သင် အသင့်ရှိသလော
၁ အဘယ်အရာအတွက် အသင့်ရှိရမည်နည်းဟု သင်မေးကောင်းမေးမည်။ သင်သည် ဘုရားသခင်၏ဘုန်းတော်ထင်ရှားစေရန် အသင့်ရှိသလော။ သို့မဟုတ် သင်သည် အထူးသဖြင့် မြန်မာနိုင်ငံ၌ ၂၀၀၃ အောက်တိုဘာမှစတင်ကာ ၂၀၀၄ ဇန်နဝါရီအထိ ဆက်လက်ကျင်းပသွားမည့် “ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေလော့” ခရိုင်စည်းဝေးကြီးများကို တက်ရောက်ရန် အသင့်ရှိသလော။
၂ ဤကောင်းမွန်သောဝိညာဉ်အစာအစီအစဉ်ကို သစ္စာနှင့်သတိပညာရှိကျွန်အတန်းအစား၏ ညွှန်ကြားမှုအောက်တွင် မေတ္တာပါစွာပြင်ဆင်ထားသည်။ (မ. ၂၄:၄၅-၄၇) သင့်လျော်သည့်အချိန်တွင် ကျွန်ုပ်တို့စားသုံးနိုင်ရန် ရာပေါင်းများစွာသော ညီအစ်ကိုများသည် ဤ “ခဲဖွယ်စားဖွယ်ပွဲ” ကိုစီစဉ်ရာ၌ မမောနိုင်မပန်းနိုင် လုပ်ဆောင်ခဲ့ကြသည်။ (ဟေရှာ. ၂၅:၆) ဤခဲယဉ်းသောနောက်ဆုံးကာလတွင် ကျွန်ုပ်တို့၏သတ်သတ်မှတ်မှတ် လိုအပ်ရာများနှင့်ကိုက်ညီစေရန် အချက်အလက်များကို သုတေသနပြုရာ၌ နာရီထောင်ပေါင်းများစွာ အကုန်ခံခဲ့ကြသည်။ (၂ တိ. ၃:၁) ကျွန်ုပ်တို့၏ဝိညာဉ်အစာသည် တည်ခင်းကျွေးမွေးရန် အသင့်ရှိလုနီးပြီ။ ယင်းကိုစားသုံးရန် သင် အသင့်ရှိသလော။ အစီအစဉ်တစ်ခုလုံးတွင်မွေ့လျော်ရန် သင်ကိုယ်တိုင်ကိုယ်ကျ တက်ရောက်မည်လော။ သင်၏ဇနီးနှင့် သားသမီးများသည် ထိုတွင်ရှိကြမည်လော။
၃ ပထမရာစုတွင် နှစ်ခြင်းဆရာယောဟန်သည် “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] အဖို့ လူတစ်မျိုးကိုအသင့်ပြင်ဆင်” ပေးမည့်ဓမ္မအမှုတွင် ပါဝင်မည်ဟု ကြိုဟောထားသည်။ (လု. ၁:၁၇၊ သမ) ယောဟန်သည် ယေရှုခရစ်၏ရှေ့တော်ပြေးဖြစ်၏။ သို့သော် ဂျူးအများစုသည် ယေရှုကို လက်မခံခဲ့ကြပေ။ သူတို့သည် ဘုရားသခင့်သားတော်၏ နောက်လိုက်များနှင့် နောက်ဆုံးတွင် နိုင်ငံတော်အမွေခံများဖြစ်လာရန် လိုအပ်သည့်ပြောင်းလဲမှုများပြုလုပ်ဖို့ အသင့်မရှိခဲ့ကြ သို့မဟုတ် ပြင်ဆင်မှုမရှိခဲ့ကြချေ။ ယေရှုကိုယ်တော်တိုင်က မင်္ဂလာပွဲပုံဥပမာတွင် ယင်းကို ပေါ်လွင်စေခဲ့သည်။ (မ. ၂၂:၂-၅) ယင်းပုံဥပမာတွင် ယေဟောဝါသည် မိမိ၏သားတော်ယေရှုခရစ်အတွက် မင်္ဂလာပွဲပြင်ဆင်ပေးသည့် ဘုရင်ဖြစ်သည်။ နောက်ဆုံးတွင် “သတို့သမီး” ဖြစ်သော ၁၄၄,၀၀၀ ဘိသိက်ခံနောက်လိုက်များသည် ကောင်းကင်တွင် ယေရှုနှင့်အတူ ပေါင်းစည်းကြမည်ဖြစ်သည်။ ဘုရင့်လက်အောက်ခံများသည် ဘီ.စီ.အီး. ၁၅၁၃ တွင် ပညတ်ပဋိညာဉ်ထဲသို့ ဆောင်သွင်းခံခဲ့ရသော ဣသရေလလူမျိုးဖြစ်ကာ “မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုး” ဖြစ်လာရန် အခွင့်အရေးရရှိခဲ့ကြသည်။ ထိုအချိန်တွင် ဣသရေလလူမျိုးအား မင်္ဂလာပွဲသို့ ဦးဆုံးဖိတ်ခေါ်ခဲ့သည်။
၄ သို့သော် ဖိတ်ခေါ်ထားသူများအား ပထမအကြိမ်ခေါ်ခြင်းသည် ယေရှုနှင့် ကိုယ်တော်၏တပည့်များ (ဘုရင်၏ကျွန်များ) ဟောပြောခြင်းလုပ်ငန်းကို စတင်ခဲ့ကြသည့် စီ.အီး. ၂၉ အထိ မပြီးဆုံးသေးပေ။ သို့သော် စီ.အီး. ၂၉ မှ စီ.အီး. ၃၃ အထိ ဤခေါ်ခြင်းကိုခံရသော ဇာတိဣသရေလလူမျိုးသည် လာဖို့ဆန္ဒမရှိခဲ့ကြချေ။ ထို့ကြောင့် ယေဟောဝါသည် ဣသရေလလူမျိုးအား နောက်ထပ်အခွင့်အရေးပေးခဲ့သည်။ (မ. ၂၂:၄) ဖိတ်ခေါ်ထားသူများအား ဤဒုတိယနှင့် နောက်ဆုံးအကြိမ်ခေါ်ခြင်းသည် ယေရှု၏နောက်လိုက်များအပေါ် သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခဲ့သည့် စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် စတင်ခဲ့သည်။ ဤခေါ်ခြင်းသည် စီ.အီး. ၃၆ အထိဆက်ရှိခဲ့သည်။ ဝမ်းနည်းစရာမှာ ဣသရေလလူမျိုးအများစုသည် ခေါ်ခြင်းကိုဂရုပြုရန် အသင့်မရှိ သို့မဟုတ် ပြင်ဆင်မှုမရှိဆဲပင်ဖြစ်၏။ “ထိုသူတို့သည်နားမထောင်” ကြဘဲ လယ်လုပ်ခြင်း၊ လောကီလုပ်ငန်းများတွင် အာရုံရောက်ခြင်းဖြင့် အသက်တာ၏သာမန်ကိစ္စများကို ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။ (မ. ၂၂:၅) ဤဂျူးများအတွက် ထိုသို့သောအရာများသည် ယေဟောဝါ၏စားပွဲတွင်ရှိခြင်းထက် ပိုအရေးကြီးသည်။
၅ ဘုရင်သည် သူတို့၏ မိမိကိုယ်ကိုအားရကျေနပ်နေမှုကို မည်သို့တုံ့ပြန်ခဲ့သနည်း။ (မ. ၂၂:၇) စီ.အီး. ၇၀ တွင် ရောမစစ်တပ်သည် ယေရုရှလင်မြို့ကိုဝိုင်းကာ မြေပြင်နှင့်တစ်သားတည်းဖြစ်အောင် ဖျက်ဆီးပစ်ခဲ့သည်။ ထိုတန်ဖိုးမထားတတ်သော ဇာတိဂျူးများသည် အသတ်ခံခဲ့ကြရသည် သို့မဟုတ် ကျွန်အဖြစ်ခေါ်ဆောင်ခံခဲ့ကြရသည်။ တစ်စုံတစ်ဦးသည် လယ်လုပ်ခြင်း သို့မဟုတ် စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ခြင်းကို နိုင်ငံတော်ဘုန်းဖြင့် ယေရှုနှင့်အတူရှိခြင်းထက် သာ၍အရေးကြီးသောအရာအဖြစ် ရှုမြင်မည်ကို စဉ်းစား၍မရပေ၊ သို့သော် ဂျူးအများစုသည် ထိုအတိုင်းပြုခဲ့ကြ၏။ ဤပုံဥပမာမှ ကျွန်ုပ်တို့အဘယ်သင်ခန်းစာ ရရှိနိုင်သနည်း။
၆ ကျွန်ုပ်တို့သည် ခရိုင်စည်းဝေးကြီးတက်ရောက်ရန် နှစ်စဉ်ဖိတ်ခေါ်ခံရကြသည်။ တက်ရောက်ရန် ကျွန်ုပ်တို့ အသင့်ရှိကြသလော။ ၃ ရက်စလုံးတက်ရောက်နိုင်ရန် လိုအပ်သည့်အစီအစဉ်များပြုလုပ်ကာ ပြင်ဆင်ထားသလော။ စည်းဝေးကြီးကို မိသားစုတစ်ခုလုံးတက်ရောက်နိုင်ရန် ဘတ်ဂျက်ထားကာ ငွေအလုံအလောက်စုထားပြီလော။ (၁ ကော. ၁၆:၂ခ) ယေဟောဝါ၏စားပွဲတွင် ကျွန်ုပ်တို့ရှိနိုင်ရန် မိမိတို့၏လယ်လုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများကို ရပ်ဆိုင်းထားမည်လော။ စည်းဝေးကြီးအတွက် လိုအပ်သည့်ခွင့်ရက်ရရှိနိုင်ရန် ကျွန်ုပ်တို့၏အလုပ်ရှင်နှင့် အစီအစဉ်များပြုလုပ်ထားပြီလော။ ကျွန်ုပ်တို့၏ကလေးများနှင့်ပတ်သက်၍ကော။ သူတို့သည် ကျောင်းတက်ခြင်း သို့မဟုတ် ကျူရှင်တက်ခြင်းကို ‘ယေဟောဝါ၏သွန်သင်ခံ’ ရခြင်းထက် သာ၍အရေးကြီးရာအဖြစ် ရှုမြင်ကြသလော။ (လု. ၂:၄၁-၄၉) စည်းဝေးကြီးတွင် ကျွန်ုပ်တို့နှင့်အတူ သူတို့ရှိကြမည်လော။ သူတို့၏ဆရာများအား ပြောပြကာ ခရီးသွားခြင်း၊ အခြားသူများကိုတွေ့ဆုံခြင်းနှင့် ကျမ်းစာအကြောင်းသင်ယူခြင်းသည် ၎င်းတို့၏ပညာရေးတွင်ပါဝင်ကြောင်း သိမြင်ရန် ကူညီပေးနိုင်မည်လော။ မှန်ပါသည်၊ စည်းဝေးကြီးကိုတက်ရောက်ခြင်းက သူတို့အား ကယ်တင်ခြင်းရရှိရန် ပညာရှိစေပါမည်!—၂ တိ. ၃:၁၅; ဆာ. ၁၁၉:၉၉။
၇ စည်းဝေးကြီးများတက်ရောက်ရန် စွန့်လွှတ်မှုပြုဖို့လို၏၊ စွန့်လွှတ်မှုပြုဖို့ဟူသည် တစ်ခုခုအနစ်နာခံရသည်။ (လု. ၅:၁၈-၂၀) သို့သော် ထိုသို့သောစွန့်လွှတ်မှုများကို ဘုရားသခင်နှစ်သက်တော်မူကာ ကျွန်ုပ်တို့သည် ကိုယ်တော့်ကောင်းချီးကို ရရှိမည်ဖြစ်ကြောင်း စိတ်ချနိုင်သည်။ (ဟေဗြဲ ၁၃:၁၆) ကျေးဇူးပြု၍ ၂၀၀၃ နှစ်ချုပ်စာအုပ် စာမျက်နှာ ၁၉၆-၈ [လိပ်] နှင့် မြန်မာဖြင့် (yb03-BU br-3 စာမျက်နှာ ၂၀ နှင့် ၂၁) တွင်ဖော်ပြထားသည့်အတိုင်း ဖိလစ်ပိုင်ရှိ ကျွန်ုပ်တို့ညီအစ်ကိုများ၏ ပုံသက်သေနှင့် ခရိုင်စည်းဝေးကြီးများတက်ရောက်ရန် သူတို့၏ကြိုးစားမှုများကို သုံးသပ်ပါ။ ဤညီအစ်ကိုညီအစ်မများနှင့်ပတ်သက်၍ အဘယ်အရာကို သင်သတိပြုမိသနည်း။ ကလေးများသည် မည်သည့်နေရာတွင်ရှိခဲ့သနည်း။ သူတို့သည် စည်းဝေးကြီးတက်ရောက်ရန် ငွေရရှိဖို့ အဘယ်အရာပြုလုပ်ခဲ့ကြသနည်း။ စည်းဝေးကြီးတစ်ခုကိုတက်ရောက်သည့် မိသားစုဝင် ၇ ဦးအတွက် ဆုတောင်းခြင်းသည် အဘယ်အပိုင်းမှပါဝင်ခဲ့သနည်း။ သူတို့၏ပုံသက်သေသည် အခြားသူများအား မည်သို့ကူညီပေးခဲ့သနည်း။
၈ သို့ဖြစ်၍ သင် အသင့်ရှိသလော။ “ဘုရားသခင်၏ဘုန်းတော်” ခရိုင်စည်းဝေးကြီးသည် နီးနေပြီဖြစ်၏။ စည်းဝေးကြီးတွင် သင့်မိသားစုလိုက်တက်ရောက်ခြင်းကို ဦးစားထားကာ ဆုတောင်းခြင်းကိစ္စတစ်ခု ဖြစ်စေပါ။ (ဖိ. ၁:၁၀၊ ကဘ; ဖိ. ၄:၆) သင့်ညီအစ်ကိုများ၏ ကောင်းသောပေါင်းသင်းမှုနှင့် ယေဟောဝါ၏စားပွဲတွင်တွေ့ရမည့် ကြွယ်ဝသောဝိညာဉ်အစာတို့ကို မရရှိစေရန် မည်သည့်အရာကိုမျှ ခွင့်မပြုပါနှင့်။ မှန်ပါသည်၊ မကြာမီစတင်မည့် “ဘုရားသခင်၏ဘုန်းတော်” ခရိုင်စည်းဝေးကြီးများတွင် သင်၏ပေါင်းသင်းမှုကို ကျွန်ုပ်တို့စောင့်မျှော်နေပါသည်။ သင် အသင့်ရှိနေမည်ကို ကျွန်ုပ်တို့သိပါသည်။
(စာမျက်နှာ ၄ သို့)
သင် အသင့်ရှိသလော
(စာမျက်နှာ ၃ မှအဆက်)