သင့်ဓမ္မအမှုကို တိုးချဲ့ရန် နည်းလမ်းများ
၁ လွန်ခဲ့သည့်အနှစ် ၄၀ ကျော်က “သင်သည် အတတ်နိုင်ဆုံးလုပ်ဆောင်နေသလော” ခေါင်းစဉ်ရှိဆောင်းပါးတစ်ခုကို ဇန်နဝါရီ ၁၅၊ ၁၉၅၅ ကင်းမျှော်စင်တွင်ဖော်ပြခဲ့သည်။ ယင်းဆောင်းပါးက ယေဟောဝါ၏လူမျိုးသည် မိမိတို့၏နိုင်ငံတော်လုပ်ငန်းကိုတိုးချဲ့နိုင်ရန် ဓမ္မအမှုတွင် တစ်ဦးစီ၏ကြိုးစားအားထုတ်မှုကို မည်သို့တိုးမြှင့်နိုင်ကြောင်း မေတ္တာပါစွာညွှန်ပြခဲ့သည်။ ကျွန်ုပ်တို့သည် တိုးတက်အောင်ဆက်၍လုပ်ဆောင်စဉ် ထိုအကြံပြုချက်ကောင်းသည် ယနေ့နှင့်လည်းသက်ဆိုင်သည်။
၂ ကျွန်ုပ်တို့၏လုပ်ဆောင်မှုမှန်သမျှသည် အကြီးမြတ်ဆုံးသော ဤပညတ်၏လှုံ့ဆော်မှုကို ခံသင့်သည်– “သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။” (မာ. ၁၂:၃၀) ကျွန်ုပ်တို့သည် နိုင်ငံတော်လုပ်ငန်းကိုတိုးမြှင့်ရန် ရနိုင်သည့်အခွင့်အရေးများကို အပြည့်အဝအသုံးချခြင်းဖြင့် ယေဟောဝါအပေါ် ကျွန်ုပ်တို့၏ပြည့်ဝစုံလင်သောမေတ္တာကို တင်ပြကြသည်။ သင့်ဓမ္မအမှုကိုတိုးချဲ့နိုင်မည့် အောက်ပါနည်းလမ်းများကို သုံးသပ်ပါ။
၃ သင့်တာဝန်ကိုထမ်းဆောင်ပါ– ဆက်ကပ်အပ်နှံပြီးသောညီအစ်ကိုများသည် ဓမ္မအမှုထမ်းများအဖြစ် အရည်အချင်းပြည့်မီရန် ကြိုးစားကာ ယင်းနောက် အကြီးအကဲများအဖြစ် အမှုထမ်းရန် တက်လှမ်းနိုင်သည်။ ၁၉၉၁၊ နိုဝင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင်ပါ “သင်တက်လှမ်းနေသလော” နှင့် “အမှုထမ်းရန် သင်အရည်အချင်းရှိသလော” ဆောင်းပါးများသည် ညီအစ်ကိုများစွာအား အသင်းတော်တာဝန်များအတွက် မိမိတို့ကိုယ်ကိုအသင့်ပြင်ထားရန် လှုံ့ဆော်ပေးခဲ့သည်။ မည်သို့တက်လှမ်းနိုင်ကြောင်းနှင့် မည်သို့အရည်အချင်းပြည့်မီနိုင်သည်ဟူသည့် တိကျသောအကြံပြုချက်များအတွက် သင့်ဒေသခံအကြီးအကဲများထံတွင် မေးမြန်းပါ။
၄ တစ်ကိုယ်ရေအကြီးအကဲများနှင့် ဓမ္မအမှုထမ်းများကို ဓမ္မအမှုထမ်းသင်တန်းကျောင်းအတွက်လျှောက်ခြင်းနှင့်စပ်လျဉ်း၍ အလေးအနက်စဉ်းစားရန် ဖိတ်ခေါ်ထားသည်။ ၁၉၈၆-၁၉၉၅၊ ၁၉၉၆ နှင့် ၁၉၉၇ အတွက် ကင်းမျှော်စင်မှန်ပြမာတိကာပါ “ဓမ္မအမှုထမ်းသင်တန်းကျောင်း” အောက်ရှိရည်ညွှန်းချက်များကိုဖတ်ခြင်းဖြင့် ဤကျောင်းနှင့် သင်ကိုယ်တိုင် အကျွမ်းတဝင်ရှိနိုင်သည်။ ‘ဆောင်ရွက်စရာလုပ်ငန်းတံခါးကြီး’ သည်သင့်ရှေ့တွင်ပွင့်နေသည်ကို တွေ့ရှိပါသလော။ (၁ ကော. ၁၆:၉က) ယင်းအခွင့်အရေးတံခါးကိုတက်လှမ်းခဲ့ကြသော ညီအစ်ကိုများစွာသည် အခြားတစ်ဖက်တွင်ရှိသည့် လုပ်ငန်းအခွင့်အရေးအားလုံးကို မည်သည့်အခါမျှစိတ်မကူးခဲ့ကြပါ။ ယနေ့ သူတို့သည် ဗေသလတွင် သို့မဟုတ် လယ်ကွင်းတွင် အထူးရှေ့ဆောင်များ၊ သာသနာပြုများ သို့မဟုတ် တိုက်နယ်ကြီးကြပ်မှူးများအဖြစ် အမှုဆောင်နေကြသည်။
၅ အချိန်ပြည့်လုပ်ငန်းအတွက်တက်လှမ်းပါ– အထက်တန်းကျောင်းပြီးသွားသောလူငယ်များ၊ အိမ်ရှင်မများနှင့် အငြိမ်းစားယူသည့်အသက်အရွယ်သို့ရောက်သူ မည်သူမဆိုသည် ရှေ့ဆောင်ခြင်းကို အလေးအနက်သုံးသပ်သင့်သည်။ ဇူလိုင် ၁၉၉၈ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်ကို ပြန်သုံးသပ်ပြီးနောက် သင့်အသက်တာနှင့် အခြေအနေတူသောရှေ့ဆောင်များနှင့် နှီးနှောဆွေးနွေးပါ။ သူတို့လုပ်ဆောင်နေသကဲ့သို့ သင်သည် ရှေ့ဆောင်ခြင်းဖြင့် သင့်ဓမ္မအမှုကိုတိုးချဲ့ရန် လှုံ့ဆော်ခံရပေမည်။ (၁ ကော. ၁၁:၁) သင့်လုပ်ဆောင်မှုကို တစ်လလျှင်နာရီ ၇၀ ထိတိုးချဲ့ခြင်းဖြင့် မှန်မှန်ရှေ့ဆောင်တစ်ဦးအဖြစ် အမှုဆောင်နိုင်မည်လော။
၆ ယခုအခါ ညီအစ်ကိုညီအစ်မ ၁၇,၀၀၀ ကျော်သည် ကမ္ဘာတစ်ဝန်းရှိ ဌာနခွဲရုံးများနှင့် ဗေသလအိမ်များတွင် အမှုဆောင်လျက်ရှိသည်။ မတ် ၁၉၉၅ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု [လိပ်] က ထိုကဲ့သို့သောလုပ်ငန်းအတွက်လျှောက်ရန် တောင်းဆိုထားသည့်အရာကို ဆွေးနွေးထားသည်။ ထိုကြားညှပ်ကိုဖတ်ကာ သင်သည် ဗေသလလုပ်ငန်းဆိုင်ရာ ထူးခြားသည့်အခွင့်အရေးအတွက် အရည်အချင်းပြည့်မီမည့်သူတစ်ဦးဟုတ်မဟုတ် စစ်ဆေးပါလေ။
၇ သာ၍လိုအပ်သောနေရာတွင်အမှုထမ်းပါ– ခဏခဏအမှုဆောင်ရသည့်ရပ်ကွက်တွင် သို့မဟုတ် ဝန်ကိုခွဲဝေထမ်းဆောင်ရန် ညီအစ်ကိုများစွာရှိသည့်နေရာတွင် သင်နေထိုင်သလော။ သာ၍လိုအပ်သောနေရာသို့ပြောင်းရွှေ့ခြင်းဖြင့် သင့်ဓမ္မအမှုကိုတိုးချဲ့ရန် သင်စဉ်းစားဖူးသလော။ နောက်ထပ်လုပ်သားများလိုအပ်သော အနီးအနားကျေးလက်ဒေသတစ်ခုသို့ ပြောင်းရွှေ့နိုင်ကောင်းပြောင်းရွှေ့နိုင်ပေမည်။ (မ. ၉:၃၇၊ ၃၈) ယင်းကို အလျင်စလိုမလုပ်သင့်ပေ။ ဆုတောင်းသုံးသပ်ပြီးမှလုပ်သင့်၏။ (လု. ၁၄:၂၈-၃၀) သင်အခြေအနေကို အကြီးအကဲများအပြင် တိုက်နယ်ကြီးကြပ်မှူးနှင့်ပါဆွေးနွေးပါ။ ထိုသို့သောပြောင်းရွှေ့မှုကို ယခုပင်ပြုလုပ်ခြင်း သို့မဟုတ် နောင်တွင် ထိုသို့လုပ်ရန်ပြင်ဆင်ထားခြင်းသည် ပညာရှိရာရောက်မရောက် သင်နှင့်အတူ သူတို့သုံးသပ်ပါမည်။ သင်ပြောင်းရွှေ့နိုင်သည့်နေရာနှင့်စပ်လျဉ်း၍ အကြံပြုချက်ရရန် အသင်းမထံသို့စာရေးလိုပါက သင့်အသင်းတော်လုပ်ငန်းတော်ကော်မတီ လက်မှတ်ထိုးသည့်စာတစ်စောင်ကို သင့်စာနှင့်ပူးတွဲပေးပို့ရမည်။
၈ သင့်လုပ်ငန်းဆိုင်ရာအရည်အသွေးကို တိုးတက်စေပါ– ကျွန်ုပ်တို့၏လယ်ကွင်းလုပ်ငန်းအရည်အသွေးကိုတိုးတက်စေခြင်းဖြင့် ဓမ္မအမှုတွင် ကျွန်ုပ်တို့အားလုံး ပို၍အပြည့်အဝပါဝင်နိုင်စရာရှိ၏။ တစ်အိမ်မှတစ်အိမ်နှင့် အလွတ်သဘောသက်သေခံခြင်းအပြင် ပြန်လည်ပတ်မှုနှင့် ကျမ်းစာသင်အံမှုလုပ်ငန်းအပါအဝင် လုပ်ငန်းအသွင်အားလုံးတွင် သင်ပါဝင်သလော။ သင်သည် သင်အံမှုတစ်ခုကိုကျင်းပနေပါက သင့်သွန်သင်ခြင်းနည်းပညာကို တိုးတက်စေနိုင်မည်လော။ သင့်သင်သားများအား ဆက်ကပ်အပ်နှံခြင်းနှင့် နှစ်ခြင်းသို့တက်လှမ်းရန် လှုံ့ဆော်ပေးဖို့ သင်အသုံးပြုနိုင်သည့်အကြံပြုချက်များအတွက် ဇွန် ၁၉၉၆ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်ကို ပြန်သုံးသပ်လျှင်ကောင်းသည်။
၉ ကျွန်ုပ်တို့၏ဓမ္မအမှုကိုပြီးမြောက်စေရန်ဖွဲ့စည်းထားခြင်းစာအုပ်၏အခန်း ၉ တွင် ကျွန်ုပ်တို့၏ဓမ္မအမှုကိုတိုးချဲ့ရန်နှင့် တိုးတက်ရန်နည်းလမ်းများကို ပိုမိုကျယ်ပြန့်စွာဆွေးနွေးထားသည်ကိုတွေ့ရသည်။ ဘုရားသခင့်လုပ်ငန်းတော်တွင် အတတ်နိုင်ဆုံးလုပ်ဆောင်ရန် ကျွန်ုပ်တို့အားလုံး အမှန်ဆန္ဒရှိကြောင်း သေချာစေသင့်သည်။ သင့်ဝိညာဏပန်းတိုင်များကို အလေးအနက်သုံးသပ်ပါလေ။ “သင်၏တိုးပွားခြင်းကို လူအပေါင်းတို့အားထင်ရှားစေခြင်းငှာ၊ ဤအရာများကို စိတ်စွဲလမ်း၍ ကြိုးစားအားထုတ်လော့” ဟူ၍ ၁ တိမောသေ ၄:၁၅ ကအကြံပြုထားသည့်အတိုင်း လုပ်ဆောင်ပါ။