ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ယေဟောဝါအား အကောင်းဆုံးအရာ ဆက်သခြင်း
    နိုင်ငံတော်ဓမ္မအမှု—၂၀၀၄ | ဧပြီ
    • ယေဟောဝါအား အကောင်းဆုံးအရာ ဆက်သခြင်း

      ၁ ဣသရေလလူမျိုးကိုပေးသည့် ယေဟောဝါ၏ပညတ်တော်တွင် ကိုယ်တော်အား ပူဇော်ဆက်သသည့် တိရစ္ဆာန်များသည် “အပြစ်မပါ” ရဟု ပြဋ္ဌာန်းထားသည်။ အနာအဆာရှိသော တိရစ္ဆာန်တစ်ကောင်သည် လက်ခံနိုင်ဖွယ်မရှိချေ။ (ဝတ်. ၂၂:၁၈-၂၀; မာလ. ၁:၆-၉) ထို့ပြင် ယဇ်ပူဇော်သည့်အခါ ဆီဥအားလုံး—အကောင်းဆုံးအပိုင်း—သည် ယေဟောဝါနှင့်ဆိုင်၏။ (ဝတ်. ၃:၁၄-၁၆) ဣသရေလလူမျိုး၏ ဖခင်နှင့် အရှင်သခင်အနေဖြင့် ယေဟောဝါသည်အကောင်းဆုံးကိုရထိုက်သည်။

      ၂ ရှေးအချိန်ကကဲ့သို့ ယနေ့အချိန်တွင် ဘုရားသခင်သည်ကျွန်ုပ်တို့၏ပူဇော်သကာအရည်အသွေးကို အလွန်စိတ်ဝင်စားတော်မူ၏။ ကျွန်ုပ်တို့၏လုပ်ဆောင်မှုသည် ယေဟောဝါအား တော်မှန်စွာကြည်ညိုလေးစားကြောင်း ထင်ဟပ်သင့်သည်။ တစ်ဦးနှင့်တစ်ဦး အခြေအနေမတူကြသည်မှာမှန်၏။ သို့သော် ကိုယ်တော်အား ကျွန်ုပ်တို့၏အကောင်းဆုံးအရာကို ပေးနေကြောင်းသေချာစေရန် ကျွန်ုပ်တို့ကိုယ်ကိုဆန်းစစ်ဖို့ ခိုင်လုံသောအကြောင်းရှိသည်။—ဧ. ၅:၁၀၊ ကဘ။

      ၃ စိတ်နှလုံးအကြွင်းမဲ့အမှုဆောင်ခြင်း– ယေဟောဝါအား ဂုဏ်တင်ရန်နှင့် နားထောင်သူများ၏နှလုံးထိမိရန် ကျွန်ုပ်တို့၏ဓမ္မအမှုကို ဝတ်ကျေတမ်းကျေဆောင်ရွက်၍မရပါ။ ဘုရားသခင်နှင့် ဘုရားသခင်၏ ထည်ဝါသောရည်ရွယ်ချက်တို့နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ပြောဆိုသောစကားများသည် ကျေးဇူးတင်စိတ်ပြည့်နေသည့်နှလုံးထဲမှ ပေါက်ဖွားလာသင့်သည်။ (ဆာ. ၁၄၅:၇) ထိုသို့ဖြစ်ရန် ကိုယ်ပိုင်ကျမ်းစာဖတ်ရှုခြင်းနှင့် လေ့လာမှုအစီအစဉ်ကောင်းတစ်ခုကို ထိန်းသိမ်းထားဖို့အရေးကြီး၏။—သု. ၁၅:၂၈။

      ၄ ယေဟောဝါအား ကျွန်ုပ်တို့၏ အကောင်းဆုံးအရာပေးခြင်းတွင် လူတို့အပေါ်ကိုယ်တော်ထားရှိသည့်မေတ္တာကိုတုပခြင်းလည်းပါဝင်သည်။ (ဧ. ၅:၁၊ ၂) လူတို့အပေါ်ထားသည့်မေတ္တာက အသက်ပေးသမ္မာတရားသတင်းကို လူများနိုင်သရွေ့များများထံ ရောက်ရှိရန်ကြိုးစားဖို့ ကျွန်ုပ်တို့အား လှုံ့ဆော်ပေးမည်ဖြစ်သည်။ (မာ. ၆:၃၄) ၎င်းမေတ္တာက ကျွန်ုပ်တို့ ဟောပြောနေသူများအား ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသည်။ ဦးဆုံးအကြိမ်သွားပြီးနောက် သူတို့အကြောင်းစဉ်းစားစေကာ ပြန်သွားရန် စေ့ဆော်ပေး၏။ သူတို့၏ဝိညာဉ်ရေးတိုးတက်ရန် အတတ်နိုင်ဆုံးကူညီပေးဖို့ လှုံ့ဆော်ပေး၏။—တ. ၂၀:၂၄; ၂၆:၂၈၊ ၂၉။

      ၅ “ချီးမွမ်းခြင်းယဇ်”– ယေဟောဝါအား ကျွန်ုပ်တို့၏အကောင်းဆုံးအရာပေးသည့် နောက်တစ်နည်းမှာ ဓမ္မအမှုတွင် ဝီရိယရှိခြင်းဖြင့်ဖြစ်၏။ လက်ရှိလုပ်ဆောင်နေသောလုပ်ငန်းကို ကောင်းစွာစီစဉ်ဆောင်ရွက်ကာ အာရုံစိုက်သောအခါ ကျွန်ုပ်တို့ရရှိထားသည့်အချိန်တွင် အကောင်းဆုံးဖြစ်မြောက်စေနိုင်သည်။ (၁ တိ. ၄:၁၀) ကောင်းစွာပြင်ဆင်ခြင်းက ရှင်းရှင်းလင်းလင်းနှင့် အခိုင်အမာယုံကြည်မှုတို့ဖြင့် ဟောပြောနိုင်စေကာ ဤသို့ဖြင့် တုံ့ပြန်မှုကောင်းရဖို့အလားအလာ တိုးများလာသည်။ (သု. ၁၆:၂၁) အခြားသူတို့အား သတင်းကောင်းဝေမျှသည်နှင့်အမျှ ကျွန်ုပ်တို့၏ လှိုက်လှဲစွာပြောဆိုသောစကားများကို “ချီးမွမ်းခြင်းယဇ်” ဟုမှန်ကန်စွာခေါ်နိုင်သည်။—ဟေဗြဲ ၁၃:၁၅။

  • လူငယ်တို့—ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုဖတ်ပါလေ!
    နိုင်ငံတော်ဓမ္မအမှု—၂၀၀၄ | ဧပြီ
    • လူငယ်တို့—ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုဖတ်ပါလေ!

      ၁ လူငယ်ဘဝဟူသည် ပြဿနာများ၊ အရေးကြီးသောဆုံးဖြတ်ချက်များနှင့် ရင်ဆိုင်ရချိန်ဖြစ်၏။ အသင်ခရစ်ယာန်လူငယ်များစွာသည် အကျင့်အကြံဆိုင်ရာ ဘုရားသခင့်စံနှုန်းများကို ချိုးဖောက်ရန် ဖိအားပေးမှု နေ့စဉ်ရင်ဆိုင်ကြရသည်။ သင်တို့သည် ပညာရေး၊ အလုပ်အကိုင်၊ အိမ်ထောင်ပြုခြင်းနှင့်စပ်လျဉ်း၍ ကိုယ်ပိုင်ဆုံးဖြတ်ချက်များစတင်ချနေစဉ် ဝိညာဏပန်းတိုင်များကို ချမှတ်ပြီးသားဖြစ်သင့်သည်။ သို့မှသာ သင်၏ကျန်ရှိသည့်အသက်တာကို အကျိုးရှိစေမည့် အခြားဆုံးဖြတ်ချက်များချနိုင်မည်ဖြစ်သည်။ ရှင်းလင်းတိကျသော ဝိညာဏပန်းတိုင်များက သင်တို့အား ပညာရှိစွာပြုမူစေကာ သင်တို့၏လမ်းခရီးကို အောင်မြင်စေမည်ဖြစ်သည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မှန်မှန်ဖတ်ရှုကာ တွေးတောဆင်ခြင်ခြင်းဖြင့် သင်တို့သည် ၎င်း၏မှုတ်သွင်းခံ သွန်သင်ချက်နှင့်အညီနေထိုင်ရန် လှုံ့ဆော်ခံရမည်ဖြစ်ကာ သင်တို့၏မှန်ကန်သောကြိုးစားမှုများသည် အောင်မြင်မှုရရှိမည်ဖြစ်သည်။—ယောရှု ၁:၈; ဆာ. ၁:၂၊ ၃။

      ၂ ကျမ်းစာကသင်တို့အားမည်သို့အကျိုးပြုမည်နည်း– စာတန့်လောကသည်အမှားပြုရာ၌ပါဝင်ရန် သွေးဆောင်မှုများဖြင့်ပြည့်နေ၏။ (၁ ယော. ၂:၁၅၊ ၁၆) ရွယ်တူချင်းဖိအားကို အလျှော့ပေးလိုက်လျောခြင်းကြောင့် ဒုက္ခရောက်ခဲ့ကြသည့် သင်တို့နှင့်သက်တူရွယ်တူ အတန်းဖော်များ သို့မဟုတ် အခြားသူများကို သင်တို့သိပေမည်။ ကျမ်းစာသွန်သင်ချက်ကိုလိုက်နာခြင်းက သင်တို့အား အပြစ်ရှိသောလမ်းစဉ်ကိုငြင်းပယ်နိုင်သည့် စာရိတ္တနှင့် ဝိညာဏခွန်အားရှိစေမည်။ ထို့ပြင် ဘုရားသခင့်နှုတ်ကပါဌ်တော်သွန်သင်ချက်က စာတန်၏ပါးနပ်သိမ်မွေ့သောထောင်ချောက်များကို ရှောင်ရန် သင်တို့အား ကူညီပေးနိုင်သည်။ (၂ ကော. ၂:၁၁; ဟေဗြဲ ၅:၁၄) ဘုရားသခင့်လမ်းစဉ်တွင် လျှောက်လှမ်းခြင်းက သင်တို့အား စစ်မှန်သောပျော်ရွှင်မှု—သင်တို့၏ဘဝလမ်းစဉ်တွင် ကိုယ်တိုင်အားရကျေနပ်မှု—ရရှိစေမည်ဖြစ်သည်။—ဆာ. ၁၁၉:၁၊ ၉၊ ၁၁။

      ၃ ထာဝရတည်မြဲသည့် ဘုရားသခင့်နှုတ်ကပါဌ်တော်မူများသည် လူ့ဉာဏ်ပညာထက် သာလွန်၏။ (ဆာ. ၁၁၉:၉၈-၁၀၀) ကျမ်းစာမူများနှင့်အကျွမ်းတဝင်ရှိခြင်း၊ လှိုက်လှဲစွာဆုတောင်းလျက် ယေဟောဝါ၏ဖော်ပြထားသော ရည်ရွယ်ချက်များကို တွေးတောဆင်ခြင်ခြင်းက သမ္မာကျမ်းစာ၏ ဉာဏ်ပညာအရှိဆုံးအာဘော်ရှင် ယေဟောဝါဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးတည်ဆောက်ရန် သင့်ကို ကူညီပေးနိုင်သည်။ ကိုယ်တော်က ဤသို့ကတိပြုသည်– “သင့်ကို ငါသွန်သင်မည်။ သင်သွားရမည့်လမ်းကို ပြညွှန်မည်။ သင့်ကို ကြည့်ရှုပြုစုမည်။”—ဆာ. ၃၂:၈။

      ၄ ကျမ်းစာဖတ်ရှုရန် အချိန်ယူပါ– ခရစ်ယာန်လူငယ်တစ်ဦးသည် ကျမ်းစာတစ်အုပ်လုံးကိုဖတ်ရှုရန် ပန်းတိုင်ထားကာ တစ်နှစ်အတွင်း အပြီးဖတ်ရှုခဲ့သည်။ သူ မည်သို့အကျိုးခံစားခဲ့ရသနည်း။ သူက ဤသို့ပြန်ပြောပြသည်– “ယေဟောဝါနဲ့ပတ်သက်ပြီး ကိုယ်တော့်ထံ ပိုချဉ်းကပ်စေတဲ့အရာ၊ ကျွန်မရဲ့ ကျန်ရှိတဲ့အသက်တာမှာ ကိုယ်တော့်ကိုကြောက်ရွံ့လိုစိတ် ဖြစ်ပေါ်စေတဲ့အရာများစွာကို ကျွန်မသိခဲ့ရတယ်။” (ယာ. ၄:၈) ကျမ်းစာတစ်အုပ်လုံးကို သင်တို့ဖတ်ရှုပြီးပြီလော။ မဖတ်ပြီးသေးပါက ထိုသို့ဖတ်ရှုရန် ပန်းတိုင်ထားပါလေ။ ယေဟောဝါသည် သင်တို့၏ကြိုးစားမှုများကို ကောင်းချီးပေးမည်ဖြစ်ကာ သင်တို့သည် ကြီးမားသောအကျိုးကျေးဇူးများ ခံစားရမည်မှာသေချာသည်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ