ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မှန်ကန်စွာကိုင်တွယ်ပါ
၁ အရာရှိတစ်ဦးကို သက်သေခံသည့်အခါ “ဖိလိပ္ပုသည် မိမိနှုတ်ကိုဖွင့်၍ [အချို့သော] ကျမ်းစာချက်ကိုအစွဲပြုလျက်၊ ယေရှု၏အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟောလေ၏။” (တ. ၈:၃၅) ဖိလိပ္ပုသည် “သမ္မာတရားကို မှန်ကန်စွာပိုင်းခြား [“ကိုင်တွယ်၊” ကဘ]” ခဲ့သည်။ (၂ တိ. ၂:၁၅) သို့သော် ယခုအခါ ကြေညာသူများစွာသည် သက်သေခံသည့်အခါ ကျမ်းစာကို မဆိုစလောက်သာသုံးကြကြောင်း နယ်လှည့်ကြီးကြပ်မှူးများ သတိပြုမိခဲ့ကြသည်။ သင်သည် ဓမ္မအမှုတွင် ကျမ်းစာကိုအသုံးပြုသလော။
၂ ဘုရားသခင့်နှုတ်ကပါဌ်တော်သည် ကျွန်ုပ်တို့ယုံကြည်သမျှ၊ သွန်သင်သမျှ၏ရင်းမြစ်ဖြစ်၏။ (၂ တိ. ၃:၁၆၊ ၁၇) ၎င်းသည် လူတို့အား ယေဟောဝါထံဆွဲဆောင်ကာ အသက်တာအတွက် သွန်သင်ပေးသည်။ ထို့ကြောင့် ဓမ္မအမှုတွင် ကျွန်ုပ်တို့စိတ်ဝင်စားသည့်အကြောင်းအရာများကို ပြောရုံမျှပြုမည့်အစား ကျမ်းစာကိုအသုံးပြုရန်အရေးကြီးသည်။ (ဟေဗြဲ ၄:၁၂) လူအများစုသည် ကျမ်းစာအကြောင်း အနည်းအကျဉ်းသာသိကြရာ ၎င်းကပေးသည့် လက်တွေ့ကျလမ်းညွှန်မှုနှင့် လူသားတို့အတွက် ကမ်းလှမ်းထားသည့် အနာဂတ်ကို သူတို့အားပြရန် ကျမ်းစာမှဖတ်ပြဖို့လိုသည်။
၃ ကျမ်းစာမှတိုက်ရိုက်ဖတ်ပြပါ– သင်သည် လွယ်အိတ်မပါဘဲ အမှုဆောင်သွားရန် စမ်းကြည့်နိုင်သည်။ သင်ဝေငှလိုသည့်စာပေကို အိတ်အပြားလေးတွင်ထည့်ကာ ကျမ်းစာအုပ်ကို သင့်လက်ထဲတွင် သို့မဟုတ် အိတ်ကပ်ထဲတွင် ထည့်သွားနိုင်သည်။ ဤသို့ဖြင့် သင်သည် တစ်ဦးတစ်ယောက်နှင့်စကားပြောသည့်အခါ ထိုသူအား တရားဟောဖို့ကြိုးစားနေသည်ဟုမခံစားရစေဘဲ ကျမ်းစာကိုထုတ်ယူနိုင်မည်ဖြစ်သည်။ သင့်ကျမ်းစာကို နားထောင်နေသူလိုက်ဖတ်ကြည့်နိုင်သည့် အနေအထားဖြင့်ရပ်ပါ။ ကျမ်းချက်တစ်ချက်ကို အသံထွက်၍ဖတ်ပေးဖို့ သူ့အား တောင်းဆိုနိုင်သည်။ သင့်ထံမှကြားရရုံမျှသာမဟုတ်ဘဲ သမ္မာကျမ်းစာပြောသည့်အရာကိုပါ သူတွေ့မြင်နိုင်သည့်အခါ ပို၍စွဲမှတ်စေသည်။ မှန်ပါသည်၊ ကျမ်းချက်၏ဆိုလိုရင်းကို သူနားလည်စေရန်ကူညီပေးဖို့ ဆိုလိုချက်ကိုပြသောစကားလုံးများကို အလေးပေးဖော်ပြပါ။
၄ ကျမ်းချက်တစ်ချက်ပါသည့်တင်ဆက်မှု– သင့်ကိုယ်သင်မိတ်ဆက်ပြီးနောက် ဤသို့ပြောနိုင်သည်– “လူတွေဟာ သူတို့ရဲ့အသက်တာမှာ လမ်းညွှန်မှုရဖို့အတွက် အရင်းအမြစ်အမျိုးမျိုးကို မျှော်ကိုးကြပါတယ်။ အကောင်းဆုံး လက်တွေ့ကျလမ်းညွှန်မှုရင်းမြစ်ဟာ ဘယ်အရာဖြစ်တယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီဖော်ပြချက်နဲ့ပတ်သက်ပြီး မိတ်ဆွေဘယ်လိုထင်သလဲ။ [သုတ္တံ ၂:၆၊ ၇ ကိုဖတ်ပြပြီး တုံ့ပြန်မှုကိုစောင့်ပါ။] လူ့ဉာဏ်ပညာဟာ အလွန်ချို့တဲ့အားနည်းပြီး လူများစွာကို စိတ်ပျက်စရာဖြစ်စေတယ်ဆိုတာ သက်သေထူခဲ့ပြီဖြစ်တယ်။ ဒါပေမဲ့ ဘုရားသခင့်ဉာဏ်ပညာကတော့ ယုံကြည်စိတ်ချရပြီး အကျိုးပြုတယ်ဆိုတာ အမြဲသက်သေထူခဲ့တယ်။” ထို့နောက် သင်တင်ဆက်မည့်စာပေကိုပြကာ ၎င်းမှ ဘုရားသခင်၏ လက်တွေ့ကျဉာဏ်ပညာ နမူနာတစ်ခုကို ပေါ်လွင်စေပါ။
၅ ယေရှုသည် နှလုံးရိုးဖြောင့်သူများကိုကူညီရန် ကျမ်းချက်များသုံးခဲ့သည်။ (လု. ၂၄:၃၂) ပေါလုသည် သူသွန်သင်သည့်အရာများကို ကျမ်းစာဖြင့်သက်သေထူခဲ့သည်။ (တ. ၁၇:၂၊ ၃) ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မှန်ကန်စွာကိုင်တွယ်ရာတွင် ပိုမိုကျွမ်းကျင်လာသည်နှင့်အမျှ ဓမ္မအမှုတွင် ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှုနှင့် ရွှင်လန်းမှု တိုးပွားလာမည်ဖြစ်သည်။