အစဉ်ပြောင်းလဲနေသောလောကတွင် ဟောပြောခြင်း
၁ အခြေအနေများသည် လျင်မြန်စွာပြောင်းလဲနိုင်ပါသည်တကား! သဘာဝဘေးဒဏ်၊ စီးပွားရေးကျပ်တည်းမှု၊ နိုင်ငံရေးအုံကြွမှု သို့မဟုတ် အလွန်လူသိရှင်ကြားဖြစ်သည့် ကြေကွဲဖွယ်ဖြစ်ရပ်ဆိုးတစ်ခုသည် နေ့ချင်းညချင်းပင် စကားဖောင်ဖွဲ့ပြောဆိုစရာ ဖြစ်လာနိုင်သည်။ သို့သော် လူတို့သည် အခြားတစ်နေရာရာသို့ အလျင်အမြန်အာရုံပြောင်းသွားနိုင်သည်။ (တ. ၁၇:၂၁; ၁ ကော. ၇:၃၁) အစဉ်ပြောင်းလဲနေသောဤလောကတွင် နိုင်ငံတော်သတင်းဝေမျှရန် လူတို့၏အာရုံကို မည်သို့ဖမ်းစားနိုင်သနည်း။
၂ အခြားသူတို့၏စိုးရိမ်မှုများကို သိမြင်ပါ– လူတို့၏အာရုံကိုဖမ်းစားသည့်နည်းတစ်နည်းမှာ လတ်တလောဖြစ်ရပ်များကို ရည်ညွှန်းပြောဆိုခြင်းဖြင့်ဖြစ်၏။ တစ်ခါက ယေရှုသည် ဘုရားသခင်ရှေ့ မိမိတို့၏အနေအထားနှင့်ပတ်သက်၍ အလေးအနက်စဉ်းစားကြရန် နားထောင်နေသူများအား တိုက်တွန်းရာတွင် သူတို့စိတ်ထဲတွင်ရှိနေသည့် မကြာသေးမီက ကြေကွဲဖွယ်ဖြစ်ရပ်များကို ဖော်ပြခဲ့သည်။ (လု. ၁၃:၁-၅) ထိုနည်းတူ သတင်းကောင်းဟောပြောသောအခါ ကျွန်ုပ်တို့၏ရပ်ကွက်ရှိ လူတို့၏အသက်တာကိုထိမိစေသည့် လတ်တလောသတင်း သို့မဟုတ် ဒေသအတွင်းပေါ်ပေါက်သောအရေးကိစ္စတစ်ခုနှင့် ဆက်စပ်တင်ပြလျှင်ကောင်းသည်။ သို့သော် ထိုသို့သောကိစ္စများကိုဆွေးနွေးသည့်အခါ နိုင်ငံရေး သို့မဟုတ် လူမှုရေးကိစ္စများတွင် ဘက်မလိုက်မိရန် သတိထားရမည်။—ယော. ၁၇:၁၆။
၃ လူများ လတ်တလော စဉ်းစားနေသည့်အရာကို ကျွန်ုပ်တို့မည်သို့သိနိုင်သနည်း။ အကောင်းဆုံးနည်းမှာ မေးခွန်းတစ်ခုကို မေးရုံမျှသာပြုကာ နားထောင်ပေးခြင်းဖြစ်သည်။ (မ. ၁၂:၃၄) လူတို့ကိုစိတ်ဝင်စားခြင်းက အခြားသူတို့၏ရှုမြင်ပုံကို ဂရုပြုကာ ပါးနပ်စွာ ထပ်ဆင့်စူးစမ်းမေးမြန်းရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးပါမည်။ အိမ်ရှင်တစ်ဦး ကောက်ကာငင်ကာပြောလိုက်သည့် စကားတစ်ခွန်းက ထိုနယ်မြေရှိ အိမ်ရှင်များစွာ၏စိုးရိမ်ပူပန်မှုကိုဖော်ပြကာ သက်သေခံရန်လမ်းပွင့်စေနိုင်သည်။
၄ တင်ဆက်မှုတစ်ခုကိုပြင်ဆင်ခြင်း– ကျွန်ုပ်တို့သည် အစဉ်ပြောင်းလဲနေသောလောကတွင် လယ်ကွင်းလုပ်ငန်းအတွက်ပြင်ဆင်ရာ၌ ကျိုးကြောင်းဆင်ခြင် စာအုပ်ကို အသုံးပြုနိုင်သည်။ ကျွန်ုပ်တို့၏တင်ဆက်မှုတွင် လတ်တလောဖြစ်ရပ်များထည့်သွင်းပုံနှင့်စပ်လျဉ်း၍ အထောက်အကူပြုအကြံပြုချက်များကို စာမျက်နှာ ၁၂၊ “ရာဇဝတ်မှု/လုံခြုံမှု” နှင့် “မျက်မှောက်အဖြစ်အပျက်များ” အောက်တွင် ဖော်ပြထားသည်။ အလားတူအချက်အလက်များကို စက်တင်ဘာ ၂၀၀၀ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၄ တွင်တွေ့ရှိနိုင်သည်။ သင့်တင်ဆက်မှုကိုပြင်ဆင်သည့်အခါ သင့်လျော်သည့် ကျမ်းချက်တစ်ချက်ပါဝင်ရန် သေချာစေပါ။
၅ ကျွန်ုပ်တို့၏ရပ်ကွက်ရှိ လူများ၏ အစဉ်ပြောင်းလဲနေသောစိုးရိမ်မှုများကိုဂရုပြုစဉ် ကျွန်ုပ်တို့၏သတင်းကောင်းတင်ဆက်မှုကို ၎င်းတို့နှင့်အညီ ပြုပြင်ပြောင်းလဲဖို့လိုသည်။ ထိုနည်းဖြင့် ကျွန်ုပ်တို့သည် လူတို့၏နှလုံးထိမိသောအကြောင်းအရာကို ပြောဆိုကြသည်။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် နောက်ထပ်လူများစွာအား ဂုဏ်ရည်တော်နှင့် စံနှုန်းများပြောင်းလဲခြင်းရှိတော်မမူသောအရှင်ကို သိရှိလာရန် ကူညီပေးကြသည်။—ယာ. ၁:၁၇။