ဆင့်ကဲဖြစ်စဉ်ဝါဒ
အဓိပ္ပာယ်သတ်မှတ်ချက်– သက်ရှိများ၏ဆင့်ကဲဖြစ်စဉ်အယူမှာ ပထမသက်ရှိသည် သက်မဲ့ဒြပ်မှဖြစ်ဖွားလာသည် ဟူသောသီအိုရီဖြစ်သည်။ ထိုအဆိုအရ၊ နောက်ပိုင်း၌ ပထမသက်ရှိသည် မျိုးပွားသောအခါ သက်ရှိအရာအမျိုးမျိုးအဖြစ်ပြောင်းလဲ၍ နောက်ဆုံး၌ ဤကမ္ဘာပေါ်ရှိရှိသမျှသောအပင်နှင့် တိရစ္ဆာန်မျိုးများကို ဖြစ်ပေါ်စေသည်ဟူ၏။ ဤအခြင်းအရာများအားလုံး ဖန်ဆင်းရှင်တစ်ပါး၏ သဘာဝထက်ထူးကဲသောလက်ချက် လုံးဝမပါဘဲ ဖြစ်မြောက်လာသည်ဆို၏။ အချို့သူများက ဘုရားသခင်ပေါ်ယုံကြည်ခြင်းကို ဆင့်ကဲဖြစ်စဉ်ဝါဒနှင့်ရောယှက်၍ ဘုရားသခင်သည် ဆင့်ကဲဖြစ်စဉ်ကိုသုံးပြီးဖန်ဆင်းကြောင်း၊ ရှေးကျသည့်ပထမသက်ရှိများကို ဖြစ်ပေါ်စေပြီး လူအပါအဝင် အဆင့်မြင့်သက်ရှိများကို ဆင့်ကဲနည်းဖြင့် ဖြစ်ဖွားစေတော်မူခဲ့ကြောင်း ပြောဆိုကြသည်။ သမ္မာကျမ်းစာ၏သွန်သင်ချက်မဟုတ်။
ဆင့်ကဲဖြစ်စဉ်သည် သိပ္ပံနှင့်တကယ်ညီညွတ်သလော
“သိပ္ပံနည်း” မှာ ဤသို့– အဖြစ်အပျက်ကို အကဲခတ်သည်။ တွေ့ရှိချက်ကိုအခြေခံ၍ သီအိုရီထုတ်သည်။ သီအိုရီမှန်မမှန် ထပ်လောင်းအကဲခတ်စမ်းသပ်သည်။ သီအိုရီအတိုင်း ဖြစ်ပျက်လာမလာ စောင့်ကြည့်သည်။ ဆင့်ကဲဖြစ်စဉ်ဝါဒကိုယုံကြည်သွန်သင်သူများ အထက်နည်းကို ထက်ကြပ်မကွာလိုက်သလော။
နက္ခတ္တဗေဒပညာရှင် ရောဘတ်ဂျက်စထရို ဤသို့ဆိုခဲ့သည်– “[သိပ္ပံပညာရှင်များ] ၌ ပြတ်သားသောအဖြေမရှိသဖြင့် အောင့်သက်သက်ဖြစ်ကြရသည်။ အကြောင်းမှာ ဓာတုဗေဒပညာရှင်များသည် သဘာဝကိုတု၍ သက်မဲ့မှသက်ရှိဖန်ဆင်းသောစမ်းသပ်မှုကို တစ်ကြိမ်မျှ အောင်မြင်စွာမပြုလုပ်နိုင်သောကြောင့်တည်း။ ဘယ်ပုံဘယ်နည်းဖြစ်ပျက်ခဲ့သည်ကို သိပ္ပံပညာရှင်များ မသိကြ။”—အာရုံဖမ်းစားသည့် အရိပ်မည်းကြီး– စကြဝဠာထဲမှဉာဏ် (နယူးယောက်၊ ၁၉၈၁)၊ စ. ၁၉။
ဆင့်ကဲဖြစ်စဉ်ဝါဒီ လောရင်းအစ်စလေ ဤသို့ဝန်ခံသည်– “သိပ္ပံသည် ဓမ္မပညာဆရာအား ဒဏ္ဍာရီနှင့် အံ့ဖွယ်ရာများကို ယုံစားရကောင်းလားဆိုကာ မာန်မဲပြီးခဲ့ပါလျက်နှင့် ကိုယ်တိုင် ကိုယ့်ဒဏ္ဍာရီပုံပြင်ကို ဖန်ဆင်းရသည့် လုံးဝ အားကျဖို့မကောင်းသောအဖြစ်မျိုးအောက် ကျရောက်နေသည်။ ၎င်းဒဏ္ဍာရီမှာ၊ ယနေ့ဖြစ်ပျက်နိုင်ကြောင်းသက်သေပြရန် ကြာရှည်စွာအားထုတ်ခဲ့သော်လည်း သက်သေမပြနိုင်ဘဲရှိသည့်အဖြစ်အပျက်တစ်ရပ်သည် ရှေးပဝေသဏီအချိန်တွင် အမှန်ဖြစ်ပျက်ခဲ့ပါသည် ဟူသောမှတ်ယူချက်ပင်တည်း။”—အဆုံးမမြင်ခရီး (နယူးယောက်၊ ၁၉၅၇)၊ စ. ၁၉၉။
သိပ္ပံပညာရှင်သစ် စာစောင်အရ၊ “ဒါဝင်၏ဆင့်ကဲဖြစ်စဉ်သီအိုရီသည် သိပ္ပံနည်းကျသောသီအိုရီအစစ်လုံးဝမဟုတ်ဟု ငြင်းဆိုသော . . . သိပ္ပံပညာရှင်များ၊ အထူးသဖြင့် ဆင့်ကဲဖြစ်စဉ်ဝါဒီများ၏အရေအတွက်သည် တိုးများလျက်နေသည်။ . . . ဝေဖန်သူအများမှာ နာမည်ရ ထိပ်သီးသုခမိန်များဖြစ်ကြပေသည်။”—၁၉၈၁၊ ဇွန် ၂၅၊ စ. ၈၂၈။
ရူပဗေဒပညာရှင် အိပ်ချ် အက်စ် လစ်ပ်စင် ဤသို့ဆို၏– “လက်ခံနိုင်လောက်သည့် တစ်ခုတည်းသောရှင်းလင်းချက်မှာ ဖန်ဆင်းခြင်း သာဖြစ်သည်။ ၎င်းမှာ ရူပဗေဒပညာရှင်များအဖို့ အော့ကြောလန်စရာဖြစ်သည်။ ကျွန်ုပ်အဖို့လည်း အလားတူပင်။ သို့တစေ၊ စမ်းသပ်ချက်မှရလာသောသာဓကက သီအိုရီတစ်ခုကိုထောက်ခံလျှင် ကျွန်ုပ်တို့အကြိုက်မဟုတ်သည်တိုင် မပယ်ချအပ်။” (ဖြည့်စွက်စာလုံးစောင်း) ရူပဗေဒသတင်းလွှာ၊ ၁၉၈၀၊ အတွဲ ၃၁၊ စ. ၁၃၈။
ဆင့်ကဲဖြစ်စဉ်ဝါဒထောက်ခံသူတို့ချင်း ညီညွတ်ကြသလော။ ဤအဖြစ်မှန်များကြောင့် သူတို့၏သွန်သင်ချက်ကို သင်မည်သို့ထင်မှတ်သနည်း
နှစ်တစ်ရာမြောက် ဒါဝင်၏ မျိုးစုအစ စာအုပ် (လန်ဒန်၊ ၁၉၅၆) ၏စကားချီးက ဤသို့ဆို၏– “ကျွန်ုပ်တို့သိကြသည့်အတိုင်း၊ ဇီဝဗေဒပညာရှင်များဘောင်၌ ကြီးမားသောအယူအဆကွဲပြားမှုရှိပါသည်။ ဆင့်ကဲဖြစ်စဉ်၏အကြောင်းရင်းမက ဖြစ်စဉ်နှင့်စပ်လျဉ်း၍ပင် သဘောချင်းမတိုက်ဆိုင်ကြချေ။ သို့ဖြစ်ရခြင်းမှာ သာဓကသည် ကျေနပ်ဖွယ်မရှိ၊ တစ်စုံတစ်ခုသောမှတ်ချက်ချနိုင်လောက်အောင် ခိုင်လုံမှုမရှိသောကြောင့်ပင်။ ထို့ကြောင့်၊ ဆင့်ကဲဖြစ်စဉ်နှင့်ပတ်သက်သော ဤသဘောကွဲပြားမှုအကြောင်းကို လူပြိန်းတို့အား သိကြားစေအပ်သည်။”—ကနေဒါပြည် အော်တဝါမြို့ ဓနသဟာယအဖွဲ့ ဇီဝဗေဒထိန်းချုပ်မှုဌာန ညွှန်ကြားရေးမှူးဟောင်း ဒဗ္ဗလျူ အာရ် တောင်စင်။
“ဒါဝင်ကွယ်လွန်၍ အနှစ်တစ်ရာကုန်လွန်ခဲ့ပြီဖြစ်သော်လည်း ဆင့်ကဲဖြစ်စဉ်မည်သို့မည်ပုံ အမှန်စတင်ဖြစ်ပျက်လာသည်နှင့်ပတ်သက်ပြီး လက်တွေ့ပြ၍ရသောစိတ်ကူးကိုမဆိုထားဘိ၊ ဟုတ်နိုးနိုးအတွေးအဆ စိုးစဉ်းမျှပင်မရှိ။ ယင်းကြောင့် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း မေးခွန်းတစ်ခုလုံးနှင့်ပတ်သက်၍ ထူးကဲများပြားသော တိုက်ပွဲများ တသီတတန်းကြီး ဖြစ်ပွားခဲ့လေသည်။ . . . ဆင့်ကဲဖြစ်စဉ်ဝါဒီတို့အကြား ပြောင်တင်းထိုးစစ်ဟုဆိုရမလောက်အခြေမျိုး ဆိုက်ခဲ့သည်။ [ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ] ဂိုဏ်းဂဏတိုင်းက အသစ်ပြုပြင်ပါဟု တိုက်တွန်းလျက်ရှိသည်။”—လန်ဒန် တိုင်းစ် စာရေးဆရာ စီ. ဘုတ်ကာ၊ ကြယ်၊ (ဂျိုဟင်းနစ်စဘတ်မြို့)၊ ၁၉၈၂၊ ဧပြီ ၂၀၊ စ. ၁၉။
သိပ္ပံမဂ္ဂဇင်း တွေ့ရှိ က ဤသို့ဆို၏– “ဆင့်ကဲဖြစ်စဉ်ဝါဒသည် . . . ကျမ်းစာကို အရှိအတိုင်း အဓိပ္ပာယ်ကောက်သော ခရစ်ယာန်များ၏တိုက်ခိုက်မှုသာမက သိပ္ပံပညာကျော်တို့၏စောကြောမှုကိုပါ ခံနေရသည်။ ကျောက်ဖြစ်ရုပ်ကြွင်းမှတ်တမ်းသုတေသနပြုသူ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များထဲမှ တိုက်ခံငြင်းခုံသူ များသည်ထက်များလျက်ရှိသည်။”—၁၉၈၀၊ အောက်တိုဘာ၊ စ. ၈၈။
ကျောက်ဖြစ်ရုပ်ကြွင်းမှတ်တမ်းက ဘာအမြင်ကိုထောက်ခံသနည်း
ဒါဝင် ဤသို့ဝန်ခံခဲ့သည်– “မျိုးစုအများအပြားသည် . . . တကယ်ပင် တစ်ချိန်တည်း သက်ရှိဖြစ်လာသည်မှန်ခဲ့လျှင် . . . ဤအချက်ကြောင့် ဆင့်ကဲဖြစ်စဉ်ဝါဒ သေရချေအံ့။” (မျိုးစုအစ၊ နယူးယောက်၊ ၁၉၀၂၊ အပိုင်းနှစ်၊ စ. ၈၃) သာဓကက “မျိုးစုအများအပြား” သည် တစ်ချိန်တည်းတွင် ပေါ်ပေါက်လာခဲ့ကြသည်ကိုသက်သေပြသလော။ သို့မဟုတ်၊ ဆင့်ကဲဖြစ်စဉ်ဝါဒခံယူသည့်အတိုင်း တစ်စစ ပြောင်းလဲဖြစ်ပေါ်လာခဲ့သလော။
ယုတ္တိတန်သောအဖြေ ထုတ်ယူနိုင်လောက်အောင် ကျောက်ဖြစ်ရုပ်ကြွင်းများ အလုံအလောက်တွေ့ ရှိပြီလော
စမစ်စိုးနီးယန်းဌာနမှ သိပ္ပံပညာရှင် ပေါ်တာကိုင်ယာ ဤသို့ဆို၏– “ကမ္ဘာတစ်ဝန်းမှပြတိုက်များတွင် ကျောက်ဖြစ်ရုပ်ကြွင်းသန်းပေါင်းရာနှင့်ချီရှိ၍ အားလုံးပင် ကက်တလောက်သွင်း၊ အမျိုးအမည်ခွဲပြီးဖြစ်သည်။” (သိပ္ပံပညာရှင်သစ်၊ ၁၉၈၁၊ ဇန်နဝါရီ ၁၅၊ စ. ၁၂၉) ကမ္ဘာမြေကြီးသမိုင်း လမ်းညွှန် က ဤသို့ဖြည့်စွက်ရေးသားသည်– “ယခု ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်တို့သည် ကျောက်ဖြစ်ရုပ်ကြွင်းများ၏အကူအညီဖြင့် ရှေးပဝေသဏီကသက်ရှိနှင့်ပတ်သက်၍ အလွန်ပီပြင်ရှင်းလင်းစွာ သရုပ်သကန်ဖော်နိုင်ကြလေပြီ။”—(နယူးယောက်၊ ၁၉၅၆)၊ ရစ်ချပ် ကယ်ရင်တန်၊ အာစရိယ အတည်းအဖြတ်၊ စ. ၄၈။
ကျောက်ဖြစ်ရုပ်ကြွင်းမှတ်တမ်းက ဘာကိုတကယ်ပြသနည်း
ရှီကာဂိုမြို့ သဘာဝသမိုင်းပြတိုက်ထုတ် သတင်းလွှာ က ဤသို့တင်ပြလိုက်သည်– “ဒါဝင်၏ [ဆင့်ကဲဖြစ်စဉ်] သီအိုရီကို ကျောက်ဖြစ်ရုပ်ကြွင်းသာဓကနှင့် နီးကပ်စွာဆက်စပ်လျက် ပြောဆိုရေးသားလာခဲ့ကြသဖြင့် လူအများက ကျောက်ဖြစ်ရုပ်ကြွင်းများသည် သက်ရှိသမိုင်းဆိုင်ရာ ဒါဝင်၏အဓိပ္ပာယ်ကောက်ပုံကိုထောက်ခံသော ယေဘုယျငြင်းခုံချက်၏အလွန်အရေးပါသည့်အပိုင်းဟု အဟုတ်မှတ်ကြပါသည်။ ဝမ်းနည်းဖွယ်မှာ၊ ယင်းအချက်သည် လှေနံဓားထစ်မှန်ကန်သည်မဟုတ်။ . . . ထိုအချိန်ကဘူမိမှတ်တမ်းသည် နှေးကွေးစွာတစ်စစတက်လှမ်းသောဆင့်ကဲဖြစ်စဉ်နှင့်စပ်လျဉ်း၍ ပြတ်သားစွာအတန်းအစားခွဲနိုင်သည့် ကွင်းဆက်တစ်ခု ထုတ်ဖော်မပေးနိုင်ခဲ့ချေ။ ယနေ့အထိ ထိုအတိုင်းဖြစ်၏။”—၁၉၇၉၊ ဇန်နဝါရီ၊ အတွဲ ၅၀၊ အမှတ် ၁၊ စ. ၂၂၊ ၂၃။
အသက်ရှုကွင်းတစ်ကွက်က ဤသို့ဆို၏– “ကမ်ဗရီယန်ယုဂ်၏ကနဦးပိုင်းမှ အနှစ်သန်း ၁၀ အထိ ရှည်လျားသောကာလပိုင်းအတွင်း အဓိကကျသောကျောရိုးမဲ့သတ္တဝါအုပ်စုအားလုံး၏အရိုးစုများ ပထမအကြိမ်ပေါ်ပေါက်လာသည်။ အမျိုးအမည်များပြားလှရကား ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်သမိုင်းမှတ်တမ်းတွင် အတင့်ဆန်းဆုံးပေါ်ပေါက်မှုတစ်ရပ် ဖြစ်ပေသည်။”—(ကယ်လီဖိုးနီးယား၊ ၁၉၈၁)၊ စယ်လ်ဗေးဒေါ အီး. လူရီယာ၊ စတီဖင် ဂျေ ဂေါလ်၊ စမ် စင်းငါး၊ စ. ၆၄၉။
ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် အဲလ်ဖရက်ရိုးမား ဤသို့ရေးသည်– “ဤကမ်ဗရီယန်ကျောက်လွှာအောက်၌ ဧရာမအနည်အထပ်ထပ်တည်ရှိပြီး ယင်းအနည်ထဲ၌ ကမ်ဗရီယန်ယုဂ်မှ ဘိုးဘေးဘီဘင်ကိုတွေ့ရမည်ဟုမျှော်လင့်ခဲ့ကြသည်။ သို့ရာတွင် မတွေ့ရပါ။ ဤအလွှာထုဟောင်းများသည် သက်ရှိလက္ခဏာနှင့်ကင်းမဲ့သလောက်ရှိ၏။ ယေဘုယျအားဖြင့် ယင်းရုပ်လုံးသည် ကမ်ဗရီယန်ယုဂ်များ၏အစပိုင်း၌ အထူးဖန်ဆင်းခြင်းတစ်ရပ်ဖြစ်ပွားခဲ့သည်ဟူသောအယူအဆနှင့် ညီညွတ်သည်ဟု ဆိုနိုင်ပေသည်။”—သဘာဝသမိုင်း၊ ၁၉၅၉၊ အောက်တိုဘာ၊ စ. ၄၆၇။
သတ္တဗေဒပညာရှင် ဟယ်ရိုလ်၊ ကော်ဖင် ဤသို့ဆို၏– “ရိုးရိုးသက်ရှိက ရောထွေးသက်ရှိအဖြစ်သို့ ဆင့်ကဲပြောင်းလဲလာခဲ့သည်မှန်လျှင် ထိုအင်္ဂါစုံသက်ရှိသတ္တဝါများ၏ဘိုးဘေးများကို တွေ့ဖို့ကောင်းပေသည်။ သို့သော် မတွေ့ရ။ တွေ့ဖို့အလားအလာလည်းနည်းလှသည်ဟု သိပ္ပံပညာရှင်များဝန်ခံကြသည်။ ဖြစ်ရပ်မှန်များနှင့် မြေကြီးအထဲ၌တကယ်တွေ့ရှိသောအရာများပေါ် အခြေပြု၍ဆိုရလျှင် အဓိကကျသောသက်ရှိများ ရုတ်ခြည်းဖန်ဆင်းခြင်းခံရသဖြင့် ပေါ်ပေါက်လာသည် ဟူသောအချက်သည် ယုတ္တိအရှိဆုံးဖြစ်ပေသည်။”—လွတ်လပ်မှု၊ ၁၉၇၅၊ စက်တင်ဘာ/အောက်တိုဘာ၊ စ. ၁၂။
ကားလ် စေးဂင်က စနစ်ကျစကြဝဠာ ဟူသောစာအုပ်၌ ဤသို့ပွင့်လင်းစွာဝန်ခံပေသည်– “ကျောက်ဖြစ်ရုပ်ကြွင်းသက်သေသည် မဟာဒီဇိုင်းနားရှိသည်ဟူသောအတွေးအခေါ်နှင့် တစ်သမတ်တည်းဖြစ်နိုင်ပေသည်။”—(နယူးယောက်၊ ၁၉၈၀)၊ စ. ၂၉။
မြူတေးရှင်းခေါ် ဗီဇမျိုးစေ့ရုတ်ခြည်းအောက်ခြေသိမ်းပြောင်းလဲမှုကြောင့် ဆင့်ကဲဖြစ်စဉ်ပေါ်ပေါက်ခဲ့ခြင်း မဖြစ်နိုင်ပေလော
သိပ္ပံအကျဉ်းချုပ် က ဤသို့ဆို၏– “ဆင့်ကဲဖြစ်စဉ်ဝါဒဆိုင်ရာ ပြင်ဆင်ရေးသမားများက မိမိတို့၏ကွမ်တမ်အခုန် [ရုတ်ခြည်းကြီးကျယ်စွာပြောင်းလဲမှု] သီအိုရီအတွက် လိုအပ်သော မျိုးရိုးဂျက်ပေါင်း [တူကြမ်းကြီး] မှာ အဓိကကျသောထိန်းချုပ်ဗီဇမျိုးစေ့များ၌ မြူတေးရှင်းဖြစ်ပေါ်ခြင်းပင်ဖြစ်သည်ဟု ယုံကြည်ကြသည်။” သို့သော်၊ အထက်ပါမဂ္ဂဇင်းက ဗြိတိသျှအမျိုးသား သတ္တဗေဒပညာရှင် ကောလင်း ပက်တာစင်၏ အောက်ပါအဆိုကိုလည်း ကိုးကားတင်ပြလိုက်သည်။ “စိတ်ရှိသလိုတွေးဆနိုင်သည်။ အဆိုပါအဓိကကျသောထိန်းချုပ်ဗီဇမျိုးစေ့များအကြောင်း ကျွန်ုပ်တို့စိုးစဉ်းမျှမသိ။” (၁၉၈၂၊ ဖေဖော်ဝါရီ၊ စ. ၉၂) တစ်နည်းကား၊ ထိုသီအိုရီကိုထောက်ခံသောသာဓကမရှိ။
အမေရိကန်းနားစွယ်စုံကျမ်း က ဤသို့ဝန်ခံသည်– “မြူတေးရှင်းအများသည် ဇီဝရုပ်များကိုပျက်စီးစေနိုင်သည်။ သို့ဖြစ်၍ ၎င်းသည် ဆင့်ကဲဖြစ်စဉ်အတွက် ကုန်ကြမ်းထုတ်လုပ်ရာဌာနဖြစ်သည်ဟု ပြောဖို့ခက်လှ၏။ ဇီဝဗေဒစာအုပ်များပါ မြူတေးရှင်း၏ရလဒ်ဖြစ်သော သက်ရှိများမှာ ပုံမမှန်သော ကိုးရိုးကားရားသတ္တဝါများဖြစ်ကြပြီး မြူတေးရှင်းသည် အပြုသဘောထက် အဖျက်သဘောရှိပုံရ၏။”—(၁၉၇၇)၊ အတွဲ ၁၀၊ စ. ၇၄၂။
ကျောင်းစာအုပ်၊ စွယ်စုံကျမ်းနှင့်ပြတိုက်များမှ “လူဝံ-လူများ” ကို မည်သို့ဆိုမည်နည်း
“ထိုသို့ပြန်လည်ပုံဖော်ထားသောရုပ်လုံးများအပေါ် အသားနှင့်အမွေးအမှင်များကို စိတ်ကူးဖြင့်ဖြည့်စွက်ပေးရပါသည်။ . . . အသားအရေ၏အဆင်း; အရောင်၊ ပုံပန်းသဏ္ဌာန်နှင့် အမွေးအမှင်အစိပ်အကျဲ; ခြေလက်အင်္ဂါပုံပန်း၊ မျက်နှာအသွင်အပြင်—သမိုင်းအကြိုခေတ်ကလူတို့နှင့်ပတ်သက်သော အထက်ပါအရာများကို ကျွန်ုပ်တို့လုံးဝမသိ။”—လူမျိုးနွယ်ဇီဝဗေဒ (နယူးယောက်၊ ၁၉၇၁)၊ ဂျိမ်း စီ. ကင်း၊ စ. ၁၃၅၊ ၁၅၁။
“ပန်းချီဆရာအများစု၏အယူအဆအများသည် သာဓကများအပေါ်မှာထက် စိတ်ကူးစိတ်သန်းများအပေါ် မူတည်၏။ . . . ပန်းချီဆရာတို့သည် လူဝံမက လူမကျသည့်သတ္တဝါမျိုးကိုဖန်ဆင်းရပါသည်။ နမူနာကို ရှေးကျသည်ဆိုလေ၊ ၎င်းကို လူဝံနှင့်တူလေ ဖြစ်အောင် ဖန်တီးကြသည်။”—သိပ္ပံအကျဉ်းချုပ်၊ ၁၉၈၁၊ ဧပြီ၊ စ. ၄၁။
“သမိုင်းဦးလူတို့ကို လူရိုင်းဟုထင်ဖို့မလိုကြောင်း ကျွန်ုပ်တို့တစ်စစသဘောပေါက်လာသည်နည်းတူ၊ ရေခဲခေတ်ကရှေးလူတို့သည် သားရိုင်းတိရစ္ဆာန်မဟုတ်၊ လူဝံတစ်ပိုင်းလူမဟုတ်၊ လူစဉ်မမီ ကျပ်မပြည့်သူလည်းမဟုတ်ကြောင်း ကျွန်ုပ်တို့နားလည်လာတတ်ဖို့လိုသည်။ သို့ဖြစ်၍ နီယန်ဒါသယ်လ်လူမက ပီကင်းလူကိုပြန်လည်ပုံဖော်ရန် အားထုတ်သမျှလုံ့လသည် ပြောမကုန်အောင်ထုံထိုင်းအ,နရာကျပါသည်။”—လူ၊ ဘုရားနှင့်အံ့ဖွယ်သရဲ (နယူးယောက်၊ ၁၉၆၁)၊ အိုင်ဗာရ် လစ်စနာ၊ စ. ၃၀၄။
ကျောင်းစာအုပ်များက ဆင့်ကဲဖြစ်စဉ်ဝါဒကို အဖြစ်မှန်အနေနှင့်တင်ပြကြသည်မဟုတ်လော
“သိပ္ပံပညာရှင်များစွာတို့သည် တရားသေပြောချင်သည့်ဉာဉ်ထံ ကျွန်ခံကြသည်။ . . . မျိုးစု၏မူလအစဆိုင်ရာပုစ္ဆာ မပြီးပြတ်သေးပါလျက်နှင့် ပြီးပြတ်ပြီဟူသည့်သဘောမျိုးဖြင့် အဖန်တလဲလဲရေးသားတင်ပြကြသည်။ ထို့ထက်မှားသည့်အမှား မရှိနိုင်တော့။ . . . သို့လင့်ကစား၊ တရားသေပြောသည့်ဉာဉ်မူကား ပေကတ်ကတ် စွဲလျက်နေဆဲသာ။ ယင်းသည် သိပ္ပံထွန်းကားရေးအတွက် လုံးဝအကျိုးမပြု။”—အုပ်ထိန်းသူ၊ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊ ၁၉၈၀၊ ဒီဇင်ဘာ ၄၊ စ. ၁၅။
သို့သော် ကမ္ဘာပေါ်ရှိရှိသမျှအရာကို ခြောက်ရက်အတွင်း ဖန်ဆင်းတော်မူသည်ဟု ယုံကြည်လျှင် ယုတ္တိတန်သလော
အချို့ဘာသာရေးအုပ်စုများက ၂၄ နာရီစီရှိသောခြောက်ရက်အတွင်း အရာခပ်သိမ်းကို ဘုရားသခင်ဖန်ဆင်းတော်မူခဲ့သည်ဟု သွန်သင်ကြသည်။ သို့ရာတွင် သမ္မာကျမ်းစာထိုသို့မဆိုပါ။
ကမ္ဘာဦး ၁:၃-၃၁ က ရှိနှင့်ပြီးသောကမ္ဘာကို လူသားတို့နေနိုင်အောင်ပြင်ဆင်တော်မူကြောင်း ဖော်ပြသည်။ ခြောက်ရက်အတွင်း ထိုသို့ပြုတော်မူသည်ဟုဆိုသော်လည်း တစ်ရက်လျှင် ၂၄ နာရီဟုမဆိုပါ။ “အဘိုးတို့နေ့ (ခေတ်)” ဟူသောအသုံးအနှုန်းမှာ အဆန်းမဟုတ်။ အဘိုးလက်ထက်ကိုဆိုလိုသည်။ ထိုနည်းတူ၊ သမ္မာကျမ်းစာကလည်း “နေ့ရက်” ကို ရှည်လျားသောကာလပိုင်းအဖြစ် အသုံးပြုလေ့ရှိ၏။ (၂ ပေတရု ၃:၈ နှင့်နှိုင်း။) သို့ဖြစ်၍ ကမ္ဘာဦးကျမ်း အခန်းကြီး ၁ ပါ ‘နေ့ရက်များ’ သည် အနှစ်ထောင်ပေါင်းများစွာတာရှည်နိုင်သည်။
အသေးစိတ်ကို စာမျက်နှာ ၁၇၄-၁၇၅ တွင်ကြည့်ပါ။
တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်—
‘ကျွန်တော် ဆင့်ကဲဖြစ်စဉ်ဝါဒကိုယုံကြည်တယ်’
ဤသို့ပြန်ပြောနိုင်သည်– ‘ဘုရားသခင်ပါဝင်လုပ်ဆောင်တယ်လို့မိတ်ဆွေယူဆသလား။ ဒါမှမဟုတ် သက်ရှိဖြစ်ပေါ်လာတာဟာ အစကတည်းက တိုက်ဆိုင်မှုသက်သက်လို့ပဲယူဆသလား။ (သူ့အဖြေပေါ်မူတည်ပြီး ဆက်ပြောပါ။)’
သို့မဟုတ် ဤသို့ဆိုနိုင်သည်– ‘သိပ္ပံဆိုင်ရာအဖြစ်မှန်ဖြစ်မှန်း အကြွင်းမဲ့သက်သေထူပြီးသားအချက်ကို ငြင်းပယ်ရင် သဘာဝကျမှာမဟုတ်ဘူး။ ဟုတ်တယ်မဟုတ်လား။ . . . ဒီအချက်နဲ့ပတ်သက်လို့ အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့ သိပ္ပံပညာရှင်များရဲ့ထွက်ဆိုချက်တချို့ကို တင်ပြချင်ပါတယ်။ (“ဆင့်ကဲဖြစ်စဉ်သည် သိပ္ပံနှင့်တကယ်ညီညွတ်သလော” ဟူသောခေါင်းစဉ်ငယ်အောက်၊ စာမျက်နှာ ၁၀၆ ပါအကြောင်း၊ သို့မဟုတ်၊ “ဆင့်ကဲဖြစ်စဉ်ဝါဒထောက်ခံသူတို့ချင်း ညီညွတ်ကြသလော။ . . .” ဟူသောခေါင်းစဉ်ငယ်အောက်၊ စာမျက်နှာ ၁၀၆၊ ၁၀၇ ပါ အကြောင်းများကိုသုံးပါ။)’
အဖြေနောက်တစ်မျိုး– ‘သက်သေခိုင်လုံရင် ကျွန်တော်တို့အားလုံး ယုံကြည်သင့်ပါတယ်။ ဟုတ်တယ်မဟုတ်လား။ . . . ကျွန်တော်ရဲ့ကျောင်းစာအုပ်ထဲမှာ ဆင့်ကဲဖြစ်စဉ်ဝါဒကိုထောက်ခံတဲ့အနေနဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေရဲ့ပုံတွေဖော်ပြထားတာကို ကျွန်တော်ပြန်သတိရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျောက်ဖြစ်ရုပ်ကြွင်းမှတ်တမ်းနဲ့ပတ်သက်ပြီး သိပ္ပံပညာရှင်တွေထွက်ဆိုကြတဲ့ အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့အဆိုအမိန့်တွေကို ဖတ်ခဲ့တယ်။ ဥပမာ၊ ဒီမှာတချို့။ (“ကျောက်ဖြစ်ရုပ်ကြွင်းမှတ်တမ်းက ဘာအမြင်ကိုထောက်ခံသနည်း” ဟူသောခေါင်းစဉ်ငယ်အောက်၊ စာမျက်နှာ ၁၀၈၊ ၁၀၉ ပါ အကြောင်းများကိုအသုံးပြုပါ။)’
နောက်ထပ်အကြံပေးချက်– ‘မိတ်ဆွေဟာ ဘဝကိုအရှိအတိုင်း ရင်ဆိုင်ချင်တဲ့လူတစ်ယောက်ဖြစ်တယ်လို့ဆိုရင် မမှားဘူးထင်တယ်။ ဟုတ်တယ်မဟုတ်လား။ . . . ကျွန်တော်လည်းထို့နည်းတူပါ။’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– ‘အကယ်၍ ကျွန်တော်ဟာ တောပိုင်းကိုလမ်းလျှောက်သွားရင်း သစ်တွေ ကျောက်တွေနဲ့ဆောက်ထားတဲ့အိမ်တစ်ဆောင်ကို တွေ့လို့ရှိရင် ကျွန်တော်အဲဒီနေရာကိုမရောက်ခင် တစ်ယောက်ယောက်က အရင်ရောက်နှင့်ပြီး အိမ်ကိုဆောက်သွားတယ်ဆိုတာကို ကျွန်တော်နားလည်ဖို့ကောင်းပါတယ်။ မဟုတ်လား။ . . . ဒါပေမဲ့ အိမ်ဘေးတစ်လျှောက် ပေါက်နေတဲ့ပန်းပင်တွေဟာ တိုက်ဆိုင်လို့ပေါက်တယ်ဆိုပြီး ကျွန်တော်ကယူမှတ်လို့ရှိရင် ယုတ္တိတန်ပါ့မလား။ ကျွန်တော်အဲဒီလိုထင်လို့ရှိရင် ပန်းတွေရဲ့ရှုပ်ထွေးတဲ့ဒီဇိုင်းကို အနီးကပ်ကြည့်ရှုသုံးသပ်ဖို့လိုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့၊ ဒီဇိုင်းရှိရင် ဒီဇိုင်းနားရှိရမယ်ဆိုတဲ့အချက်ဟာ အခြေခံအမှန်တရားဖြစ်လို့ပဲ။ သမ္မာကျမ်းစာက ဟေဗြဲ ၃:၄ မှာ ခုလိုပဲပြောတယ်။’
သို့မဟုတ် (အသက်ကြီးသူအား) ဤသို့ဖြေဆိုနိုင်သည်– ‘ဆင့်ကဲဖြစ်စဉ်ဝါဒရဲ့အခြေခံအယူအဆတစ်ခုက လူဟာ ဆင့်ကဲဖြစ်စဉ်ကြောင့် ခုခေတ်လိုတိုးတက်လာတယ်ဆိုတဲ့အချက်ပါပဲ။ ဟုတ်တယ်မဟုတ်လားခင်ဗျား။’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘ဦးကြီးရဲ့အသက်အရွယ်လဲမနည်းတော့ဘူး။ ဦးကြီးငယ်စဉ်တုန်းက အခြေအနေကိုမှတ်မိသေးလား။ ခုလောက်ရာဇဝတ်မှုများသလား။ . . . တံခါးကိုအမြဲသော့ခတ်ရသလား။ . . .။ ဟိုခေတ်တုန်းကလူတွေဟာ ခုခေတ်လူတွေထက် တခြားလူတွေ၊ လူကြီးသူမတွေပေါ်မှာ ပိုပြီး မေတ္တာစေတနာထားရှိကြတယ်မဟုတ်လား။ . . . ဒါကြောင့် လူဟာ စက်မှုပိုင်းမှာတိုးတက်လာခဲ့ပေမဲ့ လူကိုယ်နှိုက်မှာရှိအပ်တဲ့ အရေးအကြီးဆုံးအရည်အသွေးတချို့ ကင်းမဲ့လာသလိုတွေ့ရတယ်။ ဘာကြောင့်လဲ။’ (၂) ‘ကျွန်တော်တို့တွေ့ရတဲ့ဘဝဖြစ်ရပ်မှန်တွေဟာ ရောမ ၅:၁၂ မှာ သမ္မာကျမ်းစာပြောတဲ့အချက်နဲ့ တစ်ထပ်တည်းဖြစ်နေတာကို ကျွန်တော်တွေ့ရတယ်။ . . . ဒါကြောင့် တိုးတက်မဲ့အစား၊ ဆုတ်ယုတ်နေတဲ့အလားအလာကိုတွေ့ရပါတယ်။ (၃) ‘ဒါပေမဲ့ ဘယ်လိုပြောင်းလဲသွားမယ်ဆိုတာကို သမ္မာကျမ်းစာက ဖော်ပြပါတယ်။ (ဒံ. ၂:၄၄၊ ၄၅; ဗျာ. ၂၁:၃၊ ၄)’
‘ဆင့်ကဲဖြစ်စဉ်ကိုသုံးပြီး လူကိုဘုရားသခင်ဖန်ဆင်းခဲ့တယ်လို့ ကျွန်တော်ယုံကြည်တယ်’
ဤသို့ပြန်ပြောနိုင်သည်– ‘မိတ်ဆွေလိုအယူအဆရှိတဲ့လူတွေနဲ့ ကျွန်တော်ပြောဆိုဆွေးနွေးခဲ့ဖူးတယ်။ မိတ်ဆွေဟာ ဘုရားသခင်ပေါ် ခိုင်မာတဲ့ယုံကြည်ခြင်းရှိတယ်လို့ ကျွန်တော်ယူမှတ်တယ်။ ဟုတ်တယ်မဟုတ်လား။ . . . ဒါကြောင့် မိတ်ဆွေဟာ ယုံကြည်ခြင်းကို ဘဝမှာအဓိကထားတယ်။ ယုံကြည်ချက်ကိုပိုက်ပြီး တခြားဟာတွေကို ချင့်ချိန်တယ်မဟုတ်လားခင်ဗျာ။ . . . ကျွန်တော်လည်း ဒီအတိုင်းပါပဲ။’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘ကျွန်တော့်ယုံကြည်ချက်တကယ်မှန်ရင် သက်သေထူပြီးသားသိပ္ပံဖြစ်ရပ်မှန်တွေနဲ့ ဆန့်ကျင်မှာမဟုတ်ဘူး။ တစ်ချိန်တည်းမှာ ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုလျစ်လျူရှုရင် မိုက်ရာကျတယ်ဆိုတာကိုလည်း ကျွန်တော်သဘောပေါက်တယ်။ ဘာကြောင့်လဲဆိုတော့၊ ဘုရားသခင်ရဲ့အလုပ်နဲ့ပတ်သက်ပြီး ဘုရားသခင် ကျွန်တော်တို့ထက် ပိုပြီးနားလည်တယ်။ ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာကျမ်းစာက ကမ္ဘာဦး ၁:၂၁ မှာ ခုလိုပြောထားတာကို ကျွန်တော်အထူးမှတ်သားမိတယ်။ (“အမျိုးအလိုက်” ဟူသောအချက်ကိုအလေးအနက်ပြုပါ။)’ (၂) ‘ပြီးတော့ ကမ္ဘာဦး ၂:၇ မှာ လူကို ဘုရားသခင်က မြေမှုန့်ကိုသုံးပြီးပုံသွင်းခဲ့တဲ့အကြောင်း ဆိုထားတယ်။ ရှိနှင့်ပြီးသားတိရစ္ဆာန်ကတစ်ဆင့် လူကိုဖန်ဆင်းတယ်လို့မဆိုပါဘူး။’ (၃) ‘ပြီးတော့ အခန်းငယ် ၂၁၊ ၂၂ က ဧဝကို တိရစ္ဆာန်သုံးပြီး မဖန်ဆင်းဘဲ အာဒံရဲ့နံရိုးတစ်ချောင်းသုံးပြီး ဖန်ဆင်းတယ်လို့ဆိုပါတယ်။’
သို့မဟုတ် ဤသို့ဆိုနိုင်သည်– ‘(အထက်ပါအတိုင်း သဘောတူညီချက်တစ်ရပ် အုတ်မြစ်ချပြီးနောက် . . . ) တချို့က သမ္မာကျမ်းစာထဲကအာဒံအကြောင်းဟာ ပုံဆောင်ဇာတ်လမ်းသာဖြစ်တယ်လို့ဆိုကြတယ်။ ဒီအတိုင်းမှန်ခဲ့ရင် ကျွန်တော်တို့ဘယ်လိုပြောရတော့မလဲ။’ (၁) ‘ရောမ ၅:၁၉ မှာ ဒီလိုဆိုထားတာကိုသတိပြုပါ။ “တစ်ယောက်သောသူ [အာဒံ] သည် နားမထောင်သောအားဖြင့် လူများတို့သည် အပြစ်ရောက်သည်နည်းတူ၊ တစ်ယောက်သောသူ [ယေရှုခရစ်] သည် နားထောင်သောအားဖြင့် လူများတို့သည် ဖြောင့်မတ်ရာသို့ရောက်ရကြ၏။” ထို့နည်းတူ၊ ၁ ကောရိန္သု ၁၅:၂၂ က ဒီလိုပြောပါတယ်။ “လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ရောက်သည်နည်းတူ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ရောက်ရကြ၏။” တကယ်လို့ အာဒံလို့ခေါ်တဲ့လူမရှိခဲ့ရင် ဒီလူအပြစ်လုပ်ခဲ့မှာလဲမဟုတ်ဘူး။ သူအပြစ်မလုပ်ခဲ့တဲ့အတွက် သူ့အမျိုးအနွယ်လည်း အပြစ်ကိုအမွေမခံရဘူးဆိုရင် ယေရှုလည်း လူသားတွေအတွက် အသက်စွန့်ဖို့အကြောင်းမရှိဘူးပေါ့။ တကယ်လို့ ခရစ်တော်ဟာ ကျွန်တော်တို့အတွက် အသက်မစွန့်ခဲ့ဘူးဆိုရင် ကျွန်တော်တို့မှာ အခုလိုတိုတောင်းတဲ့အသက်ကလွဲရင် အသက်ရှင်ဖို့ ဘာအလားအလာမှမရှိဘူးလို့ဆိုရတော့မယ်။ ဒီအတိုင်းသာဆိုရင် ခရစ်ယာန်ဘာသာမှာ ဘာမှမကျန်တော့ဘူးပေါ့။’ (၂) ‘ဒါပေမဲ့၊ ခရစ်ယာန်ဘာသာထဲမှာ ကမ္ဘာပေါ်သီလနဲ့ပတ်သက်ပြီး အမြင့်မြတ်ဆုံးကျင့်စဉ်တွေ သိမ်းကျုံးပါဝင်ပါတယ်။ အခြေအမြစ်ကစ မှားနေတဲ့အချက်ထဲကနေပြီး သစ္စာတရား၊ ရိုးသားမှန်ကန်မှုနဲ့ပတ်သက်တဲ့ အမွန်မြတ်ဆုံးသြဝါဒတွေ ပေါက်ဖွားလာနိုင်ပါ့မလား။’ (“အာဒံနှင့်ဧဝ” အဓိကခေါင်းစဉ်အောက် စာမျက်နှာ ၄၁၁-၄၁၃ ကိုရှု။)
‘အထက်တန်းပညာသည်တွေတောင် ယုံကြတာပဲ’
ဤသို့ပြန်ပြောနိုင်သည်– ‘မှန်ပါတယ်။ ဒါပေမဲ့ ဆင့်ကဲဖြစ်စဉ်ဝါဒကို ယုံပါတယ်ဆိုတဲ့လူတွေအချင်းချင်း အကြီးအကျယ်သဘောကွဲလွဲကြတာကို ကျွန်တော်သတိပြုမိတယ်။ (စာမျက်နှာ ၁၀၆၊ ၁၀၇ ပါအကြောင်းများကို သာဓကပြပါ။) ဒါကြောင့် ဘာကိုယုံရမလဲ—ဆင့်ကဲဖြစ်စဉ်ဝါဒကိုလား၊ ဖန်ဆင်းခြင်းကိုလားဆိုတာ ကျွန်တော်တို့ကိုယ်တိုင် အထောက်အထားတွေကို သုံးသပ်ကြည့်သင့်ပါတယ်။’
သို့မဟုတ် ဤသို့ဆိုနိုင်သည်– ‘မှန်ပါတယ်။ ဒါပေမဲ့၊ တချို့အထက်တန်းပညာတတ်တွေ ဆင့်ကဲဖြစ်စဉ်ဝါဒကို မယုံကြဘူးဆိုတာ ကျွန်တော်သတိပြုမိတယ်။’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘ဘာကြောင့်ပညာတတ်ချင်း အယူအဆမတူကြတာလဲ။ ကိုယ်သိတဲ့အထောက်အထား သူလဲသိသားပဲ။ စိတ်ရည်သန်ချက်ချင်းမတူတဲ့အတွက်များလား။ ဖြစ်နိုင်ပါတယ်။’ (၂) ‘ဘယ်သူတွေကိုယုံရမလဲဆိုတာ ဘယ်လိုဆုံးဖြတ်နိုင်သလဲ။ (ပုဂ္ဂိုလ်တစ်ယောက်ကိုမှမဝေဖန်ဘဲ) အုပ်စုလိုက်ခြုံကြည့်လို့ရှိရင် ဘယ်အုပ်စုဟာ ပိုပြီးရိုးသားသလဲ။ လူကိုဘုရားသခင်ဖန်ဆင်းခဲ့တဲ့အတွက် လူဟာ ဘုရားသခင်ပေါ် တာဝန်မကင်းဘူးလို့ ယုံကြည်တဲ့လူတွေလား၊ ဒါမှမဟုတ်၊ မိမိတို့ဟာ တိုက်ဆိုင်မှုကြောင့်ဖြစ်ပေါ်လာတဲ့အတွက် ကိုယ်ကလွဲလို့ ဘယ်သူ့ပေါ်မှာမှ တာဝန်မရှိဘူးလို့ ယုံကြည်တဲ့လူတွေလား။’ (၃) ‘ဒါကြောင့်၊ ဖန်ဆင်းခြင်း၊ ဒါမှမဟုတ် ဆင့်ကဲဖြစ်စဉ်ဝါဒ၊ ဘယ်ဟာက ဘဝနဲ့ပတ်သက်လို့ အကျေနပ်ဆုံးအဖြေကို ပေးသလဲဆိုတာသိအောင် ကျွန်တော်တို့ကိုယ်တိုင် အထောက်အထားတွေကို စိစစ်ကြည့်သင့်ပါတယ်။’