ဆုံးခန်းနီးပြီဖြစ်ရာ သမ္မာသတိရှိကြလော့
၁ ဘုရားသခင့်နှုတ်ကပါဌ်တော်က ယေဟောဝါ၏နေ့သည် “သူခိုးကဲ့သို့”—ရုတ်တရက်၊ ရုတ်ခနဲ၊ တိတ်တဆိတ်—လာမည်ဟု ထပ်တလဲလဲဖော်ပြသည်။ (၁ သက်. ၅:၂; မ. ၂၄:၄၃; ၂ ပေ. ၃:၁၀; ဗျာ. ၃:၃; ၁၆:၁၅) “ထို့ကြောင့် . . . ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မမှတ်သောအချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်” ဟု ယေရှုမိန့်ဆိုခဲ့သည်။ (မ. ၂၄:၄၄) ဆုံးခန်းနီးပြီဖြစ်ရာ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးအရ မည်သို့နိုးကြားနေနိုင်သနည်း။ “သမ္မာသတိရှိကြလော့” ဟူသော မှုတ်သွင်းခံသြဝါဒတွင် အဖြေတွေ့ရသည်။—၁ ပေ. ၄:၇။
၂ သမ္မာသတိရှိခြင်းတွင် အရာရာကို ယေဟောဝါ၏ရှုထောင့်မှ ရှုမြင်ခြင်းပါဝင်သည်။ (ဧ. ၅:၁၇၊ ကဘ) ယင်းက လက်ရှိအစီအစဉ်စနစ်တွင် မိမိတို့ကိုယ်ကို “ဧည့်သည်အာဂန္တု” အဖြစ်ယူမှတ်ရန် ကျွန်ုပ်တို့ကို ကူညီပေးသည်။ (၁ ပေ. ၂:၁၁) ယင်းက တကယ်အရေးကြီးရာကို သိမြင်ရန်၊ ဦးစားထားရာများကို သတ်မှတ်ရန်နှင့် ဆုံးဖြတ်ချက်ကောင်းများချရန် စွမ်းဆောင်နိုင်စေသည်။—ဖိ. ၁:၁၀၊ ကဘ။
၃ ဝိညာဏပန်းတိုင်များ ချမှတ်ပါ– ဝိညာဏပန်းတိုင်များချမှတ်ကာ အရောက်လှမ်းခြင်းက သမ္မာသတိရှိရန် ကျွန်ုပ်တို့ကို ကူညီပေးသည်။ လောလောဆယ်တွင် သင်လိုက်မီရန်ကြိုးစားနေသည့် ဝိညာဏပန်းတိုင်များရှိသလော။ သင်သည် ကျမ်းစာကို နေ့စဉ်ဖတ်ရှုရန်၊ ခရစ်ယာန်အစည်းအဝေးအားလုံးကို တက်ရောက်ရန်၊ ကင်းမျှော်စင် နှင့် နိုးလော့! လထုတ်တစ်ခုစီကို ဖတ်ရှုရန် သို့မဟုတ် ဓမ္မအမှုတွင် တိုးချဲ့ပါဝင်ရန် ကြိုးစားနေသလော။ သင့်အတွက် သင့်လျော်သောပန်းတိုင်များချမှတ်ပြီး ယင်းတို့ကို လိုက်မီရန် မဆုတ်မနစ်ကြိုးစားကာ သင်၏ကြိုးစားမှုများကို ကောင်းချီးပေးရန် ယေဟောဝါအား တောင်းလျှောက်မည်ဆိုလျှင် ရရှိသောအကျိုးကျေးဇူးများကို သင်အံ့သြပေမည်။
၄ အကြီးအကဲတစ်ဦးသည် လူငယ်ဇနီးမောင်နှံအား ၎င်းတို့၏ဝိညာဏပန်းတိုင်များနှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။ သူတို့သည် မိမိတို့၏အသက်တာကို ရိုးရှင်းစေကာ ဝန်ထုပ်ဖြစ်နေသောအကြွေးများကို ဖယ်ရှားလိုက်မည်ဆိုလျှင် ရှေ့ဆောင်လုပ်နိုင်ကြောင်း မေးခွန်းက သဘောပေါက်စေခဲ့သည်။ ယင်းကို မိမိတို့၏ပန်းတိုင်အဖြစ်ထားရန် သူတို့ဆုံးဖြတ်ခဲ့ကြသည်။ သူတို့သည် အကြွေးများကို ကြိုးစားဆပ်ကာ သူတို့၏အချိန်နှင့် ခွန်အားကိုကုန်ခန်းစေသည့် မလိုအပ်သောလုပ်ဆောင်မှုများကို လျှော့ချရန် နည်းလမ်းများရှာတွေ့ခဲ့သည်။ နောက်တစ်နှစ်တိတိတွင် သူတို့၏ပန်းတိုင်သို့ ရောက်ရှိခဲ့သည်။ ရလဒ်ကား အဘယ်နည်း။ လင်ယောက်ျားဖြစ်သူက ဤသို့ဆိုသည်– “ပန်းတိုင်မရှိပဲ ကျွန်တော်တို့ အခုလိုအခြေအနေကို ရောက်လာမှာမဟုတ်ဘူး။ ပိုပြီးပျော်ရွှင်မှုခံစားရတယ်။ ကျွန်တော်တို့ရဲ့ဘဝဟာ ပိုတည်ငြိမ်ပြီး ကောင်းမွန်လာတယ်။ တကယ့်ကို အဓိပ္ပာယ်ပြည့်ဝပြီး ရည်ရွယ်ချက်ရှိလာတယ်။”
၅ ကျွန်ုပ်တို့သည် ယေဟောဝါ၏နေ့ကိုစောင့်မျှော်နေစဉ် သမ္မာသတိရှိစွာအသက်ရှင်ခြင်း၊ ဘုရားသခင့်အလိုတော်ဆောင်ခြင်းအပေါ် အာရုံစိုက်နေခြင်းဖြင့် ဝိညာဉ်ရေးအရ နိုးကြားနေနိုင်ကြပါစေ။—တိ. ၂:၁၁-၁၃။