အခြားသူများ အကျိုးခံစားရရန် သင်ကြားပေးကြလော့
၁ လူသားအားလုံး အကျိုးခံစားရဖို့ ယေဟောဝါအလိုတော်ရှိ၏။ (ဟေရှာ. ၄၈:၁၇) ကျွန်ုပ်တို့အား အမှန်တကယ်ပျော်ရွှင်စေသည့်အရာကို ကိုယ်တော်သိတော်မူ၏။ ကိုယ်တော်၏ပြင်းပြသောဆန္ဒမှာ လူသားများသည် မိမိ၏ပညတ်တော်များကို အာရုံစူးစိုက်ခြင်းဖြင့် ဘေးဆိုးများကိုရှောင်ကြဉ်ကာ ဘဝကိုမွေ့လျော်ရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်နည်းလမ်းတော်အတိုင်းအသက်ရှင်ခြင်းဖြင့် များစွာအကျိုးခံစားနေရပါသည်။ (ဆာ. ၃၄:၈) အခြားသူများ ထိုသို့ခံစားရရန် ကျွန်ုပ်တို့မည်သို့သင်ကြားပေးနိုင်သနည်း။
၂ လူတို့အလိုရှိရာကားအဘယ်နည်း။ သင်နေထိုင်ရာအရပ်ရှိအိမ်ရှင်များ စိုးရိမ်ကြောင့်ကြသည့်အရာများကား အဘယ်နည်း။ သူတို့၏အိမ်လုံခြုံမှု၊ အိမ်ထောင်တည်မြဲမှု၊ သားသမီးများ၏နောင်ရေးနှင့် အလားတူကိစ္စရပ်များမဟုတ်ပေလော။ သူတို့သည် ပြဿနာများရင်ဆိုင်ရသည့်အခါ မည်သည့်နေရာတွင် အကူအညီတောင်းခံကြသနည်း။ သူတို့သည် မိမိတို့ကိုယ်ကို၊ လမ်းညွှန်စာအုပ်များ သို့မဟုတ် အခြားသူများ၏လမ်းပြမှုအပေါ် မှီခိုအားထားကြသည်။ ထိုသို့မှီခိုအားထားစဉ် များစွာသောသူတို့သည် အကျိုးရရှိနိုင်ပုံနှင့်ပတ်သက်၍ တစ်သမတ်တည်းမဖြစ်သော၊ လက်တွေ့မကျသောအကြံဉာဏ်များကြောင့် စိတ်ရှုပ်ထွေးကြရသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်မှပေးသည့်လမ်းညွှန်သည် သာလွန်ကောင်းမွန်ကြောင်းကို ကျွန်ုပ်တို့သည် သူတို့အား ယုံကြည်လက်ခံစေရမည်။ (ဆာ. ၁၁၉:၉၈) သမ္မာကျမ်းစာကိုလေ့လာကာ ယင်း၏ဖော်ပြချက်အတိုင်း လက်တွေ့ကျင့်လျှင် ယခုပင် သူတို့၏ဘဝအရည်အသွေးကို မည်သို့တိုးတက်စေနိုင်ကြောင်း တင်ပြခြင်းဖြင့် ယင်းကို ကျွန်ုပ်တို့လုပ်ဆောင်နိုင်သည်။—၂ တိ. ၃:၁၆၊ ၁၇။
၃ တိုးတက်ကောင်းမွန်သောမိသားစုဘဝ– ဧဖက် ၅:၂၂–၆:၄ ပါမှုတ်သွင်းခံသြဝါဒသည် မိသားစုပြဿနာများကိုဖြေရှင်းရာတွင် မည်မျှထိရောက်ကြောင်းကို သဘောပေါက်သူနည်း၏။ အိမ်ထောင်သက်ဆယ်နှစ်ရှိပြီးနောက် ခွဲနေမည်ဟုဆုံးဖြတ်ခဲ့သည့် မောင်နှံတစ်စုံသည် ဤအတိုင်းပင်ဖြစ်ခဲ့သည်။ သို့ရာတွင် ဇနီးသည်သည် ကျမ်းစာစသင်ကာ အိမ်ထောင်သည်ဘဝနှင့်စပ်လျဉ်းသည့်ကျမ်းစာမူများကို သင်ကြားခံရသည်။ မကြာမီ ကျမ်းစာမူများကို ဇနီးသည်လက်တွေ့ကျင့်သုံးသည်နှင့်အမျှ ပြောင်းလဲလာသည်ကို ခင်ပွန်းသည်သတိပြုမိကာ သင်အံမှုတွင် သူပါပါဝင်လာခဲ့သည်။ နောက်ပိုင်းတွင် ထိုသူက “အမှန်တကယ်ပျော်ရွှင်တဲ့မိသားစုဘဝအတွက် အခြေအမြစ်ကို ကျွန်တော်တို့အခုတွေ့ရပါပြီ” ဟုပြောသည်။
၄ ဘဝတွင်စစ်မှန်သောရည်ရွယ်ချက်– မူးယစ်ဆေးစွဲသောလူငယ်တစ်ဦးသည် သက်သေခံများထံမှ အကူအညီကိုရယူခဲ့သောအခါ ယေဟောဝါသည် သူ့အား ကိုယ်တိုင်ကိုယ်ကျဂရုစိုက်ကြောင်း သင်ကြားခံခဲ့ရသည်။ သူဤသို့ဆိုခဲ့သည်– “ဖန်ဆင်းရှင်မှာ လူသားတွေအတွက် ရည်ရွယ်ချက်တစ်ခုရှိပြီး ကိုယ်တော်နှစ်သက်လက်ခံတဲ့သူတွေအတွက် ထာဝရအသက်ကမ်းလှမ်းထားတယ်ဆိုတာ ကျွန်တော်သင်ယူသိရှိခဲ့ရတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်ဘယ်လောက်တောင်ပျော်သလဲဆိုတာ ခင်ဗျားတို့စဉ်းစားမိနိုင်မှာမဟုတ်ပါဘူး။ အခုအချိန်မှာတော့ ကျွန်တော်ဟာ ကျန်းမာရေးကောင်းပြီး စိတ်ငြိမ်သက်မှုရရှိတဲ့အပြင် ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကိုပါရရှိထားတယ်။”
၅ ဘုရားသခင့်နှုတ်ကပါဌ်တော်တွင်ပါရှိသည့် လက်တွေ့ကျအကူအညီမှ လူတိုင်းအကျိုးခံစားနိုင်သည်။ ယင်းကို လမ်းညွှန်အဖြစ်သုံးခြင်းဖြင့် ယေဟောဝါ၏လမ်းစဉ်သည် လောက၏လမ်းစဉ်ထက် သာလွန်ကြောင်း ကျွန်ုပ်တို့အတည်ပြုလက်ခံကြသည်။ (ဆာ. ၁၁၆:၁၂) အခြားသူများထံ ဤသတင်းတရားကိုသယ်ဆောင်ကာ သူတို့အကျိုးခံစားရရန် သင်ကြားပေးရခြင်းသည် ကျွန်ုပ်တို့အတွက်အခွင့်အရေးပင်ဖြစ်သည်။ ဤသို့လုပ်ဆောင်သည်နှင့်အမျှ ရလဒ်ကောင်းမြောက်မြားစွာကို ကျွန်ုပ်တို့တွေ့ မြင်ရပါလိမ့်မည်။