ယေဟောဝါနှင့်ရင်းနှီးမှု ပြုစုပျိုးထောင်ခြင်း
၁။ ညီအစ်မတစ်ဦးသည် သူ၏ဝိညာဉ်ရေး လုပ်ရိုးလုပ်စဉ်နှင့်ပတ်သက်၍ အဘယ်အရာသိရှိလာခဲ့သနည်း။
၁ “အနှစ် ၂၀၊ နှစ်ဆယ်ကျော်လောက် အစည်းအဝေးတွေတက်၊ လယ်ကွင်းဓမ္မအမှုမှာပါဝင်ရုံမျှနဲ့ပဲ အမှန်တရားထဲမှာ ကျွန်မရှိလာခဲ့တယ်” ဟု ခရစ်ယာန်ညီအစ်မတစ်ဦးက ဝန်ခံခဲ့သည်။ သို့သော် သူဤသို့ဆက်ပြောသည်– “အဲဒါတွေအရေးကြီးပေမဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့လာရတဲ့အခါ အဲဒါတွေကပဲ ကျွန်မကို ခံနိုင်ရည်ရှိစေနိုင်မှာမဟုတ်ဘူးလို့ ကောက်ချက်ချခဲ့တယ်။ . . . ယေဟောဝါကို အမှန်တကယ်သိကျွမ်းပြီး ကိုယ်တော်ကို ချစ်မြတ်နိုးနိုင်ဖို့နဲ့ ကိုယ်တော့်သားတော်က ကျွန်မတို့အတွက် လုပ်ဆောင်ပေးခဲ့တဲ့အရာတွေကို လေးမြတ်နိုင်ဖို့အတွက် ကျွန်မရဲ့အတွေးအခေါ်ကို ပြုပြင်ပြောင်းလဲပြီး အဓိပ္ပာယ်ရှိတဲ့လေ့လာမှုအစီအစဉ်ကို စတင်ရမယ်ဆိုတာ အခုကျွန်မသိပြီ။”
၂။ ယေဟောဝါနှင့် ရင်းနှီးမှုပြုစုပျိုးထောင်ရန် အဘယ်ကြောင့် အရေးကြီးသနည်း။
၂ ယေဟောဝါနှင့် ရင်းနှီးသော နှစ်ကိုယ်ကြားဆက်ဆံရေးကို တည်ဆောက်ရန် လုံ့လစိုက်ထုတ်မှု လိုအပ်သည်။ ခရစ်ယာန်လုပ်ငန်းဆိုင်ရာ လုပ်ရိုးလုပ်စဉ်တစ်ခုကို လိုက်လျှောက်ရုံထက်မကလိုသည်။ ယေဟောဝါနှင့် ရင်းနှီးသော ပုံမှန်ဆက်သွယ်ရေးမရှိလျှင် နောက်ဆုံးတွင် ကိုယ်တော်သည် ကျွန်ုပ်တို့နှင့် ယခင်ကရင်းရင်းနှီးနှီးရှိပြီး ယခုအဆက်အသွယ်မရှိတော့သည့် မိတ်ဆွေတစ်ဦးကဲ့သို့ ဖြစ်လာနိုင်သည်။ (ဗျာ. ၂:၄) ကိုယ်ပိုင်ကျမ်းစာလေ့လာမှုနှင့် ဆုတောင်းခြင်းက ယေဟောဝါနှင့် ရင်းနှီးမှုပြုစုပျိုးထောင်ရန် ကူညီပေးနိုင်ပုံကို ဆန်းစစ်ကြည့်ကြစို့။—ဆာ. ၂၅:၄။
၃။ မည်သို့သောကိုယ်ပိုင်လေ့လာမှုပြုနည်းက ဘုရားသခင်ထံချဉ်းကပ်ဖို့ ကူညီပေးမည်နည်း။
၃ ဆုတောင်းခြင်းနှင့် တွေးတောဆင်ခြင်ခြင်း မရှိမဖြစ်လိုအပ်– နှလုံးကို အာဟာရဖြစ်စေသည့် ကိုယ်ပိုင်လေ့လာမှုတွင် လေ့လာသောအကြောင်းအရာပါ အဓိကအချက်များကို မျဉ်းသားခြင်းနှင့် ညွှန်းထားသောကျမ်းချက်များကို ဖွင့်ဖတ်ခြင်းထက်မက ပါဝင်သည်။ အချက်အလက်များက ယေဟောဝါ၏နည်းလမ်းတော်၊ စံနှုန်းနှင့် ဂုဏ်ရည်တော်များအကြောင်း အဘယ်အရာဖော်ပြသည်ကို ဆင်ခြင်သုံးသပ်ဖို့လိုသည်။ (ထွ. ၃၃:၁၃) ဝိညာဉ်ရေးရာများကို နားလည်ခြင်းက ကျွန်ုပ်တို့၏စိတ်ခံစားမှုများအပေါ် အကျိုးသက်ရောက်မှုရှိကာ ကျွန်ုပ်တို့၏အသက်တာအကြောင်း စဉ်းစားရန် လှုံ့ဆော်ပေး၏။ (ဆာ. ၁၁၉:၃၅၊ ၁၁၁) ယေဟောဝါထံချဉ်းကပ်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ကိုယ်ပိုင်လေ့လာမှုပြုသင့်၏။ (ယာ. ၄:၈) လေးလေးနက်နက်လေ့လာရန် အချိန်ရော သင့်လျော်သည့်ဝန်းကျင်ပါ လိုအပ်သည်၊ ပုံမှန်လေ့လာမှုပြုရန် ကြပ်မတ်ပေးဖို့လိုသည်။ (ဒံ. ၆:၁၀) သင့်အသက်တာသည် အလွန်အလုပ်များလျှင်ပင် ယေဟောဝါ၏အံ့ဖွယ်အရည်အသွေးများကို တွေးတောဆင်ခြင်ရန် နေ့စဉ် အချိန်ဖယ်ထားသလော။—ဆာ. ၁၁၉:၁၄၇၊ ၁၄၈; ၁၄၃:၅။
၄။ ကိုယ်ပိုင်လေ့လာမှုမပြုမီ ဆုတောင်းခြင်းက ယေဟောဝါနှင့်ရင်းနှီးမှု ပြုစုပျိုးထောင်ရန် မည်သို့ကူညီပေးသနည်း။
၄ နှလုံးပါပါဆုတောင်းခြင်းသည် အဓိပ္ပာယ်ရှိသောကိုယ်ပိုင်လေ့လာမှု၏ အရေးပါသောကဏ္ဍတစ်ခုဖြစ်၏။ ကျမ်းစာသမ္မာတရားများက ကျွန်ုပ်တို့၏နှလုံးကို စေ့ဆော်ပေးရန်နှင့် “ခန့်ညားကြောက်ရွံ့သောသဘောနှင့် ဘုရားသခင်ကို . . . ဝတ်ပြု” ဖို့လှုံ့ဆော်ပေးရန် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ရရှိဖို့ လိုအပ်သည်။ (ဟေဗြဲ ၁၂:၂၈) ထို့ကြောင့် ကျွန်ုပ်တို့သည် ယေဟောဝါ၏ဝိညာဉ်တော်ကို တောင်းခံခြင်းဖြင့် လေ့လာမှုပြုချိန်တစ်ခုစီကို စတင်သင့်သည်။ (မ. ၅:၃၊ ကဘ၊ အောက်ခြေမှတ်ချက်) ကျမ်းစာကို ဆင်ခြင်သုံးသပ်ကာ ယေဟောဝါ၏အဖွဲ့အစည်းက စီမံပေးထားသည့် လေ့လာမှုအထောက်အကူများကို အသုံးပြုသောအခါ ယေဟောဝါအား ကျွန်ုပ်တို့၏စိတ်နှလုံးကို ဖွင့်ပြကြသည်။ (ဆာ. ၆၂:၈) ဤနည်းဖြင့် လေ့လာမှုပြုခြင်းသည် ယေဟောဝါအား ကျွန်ုပ်တို့၏ကိုးကွယ်ဆည်းကပ်မှုကိုဖော်ပြသည့် ဝတ်ပြုမှုလုပ်ရပ်တစ်ခုဖြစ်ကာ ကိုယ်တော်အပေါ် တွယ်တာမှုကို ခိုင်ခံ့စေသည်။—ယု. ၂၀၊ ၂၁။
၅။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို နေ့စဉ်ဆင်ခြင်သုံးသပ်ရန် အဘယ်ကြောင့်အရေးကြီးသနည်း။
၅ ဆက်ဆံရေးအားလုံးနည်းတူ ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို အသက်တာတစ်လျှောက် ဆက်လက်တိုးတက်နေရန် အဆက်မပြတ် ပြုစုပျိုးထောင်နေရမည်။ ထို့ကြောင့် ကျွန်ုပ်တို့ထံ ကိုယ်တော်ပြန်လည်ချဉ်းကပ်မည်ကို သိရှိကာ ဘုရားသခင်ထံချဉ်းကပ်ရန် နေ့စဉ် အချိန်ဝယ်ယူနိုင်ကြပါစေ။—ဆာ. ၁:၂၊ ၃; ဧ. ၅:၁၅၊ ၁၆။