သင်ပါဝင်ပတ်သက်နေသော မြင်းတပ်၏ တစ်ဟုန်ထိုးတိုက်ခိုက်မှု
၁၊ ၂။ ယနေ့ ဘုရားသခင့်ကျေးကျွန်များသည် ဗျာဒိတ် ၉:၁၃-၁၉ (ကဘ) တွင်မှတ်တမ်းတင်ထားသည့် ပရောဖက်ပြုချက်ရူပါရုံ ပြည့်စုံခြင်းတွင် မည်သို့ပါဝင်ပတ်သက်နေသနည်း။
၁ “ဆဋ္ဌမကောင်းကင်တမန် တံပိုးခရာမှုတ်လေ၏။” ထို့နောက် “ကုဋေနှစ်ဆယ်” အရေအတွက်ရှိသည့် “မြင်းတပ်များ” သည် မြည်ဟည်း၍ချီတက်လာ၏။ ယင်းကား သာမန်စစ်တပ်မဟုတ်ချေ။ “မြင်းခေါင်းများမှာ ခြင်္သေ့ခေါင်းများပမာဖြစ် ... ၏။” သူတို့၏ခံတွင်းထဲမှ မီး၊ မီးခိုးနှင့်ကန့်များ ထွက်လာကာ “သူတို့၏အမြီးများသည် မြွေကဲ့သို့ဖြစ် ... ကြ၏။” ဤပုံဆောင်မြင်းတပ်၏ တစ်ဟုန်ထိုးတိုက်ခိုက်မှုသည် အကြီးအကျယ်ပျက်စီးစေ၏။ (ဗျာ. ၉:၁၃-၁၉၊ ကဘ) ဤတုန်လှုပ်ဖွယ် ပရောဖက်ပြုချက်ရူပါရုံ ပြည့်စုံခြင်းတွင် သင် မည်သို့ပါဝင်ပတ်သက်နေသည်ကို သိသလော။
၂ ဘိသိက်ခံအကြွင်းအကျန်နှင့် ၎င်းတို့၏အပေါင်းပါများဖြစ်သော အခြားသိုးသည် ဘုရားသခင့်တရားစီရင်ချက်များကိုလူတကာသိအောင် စည်းလုံးစွာကြေညာကြသည်။ ယင်းက ခရစ်ယာန်ဘောင်၏ သေနေသောဝိညာဉ်ရေးအခြေအနေကို မခြွင်းမချန် ဖော်ပြပေးသည်။ ဘုရားသခင့်ကျေးကျွန်များ၏ ဓမ္မအမှုသည် အဘယ်ကြောင့် ဤမျှထိရောက်ကြောင်းကို ပေါ်လွင်စေသည့် ပရောဖက်ပြုချက်ရူပါရုံ၏ ကဏ္ဍနှစ်ခုကို ဆန်းစစ်ကြည့်ကြစို့။
၃။ သင်သည်ဘုရားသခင်၏သတင်းစကားကို ထိရောက်စွာဟောပြောရန် အဘယ်လေ့ကျင့်မှု ရရှိခဲ့ပြီနည်း။
၃ ဘုရားသခင်၏သတင်းစကားကို ဖြန့်ချိရန် လေ့ကျင့်ပြင်ဆင်ခံရ– သီအိုကရက်တစ်ဓမ္မအမှုကျောင်းနှင့် အခြားအသင်းတော်အစည်းအဝေးများအားဖြင့် ဘုရားသခင်၏ဓမ္မအမှုဆောင်များသည် ဘုရားသခင်၏သတင်းစကားကို အခွင့်အာဏာဖြင့် ဟောပြောရန် လေ့ကျင့်ခံကြရသည်။ သူတို့သည် ယေရှုနှင့် ကိုယ်တော့်တပည့်များကိုတုပ၍ လူတို့ကို တွေ့နိုင်သောနေရာတိုင်းတွင် ဟောပြောကာ ထိုက်တန်သူများအား ရှာဖွေကြသည်။ (မ. ၁၀:၁၁; မာ. ၁:၁၆; လု. ၄:၁၅; တ.၂၀:၁၈-၂၀) ဤကျမ်းစာအခြေပြု ဟောပြောနည်းသည် အလွန်ထိရောက်မှုရှိခဲ့လေပြီ!
၄။ ကြေညာသူများစွာသည်မိမိတို့၏လုပ်ငန်းကိုလုပ်ဆောင်နိုင်ရန် အဘယ်ကိရိယာများကို အသုံးပြုနိုင်သနည်း။
၄ ဘုရားပေးဟောပြောခြင်းတာဝန်ကို ထမ်းဆောင်ရာတွင် ခရစ်ယာန်ဓမ္မအမှုဆောင်များသည် ကျမ်းစာအုပ်၊ စာအုပ်ကြီး၊ ဘရိုရှာနှင့် မဂ္ဂဇင်းဘီလီယံပေါင်းများစွာကို ဖြန့်ဝေခဲ့ကြပြီ။ ဤစာအုပ်စာပေများကို ဘာသာစကား ၄၀၀ နီးပါးဖြင့် ထုတ်ဝေထား၏၊ ၎င်းတို့တွင် အကြောင်းအရာမျိုးစုံကို သုံးသပ်ကာ လူအမျိုးမျိုးအတွက် နှစ်သက်စရာဖြစ်စေသည့် နည်းလမ်းများကို အသုံးပြုထားသည်။ သင်သည် ယင်းကိရိယာများကိုထိရောက်စွာအသုံးပြုနေသလော။
၅၊ ၆။ ယေဟောဝါ၏လူမျိုးသည်ကောင်းကင်မှထောက်မမှုကို ရရှိထားကြောင်း အဘယ်အရာက ဖော်ပြသနည်း။
၅ ကောင်းကင်မှ ညွှန်ကြားချက်နှင့် ထောက်မမှု– ပရောဖက်ပြုချက်ရူပါရုံသည် ပုံဆောင်မြင်းတပ်၏ တစ်ဟုန်ထိုးတိုက်ခိုက်မှုဖြင့် တင်စားသော လှုပ်ရှားမှုတွင် ဘုရားသခင်၏ ထောက်ခံအားပေးမှုရရှိထားကြောင်းကိုလည်း သိနားလည်စေ၏။ (ဗျာ. ၉:၁၃-၁၅၊ ကဘ) ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းသည် လူ့ဉာဏ်ပညာ သို့မဟုတ် အစွမ်းခွန်အားဖြင့်မဟုတ်ဘဲ ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ပြီးမြောက်အောင်မြင်နေသည်။ (ဇာ. ၄:၆) ယေဟောဝါသည် ဤလုပ်ငန်းကိုညွှန်ကြားရန် ကောင်းကင်တမန်များကို အသုံးပြုနေသည်။(ဗျာ. ၁၄:၆) ထို့ကြောင့် ယေဟောဝါသည် မိမိ၏ လူသားသက်သေများကြိုးပမ်းမှုနှင့်အတူ စိတ်နှိမ့်ချသူများအား မိမိထံသို့ဆွဲဆောင်ရန် ကောင်းကင်မှ ထောက်မတော်မူ၏။—ယော. ၆:၄၅၊ ၆၅။
၆ ဘုရားသခင်၏သတင်းစကားကိုဖြန့်ချိရန် ကောင်းစွာ လေ့ကျင့်ပြင်ဆင်ခံရကာ ကောင်းကင်တမန်များ၏ ညွှန်ကြားမှုအောက်တွင် လုပ်ဆောင်နေခြင်းကြောင့် ယေဟောဝါ၏လူမျိုးသည် တားဆီး၍မရနိုင်သော အင်အားစုဖြစ်နေသည်။ ဤပီတိဖြစ်စရာ ပရောဖက်ပြုချက်ရူပါရုံ ပြည့်စုံခြင်းတွင် ကျွန်ုပ်တို့၏အခန်းကဏ္ဍ၌ ဆက်လက်ပါဝင်ကြစို့။