရစ်ယာန်အသင်းတော်တွင်ရှိ အကြီးအကဲများသည် စိတ်ရှည်မှုကိုကျင့်သုံးရန် အထူးလိုအပ်သည်။ ရံဖန်ရံခါ ခရစ်ယာန်ချင်းတို့သည် ကြီးလေးသောပြဿနာများနှင့်အတူ သူတို့ထံချဉ်းကပ်ကြသည်။ ဤစိတ်ရိုးမှန်သူများသည် ရှုပ်ထွေး၊ စိတ်ဗယောက်ဗယက် သို့မဟုတ် စိတ်ဓာတ်ကျနေပေမည်။ ဤအခါတွင် အကြီးအကဲများကိုယ်တိုင် သူတို့၏ကိုယ်ရေးကိုယ်တာ သို့မဟုတ် မိသားစုပြဿနာများကြောင့် ပင်ပန်းနွမ်းနယ်နေမည် သို့မဟုတ် စိတ်တွေဝေနေပေမည်။ သို့တိုင် အကြီးအကဲများသည် ဤသို့သောခက်ခဲသည့် အခြေအနေများအောက် စိတ်ရှည်မှုကျင့်သုံးခြင်းသည် မည်မျှအရေးပါလိုက်သည်ဖြစ်ခြင်း! ဤနည်းဖြင့်သူတို့သည် “နူးညံ့သိမ်မွေ့စွာ” နှင့် “သိုးစုတစ်စုလုံးကိုလည်းသတိနှင့်ကြည့်ရှု” ညွှန်ကြားနိုင်ကြသည်။ (၂ တိမောသေ ၂:၂၄၊ ၂၅; တမန်တော် ၂၀:၂၈၊ ၂၉) တန်ဖိုးရှိအသက်များသည် ဘေးသင့်နေသည်။ ကြင်နာမှုရှိသော၊ မေတ္တာပြည့်ဝသော၊ စိတ်ရှည်သောအကြီးအကဲများသည် အသင်းတော်အတွက် ကောင်းချီးတစ်ရပ်ပင်တည်း!

မိသားစုကိုဦးစီးသူတို့သည် မိမိတို့၏အိမ်ထောင်စုတို့ကို စိတ်ရှည်မှု၊ သိနားလည်မှုနှင့် ကြင်နာမှုတို့ဖြင့် ဆက်ဆံသင့်သည်။ သူတို့သည် မိသားစုဝင်အားလုံးအား ထပ်တူအရည်အသွေးများကို ကျင့်သုံးရန်လည်း မျှော်လင့်ထိုက်ပြီး အားပေးသင့်သည်။ (မဿဲ ၇:၁၂) ယင်းက အိမ်တွင် မေတ္တာရှိရန်နှင့် ငြိမ်သက်မှုရှိရန် ကြီးမားစွာထောက်ကူပေးမည်ဖြစ်သည်။

လယ်ကွင်းဓမ္မအမှုတွင်ပါဝင်နေစဉ် စိတ်ရှည်မှုကျင့်သုံးခြင်းသည် ခရစ်ယာန်ဓမ္မအမှုဆောင်များအား ဤလုပ်ငန်းတော်တွင် ပို၍အပြည့်အဝပျော်ရွှင်မှုရရှိရန် အကူအညီဖြစ်မည်။ သူတို့သည် တွေ့ကြုံခဲ့ရသည့် မည်သည့်လျစ်လျူရှုမှုနှင့် အတိုက်အခံပြုမှုကိုမဆို သာ၍ခံရပ်နိုင်စေသည်။ ဒေါသထွက်နေသောအိမ်ရှင်နှင့် ငြင်းခုံနေမည့်အစား စိတ်ရှည်မှုရှိသောဓမ္မအမှုဆောင်များသည် နူးညံ့သောအဖြေကို ပေးနိုင်စေသည် သို့မဟုတ် အေးအေးဆေးဆေးထွက်လာနိုင်စေသည်၊ ယင်းသို့ဖြင့် ငြိမ်သက်မှုနှင့် ရွှင်လန်းမှုကို ဆက်ထိန်းထားနိုင်သည်။ (မဿဲ ၁၀:၁၂၊ ၁၃) ထို့အပြင် ခရစ်ယာန်များသည် လူတိုင်းကို စိတ်ရှည်မှု၊ ကြင်နာမှုနှင့်ဆက်ဆံသောအခါ သိုးကဲ့သို့သောပုဂ္ဂိုလ်များသည် နိုင်ငံတော်သတင်းတရားသို့ ဆွဲဆောင်ခံရမည်ဖြစ်သည်။ ထောင်သောင်းချီသော သမ္မာတရားရှာဖွေသည့်စိတ်နူးညံ့သူများသည် ယေဟောဝါ၏မေတ္တာပါအသင်းတော်သို့ နှစ်စဉ်အစုလိုက်အပြုံလိုက်ဝင်လာသည်နှင့်အမျှ ယေဟောဝါရှင်သည် ကမ္ဘာချီအတိုင်းအတာဖြင့် စိတ်ရှည်ရှည်ကြိုးစားအားထုတ်သူများကို ကောင်းချီးပေးခဲ့ပြီ။

မှန်ပါသည်၊ စိတ်ရှည်မှုကျင့်သုံးခြင်းသည် ကောင်းမွန်သောဆုကျေးဇူးများကို ယူဆောင်ပေးသည်။ ကျွန်ုပ်တို့သည် အလျင်စလိုပြုမူခြင်းကြောင့်သော်လည်းကောင်း၊ သို့မဟုတ် ကျွန်ုပ်တို့၏လျှာ သွက်လွန်းအားကြီးသောကြောင့်သော်လည်းကောင်း ပေါ်ပေါက်လာစေသည့် မတော်တဆမှုများနှင့် ပြဿနာများကို ရှောင်ရှားကြမည်။ ကျွန်ုပ်တို့သည် သာ၍ပျော်ရွှင်လာမည်၊ သာ၍ငြိမ်သက်လာမည်ဖြစ်ကာ သာ၍ကျန်းမာလာနိုင်ကောင်းသည်။ ကျွန်ုပ်တို့သည် မိမိတို့ဓမ္မအမှုတွင်၊ အသင်းတော်တွင်၊ အိမ်ထောင်တွင် သာ၍ကြီးမားသော ရွှင်လန်းမှုနှင့်ငြိမ်သက်မှုကို တွေ့ကြုံခံစားရမည်။ ထို့ထက်ကား ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်သာ၍နီးကပ်သော ဆက်ဆံရေးကိုရရှိကြမည်ဖြစ်သည်။ ထို့ကြောင့်ယေဟောဝါကို စောင့်ဆိုင်းပါ။ စိတ်ရှည်မှုကိုကျင့်သုံးပါလေ!

[အောက်ခြေမှတ်ချက်များ]

a နာမည်ပြောင်းထားသည်။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

သင်သည် နေ့စဉ်အသက်တာတွင် မည်မျှစိတ်ရှည်မှုရှိသနည်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ